Skip to main content

118





အပိုင်း (၁၁၈)




"ဟဲလို၊ ဧည့်ကြိုကောင်တာကပါ"

ချန်ကျန့် သည် နံရံပေါ်ရှိ နာရီကို တစ်ချက်လှမ်းကြည့်ရင်း ဖုန်းဖြေလိုက်သည်။

မနက်အစောကြီး သုံးနာရီ။

"ဟဲလို"

တစ်ဖက်မှ မိန်းကလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

"ရှင့်တို့ ဧည့်ကြိုမှာ မိန်းကလေး ဝန်ထမ်းမရှိဘူးလားဟင်"

"သူ အလုပ်ဆင်းသွားပြီခင်ဗျ" ချန်ကျန့်က ပြန်ပြောလိုက်သည်။

"ဝန်ဆောင်မှုပေးဖို့ အမျိုးသမီးဝန်ထမ်းပဲ လိုချင်လို့လားခင်ဗျာ"

"မလိုတော့ပါဘူး။ အရမ်းလည်း နောက်ကျနေပြီဆိုတော့လေ ။ ရှင့်တို့ဆီမှာ လစဉ်သုံးပစ္စည်း ရှိလားဟင်"

"ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျ"

ချန်ကျန့်သည် အံဆွဲကို ဆွဲဖွင့်ကာ အထဲသို့ ငုံ့ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော်တို့ဆီမှာ ညသုံး..."

"စိတ်ပျက်စရာကြီးကွာ၊ သန်းခေါင်ယံအချိန်ကြီး ဘာတွေလုပ်နေတာလဲ!"

အမျိုးသားတစ်ဦး၏ အသံမှာ ဖုန်းအနောက်ကွယ်မှ ထွက်ပေါ်လာသည်။

"ညသုံးကိုပဲ ဧည့်ကြိုဆင်းယူလိုက်မယ်နော်"

"ရပါတယ်ခင်ဗျာ။ ကျွန်တော်ပဲ အပေါ်ကို လာပို့ပေးပါ့မယ်"

ချန်ကျန့်သည် ထိုင်ရာမှ ထရပ်ရင်း ပြောလိုက်သည်။

သူသည် ဧည့်သည်များထံ ဤကဲ့သို့သော ပစ္စည်းများကို တစ်ခါမျှ မပို့ဖူးသော်လည်း ဟူဖန် ကတော့ ခဏခဏ ပို့ပေးလေ့ရှိသည်။ သူသည် ဟူဖန်လုပ်လေ့ရှိသည့် လုပ်ထုံးလုပ်နည်းအတိုင်း အိတ်အသေးလေးတစ်လုံးကို ယူကာ နေ့သုံးတစ် ခု၊ ညသုံးတစ်ခုနှင့် ကြိုတင်ဖြတ်ထားသော အကိုက်အခဲပျောက်ဆေးတစ်လုံးကို ထည့်လိုက်လေသည်။

ထိုမိန်းကလေးမှာ ဒုတိယထပ်တွင် တည်းခိုနေသော စုံတွဲမှ အမျိုးသမီးဖြစ်သည်။ ချန်ကျန့်သည် သူတို့ကို မှတ်မိနေပြီး ပို၍တိတိကျကျပြောရလျှင် ထိုအမျိုးသားကို မှတ်မိနေခြင်းဖြစ်သည်။ သူတို့ အပေါ်ထပ်သို့ တက်သွားစဉ်က ထိုအမျိုးသားမှာ မိမိ၏ ကိုယ်ပိုင်ခရီးဆောင်အိတ်ကိုသာ သယ်သွားလိုပြီး အမျိုးသမီး၏ အိတ်နှင့် မုန့်ထုပ်များကိုမူ လုံးဝဂရုမစိုက်ခဲ့ပေ။ ထိုစဉ်က မိန်းကလေးက သူ့ကို ထိုနေရာမှာတင် ဆူပူကြိမ်းမောင်းခဲ့သော်လည်း သူကတော့ ဂရုမစိုက်ဘဲ ဓာတ်လှေကားထဲသို့သာ ဝင်သွားခဲ့သည်။

နောက်ဆုံးတွင် ဆန်းပင်း က မိန်းကလေးကို သွားရောက်ကူညီခဲ့သော်လည်း သူမက အကူအညီမယူဘဲ ကိုယ်တိုင်သာ သယ်သွားခဲ့သည်။

ယခုလည်း သန်းခေါင်ယံအချိန်ကြီးတွင် ချစ်သူမိန်းကလေးက ဓမ္မတာလာနေပြီး လစဉ်သုံးပစ္စည်း မရှိရှာပေ။ အမျိုးသားဖြစ်သူက ကူညီဖို့နေနေသာသာ မိန်းကလေးကိုယ်တိုင် ဧည့်ကြိုဌာနသို့ ဖုန်းဆက်အကူအညီတောင်းသည်ကိုပင် သူ၏အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်သည်ဟု ညည်းညူနေသေးသည်။

ချန်ကျန့်သည် လစဉ်သုံးပစ္စည်းများထည့်ထားသည့် အိတ်ကိုယူကာ သူတို့အခန်းတံခါးကို ခေါက်လိုက်သည်။

"ဟဲလို၊ ဧည့်ကြိုကပါခင်ဗျာ။"

တံခါးပွင့်လာသည်။ မိန်းကလေးက တံခါးဝတွင် ရပ်နေပြီး သူ့ကို အားနာသလို ပြုံးပြရင်း

"ကျေးဇူးတင်ပါတယ်ရှင်၊ အားလည်းနာပါတယ်" ဟု ဆိုသည်။

"ရပါတယ်ခင်ဗျာ။ နောက်ထပ် တစ်ခုခုလိုအပ်တာရှိရင် ဧည့်ကြိုကိုသာ ဖုန်းလှမ်းဆက်လိုက်ပါခင်ဗျာ။"

