အပိုင်း (၄၆)
လွန်ခဲ့သော နှစ်ရက်အတွင်း ရှန်ယွီ တစ်ယောက် ကောင်းကောင်း အိပ်မပျော်ခဲ့ပါ။ ပထမအချက်မှာ နေရာသစ်တွင် အိပ်ရခက်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ယွဲ့လန်တို့နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ စကားပြောစရာများ များပြားနေသောကြောင့် ဖြစ်သည်။ ရှေးယခင်ကကဲ့သို့ပင် ညစာစားပြီးသည့်နောက်တွင် အားလုံး ဟိုတယ်သို့ပြန်ကာ ကုတင်နှင့် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း သောက်စားကာ စကားစမြည် ပြောဖြစ်ကြသည်။
“မင်းကတော့ ဒီမြို့ငယ်လေးမှာပဲ အခြေချတော့မှာပေါ့....”
ရှောင်လုက ဆိုဖာပေါ် မှီထိုင်ရင်း မျက်မှောင်ကြုတ်ကာ ဆိုသည်။ ကုတင်ပေါ်တွင် လှဲနေသော ယွဲ့လန်က သူ့ကို လက်ညှိုးထိုးလျက် လှမ်းဟန့်သည်။
“ဟေး.... သူ့ကို အဲ့ဒီလိုမျိုး အဝေးကို နှင်မထုတ်စမ်းပါနဲ့။ ဒီကောင်က မင်းပြောတဲ့အတိုင်း တကယ်ကြီး ပြန်မလာဘဲ နေသွားလိမ့်မယ်”
“ခဏတော့ နေရဦးမှာပါ။ ဆိုင်က အခုမှ ဖွင့်ခါစလေ။ ပြီးခဲ့တဲ့ အားလပ်ရက်တုန်းကတော့ စီးပွားရေး မဆိုးပါဘူး။ မကြာခင် နှင်းတွေကျလာရင်တော့ ပိုပြီး အလုပ်များလာမှာ သေချာတယ်”
ရှန်ယွီက ကုတင်ဘေးရှိ ကုလားထိုင်တွင် ထိုင်ကာ ဘီယာဘူးကို ညှစ်ရင်း ပြန်ဖြေသည်။
“ဒါဆို နှစ်သစ်ကူးအထိ အလုပ်များနေဦးမှာပေါ့ ဟုတ်လား”
တာ့ခန်း၏ အမေးကို ရှန်ယွီက ခေတ္တစဉ်းစားပြီးမှ ခေါင်းညိတ်ပြသည်။ ယွဲ့လန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“နှစ်သစ်ကူးရင် အိမ်ပြန်မှာလား”
ရှန်ယွီ မျက်နှာလွှဲလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်က ညရှုခင်းကိုသာ ငေးကြည့်နေမိသည်။ ဤဟိုတယ်မှာ သူ၏အိမ်နှင့် မနီးလှသော်လည်း အထပ် ၄၀ ကျော်မှနေ၍ လှမ်းကြည့်လျှင် သူ၏အိမ်တည်ရှိရာ ရပ်ကွက်ကို မြင်နေရဆဲ…
“ပြန်လာဖြစ်ရင်လည်း ကြိုပြောဦးနော်။ တကယ်လို့ ငါတို့ ဇနီးမောင်နှံ နှစ်သစ်ကူးမှာ သွားစရာ မရှိရင် မင်းဆီမှာပဲ လာပြီး ပွဲလုပ်ကြမယ်”
ယွဲ့လန်၏ စကားကို ရှောင်လုကလည်း ထောက်ခံသည်။
“ငါတို့လည်း လိုက်မှာနော်”
ရှန်ယွီ သူတို့နှစ်ယောက်ကို ကြည့်ပြီး ခေတ္တမျှ တိတ်ဆိတ်နေသည်။
“မကြိုဆိုဘူးလား”
ရှောင်လုက ပြန်မေးသည်။
“ငါ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား။ ငါတို့တွေ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေး နေကြရအောင်လို့။ မင်းတို့လည်း မင်းတို့ လုပ်စရာရှိတာပဲ လုပ်ကြပါ....”
