Skip to main content

37





အပိုင်း (၃၇)

ရှန်ယွီက ချန်အာဟူကို သူ၏ရုံးခန်းထဲတွင် တွေ့ဆုံရန် မခေါ်ခဲ့ပါ။ ထိုနေရာသည် တရားဝင်ဆန်လွန်းလှပြီး ချန်အာဟူ၏ လက်ရှိအခြေအနေအရဆိုလျှင် အထက်အောက် ခွဲခြားမှုဒဏ်ကို ပို၍ ခံစားရစေနိုင်သောကြောင့် ဖြစ်သည်။ ကဖေးဆိုင်လေးက ပို၍ သင့်တော်မည်ဟု သူ ယူဆခဲ့သည်။

သူတို့ ထိုင်လိုက်ကြသည့်အခါ နေရောင်ခြည်သည် ပန်းခြံထဲမှ သစ်ပင်ရိပ်များကို ပြတင်းပေါက်ပေါ်သို့ ယိမ်းထိုးကျရောက်စေပြီး၊ ပြတင်းပေါက်ဘောင်ပေါ်ရှိ ပန်းအိုးပေါ်တွင်လည်း ထိုအရိပ်များက လှုပ်ခါကခုန်နေကြသည်။ အမှန်တော့ ဤနေရာသည်ပင် အကောင်းဆုံး အနေအထားတော့ မဟုတ်သေးပါ။ သို့သော် ဟူဖန်က ကော်ဖီများ သယ်လာပေးသည့်အခါတွင်မူ ချန်အာဟူမှာ အရင်ကထက်စာလျှင် တင်းမာမှု လျော့ပါးသွားပုံရသည်။

ဟူဖန်သည် ရှန်ယွီအတွက် လတ်တေးတစ်ခွက် ပေးလိုက်သည်။ ချန်အာဟူအတွက်မူ သူမသည် အသေအချာ ဖျော်စပ်ထားသော မိုကာကို ပေးလိုက်ပြီး၊ ကော်ဖီအပေါ်ယံတွင် ကိုကိုးမှုန့်ဖြင့် ပြုံးနေသော မျက်နှာလေးတစ်ခုကိုပင် ဖန်တီးပေးထားသေးသည်။ ချန်အာဟူသည် ထိုပြုံးနေသော မျက်နှာလေးကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

“အဲ့ဒါ ပြုံးနေတဲ့ မျက်နှာလေးလေ”

ရှန်ယွီ၏ စကားကြောင့် ချန်အာဟူ ခေါင်းမော့ကာ သူ့ကို တစ်ချက်ကြည့်ပြီးမှ ပြန်ဖြေသည်။

“တွေ့ပါတယ်။ ပြုံးနေတဲ့ မျက်နှာလေးပဲ”

“မင်း မျက်စိ သေသေချာချာ မမြင်ရဘူး ထင်လို့ပါ။ မျက်လုံးကော သက်သာရဲ့လား”

ချန်အာဟူ မျက်နှာလွှဲကာ သက်ပြင်းချလိုက်သည်။

“အင်း”

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနားချင်ဘူးလား။ မင်းရဲ့ နှာခေါင်းဒဏ်ရာက သိပ်မကြီးဘူးဆိုပေမဲ့ သေသေချာချာ ကျက်အောင်တော့ စောင့်ရမှာပေါ့”

“အိမ်မှာ မနေချင်တော့လို့ပါ”

ချန်အာဟူ ကုလားထိုင်မှီခုံပေါ်သို့ မှီချလိုက်ရင်း မျက်မှောင်ကြုတ်ရန် ကြိုးစားသော်လည်း၊ သူ၏ ခေါင်းတစ်ခုလုံးကို ပတ်တီးများ စည်းထားသဖြင့် မျက်မှောင်ကြုတ်ရသည်မှာပင် ပင်ပန်းနေပုံရသည်။

“မင်းအဖေကြောင့်လား”

“အင်း။ တစ်ဖက်ကကြည့်ရင် ငါ့အစ်ကို တစ်နေ့နေ့ ဒီလိုဖြစ်မှာကို သူ သိနေပေမဲ့၊ နောက်တစ်ဖက်ကကျတော့ ငါက သူ့ကို ဖမ်းပေးတဲ့အထဲမှာ ပါဝင်ခဲ့တာကို သူက လုံးဝ လက်ခံနိုင်ဘူး ဖြစ်နေတာ”

ချန်အာဟူသည် ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးမှ တိတ်ဆိတ်သွားတော့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းရဲ့ အစ်ကိုအရင်းပဲလေ”

ရှန်ယွီ ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“သူ မင်းကို ရိုက်တဲ့အခါ မင်း သူ့ကို မုန်းတယ်။ ဒါပေမဲ့ တကယ်တမ်း အရေးကြုံလာတဲ့အခါကျတော့ မင်းက ရက်စက်ဖို့ လက်မရဲပြန်ဘူး။ ပြီးရင် နောက်တစ်ခါ သူ မင်းကို လာရိုက်ပြန်တဲ့အခါကျတော့လည်း မင်း သူ့ကို ပြန်မုန်းမိပြန်တာပဲ။ အဲ့ဒါကို ဘာခေါ်လဲ သိလား”

ချန်အာဟူ၏ လက်ထဲက ကော်ဖီခွက်မှာ စားပွဲပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ပြန်ကျသွားသည်။

