အပိုင်း (၁၁၉)
ချန်ကျန့်သည် တတိယထပ်မှ ပြန်ဆင်းလာချိန်တွင် နားထဲ၌ အူနေသလို ခံစားလိုက်ရသည်။
သူသည် တတိယထပ်ရှိ အခန်းတံခါးဝတွင် ရပ်နေခဲ့ရပြီး တည်းခိုသူ ဧည့်သည်တစ်ဦးက တာ့ယွင် ရှိ အရာအားလုံးနှင့် ပတ်သက်၍ နာရီဝက်နီးပါးကြာအောင် ဆုံးမသြဝါဒ ပေးနေသည်ကို နားထောင်ခဲ့ရခြင်းဖြစ်သည်။
ဝင်ပေါက်ရှိ ကားပါကင် လမ်းညွှန်မှုမှစ၍ အခန်းလက်ခံခြင်း၊ အစားအသောက် နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများအထိ... အချုပ်ပြောရလျှင် တစ်ချိန်လုံး အပြုံးမပျက် ဝန်ဆောင်မှု မပေးနိုင်ခဲ့ခြင်းအပေါ် သူက အပြစ်တင်နေခြင်း ဖြစ်သည်။
လမ်းညွှန်ပေးသည့် လုံခြုံရေးက မပြုံးပြဘူး။ ဧည့်ကြိုကလည်း အခန်းလက်ခံစဉ် ပထမသုံးခွန်းလောက်ပဲ ပြုံးပြတယ်။ အခန်းသန့်ရှင်းရေးလုပ်တဲ့သူကလည်း အခန်းထဲမှာ သူရှိနေတုန်း သူ့ကို မပြုံးပြဘူး... စသည်ဖြင့်။
"အခုလည်း အပါအဝင်ပဲ" ထိုအမျိုးသားက ချန်ကျန့်ကို ကြည့်ကာ ပြောသည်။
"ကျွန်တော့်ရဲ့ အကြံပြုချက်တွေကို နားထောင်နေတုန်းမှာတောင် ခင်ဗျားမျက်နှာပေါ်မှာ အပြုံးတစ်ခုမှ မရှိဘူး။"
"တောင်းပန်ပါတယ်ခင်ဗျာ"
ချန်ကျန့်သည် ပါးစပ်ကို ဖြဲကာ သွားပေါ်အောင် ပြုံးပြလိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ လိုအပ်ချက်ရှိသွားတဲ့အတွက်ပါ။ ခင်ဗျားရဲ့ အကြံပြုချက်တွေကို မှတ်သားထားပြီး နောင်မှာ ပိုကောင်းအောင် ပြုပြင်သွားပါ့မယ်။"
"ကျွန်တော် ပြည်တွင်းရော ပြည်ပမှာပါ ဟိုတယ်ပေါင်းစုံမှာ တည်းဖူးတယ်။ နိုင်ငံခြားမှာနေတာက ပိုများတာပေါ့။ အချိန်ပြည့် ပြုံးပြပြီး ဝန်ဆောင်မှုပေးတာက အခြေခံအကျဆုံးပဲ။"
"ဟုတ်ကဲ့ပါခင်ဗျာ"
ချန်ကျန့်က သွားဖြဲပြလျက်သား။
ခင်ဗျားပြောတာကြီးကို ကျွန်တော်က ယုံရမှာလား။
"ခင်ဗျားတို့က မြို့ငယ်လေးက တည်းခိုခန်း ဖြစ်နေပေမဲ့လည်း…ဈေးနှုန်းကလည်း အတော်အတန် သက်သာနေတာပဲလေ...ဒါပေမဲ့ ခင်ဗျားတို့မှာ ဒီလိုမျိုး အသိတရားရှိဖို့ လိုအပ်တယ်။ ပြည်တွင်းပြည်ပက ထိပ်တန်းဟိုတယ်ကြီးတွေကို စံနမူနာထားပြီး ကြည့်ရမယ်"
ခင်ဗျား ပြောနေတာတွေကို ခင်ဗျားကိုယ်တိုင်ရော ပြန်ကြားရဲ့လား။
"ဟုတ်ကဲ့ပါခင်ဗျာ။ တခြား လိုအပ်တာများ ရှိသေးလားခင်ဗျာ"
"မရှိတော့ဘူး" အမျိုးသားက လက်ကာပြလိုက်သည်။
"သွားတော့၊ ခင်ဗျားအလုပ် ခင်ဗျား သွားလုပ်တော့။"
"လူကြီးမင်းရဲ့ အကြံပြုချက်တွေနဲ့ ဝေဖန်ချက်တွေအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ချန်ကျန့်က အနည်းငယ် ဦးညွှတ်လိုက်ရင်း
"ဒီမှာ တည်းခိုရတာ စိတ်ချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။"
ထိုအမျိုးသားက ခေါင်းညိတ်ပြသည်။
ချန်ကျန့်သည် ဦးညွှတ်လျက်ပင် အနောက်သို့ ဆုတ်ခွာလာခဲ့သည်။ သူသည် နောက်လှည့်ပြီး တိုက်ရိုက်ထွက်သွားရန်ပင် မဝံ့ရဲပေ။ အမျိုးသား၏ အခန်းတံခါး ပိတ်သွားသည်ကို မြင်ရတော့မှသာ လှည့်ထွက်ခဲ့သည်။ သူ၏ ထိပ်တန်းအဆင့်မမီသော ဝန်ဆောင်မှုကို ထပ်မံအဖမ်းခံရပြီး နောက်ထပ် နာရီဝက်ခန့် နားပူခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
"ခဏနေရင် တတိယထပ်က အဲဒီလူဆီကို နေ့လယ်ခင်း လက်ဖက်ရည်နဲ့ မုန့် တစ်ပွဲ သွားပို့လိုက်ဦး"
ချန်ကျန့်က ပြောလိုက်သည်။ အခန်းနံပါတ်ကို ပြောစရာပင် မလိုပေ။ မည်သူ့ကို ဆိုလိုသည်မှာ လူတိုင်းသိကြသည်။
"ကျွန်တော်တို့ရဲ့ အလုပ်တွေအပေါ် လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်။ ပြုံးဖို့လည်း မမေ့နဲ့ဦး။ သူ မြင်တဲ့အချိန်တိုင်းမှာ မင်း မျက်နှာက ပြုံးနေရမယ်နော်။"
"ဟုတ်ကဲ့၊ အခုချက်ချင်း သွားလိုက်ပါ့မယ်"
ဟူဖန် က Stabilizer တစ်ခုကို ကိုင်ရင်း ပြန်ပြောသည်။ ဤပစ္စည်းမှာ ရှန်ယွီက သူတို့ ဆော့ကစားရန် ကိုယ်ပိုင်ငွေဖြင့် ဝယ်ပေးထားခြင်းဖြစ်ပြီး လျိုဝူ ထံမှ ဖြတ်တောက်ထားသော လုပ်ခလစာများဖြင့် ဝယ်ခြင်းလည်း ဖြစ်နိုင်သည်။
"အေး... အဲဒီအတိုင်း လမ်းလျှောက်လာခဲ့..."
