Skip to main content

36





အပိုင်း (၃၆)

တာယွင်တည်းခိုခန်း ဝင်းတံခါးဝသို့ သူတို့ ပြန်ရောက်လာသည့်အခါ ဆန်းပင်းက ခြံဝင်းတံခါးဘေးရှိ

မှီထိုင်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး အပြင်ဘက်လမ်းမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အချိန်ပိုင်း လုံခြုံရေးအလုပ် ပြောင်းလုပ်နေတာလား။”

ရှန်ယွီက အဝင်ဝတွင် ဘရိတ်အုပ်၊ မှန်ချပြီး လှမ်းစလိုက်သည်။

“အထဲက လူတစ်ယောက် ဟိုဟိုဒီဒီနဲ့ ကျွန်တော်တို့ကို လာချောင်းနေလို့ဗျ။”

ဆန်းပင်းက မကျေမနပ်နှင့် ထရပ်လိုက်သည်။

“ငါတို့ ဧည့်သည်တွေ လိုက်ဆွဲဦးမလားဆိုပြီး စိတ်ပူနေတာ ဖြစ်မှာပေါ့။ ဒါကြောင့် ကျွန်တော် ဒီမှာ လာထိုင်နေတာ။ ဘာမှလည်း မပြောဘူး၊ ဘယ်မှလည်း မသွားဘူး၊ သူတို့ကို ဒေါသထွက်ပြီး သေအောင် လုပ်ပစ်မယ်။”

“မင်း အဆောက်အအုံထဲ သွားကင်းလှည့်လိုက်တော့။”

ရှန်ယွီက အမိန့်ပေးသည်။

“ခဏနေရင် ငါ ဒီမှာ လာထိုင်မယ်။”

“ဗျာ။”

ဆန်းပင်း ကြောင်သွားသည်။

“မင်း အထဲဝင်တော့။”

ချန်ကျန့် ကားပေါ်ကဆင်းရင်း ဝင်ပြောလိုက်သည်။

“လောင်စစ်နဲ့ လောင်ဝူကို သွားကူလိုက်ပါ။ ဧည့်သည်တွေ အကုန်အပြင်ထွက်နေတုန်း အခန်းတွေ သန့်ရှင်းရေးလုပ်ဖို့ ကူပေးလိုက်ဦး။”

“ဟုတ်ကဲ့။”

ဆန်းပင်း အထဲသို့ ဝင်သွားသော်လည်း နောက်ပြန်လှည့်ပြီး ထပ်အတည်ပြုသေးသည်။

“ဘော့စ်ရှန်... တကယ်ကြီး ခဏနေရင် ဒီမှာ လာထိုင်မှာလား။”

“ဆရာဝန်က နေပူစာလှုံခိုင်းလို့ပါ။”

ရှန်ယွီက ပြန်ဖြေလိုက်သည်။

“နားလည်ပြီ။”

ဆန်းပင်းကတော့ ဝမ်းသာအားရနှင့် အထဲသို့ ပြေးဝင်သွားတော့သည်။ ချန်ကျန့်သည် ကားဘေးမှာရပ်ပြီး ရှန်ယွီ ခြေတစ်ဖက်တည်းနှင့် ခုန်ဆင်းလာသည်ကို ကြည့်နေမိသည်။

“နေပူစာ လှုံမလို့ပေါ့ ဟုတ်လား။”

“ဆန်းပင်းက အဲ့ဒီလောက်တောင် စိတ်တိုနေတာဆိုတော့ သူ့ကိုယ်စား ငါ လာထိုင်ပေးရမှာပေါ့။ ငါလည်း အားနေတာနဲ့ အတော်ပဲလေ။”

“ဒါပေမဲ့ ဟိုလူတွေ လာလို့ မင်း ဒီမှာ ထိုင်နေတာ မြင်ရင်...”

ချန်ကျန့် သူ့ကို ကြည့်လိုက်မိသည်။ ဤသည်မှာ သူတို့ကို သွားရန်စသလို ဖြစ်မနေဘူးလား။

ဘော့စ်ကတော့ တစ်ရက်ကလေးတောင် အငြိမ်မနေနိုင်ပါလား။

“ ငါလိုချင်တာလည်း အဲ့ဒါပဲ လေ။ ငါ့ကို မြင်စေချင်တာ။ ငါတို့က ပူးပေါင်းဆောင်ရွက်ပြီးသားပဲကို။ သူတို့ကပဲ ငါတို့ကို ဆက်ပြီး နှောင့်ယှက်ချင်နေတယ်ဆိုရင် အဲ့ဒါ သူတို့က ရန်စတာဖြစ်သွားပြီလေ။ ဒီလိုလုပ်တော့ သူတို့ကို မျက်နှာသာလည်း ပေးရာရောက်သလို၊ ပြန်ပြီး ပညာပြရာလည်း ရောက်တာပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ၊ ဆန်းပင်းအတွက်လည်း စိတ်ထွက်ပေါက် ရတာပေါ့။”

“နေပူစာလည်း လှုံရသေးတာပေါ့။ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ။”

“မန်နေဂျာချန်ကတော့ တကယ့်ကို သေသေချာချာ တွက်တတ်တာပဲ။”

ရှန်ယွီက လက်မထောင်ပြလိုက်သည်။

“ကျေးဇူးပါ ဘော့စ်။”

ချန်ကျန့်လည်း ခပ်ရွဲ့ရွဲ့ပြန်ပြောမိတော့၏။ ခြေမသန်သော်လည်း ရှန်ယွီက ဒီလိုကိစ္စမျိုးဆိုလျှင် တော်တော်လေး သွက်လက်သည်။ သူ အထဲဝင်ပြီး နေကာမျက်မှန် သွားယူကာ၊ ဆန်းပင်း ထားခဲ့သည့် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ပစ်ထိုင်လိုက်တော့သည်။