“ဒါဆို လန်ကောကျတော့ ဘာလို့ အေးအေးဆေးဆေး နေစရာ မလိုတာလဲ”
ရှောင်လုက မကျေမနပ်နှင့် မျက်မှောင်ကြုတ်ကာ မေးသည်။ ယွဲ့လန်က ကြားထဲက ဝင်ပြောသည်။
“ငါလည်း ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေး နေလာတာ နှစ်တွေ ကြာပါပြီကွာ”
“သူက မင်းတို့နဲ့ မတူဘူးလေ။ သူက မြေခွေးအိုကြီးပဲ၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်မယ့်လူမျိုး မဟုတ်ဘူး။ မင်းတို့က ငယ်သေးတယ်လေ။ ပြဿနာ တက်မယ်လို့ ဆိုလိုတာ မဟုတ်ပေမဲ့ အလှမ်းဝေးဝေးမှာ နေတာက အားလုံးအတွက် အကောင်းဆုံးပဲ”
“ဒါဆို ငါတို့ကို သူငယ်ချင်းလို့တောင် မသတ်မှတ်တော့ဘူးပေါ့”
တာ့ခန်းက ဒေါသတကြီးနှင့် ထရပ်ကာ အခန်းပြင်သို့ ထွက်သွားတော့သည်။ သူတို့တွေ နှစ်ပေါင်းများစွာ အတူဖြတ်သန်းခဲ့ကြတာကို အခုလို ဆက်ဆံခံရသည့်အပေါ် သူ ခံပြင်းနေပုံရသည်။ ယွဲ့လန်က ရှောင်လုကို အမြန် အချက်ပြလိုက်သည်။
“တောက်! ဒီကောင်ကတော့.... မင်း မြန်မြန် သူ့နောက်ကို လိုက်သွားစမ်းပါ”
ရှောင်လု သက်ပြင်းချရင်း ထွက်သွားသည်။ ယွဲ့လန်က ရှန်ယွီကို ကြည့်ကာ ဆိုသည်။
“ဒီလို စကားမျိုးတွေ နောက်ဆို မပြောပါနဲ့တော့။ သူတို့နှစ်ယောက်က မင်းကို အစ်ကိုအရင်းလို အားကိုးကြတာလေ”
ရှန်ယွီ ဘီယာကို အကုန်မော့သောက်လိုက်ပြီး ဘူးခွံကို ညှစ်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
“ငါကတော့ အဲ့ဒီလိုမျိုး စည်းတွေ တားမနေချင်ပါဘူး။ တစ်နေ့နေ့ မင်းပါ ငါနဲ့ စည်းတားသွားမှာ စိုးရိမ်နေတာ”
ယွဲ့လန်၏ စကားကို ရှန်ယွီက ငြင်းဆိုသည်။
“မတားပါဘူး။ သူတို့နဲ့လည်း မတားပါဘူး။ သူတို့တွေ ပြဿနာတွေနဲ့ ဝေးဝေးမှာ ရှိနေစေချင်ရုံတင်ပါ”
“သူတို့ အခု အလုပ်တွေမှာ အဆင်ပြေနေကြပါပြီ။ ငါလည်း စောင့်ကြည့်ပေးနေတာပဲကို”
ယွဲ့လန်က ပြန်ချော့သည်။ ရှန်ယွီက ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သည်။
“မင်း မင်္ဂလာဆောင်တုန်းက ငါ့ကိုတောင် မဖိတ်ဘူးနော်”
“ဟင်.... မင်းကတော့လေ! ငါ မင်္ဂလာဆောင်တုန်းက မင်း ဘယ်မှာ ရောက်နေလို့လဲ!”
