Skip to main content

13




အခန်း (၁၃) မင်းအဆင်ပြေ သွားပြီလား

ရှဲ့ယို့သည် ချွိအိမ်တော်မှ ထွက်ခွာလာခဲ့ပြီး အထူးလက်ထောက်ဖြစ်သူ ချင်းကျန့်က ကားနောက်ခန်းတံခါးကို အမြန်ဖွင့်ပေးလိုက်သည်။ ရှဲ့ယို့ ဝင်ထိုင်ပြီးနောက် ချင်းကျန့်သည်လည်း အခြားတစ်ဖက်မှ ကားထဲသို့ ဝင်ထိုင်လိုက်၏။

ရှဲ့ယို့သည် မူလကပင် မျက်နှာအမူအရာ အလွန်တည်ကြည်သူဖြစ်ပြီး စကားပြောခြင်းနှင့် ပြုံးခြင်းတို့တွင်လည်း အလွန်ပင် တွန့်တိုတတ်သူဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေပြီး သူ၏ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ပို၍ပင် အေးစက်နေတော့သည်။ သူသည် သားရေလက်တင်ပေါ်သို့ လက်ချောင်းများဖြင့် ခပ်မှန်မှန် ခေါက်နေရင်း "စစ်ဆေးပြီးပြီလား" ဟု မေးလိုက်သည်။

ရှဲ့ယို့က ပါးစပ်မဟသရွေ့ ချင်းကျန့်ကလည်း စကားမပြောရဲပေ။ သူ၏မေးခွန်းကို ကြားလိုက်ရမှသာ ချင်းကျန့်က "စစ်ဆေးပြီးပါပြီခင်ဗျာ" ဟု ပြန်လည်ဖြေကြားလိုက်တော့သည်။

ချင်းကျန့်က အဓိကအချက်တွေကို အကျဉ်းချုပ် တင်ပြလိုက်၏။

"ဒီဖြစ်ရပ်ကို ကြိုးကိုင်ခြယ်လှယ်ခဲ့သူတွေကတော့ ဖန်းဟွနဲ့ သူ့ရဲ့အေးဂျင့် ချောင်ကျန့်တို့ပါ။ လွန်ခဲ့တဲ့ နှစ်ရက်က ဖန်းဟွရဲ့အေးဂျင့်က စတူဒီယိုတစ်ခုနဲ့ ဆက်သွယ်ပြီး ဒီနေ့မနက် ၇ နာရီမှာ ကားပါကင်ထဲမှာ ပြဇာတ်တစ်ပုဒ် လုပ်ခိုင်းခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ ယွီနျန့်ကို နာမည်ဖျက်ဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ ပြိုင်ပွဲမှာ ယွီနျန့်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေဖို့ပါပဲ။"

ရှဲ့ယို့ရဲ့ မျက်ဝန်းတွေက နှင်းခဲတွေ ဖုံးလွှမ်းနေသည့် ရေကန်နက်နက်ကြီးတစ်ခုလို အေးစက်နေပြီး "ဆက်ပြော" ဟူ၍သာ စကားထောက်ပေးသည်။

"သခင်လေး စစ်ဆေးခိုင်းထားတဲ့ အချက်အလက်တွေ အကုန်ရပါပြီ။ ပြည်သူ့ဆက်ဆံရေးဌာန (PR) ကလည်း အသင့်ပြင်ဆင်ထားပါတယ်"

ချင်းကျန့်က တင်ပြအပြီးမှာတော့ သူ့ရင်ထဲက အပူထုပ်ကြီး ကျသွားရသည်။

သူသည် ရှဲ့ယို့နှင့်အတူ လေးနှစ်ကြာ အလုပ်လုပ်ခဲ့သော်လည်း "ယွီနျန့်" ဆိုသည့် နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် ယခုဖြစ်ရပ်က ယွီနျန့်သည် ရှဲ့ယို့အတွက် လုံးဝ အထိပါးမခံသည့် အရေးကြီး VVIP ဖြစ်ပြီး မည်သူမျှ မထိရဲသည့် တန်ဖိုးထားရသူ ဖြစ်ကြောင်း ကောင်းကောင်း နားလည်သွားစေခဲ့သည်။

ရှဲ့ယို့သည် မနက်ပိုင်းတွင် Hot Search ကို မြင်လိုက်ရကတည်းက ပုံမှန်အစည်းအဝေးကို ချက်ချင်းရွှေ့ဆိုင်းလိုက်ပြီး၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း ဖျော်ဖြေရေးလောကတွင် ဖြစ်ပွားခဲ့သော အလားတူဖြစ်ရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်ကို စုံစမ်းခိုင်းကာ အစီရင်ခံစာ တင်ခိုင်းခဲ့ခြင်းဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များက ယွီနျန့်အပေါ် ဆိုးကျိုးသက်ရောက်မည်ကို စိုးရိမ်သဖြင့် ထိုစာရွက်စာတမ်းပုံကြီးကို ပစ်ထားခဲ့ကာ ချွိအိမ်တော်သို့ သွားရောက်ပြီး ချွိရှောက်ရန်ကို တိုင်ပင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ရှဲ့ယို့အတွက် ယွီနျန့်သည် အလွန်ပင် အဖိုးတန်လွန်းလှသဖြင့် အစစအရာရာတွင် သတိကြီးစွာ ထားနေခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

