အခန်း (၂၃) ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်
သို့သော် ရှဲ့ယို့တစ်ယောက် ဗီဒီယိုကို အကြိမ်ကြိမ် နောက်ပြန်ဆွဲကြည့်နေစဉ် n ကြိမ်မြောက်တွင်မူ သူ၏လက်များ ရုတ်တရက် ရပ်တန့်သွားခဲ့သည် ။ သူသည် မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်ပြီး ထူးထူးခြားခြားမဟုတ်လှသော အခန်းတစ်ခုကိုပင် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ကြည့်ရှုနေမိသည် ။
တစ်ခုခုတော့ မှားနေပြီ ။
ရှဲ့ယို့၏ရင်ထဲတွင် မတင်မကျဖြစ်လာကာ စိတ်မအေးနိုင်တော့ပေ ။ သူသည် ဖုန်းကိုကောက်ကိုင်ကာ ချွိရှောက်ရန်၏ နံပါတ်ကို ခပ်သွက်သွက်ပင် နှိပ်လိုက်သည် ။ တစ်ဖက်လူ စကားပြောသည်ကိုပင် မစောင့်တော့ဘဲ သူက အရင်ဆုံး မေးခွန်းထုတ်လိုက်သည်
"ယွီနျန့် ဘာဖြစ်တာလဲ" ။
ချွိရှောက်ရန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ဘာမှနားမလည်သည့်လေသံဖြင့် ပြန်မေးလာသည်။
"ဘာဖြစ်လို့လဲ ငါ့အစ်ကိုက နိုင်ငံခြားသွားနေတယ်။ ငါလည်း ဒီရက်ပိုင်း ကုမ္ပဏီမသွားဖြစ်ဘူး"
ရှဲ့ယို့၏ လေသံမှာ ပုံမှန်မဟုတ်သည်ကို သတိထားမိသွားသဖြင့် သူက အလျင်အမြန်ပင် ဆက်ပြောသည်။
"ရှဲ့ရှောင်ယို့... စိတ်မပူနဲ့ဦး။ ငါ အခုချက်ချင်း တစ်ယောက်ယောက်ကို မေးကြည့်လိုက်မယ်! ခဏနေရင် ပြန်ဆက်လိုက်မယ်နော်!" ။
ရှဲ့ယို့ ဖုန်းချလိုက်ပြီးနောက် ဖုန်းကို လက်ထဲတွင်ပင် ကိုင်ထားဆဲ ။ သူ၏အကြည့်များမှာ စခရင်ပေါ်ရှိ ယွီနျန့်ထံတွင်သာ ရှိနေပြီး တစ်ချက်မျှ အကြည့်မလွဲခဲ့ပေ ။ သူသာ မမှားခဲ့လျှင် ယွီနျန့်၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ပေါ်ထွက်လာသော်လည်း ၎င်းကို အပြုံးတစ်ခုဖြင့် လျင်မြန်စွာ ဖုံးကွယ်လိုက်ခြင်းဖြစ်သည် ။
မကြာမီမှာပင် ချွိရှောက်ရန်ထံမှ ဖုန်းပြန်လာသည် ။
"ဟေ့... မင်း ဘယ်လိုလုပ် သိတာလဲ ။ ယွီနျန့် တကယ်ပဲ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်" ။
ရှဲ့ယို့ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်လေးနက်သည့်လေသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ" ။
"ငါ မုန့်ယွမ်ကို တိုက်ရိုက်ဖုန်းဆက်မေးကြည့်တာ။ သူပြောတာတော့ ရှိုးရိုက်ကူးတဲ့နေ့က အစမ်းလေ့ကျင့်မှု လုပ်နေတုန်းမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့သူတစ်ယောက်က ယွီနျန့် ခြေလှမ်းမယ့် စင်ပေါ်မှာ ရေတွေ လာဖြန်းထားခဲ့တယ်တဲ့။ ယွီနျန့်က ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာပေါ့။ မူလကတော့ ယွီနျန့်ရဲ့ ဒူးတွေက မြေကြီးနဲ့ အရှိန်ပြင်းပြင်း တိုက်မိနိုင်တယ်။ ဒါပေမဲ့ သူက ပါးနပ်တော့ ဒူးကိုမထိအောင် ရှောင်လိုက်နိုင်လို့ ခြေကျင်းဝတ်ပဲ ခေါက်သွားခဲ့တာတဲ့" ။
ရှဲ့ယို့၏ လေသံမှာ ပိုမိုနှေးကွေးသွားပြီး
"လေ့ကျင့်တဲ့အချိန်မှာတဲ့လား" ။
