အခန်း (၄) ကောင်းပြီလေ... နာမည်တွေတော့ ဖလှယ်ပြီးသွားပြီ
ယွီနျန့်ဟာ သူ့ရှေ့က လူတွေကို မသိပေမဲ့ သူတို့ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကိုတော့ ခန့်မှန်းနိုင်သည်။
စကားပြောလိုက်တဲ့သူက ရန်စလိုတဲ့အမူအရာနဲ့ အထင်သေးတဲ့လေသံကို သိသိသာသာ သုံးနှုန်းလိုက်၏။
"မင်းက ယွီနျန့်လား ကြည့်ကောင်းတဲ့ မျက်နှာလေးကလွဲရင် တခြားဘာအားသာချက်မှ ငါမမြင်မိပါလား!"
ယွီနျန့်က သူ့ရှေ့က လူနှစ်ယောက်ကို သေသေချာချာ ကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်မောမိသည်။
"ကြည့်ကောင်းတဲ့ မျက်နှာဆိုတာကလည်း သဘာဝကပေးတဲ့ အားသာချက်တစ်ခုပဲလေ"
သူက "သဘာဝ" ဆိုတဲ့ စကားလုံးကို အထူးပြုပြီး ပြောလိုက်တာပါ။(TN//တစ်ဖက်လူတွေက ခွဲစိပ်ပြုပြင်ထားတာကို သွယ်ဝိုက်ပြီး နှိပ်ကွပ်လိုက်တာ)
တစ်ဖက်က လူနှစ်ယောက်ရဲ့ မျက်နှာတွေ ချက်ချင်း ပျက်ယွင်းသွားပြီး။
ယွီနျန့်ကလည်း သူ့မျက်နှာပေါ်က အပြုံးကို ရုပ်သိမ်းလိုက်ပါသည်။ မိသားစု၏ ဆုံးမသွန်သင်မှုကြောင့် သူဟာ များသောအားဖြင့် လူတိုင်းအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံလေ့ရှိ၏။ သူ့ဆရာသမားတွေနဲ့ မုန့်ယွမ်အပေါ်မှာလည်း ရင်ထဲကပါသည့် ရိုသေလေးစားမှုကို ပြသခဲ့သည်ချည်း။ ဒါပေမဲ့ အဲဒါက သူဟာ အနိုင်ကျင့်ရလွယ်သည့် အပျော့စားလေးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။
အပြုံးတွေ မရှိတော့တဲ့အခါ ယွီနျန့်ရဲ့ မျက်ဝန်းတွေက အေးစက်သွားပြီး
"ကျွန်တော် တကယ်အလုပ်များနေတာမို့ အချိန်ဖြုန်းနေဖို့ မအားဘူး။ တကယ်လို့ ခင်ဗျားတို့က အစ်ကိုမုန့်က ဘာလို့ ခင်ဗျားတို့ကို ရွေးမထားဘဲ ကျွန်တော့်ကိုမှ ရွေးရတာလဲလို့ မေးချင်တယ်ဆိုရင်တော့ သူ့ကိုပဲ တိုက်ရိုက်သွားမေးလိုက်ပါ။"
သူက နှုတ်ခမ်းထောင့်ကို အနည်းငယ်တွန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ပြီးတော့... ဘာလို့ ဟဲချိုးပိုင် က ကျွန်တော့်ကို ရွေးရတာလဲလို့ သိချင်ရင်လည်း ဟဲချိုးပိုင်ကိုပဲ သွားမေးလိုက်ကြပေါ့။"
နောက်ဆုံးမှာတော့ သူ မေး ကို အနည်းငယ်ပင့်တင်လိုက်ကာ နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ကွေးညွှတ်သွားပြီး မျက်လုံးထောင့်က မှဲ့လေးကလည်း အထာကျကျနဲ့ အေးစက်စက် အသွင်ဆောင်နေပါသည်။
"တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို 'Sound of Nature' အစီအစဉ်ကနေ ဖယ်ထုတ်နိုင်တယ်ဆိုရင်တော့ ကျွန်တော် စကားတစ်ခွန်းမှ ပြန်မပြောပါဘူး။"
