အပိုင်း (၄၀)
မျက်စိရှေ့မှာ အမှောင်အတိ ကျသွားပြီးမှ အလင်းရောင်တွေ ပြန်လက်လာသည်။
ရှန်ယွီမှာ အသက်ရှူရကျပ်စေသည့် ထုံကျင်ကျင် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ၏မျက်လုံးပေါ် အုပ်မိုးထားသည့် ချန်ကျန့်၏ လက်ဝါးနွေးနွေးလေးကို သတိပြုမိလိုက်သည်။ ၎င်းမှာ မျက်နှာတစ်ခုလုံးကို အုပ်ထားခြင်းမဟုတ်ဘဲ မျက်လုံးနားလေးတင်ရှိနေလျက်…
အသက်ရှူထုတ်လိုက်လျှင် လက်ဝါးကို ထိတွေ့မိပြီး၊ အသက်ရှူသွင်းလိုက်လျှင်တော့ မထိတော့ပေ။
ထိုကဲ့သို့သော တင်းမာလှသည့် အခိုက်အတန့်မျိုးမှာတောင်မှ အကွာအဝေးကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ချန်ကျန့်ကို ရှန်ယွီ အထင်ကြီးသွားမိသည်။
ချန်ကျန့်၏ လက်ဆီမှ သစ်မွှေးနံ့သင်းသင်းလေးကိုလည်း သူ ရလိုက်သည်။ တည်းခိုခန်းက ဆပ်ပြာနံ့မဟုတ်ဘဲ... လက်လိမ်းခရင်မ် နံ့နှင့် ပိုတူသည်။
လက်လိမ်းခရင်မ် သုံးတာလား။ ဒါကြောင့်လည်း ယုလော့ယန့် (အလှနတ်သမီး) လို့ ခေါ်တာကိုး။
ထိုစဉ် နာကျင်မှုက ထပ်မံ ဝင်ရောက်လာပြန်သည်။ အား... ကျဉ်တက်သွားတာပဲ... နာတယ်၊ နာတယ်၊ တကယ်ကို နာတယ်...။
သူသည် ချန်ကျန့်၏ ညာဘက်လက်ကို အတင်းဆုပ်ကိုင်ထားရင်း၊ ခေါင်းကိုငုံ့ကာ ချန်ကျန့်၏ လက်ချောင်းများကြားမှတစ်ဆင့် ဆရာဝန် ဘာလုပ်နေသလဲဆိုတာကို ချောင်းကြည့်ရန် ကြိုးစားနေမိသည်။
“ငါ အုပ်ပေးထားတာတောင် မင်းက ချောင်းကြည့်ဦးမလို့လား!”
ချန်ကျန့်က ရှန်ယွီ၏ လှုပ်ရှားမှုနောက်သို့ လိုက်ကာ လက်ကို ဖိချထားလိုက်သည်။
ဆရာဝန်ပင် ရယ်မောလိုက်ပြီး ။
“ဒီမနက်က ကလေးတစ်ယောက်လည်း ဒီအတိုင်းပဲ။ ကြောက်လည်း ကြောက်တယ်၊ ဒါပေမဲ့ ချောင်းကြည့်တာကိုတော့ မရပ်နိုင်ဘူး”
“သူက အသက် ၂၆ ရှိနေပြီလေ!”
