Skip to main content

28



အပိုင်း (၂၈)

ချန်ကျန့်၏ စိတ်ထဲတွင် ရှုပ်ထွေးနေဆဲပင်။ တစ်လမ်းလုံး အိပ်ပျော်လာခဲ့မိသည့်အတွက် ရှန်ယွီ၏မျက်နှာပေါ်က နီမြန်းဖောင်းအစ်နေတဲ့ လက်ဝါးရာအတွက် သဘာဝကျတဲ့ အကြောင်းပြချက်တစ်ခု ကြိုတင်မစဉ်းစားထားမိတာကို သူ နောင်တရနေမိသည်။

ဂိမ်းဆိုင်မှာ အရုပ်ကောက်စက်ကို ဝှီးချဲနဲ့ ဝင်တိုက်မိလို့ လုံခြုံရေးဝန်ထမ်းက ရိုက်လိုက်တာမျိုးဆိုရင်ကော။

“သူကလေ...”

ဆန်းပင်း၏ အတင်းအဖျင်း စပ်စုချင်စိတ် ပြည့်နှက်နေသော မျက်လုံးများကြောင့် ချန်ကျန့်မှာ အနေရခက်လှသည်။ ထိုပါးရိုက်ချက်ကို သူကိုယ်တိုင် ပေးလိုက်ခြင်းဖြစ်ကြောင်း ဆန်းပင်းက အချိန်မရွေး ခန့်မှန်းမိသွားတော့မည့်အတိုင်း ခံစားနေရသည်။

သူက ဟို “ဝှီးချဲနဲ့ အရုပ်နှိုက်စက် တိုက်မိတဲ့” အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေကို ပေးတော့မည့်အချိန်မှာပင် ဟူဖန်က ဂိုဒေါင်တံခါးဝကနေ ခေါင်းပြူကြည့်လာပြီး သူ့ကို ကယ်တင်လိုက်သည်။

“ဟေး... ရှင်တို့ အရုပ်နှိုက်စက် သွားဆော့ကြတာလား”

ပြီးတော့ စက်ကိုပါ ဝင်တိုက်ခဲ့သေးတာလေ။

“ဟုတ်တယ်”

ချန်ကျန့် အမြန်ပင် ပြန်ဖြေလိုက်ရင်း၊ စိတ်ကြည်လင်သွားအောင် ဂိုဒေါင်ထဲကနေ အပြင်ကို ထွက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

“အိတ်အသေးလေး တစ်အိတ်ပဲ ရလာတာလား။ ရှောင်သိုအာ အတွက်လား” ဟူဖန်က မေးသည်။

“အင်း... ပြီးတော့... မုန့်နှစ်ထုပ်ပါသေးတယ်” ချန်ကျန့် ကားပေါ်က ယူလာတဲ့ အိတ်ကို ဖွင့်ပြလိုက်သည်။

“မာရှမယ်လိုထုပ်နဲ့ ဒီ ပြောင်းဖူးပေါက်ပေါက်ထုပ်လေ”

သနားစရာကောင်းလှသော ရလဒ်ကြောင့် ဟူဖန်နှင့် ဆန်းပင်းတို့မှာ တစ်ပြိုင်နက်တည်း အားရပါးရ ရယ်မောကြလေတော့သည်။

“အို... ဘုရားရေ၊ ကျွန်မ ခြေထောက်နဲ့ နှိုက်ရင်တောင် ဒါထက် ပိုရဦးမယ်” ဟူဖန်က ရယ်မောရင်း အော်ပြောသည်။

“ရှင်တို့ နှစ်ယောက်မှာ ဘာအရည်အချင်းတွေ ရှိကြတာလဲ!”

“ဘော့စ်ရှန်က ခြေထောက်တစ်ဖက်တည်းနဲ့ ဆိုတော့လည်း ခက်မှာပေါ့” ဟု လောင်ဝူက ဝင်ပြောသည်။

“ဆန်းပင်း... မင်းတို့အဖွဲ့ရဲ့ IQ က တစ်ရာထဲက နှစ်ဆယ် လောက်ပဲ ရှိတယ်လို့ ငါ မပြောဖူးဘူးလား”

ဟူဖန်က ရယ်လွန်းလို့ အသက်ရှူတောင် မှားချင်နေသည်။ ဆန်းပင်းကတော့ သက်ပြင်းသာ ချလိုက်မိတော့သည်။ ချန်ကျန့်မှာ စိတ်အေးသွားရပြီး ဟူဖန်ကို လက်ဆောင်ဗူး လှမ်းပေးလိုက်သည်

“မင်း ဝယ်ခိုင်းထားတာလေ”

“ကျွန်မ ပေးလိုက်တဲ့ ပိုက်ဆံကော လောက်ရဲ့လား။ ထပ်ပေးဖို့ လိုသေးလား” ဟူဖန် လက်ဆောင်ဗူးကို ယူရင်း အံ့သြတကြီး အော်လိုက်သည်။

“ဝါး... တအား လှတာပဲ!”

“ပိုက်ဆံကတော့ ကွက်တိပါပဲ။ လက်ဆောင်ဗူးကတော့... ဘော့စ်ရှန်က တမင် ထုပ်ခိုင်းလိုက်တာ”

ဟူဖန်က ဖုန်းဖြင့် ဓာတ်ပုံရိုက်ရင်း ဗူးကို ဖြည်ကြည့်နေသည်။

“ဘော့စ်ရှန်ကတော့ ကျွန်မအကြိုက်ကို တကယ် သိတာပဲ ။ တအား ပျော်တာပဲ!”