ပြောပြီးတာနဲ့ သူ အချိန်ပိုမဖြုန်းတော့ဘဲ ခြေလှမ်းကျဲတွေနှင့် ထွက်လာခဲ့လိုက်သည်။
ထောင့်တစ်နေရာကနေ ဒီမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည့် အန်းချန်က ဟော့ရှင်းကို ဆွဲလိုက်ပြီး အံ့သြတကြီးပြောရသည်က…
"တောက်... တောက်... ဒီကောင်လေးက တော်တော်မာတာပဲဟ" ဟူ၍။
ဟော့ရှင်းက ရှေ့တိုးထားသည့် ခြေလှမ်းတစ်ဝက်ကို ပြန်ရုပ်လိုက်ပြီး အသံတိုးတိုးနဲ့ တုံ့ပြန်သည်။
"သူသာ ဒီလောက်မမာရင် ငါးရက်အတွင်းမှာ ကကွက်အားလုံးကို ဒီလောက်အထိ ကြိုးစားပမ်းစား သင်ယူနိုင်ပါ့မလား"
အန်းချန်က မျက်ခုံးပင့်လိုက်ရင်း
"ဟေး... ဆရာဟော့၊ ဒီရက်ပိုင်းအတွင်း မင်း သူ့ကို ဘယ်နှစ်ခါတောင် ချီးကျူးပြီးပြီလဲ မင်း သူ့ကို ဒီလောက်တောင် သဘောကျနေတာလား"
အန်းချန်က ခုနက မြင်ကွင်းကို ပြန်တွေးကြည့်ပြီး လက်ပိုက်ကာ ပြုံးလိုက်၏။
"ဒါပေမဲ့ ခုနက သူ့ရဲ့ မာန်ပါတဲ့ အပြုအမူလေးကတော့ တကယ်ကို အထင်ကြီးစရာပဲ၊ မဆိုးဘူး"
ဟော့ရှင်းကလည်း မငြင်းပါဘူး။ သူက တည်ငြိမ်တဲ့လေသံနဲ့
"တကယ်လို့ သူသာ ဘယ်သူမဆို လာနှိပ်စက်လို့ရတဲ့သူ ဖြစ်နေရင် ဒီလောကထဲမှာ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး"
အန်းချန်နဲ့ ဟော့ရှင်းတို့ ထွက်သွားတော့မှ ရှဲ့ယို့ဟာ ပုန်းကွယ်နေတဲ့နေရာကနေ ထွက်လာ၏။ သူက ယွီနျန့် ထွက်သွားတဲ့ဘက်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ဓာတ်လှေကားဖက်သို့သာ လျှောက်လာခဲ့သည်။
..........
နေ့လယ်စာ အတူစားတဲ့အချိန်မှာတော့ ယွီနျန့်က တူတစ်စုံကို ထုတ်ယူကာ မုန့်ယွမ်ကို ကမ်းပေးရင်း စကားစလိုက်သည်။
"အစ်ကိုမုန့်... ကျွန်တော် တစ်ခုလောက် မေးချင်လို့"
မုန့်ယွမ်က ညာလက်နဲ့ တူကို ကိုင်ထားပြီး ဘယ်လက်ကတော့ ဖုန်းသုံးလို့ အလုပ်ရှုပ်နေဆဲ
"မေးလေ"
"အရင်က အစ်ကို ကျွန်တော့်ကို မှာဖူးတယ်လေ... အခန်းထဲမှာပဲနေပါ။ ဟိုဟိုဒီဒီ လျှောက်မသွားပါနဲ့ဆိုတာက အခုလို လူတွေနဲ့ တိုးမိဖို့ လွယ်လို့လားဟင်"
မုန့်ယွမ်က ယွီနျန့်ရဲ့ စကားကို ကြားတာနဲ့ အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး မျက်နှာ ပျက်သွား၏။ သူက ယွီနျန့်ရဲ့ မျက်နှာအမူအရာကို အကဲခတ်ရင်း သတိထားရင်းမေးလိုက်သည်။
"တစ်ယောက်ယောက် မင်းကို လာရှာတာလား"
ယွီနျန့်က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ဟုတ်ကဲ့... မနက်က အတန်းပြန်တက်ဖို့ သွားတဲ့လမ်းမှာ အတားခံလိုက်ရတယ်"
"ပြီးတော့ရော"
"ကျွန်တော် ပြန်တိုက်ခိုက်လိုက်တယ်လေ"
မုန့်ယွမ်က အားရပါးရ ရယ်မောလိုက်ပြီး
"အေး... အဲဒါမှ ငါ့လူကွ! တကယ်တော်တယ်!"