ယွဲ့လန်၏ အော်သံကြောင့် ရှန်ယွီ ပြုံးလိုက်မိသည်။
“ငါ့အတွက် လက်ဖွဲ့ငွေကော ဘယ်တော့ ပေးမှာလဲ။ ကဲ.... ဒီမှာ မုန့်စားလိုက်ဦး”
ယွဲ့လန်က စားပွဲပေါ်က မုန့်ကို ကမ်းပေးသည်။
“စောစော နားလိုက်ပါဦး။ မနက်ဖြန် ချန်းယွီနဲ့ ထမင်းစားပြီးရင် ကားစီးရဦးမှာ မဟုတ်လား”
ရှန်ယွီ ရေချိုးရန် ပြင်သည်။ ခြေထောက်က ရေစိုခံနိုင်ပြီ ဖြစ်သော်လည်း ညာဘက်လက်ကတော့ ဒဏ်ရာကြောင့် အပေါ်သို့ မြှောက်ထားရဆဲပင်။ ကျောင်းတုန်းက အိမ်သာသွားချင်လို့ လက်မြှောက်တာကလွဲရင် အခုလိုမျိုး အလေးအနက် လက်မြှောက်ထားဖူးတာ ဒါ ပထမဆုံးပင် ဖြစ်သည်။
ရေချိုးပြီးနောက် ဖုန်းကို ကြည့်လိုက်သော်လည်း ဘာသတင်းမှ မရှိချေ။ ယွဲ့လန်က ကုတင်ပေါ်ကနေ လှမ်းစသည်။
“ဖုန်းမလာဘူး မဟုတ်လား”
ရှန်ယွီ ဘာမှပြန်မပြောဘဲ ကုတင်ပေါ် လှဲချလိုက်သည်။
“ဟိုကောင်လေးအပေါ် မင်း ဘယ်လို သဘောထားလဲ။ သူကော မင်းကို အဲ့ဒီလိုမျိုး စဉ်းစားဖူးရဲ့လား”
“မင်းကတော့ တော်တော် စိတ်ပူတတ်တာပဲ”
“မင်းက အသက် ခြောက်နှစ်ပဲ ရှိသေးတာလေ။ ဒီကိစ္စတွေကို အစကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားတာ ပိုကောင်းတယ်နော်”
ယွဲ့လန်၏ စကားကို ရှန်ယွီက အတည်ပြုသည်။
“ငါ ရှင်းပြပြီးပါပြီ”
“သူ့ဘက်က ဘယ်လိုတုံ့ပြန်လဲ”
ရှန်ယွီ ပြန်မတွေးချင်သော အမှတ်တရတစ်ခုကို သတိရသွားသည်။
“သူ ငါ့ကို ပါးရိုက်တယ်လေ”
ယွဲ့လန် ကုတင်ပေါ်မှာ ဝုန်းခနဲ ထထိုင်သည်။
“ဟားဟား! တကယ်ကြီးလား။ မင်း ဘယ်လိုများ ပြောလိုက်လို့လဲ”
ရှန်ယွီ ဘာမှပြန်မပြောဘဲ မျက်လုံးမှိတ်ထားလိုက်သည်။
“ဒါဆို သူ အလုပ်ထွက်မသွားဘူးလား။ အခုထိ ရှိနေတုန်းလား”
ရှန်ယွီက ခေါင်းညိတ်ပြသည်။
“ဒါဆိုရင်တော့ အခွင့်အရေး ရှိပါသေးတယ်”
ယွဲ့လန်၏ စကားကြောင့် ရှန်ယွီ သက်ပြင်းချလိုက်မိသည်။ ယွဲ့လန်ကတော့ အားရပါးရ ရယ်မောနေဆဲပင်။
“မင်း ဘယ်လောက်တောင် သောက်ထားလို့လဲ။ မင်းမိန်းမ စိတ်ညစ်မှာလည်း မပြောနဲ့တော့”
“သူက ဒါမျိုးဆို စိတ်မဆိုးပါဘူး။ ဒါကိုသာ သိရင် သူလည်း တစ်နေကုန် ထိုင်ရယ်နေမှာ သေချာတယ်”
