Skip to main content

117





အပိုင်း (၁၁၇)

“မင်းကော ဘယ်လိုထင်လဲ”

ချန်ကျန့် က ပြုံးလျက် မေးလိုက်သည်။ သူသည် ကားမောင်းနေပြီး သူ့ဘေးတွင်တော့ ရှန်ယွီ ၏ ဖုန်းမှတစ်ဆင့် ‘တာ့ယွင်ကျန်းဟူ’ ဇာတ်ကောင်မိတ်ဆက် ဗီဒီယိုလေးမှာ အကြိမ်ကြိမ် ပွင့်နေသည်။ ထိုဗီဒီယိုမှာ ဟူဖန် က လျိုဝူ ကို မနေ့ကမှ အချောသတ် ခိုင်းထားခြင်း ဖြစ်သည်။

“ဒါကို လျိုဝူ လုပ်တာလား။ သူ တခြားသူကို ပိုက်ဆံပေးပြီး ခိုင်းတာ မဟုတ်ဘူးလား။ တကယ် ကြည့်ကောင်းသားပဲ။”

“ဒါဆို မင်း သူ့ကို ချီးကျူးလိုက်ပါဦး။ ဒါအတွက် သူ ညပေါင်းများစွာ မအိပ်ဘဲ လုပ်ခဲ့ရတယ်လို့ ကြားတယ်။”

“သူ ပိုက်ဆံ ယူလား” ရှန်ယွီက မေးသည်။

“မယူပါဘူး။ ဟူဖန်က သူ့ဝမ်းကွဲမောင်လေးအတွက်ဆိုပြီး အကူအညီတောင်းတာလေ။ သူက ဘယ်လိုလုပ် ပိုက်ဆံယူမှာလဲ”

“ဒါဆိုရင်တော့ သူ့ကို ချီးကျူးပေးရမှာပေါ့" ရှန်ယွီ သမ်းဝေရင်း ပြောလိုက်သည်။

“နောက်ဆို ဇာတ်ညွှန်းကိုပါ သူ့ကိုပဲ ရေးခိုင်းရမလား။”

“မင်း ပိုက်ဆံပေးမှာလား” ချန်ကျန့်က မေးသည်။

“ပိုက်ဆံပေးရမှာဆိုရင် ငါ သူ့ကို ဘာလို့ ရှာတော့မှာလဲ"

“ဘော့စ်ရှန် ကတော့ တကယ့်ကို ရက်စက်တာပဲ"

“ငါက မင်းရဲ့ ‘တာ့ယွင်’ အတွက် ပိုက်ဆံချွေတာပေးနေတာလေ"

ရှန်ယွီက ပြန်ပြောသည်။ ကားလေး ခြံဝင်းထဲ ကွေ့ဝင်လိုက်ချိန်တွင် ရှေ့က နားနေဆောင်လေးထဲ၌ လူနှစ်ယောက် ရန်ဖြစ်နေသလိုမျိုး ရပ်နေကြသည်ကို ချန်ကျန့် တွေ့လိုက်ရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။ သူ မမှားဘူးဆိုလျှင် ထိုအမျိုးသားမှာ လောင်ဝူ ပင် ဖြစ်သည်။

“ဇာတ်တိုက်နေကြတာလား” ရှန်ယွီက မေးသည်။

“မဟုတ်လောက်ဘူး။ ဇာတ်ညွှန်းတောင် မထွက်သေးတာ"

ချန်ကျန့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

“အဲ့ဒီကောင်မလေးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။”

“လောင်ဝူရဲ့ ရည်းစားလား” ရှန်ယွီက မေးသည်။

“သူက အဖြတ်ခံထားရတာ ကြာပြီလေ"

ချန်ကျန့် ကားရပ်လိုက်ရင်း ဆိုသည်။

“ကျွန်တော် သွားကြည့်လိုက်ဦးမယ်။

”ချန်ကျန့် ကားပေါ်က ဆင်းလိုက်ချိန်တွင် ဆန်းပင်း အထဲမှ ထွက်လာသည်။

“ဈေးက ပြန်လာပြီလား”

“အင်း၊ ပြန်ရောက်ပြီ" ချန်ကျန့်က နားနေဆောင်ဘက်ကို လက်ညှိုးထိုးပြရင်း မေးသည်။

“လောင်ဝူက ဟိုမှာ ဘယ်သူနဲ့ ဖြစ်နေတာလဲ”

“အဲ့ဒီရည်းစားဟောင်းပေါ့" ဆန်းပင်းက ခေါင်းခါရင်း

“နှုတ်ဆက်ဖို့ လာတာထင်တယ်။ နာရီဝက်လောက် ရှိပြီ၊ အခုထိ မပြီးနိုင်ကြသေးဘူး။” ဟု တိုးတိုးလေးပြောသည်။

“သူတို့ ပြတ်သွားတာ ကြာပြီ မဟုတ်လား မပြတ်သေးဘူးလား”

ချန်ကျန့် အနည်းငယ် အံ့ဩသွားသည်။ ပြီးခဲ့သည့် နှစ်လအတွင်း စီးကရက်ဖိုးပဲ တောင်းနေတတ်သည့် လောင်ဝူတစ်ယောက် အခုထိ တွယ်ကပ်နေတုန်းလား။

“ဒီတစ်ခါတော့ လာပြီး ‘မင်းက လူကောင်းတစ်ယောက်ပါ’ ဆိုတဲ့ ကတ်ပြားလေး လာပေးတာလေ"

ဟူဖန်လည်း အပြင်ထွက်လာရင်း ဝင်ပြောသည်။

“ကောင်းကောင်းမွန်မွန် လမ်းခွဲတာပေါ့...”