နေကာမျက်မှန်တပ်ပြီး အေးအေးဆေးဆေး မှီနေသည့် ပုံစံမှာ တကယ့်ကို အနားယူနေသည့် ပုံပေါက်နေသည်။

“ဘော့စ်ရှန် အဲ့ဒီမှာ ဘာလုပ်နေတာလဲ။”

ဈေးဝယ်ပြီး ပြန်လာသည့် ကျောက်ဖန်းဖန်းက နားမလည်နိုင်ဘဲ မေးသည်။

“နေပူစာ လှုံနေတာလေ။”

“အပေါ်ထပ်မှာ လှုံရင် ပိုပြီး သန့်ရှင်းတာ မဟုတ်ဘူးလား။”

“တကယ့် ပညာရှိတွေက မြို့လယ်ခေါင်မှာပဲ နေတတ်ကြတာလေ။”

ချန်ကျန့်က ပြန်ဖြေလိုက်သည်။

“အို... နားမလည်တော့ပါဘူး။”

ကျောက်ကျဲ ခေါင်းခါရင်း ဆိုသည်။ ပစ္စည်းများ နေရာချပြီးနောက် သူမက ချန်ကျန့်ကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးလေး မေးသည်။

“မန်နေဂျာ... ကျွန်မ သမီးကို ဒီမှာ ရက်အနည်းငယ်လောက် ခေါ်ထားလို့ ရမလား။ အားလပ်ရက်မှာ သူ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေလို့ပါ။ သူ့အဖေကလည်း အပြင်မှာ အလုပ်တွေ ရှုပ်နေတော့ သူ့ကို ကြည့်ပေးမယ့်လူ မရှိလို့ပါ။ ဒီမှာ ခေါ်ထားရင် ဖြစ်မလားလို့...”

“ရပါတယ်၊ ခေါ်လာခဲ့ပါ။ ပြီးတော့ အခု အလုပ်များနေတဲ့ အချိန်ဆိုတော့၊ ဒီရက်ပိုင်းအတွင်း အကူအညီပေးဖို့ ခေါ်လို့ရတယ်နော်။”

ကျောက်ကျဲ ခဏစဉ်းစားပြီးမှ ခပ်တိုးတိုး မေးသည်။

“ကလေး အလုပ်သမားများ ဖြစ်နေမလားလို့။”

“ဗျာ။”

ချန်ကျန့် ကြောင်သွားရသည်။

“မဟုတ်တာပဲဗျာ။”

ရှန်ယွီက သူ၏ ကုလားထိုင်ပေါ်မှနေ၍ တမင် အသံရှည်ဆွဲကာ ဝင်ပြောလိုက်သည်။

“ဒါဆိုရင်လည်း တခြားလူပဲ ရှာလိုက်ပါ့မယ်။”

နေကာမျက်မှန်ကြောင့် ရှန်ယွီ၏ မျက်လုံးများကို ချန်ကျန့် မမြင်ရချေ။

“ဒါပေမဲ့ မိန်းကလေးငယ်လေးက အားလပ်ရက်မှာ သူ့အမေကို ကူညီပေးတာဆိုရင်တော့ ပြဿနာ မရှိပါဘူး။”

ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်မိသည်။ ခဏအကြာတွင် ရှန်ယွီက ခေါင်းစောင်းပြီး နေကာမျက်မှန်ကို အနည်းငယ် နှိမ့်ကာ သူ့ကို ချောင်းကြည့်သည်။

“ဘာဖြစ်လို့လဲ။ တစ်ခုခု ပြောဦးလေ မန်နေဂျာ။”

“မင်း စကားဆုံးအောင် စောင့်နေတာပါ”

“ကောင်းတဲ့ အလေ့အထပဲ။ ခေါ်လာခဲ့ပါ။ ဟိုတစ်နေ့က ထမင်းစားပွဲတုန်းက သူက သွက်သွက်လက်လက် ရှိတာ ငါ မြင်သားပဲ။ ကူညီပေးလို့ ရတာပေါ့။ လစာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ငါတို့ သူ့ကို ဟုန်ပေါင်း ပေးမယ်။ ...ကဲ ငါ စကားပြောပြီးပြီ မန်နေဂျာ။”

“ဒါဆို တခြားလူ ထပ်မငှားတော့ဘူးလား။ ကျောက်ကျဲ ပင်ပန်းနေမှာ စိုးလို့ပါ။”

“မဖွင့်ခင်တုန်းက အခန်းတွေ အားလုံးကို သူ တစ်ယောက်တည်း ကိုင်တွယ်ခဲ့တာပဲ။ အဲ့ဒီတုန်းကလည်း မပင်ပန်းခဲ့ဘူးလား။ သူက ပိုက်ဆံ တကယ် လိုအပ်နေတာလေ။ ဒီအလုပ်များတဲ့ ရက်တွေ ကုန်သွားပြီး ဧည့်သည်တွေ ပြန်ကုန်ကြရင်၊ သူ ပင်ပန်းချင်ရင်တောင် ပင်ပန်းခွင့် ရတော့မှာ မဟုတ်ဘူး။”

ချန်ကျန့် တိတ်ဆိတ်သွားသည်။ အဲ့ဒါကတော့ အမှန်ပါပဲ။ သူကိုယ်တိုင်လည်း ထိုအတိုင်း ခံစားရသည် ။ ပင်ပန်းသော်လည်း အလုပ်ပြီး၍ ပိုက်ဆံရသည့်အခါ အရာရာက ထိုက်တန်သွားသည်။