ဟု ချန်ကျန့်က ဆိုလိုက်သည်။
“မဆန်းပါဘူး။ ၂၆ ဖြစ်လည်း လက်ကိုင်ပေးမယ့်လူ လိုနေသေးတာပဲ မဟုတ်လား”
ဆရာဝန်က စနောက်လိုက်သည် ။ “ကလေးလို စပ်စုချင်တဲ့စိတ်လို့ပဲ ခေါ်ရမှာပေါ့”
“မကြည့်ရရင် ပိုနာသလို ခံစားရလို့ပါ”
ရှန်ယွီက တိုးတိုးလေး ရေရွတ်သည်။ ပြောပြီးမှ သူ နောင်တရသွားသည်။ချန်ကျန့်က သူ၏လက်ကို ချက်ချင်း ဖယ်လိုက်ပြီး ။
“တကယ်လား”
အမှန်အတိုင်း ပြောရလျှင် ဟုတ်ပါသည်။ တစ်ခုခုလာတော့မည်မှန်း မြင်နေရလျှင် ကြိုတင်ပြင်ဆင်ထားနိုင်သော်လည်း၊ မမြင်ရဘဲ ခံရလျှင် ပို၍ နာကျင်ရတတ်သည်။
သို့သော် ယခုအချိန်မှာတော့ သူ လိမ်ပြောလိုက်လို့လည်း ရသည်လေ။
ထို့ကြောင့် ရှန်ယွီမှာ တိတ်ဆိတ်သွားပြီး ဆရာဝန် တတိယမြောက်တိုင်ကို ဖြုတ်နေသည်ကို စိုက်ကြည့်နေမိသည်။ နာကျင်မှုကို ကျင့်သားရလာသဖြင့် သူ၏ ဆုပ်ကိုင်အားမှာ အနည်းငယ် လျော့ပါးသွားသည်။
ချန်ကျန့်သည် ထိုလျော့ရဲမှုကို ခံစားမိသည်နှင့် သူ၏လက်ကို ပြန်ရုပ်လိုက်တော့သည်။
ရှန်ယွီ ဘေးသို့ လှမ်းကြည့်လိုက်သည့်အခါ ချန်ကျန့်က သူ၏နောက်ကျောတွင် လက်ကို ခါနေသည်ကို တွေ့ရသည်။ မျက်လုံးချင်း ဆုံမိသည့်အခါ ချန်ကျန့်က ရှန်ယွီ၏ ဆုပ်ကိုင်မှုကြောင့် နီရဲနေသည့် သူ၏လက်ဖဝါးကို ပြလိုက်သည်။
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ထိုအစား သူသည် ချန်ကျန့်၏ လက်ချောင်းထိပ်လေးတွေကို ဆွဲယူကာ ပြဇာတ်ထဲကအတိုင်း အလေးအမြတ် ပြုဟန်လုပ်ရင်း တိုးတိုးလေး ဆိုလိုက်သည်။
“ကိုယ်နဲ့ တွဲကချင်လားဟင်”
ဘာတွေ လျှောက်ပြောနေတာလဲ။
ချန်ကျန့်မှာ ဤလူ၏ စိတ်အခြေအနေကို ဘယ်လိုသတ်မှတ်ရမှန်း မသိတော့ချေ။ ထိတ်လန့်သွားသလို ရှိသော်လည်း တစ်ဖက်မှာတော့ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသည်။
“မလှုပ်နဲ့နော်”
ဆရာဝန်က တည်ကြည်စွာ သတိပေးလိုက်သည်။
“ဟုတ်ကဲ့”
ရှန်ယွီ လိမ္မာစွာဖြင့် ပြန်ထိုင်လိုက်သည်။
“နာရင် ညှစ်ဖို့ ဒီဘောလုံးလေး ရှိတယ်”
ဆရာဝန်က စားပွဲပေါ်က ရော်ဘာဘောလုံးအမည်းလေးကို ညွှန်ပြသည် ။
“သူ့ကို ပေးလိုက်ပါ”
ချန်ကျန့်က ဘောလုံးကို ယူကာ ကမ်းပေးလိုက်သည်။
“ဒါက မင်းရဲ့ လက်ဖဝါးထက်တော့ ပိုကောင်းမှာပါ”