ချန်ကျန့်သည် ကျောက်ကျဲကိုလည်း သူမ ဝယ်ခိုင်းသည့် မုန့်အိတ် ပေးလိုက်သည် “ကျောက်ကျဲ... ဒါတွေ ဟုတ်လား ကြည့်လိုက်ပါဦး”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျေးဇူးပဲနော်”

ကျောက်ကျဲက မကြည့်ဘဲ ခေါင်းညိတ်ပြပြီး ဘောင်ချာထဲမှာ ဈေးနှုန်း ဘယ်လောက်လဲ ရှာကြည့်နေသည်။

“ဘယ်လောက်ကျလဲ ကြည့်ပါဦး၊ ခဏနေရင် ပိုက်ဆံ ပြန်ပေးမယ်နော်”

“အများကြီး မဟုတ်ပါဘူး၊ အေးဆေးပါ”

“တောက်!” ဆန်းပင်းနှင့် လောင်ဝူတို့က ဘေးမှာ ထိုင်နေရင်း ဆိုကြသည်။

“ဒီလိုမှန်း သိရင် ငါတို့လည်း တစ်ခုခု ဝယ်ခိုင်းလိုက်ပါတယ်ဗျာ။ အခုတော့ ခရီးသွားပြီး အပြန်မှာ လက်ဆောင်တွေ ဝေနေသလိုပဲ၊ ငါတို့ နှစ်ယောက်ပဲ ဘာမှ မရဘူး”

ချန်ကျန့် အိတ်ထဲကို ပြန်နှိုက်ပြီး နေ့လယ်က ပါဆယ်ထုတ်လာတဲ့ အမဲသားအိုးကို သူတို့ရှေ့က စားပွဲပေါ် တင်ပေးလိုက်သည်။

“ရော့... ဒါက မင်းတို့အတွက် ညနေစာ အဆာပြေပေါ့”

ယူလာတဲ့ ပစ္စည်းတွေ အကုန် နေရာချပြီးနောက်မှာတော့ ချန်ကျန့်သည် စိတ်အေးလက်အေး နားနိုင်ဖို့အတွက် အပေါ်ထပ်က ဝန်ထမ်းအိပ်ဆောင်ကို သွားဖို့ ပြင်လေသည်။

ဒါပေမဲ့ ဟူဖန်က လှမ်းခေါ်လိုက်သည်။

“မန်နေဂျာချန်”

“ဟင်”

“ဒီကို လာပါဦး” ဟူဖန် ဧည့်ကြိုကောင်တာဆီ ပြေးသွားပြီး ကွန်ပျူတာ ကို ကြည့်ရင်းပြောလာသည်။

“ဒီနေ့ ဧည့်သည်တွေ ဖုန်းဆက်ပြီး မေးတာတွေ ရှိတယ်။ ကျွန်မ ပြန်ဖြေထားတာ အဆင်ပြေရဲ့လား ကြည့်ပေးပါဦး။ အကုန် မှတ်ထားတယ်”

“အိုကေ” ချန်ကျန့် အနားသို့ လျှောက်သွားသည်။

“ဒီတစ်ယောက်က အိမ်မွေးတိရစ္ဆာန် ခေါ်လာလို့ ရမရ မေးတာ။ ကျွန်မတို့က ခွင့်ပြုထားတယ် ဆိုပေမဲ့ သူတို့က အရွယ်အစား ကန့်သတ်ချက် ရှိလား မေးနေကြလို့”

ဟူဖန် ကွန်ပျူတာ မျက်နှာပြင်ကို လှည့်ပြလိုက်ရာ သပ်သပ်ရပ်ရပ် ရေးထားတဲ့ စာရွက်စာတမ်းကို တွေ့ရသည်။

“ကျွန်မ စဉ်းစားတာကတော့ ပိဿာ ၃၀ (၅၀ ဂျင်) ထက် မပိုရင် အဆင်ပြေမယ် ထင်တာပဲ။ ဒါပေမဲ့ အချို့နေရာတွေက ခွေးအကြီးကြီးတွေကို လက်မခံကြတော့ သေသေချာချာ အတည်ပြုရမယ်လေ။ ပြီးတော့ အခန်းအမျိုးအစားတွေ မေးတာရယ်... မြစ်ထဲမှာ လှေစီးဖို့ လက်မှတ်တွေ ဝယ်ပေးနိုင်မလား မေးတာတွေရယ်ပေါ့...”

ချန်ကျန့် စာတွေကို ဖတ်ရင်း နားထောင်နေသည်။

“အကုန်လုံးတော့ အဆင်ပြေပါတယ်။ အချို့ အသေးစိတ်တွေကိုတော့... ဘော့စ်ရှန် နဲ့ အတည်ပြုလိုက်ဦးမယ်”

“ဟုတ်ကဲ့ ။ မန်နေဂျာ ပြန်ရောက်လာတော့မှပဲ ကျွန်မ စိတ်အေးသွားတော့တယ်။ ဆန်းပင်းတို့ လူစုကတော့ ဘာမှ အားကိုးလို့ မရဘူး။ ဒီနေရာက မန်နေဂျာမရှိရင် လုံးဝ လည်ပတ်လို့ ရမှာ မဟုတ်ဘူး”

ဘော့စ်မရှိရင်သာ လည်ပတ်လို့ မရမှာပါ။ ပိုက်ဆံတွေ အကုန်စိုက်ပေးနေတာ သူပဲလေ။

“...အဲ့ဒီလိုလား” ချန်ကျန့် သူမကို တစ်ချက် ကြည့်လိုက်သည်။

“ဟုတ်တယ်လေ”

ဟူဖန်က သူ့ကို ပြန်ကြည့်သည်၊ သူမ ကြည့်ရတာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး” ချန်ကျန့် ပြုံးပြလိုက်သည်။

ဟူဖန်မှာ တော်တော်လေး ထိခိုက်လွယ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ ချန်ကျန့် လှည့်ထွက်သွားရန် ပြင်စဉ် သူမက သူ၏ အင်္ကျီလက်ကို လှမ်းဆွဲကာ တိုးတိုးလေး မေးသည်။

“ဟေး... ဘော့စ်ရှန်က မင်းကို တစ်ခုခု ပြောလိုက်လို့လား”

“ဟင့်အင်း၊ ကျွန်တော်...” ချန်ကျန့် လန့်သွားပြီး လက်ကို အမြန် ယမ်းပြလိုက်သည်။

“သူ ပြန်ရောက်လာကတည်းက ကြည့်ရတာ တစ်မျိုးကြီးပဲလို့ ငါ ခံစားနေရလို့ပါ။ စိတ်တိုနေတဲ့ ပုံစံမျိုးပေါ့”

ဟူဖန်က ဆက်ပြီး တိုးတိုးလေး ပြောနေသည်။

ရုတ်တရက် ရပ်နားလိုက်ရတဲ့ အလုပ်ကိစ္စ ခရီးစဉ်၊ စကားမပြောတဲ့ ဘော့စ်၊ ပြီးတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေတဲ့ မန်နေဂျာ...။ ဟူဖန် တစ်ခုခုကို ရိပ်မိနေတာကတော့ အံ့သြစရာ မဟုတ်ပါဘူး။