“ခွက်ကွဲရင် ဝန်ထမ်းတွေလည်း လျော်ရတယ်နော်”

ရှန်ယွီ၏ သတိပေးသံကြောင့် ချန်အာဟူ ခေတ္တမျှ တန့်သွားပြီးမှ ခွက်ကို ပြန်ကြည့်လိုက်သည်။

“အိမ်မှာ မနေချင်ရင်တော့ လောလောဆယ် ဝန်ထမ်းအိပ်ဆောင်မှာပဲ နေလိုက်ပေါ့”

ရှန်ယွီက သူ၏ ကော်ဖီကို တစ်ငုံသောက်လိုက်သည်။

“ဘော့စ်ရှန်”

ချန်အာဟူသည် ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လှည့်ပတ်ကစားနေမိသည်။ သူ၏ ခေါင်းထဲတွင် စကားလုံးများကို စုစည်းနေမှန်း သိသာသော်လည်း ထွက်မလာခဲ့ချေ။ အတော်ကြာမှ သူက စကားလုံး သုံးလုံးကိုသာ မေးလိုက်နိုင်တော့သည်။

“ဘာဖြစ်လို့လဲ”

ရှန်ယွီ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

“ဒါက မင်းဆင်ထားတဲ့ ထောင်ချောက် မဟုတ်လား။ ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့ အစ်ကိုလည်း မဟုတ်သလို ငါ့ရဲ့ ညီလည်း မဟုတ်လို့ပေါ့။ သူက ငါ့အိမ်တံခါးအထိ လာပြီး ငါ့ကို ခြိမ်းခြောက်ခဲ့တာလေ။ ငါက သူ ဒုက္ခပေးတာ မိုက်ကြေးခွဲတာကို ခံရတဲ့သူပဲ။ ဒုက္ခသည်တွေထဲက တစ်ယောက်ပေါ့”

ရှန်ယွီက ရှောင်မပြေးဘဲ တဲ့တိုးဖြေလိုက်သည်။ ချန်အာဟူ ဘာမှမပြောဘဲ ခေါင်းငုံ့နေမိသည်။

“ငါ့အတွက်တော့ တခြား ဘာအကြောင်းရင်းမှ မရှိပါဘူး။ ငါ့ရဲ့ ပြဿနာကို ငါ ဖယ်ရှားလိုက်တာပါပဲ။ ဒီနားက တခြားဆိုင်ရှင်တွေလိုပဲ ငါလည်း အေးအေးဆေးဆေး စီးပွားရေးပဲ လုပ်ချင်တာပါ။ မင်းကလွဲလို့ ငါ့ကို ဘာလို့လဲ လို့ လာမေးမယ့်သူ နောက်တစ်ယောက် မရှိတော့ဘူး။ မင်းအဖေတောင် မမေးပါဘူး။ အဲ့ဒါကြောင့်ပဲ ငါ ဒါကို လုပ်ခဲ့တာပေါ့”

“ကျွန်တော် သိနေခဲ့ပါတယ်”

ချန်အာဟူက ခပ်တိုးတိုး ဆိုသည်။ ရှန်ယွီ ကော်ဖီခွက်ကို မြှောက်လိုက်သည်။ ဘေးက ပန်းကန်ပြားပေါ်တွင် မုန့်အချို့ ပါလာသဖြင့် သူက တစ်ခုကို ယူကာ ဖြည်းဖြည်းချင်း ဝါးစားနေတော့သည်။

“မင်းက ငါတို့အဖွဲ့ထဲက တစ်ယောက်ဆိုရင်တော့ အဲ့ဒီမုန့်တွေကို အမြဲ စားမနေနဲ့ဦး။ အဲ့ဒါတွေကို မြို့ဟောင်းအထိ သွားဝယ်ရတာလေ။ ပြီးတော့ ဟူဖန်ပြောတာတော့ အဲ့ဒီမုန့်တွေကမှ ကော်ဖီနဲ့ လိုက်ဖက်တာတဲ့”

ချန်အာဟူ၏ စကားကြောင့် ရှန်ယွီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒုတိယမြောက်မုန့်ကို ပန်းကန်ထဲ ပြန်ထည့်လိုက်သည်။

“ဘော့စ်ရှန်။ ကျွန်တော် အလုပ် ဆက်လုပ်လို့ ရသေးလား”

ချန်အာဟူသည် စားပွဲကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ဟန်ဖြင့် မေးလိုက်သည်။

“အရင်ဆုံး ဒဏ်ရာ ပျောက်အောင် လုပ်ပါဦး”

“ကျွန်တော် ဆိုလိုတာက... နေကောင်းသွားရင်ပေါ့”

“ငါတို့ စာချုပ်က တစ်နှစ်လေ။ ဘော့စ်ချန်”

ချန်အာဟူ၏ မျက်လုံးများမှာ ပတ်တီးများကြောင့် ဝေဝါးနေသော်လည်း၊ သူသည် အတင်း ပြူးလျက် ရှန်ယွီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကျေးဇူးပါပဲ။ ဘော့စ်ရှန်”

ရှန်ယွီ သူ၏ခွက်ကို မြှောက်ကာ နှုတ်ဆက်သည့်ဟန် ပြုလိုက်ပြီး ကျန်နေသော ကော်ဖီများကို သောက်ကာ ထရပ်လိုက်သည်။

“နားလိုက်ပါဦး”