"အေးလေ။ လေ့ကျင့်နေတုန်းကပေါ့! နောက်တော့ မုန့်ယွမ်က သူ့ကို ဆေးရုံကို ကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်။ သိပ်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ နျန့်နျန့်က အရာအားလုံးကို အံကြိတ်ခံပြီး ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ ဒဏ်ရာရနေတဲ့ ခြေထောက်နဲ့ပဲ ကပြသွားခဲ့တာ"
ချွိရှောက်ရန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆက်ပြောသည် ။
"သူက သီချင်းတစ်ပုဒ်စာ ကပြခဲ့တာလေ။ အားလုံးကို အောင်အောင်မြင်မြင် အံကြိတ်ခံသွားနိုင်ခဲ့တယ်။ ငါတောင် တွေးကြည့်ရင်းနဲ့ နာလာလိုက်တာ!" ။
သေချာပေါက် နာကျင်နေလိမ့်မည် ။ ရှဲ့ယို့သည် ထိုအခန်းကို မျက်တောင်မခတ်တမ်း ထပ်မံကြည့်ရှုနေမိသည် ။ နာကျင်မှုက မခံမရပ်နိုင်လောက်အောင် ပြင်းထန်နေသဖြင့် သူ၏အမူအရာမှာ တစ်စက္ကန့်မျှ ဟာကွက်ပေါ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။
"ဟေ့ ရှဲ့ရှောင်ယို့၊ မင်း နားထောင်နေရဲ့လား" ။
"နားထောင်နေတယ်။"
ရှဲ့ယို့၏ အသံမှာ အနည်းငယ် အက်ရှသွားပြီး
"အဲဒီလူကို ဖမ်းမိပြီလား" ။
"ရတော့မှာပါ။ အစီအစဉ်အဖွဲ့ကတော့ သူတို့ သေချာပေါက် ရှင်းပြမယ်လို့ ပြောထားတယ်" ။
ဖုန်းချလိုက်ပြီးနောက် ရှဲ့ယို့မှာ စက္ကန့်အနည်းငယ်မျှ မလှုပ်မယှက် ရှိနေခဲ့သည် ။ ခဏအကြာတွင် သူသည် မက်ဆေ့ချ်ဘောက်ကို ဖွင့်လိုက်ပြီး သူ၏လက်ချောင်းများမှာ စခရင်ပေါ်ရှိ ခလုတ်များပေါ်တွင် အကြာကြီး ဝဲနေခဲ့သော်လည်း အဆုံးအထိ နှိပ်မချနိုင်ခဲ့ပေ ။
လောလောဆယ်တွင် သူ ဤသို့ မလုပ်ဆောင်နိုင်သေး ။
ရှဲ့ယို့၏ မျက်ဝန်းများတွင် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် ပိုမိုနက်ရှိုင်းသော အေးစက်မှုများဖြင့် အစားထိုးဝင်ရောက်လာသည် ။ သူသည် ဖုန်းကိုကိုင်ကာ အစီအစဉ်ကို ဆက်လက်ကြည့်ရှုနေမိသည် ။
ထိုမြင်ကွင်းတွင် ယွီနျန့်၏ အမူအရာကို သေသေချာချာ မမြင်ရတော့ပေ ။ သူသည် နားနေဆောင်ရှိ ဆိုဖာပေါ်တွင် ထိုင်ကာ မဲရလဒ်များကို စောင့်ဆိုင်းနေပြီး ဘေးရှိ ရှမင်းရှီးကိုလည်း တစ်ချက်တစ်ချက် စကားလှမ်းပြောရင်း ပေါ့ပေါ့ပါးပါး ပြုံးနေသည် ။ ခပ်လှမ်းလှမ်းမှ ရိုက်ကူးထားသော အခန်းတွင် ယွီနျန့်သည် အနက်ရောင် သားရေဖိနပ်များကို ချွတ်ကာ အရောင်ဖျော့ဖျော့ ဖိနပ်အပါးများကို ပြောင်းစီးထားသည်ကို မြင်တွေ့ရသည် ။ ကြည့်ရှုသူအများအပြားကလည်း ၎င်းကို သတိပြုမိသွားကြပြီး တိုက်ရိုက်မှတ်ချက်များတွင် ဆွေးနွေးစရာ အချက်အလက်တစ်ခု ဖြစ်လာတော့သည် ။
[ယွီနျန့်က ဘာလို့ ဖိနပ်အပါး ပြောင်းစီးထားတာလဲ ။ နားနေခန်းထဲမှာ ဆိုပေမဲ့လည်း ဒီလောက်အထိတော့ ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး မဟုတ်လား]
[သားရေဖိနပ်က ခြေထောက်နာလို့ ဖြစ်မှာပေါ့။ တကယ်ကို နုနွဲ့လွန်းတာပဲ!]
