Skip to main content

47



အပိုင်း (၄၇)


သူ့ကို ဖက်လိုက်သည့်အခိုက်အတန့်တွင် သူတို့နှစ်ဦး၏ နားရွက်ဖျားချင်း အသာအယာ ထိတွေ့သွားသည်။

ထိုမျှမသိမသာသော ထိတွေ့မှုလေးအတွင်းမှာတင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသော အသံအားလုံး ပျောက်ကွယ်သွားတော့သည်။ မြစ်ရေစီးသံ၊ လေတိုက်သံ၊ ညဉ့်ပိုးကောင်လေးများ၏ အော်သံနှင့် ချန်ကျန့်၏ အသက်ရှူသံအဆုံး အရာအားလုံးမှာ သူ့ကို ဖက်လိုက်သည့်အချိန်မှာတင် ပျောက်ဆုံးသွားခဲ့သည်။ သို့သော် ခဏအကြာမှာပင် အသံတစ်ခုက ထိုတိတ်ဆိတ်မှုကြားမှ ပြန်လည်ရောက်ရှိလာပြီး သူ့နားနားကို အသာအယာ ဖြတ်သန်းသွားသည်။

၎င်းမှာ ချန်ကျန့်၏ အသက်ရှူသံပင် ဖြစ်သည်။

စက္ကန့်နှစ်ဆယ်ခန့်အထိ ထိုအသက်ရှူသံမှလွဲ၍ ရှန်ယွီ ဘာကိုမျှ မကြားရတော့ချေ။ သူ မလှုပ်ရှားမိသလို၊ ချန်ကျန့်ကိုလည်း လွှတ်မပေးမိပါ၊ စကားလည်း မပြောမိချေ။ အချိန်အတော်ကြာသွားပြီဟု ထင်ရသော်လည်း စက္ကန့်အနည်းငယ်သာ ရှိသေးသလိုမျိုးလည်း ခံစားရသည်။ ရှန်ယွီ ခေါင်းကို အနည်းငယ် စောင်းလိုက်သည့်အခါ ချန်ကျန့်၏ နားရွက်ဖျားကို ထပ်မံ ထိမိသွားပြန်သည်။ တုန်တုန်ယင်ယင်ဖြစ်လောက်အောင် အေးစက်နေသော ဤညလေထဲတွင် ချန်ကျန့်၏ နားရွက်ဖျားလေးများမှာ ပူလောင်နေလေသည်။

ရှန်ယွီ ဖက်ထားသော လက်များကို အနည်းငယ် လျှော့လိုက်သည်။ မျက်နှာချင်းဆိုင် ဖက်ထားသော ဤအနေအထားတွင် ချန်ကျန့်က သူ့ကို ပါးရိုက်၍ မရနိုင်သော်လည်း၊ တံတောင်နှင့် တွန်းခြင်း၊ ဒူးနှင့် တိုက်ခြင်း သို့မဟုတ် ခေါင်းနှင့် ဆောင့်ခြင်းမျိုးတော့ လုပ်နိုင်သည် မဟုတ်လား။

သူ လွှတ်ပေးပြီး နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် ချန်ကျန့်က လှုပ်ရှားလာသည်။ ချန်ကျန့်၏ လက်မောင်းများ မြင့်တက်လာပြီး ရှန်ယွီ၏ နောက်ကျောကို ပြန်လည် ဖက်တွယ်လိုက်တော့သည်။ ဆေးရုံတုန်းက မျက်လုံးကို အလိုက်သင့် လှမ်းအုပ်ပေးခဲ့သလိုမျိုး မဟုတ်ဘဲ၊ ဤဖက်ထားမှုမှာ ခိုင်မြဲလှသည်။ အစပိုင်းတွင် အသာအယာ ဖက်လိုက်ပြီး၊ ခေတ္တမျှ တုံ့ဆိုင်းသွားကာမှ ပို၍ တင်းတင်းကျပ်ကျပ် ဖက်လိုက်ခြင်း ဖြစ်သည်။ ရှန်ယွီမှာ နောက်ဆုတ်ရန် ပြင်နေသော သူ၏ လက်မောင်းများကို လေထဲမှာတင် တောင့်ထားလိုက်မိသည်။ သူ၏ ကိုယ်နေဟန်ထား တစ်ခုခုကြောင့် ချန်ကျန့် လန့်ပြီး လွှတ်သွားမှာကို သူ စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။

“လက်က ဘယ်လိုဖြစ်တာလဲ”

ချန်ကျန့်၏ အသံမှာ တိုးလွန်းလှသော်လည်း ရှန်ယွီ၏ နားနားမှာတင် ရှိနေသည်။

“ဘာမှ မဟုတ်ပါဘူး။ ပြန်ရောက်မှ ပြောပြမယ်”

“အင်း”

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင် ချန်ကျန့်က သူ၏ လက်မောင်းများကို လွှတ်ပေးလိုက်သည်။ ရှန်ယွီလည်း လိုက်ပြီး လွှတ်ပေးလိုက်သည်။ စိတ်လျှော့လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ကျောကုန်းမှာ နာကျင်နေမှန်း သိလိုက်ရသည်။