ရှန်ယွီ ဘာမှပြန်မပြောတော့ဘဲ အိပ်စက်ရန်သာ ကြိုးစားတော့သည်။
နောက်တစ်နေ့ မနက်တွင် ရှန်ယွီ နိုးလာသည့်အခါ ရှောင်လုနှင့် တာ့ခန်းတို့ ရောက်နေကြပြီ ဖြစ်သည်။ သူတို့တွေ ဟိုတယ်ကနေ ချန်းယွီနှင့် ချိန်းထားသော စားသောက်ဆိုင်သို့ သွားကြသည်။ ချန်းယွီက ဆိုင်ရှေ့တွင် ကြိုစောင့်နေလေသည်။
“မတွေ့တာ ကြာပြီနော် ရှောင်ယွီ”
“မင်းကတော့ ငါ့ကို နောက်တစ်ခါ ထပ်မတွေ့ရဖို့ပဲ ဆုတောင်းနေမှာပါ”
ရှန်ယွီ၏ စကားကြောင့် ချန်းယွီက ဟန်ဆောင်ပြုံးလိုက်သည်။ သူတို့တွေ ဆိုင်ထဲက သီးသန့်အခန်းထဲသို့ ဝင်ခဲ့ကြသည်။ အခြေအနေက ချက်ချင်း တင်းမာသွားသည်။ ရှန်ယွီက အဓိကနေရာတွင် ထိုင်လိုက်ပြီး ချန်းယွီကို ဘေးက ကုလားထိုင်တွင် ထိုင်ခိုင်းလိုက်သည်။
ယွဲ့လန်က စာရွက်တစ်ရွက်ကို ထုတ်ပြသည်။
“ဘော့စ်ချျန်း.... အကြွေးစာရင်းနဲ့ တည်းခိုခန်းရဲ့ တန်ဖိုးကို ကြည့်လိုက်ပါဦး”
ချန်းယွီ ထိုစာရွက်ကို သေသေချာချာ ဖတ်နေသည်။ သူ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ရှန်ယွီသာ ထိုတည်းခိုခန်းကို လွှဲမယူလျှင် သူ ဘယ်သူ့ဆီကိုမှ ရောင်းလို့ရမှာ မဟုတ်မှန်း သူ သိထားပြီးသား ဖြစ်သည်။
“အခုလောလောဆယ် ကျွန်တော့်မှာ ပိုက်ဆံ အဲ့ဒီလောက် မရှိသေးလို့ပါ....”
ချန်းယွီက ဆင်ခြေပေးရန် ကြိုးစားသည်။ ယွဲ့လန်က နောက်ထပ် စာရွက်တစ်ရွက် ထပ်ထုတ်သည်။
“ဒါဆိုလည်း အကြွေးမှတ်တမ်းမှာ လက်မှတ်ထိုးလိုက်ပေါ့။ ဒီနေ့ ပေးနိုင်သလောက်ကိုတော့ နှုတ်ပေးမယ်”
“ချန်တာဟူကို ပေးဖို့ရှိတဲ့ တစ်သိန်း၊ မီးခိုးခ၊ ဝန်ထမ်းလစာနဲ့ ပြုပြင်စရိတ်တွေ အားလုံးပေါင်း နှစ်သိန်းပေါ့”
ရှန်ယွီ၏ စကားကြောင့် ချန်းယွီ အော်ဟစ်လိုက်သည်။
“ချန်တာဟူကို တစ်သိန်းတောင် ပေးစရာ မလိုပါဘူး!”
ရှန်ယွီ ဘာမှမပြောဘဲ ချန်းယွီ၏ ခေါင်းကို ဆွဲကာ စားပွဲပေါ်သို့ ဝုန်းခနဲ ဆောင့်ချလိုက်သည်။ စားပွဲပေါ်က ခွက်များပင် လွင့်စင်ကုန်ကြသည်။
“ကောင်းကောင်း စကားပြောလို့ မရဘူးလား!”