“ဘော့စ်ရှန်က တကယ်တော့ လူကောင်းတစ်ယောက်ပါနော်။ အလုပ်ထဲမှာ ဒီလို ဘော့စ်မျိုးကို ရှာရတာ မလွယ်ဘူး။ တကယ်လို့ သူက မင်းကို တစ်ခုခု ပြောလိုက်ရင်တောင် စိတ်ထဲ မထားပါနဲ့။ ဘော့စ်တွေဆိုတာ စိတ်တိုတတ်ကြတာပဲလေ...။ ပြီးတော့ သူက တကယ်ပဲ မှားနေတယ်ဆိုရင် ငါ့ကို ပြော၊ ငါ မင်းအတွက် သွားပြီး ပြန်အော်ပေးမယ်။ ငါက ဘော့စ်တွေကို ပြန်အော်ရတာ ကျွမ်းကျင်ပြီးသား”

ချန်ကျန့် သူမကို ကြည့်လိုက်မိသည်။ သူမ ခန့်မှန်းတာက လုံးဝကို လွဲမှားနေသော်လည်း၊ သူမ၏ စကားတွေကြောင့် သူ စိတ်ထဲတွင် နွေးထွေးသွားရသည်။ ခေတ္တမျှ ကြာမှ ချန်ကျန့် က

“ကျေးဇူးပဲ” ဟု ပြောလိုက်တော့သည်။

***

ရှန်ယွီ အခန်းထဲ ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်ပြီး၊ လဲလိုက်တဲ့ အဝတ်အစားတွေကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ဒီနေ့တော့ သူ တကယ်ပဲ ကျိန်စာသင့်နေသလို ခံစားရပြီး၊ စိတ်ပျက်လွန်းသဖြင့် အဝတ်အစားတွေကိုသာ မဲနေမိခြင်း ဖြစ်သည်။

အဝတ်အစားလဲပြီးနောက် ကုတင်ပေါ်မှာ ထိုင်ကာ ဘောင်းဘီစကို မပြီး သေသေချာချာ ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက် ခြေသလုံးမှာ အနည်းငယ် အဆင်မပြေ ဖြစ်နေသည်၊ အချိန်အကြာကြီး ကားမောင်းခဲ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။

ကြည့်လိုက်တော့ ပုံမှန်ပါပဲ။ သွေးကြောပိတ်ပြီး ဖောင်းအစ်နေတာပဲ ဖြစ်မှာပါ။ ဆေးသေတ္တာကို ထုတ်ကာ ပိုးသတ်ရန် ပစ္စည်းများကို ပြင်ဆင်လိုက်သည်။ ပုံမှန်ဆိုလျှင် ညဘက်မှာ သူ၏ လက်ထောက်ဖြစ်သူ မန်နေဂျာက ဒါတွေကို လုပ်ပေးနေကျပါ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်တော့ဘူး။

မနက်ဖြန်လည်း ဖြစ်မှာ မဟုတ်လောက်ပါဘူး။ သူ့ဘာသာသူပဲ လုပ်ရတော့မည်။ သိပ်တော့ မခက်ခဲပါဘူး။ ခြေထောက်ကိရိယာ ဖြုတ်တဲ့အချိန်အထိတော့ ချန်ကျန့်ဆီက အကူအညီ ထပ်တောင်းဖို့က အဆင်ပြေမှာ မဟုတ်တော့ဘူး။

ဒါပေမဲ့လည်း ပြောလို့တော့ မရပါဘူး။ ချန်ကျန့် အနေနဲ့ သူ ကြိုယူထားတဲ့၊ ပြီးတော့ အကြွေးဆပ်ဖို့ သုံးလိုက်တာ သေချာတဲ့ ယွမ် တစ်သောင်းလေးထောင်အတွက် ဘယ်လောက်တောင် စိတ်ထဲမှာ လွန်ဆွဲနေရမလဲဆိုတာ သူ မြင်ယောင်နေမိသည်။

ရှန်ယွီ သက်ပြင်းချလိုက်မိသည်။

တကယ်ကို ရှုပ်ထွေးသွားပြီပဲ။

သူ၏ ဖုန်းမှာ မြည်လာသည်။ ရှန်ယွီ လက်တစ်ဖက်က ဂွမ်းတံကို ကိုင်ထားရင်း၊ ကျန်လက်တစ်ဖက်နှင့် ကုတင်ပေါ်မှာ စမ်းကြည့်ရာ နောက်ဆုံးတွင် ခေါင်းအုံးကြားထဲက ဖုန်းကို ရှာတွေ့သွားသည်။ ယွဲ့လန် ဖြစ်လေသည်။

“ဟယ်လို”

“ပါဆယ် လက်မှတ်ထိုးပြီးပြီလား” ယွဲ့လန်က မေးသည်။

“အင်း၊ ရပြီ”

“အထဲမှာ ဘောင်ချာနဲ့ Tracker (ခြေရာခံစက်) ပါ ထည့်ပေးထားတယ်နော်။ တွေ့လား” ယွဲ့လန်က မေးသည်။

“အင်း၊ တွေ့ပါတယ်”

ရှန်ယွီက ဆိုကာ သူ၏ ခြေထောက်နှင့် ကိရိယာကို ဂွမ်းတံဖြင့် ပိုးသတ်ရန် ကြိုးစားနေသည်။

ဒီပုံစံက ကိုယ်ခန္ဓာ ပျော့ပျောင်းမှုကို တကယ် စမ်းသပ်နေသလိုပါပဲ။ နှစ်ခါလောက် ပွတ်ပြီးတဲ့နောက် သူ ဂွမ်းတံကို ပစ်ချလိုက်ပြီး ခေါင်းအုံးပေါ် မှီနေလိုက်သည်၊ ခဏနေမှ ရုံးခန်းထဲမှာ သွားလုပ်တာက ပိုလွယ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ စားပွဲပေါ်မှာ ခြေထောက်တင်ထားရင် ပိုပြီး အဆင်ပြေမှာပေါ့။

