Skip to main content

32



အပိုင်း (၃၂)

ချန်ကျန့်က မေးခွန်းကို သာမန်ကာလျှံကာ မေးလိုက်ခြင်းသာ။ သို့သော် ရှန်ယွီ၏ အဖြေကြောင့် စကားစပြတ်ကာ ခေတ္တမျှ တိတ်ဆိတ်သွား၏။

ငါ့မေးခွန်းက ဘာစည်းကမ်းမှ မကျော်ခဲ့ပါဘူး၊ မင်းရဲ့အဖြေကမှ နယ်ကျော်နေတာ ဟု ချန်ကျန့် စိတ်ထဲက ရေရွတ်နေမိသည်။ အနေရခက်သည့် အခြေအနေကို ရှောင်လွှဲရန်အတွက် ချန်ကျန့်သည် ခေါင်းငုံ့ကာ ဟမ်ဘာဂါကိုသာ အားရပါးရ ကိုက်ဝါးနေလိုက်တော့သည်။

“ငါက ငယ်ငယ်တုန်းက တော်တော်လေး ဆိုးတာကွ”

ရှန်ယွီသည် အစားကို ဆက်မစားတော့ဘဲ အောက်ထပ်က မီးရောင်များကို ငေးကြည့်ရင်း ဆိုလာသည်။

“အဲ့ဒါကြောင့် အဖေက ငါ့အတွက် စည်းကမ်းတွေ အများကြီး ထုတ်ထားခဲ့တာ။ စားတဲ့အခါ စည်းကမ်း၊ အိပ်တဲ့အခါ စည်းကမ်း၊ စာသင်တဲ့အခါ စည်းကမ်းဆိုပြီးတော့ပေါ့...”။

ငယ်ငယ်က ဆိုးတယ်ဆိုတာ... အခုထိလည်း သိပ်ပြောင်းလဲသွားပုံ မရပါဘူးလေ။ အဲ့ဒီစည်းကမ်းတွေက သိပ်ပြီး ထိရောက်ခဲ့ပုံမပေါ်ဘူး ဟု ချန်ကျန့်က တွေးတောနေမိ၏။

“အခုထိ ငါ တသွေမတိမ်း လိုက်နာဖြစ်နေတဲ့ တစ်ခုတည်းသော စည်းကမ်းကတော့ ‘စားနေစဉ် စကားမပြောရ’ ဆိုတာပဲ” ဟု ရှန်ယွီက ဆိုသည်။

“ဘာလို့လဲ”

ချန်ကျန့်က သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်၏။

“ဘာလို့လဲဆိုတော့ အဲ့ဒီစည်းကမ်းက လိုက်နာဖို့ အလွယ်ဆုံး ဖြစ်နေလို့ပေါ့”

ရှန်ယွီက ဟမ်ဘာဂါကို ပြန်ကောက်ကိုင်ကာ စားလိုက်ပြန်သည်။ ချန်ကျန့်မှာ ထိုစကားကြောင့် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။ ရှန်ယွီကမူ ပြန်မဖြေတော့ဘဲ ပြုံးပြုံးလေးဖြင့်သာ ဆက်လက်စားနေ၏။

ချန်ကျန့်သည် ကျန်ရှိနေသော ဟမ်ဘာဂါတစ်ဝက်ကို နှစ်လုပ်တည်းနှင့် အပြတ်ရှင်းလိုက်ပြီး ကိုကာကိုလာကို တစ်ငုံသောက်ကာ ကုလားထိုင်နောက်သို့ မှီချလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးမှ

“ကျွန်တော်တို့အိမ်မှာတော့ စည်းကမ်းတွေ အဲ့ဒီလောက် မရှိခဲ့ဘူး ထင်တာပဲ။ အဖေနဲ့အမေက ကျွန်တော့်ကို သိပ်ပြီး ‘ပညာပေး’ တာမျိုး မလုပ်ခဲ့ကြဘူးလေ” ဟု ဆိုသည်။

“တခါတလေကျတော့လည်း လိုက်နာစရာ စံနမူနာကောင်းတွေ ပြတာက စာချပြီး သင်ပြနေတာထက် ပိုထိရောက်တယ်ကွ” ဟု ရှန်ယွီက ဆို၏။

သူသည် ဟမ်ဘာဂါကို စားပြီးနောက် အခွံများကို အိတ်ထဲသို့ သေသေသပ်သပ် ပြန်ထည့်လိုက်သည်။

“မင်းကိုကြည့်ရင် မင်းမိဘတွေရဲ့ အရိပ်အယောင်တွေကို မြင်နေရတယ်။ သူတို့က လူကောင်းတွေပဲ။ တကယ့်ကို စိတ်ထားကောင်းကြသူတွေပါ”။

“အဲ့ဒါဆို မင်းကျတော့ ရော ...”