“ချန်ကျန့်တို့က တောင်ပေါ်မှာ ဘာလုပ်နေကြတာလဲ”

“သူတို့တွေ အခန်း ၁၀၂ က ဧည့်သည်နောက်ကို လိုက်သွားကြတာလေ။ သူ့ရဲ့ စိတ်အခြေအနေက မတည်ငြိမ်ဘူး၊ တစ်ခုခု ဖြစ်မှာစိုးလို့ပါ။ မင်းကို မပြောခဲ့တာကတော့ မင်းမှာ ဒဏ်ရာတွေ ရှိနေသေးလို့ရယ်၊ ပြောလိုက်ရင် မင်းကလည်း လိုက်ချင်နေမှာ စိုးလို့ရယ်ကြောင့်။ အဲ့ဒါကတော့ တည်းခိုခန်း မန်နေဂျာ ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်မှာပေါ့”

***

တောင်ပေါ်တွင် လမ်းသွယ်လေးများစွာ ရှိသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် တောအုပ်ဘက်ခြမ်းမှ သွားနိုင်သော လမ်းမှာ အနည်းငယ်သာ ရှိပြီး လူသွားရန် သင့်တော်သော လမ်းမှာလည်း သိပ်မများလှချေ။ အားလုံးမှာလည်း အပင်များ ထူထပ်လွန်းသဖြင့် အဝေးကြီး မရောက်နိုင်ကြပါဘူး။ ဆန်းပင်းနှင့် လောင်ဝူတို့မှာ ဤနေရာကို ချန်ကျန့်ထက် ပို၍ ကျွမ်းကျင်ကြသည်။

“ငါတို့ အရင်က ဒီကို အမြဲ လာနေကျလေ။ လမ်းတိုင်းကို လျှောက်ဖူးတယ်ဟ”

လောင်ဝူ၏ စကားကြောင့် ချန်ကျန့် အံ့သြသွားသည်။

“ဒါက မင်းတို့ရဲ့ ဝါသနာလား”

“ဝါသနာတော့ မဟုတ်ပါဘူး”

ဆန်းပင်းက ဝင်ဖြေသည်။

“ဒါဆို ဘာလို့လဲ”

“ဒီတိုင်းပါပဲ... လုပ်စရာ မရှိလို့ပေါ့။ မြို့ထဲက လမ်းတွေ အကုန်လုံးလည်း ငါတို့ နှံ့နေပြီလေ။ ဒါကြောင့် ဒီထဲကို ဝင်လာဖြစ်တာ”

“ဒါတောင် မင်းတို့ရဲ့ ကိုယ်ခန္ဓာက ဒီလောက်အထိ အားနည်းနေသေးတာလား”

ချန်ကျန့်၏ နောက်ပြောင်မှုကြောင့် ဆန်းပင်း သူ့ကို စိုက်ကြည့်သော်လည်း ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေသည်။

“ငါတို့က အမြဲတမ်း ဗိုက်ဆာနေလို့ ဖြစ်မှာပါ။ အိမ်လည်း မပြန်ချင်ဘူး၊ အပြင်မှာ စားဖို့လည်း ပိုက်ဆံမရှိဘူးလေ”

လောင်ဝူက ညည်းတွားသည်။

“မင်းတို့ ပိုက်ဆံတွေ ဘယ်ရောက်ကုန်လို့လဲ”

“ဆေးလိပ်ဖိုးပေါ့”

“မင်းတို့က တစ်လိပ်ချင်းစီ ဝယ်သောက်တာလေ။ အဲ့ဒါက ဘယ်လောက် ကုန်မှာမို့လို့လဲ။ အဲ့ဒီပိုက်ဆံနဲ့ ထမင်းစားမယ်ဆိုရင်တော့ ဆန်စေ့တွေကို တစ်စေ့ချင်းစီ ဝယ်စားနေရသလို ဖြစ်မှာပေါ့”

လောင်ဝူ ချန်ကျန့်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ အော်ပြောလိုက်သည်။

“မင်းကတော့ တကယ်ကို ပိတ်ပိတ်ပြောနေတော့တာပဲ ။ အရင်က စကားသိပ်မပြောဘူးလို့ ထင်နေတာ၊ အခုမှပဲ မင်း ဘယ်လောက် ရက်စက်လဲဆိုတာ သိတော့တယ်”

“ငါကတော့ သိပြီးသားပါ”

ဆန်းပင်းက တခစ်ခစ် ရယ်ရင်း ဆိုသည်။

“မင်းတို့ နှစ်ယောက်က အတန်းဖော်တွေ မဟုတ်လား”

လောင်ဝူက မေးလိုက်သည်။

“မဟုတ်ပါဘူး၊ ဘေးချင်းကပ် ကျောင်းတွေပါ။ ချန်ကျန့်က အမှတ်တစ် အထက်တန်းကျောင်းကလေ။ ငါကတော့ အဲ့ဒီလောက် အမှတ်မကောင်းလို့ မဝင်နိုင်ခဲ့ဘူး”

“ဒါဆို မင်းက ဘာလို့ တက္ကသိုလ် မတက်တာလဲ”

လောင်ဝူက ချန်ကျန့်ဘက်သို့ လှည့်မေးသည်။

“မင်းကတော့ အသုံးမကျတဲ့ မေးခွန်းတွေ လာမေးနေပြန်ပြီ။ လမ်းပဲ ဆက်လျှောက်စမ်းပါ။ ဒီအရှိန်နဲ့ဆိုရင် လူကို မတွေ့ဘဲ နေဝင်တာကိုပဲ တွေ့ရလိမ့်မယ်”

ဆန်းပင်းက လောင်ဝူကို တွန်းထုတ်လိုက်သည်။ ချန်ကျန့်ကတော့ အေးဆေးပင် ပြန်ဖြေလိုက်သည်။

“ငါ့မှာ တကယ် ပိုက်ဆံ မရှိလို့ပါ။ ဝမ်းရေးအတွက် အလုပ်လုပ်ရမှာမလို့”

အခန်း ၁၀၂ က ဧည့်သည်၏ သက်လုံမှာ တော်တော်လေး ကောင်းလှသည်။ သူ ထွက်လာတာ မိနစ်သုံးဆယ်လောက် ရှိပြီဖြစ်သော်လည်း အခုထိ အမီမလိုက်နိုင်သေးပါ။

“ငါ ထင်တာတော့ သူ ဒီလမ်းခွဲထဲ ရောက်နေလောက်ပြီ။ အဲ့ဒီလမ်းက တောင်ကမ်းပါးယံကို ရောက်တာ၊ ရှုခင်း တအားလှတယ်”

ဆန်းပင်းက လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည့်အခါ လောင်ဝူကပါ ထောက်ခံသည်။

“ဟုတ်တယ်၊ ငါတို့ အဲ့ဒီမှာ အမြဲ ဖဲကစားနေကျလေ။ သူ သေချာပေါက် အဲ့ဒီမှာ ရှိမှာပါ”

သူတို့ လမ်းအတိုင်း ဆယ်မိနစ်ခန့် လျှောက်လာသည့်အခါ တောအုပ်ထဲမှ ထွက်လာပြီး ကျောက်ဆောင်တွေရှိသည့် နေရာလေးကို ရောက်လာခဲ့သည်။ ကမ်းပါးယံ အစွန်းက ကျောက်တုံးကြီးတစ်ခုပေါ်တွင် ၁၀၂ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေရင်းတွင် ကျောပိုးအိတ်ရှိနေပြီး၊ ခေါင်းငုံ့ကာ ဖုန်းကို ကြည့်နေလေသည်။

“တောက်။ ဒုက္ခပဲ”

လောင်ဝူ ခြေလှမ်း ရပ်သွားသည်။

“အဲ့ဒါ သူလား”

ဆန်းပင်းက တိုးတိုးလေး မေးသည်။

“အင်း”

ချန်ကျန့်က အတည်ပြုလိုက်သည်။ သူတို့၏ ခြေသံကြောင့် ၁၀၂ လှည့်ကြည့်လာသည်။ ဘယ်သူတွေလဲဆိုတာ မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အံ့သြရာမှ ထိတ်လန့်သည့်ဟန်သို့ ပြောင်းလဲသွားသည်။ ချန်ကျန့် တစ်ခုခု ပြောသင့်သည်ဟု ခံစားရသော်လည်း အခြေအနေက အဆင်မပြေလှချေ။ သူတို့က ထိုသူကို သတ်သေနိုင်သည်ဟု ယူဆထားကြသဖြင့် စကားတစ်လုံး မှားပြောမိလို့ သူ အောက်ကို ခုန်ချလိုက်ရင် ဒုက္ခ။

“ညီလေး... ဖဲတစ်ဝိုင်းလောက် ကစားကြမလား။ ငါတို့ လူတစ်ယောက် လိုနေလို့ပါ”

လောင်ဝူက ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။ ချန်ကျန့်မှာ ထိုအဓိပ္ပာယ်မရှိသော စကားကြောင့် ဗီဇအရပင် ရှေ့သို့ တစ်လှမ်း တိုးလိုက်မိသည်။ လိုအပ်လျှင် ထိုသူကို လှမ်းဖမ်းရန် အသင့်ပြင်ထားခြင်း ဖြစ်သည်။

သူ၏ စကားမှာ ရူးကြောင်ကြောင် နိုင်နေသည်ကို လောင်ဝူလည်း ရိပ်မိသွားပုံရသည်။ ထို့ကြောင့် သူသည် နောက်နေတာ မဟုတ်ကြောင်း သက်သေပြရန်အတွက် အိတ်ကပ်ထဲသို့ နှိုက်လိုက်ရာ၊ ဖဲထုပ်တစ်ထုပ် တကယ် ထွက်လာလေတော့သည်။

“တောက်”

ဆန်းပင်းတောင် ကြောင်အသွားရသည်။ ချန်ကျန့်လည်း သူ တကယ်ကြီး ဖဲထုပ် သယ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ၁၀၂ သည် သူတို့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးမှ၊ မယုံနိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။

“ဘာကစားမှာလဲ။ ကျွန်တော် ဖဲ သိပ်မကစားတတ်ဘူး”

“သုံးချပ် ကစားကြမယ်လေ။ အလွယ်ဆုံးပဲ”

ဆန်းပင်းက အမြန်ပင် ဝင်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကောင်းပါပြီ”

၁၀၂ က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြသည်။

“ဒီမှာပဲ ထိုင်ကြတာပေါ့။ ဒီမှာ ထိုင်မယ်”

ချန်ကျန့်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး သူ၏ ခြေရင်းက ကျောက်တုံးကို ညွှန်ပြလိုက်သည်။