"ဖုန်းဆက်နေတုန်းလား"

အထဲမှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာပြီးနောက် အပေါ်ပိုင်းဗလာကျင်းထားသော အမျိုးသားတစ်ဦးသည် မိန်းကလေး၏ အနောက်တွင် ပေါ်လာသည်။

"ဘာလဲ၊ စကားပြောလို့ မဝသေးဘူးလား"

ချန်ကျန့်သည် သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

"သွားစမ်းပါ"

မိန်းကလေးက ထိုအမျိုးသားကို တွန်းထုတ်လိုက်ပြီးနောက် ချန်ကျန့်ကို ပြုံးပြကာ ထပ်ပြောသည်။

"သူက အမြဲတမ်း အဲဒီလိုပဲ သဝန်တိုတတ်လို့ပါ၊ အားနာပါတယ်နော်"

ချန်ကျန့်သည် မည်သည့်အသံမျှ မထွက်ဘဲ ခေါင်းညိတ်ပြလိုက်ပြီး ပြန်ရန် အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

"သန်းခေါင်ယံအချိန်ကြီးကို စကားတွေ မပြတ်နိုင်ဘူး"

ထိုအမျိုးသားကတော့ ပါးစပ်မပိတ်သေးဘဲ ဆက်ပြောနေတုန်းပင်။

ချန်ကျန့်သည် တည်းခိုခန်းတွင် အလုပ်စဝင်ကတည်းက သူ၏ဒေါသမှာ တော်တော်လေး လျော့ပါးသွားပြီဟု ခံစားရသည်။ အစပိုင်းတွင် ရှန်ယွီ ကြောင့် ဒေါသထွက်ခဲ့ရသလို၊ နောက်ပိုင်းတွင်လည်း ထူးဆန်းသော ဧည့်သည်အမျိုးမျိုးနှင့် ကြုံခဲ့ရသည်။ ယခုအခါတွင်မူ သူ၏စိတ်မှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ အေးဆေးတည်ငြိမ်နေလေပြီ။

သို့သော်လည်း အခန်းထဲမှ ထိုစုံတွဲမှာမူ ငြိမ်သက်နေသော ရေပြင်နှင့် လားလားမျှမဆိုင်ပေ။

"ရှင် ရူးနေတာလား!"

မိန်းကလေးက စတင် ဆဲဆိုလိုက်သည်။ ထို့နောက် ခလောက်ဆန်သွားသော အသံတစ်ခုနှင့်အတူ အမျိုးသား၏

"အား... အား အား အား..." ဟူသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

မုန်တိုင်းတစ်ခု စတင်လေပြီ။ ချန်ကျန့် နောက်သို့ လှည့်ကြည့်လိုက်သည်။

တံခါးပင် ပိတ်မထားရသေး။ မိန်းကလေးက ခုတင်ပေါ်တွင် မတ်တပ်ရပ်နေပြီး အမျိုးသားကတော့ သူ၏ဗိုက်ကို ဖိထားသည်။ မိန်းကလေး၏ ကန်ချက် သို့မဟုတ် နင်းချက် တစ်ခုခုကြောင့် ဖြစ်ပုံရသည်။ တစ်ကိုယ်လုံး ကွေးလိပ်နေလေသည်။

ချန်ကျန့် နောက်လှည့်ထွက်သွားရန် မပြင်နိုင်မီမှာပင် ထိုအမျိုးသားက မိန်းကလေး၏ ခြေထောက်ကို ကန်ထုတ်လိုက်သည်။ မိန်းကလေးမှာ ခုတင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ပုခုံးကို နှစ်ချက်ဆင့်၍ ထိုးလိုက်ပြန်သည်။

ချန်ကျန့် အခန်းတံခါးဆီသို့ မလျှောက်ဘဲ မနေနိုင်တော့ပေ။

"လူကြီးမင်းခင်ဗျာ..."

"ရှင် ရူးနေတာလား!"

မိန်းကလေးသည် ခုတင်ပေါ်မှ ရုန်းထကာ အမျိုးသား၏ ပါးကို သုံးချက်ဆင့်၍ ရိုက်ချလိုက်သည်။

ချန်ကျန့် အနည်းငယ် ကြောင်အမ်းသွားသည်။

ထို့နောက်တွင်တော့ မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ခုတင်ပေါ်တွင် လဲနေသော အမျိုးသားက အောက်သို့ ခုန်ဆင်းကာ မိန်းကလေးကို စတင်ထိုးနှက်တော့သည်။ မိန်းကလေးကလည်း လစဉ်သုံးပစ္စည်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ သူ့ကို ပြန်လည်ပါးရိုက်လေတော့သည်။

နှိုင်းယှဉ်ကြည့်ရလျှင် ပါးရိုက်သံများမှာ အသံကျယ်လောင်လွန်းလှသဖြင့် ပို၍ပင် အားပါနေသလိုရှိပြီး ထိုအမျိုးသားမှာ မိန်းကလေးကို ယှဉ်နိုင်ပုံမရဟု ချန်ကျန့် ခံစားလိုက်ရလေသည်။ အကယ်၍ ဤပြင်းထန်သော ရန်ပွဲသည် လမ်းမပေါ်တွင်သာ ဖြစ်ပွားနေခြင်းဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အင်အားချင်း မကွာခြားပါက ချန်ကျန့်သည် ကြားဝင်တားဆီးမည် မဟုတ်။

သို့သော် ယခုမူ သူ၏နယ်မြေအတွင်းတွင် ဖြစ်နေသည်။ မကြာသေးမီကပင် တောင်ပေါ်ရှိ ရေခဲပန်း များပွင့်လန်းနေပြီဖြစ်ရာ ယခုမှစ၍ မေလ သို့မဟုတ် ဇွန်လအထိသည် ပန်းကြည့်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ခရီးသွားများလည်း စတင်များပြားလာပြီ။ ထို့ကြောင့် သူ၏ ဧည့်သည်အပြည့်နီးပါး ရှိနေသော တည်းခိုခန်းအတွင်း၌ ဤစုံတွဲ ရန်ဖြစ်နေခြင်းမှာ လုံးဝ မဖြစ်သင့်။