"အဲဒီမိန်းကလေးကိုရော ဆက်သွယ်လို့ ရပြီလား"

ချင်းကျန့်က ကြားထဲက အသေးစိတ်အချက်အလက်တွေကို ချန်လှပ်ကာ ရလဒ်ကိုသာ တင်ပြလိုက်သည်။

"ဗီဒီယိုထဲမှာ ပရိသတ်အယောင်ဆောင်ပြီး အတွန်းခံရသလို လုပ်ခဲ့တဲ့သူကတော့ နာမည်ရင်း ဖန် လို့ ခေါ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီး ဒေသခံတစ်ဦးပါ။ ကျွန်တော်တို့ ဆက်သွယ်လိုက်တဲ့အခါ သူမက ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျန်တဲ့လူတွေနဲ့ နောက်ကွယ်က စတူဒီယိုကလည်း သက်သေအဖြစ် ရပ်တည်ပေးဖို့နဲ့ သက်သေအထောက်အထား အားလုံးကို ပေးအပ်ဖို့ သဘောတူထားကြပါတယ်ခင်ဗျာ။"

ရှဲ့ယို့သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ဆိုလာသည်မှာ

"သူ တကယ် ဝမ်းနည်းနေမှာပဲ"

ချင်းကျန့်သည် ဤနေရာတွင် "သူ" ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းမှန်း သိသော်လည်း ပြန်လည်ဖြေကြားရန် မဝံ့ရဲပေ။

"ဒါဆို ငါလုပ်ရမှာက... သူ့ကို ဝမ်းနည်းအောင် လုပ်ခဲ့တဲ့သူတွေကို ဒီထက်ပိုပြီး ဝမ်းနည်းသွားအောင် လုပ်ပေးဖို့ပဲ"

ချင်းကျန့်က ခေါင်းငုံ့လျက် "ဟုတ်ကဲ့ပါခင်ဗျာ"

……….

စတူဒီယို

ပထမအကြိမ် ဇာတ်တိုက်လေ့ကျင့်မှုအပြီးမှာတော့ ဟဲချိုးပိုင်က ရလဒ်ကိုကြည့်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းရဲ့ အခြေအနေက တကယ်ကို ကောင်းနေတာပဲ။"

သူက ယွီနျန့်ရဲ့ အမူအရာကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် အလေးအနက် သက်ပြင်းချကာ ။

"Hot search သတင်းတွေက မင်းရဲ့ လေ့ကျင့်မှုကို မထိခိုက်စေတာ တွေ့ရလို့ ငါ တကယ်ပဲ အံ့ဩမိတယ်။"

အရင်တစ်ခေါက် အသားကင်စားတုန်းက မုန့်ယွမ်က ဘာဖြစ်လို့ ယွီနျန့်ရဲ့ ငယ်ရွယ်တဲ့အသက်အရွယ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တဖွဖွချီးကျူးနေခဲ့တာလဲဆိုတာ သူ အခုမှ နည်းနည်းသဘောပေါက်သွားပါပြီ။ ယွီနျန့်ရဲ့ စိတ်ပိုင်းဆိုင်ရာက တကယ်ကို ခံနိုင်ရည်အားမြင့်မားသည်။ သူက ယွီနျန့်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ ကြိုတင်စဉ်းစားထားခဲ့ပေမဲ့ အခုတော့ ဒါတွေက လုံးဝမလိုအပ်တော့တာ ထင်ရှားနေတာပဲ။

ယွီနျန့်က လည်ချောင်းနာပျောက်ဆေးငုံထားရင်း ပြုံးလျက် ပြန်ပြော၏။

"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ကျွန်တော့်အတွက် ဘာက အရေးကြီးတယ်ဆိုတာ ကျွန်တော် သိပါတယ်။"

"ကောင်းပြီလေ အရင်ကတော့ မင်းရဲ့ ဖျော်ဖြေမှုအပေါ် ငါ နည်းနည်းစိုးရိမ်နေခဲ့တာ"

ဟဲချိုးပိုင်က ပြုံးရင်း ယွီနျန့်ရဲ့ ပုခုံးကို ပုတ်ကာ အားပေးပေးသည်။

"ကောင်းကောင်းအနားယူလိုက်ဦး။ ရိုက်ကူးရေးလုပ်တဲ့အခါကျရင် ဒီထက်ပိုပြီး ကောင်းကောင်း စွမ်းဆောင်နိုင်အောင် ကြိုးစားပါ!"

ရှမင်းရှီးက ဟဲချိုးပိုင် ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ဘီစကစ်နှစ်ထုပ်ကို ကိုင်ကာ ယွီနျန့်အနားတွင် ဝင်ထိုင်လိုက်သည်။

ယွီနျန့်က ကမ်းပေးလာသည့် ဘီစကစ်ကို ယူလိုက်ပြီး ရှမင်းရှီး၏ စိတ်ရှုပ်ထွေးနေသော မျက်နှာထားကို ကြည့်ကာ ပြုံးလျက်

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ မျက်တောင်ထောင့်တွေမှာ အရေပြားတွေ တွန့်ကုန်တော့မယ်" ဟု စနောက်လိုက်သည်။