“လောင်ဝူရဲ့ အချစ်ကတော့ တကယ်ကို...” ဆန်းပင်း ထပ်မံခေါင်းခါပြန်သည်။ “

ခက်ခဲပါပေ့။”

“တင်တင် ” လောင်ဝူ၏ အက်ရှရှ အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

“တင်တင် ”

ရှန်ယွီ ကားပေါ်က ဆင်းလာလာချင်းမှာပင်

“အမလေး။ တစ်ယောက်ယောက် သူ့ကို အသံတိတ်သွားအောင် အဆိပ်လေး ဘာလေး မြန်မြန်ကျွေးလိုက်ကြပါဦး။”

ချန်ကျန့် ခြံတံခါးဝကနေ ထွက်သွားချိန်တွင် တင်တင် ဟု အမည်ရသော ထိုကောင်မလေးက လောင်ဝူ၏ လက်ကို ခါထုတ်ကာ သူတို့ဘက်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ တင်တင်မှာ ဟန်လုပ်နေခြင်း မဟုတ်ဘဲ တကယ်ပင် ထွက်သွားချင်နေပုံရသည်။ သူမက အားတော်တော်ရှိပုံရပြီး လောင်ဝူမှာ သူမတွန်းထုတ်လိုက်သဖြင့် နောက်သို့ နှစ်လှမ်းခန့် လွင့်သွားသည်။ သူ ခဏမျှ မှင်တက်သွားပြီးမှ နောက်က ပြေးလိုက်တော့သည်။

“တင်တင်၊ မသွားပါနဲ့!”

တင်တင်ကတော့ မရပ်ပါ။ သူမက တော်တော်မြန်မြန် ပြေးနေပြီး ပြေးရင်းနှင့်လည်း မျက်ရည်များကို သုတ်နေသည်။

“ဘာဖြစ်ကြတာလဲ”

ချန်ကျန့်က သူမကို တားရန် အလိုအလျောက် လက်လှမ်းလိုက်မိသည်။ မဖြစ်နိုင်မှန်း သိသော်လည်း လောင်ဝူက သူမကို အနိုင်ကျင့်နေခြင်း မဟုတ်ကြောင်း သူ အတည်ပြုချင်မိသည်။

“ရှင်က မန်နေဂျာချန် မဟုတ်လား။ ကျေးဇူးပြုပြီး သူ့ကို ပြောပေးပါဦး"

တင်တင် ခဏရပ်ပြီး လောင်ဝူကို လှမ်းကြည့်သည်။

“ဝမ်းမနည်းဖို့ ပြောပေးပါ။ ကျွန်မ ကြီးပွားချမ်းသာလာတဲ့အခါ သူ့ဆီ ပြန်လာခဲ့ပါ့မယ်။”

“ဘာကြီးလဲ”

ခဏမျှတော့ ချန်ကျန့်မှာ သူတို့နှစ်ယောက် တကယ်ပဲ ဇာတ်လမ်းတို ရိုက်နေကြပြီး ဒိုင်ယာလော့ခ်တွေ မှားနေသလားဟု ထင်မှတ်သွားမိသည်။

“သူ့ကို တားပေးပါ!”

တင်တင်၏ မျက်နှာတွင် မျက်ရည်များ အစစ်အမှန် ကျနေသည်။ သူမက ပြေးရင်း လှမ်းအော်သည်။

“သူ့ကို နောက်က ထပ်မလိုက်ခိုင်းပါနဲ့တော့! ကျွန်မ အခုအချိန်မှာ သူ့ကို ဘာမှ မပေးနိုင်သေးဘူး ”

လောင်ဝူက ချန်ကျန့်ဘေးမှ ဖြတ်ပြေးသွားချိန်တွင် ချန်ကျန့်က လက်မောင်းကို လှမ်းဖမ်းလိုက်သည်။ ဆန်းပင်းကလည်း ပြေးထွက်လာပြီး လောင်ဝူကို ဖက်ကာ ခြံထဲသို့ ဆွဲခေါ်သွားတော့သည်။

“လွှတ်စမ်းပါ ” လောင်ဝူ ရုန်းကန်နေပြီး သူ့လက်ကတော့ ရှေ့သို့ လှမ်းနေဆဲပင်။

“တင်တင်...”

“လောင်စစ် !”

ချန်အာဟူ ထွက်လာသည်။ လောင်စစ်က သူ့နောက်မှ ထွက်လာပြီး ဆန်းပင်းကို တွန်းဖယ်ကာ လောင်ဝူ၏ ဂျိုင်းအောက်မှနေ၍ ပွေ့မလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လောင်ဝူမှာ နောက်ဖေးခြံထဲသို့ အဆွဲခံလိုက်ရပြီး ချန်အာဟူ၏ အမိန့်ပေးသံအောက်တွင် ပါးစပ်ပိတ်သွားရသည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

ချန်ကျန့် နောက်ဆုံးတော့ မေးခွန်းထုတ်ခွင့် ရသွားသည်။

“ကောင်မလေးက ထွက်သွားတော့မှာ အလုပ်သွားလုပ်တော့မှာတဲ့"

လောင်ဝူက မျက်ရည်တွေကြားက ပြောရှာသည်။

“ကျွန်တော့်ကို နှုတ်ဆက်ဖို့ လာတာ...”

