အပိုင်း (၄၃)
သူ နောင်တရသွားသည်။ နောက်ဆုံးတန်းမှာ မထိုင်ခဲ့သင့်ပါ။
ရှန်ယွီသည် နောက်ဆုံးတန်း၏ ရှေ့တစ်တန်းတွင် ထိုင်ကာ၊ ပျက်စီးနေသော လမ်းပေါ်၌ ဘတ်စ်ကားအနောက်ပိုင်းနှင့်အတူ လိုက်၍ ခုန်ပေါက်နေလေသည်။
ကား၏ အရှေ့ပိုင်းမှာတော့ ကြက်ခြင်းတင်မကဘဲ နောက်ပိုင်းတွင် တောင်ပေါ်ထွက်ကုန်ခြင်းများပါ တက်လာသဖြင့် တကယ့်ကို ရှုပ်ပွပြီး ညစ်ပတ်နေခဲ့သည်မှာ အမှန်ပင်။ သို့သော် အနောက်ပိုင်းကလည်း သိပ်ပြီး အခြေအနေ မကောင်းလှချေ။
သူ့ဘေးက အဘွားအိုတစ်ယောက်မှာ မိန်းကလေးငယ်တစ်ယောက်ကို ပွေ့ချီထားပြီး၊ ထိုကလေးမလေးကတော့ ခွေးလေးတစ်ကောင်ကို ပွေ့ထားလေသည်။
ထိုခွေးလေးက ရှန်ယွီ၏ အင်္ကျီလက်ပေါ်က အိတ်ကပ်ဖုံးကို အဆက်မပြတ် ကိုက်နေသလို၊ ကလေးမလေးကလည်း ငိုနေသည်။ အဘွားအိုကတော့ သူမကို ဆူပူနေလေသည်။
“ခွေးတစ်ကောင်ပဲဟာ၊ ရောင်းရမှာပေါ့။ မင်းက ကျောင်းတက်နေတာ၊ ဘယ်အချိန်မှာ ဒါကို ပြုစုနိုင်မှာမို့လို့လဲ...”
“သမီးက ဒါကို မွေးထားတာလေ၊ ကျောင်းကပြန်လာတိုင်း နေ့တိုင်း အစာကျွေးနေတာကို”
တကယ့်ကို ဆူညံလွန်းလှသည်။ ရှန်ယွီ သူ၏ အင်္ကျီလက်ကို ခွေးပါးစပ်ထဲမှ ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်ရာ၊ အနားကပ်လွန်းသဖြင့် ခေါင်းမှာ မှန်နှင့် နှစ်ခါခန့် တိုက်မိသွားသည်။
“လူတွေကို မကိုက်နဲ့လေ!” ဟု အဘွားအိုက ခွေးကလေး၏ ခေါင်းကို ပုတ်လိုက်သည်။
ခွေးကလေးမှာ “အီး....” ဟု အော်ဟစ်ကာ ပို၍ပင် ညည်းတွားနေတော့သည်။
ရှန်ယွီ အဘွားအိုဘက်သို့ လှည့်ကြည့်လိုက်သည်။ အဘွားအိုကလည်း သူ့ကို ပြန်ကြည့်သည်။
“မြို့ဟောင်းကို သွားမှာလား၊ မြို့ပေါ်ကိုလား” ဟု ရှန်ယွီက မေးလိုက်သည်။
“မြို့ကိုပါ” အဘွားအိုက ပြန်ဖြေသည်။
“ခွေးကို သွားရောင်းမလို့လား”
“မရောင်းဘူး!”
“အေးပါ၊ သူ့အမေက တစ်အုပ်ကြီး မွေးတာ၊ ဒါလေး တစ်ကောင်ပဲ ကျန်တော့တာလေ” ဟု အဘွားအိုက ဆိုကာ သူမ၏ ခြေရင်းက ခြင်းတောင်းကို ခြေထောက်ဖြင့် ပုတ်ပြသည် ။ “ဒီမှိုတွေလည်း ပါသေးတယ်...”
“ဒါတွေ ရောင်းရင် ဘယ်လောက်ရမှာလဲ”
“အများကြီး မရပါဘူး၊ ဒီနေ့ သိပ်မရလို့ ယွမ် လေးဆယ်လောက်ပဲ ရမှာပါ။ ခွေးနဲ့ဆိုရင်တော့ အားလုံးပေါင်း တစ်ရာလောက် ရနိုင်တာပေါ့”
ထိုစကားကို ကြားရသည့်အခါ ကလေးမလေးမှာ ခွေးကို တင်းတင်းဖက်ကာ ထပ်မံ ငိုကြွေးပြန်သည်။
“ဒါကိုရောင်းပြီး မင်းအတွက် အင်္ကျီအသစ် ဝယ်ပေးမယ်လေ။ မငိုနဲ့တော့၊ နောက်ကျရင် ခွေးလေးတွေ ထပ်ရမှာပေါ့”
“အဲ့ဒီကျရင်လည်း အဘွားက ထပ်ရောင်းဦးမှာပဲလေ။ သမီး အင်္ကျီအသစ် မလိုချင်ပါဘူး” ကလေးမလေးက မျက်ရည်သုတ်ရင်း ပြောသည်။
“ဒီလောက် အကောင်သေးတဲ့ခွေးက ယွမ် သုံးဆယ်လောက်ပဲ တန်မှာပါ”
“အကြာကြီး ကျွေးထားရတာလေ၊ ဘယ်လိုလုပ် သုံးဆယ်ပဲ တန်မှာလဲ။ ငါးပေါင်တောင် ရှိနေပြီကို!”