ချန်ကျန့်က စကားကို အဆုံးမသတ်ဘဲ ချန်ထားလိုက်သည်။

“ငါ့မှာလည်း ငါ့မိဘတွေရဲ့ အရိပ်အယောင်တွေ ရှိတာပေါ့”

ဓားပြစရိုက်မျိုးလား ဟု ချန်ကျန့် စိတ်ထဲက တွေးမိသော်လည်း အပြင်သို့ ထုတ်မပြောမိရန် သတိထားလိုက်ရသည်။

“စာပေတတ်မြောက်ပြီး ယဉ်ကျေးပျူငှာတဲ့ အရိပ်အယောင်တွေလေ” ဟု ရှန်ယွီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဖြည့်စွက်ပြောဆို၏။

“ဪ... ဟုတ်ပါပြီဗျာ”

ချန်ကျန့်မှာ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

“ဘာလဲ... ပြဿနာရှိလို့လား”

ရှန်ယွီက မကျေမနပ်သံဖြင့် ဆို၏။

“မရှိပါဘူး”

ချန်ကျန့်က ပြုံးလျက် ပြန်ဖြေသည်။

ပြန်စဉ်းစားကြည့်လျှင် ရှန်ယွီ၏ မိမိကိုယ်ကိုယ် သုံးသပ်ချက်မှာ တစ်ဝက်ခန့် နောက်ပြောင်နေခြင်းဖြစ်သော်လည်း ချန်ကျန့်၏အမြင်တွင်မူ လုံးဝ အခြေအမြစ်မရှိသည်တော့ မဟုတ်။ ရှန်ယွီသည် ပညာတတ်ခြင်း ဟုတ်မဟုတ်ကို ချန်ကျန့် မသိနိုင်သော်လည်း တစ်စုံတစ်ယောက်က လာရောက်မနှောင့်ယှက်သရွေ့ ရှန်ယွီမှာ အမှန်တကယ်ပင် “ယဉ်ကျေးပျူငှာသူ” တစ်ဦး ဖြစ်သည်။

ရန်မစသရွေ့ ရှန်ယွီမှာ စိတ်ထားကောင်းပြီး အသေးစိတ်ကိုပင် ဂရုစိုက်တတ်သူဖြစ်၏။

“မင်းရဲ့ မိဘတွေက ဆရာဝန်တွေလား” ချန်ကျန့်က ပညာတတ်ဆိုသည့်စကားကို ဆွဲယူကာ မေးမြန်းလိုက်သည်။

“နှစ်ယောက်လုံးတော့ မဟုတ်ဘူး။ ငါ့အဖေက...”

ရှန်ယွီက ခေတ္တမျှ ရပ်လိုက်ပြီး ချန်ကျန့်ကို စိုက်ကြည့်ကာ

“တက္ကသိုလ်ပရော်ဖက်ဆာ တစ်ယောက်ပါ” ဟု ဆိုလိုက်လေသည်။

“ဟာ... တကယ်ကြီးလား” ချန်ကျန့်မှာ မှင်သက်သွားရသည်။

“တကယ်ပြောတာလား”

“ငါ့အမေကတော့ ကုမ္ပဏီတစ်ခုကို ဦးစီးနေတာ” ဟု ရှန်ယွီက ထပ်မံဖြည့်စွက်ပြောဆိုသည်။

“ဪ...” ချန်ကျန့်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ပေ။

ရှန်ယွီက ပြုံးလိုက်ရင်း “ဘာဖြစ်လို့လဲ” ဟု မေး၏။

“ဒီအတိုင်းပဲ... အံ့ဩစရာကောင်းလို့ပါ။ ကျွန်တော့်ကမ္ဘာနဲ့ တော်တော်လေး ဝေးကွာတဲ့ ကမ္ဘာတစ်ခုလို ခံစားရလို့လေ”

ချန်ကျန့်က ခဏလောက် ချင့်ချန်စဉ်းစားပြီးမှ ပြောလိုက်သော စကားဖြစ်သည်။

“သိပ်လည်း မဝေးပါဘူးကွ” ရှန်ယွီက အေးဆေးပင် တုံ့ပြန်လိုက်သည်။

“ငါ အခု မင်းရှေ့တည့်တည့်မှာ ထိုင်နေတာပဲဟာကို”။

“အဲ့ဒီလိုတွေးကြည့်ရင်လည်း... ဟုတ်တာပဲ” ချန်ကျန့်က ပြုံးလျက် ဆိုသည်။

ရှန်ယွီကမူ ဘာမှထပ်မပြောတော့ဘဲ အောက်ထပ်က မြင်ကွင်းကို ငေးကြည့်ရင်း ကိုကာကိုလာကို ဖြည်းဖြည်းချင်း သောက်နေ၏။ ချန်ကျန့်လည်း ခေတ္တမျှ ငြိမ်သက်နေပြီးမှ သူ၏ခွက်ထဲရှိ အရည်များကို နှစ်ကျိုက်တည်းဖြင့် အကုန်သောက်ချလိုက်သည်။

မိသားစုအကြောင်း ပြောဆိုရာတွင် ရှန်ယွီမှာ ရှောင်ဖယ်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးရှင်းရှင်းပင် ပြောပြခဲ့သည်။ သို့သော် ချန်ကျန့်ကမူ ဆက်လက်၍ မမေးမြန်းတော့ပေ။ ရှန်ယွီက သူ၏မိဘများအကြောင်းကိုသာ ပြောပြခဲ့ပြီး သူတို့နှင့် ဆက်ဆံရေး မည်သို့ရှိသည်ကိုမူ မဟခဲ့ပေ။ တည်းခိုခန်းတွင် ရှိနေစဉ်အတွင်း ရှန်ယွီတစ်ယောက် အိမ်ကို ဖုန်းဆက်သည်မျိုးလည်း မတွေ့ရသလို၊ လျူဝူ ပြောပြချက်အရဆိုလျှင်လည်း ရှန်ယွီ ဘယ်မှာရှိနေမှန်းကိုပင် မိဘများက သိပုံမရချေ။

