Skip to main content

45



အပိုင်း (၄၅)

ရှန်ယွီသည် လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဖန်းရွှီ၏ ဦးခေါင်းနောက်စေ့ကို ဖိချထားသည်။ သူ၏ ဒူးမှာ ဖန်းရွှီ၏ ကျောကုန်းပေါ်တွင် ရှိနေ၏။ စောင်အောက်တွင် ဖန်းရွှီ၏ လက်နှင့် ခြေထောက်များသာ အသည်းအသန် လှုပ်ရှားရုန်းကန်နေသည်ကို မြင်ရသည်။ သို့သော် လူကိုတော့ မမြင်ရဘဲ စောင်၏ အစွန်းများ နိမ့်တုံ မြင့်တုံ ဖြစ်နေသည်ကိုသာ တွေ့ရသည်။ စောင်အောက်မှ ဖန်းရွှီ၏ မပီမသ အော်ဟစ်သံများနှင့် အသနားခံသံများ ထွက်ပေါ်နေလေသည်။

နှာခေါင်းကို အဖိခံထားရ၍လားမသိ၊ သူ၏ အသံမှာလည်း ပုံပျက်နေ၏။

“ငါမှားပါတယ် ရှန်ယွီ.... အား.... ကယ်ပါဦး.... ယွဲ့လန်.... လန်ကောရေ....”


ယွဲ့လန်၊ ရှောင်လုနှင့် တခြားလူများ အခန်းထဲသို့ ပြေးဝင်လာချိန်တွင် ရှန်ယွီ၏ တတိယမြောက် ဓားထိုးချက်မှာ ကျရောက်ပြီးသား ဖြစ်နေပြီ။ အရှိန်မှာ တအားမြန်လှသဖြင့် လက်က လေထဲတွင် ဝှေ့ယမ်းသွားသံကိုပင် သဲ့သဲ့ကြားနေရသည်။ ထိုးချက် သုံးချက်စလုံးမှာ ဖန်းရွှီ၏ ကျောပြင်ဧရိယာသို့ ဖြစ်ပြီး စောင်ကို ဖောက်ကာ ထိုးခြင်းပင်။ ယွဲ့လန်သည် ရှန်ယွီ၏ လက်မောင်းကို လှမ်းဖမ်းရန် နှစ်ကြိမ် သုံးကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ရှန်ယွီမှာ နောက်ထပ် လေးငါးချက်ခန့် ပြင်းပြင်းထန်ထန် ဆက်တိုက် ထိုးချနေခဲ့သည်။

“ဗုန်း ဗုန်း” ဟူသော ထုရိုက်သံ ခပ်ပြင်းပြင်းများကို ကြားနေရသည်။ ဓားဦးနှင့် စောင် အပေါက်ခံရသည့် နေရာများမှ အဝတ်ပွစလေးများ လေထဲတွင် လွင့်ပျံနေ၏။

ထုရိုက်သံ ခပ်ပြင်းပြင်းတွေကို ကြားနေရတာလား။

ယွဲ့လန် ခေတ္တမျှ တန့်သွားပြီးနောက် ရှန်ယွီကို အတင်းဝင်လုံးနေကြသော ရှောင်လုနှင့် တာ့ခန်းတို့ကို ဆွဲဖယ်လိုက်သည်။

“လန်ကော?”

တာ့ခန်းက ယွဲ့လန်ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။ ယွဲ့လန်က ဘာမှပြန်မပြောဘဲ ရှန်ယွီကိုသာ စိုက်ကြည့်နေမိသည်။ ရှန်ယွီကတော့ မရပ်သေးပါဘူး။ သူ၏ လက်ထဲက ဓားမှာ စောင်ပေါ်သို့ အဆက်မပြတ် ထိုးစိုက်နေဆဲ ဖြစ်သည်၊ ကျောပြင်မှနေ၍ ခါး၊ ထို့နောက် ခြေထောက်များအထိ။ ဆယ်ချက်ကျော်လောက် ထိုးပြီးသည့်နောက်တွင် စောင်ပေါ်၌ သွေးစွန်းကွက်များ စတင် ပေါ်ထွက်လာတော့သည်။

ဖန်းရွှီကတော့ အောက်ကနေ အော်ဟစ်နေဆဲပင်။ ယွဲ့လန် အခွင့်အရေးကို စောင့်ကြည့်နေပြီး ရှန်ယွီ၏ လှုပ်ရှားမှု နှေးသွားသည့် အခိုက်အတန့်တွင် အရှေ့သို့ ပြေးဝင်ကာ သူ၏ လက်ကောက်ဝတ်ကို မြဲမြဲဆုပ်ကိုင်လိုက်သည်။ ရှန်ယွီမှာ အသက်ကို ပြင်းပြင်းရှူနေရပြီး နောက်ဆုံးတွင်တော့ ရပ်တန့်သွားခဲ့သည်။

ဒါတောင် ဖန်းရွှီကတော့ စကားပြောမရပ်သေးပါဘူး။

“ကယ်ပါဦး....”

ရှန်ယွီသည် ဖန်းရွှီ၏ ခေါင်းပေါ်မှ သူ၏လက်ကို ဖယ်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်ကာ ဓားကို ဘေးသို့ ပစ်ချလိုက်သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်ဖဝါးပေါ်က ပြတ်ရှဒဏ်ရာမှ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။


“တောက်!”