“ဒါ ငါတို့ အမြဲထိုင်နေကျ နေရာပဲလေ”

လောင်ဝူက ချက်ချင်းပင် ဆောင့်ကြောင့် ထိုင်လိုက်တော့သည်။ ၁၀၂ သည် ထိုင်နေရာမှထကာ သူ၏ အိတ်ကို လွယ်ပြီး သူတို့ဆီသို့ လျှောက်လာခဲ့လေသည်။ ချန်ကျန့်မှာမူ နောက်ဆုံးတော့ သက်ပြင်းအရှည်ကြီးကို စိတ်အေးလက်အေး ချနိုင်တော့သည်။

***





“ဖဲကစားနေကြတယ် ဟုတ်လား”

ဧည့်ကြိုကောင်တာတွင် ဟူဖန်မှာ သူမ၏ ဖုန်းကို ကြည့်ရင်း ဆွံ့အစွာ အော်လိုက်မိသည်။

“သူတို့တွေက တကယ်ကြီး... သူ့ကို ဖဲကစားဖို့ ခေါ်လိုက်တာလား။ ၁၀၂ နဲ့ ဖဲကစားနေကြတာနော်”

“ဖဲကစားနေကြတယ်”

ရှန်ယွီမှာ သူ နားကြားမှားသလားဟုပင် ထင်သွားမိသည်။ ဟူဖန်က ဖုန်းမျက်နှာပြင်ကို

လှမ်းပြလိုက်သည့်အခါ ရှန်ယွီ ငုံ့ကြည့်လိုက်သည်။

[ဘယ်သူပါလဲ] ။ ဘယ်လိုနေလဲ။

[ချန်လေး] ။ တွေ့ပြီ။ ဖဲကစားနေကြတယ်။

ချန်လေး။ အဲ့ဒါ ချန်ကျန့်လား။

“လောင်းကစား မလုပ်ဖို့ သူတို့ကို ပြောလိုက်ဦး။ တောထဲမှာ တရားမဝင် လောင်းကစားဝိုင်း လုပ်နေတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်လိုက်ရင်တော့ မိုက်လိုက်မယ့် ဖြစ်ခြင်း”

“ဟုတ်ကဲ့”

ဟူဖန် ခေါင်းညိတ်ပြပြီး အသံဖိုင် ပို့လိုက်သည်။

“ဘော့စ်က လောင်းကစား မလုပ်ရဘူးလို့ မှာလိုက်တယ်။ တစ်ယောက်ယောက်က တိုင်လိုက်လို့ လောင်းကစားဝိုင်း ဖွင့်နေတယ်ဆိုပြီး အဖမ်းခံရရင်တော့ မင်းတို့တွေ သေဖို့သာ ပြင်ထားတော့”

ရှန်ယွီ သူမကို တစ်ချက် ကြည့်လိုက်သည်။

“သူ နားကြပ် တပ်ထားတာလေ။ ဟိုဘက်က လူတွေ မကြားနိုင်ပါဘူး”

ဟူဖန်က တခစ်ခစ် ရယ်ရင်း ဆိုသည်။

“အင်း။ တစ်ခုခု ထူးခြားရင် ငါ့ကို ချက်ချင်း ပြောနော်”

ရှန်ယွီ ခေါင်းညိတ်ပြပြီး ဓာတ်လှေကားဆီသို့ လှည့်သွားလိုက်သည်။ ထိုစကားပြောစာရင်း၏ အထက်တွင် ချန်ကျန့်နှင့် သူမတို့ ပြောထားသော စာဟောင်းများစွာ ရှိနေသည်ကို ရှန်ယွီ တွေ့လိုက်ရသည်။ ကြည့်ရတာ သူတို့တွေ ဂျူတီကျချိန်မှာ စကားတွေ အများကြီး ပြောဖြစ်ကြပုံရသည်။ ဒီ ချန်လေး ကတော့ တော်တော် စကားပြောနိုင်တာပဲ။

ရုံးခန်းထဲသို့ ပြန်ရောက်သည့်အခါ ရှန်ယွီ တံခါးပိတ်ပြီး ဆိုဖာဆီသို့ လှည့်အသွားမှာပင် ဖုန်းတုန်ခါလာသည်။ ချန်ကျန့်ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်လေသည်။ သူ ဖုန်းကိုင်လိုက်သည်။

“ဘာလဲ၊ ဖဲဝိုင်း ပျက်သွားပြီလား”

တစ်ဖက်မှ ဘာသံမှ ထွက်မလာခဲ့ချေ။ ချောင်းဟန့်သံ သဲ့သဲ့ကိုသာ ကြားရသည်။ ချန်ကျန့်၏ အသံ ဖြစ်လေသည်။

“ဒါဆို ငါ့ကိုတောင် လာပြီး စောင့်ကြည့်နေတာပေါ့ ဟုတ်လား။ နေဝင်တော့မယ်လေ။ တစ်ပွဲ၊ နှစ်ပွဲလောက်ဆိုရင် တော်လိုက်တော့၊ မှောင်သွားရင် ဆင်းရတာ ခက်လိမ့်မယ်”

ရှန်ယွီ ရယ်မောရင်း ဆိုဖာပေါ်တွင် လှဲနေလိုက်သည်။ ချန်ကျန့်က ထပ်မံ၍ ချောင်းဟန့်လိုက်ပြီး ပြန်ဖြေသည်။