"ခွင့်ပြုပါဦး"

ချန်ကျန့်သည် အခန်းထဲသို့ ဝင်သွားကာ လက်သီးဖြင့် ထိုးရန်ပြင်နေသော ထိုအမျိုးသား၏ လက်မောင်းကို ဆွဲဖမ်းပြီး နံရံဘက်သို့ တွန်းထုတ်လိုက်သည်။ ထိုစဉ် မရသေးသော မိန်းကလေးထံမှ ကျောပြင်သို့ တစ်ချက်ရိုက် ခံလိုက်ရသေးသည်။

ထို့နောက် သူက မိန်းကလေး၏ နှာခေါင်းရှေ့သို့ လက်ညှိုးညွှန်ကာ တားလိုက်ရင်း

"ခွင့်ပြုပါဦး..."

"ရှင်နဲ့မဆိုင်ဘူး၊ ဖယ်စမ်း!"

မိန်းကလေးက သူ့ကို တွန်းထုတ်သည်။

"မင်းက ငါတို့အခန်းထဲအထိ ဝင်လာတာလား"

အမျိုးသားကလည်း ဆိုသည်။ သူသည် အင်္ကျီမပါသော ဗလာကျင်းနေသည့် လက်မောင်းများကို အင်္ကျီလက်မတင်သလိုမျိုး အမူအရာလုပ်ကာ ချန်ကျန့်ထံသို့ တစ်ဖန် ပြန်လည် တိုးကပ်လာလေသည်။

"အခုက မနက်အစောကြီး သုံးနာရီရှိနေပြီ"

ချန်ကျန့်က လက်တစ်ဖက်ကို မိန်းကလေးဘက်သို့ ညွှန်ပြပြီး ကျန်လက်တစ်ဖက်ကို အမျိုးသားဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်ဟာ တခြားဧည့်သည်တွေရဲ့ အနားယူချိန်ကို တကယ်ကို အနှောင့်အယှက်ပေးနေတာပါ။ ကျွန်တော်ဝင်လာပြီး သတိပေးတာကို စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ခဏနေရင် ရဲခေါ်ပြီး ဝင်ခိုင်းလိုက်ပါ့မယ်။"

"ရဲကို အကာအကွယ်ယူပြီး ခြိမ်းခြောက်နေတာလား" အမျိုးသားက သူ့ကို စိုက်ကြည့်ရင်း ပြောသည်။

"စုံတွဲချင်း ရန်ဖြစ်တာ ရဲနဲ့ ဘာဆိုင်လို့လဲ"

"ဒါဆိုရင်တော့ ခင်ဗျားတို့ အိမ်မှာပဲဖြစ်ဖြစ်၊ တောင်ပေါ်တက်ပြီးပဲဖြစ်ဖြစ် သွားရန်ဖြစ်ကြပါ" ချန်ကျန့်၏လေသံမှာ တင်းမာခက်ထန်သွားသည်။

"ဒီမှာ ရန်ဖြစ်ပြီး တခြားသူတွေကို အနှောင့်အယှက်ပေးလို့တော့ မရဘူး။"

မိန်းကလေးက ခုတင်ပေါ်တွင် ထိုင်လိုက်ကာ ချန်ကျန့်ပေးခဲ့သော အိတ်ကို ခေါင်းငုံ့၍ ဖွင့်ကြည့်ရင်း

"ဝါး၊ ရှင့်တို့ တော်တော်လေး ဂရုစိုက်တတ်တာပဲ။ ကျေးဇူးတင်ပါတယ်နော်။"

ချန်ကျန့်သည် ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားရင်း

"ကျေးဇူးပြုပြီး အချိန်ကိုလည်း ငဲ့ညှာကြပါ၊ စောစောစီးစီး အနားယူကြပါတော့။"

အမျိုးသားကတော့ ဘာစကားမှ ပြန်မပြောတော့ပေ။

"ဟုတ်ကဲ့ပါ"

မိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။ချန်ကျန့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။

သူသည် ဓာတ်လှေကားဘက်သို့ လျှောက်သွားပြီးနောက် လှေကားအတက်ဆီသို့ ခြေသံဖွဖွဖြင့် ဦးတည်လိုက်သည်။ ချန်ကျန့် လျှောက်သွားကြည့်လိုက်ရာ လှေကားထောင့်တွင် ဘေ့စ်ဘောရိုက်တံ တစ်ချောင်းကို ကိုင်ပြီး ရပ်နေသော ရှန်ယွီ ကို တွေ့လိုက်ရသည်။

"ဘာလုပ်နေတာလဲ"

ချန်ကျန့်က လှေကားပေါ်သို့ ခြေလှမ်းအနည်းငယ် တက်သွားပြီး ရှန်ယွီ့လက်ထဲမှ ဘေ့စ်ဘောရိုက်တံကို လှမ်းယူရင်း မေးလိုက်သည်။

"မင်းကရော ဘာလုပ်နေတာလဲ" ရှန်ယွီက ပြန်မေးသည်။

"ရန်ပွဲအကြီးအကျယ် ဖြစ်နေပြီလို့ ငါထင်နေတာ။"

"ဧည့်သည်နှစ်ယောက် ရူးကြောင်ကြောင် ထလုပ်နေကြတာပါ။ 'ရိုက်တာက အချစ်၊ ဆဲတာက သံယောဇဉ်' ဆိုတဲ့ အခြေအနေမျိုးပေါ့။ ကျွန်တော် ခဏဝင်တားလိုက်ရတယ်"