ယွဲ့လန် ဆဲလိုက်မိသည်၊ ဘယ်သူ့ကို ဆဲချင်နေမှန်းတော့ သူလည်း မဝေခွဲတတ်တော့ပါဘူး။ ဓားသွား၏ တစ်ဝက်ခန့်ကို ရှန်ယွီက သူ၏ လက်ဖြင့် ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ ယွဲ့လန် အနားသို့ သွားကာ စောင်ကို မလိုက်သည်။ ဖန်းရွှီသည် ချက်ချင်းပင် ဦးခေါင်းကို လက်နှင့်အုပ်ကာ ကိုယ်ကို လိပ်ထားလိုက်တော့သည်။

သူ၏ အင်္ကျီနောက်ကျောတွင် သွေးစက်များကို မြင်ရသည်။ ဓားဦးမှာ စောင်ကို ဖောက်ဝင်သွားခဲ့သော်လည်း ရှန်ယွီက ဓားသွားကို အများကြီး အပြင်ထုတ်မထားခဲ့သဖြင့် ဖန်းရွှီ၏ ကိုယ်ပေါ်က ဒဏ်ရာများမှာ ရှန်ယွီ၏ လက်ဖဝါးပေါ်က ဒဏ်ရာလောက်ပင် နက်မည် မဟုတ်ပါဘူး။ သို့သော် သူ၏ ဘောင်းဘီခွကြားမှာတော့ စိုရွှဲနေလေပြီ။

“မင်းက ဘာတွေကို အဲ့ဒီလောက် အော်နေတာလဲ”

ယွဲ့လန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဖန်းရွှီ နောက်ဆုံးတော့ တိတ်ဆိတ်သွားတော့သည်။ သူ ကြောင်အသွားပြီး အတော်ကြာမှ ရုတ်တရက် ကိုယ်ကို လှန်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး သူ၏ ကျောကို ပြန်စမ်းကြည့်မိသည်။ ထို့နောက်မှ ရှန်ယွီကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေတော့သည်။

“ဖန်းရွှီ”

ရှန်ယွီ ဖန်းရွှီအနားသို့ လျှောက်သွားကာ ကိုယ်ကိုကိုင်း၍ သူ၏ သွေးစွန်းနေသော လက်ကို ဖန်းရွှီ၏ အင်္ကျီပေါ်တွင် သုတ်လိုက်သည်။ ဖန်းရွှီ၏ ရင်ဘတ်မှာ ခဏချင်းပင် သွေးများ ပေကျံကုန်တော့သည်။ သူ ဖန်းရွှီကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“မင်း ငါ့ကို အကြွေးတင်နေတာ။ ငါ့ရဲ့ အချိန်တွေ၊ ငါ့ရဲ့ ပိုက်ဆံတွေ၊ သူငယ်ချင်း တစ်ယောက်အပေါ် ထားခဲ့တဲ့ ငါ့ရဲ့ ယုံကြည်မှုတွေ၊ ပြီးတော့ ငါ့မိဘတွေရဲ့ မျှော်လင့်ချက်တွေပေါ့”

ဖန်းရွှီ မလှုပ်မယှက် ရှိနေသည်။

“မင်းကို ငါ ဒုက္ခိတ မလုပ်ပစ်တာက မင်းက အဲ့ဒီလောက် မတန်လို့ပဲ.... ဒီဘဝမှာ မင်းကို နောက်တစ်ခါ ထပ်မတွေ့ချင်သလို၊ မင်းသတင်းကိုလည်း မကြားချင်တော့ဘူး”

ဖန်းရွှီမှာ ပါးစပ်လေး ဟလျက်သားနှင့် ကြည့်နေမိသည်၊ သူ၏ မျက်နှာပေါ်က ထိတ်လန့်မှုတွေက အခုထိ မပြယ်သေးပါဘူး။


“ကြားလား”

ရှန်ယွီက သူ၏ မျက်နှာကို ထပ်မံ ပုတ်လိုက်သည်။ ဖန်းရွှီ၏ မျက်နှာပေါ်တွင် သွေးစွန်းနေသော လက်ရာအချို့ ကျန်ရစ်ခဲ့သည်။

“ကြား.... ကြားပါတယ်”

ဖန်းရွှီအသံမှာ တုန်ယင်နေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

“ကောင်းပြီ”

ရှန်ယွီ ခေါင်းညိတ်ပြကာ ကိုယ်ကိုမတ်လိုက်သည်၊ ထို့နောက် ကုတင်ဘေးက စားပွဲဆီသို့ လျှောက်သွားကာ အံဆွဲကို ဖွင့်ပြီး ရှေးဦးသူနာပြု သေတ္တာအသေးလေးကို ထုတ်ကာ ယွဲ့လန်ဆီ လှမ်းပေးလိုက်သည်။ ယွဲ့လန် သေတ္တာကိုဖွင့်ကာ အိုင်အိုဒင်းပုလင်းကို ထုတ်ကြည့်ပြီး ဖန်းရွှီဘက်သို့ လှည့်မေးသည် ။

“ဒါတွေ သက်တမ်းမကုန်သေးဘူး မဟုတ်လား”

“မကုန်.... မကုန်သေးပါဘူး”

ဖန်းရွှီ၏ အသံမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။

ယွဲ့လန်သည် အိုင်အိုဒင်း ပုလင်းတစ်လုံးလုံးကို ရှန်ယွီ၏ လက်ပေါ်သို့ လောင်းချလိုက်သည်။ ရှန်ယွီ လက်ကို တစ်ချက်ခါလိုက်ပြီး ပတ်တီးလိပ်ကို ယူကာ သူ၏လက်ကို နှစ်ပတ် သုံးပတ်ခန့် ပတ်လိုက်သည်၊ ထို့နောက် မြေပြင်ပေါ်က စောင်ကို ခြေထောက်နှင့် ကန်ဖယ်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့တော့သည်။ ရှောင်လုနှင့် တာ့ခန်းတို့မှာ ယွဲ့လန် အပြင်ထွက်လာသည်အထိ စောင့်နေပြီးမှ အတူတူ ထွက်လာခဲ့ကြသည်၊ အိပ်ခန်းတံခါးကိုလည်း “ဒိုင်း” ခနဲ အသံထွက်အောင် ဆောင့်ပိတ်ခဲ့ကြသည်။