ဟူဖန်က ဖုန်းစခရင်မှတစ်ဆင့် ဆန်းပင်း ကို ကြည့်နေသည်။ သူမ ရိုက်ကူးခြင်း မစရသေးဘဲ နေရာယူပုံများကို လေ့ကျင့်နေခြင်း ဖြစ်နိုင်သည်။ ညဘက်တွင် ဧည့်သည်များ ဘာမှလုပ်စရာမရှိသည့်အချိန်၌ ၎င်းတို့သည် ဤကဲ့သို့ ဇာတ်တိုက်ရိုက်ကူးခြင်းဖြင့် အပန်းဖြေလေ့ရှိကြသည်။
မြို့ငယ်လေး၏ ခရီးသွားလုပ်ငန်းမှာ အခြေအနေကောင်းသော်လည်း ဤနေရာတွင် နေထိုင်ရသည်မှာ အနည်းနှင့်အများတော့ အထီးကျန်ဆန်လှသည်။
"လက်ကို ဝှေ့ယမ်းလိုက်၊ အေး... အဲဒါမျိုး..."
ဆန်းပင်းသည် ကုတင်ခင်းတစ်ထည်ကို ခြုံကာ ဟူဖန်၏ ညွှန်ကြားချက်အတိုင်း အဓိကဝင်ပေါက်မှ ဧည့်ခန်းမထဲသို့ လမ်းလျှောက်ဝင်လာသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ကုတင်ခင်းကို ခါထုတ်လိုက်ရာ လေပြင်းတစ်ချက်နှင့်အတူ ဟူဖန်၏ ဖုန်းကို စိုက်ကြည့်ရင်း လျှောက်လာလေသည်။
"ကဲ တော်ပြီ၊ ရပ်လိုက်တော့"
ဟူဖန်က နောက်သို့ဆုတ်ကာ ရုပ်ငြိမ်စက်ကို ရှေ့သို့တွန်းထုတ်ပြီး ဆန်းပင်း၏ မျက်နှာကို Zoom ဆွဲလိုက်ကာ ပြန်ဆွဲထုတ်လိုက်သည်။
"ကဲ... ဒိုင်ယာလော့ခ် ပြောတော့။"
အမလေး... သူတို့က ကင်မရာ ရွေ့လျားမှုတွေကိုတောင် အသုံးပြုနေကြတာပဲ။
"ကျောက်ကျဲ" ဆန်းပင်းက လေးနက်သော အသံဖြင့် ဆိုသည်။
"ဒါ အစ်မ လုပ်တာ မဟုတ်လား"
"သူ့နာမည်က ကျောက်ဖန်းဖန်းလေ။ အခု နင်က သူလူသတ်ထားတယ်လို့ သံသယဝင်နေတာ ။ သူ့ကို ကျဲ လို့ ခေါ်လို့မရဘူး။"
"ကျောက်ဖန်းဖန်း!"
ဆန်းပင်းက လေးနက်ခက်ထန်သော အသံဖြင့် ဆိုသည်။
"ဒါ နင်လုပ်တာ မဟုတ်လား!"
"ထမင်းစားကြတော့မလား"
ကျောက်ဖန်းဖန်း၏ အသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။
"ခုတင်တင်ပဲ စားပြီးကြတာ မဟုတ်လား"
ချန်ကျန့်က ဝင်ပြောလိုက်သည်။ ကျောက်ဖန်းဖန်းက သူ့ကို ဂရုမစိုက်ဘဲ ကျော်သွားသည်။
ဆန်းပင်းက ဆက်ပြောသည်။
"ငါ့မှာ သက်သေရှိတယ်!"
"ဒါဆိုရင်လည်း! ငါကတော့ ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး!"