“မင်း... ဘယ်တုန်းက ပြန်ရောက်တာလဲ”

ချန်ကျန့်က သူ့ကို ကြည့်ကာ မေးသည်။

“မိနစ်နှစ်ဆယ်လောက် ရှိပြီ”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ဆိုင်ကယ်ရှိရာသို့ လျှောက်သွားရင်း ။

“ထမင်း စားပြီးပြီလား”

“မစားရသေးဘူး”

ချန်ကျန့် ခြေလှမ်းရပ်ကာ နောက်သို့ လှည့်ကြည့်သည်။

“ဘာလို့... အရင်မစားတာလဲ”

“မင်းကော အကြွေးဆပ်ဖို့အတွက် ဖုန်းကို ရောင်းလိုက်ပြီလား”

ရှန်ယွီက မေးလိုက်သည့်အခါ ချန်ကျန့် ရပ်လိုက်ပြီး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်သည်။ မျက်နှာပြင် လင်းလာပြီးနောက် စက္ကန့်အနည်းငယ် ကြာသည့်အခါ ပြန်မှောင်သွားပြန်သည်။

“လိုင်းမမိလို့ပါ။ ပြန်ပိတ်ပြီး ဖွင့်လိုက်ဦးမယ်”

ချန်ကျန့် ဖုန်းကို ငုံ့ကြည့်ရင်း

“ဒီဖုန်းက ဟောင်းနေပြီလေ။ တစ်ခါတစ်လေ လိုင်းရှိရင်တောင် ချိတ်လို့မရဘူး။ ပြန်ဖွင့်မှ ရတာ” ဟု ရှင်းပြသည်။

ရှန်ယွီ ဘာမှမပြောဘဲ ချန်ကျန့် ဖုန်းပြန်ပွင့်လာသည်အထိ တိတ်ဆိတ်စွာ စောင့်နေပေးသည်။ ခဏအကြာတွင် ဖုန်းမျက်နှာပြင် ပြန်လင်းလာပြီးနောက် နိုတီအသံတွေ တစီစီ ထွက်ပေါ်လာတော့သည်။

“အလုပ်တွေ တော်တော် များနေတာပဲ”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် ဘာမှပြန်မပြောဘဲ ဖုန်းကို နှစ်ချက် သုံးချက် နှိပ်လိုက်သည်၊ “Fa Dan Ke Chen” ဆီက စာကို ဖွင့်ကြည့်နေတာ ဖြစ်ရမည်။ ခဏကြည့်ပြီးနောက် သူ ရှန်ယွီဆီ ပြန်လျှောက်လာသည်။

“ကျွန်တော် အဲ့ဒီအချိန်တုန်းက... တောင်ပေါ်မှာလေ။ လိုင်းမရှိလို့ပါ”

“မင်းရဲ့ မေမေကြီးက တောင်ပေါ်မှာ နေတာလား”

“ဗျာ… အဲ့ဒါ ဘယ်သူပြောတာလဲ”

“ငါ့ညီမလေးလေ။ ရှောင်သိုအာ ပြောပြတာ”

ချန်ကျန့် ပြုံးလိုက်ပြီး ခေတ္တစဉ်းစားကာ ခေါင်းညိတ်ပြသည် ။

“အဲ့ဒီလိုလည်း ပြောလို့ ရတာပေါ့”

“အဲ့ဒီလိုလည်း ပြောလို့ရတယ် ဆိုတာ ဘာသဘောလဲ”

ရှန်ယွီက မေးလိုက်သည်။ ချန်ကျန့်၏ အဖြေက သူ၏ မေမေကြီးဆိုသည်မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း သို့မဟုတ် ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း အတည်ပြုပေးနေသလိုပင်…

“မင်းရဲ့ မေမေကြီးက တောင်စောင့်နတ်လား”

ချန်ကျန့် သက်ပြင်းချလိုက်ပြီး ဘာမှ ပြန်မပြောပါဘူး။

“သွားကြစို့”

ရှန်ယွီ ရှောင်သိုအာတို့ ခြံဝင်းတံခါးဆီသို့ လျှောက်သွားသည်။ ဆန်းပင်း၏ ဆိုင်ကယ်မှာ အဝင်ဝတွင် ရပ်ထားဆဲ ဖြစ်သည်။

“မင်းရဲ့ မေမေကြီးဆီကို သွားတွေ့ကြရအောင်”

“မနက်ဖြန်မှပေါ့။ အခု မှောင်နေပြီလေ”

“မင်းက အမှောင်ကြောက်လို့လား”

“မဟုတ်ပါဘူး။ ဆန်းပင်းရဲ့ ဆိုင်ကယ်ကို မင်း စီးလာတာလား”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။