“ဒီည ဟူဖန်း ရဲ့ ညဆိုင်းကို မင်းက ကူပေးမလို့လား”

ရှန်ယွီက မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့…သူ အသားကင်ပါတီကို တကယ်သွားချင်နေလို့လေ…လျူဝူကလည်း ဖိတ်ထားတယ်လေ”။

“မင်းကျတော့ ဘာလို့မသွားတာလဲ”

ရှန်ယွီက သူ့ကို တစ်ချက်ကြည့်ကာ မေး၏။

“လျူဝူက မင်းကို မဖိတ်ဘဲ နေမှာမဟုတ်ပါဘူး”။

“ကျွန်တော် တာဝန်ကျနေတာလေ။ ဧည့်ကြိုကောင်တာမှာ လူမရှိရင် မဖြစ်ဘူး”

“ငါ တာဝန်ယူပေးမယ်လေ” ဟု ရှန်ယွီက အေးဆေးပင် ပြောလာ၏။

“ဒီစကားကိုသာ ဟူဖန်း ကြားသွားရင် သူမ အသားကင်သွားစားတော့မှာ မဟုတ်ဘူး။ ချက်ချင်း ပြန်ပြေးလာပြီး တာဝန်ယူလိမ့်မယ်”

“ဪ... ဘော့စ်တစ်ယောက်ရဲ့ ဘဝကလည်း ခက်သားပဲ”

ရှန်ယွီက သက်ပြင်းချရင်း ရေရွတ်လိုက်၏။

“ကျွန်တော် သွားယူလိုက်ပါဦးမယ်”

ချန်ကျန့်က မတ်တတ်ရပ်ကာ အောက်ထပ်သို့ ငုံ့ကြည့်လိုက်သည်။

“ဆန်းပင်းလည်း ကင်းလှည့်လို့ ပြီးလောက်ပြီ၊ အခု ထမင်းစားနေမှာပါ။ ရုံးပိတ်ရက်ဆိုတော့ လူတွေ အခုမှ တည်းခိုဖို့ လိုက်ရှာနေကြတာ...”။

“ဒါကလည်း မန်နေဂျာတစ်ယောက်ရဲ့ ဘဝပဲပေါ့လေ”

ချန်ကျန့် အပြောကို ရှန်ယွီကပါ သက်ပြင်းချရင်း လက်နှစ်ဖက်ကို ခေါင်းခုကာ ကုလားထိုင်နောက်သို့ မှီချလိုက်သည်။

“သွားတော့ ကိုငွေခင်လေး ။ ငါလည်း မကြာခင် အိပ်တော့မယ်၊ ဒီနေ့ တော်တော်လေး ပင်ပန်းသွားလို့”။

“ကျွန်တော့်ကို... ကော်ဖီဆိုင်ဘက်ကိုပါ တစ်ချက်လောက် ကြည့်ခိုင်းချင်သေးလား”

ချန်ကျန့်က တွေဝေစွာဖြင့် မေးမြန်းလိုက်သည်။

“ဒီညတော့ ဘာမှမဖြစ်နိုင်ပါဘူး။ အသားကင်စားတဲ့လူတွေ ဘယ်အချိန်ပြန်လာမလဲ ဘယ်သူသိမှာလဲ။ အရမ်းစည်ကားနေမှာပဲ၊ မင်းလည်း အိပ်ချင်ရင် အိပ်လိုက်တော့”။

“ဟုတ်ကဲ့”

ချန်ကျန့်က ပြန်ဖြေလိုက်၏။ ချန်ကျန့် အောက်ထပ်သို့ ဆင်းလာသောအခါ ဆန်းပင်းမှာ ထမင်းမစားသေးဘဲ ဝင်းထဲတွင် တောင်တက်ကျောပိုးအိတ် လွယ်ထားသော လူငယ်တစ်ဦးနှင့် စကားပြောနေသည်ကို တွေ့ရသည်။ ချန်ကျန့် အပြင်သို့ ထွက်လာသည်ကို မြင်သောအခါ ဆန်းပင်းက လက်လှမ်းပြရင်း

“မန်နေဂျာ... ဧည့်သည်တစ်ယောက် ရောက်နေတယ်” ဟု လှမ်းပြောသည်။

“မင်္ဂလာညချမ်းပါဗျာ” ချန်ကျန့်က ခရီးဦးကြိုပြုလိုက်၏။

ဧည့်သည်လူငယ်က ချန်ကျန့်ကို ကြည့်ကာ “တောင်တက်လမ်းက ဒီကနေဆိုရင် ဝေးလား” ဟု အေးစက်စက် လေသံဖြင့် မေးမြန်းသည်။

“မဝေးပါဘူး၊ ဟိုတံခါးဝက လမ်းအတိုင်း သွားလိုက်ရင် ငါးမိနစ်လောက်ဆိုရင် တောင်တက်လမ်းကို ရောက်ပါပြီ”

ချန်ကျန့်က လမ်းညွှန်ပေးလိုက်သည်။

“ကောင်းပြီ၊ ရိုးရိုးအခန်းတစ်ခန်းပေးပါ”