ကျောက်ဖန်းဖန်းက အသံကို မြှင့်၍ ပြန်အော်လိုက်သည်။ ထိုအခါမှသာ ကျောက်ဖန်းဖန်းသည် ဆန်းပင်းနှင့်အတူ ဇာတ်တိုက်နေခြင်းဖြစ်မှန်း ချန်ကျန့် သိလိုက်ရတော့သည်။
"အိုကေ"
ဟူဖန်က သူမ၏ ကိရိယာများကို ချလိုက်သည်။
"ဒီအတိုင်းပဲ သွားကြမယ်။ နင့်ရဲ့ အကြည့်တွေက ဒီထက်ပိုပြီး ပြတ်သားဖို့ လိုမယ်။"
"ဒါက ဘာဇာတ်လမ်းမို့လို့လဲ" ချန်ကျန့်က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
"ကျောက်ကျဲက သံသယရှိသူ ဖြစ်သွားတာလား"
"သူက သူ့ယောက်ျားကို သတ်လိုက်တာလေ"
ချန်ကျန့်သည် အံ့သြသွားပြီး မျက်ခုံးပင့်ကာ ကျောက်ဖန်းဖန်းကို လှမ်းကြည့်လိုက်မိသည်။ သူမကတော့ စားပွဲခုံကို မှီရပ်ရင်း ဟူဖန်နှင့် ဆန်းပင်းကိုကြည့်ကာ ပြုံးနေလေသည်။
"ဒါကို လျိုဝူ ရေးတာလား" ချန်ကျန့်က တိုးတိုးလေး မေးလိုက်သည်။
"အင်း"
ဟူဖန်ကလည်း ခေါင်းလှည့်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ကျောက်ကျဲက သူ့ယောက်ျားကိုသတ်ခဲ့တဲ့ သိုင်းလောကသား တစ်ယောက်အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ပြောလို့ ကျွန်မက လျိုဝူကို ရေးခိုင်းလိုက်တာ။"
"ဇာတ်လမ်းက ဘယ်လိုမျိုးလဲ"
ချန်ကျန့် တကယ့်ကို စပ်စုချင်သွားသည်။
"သိုင်းသူရဲကောင်း ဆန်းပင်းက လူသတ်သမားတစ်ယောက်နောက်ကို လိုက်နေတာ။ အဲဒီလူသတ်သမားက တာ့ယွင် မှာ ဘဝအသစ်နဲ့ ပုန်းနေတယ်လို့ သူက သံသယရှိနေတာလေ။ အဲဒါနဲ့ သူက စုံစမ်းဖို့ ရောက်လာတာပေါ့။"
"အဲဒီနောက် ဘာဆက်ဖြစ်လဲ" ချန်ကျန့်က မေးသည်။
"ကျောက်ကျဲက 'ဒါဆိုရင်လည်း ငါက ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး' လို့ ပြောတယ်ဆိုတော့... အဲဒီနောက်မှာ သူတို့ ချကြတဲ့ အခန်းပါတာလား"
"အဲဒီနောက်မှာတော့ ကျောက်ကျဲက ဟင်းပွဲတစ်ပွဲ သယ်လာတယ်လေ"
"အင်" ချန်ကျန့် ကြောင်သွားသည်။
"အဲဒီတော့ ဆန်းပင်းက စားဖို့ပြင်တာပေါ့" ဟူဖန်က ဆက်ပြောသည်။
"ဟမ်" ချန်ကျန့် ဆက်ပြီး ကြောင်နေတုန်းပင်။ ဘာတွေလဲ ဆိုတာ သူနားမလည်နိုင်သေး။
"ဒါပေမဲ့ ကျောက်ကျဲက အဲဒီဟင်းကို သူကိုယ်တိုင်ပဲ စားလိုက်တာ"
"နင်တို့တွေ ရူးနေကြတာလား"
ချန်ကျန့် မအောင့်ထားနိုင်တော့ဘဲ မေးလိုက်ရသည်အထိ။
"တော်တော်လေးတော့ ကြောင်တောင်တောင်နိုင်သားပဲ" ဟူဖန်က လျှာသပ်ရင်း ဆိုသည်။
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ တော်တော်လေး စိတ်မကောင်းစရာ ဖြစ်သွားတာ။ ကျောက်ကျဲ ဘာလို့ လူသတ်ခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကို သိသွားပြီးတဲ့နောက်မှာတော့ အားလုံးက သူ့ရဲ့ အကြီးမားဆုံး ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။"
ချန်ကျန့်မှာ ရူးကြောင်ကြောင်နိုင်လှသည်ဟု ခံစားနေရသော်လည်း ဆက်မေးမိပြန်သည်။
"ဘာဆန္ဒလဲ"
"သူကိုယ်တိုင်ချက်တဲ့ ဟင်းကို သူတစ်ခါလောက် စားကြည့်ချင်တာရယ်။ နောက်ပြီး တစ်စုံတစ်ယောက်က သူ့ဟင်းကို အရမ်းကောင်းတယ် လို့ ပြောတာကို ကြားချင်တာရယ်လေ"
"အဲဒီနောက်ရော"
"သူ့ဆန္ဒ ပြည့်ဝသွားပြီးတဲ့နောက်မှာတော့ သူက သိုင်းသူရဲကောင်း ဆန်းပင်းဆီမှာ အဖမ်းခံလိုက်တယ်"
ဆန်းပင်းက ဝင်ပြောသည်။
"ဒါကတော့ တော်တော်လေး ရက်စက်ရာကျတာပဲ"
ချန်ကျန့်မှတ်ချက်ပေးတော့…
"ဘယ်လိုပဲဖြစ်ဖြစ် သူက လူသတ်ထားတာလေ။ ဒီအတိုင်း လွတ်သွားလို့ ဘယ်ဖြစ်မလဲ။" ဟု ဟူဖန်က ပြန်ရှင်းသည်။
"ဒါဆို နောက်ပိုင်း ဇာတ်ကွက်တွေမှာ ကျောက်ဖန်းဖန်း မပါတော့ဘူးပေါ့လား"
ချန်ကျန့် ထပ်မေးသည်။ ဆန်းပင်းက ဝင်ဖြေပေးလာသည်။
"ပါတာပေါ့။ တစ်နေ့မှာတော့ ဆိုင်ကို စားဖိုမှူးကြီးတစ်ယောက် ရောက်လာတယ်။ သူက ကျောက်ကျဲနဲ့ တစ်ပုံစံတည်းပဲ။"
"သူ ထောင်ထဲက ထွက်ပြေးလာတာလား" ချန်ကျန့်က မေးသည်။
"သူတို့က အမြွှာတွေလေ" ဟူဖန်က ပြောလိုက်သည်။
"ဘာတွေ လျှောက်ပြောနေကြတာလဲ မသိဘူး"