စက္ကန့်အနည်းငယ် ကြာသည့်အခါ အိပ်ခန်းထဲမှ ဖန်းရွှီ၏ စိတ်မောလူမော အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာလေသည်။ သူတို့တစ်စု တိုက်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေဆဲပင်။ ဈေးဝယ်ပြီး ပြန်လာသော အဘွားအိုတစ်ယောက်က သူတို့ကို တစ်ချက်ကြည့်ပြီး သူမ၏ လမ်းအတိုင်း ဆက်လျှောက်သွားသည်။ ယွဲ့လန် ငှားထားသော လမ်းတစ်ဖက်က အိမ်ကို ပြန်ရောက်သည့်အခါ ရှန်ယွီသည် ပြတင်းပေါက်နားတွင် ထပ်မံ ရပ်နေပြန်သည်၊ လိုက်ကာကို ဟကာ ဟိုဘက်ကို လှမ်းကြည့်ပြီးမှ ပြန်ပိတ်လိုက်သည်။


“ဒီည ဟိုတယ်မှာပဲ သွားအိပ်ရအောင်”

သူ ဆိုဖာပေါ်တွင် ထိုင်ရင်း ပြောလိုက်သည်။

“အိုကေ”

ယွဲ့လန်က ပြန်ဖြေသည် ။

“ဒဏ်ရာက နက်လား။ မဟုတ်ရင်လည်း သွားပြီး ချုပ်လိုက်ကြရအောင်”

“ရပါတယ်”

“မင်းကတော့ တကယ်ကို ရူးနေတာပဲ ရှန်ယွီရယ်”

ယွဲ့လန်က ညည်းတွားမိသည်။

“ကျွန်တော် သွေးတိတ်ဆေး သွားဝယ်လိုက်ဦးမယ်”

ရှောင်လုက ရှန်ယွီ၏ လက်ကို ကြည့်ရင်း ဆိုသည်။ လက်မှာ ပတ်ထားသော ပတ်တီးမှာ သွေးများဖြင့် ရွှဲနစ်နေလေပြီ။

“မင်းတို့ နှစ်ယောက်လုံး သွားလိုက်ကြလေ”

ယွဲ့လန်က ဆိုသဖြင့် တာ့ခန်းနှင့် ရှောင်လုတို့ အပြင်သို့ ထွက်သွားကြသည်။ ရှန်ယွီ ဆိုဖာပေါ်တွင် ထိုင်ကာ၊ တံတောင်ကို ဒူးပေါ်တင်ပြီး သူ၏လက်ပေါ်က နီရဲနေသော သွေးစွန်းကွက်များကို စိုက်ကြည့်နေမိသည်။ သူ၏ လက်ချောင်းထိပ်လေးများမှာ ထိန်းမရအောင် တုန်ယင်နေလေသည်။

“စိတ်ကျေနပ်သွားပြီလား။ မကျေနပ်သေးရင် ငါ သွားပြီး ထပ်ထုပေးလိုက်မယ်။ သူသာ ရဲတိုင်ရဲရင်တော့ ငါ သူ့ကို တကယ် အထင်ကြီးမိမှာပဲ....”

“အလုပ်များနေတဲ့ လူကုံထံ တစ်ယောက်က ဒါမျိုးတွေကို တွေးမနေသင့်ပါဘူး”

“ဒါဆိုရင် ဘော့စ်ရှန်ကော နောင်ကျရင် ဒါမျိုးတွေကို ထပ်မတွေးဘဲ နေနိုင်မလား”

ယွဲ့လန်က ပြန်မေးသည်။

“မရဘူး”

ရှန်ယွီ၏ လေသံမှာ တည်ငြိမ်နေဆဲပင် ။

“ငါ မလုပ်နိုင်ဘူး”


ယွဲ့လန် ဘာမှ ပြန်မပြောတော့ပါဘူး။

“ဒါပေမဲ့ ဒီလောက်နဲ့ပဲ တော်ပါပြီ”

“ရှန်ယွီ လူကြီးဖြစ်လာပြီပဲ”

ယွဲ့လန် ပြုံးလျက် ဆိုသည်။

“ငါ အသက် ခြောက်နှစ် ရှိပြီလေ”

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ”

ယွဲ့လန် သူ့ကို ကြည့်လိုက်သည်။ နားမလည်သော်လည်း စကားပြတ်မသွားအောင် …“ငါ့သားလေးရာ” ဟု ခေါ်လိုက်သည်။

“မင်းကတော့လေ....”

ရှန်ယွီ ရယ်မောရင်း ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း မှီချလိုက်ပြီး ခေါင်းကို နောက်သို့ လှန်လိုက်သည်။ သူ သက်ပြင်း အရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ယွဲ့လန် ဘာမှမပြောဘဲ စားပွဲပေါ်က တစ်ရှူးအချို့ကို ယူကာ၊ ရှန်ယွီ၏ လက်ကို အသာအယာ မပြီး အောက်တွင် တစ်ရှူးများ ခံပေးလိုက်သည် ။

“ဆိုဖာ ပေကုန်ရင် ငါ့ရဲ့ အာမခံကြေး (Deposit) ထဲက နှုတ်ခံရလိမ့်မယ်”

လက်က ဒဏ်ရာကတော့ မတိမ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဓားနဲ့ ထိုးစိုက်တဲ့အချိန်မှာ ဓားသွားက လျှောထွက်တတ်တာဆိုတော့၊ ဒီအတိုင်း ဆုပ်ကိုင်ထားတာထက် ပိုပြီး နက်သွားနိုင်တာပေါ့။ တာ့ခန်းနှင့် ရှောင်လုတို့ ဆေးများစွာနှင့် ပြန်ရောက်လာကြသည်။ အိုင်အိုဒင်းနှင့် အကြိမ်ကြိမ် ဆေးကြောပေးပြီးနောက် တာ့ခန်းက ယွဲ့လန်ကို လှမ်းကြည့်သည် ။

“လန်ကော”

ယွဲ့လန် ငုံ့ကြည့်လိုက်သည့်အခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည် ။

“တောက်! ဒါကတော့....”

