အခန်း (၂) ရှဲ့ယို့... မင်းက တကယ်ကြီး ရှက်နေတာလား!
ဓာတ်လှေကားက ၅၁ ထပ်မှာ ရပ်တန့်သွားပြီ။ ရှဲ့ယို့ ခြေလှမ်းကျကျနဲ့ အပြင်ကို လှမ်းထွက်လိုက်သောအချိန်မှာ အတွင်းရေးမှူးမလေးက လှုပ်ရှားသံကြားလို့ မော့ကြည့်လာသည်။ လာတာ ရှဲ့ယို့မှန်း သိလိုက်ရတာနဲ့ သူက အလောတကြီး မတ်တတ်ရပ်၊ လက်နှစ်ဖက်ကို ဗိုက်ရှေ့မှာ ယှက်ထားရင်း
"မစ္စတာရှဲ့... မင်္ဂလာနံနက်ခင်းပါရှင်!" လို့ နှုတ်ဆက်လာ၏။
ရှဲ့ယို့က ခြေလှမ်းတန့်လိုက်ပြီး အေးစက်စက်လေသံနဲ့ မေးလိုက်သည်။
"ချွိရှောက်ရန် ရှိလား"
အတွင်းရေးမှူးမလေးဟာ စကျင်ကျောက်ခင်းထားသော ကြမ်းပြင်ကိုသာ စိုက်ကြည့်နေပြီး မျက်လုံးချင်းတောင် မဆုံရဲရှာပါဘူး ။
"ဥက္ကဋ္ဌချွိ သူ့ရုံးခန်းထဲမှာ ရှိပါတယ်ရှင့်။ ကျွန်မ လိုက်ပို့ပေးရမလားရှင်"
"အင်း"
အတွင်းရေးမှူးမလေးဟာ ရှဲ့ယို့ရဲ့ ရှေ့ကနေ လမ်းပြဖို့ အမြန်ပဲ ဦးဆောင်သွားပြီး စကားတစ်ခွန်းတောင် ဟဟ မပြောရဲဘူး။
သူမ ရှင်းယောင် မှာ အလုပ်ဝင်ခဲ့တာ ဒီလောက်ကြာပြီဖြစ်သလို၊ ရှဲ့ယို့က ဥက္ကဋ္ဌချွိဆီကို လာတာ ဒါပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို မြင်လိုက်ရတိုင်းမှာတော့ ကြောက်စိတ်ကြောင့် ရင်တွေ တဒိတ်ဒိတ် ခုန်နေရဆဲပဲ။ လူတွေ ပြောကြသည့် "ဥက္ကဋ္ဌရှဲ့ရဲ့ ရင်သပ်ရှုမောဖွယ် အလှတရား" ဆိုတာကိုတောင် သေသေချာချာ မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ ရှဲ့ယို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ အရှိန်အဝါက လူတစ်ယောက်ကို ခေါင်းမော့ကြည့်ဖို့တောင် မဝံ့ရဲလောက်အောင် လွှမ်းမိုးထားလွန်းလို့ပါပဲ။
ရုံးခန်းတံခါး ပွင့်သွားတဲ့အခါ ရှဲ့ယို့က စားပွဲခုံနောက်မှာ ထိုင်နေတဲ့သူကို လှမ်းကြည့်လိုက်သည်။ ထုံးစံအတိုင်းပါပဲ... တစ်ဖက်လူက မေးစေ့ကို မော့ပြီး အိပ်ပျော်နေပြန်ပြီ။
ရှဲ့ယို့က စားပွဲခုံကို လက်ချောင်းနဲ့ တောက်တောက်တောက်လို့ ခေါက်လိုက်ပြီး
"ဆရာက မင်းကို ခေါ်နေတယ်" လို့ ပြောလိုက်၏။
"ဘယ်ပုစ္ဆာလဲဟ!"
ချွိရှောက်ရန် တစ်ယောက် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး။ခဏလောက် ကြောင်အသွားပြီးမှ ဒေါသထွက်သွားကာ
"တောက်... ရှဲ့ယို့! မင်းကတော့ကွာ... ငါ့ကို ဒီလိုနည်းနဲ့ နောက်နေတာကို မရပ်နိုင်တော့ဘူးလား ငါသာ နှလုံးရပ်ပြီး သေသွားရင် မင်း တာဝန်ယူမှာလား"
ရှဲ့ယို့က နှာခေါင်းတစ်ချက်ရှုံ့ရင်း လှောင်ပြုံးပြုံးလိုက်ပြီး
"ဒါဆို မင်းကရော ရုံးခန်းထဲမှာ အမြဲတမ်း အိပ်နေတာကို ရပ်လို့ရမလား"
"အေးပါ... အေးပါ..."