ချန်ကျန့် ဘာမှမပြောဘဲ သူ၏ ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မသိဘဲ ဖြစ်နေသည်။ မမျှော်လင့်ထားသော ရုတ်ရုတ်သဲသဲ အခြေအနေများကြားတွင်၊ ဤရက်ပိုင်းအတွင်း သူ အခံစားရဆုံးသော လုံခြုံမှုမျိုးကို ရှန်ယွီ့ထံမှ ရရှိလိုက်ခြင်း ဖြစ်သည်။ ရှန်ယွီ၏ မျက်နှာကို ဆိုင်ကယ်မီးရောင်က လာရိုက်သည့် အခိုက်အတန့်တွင် အရာအားလုံးမှာ နောက်ဆုံးတော့ ခိုင်မာတည်ငြိမ်စွာ နေရာတကျ ဖြစ်သွားပြီဟု သူ ခံစားလိုက်ရသည်။

“ကျွန်တော် လိုက်ပို့ပေးမယ်။ ရွာက ထွက်သွားရင် မီးမရှိတော့ဘူး။ လမ်းကလည်း စီးရတာ ခက်တယ်”

ရှန်ယွီ လှည့်ပြန်လာခဲ့သည်။ ချန်ကျန့် ဆိုင်ကယ်ပေါ်တက်ကာ လှည့်လိုက်သည့်အခါ ရှန်ယွီက နောက်တွင် ထိုင်လိုက်ပြီး၊ ညာဘက်တံတောင်ကို ချန်ကျန့်၏ ပုခုံးပေါ်တွင် တင်ထားလေသည်။ ပတ်တီးစည်းထားသော လက်မှာ ချန်ကျန့်၏ ရှေ့တည့်တည့်မှာပင် ဖြစ်သည်။

“မြဲမြဲကိုင်ထားနော်”

ရှန်ယွီ၏ ဘယ်ဘက်လက်မှာ ချန်ကျန့်၏ ခါးပေါ်တွင် ရှိနေသည်။ ချန်ကျန့်က ဖက်ထားချင်ရင်လည်း ဖက်ထားလို့ ရကြောင်း ပြောချင်နေမိသည်။ သူ့နောက်မှာ ဆန်းပင်းတို့သာ ဆိုလျှင်တော့ အခုဆို ခါးကို ဖက်ထားကြပြီပေါ့။ လမ်းက တအား ခရုပတ်ဖြစ်ပြီး တစ်ဖက်တည်း ကိုင်ထားလျှင်တော့ ငြိမ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ မပြောဖြစ်ခဲ့ပါဘူး။ ရှန်ယွီက အားကစားခန်းမမှာ အမြဲရှိနေတာဆိုတော့ သူ၏ ခါးအားက သန်မာမှာပေါ့လေ။

သူ လီဗာကို ဆွဲလိုက်ရာ ဆိုင်ကယ်မှာ ဝုန်းခနဲ ထွက်သွားတော့သည်။ ရွာထဲက လမ်းတွေကတော့ အသစ်ခင်းထားသဖြင့် ချောမွေ့သော်လည်း၊ ရွာအပြင်ဘက် ရောက်သည်နှင့် လမ်းမှာ မြေနီလမ်း ဖြစ်သွားပြီး ချိုင့်ခွက်တွေက ဆိုင်ကယ်မီးရောင်အောက်မှာ ပေါ်လာတော့သည်။ ပထမဆုံး ချိုင့်ကို ဖြတ်ကျော်သည့်အခါ ချန်ကျန့် အရှိန်လျှော့လိုက်သော်လည်း ဆိုင်ကယ်မှာ ဆောင့်တက်သွားသည်။

“တောက်!”

ရှန်ယွီ ကိုယ်ကို ယိုင်သွားသဖြင့် ချန်ကျန့်၏ ခါးကို အတင်း ဆွဲညှစ်ထားလိုက်မိသည်။

“ဟေး!”

ချန်ကျန့် နာသွားသဖြင့် ရှန်ယွီ၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ ရှေ့သို့ ဆွဲထုတ်ပေးလိုက်သည်။ ယခုအခါ ရှန်ယွီ၏ လက်မောင်းနှစ်ဖက်စလုံးက ချန်ကျန့်၏ ခါးကို ဖက်ထားလျက်သား ရှိနေလေပြီ။

“ကျန်တဲ့ လမ်းတွေကလည်း ဒီလိုပဲ”

“အင်း”

ချန်ကျန့် ဘာမှထပ်မပြောဘဲ ရှေ့ကလမ်းကိုသာ စိုက်ကြည့်နေတော့သည်။ သူတစ်ယောက်တည်း ဆိုလျှင်တော့ လမ်းဆိုးတာကို သူ ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ရှန်ယွီ၏ ညာဘက်လက်က အဲ့ဒီလို အခြေအနေမျိုးမှာဆိုတော့ အားကိုးလို့ မရဘူးလေ။ လက်တစ်ဖက်တည်းနဲ့သာ ဆိုလျှင်တော့ တစ်ခုခု လွဲချော်တာနဲ့ ဆိုင်ကယ်ပေါ်ကနေ လွင့်ကျသွားနိုင်သည် မဟုတ်လား။