ချန်ကျန့်က ဆန်းပင်းအား ထမင်းသွားစားရန် မှာကြားပြီးနောက် လူငယ်၏ နောက်ကျောကို ကြည့်ကာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ ကြည့်ရသည်မှာ တောင်တက်သမားတစ်ဦးနှင့် တူသော်လည်း စိတ်ဓာတ်ကျနေသည့် ပုံစံ ပေါက်နေခြင်းပင်။

“တစ်ယောက်တည်းလားခင်ဗျာ။ မှတ်ပုံတင်လေး ခဏပေးပါဦး”

ချန်ကျန့်သည် ဧည့်ကြိုကောင်တာတွင် နေရာယူရင်း ယဉ်ကျေးပျူငှာစွာဖြင့် မှတ်ပုံတင် တောင်းလိုက်၏။

“တစ်ယောက်တည်းပဲ” ဟု ဆိုကာ ထိုလူက သူ၏မှတ်ပုံတင်ကို ကမ်းပေးသည်။

ချန်ကျန့်က အမြန်ပင် တစ်ချက်ကြည့်လိုက်ရာ မှတ်ပုံတင်ပါ ဓာတ်ပုံနှင့် လူမှာ ထပ်တူကျနေပြီး မြို့နေလူတန်းစားတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ ဘာပြဿနာမှ ရှိပုံမရသော်လည်း ချန်ကျန့်၏ စိတ်ထဲတွင်မူ တစ်မျိုးကြီး မတင်မကျ ဖြစ်နေဆဲပင်။

“ကျွန်တော် အခန်းကို။” ချန်ကျန့်က စကားစလိုက်စဉ်မှာပင် ထိုလူက “ရပါတယ်” ဟု အတိုချုံ့ပြောကာ ဖြတ်ပြောလိုက်သည်။

“ကားနဲ့လာတာလားခင်ဗျာ” ချန်ကျန့်က ထပ်မံမေးမြန်းကြည့်သည်။

“အင်း... ဆိုင်ကယ်က မင်းတို့ဝင်းထဲမှာ ရပ်ထားတယ်”

“ဟုတ်ကဲ့ပါ” ချန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။

ဤဒေသသို့ ဆိုင်ကယ်ဖြင့် ခရီးလှည့်လည်သူများစွာ လာလေ့ရှိသဖြင့် အထူးအဆန်းတော့ မဟုတ်ပေ။ ချန်ကျန့်သည် တစ်ခုခုဖြစ်လာပါက ချက်ချင်း တုံ့ပြန်နိုင်ရန်အတွက် ထိုလူကို ဧည့်ကြိုကောင်တာ၏ အနောက်တည့်တည့်ရှိ ပထမထပ် အခန်းတစ်ခန်း၌သာ နေရာချပေးလိုက်သည်။

ထိုလူ အခန်းထဲဝင်သွားပြီးနောက် ချန်ကျန့်သည် ဓာတ်မီးကိုကိုင်ကာ ကင်းလှည့်သည့်ဟန်ဖြင့် ခြံဝင်းအတွင်း လှည့်လည်ကြည့်ရှုနေမိသည်။ ထိုလူ၏ အခန်းပြတင်းပေါက် အပြင်ဘက်မှ ဖြတ်သွားစဉ် လိုက်ကာများ ဖွင့်ထားဆဲဖြစ်သည်ကို တွေ့ရ၏။ ထိုလူသည် ကုတင်ခေါင်းရင်းကို မှီကာ ဖုန်းကိုသာ စိုက်ကြည့်နေသည်။

ဤမြင်ကွင်းကို ကြည့်ရသည်မှာလည်း ဘာမှထူးခြားမှု ရှိပုံမရ။ အလုပ်ပင်ပန်းလွန်းသဖြင့် စိတ်ဓာတ်ကျနေသော ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။

အခြားတစ်ဖက်တွင်မူ လျူဝူ နှင့် သူ၏ "ပျော်ရွှင်စရာ ပဲစေ့လေးများ" အုပ်စုမှာမူ တစ်နေ့လုံး အနားမနေဘဲ သဘာဝတရား၏ အင်အားများကို စုပ်ယူနေကြပြီး မနက်အစောကြီး နှစ်နာရီခွဲမှသာ အသားကင်ပါတီမှ ပြန်ရောက်လာကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် အရက်သောက်ထားကြပြီး အလွန်တက်ကြွနေကြသော်လည်း အခြားဧည့်သည်များကို မနှောင့်ယှက်စေရန် အသံတိုးတိုးဖြင့်သာ ပြောဆိုသွားကြသဖြင့် ချန်ကျန့်မှာ စိတ်အေးသွားရလေတော့သည်။

ကျောင်းသားလေးများသည် ဧည့်ကြိုကောင်တာမှ ဖြတ်သွားစဉ် အသားကင်ဘူး နှစ်ဘူးကို ချန်ထားခဲ့ကြသည်။

“ဒါတွေကအကျန်တွေ မဟုတ်ဘူးနော်။ မန်နေဂျာနဲ့ ကျောက်ကျဲအတွက် ကျွန်တော်တို့ သီးသန့်ကင်လာပေးတာ။ ကျောက်ကျဲ နှပ်ပေးလိုက်တဲ့ အသားတွေက တကယ်ကို အစွမ်းထက်တယ်ဗျာ၊ အစ်မ ကိုလည်း မြည်းကြည့်ခိုင်းလိုက်ပါဦး”။

“ကျေးဇူးပါ ။ မင်းတို့ရော ဘယ်လိုလဲ... အဆင်ပြေကြရဲ့လား”။

“အရမ်းကောင်းတာပေါ့ဗျာ!”