ချန်းယွီ နှာခေါင်းကို အုပ်ရင်း ငိုမဲ့မဲ့နှင့် ဆိုသည်။
“မရဘူး။ ငါ အလျင်လိုနေတယ်”
ရှန်ယွီက တည်ငြိမ်စွာ ဆိုသည်။ သူ အားအများကြီး မသုံးခဲ့ပါဘူး။ ဒါပေမဲ့ ချန်းယွီ၏ နှာခေါင်းမှ သွေးများ ထွက်လာခဲ့သည်။ ရှန်ယွီက တစ်ရှူးကမ်းပေးလိုက်သည်။ နောက်ဆုံးတွင်တော့ ချန်းယွီ လက်မှတ်ထိုးလိုက်ရလေသည်။
အကြွေးမှတ်တမ်းနှင့် ပိုက်ဆံကိစ္စ ပြတ်သွားသည့်နောက်တွင် ရှန်ယွီသည် မြို့ငယ်လေးသို့ ပြန်ရန် ကားဂိတ်သို့ ထွက်လာခဲ့သည်။ အပြန်လမ်းမှာတော့ တကယ့်ကို ပင်ပန်းလှသည်။ သူ မြို့ငယ်လေးသို့ ရောက်သည့်အခါ ချန်ကျန့်ကို ဖုန်းဆက်သော်လည်း မကိုင်ချေ။ တည်းခိုခန်းသို့ ဖုန်းဆက်ကြည့်သည့်အခါမှ ချန်ကျန့် ခွင့်ယူထားကြောင်း သိလိုက်ရသည်။
“သူ ဘယ်သွားတာလဲ”
“မပြောသွားဘူး ဘော့စ်။ မနေ့ညက ရွာကို ပြန်သွားတာ”
ဟူဖန်၏ စကားကြောင့် ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ သူ၏ လက်ဒဏ်ရာကို လူတိုင်းက အံ့သြနေကြသည်။
“ဖန်စထိတာပါ။ ဘာမှ မဖြစ်ပါဘူး”
ရှန်ယွီ ရုံးခန်းထဲတွင် ခေတ္တနားပြီးနောက် ချန်ကျန့်ဆီ ဖုန်းထပ်ခေါ်သော်လည်း စက်ပိတ်ထားလေသည်။ သူ စိတ်မအေးနိုင်ဘဲ ဆိုင်ကယ်တစ်စီးဖြင့် ရွာဘက်သို့ ထွက်လာခဲ့သည်။ ရွာထဲက ရှောင်သိုအာတို့ အိမ်သို့ သူ ရောက်သွားသည်။
“အဖိုးတို့ အဖွားတို့ကော”
“အဖွားက အိပ်နေတယ်။ အဖိုးက ဖဲဝိုင်း သွားကြည့်တယ်”
ရှောင်သိုအာ က ခြံထဲတွင် ပုံဆွဲရင်း ပြန်ဖြေသည်။
“ချန်ကျန့်ကော”
“သူက သူ့ရဲ့ မေမေကြီးဆီ သွားတယ်လေ။ ခဏနေရင် ပြန်လာလိမ့်မယ်”
ချန်ကျန့်မှာ မေမေကြီး ရှိသေးတာလား။ ရှန်ယွီ ခြံထဲတွင် ထိုင်စောင့်နေမိသည်။ ခဏအကြာတွင် ဆိုင်ကယ်သံ ကြားလိုက်ရသဖြင့် သူ အပြင်သို့ ထွက်လာခဲ့သည်။ ဆိုင်ကယ်မီးရောင်က သူ့ကို လာရိုက်သည့်အခါ ဆိုင်ကယ်မှာ ချက်ချင်း အရှိန်လျော့သွားသည်။ ချန်ကျန့် ဆိုင်ကယ်ပေါ်ကနေ ဆင်းလာပြီး အံ့သြတကြီး မေးသည်။
“ရှန်ယွီ?”
“မင်းက ညဘက် မျက်စိ မမြင်ဘူးလား”
ရှန်ယွီ၏ စကားကြောင့် ချန်ကျန့် အနားသို့ အမြန်လျှောက်လာသည်။
“လက်က ဘာဖြစ်တာလဲ”
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ချန်ကျန့်ကလည်း တိတ်ဆိတ်သွားသည်။ သူ၏ အကြည့်များက ရှန်ယွီ၏ လက်မှတစ်ဆင့် မျက်နှာဆီသို့ ရောက်ရှိလာသည်။ ညလေက တိုက်ခတ်နေပြီး ချန်ကျန့်၏ နဖူးပေါ်က ဆံပင်များက လှုပ်ခါနေလေသည်။ ပတ်ဝန်းကျင်မှာ အလွန်ပင် တိတ်ဆိတ်နေသည်။ အဝေးက မြစ်ရေစီးသံနှင့် ချန်ကျန့်၏ အသက်ရှူသံကိုသာ ကြားနေရသည်။
ရှန်ယွီ ခေတ္တမျှ ငြိမ်သက်နေပြီးမှ သူ၏ လက်မောင်းကို မြှောက်ကာ ချန်ကျန့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေတော့သည်။
__________________________________________________________________
Comments
Post a Comment