ဆရာဝန်က ခပ်ခြောက်ခြောက် ဆိုလိုက်သည်။
“ဟုတ်ပြီ”
ရှန်ယွီ ဘောလုံးကို ညှစ်ရင်း ခပ်တိုးတိုး ရယ်လိုက်မိသည်။
ချန်ကျန့်မှာမူ စောစောက ‘တွဲကချင်လို့လား’ ဆိုသည့် စကားကြောင့် ရယ်ချင်နေသည်ကို အတင်းအောင့်ထားရရာမှ၊ ယခုတစ်ကြိမ်တွင်တော့ တကယ်ပင် ပေါက်ကွဲထွက်သွားတော့သည်။ အဓိပ္ပာယ်မရှိလိုက်တာ။ တကယ်ကို ရယ်စရာကောင်းလွန်းလှသည်။ သူ ဆက်နေလျှင် ဆရာဝန်၏ အလုပ်ကို နှောင့်ယှက်မိတော့မည်ဖြစ်ရာ အခန်းပြင်သို့ ခဏ ထွက်လာခဲ့ရတော့သည်။
လူနာများ တန်းစီနေသည့် စင်္ကြံလမ်းတွင် ချန်ကျန့်မှာ ခေါင်းငုံ့ကာ ပုခုံးများ တုန်သည်အထိ အားရပါးရ ရယ်မောနေမိသည်။
“ဘာဖြစ်လို့လဲ”
လူငှားထားသည့် အဒေါ်ကြီးက စိုးရိမ်တကြီး ပြေးလာမေးသည် ။
“ကိရိယာ ဖြုတ်တာ အဆင်မပြေလို့လား”
“မဟုတ်ပါဘူး”
ချန်ကျန့် ရယ်သံများကြားမှ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာကို မြင်သည့်အခါ ထိုအဒေါ်ကြီးပါ လိုက်ရယ်တော့သည် ။
“ဘုရားရေ၊ ငါဖြင့် တစ်ခုခု ထူးခြားနေပြီ ထင်တာ။ မင်းအစ်ကို ကိရိယာဖြုတ်တာကို ဘာလို့ အဲ့ဒီလောက်တောင် ရယ်နေရတာလဲ”
“ဒါက... နည်းနည်းတော့ ရယ်စရာကောင်းလို့ပါ”
ချန်ကျန့်က ဝန်ခံလိုက်ရသည်။ သို့သော် သူ အကြာကြီး မနေပါဘူး။ အထဲမှာ နာကျင်နေမှာကို သူ သိသလို၊ ရှန်ယွီကလည်း တကယ် ကြောက်နေတာလေ။ သူ အမြန် ပြန်ဝင်သွားခဲ့သည်။အထဲတွင်တော့ ရှန်ယွီမှာ လက်ဆစ်တွေ ဖြူဆုပ်သွားသည်အထိ ဘောလုံးကို အတင်းညှစ်ထားပြီး၊ ဆရာဝန်က တိုင်တွေကို လှည့်ထုတ်နေတာကို မျက်တောင်မခတ် စိုက်ကြည့်နေလေသည်။
“နောက်ဆုံး တစ်ခုပဲ ကျန်တော့တယ်”
ဆရာဝန်က ကြေညာလိုက်သည်။
“သူ လမ်းလျှောက်နိုင်မှာလား”
ချန်ကျန့်က မေးသည်။
“အရင်ကတည်းက လမ်းလျှောက်နိုင်တာပဲလေ”
ဆရာဝန်က ပြန်ဖြေသည် ။
“ဒါပေမဲ့ အားအများကြီး မစိုက်ပါနဲ့ဦး။ အဲ့ဒီခြေထောက်ပေါ်ကို ဝန်အများကြီး မတင်ပါနဲ့။ အရိုးထဲမှာ အပေါက်တွေ ကျန်နေသေးတာလေ။ ပြန်ပိတ်ဖို့ သုံးလလောက် လိုဦးမယ်။ စောစောစီးစီး ဇွတ်လုပ်ရင်တော့ နောက်တစ်ခါ ပြန်ကျိုးနိုင်တယ်”
“နားလည်ပါပြီ”
ရှန်ယွီ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“ကျန်ခဲ့တဲ့ အပေါက်လေးတွေကော...”