ရှမင်းရှီးက ဘီစကစ်ကို တစ်ချက် အားရပါးရ ကိုက်လိုက်ပြီး

"အဲဒီတုန်းက ဖန်းဟွက ငါတို့ကို အထင်အရှား ရန်စသွားတာလေ။ ငါတို့ ဘာလို့ ဘာမှပြန်မပြောခဲ့တာလဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ယွီနျန့်က မိတ်ကပ်လိမ်းထားသဖြင့် ဘီစကစ်ကို အစအနများ ကြမ်းပြင်ပေါ်မကျစေရန် သတိထားကာ အပိုင်းအစလေးများ ဖဲ့၍ တစ်လုပ်ချင်း စားနေသည်။ ရှမင်းရှီး၏ ဒေါသတကြီး ဖြစ်နေပုံကို မြင်တော့ သူက ပြုံးလျက် ရှင်းပြသည်။

"သူလုပ်တယ်လို့ ငါလည်း သံသယရှိတာ မှန်ပေမဲ့၊ ငါတို့မှာ သက်သေမရှိဘူးလေ"

ရှမင်းရှီးလည်း နားဝင်သွားပုံရသည်။ သူသည် စိတ်မပါလက်မပါဖြင့် ဘီစကစ်များကို ကုန်အောင်စားလိုက်ပြီးနောက် စိုးရိမ်တကြီး ဆိုလာသည်။

"နျန့်နျန့်... မင်း စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်နော်။ တကယ်လို့ ရိုက်ကူးရေးလုပ်တဲ့အခါ အာရုံပျံ့လွင့်သွားပြီး ပထမဆု မရခဲ့ရင်တော့... ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ဘယ်လောက်တောင် ပျော်သွားမလဲ မသိဘူး!"

"ငါ အဲဒီလောက် မအပါဘူး။ ငါနဲ့ မထိုက်တန်တဲ့အရာဆိုရင် ငါ မယူဘူး။ ဒါပေမဲ့ ငါနဲ့ ထိုက်တန်တဲ့အရာဆိုရင်တော့ ဘယ်သူ့ကိုမှ လုယူခွင့် ပေးမှာမဟုတ်ဘူး"

ထိုအချိန်တွင် ယွီနျန့်၏ လက်ထောက်ဖြစ်သူ ရှီးရိုက အပြေးအလွှား ရောက်ရှိလာသည်။ သူမသည် ဘာမှပင် ရှင်းပြမနေတော့ဘဲ လင်းလက်နေသည့် ဖုန်းမျက်နှာပြင်ကို ယွီနျန့်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။

ရှမင်းရှီးက ခေါင်းပြူကြည့်ကာ ယွီနျန့်နှင့်အတူ စပ်စုချင်စိတ်ဖြင့် ဝိုင်းကြည့်လိုက်သည်။ စခရင်ပေါ်က စာသားများကို သေချာမြင်လိုက်ရသောအခါ သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးကို ပွတ်သပ်ကာ မယုံနိုင်ဘဲ ရေရွတ်လိုက်သည်။

"ဒါ တကယ်ကို ရင်ခုန်စရာပဲ။ ငါ အမြင်မှားနေတာ မဟုတ်ဘူးမလား"

Weibo ၏ Hot Search စာရင်းတွင် နံပါတ် (၁) နေရာ၌ ရှိနေသည့် #ယွီနျန့်ကပရိသတ်ကိုတွန်းထုတ်တယ်# ဆိုသည့် အကြောင်းအရာသည် ပျောက်ကွယ်သွားပြီး #သိသင့်သိထိုက်သောအမှန်တရား# ဆိုသည့် အကြောင်းအရာဖြင့် အစားထိုးခံလိုက်ရသည်။ ဒုတိယမြောက် ခေါင်းစဉ်မှာမူ ပို၍ပင် ပြတ်သားလှသည် #ယွီနျန့်၏တန်ပြန်တိုက်စစ်# ဖြစ်ပြီး ၎င်း၏ဘေးတွင် အနီရောင်စာလုံးလေးဖြင့် အထူးဖော်ပြထားသည်။

ယွီနျန့်သည် #သိသင့်သိထိုက်သောအမှန်တရား# ဆိုသည့် ခေါင်းစဉ်ကို တိုက်ရိုက် နှိပ်ကြည့်လိုက်ရာ၊ ရှီးရိုက အသံတိုးတိုးဖြင့် အမြန်နှုန်းတင်ကာ ရှင်းပြလာသည်။

"ဒီမနက်က မောင်လေးရဲ့ ပရိသတ်အယောင်ဆောင်ခဲ့တဲ့သူတွေ အကုန်လုံးကို တစ်ယောက်မကျန် ပြန်ရှာတွေ့သွားပြီ။ အ သတင်းတွေအရ ဒီလူတွေဟာ စတူဒီယိုတစ်ခုက လူတွေဖြစ်နေတယ်။ သူတို့က ဖန်းဟွနဲ့ သူ့အေးဂျင့် ချောင်ကျန့်တို့နဲ့ ပြောထားတဲ့ Chat record တွေ၊ ငွေလွှဲထားတဲ့ မှတ်တမ်းတွေနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်တွေကို တစ်ခါတည်းနဲ့ အကုန်ဖွင့်ချလိုက်တာပဲ။ အခုတော့ အင်တာနက်တစ်ခုလုံး ပေါက်ကွဲနေပြီး Weibo ဖိုရမ်တွေက ဖျော်ဖြေရေးသတင်း ခေါင်းကြီးပိုင်းတွေမှာလည်း ဒီကိစ္စအကြောင်းတွေချည်းပဲ"