“မင်း တွေ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်း အခုထိ ဗူးတောင် မဖောက်ရသေးဘူး မဟုတ်လား”

“ခဏနေမှ ဖောက်မှာပါ။ မလောပါဘူး”

“မင်း အဆင်ပြေရဲ့လား” ယွဲ့လန်က ရုတ်တရက် မေးလိုက်သည်။

“မင်း ဘယ်သူ့ကို လာပြီး ဆဲနေတာလဲ” ရှန်ယွီ ဖောင်းအစ်နေတဲ့ သူ၏ ခြေထောက်ကို အပေါ်သို့ မြှောက်ထားလိုက်သည်။

“ငါ ဘယ်သူ့ကို ဆဲလဲဆိုတာ အရေးမကြီးပါဘူး။ မင်း ငါ့ကို ပြန်မဆဲတာကမှ ပုံမှန်မဟုတ်တာ” ယွဲ့လန်က ဆိုသည်။

“တစ်ခုခု ဖြစ်လို့လား”

“မင်းသာ မင်းမိန်းမအပေါ်မှာ ဒီလောက်အထိ အကဲခတ် တော်မယ်ဆိုရင်၊ နှစ်ရက်တစ်ခါ အရိုက်ခံနေရမှာ မဟုတ်ဘူး” ဟု ရှန်ယွီက ဆိုလေသည်။

“သူ ငါ့ကို မအော်တာ ကြာပါပြီ” ယွဲ့လန်က ဆိုသည်။

“အော်ရတာ ပင်ပန်းလို့ ရိုက်တဲ့ဘက်ကို ကူးသွားပြီပေါ့” ရှန်ယွီက ပြန်နောက်လိုက်သည်။

ယွဲ့လန် ရယ်မောလိုက်ပြီး - “မင်း စကားပြောချင်တဲ့အချိန်မှပဲ ပြောပါတော့။ ပါဆယ် ရမရ သိချင်လို့ ဖုန်းဆက်တာပါ။ ဖောက်ပြီး စစ်ကြည့်ဖို့ မမေ့နဲ့ဦးနော်”

“အင်း”





ကျောက်ကျဲက ညစာ ချက်ပေးထားသည်။ ချန်ကျန့် အောက်ဆင်းစားသည့် အခါတွင် ရှန်ယွီကို မတွေ့ရချေ။ မေးရမလားလို့ စဉ်းစားနေတုန်းမှာပင် စက်ကနေ အသံထွက်လာသည်။

“မန်နေဂျာချန်... မင်းတို့ စားပြီးရင် ငါ့ရုံးခန်းကို ထမင်း လာပို့ပေးပါဦး”

“ဟုတ်ကဲ့” ချန်ကျန့် စက်ကို ကိုင်ကာ ပြန်ထူးလိုက်သည်။

“သူ အောက်ဆင်းမစားဘူးလား” ကျောက်ကျဲက မေးသည်။

“နေမကောင်းလို့လား။ ခေါင်း ထပ်ကိုက်နေပြန်ပြီလား”

“ကျွန်တော်လည်း မသိဘူး။ ပင်ပန်းနေလို့ ဖြစ်မှာပါ” ချန်ကျန့်က ဆိုသည်။

“နာရီပေါင်းများစွာ ကားမောင်းရတာ ပင်ပန်းတာပေါ့”

ဒီည ဂျူတီကျနေသည့် ချန်အာဟူက ဝင်ပြောသည်။

“ချန်ကျန့်... မင်း ကားမမောင်းတတ်တာကတော့ မကောင်းဘူးဗျ။ ဘော့စ်က အပြင်ထွက်ရင် ငါတို့လိုလူတွေကို မခေါ်ချင်ဘူး၊ မန်နေဂျာကိုပဲ ခေါ်ချင်တာ၊ အခုတော့ မင်းက မမောင်းတတ်တော့...”

“ခဏနေရင် သွားသင်လိုက်ပါ့မယ်” ချန်ကျန့် ထိုင်ရင်း ပြောလိုက်သည်။

ပြောပြီးမှ သူ စိတ်မအေး ဖြစ်သွားရသည်။ သူ တကယ် သင်ဖို့ လိုဦးမလား။ ကားမောင်းသင်တန်းအတွက် ပိုက်ဆံပေးရမည့် ကိစ္စက...။

“ငါ ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ငါ အရင်က တခြားဆရာနဲ့တုန်းက ကျခဲ့တာ၊ အဲ့ဒီဆရာနဲ့ကျမှ တကယ် တတ်သွားတာ” ဟု ချန်အာဟူက ဆိုသည်။

“ဟုတ်ကဲ့၊ ကျေးဇူးပါ ဘော့စ်ချန်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“တော်စမ်းပါ။ ရှန်ယွီလိုမျိုး ဟန်ဆောင်မနေနဲ့။ ဘော့စ်ချန် ဘာညာနဲ့...”

“ဟေး... ချန်အာဟူ၊ ရှင်ကတော့ တကယ်ကို ပြဿနာပဲနော်”

ဟူဖန်က သူ့ကို မျက်စောင်းထိုးသည်။

“လူတွေက ရှင့်ကို လေးစားတာက မှားလို့လား။ ဘော့စ်က တစ်ယောက်ယောက်အပေါ် ကောင်းပြတာကို ရှင်က မရကြည့်ဘူး မဟုတ်လား”

“ငါက သူ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ ငါ ဆိုလိုတာက...”