“ဒီရက်ပိုင်း ဝန်ထမ်းတွေအတွက် ထမင်းမချက်ခိုင်းနဲ့တော့။ လမ်းထိပ်က ထမင်းဆိုင်ဖြစ်ဖြစ်၊ ပေါက်စီဆိုင်ဖြစ်ဖြစ် သွားပြောထားလိုက်၊ အချိန်မှန် ထမင်းလာပို့ခိုင်းလိုက်ပေါ့။”

“ဟုတ်ကဲ့၊ စီစဉ်လိုက်ပါ့မယ်။”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ သူ အပြင်ထွက်ရန် ပြင်စဉ်မှာပင် လူတစ်ယောက် လမ်းအတိုင်း လျှောက်လာပြီး သူတို့ ဝင်းထဲကို လှမ်းချောင်းကြည့်သည်။ မတ်တတ်ရပ်နေသည့် ချန်ကျန့်နှင့် ထိုင်နေသည့် ရှန်ယွီတို့ကို မြင်သောအခါ ထိုသူက ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။

“ဘော့စ်... နေပူစာ လှုံနေတာလား။”

“ဟုတ်ကဲ့။ ဒီလို အပူဆုံး ရာသီမှာ ကျောပြင်ကို လေစင်အောင် လုပ်နေတာပါ။”

ရှန်ယွီက ပြန်ဖြေလိုက်သည်။ ထိုလမ်းသွားလမ်းလာမှာ အနေရခက်သော မျက်နှာဖြင့် ထွက်သွားလေတော့သည်။

“အပူဆုံးရာသီ မဟုတ်ပါဘူး။ ဆောင်းတွင်းကြီးလေ။ ပြီးတော့ မင်းက မျက်နှာကို နေပြနေတာလေ။”

“အရေးမကြီးပါဘူး။ သူကလည်း တကယ် သိချင်လို့ မေးတာ မဟုတ်သလို၊ ငါကလည်း တကယ် ဖြေနေတာ မဟုတ်ဘူးလေ။”

“သူတို့တွေ မင်းကို မြင်သွားကြပြီပဲ။ အထဲ ဝင်တော့မလား။”

“ထမင်းစားချိန်အထိ စောင့်လိုက်ဦးမယ်။ အခုချက်ချင်း ဝင်သွားရင် ငါက တကယ် နေလှုံတာ မဟုတ်ဘဲ ဟန်ဆောင်နေမှန်း သိသာသွားမှာပေါ့။”

ရှန်ယွီက ပျင်းရိစွာ ကိုယ်ကို ဆန့်လိုက်သည်။

“ဒါဆို ကျွန်တော် နေ့လယ်စာ သွားဝယ်လိုက်ဦးမယ်။ ကျွန်တော် ပြန်ရောက်မှ မင်း အထဲဝင်တော့ပေါ့။”

“အင်း။”

ရှန်ယွီသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ပြီး ခြေထောက်များကို သက်သောင့်သက်သာ ဆန့်ထုတ်လျက် မှီနေလိုက်တော့သည်။

အားလပ်ရက် ရာသီဖြစ်သဖြင့် မြို့ငယ်လေး၏ ပုံမှန် တိတ်ဆိတ်မှုမှာ ခရီးသည်များကြောင့် ပျောက်ကွယ်နေသည်။ အမြဲတမ်း ငြိမ်သက်နေသော လမ်းမများမှာ ယခုအခါ စည်ကားနေပြီး ခရီးသည်များ၏ ကားများမှာလည်း လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပြည့်နှက်နေလေသည်။ ချန်ကျန့်သည် သူ၏ ဆိုင်ကယ်ကို လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း မောင်းလာခဲ့သည်။ ဤကဲ့သို့ စည်ကားမှုမျိုးမှာ တစ်နှစ်တွင် အနည်းငယ်သာ မြင်တွေ့ရတတ်သည်ဖြစ်ရာ၊ သူသည်လည်း ထိုအငွေ့အသက်ကို ခံစားရန် အေးအေးဆေးဆေးသာ သွားနေမိသည်။ သူသည် ဒုတိယလမ်းရှိ စားသောက်ဆိုင်သို့ သွားခဲ့သည် ။ ထိုဆိုင်၏ အမြန်ချက် ဟင်းလျာများမှာ မဆိုးလှချေ။

ထင်ထားသည့်အတိုင်းပင်၊ တာယွင်တည်းခိုခန်း ဘော့စ်က ချန်တာဟူ ကို ဖမ်းလိုက်သည့် သတင်းမှာ တစ်မြို့လုံး ပျံ့နေလေပြီ။ ခြေမသန်သည့် ဘော့စ်အသစ်က သရဲအိမ်ကို လွှဲယူစဉ်ကလည်း တစ်မြို့လုံး ဟိုးဟိုးကျော် ဖြစ်ခဲ့သေးသည်။ အခုတော့ ချန်တာဟူကို ရဲစခန်း ပို့လိုက်ပြန်ပြီဆိုတော့၊ ဤတိတ်ဆိတ်လှသော မြို့ငယ်လေးအတွက် အကောင်းဆုံး အတင်းအဖျင်း သတင်းတစ်ခု ဖြစ်သွားတော့သည်။

“မင်းတို့ ဘော့စ်က တော်တော်လေး အစွမ်းထက်တာပဲ။”