[ဟားဟား၊ အခုမှ ပွဲဦးထွက်တာကို မာန်တက်နေတာလား]
[တစ်ခုခုတော့ အကြောင်းပြချက် ရှိမှာပါ၊ ဟုတ်တယ်မလား]
တစ်ချိန်တည်းမှာပင် မုန့်ယွမ်က ယွီနျန့်ထံ ဖုန်းဆက်နေသည် ။
"ငါ သတင်းထုတ်ပြန်ချက်တွေ ပို့လိုက်ပြီး အခြေအနေကို ပြန်လှည့်ဖို့ ပိုက်ဆံတွေ အများကြီး သုံးလိုက်ရတယ်! တောက်... စိတ်ဓာတ်ညံ့တဲ့ Antifan တချို့က မင်းကို နုနွဲ့လွန်းတယ်။ မာန်တက်နေတယ်ဆိုပြီး လျှောက်ပြောနေကြတာ တကယ်ကို ခေါင်းခဲစရာပဲ! သူတို့တွေ တိုက်ရိုက်မှတ်ချက်တွေမှာ ရန်ဖြစ်ကြတာက ထားပါဦး။ မင်းရဲ့ Weibo အထိပါ လာပြီး ဆက်ရန်ဖြစ်နေကြတာ! သူတို့တွေ အဲဒီလောက်တောင် အားနေကြတာလား"
ယွီနျန့်က မုန့်ယွမ်ကို ပြန်လည်ဖျောင်းဖျလိုက်သည် ။
"သူတို့ အလွန်ဆုံးလုပ်နိုင်တာက အင်တာနက်ပေါ်မှာ ရန်ဖြစ်ရုံပါပဲ။ ကျွန်တော့်ရှေ့အထိ လာပြီး ခြောက်လှန့်နိုင်ကြတာမှ မဟုတ်တာ"
မုန့်ယွမ်က ဒေါသကို မနည်းထိန်းထားရင်း နှာခေါင်းတစ်ချက်ရှုံ့ကာ ဆိုသည်။
"အခုလောလောဆယ်တော့ သူတို့ပြောသမျှ လွှတ်ထားလိုက်ပါဦး။ မင်းကို နုနွဲ့လွန်းတယ်။ မာန်တက်နေတယ်လို့ သူတို့က ပိုပြောလေလေ နောက်မှ သူတို့မျက်နှာတွေ ပိုပြီး အရှက်ရလေလေ ဖြစ်မှာပဲ!"
သူက ခေတ္တမျှ အသက်အောင့်ထားပြီးမှ "ခုနတင်ပဲ လောင်ဟဲ ငါ့ဆီ ဖုန်းဆက်လာတယ်" ဟု ဆက်ပြောသည်။
ယွီနျန့်က အခြေအနေကို ရိပ်မိသွားပြီး "အဖြေရပြီလားခင်ဗျာ" ဟု မေးလိုက်သည်။
"ဘာအဖြေမှ မဟုတ်ပါဘူးကွာ!"