အခြားကျောင်းသားတစ်ဦးက ကောင်တာပေါ်သို့ မှီချလိုက်ရင်း အားရပါးရ ပြောပြသည်။

“ဒီညရဲ့ မြင်ကွင်းက တကယ့်ကို လှတာဗျ၊ နဂါးငွေ့တန်း ဂလက်ဆီကိုတောင် မြင်ရတယ်လေ။ လေထုကလည်း တကယ့်ကို လတ်ဆတ်တာပဲ”။

“သွား... အနားယူကြတော့။ မနက်ဖြန် တောင်တက်မယ်ဆိုရင် စောစောထရမှာ မဟုတ်လား”

“ကောင်းသောညပါ မန်နေဂျာ”

ကျောင်းသားအချို့က ချန်ကျန့်ကို နှုတ်ဆက်ပြီး တစ်ယောက်ကိုတစ်ယော်က ကူတွဲရင်း လှေကားပေါ်သို့ တက်သွားကြတော့သည်။

ခေတ္တအကြာတွင် ဟူဖန်းတစ်ယောက် မျက်နှာဝင်းပလျက် ပြန်ရောက်လာသည်။ “မန်နေဂျာ... သွားနားတော့လေ” ဟု သူမက ဆို၏။

“ရပါတယ် ။ မင်းပဲ သွားအိပ်လိုက်ပါ၊ ငါ တာဝန်ယူလိုက်ပါ့မယ်”။

“မလိုပါဘူး၊ မလိုပါဘူး။ ကျွန်မ ဗိုက်အရမ်းဝနေလို့ အစာချေဖို့ လိုသေးတယ်။ အခုချက်ချင်း သွားအိပ်လိုက်ရင်တော့ ဗိုက်ပေါက်ထွက်သွားလိမ့်မယ်”။

ချန်ကျန့်က သူမကို သေချာစိုက်ကြည့်လိုက်သည်။

“ကျွန်မ မမူးပါဘူး” ဟု သူမက ဆိုကာ လက်ဟန်ခြေဟန်ဖြင့် ပြလေသည်။

“ဒီလောက် ဘီယာလေးကတော့ ခဏနေ အိမ်သာနှစ်ခါလောက် သွားလိုက်ရင် အကုန်ပျောက်သွားမှာပါ”။

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

သူမ၏ မျက်လုံးများမှာ တောက်ပနေပြီး ဘာပြဿနာမှ ရှိပုံမရသဖြင့် သူ စိတ်အေးသွား၏။ ထို့နောက် ချန်ကျန့်က အသံကို နှိမ့်လိုက်ပြီး ။

“အခန်း ၁၀၂ က ဧည့်သည်ကို တစ်ချက်လောက် သတိထားပေးဦး။ သူက တစ်မျိုးကြီးပဲ... စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုးပေါက်နေလို့။ အသံဗလံတွေကို တစ်ချက်လောက် နားစွင့်ထားပေးပါဦး” ဟု တိုးတိုးလေး မှာကြားထားလိုက်သည်။

ဟူဖန်း (Hu Pan) က အခန်း ၁၀၂ ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

“ဟုတ်ကဲ့ ။ ယောကျ်ားလေးလား၊ မိန်းကလေးလားဟင်”။

“ယောကျ်ားလေး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း မဖြေရှင်းနဲ့နော်။ ငါ့ကိုပဲ လှမ်းခေါ်လိုက်”။

“သိပါပြီရှင် ။ မန်နေဂျာကတော့ ကျွန်မရဲ့ အစ်ကိုအရင်းကြီးအတိုင်းပဲ”။

ချန်ကျန့်သည် ဝန်ထမ်းအိပ်ဆောင်သို့ ပြန်ရောက်သောအခါ အဝတ်အစားလဲ၊ ကိုယ်လက်သန့်စင်ပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ အိပ်ချိန်ကျော်သွား၍လား၊ သို့မဟုတ် ကော်ဖီနှင့် ကိုကာကိုလာတို့၏ အာနိသင်ကြောင့်လားမသိဘဲ သူ ချက်ချင်းပင် အိပ်မပျော်နိုင်သေးပေ။ ထိုစဉ် သူ၏ဖုန်းဆီမှ အသံတစ်ချက် ထွက်ပေါ်လာ၏။

ဟူဖန်းထံမှ စာတစ်စောင် ရောက်လာခြင်း ဖြစ်သည် ။

[ဟူဖန်း]: အခန်း ၁၀၂ က ဧည့်သည်ကတော့ ငလျင်လှုပ်နေသလားအောက်မေ့ရတယ်၊ ဟောက်လိုက်တာမှ တစ်အိမ်လုံးကို တုန်နေတာပဲ။ ဧည့်ကြိုကောင်တာကနေတောင် အတိုင်းသား ကြားနေရတယ်။