“သမီးတို့ မရောင်းဘူး!” ကလေးမလေးက ထပ်မံ အတည်ပြုသည်။
ရှန်ယွီ သူ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ ယွမ်တစ်ရာတန် တစ်ရွက်ကို အဘွားအိုအား ကမ်းပေးလိုက်သည်။
“ကျွန်တော် ခွေးနဲ့ မှိုတွေကို ဝယ်မယ်”
အဘွားအိုမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ ပိုက်ဆံကို လှမ်းယူလိုက်သည်။
“သူ့ကို ဆက်မဆူပါနဲ့တော့။ တအား ဆူညံလွန်းလို့ပါ”
“မင်းလည်း မငိုနဲ့တော့” ရှန်ယွီ ကလေးမလေးကို ကြည့်ကာ ဆိုသည် ။
“ဟုန်ယဲ့ မြို့ငယ်လေးကို သိလား”
“ဟုတ်၊ သိပါတယ်။ အခုနတင် ဖြတ်လာတဲ့ နေရာလေ” ကလေးမလေးက ခေါင်းညိတ်ပြသည်။
“ကားပေါ်က ဆင်းရင် လမ်းဆုံးအထိ လျှောက်သွားလိုက်၊ တာယွင် တည်းခိုခန်း ဆိုတာ ရှိတယ်။ မင်းရဲ့ ခွေးလေးက အဲ့ဒီမှာ ရှိနေလိမ့်မယ်။ ကြည့်ချင်တဲ့ အချိန်တိုင်း လာကြည့်လို့ ရတယ်”
ရှန်ယွီ ကလေးမလေး လက်ထဲမှ ခွေးကို ယူကာ သူ၏ ဂျာကင်အင်္ကျီထဲသို့ ထိုးထည့်လိုက်သည်။ ခွေးခေါင်း ပြူထွက်လာသဖြင့် ပြန်ဖိချပြီး ဇစ်ကို အပေါ်အထိ ဆွဲတင်ထားလိုက်သည်။
“ခွေးလေးကို မစားဘူး မဟုတ်လား”
“ငါ ခွေးသား မစားတတ်ဘူး”
“တကယ်လားဟင်”
“တကယ်ပါ”
ဘတ်စ်ကား မြို့ဟောင်းသို့ ရောက်သည့်အခါ ကလေးမလေးမှာ သူမ၏ အဘွား၏ ဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည်။ သူမသည် နောက်သို့ လှည့်ကြည့်ကာ လှမ်းအော်သည် ။
“တကယ်နော်! သမီး ခွေးလေးကို လာကြည့်မှာနော်! တကယ်နော်....”
“အေးပါ၊ တကယ်ပါ။ တကယ်လို့ မင်း အိမ်ကနေ ဆင်းချင်လို့ သွားစရာ မရှိရင်လည်း အဲ့ဒီကို လာခဲ့လို့ ရတယ်”
ဘတ်စ်ကားမှာ မြို့ဟောင်းတွင် ခရီးသည် အတက်အဆင်းအတွက် ခေတ္တ ရပ်နားလေသည်။ ရှန်ယွီသည် ကားဆရာကို မေးမြန်းကာ ပြန်လှည့်မည့် ကားတစ်စီးကို ရှာပြီး၊ ခွေးကို အိတ်တစ်လုံးထဲ ထည့်ကာ မှိုခြင်းနှင့်အတူ မြို့ငယ်လေး လမ်းဆုံသို့ ပြန်ပို့ခိုင်းလိုက်သည်။
သူ ကားပေါ်ပြန်တက်သည့်အခါ သူ၏ ထိုင်ခုံမှာ လူရှိနေပြီ ဖြစ်သော်လည်း အရေးမကြီးပါဘူး။ ရှေ့နားက ကြက်၊ ဘဲနှင့် တောင်ပေါ်ထွက်ကုန် အများစုမှာ မြို့ဟောင်းတွင် ဆင်းသွားကြပြီ မဟုတ်လား။ သူသည် တောင်ပေါ်ထွက်ကုန်များ တင်ခဲ့ဖူးသော ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ရာ၊ သူ၏အောက်တွင် မြေမှုန့်များကို ခံစားနေရဆဲပင်။
ချန်ကျန့်နဲ့ အာဟူတို့ ဘာလို့ ဆိုင်ကယ်ပဲ စီးချင်ကြသလဲဆိုတာ နားလည်သွားပြီ။
သူ ဖုန်းထုတ်ကာ ပြန်လှည့်သွားသည့် ကား၏ လိုင်စင်နံပါတ်ကို ချန်ကျန့်ဆီ ပို့လိုက်သည်။
[Fa Dan Ke Chen] ။ လမ်းဆုံမှာ ခွေးနဲ့ မှိုတွေကို သွားကြိုခိုင်းလိုက်ဦး။
မိနစ်အနည်းငယ် ကြာမှ ချန်ကျန့်ဆီက စာပြန်လာသည်။
[ချန်လေး] ။ ???
[Fa Dan Ke Chen] ။ အခုတင် ဝယ်လိုက်တာ။
[ချန်လေး] ။ ဘာခွေးလဲ၊ ဘာမှိုလဲ။
ရှန်ယွီ အသံဖိုင် ပို့လိုက်သည် ။ “ငါးပေါင်တန် ခွေးတစ်ကောင်ရယ်၊ အခုတင် ခူးလာတဲ့ မှိုတစ်ခြင်းရယ်။ ခွေးကိုတော့ မွေးထားလိုက်၊ မှိုကိုတော့ စားလိုက်ပေါ့”
[ချန်လေး] ။ ............................................................