ချန်ကျန့်က ခြေထောက်ပေါ်က အပေါက်လေးတွေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည် ။ “ချုပ်ဖို့ လိုမလား”
“မလိုပါဘူး။ တစ်ပတ်အတွင်း သူဘာသာသူ ပြန်ပိတ်သွားလိမ့်မယ်။ သန့်သန့်ရှင်းရှင်း ထားပြီး ပိုးသတ်ပေးဖို့ပဲ လိုမယ်။ တကယ်လို့ ဖောင်းလာတာ၊ နာလာတာ ဒါမှမဟုတ် သွေးထွက်တာမျိုးရှိရင်တော့ ချက်ချင်း ပြန်လာခဲ့ပါ”
“ဟုတ်ကဲ့”
ဆရာဝန်က မှာစရာရှိသည်များကို ဆက်လက်မှာကြားနေသည်။ ချန်ကျန့်က စားပွဲအနားမှာရပ်ပြီး တစ်ခုချင်းစီကို သေသေချာချာ မှတ်သားနေသော်လည်း၊ ရှန်ယွီကတော့ အခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေပြီး လုံးဝ နားထောင်နေပုံမရချေ။
ဆေးရုံအပြင်သို့ ရောက်သည့်အခါ ရှန်ယွီ၏ စိတ်အခြေအနေမှာ အကောင်းဆုံးသို့ ရောက်ရှိနေလေပြီ။ ကောင်းနေသည့် ခြေထောက်တစ်ဖက်တည်းကို အားပြုကာ လှေကားထစ်များကို ခုန်ဆင်းနေလေသည်။ ချန်ကျန့်က လက်မောင်းကို လှမ်းဆွဲလိုက်ရသည် ။
“မင်း နောက်တစ်ခါ ပြန်ကျိုးချင်လို့လား။ ဆရာဝန်ရဲ့ အလုပ်တွေကို မဖျက်ဆီးခင် အထဲကို ပြန်ဝင်ပြီး ကျောက်ပတ်တီး ပြန်သွားစည်းလိုက်စမ်းပါ”
ရှန်ယွီက သူ့ကို ရယ်ကျဲကျဲဖြင့် ကြည့်ကာ ။
“နောက်လကစပြီး သူနာပြုကြေး ပေးစရာ မလိုတော့ဘူးနော်”
“ခြေလှမ်းကို သတိထားပါဦး”
ချန်ကျန့်က ဆူလိုက်သည်။
“မင်းအဖေဆီ သွားတွေ့ချင်လား။ သူ့လက်ကော သက်သာရဲ့လား”
“ကျွန်တော် မမေးဖြစ်ဘူး”
ချန်ကျန့် ဝန်ခံလိုက်သည်။
“လူတွေကတော့ ထူးဆန်းသားပဲနော်”
ရှန်ယွီက ဆိုသည် ။
“တစ်ခါတစ်လေကျရင် ကိုယ့်မိသားစုထက်စာရင် သူစိမ်းတွေကို ဂရုစိုက်ပေးရတာက ပိုပြီး လွယ်ကူနေတတ်တယ်”
ချန်ကျန့် တိတ်ဆိတ်သွားသည်။ အနေရခက်သော်လည်း အဲ့ဒါက အမှန်တရားပါပဲ။
ရှန်ယွီကလည်း ဆက်ပြီး မမေးတော့ဘဲ ကားပါကင်ဆီသို့ ဦးဆောင်သွားလေသည်။
ကားထဲရောက်သည့်အခါ ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ နှုတ်ခမ်းကိုကိုက်ကာ ဆိုလိုက်သည် ။
“သူက များသောအားဖြင့်... နေ့လယ်ဘက်ဆိုရင် ပစ္စည်းပို့သမားတွေ နားနေကျနေရာမှာ ရှိတတ်တယ်”
ရှန်ယွီက ချက်ချင်းပင် GPS ကို ဖွင့်လိုက်သည် ။