တစ်လမ်းလုံး ရှန်ယွီ ဘာမှမပြောသလို ချန်ကျန့်လည်း တိတ်ဆိတ်နေခဲ့သည်။ ပတ်ဝန်းကျင်မှာ မီးရောင်တွေ မရှိတော့ဘဲ လရောင်ကသာ ငွေရောင်လမ်းကလေးကို ဝေဝါးဝါးလေး အလင်း ပေးထားသည်။ လမ်းခွဲတစ်ခု၏ အဆုံးတွင် ချန်ကျန့် ဆိုင်ကယ်ကို ရပ်လိုက်သည်။

“သိပ်မဝေးတော့ဘူး”

ရှန်ယွီ ကားပေါ်က ဆင်းလိုက်သည်။

“အင်း၊ ကျွန်တော် အရင်က ဒီကို လမ်းလျှောက်လာနေကျလေ။ အခုတော့ လမ်းလျှောက်ဖို့က ဝေးလွန်းသွားပြီ”

ဤနေရာမှာ ချန်ကျန့် ငယ်ငယ်တုန်းက သူ၏ အမေက ခေါ်လာနေကျ နေရာဖြစ်သည်၊ အမေ ကျန်းကျန်းမာမာ ရှိစဉ်ကပေါ့။ ဒီမှာ အတူတူ မှိုတွေ ခူးခဲ့ကြတာလေ။ အသေးစိတ်တွေကိုတော့ သူ မမှတ်မိတော့ပါဘူး။ အမေ ပြုံးနေတဲ့ မျက်နှာနဲ့ ဒီအမှတ်တရလေးတစ်ခုပဲ သူ၏ စိတ်ထဲမှာ ကျန်ရစ်တော့တာပါ။ ဒါပေမဲ့ သူ စိတ်မကြည်မလင် ဖြစ်တိုင်း ဒီနေရာကို အမြဲ လာတတ်သည်။

ချန်ကျန့် ဖုန်းထုတ်ကာ လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သည်။ သူ ရှန်ယွီကို တောထဲသို့ မီတာ ဆယ်ဂဏန်းခန့် ဦးဆောင် ခေါ်သွားပြီးမှ ရပ်လိုက်သည်။ ရှန်ယွီကတော့ ရှေ့က တောအုပ်ကို ကြည့်ကာ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ချန်ကျန့်သည် ရှေ့က သစ်ပင်တစ်ပင်ဆီသို့ လျှောက်သွားကာ ပင်စည်ကို ပုတ်ပြရင်း သူ့ကို လှည့်ကြည့်သည်။

“ဒီအပင်ပေါ့”

“မေမေကြီး ဆိုတာလား”

“အင်း၊ အမေက ကျွန်တော့်ကို ဒီအပင်နဲ့ လာပြီး မိတ်ဆက်ပေးခဲ့တာလေ”

ရှန်ယွီ ထိုနေရာမှာတင် မှင်သက်သွားရသည်။ တကယ်ပဲ မေမေကြီး ဖြစ်နေသော်လည်း တကယ်ပဲ လူတစ်ယောက် မဟုတ်ပါလား။

“ဒီ မေမေကြီးက... ဘာအတွက်လဲ”

ရှန်ယွီ ခေတ္တမျှ တုံ့ဆိုင်းပြီးမှ မေးလိုက်သည်။ ချန်ကျန့် ဘာမှမပြောဘဲ ထိုသစ်ပင်ကို မှီကာ ထိုင်ချလိုက်သည်။

“စိတ်ပိုင်းဆိုင်ရာ အားကိုးရာပေါ့”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ အခုဆို အိမ်တောင် မရှိတော့တဲ့ ချန်ကျန့်အတွက်တော့ ဒီသစ်ပင်ဟာ သူ၏ အမေကို ထိတွေ့ခံစားလို့ရတဲ့ တစ်ခုတည်းသော သက်ရှိထင်ရှား အရာတစ်ခု ဖြစ်နေမှာပေါ့။ သူ ဖြည်းဖြည်းချင်း လျှောက်သွားကာ ချန်ကျန့်၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ ဘယ်ဘက်ခြေထောက်က အားမပြုနိုင်သေးသဖြင့် ညာဘက်ဒူးကို မြေမှာထောက်ကာ ထိုင်ရခြင်း ဖြစ်သည်။

“တစ်ခုခု ဖြစ်ခဲ့လို့လား။ ဒီနှစ်ရက်အတွင်းမှာလေ”

ချန်ကျန့်က ရှန်ယွီ၏ မျက်နှာကို တစ်ချက်ကြည့်ပြီးမှ မျက်နှာလွှဲလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်... တစ်ရက်လောက် နားချင်လို့ပါ။ ဒီကို မလာဖြစ်တာလည်း ကြာပြီလေ”

“ဘာလို့ ခွင့်ယူမယ့်အကြောင်း ငါ့ကို မပြောတာလဲ”

“မင်း အလုပ်ရှုပ်နေတာ မဟုတ်လား။ ဒီမှာလည်း အလုပ်က သိပ်မရှိတာနဲ့ ကျွန်တော့်ဘာသာ ခွင့်ပေးလိုက်တာပါ”

“ငါ အလုပ်ရှုပ် မနေပါဘူး”

ချန်ကျန့် သူ့ကို လှမ်းကြည့်လိုက်သည်။

“မင်း အလုပ်ရှုပ်နေတယ် ထင်တာလေ။ မင်းပြောတော့ နှစ်ရက် သုံးရက် ဆို...”