ရှမင်းရှီးက ထိုကဲ့သို့သော အခြေအနေမျိုးကို အကဲခတ်မြန်သူဖြစ်ရာ ခေါင်းမော့ကြည့်ပြီး သံသယဖြင့် မေးလိုက်သည်။

"သတင်းခေါင်းကြီးပိုင်းတွေမှာပါ ပျံ့နေတာလား အစ်ကိုမုန့်က ပိုက်ဆံပေးပြီး ဝယ်လိုက်တာလား"

ရှီးရိုက ခေါင်းကို အတွင်တွင် ခါယမ်းပြရင်း

"အစ်ကိုမုန့် ဝယ်တာမဟုတ်ဘူး။ ဘယ်ကုမ္ပဏီက လုပ်ပေးလိုက်တာလဲဆိုတာ ကျွန်မလည်း မသိလို့ လိုက်စုံစမ်းနေတုန်းပဲ"

ယွီနျန့်သည် ဖုန်းကိုကိုင်ကာ စာမျက်နှာကို တစ်ချက်ချင်း အောက်သို့ ဆွဲချကြည့်နေမိသည်။

[#ယွီနျန့်၏တန်ပြန်တိုက်စစ်# အားလုံးပဲ လာကြည့်ကြဟေ့! ဇာတ်ရှိန်ပြောင်းပြန်လှန်သွားတာ တကယ်ကို ရင်ခုန်စရာပဲ! ဒါဆို ယွီနျန့်က ပရိသတ်ကို မတွန်းခဲ့တာပေါ့။ အဖြစ်မှန်က ဖန်းဟွက လူတွေငှားပြီး ယွီနျန့်ကို နာမည်ဖျက်ဖို့ အကွက်ဆင်ခဲ့တာပဲ။ ပြီးတော့ Hot Search တွေဝယ်ပြီး သတင်းကို အရှိန်မြှင့်ခဲ့တာပေါ့။ ယွီနျန့် နာမည်ပျက်သွားရင် သူက အပေါ်ကနေ နင်းတက်ဖို့ ကြံစည်ခဲ့တာလား။ ဟား…ဒါက ဒီနှစ်ရဲ့ အကောင်းဆုံး သတင်းထူးပဲ!]

[အရင်က အန်တီဖန် (Black fans) တွေက ယွီနျန့်ကို ဆဲခဲ့ကြတယ်။ စိတ်ထားမကောင်းဘူး။ စရိုက်မကောင်းဘူး ဆိုပြီးတော့လေ။ သူက အဆိုတော်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ အနုပညာလောကမှာ နေဖို့ မတန်ဘူးဆိုပြီး ပြောခဲ့တဲ့သူတွေ အခု တစ်ယောက်ချင်းစီ ထွက်လာပြီး တောင်းပန်သင့်ပြီ မဟုတ်လား။ တကယ့် နစ်နာသူက ယွီနျန့်ပဲ။ လူဘယ်လောက်တောင် သူ့ကို ဝိုင်းဆဲခဲ့ကြသလဲ မသိဘူး #ယွီနျန့်ကိုတောင်းပန်ပါ#!]

[#ယွီနျန့်ကိုတောင်းပန်ပါ#! တောက်... ဖန်းဟွနဲ့ သူ့အေးဂျင့်က တကယ်ကို ရွံစရာကောင်းတာပဲ! အဲဒီစတူဒီယိုက ထွက်လာတဲ့ Chat record တွေကို တစ်လုံးချင်း ဖတ်ကြည့်လိုက်ဦး။ တကယ်ကို ယုတ်မာလွန်းတယ်! သူတို့က ယွီနျန့်ကို အပြီးအပိုင် နှိပ်ကွပ်ချင်နေတာပဲ! တမင်သက်သက် အကွက်ဆင်ရတာ ပျော်စရာကောင်းလို့လား မင်းတို့ကိုယ်တိုင်ရော အဲဒီလို အလုပ်ခံကြည့်ချင်လား]

[ကျွန်မတော့ ရင်နာလွန်းလို့ ငိုတောင်ငိုမိတယ်! နျန့်နျန့်လေး တကယ်ကို ခံစားခဲ့ရရှာတာပဲ! သူ အမှန်တရားကို ရှင်းပြဖို့ ကြိုးစားခဲ့ရင်တောင် ဘယ်သူမှ မယုံကြဘဲ Weibo ပေါ်မှာ ဝိုင်းဆဲကြတာလေ။ စဉ်းစားကြည့်ရုံနဲ့တင် တကယ်ကို ဝမ်းနည်းဖို့ကောင်းတယ်! ဟိုမိန်းကလေးက ဒီအလုပ်အတွက် ၈,၀၀၀ ယွမ် ယူခဲ့တာကို မြင်တော့ ဒေါသထွက်လွန်းလို့ ငိုမိတယ်!]

[#ယွီနျန့်ကိုတောင်းပန်ပါ# ဖန်းဟွက ဘယ်လောက်တောင် စိတ်ပုပ်တာလဲ ယွီနျန့်က သူ့ထက် လူသိများသွားလို့လား အခုတော့ အကုန်မြင်ကြပြီပေါ့! ကျွန်တော်က ယွီနျန့်ရဲ့ ပရိသတ်မဟုတ်ပေမဲ့ သူ့အတွက် တကယ်ကို ဝမ်းနည်းမိတယ်။ မတရား စွပ်စွဲခံရပြီး အဆဲခံခဲ့ရတာလေ။ ငါသာဆိုရင်တော့ စိတ်ဓာတ်တွေ ပြိုလဲနေလောက်ပြီ!]