“လူတွေ အလုပ်သွားလုပ်တယ်ဆိုတာ သာမန်ပဲ မဟုတ်လား"

ချန်ကျန့် အတွက်က သာမန်ပဲလေနော် ။

“သူက တောင်ဘက်ပိုင်းကို သွားမှာလေ၊ အဝေးကြီးပဲ။ သူထွက်သွားပြီဆိုရင် ကျွန်တော် သူ့ကို နောက်တစ်ခါ ပြန်တွေ့ရပါဦးမလားတောင် မသိဘူး"

လောင်ဝူ က မျက်ရည်သုတ်ရင်း ပြောရှာသည်။

“သူ ပြောသွားတာလေ... သူ ကြီးပွားချမ်းသာလာတဲ့အခါ ခင်ဗျားဆီ ပြန်လာခဲ့မယ်ဆိုပြီးတော့"

လောင်ဝူ ဘာမှပြန်မပြောတော့ဘဲ ဆုပ်ထားသော သူ့လက်သီးများမှာ အနည်းငယ် တုန်ယင်နေသည်။ ခဏအကြာတွင်

“မန်နေဂျာ မြင်တယ်မလား သူက ခင်ဗျားတို့ ပြောသလိုမျိုး မိန်းကလေးမဟုတ်ပါဘူး။ သူက ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလို့ တကယ်ထင်နေတာ။ ဒါကြောင့် သူကိုယ်တိုင် အလုပ်သွားလုပ်ပြီး ပိုက်ဆံရှာတော့မလို့တဲ့!”

“ဪ...”

ချန်ကျန့် မှင်သက်သွားမိသည်။

“ခင်ဗျား အချစ်အကြောင်း နားမလည်ပါဘူး!” လောင်ဝူက သူ့ကို စိုက်ကြည့်ရင်း အော်တော့သည်။

“ခင်ဗျား လုံးဝ နားမလည်ဘူး!”

“ဟင်”

ချန်ကျန့် လောင်ဝူ့ကကို ကြည့်လိုက်သည်။

“အင်း... သူကတော့ နားလည်ပါတယ်" ဟု ချန်အာဟူ က ဝင်ပြောသည်။

“သူက ကျွန်တော့်လို အချစ်မျိုးကို နားမလည်တာ!” ဟု လောင်ဝူက ဆိုသည်။

“ဟုတ်တယ်။ ကျွန်တော်... တကယ်ပဲ နားမလည်တာ ဖြစ်မှာပါ" ချန်ကျန့်က ဝန်ခံလိုက်သည်။

“ကျွန်တော် သူ့ကို စောင့်နေမယ်" လောင်ဝူက မြေကြီးကို လက်ညှိုးထိုးပြရင်း

“ဒီနေရာမှာတင် ကျွန်တော် သူ့ကို စောင့်နေမှာ" ဟု ဆိုသည်။

“ကောင်းပါပြီ"

ချန်ကျန့် ခေါင်းညိတ်ပြလိုက်လေသည်။

ဟူဖန် က နံရံထောင့်လေးကနေ ချောင်းကြည့်ပြီး ချန်ကျန့် ကို လက်ယပ်ခေါ်လိုက်သည်။ ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။

“ကောင်မလေး အပြင်မှာ ရှိနေတုန်းပဲ။ မန်နေဂျာ သွားပြီး မေးကြည့်ပေးပါဦး။”

"မင်းပဲ သွားပါလား။ မိန်းကလေးချင်းဆိုတော့ စကားပြောရတာ ပိုလွယ်တာပေါ့"

ချန်ကျန့် တွန့်ဆုတ်နေမိသည်။ ခုနက တင်တင် ရဲ့ ပုံစံက တကယ့်ကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ပုံစံမျိုး။

“မန်နေဂျာကတော့ အ လိုက်တာ။ ကျွန်မသွားတာ မသင့်တော်ဘူးလေ။ ကျွန်မက မိန်းကလေးလေ။ တကယ်လို့ ကျွန်မက ရည်းစားနဲ့ ပြတ်သွားချိန်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မိန်းကလေးတစ်ယောက်က လာနှစ်သိမ့်ပေးတယ်ဆိုရင် ဘယ်လောက်တောင် နေရခက်စရာကြီးလဲ။ ဒါမျိုးက အမျိုးသား ခေါင်းဆောင်တစ်ယောက်က သွားပြီး နှစ်သိမ့်ပေးတာကမှ ပိုပြီး သဘာဝကျတာပေါ့။”

ချန်ကျန့် အပြင်သို့ ထွက်လာသည့်အခါ ရှန်ယွီ က အပေါ်ထပ်ကို ပြန်မတက်သွားသေးဘဲ ဧည့်ခန်း တံခါးကို မှီလျက် အပြင်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချန်ကျန့် လျှောက်လာသည်ကို မြင်သောအခါ ရှန်ယွီက ပြုံးပြီး

“မန်နေဂျာကတော့ တကယ့်ကို အလုပ်များတာပဲ" ဟု ဆိုသည်။

“မင်း ကတော့ တော်တော်အားနေပုံပဲ။ မင်းပဲ သွားပြီးတော့...”

ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။ စကားတောင် မဆုံးသေးခင်မှာပင် ရှန်ယွီက

“လူသစ် ထပ်ငှားရမလားမသိဘူး။ ဆွန်းနာနာ ကုမ္ပဏီမှာ ရှိနေတဲ့အချိန်ဆိုရင် ဒီမှာ ကော်ဖီဖျော်ပေးမယ့်သူတောင် မရှိတော့ဘူး...”