ချန်ကျန့်က ဘေ့စ်ဘောရိုက်တံကို အပေါ်ထပ်သို့ သယ်သွားရင်း ပြောလိုက်သည်။

"မိနစ်ပိုင်းလောက်ပဲ ကြာတာပါ၊ အသံကလည်း အဲဒီလောက် မကျယ်ပါဘူး။ စတုတ္ထထပ်ကနေတောင် ကြားရလို့လား"

"ငါ အိပ်မပျော်လို့ မင်း ဂျူတီဆင်းတာကို လာအဖော်ပြုပေးမလို့ ဆင်းလာတာ။ ဆင်းလာလာချင်းပဲ အဲဒီအသံကို ကြားလိုက်တာ။"

"အဲဒါကို စတုတ္ထထပ်အထိ ပြန်တက်ပြီး ဒီပစ္စည်းကို သွားယူတာလား"

ချန်ကျန့် အံ့သြသွားသည်။

"ရန်ပွဲက ပိုမကြီးထွားမှာ စိုးရိမ်လို့လား"

"မင်း ဘာမှနားမလည်ပါဘူးကွာ။ ဒီပစ္စည်းက ရန်ပွဲမဖြစ်အောင် တားဖို့အတွက်ပဲ။ ဒါက ခြောက်လှန့်တဲ့နေရာမှာ သုံးတာ။"

ခြောက်လှန့်ရန်သုံးသော ထိုဘေ့စ်ဘောရိုက်တံကို ရှန်ယွီ၏ ရုံးခန်းထဲတွင် ပြန်ထားပြီးနောက် ချန်ကျန့်သည် သူ၏ဂျူတီရှိရာ ပထမထပ်သို့ ပြန်ဆင်းရန် ပြင်လိုက်သည်။ သို့သော် ရှန်ယွီကတော့ အခန်းထဲသို့ ပြန်ဝင်ပြီး အနားယူမည့်ပုံမပေါ်ဘဲ လူသွားလမ်းတွင် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

“ဟိုလတွေတုန်းက မင်း ညတိုင်း အိပ်ပျော်နေတာပဲ မဟုတ်လား။ ဘာလို့ အခုမှ တစ်ခါ ပြန်ပြီး အိပ်မပျော်ဖြစ်နေရတာလဲ"

"ဒါက ခန့်မှန်းရခက်တယ်။ ငါ ဘယ်အချိန်မှာ အိပ်မပျော်ဖြစ်မလဲဆိုတာ ပုံသေမရှိဘူး ။ သွားကြစို့၊ ငါ မင်းနဲ့အတူ တစ်ညလုံး အဖော်လုပ်ပေးမယ်။"

ချန်ကျန့်က လက်လှမ်းပြီး ရှန်ယွီ၏မျက်နှာကို ထိလိုက်သည်။

"မင်းရဲ့ ဒီပြဿနာကို ဘယ်လိုလုပ်ကြမလဲ ကုသဖို့ နည်းလမ်းရော မရှိဘူးလား"

"ကုလို့မရဘူး။ ဒါတောင် အခုက တော်တော်လေး အခြေအနေတည်ငြိမ်နေပြီလို့ ပြောလို့ရတယ်။"

ချန်ကျန့်က သက်ပြင်းချလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။

"ဘာလဲ ချန်ကျန့်။ မင်း နောင်တရနေတာလား"

"ဘာတွေ လျှောက်ပြောနေတာလဲ"

"ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ မင်းတွေးနေတာမလား"

"အာ... ဟုတ်တာပေါ့။ ကျွန်တော် ဘာလုပ်သင့်သလဲ"

"ငါ့ကို ထားခဲ့လိုက်လေ"

"ဒါကတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့မှာ ရေစက်ရှိတယ်၊ အတူတူရှိနေရမှာပဲ။"

"ဘာရေစက်လဲ"

ရှန်ယွီက ပြုံးလျက် မေးလိုက်သည်။

"အိုးအစုတ်နဲ့ အဖုံးအစုတ်ပဲလေ"

"သွားစမ်းပါ"

"လူတိုင်းမှာ သူ့အမျိုးအစားနဲ့သူ အချစ်ဆိုတာ ရှိတာပဲလေ"

"ပါးစပ်ပိတ်ထားစမ်း"

ရှန်ယွီက သူ့ကို အနောက်မှ လှမ်းကန်လိုက်သည်။

ယခုဆိုလျှင် မြို့ငယ်လေး၏ ညဉ့်ဦးယံအချိန်များသည် အရင်ကထက် ပို၍စည်ကားသက်ဝင်လာခဲ့ပြီ။ အရင်တုန်းက ချန်ကျန့်တစ်ယောက် ကျန့်ရှီးမှာ အိပ်ဖို့ တံတိုင်းကျော်တက်ခဲ့စဉ်ကဆိုလျှင် ၁၂ နာရီမတိုင်မီ အပြီးလုပ်ရသည်။ အကယ်၍ နောက်ကျသွားပါက တစ်စုံတစ်ယောက်က သို့မဟုတ် သရဲက သူ့ခြေထောက်ကို လှမ်းဆွဲတော့မည်ဟု ခံစားခဲ့ရဖူးသည်။

ယခုမူ မနက်အစောကြီး သုံးနာရီရှိနေသော်လည်း သူတို့၏ တည်းခိုခန်းရှေ့တွင် ကားများ ဖြတ်မောင်းနေကြဆဲ။ အချို့က တောင်ပေါ်တက်ပြီး နေထွက်တာကြည့်ဖို့ ကားရပ်နားရန်နေရာ ရှာနေကြခြင်းဖြစ်ပြီး အချို့ကတော့ အတွင်းဘက်ရှိ အခြားတည်းခိုခန်းများသို့ သွားနေကြခြင်းဖြစ်သည်။

ချန်ကျန့်က အပန်းဖြေကုလားထိုင်ကို ရှန်ယွီအား ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ ဆုံလည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အပြင်ဘက်မှ အသံများကို နားစွင့်နေလိုက်သည်။