ချွိရှောက်ရန်က သူ့ဆံပင်တွေကို ကုတ်လိုက်ရင်း ပြန်ထိုင်လိုက်သည်။
"ဒါနဲ့ မင်း ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ။ မင်းဆီမှာ အလုပ်တွေ၊ လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေ မရှိဘူးလား"
ရှဲ့ယို့က ဖိတ်စာကတ်ပြားလေးကို လက်ချောင်းကြားမှာ ညှပ်ထားရင်း
"နောက်ရက်အနည်းငယ်နေရင် အိမ်ကို ထမင်းလာစားဖို့ အမေက မင်းကို ခေါ်ခိုင်းလိုက်လို့"
ချွိရှောက်ရန်က ခြေထောက်ချိတ်ထိုင်နေရင်း ရှဲ့ယို့စကားကို နားထောင်ပြီးမှ ဖိတ်စာကို လှမ်းယူကာ ပြုံးလိုက်၏။
"ကောင်းပြီလေ... အန်တီ့ကို ပြောလိုက်ပါ။ ငါ အရောက်လာခဲ့မယ်လို့။"
ပြောပြီးတာနဲ့ သူက လေချွန်လိုက်ပါသေးသည်။
ရှဲ့ယို့ မျက်မှောင်ကြုတ်သွားတာကို မြင်တော့ ချွိရှောက်ရန်က အမြန်ပဲ ကိုယ်ကိုမတ်မတ်ထိုင်ပြီး မျက်နှာချိုသွေးကာ ပြောလာသည်။
"ငါ ကြားတာတော့... မင်းရဲ့ အင်တာဗျူးဓာတ်ပုံကို မျက်နှာဖုံးတင်ထားတဲ့ စီးပွားရေးမဂ္ဂဇင်းက စောင်ရေပေါင်းများစွာ ရောင်းကုန်သွားတယ်ဆို ပစ္စည်းပြတ်တဲ့အထိပဲတဲ့။ အဲဒီ အရောင်းသွက်မှုက ငါ့လက်အောက်က နာမည်ကြီး အနုပညာရှင်တွေကိုတောင် ကျော်တက်သွားတာပဲ။ ဥက္ကဋ္ဌရှဲ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်သေးလား"
"မပြောချင်ဘူး။"
ချွိရှောက်ရန်ကတော့ ရှဲ့ယို့ရဲ့ အေးစက်စက်နိုင်မှုကို ကျင့်သားရနေပြီသား။ ဒါကြောင့် သူက ဖုန်းကိုထုတ်၊ Weibo ကိုဖွင့်ကြည့်ရင်း စိတ်လှုပ်ရှားစွာနဲ့ ဖတ်ပြလိုက်သည်။
"ငါက မစ္စစ်ရှဲ့ပါ ဆိုတဲ့ အမည်နဲ့ Netizen တစ်ယောက်က မင်းရဲ့ Weibo မှာ ကွန်မန့်ပေးထားတယ်... 'ဒီမဂ္ဂဇင်းကို ငါ လွတ်သွားပြီ။ ငါ့ယောကျ်ားရဲ့ ရင်သပ်ရှုမောဖွယ် မျက်နှာလေးကို နောက်တစ်ခါ မြင်ရဖို့ ဘယ်လောက်တောင် စောင့်ရဦးမလဲ မသိဘူး! ဒီမဂ္ဂဇင်းကို ငါ့ရဲ့ မျိုးဆက်တွေအထိ လက်ဆင့်ကမ်းပေးသွားချင်တယ်။ ငါ အသက်ကြီးလို့ မြေးတွေရလာတဲ့အခါ ပြပြီးတော့ ဒါဟာ မင်းတို့ရဲ့ အဖိုးပဲလို့ ပြောပြချင်တယ်' တဲ့!"
ဒါကို ကြားလိုက်တဲ့အခါ ရှဲ့ယို့က မျက်မှောင်ကြုတ်လိုက်ပြီး ပြန်တည့်ပေးလိုက်သည်။
"ငါက သူ့ယောကျ်ား မဟုတ်ဘူး။"
ရှဲ့ယို့ဟာ အပြင်ပန်းမှာတော့ ဆယ်မီတာအတွင်း ဘယ်သူမှ အနားမကပ်ရဲလောက်အောင် အလိုအလျောက် လေအေးပေးစက်ကြီးလို အေးစက်နေပေမဲ့ တကယ့်တကယ်တော့ အတွင်းစိတ်က အလွန်ကို ဖြူစင်ရိုးသားလွန်းမှန်း ချွိရှောက်ရန် သိ၏။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းက သူ့ယောကျ်ား မဟုတ်ပါဘူး!"