“နှစ်ရက် သုံးရက်က ဘာဖြစ်လို့လဲ။ ငါ ပြန်လာတာ နှစ်ရက် သုံးရက် မဟုတ်လို့လား”

“ဒီနေ့က လေးရက်မြောက်နေ့လေ”

ရှန်ယွီ အံ့သြသွားရသည်။ ဒီကောင်လေးရဲ့ အချိန်အပေါ် အာရုံစိုက်မှုက တော်တော် ပြင်းထန်တာပဲ။ ရှန်ယွီ ဆက်ပြီး မေးချင်သော်လည်း နောက်ဆုံးတွင်တော့ ပါးစပ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူ ဘေးက ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်လိုက်ပြီး ချန်ကျန့်နှင့်အတူ တောင်ပေါ်လေကို တိတ်ဆိတ်စွာ ခံစားနေလိုက်သည်။ သူတို့နှစ်ဦးစလုံး ဘာတွေ တွေးနေကြသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ လေတိုက်နှုန်းကတော့ သူတို့ကို အေးစက်ပြီး ထုံကျင်သွားစေခဲ့သည်။

ငြိမ်သက်နေသော ချန်ကျန့်က ရှန်ယွီဆီသို့ ရုတ်တရက် လက်လှမ်းလိုက်ပြီး၊ သူ၏ အင်္ကျီစကို ဆွဲကိုင်ကာ တန့်သွားသည်။

“မင်း ဘာတွေ ဝတ်ထားတာလဲ”

“အင်္ကျီလေ။ သိပ္ပံနည်းကျ နာမည်ကတော့ ဂျာကင် ပေါ့”

“တစ်ထပ်တည်းလား”

“အင်း။ အခုမှ သတိထားမိတာလား”

ရှန်ယွီက ပြန်မေးလိုက်သည်။ ခုနက ဖက်ထားတာတောင် မင်း မသိဘူးပေါ့လေ။

“သွားကြစို့။ မင်း သေချာပေါက် အအေးမိတော့မှာပဲ”

ချန်ကျန့် ထရပ်လိုက်သည်။ တည်းခိုခန်းကို သူတို့ ပြန်ရောက်သည့်အခါ ဆန်းပင်းက အပြင်မှာ ကင်းလှည့်နေသည်ကို တွေ့ရသည်။ ချန်ကျန့်၏ ဆိုင်ကယ်နောက်မှာ ရှန်ယွီ ပါလာတာကို မြင်တော့ ဆန်းပင်း ကြောင်အသွားသည်။

“ဘော့စ်ရှန်... ကျွန်တော့် ဆိုင်ကယ်ကော”

“ရှောင်သိုအာတို့ အိမ်မှာလေ။ မနက်ဖြန်မှ ငါ မင်းကို သွားကြိုပေးမယ်။ သူက လက်နဲ့ စီးလို့ မရဘူးလေ”

“သူ အဲ့ဒီကို စီးသွားတာပဲလေ”

“မင်းက သူ့ကို မစီးခိုင်းသင့်ဘူးလေ”

“ကျွန်တော် တားလို့ရမလားဗျာ”

ဆန်းပင်းက အိမ်ထဲ ဝင်သွားတဲ့ ရှန်ယွီကို လှမ်းကြည့်ရင်း ဆိုသည်။

“မင်း ခွင့်ယူတာ သူ့ကို မပြောခဲ့ဘူး မဟုတ်လား။ သူ ထွက်သွားတုန်းက တအား စိတ်တိုနေတာလေ၊ ကျွန်တော် ပြောတာကိုတောင် နားမထောင်ဘူး။ ဘယ်လိုလုပ် တားလို့ ရမှာလဲ”

အဲ့ဒီလောက်တောင် စိတ်တိုသွားတာလား

ချန်ကျန့် ဘာမှမပြောဘဲ အိမ်ထဲ ဝင်လာခဲ့သည်။

“ဘော့စ်ရှန်က မုန့်ပေါင်း လုပ်ခိုင်းထားတယ်”

ဟူဖန် ဧည့်ကြိုကောင်တာမှာ မှီရင်း ဆိုသည်။

“မင်းကော စားဦးမလား။ စားမယ်ဆိုရင် အတူတူ ပြုတ်လိုက်မယ်လေ”

“များများသာ ပြုတ်လိုက်၊ အားလုံး အတူတူ စားကြတာပေါ့”