မုန့်ယွမ်၏ အသံမှာ နှစ်ဆလောက် ပိုကျယ်သွားသည်။
"သူတို့ စစ်ဆေးကြည့်တော့ နောက်ဆုံးကျမှ ဝေယျာဝစ္စလုပ်တဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ပေါ့ဆမှုပါတဲ့။ လေ့ကျင့်မှု ခေတ္တနားတဲ့ နှစ်မိနစ်အတွင်းမှာ သူက စင်ပေါ်တက်ပြီး သန့်ရှင်းရေးလုပ်ရင်း တာဝါကို သေချာမညှစ်ခဲ့လို့ ရေတွေ ကျန်ခဲ့တာတဲ့။ တောက်... ဒါက လက်ခံနိုင်စရာလား"
ယွီနျန့်က အကြည့်ကို နှိမ့်ချလိုက်ပြီး အောက်ကိုသာ စိုက်ကြည့်နေမိသည်။
"ဒါပေမဲ့ ရိုက်ကူးရေးကွင်းမှာ လူတွေ အများကြီးရှိနေပြီး အားလုံးလည်း အလုပ်ရှုပ်နေကြတာပဲ၊ စောင့်ကြည့်ကင်မရာလည်း မရှိတော့ ဒါက တမင်လုပ်တာလား။ မတော်တဆလားဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်ဘူး မဟုတ်လား"
"ဟုတ်တယ်" မုန့်ယွမ်၏ လေသံမှာ ခက်ထန်နေသည်။
"ငါလည်း လောင်ဟဲဆီ သွားပြီး ရှင်းပြချက်ပေးဖို့ အတင်းအကျပ် သွားမတောင်းဆိုနိုင်သလို သူလည်း ဘာမှ မတတ်နိုင်ဘူးလေ"
ယွီနျန့် တိတ်ဆိတ်နေသည်ကို မြင်သောအခါ မုန့်ယွမ်က ဆက်ပြောပြသည်။
"အစီအစဉ်အဖွဲ့က ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်ပေးလိမ့်မယ်။ ဆေးကုသစရိတ်ကိုလည်း နှစ်ဆ လျော်ကြေးပေးမယ်တဲ့။ ပြီးတော့ ငါတို့ တောင်းဆိုသမျှကိုလည်း သူတို့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်လို့ ပြောတယ်"
ယွီနျန့်သည် ၎င်းမှာ ရရှိနိုင်သမျှ အကောင်းဆုံးရလဒ်ဖြစ်ကြောင်း နားလည်လိုက်သည်။ ဤသို့ဖြစ်လာရန် မုန့်ယွမ်၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်များကလည်း များစွာ အထောက်အကူပြုခဲ့ပေလိမ့်မည်။ အဆုံးတွင်တော့ သူသည် ဤအနုပညာလောကထဲ၌ နာမည်လေး နည်းနည်းရလာတဲ့ လူသစ်တစ်ယောက်ထက် မပိုသေး။
"အစ်ကိုမုန့်... ဒီလိုရလဒ်မျိုး ရဖို့ဆိုတာ မလွယ်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
ယွီနျန့်က တည်ငြိမ်သောလေသံဖြင့် ဆိုသည်။
"နောက်ဆိုရင် ကျွန်တော် ပိုပြီး သတိထားပါ့မယ်"
ယွီနျန့်၏ စကားကို ကြားသည်နှင့် မုန့်ယွမ်မှာ ယွီနျန့် နားလည်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤကလေးငယ်မှာ အလွန်ပင် အလိုက်သိလွန်းလှသဖြင့် သူ၏ စိတ်နေစိတ်ထားက ကြည့်ရသူများကို ပို၍ပင် စိတ်မကောင်းဖြစ်စေသည်။ မုန့်ယွမ်က သက်ပြင်းချလျက်
