အပိုင်း (၄၉)
ဒီနေ့သည် ဟူဖန် ဂျူတီကျသည့်နေ့ ဖြစ်သော်လည်း ချန်ကျန့်က သူမကို အနားယူခိုင်းလိုက်သည်။
အားလုံး မုန့်လုံး စားသောက်ပြီးသည့်နောက် လူစုကွဲသွားကြသည်။ ဟူဖန်က အိပ်ရာဝင်သွားသလို ဆန်းပင်းနှင့် ချန်အာဟူတို့ကလည်း တည်းခိုခန်းအတွင်း တစ်ပတ်ပတ်ကြည့်ပြီးနောက် အိပ်ရန် ပြင်ကြတော့သည်။ မလိုအပ်သည့် မီးများကို ပိတ်လိုက်သည့်အခါ ပထမထပ်တစ်ခုလုံးတွင် ဧည့်ကြိုကောင်တာ၌ ထိုင်နေသော ချန်ကျန့်တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
ဧည့်ကြိုကောင်တာအောက်တွင် ခွေးအိပ်ရာတစ်ခု ရှိလေသည်။ မှိုလေးသည် မျက်လုံးမှိတ်ကာ ထိုအထဲ၌ ကွေးနေသော်လည်း အိပ်မပျော်သေးပါ။ ချန်ကျန့် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ၎င်းက မျက်လုံးပွင့်လာပြီး တအီးအီးနှင့် ညည်းတွားလေ၏။ ယခုကဲ့သို့ အချိန်မျိုးတွင် များသောအားဖြင့် လုပ်စရာ အထွေအထွေ မရှိလှပါ။ ချန်ကျန့်သည် ဘေးနားရှိ အနားယူကုလားထိုင်ကို ဖြန့်လိုက်ပြီး မှိုလေးကို ကောက်မကာ သူ၏ကိုယ်ပေါ်တင်လျက် လှဲချလိုက်သည်။
မှိုလေးသည် သူ၏ကိုယ်ပေါ်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏ဝမ်းဗိုက်ပေါ်၌ အခြေချကာ မျက်လုံးမှိတ်လိုက်တော့သည်။ ချန်ကျန့်သည်လည်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် အိပ်ပျော်ရန်မှာ မဖြစ်နိုင်ပါ။ ဒီနေ့ည တစ်ညလုံး သူ အိပ်ပျော်နိုင်မည် မဟုတ်မှန်း သိနေသည်။
သူသည် တတ်နိုင်လျှင် ကိစ္စအတော်များများကို ရှောင်လွှဲလိုသူ ဖြစ်သည်။ မိမိ၏ဘဝနှင့် ဝင်ငွေရှာဖွေနိုင်စွမ်းကို မထိခိုက်သရွေ့ အရာရာကို ခေတ္တဘေးဖယ်ထားနိုင်သည်။ သို့သော် ယနေ့ ထိုဖက်ထားမှုမှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေ၍ မရတော့ပါ။ ရှန်ယွီကို သူ လှမ်းဖက်လိုက်သည့် အခိုက်အတန့်မှာပင် သူ ထိန်းညှိထားသမျှ အရာအားလုံး ပြိုကွဲသွားခဲ့လေပြီ။
ချန်ကျန့် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်ထားမိသည်။ သူ တကယ်ပင် ထိတ်လန့်နေမိသလို စိတ်လှုပ်ရှားနေမိသည်။ အရင်ကဆိုလျှင် တစ်ခုခုဖြစ်တိုင်း သူ ရင်ထဲမှာပဲ သိမ်းထားလေ့ရှိသည်။ အချိန်က ထိုအရာများကို တိုက်စားပြီး တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတတ်သည်။ နောက်ပိုင်းတွင်မူ တည်းခိုခန်းကိစ္စဖြစ်စေ၊ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်စေ တစ်ခုခုကြုံတိုင်း ရှန်ယွီ ရှိနေလျှင် ကောင်းမည်ဟု သူ မျှော်လင့်မိလာသည်။ သို့သော် ယခုကိစ္စမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဝမ်းဗိုက်ဆီမှ နာကျင်မှု အနည်းငယ် ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ မှိုလေးသည် သူ၏အင်္ကျီကို စို့နေရင်းမှ အသားကိုပါ လှမ်းကိုက်နေသည်ကို တွေ့ရသည်။
“နို့ရှာနေတာလား”
ချန်ကျန့် လက်ချောင်းဖြင့် မှိုလေး၏ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖြဲလိုက်သည်။ မှိုလေးက သူ၏လက်ချောင်းကို ထပ်မံကိုက်ရင်း စို့နေပြန်သည်။ သူ သက်ပြင်းချလိုက်မိသည်။
“မင်း ခွေးစာ စားတတ်နေပြီပဲဟာ။ ဘာလို့ အခုထိ ဒီလို ဖြစ်နေရတာလဲ။ မင်းအမေကို လွမ်းလို့လား”
မှိုလေးက ပြန်မဖြေပါ။ ချန်ကျန့်လည်း ဘာမှထပ်မပြောသလို ခွေးလေးကိုက်ထားသော လက်ချောင်းကိုလည်း ပြန်မနှုတ်မိချေ။ ညသည် တိတ်ဆိတ်လှသည်။ အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေသည်။ တိတ်ဆိတ်မှုကြားတွင် သစ်ကိုင်းများ ကျိုးကျသံနှင့် လမ်းသွယ်လေးပေါ်တွင် တစ်ခုခု လွင့်ပါးသွားသံများ ခပ်သဲ့သဲ့ ။ ထိုအသံများကပင် စိတ်ကို ချောက်ချားစေသည်။
ချန်ကျန့်သည် ဘေးတွင် ပစ်ထားသော ဂျာကင်အင်္ကျီကို ဆွဲယူကာ ကိုယ်ပေါ်သို့ လွှမ်းလိုက်သည်။ ဒီနေ့ သူ သစ်ပင်အောက်တွင် အကြာကြီးထိုင်ကာ အကြောင်းအရာများစွာကို တွေးတောခဲ့သော်လည်း ဘာတွေတွေးခဲ့မှန်း သူကိုယ်တိုင်ပင် သေသေချာချာ မသိပါ။ အတွေးစုံမှာ ဆူပွက်နေသော ရေထဲက မုန့်လုံးများကဲ့သို့ပင်။ တစ်ခုကို အာရုံစိုက်ရန် ကြိုးစားလိုက်တိုင်း ထိုအတွေးက ပျောက်ကွယ်သွားတတ်သည်။ အခုတော့ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ ထိုအရာများကို အသေးစိတ် တွေးတောသင့်မသင့် သူ စဉ်းစားနေစရာ မလိုတော့ပါ။
ရှုပ်ထွေးလှသော အတွေးအားလုံးမှာ စကားလုံး နှစ်လုံးတည်းအဖြစ် ပြောင်းလဲသွားတော့သည်။
ဘယ်လိုလုပ်မလဲ။
***
ကျောက်ဖန်းဖန်း မနက်အလုပ်လာသည့် အခါမှသာ ချန်ကျန့်သည် သူ တကယ်ပင် အိပ်ပျော်သွားခဲ့ကြောင်း သတိပြုမိတော့သည်။ တော်တော်လေးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ကျဲ မနက်စာ ပြင်ဆင်ပြီးခါနီးမှ သူ နိုးလာခဲ့သည်။
“မင်္ဂလာပါ ကျောက်ကျဲ”