စားသောက်ဆိုင်ပိုင်ရှင် အဒေါ်ကြီးက ချန်ကျန့် ဘေးတွင် ထိုင်ရင်း ဆိုသည်။

“ချန်တာဟူ တစ်ယောက် ဘယ်လောက်ကြာကြာ အချုပ်ကျမလဲ မသိဘူးနော်။ ပုံမှန်ဆိုရင်တော့ ရက်အနည်းငယ်နဲ့ ပြန်ထွက်လာတာပဲ၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ် ထောင်ကျတော့မယ်လို့ ကြားတယ်။”

“ရဲတွေ စုံစမ်းနေတုန်းပဲလေ။ ဘာမှတော့ မသေချာသေးပါဘူး။”

ချန်ကျန့် သတိထားပြီး ပြန်ဖြေလိုက်သည်။ တစ်စုံတစ်ယောက်က ချန်တာဟူအကြောင်း ပြောတိုင်း ချန်အာဟူ၏ ငိုသံမှာ သူ၏ နားထဲတွင် ပြန်လည် ကြားယောင်နေမိသည်။

“ထောင်ချပစ်ရမှာပေါ့။ အဲ့ဒီလူက ပြဿနာတွေ အများကြီး ရှာထားတာ။ အခုမှပဲ မြို့လေးက အေးချမ်းတော့မယ်။ မင်း ကံကောင်းတာပဲ။ မင်းအဖေလည်း မင်းလို သားမျိုး ရှိတာ ကံကောင်းတာပေါ့။”

ချန်ကျန့်ကတော့ ခပ်ဖျော့ဖျော့ ပြုံးပြရုံမှလွဲ၍ ဘာမှ ပြန်မပြောမိချေ။ ပစ္စည်းများ အပုံလိုက်ကြီးနှင့် တာယွင်သို့ သူ ပြန်ရောက်သည့်အခါ၊ ရှန်ယွီမှာ ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ရှိနေဆဲပင် ။ အိပ်ပျော်နေသည့် ပုံစံမျိုးပေါ့။

ဟူဖန်က ပါဆယ်ဗူးများကို လှမ်းယူပေးသည်။

“အများကြီးပါလား။”

“ဆိုင်ရှင်က ဟင်းနှစ်ပွဲ အလကား ထည့်ပေးလိုက်လို့လေ။ နောင်ကျရင် သူတို့ပဲ ထမင်း လာပို့ပေးလိမ့်မယ် ။ ကျောက်ကျဲ ဝန်ထမ်းစာအတွက် ချက်စရာ မလိုတော့ဘူးပေါ့။”

“ဘော့စ်။ ထမင်းစားရအောင်။ အိပ်ချင်ယောင် ဆောင်မနေနဲ့တော့။”

ဟူဖန်က ရှန်ယွီကို လှမ်းအော်သည်။ ရှန်ယွီက လက်တစ်ဖက်ကို မြှောက်ကာ OK ပုံစံ လုပ်ပြလိုက်သည်။

သိသားပဲ၊ ဟန်ဆောင်နေတာ။

ထိုနေ့ ညနေပိုင်းတွင် ကျောက်ဖန်းဖန်း၏ သမီးမှာ ဘတ်စ်ကားဖြင့် ကိုယ်တိုင် ရောက်လာခဲ့သည်။ သူမသည် ပစ္စည်းများကို အိပ်ဆောင်ထဲတွင် ထည့်ပြီးသည်နှင့် ချက်ချင်းပင် သန့်ရှင်းရေးလုပ်ခြင်း၊ ပန်းကန်ဆေးခြင်း၊ စားပွဲသုတ်ခြင်း စသည့် အလုပ်များကို ကူညီလုပ်ဆောင်ပေးလေသည်။ သူမက မူလတန်းကျောင်းသူလေးသာ ဖြစ်သော်လည်း အလုပ်လုပ်ပုံမှာ အလွန်ပင် သွက်လက်စနစ်တကျ ရှိလှသည်။ ကျောက်ဖန်းဖန်းလောက် မတော်သေးသော်လည်း လောင်စစ် သို့မဟုတ် လောင်ဝူ တို့နှင့်တော့ ယှဉ်နိုင်လောက်သည်။

ချန်ကျန့် ထိုကလေးမလေးကို ချီးကျူးစကား ပြောရန် ပြင်သော်လည်း နောက်ဆုံးတွင်တော့ ဘာမှ မပြောဖြစ်ခဲ့ချေ။ အလုပ်ရှုပ်နေကြသော ဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင်တော့ ဘော့စ်ဖြစ်သူမှာ သူပြောခဲ့သလိုပင် တကယ့်ကို အားနေပုံရပါသည်။ အလုပ်ရှုပ်မှာစိုးသဖြင့် ရှန်ယွီမှာ ဒီရက်ပိုင်း အပေါ်ထပ်မှနေ၍ အောက်သို့ သိပ်မဆင်းတော့ချေ။ အားကစားခန်းမထဲတွင် ရှိနေလျှင် ရှိနေ၊ မဟုတ်လျှင် ရုံးခန်းထဲတွင် လှဲနေတတ်သည်၊ တစ်ခါတစ်ရံ လက်ပ်တော့နှင့် ရုပ်ရှင်ကြည့်နေတတ်သလို၊ တစ်ခါတစ်ရံတွင်မူ ပြတင်းပေါက် အပြင်ဘက်ကို နာရီပေါင်းများစွာ ငေးကြည့်နေတတ်သည်။ တစ်နာရီ ကြာသွားသော်လည်း ငေးနေဆဲ၊ နောက်တစ်နာရီ ကြာသွားလျှင်လည်း ငေးနေဆဲပါပဲ။