ချန်ကျန့်က ဆိုသည်။

“သကြားညိုနဲ့ ဂျင်းလေးပါ ထည့်လိုက်ဦး။ သူတို့ မကြိုက်ရင်လည်း သူ့အတွက်ပဲ သီးသန့် ထည့်ပေးလိုက်ပေါ့”

“ကျွန်မ ကြိုက်ပါတယ်”

ဟူဖန် လက်ယမ်းပြကာ မီးဖိုချောင်ထဲ ဝင်သွားသည်။ ကျောက်ကျဲကတော့ အခုတင် အိမ်ပြန်သွားတာလေ။ ဆန်းပင်းလည်း သူမနောက်ကနေ ကူညီပေးဖို့ လိုက်သွားသည်။ ချန်ကျန့် ဓာတ်လှေကားဆီသို့ သွားရန် ပြင်စဉ်မှာပင် ဖုန်းသံ မြည်လာသည်။

[Fa Dan Ke Chen] ။ အပေါ်ကို တက်လာခဲ့ဦး၊ အလုပ်အကြောင်း သတင်းပို့ဖို့လေ မန်နေဂျာချန်။

ချန်ကျန့် ဓာတ်လှေကားထဲ ဝင်ရင်း စာပြန်လိုက်သည်။

[ချန်လေး] ။ ဟုတ်ကဲ့။

ရုံးခန်းထဲမှာတော့ အရင် နှစ်ရက်ကနဲ့ မတူဘဲ ရှန်ယွီ ရှိနေသဖြင့် ကြည့်ရတာ အသက်ဝင်နေသလို ခံစားရသည်။

“ဒါတွေက အားလုံးအတွက် လက်ဆောင်တွေလေ၊ ဒေသထွက် ပစ္စည်းတွေနဲ့ မုန့်တွေပေါ့”

ရှန်ယွီက စားပွဲပေါ်က လက်ဆွဲသေတ္တာကို ညွှန်ပြသည်။

“ခဏနေရင် အောက်ကို သယ်သွားပြီး ဝေပေးလိုက်ဦး။ ရှောင်သိုအာ အတွက်လည်း မုန့်ပါတယ်”

“အင်း” ချန်ကျန့် သေတ္တာကို တံခါးဝသို့ ရွှေ့လိုက်သည် ။

“မင်း သေတ္တာပါ ဝယ်လာတာလား”

“အိတ်နဲ့ပဲ သယ်လာရမှာလား” ရှန်ယွီက ဆိုသည် ။

“ခွေးကလေးကော အဆင်ပြေရဲ့လား”

“နေ့ခင်းဘက်တော့ အေးဆေးပါပဲ၊ ညဘက်ကျမှ ခဏခဏ အော်နေတာ။ တစ်ယောက်ယောက်ကတော့ အနားမှာ ရှိနေပေးရတယ်” ချန်ကျန့်က ရှင်းပြသည်။

“ညဂျူတီကျတဲ့လူကတော့ သူ့ကို အနားမှာ ခေါ်ထားရတာပေါ့”

“အင်း” ရှန်ယွီ ဆိုဖာပေါ် မှီထိုင်ရင်း သက်ပြင်းအသာ ချလိုက်သည်။ စောစောက မှောင်နေသဖြင့် သေသေချာချာ မမြင်ရပါဘူး၊ အခုမှ ရှန်ယွီ၏ မျက်နှာပေါ်က ပင်ပန်းနွမ်းနယ်မှုတွေကို သူ မြင်လိုက်ရသည်။ သူ မနက်ဖြန်မှ သတင်းပို့တော့မည့်အကြောင်း ပြောရန် ပြင်စဉ်မှာပင် ရှန်ယွီ၏ လက်က ပတ်တီးကို မြင်လိုက်ရသည်။ လက်ဖဝါးဘက်မှ သွေးများ စိမ့်ထွက်နေလေပြီ။

“မင်းလက်ကလေ...”

“ဟင်?” ရှန်ယွီ သူ၏ လက်ကို မြှောက်ကြည့်ပြီးမှ ပြန်ချလိုက်သည် ။“အော်... ဟုတ်သားပဲ”

“ဆေးပြန်ထည့်ရအောင်” ချန်ကျန့် ရှေးဦးသူနာပြု သေတ္တာကို သွားယူလိုက်သည်။ တော်သေးတာပေါ့၊ ဒီသေတ္တာထဲမှာ ဆေးတွေ အစုံရှိနေလို့။

“ရပါတယ်၊ မနက်ဖြန်မှ လုပ်လည်း ရတာပဲကို”