ချန်ကျန့် ဂျာကင်အင်္ကျီကို မလိုက်သည်။ မှိုလေးမှာ ဘယ်အချိန်ကတည်းက ကုလားထိုင်လက်တန်းအောက်သို့ ရောက်သွားသည်မသိဘဲ အင်္ကျီနှင့် ပတ်မိကာ တွဲလောင်းဖြစ်နေရှာသည်။ သူ ဆွဲထုတ်ပေးလိုက်သည့်အခါ ၎င်းသည် ခြေလေးဖက်ဖြင့် ပြေးလွှားကာ ပန်းခြံထဲသို့ သွားပြီး ဆီးသွားတော့သည်။
“ဒီနေ့ အင်္ကျီအထူ ဝတ်ထားနော်။ မနက်က ကျွန်မလာတော့ တအားအေးတာပဲ။ တောင်ပေါ်က တည်းခိုခန်းက လူတွေ ပြောတာတော့ အပေါ်မှာ နှင်းတွေ ကျနေပြီတဲ့”
“တကယ်လား”
ချန်ကျန့် ထရပ်လိုက်ပြီး ဂျာကင်ဝတ်ကာ ကုလားထိုင်ကို သိမ်းလိုက်သည်။
“နှင်းတွေ ပိုကျလာရင် ခရီးသည်တွေ ပိုလာကြမှာပေါ့”
“ဖန်ဖန်ကတော့ မနေ့က ခေါင်းနည်းနည်း ကိုက်တယ် ပြောတယ်၊ အအေးမိသွားတာလား မသိဘူး။ မင်းတို့ ကလေးတွေကတော့ အရိုးထဲအထိ အေးလာမှပဲ အင်္ကျီထူဝတ်ဖို့ သတိရကြတာ”
“သူ ခေါင်းကိုက်နေတာလား”
မနေ့က သူ လုံးဝ သတိမထားမိခဲ့ပါဘူး။
“မွန်းလွဲပိုင်းကတည်းက စတာလေ။ သူ ခဏ သွားအိပ်သေးတယ်။ ကျွန်မပဲ သူ့ကိုယ်စား ဧည့်ကြိုကောင်တာမှာ နှစ်နာရီလောက် ထိုင်ပေးလိုက်ရတယ်”
“သူ ကျွန်တော့်ကို မပြောဘူးပဲ....”
ချန်ကျန့် လှေကားဘက်သို့ လှမ်းကြည့်လိုက်မိသည်။
“သူက စိတ်ဓာတ် တအားမာတာလေ။ တစ်ခုခု ဖြစ်ရင် ဘယ်တော့မှ ထုတ်မပြောဘူး။ သူ့မိသားစု ကိစ္စတွေလည်း ကြည့်ဦး၊ ဘယ်တော့မှ မပြောဘူးလေ။ စကားပြောရင်း လွှတ်ခနဲ ပါလာတဲ့ တစ်ခွန်း နှစ်ခွန်းလောက်ပဲ ကြားရတာ။ မင်းနဲ့ အတူတူပါပဲ”
“ကျွန်တော်ကတော့... အဆင်ပြေပါတယ်”
“မင်းလည်း တစ်ခုခုဆို အောင့်ထားတတ်တဲ့ လူစားမျိုးပဲလေ။ ကျွန်မလို မဟုတ်ဘူး၊ ကျွန်မကတော့ အားလုံးကို ထုတ်ပြောမှ နေသာထိုင်သာ ရှိတာ”
ကျောက်ကျဲ၏ စကားကြောင့် ချန်ကျန့် ပြုံးလိုက်မိသည်။ ဆန်းပင်းသည်လည်း ယနေ့ အလုပ်ပိတ်ရက်ဖြစ်သဖြင့် မနက်စောစော အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
“ငါ့ဆိုင်ကယ် သွားယူရအောင်။ သွားကြမလား”
“ဘာတွေ အလျင်လိုနေတာလဲ။ မင်း မနက်စာတောင် မစားရသေးဘူးလေ”
“ပြန်လာမှ စားမယ်ဗျာ။ ငါ့ဆိုင်ကယ်က ရွာထဲမှာ တစ်ညလုံး တစ်ယောက်တည်း ကျန်ခဲ့တာလေ”
ချန်ကျန့် ဆွံ့အသွားရသည်။
“ဆိုင်မှာ ရပ်ထားတော့ကော သူငယ်ချင်းတွေ ရှိလို့လား။ ရွာထဲမှာ တစ်ယောက်တည်းဆိုတော့ သူက ပျင်းနေမှာပေါ့ ဟုတ်လား”
“ခိုးခံရမှာ စိုးလို့ပါဗျာ။ ဘော့စ်ရှန် ငါ့ဆိုင်ကယ်ကို ဘယ်မှာ ရပ်ခဲ့လဲ မင်း မြင်လား”
“ရှောင်သိုအာတို့ ခြံရှေ့မှာလေ”
“ခြံထဲတောင် မသွင်းပေးခဲ့ဘူးပေါ့”
ခိုးခံရရင်လည်း ဘော့စ်ရှန်ဆီမှာ အသစ်တစ်စီး ပြန်တောင်းလိုက်ပေါ့....