“ငါ့ဘာသာပဲ ပတ်လိုက်မယ်”

ရှန်ယွီ လက်ကို ပြန်ရုပ်လိုက်သည်။


“မချုပ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ဆေးခန်းသွားပြီး ပတ်တီး သွားစည်းဦးလေ”

ယွဲ့လန်က ဆိုသည် ။

“ခြေထောက် မကောင်းသေးခင်မှာ လက်ပါ ဒုက္ခိတ အဖြစ်မခံပါနဲ့ဦး”

“မင်းတို့ လူကုံထံတွေက ဒီလောက်တောင် နုနယ်ကြတာလား”

“ဟုတ်တယ်”

ယွဲ့လန်က ဆိုကာ တံခါးဘက်သို့ လျှောက်သွားသည်။ ရှန်ယွီ ဘာမှပြန်မပြောဘဲ သူ့ကို ကြည့်နေလိုက်သည်။

“သွားကြစို့” ယွဲ့လန်က ထပ်ပြောသည် ။

“ငါ့ကို အတင်း ပွေ့ခေါ်မသွားခိုင်းနဲ့နော်”

“အဲ့ဒါကလည်း မဆိုးပါဘူး”

“သွားစမ်းပါ!”

ယွဲ့လန် အော်လိုက်တော့မှ ရှန်ယွီမှာ မဲ့ကာရွဲ့ကာဖြင့် ထရပ်လိုက်တော့သည်။

ဆေးခန်းတွင် ဒဏ်ရာကို တစ်ခါထပ်ပြီး ပိုးသတ်ကာ ပတ်တီးစည်းဖို့ စောင့်နေစဉ် ရှန်ယွီ အိတ်ကပ်ထဲကို နှိုက်ကြည့်လိုက်သည် ။

“ဖုန်း ပါမလာဘူး”

ယွဲ့လန် သူ၏ဘေးတွင် ထိုင်ကာ စောင့်ကြည့်နေလေသည်။

“ဘယ်မှာ ထားခဲ့မိလဲ မသိဘူး” ရှန်ယွီ နောက်က ထိုင်နေတဲ့ ရှောင်လုနဲ့ တာ့ခန်းကို လှည့်ကြည့်သည်။

“တစ်ယောက်ယောက် သွားရှာပေးပါလား”

“ကျွန်တော် သွားလိုက်မယ်”

တာ့ခန်း ထရပ်လိုက်သည် ။

“ဘယ်နားမှာ ဖြစ်နိုင်လဲ”


“ကြားထဲ တစ်နေရာရာမှာပေါ့”

ယွဲ့လန်က သော့ကို လှမ်းပစ်ပေးလိုက်သည် ။

“ကုတင်ဘေးက ဆိုဖာကို ကြည့်လိုက်ဦး”

“ဟုတ်ကဲ့”

တာ့ခန်း သော့ကို ဖမ်းယူပြီး ထွက်သွားသည်။ ယွဲ့လန်ကတော့ ရှန်ယွီကို ဆက်ပြီး စောင့်ကြည့်နေဆဲပင်။ ရှန်ယွီ သူ့ကို ပြန်ကြည့်ကာ …“ဘာကြည့်နေတာလဲ။ ငါတို့ကြားမှာ အခွင့်အရေး မရှိပါဘူး”

“တောက်!”

ယွဲ့လန် ရယ်မောလိုက်သည် ။

“မင်းက အရင်ကဆို ဖုန်းမရှိဘဲ တစ်နေကုန် နေနိုင်တဲ့လူလေ။ အခုတော့ နောက်တစ်နေ့မှ စာပြန်တာကိုတောင် တော်တော် ရင်းနှီးတဲ့ ဆက်ဆံရေးလို့ သတ်မှတ်နေရပြီ....”

“ငါ့တည်းခိုခန်းမှာ အလုပ်တွေ အများကြီး ရှိတယ်လေ”

“ဟုတ်သားပဲ။ ဘော့စ်ရှန် ကတော့ တကယ် အလုပ်ရှုပ်တာပဲ”

လက်ကို ပတ်တီးစည်းပြီး မကြာမီမှာပင် တာ့ခန်းမှာ ဖုန်းနှင့်အတူ ဆေးခန်းသို့ ပြန်ရောက်လာသည်။ ရှန်ယွီ ဖုန်းကို ယူကြည့်လိုက်ရာ စာတစ်စောင်မှ အသစ် ရောက်မလာသေးတာ တွေ့လိုက်ရသည်။

ဒါက ဘယ်လို မန်နေဂျာမျိုးလဲ

ပုံမှန်ဆိုရင် မနက်ပိုင်းမှာ ဝန်ထမ်းတိုင်းနဲ့ စကားပြောနေကျလေ။ ဘော့စ် မရှိတဲ့ အချိန်ကျမှ စာလုံးတစ်လုံးတောင် သတင်းမပို့ဘူးတဲ့လား။ ရှန်ယွီ ဖုန်းမျက်နှာပြင် ပိတ်ဖို့ ပြင်စဉ်မှာပင် ယွဲ့လန်က လှမ်းလုလိုက်သည်။

“ငါ ကြည့်မယ်”

“ကြည့်လေ”