ချန်ကျန့် စိတ်ထဲတွင် လျိုဝူကို ဒီဇာတ်ညွှန်းအတွက် ပိုက်ဆံပေးသင့်သည်ဟု ခံစားလိုက်ရသည်။ ပေးသလောက်ပဲ ရတာကိုး။
ဒါပေမဲ့ သူ ပြန်စဉ်းစားကြည့်ပြန်တော့... ပိုက်ဆံပေးရင်တောင် ဒီလိုပဲ ဖြစ်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ လျိုဝူအတွက်ကတော့ ဟူဖန်နဲ့ သူ့ဝမ်းကွဲအစ်ကိုက ပိုက်ဆံထက် ပိုအရေးကြီးနေလို့ပါပဲ...။
"မန်နေဂျာချန် ပထမထပ်မှာ ရှိပါသလား"
ဆွန်းနာနာ၏ အသံမှာ ဝေါကီတော်ကီထဲမှ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ ရှိပါတယ်"
ချန်ကျန့်က ဝေါကီတော်ကီကို ကိုင်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်မဘော့စ်ရှန်ရဲ့ ရုံးခန်းထဲမှာ ရောက်နေတယ်။ ခဏလောက် အပေါ်တက်လာပေးလို့ ရမလား"
"ကောင်းပါပြီ"
"ဝါး..." ဟူဖန်က သူမ၏ ရင်ဘတ်ကို ဖိရင်း
"အခု နာနာ စကားပြောတာ တော်တော်လေးကို အရှိန်အဝါရှိနေပြီပဲ။"
"သူက အခု မန်နေဂျာဆွန်း ဖြစ်နေပြီလေ"
ချန်ကျန့်က ပြုံးလျက် ဆိုသည်။
မန်နေဂျာဆွန်းသည် ချန်ကျန့်တို့မိသားစုအိမ်ကိစ္စအတွက် ဦးလေးတာချန်နှင့် မနက်ဖြန်တွင် သွားရောက်ဆွေးနွေးမည်ဖြစ်ရာ ယခုအခါ အချက်အလက်များ တိုက်ဆိုင်စစ်ဆေးရန် ချန်ကျန့်ကို လာရှာခြင်းဖြစ်သည်။
"ကျွန်တော် တကယ်ပဲ လိုက်ခဲ့ဖို့ မလိုဘူးလား" ချန်ကျန့်က မေးလိုက်သည်။
"မလိုပါဘူး"
ရှန်ယွီက စားပွဲခုံကို မှီရပ်ရင်း ပြောသည်။
"မန်နေဂျာဆွန်း တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်။ အရင်တစ်ခေါက် ဖုန်းနဲ့ စကားပြောတုန်းကလည်း ကြီးကြီးမားမား ပြဿနာရှိပုံမရပါဘူး။ ဆွေးနွေးလို့ရပါတယ်။"
"ယွမ်ငါးသောင်းနဲ့ အပေါင်ဆုံးထားတာ မဟုတ်လား" ဟု ဆွန်းနာနာက ဆိုသည်။
“ဟုတ်"
"ကျွန်မ ကြည့်ခဲ့ပြီးပြီ၊ အဲဒါက နှစ်ထပ်တိုက်လေ။ အဲဒီလောက်လေးနဲ့ပဲ ပေါင်ခဲ့တာလား"
ဆွန်းနာနာက သူမ၏ အကျင့်အတိုင်း လက်သန်းလေးဖြင့် ဆံပင်ကို အနောက်သို့ သပ်တင်ရင်း မေးလိုက်လေသည်။
"ပိုက်ဆံပြန်မဆပ်နိုင်တဲ့အခါကျတော့ သူတို့သတ်မှတ်တဲ့ဈေးနဲ့ပဲ ပေါင်နှံလိုက်ရတာပေါ့"
"မနက်ဖြန်ကျရင် ဈေးကို အတတ်နိုင်ဆုံး နှိမ်ကြည့်ပေးပါ့မယ်"
"ယွမ်ငါးသောင်းနဲ့ ပေါင်ထားတာဆိုတော့ ငါးသောင်းနဲ့ ပြန်ရွေးဖို့ဆိုရင် သူတို့သဘောတူပါ့မလား မသိဘူး"
ချန်ကျန့်က စိုးရိမ်တကြီး ပြောသည်။ ထိုအခါ ရှန်ယွီက ဝင်ရှင်းပြ၏။
"ပေါင်တုန်းကတော့ အိမ်တစ်လုံးအနေနဲ့ ပေါင်ခဲ့တာလေ။ အခု ပြန်ရယူတဲ့အချိန်မှာတော့ အိမ်က ပျက်စီးယိုယွင်းနေပြီ။ ငါတို့က ပြုပြင်စရိတ်တွေ ထပ်စိုက်ရဦးမှာ။ အကယ်၍ သူတို့က ဈေးကို သဘောမတူဘူးဆိုရင်လည်း ဒီအတိုင်းပစ်ထားရင် ပိုက်ဆံအလဟဿ ဖြစ်နေတာပဲ ရှိမယ်။ နောက်နောင်လည်း အပျက်အစီးပဲ ဖြစ်နေမှာပဲ။ ငါတို့က ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီဖြစ်လို့ အတွင်းသတင်းတွေလည်း ရှိတယ်လေ။ ရွာဟောင်းက မူလကတည်းက တစ်စိတ်တစ်ပိုင်းပဲ ဖွံ့ဖြိုးအောင်လုပ်မှာ။ အဲဒီနေရာက အရမ်းဝေးလံခေါင်သီလွန်းပြီး ဖွံ့ဖြိုးရေးနယ်မြေထဲမှာလည်း မပါဘူး။ အဲဒီတော့ ချက်ချင်းကြီး ဈေးတင်ဖို့တော့ မစဉ်းစားနဲ့လို့ ပြောရမှာပေါ့။"
"တကယ်လား" ချန်ကျန့်က မေးလိုက်သည်။
"လိမ်ပြောတာလေ။ ဘယ်လိုလုပ်မလဲဆိုတာက ဒါရိုက်တာလုတို့နဲ့ တခြားလူတွေက အဘက်ဘက်က စဉ်းစားပြီးမှ ဆုံးဖြတ်ကြမှာ။ ငါတို့ကတော့ ယေဘုယျအချက်အလက်လောက်ပဲ သိတာ။"
ရှန်ယွီ စကားကြောင့် ချန်ကျန့်က ပြုံးလိုက်သည်။
"အကယ်၍ သူက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ဦးမယ်ဆိုရင်ရော"
"အဲဒါလည်း ရတာပဲ။ စောင့်ကြည့်ချင်ရင်လည်း စောင့်ကြည့်ပေါ့။ ဖွံ့ဖြိုးရေးက အဲဒီနေရာအထိ မရောက်ဘူးဆိုတာ အတည်ပြုပြီးလို့မှ သူက ပြန်လာပြောချင်တယ်ဆိုရင်တော့ ဘာမှပြောစရာ မရှိတော့ဘူး။ ပြောမယ်ဆိုရင်တောင် ဒီဈေးနဲ့တော့ မဟုတ်တော့ဘူးပေါ့။"
ချန်ကျန့်က ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောတော့ပေ။ ဘော့စ်ရှန်က ဘော့စ်ရှန်ပီသဆဲ။