ချန်အာဟူ စားပွဲကို လက်ဆစ်နဲ့ တောက်လိုက်သည်။ ချန်ကျန့်လည်း စားပွဲကို အမြန်ပုတ်ပြီး သူတို့စကားကို ဖြတ်လိုက်သည်။

“ဟေး...ထမင်းစားကြရအောင်။ ဒီပိတ်ရက်ပြီးရင် အမျိုးသားနေ့ အားလပ်ရက် ရောက်တော့မှာ။ ဟို တက္ကသိုလ်ကျောင်းသားတွေအပြင် တခြား အခန်းတွေလည်း အများကြီး ဘွတ်ကင် ရထားပြီးပြီ။ ဘော့စ်ချန်... မင်းလူတွေကို ဒီနှစ်ရက်အတွင်း သေသေချာချာ လေ့ကျင့်ပေးထားပါဦး၊ အလုပ်များလာတဲ့အခါ ရှုပ်မနေအောင်လို့”

“စိတ်ချပါ၊ ဆန်းပင်းကို အပ်ထားပြီးသားပါ” ဟု ချန်အာဟူက ဆိုသည်။

“ကျွန်တော် လေ့ကျင့်ရေး အစီအစဉ် ရေးထားပါတယ်။ ခဏနေရင် အချောသတ်ပြီး မန်နေဂျာကို ပြပါ့မယ်”

“အိုကေ” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

ဆန်းပင်း၏ စကားကြောင့် သူ အံ့သြသွားရသည်။ သူသည် ချန်အာဟူနောက် လိုက်နေတာ ကြာပြီဖြစ်သဖြင့် ဆန်းပင်းလည်း တစ်ချိန်က ဆယ်တန်းအထိ တက်ခဲ့ဖူးသည်ကို ချန်ကျန့် မေ့နေခဲ့ခြင်း ဖြစ်သည်။

***

ညစာစားပြီးနောက် ချန်ကျန့်သည် ရှန်ယွီအတွက် ထမင်းလင်ဗန်းကို ရုံးခန်းသို့ သယ်လာပေးခဲ့သည်။

ရှန်ယွီမှာ စားပွဲနောက်တွင် ထိုင်ကာ ကွန်ပျူတာကို ကြည့်နေလေသည် ။

“ဒီမှာပဲ တင်ထားလိုက်ပါ”

ချန်ကျန့် လင်ဗန်းကို စားပွဲပေါ် တင်ပေးလိုက်သည်။ ချန်ကျန့် အပြင်ပြန်ထွက်ရန် ပြင်စဉ်မှာပင် ရှန်ယွီက လှမ်းခေါ်လိုက်သည်။

“ခဏနေရင် ဟိုသေတ္တာကို သွားဖောက်လိုက်ပါဦး။ အထဲက ပစ္စည်းကို စားသောက်ခန်း ဒါမှမဟုတ် တစ်နေရာရာမှာ လူမြင်သာတဲ့ နေရာမှာ သွားထားလိုက်။ ဘောင်ချာကိုတော့ ငါ့ဆီ ပြန်ပေးပါ။ အထဲမှာ Tracker လည်း ပါလိမ့်မယ်၊ အဲ့ဒါကိုတော့ မမြင်ရတဲ့ နေရာတစ်ခုမှာ ကပ်ထားလိုက်ဦး။ ဒါကို မင်းကိုယ်တိုင်ပဲ လုပ်နော်”

“...ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြသည်။

“တကယ်လို့ တစ်ယောက်ယောက်က လာမေးရင်၊ ဒါက ဘော့စ်က ကြွားဖို့အတွက် ပိုက်ဆံအများကြီး သုံးပြီး ဝယ်ထားတာလို့ပဲ ပြောလိုက်။ ဘယ်သူမှ မမေးရင်လည်း ဆန်းပင်းတို့ကို သတင်းလွှင့်ခိုင်းလိုက်ပေါ့”

ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။ ခဏအကြာမှ သူ မေးလိုက်သည်။

“ဒါက... တစ်ယောက်ယောက်ကို ထောင်ဖမ်းဖို့အတွက်လား”

“ငါလည်း မသိသေးပါဘူး။ အစီအစဉ် အောင်မြင်တဲ့အခါမှ ပြောပြမယ်”

ပါဆယ်သေတ္တာထဲမှာတော့ ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသည့် ပန်းအိုးတစ်လုံးပင်။ ၎င်းမှာ စိတ်ကူးယဉ် ဆန်သော်လည်း ကြည့်ရသည်မှာတော့ လှပပါသည်။ ဟူဖန်နှင့် ဆန်းပင်းတို့မှာ ပန်းအိုးသည် တိရစ္ဆာန်လေးနှင့် တူသလား၊ ဒါမှမဟုတ် လူတစ်ယောက် ကိုယ်ကို လိမ်ထားတာနဲ့ တူသလားဆိုပြီး အကြာကြီး ငြင်းခုံခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြချေ။

ဟူဖန်သည် ထိုပန်းအိုးကို နေရာချရန် တာဝန်ယူလိုက်သည်။ နောက်ဆုံးတွင် သူမသည် ကဖေးဆိုင်ကို ရွေးချယ်လိုက်သည်။ ကဖေးဆိုင်၏ ပြတင်းပေါက်မှာ ဝင်းထဲကို မျက်နှာမူထားပြီး၊ ပြတင်းပေါက်ရှေ့က စင်ပေါ်မှာလည်း အလှပြခွက်တွေ ရှိနေသဖြင့် ပန်းခြံရှုခင်းနှင့် လိုက်ဖက်နေလေသည်။ ပန်းအိုးလေးမှာ ထိုနေရာတွင် တကယ့်ကို နေရာကျလှသည်။

“ဒီပန်းအိုးက တကယ်ပဲ အဲ့ဒီလောက် ဈေးကြီးတာလား။ ဘောင်ချာထဲမှာ ယွမ် တစ်သောင်းကျော်လို့ တွေ့လိုက်သလိုပဲ”

“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ဘော့စ်ရှန်က တကယ် ချမ်းသာတာပဲ။ ဖန်ဖန် ပြောတာတော့ သူ့ဝှီးချဲကတောင် ယွမ် သောင်းဂဏန်း ရှိတယ်တဲ့” ဆန်းပင်းက ဝင်ပြောသည်။

“မဖြစ်နိုင်တာ” ချန်အာဟူက သူ့အကျင့်အတိုင်း အရင်ငြင်းလိုက်သည်။

“တကယ်ပါဆို။ လျှပ်စစ်နဲ့လေ၊ ပြီးတော့ ကာဗွန်ဖိုင်ဘာနဲ့ လုပ်ထားတာဆိုတော့ တအား ပေါ့တာ။ ရှင်လည်း မဖူးတာပဲ၊ မပေါ့ဘူးလား ။ ဗဟုသုတ မရှိသလိုမျိုး လာမပြောနဲ့”

“ငါ ကျိန်ပြောရဲတယ် ။ မင်းသာ ငါ့လုပ်ဖော်ကိုင်ဖက် မဟုတ်ရင်တော့...”