ရှန်ယွီ ပြုံးလိုက်ပြီး သူ၏ ဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်သည်။
နောက်ဆုံး ရိုက်ထားသော ပုံသုံးပုံမှာ ချန်ကျန့်၏ ပုံများချည်း ဖြစ်လေသည် ။ ဆံပင် ကောက်နေသည့်ပုံ၊ ဆိုင်ကို စစ်ဆေးနေသည့်ပုံနှင့် နောက်ဆုံးပုံမှာတော့ ကားဂိတ်တွင် ကားစောင့်နေသည့် ပုံဖြစ်သည်။
ပုံထဲတွင် ချန်ကျန့်မှာ ဆိုင်ကယ်ပေါ် မှီနေပြီး ခြေထောက်တစ်ဖက်နှင့် အားပြုကာ ကားလာမည့်ဘက်ကို မျှော်ကြည့်နေလေသည်။ ဟူဖန်၏ လက်ရာက တကယ်ကို မဆိုးပါဘူး။ အသစ်လုပ်ထားသော ဆံပင်ပုံစံမှာ အရင်ကထက် အများကြီး ပိုကြည့်ကောင်းသည်။ ရှုပ်ပွနေသော သဘာဝဆံပင်ကောက်များကို သေသေချာချာ ပုံသွင်းပေးထားသဖြင့် ကြည့်ရတာ သဘာဝကျပြီး အထာကျလှသည်။
သို့သော် ဤဆံပင်ပုံစံမှာ အမြဲတမ်း ပြန်ပြင်ပေးဖို့ လိုအပ်ပါသည်။ ရှန်ယွီ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ကာ၊ အနောက်က လူတစ်ယောက် သူ၏ ထိုင်ခုံမှီခုံပေါ် ပစ်တင်ထားသော အိတ်ကို ခေါင်းခုရင်း မျက်လုံးမှိတ်ထားလိုက်သည်။ ချန်ကျန့်သည် မနက်နိုးလာလျှင် ဆံပင်ကို သေသေချာချာ ပုံသွင်းတတ်မှန်း သူ သိပါသည်။ ဆံပင်ကောက်သည့် ပညာထက် ဆံပင်ပုံသွင်းသည့် ပညာမှာ သူက ပို၍ ထူးချွန်သည်လေ။
ချန်ကျန့်သည် ဆိုင်ကယ်ပေါ်တွင် ခွထိုင်လျက် အဝေးမှ လာနေသော ဘတ်စ်ကားကို စောင့်ကြည့်နေသည်။ ရှန်ယွီ ပြောပြထားသော လိုင်စင်နံပါတ်ကို သူ မှတ်မိလိုက်သည်။
“တာယွင် တည်းခိုခန်း အတွက် မဟုတ်လား” ဟု ကားဆရာက တံခါးဖွင့်ကာ ခြင်းတောင်းတစ်ခြင်းနှင့် အထုပ်တစ်ထုပ်ကို ခြေရင်းသို့ ချပေးသည်။
“ဟုတ်ကဲ့” ချန်ကျန့် ကြည့်လိုက်သည့်အခါ ခြင်းထဲတွင် ရွာထဲက ဆိုင်တွေမှာ ငါးကျပ်လောက်နဲ့ ဝယ်လို့ရတဲ့ သာမန်မှိုများကို တွေ့ရသည်။ အိတ်ထဲမှာတော့ လှုပ်စိလှုပ်စိ ဖြစ်နေသော အထုပ်လေး တစ်ထုပ် ပါလေသည်။
ကားထွက်သွားသည့်အခါ သူ အိတ်ကို ဖြည်ကြည့်လိုက်သည်။
အထဲတွင်တော့ တကယ်ပင် ခွေးတစ်ကောင် ပါရှိလေသည် ။ အဝါရောင် အမွေးနှင့် ပါးစပ်အမည်းရောင် ရှိသော ရွာထဲမှာ အလကားရနိုင်သည့် သာမန်ခွေးကလေးမျိုး ဖြစ်သည်။
“မယုံနိုင်စရာပဲ” ချန်ကျန့်မှာ ရှန်ယွီတစ်ယောက် ကားပေါ်မှာ ဘာတွေ လုပ်နေသလဲဆိုတာ စဉ်းစားမရဘဲ ဆွံ့အသွားရသည်။
သူ မှိုခြင်းကို နောက်ထိုင်ခုံတွင် ချည်နှောင်လိုက်ပြီး၊ ခွေးကလေးကို ထုတ်ကာ သူ၏ ဂျာကင်အင်္ကျီထဲသို့ ထည့်လိုက်သည်။ ခွေးကလေးမှာ သေးငယ်ပြီး လိမ္မာလှသည်။ တာယွင်သို့ ရောက်သည့်အထိ တိုးတိုးလေး ညည်းတွားနေသော်လည်း ရုန်းကန်ခြင်း မရှိပါဘူး။
“ဘုရားရေ!” ဟူဖန် အိမ်ထဲက ပြေးထွက်လာပြီး ချန်ကျန့် ဂျာကင်ထဲမှ ထုတ်ပေးသော ခွေးကလေးကို လှမ်းယူလိုက်သည် ။ “ဒါ သူခိုင်းတဲ့ ခွေးလား။ ဒါက သာမန်ခွေးပဲဟာကို”
“အင်း၊ မှိုတွေလည်း ပါသေးတယ်... လတ်ဆတ်တုန်းပဲ ။ ကျောက်ကျဲကိုပဲ ချက်ခိုင်းလိုက်တော့မယ်”
“ကားပေါ်မှာ ဝယ်လာတာလား” လောင်ဝူလည်း ပန်းခြံဘက်က လျှောက်လာသည် ။ ဒါတွေ ဝယ်လာတာက ဘာသဘောလဲ”
“ကျွန်တော်လည်း မသိဘူး” ချန်ကျန့် ဘယ်လိုမှ ကျိုးကြောင်းဆီလျော်အောင် စဉ်းစားမရပါဘူး ။
“သူက ဂေါ်ဖီထုပ် နှစ်ထုပ် ပို့လိုက်ရင်တောင် ကျွန်တော် အံ့သြမှာ မဟုတ်တော့ဘူး။ အပျော်လုပ်တာ ဖြစ်မှာပါ”