အခုတော့ လူတိုင်းက သူတို့ဖုန်းကိုယ်စီကို ကြည့်နေကြပြီး မကြာခင်မှာပင် စတူဒီယိုအတွင်းရှိ လူတိုင်း အဖြစ်မှန်အားလုံးကို သိရှိသွားကြသည်။ ခဏအတွင်းမှာပင် လူတိုင်း၏ အသံများမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဖန်းဟွတစ်ယောက်သာ ဘာမှမသိသေးဘဲ စင်ပေါ်တွင် ရပ်လျက် စက်ပစ္စည်းများကို စမ်းသပ်နေဆဲဖြစ်သည်။ သူ၏ အေးဂျင့်ဖြစ်သူမှာ ချွေးတပြိုက်ပြိုက်နှင့် ပြာပြာသလဲ ပြေးဝင်လာပြီး စင်ပေါ်သို့ တန်းတန်းမတ်မတ် တက်သွားသည့်အချိန်အထိပေါ့။

ဖန်းဟွက မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် အေးဂျင့်ဖြစ်သူက အသံကျယ်ကြီးဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"အရင်က ဆွေးနွေးပြီး လက်မှတ်ထိုးထားတဲ့ ကြော်ငြာသုံးခုစလုံး အဖျက်ခံလိုက်ရပြီ။ ငါတို့နဲ့ ဆက်အလုပ်လုပ်မယ့်အစား စာချုပ်ဖျက်သိမ်းကြေးကိုပဲ ပေးပါ့မယ်လို့ သူတို့က ပြောကြတယ်။ ပြီးတော့ တစ်ယောက်ယောက်က မင်းကို အပြတ်ရှင်းချင်နေတာတဲ့"

အေးဂျင့်၏ စကားပြောနှုန်းမှာ အလွန်မြန်လွန်းလှပြီး ပြောလိုက်သည့် အကြောင်းအရာများက ဖန်းဟွ၏ နဖူးကို ကျောက်ခဲနှင့် ထုလိုက်သလိုပင်။ ဖန်းဟွက မိုက်ကရိုဖုန်း ပိတ်မထားသည်ကို သတိပြုမိလိုက်သည့်အချိန်တွင်တော့ ထိုနေရာရှိ လူအားလုံးက အေးဂျင့်ပြောသမျှကို ကြားသွားကြပြီးပြီ။

ဖန်းဟွ၏ မျက်နှာမှာ တင်းမာသွားပြီး ဘယ်သူ့ကိုမှ နှုတ်မဆက်တော့ဘဲ သူ့အေးဂျင့်ကို ဆွဲကာ စင်နောက်ဘက်သို့ ခေါ်သွားခဲ့သည်။ ထိုအချိန်တွင် ယွီနျန့်နှင့် ရှီးရိုတို့နှင့် ထိပ်တိုက် တိုးပါတော့သည်။ သူ၏ စိတ်ထဲတွင် ကြော်ငြာကိစ္စများကိုသာ အာရုံရောက်နေသဖြင့် အတွင်းသို့ ဆက်လျှောက်ရန် ပြင်လိုက်သော်လည်း ယွီနျန့်၏ စကားသံကို ကြားလိုက်ရသည်။

"ခဏလေး။"

ဖန်းဟွ ရပ်သွားသည်ကို မြင်တော့ ယွီနျန့်က ဆက်ပြောလိုက်သည်။

"ခင်ဗျား စောစောက မိတ်ကပ်ပြင်ခန်းထဲမှာ ပြောခဲ့တယ်လေ... သက်သေမရှိဘဲနဲ့ အကြောင်းအရာတွေကို လျှောက်မပြောသင့်ဘူးဆိုတာ။"

ဖန်းဟွက လှည့်ကြည့်ကာ လှောင်ပြုံးပြုံးရင်း …

"အေး... ငါပြောခဲ့တယ်၊ ဘာဖြစ်လဲ"

ယွီနျန့်က ပြုံးလျက် အသိပေးလိုက်သည်။

"ခင်ဗျား ဖုန်းကို ခဏလောက် ထုတ်စစ်ကြည့်သင့်တယ် ထင်တာပဲ။"

ဖန်းဟွ၏ ရင်ခုန်သံမှာ တစ်ချက် တုန်သွားခဲ့သည်။ သူသည် အမြန်ပင် ဖုန်းကို ထုတ်ယူလိုက်ပြီး စခရင်ပေါ်တွင် အကြိမ်အနည်းငယ် နှိပ်ကြည့်လိုက်ရာ၊ သူ၏ မျက်နှာသည် ရုတ်တရက် ဖြူလျော့သွားပါတော့သည်။

………

ရုံးခန်း။

Weibo ၏ Hot Search စာရင်းတွင် #ယွီနျန့်အတွက်ရင်နာရသည်# နှင့် #ယွီနျန့်ကိုတောင်းပန်ပါ# ဆိုသည့် ခေါင်းစဉ်နှစ်ခုစလုံးသည် ထိပ်ဆုံးစာရင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ နာမည်ကြီး အကောင့်ပေါင်းများစွာကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလုံးကို တစ်ယောက်ပြီးတစ်ယောက် ပြန်လည်မျှဝေ နေကြပြီး၊ အဓိကသတင်းဝဘ်ဆိုက်များကလည်း သက်ဆိုင်ရာသတင်းများကို စတင်တွန်းပို့နေကြပြီဖြစ်သည်။ တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင် လူထု၏အမြင်ကို တိုက်ရိုက်ထိန်းချုပ်နိုင်ခဲ့ပြီးသတင်းလေဦးတိုက်ရာ