"ဒါဆိုရင်တော့ ကျွန်မ အဆောင်ကို အရင်ပြန်တော့မယ်။ လုကျွင်း ဆီက ရထားတဲ့ အချက်အလက်အချို့ကို အလွတ်ကျက်စရာရှိသေးလို့…မနက်ဖြန်ကျရင် ယူသွားဖို့အတွက် အရေးကြီးတဲ့ စာမျက်နှာအချို့ကို ရွေးလိုက်ဦးမယ်။"
"ကောင်းပါပြီ"
"ကျေးဇူးတင်ပါတယ်နော် ကျဲ"
ချန်ကျန့်က ဆွန်းနာနာကို ကြည့်ကာ ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲဘော့စ်ချန်ရယ်"
ဆွန်းနာနာက သူမ၏ဆံပင်ကို ခါထုတ်ကာ ပြောဆိုပြီးနောက် ရုံးခန်းထဲမှ လှည့်ထွက်သွားလေသည်။ တံခါးပိတ်သွားပြီးနောက် ရှန်ယွီက လက်လှမ်း၍ ချန်ကျန့်၏ ပုခုံးနှစ်ဖက်ကို ဆွဲလှည့်ကာ သူ့ဘက်သို့ မျက်နှာမူစေလိုက်သည်။
ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့…အကယ်၍ သူက တကယ်ပဲ ပိုက်ဆံမရှားလို့ အလောင်းအစားလုပ်ချင်တဲ့သူမျိုး ဖြစ်နေရင်တောင် ငါ ဈေးကြီးပေးပြီး ပြန်ဝယ်ပေးပါ့မယ်။"
"အဲဒါက မတန်ပါဘူးဗျာ"
"ဘာလို့ မတန်ရမှာလဲ။ ဒါက မင်းရဲ့အိမ်လေ။ ဘယ်လောက်ပဲပေးရပေးရ တန်ပါတယ်။"
ချန်ကျန့် ဘာမှပြန်မပြောမိပေ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် လက်လှမ်းကာ ရှန်ယွီကို ဖက်ထားလိုက်လေသည်။
"ပြဿနာရှိမှာ မဟုတ်ပါဘူး"
ရှန်ယွီက ချန်ကျန့်၏ခါးကို ပြန်လည်ဖက်တွယ်ကာ ကျောပြင်ကို ဖွဖွလေးပုတ်ရင်း ပြောလိုက်သည်။
"နာနာက ဒီလိုကိစ္စတွေကို ညှိနှိုင်းတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တာ။ သူ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ညှိနှိုင်းတုန်းကဆိုရင် အဲဒီကုမ္ပဏီပိုင်ရှင်က ငါ့ဆီလာပြီး တိုင်တောရတဲ့အထိ သူက ပြောနိုင်ဆိုနိုင်တာ။"
ချန်ကျန့် ပြုံးလိုက်မိသည်။
"အကယ်၍ သူ ညှိလို့မရဘူးဆိုရင်တောင် ငါရှိသေးတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီအိမ်ကို ငါတို့ ပြန်ရအောင်ယူမယ်။ ဥပဒေနည်းလမ်းနဲ့ မရရင်တောင် တခြားနည်းလမ်းတွေ..."
"ဟေ့..."
ချန်ကျန့်က ရှန်ယွီကို ပိုမိုတင်းကြပ်စွာ ဖက်လိုက်ရင်း
"ကျွန်တော်တို့က တစ်ရွာတည်းသားတွေလေ။ မင်းရဲ့ ကုမ္ပဏီက နောင်ကျရင် ဒီနယ်မြေမှာ အလုပ်လုပ်ရဦးမှာ။ ဥပဒေနဲ့အညီပဲ လုပ်တာ ကောင်းပါတယ်။"
"အင်းပါ"
ရှန်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။
ချန်ကျန့်သည် ဘာမှထပ်မပြောတော့ပေ။ သူသည် ရှန်ယွီကို လွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ် ဖက်ထားရင်း၊ မျက်လုံးများကို မှိတ်ကာ သူ၏မျက်နှာကို ရှန်ယွီ၏ လည်ပင်းကြားတွင် ဝှက်ထားလိုက်သည်။
သူ၏ နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာပြီး မျက်လုံးများလည်း အလွန်ပူထူလာသည်။
"မငိုနဲ့လေ။ ငါ အင်္ကျီအခုမှ လဲထားတာ။ မင်း မျက်ရည်တွေနဲ့ စိုအောင်လုပ်ရင်တော့ အရိုက်ခံရမယ်မှတ်။"
"အင်း"
သို့သော် နောက်ကျသွားခဲ့ပြီ။ သူသည် မိမိကိုယ်တိုင်၏ ပိတ်ဆို့နေသော နှာသံကြီးကိုပင် ကြားနေရပြီး မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝိုင်းစပြုနေပြီဖြစ်သည်။
"မနက်ဖြန် မင်းအဖေကို သွားကြိုရင် တစ်ယောက်တည်းသွားမလို့လား။ ဒါမှမဟုတ် ငါပါ လိုက်ခဲ့ပေးရမလား"
ဦးလေးတာချန်နှင့် ညှိနှိုင်းမှု ချောမွေ့စေရန်အတွက် သူ၏ဖခင်ကို ပြန်ခေါ်လာရန် သူတို့ ဆုံးဖြတ်ထားကြသည်။ အကယ်၍ ဦးလေးတာချန်က သဘောမတူပါက ဖခင်ဖြစ်သူ ကိုယ်တိုင်ဝင်ပြောနိုင်ရန်အတွက် ဖြစ်သည်။
"ကျွန်တော် တစ်ယောက်တည်းပဲ သွားပါ့မယ်။ ဒီနှစ်ရက် လုကျွင်းက မြို့ထဲမှာ ရှိနေတယ် မဟုတ်လား အခုက မင်း သူ့ကို ကိုင်တွယ်ရမယ့် အလှည့်မဟုတ်သေးဘူး ဆိုပေမဲ့လည်း ခင်ဗျား ဒီမှာရှိနေတာ ပိုကောင်းပါတယ် မဟုတ်လား"
"ဘာလဲ 'ငါ့အလှည့်မဟုတ်သေးဘူး' ဆိုတာက"
ရှန်ယွီက ပြုံးလျက် ဆိုသည်။ ချန်ကျန့်က စနောက်လိုက်သည်။
"နာနာ့အပေါ် သဝန်တိုနေတာလား..."