သူက မျက်စိတစ်ချက်မှိတ်ပြရင်း နောက်ပြောင်ပြန်သည်။
"ငါတို့ ဥက္ကဋ္ဌရှဲ့က သူ့ရဲ့ အနာဂတ် အချစ်စစ်အတွက် အပျိုစင်ဘဝကို ထိန်းသိမ်းထားရမှာကိုး!"
ရှဲ့ယို့ကတော့ ပြန်ပြောဖို့တောင် ပျင်းလျက်…
"ငါ သွားတော့မယ်။" ဟု ချက်ချင်းနှုတ်ဆက်တော့သည်။
သူ အပြင်ကို ထွက်ဖို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်နဲ့ မသိမသာလေး လှမ်းမေးလိုက်သည်။
"မင်းတို့ ကုမ္ပဏီက လူသစ်တွေ ထပ်ခေါ်နေတာလား"
ချွိရှောက်ရန်ကတော့ သူ့ဖုန်းထဲက Weibo ကွန်မန့်တွေကို ပျော်ပျော်ကြီး ဖတ်နေတုန်းပါ။ ရှဲ့ယို့ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူက ကြောင်တောင်တောင်နဲ့ ခေါင်းမော့ကြည့်လာပြီး
"ငါတို့ကုမ္ပဏီက လူသစ်တွေ ထပ်ခေါ်တော့မှာလား ငါဘာလို့ မသိရတာလဲ"
ရှဲ့ယို့ကတော့ 'မင်းသိနေရင်မှ ထူးဆန်းဦးမယ်' လို့ စိတ်ထဲက ကျိတ်တွေးလိုက်မိသည်။ သည်မေးခွန်းကို သူ တကယ်မမေးခဲ့သင့်။ ချွိရှောက်ရန် ဘာမှထပ်မပြောနိုင်ခင်မှာပဲ သူက လက်ကာပြလိုက်ပြီး ရုံးခန်းထဲကနေ တန်းထွက်လာခဲ့လိုက်သည်။
အတွင်းရေးမှူးမလေးက သူထွက်လာတာကို မြင်တာနဲ့ ဓာတ်လှေကားခလုတ်ကို အပြေးအလွှား သွားနှိပ်ပေးရှာသည်။
..........
ယွီနျန့်တစ်ယောက် ဒီလူနဲ့ ထပ်ဆုံလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
သူ ခြေလှမ်းတုံ့သွားပေမဲ့ တည်ငြိမ်တဲ့ အမူအရာနဲ့ပဲ ဓာတ်လှေကားထဲကို လှမ်းဝင်လိုက်သည်။ အစကတော့ ဘေးကို လုံးဝမကြည့်ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ခဏအကြာမှာတော့ ဓာတ်လှေကားအတွင်းက မှန်ကတစ်ဆင့် ထိုလူကို မသိမသာ ခိုးကြည့်မိသွား၏။
သူ ကြည့်နေတာကို... ရိပ်မိသွားမှာ မဟုတ်ပါဘူးနော် တစ်ဖက်လူရဲ့ မျက်နှာသွင်ပြင်က ထင်ရှားပြတ်သားပြီး မျက်ခုံးတွေက နက်မှောင်ကာ နှုတ်ခမ်းလွှာတွေက အနည်းငယ် ပါးလျလျ။ အေးစက်သည့် အရှိန်အဝါနဲ့ ပေါင်းစပ်လိုက်ေတာ့ ထက်မြက်တဲ့ အသွင်အပြင်ကို ဆောင်၏။ သူ့ရဲ့ အင်္ကျီကော်လာကို အပေါ်ဆုံးအထိ ကြယ်သီးတပ်ထားပြီး နက်ကတိုင်ကို စနစ်တကျ စည်းထားတာကြောင့် ထွက်နေသည့် Adam's apple လေးကတောင် အပိုဆောင်းပြီး ဆွဲဆောင်မှုရှိနေသလိုပါပဲ။
ရှဲ့ယို့က သူ့ရဲ့ အနက်ရောင် နက်ကတိုင်ကို ညာလက်နဲ့ အနည်းငယ် လျှော့လိုက်ရင်း မှန်ထဲကတစ်ဆင့် ယွီနျန့်ရဲ့ အကြည့်တွေနဲ့ ဆုံမိသွားသည်။
"ကြည့်လို့ကောင်းလို့လား"
သူ့ရဲ့ အသံကလည်း တကယ်ကို နားဝင်ချိုတာပဲ... မဟုတ်သေးဘူး၊ ငါ ခိုးကြည့်နေတာ မိသွားပြီ!