“ဒီခွေးကို ဘယ်မှာ ထားကြမှာလဲ” ဟူဖန်က ထိုခွေးကလေးကို မြေပေါ်မှာ လွှတ်ပေးထားရင်း သဘောကျနေသည် ။
“နာမည်ကော ရှိလား”
“မှိုလေး လို့ပဲ ခေါ်လိုက်ကြရအောင်”
“မှိုလေး... မှိုလေး... ဒီကိုလာ။ မင်းနာမည်က အခုကစပြီး မှိုလေး ဖြစ်သွားပြီနော်” ဟူဖန်က ခွေးလေးကို စနောက်နေသည်။
“ဂိုဒေါင်ထဲမှာ အရင်က ဖြုတ်ထားတဲ့ သစ်သားပြားတွေ ရှိသေးတယ် မဟုတ်လား။မင်း လက်သမားအလုပ် တတ်လား”
ချန်ကျန့် လောင်ဝူကို ကြည့်ကာ မေးသည် ။
“မတတ်ဘူး” လောင်ဝူက အတည်ပေါက် ပြန်ဖြေသည်။
“ဒါဆို လက်သမားကို ကိရိယာတွေ လှမ်းပေးတတ်လား”
“တတ်တာပေါ့” လောင်ဝူ ခေါင်းညိတ်ပြသည်။
“ဒါဆိုလည်း လာခဲ့” ချန်ကျန့် မှိုခြင်းကို သယ်ကာ အိမ်ထဲ ဝင်လာခဲ့သည်။
“လက်သမားက ဘယ်သူလဲ” လောင်ဝူ နောက်က လိုက်လာသည်။
“ငါပေါ့”
***
ယွဲ့လန်၏ အချိန်ကိုက်မှုကတော့ ပြည့်စုံလှသည်။ ရှန်ယွီ ကားပေါ်ကဆင်းပြီး လမ်းလျှောက်နေတုန်းမှာပင် ဖုန်းမြည်လာသည်။
“ရှန်ယွီ ငါ မြောက်ဘက် ထွက်ပေါက်မှာစောင့်နေတတယ်။ ဟိုဘက်မှာ လမ်းပြင်နေလို့ ကားတွေ အကုန် ဒီဘက်မှာပဲ ရပ်ထားရတယ်”
“ကောင်းပြီ”
“ပြီးရင် စားသောက်ဆိုင်ကို တန်းသွားကြမယ်။တခြားလူတွေ မဖိတ်ထားဘူး၊ ရှောင်လုနဲ့ တာ့ခန်းပဲ သီးသန့်ခန်းမှာ စောင့်နေကြတယ်”
“အိုကေ”
ရှန်ယွီ လူအုပ်ကြားထဲမှ တိုးထွက်လာခဲ့သည်။ လက်ဆွဲသေတ္တာများနှင့် လူများမှာ သူ့ဘေးမှ အလျင်အမြန် ဖြတ်ကျော်သွားကြသော်လည်း၊ သူတစ်ယောက်တည်းသာ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေလေသည်။
ထွက်ပေါက်သို့ ရောက်သည့်အခါ ကားပေါ်ကလူတွေ အကုန် ထွက်သွားကြပြီ ဖြစ်သည်။ ယွဲ့လန် တစ်ယောက်တည်းသာ တိုင်ကို မှီပြီး လှမ်းကြည့်နေလေသည်။ ရှန်ယွီ ထွက်လာသည်နှင့် ယွဲ့လန်က ချက်ချင်း မြင်လိုက်ပြီး အပြေးလာကာ လက်ညှိုးထိုးပြီး ဆိုသည် ။
“မင်းက လိမ့်ထွက်လာတာ မဟုတ်လို့ တော်သေးတာပေါ့”
ရှန်ယွီ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ယွဲ့လန်လည်း ထပ်ပြီး မပြောတော့ပါဘူး။ သူ အနားသို့ တိုးလာကာ ရှန်ယွီကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီးမှ၊ နောက်ဆုတ်ကာ ခြေထောက်ကို ကြည့်သည် ။
“ခြေထောက် သက်သာသွားပြီလား”
“ရပါတယ်၊ မြန်မြန် မလိမ့်နိုင်တာပဲ ရှိတာပါ”
“မင်းကတော့လေ...”
“သွားကြစို့” ရှန်ယွီ ခေါင်းတစ်ချက် စောင်းပြသည်။
“နေဦး” ယွဲ့လန်က သူ့ကို စိုက်ကြည့်ရင်း ။ “ငါ့ကို အရင် သေသေချာချာ ကြည့်ခွင့်ပေးပါဦး”
ရှန်ယွီ မလှုပ်မယှက်ဘဲ ယွဲ့လန်ကို ပြန်ကြည့်နေလိုက်သည်။
ထောင်က ထွက်လာကတည်းက သူငယ်ချင်း တစ်ယောက်ကိုမှ သူ မတွေ့ဖြစ်ခဲ့ပါဘူး။ ယွဲ့လန်ကို မတွေ့ရတာလည်း လေးနှစ်နီးပါး ရှိခဲ့ပြီ မဟုတ်လား။ အခု ရုတ်တရက် ပြန်တွေ့ရသည့်အခါ သူလည်း အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
“သိပ်တော့ မပြောင်းလဲဘူးပဲ။ ငါက မင်း နည်းနည်း ဝလာမယ်လို့ ငါ ထင်နေတာ”
“မင်းလည်း အိုသွားပြီပဲ”
“လေးနှစ်တောင် ရှိပြီလေ၊ အိုမှာပေါ့” ယွဲ့လန်က ဆိုကာ သူ့ကို မျက်စောင်းထိုးသည် ။
“မင်း စကားပြောပုံကတော့ ပြောင်းမသွားဘူးပဲ!”