ဟု ပြောရင်း အထဲသို့ အပြေးတစ်ပိုင်း လှည့်ဝင်သွားတော့သည်။

“လာပြီ လာပြီ" ဟူဖန်က ရှန်ယွီ့နောက်ကို ပြေးလိုက်သွားသည်။

“ဥက္ကဋ္ဌရှန် ဘာသောက်မလဲရှင်”

“စပိန်လတ်တေးတစ်ခွက်၊ ကျေးဇူးပဲ" ဟု ရှန်ယွီက ဆိုသည်။

ဆွန်းနာနာ ရောက်လာကတည်းက တည်းခိုခန်းမှာ သောက်လို့ရသော ကော်ဖီအမျိုးအစားတွေက သိသိသာသာကို ပိုစုံလာခဲ့လေသည်။

“တစ်ဆယ့်ရှစ်ယွမ်ပါ"

ဟူဖန် က ကောင်တာပေါ်ရှိ ငွေပေးချေမှု QR ကုဒ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီမှာ စကင်ဖတ်လိုက်ပါ။”

“ဈေးတက်သွားတာလား” ရှန်ယွီ အံ့အားသင့်သွားသည်။

“မဟုတ်ပါဘူး။ ဒါက အတွင်းလူဈေးနှုန်းပါ။”

“အတွင်းလူဈေးနှုန်းက ပြင်ပဈေးထက် ပိုကြီးနေတာလား” ရှန်ယွီက မေးသည်။

“မဟုတ်ပါဘူး"

ဟူဖန်က ကော်ဖီစေ့တွေကို ကြိတ်နေရင်း ပြောသည်။

“မန်နေဂျာချန်က စည်းကမ်းသစ်တစ်ခု ထုတ်ထားတာလေ။ သာမန်ဝန်ထမ်းတွေက တစ်နေ့ကို နှစ်ခွက် အလကားသောက်လို့ရတယ်။ ခေါင်းဆောင်တွေကျတော့ ပိုက်ဆံပေးရမယ်။ ပြီးတော့ တစ်ခွက်ကို သုံးယွမ် အပိုပေးရမယ်တဲ့။”

“ဘယ်သူတွေက ခေါင်းဆောင်လဲ” ရှန်ယွီက မေးလိုက်သည်။

“ရှင်ရယ်၊ သူရယ်လေ"

“သူကော သောက်လား” ရှန်ယွီ ထပ်မေးပြန်သည်။

“အရင်ကတော့ သောက်ပါတယ်"

ဟူဖန်က အလုပ်ရှုပ်နေရင်းပြန်ဖြေပေးသည်။

“ဒါပေမဲ့ ဒီစည်းကမ်း ထုတ်ပြီးကတည်းကတော့ သူ မသောက်တော့ဘူး။”

“အေးလေ၊ သူ့အကျင့်အတိုင်းပါပဲ" ရှန်ယွီ သဘောကျစွာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

သူက ဖုန်းထုတ်ပြီး ကုဒ်စကင်ဖတ်တော့မည့်အချိန်တွင် တစ်ခုခုကို စဉ်းစားမိသွားပြီး…

“တခြားသူတွေရော သောက်ကြသေးလား ဥပမာ ကျောက်ဖန်းဖန်းတို့ ဘာတို့လေ...”

“ကျောက်ကျဲတို့ကတော့ မသောက်ကြဘူး။ သူတို့က ဒီအရသာကို မကြိုက်ကြဘူးလေ"

ဟူဖန်က ပြုံးလျက် ဖျော်ပြီးသား ကော်ဖီခွက်ကို စားပွဲပေါ် တင်ပေးလိုက်သည်။

“ဒါဆို ငါ့ကို ကျောက်ကျဲတို့ရဲ့ ခွဲတမ်းထဲကနေ တစ်ခွက်ပေးလိုက်တော့"

ရှန်ယွီက ပြောရင်း ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

“ရှင်” ဟူဖန် စက္ကန့်လောက်ဆွံ့အသွားသည်။

“ကျေးဇူးပဲ"

ရှန်ယွီက ကော်ဖီခွက်ကို ယူကာ ဓာတ်လှေကားဆီသို့ ခပ်သွက်သွက် လျှောက်သွားတော့သည်။

တင်တင် မှာ မျက်စောင်းထိုးတစ်ဖက်ရှိ ဝက်ခြံဟောင်းဆီသို့ ဦးတည်သည့် လမ်းကလေး၏ အဝင်ဝတွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူမသည် အုတ်ခဲတစ်ခဲပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး စိတ်ဓာတ်ကျနေသောကြောင့် သူမ၏ ပုံပန်းသွင်ပြင်ကိုလည်း ဂရုမစိုက်နိုင်တော့ပုံရသည်။ ချန်ကျန့် လျှောက်လာသည်ကို မြင်သောအခါ သူမက ထရပ်လိုက်ပြီး လမ်းကလေးဘက်သို့ နှစ်လှမ်းခန့် တိုးသွားသည်။

“နေကောင်းလား"

ချန်ကျန့်က သူမ ထပ်ပြေးသွားမည်ကို စိုးရိမ်သဖြင့် အရင်ဦးအောင် နှုတ်ဆက်လိုက်သည်။

“ချန်ကျိယန် အဆင်ပြေရဲ့လား” တင်တင်က မေးသည်။

“သူ မငိုတော့ပါဘူး"

ချန်ကျန့်က ပြောရင်း သူ့အိတ်ကပ်ထဲမှ တစ်ရှူးထုပ်ကို ထုတ်ပေးလိုက်သည်။ ဘာပြောရမှန်းမသိသဖြင့်