တစ်ဖက်လူရဲ့ မျက်နှာက အမူအရာကင်းမဲ့နေပေမဲ့ စိတ်ဆိုးနေတဲ့ပုံလည်း မပေါက်တာကြောင့် ယွီနျန့်ကပဲ သေသေချာချာ ပြန်ကြည့်လိုက်ပြီး ရိုးရိုးသားသား ပြုံးပြလိုက်ကာ ချီးကျူးေပးလိုက်သည်။
"ဟုတ်ကဲ့... တကယ်ကို ကြည့်ကောင်းလို့ပါ"
ဒါပေမဲ့ တစ်ဖက်လူကို အခုလို ဗြုန်းစားကြီး စိုက်ကြည့်မိတာက ရိုင်းရာကျမှာစိုးလို့ ယွီနျန့်က ဖုန်းကိုထုတ်၊ ခေါင်းငုံ့လိုက်ပြီး စီနီယာအစ်ကိုဆီကို WeChat ကနေ စာပို့လိုက်သည်။ စာချုပ်ချုပ်ဆိုတာ အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ အချိန်ရရင် ထမင်းတူတူစားကြဖို့။
သူ့ဘေး နှစ်လှမ်းအကွာမှာ ရပ်နေသည့် ရှဲ့ယို့ကတော့ နေရခက်စွာနဲ့ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရသည်။ သူ့ရဲ့ နားရွက်ဖျားလေးတွေကတော့ အနည်းငယ် ရဲတက်နေခဲ့ပါပြီ။ တကယ်လို့သာ ချွိရှောက်ရန် ဒီနေရာမှာ ရှိနေရင်တော့ အံ့ဩတကြီးနဲ့ ခုန်ပေါက်ပြီး အော်နေ ေတာ့မှာ။
"ငါ့ရဲ့ အရှင်သခင် ရှဲ့ယို့ကြီးရာ... မင်း တကယ်ကြီး ရှက်နေတာလား!"
ရှင်းယောင်အဆောက်အအုံထဲက ထွက်လာပြီးနောက် ယွီနျန့်ဟာ သူ့ရဲ့ ရှေးဟောင်းစတိုင် စက်ဘီးလေးကို သွားထုတ်လိုက်သည်။ သူ့ရဲ့ ခြေတံရှည်ကြီးတွေကို နှင့်စက်ဘီးပေါ် ခွထိုင်လိုက်ပြီး အိမ်အပြန်လမ်းတစ်လျှောက်မှာ အစီအစဉ်တွေကို စဉ်းစားနေမိသည်။
မုန့်ယွမ်က သူ့ကို အခန်းသော့တစ်စုံ ပေးထားသည်။ အိပ်ခန်းနှစ်ခန်းပါသည့် အိမ်ရာတစ်ခုဖြစ်ပြီး ရှင်းယောင်အဆောက်အအုံနဲ့ ၁၀ မိနစ်လောက်ပဲ ဝေး၏။ စာချုပ်သက်တမ်းအတွင်းမှာ သူ အဲဒီမှာ နေလို့ရမည်။ သူ့ရဲ့ ကိုယ်ပိုင်အိမ်ကတော့ မြို့အနောက်ဘက်မှာရှိပြီး ဒီကိုလာဖို့ တစ်နာရီလောက် ကြာပြီး ဒါေတာင် ကားပိတ်တဲ့အချိန်ကို ထည့်မတွက်ရသေးဘူး။ လေ့ကျင့်ရေးက နောက် ၃ ရက်နေရင် စတော့မှာဆိုတော့ သူ အမြန်ဆုံး ပြောင်းလာဖို့တကယ်လိုအပ်၏။.