"ငါ့ကို အဲဒီ သဝန်တိုမှု သံသရာထဲ ထပ်မဆွဲသွင်းနဲ့ဦး"
ရှန်ယွီက သူ့ကို တွန်းထုတ်လိုက်ပြီး မေးစေ့ကို ကိုင်ကာ ခါယမ်းလိုက်သည်။
"တာ့ယွင် ရဲ့ အကောင့်မှာ အခု မင်းဖန် တွေ ရှိနေပြီနော်။ မင်း သတိထားနေဦး၊ မဟုတ်ရင် မင်း ကော်ဇောပေါ်မှာ အိပ်ပျော်နေတဲ့ ပုံတွေအကုန်လုံးကို လူကြည့်များအောင် တင်ပစ်လိုက်မှာ။"
"အားပါးပါး"
ချန်ကျန့်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာလို့ ဒီလောက် အံ့သြသွားတာလဲ"
ရှန်ယွီက ကြောင်သွားသည်။
"မင်း တကယ်ကြီး အဲဒီလိုလုပ်နိုင်တယ်လို့ ကျွန်တော် ခံစားမိလို့လေ"
"သွားစမ်းပါကွာ"
"ဒါဆို ကျွန်တော် ဘာကြောက်စရာ ရှိသေးလဲ"
ချန်ကျန့်က ရှန်ယွီကို ပြန်ဖက်လိုက်ပြန်သည်။
"ခင်ဗျားက နာနာ့ကို တကယ်ကြီး သဝန်တိုနေတာပဲ..."
"ကျွတ်စ်..."
ချန်ကျန့်သည် အိမ်ကိစ္စကို သူ၏ဖခင်အား မပြောရသေးပေ။ ညှိနှိုင်းမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဤသည်မှာ သူ၏ဖခင်အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်စေချင်သည်။ သူ၏သားမှာ လူလားမြောက်လာပြီး အိမ်ကို ပြန်ရအောင်ယူရန် ကြိုးစားနေပြီဆိုသည်ကို သိလျှင်ပင် သူ၏ဖခင်မှာ ရလဒ်ထက် စိတ်ထားကို ပို၍ကျေနပ်နေမည်။
ထို့ကြောင့် ချန်ကျန့်က သူလာတွေ့မည်ဖြစ်ကြောင်းနှင့် အလုပ်တစ်ရက် နားထားရန်သာ အဖေား ပြောထားပြီး ရောက်သည့်အခါမှသာ အံ့အားသင့်စရာ သတင်းကောင်းကို ပြောရန် စီစဉ်ထားသည်။
"ကျွန်တော် မာစီးဒီး ကားအကြီးကြီးကို မောင်းသွားရမှာလား"
ချန်ကျန့်က လက်ထဲမှ ကားသော့ကို ကြည့်ရင်း မေးလိုက်သည်။
"အင်း" ရှန်ယွီက ခေါင်းညိတ်ပြသည်။
"နာနာ မြို့ထဲပြန်ရင် ကားတစ်စီး ရလိမ့်မယ်။ ကုမ္ပဏီက ကားတစ်စီး ဝယ်ထားတယ်။ သူ မနက်ဖြန် သွားထုတ်လိမ့်မယ်။"
"ဘာကားမျိုးလဲ"
"တစ်ပတ်ရစ် ပစ်ကပ်ကား လေ"
“ကုမ္ပဏီတစ်ခုပဲလေဗျာ။ မန်နေဂျာဆွန်းက မိန်းကလေးဖြစ်ပြီး ပစ်ကပ်ကားကြီး မောင်းရမှာလား"
ချန်ကျန့်က မေးလိုက်သည်။
"ဒါတောင် တစ်ပတ်ရစ်နော်" ရှန်ယွီက ထပ်ပြောသည်။
"မင်း အဲဒါကို ပြောဖို့တောင် မရှက်ဘူးလား။ သူဌေးလျိုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကရော ဘယ်ရောက်ကုန်ပြီလဲ"
"သူက နောင်ကျရင် တောင်ပေါ်တွေ၊ ဆောက်လုပ်ရေးဆိုဒ်တွေမှာ ဟိုပြေးဒီပြေး လုပ်ရမှာလေ။ ပစ်ကပ်ကားကမှ လက်တွေ့ကျတာ။ မြို့ထဲအတွက်ကတော့..."
ရှန်ယွီက ချောင်းတစ်ချက်ဟန့်ပြီး လေသံတိုးတိုးဖြင့်
"ငါ ရှောင်ယဲ့ ကိုဘော့စ်လျိုရဲ့ ကုမ္ပဏီကနေ လုပ်ငန်းသုံးကားတစ်စီး မောင်းလာခိုင်းထားတယ်။"
"ဒါက... ကိုယ့်မိဘဆီကနေ ကပ်စားနေတာနဲ့ မတူဘူးလား"
ချန်ကျန့်က သူ့ကို ကြည့်လိုက်သည်။
"အဲဒီလိုပဲ ပြောရမှာပေါ့။ စီးပွားရေး အသစ်စရတာ ခက်ခဲတယ်လေ။ နောက်ပြီး ရှောင်ယဲ့ကလည်း တာဝန်နဲ့ လာရတာဆိုတော့ သူ့အတွက် ကားတစ်စီး ရှိသင့်တာပဲလေ။ သူက အထွေထွေလက်ထောက် မဟုတ်လား။"
"မင်းကတော့ တကယ့်လူပဲ"
ချန်ကျန့် ရယ်လိုက်မိသည်။
"ဒါပေမဲ့ဘော့စ်လျိုရှေ့မှာတော့ သူ့ကို 'အို' တယ်လို့ မပြောနဲ့ဦးနော်..."