“မင်းတို့နှစ်ယောက်... ပြန်ပြီး စကားပြောချင်သေးလား” ဟု မေးမိသည်။

“ဟင့်အင်း၊ ကျွန်မ ငိုနေတာက သူ့အတွက်ချည်းပဲ မဟုတ်ပါဘူး။ အခြေအနေအရ စိတ်မကောင်းဖြစ်သွားလို့ပါ"

တင်တင်က ခေါင်းခါရင်း တစ်ရှူးဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

“ကျွန်မ နှုတ်ဆက်ဖို့ပဲ လာခဲ့တာပါ။ သူက တကယ်ကို လူကောင်းတစ်ယောက်ပါ။ ဒါကို သူ့မျက်နှာကိုကြည့်ပြီး မပြောခဲ့ရရင် ကျွန်မ စိတ်ထဲ တစ်မျိုးဖြစ်နေမှာမို့လို့ပါ။”

“မင်းက သူ့ရဲ့... ရည်းစားလား” ချန်ကျန့်က မေးသည်။

“ရည်းစားဟောင်းပါ။ ကျွန်မတို့ ပြတ်သွားကြပါပြီ။ ကျွန်မ ထွက်သွားပြီးရင် ဘယ်တော့ ပြန်လာဖြစ်မလဲ မသိဘူး။ ပြီးတော့ နာမည်တစ်လုံး ရလာပါ့မလားဆိုတာလည်း မသေချာဘူးလေ။”

“သူပြောတာတော့ ခင်ဗျား အလုပ်သွားလုပ်မလို့ဆို" ချန်ကျန့် နည်းနည်း စိုးရိမ်သွားသည်။

“ဘယ်သူက မိတ်ဆက်ပေးတာလဲ ဘာအလုပ် သွားလုပ်မှာလဲ”

တင်တင်က သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။

“သူ အမြဲပြောနေကျ၊ သူတို့ရဲ့ မန်နေဂျာက တကယ်ကို လူကောင်းတစ်ယောက်ပါဆိုတာ... သူ တကယ် မလိမ်ခဲ့ဘူးပဲ။”

ချန်ကျန့် ဘာမှပြန်မပြောမိပါ။

“စိတ်မပူပါနဲ့။ ကျွန်မ ကျောင်းသိပ်မနေခဲ့ရပေမယ့် အပြင်လောကမှာ ကျင်လည်ခဲ့တာ ကြာပါပြီ၊ လူပေါင်းစုံနဲ့လည်း တွေ့ဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ ကျွန်မ သိပါတယ်"

“မင်း အသက်ဘယ်လောက်ရှိပြီလဲ” ချန်ကျန့်က မေးသည်။

“နှစ်ဆယ့်တစ်နှစ်ပါ" တင်တင်က ပြုံးလျက်

“ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။

ချန်ကျန့် ဘာမှထပ်မပြောတော့ပါ။

“သူ အဆင်ပြေတယ်ဆိုရင် ကျွန်မ သွားတော့မယ်"

တင်တင်က တစ်ရှူးဖြင့် မျက်ရည်စတွေကို ဖိသုတ်ရင်း ပြောသည်။

“ကျေးဇူးပြုပြီး သူ့ကို ပြောပေးပါဦး။ ကျွန်မ သူ့ကို အများကြီး ချစ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မ ဆင်းရဲရတာကို မောလှပြီ။ ဘယ်သူမှ ကျွန်မ လိုချင်တာကို မပေးနိုင်ဘူး။ သူလည်း မပေးနိုင်ဘူးလေ။”

ချန်ကျန့်ကတော့ လူတွေကို ဖျောင်းဖျရမှာ တကယ်ကို မကျွမ်းကျင်သူပါ။ အထူးသဖြင့် ဆုံးဖြတ်ချက် ခိုင်မာနေပုံရသည့် ဤမိန်းကလေးမျိုးနှင့် တွေ့သည့်အခါ ပို၍ပင်။

“ကျွန်မ ပိုက်ဆံရှာတော့မယ်။ ဘယ်သူနဲ့မှ အပင်ပန်းခံပြီး မနေချင်တော့ဘူး။ ဒီလိုဘဝတွေကို ကျွန်မ အများကြီး မြင်ဖူးလှပြီ။ ဘယ်သူမှ ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ဘူး။ နောင်တစ်ချိန် ကျွန်မ ပိုက်ဆံတွေရလာရင် သူ့ဆီ ပြန်လာတွေ့ပါ့မယ်။”

ချန်ကျန့် ဘာမှထပ်မပြောနိုင်တော့ဘဲ

“ဒါဆိုရင်လည်း... ဂရုစိုက်သွားပါဦး" ဟုသာ ဆိုလိုက်ရသည်။

“ဟုတ်ကဲ့ပါ" တင်တင် ခေါင်းညိတ် ပြပြီး မြို့အဝင်ဘက်သို့ ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။

ချန်ကျန့် အထဲပြန်ဝင်လာသည့်အခါ လောင်ဝူတစ်ယောက် အဆောင်ဘက် ပြန်သွားပြီဖြစ်ကြောင်း သိရသည်။ ဟူဖန်တို့ဆီက အခြေအနေအရပ်ရပ်ကို ပြန်နားထောင်ပြီးမှ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူ အချိန်အတော်ကြာအောင် စဉ်းစားနေမိတော့သည်။