"မနေ့က ဟယ်လျန် ခင်ဗျားကို လာရှာသေးလား"

ချန်ကျန့်က မေးလိုက်သည်။

"အင်း" ရှန်ယွီက မျက်လုံးမှိတ်ထားလျက်ပင် ပြန်ဖြေသည်။

"သူက ရွာဟောင်းထဲမှာ အိမ်အချို့ကိုယူပြီး လယ်တောစားသောက်ဆိုင်ဖွင့်ချင်နေတာ။"

"သူ ဘာလို့ ရွာသားတွေဆီ တိုက်ရိုက်မသွားတာလဲ" ချန်ကျန့်က ထပ်မေးပြန်သည်။

"တာ့လီ ပြောတာကတော့ ကျွန်တော်တို့ကို ကျော်ခွသွားတာ မကောင်းဘူးဆိုတဲ့သဘောပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ရွာဟောင်းတစ်ခုလုံးကို ကန်ထရိုက်ယူထားတာမှ မဟုတ်တာ။"

"ငါတို့ကို ကျော်သွားရင် သူတို့အတွက် နောင်တစ်ချိန် ပိုက်ဆံရှာရတာ အဆင်မပြေမှာစိုးလို့လေ" ရှန်ယွီက ပြုံးလိုက်သည်။

"သူတို့က နှိပ်ကွပ်လို့ရတဲ့အချိန်မှာ နှိပ်ကွပ်တတ်ကြပေမဲ့၊ အားကိုးရှာဖို့ လိုအပ်လာတဲ့အခါကျတော့လည်း အတင်းလာကပ်ပြီး လွှတ်မပေးတော့ပြန်ဘူး။"

"သူ အိပ်မက်မက်နေတာပဲ"

ချန်ကျန့်က ရှန်ယွီကို ကြည့်ရင်း ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ သူ့ကို ကူညီသင့်သလား"

"ကူညီနိုင်ရင်တော့ ကူညီရမှာပေါ့ ။ အမှန်အတိုင်း ပြောရရင် သူသာ ကိုယ်တိုင်လိုက်လုပ်မယ်ဆိုရင် ဒါက ပြီးနိုင်တဲ့ကိစ္စပါ။ အခု သူက ငါ့ကို ကျေးဇူးကြွေးတင်အောင် တမင်လုပ်ပြီး အဆက်အသွယ် တည်ဆောက်နေတာ။"

"ဒါဆို မင်းက သူ့ကို ခွင့်ပြုလိုက်ဦးမှာလား"

ချန်ကျန့်သည် ဟယ်လျန်အပေါ် အခုထိ သဘောမကျသေးပေ။

"ခွင့်ပြုတာ မဟုတ်ဘူး၊ ငါလိုချင်တာက သူ ငါ့ကို ကျေးဇူးကြွေးတင်သွားဖို့ပဲ။ သူ ကျေးဇူးကြွေးတင်သွားပြီဆိုရင်တော့ နောက်မှ ဆက်ပြောတာပေါ့။ အဲဒီအဆက်အသွယ်ကို ငါ အသိအမှတ်ပြုမလားဆိုတာက နောက်တစ်ပိုင်းပေါ့။ ဒါကို သူကိုယ်တိုင်လည်း သိပါတယ်။"

"အင်း" ချန်ကျန့်က တုံ့ပြန်လိုက်သည်။

"မနက်ဖြန်ကျရင် အဲဒီလူရဲ့ ဖုန်းနံပါတ် ငါ့ကိုပေး။ ဆွန်းနာနာ ကို အရင်သွားပြီး ဆက်သွယ်ခိုင်းလိုက်မယ်။"

"ဘယ်သူလဲ"

ချန်ကျန့် အံ့သြသွားသည်။

"မင်းတို့မိသားစုအိမ်ကို ယူထားတဲ့သူလေ"

"ဦးလေးချန် လား" ချန်ကျန့် ခေတ္တရပ်သွားသည်။

"ကျွန်တော်တို့ သူ့ကို စကားသွားပြောမှာလား... အခုလား"

"အင်း၊ ဖွံ့ဖြိုးရေးသတင်းတွေ ထွက်နေပေမဲ့ အကောင်အထည်ဖော်မှုတွေ အကြီးအကျယ် မလုပ်ရသေးခင် အချိန်မှာပေါ့။ ဒါမှ ဈေးကို နှိမ်ထားလို့ရမှာ။ လုပ်ငန်းနယ်ပယ် သတ်မှတ်ပြီးသွားရင်တော့ ဈေးညှိရခက်သွားလိမ့်မယ်။"

"ဆွန်းနာနာက ကျွန်တော်တို့ရွာက မဟုတ်ဘူးလေ" ချန်ကျန့် သိပ်နားမလည်သေးပေ။

"သူ့ကို ရောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

"မင်းကလည်း အတာပဲလား ဒါကို မင်းအဖေနာမည်နဲ့ပဲ လွှဲမှာပေါ့"

ရှန်ယွီက မျက်လုံးဖွင့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"နာနာက မင်းရဲ့ဝန်ထမ်းအနေနဲ့ မင်းကိုယ်စား ညှိနှိုင်းဖို့ လွှတ်လိုက်တဲ့သူပေါ့။"

"အားပါးပါး" ချန်ကျန့် မှင်သက်သွားသည်။

"ကျွန်တော်က အဲဒီလောက်တောင် အရေးပါတာလား"

"ဒါပေါ့ ။ နောက်ဆိုရင် ဂုဏ်ပုဒ်လေး ဘာလေးနဲ့ နေဖို့ မမေ့နဲ့ဦး မန်နေဂျာချန်။"

ချန်ကျန့် ခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။

"ဟုတ်သားပဲ... ဒါတွေက ကျွန်တော် အရင်က တစ်ခါမှ မတွေးဖူးတဲ့ အရာတွေပဲ။"