[ချန်ကျန့်]: အေး... အဲ့ဒါဆိုရင်တော့ ရပါပြီ။ ဘာမှမထူးခြားရင်တော့ မင်းလည်း ခဏလောက် အနားယူလိုက်တော့။

ထိုစာကို ပို့ပြီးနောက်မှပင် ချန်ကျန့်ထံသို့ အိပ်ငိုက်ခြင်းဝေဒနာက ရုတ်တရက် ရောက်ရှိလာတော့သည်။ အခန်း ၁၀၂ က ဧည့်သည်မှာ ထူးထူးခြားခြား စိတ်ညစ်နေခြင်းမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်း အိပ်ပျော်နေသည်ကို သိလိုက်ရသဖြင့် သူ စိတ်အေးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။

ချန်ကျန့်က တကယ်ကို စိုးရိမ်ပူပန်တတ်လွန်းနေတာလားလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေမိပြီ။ ဘော့စ်ဖြစ်သူက အိပ်မပျော်သည့်ရောဂါကြောင့် မအိပ်နိုင်သော်လည်း၊ မန်နေဂျာဖြစ်တဲ့သူကမူ ဧည့်သည်များကို စိတ်ပူနေရသဖြင့် မအိပ်နိုင်ဖြစ်နေရှာသည်။ ချန်ကျန့်သည် ပါးစပ်မှ တတွတ်တွတ် ရေရွတ်ရင်း မျက်လုံးများကို မှိတ်ကာ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်လေတော့သည်။

နောက်တစ်နေ့မှာတော့ "ပဲစေ့လေးများ" အုပ်စု၏ တောင်တက်ရမည့်နေ့ပင်။ အုပ်စုခေါင်းဆောင် လျူဝူ ၏ အစီအစဉ်အရ မနက် ၈ နာရီတွင် မနက်စာစားပြီး ၈ နာရီခွဲတွင် ခရီးစတင်ရမည် ဖြစ်သော်လည်း ၈ နာရီခွဲအချိန်အထိ လူတစ်ဝက်ခန့်မှာ အိပ်မောကျနေဆဲပင်။

“ငါ မင်းကို ကြိုသတိပေးသားပဲ”

ချန်ကျန့်သည် ပဲနို့ခွက်ကို ကိုင်ထားရင်း ဆိုသည်။

“မနေ့ညကမှ အသားကင်စားထားတဲ့လူတွေ ဆယ်နာရီမတိုင်ခင် နိုးလာလိမ့်မယ်လို့ မမျှော်လင့်ထားနဲ့လေ”။

“အတန်းတက်ဖို့ဆိုရင်တော့ ကျွန်တော် နားလည်ပေးနိုင်ပါသေးတယ်ဗျာ”

လျူဝူက ခေါက်ဆွဲများကို ပါးစပ်အပြည့် ထည့်ဝါးနေရင်းမှ ပြောသည်။

“အခုက ပျော်ဖို့ပါးဖို့ ခရီးထွက်လာတာတောင် မထနိုင်ကြဘူးဆိုတော့... ကျွန်တော်ပဲ သွားနှိုးလိုက်ပါ့မယ်”။

“မင်းတို့ မိသားစုမှာကော... ‘စားနေစဉ် စကားမပြောရ’ ဆိုတဲ့ စည်းကမ်းမရှိဘူးလား” ချန်ကျန့်က မေးမြန်းလိုက်၏။

“အဲ့ဒါက ကျွန်တော့်အဒေါ်တို့ မိသားစု စည်းကမ်းပါ” လျူဝူက အစားကို ဆက်စားနေဆဲပင်။

“ကျွန်တော်တို့အိမ်မှာတော့ ထမင်းစားရင်း စကားစမြည်ပြောကြတာပေါ့။ မဟုတ်ရင် ပျင်းစရာကြီးလေ”။

ချန်ကျန့်မှာ ဘာမှမပြောဘဲ ပြုံးနေမိသည်။

“ဒါပေမဲ့ ကျွန်တော် တစ်ခုပြောပြမယ်” လျူဝူက ချန်ကျန့် အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ဆိုသည်။

“ကျွန်တော့်အစ်ကို (ရှန်ယွီ) တစ်ယောက်တည်းပဲ ထမင်းစားပွဲမှာ စကားမပြောဘဲ နေခဲ့ရတာ။ သူက ငယ်ငယ်တုန်းက ကျန်းမာရေး သိပ်မကောင်းဘူး၊ ပြီးတော့ အစားလည်း အရမ်းရွေးတာလေ။ စားနေရင်းနဲ့လည်း တတွတ်တွတ် ပြောနေတတ်တော့ ကျွန်တော့်ဦးလေးက သူ့ကိုပဲ ထမင်းစားရင်း စကားမပြောဖို့ ပိတ်ပင်ထားခဲ့တာ”။

ချန်ကျန့်မှာ မျက်လုံးလေး ကလည်ကလည် ဖြစ်သွားပြီးမှ တိုးတိုးလေး ပြန်မေးလိုက်သည်။

“ဆိုလိုတာက တစ်မိသားစုလုံးမှာ သူတစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေခဲ့ရတာပေါ့ ဟုတ်လား”။