“သွားကြစို့”
ချန်ကျန့် ဆက်မငြင်းတော့ပါဘူး။ ဆန်းပင်းတို့ မိသားစု၏ ငွေရေးကြေးရေး အခြေအနေမှာ သာမန်သာ ဖြစ်သည်။ သူသည် ဤဆိုင်ကယ်ကို နှစ်အတော်ကြာ စီးလာခဲ့ပြီး သေသေချာချာ ပြုပြင်ထိန်းသိမ်းတတ်သဖြင့် အလွန်ပင် နှမြောတွန့်တိုလေသည်။
“အင်္ကျီအထူ ဝတ်သွားကြနော်!”
ကျောက်ကျဲက သူတို့ ထွက်သွားခါနီးတွင် လှမ်းအော်ပြန်သည်။ ချန်ကျန့်လည်း အင်္ကျီအထူများကို ရှောင်သိုအာတို့ အိမ်မှ ယူရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညက အပူချိန် တော်တော်လေး ကျသွားခဲ့ပုံရသည်။ အပြင်ထွက်လိုက်သည်နှင့် မနေ့ကထက် ပိုအေးမှန်း သိသာလှသည်။ ဆိုင်ကယ် စထွက်သည်နှင့် ချန်ကျန့်၏ အင်္ကျီထဲသို့ လေများ တိုးဝင်လာပြီး ဗိုက်ထဲတွင် အေးစိမ့်ကာ ရစ်နာလာတော့သည်။ သူ ဇစ်ကို အဆုံးထိ ဆွဲတင်သော်လည်း မထူးခြားပါ။
“ငါ ကူညီမယ်”
ဆန်းပင်းက နောက်မှနေ၍ ချန်ကျန့်၏ ခါးကို ဖက်လိုက်ပြီး အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆွဲစေ့ပေးလိုက်သည်။ ထိုအခါမှသာ ပို၍ နွေးထွားသွားတော့သည်။ ရွာသို့ အသွားလမ်းတွင် မနက်စောစော တောင်ပေါ်တက်မည့် ကားအချို့ကိုလည်း တွေ့ရသည်။
သို့သော် ရှောင်သိုအာတို့ အိမ်ရှေ့သို့ ရောက်သည့်အခါ ဆန်းပင်း၏ ပျော်ရွှင်မှုများမှာ ဒေါသအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“တောက်!”
သူ ဆိုင်ကယ်ပေါ်က ခုန်ဆင်းကာ ဆဲဆိုတော့သည်။
“ဘယ်ကကောင်က ဒါမျိုး လုပ်သွားတာလဲ!”
ဆန်းပင်း၏ ဆိုင်ကယ်ပေါ်တွင် ဝက်စာ သို့မဟုတ် အညစ်အကြေး တစ်ခုခုကို လောင်းချထားခြင်း ဖြစ်သည်။ ရေနှင့် အဖတ်များ ရောနှောနေပြီး နံစော်နေလေသည်။ ဆိုင်ကယ်တင်မကဘဲ ရှောင်သိုအာတို့ အိမ်တံခါးနှင့် ခြံထဲတွင်လည်း ထိုအရာများ ပေကျံနေသည်။ ညစ်ပတ်နေသော ပုံးတစ်ပုံးမှာလည်း မြေပေါ်တွင် ရှိနေလေသည်။
ချန်ကျန့် ခြံထဲသို့ ပြေးဝင်သွားသည်။ ရှောင်သိုအာ၏ အဖိုးနှင့် အဖွားမှာ ခြံထဲတွင် ရေဖျန်းပြီး ဆေးကြောနေကြသည်။ ရှောင်သိုအာမှာမူ လှေကားထစ်တွင် ထိုင်ကာ မျက်နှာပျက်နေရှာသည်။
“အဖိုး... ဘာဖြစ်တာလဲ”
အဖိုးက သက်ပြင်းချရုံမှလွဲ၍ ဘာမှ ပြန်မပြောပါ။
“ဘာဖြစ်ရမှာလဲ။ မနေ့က အဖိုး ဖဲဝိုင်းသွားကြည့်တော့ ‘နှာချေး’ ရဲ့ အဖိုးနဲ့ ထပ်တိုးတာလေ။ စကားများကြပြီး ဒီမနက်ကျတော့ အခုလို လာလုပ်သွားတာပဲ”
နှာချေးရဲ့ အဖိုးနှင့် ရှောင်သိုအာ၏ အဖိုးတို့မှာ အမြဲတမ်း ပဋိပက္ခ ရှိနေကြသူများ ဖြစ်သည်။ များသောအားဖြင့် ရှောင်သိုအာ၏ အဖိုးက ရှောင်လွှဲလေ့ ရှိသော်လည်း မနေ့ကတော့ မလွတ်ခဲ့ပုံရသည်။
“တောက်! ဒီအဘိုးကြီးကတော့!”