"အခုထိ ငါ့ကို ထားခဲ့ချင်သေးလား"

ရှန်ယွီက သူ့ကုလားထိုင်ကို လှမ်းကန်လိုက်သည်။

"အစတည်းက ကျွန်တော် မထားခဲ့ချင်ပါဘူး။ ဘာလို့ဆို မင်းက အိုးစုတ်လေး၊ ကျွန်တော်က အဖုံးစုတ်လေး။"

"ငါက အဖုံး"

ချန်ကျန့်က ရှန်ယွီကို ကြည့်လိုက်သည်။

"မဟုတ်ဘူးလေ... မင်းက ဒါကိုတောင် ငြင်းနေသေးတာလား"

"အင်း" ရှန်ယွီက ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းက အဖုံး၊ အဖုံး"

ချန်ကျန့်က လိုက်လျောလိုက်သည်။

"ဒါဆိုရင် ငါ မင်းကို အုပ်ထားပေးမယ်"

ရှန်ယွီက ထရပ်လိုက်ကာ ချန်ကျန့်၏ ကုလားထိုင်နောက်မှီကို လက်ဖြင့်ထောက်ပြီး ကိုင်းညွှတ်ကာ သူ၏နဖူးကို နမ်းလိုက်သည်။ သူက ချန်ကျန့်ကို ဖက်ရန်ပြင်လိုက်စဉ်မှာပင် ဓာတ်လှေကား အချက်ပေးသံ "တင်း" ဟု မြည်လာပြီး တစ်စုံတစ်ယောက် ထွက်လာသည်။

ချန်ကျန့်သည် 'အဖုံး' ရှန်ယွီ၏ ရင်ဘတ်ကို ရိုက်ထုတ်လိုက်ရာ သူသည် အပန်းဖြေကုလားထိုင်ပေါ်သို့ ပြန်ကျသွားလေသည်။

ထို့နောက် ခုနက ရန်ဖြစ်နေသော စုံတွဲသည် တစ်ဦးနှင့်တစ်ဦး ပခုံးချင်းဖက်ကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့က ချန်ကျန့်ကို မြင်သောအခါ မိန်းကလေးက လက်လှမ်းပြပြီး

"ခုနကအတွက် ကျေးဇူးတင်ပါတယ် မန်နေဂျာ။"

"ရပါတယ်ခင်ဗျာ"

ချန်ကျန့်သည် သူတို့၏ ဆက်ဆံရေးကို လုံးဝနားမလည်နိုင်တော့ဘဲ ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြလိုက်နိုင်သည်။

"ဒီလောက် ညဉ့်နက်... မဟုတ်ပါဘူး၊ ဒီလောက်စောစောကြီး အပြင်ထွက်ကြမလို့လား ခင်ဗျာ"

"ကျွန်မတို့ တောင်ပေါ်တက်ပြီး နေထွက်တာ သွားကြည့်မလို့လေ"

ဒါက ဘယ်လိုမျိုး ကိုယ်ခန္ဓာကြံ့ခိုင်မှုလဲ ဆွန်းနာနာ ဆိုလျှင် ဓမ္မတာလာသည့် ပထမနှစ်ရက်တွင် အလုပ်နားပြီး အဆောင်မှာပဲ အနားယူရသည်ကို သူသိသည်။ ဒီမိန်းကလေးကတော့ သန်းခေါင်ယံအချိန်ကြီးမှာ တောင်ပင်တက်နိုင်သေးသည်။

"ငါ လမ်းမလျှောက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ"

မိန်းကလေးက အမျိုးသားကို မော့ကြည့်ပြီး မေးသည်။

"ငါ မင်းကို ကုန်းပိုးသွားမှာပေါ့"

ချန်ကျန့် စိတ်ထဲမှ တွေးလိုက်မိသည်။

ဘာမှမဟုတ်တာကိုတောင် သယ်နိုင်မှာမဟုတ်ဘူး။ မင်းက သူ့ကိုတောင် နိုင်အောင် မချနိုင်ဘဲနဲ့ သူ့ကို ပိုးမလို့လား။ သူက မင်းကို ပါးတစ်ချက်ရိုက်လိုက်ရုံနဲ့ တောင်ထိပ်ပေါ် ရောက်သွားအောင် လုပ်နိုင်တဲ့သူ...

"စောစောက ရန်ဖြစ်နေတာ သူတို့လား"

ရှန်ယွီက မေးသည်။

"အင်း ။ ကျွန်တော် သူတို့ဆီ လစဉ်သုံးပစ္စည်း သွားပို့ပေးတာကို အဲဒီလူက သဝန်တိုပြီး ရန်စတာ၊ အဲဒါနဲ့ သူတို့ ရန်ဖြစ်ကြတာပဲ..."

ရှန်ယွီက ရယ်တော့သည်။

"အမလေး... ခက်ရချည်ရဲ့။"

"သဝန်တိုတယ်ဆိုတာက ဒီလောက်တောင် အစွမ်းထက်တာလား။ ဒီလောက်တောင် ပြင်းပြင်းထန်ထန် သဝန်တိုကြတာလား။"

"ဒါဆိုရင်တော့" ရှန်ယွီက သူ၏ဖုန်းကို စမ်းတဝါးဝါးဖြင့် ရှာလိုက်ရင်း

"ငါ့ရဲ့ ဒီသဝန်တိုမှုကလည်း..."