“အင်း”

“အအေးမိသွားတာလား”

ဆန်းပင်း၏ အသံမှာ ကြားထဲကနေ ထွက်ပေါ်လာသည်။

“မဟုတ်ပါဘူး”

“ဒါဆို လည်ပင်းက ဘာဖြစ်လို့လဲ။ လေတိုးသွားလို့လား”

လောင်ဝူက မေးလိုက်ပြန်သည်။

“မင်းရဲ့ ဘဝမှာ တစ်ခါမှ ချောင်းမဟန့်ဖူးဘူးလား”

“ငါက ဆေးလိပ်သောက်တော့ ချောင်းဟန့်တာ ပုံမှန်ပဲလေ”

“ဆေးလိပ် ဖြတ်လိုက်တော့”

ချန်ကျန့်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။ နားထောင်နေရင်းနှင့် ရှန်ယွီမှာ အားရပါးရ ရယ်မောမိတော့မတတ် ဖြစ်ရသည်။

“တွဲလုံးတွေနဲ့ ပြီးပြီ”

၁၀၂ က ကြေညာလိုက်သည်။

“တောက်။ မင်း ပြီးသွားပြန်ပြီလား။ ကံကတော့ တကယ်ကို ကောင်းနေတာပဲ”

ဆန်းပင်းက အံ့သြတကြီး အော်ဟစ်လိုက်သည်။

“ဟုတ်တယ်၊ ဒီရက်ပိုင်း ကံကောင်းနေတာ။ မဆင်းခင် နောက်ထပ်နည်းနည်း လောက် ထပ်ကစားကြရအောင်”

၁၀၂ က တိုးတိုးလေး ရေရွတ်သည်။

“နိုင်ပြီဆိုတာနဲ့ ပြေးတော့မလို့လား”

လောင်ဝူက ဆိုသည်။

“ဒါဆိုလည်း မင်းပဲ ဒီမှာ အိပ်ခဲ့တော့”

ချန်ကျန့်က ပြန်ပြောလိုက်လေသည်။ ဖဲချပ်တွေ လှန်နေတဲ့အသံက ဖုန်းထဲကတစ်ဆင့် စည်းချက်ကျကျ ထွက်ပေါ်နေလေသည်။ ရှန်ယွီသည် နားကြပ်တပ်ကာ မျက်လုံးမှိတ်လျက် နားထောင်နေမိသည်။

“ဒီနေ့အတွက်... မင်းတို့ကို ကျေးဇူးတင်ပါတယ်ဗျာ”

၁၀၂ က ရုတ်တရက် ပြောလိုက်သည်။

“ကျေးဇူးတင်မနေပါနဲ့။ ငါတို့ကလည်း လူတစ်ယောက် လိုနေလို့ပါ”

ချန်ကျန့်က ပြန်ဖြေလိုက်သည်။

“မင်းတို့က ဖဲကစားဖော် ရှာဖို့အတွက်နဲ့ တောင်ပေါ်အထိ လျှောက်သွားနေကြတာလား”

“လျူဝူတို့ အုပ်စုကိုလည်း သွားခေါ်လို့ ရတာပဲဟာ”

ဆန်းပင်းက နောက်ပြောင်သလို ပြောလိုက်သည်။ ရှန်ယွီ မျက်လုံး ပွင့်လာခဲ့သည်။ အဲ့ဒါကတော့ အကွက်မဆန်းလှပါဘူး ချန်ကျားလီရာ။ လျူဝူက ဖဲတောင် မကစားတတ်တာကို။

“ဖဲတွေ ဝေပြီးပြီ”

ချန်ကျန့်က ဆိုလိုက်သည့် အခိုက်အတန့်တွင် ဖဲချပ်သံလေးတွေ ငြိမ်သွားတော့သည်။ ရှန်ယွီ ပြန်လည် စိတ်အေးသွားပြီး မျက်လုံးများ ပြန်မှိတ်လိုက်သည်။ ချန်ကျန့်၏ အသံမှာ နားထောင်လို့ ကောင်းလှသည်။ သို့သော် ဖဲကစားနေစဉ်အတွင်း သူသည် စကားအများကြီး မပြောခဲ့ပါဘူး။ များသောအားဖြင့် ဆန်းပင်းနှင့် လောင်ဝူတို့ကသာ စကားများနေကြခြင်း ဖြစ်သည်။ သူတို့ စကားရပ်သွားသည့် အခိုက်အတန့်လေးများတွင် ချန်ကျန့်၏ အသက်ရှူသံ ခပ်သဲ့သဲ့ကို ကြားနေရလေသည်။

ချန်အဘိုးကြီး ပေးလိုက်သော ဆေးမှာ တကယ် အစွမ်းထက်ပုံရပါသည်။ရှန်ယွီကဲ့သို့ အိပ်မပျော်သောရောဂါ ရှိသူတောင်မှ ချန်ကျန့်တို့ ဖဲကစားသံကို နားထောင်ရင်းနှင့် ငိုက်မြည်းနေမိသည်လေ။

“ဘော့စ်ရှန်။ ဟေး... ဘော့စ်ရှန်။ ရှန်ယွီ”

ချန်ကျန့်၏ အသံမှာ နားကြပ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှန်ယွီ မျက်လုံးဖွင့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်ထူးလိုက်သည်။

“အင်း”