"ဒီကိစ္စ ပေါ်လာပြီး အစီအစဉ်အဖွဲ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်ရင် မင်းရဲ့ ပုံရိပ်က ပိုပြီး ကောင်းလာလိမ့်မယ်။ အခုတော့ အနားယူလိုက်။ ဒီလို အသေးအဖွဲကိစ္စတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေနဲ့ဦး" ဟု ဆိုကာ ခါးသက်သက် ပြုံးလိုက်သည်။
"ငါ အမြဲပြောသလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် အထိခိုက်မခံပါနဲ့"
"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ အစ်ကိုမုန့်ရာ။ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာကို ရှောင်လို့ရပေမဲ့ ကွယ်ရာက လုပ်ကြံတာကိုတော့ ကာကွယ်ဖို့ ခက်တယ် မဟုတ်လား"
ထိုစကားကို ကြားသောအခါ မုန့်ယွမ်မှာ ယွီနျန့်ကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့သဖြင့် အရင်ကထက် ပို၍ပင် အားနာစိတ် ဖြစ်သွားရသည်။ သူသည် ယွီနျန့်အပေါ် ကျရောက်လာမည့် ဖိအားများကိုလည်း စိုးရိမ်မိသဖြင့်
"ဘာပဲဖြစ်ဖြစ် ငါတို့ နံပါတ်တစ်တွေ ဆက်တိုက် ရခဲ့တာပဲ။ နောက်ပွဲမှာ ဒုတိယတို့၊ တတိယတို့ ရလည်း ကိစ္စမရှိပါဘူး။ အဓိကက မင်းရဲ့ ခြေထောက်ကို ဂရုစိုက်ဖို့ပဲ။ လျှောက်ရမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်လေ" ဟု ဆိုလာသည်။
ယွီနျန့်သည် မျက်တောင်များကို နှိမ့်ချလိုက်ပြီး ဖြေလျော့သော အမူအရာဖြင့် ပြုံးလိုက်သည်။
"ကျွန်တော် ကလို့မရပေမဲ့ အသံတော့ ရှိသေးတယ်လေ။ တကယ်လို့ သူတို့က ကျွန်တော့်ကို နံပါတ်တစ် မရစေချင်ဘူးဆိုရင်တော့ ကျွန်တော့်ကို အသံဆိတ်သွားအောင် အဆိပ်ခတ်ဖို့ နည်းလမ်းပဲ ရှာရတော့မယ် ထင်တယ်"
မုန့်ယွမ်မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ရယ်မောလိုက်ရာ သူ၏ရင်ထဲမှ မကျေမနပ်ဖြစ်မှုများမှာ အတော်အတန် လျော့ပါးသွားခဲ့သည်။
"ဟုတ်သားပဲ၊ ငါတို့ကပဲ ပထမနေရာကို ယူရမှာပေါ့။ ဘယ်သူ့ကိုမှ လာလုခွင့်ပေးလို့ မဖြစ်ဘူး"
မုန့်ယွမ်နှင့် ဖုန်းပြောပြီးပြီးချင်းမှာပင် ယွီနျန့်၏ဖုန်းတစ်ကောလာသည်။ စခရင်ပေါ်တွင် ပေါ်လာသော အမည်ကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကို ဖြေကြားလိုက်သည်။
"ဦးလေးရုံလားဟင်"
"ညဉ့်နက်နေပြီပဲ။ ဦးလေး ဖုန်းဆက်တာ မင်းအိပ်ရေးပျက်သွားလား"
"မဟုတ်တာ၊ ကျွန်တော် မအိပ်ရသေးပါဘူး။ ဦးလေးတို့ဘက်မှာတော့ အခု မွန်းလွဲပိုင်းပဲ ရှိသေးတယ် မဟုတ်လား" ဟု အလျင်အမြန် ပြန်ဖြေကာ စိုးရိမ်တကြီးဖြင့်
"...အောင်မြင်ခဲ့ရဲ့လားဟင်" ဟု ထပ်မံမေးမြန်းလိုက်သည်။
ရုံယွဲ့မှာ ယွီနျန့် ရက်အတော်ကြာ စိုးရိမ်နေခဲ့သည်ကို သိထားသဖြင့် သူ့ကို အကြာကြီး မစောင့်ခိုင်းတော့ဘဲ