ယွဲ့လန် ဖုန်းကို ကြည့်လိုက်ရာ “ချန်လေး” နှင့် ပြောထားသော Private chat ထဲမှာ ရှိနေဆဲ ဖြစ်သည်။ သူသည် ချန်လေး၏ ပရိုဖိုင်ပုံကို နှိပ်ပြီး ကြည့်လိုက်သည်။


“ဒါ မင်းရဲ့ မန်နေဂျာလား”

“အင်း”

ယွဲ့လန် Chat ထဲကနေ ထွက်ပြီး ထပ်ကြည့်လိုက်သည်။

“မင်းကတော့လေ.... အကောင့်အသစ်ကြီးတောင် ဖွင့်ထားတာလား”

“အင်း”

“ပြီးတော့ မင်းရဲ့ မန်နေဂျာက တစ်ဦးတည်းသော သူငယ်ချင်းပေါ့ ဟုတ်လား”

ရှန်ယွီ ခေါင်းညိတ်ပြနေဆဲ ဖြစ်သည်။

“ဓာတ်ပုံ ပါလား”

ယွဲ့လန် သူ့ကို ကြည့်လိုက်သည်။ ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ယွဲ့လန်လည်း ထပ်မမေးတော့ဘဲ ဓာတ်ပုံအယ်လ်ဘမ်ကို တိုက်ရိုက် ဖွင့်ကြည့်လိုက်ရာ၊ ပထမဆုံးပုံကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် နှစ်စက္ကန့်ခန့် ကြောင်အသွားပြီးမှ …

“တော်တော် ရုပ်ချောတာပဲ”

“အင်း” ရှန်ယွီက ပြန်ဖြေသည်။

“အသက် ဘယ်လောက်လဲ”

ယွဲ့လန် ပုံကို ကြည့်ရင်း မေးသည်။

“နှစ်ဆယ်”

***

“မဖြစ်နိုင်တာ၊ ဟိုဘက်က လူလိမ်က အနည်းဆုံးတော့ ၂၅ နှစ်လောက် ရှိမှာပါ”

ဟူဖန် ဧည့်ကြိုကောင်တာမှာ မေးထောက်ရင်း ပြောနေသည် ။

“သူက ငယ်ပုံပေါက်အောင် ဝတ်ထားတာလေ”


“ငါကတော့ တကယ် ငယ်တယ် ထင်နေတာ”

ဆန်းပင်း ဧည့်ကြိုကောင်တာကို မှီရင်း ဆိုသည်။

“ရှင် ဘာမှ မသိပါဘူး”

“စကားတွေ သိပ်မပြောနဲ့တော့”

ချန်ကျန့် ဘေးကနေ ပစ္စည်းစာရင်းတွေကို လှန်ကြည့်ရင်း ဆိုသည် ။

“သူ ဆင်းလာနေပြီ”

အခန်း ၂၀၈ က အမျိုးသမီး လှေကားမှ ဆင်းလာခဲ့သည်၊ အားကစားဝတ်စုံကို ဝတ်ထားပြီး တောင်တက်မည့် ပုံစံမျိုးပေါ့၊ ကျောပိုးအိတ်လည်း ပါလေသည်။

“ငါတို့ သူ့အကြောင်း ပြောနေတာ မဟုတ်ပါဘူး”

ဆန်းပင်းက အသံတိုးတိုးဖြင့် ဆိုသည်။

“မင်း ဦးနှောက် ပျောက်သွားပြီလား”

ဟူဖန် သူ့ကို မျက်စောင်းထိုးလိုက်ပြီးမှ၊ ၂၀၈ က အမျိုးသမီးကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“အပြင်ထွက်မလို့လား အစ်မ”

“ဟိုဘက်က တည်းခိုခန်းမှာ လူတစ်ယောက် သွားရှာမလို့ပါ”

သူမ နေကာမျက်မှန်ကို တပ်လိုက်သည်။ ချန်ကျန့်နှင့် ကျန်တဲ့လူများ အားလုံး သူမကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

*သူမက လုံးဝတောင် ဖုံးကွယ်မထားတော့ဘူးပဲ*

သူမ အပြင်ထွက်သွားပြီးနောက် ချန်ကျန့် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆန်းပင်းကို မေးစေ့ဖြင့် အချက်ပြလိုက်သည် ။

“သွားကြစို့”

“ကျွန်မလည်း လိုက်မယ်၊ ကျွန်မလည်း လိုက်မယ်”

ဟူဖန် ဧည့်ကြိုကောင်တာ နောက်မှ ပြေးထွက်လာခဲ့သည်။


“ဗီဒီယို ရိုက်ထားနော်”

ချန်ကျန့်က ဆိုသည် ။

“တကယ်လို့ ရန်ဖြစ်ကြရင်... ဆန်းပင်းနဲ့ ငါနဲ့က တားရမှာလေ”

“ဆန်းပင်းထက်စာရင် ကျွန်မကို အားကိုးတာ ပိုစိတ်ချရမယ်”

ဟူဖန် ဖုန်းထုတ်ကာ ဗီဒီယို စရိုက်သည်၊ ထို့နောက် သူမ၏ အင်္ကျီလက်ကို မတင်လိုက်ရာ လက်မောင်းက တက်တူးတွေ ပေါ်လာတော့သည် ။

“ကျွန်မလည်း ရန်ဖြစ်လာတာ နှစ်တွေ ကြာပါပြီ”

ချန်ကျန့် သူမကို ကြည့်လိုက်သည် ။

“ငါတို့က ရန်ဖြစ်တာကို တားဖို့သွားတာလေ၊ ဝိုင်းရိုက်ဖို့ သွားတာ မဟုတ်ဘူး”

“ဟုတ်ကဲ့၊ သိပါပြီ”

ဟူဖန် အင်္ကျီလက်ကို ပြန်ချလိုက်သည်။

“သွားကြစို့၊ သွားကြစို့”