ရှန်ယွီ ပြုံးလိုက်ပြီး ယွဲ့လန်ကို ပြန်ဖက်ကာ ကျောကို အကြိမ်ကြိမ် ပုတ်ပေးလိုက်သည်။
“တောက်!ငါ မင်းကို တကယ် လွမ်းနေတာ”
ယွဲ့လန် မျက်ရည်သုတ်လိုက်သည် ။
“သိပါတယ် ။ သွားကြစို့၊ အခုတော့ အောင့်ထားလိုက်ဦး။ ညကျမှ ငါ့အတွက် ငိုပေးပေါ့”
“မင်းကတော့လေ...”
ယွဲ့လန် ချက်ချင်းပင် မျက်ရည်တွေ ပြန်သိမ်းသွားတော့သည်။
ဘာမှ ပြောင်းလဲမသွားသလိုပါပဲ ။ ရင်းနှီးသည့် ပတ်ဝန်းကျင်၊ လမ်းမတွေ၊ ပြီးတော့ ဘေးနားက ရင်းနှီးနေတဲ့ သူငယ်ချင်းပေါ့။ ယွဲ့လန်ရဲ့ ကားကတောင် အရင်ကားအတိုင်းပါပဲ။
ဒါပေမဲ့ အရာရာကလည်း တော်တော်လေး ပြောင်းလဲသွားခဲ့ပြီလေ။
ရှန်ယွီ ရှေ့ကလမ်းကို ငေးကြည့်ရင်း ဖုန်းထုတ်ကြည့်လိုက်ရာ၊ ကားပေါ်က ဆင်းတုန်းက ဝင်လာသည့် စာတစ်စောင်ကို မဖတ်ရသေးတာ တွေ့လိုက်ရသည်။
၎င်းမှာ ချန်ကျန့် ပို့ထားသော ဓာတ်ပုံတစ်ပုံ ဖြစ်လေသည်။ သစ်သား ခွေးအိမ်လေး တစ်လုံးနှင့်၊ အထဲတွင် ခွေးကလေးမှာ အိပ်ပျော်နေပြီ ဖြစ်သည်။
[ချန်လေး] ။ နေရာချပေးပြီးပြီ။
ရှန်ယွီ စာပြန်လိုက်သည်။
[Fa Dan Ke Chen] ။ နာမည်ကော ရှိလား။
[ချန်လေး] ။ မှိုလေး တဲ့။
[Fa Dan Ke Chen] ။ ဒါဆိုလည်း စားလိုက်ပေါ့။
[ချန်လေး] ။ သူ့နာမည်ကို ပြောတာပါဗျာ!
[Fa Dan Ke Chen] ။ စာလုံးတစ်လုံး ပိုရိုက်လိုက်ရင် မင်းလက်ချောင်းတွေ ပွန်းသွားမှာ စိုးလို့လား။
[ချန်လေး] ။ ခွေးနာမည်က အခု ‘မှိုလေး’ ဖြစ်သွားပါပြီ။
ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
“တောရဆောက်တည်ရတာ အဆင်ပြေရဲ့လား”
ယွဲ့လန်က သူ့ကို တစ်ချက်ကြည့်ကာ မေးသည်။
“ပြေပါတယ်၊ မြို့ငယ်လေးက တိတ်ဆိတ်တယ်လေ၊ လမ်းသုံးလမ်းပဲ ရှိတာ”
“မင်း ပြဿနာရှာဖို့တောင် နေရာ မလောက်ဘူးပေါ့”
“ငါ အခု လိမ္မာနေပါပြီ၊ လူကောင်း ဖြစ်နေပြီလေ”
“တောက်!” ယွဲ့လန် မျက်မှောင်ကြုတ်လိုက်သည် ။
“စဉ်းစားမိတိုင်း ဒေါသထွက်တယ်”
“သူ အခုထိ အိမ်ဟောင်းမှာပဲ ရှိနေတာလား” ရှန်ယွီက မေးလိုက်သည်။
“သူ့မှာ သွားစရာ နေရာမှ မရှိတာ။ အရင်အိမ်ကိုလည်း ရောင်းလိုက်ပြီ မဟုတ်လား။ ရှာရတာ လွယ်ပါတယ်၊ သူသာ မင်းမိဘတွေဆီ မသွားခဲ့ရင် ငါလည်း သူ့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး”
“သူက လက်မလျှော့ သေးဘူးလေ၊ သူ ငါ့ကို မကျေနပ်သေးဘူး။”
“သူက ဘာကို မကျေနပ်ရမှာလဲ!” ယွဲ့လန် အသံကျယ်သွားသည် ။
“မကျေနပ်ရင်လည်း အောင့်ထားရမှာပေါ့။ မအောင့်နိုင်ရင် ကိုယ့်ဘာသာ မီးရှို့သေလိုက်လေ!”