"ငြိမ်ငြိမ်လေးနေစမ်းပါ"

ချန်ကျန့်က ရှန်ယွီ၏လက်ကို ဖိထားလိုက်သည်။

"comments တွေကို လိုက်ဖတ်ချင်တယ်ဆိုရင် 'တာ့ယွင်ကျန်းဟူ' ရဲ့ ပထမဆုံးအပိုင်း ထွက်လာတဲ့အထိ စောင့်လိုက်ပါဦး။"

"သူတို့ ရိုက်ပြီးပြီလား"

"ဇာတ်ညွှန်းတော့ ထွက်နေပြီ ။ လျိုဝူ က တော်တော်လေး အလုပ်သွက်တယ်။"

"ဟား ဟား မင်း ဖတ်ပြီးပြီလား"

ရှန်ယွီက ရယ်ရင်း မေးသည်။

"ကျွန်တော်လည်း မဖတ်ရသေးဘူး။ ကြားတာတော့ တော်တော်လေးကို ကြမ်းတယ် တဲ့။"

ရှန်ယွီ အနားမှာ ရှိနေပေးသဖြင့် ချန်ကျန့်အတွက် ဂျူတီဆင်းရသည်မှာ ပို၍လွယ်ကူသွားသည်ဟု ခံစားရသည်။ အရုဏ်မတက်မီကလေးတွင် ရှန်ယွီက အပန်းဖြေကုလားထိုင်ပေါ်၌ အိပ်ပျော်သွားသော်လည်း ချန်ကျန့်ကတော့ အလွန်ပျော်နေမိသည်။

မိုးစင်စင်လင်းလာသောအခါ ကျောက်ဖန်းဖန်းသည် ဟင်းသီးဟင်းရွက်တောင်းကို ကိုင်ကာ ဘေးတံခါးမှတစ်ဆင့် မီးဖိုချောင်ထဲသို့ ဝင်လာသည်။

"ဒီနေ့ မနက်စာ ဘာစားကြမလဲ"

ချန်ကျန့်က ထရပ်ပြီး သူမနောက်သို့ လိုက်သွားရင်း မေးလိုက်သည်။

"ကျွန်တော် ကူညီပေးမယ်လေ။"

"မင်းအတွက် ပေါက်စီလုပ်ပေးမယ်။ ဆန်ပြုတ်ကတော့ တည်ထားပြီ ။ ခဏနေရင် ကြက်ဥပေါင်း ပေါင်းဦးမယ်။ မင်း ပဲနို့လုပ်တာ ကူညီပေးပါဦး။"

"ဟုတ်ကဲ့"

ချန်ကျန့်က ပဲနို့ဖျော်စက်ကို ယူကာ နောက်ဖေးဘက်သို့ သွားရန် ပြင်လိုက်သည်။

"ဘယ်ကို သွားမလို့လဲ"

ကျောက်ဖန်းဖန်းက သူ့ကို ကြည့်ကာ မေးလိုက်သည်။

"အပြင်ထွက်လုပ်မလို့လေ၊ ဒီစက်က အသံအရမ်းဆူတာ"

"ဘယ်လောက်တောင်..."

ကျောက်ဖန်းဖန်းက စကားစလိုက်ပြီးမှ ဧည့်ကြိုဌာနဘက်သို့ လှမ်းကြည့်လိုက်ကာ

"ဟယ်...ဘော့စ်ရှန်က ဘာလို့ အဲဒီမှာ အိပ်နေတာလဲ ဆန်းပင်း လို့ ငါထင်နေတာ။"

ချန်ကျန့်သည် ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောဘဲ ရှက်ကိုးရှက်ကန်းဖြင့် ပဲနို့ဖျော်စက်ကို သယ်ကာ အပြင်သို့ ထွက်သွားလေသည်။ သို့သော်လည်း ဤအချိန်တွင် ရှန်ယွီမှာ ကြာကြာအိပ်၍ မရတော့ပေ။ မည်သူမျှ မနှောင့်ယှက်လျှင်ပင် သူသည် နှစ်နာရီ၊ သုံးနာရီခန့်အကြာတွင် နိုးလာတတ်စမြဲ ဖြစ်သည်။

ယခုလည်း သူ့ကို နှောင့်ယှက်မည့်သူ ရောက်လာခဲ့ပြီ။

ပြီးခဲ့သည့် နှစ်ရက်အတွင်း မြို့ထဲသို့ ရောက်နေသော ဆွန်းနာနာ သည် လက်ထဲတွင် စာအုပ်ငယ်တစ်အုပ်ကို ကိုင်ထားရင်း တံခါးကို ရုတ်တရက် တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

"ဘာလို့ အစောကြီး ရောက်လာတာလဲ"

ချန်ကျန့်သည် ကြက်ဥပေါင်းကို ထမင်းစားခန်းထဲသို့ သယ်သွားစဉ် သူမကို မြင်လိုက်ရသဖြင့် ကြောင်သွားသည်။

"ဒီလောက်စောစောကြီး ကြိုပို့ကားတွေတောင် မရှိသေးဘူး မဟုတ်လား ဘယ်လိုပြန်လာတာလဲ"

"အလုပ်ကို ရူးသွပ်တဲ့ ဒါရိုက်တာလုက လိုက်ပို့တာလေ။ သူက ဦးလေးတင် ရဲ့ ရုံးခန်းကို သွားတာ"

ဆွန်းနာနာက ဆိုရင်း လက်ထဲမှ စာအုပ်ငယ်လေးကို ကိုင်ထားဆဲပင်။

ချန်ကျန့်က ထိုစာအုပ်ငယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှန်းမသိသဖြင့်

"ဒါက ဘာလဲ" ဟု မေးမိလိုက်သည်။

"ကွာရှင်းစာချုပ်လေ!"