အရပ်သည်လည်း လုံးဝပြောင်းပြန်လှန်သွားခဲ့ပြီ။

ချင်းကျန့်က ရှဲ့ယို့ကို အစီရင်ခံတင်ပြလိုက်သည်။

"သခင်လေး…အားလုံးပြီးစီးပါပြီ။ ပြည်သူ့ဆက်ဆံရေးဌာနက အခြေအနေအရပ်ရပ်ကို အစီရင်ခံစာတင်ပြထားပြီး နောက်ထပ် သုံးရက်အထိ အနီးကပ်ဆက်လက်စောင့်ကြည့်သွားမှာပါ။ ဥပဒေရေးရာဌာနကလည်း သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို မူကြမ်းရေးဆွဲပြီးပါပြီ။"

"ကောင်းပြီ။"

ရှဲ့ယို့က မတ်တပ်ရပ်လိုက်ပြီး အနက်ရောင် ဒီဇိုင်းနာ လက်ချုပ်ဝတ်စုံကုတ်အင်္ကျီကို ဝတ်ဆင်ကာ ကြယ်သီးများကို ပြင်ဆင်ရင်း ပြောလိုက်သည်။

"ဌာနအားလုံးကို အကြောင်းကြားလိုက်။ နောက်ဆယ်မိနစ်နေရင် ပုံမှန်အစည်းအဝေးလုပ်မယ်။"

………

စတူဒီယို။

နားနေဆောင်ထဲတွင် မုန့်ယွမ်က ယွီနျန့်ကိုဆွဲကာ စကားပြောနေသည်။

"ဒီတစ်ခါတော့ ဖန်းဟွတစ်ယောက် တကယ်ကို နက်ရှိုင်းတဲ့ကျင်းကြီးထဲကနေ ပြန်ထွက်လာနိုင်မှာမဟုတ်တော့ဘူး။ အရင်က ဒီကိစ္စကို ဘယ်လောက်အထိ ဟုန်းဟုန်းတောက်အောင် လုပ်ခဲ့သလဲ။ အခု သူတို့ပြန်ခံစားရမယ့် အကျိုးဆက်က နှစ်ဆဖြစ်သွားပြီ။ ဖျော်ဖြေရေးလောကမှာ ဘာမှဖုံးကွယ်ထားလို့မရဘူး။ သူ့ရဲ့လုပ်ရပ်တွေက ညစ်ပတ်လွန်းတယ်။ ပြီးတော့ သူ့လက်ထဲက ကြော်ငြာစာချုပ်အားလုံး ဆုံးရှုံးသွားတယ်ဆိုတဲ့အချက်ကလည်း လျှို့ဝှက်ချက်မဟုတ်တော့ဘူး။"

ယွီနျန့်က မုန့်ယွမ်ကမ်းပေးသော လတ်လတ်ဆတ်ဆတ်ညှစ်ထားသည့် ဖျော်ရည်ကို အနည်းငယ်သောက်လိုက်ပြီး

"ဒါဆို ကျွန်တော့်ကို ဘယ်သူကူညီပေးခဲ့တာလဲဆိုတာ ကျွန်တော်တို့ အခုထိမသိသေးဘူးပေါ့" ဟု မေးလိုက်သည်။

"ဥက္ကဋ္ဌချွိကတော့ ဘယ်သူကူညီနေလဲဆိုတာ သိပုံရတယ်။ ဒါပေမဲ့ သူက ရှင်းရှင်းလင်းလင်းတော့ မပြောဘူး။"

"ဥက္ကဋ္ဌချွိ"

ယွီနျန့်၏စိတ်ထဲတွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု အလိုအလျောက် ပေါ်လာသည်။

"အင်း။"

မုန့်ယွမ်က မနေနိုင်ဘဲ ထပ်မံသက်ပြင်းချမိပြန်သည်။

"ဒီဖြစ်ရပ်ဖြစ်ပြီး မင်း Hot search ပေါ်ရောက်သွားတာ ဘယ်လောက်မှတောင် မကြာသေးဘူး။ မင်းကို အကွက်ဆင်ခဲ့တဲ့သူနဲ့ စတူဒီယိုကလူတွေရဲ့ အချက်အလက်တွေ၊ သူတို့ရဲ့ကိုယ်ရေးရာဇဝင်တွေအကုန်လုံးက အလိုအလျောက် ထွက်ပေါ်လာပြီး သက်သေအထောက်အထားမျိုးစုံကို ပေးလာကြတယ်။ အဲဒီနောက်မှာ လူထုအမြင်ကို လွှမ်းမိုးချုပ်ကိုင်လိုက်တဲ့ အကွက်တွေကလည်း အံ့မခန်းပဲ။ ငါသေချာစဉ်းစားကြည့်ရင် ဒါက ရင်တုန်စရာပဲ။ ဒီကိစ္စကို လုပ်ခဲ့တဲ့သူက တကယ်ကို လျှပ်စီးလိုမြန်ပြီး ပြတ်သားတဲ့ လက်ရုံးရည်ရှိသူပဲ။"