ဆန်းပင်း အမြန်ဆုံး ခြေလှမ်းဖြင့် နောက်ဖေးတံခါးဘက်သို့ လျှောက်သွားခဲ့သည်။

ပန်းခြံကို ဖြတ်လိုက်လျှင် နောက်ဖေးတံခါးမှာ “ဆွီယွမ် (Suiyun)” ၏ ဝင်းထဲသို့ တိုက်ရိုက် ပွင့်နေလေသည်။ သူတို့တစ်စု တံခါးကြားမှနေ၍ ၂၀၈ က အမျိုးသမီး ဆွီယွမ်၏ ဝင်းထဲသို့ ဝင်သွားတာကို ချောင်းကြည့်နေကြသည်။

“နားနေဆောင်မှာ ခဏ စောင့်ကြည့်ကြရအောင်”

ချန်ကျန့်က ဆိုသည်။ သူတို့တွေ နောက်ဖေးတံခါးကနေ ထွက်ရုံရှိသေး၊ ဆွီယွမ်ဘက်မှ အမျိုးသားတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည် ။

“မင်း ဘာလုပ်တာလဲ!”

ကြည့်ရတာ ဟို နမ်းနေတဲ့ စုံတွဲတွေ အပြင်ထွက်ကစားဖို့ ပြင်နေတုန်း လမ်းမှာ ဆုံကြတာ ဖြစ်ရမည်။


“သွားကြစို့”

ချန်ကျန့် ချက်ချင်းပင် ကိုယ်ကို လှည့်လိုက်တော့သည်။

သူတို့တွေ ဟိုဘက်ဝင်းထဲကို ပြေးဝင်သွားသည့်အခါ ၂၀၈ က အမျိုးသမီးမှာ ဖုန်းကိုမြှောက်ကာ အမျိုးသားနှင့် အမျိုးသမီး တစ်စုံကို ဗီဒီယို ရိုက်နေသည်ကို တွေ့ရသည်။ အမျိုးသားမှာ အမျိုးသမီးကို သူ၏ ရင်ခွင်ထဲ ထည့်ထားပြီး မျက်နှာကို ကွယ်ပေးထားလေသည်။

“မျက်နှာကို ဘာလို့ ကွယ်ထားတာလဲ။ တစ်ယောက်ယောက် သိသွားမှာ စိုးလို့လား”

၂၀၈ မှာ အော်ဟစ်ဆဲဆိုခြင်း မရှိဘဲ အလွန်ပင် တည်ငြိမ်နေသည် ။

“စိတ်မပူပါနဲ့၊ ငါ Blur ပေးပါ့မယ်။ ငါက ငါ့ယောကျ်ားကိုပဲ ရိုက်နေတာလေ၊ သူ့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေ မြင်ရအောင်လို့ပေါ့....”

“ဖုန်းကို ချစမ်း!”

အမျိုးသားက သူမကို လက်ညှိုးထိုးကာ အော်သည် ။

“ချမှာလား၊ မချဘူးလား!”

“လုပ်ရဲရင် ခံရဲရမှာပေါ့ မောင်ရဲ့”

၂၀၈ က ဆိုသည် ။

“ငါ့ဆီက ပိုက်ဆံတွေကို လိမ်ယူပြီး တခြားလူအတွက် သုံးနေတုန်းကတော့ ဒီလို အမူအရာမျိုး မရှိပါဘူးလား”

“ငါ ကွာရှင်းမယ်လို့ ပြောပြီးပြီလေ!”

အမျိုးသားမှာ တစ်ဖက်က အမျိုးသမီးကို ဖက်ထားရင်း၊ ကျန်တစ်ဖက်က လက်ညှိုးထိုးနေဆဲပင် “မင်းက မကွာပေးဘဲနဲ့ အခုလိုတွေ လာလုပ်နေတာ! မင်း ငါ့ကို လာနှောင့်ယှက်နေတာ....”

“ငါ့ပိုက်ဆံတွေ ပြန်ပေး!”

၂၀၈ က ရုတ်တရက် အသံကျယ်သွားသည် ။

“ငါ့ပိုက်ဆံတွေ ပြန်မပေးဘဲ ထွက်ပြေးလို့ ရမယ် ထင်နေလား။ အိပ်မက် မက်မနေနဲ့!”


အမျိုးသားမှာ သူ၏ရင်ခွင်ထဲက အမျိုးသမီးကို နောက်သို့ တွန်းပို့လိုက်ပြီး လက်ကို မြှောက်ကာ ရှေ့သို့ ပြေးဝင်လာတော့သည်။

“ရှင် ဒါဘာလုပ်မလို့လဲ!”

ဟူဖန်၏ အော်သံ ထွက်ပေါ်လာရာ၊ ရှေ့သို့ ပြေးဝင်နေသော ချန်ကျန့်ပင်လျှင် လန့်သွားရသည်။ ထိုအမျိုးသားမှာလည်း ခေတ္တမျှ ကြောင်အသွားသည်။ ချန်ကျန့် ထိုလူ၏ လမ်းကို ကြားဖြတ် ပိတ်လိုက်ပြီး ။

“မင်း လူကို ရိုက်မလို့လား”

“မင်းက ဘာမို့လို့ ကြားဝင်ပါနေတာလဲ”

အမျိုးသားက ချန်ကျန့်ကို လက်ညှိုးထိုးသည် ။

“မင်းကိုပါ ငါ ထပ်ရိုက်လိုက်ရမလား”

“လာလေ”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ သူကိုယ်တိုင်လည်း ရင်ထဲမှာ အကြောင်းမဲ့ ဒေါသတွေ ရှိနေသည်ဖြစ်ရာ၊ ဆက်ပြီး သည်းမခံချင်တော့ပါဘူး ။

“ လာခဲ့လေ”

ထိုအမျိုးသားမှာ လက်ညှိုးထိုးထားဆဲဖြစ်သော်လည်း မလှုပ်မယှက် ရှိနေသည်။ နောက်က အမျိုးသမီးက သူ့ကို လှမ်းဆွဲသည် ။

“မလုပ်နဲ့ဦး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့....”