တင်တင် ဆိုသည်မှာ လောင်ဝူ့ဆီကနေ အမြဲတမ်း ပိုက်ဆံတောင်းနေသည့် ရည်းစားဖြစ်သူပင်။ သူမသည် တကယ်လည်း ပိုက်ဆံယူခဲ့သလို ပြန်လည်းမပေးခဲ့ပါ။ တင်တင်က ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်ပင် ပွင့်လင်းလှသည်။ သူမကို စောင့်ရှောက်မည့်သူ မရှိသောကြောင့် သူမက ပိုက်ဆံပဲ လိုချင်ခဲ့သည်။ သို့သော် ရည်းစားဖြစ်သူဆီကပဲ အမြဲတမ်း ပိုက်ဆံတောင်းနေခြင်းမှာ ရေရှည်အတွက် အဆင်မပြေနိုင်မှန်း သူမ သိသည်။ အဓိက အချက်မှာ လောင်ဝူ၌လည်း တကယ်တမ်း ပိုက်ဆံမရှိခြင်းပင်။ ထို့ကြောင့် သူမကိုယ်တိုင် မြို့ကြီးပြကြီးသို့သွားကာ အလုပ်လုပ်ပြီး ပိုက်ဆံရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကျွန်မ အစက ထင်ထားတာ သူက ကျွန်မလိုမျိုးပဲ မောင်လေးတွေ ဘာတွေ ရှိလို့ ထောက်ပံ့ပေးနေရတာလားလို့ …သူက တစ်ဦးတည်းသော သမီးဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။”

“ဒါဆို သူ့မိသားစုက ဘာလို့ သူ့ကို မစောင့်ရှောက်ကြတာလဲ”

ချန်ကျန့် က မေးသည်။

“ဘယ်သူသိမှာလဲ။ အရမ်း ဆင်းရဲလို့လား မိဘတွေ ကွာရှင်းသွားလို့လား၊ ဒါမှမဟုတ် မစောင့်ရှောက်ချင်ကြလို့လားပဲ။ အဲ့ဒါမှမဟုတ်ရင်လည်း ကလေးက အရမ်းဆိုးလို့ မထိန်းနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ။ အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ။”

“သူ အဆင်ပြေသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ" ချန်ကျန့် သက်ပြင်းချရင်း စိတ်ရင်းနှင့်ပြောမိသည် ။

“အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ သူ့မှာ လမ်းနှစ်လမ်းပဲ ရှိတယ်။ တစ်ခုက အိမ်ထောင်ပြုလိုက်ဖို့ တကယ်လို့ လူမှားပြီး ယူမိရင်တော့ ဆက်ပြီး ဒုက္ခရောက်မှာပဲ။ နောက်တစ်လမ်းကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး စွန့်စားကြည့်ဖို့ပဲ။”

“တကယ်လို့ သူ ရှုံးနိမ့်သွားရင်ကော” ချန်အာဟူ က မေးသည်။

“ရှေ့ဆက်တိုက်ပွဲဝင်ဖို့ ပြင်နေတဲ့အချိန်မှာ အဲ့ဒီလိုတွေ လျှောက်တွေးနေရင် အဲ့ဒါကို တိုက်ပွဲဝင်တယ်လို့ မခေါ်ဘူး။ ဖြစ်လာသမျှ အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ဆင်ပြီးမှသာ သွားပြီး တိုက်ပွဲဝင်ရတာ။ အဲ့ဒီအချိန်မှာ ခေါင်းထဲမှာ စကားလုံး နှစ်လုံးပဲ ရှိရမယ် - ‘ပိုက်ဆံရှာမယ်! ပိုက်ဆံရှာမယ်!’ ဆိုတာပဲ။”

ဟူဖန့်စကားနောက် အားလုံး တိတ်ဆိတ်သွားကြသည်။

“ဒါပေမဲ့...” ခဏအကြာတွင် ဆန်းပင်း က မျက်မှောင်ကြုတ်လျက်

“ဒါဆိုရင် လောင်ဝူက... တကယ်ပဲ... ချစ်သူရည်းစားဘဝကို ဖြတ်သန်းခဲ့ရတာလို့ ပြောလို့ရတာပေါ့နော်”

“အင်း... ရတာပေါ့"

ဟူဖန်က မေးကို လက်ဖြင့်ထောက်ကာ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။

“ရတယ်လို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် တင်တင်က သူ့ကို အမှန်အတိုင်း ပြောပြခဲ့သလို၊ မသွားခင်မှာလည်း လာတွေ့ခဲ့သေးတာပဲလေ။”

“အင်း"

ဆန်းပင်း ခေါင်းညိတ်လိုက်ပြီးမှ ချန်ကျန့်ဘက်သို့ လှည့်ကြည့်သည်။

“ငါ့ကို ဘာကြည့်တာလဲ” ချန်ကျန့်က မေးသည်။

“ငါတို့ထဲမှာ မင်းတို့ရဲ့ အချစ်ရေးကပဲ အဆင်အပြေဆုံးလို့ ခံစားရလို့ပါ။ နာနာကလည်း ကွာရှင်းတော့မယ်။ လောင်ဝူကလည်း အခုလေးတင် အတင်းအကျပ် လမ်းခွဲခံလိုက်ရတယ်။ ငါဆိုရင်လည်း...”

“မင်းကတော့ ဖန်းဖန်းကိုတောင် အောင်အောင်မြင်မြင် မလိုက်နိုင်သေးဘူးလေ"

လောင်စစ် က ဝင်ပြောသည်။

“ဘော့စ်ရှန် အသံတိတ်ဆေး ကျွေးသင့်တဲ့သူက မင်းပဲ!”