"အဆင်ပြေပြေနဲ့ အောင်မြင်ခဲ့ပါတယ် ။ ဥရောပက စုဆောင်းသူတစ်ယောက်နဲ့ သုံးကြိမ်လောက် အပြိုင်လေလံဆွဲပြီးနောက် သူက လက်လျှော့သွားလို့ ဦးလေးက ဆွဲယူနိုင်ခဲ့တာပါ ။ လုပ်ထုံးလုပ်နည်းတွေလည်း အားလုံးပြီးသွားပြီဆိုတော့ မကြာခင်မှာပဲ ယူညောင်မင်ကျောက်စိမ်း ဝိုင်အိုးကို တရုတ်နိုင်ငံဆီ ပြန်ယူလာနိုင်တော့မယ် "
ပြန်ယူလာနိုင်တော့မည်။
ယွီနျန့်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အတန်ကြာမှ
"ဦးလေးရုံ... ကျေးဇူးအများကြီး တင်ပါတယ်" ဟု အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"အို... မင်းရဲ့အသံကို နားထောင်ရတာ ရှောင်နျန့်နျန့်လေး ငိုတော့မလို့လား။ နေပါဦး၊ ဦးလေး မင်းငိုတာ မမြင်ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ"
ယွီနျန့်က နှာတစ်ချက်ရှုံ့လိုက်ပြီး "ကျွန်တော် မငိုပါဘူး၊ တကယ် မငိုပါဘူး" ဟု ပြုံးလျက် ပြန်ငြင်းလိုက်သည်။
"တကယ်လို့ မင်း ငိုချင်တယ်ဆိုရင်လည်း ဦးလေးက မကြားချင်ယောင် ဆောင်ပေးလို့ရပါတယ်"
ရုံယွဲ့က တစ်ခုခုကို သတိရသွားဟန်ဖြင့် နူးညံ့သောလေသံဖြင့် ဆက်ပြောသည်။
"ဆရာနဲ့ ဆရာကတော်တို့ မကွယ်လွန်ခင်က မင်းအတွက် အစိုးရိမ်ဆုံးပဲ ။ မင်းက အပြင်ပန်းမှာ ဘာကိုမှ ဂရုမစိုက်သလို နေတတ်ပေမဲ့ တကယ်တမ်းမှာတော့ အရမ်းခေါင်းမာတယ်လို့ သူတို့က ပြောကြတယ် ။ ပြီးတော့ မင်း တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီဆိုရင် ဘယ်လောက်ပဲ ခက်ခဲပါစေ ဖြစ်အောင်လုပ်တတ်တာကိုး ။ အဲဒါကြောင့် မင်းကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ ဦးလေးတို့ကို အဖန်တလဲလဲ မှာသွားခဲ့ကြတာပေါ့ "။
ယွီနျန့်သည် ခေါင်းအုံးကို မှီလိုက်ပြီး
"အင်း... ဘွားဘွားက အမြဲတမ်း စိတ်ပူတတ်တာပဲ" ဟု တိုးတိုးလေး ဆိုလိုက်သည်။
သူ၏အဘိုးက တစ်ခါက ပြောခဲ့ဖူးသည်ကို သူ မှတ်မိနေသည်။ သူတို့နှစ်ဦးမှာ နှစ်တစ်ရာတိုင်အောင် လက်တွဲရန် သစ္စာပြုထားခဲ့ကြပြီး၊ အကယ်၍ တစ်ဦးဦးက အသက်ကိုးဆယ့်ခုနစ်နှစ်တွင် အရင်ကွယ်လွန်သွားပါက ကျန်ရစ်သူကို သုံးနှစ်တိုင်အောင် စောင့်နေမည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ယခုအချိန်ဆိုလျှင် သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့နေကြလောက်ပြီ။
ဖုန်းထဲမှ ရုံယွဲ့က ပြုံးလျက်