“လာပါဆို!”

ချန်ကျန့် အသံမြှင့်ပြီး ဆိုလိုက်သည်။ အမျိုးသား၏ မျက်နှာမှာ တုန်ယင်နေသော်လည်း အနားသို့ မကပ်ရဲပါဘူး။

“မလာဘူး မဟုတ်လား” ချန်ကျန့် ထိုသူ၏ လက်ကို ကြည့်ရင်း ဆိုသည် ။

“မလာဘူးဆိုရင်လည်း အဲ့ဒီလက်ကို ချလိုက်စမ်းပါ။ နောက်တစ်ခါ ထပ်ထိုးပြရင်တော့ ငါ့အလှည့် ဖြစ်သွားလိမ့်မယ်”

အမျိုးသားမှာ မဲ့ကာရွဲ့ကာဖြင့် ရှိနေစဉ်၊ နောက်က အမျိုးသမီးက ထပ်မံ ဆွဲလိုက်သဖြင့် သူ လက်ကို ပြန်ချလိုက်သည် ။

“မင်းတို့က ဗီဒီယိုရိုက်ပြီး ငါ့ကို လာရန်စနေတာ မဟုတ်လား”

“ရပါတယ်၊ ဗီဒီယို ပိတ်လိုက်လို့ ရတယ်လေ”

ချန်ကျန့်က ဆိုသည် ။

“ငါတို့ ရန်ဖြစ်တာက သက်သက် ကိစ္စပဲ”

*...မန်နေဂျာရာ၊ ဘာတွေ ပြောနေတာလဲ။*

ပဋိပက္ခကို ပိုကြီးအောင် လုပ်နေတာလား မန်နေဂျာ။

*ဘော့စ်ရဲ့ အလုပ်ကို လာပြီး မလုပါနဲ့ဦး!*

“မောင်လေး....”

၂၀၈ က ချန်ကျန့်၏ ပုခုံးကို အနောက်မှနေ၍ အသာအယာ ပုတ်လိုက်သည် ။

“သွားကြစို့၊ ငါ ဗီဒီယို ရလိုက်ပါပြီ”

ချန်ကျန့် ထိုအမျိုးသားကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း ပြန်လှည့်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ရဲ့ အလုပ်ကို လုမိသွားပြီဆိုတော့လည်း အဆုံးအထိပဲပေါ့။

“မင်းတို့ လုံခြုံရေးက ဘယ်လိုတွေ လုပ်နေကြတာလဲ”

ဆန်းပင်း ဆွီယွမ်၏ ဧည့်ကြိုကောင်တာမှာ ကြောင်ကြည့်နေကြတဲ့ ဝန်ထမ်းနှစ်ယောက်ကို ဆူပူဖို့ မမေ့ပါဘူး။

“ကိုယ့်ဝင်းထဲမှာ ဧည့်သည်က လူကို ရိုက်တော့မလို့ ဖြစ်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေကြတာလား”

“သွားကြစို့”

ဟူဖန် ဆန်းပင်းကို တွန်းထုတ်လိုက်သည်။ သူတို့တစ်စု ဝင်းတံခါးအပြင်သို့ အတူတူ ထွက်လာခဲ့ကြသည်။

“ကျေးဇူးပါပဲ”

တာယွင်၏ ပန်းခြံထဲသို့ ပြန်ရောက်သည့်အခါ ၂၀၈ က ချန်ကျန့်ကို ကြည့်ကာ ဆိုသည်။

“မင်းတို့ လိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“အစ်မက တစ်ယောက်တည်း ဖြစ်နေတာကိုး၊ မိန်းကလေးလည်း ဖြစ်နေတော့… ကျွန်မတို့ မန်နေဂျာက အစ်မ အသားနာမှာ စိုးလို့ပါ”

“ငါ အသားနာခဲ့တာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ”

၂၀၈ က သက်ပြင်းချသည် ။

“ဒါပေမဲ့ သူသာ တကယ် ရိုက်ရဲရင်တော့ ငါလည်း ပြန်ချမှာပါပဲ”

“မတန်ပါဘူး အစ်မရာ”

ဆန်းပင်းက ဝင်ပြောသည် ။

“အစ်မက ချမ်းသာပြီး လှလည်း လှတာပဲဟာ၊ အဲ့ဒီလို လူမျိုးအတွက်နဲ့တော့ အသားမနာပါနဲ့”

၂၀၈ က ပြုံးလျက် အထဲသို့ ဝင်သွားတော့သည်။

“ချန်ကျန့်”

ဆန်းပင်း ၂၀၈ ထွက်သွားတာကို ခဏ စောင့်ကြည့်ပြီးမှ ချန်ကျန့်ဘက်သို့ လှည့်ကြည့်သည် ။

“မင်း ဒီနေ့ အဆင်ပြေရဲ့လား”

“ဟင်?”