ဒီအချိန်မှာပဲ ယွီနျန့်ဟာ တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရပြီး… ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ လမ်းတစ်ဖက်ခြမ်းမှာ အနက်ရောင် Aston Martin ကားတစ်စီးက မီးနီမိနေတာကို တွေ့လိုက်ရသည်။ နောက်ခန်းမှာ ထိုင်နေတဲ့လူကို မြင်လိုက်ရတဲ့အခါ ယွီနျန့် ခဏမျှ ဆွံ့အသွားပြီးမှ ပြုံးပြလိုက်ပြီး ယဉ်ကျေးပျူငှာစွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပါတော့သည်။
ကားပြတင်းပေါက် တစ်ဝက်လောက်ချထားသည့် ကြားကနေ ရှဲ့ယို့ဟာ ယွီနျန့် ပင့်တင်ထားသည့် အင်္ကျီလက်မောင်းဖြူဖြူလေးတွေကို လှမ်းကြည့်လိုက်မိ၏။ ပြီးတော့မှ သံချေးတက်နေပြီး ဘယ်အချိန်မှာ ပျက်စီးသွားမလဲမသိေသာ စက်ဘီးစုတ်လေးဆီကို အမှတ်မထင် အကြည့်ရောက်သွားပြီးနောက် နောက်ဆုံးမှာတော့ ယွီနျန့်ရဲ့ မျက်နှာဆီကိုပဲ အကြည့်ပြန်လွှဲလိုက်မိ၏။ အေးစက်တည်ငြိမ်သည့် အမူအရာနဲ့ပဲ ခေါင်းကို ခပ်ဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
မီးနီကနေ မီးစိမ်းပြောင်းသွားတာနဲ့ ကားတန်းကြီးက ပြန်လည်ရွေ့လျားသွားပါတော့သည်။
ယွီနျန့်မှာ ပြောင်းရွှေ့စရာ ပစ္စည်းသိပ်အများကြီး မရှိပါဘူး။ ပန်းအိုးအနည်းငယ်၊ သီချင်းစာသားမှတ်စုစာအုပ်တွေထည့်ထားသည့် သေတ္တာတစ်လုံး၊ အဝတ်အစားသေတ္တာတစ်လုံးနဲ့ စာအုပ်သေတ္တာနှစ်လုံးပဲ ရှိတာပါ။ ပိုက်ဆံချွေတာသည့်အနေနဲ့ သူကိုယ်တိုင်ပဲ ခေါက်တုံ့ခေါက်ပြန် သယ်ယူနေတာကြောင့် ပစ္စည်းအားလုံးစုံဖို့ တစ်နေ့ကုန် အချိန်ပေးလိုက်ရသည်။
မုန့်ယွမ်ဆီကနေ အခန်းမှာ နေရတာ အဆင်ပြေရဲ့လားဆိုတာ လာကြည့်ချင်တယ်လို့ ဖုန်းဆက်လာတဲ့အခါမှာတော့ ယွီနျန့်က တစ်ဖက်လူဟာ သူ့ရဲ့ ပုဂ္ဂလိကနေထိုင်မှုကို အကဲခတ်ချင်တာမှန်း သိလိုက်တာကြောင့် မငြင်းခဲ့ဘူး။
နောက်တစ်နေ့ မနက်မှာတော့ မုန့်ယွမ်ဟာ ယွီနျန့်ရဲ့အိမ်ကို ရောက်လာပြီး။ သူ့ရဲ့မျက်လုံးတွေက ညိုမည်းနေပြီး စိတ်ကလည်း သိပ်မကြည်မလင်နဲ့။
"မင်းရဲ့ ရေချိုးခန်းကို ခဏလောက်သုံးပြီး မျက်နှာသစ်လို့ ရမလား ငါတစ်ညလုံး မအိပ်ရသေးဘူး၊ အသက်ကြီးလာတော့ ဒါမျိုးတွေကို သိပ်မခံနိုင်တော့ဘူး..."
မုန့်ယွမ် တစ်ညလုံး မအိပ်ရသေးဘူးဆိုတာကို ကြားတော့ ယွီနျန့်က သူဖျော်ပေးမယ့် လက်ဖက်ရည်အမျိုးအစားကို ပြောင်းလိုက်ပြီး ပြင်းပြင်းလေး တစ်အိုး ပြင်ပေးလိုက်ပါတယ်။
"ရပါတယ်ခင်ဗျာ၊ စိတ်ကြိုက်သာ သုံးပါ။"
ခွင့်ပြုချက်ရတာနဲ့ မုန့်ယွမ်ဟာ မျက်ခွံတွေ တွဲကျနေတဲ့ကြားကပဲ ရေချိုးခန်းထဲကို ဝင်သွားသည်။ ဒါပေမဲ့ တစ်မိနစ်တောင် မပြည့်ခင်မှာပဲ သူ အလောတကြီး ပြန်ထွက်လာ၏။ ယွီနျန့် လက်ထဲက လက်ဖက်ရည်အိုးကို ချလိုက်ပြီး ဘာဖြစ်တာလဲလို့ မေးဖို့ပြင်လိုက်စဉ်မှာပဲ မုန့်ယွမ်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့အရာကို တွေ့လိုက်ရသည်။
အခုအချိန်မှာတော့ မုန့်ယွမ်ရဲ့ အိပ်ချင်စိတ်နဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ အကုန်လုံး လွင့်စင်သွားပါပြီ။ သူ့ရဲ့ မျက်ဝန်းတွေက တောက်ပနေပြီး
"ဒါ... ဒါက... ယွမ်ရောက် (Yunyao) ခေတ်က နွယ်ယှက်ကြာပန်းပုံစံ ပန်းကန်ပြား မဟုတ်လား!"