"ဒါတွေကို ဆက်မပြောတော့ပါဘူး။ မဟုတ်ရင် ဖုန်းချပြီးတာနဲ့ မင်း ကုတင်ပေါ်မှာ တစ်ယောက်တည်း ပုန်းပြီး ငိုနေဦးမယ် ။ ဦးလေး မနက်ဖြန် တရုတ်နိုင်ငံကို ပြန်လာမှာ> အဲဒီအခါကျရင် ယူညောင်မင်ကျောက်စိမ်း ဝိုင်အိုးကို အိမ်တော်ဆီကို ကိုယ်တိုင်လာပို့ပေးမယ် "
ဤတစ်ကြိမ်တွင်တော့ မုန့်ယွမ်၏ လုပ်ဆောင်ချက်များမှာ အလွန်လျင်မြန်လှသည်။ အစီအစဉ် ပြီးဆုံးပြီး မကြာမီမှာပင် သူသည် သတင်းများကို အရှိန်အဟုန် မြှင့်တင်လိုက်သည်။ 'သဘာဝတရား၏ အသံ' အစီအစဉ်အဖွဲ့ကလည်း ယွီနျန့်၏ အခြေအနေကို အသေးစိတ် ရှင်းလင်းသည့် ထုတ်ပြန်ချက်တစ်စောင်ကို အလျင်အမြန် ထုတ်ပြန်ပေးခဲ့သည်။ ထို့အပြင် ယွီနျန့် စင်ပေါ်မှ ဆင်းလာစဉ် ချိုင်းထောက်ကို ကိုင်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း Weibo ပေါ်တွင် တင်ခဲ့သည်။
ထုတ်ပြန်ချက်ထွက်လာပြီး နာရီဝက်ပင် မပြည့်မီမှာပင် မှတ်ချက်ပေးသည့် နေရာတွင် ပရိသတ်များ၏ စကားသံများဖြင့် ပြည့်နှက်သွားတော့သည်။
[နျန့်နျန့်ရဲ့ ပြိုင်ပွဲက မြင်ကွင်းအားလုံးကို ငါ ပြန်ကြည့်ခဲ့တယ် ။ အစကတော့ အင်္ကျီမပြဲလို့ သဘောကျပြီး ရယ်နေခဲ့တာ၊ အခုတော့ မျက်ရည်တွေတောင် မထိန်းနိုင်တော့ဘူး! ခြောက်မိနစ်ကျော်လောက် ကြာတာလေ! ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ မတွေးရဲစရာပဲ! သူ ဘယ်လိုမျိုး အံကြိတ်ခံပြီး ကပြသွားခဲ့တာလဲ]
[စိတ်မကောင်းဖြစ်လိုက်တာမှ ရင်ကွဲမတတ်ပဲ! ငါ့ရဲ့ သူငယ်ချင်းအရင်းကို အဲဒီဗီဒီယိုပြပြီး ဒါ ခြေထောက်နာနေတဲ့သူတစ်ယောက် သီချင်းဆို ကခုန်နေတာလေ သိသာလားလို့ မေးကြည့်တယ် ။ သူ သုံးခေါက်တောင် ပြန်ကြည့်ပေမဲ့ လုံးဝမသိသာဘူးတဲ့ ။ နောက်ဆိုရင် အစီအစဉ်အဖွဲ့အနေနဲ့ အသေးစိတ်ကိစ္စတွေကို ပိုပြီး ဂရုစိုက်ပေးဖို့ပဲ မျှော်လင့်ပါတယ် ။ သူ ဒဏ်ရာရထားတာကို မြင်ရတာ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်!]
ပရိသတ်များ၏ မှတ်ချက်များမှာလည်း တရစပ် တက်လာခဲ့သည်။
[တောက်... ယွီနျန့်ကို နုနွဲ့တယ်။ မာန်တက်တယ်လို့ ပြောနေတဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ မာန်တက်တဲ့သူက ခြေထောက်ဒဏ်ရာရနေတာကို ဘာမှမဖြစ်သလိုမျိုး တစ်ပွဲလုံး သီဆိုကပြနိုင်ပါ့မလား ။ နုနွဲ့တဲ့သူက ဒီလောက်အထိ ပြီးပြည့်စုံအောင် အသံတစ်ချက်တောင် မတုန်စေဘဲ သီဆိုနိုင်ပါ့မလား ။ကကွက်တစ်ခုတောင် မမှားခဲ့ဘူးနော်။ အမှားရှိရင် ထောက်ပြကြည့်ကြပါဦး! ငိုချင်လာပြီ။ နျန့်နျန့်က တကယ်ကို အလုပ်အပေါ် စိတ်နှစ်ထားတာပဲ!]