ချန်ကျန့် ဘာမှပြန်မပြောဘဲ သေတ္တာကို စားပွဲပေါ် တင်လိုက်သည်။

အခုပဲ လုပ်ရမယ်။

သူ ဒဏ်ရာက ဘယ်လိုမျိုးလဲဆိုတာ သိချင်နေမိသည်။ ဘော့စ်က အလုပ်ကိစ္စ ခရီးတစ်ခါ ထွက်တာနဲ့ ခြေထောက်ဒဏ်ရာက လက်ကို ပြောင်းသွားတာလား။ ရှန်ယွီလည်း ထပ်မငြင်းတော့ဘဲ ပတ်တီးဖြည်တာကို ခွင့်ပြုလိုက်သည်။ ၎င်းမှာ ဆေးခန်းမှာ စည်းပေးလိုက်တဲ့ ပတ်တီးမှန်း ချန်ကျန့် သိလိုက်ရသဖြင့် စိတ်အေးသွားရသည်။ သို့သော် လက်ဖဝါးကို အုပ်ထားတဲ့ ဂွမ်းစကို ဖယ်လိုက်သည့် အခါတွင်မူ သူ မှင်သက်သွားရတော့သည်။

လက်ဖဝါး တစ်ခုလုံးကို ဖြတ်သွားတဲ့ ဓားဒဏ်ရာကြီး ဖြစ်လေသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ။ ဖန်းရွှီ လက်ချက်လား”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။

“သူက ငါ့ကို ဓားနဲ့ ထိုးဖို့ ပြင်တာလေ၊ အဲ့ဒါနဲ့ ငါက ဓားသွားကို လှမ်းဖမ်းလိုက်တာ”

ချန်ကျန့် မျက်မှောင်ကြုတ်ကာ ဒဏ်ရာကို စိုက်ကြည့်နေမိသည်။ တစ်ခုခုတော့ မှားနေပြီ။

မင်း လိမ်နေတာပဲ ဘော့စ်ရာ။

“ဟေး... မင်းက ရှုခင်းကြည့်နေတာလား၊ ဆေးထည့်ပေးမှာလား” ရှန်ယွီ၏ လက်ချောင်းလေးများ လှုပ်ခါသွားသည်။

“ဘယ်သူကများ လူကိုထိုးရင် ဓားသွားကို အပေါ်ဘက် လှည့်ပြီး ထိုးမှာမို့လို့လဲ”

ချန်ကျန့် သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။

“ဟင်?” ရှန်ယွီ ကြောင်အသွားရသည်။

“တကယ်လို့ သူက မင်းကို ထိုးလိုက်ပြီး၊ မင်းက ဓားကို လှမ်းဖမ်းတယ်ဆိုရင်တော့ လက်ဖဝါးက အပေါ်မှာ ရှိနေနိုင်တာပေါ့။ ဒါပေမဲ့ သူက မင်းကို မထိုးရသေးဘူးလေ၊ အဲ့ဒါက မင်းက သူ မထိုးခင်မှာတင် လက်နဲ့ အရင် လှမ်းဖမ်းလိုက်တာ မဟုတ်လား”

“အော်...”

“မသိဘဲနဲ့ လှမ်းဖမ်းမိတယ် ဆိုရင်တောင်မှ၊ လက်ဖဝါးကတော့ အောက်ဘက်မှာပဲ ရှိနေမှာပေါ့။ မင်းကို ကျွန်တော် ကြည့်ရသလောက်တော့ သူက ဓားသွားကို အပေါ်လှည့်ပြီး ကိုင်ထားတာလား”

“ငါက လက်ဖဝါးကို အပေါ်လှည့်ပြီး ဖမ်းမိတာလည်း ဖြစ်နိုင်တာပဲလေ” ရှန်ယွီက မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။

“မင်းလို အတွေ့အကြုံရှိတဲ့လူက အဲ့ဒီလိုမျိုး လုပ်မှာ မဟုတ်ပါဘူး။ သူက မင်းရဲ့ ဗိုက်ကို ထိုးဖို့ ပြင်နေတာကို၊ မင်းက လက်ကို မြှောက်ပြီး မင်းရဲ့ ရင်ဘတ်ကို ထိုးခိုင်းမှာလား”

ရှန်ယွီ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ချန်ကျန့် ပြောတဲ့ မြင်ကွင်းကို စဉ်းစားမိကာ အားရပါးရ ရယ်တော့သည် ။

“တောက်!”

“မင်းကိုယ်တိုင်လည်း ရန်ဖြစ်ဖူးတာပဲ မဟုတ်လား မန်နေဂျာချန်”

ချန်ကျန့် ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ ဆေးထည့်ပေးနေလိုက်သည်။ ရှန်ယွီက သူ ထပ်မေးမှာကို စောင့်နေသော်လည်း ချန်ကျန့်ကတော့ တိတ်ဆိတ်နေဆဲပင်။ ဒီဒဏ်ရာက ချုပ်ရိုးအနည်းငယ်ပဲ ရှိတာကတော့ ရှန်ယွီက အများကြီး အချုပ်မခံချင်လို့ ဖြစ်မှာပါ။ ဆေးထည့်ပြီးနောက် ချန်ကျန့်က ဂွမ်းစအသစ်နှင့် ပတ်တီးများဖြင့် သေသေချာချာ ပြန်စည်းပေးလိုက်သည်။