သူက လက်ထဲက ဖုန်းကို ချလိုက်ပြီး ယွီနျန့်ကို သေသေချာချာ ရှင်းပြပါတော့သည်။
"ဒီကုမ္ပဏီက တကယ်ကြီးတာ။ Trainee တွေလည်း အများကြီးရှိသလို၊ အနုပညာလောကထဲ ရောက်ပြီးမှ နာမည်မကြီးဘဲ ဖြစ်နေတဲ့သူတွေလည်း အပုံလိုက်ပဲ။ ငါက လူအများကြီးကို တာဝန်ယူရတာ စိတ်ရှုပ်ပြီး ပင်ပန်းတယ်လို့ ခံစားရလို့ ဝါသနာမပါဘူး။ လူတစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး ပျိုးထောင်ရတာကို ပိုသဘောကျတယ်။ ဒီတစ်ခါ ငါ့ရဲ့အရင်လက်တွဲဖော်က စာချုပ်ဖျက်ပြီး ထွက်သွားတော့ ကုမ္ပဏီက ငါ့ကို နောက်တစ်ယောက် ထပ်ရှာဖို့ တိုက်တွန်းနေတာနဲ့...ဘာပဲဖြစ်ဖြစ်... မင်းရဲ့ အစ်ကိုမုန့်က ဒီလောကထဲမှာ ဆယ်စုနှစ် တစ်ခု၊ နှစ်ခုစာလောက် ဖြတ်သန်းလာပြီးပြီဆိုတော့ နာမည်အနည်းအကျဉ်းတော့ ရှိပါသေးတယ်။ ဒါကြောင့် ငါ့ဘက်က ဘာသတင်းမှ ထုတ်မပြန်သေးခင်မှာပဲ တချို့ ဂနာမငြိမ်တဲ့လူတွေက လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတာပေါ့။"
"အခွင့်အရေးဆိုတာ လူတိုင်း အရယူချင်ကြတာပဲလေ။ ဒါဆို ကျွန်တော်က သူတို့မျက်စိထဲမှာတော့ မိုးကျရွှေကိုယ် ဖြစ်နေတာပေါ့"
"ဒါပေါ့! ငါ မင်းကို စာချုပ်ချုပ်လိုက်တာလေ။ ကုမ္ပဏီက အပြင်ပန်းမှာ တည်ငြိမ်နေသလို ထင်ရပေမဲ့ အတွင်းထဲမှာတော့ ပေါက်ကွဲနေလောက်ပြီ။ အဲဒါကြောင့် ငါက မင်းကို သင်ခိုင်းတာတွေကိုပဲ အာရုံစိုက်ပါ၊ ဟိုဟိုဒီဒီ လျှောက်မသွားပါနဲ့လို့ မှာခဲ့တာ။"
မုန့်ယွမ်က သက်ပြင်းချလိုက်ပြီး
"ဒါပေမဲ့ ဒီနှစ် အလုပ်သင်တွေက သိပ်ပြီး ဇွဲမရှိကြဘူးပဲ။ မင်းကို ရှာတွေ့ဖို့တောင် ဒီလောက်ရက်အများကြီး ကြာသွားတယ်"
ယွီနျန့်က မုန့်ယွမ်ရဲ့ လေသံကြောင့် ရယ်မောမိသွားသည်။ ဒါဟာ သူအရင်က ခန့်မှန်းထားတာနဲ့ အတော်လေး တူနေလို့ပါ။ ဟင်းရည်တစ်ငုံ သောက်လိုက်ပြီးနောက် ယွီနျန့်က ထပ်မေးလိုက်သည်။
"တကယ်လို့ ကျွန်တော် သူတို့နဲ့ ထပ်ဆုံရင်ရော... သည်းခံခြင်းက အကောင်းဆုံးဆိုတဲ့အတိုင်း နေရမလား ဒါမှမဟုတ် ပြန်တိုက်ခိုက် ရမလား"
မုန့်ယွမ်က ယွီနျန့်၏ နူးညံ့သိမ်မွေ့သည့် စရိုက်ကို ကြိုသိထားပြီးသားမို့လို့ ဘာမှတောင် မစဉ်းစားဘဲ ချက်ချင်းပြန်ဖြေလိုက်သည်က
"ပြန်ချလိုက်စမ်းပါ! မင်းကိုယ်မင်း သိတယ်မလား။"
ယွီနျန့်လည်း အခြေအနေကို သဘောပေါက်သွားပြီလေ။ သူ အနုပညာလောကထဲကို တရားဝင် ခြေမချရသေးပေမဲ့ သူ့နောက်မှာ မုန့်ယွမ်လို လူမျိုးရှိနေတာကြောင့် မျက်နှာငယ်စရာ၊ ငြိမ်ခံနေစရာ မလိုပါဘူး။ မဟုတ်ရင် သူရသင့်ရထိုက်သည့် ဂုဏ်သိက္ခာနဲ့ အရှိန်အဝါတွေ အလကားသက်သက် ဆုံးရှုံးသွားပါလိမ့်မည်။
သူ ဟင်းရည်ပန်းကန်ကို မကာ ပြုံးလိုက်ရင်း
"ကျွန်တော့်ဘက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"
မုန့်ယွမ်က ဟင်းရည်ပန်းကန်ကို ထိလိုက်ပြီး
"ဒါတွေက ပြောရတာ လွယ်ပါတယ်ကွာ။ ငါကတော့ မင်း ငါ့အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးမှာကိုပဲ စောင့်နေတာ!"