ဆန်းပင်းက လောင်စစ်ကို စိုက်ကြည့်လိုက်သည်။ ချန်ကျန့် လှေကားဘက်ကို လျှောက်သွားချိန်တွင် ဆန်းပင်းက လှမ်းခေါ်ပြန်သည် ။

“ချန်ကျန့်။”

“ဟင်” ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်က တကယ့်ကို အပွင့်လင်းဆုံးနဲ့ အနွေးထွေးဆုံး စုံတွဲပါပဲကွာ" ဟု ဆန်းပင်းက ဆိုလိုက်လေသည်။

“မင်း ဒီလောက်တောင် အားကျနေရင်လည်း ယောကျ်ားတစ်ယောက် သွားရှာလိုက်လေ"

ချန်အာဟူ က စိတ်မရှည်သလို ပြောလိုက်သည်။

“မလိုအပ်ပါဘူး။ ငါက ဒီတိုင်းလေး တွေးကြည့်ရုံပါ။”

“မင်းကတော့ တွေးလိုက်တာနဲ့!သိကြားမင်းတောင် ရယ်လိမ့်မယ်။”

ရှန်ယွီ က ရယ်မောလျက် ဇာဂနာဖြင့် ပိုးစာကောင်တစ်ကောင်ကို ညှပ်ယူကာ အာ့ကော ကို စနောက်နေရင်း

“လောင်ဝူကို ဒီနေ့ မွန်းလွဲပိုင်း အားလပ်ရက် ပေးလိုက်ကြရအောင်" ဟု ဆိုသည်။

“ကျွန်တော် သူ့ကို ညဆိုင်း ပြောင်းပေးလိုက်ပြီ။ ဒီနေ့ နေ့လယ်တော့ သူ နားလို့ရပါတယ်"

ချန်ကျန့် က ဘေးနားရှိ ဗီရိုကို မှီလျက်မှ ရှန်ယွီကို ငေးကြည့်နေမိသည်။

“သူကတော့ ညဘက်လည်း အိပ်ပျော်မှာ မဟုတ်ဘူးလို့ ပြောတာပဲ။ တော်တော်လေးကို ဒရာမာဆန်တာပဲ။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ မမေးလိုက်မိဘူး။ လောင်ဝူက ဘာလို့ တင်တင်ကို ဒီမှာ အလုပ်လုပ်ဖို့ မခေါ်တာလဲ မသိဘူး။ ကျွန်တော်တို့ လူခေါ်၊ မခေါ် သူ ကျွန်တော့်ကို မေးလို့ ရသားပဲ။”

“ကောင်မလေးက အပြင်ထွက်ချင်နေတာလေ။ အပြင်လောကမှာ အခွင့်အရေးတွေ ပိုများတာကိုး"

ရှန်ယွီက ဆက်ပြောသည်။

“မြို့ကြီးပြကြီးတွေကို သွားမယ်။ ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို ကြည့်မယ်။ တခြားမိန်းကလေးတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ မြင်ဖူးချင်မှာပေါ့။”

“ဖြစ်နိုင်ပါတယ်" ချန်ကျန့်က ရှန်ယွီကို ကြည့်ရင်း ဆိုသည်။

“ကျွန်တော့်လိုမျိုး အပြင်မထွက်ချင်တဲ့သူက တကယ်ပဲ အဲ့လောက်တောင် နည်းနေတာလား ချန်အာဟူတို့ဆိုရင်လည်း အခုတော့ အလုပ်လုပ်နေတာ တည်ငြိမ်နေသလိုပဲ။ ဒါပေမဲ့ သူတို့လည်း တစ်နေ့ကျရင် ထွက်သွားဖို့ စဉ်းစားနေကြမှာပဲ။ ဟူဖန်နဲ့ နာနာတို့ကျတော့လည်း အပြင်ကနေ လာကြတာ။ ကျွန်တော် တစ်ယောက်တည်းပဲ...”

“မင်းက ငါ့ကြောင့် ဒီမှာ မြဲနေတာ မဟုတ်ဘူးလား”

ချန်ကျန့် ပြုံးလိုက်မိသည်။

“ဒီနှစ်ထဲမှာ မင်းရဲ့ အကြွေးတွေအားလုံး ဆပ်ပြီးသွားရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ရှန်ယွီက သူ့ကို တစ်ချက် လှမ်းကြည့်သည်။

“တခြား တည်းခိုခန်းတွေကို သွားပြီး လေ့လာကြည့်မယ်လေ။ ရှန်းနန် ဘက်မှာ ရှေးဟောင်းအိမ်ပုံစံ တည်းခိုခန်းတစ်ခု ထပ်ဆောက်ချင်တယ်လို့ ဘော့စ် ပြောထားတယ်မလား။ တခြား ရှေးဟောင်းမြို့တွေမှာ ဘယ်လိုလုပ်ကြသလဲဆိုတာ သွားကြည့်မလို့။”

“ဘာလို့ ရုတ်တရက်ကြီး ဒီလောက် တက်ကြွသွားရတာလဲ”

ရှန်ယွီက ပိုးစာကောင်ဘူးကို ချလိုက်ပြီး လှည့်မေးသည်။

“ရုတ်တရက်ကြီး ဖြစ်သွားလို့လား” ဟု ချန်ကျန့်က ပြန်မေးလိုက်လေသည်။

“ပြီးခဲ့တဲ့အပတ်က ငါအဲ့ဒီအကြောင်း ပြောတုန်းကတော့ မင်းက သိပ်စိတ်ဝင်စားပုံ မရပါဘူး"