ထိုသို့သော အခြေအနေမျိုးနှင့် ယှဉ်နိုင်သူဆို၍ အခန်း ၁၀၂ က ဧည့်သည်သာ ရှိသည်။ သူသည် စတုတ္ထထပ်ရှိ အခန်းသို့ အမှတ်မထင် ရောက်ခဲ့သည့်နေ့မှစ၍ သုံးရက်အတွင်း သူ၏ အခန်းထဲမှ နှစ်ခါသာ ထွက်လာခဲ့ဖူးသည် ။ ကော်ဖီ တစ်ခါဝယ်သည်၊ စားသောက်ခန်းတွင် ထမင်း တစ်ခါစားသည်၊ ထိုမျှသာ ဖြစ်သည်။

“သူ ဘာလို့ အခုထိ အခန်းမအပ်သေးတာလဲ မသိဘူး။ လျူဝူတို့ အဖွဲ့တောင် ပျော်သင့်သလောက် ပျော်ပြီးပြီဆိုတော့ မနက်ဖြန် ပြန်ကြတော့မှာလေ။”

ချန်ကျန့် ရုံးခန်းထဲသို့ ရှန်ယွီအတွက် ဆေးသယ်လာရင်း ပြောလိုက်သည်။ တစ်ခုတည်းသော ထူးခြားချက်မှာ ၁၀၂ ပင် ဖြစ်သည်။

“သူသာ နောက်တစ်ရက် ထပ်နေဦးမယ်ဆိုရင်တော့ ကျွန်တော်လည်း ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်တော့ဘူး။”

“ဒါ တစ်ငုံလောက် သောက်ကြည့်မလား။”

ရှန်ယွီသည် ထိုခါးသက်သက် ဆေးခွက်ကို ကိုင်ထားသည်မှာ ငါးမိနစ်ခန့် ရှိနေပြီဖြစ်သော်လည်း မသောက်သေးချေ။

“သောက်လိုက်ပါဗျာ။ အသက်အောင့်ပြီး နှစ်ကျိုက် သုံးကျိုက်လောက် သောက်လိုက်ရင် ပြီးပါပြီ။”

ရှန်ယွီ ဆေးခွက်ကို ဘေစင်ဆီသို့ သယ်သွားကာ၊ အသက်ကို ပြင်းပြင်းရှူပြီး အတင်း မော့ချလိုက်တော့သည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါ ဆေးခွက်ကို ဘေးချပြီး ဘေစင်ထဲသို့ ပျို့တက်သွားကာ၊ ထို့နောက်မှ သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။

“ဒါက အမြဲတမ်း လုပ်ရမယ့် အစဉ်အလာလား။”

ချန်ကျန့်က မေးလိုက်သည်။

“အင်း။”

ရှန်ယွီက ဆေးခွက်အလွတ်ကို သူ့ဆီ ကမ်းပေးလိုက်သည်။

“ဒီလောက်အထိ သောက်လာတာတောင် ကျင့်သား မရသေးဘူးလား။ အဲ့ဒီလောက်တောင် အရသာ ဆိုးလို့လား။”

“နောက်တစ်ခါကျရင် မင်း အရင် တစ်ငုံ မြည်းကြည့်လေ။ ပြီးမှ ငါ ဟယ်လျန်တို့ လူစုနဲ့ သွားပြီး ရန်ဖြစ်ပေးမယ်။”

ရှန်ယွီက ပြန်နောက်လိုက်သည်။ ချန်ကျန့်မှာ စိတ်ထဲတွင်ပင် ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားရလေသည်။

“မန်နေဂျာ... မန်နေဂျာ... လာပါဦး။”

ဟူဖန်၏ အသံမှာစကားပြောစက်မှ ထွက်ပေါ်လာသည်။ ချန်ကျန့် ရှန်ယွီကို တစ်ချက်ကြည့်ပြီး စက်ကို ကိုင်လိုက်သည်။

“ဘာဖြစ်လို့လဲ ဖန်ဖန်။”

“အခန်း ၁၀၂ က ဧည့်သည် ကျောပိုးအိတ်ကို လွယ်ပြီး အခုပဲ ထွက်သွားတယ်။ ကျွန်မတို့ တစ်ခုခု လုပ်ဖို့ လိုမလား...”

“ကျွန်တော် အခု ဆင်းလာခဲ့မယ်။”

“ဧည့်ခန်းထဲကို ခိုးဝင်ကြည့်ချင်လို့လား။”

ရှန်ယွီက ဆိုဖာပေါ်မှနေ၍ မေးသည်။

“သန့်ရှင်းရေး လုပ်ဖို့ပါ။”

“တိတ်တဆိတ် စစ်ဆေးရင်းနဲ့ပေါ့ ဟုတ်လား။”

“ပုံမှန် သန့်ရှင်းရေးပါပဲ၊ ဒါပေမဲ့ တစ်ခုခု ထူးခြားတာ ရှိမရှိတော့ လိုက်ကြည့်ရမှာပေါ့။ မင်းကော ဘော့စ် မဟုတ်ဘူးလား။”

ချန်ကျန့်က ခိုင်မာစွာ ဆိုသည်။ ရှန်ယွီ ရယ်မောလိုက်သည်။

“သူ့ရဲ့ အမူအရာက ဘယ်လိုရှိလဲဆိုတာ ဟူဖန်ကို မေးကြည့်လိုက်ဦး။”