ဆန်းပင်းက ဒေါသတကြီးနှင့် မြေပေါ်က ပုံးကို ကောက်ကိုင်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ ချန်ကျန့်လည်း ဘာမှမပြောဘဲ သူ့နောက်မှ လိုက်သွားခဲ့သည်။
“ချန်ကျန့်! ချန်ကျန့်! မသွားနဲ့လေ! ထားလိုက်ပါတော့!”
အဖွားက နောက်မှ လိုက်တားသော်လည်း ချန်ကျန့်က
“ဒီတစ်ခါတော့ လွှတ်ထားလို့ မရတော့ဘူး အဖွား” ဟု ဆိုလိုက်သည်။
အရင်ကတော့ အဖိုးနှင့် အဖွားမှာ အမြဲတမ်း အလျှော့ပေးခဲ့ကြသူများ ဖြစ်သည်။ တစ်ခါက နှာချေးရဲ့ အဖိုးက ကျောက်ခဲနှင့် ပေါက်သဖြင့် အိမ်ခေါင်မိုး ပေါက်သွားသည်ကိုပင် သူတို့က သည်းခံခဲ့ကြသည်။ ချန်ကျန့်မှာ ထိုစဉ်က ခေါင်မိုးပေါ်တွင် နှစ်နာရီကျော်ကြာအောင် ပြန်ပြင်ပေးခဲ့ရဖူးသည်။ ယနေ့တွင်မူ ထိုသူမှာ အတင့်ရဲလွန်းနေပြီ ဖြစ်သည်။
ဆန်းပင်းက ပုံးကို ကိုင်ကာ ရှေ့က ပြေးနေသည်။ ချန်ကျန့် လိုက်လာသည်ကို မြင်သောအခါ သူ အံ့သြသွားသည်။
“မင်းလည်း လိုက်မလို့လား”
ချန်ကျန့်သည် အမြဲတမ်း သူတို့နှင့် စည်းခြားနေခဲ့သူ မဟုတ်ပါလား။
“ဒီလူတွေက ရှောင်သိုအာတို့ မိသားစုကို အနိုင်ကျင့်နေတာ ဒါ ပထမဆုံး မဟုတ်ဘူးလေ”
“ဒါဆိုလည်း သွားကြစို့!”
ဆန်းပင်းက နှာချေးရဲ့ အဖိုးအိမ်တံခါးကို ကန်ဖွင့်လိုက်ပြီး လက်ထဲက ပုံးကို အထဲသို့ လှမ်းပေါက်လိုက်သည်။
“ခွမ်!”
ပုံးထဲတွင် အနည်အဖတ်အချို့ ကျန်နေသေးသည်။ ချန်ကျန့်သာ အမြန် မရှောင်လိုက်လျှင် သူ့အပေါ် ပေကုန်မှာ သေချာသည်။
“ဘယ်သူလဲဟ!”
နှာချေးရဲ့ အဖိုး အိမ်ထဲကနေ ဒေါသတကြီး ပြေးထွက်လာသည်။
“မင်းရဲ့ ဘိုးအေတွေကွ!”