ရှန်ယွီ ရယ်မောရင်း ထိုင်ခုံပေါ် မှီနေလိုက်သည် ။
“လန်ကော ရဲ့ အသံကတော့ ကောင်းတုန်းပါပဲ”
“ဘယ်တော့ သွားရှာမလို့လဲ ။ လမ်းတစ်ဖက်က အိမ်ကို တစ်လစာ ငှားထားပြီးပြီ”
“မနက်ဖြန်ပေါ့” ရှန်ယွီ သူ၏ လက်ဆစ်များကို ချိုးလိုက်သည်။
“ပြီးရင်ကော”
“ငှားထားတာ မကြာသေးဘူးဆိုတော့ အိမ်လစာ ပြန်တောင်းရမှာပေါ့”
“သွားစမ်းပါ၊ ဘယ်သူက ပြန်ပေးမှာလဲ”
ယွဲ့လန် ဘွတ်ကင်လုပ်ထားသော ဆိုင်မှာ သူတို့ အမြဲသွားနေကျ ဆိုင်မဟုတ်ပါဘူး။ ထိုဆိုင်ကလူတွေက သူတို့ကို ရင်းနှီးနေကြသောကြောင့် ။ ရှန်ယွီကို မတွေ့ရတာ ကြာပြီဖြစ်သဖြင့် ဆိုင်ရှင်ကော စားပွဲထိုးပါ ဝိုင်းလာကြမှာ သေချာသည်။ ရှန်ယွီကတော့ သူ့ကွယ်ရာမှာ အတင်းပြောတာကို ဂရုမစိုက်သော်လည်း၊ မျက်နှာချင်းဆိုင် လာနှုတ်ဆက်တာမျိုးကိုတော့ စိတ်ပျက်တတ်သူ ဖြစ်သည်။
ယခုဆိုင်ကတော့ အသစ်ဖွင့်ထားတာဖြစ်သဖြင့် ဘယ်သူကမှ တစ်ယောက်ကိုတစ်ယောက် မသိကြပါဘူး၊ ၎င်းကပင် ပို၍ သက်သောင့်သက်သာ ရှိစေသည်။
“ဟိုနှစ်ယောက်ကတော့ မင်းကို မြင်ရင် ငိုကြဦးမှာပဲ” ယွဲ့လန် တံခါးတွန်းဖွင့်ရင်း ဆိုသည်။
အထဲတွင် ထိုင်နေသော ရှောင်လုနှင့် တာ့ခန်းတို့မှာ တံခါးပွင့်လာသည်နှင့် ချက်ချင်း လှမ်းကြည့်ကြသည်။ ယွဲ့လန်ကို ကျော်ပြီး ရှန်ယွီကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ကြတော့သည်။
“ရှန်ယွီကော!”
ရှန်ယွီ အခန်းထဲဝင်ကာ တံခါးပြန်ပိတ်လိုက်ပြီး၊ တောင့်တောင့်ကြီး ရပ်နေသော ထိုနှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်သည် ။
“ဒီလိုကျတော့လည်း မင်းတို့က ငါ့ထက်တောင် အချုပ်ထဲမှာ ကြာကြာ နေခဲ့ရသလိုပဲနော်”
ရှောင်လု ကုလားထိုင်ကို ကန်ထုတ်ကာ အပြေးလာပြီး ရှန်ယွီကို ဖက်လိုက်သည် ။
“တောက်! ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ”
“စိတ်မပူပါနဲ့ ၊ ငါ သေရင်တောင်မှ မင်းတို့ကို အရင်ပြပြီးမှ မီးသင်္ဂြိုဟ်မှာပါ”
“မီးသင်္ဂြိုဟ်ပြီးရင်တော့ မင်းရဲ့ ပါးစပ်ပဲ ကျန်ခဲ့မှာပေါ့”
ယွဲ့လန် တံခါးဖွင့်ကာ အပြင်က စားပွဲထိုးကို “ဟင်းတွေ ချလိုက်တော့” ဟု လှမ်းပြောလိုက်သည်။
“ရှန်ယွီကော...” တာ့ခန်းကတော့ နည်းနည်း ပိုတည်ငြိမ်သည်၊ သူသည် ရှောင်လု ဖယ်ပေးမှ အနားသို့ တိုးလာကာ ရှန်ယွီကို ဖက်လိုက်ပြန်သည် ။
“ရှန်ယွီကော... ရှန်ယွီကော...”