သူက ယွီနျန့်ကိုကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်းကို ဘယ်သူကူညီခဲ့တာလဲဆိုတာ မင်းသိလား"

ယွီနျန့်သည် သူ၏လက်ထဲမှ မြစိမ်းရောင်ပုလွေလေးကို လှည့်ကစားရင်း တုံ့ဆိုင်းစွာဖြင့်

"ကျွန်တော်...အင်း… ဘယ်သူလဲဆိုတာ သိမယ်ထင်တာပဲ" ဟု ဆိုလိုက်သည်။

ရိုက်ကူးရေးပြီးဆုံးသောအခါ ယွီနျန့်ကို အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ သူနှင့် မုန့်ယွမ်တို့ နှုတ်ဆက်စကားဆိုပြီးနောက် သူသည် ကားတံခါးကို ပိတ်ကာ အိမ်သို့ပြန်ရန် လှည့်ထွက်လာခဲ့သည်။ ထိုအချိန်တွင် မနက် ၂ နာရီပင် ရှိနေပြီဖြစ်၍ ပတ်ဝန်းကျင်၌ လူသူကင်းမဲ့နေသည်။ ခဏမျှ လျှောက်လာပြီးနောက် ယွီနျန့် ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ခြေလှမ်းများကို ပြန်လှည့်လိုက်ပြီး အခြားတစ်ဖက်သို့ ဦးတည်လျှောက်သွားပါတော့သည်

တစ်ကြိမ်သာ မြင်ဖူးသော်လည်း သူ မှတ်မိနေဆဲပင်။ လမ်းဘေးတွင် ရပ်ထားသော ထိုကားမှာ အမှန်တကယ်ပင် ရှဲ့ယို့၏ ကားဖြစ်နေသည်။

လမ်းဘေးတွင် ရပ်နေရင်း ယွီနျန့်သည် ဘာမှမဆိုင်းမတွဘဲ လက်ချောင်းလေးများကို ကွေးကာ ကားမှန်ပြတင်းပေါက်ကို ခေါက်လိုက်သည်။

မကြာခင်မှာပင် မှန်တံခါး ပွင့်သွားပြီး ရှဲ့ယို့၏ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မျက်နှာသွင်ပြင် ပေါ်ထွက်လာသည်။ သူသည် အလုပ်မှ အခုလေးတင် ဆင်းလာပုံရပြီး ကိုယ်ကြပ် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ နက်ကတိုင်မှာ အနည်းငယ် လျော့ရဲနေပြီး သူ၏ ဆွဲဆောင်မှုရှိသော Adam's apple မှာလည်း ပေါ်လွင်နေသည်။

"မင်္ဂလာညချမ်းပါခင်ဗျာ"

ယွီနျန့်က ခပ်ဖွဖွ ပြုံးလိုက်ပြီး လေသံမှာ အနည်းငယ် မြင့်သွားသည်။

ရှဲ့ယို့သည် ယွီနျန့်၏ အပြုံးကို သေသေချာချာ အကဲခတ်ပြီးနောက် "မင်္ဂလာညချမ်းပါ" ဟု ပြန်လည် ဖြေကြားလိုက်သည်။ သူ၏ အသံမှာ ညလေညင်းနှင့်အတူ စီးမျောနေပြီး အလိုလိုနေရင်း အနည်းငယ် နူးညံ့သွားခဲ့သည်။

သူတို့နှစ်ဦးကြားရှိ စကားဝိုင်း အနည်းငယ်မှာ များသောအားဖြင့် ယွီနျန့်ဘက်က စတင်လေ့ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ယွီနျန့်က စကားမပြောဘဲ နေခဲ့သည်။ ဆယ်စက္ကန့်ကျော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှဲ့ယို့က အလေးအနက်ထားကာ မေးလိုက်သည်။

"မင်းရဲ့ စိတ်အခြေအနေကော အဆင်ပြေသွားပြီလား"

ယွီနျန့်၏ အပြုံးမှာ လန်းဆန်းတက်ကြွသွားပြီး မျက်တောင်ထောင့်လေးများ ကွေးညွတ်သွားပုံမှာ ကောင်းကင်က ကြယ်အားလုံး သူ့မျက်ဝန်းထဲ အရည်ပျော်ဝင်နေသကဲ့သို့ပင်။

"စိတ်အခြေအနေ ကောင်းပါတယ်။ ကျွန်တော် အရမ်းပျော်နေတာ" သူက ထပ်မံ ပြုံးလိုက်ရင်း

"လောင်ရှီးက ဝန်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်နေတာ"

ရှဲ့ယို့သည် မူလက ယွီနျန့်ကို အဝေးကနေ တစ်ချက်လောက် လှမ်းကြည့်ပြီးမှ ပြန်သွားရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယွီနျန့်က သူ့ကားကို မှတ်မိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူက ဘယ်လိုပြန်ဖြေရမလဲ မသိတာကြောင့် ဘာမှဝင်မပြောဘဲ ဆိတ်ဆိတ်နေမိသည်။

ယွီနျန့်ကတော့ ရှဲ့ယို့၏ စကားနည်းသည့်အကျင့်ကို ကျင့်သားရနေပြီဖြစ်လို့ စိတ်ထဲမထားပါဘူး။ အဲဒီအစား သူကပဲ