“မင်း အိပ်ပျော်သွားတာလား။ စောင့်ကြည့်နေတဲ့လူက ဒီလိုမျိုးလား”

“မနက်ဖြန်ကျရင် သင်တန်းသွားတက်ဖို့ အမြန် စာရင်းသွင်းလိုက်တော့။ ကစားလို့ ပြီးပြီလား”

ရှန်ယွီ ဖုန်းကို ကြည့်လိုက်ရာ နာရီဝက်ခန့် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

“အင်း၊ ပြန်ဆင်းလာနေပြီ။ ဆန်းပင်းတို့က ရှေ့ကနေ သွားနှင့်ပြီ။ မင်းကို အသိပေးတာပါ”

ချန်ကျန့်၏ အသံမှာ တိုးသွားသည်။

“၁၀၂ ရော အဆင်ပြေရဲ့လား”

“ပြေပါတယ်၊ ငါတို့ ဘာလို့ လာလဲဆိုတာ သူ သိနေခဲ့တာပဲ”

“သိမှာပေါ့။ မသိရင် သူက လူအပဲ ဖြစ်မှာပေါ့။ ပြန်ရောက်ရင် အပြင်မှာပဲ ထမင်းသွားစားလိုက်ကြတော့။ ငါ မင်းတို့အတွက် ညစာ မဝယ်ထားဘူး”

“အင်း”

ချန်ကျန့် ခပ်တိုးတိုး ရယ်လိုက်မိသည်။

“ချန်အာဟူကိုပါ ခေါ်သွားလိုက်ဦး။ သူလည်း အိပ်ဆောင်မှာ လှဲနေတာ၊ ဘာမှ မစားရသေးဘူးလေ”

“မင်းကော စားပြီးပြီလား”

“စောင့်ကြည့်နေရင်း အိပ်ပျော်သွားလို့ အပြင်မထွက်နိုင်လိုက်ဘူး။ မစားရသေးဘူး”

“ဒါဆို ငါတို့နဲ့ လိုက်မလား၊ ဒါမှမဟုတ် တစ်ခုခု ဝယ်လာပေးရမလား”

“ဝယ်လာပေးပါ”

“ဟုတ်ကဲ့။ မိနစ်နှစ်ဆယ်လောက်ဆို ပြန်ရောက်ပါပြီ”

“ကျေးဇူးပဲ ချန်လေး ရေ”

ရှန်ယွီက ဆိုလိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းလိုင်း ပြတ်တောက်သွားတော့သည်။

“မန်နေဂျာချန်”

ဆန်းပင်းက ရှေ့ကနေ လှမ်းခေါ်လိုက်သည်။

“လာပြီ”

ချန်ကျန့် သူတို့နောက်သို့ အမီလိုက်ရန် ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။

ရှန်ယွီက ငါ့ရဲ့ နာမည်ကို ဘယ်လိုဖြစ်ပြီး သိသွားတာလဲ။ သေချာပါတယ်၊ ဟူဖန် ပြလိုက်တာ ဖြစ်ရမယ်။ တောက်။

ချန်ကျန့်သည် ထိုနာမည်ကို သုံးလာသည်မှာ ကြာလှပြီ ဖြစ်သည်။ သူ၏ ဘဝတွင် အကောင့်နာမည် နှစ်ခုသာ သုံးခဲ့ဖူးသည် ။ ကျောင်းတုန်းက “သာမန် ချန်ကျန့်” နှင့် ကျောင်းပြီးနောက်တွင် သူ၏ နာမည်ကို မသုံးချင်တော့သဖြင့် ယခုနာမည်သို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။ အရင်ကတော့ သူ ဒါကို ဘာမှ မတွေးမိခဲ့ပါဘူး။ ဒါပေမဲ့ ရှန်ယွီက အခုလိုမျိုး တိုက်ရိုက် ခေါ်လိုက်သည့်အခါတွင်မူ သူ အနည်းငယ် ရှက်သလို ခံစားလိုက်ရလေသည်။

တာယွင်တည်းခိုခန်းသို့ သူတို့ ပြန်ရောက်သည့်အခါတွင် ကျောင်းသားအုပ်စုမှာ ပြန်ရောက်နေကြပြီဖြစ်ပြီး၊ စားသောက်ခန်းထဲတွင် စုဝေးကာ ညစာအတွက် အတူတူ ပြင်ဆင်နေကြလေသည်။ ညဘက်တွင်လည်း အစည်းအဝေးခန်း၌ မိတ်ဆုံပွဲ လုပ်ကြရန် စီစဉ်ထားကြသေးသည်။

ချန်ကျန့်က ၁၀၂ ကို ခေါ်ပြီး ပြန်လာတာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လျူဝူ၏ အကြည့်များမှာ စူးစိုက်သွားသည်။ သူ၏ မျက်နှာမှာ ငါ မင်းနဲ့ မျက်လုံးချင်း သေသေချာချာ ဆက်သွယ်နေတယ်နော်၊ ဘယ်သူမှ မသိစေရဘူး ဟု လှမ်းအော်နေသလိုမျိုး သိသာလွန်းလှသည်။ ချန်ကျန့်မှာ မတတ်သာဘဲ သူတို့ဆီသို့ လျှောက်သွားရတော့သည်။

“ဘယ်လိုနေလဲ”