“ပဲ့တင်သံ လာပေးနေတာလား” ရှန်ယွီက ဆိုသည်။
တာ့ခန်း ရယ်မောလိုက်သည် ။
“ခင်ဗျားကတော့ အရင်အတိုင်းပါပဲ”
***
“မစ္စတာကျိုးက နောက်ထပ် တစ်လ ထပ်တိုးချင်တယ်တဲ့”
ဟူဖန် ထမင်းစားရင်း ဖုန်းနှိပ်ကာ ပြောပြသည် ။
“သူက နေ့တိုင်း ညစာ ဘွတ်ကင်လုပ်ထားချင်တယ်၊ ပြီးတော့ ဝန်ထမ်းတွေနဲ့ အတူတူ ထိုင်စားလို့ ရမလား မေးတယ်၊ ကျွန်မကတော့ သဘောတူလိုက်ပြီ”
“အိုကေ” ချန်ကျန့် ခေါင်းညိတ်ပြသည်။
“မစ္စတာကျိုး ဆိုတာ ဘယ်သူလဲ” အာဟူက မေးသည်။
“အခန်း ၁၀၂ ကလေ၊ နာမည်က ကျိုးလဲ့ချန် တဲ့…ဒီရက်ပိုင်း သူ ကြည့်ရတာ တော်တော်လေး ပုံမှန် ဖြစ်နေပါပြီ”
ဟူဖန် အသံနှိမ့်ကာ ပြန်ရှင်းပြ၏။
“သူက ဘာလို့ မြို့ထဲမှာ အိမ်တစ်လုံး မငှားတာလဲ ။ ဒီမှာ တည်းတာထက် ပိုမသက်သာဘူးလား”
“အိမ်ငှားရင် ရှင် သန့်ရှင်းရေး လိုက်လုပ်ပေးမှာလား၊ ထမင်းကော ချက်ကျွေးမှာလား။ ရှင် ကျွန်မတို့ စီးပွားရေးကို မောင်းထုတ်ချင်နေတာလား”
ဟူဖန်က လောင်ဝူကို မျက်စောင်းထိုးကာ ကောပါတော့၏။
ထိုစဉ် ၁၀၂ တံခါး ပွင့်လာပြီး ကျိုးလဲ့ချန် ထွက်လာသည်။ သူ စားသောက်ခန်းဘက်ကို လှမ်းကြည့်လိုက်သည်။
“ထမင်း စားမလို့လား” ချန်ကျန့်က လှမ်းမေးလိုက်သည်။
“ဟုတ်ကဲ့”
ကျိုးလဲ့ချန် ပြုံးလျက် လျှောက်လာပြီး၊ ပန်းကန်နှင့် တူကို ယူကာ ဝင်ထိုင်လိုက်သည်။
“စားချင်တာ ရှိရင် ကျောက်ကျဲကို ပြောလို့ ရပါတယ်ခင်ဗျ” ချန်ကျန့်က ဆိုသည်။
“ကျွန်တော်ကတော့ ဘာမဆို အဆင်ပြေပါတယ်။ မန်နေဂျာချန်... စားပြီးရင် ခင်ဗျားနဲ့ စကားခဏ ပြောချင်လို့ပါ”
“ဟုတ်ကဲ့၊ ရပါတယ်”
ချန်ကျန့် ခေါင်းညိတ်ပြရင်း ဟူဖန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဘာလို့ ကြည့်လိုက်သလဲဆိုတာ သူလည်း မသိပါဘူး။ ဘာအဓိပ္ပာယ်မှလည်း မရှိပါဘူး။
အဓိကကတော့ ။ လာပြီ၊ လာပြီ၊ နောက်ဆုံးတော့ သူ တစ်ခုခု ပြောတော့မယ်... ဆိုတဲ့ သဘောမျိုးပေါ့။
ထမင်းစားပြီးနောက် ချန်ကျန့်သည် ကျိုးလဲ့ချန်နှင့်အတူ အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ မူလက ချန်ကျန့်က ပန်းခြံထဲမှာပဲ ပတ်လျှောက်ချင်သော်လည်း၊ ကျိုးလဲ့ချန်က ဝင်းတံခါးအပြင်ဘက်သို့ တန်းလျှောက်သွားသဖြင့် သူလည်း လိုက်သွားရတော့သည်။
“အမှန်တော့ ခင်ဗျားတို့ ဘော့စ်နဲ့ တိုက်ရိုက် စကားပြောချင်တာပါ။ ဒါပေမဲ့ သူက ဒီမှာ မရှိဘူး ထင်တယ်။”
“သူ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာပါ၊ နောက် နှစ်ရက် သုံးရက်ဆို ပြန်ရောက်မှာပါ”
သူ မရှိတာ တော်သေးတာပေါ့။ တကယ်လို့ သူသာ ရှိရင်၊ ဘော့စ်ရဲ့ စရိုက်နဲ့ဆိုရင် ဘာတွေ ပြောကုန်ကြမလဲ မသိဘူး။
ဒါပေမဲ့ တကယ်ပဲ အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ သူ ရှိနေတာ ပိုကောင်းတာပေါ့။
သူ ဘယ်နေ့ ပြန်လာမလဲဆိုတာ ကျွန်တော် မမေးလိုက်မိဘူး။မေးသင့်လား။ဘယ်အချိန်မှာ မေးရမလဲ။ သူ အခုဆို ရောက်နေလောက်ပြီ၊ ထမင်းစားနေလောက်မှာပေါ့...