[သူ့နဖူးက ချွေးတွေကို ကခုန်လို့ ထွက်လာတာပဲလို့ ထင်ခဲ့တာ။ အခုမှ နာကျင်လွန်းလို့ ထွက်လာတဲ့ ချွေးတွေမှန်း သိတော့တယ် QAQ။ ဒီတိုင်း စောင့်ကြည့်နေတဲ့သူကနေ အခုတော့ အမာခံပရိသတ် ဖြစ်သွားပါပြီ။ သူက တကယ့်ကို တော်တဲ့ အဆိုတော်ပါပဲ!]
ရုံးခန်းထဲတွင် ရှဲ့ယို့သည် ချွိရှောက်ရန်ထံမှ ဖုန်းကို ချလိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိပေ။
"သူတို့ ရှာမတွေ့ဘူးဆိုရင် ငါကိုယ်တိုင် ရှာမယ်။ သတိထားပါ၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ လုပ်ပါ"
ဘေးတွင် စောင့်ဆိုင်းနေသော အထူးလက်ထောက် ချင်ကလည်း "နားလည်ပါပြီ" ဟု ခေါင်းညိတ်ပြသည်။
အတန်ကြာအောင် ငြိမ်သက်စွာ ထိုင်နေပြီးနောက် ရှဲ့ယို့သည် ထရပ်ကာ ကားသော့ကိုယူ၍ အပြင်သို့ ထွက်လာခဲ့သည်။ အထူးလက်ထောက် ချင်က “သခင်လေး" ဟု လှမ်းခေါ်သော်လည်း ရှဲ့ယို့က
"ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ဟုသာ တုံ့ပြန်ခဲ့သည်။
ရှဲ့ယို့သည် သူ သိပ်မသုံးလေ့ရှိသော ကားတစ်စီးကို မောင်းထုတ်လာပြီး မြို့ကိုပတ်ကာ မောင်းနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ယွီနျန့်နေထိုင်ရာ ရပ်ကွက်အပြင်ဘက် လမ်းဘေးတွင် ရပ်တန့်လိုက်သည်။
ယခုအခါ စက်တင်ဘာလကုန်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ လေအဝှေ့မှာ သစ်ရွက်များ လွင့်ပါးနေကြလျက်။ ရှဲ့ယို့သည် ကားအင်ဂျင်ကို သတ်လိုက်ပြီး ဖုန်းကိုကိုင်ကာ ကားမှန်မှတစ်ဆင့် ယွီနျန့်၏ ပြတင်းပေါက်ရှိရာ နေရာကို လှမ်းကြည့်နေမိသည်။
ပြတင်းပေါက်မှ မီးရောင်မှာ လင်းနေဆဲဖြစ်ရာ သူ အိပ်ပျော်ဦးမည် မဟုတ်ပေ။ သူ အခု ဘာလုပ်နေမလဲ နာကျင်လွန်းလို့ အိပ်မရတာလား စိတ်ရော မကောင်းဖြစ်နေမလား ရှဲ့ယို့သည် သတင်းတစ်ခု လက်ခံရရှိသည့် အချိန်၊ သန်းခေါင်ယံတိုင်အောင် ထိုနေရာတွင် ထိုင်နေခဲ့သည်။
"ရှာတွေ့ပြီ"
ရှာဖွေတွေ့ရှိထားသည်များကို သေသေချာချာ ဖတ်ရှုပြီးနောက် ရှဲ့ယို့သည် အတန်ကြာ စဉ်းစားကာ ၎င်းတို့ကို ယွီနျန့်ထံသို့ Forwardလိုက်သည်။ ထို့နောက်တွင်တော့
[ဒါကို ဆုံးဖြတ်ဖို့က မင်းအပေါ်မှာပဲ မူတည်ပါတယ်]
ဟု မက်ဆေ့ချ် ပေးပို့လိုက်သည်။
______________________________________________________________________
TN // ငယ်ငယ် လေး တွေနဲ့ ဒုက္ခ တွေ များလိုက်တာ။ ကလေးက ခုမှ 20 ၊ စတက်ခါစလေးမှာ ဦးဝိုင်းချိုးကြတာ။ ဒီတစ်ခါ လည်း ဘယ်သူ ယုတ်တယ် ထင်လဲ။
သူ့ အခင်ဆုံး သူငယ်ချင်း ပြိုင်ဖက်ကရော စိတ်ချရပါ့အလား
ReplyDelete