ယွီနျန့်က မျက်တောင်လေး ခတ်လိုက်ပြီး
"ဒါက နွယ်ယှက်ကြာပန်းပုံစံ ပန်းကန်ပြားတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အတုကြီးပါခင်ဗျာ။ ရှေးဟောင်းပစ္စည်းဈေးမှာ ၄၂ ယွမ်တည်းနဲ့ ဝယ်လာတာပါ"
မုန့်ယွမ်က ထိုပန်းကန်ပြားလေးကို ဂရုတစိုက် ကိုင်ထားရင်း
"ငါလည်း တွေးမိသားပဲ... အတုပဲ ဖြစ်ရမယ်။ တကယ်လို့ အစစ်သာဆိုရင် ဒီပစ္စည်းရဲ့ တန်ဖိုးက ယွမ်သုံးလေးသိန်း လောက် ရှိမှာလေ။ ဒီလောက်တန်တဲ့ ပစ္စည်းကို ရေချိုးခန်းထဲမှာ ဆပ်ပြာခွက်အဖြစ် သုံးနေမှာမှ မဟုတ်တာ... ဒါပေမဲ့ ဒါက တကယ်ကို လက်ရာမြောက်တာပဲ။ ကြည့်စမ်း... ဒီအရောင်လေးက ဘယ်လောက်တောင် လှလိုက်သလဲ!"
ယွီနျန့်ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်
"ဟုတ်ကဲ့... ကျွန်တော်ကတော့ ဒါတွေကို သိပ်နားမလည်ပါဘူး၊ ကြည့်လို့လှတယ် ထင်တာနဲ့ ဝယ်လာတာပါပဲ"
မုန့်ယွမ်က ထိုပန်းကန်ပြားလေးကို ခဏမျှ စိုက်ကြည့်နေပြီးမှ ရေချိုးခန်းထဲကို ပြန်ဝင်သွားရင်း သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ ကြည့်လေလေ... အစစ်နဲ့ တူလေလေပဲ။ မင်းကတော့ ကံကောင်းတာပဲ၊ ဒီအတုက တကယ့်ကို လက်ရာမြောက်တာ!"
မျက်နှာသစ်ပြီးတဲ့နောက်မှာတော့ မုန့်ယွမ်ဟာ ပိုပြီး လန်းဆန်းတက်ကြွလာသည်။ ဆိုဖာပေါ်မှာ ထိုင်ရင်း ယွီနျန့်ရဲ့ လက်ဖက်ရည်အိုးအစုံကို သေသေချာချာ ကြည့်ပြန်၏။
"ဒီ စီလာဒွန် (Celadon) လက်ဖက်ရည်အိုးအစုံကလည်း အတုပဲလား ဒါလည်း တကယ်ကောင်းတာပဲ။ ကြည့်စမ်း... ဒီအသားက နုညံ့ပြီး ပုံစံကလည်း ခန့်ညားလိုက်တာ။ အပေါ်ယံ အရောင်တင်ဆီ ကလည်း စိမ်းမြပြီး တောက်ပနေတာပဲ။ ပန်းချီဒီဇိုင်းတွေကလည်း ကျော့ရှင်းလှပတယ်။ မင်းဖျော်ထားတဲ့ လက်ဖက်ရည်ကလည်း အနေတော်ပဲ။ အရောင်က တကယ်ကို လှတယ်"
ယွီနျန့်က မုန့်ယွမ်ကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
"အရင်က အိမ်ကလူကြီးတွေက လက်ဖက်ရည်သောက်တာ ဝါသနာပါကြပြီး လက်ဖက်ရည်သုံး ပစ္စည်းကိရိယာတွေကိုလည်း လေ့လာကြတာဆိုတော့... ကျွန်တော်လည်း ဘေးကနေ ကြည့်ရင်း သင်ယူခဲ့တာပါ"
ပြင်းပြင်းလေး ဖျော်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို သောက်ပြီးတဲ့နောက် မုန့်ယွမ်က သူ့ရဲ့ မျက်ခုံးကြားကို နှိပ်နယ်ရင်း ေပြာလာသည်။
"ငါ ဒီနေ့လာတာက မင်း ဒီမှာနေရတာ အသားကျရဲ့လားဆိုတာ လာကြည့်တာပါ"
ယွီနျန့်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မုန့်ယွမ်ပြောမယ့် စကားကို သေသေချာချာ နားထောင်နေသည်။