“ဒါဆို ခင်ဗျားနဲ့ ပြောတာက ပိုပြီး သင့်တော်မယ်လို့ ကျွန်တော် ထင်ပါတယ်” ကျိုးလဲ့ချန်က ဆိုသည် ။
“ခင်ဗျားတို့ ဘော့စ်က ဆိုင်ကိစ္စတွေကို သိပ်မစီမံဘူး မဟုတ်လား”
“စီမံပါတယ်ခင်ဗျ” ချန်ကျန့် အတွေးတွေကို ပြန်စုစည်းလိုက်သည်။
သိပ်တော့ မစီမံတာ အမှန်ပါပဲ။
“အဲ့ဒီလိုပါ၊ ကျွန်တော် တစ်ခုခု ရေးထားတာ ရှိတယ်” ကျိုးလဲ့ချန်က ဖုန်းကို ထုတ်ကာ ချန်ကျန့်ဆီ ကမ်းပေးလိုက်သည် ။
“မန်နေဂျာချန် အရင် ဖတ်ကြည့်ပါဦး”
“ဟုတ်ကဲ့” ချန်ကျန့် ဖုန်းကို ယူကာ အမြန် ကြည့်လိုက်သည်။ ၎င်းမှာ အွန်လိုင်း ဖိုရမ်တစ်ခုဖြစ်ပြီး ပို့စ်တစ်ခု ဖွင့်ထားလေသည်။
ခေါင်းစဉ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ချန်ကျန့် မျက်ခုံးပင့်သွားကာ ကျိုးလဲ့ချန်ကို မော့ကြည့်လိုက်မိသည်။
“နောက်ပြန်ရေတွက်ခြင်းနှင့်အတူ ခရီးစဉ်တစ်ခု”
“ဒါက...” ချန်ကျန့် အနည်းငယ် စိုးရိမ်သွားရသည်။ ဖုန်းထဲက စာလုံးတွေကိုတောင် သူ သေသေချာချာ မမြင်နိုင်တော့သလို ခံစားရသည်။
“ကျွန်တော့်မှာ ရောဂါ ရှိနေတယ်လေ၊ ကုသရတာလည်း ဘာမှ မထူးတော့ဘူး ။ ဒါကြောင့် ကျွန်တော့်ရဲ့ နောက်ဆုံး နေ့ရက်တွေကို မှတ်တမ်းတင်ချင်လို့ ခရီးထွက်နေတာပါ”
“ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့ မဟုတ်ဘူးလား”
ချန်ကျန့် မေးပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်ဆိတ်လိုက်ချင်တော့သည်။
ဒါက မင်းရဲ့ ဘော့စ် ပြောမယ့် စကားမျိုးပဲလေ။
“စဉ်းစားခဲ့တာတော့ အမှန်ပါပဲ ။ ဒါပေမဲ့ လောလောဆယ်တော့ အဲ့ဒီ အစီအစဉ် မရှိတော့ပါဘူး။ ဒီမှာ နောက်ထပ် တစ်လလောက် နေပြီးရင် အိမ်ပြန်ပြီး အဘွားနဲ့အတူ အချိန်ဖြုန်းတော့မယ်”
မိဘတွေနဲ့ မဟုတ်ဘူးလား။
ချန်ကျန့် မေးချင်သော်လည်း မမေးဖြစ်ခဲ့ပါဘူး။
“ဒီနေရာက ကျွန်တော် အကြာဆုံး နေဖြစ်တဲ့ နေရာပဲ။ အစကတော့ ရက်နည်းနည်းပဲ နေပြီး ထွက်သွားမလို့ပဲ၊ ဒါပေမဲ့ အဲ့ဒီနေ့က… မင်းတို့နဲ့ ဖဲကစားပြီးတဲ့နောက်... နည်းနည်းလောက် ထပ်နေချင်စိတ် ပေါ်လာလို့ပါ”
ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ဘေးက သစ်ပင်ကို မှီကာ ထိုပို့စ်ကို စတင် ဖတ်ရှုနေတော့သည်။
***
“မင်းတို့ နှစ်ယောက် အရင်ပြန်ကြတော့”
ရှန်ယွီသည် ပြတင်းပေါက်ကို မျက်နှာမူလျက် ဆိုဖာပေါ်တွင် ထိုင်ရင်း ဆိုသည်။ လိုက်ကာကို ဟထားသဖြင့် လမ်းတစ်ဖက်က ဖန်းရွှီ၏ အိမ်ဟောင်း ဧည့်ခန်းကို မြင်နေရလေသည်။
ရှောင်လုနှင့် တာ့ခန်းတို့ မလှုပ်မယှက် ရှိနေကြသည်။ ဖန်းရွှီ အခုထိ ပြန်မလာသေးပါဘူး။ ရှန်ယွီ၏ စရိုက်ကို သူတို့ သိထားသဖြင့်၊ သူ ပြန်ရောက်ရောက်ချင်း ဖန်းရွှီကို သွားရှာမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ငါ ဒီည ဒီမှာပဲ နေခဲ့မယ်” ယွဲ့လန်က ဆိုသည် ။ “တစ်ခုခုဖြစ်ရင် မင်းတို့ လာခဲ့ကြပေါ့”
ရှန်ယွီ ယွဲ့လန် ကို တစ်ချက်ကြည့်ကာ မဲ့လိုက်သော်လည်း ဘာမှတော့ မပြော။
“ငါတို့ မနက်ဖြန် မနက် လာခဲ့မယ်” ရှောင်လုက ဆိုသည်။
“မနက်စာ ဝယ်လာခဲ့ဦး” ရှန်ယွီက မှာသည်။
“ဟုတ်ကဲ့” ရှောင်လု ပြုံးလျက် ဆိုသည်။
သူတို့ ထွက်သွားပြီးနောက် ရှန်ယွီ ဖုန်းကို ယူကြည့်လိုက်ရာ ချန်ကျန့်ဆီက စာတစ်စောင်မှ ရောက်မလာသေးတာ တွေ့လိုက်ရသည်။
“တစ်ခုခုကို စောင့်နေတာလား”
ယွဲ့လန် သူ့ဘေးက ဆိုဖာမှာ လှဲရင်း မေးသည်။
“ဟင်။ ငါ့မန်နေဂျာက တစ်ညလုံး သတင်းမပို့သေးလို့လေ”
ယွဲ့လန် ခေတ္တမျှ တန့်သွားပြီး…
“မင်းက ဘယ်လို အရင်းရှင် စိတ်ဓာတ်မျိုး ဖြစ်သွားတာလဲ။ တည်းခိုခန်းမှာ မရှိတာ တစ်ရက်တောင် မပြည့်သေးဘူးကို သူ့ကို စောင့်ကြည့်ချင်နေတာလား”
ဟုတ်ဘူး ဟုတ်ဘူး။Goodnightပို့တာ လိုချင့်လို့ 🤭
ReplyDeleteမျက်နှာမမြင် အသံမကြားရတော့ လက်ရေးလေးမြင်ချင်တာပါ 😆
ReplyDeleteချန်လေးကို လွမ်းနေတာလေ
ReplyDelete