ဆန်းပင်းက ပြန်အော်ရင်း မြေပေါ်က ပုံးကို ထပ်မံ ကန်လိုက်ရာ၊ ၎င်းမှာ အဘိုးကြီး၏ ခြေထောက်ကို သွားမှန်ပြီး အညစ်အကြေးများမှာ ဘောင်းဘီပေါ် ပေကျံကုန်တော့သည်။
“မင်းတို့ ဘာလုပ်တာလဲ! ချန်ကျန့်... မင်းက ပြဿနာရှာချင်နေတာလား!”
ချန်ကျန့် ဘာမှပြန်မပြောဘဲ သူ၏ လက်အိတ်များကို အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ ဆန်းပင်းကတော့ အဘိုးကြီး၏ မျက်နှာနားအထိ တိုးကပ်သွားပြီး အော်ဟစ်နေတော့သည်။ သူသည် အရင်က အာဟူနှင့်အတူ လမ်းသရဲလုပ်ခဲ့သော အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ချန်ကျန့်ကတော့ ခြံထဲတွင် ပုံထားသော ခြင်းတောင်းများကို လှမ်းကန်လိုက်ပြီး၊ ကုလားထိုင်တစ်လုံးကို ယူကာ မြေပေါ်တွင် ရိုက်ခွဲလိုက်သည်။ ထို့နောက် ကျိုးသွားသော ကုလားထိုင်ခြေထောက်ကို ကိုင်ကာ ခြံထဲက ပစ္စည်းများကို လိုက်လံ ဖျက်ဆီးတော့သည်။
ဆန်းပင်းကလည်း နံရံတွင် ချိတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲထုပ်များကို မြေပေါ်သို့ ဆွဲချလိုက်သည်။ တန်ဖိုးကြီးသည့်အရာ မရှိသော်လည်း ခြံတစ်ခုလုံး ရှုပ်ပွသွားအောင် လုပ်ဆောင်ရန်တော့ လုံလောက်လှသည်။ နှာချေးရဲ့ အဖိုးမှာ အားနည်းသူကို အနိုင်ကျင့်ပြီး အားသန်သူကို ကြောက်တတ်သူ ဖြစ်သည်။ သူသည် ပုံမှန်ဆိုလျှင် အာဟူတို့လို လူမျိုးကို မရန်စရဲပါဘူး။ အခုလို မြင်ကွင်းမျိုးနှင့် ကြုံလိုက်ရသည့်အခါ သူသည် ဆွံ့အသွားရလေသည်။ သူသည် ပေါက်ပြားကို ယူကာ လိုက်ရိုက်ရန် ကြိုးစားသော်လည်း အိုမင်းနေပြီဖြစ်သဖြင့် ဆန်းပင်းနှင့် ချန်ကျန့်တို့ကို မထိနိုင်ပါဘူး။
နှာချေးရဲ့ အဖွားမှာလည်း ကလေးကို ပွေ့ချီကာ အိမ်ထဲက ထွက်လာပြီး လူသတ်နေပါပြီဟု အော်ဟစ်ငိုယိုတော့သည်။ အိမ်နီးချင်းအချို့ လာကြည့်ကြသော်လည်း ခြံထဲက အခြေအနေကို မြင်သည့်အခါ မည်သူမျှ ကြားဝင် မတားကြပါဘူး။ ချန်ကျန့်ကတော့ တော်လောက်ပြီဟု ယူဆသည့်အခါ ဆန်းပင်းကို ပုတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
“နောက်တစ်ခါ ငါ့ဆိုင်ကယ်ကို ထပ်လုပ်ကြည့်ဦး၊ မင်းအိမ်ခေါင်မိုးကို ငါ ခွာပစ်မယ်!”