"ဒုတိယအချက်ကတော့ ငါ့ရဲ့ ကနဦးအစီအစဉ်ကို မင်းကို ပြောပြဖို့ပဲ။"
မုန့်ယွမ်ရဲ့ လေသံက တည်ကြည်သွားပြီး သူ့လက်ချောင်းတွေနဲ့ ဒူးကို နှစ်ချက်လောက် ပုတ်လိုက်၏။
"ဒီနှစ်ရက်အတွင်း မင်းရဲ့ အချက်အလက်တွေကို ငါ သေသေချာချာ ဖတ်ပြီးပြီ။ မင်းက ကတတ်တာမျိုး မရှိသလို၊ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဆီကနေလည်း လမ်းညွှန်မှု မခံယူဖူးသေးဘူး။ ဒါကြောင့် ဒီအချက်နှစ်ချက်ကို ငါတို့ အထူးဂရုစိုက်ရမယ်။ ငါ မင်းအတွက် ဆရာတစ်ယောက် စီစဉ်ပေးထားပြီးပြီ။ အတန်းချိန်ဇယားကိုလည်း မင်းရဲ့ Email ထဲ ပို့ထားပေးတယ်။ သေသေချာချာ ဖတ်ကြည့်ထားဦး။ အတန်းနောက်မကျစေနဲ့"
ယွီနျန့်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ
"ကျွန်တော် ကြိုးစားပြီး သင်ယူပါ့မယ်"
"မင်း တကယ် ကြိုးစားရမယ်နော်။"
မုန့်ယွမ်က လျှို့ဝှက်ချက်တစ်ခုရှိသလို ဟန်ဆောင်လိုက်ပြီး
"ငါ မင်းအတွက် အစီအစဉ်တစ်ခုမှာ နေရာတစ်ခု ရထားပြီးပြီဟေ့!"
ယွီနျန့်က လခြမ်းကွေးလေးလို မျက်ဝန်းလေးတွေနဲ့ ရယ်မောလိုက်ရင်း အသံကိုနှိမ့်ပြီး မေးလိုက်သည်။
"အဲဒါ ဘယ်လိုအစီအစဉ်မျိုးလဲဟင်"
"ခန့်မှန်းကြည့်လေ"
ယွီနျန့်ကတော့ တကယ်ကို မခန့်မှန်းနိုင်တာကြောင့်
"အစ်ကိုမုန့်ရာ... ကျွန်တော် တကယ်မသိဘူး။ ပဟေဠိ ဝှက်မနေပါနဲ့တော့၊ တိုက်ရိုက်ပဲ ပြောပြပါတော့လားခင်ဗျာ"
မုန့်ယွမ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကို မြှင့်တင်ကာ ပြုံးလိုက်သည်။
"ဟဲချိုးပိုင် ကို မင်းသိလား"
"မနှစ်က နာမည်ကြီးခဲ့တဲ့ 'ကောင်းကင်ဘုံ၏ အသံ' (Voice of Heaven) နဲ့ အရင်နှစ်က လူကြိုက်များခဲ့တဲ့ 'သဘာဝတရား၏ အသံ' (Sound of Nature) အစီအစဉ်တွေကို ဖန်တီးခဲ့တဲ့သူ မဟုတ်လားခင်ဗျာ"
ယွီနျန့်က ကြိုတင်လေ့လာထားတာကို တွေ့ရတော့ မုန့်ယွမ်က စကားအရှည်ကြီး မပြောတော့ဘူး။ သူက ပွင့်ပွင့်လင်းလင်းပဲ
"ဟုတ်တယ်။ သူက ဒီနှစ်အတွက် 'သဘာဝတရား၏ အသံ' ကို season 2 ပြင်ဆင်နေတာ။ ငါ မင်းကို အဲဒီထဲမှာ ထည့်ပေးထားတယ်"
ယွီနျန့် တကယ်ပဲ အံ့ဩသွားရ၏။ စီနီယာအစ်ကို ချီကျဲ့ ပြောပြချက်အရ မုန့်ယွမ်ဟာ ရှင်းယောင် ကုမ္ပဏီရဲ့ အဓိက အေးဂျင့်ကြီး နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကြီး ကြယ်ပွင့်အတော်များများတောင် သူ့ကိုတွေ့ရင် "အစ်ကိုမုန့်" လို့ ရိုရိုသေသေ ခေါ်ကြရတာပါ။ သူ့ရဲ့ လူရွေးစံနှုန်းက အလွန်မြင့်မားသလို သူပိုင်ဆိုင်ထားတဲ့ အခွင့်အရေး တွေကလည်း ထိပ်တန်းအဆင့်တွေချည်းပါပဲ။