“ကျွန်မသာ ရှင့်လုပ်ဖော်ကိုင်ဖက် မဟုတ်ရင် ဒီမှာ ရှိနေမှာ မဟုတ်ဘူးလေ”

ဟူဖန်က ဆံပင်ကို ခါယမ်းရင်း ချန်အာဟူကို လုံးဝအရေးမစိုက်ဟန်ဖြင့် ၊ သီချင်းလေး တညည်းညည်းနှင့် လှည့်ထွက်သွားတော့သည်။

ချန်ကျန့် ရယ်မောလိုက်မိသည်။

“ဘော့စ်ချန်... သူနဲ့ အမြဲ ငြင်းမနေပါနဲ့။ သူက တော်တော် ကြောက်ဖို့ကောင်းတယ်”

ချန်အာဟူက မဲ့ကာရွဲ့ကာဖြင့်

“ဆန်းပင်း... သွားကြစို့။ မင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ငါ့ကို အရင်ပြဦး။ မန်နေဂျာဆီ မပေးခင် ငါ အရင် ကြည့်ရမယ်”

“ဟုတ်ကဲ့”

ဆန်းပင်း ခေါင်းညိတ်ပြပြီး သူနှင့်အတူ စားသောက်ခန်းထဲသို့ လိုက်သွားလေသည်။

အခုဆို လူတိုင်း အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ ချန်ကျန့်သည် အထူစား နှစ်ဖက်ကပ် တိပ်ကို ယူကာ၊ သေတ္တာထဲက ပါလာတဲ့ အဝိုင်းလေးဖြစ်တဲ့ Tracker ပေါ်မှာ ကပ်လိုက်သည်။ ပန်းအိုးကို ပြန်ယူပြီး ကြည့်လိုက်ရာ၊ ကပ်ဖို့ အကောင်းဆုံးနေရာမှာ အထဲတွင်သာ ဖြစ်သည်။

ပုလင်းနှုတ်ခမ်းမှာ သူ၏ လက်ချောင်းများ Tracker ကို ကိုင်ပြီး ထည့်နိုင်ရုံမျှ ကျယ်ဝန်းလေသည်။ သူသည် Tracker ကို ပုလင်းလည်ပင်းက ချိုင့်နေတဲ့ နေရာမှာ အသေကပ်လိုက်သည်။

ရှန်ယွီက ဒါကို ဘာအတွက် သုံးမှာလဲဆိုတာ မပြောခဲ့သော်လည်း၊ ဒါက အလှဆင်ဖို့ သက်သက် မဟုတ်တာတော့ သေချာသည်။ ချန်တာဟူနှင့် ပတ်သက်နေမည်ဟု သူ ခန့်မှန်းမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလူသည် ချန်အာဟူနှင့် မတူဘဲ၊ တစ်ခါ အရှုံးပေးလိုက်ရရုံနှင့် လက်လျှော့မည့် လူစားမျိုး မဟုတ်သောကြောင့်တည်း။

၎င်းပြင် ရှန်ယွီ၏ လက်ချက်ဖြင့် မေ့လဲသွားခဲ့ရခြင်းကို သူက အရှုံးပေးခြင်းဟု မြင်မှာမဟုတ်ဘဲ၊ သိက္ခာကျခြင်းဟုသာ သတ်မှတ်မှာဖြစ်ပြီး တစ်ချိန်ချိန်မှာ သေချာပေါက် လက်စားချေဖို့ ကြိုးစားပေလိမ့်မည်။

ယနေ့ တည်းခိုခန်းတွင် ဧည့်သည် သိပ်မရှိလှချေ။ အလုပ်ပိတ်ရက် မဟုတ်သေးသဖြင့် လာသူ နည်းပါးလှသည်။ ညနေပိုင်း ရောက်သည့်အခါတွင်တော့ လူတိုင်း အေးအေးဆေးဆေး ဖြစ်သွားကြသည်။

ချန်ကျန့် တည်းခိုခန်းအတွင်း တစ်ပတ်ပတ်ကြည့်ပြီးနောက်၊ ပုံမှန်အချိန်အတိုင်း အပေါ်ထပ်သို့ တက်လာခဲ့သည်။ ရှန်ယွီ၏ ခြေထောက်ကို ပိုးသတ်ပေးရန် လိုအပ်သေးသည် မဟုတ်လား။

အနည်းငယ် အနေရခက်နေသေးသော်လည်း၊ ဒါက သူ လစာယူထားတဲ့ အလုပ်တစ်ခုပဲလေ။

ဒါပေမဲ့ ဒီနေ့တော့ ရှန်ယွီမှာ တတိယထပ်အခန်းထဲမှာ မရှိချေ။ ချန်ကျန့် ခဏမျှ တုံ့ဆိုင်းနေပြီးမှ စတုတ္ထထပ်သို့ တက်လာခဲ့သည်။ ရုံးခန်းမီး လင်းနေသဖြင့် သူ တံခါးခေါက်လိုက်သည်။

“ဝင်ခဲ့ပါ” ရှန်ယွီ၏ အသံမှာ အထဲမှ ထွက်ပေါ်လာသည်။

သူ တံခါးတွန်းဖွင့်ဝင်လိုက်သည့်အခါ၊ ဆေးထည့်တိုင်း ရနေကျ အိုင်အိုဒင်းနံ့ကို ရလိုက်သည်။

“မင်းကိုယ်တိုင်ပဲ ထည့်လိုက်တာလား” ချန်ကျန့်က မေးလိုက်သည်။

“အင်း” ရှန်ယွီက သူ့ကို တစ်ချက်ကြည့်သည် ။

“ဒီနှစ်ရက်အတွင်း မင်းလည်း အလုပ်များနေတာဆိုတော့၊ ငါ့ဘာသာပဲ လုပ်လိုက်တာပါ”

“ဟို... အဲ့ဒါက အချိန်အများကြီး မကုန်ပါဘူး”

“ဒါဆို မနက်ဖြန်ကျမှပဲ ဆက်လုပ်ပေးတော့ပေါ့။ ပြီးတော့ အားလပ်ရက် မတိုင်ခင် လစာတွေ ပေးရမယ်လေ။ ဝန်ထမ်းတွေရဲ့ အလုပ်တက်ရက် မှတ်တမ်းတွေကို သေချာ စာရင်းလုပ်ထားလိုက်ဦး”