ချန်ကျန့် သူ့ကို တစ်ချက် ကြည့်လိုက်သည်။

“မင်း တကယ် ရန်ဖြစ်တော့မလို့ ထင်နေတာ”

“ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ”

“ရှင် စကားပြောပုံကတော့ တကယ်ကို ရန်တွေ့ချင်နေတဲ့ ပုံစံကြီးလေ”

ဟူဖန် သူမ၏ ရင်ဘတ်ကို ပုတ်ကာ ဆိုသည် ။

“ကျွန်မတောင် အင်္ကျီလက်ကို မပြီး ဝင်ချတော့မလို့၊ ဘော့စ်ရှန်က မင်းကိုယ်ထဲ ပူးဝင်နေပြီလို့တောင် ထင်သွားမိတယ်”

ချန်ကျန့် ပြုံးလျက် နောက်ဖေးဝင်းဘက်သို့ လျှောက်သွားသည်။

“အလုပ်သွားလုပ်တော့မယ်၊ လမ်းလျှောက်ဦးမလို့”

သူသည် ဒန်းပေါ်တွင် သွားထိုင်ချင်သော်လည်း၊ ထိုနေရာတွင် ဧည့်သည်နှစ်ယောက် ကော်ဖီသောက်ရင်း စကားပြောနေသဖြင့် ပန်းခြံထောင့် တစ်နေရာတွင်သာ ထိုင်နေလိုက်ရသည်။

သူ၏ ဖုန်းထဲတွင် စာအသစ်အချို့ ဝင်နေလေသည်။

အတန်းဖော်တွေဆီက စာအချို့၊ အရင်က အချိန်ပိုင်း အလုပ်အတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေဆီက စာအချို့ပေါ့၊ ဒါပေမဲ့ ရှန်ယွီဆီကတော့ စာတစ်စောင်မှ မပါပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အပြင်ထွက်နေတဲ့ ဘော့စ်က မန်နေဂျာဆီကို စာပို့စရာ အကြောင်းရင်း မရှိဘူးဆိုတာ သိသော်လည်း၊ သူကိုယ်တိုင်ပင်လျှင် ဖုန်းကို ခဏခဏ ထုတ်စစ်နေမိသည်။

ဘော့စ်က မန်နေဂျာဆီကို စာပို့စရာ အကြောင်းရင်း မရှိပါဘူး။ ဒါပေမဲ့ ရှန်ယွီက ချန်ကျန့်ဆီကို စာပို့စရာ အကြောင်းရင်းကော မရှိနိုင်ဘူးလား။ ချန်ကျန့် ခဏမျှ ကြောင်အသွားပြီးမှ၊ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်၊ ရုတ်တရက် အနည်းငယ် ထိတ်လန့်သလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

***

“သူကတော့ ကြောက်နေမှာပေါ့!”

တာ့ခန်းက မဲ့ကာရွဲ့ကာဖြင့် ဆိုသည် ။

“ငါတို့ သူ့ကို အကြာကြီး လိုက်ရှာတာတောင် ထွက်မလာဘူးလေ။ အခုမှပဲ လာတွေ့ဖို့ သိတော့တယ်၊ တောက်!”

“မင်း ဘာလုပ်လိုက်တာလဲ”

ရှန်ယွီ ယွဲ့လန်ကို ကြည့်ကာ မေးသည်။

ချန်းယွီကတော့ ပုန်းနေတာ ကြာလှပါပြီ။ ရှန်ယွီက လူလွှတ်ပြီး စာပို့ခိုင်းသော်လည်း၊ သူကတော့ သေချင်ယောင်ဆောင်ပြီး ထွက်မလာခဲ့ပါဘူး။ အခု ရှန်ယွီ မြို့ငယ်လေးကို ပြန်ဖို့ ပြင်နေမှ၊ သူက ယွဲ့လန်ကတစ်ဆင့် တွေ့ဆုံဖို့ ဆက်သွယ်လာခြင်း ဖြစ်သည်။

“ငါ မနေ့က သူ့ဆီ ဓာတ်ပုံတစ်ပုံ ပို့လိုက်တာလေ”

ယွဲ့လန်က ဆိုသည်။

“ဘာပုံလဲ”

ယွဲ့လန် သူ၏ ဖုန်းကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ရှန်ယွီ ကြည့်လိုက်သည့်အခါ ဖန်းရွှီ ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး၊ တစ်ကိုယ်လုံး သွေးတွေ ပေကျံနေတဲ့ ပုံဖြစ်လေသည်။ ဖန်းရွှီ၏ မျက်နှာပေါ်တွင်တော့ နှလုံးသားပုံ စတစ်ကာလေး တစ်ခုကို သေသေချာချာ ကပ်ပေးထားသေးသည်။

“ကြည့်စမ်း၊ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ၊ သွေးတွေနဲ့လေ”

ယွဲ့လန်က ဆိုသည်။

“သူသာ အမြန် ထွက်မလာရင်၊ ရှန်ယွီ သူ့ကို ရှာတွေ့တဲ့အခါ သူလည်း ဒီအတိုင်း ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်တာပေါ့”

“ငါ့မှာ နေရာတကာမှာ သုတ်ဖို့ သွေးတွေ အဲ့ဒီလောက် အများကြီး မရှိပါဘူး”

ယွဲ့လန် ရယ်မောလိုက်သည် ။

“နောက်ထပ် တစ်ရက်လောက် ထပ်နေလိုက်ပါဦး၊ ဒါကိုပါ တစ်ခါတည်း ရှင်းခဲ့ပေါ့။ ပိုက်ဆံရရင် ယူ၊ မရရင်လည်း အကြွေးမှတ်တမ်း ရေးခိုင်းလိုက်လေ”

“အိုကေ”

ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါမှ နောက်ကျရင် ဒီကို ထပ်လာစရာ မလိုတော့မှာပေါ့”

ယွဲ့လန် သူ့ကို စိုက်ကြည့်ကာ ဆိုသည်။

“လွမ်းဆွတ်မှုတွေနဲ့ နာကျင်မှုတွေကို ထပ်ပြီး မခံစားရတော့ဘူးပေါ့လေ”

ရှန်ယွီ မဲ့ကာရွဲ့ကာဖြင့် ဟွန့် ဟူသော အသံထွက်လာလေတော့သည်။

_____________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...