ရှန်ယွီက သူ့ကို တွန်းထုတ်လိုက်သည်။
"မြန်မြန်သွားတော့။ မင်း လာမယ်ဆိုတဲ့ သတင်းကြားတာနဲ့ မင်းအဖေက မနက် ခြောက်နာရီကတည်းက ထစောင့်နေတော့မှာ။"
"သူက ပုံမှန်လည်း ခြောက်နာရီဆို ထနေကျပါပဲ"
"ဒါဆို ဒီနေ့တော့ လေးနာရီကတည်းက ထလိမ့်မယ်"
"တစ်ညလုံး မအိပ်ဘူးလို့ပဲ ပြောလိုက်ပါလား"
ချန်ကျန့်က လှေကားထစ်များပေါ်မှ ခုန်ဆင်းကာ ကားဆီသို့ လျှောက်သွားရင်း ပြောလိုက်လေသည်။
"အဲဒါ ငါ့ကို ပြောနေတာလား"
ချန်ကျန့်က သူ့ကို ပြန်လှည့်ကြည့်ကာ
"မင်း သွားပြီး ခဏအိပ်ဖို့ မကြိုးစားကြည့်ဘူးလား အိပ်ပျော်မလားလို့လေ။"
"အိပ်လို့မရပါဘူး။ ငါ သွားပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ဦးမယ်။ ပင်ပန်းသွားမှပဲ ပိုပြီးအိပ်ပျော်မှာ"
ရှန်ယွီက ပျင်းကြောဆန့်ရင်း ပြောလိုက်သည်။
"ပင်ပန်းချင်လို့လား"
ဟူဖန်က ချက်ချင်းဆိုသလို ရောက်လာသည်။
"ပင်ပန်းဖို့က လွယ်ပါတယ်နော်။ဘော့စ်ရှန်၊ ကျွန်မတို့ ဗီဒီယိုရိုက်ဖို့အတွက် အခန်းအချို့မှာ ကူညီပေးပါလား ဧည့်သည်တွေလည်း မနက်စာ စားပြီးကြပြီဆိုတော့ အခုလောလောဆယ် လုပ်စရာလည်း မရှိဘူးလေ။"
"ဘာအခန်းလဲ"
ရှန်ယွီ ခေါင်းလှည့်ကြည့်လိုက်စဉ်မှာပင် ကုတင်ခင်းကြီးကို ကိုင်ထားသော လောင်စစ် ကို သူ့အနောက်မှာ တွေ့လိုက်ရသဖြင့် ကြောင်သွားသည်။
"ငါပါ ဒါကြီးကို ပတ်ရမှာလား"
"ရှင်ကတော့ ရှင့်ရဲ့ ကုတ်အင်္ကျီအရှည်ကြီးရယ်၊ ဦးထုပ်ရယ်၊ mask ရယ်ပဲ ဝတ်ထားရမှာပါ။ ရှင်က လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့သူ ဖြစ်ရမယ်လေ။ ဒီအိပ်ရာခင်းကတော့ ဆန်းပင်း တစ်ယောက်တည်းအတွက် သီးသန့်ပါ။ ကျန်တဲ့လူတွေကတော့ ကိုယ့်ဘာကိုယ် ပတ်ချင်ပတ်၊ ခေါင်းမှာ ပတ်ချင်ပတ်ပေါ့။ ဒါတွေအကုန်လုံးကို လျိုဝူက စီစဉ်ထားတာ။"
“နင်တို့တွေ တကယ်ကြီး သူ့စကားကို နားထောင်နေကြတာလား"
ရှန်ယွီ မယုံနိုင်စွာ မေးလိုက်သည်။
ချန်ကျန့်မှာတော့ ကားပေါ်ရောက်ပြီး လမ်းမပေါ်ရောက်သည်အထိ တဟားဟားနှင့် ရယ်မောနေမိသည်။
သူ့ဖုန်းမှာ တုန်ခါလာသဖြင့် ကြည့်လိုက်ရာ သူ့အဖေဆီမှ မက်ဆေ့ချ်ဖြစ်ပြီး 'ထွက်လာပြီလား' နှင့် 'မနက်စာ အတူတူစားမလား' ဟု မေးထားခြင်း ဖြစ်သည်။
"ကျွန်တော် ထွက်လာပါပြီ"
ချန်ကျန့်က သူ၏ဖခင်ထံသို့ အသံမက်ဆေ့ချ်ပေးပို့လိုက်သည်။
"ပါး အရမ်းမဆာသေးရင် ကျွန်တော့်ကို စောင့်နေလိုက်နော်။ ကျွန်တော်တို့ လက်ဖက်ရည် သွားသောက်ကြတာပေါ့။"
အရင်တုန်းကဆိုလျှင် သူ၏ဖခင်မှာ ဈေးကြီးလွန်းသည်ဟုဆိုကာ သေချာပေါက် ငြင်းဆိုပေလိမ့်မည်။ သို့သော် ယနေ့တွင်မူ သူ၏ဖခင်က 'ကောင်းပါပြီ' ဟု ပြန်ပြောရုံသာမက သွားဖြဲပြနေသော အီမိုဂျီ လေးကိုပင် ပို့လိုက်သေးသည်။ ၎င်းက ချန်ကျန့်ကို ခုနက သူနာရီဝက်ကြာ သွားဖြဲပြခဲ့ရသည်ကို သတိရသွားစေသည်။
သူ၏ဖခင်မှာ အန်ကယ်ကျုံးနှင့်အတူ အိမ်ငှားနေဆဲဖြစ်သော်လည်း နေရာဟောင်းတွင် မဟုတ်တော့ပေ။ အန်ကယ်ကျုံး၏ ရွာသားဟောင်းတစ်ဦးနှင့်အတူ သုံးယောက်ပေါင်းပြီး အိပ်ခန်းနှစ်ခန်းပါသော တိုက်ခန်းကို ငှားနေကြခြင်းဖြစ်ကာ သူ၏ဖခင်မှာ အခန်းတစ်ခန်း သီးသန့်ရထားသည်။
ချန်ကျန့် ကားကို လမ်းဘေးတွင် ရပ်လိုက်သောအခါ သူ၏ဖခင်သည် ဘေးနားရှိ ကုန်စုံဆိုင်လေးထဲမှ ထွက်လာပြီး တစ်စုံတစ်ယောက်နှင့် စကားပြောရင်း ကားကို လက်ညှိုးညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
"လူကို ကြွားနေတာလား"
ချန်ကျန့်က ကားပေါ်သို့ တက်လာသော အဖေဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။
ဖခင်ဖြစ်သူက တဟီးဟီးရယ်ရင်း ဒိန်ချဉ်တစ်ဘူးကို လှမ်းပေးသည်။
"ဒါက ကြွားတာ မဟုတ်ပါဘူး။ အမှန်တရားကို ပြောပြနေတာပါ။"
"ကျွန်တော်တို့ အခုပဲ လက်ဖက်ရည်ဆိုင် သွားတော့မှာလေ။ မသောက်တော့ဘူး"
ချန်ကျန့်က ဒိန်ချဉ်ဘူးကို လှမ်းယူရင်း ပြောလိုက်သည်။
"ဗိုက်ထဲ တစ်ခုခုရှိနေအောင် သောက်ထားလိုက်ပါ။ အဖေတောင် တစ်ဘူး သောက်ပြီးပြီ။"
"ဒါဆိုရင် ခဏနေကျရင် ကျွန်တော် စားနိုင်တော့မှာ မဟုတ်ဘူး"
ဖခင်ဖြစ်သူက ဘာမှပြန်မပြောဘဲ ပြုံးနေလေသည်။
"အခု တစ်ခုခုစားထားလိုက်ရင် နောက်မှ လျှော့စားလို့ရမယ်လို့ ပါး စဉ်းစားနေတာလား"
ချန်ကျန့်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ဟေး..."