“ကျွန်တော်လည်း မသိဘူး။ တစ်ခုခုက ကျွန်တော့်စိတ်ကို လှုပ်နှိုးသွားစေတာလည်း ဖြစ်နိုင်တယ်"

ချန်ကျန့် က ရှန်ယွီကို ကြည့်လိုက်သည်။

“ကျွန်တော် ထင်တာကတော့ တင်တင်က လောင်ဝူ့ကို လမ်းခွဲပြီး ထွက်သွားချင်တာဟာ ပိုက်ဆံအများကြီး ရှာချင်တာတစ်ခုတည်းကြောင့် မဟုတ်ဘဲ... လောင်ဝူမှာ ပိုက်ဆံအများကြီး ရှာချင်တဲ့ စိတ်ကူးမရှိတာကြောင့်လည်း ပါလိမ့်မယ်... တကယ်တော့ အဲ့ဒါက သိပ်တော့ တိကျချင်မှ တိကျမှာပါ။ ရုတ်တရက် အဲ့ဒီအဖြစ်အပျက်ကနေ ဆက်စပ်ပြီး ရလာတဲ့ ခံစားချက်တစ်ခုပါပဲ...”

“တစ်ယောက်က ရှေ့ကို တက်လှမ်းချင်နေပေမယ့် နောက်တစ်ယောက်ကတော့ မူလနေရာမှာပဲ ရပ်နေဆဲမို့လို့ ဆိုတာမျိုး မင်းပြောချင်တာ မဟုတ်လား"

“အင်း" ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

“မင်းက မူလနေရာမှာ မရှိနေတာ ကြာလှပြီ"

ရှန်ယွီက ပြောရင်း သူ့လက်ချောင်းလေးတွေဖြင့် ချန်ကျန့်ရဲ့ မျက်နှာကို အသာအယာ ပွတ်သပ်ပေးသည်။

“မင်းက တစ်ခါမှ မူလနေရာမှာ ရပ်မနေခဲ့ပါဘူး။ ငါ တစ်ခုခုကို လုပ်ချင်တဲ့ အကြောင်းရင်းကလည်း မင်းက ငါ့ကို ရှေ့ကို တွန်းပို့ပေးနေလို့ပဲ။”

“တကယ်လား” ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။

“အင်း။ မင်း နောက်တစ်ခါ ထပ်ပြီး စဉ်းစားကြည့်ချင်သေးလား”

ချန်ကျန့် ခဏမျှ တိတ်ဆိတ်သွားပြီးမှ

“ခုနက ဒီလက်ကြီးနဲ့ ပိုးကောင်ကို ကိုင်ခဲ့တာလား” ဟု မေးလိုက်သည်။

“လျှောက်မပြောနဲ့…အာ့ကော Erge က တာ့ကော ထက် အစာစားတာ ပိုတက်ကြွတာ။ သူက ပါးစပ်ဟလိုက်ရင် ပိုးကောင်ရော လက်ကိုပါ လှမ်းကိုက်တာ။ ငါက အမြဲတမ်း ဇာဂနာနဲ့ပဲ ကျွေးတာပါ။”

ချန်ကျန့် ပြုံးလျက် ရှန်ယွီ့လက်ချောင်းတွေကို ဆွဲယူပြီး နမ်းလိုက်သည်။

“တည်းခိုခန်းကိစ္စကတော့ မင်းလုပ်ချင်တယ်ဆိုရင် အခုကတည်းက စပြီး စဉ်းစားလို့ ရပြီ။ အကြွေးတွေ အကုန်ဆပ်ပြီးမှ တစ်၊ နှစ်၊ သုံး ဆိုပြီး အစကနေ စဖို့ စောင့်နေစရာ မလိုပါဘူး။”

“ဒါဆို နောက်တစ်ဆင့်ကတော့ ဥက္ကဋ္ဌရှန်မှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ် ရှိ၊ မရှိ အရင်ဆုံး စုံစမ်းရမှာပေါ့။ မင်းရဲ့ ‘တာ့ယွင်’ အကောင့်ထဲမှာ ပိုက်ဆံမရှိဘူးလား” ရှန်ယွီက မေးသည်။

“မရှိဘူး" ချန်ကျန့် ချက်ချင်းပြန်ဖြေသည်။။

“မင်းက ငါ့ကိုတောင် ကော်ဖီတစ်ခွက် တစ်ဆယ့်ရှစ်ယွမ်နဲ့ ရောင်းနေတာလေ။ သုံးယွမ်တောင် အမြတ်တင်ထားသေးတယ်။ အဲ့ဒါတွေနဲ့တောင် မင်း ပိုက်ဆံမစုမိဘူးလား”

“ဗျာ….ဟား ဟား ခင်ဗျား ကော်ဖီသွားသောက်ခဲ့တာလား”

“သောက်တာပေါ့ ။ ကျောက်ဖန်းဖန်းရဲ့ ခွဲ တမ်းနဲ့ သောက်ခဲ့တာ။”

“ဥက္ကဋ္ဌရှန်ရဲ့ ဦးနှောက်က တကယ်ကို မြန်တာပဲ"

“စည်းကမ်းထဲမှာ ဟာကွက်ရှိနေတာကိုး" ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ကြည့်ရတာ ကျွန်တော် ဥက္ကဋ္ဌရှန်ဆီက သင်ယူရဦးမှာတွေ အများကြီးပဲ"

“သင်ယူရဦးမှာတွေ အများကြီး ကျန်သေးတာပေါ့" ရှန်ယွီက အကြောဆန့်ရင်း ဆိုသည်။

“ဖြည်းဖြည်းချင်းသာ သင်ယူပေတော့။”

_____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...