“နေရာ ထည့်လိုက်လေ”
ချန်ကျန့် သူ၏အဖေနှင့် ပြောထားသော စကားပြောစာရင်းကို ဖွင့်လိုက်သည်။ အဖေက နားနေဆောင်မှာ ထမင်းစားနေသည့် ပုံတစ်ပုံ ပို့ထားလေသည် ။ ကျောက်ပတ်တီး စည်းထားတဲ့ လက်ကိုလည်း မြင်နေရသလို၊ ‘လက်က အဆင်ပြေပါတယ်၊ အလုပ်ဆင်းနေတုန်းပဲ’ ဆိုတဲ့ စာသားလေးလည်း ပါသည်။ အနောက်က နားနေဆောင် အမည်ကတော့ ရှင်းလင်းစွာ မြင်နေရသည်။
ချန်ကျန့် နေရာကို GPS ထဲ ထည့်လိုက်သည် ။ “၆ ကီလိုမီတာ၊ ၇ ကီလိုမီတာလောက် ဝေးတယ်”
“နီးသားပဲ”
ရှန်ယွီ ကားမောင်းထွက်လိုက်သည် ။
“အမှန်အတိုင်း ပြောရရင် မင်းက စုံထောက်တစ်ယောက်လိုပဲ သဲလွန်စတွေကို လိုက်ရှာနေတာကိုး။ သူ မင်းကို တိုက်ရိုက် ပြောပြတယ် ထင်နေတာ”
“သူကတော့ မပြောပြသလောက်ပါပဲ”
“ဒီတစ်ခါတော့ လက်ဆောင်တွေ မယူတော့ဘူးနော်”
ရှန်ယွီက ဆိုသည် ။
“သူက အလုပ်ဆင်းနေရတာဆိုတော့ ပစ္စည်းတွေ အများကြီးနဲ့ဆိုရင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေဦးမယ်”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ထပ်ပြောသည် ။
“ရောက်ခါနီးရင်... ခပ်လှမ်းလှမ်းမှာပဲ ရပ်ပေးပါဦး”
“မီတာ ရှစ်ရာလောက် အကွာမှာ ရပ်ပေးမယ်လေ”
ရှန်ယွီက တည်ငြိမ်စွာ သဘောတူသည် ။
“မင်းရဲ့ ဘော့စ်က ကားနဲ့ လိုက်ပို့ပေးတယ်ဆိုတာ သူ သိစရာ မလိုပါဘူး”
ချန်ကျန့် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
သူ မမှတ်မိချင်သော အတိတ်များ ပြန်လည် ပေါ်လာသဖြင့် ပြတင်းပေါက် အပြင်ဘက်သို့ အမြန် လှည့်ကြည့်လိုက်ရသည်။
မစဉ်းစားနဲ့... လုံးဝ မစဉ်းစားနဲ့တော့။
လမ်းပေါ်တွင် ကားများ တိုးဝှေ့နေသည်။ လမ်းသွားလမ်းလာများကို ကြည့်ရင်း ချန်ကျန့်မှာ ခေါင်းတောင် နည်းနည်း မူးချင်လာသည် ။ သူ၏ တိတ်ဆိတ်လှသော မြို့လေးနှင့်တော့ လုံးဝ ကွာခြားလှသည် မဟုတ်လား။
မီးနီမိနေစဉ် ရှန်ယွီက လက်လှမ်းလိုက်သည် ။
“လက်လိမ်းခရင်မ် ပေး”
“ဗျာ။”
“ဟန်ဆောင်မနေနဲ့။ ငါ အနံ့ ရတယ်”
ချန်ကျန့် သက်ပြင်းချလိုက်ရင်း ထုတ်ပေးလိုက်သည်။
“နံ့သာလေးက ကောင်းသားပဲ”
ရှန်ယွီ သူ၏ လက်ဖဝါးထဲသို့ ထည့်ကာ ပွတ်နေလေသည် ။
“ဘယ်မှာ ဝယ်တာလဲ”