ဆွန်းနာနာက စာအုပ်ငယ်လေးကို ဧည့်ကြိုစားပွဲပေါ်သို့ 'ဖျန်း' ခနဲ မြည်အောင် ရိုက်ချလိုက်သည်။

"ငါ နောက်ဆုံးတော့ ဒီကိစ္စကို အပြတ်ရှင်းလိုက်နိုင်ပြီ။"

"အမလေး"

ရှန်ယွီသည် အပန်းဖြေကုလားထိုင်ပေါ်မှ လန့်နိုးပြီး ထထိုင်လိုက်သည်။

"ဗုဒ္ဓဟူးနေ့ကျမှ ချန်အာဟူ နဲ့အတူ သွားမယ်ဆို"

ချန်ကျန့်သည် အလွန်အံ့သြသွားပြီး အနီးသို့ကပ်ကာ ကြည့်လိုက်သည်။ ၎င်းမှာ 'ကွာရှင်းစာချုပ်' ဟု ရေးထားသော အနီရောင်စာအုပ်ငယ်လေး အစစ်ပင် ဖြစ်သည်။

"ငါ မစောင့်နိုင်တော့ဘူးလ။ သူက မနေ့က ရုတ်တရက် အားတယ်ဆိုတာနဲ့ ငါတို့ သွားလိုက်ကြတာပဲ!" ဆွန်းနာနာက စားပွဲကို ပုတ်ရင်း ပြောသည်။

"ငါ ကွာရှင်းလိုက်ပြီဟေ့!"

"ငါ့လည်း ကြည့်မယ်! ငါ့ကိုလည်း ပြပါအုံး!"

ကျောက်ဖန်းဖန်းသည် လက်ကို သုတ်ရင်း မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ ဆွန်းနာနာက ကွာရှင်းစာချုပ်ကို သူမရှေ့သို့ တွန်းပို့လိုက်သည်။

"ကြည့်စမ်း!"

"အိုး... အစစ်ပဲ"

ကျောက်ဖန်းဖန်းသည် 'ကွာရှင်းစာချုပ်' ဟူသော စာလုံးသုံးလုံးကို လက်ဖြင့် တို့ကြည့်လိုက်သည်။

"အစစ်ပဲဟဲ့။ ကွာရှင်းစာချုပ်ဆိုတာ ဒါမျိုးကိုး..."

"အကုန်လုံး အဆင်ပြေပြေ ပြီးသွားပြီလား"

ရှန်ယွီက သမ်းဝေရင်း မေးလိုက်သည်။

"ပြီးသွားပြီ" ဆွန်းနာနာက လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"ဒီည ကျွန်မ အားလုံးကို ညစာကျွေးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။"

"ဈေးဝယ်ပြီး ဒီမှာပဲ ချက်စားကြတာပေါ့"

"ကောင်းပြီလေ ။ ကျောက်ကျဲ၊ ဒီနေ့ နေ့လယ်ကျရင် ဈေးဝယ်ဖို့ အတူ လိုက်ခဲ့ပေးမလား"

"လိုက်ခဲ့ပေးမယ်လေ" ကျောက်ဖန်းဖန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။

"အပေါ်ထပ်တက်ပြီး ဖန်ဖန် တို့ကို သွားပြလိုက်ဦးမယ်"

ဆွန်းနာနာသည် ကွာရှင်းစာချုပ်ကို ယူကာ ဓာတ်လှေကားဆီသို့ သွက်လက်စွာ ပြေးသွားလေတော့သည်။

"သိပ်ကောင်းတာပဲ"

ကျောက်ဖန်းဖန်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။

"သူ အခုတော့ လွတ်လပ်သွားပြီ။"

"အင်း" ရှန်ယွီက ခေါင်းညိတ်လိုက်သည်။

ကျောက်ဖန်းဖန်းသည် ဓာတ်လှေကားကို ခေတ္တမျှ ငေးကြည့်နေပြီးမှ မီးဖိုချောင်သို့ ပြန်လှည့်သွားသည်။

"ငါ ပေါက်စီတွေ သွားယူလိုက်ဦးမယ်။"

ချန်ကျန့်သည် ကိုင်ထားသော ကြက်ဥပေါင်းကို ထမင်းစားခန်းထဲတွင် သွားချလိုက်ပြီး ဧည့်ကြိုဌာနသို့ အမြန်ပြန်လာကာ မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ကျောက်ကျဲလည်း တစ်ခုခုကို စဉ်းစားနေပြီထင်တယ်နော်"

"ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဘာဖြစ်လာမလဲဆိုတာတော့ မသေချာဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အခြေအနေက ဆွန်းနာနာနဲ့ မတူဘူးလေ။"

"အင်း"

ချန်ကျန့်သည် ဧည့်ကြိုစားပွဲကို မှီလိုက်ရင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။

"ဘာပဲဖြစ်ဖြစ်လေ၊ အရင်ကထက် ပိုကောင်းလာရင်ပဲ တော်ပါပြီ။"

"ဆိုင်ရဲ့ စည်းကမ်းအသစ်မှာ စားပွဲကို မမှီရဘူးလို့ မပါဘူးလား"

ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။

"ပါတာပေါ့" ချန်ကျန့်က ချက်ချင်းဆိုသလို မတ်မတ်ရပ်လိုက်ပြီး အံ့သြစွာ ကြည့်ရင်း

"မင်း ဒါကိုတောင် သိတာလား"

"ငါ အကုန်လုံးကို အလွတ်ရွတ်ပြလို့ရတယ်"

"အားပါးပါး" ချန်ကျန့် အလွန်အံ့သြသွားသည်။

"ပိုက်ဆံဖြတ်ရမယ်။ တစ်ကြိမ်ကို ယွမ်နှစ်ဆယ်"

"ကျွတ်စ်..." ချန်ကျန့်က ညည်းလိုက်သည်။

"ငါ့ရဲ့ ကော်ဖီတစ်ခွက်နဲ့ ခုနှိမ်လိုက်ရင်ရော ဘယ်လိုလဲ" ရှန်ယွီက မေးသည်။

"ဒီလောက်တောင် သနားစရာကောင်းအောင် မလုပ်ပါနဲ့ ဘော့စ်ရှန်ရယ်"

ချန်ကျန့်က လက်ဝှေ့ယမ်းကာ ကော်ဖီဆိုင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။

"လာပါ၊ ကျွန်တော် တိုက်ပါ့မယ်။"

ရှန်ယွီက ပြုံးလိုက်ပြီး သူ့နောက်သို့ လိုက်သွားလေတော့သည်။

_________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...