ဖခင်ဖြစ်သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် လက်ကာပြလိုက်သည်။
"ဒီဒိန်ချဉ်ကလည်း ယွမ်အနည်းငယ် ပေးရတာပဲ။ ဈေးမပေါဘူးနော်"
"ဒါက သက်တမ်းကုန်ခါနီးဖြစ်နေလို့လေ ။ နှစ်ဘူးပေါင်းမှ ကိုးယွမ်နဲ့ ပြားရှစ်ဆယ်ပဲ ပေးရတာ။"
ချန်ကျန့်မှာ မအောင့်နိုင်ဘဲ တဟားဟား ရယ်မောမိတော့သည်။ သူ ဒိန်ချဉ်ကို သောက်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ့ဗိုက်ထဲမှာ နေရာအများကြီးယူမှာမှ မဟုတ်ဘဲလေ။
စားသောက်ဆိုင်ရောက်၍ မှာယူသည့်အခါတွင်မူ သူ လုံးဝလျှော့မမှာခဲ့ပေ။
ဖခင်ဖြစ်သူက ကိုင်းညွှတ်ကြည့်ရှုရင်း
"အဲလောက်ဆို တော်ပြီ။ ငါတို့ အဲဒီလောက် အများကြီး မစားနိုင်ဘူး။"
"ကျွန်တော် စားနိုင်ပါတယ်။ ဒါတွေအကုန်လုံးကို ကျွန်တော်တစ်ယောက်တည်းတောင် ကုန်အောင် စားနိုင်တယ်။"
ဖခင်ဖြစ်သူက ပြုံးလိုက်ရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားပုံရကာ
"စားပါ... အများကြီးစား။ အရင်တုန်းကသာ... မင်း အာဟာရကောင်းကောင်း ရခဲ့မယ်ဆိုရင် အခုဆို အနည်းဆုံး စင်တီမီတာ အနည်းငယ်လောက် ပိုပြီး အရပ်ရှည်လာမှာ..."
"မဖြစ်နိုင်တာ။ အရပ်က နှစ်မီတာလောက်သာ ရှိရင် စောင်ဝယ်ရတာ ခက်လိမ့်မယ်"
ချန်ကျန့် ပြန်ပြောလိုက်သည်။ မှာယူပြီးနောက် ချန်ကျန့်သည် လက်ဖက်ရည်ဖျော်ရင်း အဖေဖြစ်သူကို ကြည့်ကာ
"ကျွန်တော် ပါး ကို ဘာလို့ လာတွေ့တယ်ဆိုတာ သိလား"
"မင်းပြောပြမှာကိုပဲ စောင့်နေတာပါ"
"ကျွန်တော်တို့ရဲ့ အဲဒီအိမ်လေ။ နာနာက ဒီနေ့ ဦးလေးတာချန်နဲ့ သွားဆွေးနွေးလိမ့်မယ်။ ကုမ္ပဏီက အဲဒီအိမ်ကို ပြန်ရအောင်ယူဖို့ စီစဉ်နေတယ်။"
"ဘာ..."
ဖခင်ဖြစ်သူ ခဏမှင်သက်သွားရှာသည်။
"ညှိနှိုင်းလို့ အောင်မြင်မလား။ မအောင်မြင်ဘူးလားဆိုတာတော့ မသိသေးဘူး ။ ဒါပေမဲ့ ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူး။ ခဏနေရင် ကျွန်တော်နဲ့အတူ တည်းခိုခန်းကို ပြန်လိုက်ခဲ့နော်..."
"ဒီကိစ္စက..."
အဖေက လက်လှမ်းပြီး ချန်ကျန့်၏လက်ကို ကိုင်လိုက်သည်။ သူ၏လက်များမှာ အနည်းငယ် တုန်ယင်နေလေသည်။
"ဒါကဘော့စ်ရှန်ရဲ့ ကုမ္ပဏီကလား..."
"အင်း"
ချန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။
"အိုး... ဒါကတော့..." အဖေ့ခမျာ သိသိသာသာပင် စိတ်လှုပ်ရှားနေပုံရသည်။
"ဒါက..."
"သဘောတူညီမှု မရတာမျိုးလည်း ဖြစ်နိုင်တာပဲလေ..."
"ရပါတယ်၊ ရပါတယ်"
အဖေက ခေါင်းငုံ့လိုက်ပြီး သူ၏မျက်လုံးများကို လက်ဖြင့် အမြန်သုတ်လိုက်သည်။
"အိုး... ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး... ဒါက... အိုး..."
______________________________________________________________________
NEXT
Comments
Post a Comment