“အရင်အတိုင်းပါပဲ၊ ခပ်ဖျော့ဖျော့ ပြုံးနေတာပဲလေ။ ဘယ်သွားမလို့လဲ၊ လက်မှတ်တွေ ဘာတွေ ဝယ်ပေးရမလားလို့ မေးတော့လည်း မလိုဘူးတဲ့။ တောင်ပေါ်ကိုပဲ လမ်းလျှောက်သွားချင်လို့တဲ့။”

ဟူဖန်က ပြန်ဖြေသည်။

“ဒီအချိန်မှာလား။”

ချန်ကျန့် ဖုန်းကို ကြည့်လိုက်ရာ မွန်းလွဲ ၃ နာရီ ဖြစ်နေသည် ။ ဤသည်မှာ တောင်တက်သမားများ စခန်းချရန် သွားသည့် အချိန်ဖြစ်သည်။

“သူ တဲတွေ ဘာတွေ ပါသွားလား။”

“မပါပါဘူး။ သာမန် ကျောပိုးအိတ် တစ်လုံးပဲ ပါတာ။”

“မင်း သွားသန့်ရှင်းရေး လုပ်လိုက်တော့။”

ချန်ကျန့် ဖုန်းကိုထုတ်ကာ ဗီဒီယို စတင်ရိုက်တော့သည်။ ၎င်းမှာ ပုံမှန် သန့်ရှင်းရေး လုပ်ငန်းစဉ်သာ ဖြစ်သော်လည်း၊ ဤဧည့်သည်မှာ ပုံမှန်မဟုတ်သည့်အတွက် သက်သေအဖြစ် မှတ်တမ်းတင်ထားခြင်းက ပို၍ ဘေးကင်းသောကြောင့် ဖြစ်သည်။ ဟူဖန် တံခါးဖွင့်လိုက်ရာ ချန်ကျန့် နောက်မှ လိုက်ဝင်ခဲ့သည်။ အခန်းထဲတွင် ဘာမှ မသုံးထားသလိုမျိုးပင် ။ သပ်သပ်ရပ်ရပ် ရှိလှသလို၊ ကုတင်မှာလည်း သေသေချာချာ ပြန်ခင်းထားလေသည်။ အင်္ကျီတစ်ထည် ချိတ်ထားသည်မှလွဲ၍ ကျောက်ကျဲ သန့်ရှင်းရေး လုပ်ပြီးကာစဟု ထင်ရလောက်သည်။

“ဘာမှတော့ ထူးခြားတာ မတွေ့ဘူး။”

ဟူဖန်က တဘက်များကို လဲပေးရင်း ဆိုသည်။ အရာရာမှာ ပုံမှန်လွန်းနေသည်။ သန့်ရှင်းလွန်းနေသည်။ ၎င်းကပင် စိတ်မအေးစရာ ဖြစ်လာစေသည်။

“တစ်ခုခုတော့ မှားနေသလိုပဲ။ ပြောရတော့ ခက်သားပဲ။”

ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါက ဘာဆေးတွေလဲ။”

ဟူဖန်သည် အသုံးအဆောင် ပစ္စည်းများကို လဲပေးနေရင်း အံဆွဲထဲမှ ဆေးဗူးတစ်ခုကို ထုတ်ယူလိုက်သည်။ ချန်ကျန့် အနားသို့ တိုးသွားသော်လည်း၊ သူတို့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့ကို ပြစမ်း။”

“အမလေး။”

ဟူဖန် လန့်သွားသည်။ ရှန်ယွီ၏ အသံမှန်း ချန်ကျန့် သိသော်လည်း၊ သူသည်လည်း မကောင်းမှု လုပ်နေစဉ် လူမိသွားသလိုမျိုး တွန့်သွားမိသည်။

“မင်းတို့ ဘော့စ်လေ။”

ရှန်ယွီ တံခါးဝတွင် မှီရပ်နေသည်။ ဟူဖန်က ဆေးဗူးကို သယ်လာပေးသော်လည်း၊ ရှန်ယွီက တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး ။

“ပြန်ထားလိုက်။ ပြီးရင် မင်းတို့ နှစ်ယောက်လုံး အပြင်ထွက်ခဲ့။”

“ဟုတ်ကဲ့။”

သူမ ဆေးဗူးကို ပြန်ထည့်လိုက်သည်။

“ချန်ကျန့်... လူနှစ်ယောက်ခေါ်ပြီး တောင်ပေါ်ကို လိုက်သွားလိုက်။ သူ့ရဲ့ ‘မဟုတ်သေးပါဘူး’ ဆိုတာက ။ အခု အချိန်တန်ပြီလို့ ဆိုလိုတာ ဖြစ်လိမ့်မယ်။”

ရှန်ယွီက ဧည့်ကြိုကောင်တာရှိ ကုလားထိုင်တွင် ပေါ့ပေါ့ပါးပါး ထိုင်ရင်း ဆိုသည်။

“‘မဟုတ်သေးပါဘူး’ ဆိုတာ ဘာလဲဟင်။”

ဟူဖန်က မေးသည်။

“သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မှာ။”

ရှန်ယွီက တဲ့တိုးပင် ပြောလိုက်သည်။ ချန်ကျန့်မှာ ချက်ချင်းပင် တောင့်တင်းသွားရသည်။

“သူ ဘယ်လမ်းက သွားလဲ။”

“တောင်တက်လမ်းအတိုင်းပဲ။ ပြတင်းပေါက်ကနေ မြင်လိုက်တာ။ ဒါပေမဲ့ နေပါဦး ။ ဘယ်လိုလုပ်ပြီး သိတာလဲ။ အဲ့ဒါ ဘာဆေးမို့လို့လဲ။”