ဆန်းပင်းက လှမ်းအော်လိုက်သော်လည်း အဘိုးကြီးမှာ လိုက်မလာရဲတော့ဘဲ ခြံထဲတွင်သာ ကျန်ရစ်ခဲ့သည်။
“ဘာလို့ ငါ့ကို တားတာလဲ၊ ငါ သူ့ဝက်ခြံကိုပါ ဖျက်ဆီးပစ်မလို့လေ”
ဆန်းပင်းက မကျေမနပ်နှင့် ဆိုသည်။
“အတိုင်းအတာတော့ ရှိရမှာပေါ့”
“မင်းကတော့ အမြဲတမ်း အဲ့ဒီအတိုင်းအတာတွေနဲ့ပဲ! ငါ သိသလောက်တော့ မင်းကို အဲ့ဒီဘောင်ကျော်အောင် လုပ်နိုင်တာ ချန်တာဟူ တစ်ယောက်ပဲ ရှိတယ်”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ အမှန်တော့ သူ ယခုအခါ တော်တော်လေး စိတ်ပေါ့ပါးသွားသလို ခံစားရသည်။ တစ်ခုခုကို ထုတ်ပေါက်ကွဲလိုက်ရသလိုမျိုးပေါ့။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသလဲဆိုတာကိုတော့ သူလည်း သေသေချာချာ မသိပါဘူး။
ရှောင်သိုအာတို့ အိမ်သို့ ပြန်ရောက်သည့်အခါ အဖိုးက ဆန်းပင်း၏ ဆိုင်ကယ်ကို ဆေးကြောပေးထားသဖြင့် ပြောင်လက်နေလေပြီ။ ချန်ကျန့်သည်လည်း ခြံထဲက ရေညစ်များကို လှဲထုတ်ပေးပြီးနောက် အထဲဝင်ကာ အင်္ကျီအထူအချို့ကို ယူလိုက်သည်။ ထိုစဉ် ဖုန်းမြည်လာသည်။ ရှန်ယွီဆီက စာဝင်လာခြင်း ဖြစ်သည်။
[Fa Dan Ke Chen] ။ ဘယ်မှာလဲ။
[ချန်လေး] ။ အင်္ကျီအထူ သွားယူနေတာ။
[Fa Dan Ke Chen] ။ မင်းမှာ အပိုရှိလား၊ ငါ့ကို တစ်ထည်လောက် ငှားပါဦး။
[ချန်လေး] ။ ?
[Fa Dan Ke Chen] ။ ဘယ်စကားလုံးကို နားမလည်တာလဲ။
ချန်ကျန့် စက္ကန့်အနည်းငယ် တုံ့ဆိုင်းပြီးမှ ဖုန်းတိုက်ရိုက် ခေါ်လိုက်သည်။
“ဖုန်းဆက်ပြီး အတည်ပြုဖို့ လိုလို့လား”
ရှန်ယွီ၏ အသံမှာ နှာစေးနေသည့်ပုံစံ ပေါက်နေသည်။
“မင်းမှာ အင်္ကျီအထူ မပါဘူးလား”
“ငါ လာတုန်းက ဆောင်းဦးရာသီပဲ ရှိသေးတာလေ”
“အခု ခရီးသွားတုန်းကကော ဝယ်မလာခဲ့ဘူးလား”
“ဝယ်မလာခဲ့ဘူးလေ။ မင်းက ရဲတိုင်မလို့လား”
ချန်ကျန့် ရယ်မောလိုက်မိပြီး… “ကောင်းပါပြီဗျာ၊ ရှာပေးပါ့မယ်... မင်း အအေးမိနေတာလား”
“မဟုတ်ပါဘူး၊ အခုမှ နိုးလို့ နှာခေါင်းက အိပ်ချင်နေတုန်းမလို့ပါ”
ချန်ကျန့် သူ ယူမည့် အင်္ကျီနှစ်ထည်ကိုပဲ ထုပ်လိုက်သည်။ သူ့မှာ တခြား အပိုလည်း မရှိပါဘူး။ ပြန်ရောက်သည့်အခါ ရှန်ယွီသည် စားသောက်ခန်းတွင် ထိုင်ကာ ခေါက်ဆွဲစားနေသည်ကို တွေ့ရသည်။
“ဇွန်းနဲ့ပဲ စားလိုက်ပါလား”
ဟူဖန်က ဘေးမှနေ၍ အကြံပေးနေသည်။ ရှန်ယွီ၏ ညာဘက်လက်မှာ ပတ်တီးစည်းထားရသဖြင့် ဘယ်ဘက်လက်ဖြင့် စားနေရသောကြောင့် ဖြစ်သည်။
“မင်းကတော့ တကယ်ကို အံ့သြစရာပဲ”