“ဟုတ်ကဲ့ပါ” ချန်ကျန့်က ပြန်ဖြေသည်။

“ခုနက ဟိုပါဆယ်ကို ဖောက်ကြည့်ပြီးပါပြီ။ ဘာမှ မထိခိုက်ပါဘူး။ Tracker ကိုလည်း အထဲမှာ ကပ်ထားလိုက်ပြီဆိုတော့ ပုံမှန်အတိုင်းဆို မမြင်ရပါဘူး”

“ပန်းအိုးကို ဘယ်မှာ ထားခဲ့လဲ” ရှန်ယွီက မေးသည်။

“ကဖေးဆိုင်က ဝင်းဘက်ကို မျက်နှာမူထားတဲ့ စင်ပေါ်မှာပါ”

ရှန်ယွီ ပြုံးလိုက်သည်။

“ကောင်းပြီ”

ရုံးခန်းထဲက ထွက်လာသည့်အခါ ချန်ကျန့်မှာ ဖော်ပြမတတ်သော အဆင်မပြေမှုကို ခံစားလိုက်ရသည်။

အရင်ကတော့ အလုပ်တွေ အများကြီး ရှိခဲ့သော်လည်း စိတ်ကတော့ ပေါ့ပါးနေခဲ့တာပါ။ ဘော့စ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဘာဖိအားမှ မရှိခဲ့ပေမဲ့၊ အခုတော့ အရာရာ ပြောင်းလဲသွားသလို ခံစားရသည်။

သူ တကယ်ကို ပင်ပန်းနေခဲ့ပြီ။ ခုနက ရိုးရှင်းတိုတောင်းတဲ့ စကားဝိုင်းလေးကပင် သူ့ကို နုံးချိသွားစေခဲ့သည်။ ပြီးတော့ အားလပ်ရက် နီးလာလေလေ၊ ပိုပြီး အလုပ်များပြီး ပင်ပန်းမယ့် နေ့ရက်တွေက စတင်တော့မည် မဟုတ်လား။

အားလပ်ရက် မတိုင်ခင် တစ်ရက်မှာတင် ဧည့်သည်တွေ စတင် ရောက်ရှိလာကြသည်။ အများကြီး မဟုတ်သေးသဖြင့် ဟူဖန် တစ်ယောက်တည်း ကိုင်တွယ်နိုင်သော်လည်း၊ ချန်ကျန့်ကတော့ တစ်ခုခု အမှားအယွင်း ဖြစ်မှာစိုးသဖြင့် ဧည့်ကြိုကောင်တာမှာပဲ ကူညီပေးနေမိသည်။

ညနေပိုင်း ရှန်ယွီ၏ ခြေထောက်ကို ဆေးထည့်ပေးရမည့် အချိန်ရောက်သည့်အခါ၊ သူသည် မှတ်စုစာအုပ် တစ်အုပ်ကို ကိုင်ကာ အခန်း ၃၀၇ သို့ သွားခဲ့သည်။

“ဒါတွေက ဘာတွေလဲ”

ရှန်ယွီက ကုတင်ခေါင်းရင်းကို မှီကာ မှတ်စုစာအုပ်ထဲက အကြောင်းအရာတွေကို ကြည့်ရင်း မေးသည်။

“ကျွန်တော် ကြုံတွေ့နေရတဲ့ ပြဿနာအချို့ပါ”

ချန်ကျန့်က ဆေးသေတ္တာကို ဖွင့်ရင်း ဆိုသည်။

“ဒါတွေက အဆင်ပြေရဲ့လားဆိုတာ မင်းနဲ့ အတည်ပြုချင်လို့ပါ”

ရှန်ယွီ စကားမပြောဘဲ မှတ်စုစာအုပ်ကို တိတ်တဆိတ် ဖတ်နေသည်။

“ပြီးတော့ အထဲက ညှပ်ထားတဲ့ စာရွက်ကတော့ ဘော့စ်ချန်ရဲ့ လေ့ကျင့်ရေး အစီအစဉ်ပါ။ လူတွေ များလာတဲ့အခါ သူတို့ဘက်ကလည်း လူနှစ်ယောက်ထက် ပိုလိုအပ်လာမှာဆိုတော့...”

ရှန်ယွီ ဘာမှ ပြန်မပြောသေးဘဲ မှတ်စုစာအုပ်ထဲက စာရွက်ကို ဆွဲထုတ်လိုက်သည်။

မှတ်စုစာအုပ်နဲ့ စာရွက်ပေါ်မှာ စာလုံးတွေ အများကြီး မရှိသော်လည်း၊ သူကတော့ တော်တော်လေး ကြာအောင် စိုက်ကြည့်နေမိသည်။ ချန်ကျန့်မှာ သူ အိပ်ပျော်သွားပြီလားလို့တောင် သံသယဝင်လာမိသည်အထိပင်။ ထို့ကြောင့် သူ မနေနိုင်ဘဲ “တစ်ခုခု... လိုအပ်နေလို့လား” ဟု မေးလိုက်မိသည်။

“ချန်ကျန့်” ရှန်ယွီ မျက်မှောင်ကြုတ်ကာ သူ့ကို မော့ကြည့်လိုက်သည်။

“ဒီတည်းခိုခန်းမှာ ငါတို့ နှစ်ယောက်တည်း ရှိကတည်းက၊ မင်း ငါ့ကို တစ်ခုခု အဆင်ပြေရဲ့လားလို့ အခုလောက်အထိ အကြိမ်ကြိမ် လာမေးဖူးလို့လား။ ဒါကကော ရရဲ့လား၊ ဟိုဟာကကော ဖြစ်ရဲ့လား ဆိုတာမျိုးတွေလေ”

ချန်ကျန့် နှစ်စက္ကန့်လောက် ငြိမ်သွားပြီးမှ “မမေးဖူးပါဘူး”

“ဖွင့်ပွဲ ပြင်ဆင်နေတုန်းက ရှုပ်ထွေးတဲ့ အလုပ်တွေ အများကြီး ရှိခဲ့တယ်” ရှန်ယွီက မှတ်စုစာအုပ်ကို ပိတ်လိုက်သည် ။