"အံ့ဩသွားလား"
မုန့်ယွမ်က ဆိုဖာပေါ် မှီချလိုက်ရင်း ယွီနျန့်ကို စိုက်ကြည့်ကာ
"ငါ မင်းကို စာချုပ်ချုပ်ခဲ့တယ်ဆိုတာ အနည်းဆုံး ဒီငါးနှစ်အတွင်းမှာ ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပဲ။ မင်း အခု ဘာကိုမှ တွေးမနေနဲ့ဦး။ လေ့ကျင့်ရေးကိုပဲ အာရုံစိုက်ပါ။ ငါတို့ တစ်ဆင့်ချင်းစီ သွားကြမယ်"
ယွီနျန့်က အခြေအနေကို နားလည်သွားတာကြောင့် လက်ဖက်ရည်ပူပူလေးတစ်ခွက် ထပ်ငှဲ့ပြီး မုန့်ယွမ်ကို ကမ်းပေးလိုက်သည်။
"အစ်ကိုပြောတဲ့အတိုင်းပဲ ကျွန်တော် လုပ်ပါ့မယ်"
သူတို့နှစ်ယောက် ခဏလောက် စကားပြောဖြစ်ကြ၏။ အဲဒီနောက် မုန့်ယွမ်က မတ်တတ်ရပ်ပြီး ဧည့်ခန်းထဲမှာ လမ်းလျှောက်ကြည့်ရင်း ဝရန်တာဘက်ကို အကြည့်ရောက်သွားပြန်သည်။ ဝရန်တာမှာ ပန်းအိုးနှစ်အိုးအပြင် ယွီနျန့်က ကြက်သွန်မြိတ်တစ်အိုးတောင် စိုက်ထားတာကို တွေ့လိုက်ရတာကြောင့် သူက တအံ့တဩ မေးလိုက်သည်။
"မင်း ချက်တတ်တာလား"
"ဟုတ်ကဲ့... ရိုးရိုးရှင်းရှင်းလေးတွေတော့ လုပ်တတ်ပါတယ်။ အစ်ကိုမုန့် မြည်းစမ်းကြည့်ချင်လို့လားခင်ဗျာ"
မုန့်ယွမ်ဟာ သူ့ကိုယ်သူ လူအကဲခတ် တော်သူတစ်ယောက်လို့ ထပ်ခါထပ်ခါ ယုံကြည်ချက် ခိုင်မာသွားသည်။ အိမ်ပြောင်းလာခါစဖြစ်ပေမဲ့ အခန်းအပြင်အဆင်တွေက သေသပ်သပ်ရပ်နေသလို ကိုယ်တိုင်တောင် ချက်ပြုတ်စားသောက်နိုင်သေးတာပဲ! ဒီတစ်နှစ်ပတ်လုံး ယွီနျန့်ကို ကြည့်ရှုစောင့်ရှောက်ရမှာက တကယ်ကို အေးအေးဆေးဆေး ရှိမှာပဲ။
"ချက်ပြုတ်တတ်တာ ကောင်းတာပေါ့၊ ဒါက မင်းအတွက် အားသာချက်တစ်ခုပဲ။ မင်းရဲ့ ပုံရိပ်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ငါ မဆုံးဖြတ်ရသေးဘူး၊ အဲဒါကို စဉ်းစားကြည့်ရဦးမယ်..."
သူ ပြန်ခါနီးမှာပဲ မုန့်ယွမ်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောင့်ခဲသွားပြန်သည်။
"နေပါဦး... မင်း ကြက်သွန်မြိတ်စိုက်ထားတဲ့ ဒီပန်းအိုးက...ဒီ မက်မွန်ကိုင်းပုံစံ အပြာနဲ့အဖြူ ပန်းအိုးကလည်း အတုပဲလား"
ယွီနျန့်ကတော့ ဘာအမူအရာမှ ပျက်ယွင်းမသွားဘဲ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့... အဲဒါလည်း အတုပါပဲခင်ဗျာ။"
__________________________________________________________________
AN//
ရှဲ့ယို့ : "ဥက္ကဋ္ဌရှဲ့ဆိုတာ ဘယ်တော့မှ မရှက်တတ်ဘူးနော်!" (သူ့ကိုယ်သူ ဗြောင်လိမ်နေတာပါ)
ယွီနျန့် : "ဟုတ်ကဲ့... အဲဒါတွေအားလုံးက အတုတွေပါပဲ။" (တကယ့်ကို အတည်ပေါက်နဲ့ လိမ်နေတာပါ)
Comments
Post a Comment