“ဒုတိယလမ်းက ဆိုင်အသေးလေးမှာပါ”
“မင်းက ဒါမျိုးကို တကယ် သုံးတာလား”
ရှန်ယွီက မီးပွိုင့် ဂဏန်းတွေကို ကြည့်ရင်း မေးသည်။
“ငယ်ငယ်တုန်းက ဆောင်းတွင်းရောက်တိုင်း ကျွန်တော့်လက်တွေ အမြဲ အက်တာလေ။ အမေက ဒါကို အတင်း သုံးခိုင်းတာ”
“သြော်”
ရှန်ယွီ ဘာမှ ထပ်မပြောတော့ပါဘူး။
နားနေဆောင်မှာ ချန်ကျန့် အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ စူပါမားကတ်နဲ့ နီးသည်။ ထိုလမ်းတွေကို သူ ကောင်းကောင်း ကျွမ်းကျင်ပါသည်။
ရှန်ယွီက လမ်းတစ်ဖက်က လက်ဖက်ရည်ဆိုင် ရှေ့မှာ ကားရပ်လိုက်သည် ။
“ငါ ဒီမှာပဲ စောင့်နေမယ်”
“ဟုတ်ကဲ့”
ချန်ကျန့် ကားပေါ်က ဆင်းလိုက်သည်။
“သွားတော့လေ ။ မြန်မြန်သွား”
ရှန်ယွီက ဆိုသည်။
ချန်ကျန့် ပြုံးလျက် နားနေဆောင်ဘက်သို့ လျှောက်သွားခဲ့သည်။
သူ၏အဖေ ထမင်းစားပြီး ထွက်သွားပြီလားလို့ စိုးရိမ်နေမိသော်လည်း၊ လမ်းကွေ့လိုက်သည့်အခါ စိတ်အေးသွားရသည် ။ သူ၏အဖေမှာ အပြင်ဘက်က ခုံနိမ့်လေးပေါ်မှာ ထိုင်ရင်း ထမင်းဘူးကို စားနေလေသည်။ ကျောက်ပတ်တီး စည်းထားတဲ့ လက်က အနေရခက်နေသော်လည်း၊ ခေါင်းငုံ့ကာ အသည်းအသန် စားနေရှာသည်။
“ပါး”
ချန်ကျန့် ခပ်တိုးတိုး ခေါ်လိုက်သည်။
“ဟင်။”
အဖေက မော့ကြည့်လာပြီးနောက်၊ ချန်ကျန့်ကို မြင်သည့်အခါ ကြောင်အသွားပြီး အတင်း ထရပ်သည် ။
“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
“ဒီနားမှာ အလုပ်ကိစ္စလေး ရှိလို့ လာရင်းနဲ့ ဝင်လာတာပါ”
“ထမင်း စားပြီးပြီလား”
“မစားရသေးဘူး”
“ဒါဆိုလည်း ဒီမှာပဲ စားလိုက်လေ”
အဖေက ဘေးက ဆိုင်ရှင်ကို လှမ်းအော်သည် ။
“ဘော့စ်! ထမင်းဘူး တစ်ဗူးလောက်!”
ချန်ကျန့် မငြင်းတော့ပါဘူး။ သူ တိတ်တဆိတ် ဖုန်းထုတ်ပြီး ရှန်ယွီဆီ စာပို့လိုက်သည်။
လက်ဖက်ရည်ဆိုင်ထဲတွင် ရှန်ယွီမှာ ပြတင်းပေါက်နားတွင် ထိုင်နေသည်၊ ဘေးနားရှိ ကျောင်းသားလေးတွေမှာ မုန့်မျိုးစုံ စားနေကြလေသည်။ ကိရိယာဖြုတ်ပြီးကတည်းက ဗိုက်ဟာနေတဲ့ ရှန်ယွီမှာလည်း ဗိုက်ဆာလာတော့သည်။
ဖုန်းမျက်နှာပြင် လင်းလာသည် ။ စာတစ်စောင် ရောက်လာခြင်း ဖြစ်သည်။
အဖေက ကျွန်တော့်ကို ထမင်းဝယ်ကျွေးနေလို့ပါ
“တောက်!”