“အိမ်နဲ့ ပန်းခြံ ပြုပြင်တာကနေစလို့ အခန်းထဲက တစ်ရှူးတွေအထိ၊ မင်း ငါ့ကို တစ်ခုခု လာမေးဖူးလို့လား”

ချန်ကျန့် ဘာမှ ပြန်မပြောချေ။

“တကယ်လို့ ငါ့အပေါ်မှာ မကျေနပ်တာ ရှိရင်လည်း တိုက်ရိုက် ပြောလို့ ရပါတယ်။ ရင်ထဲမှာ အောင့်မထားပါနဲ့။ ငါ အရင်ကလည်း ပြောခဲ့သားပဲ…ဆဲချင်ရင် ဆဲ၊ ရန်ဖြစ်ချင်ရင်လည်း ဖြစ်လို့ ရပါတယ်လို့”

“ကျွန်တော်က... ဒီအတိုင်းပဲ” ချန်ကျန့် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ

“အားလပ်ရက်မှာ ဧည့်သည်တွေ အများကြီး လာတော့မှာလေ၊ ကျွန်တော်တို့ ဒီလောက် လူအများကြီးကို တစ်ခါမှ မဧည့်ခံဖူးသေးဘူး။ ပြီးတော့ ဒီဧည့်သည်တွေဆီက ရမယ့် နာမည်ကောင်း က အရေးကြီးတယ်လေ။ ဘာမှ အမှားအယွင်း အဖြစ်မခံနိုင်လို့ပါ။ ကျွန်တော်က ဒီလိုမျိုး... စီမံခန့်ခွဲတဲ့ အလုပ်ကို တစ်ခါမှ မလုပ်ဖူးတော့...”

ရှန်ယွီ သူ့ကို ကြည့်လိုက်ပြီး မှတ်စုစာအုပ်ကို ချန်ကျန့်ဘေးကို ပစ်ပေးလိုက်သည်။

“မင်းက ဒီကိစ္စတွေမှာ အမှားလုပ်မိမယ်လို့ ထင်နေတာလား။ မင်း ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေတာလား၊ ဒါမှမဟုတ် ငါ့ကို သံသယဖြစ်နေတာလား”

ဒါပေါ့... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေတာပေါ့။ မင်းကိုတော့ ဘယ်လိုလုပ်ပြီး သံသယဖြစ်ရမှာလဲ။

ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။

“ချန်ကျန့်” ရှန်ယွီ ဆေးထည့်တာကို ဂရုမစိုက်တော့ဘဲ ခြေထောက်ကို ကုတင်ပေါ်က ချကာ ချန်ကျန့်အနားသို့ လျှောက်လာခဲ့သည်။

“ငါ ဒီကိုလာတာ ‘လူအတစ်ယောက်လို ဘဝကို ဖြတ်သန်းကြည့်ဖို့’ လို့ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ငါက ဒီကို ‘ဘဝကို ဖြတ်သန်းကြည့်ဖို့ ရောက်လာတဲ့ လူအတစ်ယောက်’ လို့တော့ မပြောခဲ့ပါဘူး”

ဘာတွေ ပြောနေတာလဲ။

ချန်ကျန့်မှာ နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။

“ဒီတည်းခိုခန်းကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ အစက ငါ မထင်ခဲ့ဘူး။ ဒီအတိုင်း လာကြည့်ရင်းနဲ့ အေးအေးဆေးဆေး နေစရာ နေရာတစ်ခု ရှာဖို့ပဲ စဉ်းစားခဲ့တာ ။ ဒါကိုလည်း ငါ မင်းကို ပြောပြခဲ့ဖူးတယ် မဟုတ်လား။ ပြီးတော့ အခု ငါက ဒီလူတွေကို ကူညီပေးနေသလိုမျိုး၊ သူတို့ကလည်း ငါ့ကို ပြန်ပြီး ကူညီပေးနိုင်ရင် အကောင်းဆုံးပဲလို့လည်း ပြောခဲ့တယ်။ ငါတို့တွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားကိုးနေကြရတာလေ၊ မဟုတ်ဘူးလား”

ချန်ကျန့် တိတ်ဆိတ်နေဆဲပင်။

“ငါ မင်းကို မန်နေဂျာ ခန့်ခဲ့တာက၊ ပထမဦးဆုံး အနေနဲ့ မင်းမှာ အလုပ်ကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိတာကို ငါ မြင်ခဲ့လို့ပါ။ မင်းဆီကနေ တစ်ခုခု ပြန်လိုချင်လို့ မဟုတ်ဘူး။ ငါ့မှာ မင်းအပေါ် ခံစားချက် ရှိတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲ့ဒါက မင်းကို မန်နေဂျာ ခန့်လိုက်တာနဲ့ ဘာမှ မပတ်သက်ပါဘူး”

ရှန်ယွီ ပုံမှန်ထက် ပို၍ စကားကို အမြန်ပြောနေသည် ။

“တကယ်လို့ ငါက မင်းနဲ့... တစ်ခုခု ဖြစ်ချင်ရုံ သက်သက်ဆိုရင်၊ ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေမှာလဲ။ မင်း ငါနဲ့ အတူအိပ်ရင် မင်းရဲ့ အကြွေးတွေကို ငါ ဆပ်ပေးမယ်လို့ ပြောလိုက်တာက ပိုပြီး မလွယ်ကူဘူးလား”

ဘာလဲဟ!

ချန်ကျန့်မှာ ဆွံ့အစွာဖြင့် ရှန်ယွီ့ကို စိုက်ကြည့်နေမိသည်။

“ဒါတွေက မင်းကိုယ်တိုင် ဆုံးဖြတ်လို့ ရတဲ့အရာတွေပါ၊ လုံးဝ မှားမှာ မဟုတ်ပါဘူး။ ငါ့ဆီကို အတည်ပြုချက် လာတောင်းနေဖို့ မလိုဘူး”

ရှန်ယွီက သူ့ကို ကြည့်ရင်း စကားကို ပြန်နှေးလိုက်သည် ။

“အဲ့ဒီနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် မင်း ငါ့ကို ခွင့်မလွှတ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဘော့စ်တစ်ယောက်အနေနဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မင်း သံသယ မဝင်ပါနဲ့”

Comments

  1. တို့လည်း ချန်ကျန့်လို ဘာလဲဟ ပဲပြောချင်တော့တယ် ဘောစ့်ရေ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...