'သဘာဝတရား၏ အသံ' (Sound of Nature) နဲ့ စာချုပ်ချုပ်ဆိုတာကတော့ ခဏချင်းပါပဲ။ ယွီနျန့်က လူသစ်တစ်ယောက်ဖြစ်တာကြောင့် စာချုပ်ကြေးကို အနိမ့်ဆုံးပဲ သတ်မှတ်ထား၏။ ဒါပေမဲ့ မုန့်ယွမ်ကတော့ ဒါကို လုံးဝဂရုမစိုက်ပါဘူး။ သူက ယွီနျန့်ကို ကကွက်လေ့ကျင့်ရေးခန်းထဲကနေ ရုံးခန်းဆီ ခေါ်လိုက်ပြီး Tablet တစ်လုံး ကမ်းပေးလိုက်သည်။ ပြီးတော့ လေအေးပေးစက်၏ အပူချိန်ကိုလည်း နှစ်ဒီဂရီလောက် ဂရုတစိုက် မြှင့်ပေးလိုက်ပါသေးသည်။
"မင်း ဩဂုတ်လထဲမှာ အစီအစဉ် စရိုက်ရတော့မယ်။ ဒါက မင်းရဲ့ ပထမဆုံးပွဲပဲ။ ဘာမှ အမှားအယွင်းမရှိအောင် ငါကိုယ်တိုင် မင်းနောက်ကနေ တစ်လျှောက်လုံး လိုက်ပေးမယ်။ ဒါပေမဲ့ တခြားသူတွေမှာတော့ လက်ထောက်တွေရော၊ အဖွဲ့လိုက်ရော ရှိကြတာ။ မင်းမှာတော့ ဘယ်သူမှ မရှိသေးဘူး ဟုတ်တယ်မလား"
ယွီနျန့်ဟာ တစ်မနက်လုံး ကကွက်တွေ လေ့ကျင့်ထားတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အပူရှိန်ရှိနေဆဲဖြစ်ပြီး မျက်နှာပေါ်မှာလည်း ပန်းသွေးရောင်လေးသန်းလျက်။ သူက တက်ဘလက်ကို မကိုင်ခင်မှာ လက်ကချွေးတွေကို သုတ်ပုဝါနဲ့ အရင်သေသေချာချာ သုတ်လိုက်သေးသည်။
မုန့်ယွမ်က ဆက်ပြောပြသည်။
"ငါနဲ့ အတူတွဲလုပ်နေကျ လူတွေရှိတယ်။ ဒီရက်ပိုင်း ငါ့လက်အောက်မှာ ဘယ်သူမှမရှိတော့ သူတို့တွေလည်း အလုပ်လက်မဲ့ဖြစ်ပြီး အေးအေးဆေးဆေး နေနေကြတာပေါ့။ အခု ငါ မင်းကို စာချုပ်ချုပ်ပြီးပြီဆိုတော့ သူတို့တွေလည်း ပြန်ပြီး အလုပ်ရှုပ်ကြတော့မယ်။ လက်ထောက်နဲ့ ပတ်သက်ရင်တော့ မင်းကိုယ်တိုင်ပဲ ရွေးချယ်ရလိမ့်မယ်"
ယွီနျန့်က ခေါင်းငြိမ့်ပြလိုက်ပြီး တက်ဘလက်ထဲက အချက်အလက်တွေကို လှန်လှောကြည့်ရင်း မေးလိုက်သည်။
"အစ်ကိုမုန့်... အစ်ကို့ဘက်က အကြံပေးချင်တာမျိုး ရှိလားဟင်"
မုန့်ယွမ်က သူ့မေးခွန်းကို နားထောင်ပြီးမှ
"စာမျက်နှာ ၁၊ ၂၊ ၃၊ ၇ နဲ့ ၈ မှာရှိတဲ့သူတွေကို ငါကြည့်ပြီးပြီ၊ သူတို့တွေက မဆိုးဘူး။ မင်းစိတ်ကြိုက် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ရွေးလို့ရတယ်။ မင်း နာမည်ကြီးလာတဲ့အခါကျရင် လုပ်စရာတွေက အများကြီး ဖြစ်လာတော့မှာလေ"
ယွီနျန့်ဟာ မုန့်ယွမ် အကြံပြုထားသည့် လောင်းလျာငါးဦးကို သေသေချာချာ ကြည့်ရှုပြီးနောက်မှာတော့ နောက်ဆုံးမှာ "ရှီးရို" လို့ခေါ်တဲ့ မိန်းကလေးကို ရွေးချယ်လိုက်သည်။