ဟူဖန် အမြန်ပင် ပြန်ဖြေသည်။

“စိတ်ကျရောဂါ ပျောက်ဆေးတွေလေ။”

ချန်ကျန့် သူ့ကို တည်ကြည်သော မျက်နှာဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ ထပ်မမေးတော့ပါ။ သူ အပြန်အလှန်စကားပြောစက်ကို ယူလိုက်သည်။

“ဆန်းပင်း၊ လောင်ဝူ ။ ဧည့်ကြိုကောင်တာကို အခုချက်ချင်း လာခဲ့ကြ။”

“ပြီးတော့ လျူဝူဆီ ဖုန်းဆက်လိုက်ဦး။ သူတို့တွေ အခုထိ တောင်ပေါ်မှာပဲ ရှိနေတုန်းလေ။ သူ့ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားလိုက်။ မြင်ရင် မင်းဆီ ဖုန်းဆက်ခိုင်းလိုက်ပေါ့။”

ရှန်ယွီက မှာကြားသည်။

“ဟုတ်ကဲ့။”

“သတ်သေမည့် အကြောင်းကိုတော့ ထည့်မပြောနဲ့ဦးနော်။ တစ်ယောက်ယောက်က သူ့ကို အသည်းအသန် ရှာနေတယ်လို့ပဲ ပြောလိုက်။ မဟုတ်ရင် အဲ့ဒီ ကျောင်းသားတွေက ပျော်နေတာကို ရပ်ပြီး စစ်တပ်ကြီးလိုမျိုး ကယ်ဆယ်ရေးတွေ သွားလုပ်နေကြလိမ့်မယ်။ ဆူညံသွားရင် ပိုပြီး ရှုပ်ကုန်လိမ့်မယ်။”

“နားလည်ပါပြီ။”

ချန်ကျန့် အတည်ပြုလိုက်သည်။ သူ ဟူဖန်ကို ထိုလူ ဘာဝတ်သွားသလဲဟု မေးပြီးနောက်၊ လောင်စစ်နှင့် လောင်ဝူတို့ကို ခေါ်ကာ ထွက်လာခဲ့သည်။ သူတို့ ဝင်းထဲမှ ထွက်ရုံရှိသေး၊ တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသည့် ချန်အာဟူ ဝင်လာသည်နှင့် တိုးလေတော့သည်။

“အာဟူကော။ မင်း ဆယ်ရက်လောက် ခွင့်ယူထားတာ မဟုတ်လား။”

ဆန်းပင်းမှာ ကြောင်ကြည့်နေမိသည်။

“ငါ အဆင်ပြေပါတယ်။ မင်းတို့ ဘယ်သွားကြမလို့လဲ။”

“တောင်ပေါ်မှာ လူသွားရှာမလို့ပါ။ မင်း နားသင့်တယ်နော်။ ဒဏ်ရာတွေက ပြင်းထန်တယ်လေ...”

ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ငါလည်း လိုက်မယ်။ ဘယ်သူ့ကို ရှာမှာလဲ ။ ချန်တာဟူရဲ့ ကြံရာပါကိုလား။”

ချန်အာဟူက ပတ်တီးများကြားမှ မျက်လုံးပြူးပြီး အသည်းအသန် မေးတော့သည်။

“မဟုတ်ပါဘူး၊ ဧည့်သည်တစ်ယောက်ကိုပါ။ သူ့မိသားစုက အရေးကြီးလို့ ဖုန်းဆက်လာပြီး ရှာခိုင်းနေလို့ပါ။”

ဆန်းပင်း အမြန်ပင် ကြားဝင်ပြောလိုက်သည်။ ချန်အာဟူ ဘာမှ ပြန်မပြောဘဲ ခေတ္တမျှ တန့်သွားပြီးမှ ခါးသက်သက် ပြုံးလိုက်သည်။

“လိမ်မနေပါနဲ့ကွာ။ ငါ့ကို ဖုံးကွယ်မနေကြပါနဲ့တော့။”

“တကယ်ပါ အာဟူကောရာ။ ကျွန်တော်တို့ မင်းကို ဖယ်ထားတာ မဟုတ်ပါဘူး။ တကယ် ပြောတာပါ။”

လောင်ဝူက စိုးရိမ်တကြီးနှင့် ဆိုသည်။ ချန်ကျန့် လောင်ဝူကို တစ်ချက် ကြည့်လိုက်မိသည်။ သူကတော့ စကားပြောတတ်လွန်းလှပါသည်။

“ငါ ဘာပြောလို့လဲ။”

ချန်အာဟူက ပို၍ စိတ်မကောင်း ဖြစ်သွားဟန် ရှိသည်။

“အာဟူ ရောက်နေတာလား။”

ရှန်ယွီ ချိုင်းထောက်ကို အားပြုကာ ထွက်လာပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ ချန်ကျန့် စိတ်သက်သာရာရသွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ရှန်ယွီက သူ့ကို မေးစေ့ဖြင့် အချက်ပြလိုက်သည်။

“သွားကြစို့။”

ချန်ကျန့်က တိုးတိုးလေး ဆိုကာ ကျန်သည့်လူများကို ခေါ်ပြီး အမြန် ထွက်လာခဲ့တော့သည်။

“အာဟူကော....”