ရှန်ယွီ တိုးတိုးလေး ဆဲလိုက်မိသည်၊ ပိုပြီး ဗိုက်ဆာလာသလိုပင်။
သူ အပြင်ဘက်က စားသောက်ဆိုင်တွေကို ကြည့်နေမိသည်။ သူ ထွက်သွားဖို့ ပြင်စဉ်မှာပင် လူငယ်လေးတစ်ယောက် သူ၏ မျက်နှာချင်းဆိုင်မှာ လာထိုင်သည်၊ သူ၏ လက်ထဲတွင် မုန့်ထုပ်များနှင့် နို့လက်ဖက်ရည် တစ်ခွက် ပါလာလေသည်။
“ညီလေး”
ရှန်ယွီက မေးလိုက်သည် ။
“အဲ့ဒီ မုန့်ပြားကို ဘယ်မှာ ဝယ်တာလဲ”
“ကျွန်တော်တို့ ကျောင်းအနောက်မှာလေ”
“ဘယ်လောက်လဲ”
“ရှစ်ယွမ်”
“တစ်ဆယ် ပေးမယ်။ ငါ့ကို ရောင်းပါလား”
ထိုလူငယ်လေးက သူ့ကို မျက်တောင်ခတ်ရင်း ကြည့်နေသည်။
“မင်း အိမ်ပြန်ရင်လည်း ထမင်းစားရဦးမှာပဲလေ။ ဒါတွေ အကုန်စားရင် မင်းအမေ ဆဲလိမ့်မယ်”
ထိုလူငယ်လေးက တုံ့ဆိုင်းနေသည်။
“၁၂ယွမ် ပေးမယ်”
မုန့်ထုပ်မှာ စားပွဲပေါ်ကနေ လျှောတက်လာတော့သည်။
“မစားရသေးဘူး မဟုတ်လား”
ရှန်ယွီ ပိုက်ဆံပေးရင်း မေးသည်။
“မဖွင့်ရသေးပါဘူး”
“အပေးအယူ မျှတတယ်”
ရှန်ယွီ ပိုက်ဆံတွေကို လှမ်းပေးလိုက်သည်။
ထိုလူငယ်လေးမှာ သူ၏ တခြားမုန့်တွေကို ဆွဲယူကာ သူငယ်ချင်းတွေဆီ ပြေးသွားရင်း လှမ်းအော်တော့သည် ။
“ဟေ့ကောင်တွေ! အရူးတစ်ယောက်က ငါ့မုန့်ပြားကို ဝယ်သွားတယ်ဟ! ငါ လေးယွမ် ပိုရလိုက်တယ်!”
ရှန်ယွီ နှာခေါင်းရှုံ့ရင်း မုန့်ထုပ်ကို ဖြည်လိုက်သည်။ ပူပူနွေးနွေးလေး ရှိနေသေးသလို၊ အနံ့ကလည်း တကယ်ကို မွှေးလှသည်။
ပထမဆုံး တစ်လုပ် စားစဉ်မှာပင် ဖုန်းမြည်လာသည်။ ယွဲ့လန် ဖြစ်လေသည်။
သူ အလေးမထားဘဲ ထားလိုက်သည်။ ထို့နောက် သူ မတွေ့လိုက်တဲ့ စာတစ်စောင် ။ ချန်ကျန့်ဆီက စာကို တွေ့လိုက်ရသည်။
သူ၏ ဗိုက်မှာ ပို၍ ဆူညံလာတော့သည်။
သူ မုန့်ကို ပိုပြီး အားရပါးရ ကိုက်လိုက်ရင်း၊ ယွဲ့လန်ဆီ ဖုန်းပြန်ခေါ်လိုက်သည်။
“ဘာလဲ”
“ဖန်းရွှီ ပြန်လွတ်လာပြီ၊ မင်း သိလား”
ရှန်ယွီ၏ ကိုယ်ခန္ဓာမှာ တောင့်တင်းသွားပြီး မေးရိုးများ တင်းမာသွားရသည် ။
“မသိဘူး”
“သူက အကျင့်စာရိတ္တ ကောင်းလို့ ပြစ်ဒဏ် လျော့သွားတာလေ”
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားရင်း၊ နို့လက်ဖက်ရည်ခွက်ကို အတင်း ညှစ်ထားမိရာ ။ အပေါ်ဖုံးကနေ အမြှုပ်တွေ ထွက်လာတော့သည်။
“တောက်!”