“မန်နေဂျာ... မန်နေဂျာ...” ဟူဖန်၏ အသံမှာ စက်ထဲမှ ထွက်ပေါ်လာသည် ။

“ဘော့စ်ရှန် မုန့်လုံးဘယ်နှစ်လုံး စားမလဲ မေးပေးပါဦး”

“ဆယ်လုံး” ရှန်ယွီက ဆိုသည်။

“မင်း ထမင်းမစားရသေးတာကို ဆယ်လုံးတည်းလား”

“ငါ စားပြီးပြီလို့ သူတို့ကို ပြောထားတာလေ။ မဟုတ်ရင် သူတို့တွေ ငါ့အတွက် ထမင်းချက်ဖို့ ထပ်ပြီး အလုပ်ရှုပ်နေကြဦးမယ်”

ချန်ကျန့် စက်ကို ကိုင်လိုက်သည် ။

“ဆယ်လုံးတဲ့”

“မင်းကော” ဟူဖန်က မေးသည်။

“ကျွန်တော် သုံးဆယ်လုံး”

“ဘုရားရေ! မင်းကတော့ တကယ် စားနိုင်တာပဲ” ဟူဖန်က ရယ်လျက် ဆိုသည်။

“ငါ တစ်အိတ်လုံး ပြုတ်ပေးလိုက်မယ်”

“မင်း အနောက်တိုင်း စားစရာတွေ သွားဝယ်ပေးလို့လည်း ရပါတယ်” ရှန်ယွီက ဆိုသည်။

“အကုန် ပိတ်ကုန်ပြီလေ”

“ဒါဆိုလည်း ငါလည်း သုံးဆယ်လုံးပဲ စားမယ်” ရှန်ယွီက ဆိုသည်။

“မင်း အကုန်စားနိုင်ရင်လည်း စားလိုက်ပေါ့” ချန်ကျန့် ထရပ်လိုက်သည်။

“ကျွန်တော်ကတော့ ဗိုက်မဆာပါဘူး”

ပစ္စည်းတွေ သိမ်းဆည်းပြီးနောက် ချန်ကျန့် လက်ဆွဲသေတ္တာကို သယ်ကာ အောက်ဆင်းရန် ပြင်လိုက်သည်။ ရှန်ယွီ ဆိုဖာပေါ် မှီထိုင်ရင်း သူ့ကို လှမ်းကြည့်သည် ။

“ချန်ကျန့်”

“ဗျာ”

“တစ်ခုခု ရှိရင် ငါ့ဆီ စာပို့လို့ ရပါတယ်” ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း ဆိုသည်။

“ဆိုင်မှာ မီးလောင်တာဖြစ်ဖြစ်၊ ချန်တာဟူ ထောင်ကလွတ်လာပြီး ပြဿနာရှာတာဖြစ်ဖြစ် အဲ့ဒီလို အရေးကြီးတဲ့ ကိစ္စတွေ ရှိမှ စာပို့ရမှာ မဟုတ်ပါဘူး”

“ဟုတ်ကဲ့”

ချန်ကျန့် ပြန်ဖြေပြီးနောက် ရုံးခန်းထဲကနေ အမြန် ထွက်လာခဲ့တော့သည်။

လှေကားထစ်ကို ရောက်သည့်အခါ သူ၏ နားရွက်တွေ ပူနေမှန်း သိလိုက်ရသည်။ သူ ဓာတ်လှေကားကိုတောင် မစောင့်တော့ဘဲ သေတ္တာကို သယ်ကာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။ နောက်ဆုံးထပ်ကို ရောက်သည့်အခါ စက်ထဲမှ ရှန်ယွီ၏ အသံ ထွက်ပေါ်လာပြန်သည် ။

“အအေးမိ ပျောက်ဆေး ရှိလား”

တောက်! ခုနက ဘာလို့ မပြောခဲ့တာလဲ

ချန်ကျန့် ခေတ္တမျှ ငိုင်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ခြေချော်သွားတော့သည်။ သူသည် ညာဘက်ခြေထောက်ကို ရှေ့ဆန့်၊ ဘယ်ဘက်ခြေထောက်ကို နောက်ပစ်ကာ ပထမထပ်အထိ လျှောတိုက် ဆင်းသွားလေတော့သည်။

“ဟာ!”

ဆန်းပင်းက လှေကားထိပ်မှာ မုန့်လုံးရေပေါ်ပန်းကန်ကို ကိုင်ရင်း ကြည့်နေမိသည်၊ သူလည်း လန့်သွားသဖြင့် လှမ်းဖမ်းဖို့တောင် မေ့နေရှာသည် ။

“မင်း ဘာလုပ်နေတာလဲ!”

“နှစ်သစ်ကူးပွဲတော်အတွက် ဖျော်ဖြေရေး လေ့ကျင့်နေတာလေ” ချန်ကျန့်က လက်ဆွဲသေတ္တာကို အားပြုကာ အတင်း ထရပ်လိုက်လေတော့သည်။

___________________________________________________________________



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...