“ဟုတ်တယ်” လျူဝူက ခေါင်းညိတ်ပြသည်။

“ကျွန်တော်တို့ ဆွေမျိုးတွေအားလုံးထဲမှာ သူတစ်ယောက်တည်းပဲဗျ”။

ချန်ကျန့်မှာ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

“ဒီလို စည်းကမ်းမျိုးလည်း ရှိသေးတာလား။ တော်တော်လေးကို... သူ့တစ်ယောက်တည်းကို ရည်ရွယ်ထားသလိုပဲ”။

“ဒါတောင် သူ့ပါးစပ်ကတော့ ပိတ်သွားတာ မဟုတ်ပါဘူး” ဟု လျူဝူက ခေါင်းခါရင်း ဆိုလေသည်။

ရှန်ယွီမှာလည်း ယနေ့တွင် နောက်ကျမှ နိုးပုံရပြီး မနက်စာအတွက်လည်း လှမ်းမခေါ်သေးပေ။ ဆယ်နာရီခန့်တွင် "ပဲစေ့လေးများ"အုပ်စု တောင်တက်ရန် ထွက်ခွာသွားပြီးနောက် ချန်ကျန့်သည် ဝင်းအတွင်း တစ်ပတ်လှည့်ကြည့်ကာ စတုတ္ထထပ်ရှိ ရှန်ယွီ နိုးမနိုး သွားရောက်စစ်ဆေးရန် ပြင်ဆင်လိုက်သည်။

“မန်နေဂျာချန်...” ဟူဖန်းသည် ဧည့်ကြိုကောင်တာမှ ကိုယ်ကိုကိုင်းကာ ဖုန်းကိုကိုင်လျက် လှမ်းခေါ်လိုက်သည်။

“မန်နေဂျာ... ဒီကို ခဏလာပါဦး”။

“အင်း... ဘာဖြစ်လို့လဲ” ချန်ကျန့်က အနားသို့ လျှောက်သွားလိုက်၏။

“ဟယ်လို... ဘယ်သူနဲ့ ပြောချင်လို့လဲရှင်။”

ဟူဖန်းသည် ဖုန်းကို နားမှာကပ်လျက် ပြောနေရင်းမှ ရုတ်တရက် ရပ်လိုက်သည်။

“သူတို့ ဖုန်းချသွားပြီ”။

“ဘာကိစ္စမို့လို့လဲ” ချန်ကျန့်က မေးမြန်းလိုက်သည်။

“အသံအရဆိုရင် အဒေါ်ကြီးတစ်ယောက်နဲ့ တူတယ်။ မနေ့က ဒီကို ကျောင်းသားလေးတွေ လာတည်းကြသလားလို့ မေးတယ်။ ကျွန်မက မိဘတစ်ယောက်ယောက်များလားလို့ ထင်ပြီး ဘယ်သူ့ကို ရှာတာလဲလို့ မေးလိုက်တော့ ‘ဘော့စ်’ နဲ့ စကားပြောချင်တယ်တဲ့”။

“ဘော့စ်နဲ့လား”

ချန်ကျန့်မှာ မျက်တောင်လေး ခတ်လိုက်မိသည်။

“ဟုတ်တယ်၊ ထူးဆန်းတယ်နော်။ အသံကတော့ ကျောင်းသားမိဘတစ်ယောက်နဲ့ တူပေမဲ့ ဘော့စ်ကိုပဲ တောင်းဆိုနေတာ” ဟူဖန်းက မျက်မှောင်ကြုတ်လျက် ဆိုသည်။

“ကျွန်မက ဘော့စ် အပြင်သွားနေတယ်၊ မန်နေဂျာနဲ့ ပြောလို့ရတယ်လို့ ပြောလိုက်တော့ သူတို့ ဖုန်းချသွားတာပဲ”။

“ဘယ်ကျောင်းသားရဲ့ မိဘဆိုတာကော မပြောသွားဘူးလား” ချန်ကျန့်က ထပ်မေးသည်။

“ကျွန်မ ကျောင်းသားတွေ ရှိမရှိကိုတောင် အဖြေမပေးရသေးဘူး၊ ဘယ်သူ့ကို ရှာတာလဲလို့ပဲ ပြန်မေးလိုက်တာ”

ချန်ကျန့်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးမှ

“အကယ်၍ နောက်တစ်ခါ ထပ်ခေါ်လာရင်တော့ ဘော့စ်က မြို့ထဲသွားတယ်လို့ပဲ ပြောလိုက်ပါ။ ပြီးတော့ သူတို့ရဲ့ အမည်နဲ့ ဖုန်းနံပါတ်ကို ချန်ထားခဲ့ခိုင်းလိုက်နော်”။

“ကောင်းပြီ”

“ပြီးတော့...အကယ်၍ သူတို့က ထပ်မေးလာရင် ငါတို့တည်းခိုခန်းပိုင်ရှင်ရဲ့ မျိုးရိုးအမည်က ‘ချန်’ လို့ပဲ ပြောလိုက်ပါ”။