မုန့်ယွမ်က ပြုံးလိုက်ပြီး
"မင်း အမြင်စူးရှတာပဲ။ ရှီးရိုက အရင်ကလည်း အနုပညာရှင်တစ်ယောက်ရဲ့ လက်ထောက် လုပ်ခဲ့ဖူးတော့ အလုပ်က တကယ်ကျွမ်းကျင်ပြီးသား။ သူက စိတ်အေးလက်အေးရှိသလို အလုပ်လုပ်ရင်လည်း အရမ်းသွက်လက်တယ်။ ပြီးတော့ ဓာတ်ပုံရိုက်တာလည်း တော်တယ်ဟ"
ယွီနျန့်လည်း အဲဒီအတိုင်းပဲ တွေးမိပါတယ်။ သူက အခုမှ လူသစ်လေး ဖြစ်တာကြောင့် သိသင့်သိထိုက်သည့် အချက်အလက်တွေကိုလည်း သိဦးမှာ မဟုတ်ဘူး။ လူသစ်ကာလ ပြီးဆုံးသွားတဲ့အခါ မုန့်ယွမ်ကလည်း သူ့နောက်ကို တစ်ချိန်လုံး လိုက်ပေးနိုင်မှာ မဟုတ်တာကြောင့် လက်ထောက်ဆိုတာက တကယ်ကို အရေးကြီး၏။
"နောက်တစ်ယောက် ထပ်မရွေးတော့ဘူးလား"
"မလိုတော့ပါဘူးခင်ဗျာ။"
ယွီနျန့်က တက်ဘလက်ကို ပြန်ပေးလိုက်ရင်း
"တစ်ယောက်တည်းဆို လုံလောက်ပါပြီ။ ကျွန်တော့်နောက်မှာ လူအများကြီး လိုက်နေတာကို သိပ်သဘောမကျလို့ပါ"
မုန့်ယွမ်ကလည်း အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး
"ကောင်းပြီလေ... မနက်ဖြန်ကျမှ တွေ့ကြတာပေါ့။ အဆင်ပြေတယ်ဆိုရင်တော့ သူ့ကိုပဲ အတည်ပြုလိုက်ကြမယ်"
ရှီးရို ကတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေရှိသည့် မိန်းကလေးတစ်ယောက်ပါ။ သူမရဲ့ လေသံကလည်း တကယ်ကို နူးနူးညံ့ညံ့လေး။ သူမက ယွီနျန့်ထက် ငါးနှစ်လောက် ပိုကြီးပြီး ဒီလောကထဲမှာ ကျင်လည်ခဲ့တာ ခြောက်နှစ်နီးပါး ရှိနေပြီ။ ယွီနျန့်က သူမကို အစ်မ ရိုရို လို့ ခေါ်လိုက်တာကို ကြားတော့ သူမကတောင် ရှက်ကိုးရှက်ကန်းနဲ့ လက်ကာပြရှာသည်။
နှစ်ဦးသား တွေ့ဆုံပြီးတဲ့နောက်မှာတော့ နှစ်ဖက်စလုံးက အပြန်အလှန် ကျေနပ်အားရမှု ရှိခဲ့ကြ၏။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မုန့်ယွမ် ညွှန်းဆိုတဲ့လူဟာ တကယ်ကို တော်မှန်း ယွီနျန့် သိလိုက်ရသည်။ အနည်းဆုံးတော့ နေ့တိုင်း အတန်းတက်ချိန်မှာ ရှီးရိုဟာ သူ့နာမည်နဲ့ ကကွက်ဆရာနှစ်ယောက်အတွက် အအေးတွေနဲ့ အသံပိုင်းဆိုင်ရာ ဆရာမအတွက် ပျားရည်ရေနွေးတွေကို အလိုက်တသိ ဝယ်ပေးထားတတ်ပြီး တကယ်လို့ သူ ညနှောင်းပိုင်းအထိ ကကွက်လေ့ကျင့်မယ်ဆိုရင်လည်း ကယ်လိုရီနည်းသည့် ညစာအပေါ့စားလေးတွေကို ဂရုတစိုက် ပြင်ဆင်ပေးတတ်ပါသေး၏။ အများကြီးမဟုတ်ပေမဲ့ သူမရဲ့ စေတနာကတော့ အလွန်ကို သိသာလှသည်။
..........