လျူဝူက ထရပ်ကာ ချက်ချင်း မေးလိုက်သည်။

“အဆင်ပြေပါတယ်၊ သွားဆော့ကြတော့။ ငါ ဘော့စ်ကို သွားပြီး သတင်းပို့လိုက်ဦးမယ်”

ချန်ကျန့်က သူ၏ ပုခုံးကို ပုတ်ကာ ဆိုသည်။

“အင်း။ ဒီည မိတ်ဆုံပွဲကို မင်းတို့ အကုန် လာခဲ့ကြနော်။ အခန်းကို ငါတို့ဘာသာ အလှဆင်လိုက်မယ်။ မင်းတို့ ဝန်ထမ်းတွေ ကူစရာ မလိုပါဘူး”

“ငါကတော့... မလာတော့ပါဘူး”

ချန်ကျန့်က မျက်မှောင်ကြုတ်ရင်း ငြင်းလိုက်သည်။

“ရှန်ယွီတောင် သဘောတူပြီးပြီလေ”

“သူက သဘောတူမယ် ဟုတ်လား၊ မဖြစ်နိုင်တာ”

“မင်းက သူ့အကြောင်းကို မသိသေးလို့ပါ။ သူက ဆူဆူညံညံကို တအား ကြိုက်တာ။ ပြီးတော့ မင်းက သဘောတူတယ်လို့ ငါ ပြောလိုက်ရင်၊ သူက သူ့ရဲ့ မန်နေဂျာကို မျက်နှာသာ ပေးရဦးမှာ မဟုတ်လား”

လျူဝူက မဲ့ကာရွဲ့ကာဖြင့် ပြောလိုက်သည်။ ချန်ကျန့် သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း လျူဝူက အတင်း တိုက်တွန်းနေပြန်သည်။

“လာဖြစ်အောင် လာနော်”

“အေးပါ”

ချန်ကျန့် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လှေကားဘက်သို့ လှည့်ထွက်လာခဲ့သည်။ ရုံးခန်းတံခါးမှာ ပွင့်နေသော်လည်း ရှန်ယွီကို မတွေ့ရချေ။ ချန်ကျန့်က တံခါးကို ခေါက်လိုက်သည်။

“ဝင်ခဲ့ပါ”

အသံက အိမ်သာထဲမှ ထွက်ပေါ်လာပြီး၊ ထို့နောက်တွင်မူ ပျို့အန်သံတစ်ခုကို ကြားလိုက်ရသည်။

“ဆေးသောက်နေတာလား”

“အဆိပ်တွေ သောက်နေတာပါ”

ရှန်ယွီသည် ဆေးခွက်အလွတ်ကို ကိုင်ကာ အပြင်သို့ ထွက်လာသည်။ ပျို့အန်ထားသဖြင့် သူ၏ မျက်လုံးများမှာ စိုစွတ်နေလေသည်။ ချန်ကျန့်က သူ့ကို ကြည့်ရင်း အခြေအနေကို စုံစမ်းရသည်။

“၁၀၂ အခန်းထဲ ပြန်ရောက်ပြီလား”

“ဟုတ်ကဲ့”

“ဒါဆိုလည်း ထမင်း အရင်သွားစားလိုက်တော့”

ရှန်ယွီက စားပွဲကို မှီရပ်ရင်း သူ့ကို စိုက်ကြည့်နေသည်။ ချန်ကျန့်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ၎င်းမှာ နောက်ထပ် ဘာစကားလုံးတွေ ထွက်လာတော့မလဲဆိုတာကို ကြိုတင် သတိပေးနေသလိုမျိုးပင် ဖြစ်သည်။ ချန်ကျန့် စိတ်ထဲကနေ

အို... မလုပ်နဲ့ဦးနော် ဟု ကျိတ်ဆုတောင်းနေစဉ်မှာပင် ရှန်ယွီက လှမ်းခေါ်လိုက်သည်။

“ချန်လေး”

“...တောက်”

ချန်ကျန့်မှာ ဆဲရေးမိတော့မတတ် မျက်နှာကြီး နီမြန်းသွားတော့သည်။

__________________________________________________________________________



TN // ချန်လေး ဆိုတာ မြန်မာမှု ပြုလိုက်တာပဲ။ တကယ်က Chen Yuluoyan ။ 陈鱼落雁 လို့ Nickname ပေးထားတာ။ မြန်မာလို တိုက်ရိုက်ပြန်ဖို့က ခဲယဥ်းတယ်။ စကားပုံလို စာအရှည်ကြီး ဘယ်လိုလဲဆို “ငါးများ ရေထဲသို့ နစ်သွားလောက်အောင်နှင့် ငန်းများ ကောင်းကင်မှ ပြုတ်ကျသွားလောက်အောင် လှပသော အမျိုးသမီး” တဲ့။ မီလည်း တရုတ်စာ ကျွမ်းကျင်အဆင့် မဟုတ်တော့ လိုက်ရှာကြည့်ထားတာမျိုး… မြန်မာလိုဆို ပန်းချီတောင် လက်မှိုင်ချရ‌အောင် လှလွန်းတယ် ဆိုတာမျိုး ထင်ပါတယ်။ ဆို‌တော့ အလှလေးချန် လို့ ရေးချင်ပေမဲ့ ချန်လေး လို့ပဲ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မှတ်ချက်ကြီး ရှည်လွန်းသွား ။ တော်သေးပြီ။


 






Comments

  1. အလှလေးချန်နှင့် ဘောစ့်ကိုကို

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...