ဆန်းပင်းက ထွက်သွားရင်း လှမ်းခေါ်လိုက်သေးသည်။

“အာဟူ။ အချိန်ကိုက် ရောက်လာတာပဲ။”

ရှန်ယွီသည် သူ၏ အကြည့်ကို ချန်အာဟူထံသို့ ပို့လိုက်သည်။ ချန်အာဟူမှာ တောင့်တောင့်ကြီး ရပ်နေပြီး တိတ်ဆိတ်နေလေသည်။

“လာပါ။ စကားပြောရအောင်။”

ချန်အာဟူမှာ တွန့်ဆုတ်တွန့်ဆုတ်နှင့် နောက်မှ လိုက်လာရင်း ။

“ဘာအကြောင်း ပြောမှာလဲ။”

“ညနေခင်း ကော်ဖီအကြောင်းပေါ့။”

ရှန်ယွီက သူ့ကို ကဖေးဆိုင်ဘက်သို့ ခေါ်ဆောင်သွားလေတော့သည်။

***




“ဘယ်လိုလူမျိုးက သူ့ကို ရှာနေတာလဲ။ ရဲတွေလား။”

လျူဝူက စပ်စုချင်စိတ်ဖြင့် မေးသည်။ နားထောင်ရင်းနှင့် ရှန်ယွီ ပြောသည်မှာ တကယ် မှန်မှန်း ချန်ကျန့် သိလိုက်ရသည် ။ ဒီကိစ္စကို သာမန်ကိစ္စလိုမျိုး ပြောပြရန် လိုအပ်သည်။ လျူဝူ၏ အတွေးများမှာ တကယ်ကို အရှိန်လွန်နေပြီ ဖြစ်သောကြောင့်တည်း။

“သူက ထွက်ပြေးနေတဲ့ တရားခံလား။”

လျူဝူက စိတ်လှုပ်ရှားစွာ မေးသည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ သာမန်ကိစ္စပါပဲ။ သူ့ကို တစ်ယောက်ယောက်က လိုအပ်နေလို့၊ မိသားစု ကိစ္စပါ၊ ဒါပေမဲ့ သူက ဖုန်းမယူသွားဘဲ ထွက်သွားလို့လေ။ မြင်ရင် ငါ့ကိုပဲ အကြောင်းကြားပါ၊ ဒါပါပဲ။”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။ သူ သေသေချာချာ ရှင်းပြရတော့မည်။

“ဘာလို့ မင်းကို ပြောရမှာလဲ။ သူ့ကို တိုက်ရိုက် ပြောလိုက်ရင် မပြီးဘူးလား။”

လျူဝူက စိတ်လှုပ်ရှားနေပေမဲ့လည်း ပါးနပ်နေဆဲပင်။

“ဒါဆို မင်းကော ဟိုတစ်နေ့က မင်းအမေ ဖုန်းခေါ်တာကို ဘာလို့ မကိုင်တာလဲ။”

“သြော်၊ သူက မိသားစုကို ရှောင်နေတာပေါ့ ဟုတ်လား။”

လျူဝူက နားလည်သွားသည့်ဟန်ဖြင့် ဆိုသည်။

“အဲ့ဒီလိုမျိုးပေါ့။ ဒါကို တရားခံဖမ်းပွဲကြီးလိုမျိုး လူသိရှင်ကြား မလုပ်ကြပါနဲ့။ တွေ့ရင် ငါ့ကိုပဲ အကြောင်းကြားပါ။ မင်းအစ်ကိုက တာယွင် ကို ပြန်ဖွင့်နိုင်ဖို့ တော်တော် ကြိုးစားထားရတာလေ...”

“သိပါပြီ။ နားလည်ပါပြီ။ ကိစ္စသေးသေးလေးကို အကြီးအကျယ် မလုပ်ပါဘူး၊ မဟုတ်ရင် လူတွေက ပြဿနာတက်ပြန်ပြီလို့ ထင်ကုန်ကြမှာပေါ့။”

လျူဝူက စကားဖြတ်ပြောလိုက်သည်။

“အဲ့ဒါပဲလေ။”

ချန်ကျန့်က ဆိုလိုက်သည်။

“ဟုတ်ပြီ၊ ကျွန်တော်တို့ အခု ‘ဝမ်ဟိုင်’ နားနေဆောင်မှာ ရှိနေတာ။ မင်းတို့ကတော့ ငါတို့နားကနေ ဖြတ်ပြီး အပေါ်ကို တက်ရလိမ့်မယ်။ ကျွန်တော် စောင့်ကြည့်ထားပါ့မယ်။”

လျူဝူက သူ၏ နေရာကို အကြောင်းကြားသည်။ သူတို့က တစ်ဖက်တစ်ချက်တွင် ရှိနေကြခြင်း ဖြစ်သည် ။ အကယ်၍ ၁၀၂ သာ တခြား လျှို့ဝှက်လမ်းကြောင်းများမှ ဆင်းမသွားဘူးဆိုလျှင်တော့ သူတို့နှင့် ဆုံရန် အခွင့်အလမ်း များပါသည်။

“သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုတာ မင်းတို့ ဘယ်လို သိတာလဲ။”

ဆန်းပင်းက တောထဲသို့ လိုက်ကြည့်ရင်း တည်ကြည်စွာ မေးလိုက်သည်။ ချန်ကျန့်ကတော့ ဘာမှ ပြန်မဖြေဖြစ်ပါ။

ငါတို့ မသိပါဘူး။ ဘော့စ် တစ်ယောက်တည်းပဲ သိတာပါ။ ဘော့စ်ကကော ဘယ်လို သိတာလဲ ဆိုတာကိုတော့…မမေးတာ အကောင်းဆုံးပါပဲ။ အချို့သော ဘောင်တွေကိုတော့ မကျော်တာ အကောင်းဆုံးပဲလေ။


Comments

  1. တချို့သော ဘောင်တွေကို ကျော်တာ ဘောစ့်ကလည်း ကြိုက်ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...