ရှင်းယောင်အဆောက်အအုံ၊ ၅၁ ထပ်မှာတော့...
ချွိရှောက်ရန်ဟာ သူ့စားပွဲခုံနောက်မှာ မတ်မတ်ထိုင်နေရင်း လက်ထဲက ဘောပင်ကို စိတ်ပျက်လက်ပျက်နဲ့ ချလိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ဘာအမူအရာမှမရှိဘဲ စီးပွားရေးမဂ္ဂဇင်းကို ဖတ်နေသည့် ရှဲ့ယို့ကို ကြည့်ကာ စိတ်တိုတိုနဲ့…
"လာစမ်းပါဦး သူငယ်ချင်းရာ... ငါတို့ သေသေချာချာ စကားပြောရအောင်။ မင်းရဲ့ကုမ္ပဏီကပဲ အရှုံးပေါ်လို့ ပိတ်တော့မှာလား ဘာလို့ ဒီရက်ပိုင်းတွေမှာ ငါ့ဆီကို နေ့တိုင်း လာနေရတာလဲ"
ရှဲ့ယို့က ခေါင်းမော့ပြီး သူ့ကို တစ်ချက်လှမ်းကြည့်တာကို မြင်တော့ ချွိရှောက်ရန်က သူ့နဖူးကို အားကိုးရာမဲ့စွာ နှိပ်နယ်ရင်း
"ငါ့အစ်ကိုနဲ့ ငါ့အဖေတောင် ငါ့ကို ဒီလောက်အထိ လာမစောင့်ကြည့်ဖူးဘူး... မင်းကတော့ တစ်နေ့ကို နှစ်ခါတောင် လာကြည့်နေတယ်"
သူက ရုတ်တရက် လန့်သွားဟန်နဲ့
"တောက်... မဟုတ်မှလွဲရော၊ ငါတို့ ခင်လာတာ အနှစ်နှစ်ဆယ်ရှိပြီ... မင်း ငါ့ကို ရုတ်တရက်ကြီး ချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်"
ရှဲ့ယို့က နောက်ဆုံးမှာတော့ စကားတစ်ခွန်း ပြောလာပါသည်။
"ပါးစပ်ပိတ်ထားစမ်း။"
သူက စီးပွားရေးမဂ္ဂဇင်းကို ချလိုက်ပြီး အချိန်ကို တစ်ချက်ကြည့်ကာ မတ်တတ်ရပ်၍
"ငါ သွားတော့မယ်"
ချွိရှောက်ရန်ကတော့ ရှဲ့ယို့ အမြန်ပြန်သွားပြီး ရုံးခန်းထဲမှာ ဂိမ်းဆော့ချင်လှပြီမို့
"ဥက္ကဋ္ဌရှဲ့... လိုက်ပို့ပေးရဦးမလား" လို့ ပြုံးစပ်စပ်နဲ့ မေးလိုက်သည်။
"မလိုဘူး"
"ဒါဆို မနက်ဖြန်ရော လာဦးမှာလား"
"အင်း"
"......"