"ကျွန်တော့်ကို စောင့်နေတာ ကြာပြီလား" လို့ ထပ်မေးလိုက်သည်။

"မကြာပါဘူး၊ ငါးမိနစ်လောက်ပဲ ရှိပါသေးတယ်"

ယွီနျန့်က ကားခေါင်မိုးပေါ်မှာ သစ်ရွက်ခြောက်ကလေးတွေ တင်နေတာကို သတိပြုမိလိုက်၏။ ရှဲ့ယို့က ငါးမိနစ်ပဲ စောင့်ရတယ်လို့ ပြောပေမဲ့ သူက အမှန်ကို ထောက်မပြတော့ဘဲ အလေးအနက်ပဲ ထပ်ပြောလိုက်သည်။

"ဒီတစ်ခါ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်နော်"

"ကျေးဇူးတင်စရာ မလိုပါဘူး"

ရှဲ့ယို့ရဲ့ နားရွက်ဖျားလေးတွေ အနည်းငယ် ပူတက်လာပေမဲ့ သူ့အသံကတော့ တည်ငြိမ်နေဆဲပါပဲ။

"ငါ... ငါ့မားမားက မင်းသီချင်းဆိုတာ နားထောင်ရတာကို အရမ်းကြိုက်လို့ပါ"

ဒါဟာ သူ့ကို ကူညီရတဲ့ အကြောင်းပြချက်ကို ရှင်းပြနေတာလား။ ယွီနျန့်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့အိတ်ကပ်ထဲက ရိုးရိုးရှင်းရှင်း ထုပ်ထားသည့် သကြားလုံးနှစ်ထုပ်ကို ထုတ်လိုက်၏။

"ဒါလေးကို ရုတ်တရက် သတိရသွားလို့။ ဒီသကြားလုံးကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတာပါ။ လူကြီးမင်းရှဲ့ ကြိုက်ပါ့မလားတော့ မသိဘူး။ တကယ်လို့ စိတ်မရှိဘူးဆိုရင် ဒါလေး လက်ဆောင်ပေးပါရစေ"

ရှဲ့ယို့ စက္ကန့်အနည်းငယ်လောက် တန့်သွားပြီးမှ လှမ်းယူလိုက်သည်။ သကြားလုံးထုပ်လေးတွေမှာ ယွီနျန့်ရဲ့ ကိုယ်ငွေ့လေးတွေ ကျန်ရှိနေဆဲ။ သူက အဲဒါကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားပြီး လက်ချောင်းလေးတွေကို တင်းတင်းစေ့ထားမိသည်။

ယွီနျန့်ကတော့ ရှဲ့ယို့ရဲ့ ဒီလိုအပြုအမူသေးသေးလေးတွေကို သတိမထားမိဘဲ နောက်ဆုံးအနေနဲ့ ထပ်ပြောပြန်၏။

"နောင်တစ်ချိန်မှာ ကျွန်တော် ကူညီနိုင်တာရှိရင်လည်း အစွမ်းကုန် ကူညီပေးပါ့မယ်"

ရှဲ့ယို့က 'ငါက မင်းကို မတရား အနိုင်ကျင့်ခံရတာမျိုး မဖြစ်စေချင်ရုံတင်ပါ' လို့ ပြောချင်ပေမဲ့ အခုအချိန်မှာ ယွီနျန့်အတွက် သူဟာ အကြိမ်အနည်းငယ်သာ ဆုံဖူးတဲ့သူလေ။

ဒါကြောင့် သူက ခေါင်းပဲညိတ်ပြပြီး "ကောင်းပါပြီ" လို့ပဲ တုံ့ပြန်လိုက်ရသည်။

ယွီနျန့်က မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ နူးညံ့သည့် ဆံပင်အနက်လေးတွေက ညလေညင်းနဲ့အတူ လွင့်ခါသွားသည်။ သူက ရှဲ့ယို့ကို လက်ပြနှုတ်ဆက်ရင်း

"ကျွန်တော် သီချင်းကို အကောင်းဆုံး ဆိုသွားပါ့မယ်၊ ကျေးဇူးတင်ပါတယ်"

ရှဲ့ယို့သည် ယွီနျန့်၏ နှုတ်ခမ်းထောင့်လေးတွင် ပျံ့လွင့်သွားသော အပြုံးကို ငေးကြည့်ရင်း သူကိုယ်တိုင်လည်း စိတ်လက်ပေါ့ပါးသွားကာ

"မင်္ဂလာညချမ်းပါ" ဟု ဆိုလိုက်သည်။

"ဟုတ်ကဲ့၊ မင်္ဂလာညချမ်းပါဗျ။"
____________________________________________________________________

TN // တအားရှက်တတ်တဲ့ ဖန်ဘွိုင်းလေး အသဲယား


Comments

  1. ရှက်နေတာဟေးးးးချိုချဉ်ကို ဆုပ်ကိုင်ထားတဲ့အချိန် ဘယ်လောက်ရင်ခုန်နေမလဲ မသိ။ကိုယ်တောင် အူယားသွားးး

    ReplyDelete
  2. အစီရင်ခံစာတွေပါ တင်ရတယ်တဲ့လား
    အိုးးးးး ဖန်ဘွိုင်းလေး ချစ်လိုက်တာ
    ချိုချဉ်လေးကိုရော သိမ်းထားဦးမှာလား

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...