သူ ထရပ်လိုက်သည်။ စားပွဲထိုးက အဝတ်စုတ်တစ်ထည်နှင့် အပြေးလာသည် ။
“စိတ်မပူပါနဲ့! ရပါတယ်။ တောင်းပန်ပါတယ်”
ရှန်ယွီ တိုးတိုးလေး ဆိုလိုက်သည်။
သူ မုန့်ထုပ်ကို ဆွဲယူကာ ဆိုင်ထဲကနေ ထွက်လာခဲ့တော့သည်။
ထမင်းဘူးမှာတော့ ဆီလည်းများ၊ ငန်လည်းငန်သော်လည်း ဗိုက်တော့ ဝပါသည်။ ချန်ကျန့် သူ၏အဖေနှင့် စကားပြောဖြစ်ခဲ့သည်။ လက်က ပြန်ကောင်းနေပြီဖြစ်ကြောင်း၊ အလုပ် ဆက်လုပ်နေကြောင်း၊ မကြာခင် ကျောက်ပတ်တီး ဖြုတ်ရတော့မည့်အကြောင်းပေါ့။
စားပြီးနောက်တွင် အဖေက အလုပ်ပြန်သွားလေသည်။ အဖေ စက်ဘီးနင်းပြီး ထွက်သွားတာကို ကြည့်ရင်း ချန်ကျန့် ပြန်လှည့်လာခဲ့သည်။
ရှန်ယွီဆီက စာပြန်မလာပါဘူး ။ ပုံမှန်ပါပဲ။
ကားရပ်ထားတဲ့နေရာကို နီးလာသည့်အခါ ရှန်ယွီမှာ ကားတံခါးကို မှီရပ်နေသည်ကို တွေ့ရသည်၊ လက်ထဲတွင် မုန့်ထုပ်ရှိနေပြီး မျက်နှာမှာ လမိုက်ညပမာ မှောင်မိုက်နေလေသည်။ ဖုန်းပြောနေသည်မှာလည်း ဒေါသထွက်နေပုံရသည်။
ချန်ကျန့်အနေဖြင့် ရှန်ယွီ၏ ဤမျှလောက်အထိ ပြင်းထန်လှသော ဒေါသကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူ အနားသို့ တိုးသွားလိုက်သည်။
“သူသာ ငါ့အိမ်ကို နောက်တစ်ခါ လာရဲဦးမယ်ဆိုရင်၊ ငါ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်”
ရှန်ယွီက ဖုန်းထဲသို့ ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ ဖုန်းချလိုက်ပြီးနောက်၊ လက်ထဲက မုန့်ထုပ်ကို အောက်သို့ လွှဲပစ်လိုက်လေသည် ။
ချန်ကျန့်သည် ဗီဇအရပင် ရှေ့သို့ တိုးဝင်ကာ မုန့်ထုပ် မြေပေါ်မကျခင် ဖမ်းလိုက်နိုင်သည်။
“မင်းကတော့ မြန်သားပဲ”
ရှန်ယွီက သတိထားမိသည့်အခါ တိုးတိုးလေး ဆိုသည် ။
“ပြန်ရောက်ပြီလား”
“ဟုတ်ကဲ့။ ပြီးပါပြီ”
ရှန်ယွီ၏ လေသံမှာ အေးစက်နေဆဲဖြစ်သော်လည်း၊ မျက်နှာအမူအရာကတော့ ပြန်လည် တည်ငြိမ်သွားလေပြီ။
“ဘော့စ်က ဖုန်းကို ရိုက်ခွဲတော့မလို့ ထင်နေတာ”
“ငါ ရူးနေလို့လား။ ဒီဖုန်းက တစ်သောင်းကျော် တန်တာကို”
ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဆိုကာ၊ မုန့်ထုပ်ကို ပြန်ယူလိုက်သည်။ သူ၏ လေသံမှာ တည်ငြိမ်သွားသော်လည်း၊ မျက်လုံးထဲတွင်မူ ဒေါသအရိပ်အယောင်များ ကျန်နေဆဲ။
သူ မုန့်ကို တစ်လုပ်ကိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်။
“အရင် စားလိုက်ဦးလေ။ ပြီးမှ မောင်းတာပေါ့”
ချန်ကျန့်က တိုးတိုးလေး ဆိုကာ ဘေးကနေ ဝင်ထိုင်လိုက်သည်။
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြရင်း မုန့်ကို ဝါးနေသည်၊ သူ၏ အကြည့်များကတော့ အဝေးတစ်နေရာသို့ ရောက်ရှိနေလေသည်။ ချန်ကျန့်သည် သူ နောက်ဆုံးတစ်လုပ်ကို စားပြီးသည်အထိ စောင့်နေခဲ့သည်။ ထို့နောက်မှ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တော့သည်။
မေးရမည်။ ဒီလို အခြေအနေမျိုးမှာ မမေးဘဲ နေတာက အဓိပ္ပာယ် မရှိရာ ကျလိမ့်မည်။
သူ ရှန်ယွီဘက်သို့ လှည့်လိုက်သည် ။
“ဘာဖြစ်လို့လဲ”
________________________________________________________________________
Comments
Post a Comment