ဟူဖန်းသည် ခေတ္တမျှ တွေဝေသွားပြီးမှ ချက်ချင်းသဘောပေါက်သွားကာ

“နားလည်ပါပြီ။ နာမည်က ‘ချန်ကျန့်’ ပေါ့ ဟုတ်လား” ဟု ပြန်မေးရာ ချန်ကျန့်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ကျောင်းသားလေးများမှာ တတိယထပ်တွင် ရှိနေကြသဖြင့် ရှန်ယွီမှာ စတုတ္ထထပ်ရှိ ရုံးခန်းအတွင်း၌သာ အိပ်စက်ခဲ့ခြင်း ဖြစ်သည်။ ချန်ကျန့် တံခါးခေါက်ချိန်တွင် ရှန်ယွီမှာ နိုးကာစပင် ရှိသေးပြီး အိပ်ရာဝင်ဝတ်စုံနှင့်ပင် ရှိနေသေး၏။ ချန်ကျန့်က ဟူဖန်းထံသို့ ဖုန်းဝင်လာသည့်အကြောင်းနှင့် မိမိကိုယ်မိမိ ပိုင်ရှင်အဖြစ် ဟန်ဆောင်ထားသည့်အကြောင်းကို ရှန်ယွီအား တိုင်ပင်လိုက်သည်။

“ဟာ... ငါ အလုပ်ပြုတ်သွားပြန်ပြီပေါ့”

ရှန်ယွီက ရယ်မောရင်း ဆိုသည်။ ထို့နောက် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ရင်း

“လျူဝူကတော့ ငါ့ကို ပြဿနာရှာပေးဖို့ တကယ်သိတာပဲ” ဟု ခပ်ညည်းညည်းလေး ပြော၏။

လျူဝူ၏ မိခင် မဟုတ်လည်း ရှန်ယွီ၏ မိခင်ဖြစ်သူမှာ လျူဝူထံမှတစ်ဆင့် ဤနေရာကို သိရှိသွားပုံရသည်။ ထိုစဉ် ဟူဖန်းက ဖုန်းကိုကိုင်လျက် အပြေးအလွှား ရောက်လာပြန်သည်။

“မန်နေဂျာ... အဲ့ဒီအဒေါ်ကြီး ထပ်ခေါ်လာပြန်ပြီ။ သူက ဘော့စ်က ဘယ်သူလဲဆိုတာကို သိနေသလိုပဲ...” ဟု ဆိုကာ ဖုန်းကို အသံပိတ်လျက် ကမ်းပေးလာ၏။ ချန်ကျန့်သည် မတတ်သာသည့်အဆုံး စိတ်ကိုတင်းကာ ဖုန်းကို ကိုင်လိုက်ရသည်။

“ဟယ်လို... ဘယ်သူနဲ့ ပြောချင်လို့လဲခင်ဗျာ။”

“ဟယ်လို... ရှန်ယွီကို ဖုန်းပေးလိုက်ပါ”

တစ်ဖက်မှ ယဉ်ကျေးပျူငှာသော်လည်း အမိန့်ပေးသံပါသော အမျိုးသမီးအသံ ထွက်ပေါ်လာသည်။ ချန်ကျန့်၏ ဟန်ဆောင်မှုမှာ မစတင်မီမှာပင် ပျက်ပြားသွားရ၏။

ချန်ကျန့်သည် မိမိကိုယ်မိမိ ဆိုင်ပိုင်ရှင်အဖြစ် ဆက်လက်ဟန်ဆောင်ကြည့်သော်လည်း ရှန်ယွီ၏ မိခင်မှာ လုံးဝမယုံကြည်ဘဲ

“ကလေး... မင်း တစ်လကို လစာ ဘယ်လောက်ရလို့လဲ။ ငါက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ သူ့အတွက် မင်းက တာဝန်ယူပေးနိုင်လို့လား” ဟူ၍ ခပ်ပြတ်ပြတ်ပင် မေးခွန်းထုတ်၏။

ရှန်ယွီသည် အခြေအနေကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း ချန်ကျန့်လက်ထဲမှ ဖုန်းကို လှမ်းယူလိုက်သည်။

“ဟယ်လို”

“မင်း ဘယ်လောက်အထိ ထပ်ပုန်းနေဦးမှာလဲ”

မားမားအသံမှာ ရင်းနှီးသော်လည်း စိမ်းသက်မှုအချို့ ပါဝင်နေသည်။

ရှန်ယွီက နောက်မှ ပြန်ခေါ်မည်ဟု ဆိုသော်လည်း မားက လက်မခံ။ အခုချက်ချင်းပင် စကားပြောရန် ဇွတ်အတင်း ပြောဆိုနေတော့သည်။

“ကျွန်တော် အခု လူတွေအများကြီးကြားထဲမှာ ရောက်နေတာ၊ စကားပြောရတာ အဆင်မပြေဘူး”

ရှန်ယွီ ဆင်ခြေပေးသော်လည်း မအောင်မြင်။

“အဲ့ဒါဆိုရင်လည်း ဘေးကို ထွက်သွားပြီး ပြောလေ”

မားမားက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

ရှန်ယွီက သူ၏ဖုန်းအသစ်နံပါတ်ကို မပေးလိုသဖြင့် ငြိမ်နေစဉ် မိခင်ဖြစ်သူက ထပ်မံ၍ အမိန့်ဆန်ဆန် ပြောလိုက်ပြန်သည်။

“ဒါဆိုရင်လည်း အဲ့ဒီနေရာမှာပဲ ဆက်ပြော။ မင်းရဲ့ ဝန်ထမ်းတွေရှေ့မှာပဲ ငါတို့ စကားပြောကြတာပေါ့”။

________________________________________________________________

Comments

  1. မာမားက ကြမ်းချက်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...