ချန်ကျန့် အိတ်ထဲကနေ ကလေးသုံး တူတစ်စုံကို ထုတ်ပေးလိုက်သည်။ ၎င်းမှာ သူ ရှောင်သိုအာဆီမှ ယူလာခဲ့ခြင်း ဖြစ်သည်။ ရှန်ယွီသည် ထိုတုတ်ကို ကြည့်ကာ သက်ပြင်းချလိုက်သော်လည်း ၎င်းမှာ တော်တော်လေး အသုံးဝင်လှသဖြင့် ခေါက်ဆွဲကို ကုန်အောင် စားနိုင်ခဲ့သည်။
“အင်္ကျီ ယူလာပေးတယ်၊ ခဏနေရင် စမ်းဝတ်ကြည့်ဦး”
“အင်း”
“မင်း အအေးမမိဘူးဆိုတာ သေချာလား။ မနေ့က ဆိုဖာပေါ်မှာပဲ အိပ်တာလေ”
“အင်း။ တစ်ယောက်ယောက်က မီးပိတ်ဖို့တော့ သိပြီး၊ ငါ့ကို အခန်းထဲဝင်အိပ်ဖို့ ပြောဖို့ကျတော့ မေ့နေတာကိုး”
ချန်ကျန့် အနည်းငယ် ရှက်သွားကာ ခေါင်းကုပ်လိုက်သည်။
“မင်း အိပ်ပျော်နေတာကို မနှိုးချင်လို့ပါ”
ရှန်ယွီ သူ့ကို စိုက်ကြည့်နေပြီးမှ ရယ်မောလိုက်သည်။
ဧည့်သည်တစ်ယောက် တိုင်ကြားစရာ ရှိသဖြင့် ချန်ကျန့် ဧည့်ကြိုကောင်တာသို့ သွားကာ ဖြေရှင်းပေးလိုက်ရသည်။ ထို့နောက် ဟူဖန်ကို အနားယူခိုင်းလိုက်သည်။ မွန်းလွဲပိုင်းတွင် နှင်းကျမည့် သတင်းကြောင့် ဧည့်သည်များ ပိုမို ရောက်ရှိလာကြသည်။
ချန်ကျန့် အလုပ်များနေစဉ်မှာပင် တည်းခိုခန်းရှေ့သို့ ကားတစ်စီး ဆိုက်ရောက်လာသည်။ ထိုကား၏ လိုင်စင်နံပါတ်မှာ ရှန်ယွီ၏ ဇာတိမြို့မှ ဖြစ်နေလေသည်။ ချန်ကျန့်၏ ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဝင်လာခဲ့သည်။ ရှန်ယွီ၏ လက်ဒဏ်ရာနှင့် ဤကားမှာ ဆက်နွယ်နေမလားဟု သူ တွေးနေမိသည်။
မျက်မှန်အမည်း တပ်ထားသော အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာပြီး တည်းခိုခန်း ဆိုင်းဘုတ်ကို မော့ကြည့်သည်။
“တာယွင်ကနေ ကြိုဆိုပါတယ်ခင်ဗျ။ အခန်း ဘွတ်ကင် လုပ်ထားပါသလား”
ချန်အာဟူက နှုတ်ဆက်သော်လည်း ထိုသူက
“မလောပါနဲ့ဦး။ ဘယ်မှာ တည်းရမလဲ မသေချာသေးလို့ပါ။ အထဲမှာ တခြား တည်းခိုခန်းတွေ ရှိသေးလား” ဟု မေးကာ အပြင်သို့ ပြန်ထွက်ရန် ပြင်သည်။
အကယ်၍ မတည်းဘူးဆိုလျှင် ဘာလို့ ငါတို့ဆိုင်ရှေ့မှာ ကားလာရပ်တာလဲ။
“ဒါဆိုရင်တော့ ကားပါကင်ခ ပေးခဲ့ပါခင်ဗျ”
ချန်ကျန့်၏ စကားကြောင့် ထိုသူမှာ ခြေလှမ်း ရပ်သွားပြီး လှည့်ကြည့်သည်။
“ဘာပြောလိုက်တာလဲ”
“ယွမ် တစ်ဆယ်ပါခင်ဗျ”
ချန်ကျန့်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေသည်။
___________________________________________________________________
စီးပွားရေးအကွက်တေမြင်တတ်နေတာ သူ
ReplyDelete