ချွိရှောက်ရန် ဆွံ့အသွားနေတော့၏။
ဓာတ်လှေကားထဲကို လှမ်းဝင်လိုက်ပြီးနောက် ရှဲ့ယို့က မြေအောက်ထပ်ခလုတ်ကို နှိပ်လိုက်သည်။ သူက သူ့နက်ကတိုင်ကို ပြန်ပြင်လိုက်ရင်း ဓာတ်လှေကားရဲ့ ပြောင်းလဲနေတဲ့ အထပ်နံပါတ်တွေကိုပဲ စိုက်ကြည့်နေမိပါတော့သည်။
၄၆၊ ၄၅... ၃၅၊ ၃၄၊ ၃၃ "တိင်!"
ယွီနျန့်က ရှီးရိုကို ခေါ်ပြီး ဓာတ်လှေကားထဲ လှမ်းဝင်လိုက်တဲ့အချိန်မှာ ထိုလူကို ထပ်တွေ့ရပြန်သည်။ တစ်ဖက်လူကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ခြေတံများကရှည်လျားလျက် ခန္ဓာကိုယ်အချိုးအစားကလည်း ကျော့ရှင်းကာ အထက်တန်းကျလှ၏။ သူ၏ ငွေမှင်ရောင်အနားကွပ် နက်ကတိုင်ကလည်း သေသေသပ်သပ် ရှိနေပြီး မျက်နှာကတော့ အေးစက်ကာ အမူအရာ ကင်းမဲ့နေသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသွားကြသည်။ ယွီနျန့်က ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြရင်း နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ... တကယ်ကို တိုက်ဆိုင်တာပဲ၊ ထပ်ဆုံကြပြန်ပြီနော်"
ရှဲ့ယို့က သုံးစက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်ပြပြီး "မင်္ဂလာပါ" ဟု ပြန်နှုတ်ဆက်သည်။
ဓာတ်လှေကားထဲမှာ လူသုံးယောက်တည်း ရှိနေတာပါ။ ရှီးရိုကတော့ တစ်ဖက်လူကို ကြောက်နေပုံရပြီး ခေါင်းလေးငုံ့ကာ ထောင့်တစ်နေရာမှာ ကပ်ရပ်နေသည်။
တစ်ဖက်လူက သူ့ကို နက်မှောင်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာကို မြင်တော့ ယွီနျန့်က ပြုံးလျက် ငြင်သာစွာဆိုလိုက်သည်။
"ပြောရရင် ဒါက ကျွန်တော်တို့ ဆုံတာ စတုတ္ထအကြိမ်မြောက် ရှိပြီနော်"
"အင်း။"
ရှဲ့ယို့က အသံထွက်ရုံသာ တုံ့ပြန်လျက်စိတ်ထဲမှာတော့…
'ဒါက သိသိသာသာကြီး ခြောက်ကြိမ်မြောက် ရှိပြီလေ!' လို့ ပြန်တည့်ပေးနေမိသည်။
ယွီနျန့်က တစ်ဖက်လူဟာ စကားသိပ်မပြောတတ်သူလို့ သတိထားမိတာကြောင့် တွေဝေစွာနဲ့ မိတ်ဆက်လိုက်သည်။
"ကျွန်တော့်နာမည်က ယွီနျန့်ပါ၊ ရှင်းယောင် မှာ အခုမှ စာချုပ်ချုပ်ထားတာပါ"
"ရှဲ့ယို့ ပါ"
သူက သူ့ရဲ့ အသက်၊ အရပ်၊ ကိုယ်အလေးချိန်နဲ့ အိမ်လိပ်စာကိုပါ စိတ်ထဲကနေ နှစ်ခါလောက် ရွတ်ဆိုနေမိပေမဲ့ ဒီစကားလုံးတွေကို သူ့ပါးစပ်ကနေ အပြင်ကို ထုတ်မပြောနိုင်ခဲ့ပါဘူး။
"ရှဲ့ယို့..."
ယွီနျန့်က ပြုံးပြီး ရေရွတ်လိုက်သည်။ သူက တစ်ဖက်လူ၏ ပိုပြီးနက်မှောင်လာသော မျက်ဝန်းအိမ်တွေကို စိုက်ကြည့်ရင်း
"ရှောက်ယောင်ယို့ ထဲက 'ယို့' လားဟင်"
"ဟုတ်တယ်။"
"နာမည်လေးက တကယ်လှတာပဲ"
ဒီအချိန်မှာပဲ ပထမထပ်ကို ရောက်ရှိသွားတာကြောင့် ယွီနျန့်က လက်လှမ်းပြလိုက်ပြီး
"ကျွန်တော် အရင်သွားတော့မယ်နော်၊ နှုတ်ဆက်ပါတယ်နော်"
ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာတော့ ရှဲ့ယို့ရဲ့ နားရွက်ကလေးတွေဟာ တစ်ဖန် ပြန်လည်နီရဲသွားရပြန်၏။ ဓာတ်လှေကားထဲက ထွက်လာပြီးတဲ့နောက် ရှီးရိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း စပ်စုချင်စိတ်နဲ့ မေးလိုက်သည်။
"မောင်လေးနဲ့ ဥက္ကဋ္ဌရှဲ့က သိနေကြတာလား"
ယွီနျန့်က ပြန်စဉ်းစားကြည့်ပြီး
"အသိအကျွမ်းလောက်ပါပဲ။ ဓာတ်လှေကားထဲမှာ နှစ်ခါဆုံဖူးတယ်။ ပြီးတော့ မီးပွိုင့်မိနေတုန်း တစ်ခါတွေ့ဖူးတယ်"
ရှီးရိုက လက်ထောက်တစ်ယောက်ပီပီ သူ့ကို အလေးအနက် ရှင်းပြပါတော့သည်။
"သူ့မျိုးရိုးက 'ရှဲ့' တဲ့၊ ဥက္ကဋ္ဌချွိရဲ့ သူငယ်ချင်းပေါ့။ သူတို့နှစ်ယောက်က မိသားစုချင်း ခင်မင်ကြတာ၊ ငယ်ငယ်ကတည်းက သိလာကြတာလို့ ပြောကြတာပဲ။ အဲဒါကြောင့် တစ်ခါတလေ ရှင်းယောင်ထဲမှာ ဥက္ကဋ္ဌရှဲ့ကို တွေ့ရတတ်တယ်။ ဒါပေမဲ့ သိပ်တော့ မကြာခဏ မဟုတ်ဘူးပေါ့"
သူမက ရင်ဘတ်ကို လက်နဲ့ဖိပြီး ကြောက်စိတ်မပြေသေးဟန်နဲ့
"အစ်မ ရှင်းယောင်မှာ အလုပ်လုပ်လာတာ ခြောက်နှစ်ရှိပြီ။ သူ့ကို တစ်ခါပဲ ဆုံဖူးသေးတယ်။ ဥက္ကဋ္ဌရှဲ့က စိတ်တိုတတ်တယ်လို့ နာမည်ကြီးတယ်လေ။ သူ့ရဲ့ အရှိန်အဝါကလည်း အရမ်းအေးစက်လွန်းတော့ အနားမှာရှိနေရင် လူတောင် သေမတတ် ကြောက်ဖို့ကောင်းတယ်"
ယွီနျန့်ကတော့ အဲဒီလိုမျိုး မခံစားရပါဘူး။ ရှဲ့ယို့အပေါ် သူ့ရဲ့ အထင်အမြင်ကတော့
"ရုပ်ရည်ချောမောပြီး စကားသိပ်မပြောတတ်တဲ့သူ" ဆိုတာပါပဲ။ သူကတော့ ရှဲ့ယို့ကို လုံးဝ မကြောက်မိပါဘူး။
အခြားတစ်ဖက်မှာတော့ ရှဲ့ယို့ဟာ ကားတံခါးကို ပိတ်လိုက်ပြီး ကားမှန်ပြတင်းပေါက်ကတစ်ဆင့် ဓာတ်လှေကားရှိရာဘက်ဆီကို လှမ်းကြည့်နေမိသည်။
"ကောင်းပြီလေ... နာမည်တွေတော့ ဖလှယ်ပြီးသွားပြီ။"
___________________________________________________________________________
AN// ဥက္ကဋ္ဌရှဲ့ : "အရမ်း ပျော်နေတယ်!" TN // ရုပ်တည်ကြီးနဲ့ သူ့မှာ ရှက်ရတာ ရှက်ရတာ။ ချစ်စရာကြီး
ဥက္ကဌရှဲ့ တကယ်ချစ်စရာကြီး 😭🤚
ReplyDeleteဖတ်ရင်း ချစ်ဖို့ကောင်းလာပြီ ကိုကို ရေးသမျှ အကုန်ကြိုက်
ReplyDelete