Skip to main content

51



အပိုင်း (၅၁)


အန်ကယ်ကျန်းက ပုံမှန်ဆိုရင် တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေကို ငါးလိုက်ပို့လေ့မရှိပါ။ သူက ငါးသည်မဟုတ်သလို၊ ငါးလိုက်ပို့ရတာကလည်း အလုပ်ရှုပ်လှသည် မဟုတ်ပါလား။

ရှန်ယွီက အန်ကယ်ကျန်းကို ဘာတွေပြောလိုက်သည်လဲတော့ ချန်ကျန့်မသိပါ။ သို့သော် ထိုနေ့မွန်းလွဲပိုင်းတွင် အန်ကယ်ကျန်းက ငါးကြီးလေးကောင်ကို ကိုယ်တိုင်ကားမောင်းပြီး လာပို့ပေးခဲ့သည်။

“အရှင်ကြီးတွေလား”

ကောင်းကောင်းအနားယူပြီး ဧည့်ကြိုကောင်တာသို့ ပြန်ရောက်လာသည့် ဟူဖန်က အန်ကယ်ကျန်း သယ်လာသော ငါးများကို မြင်သည့်အခါ အံ့အားသင့်သွားရသည်။

“ကျွန်မတို့ ကိုယ်တိုင်သတ်ရမှာလား”

“ငါ လုပ်ပေးခဲ့ပါ့မယ်”

အန်ကယ်ကျန်းက ဆိုသည်။

“ဒီအတိုင်းပဲ ထားလိုက်ပါ။ ညစာအတွက်ဆိုရင်တော့ အတော်ပဲပေါ့”

“ကြည့်ဖို့တော့ နည်းနည်းကြောက်တယ်”

ဟူဖန်က ဆိုသည်။

“အသက်ရှိတဲ့အရာတွေကို သတ်တာဆိုရင် ကျွန်မ နည်းနည်းကြောက်တတ်လို့ပါ”

“သမီးလေးရယ်”

အန်ကယ်ကျန်းက ပြုံးလျက် မီးဖိုချောင်ထဲသို့ လျှောက်လှမ်းရင်း ပြောလိုက်သည်။

“မကြောက်ပါနဲ့။ သူတို့အတွက် မြန်မြန်ဆန်ဆန်ပဲ လုပ်ပေးမှာပါ။ မိနစ်အနည်းငယ်ပဲ ကြာမှာပါ”

ချန်ကျန့်လည်း ကူညီပေးရန်အတွက် အနောက်မှ လိုက်ဝင်ခဲ့သည်။

“အန်ကယ်ကျန်း... ပင်ပန်းသွားပါပြီဗျာ”

“တခြားနေရာသာဆိုရင်တော့ ငါ သေချာပေါက် လုပ်ပေးမှာမဟုတ်ဘူး”

အန်ကယ်ကျန်းက ငါးများကို ကျွမ်းကျင်စွာ စတင်ကိုင်တွယ်ရင်း ဆိုသည်။

“မင်းတို့ ဘော့စ်ရှန်က လူမှုရေး တော်တော်သိတာပဲ၊ ရက်လည်းရက်ရောတယ်။ ငါ မင်းတို့ဆီ ငါးလာပို့တယ်ဆိုတာ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်။ ငါ တကယ်ကို ဒါမျိုး မလုပ်ဖူးတာမို့လို့ပါ”

“ဟုတ်ကဲ့”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ မင်းတို့ ဘော့စ်ရှန်ကိုလည်း အများကြီး မတောင်းပါဘူး”

အန်ကယ်ကျန်းက ဆက်ပြောသည်။

“ဒါက သူငယ်ချင်းတစ်ယောက်ကို ကူညီတဲ့သဘောပါ”

“ဟုတ်ကဲ့”

ချန်ကျန့် ဆက်တိုက် ခေါင်းညိတ်နေမိသည်။

ရှန်ယွီသည် ပြဿနာမရှာလျှင်တော့ သူ၏ အပြောအဆိုနှင့် အပြုအမူများမှာ အမြဲတမ်း အလိုက်သိတတ်လွန်းလှသည်။ အန်ကယ်ကျန်းက သူ့ကို သူငယ်ချင်းဟု သတ်မှတ်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါဘူး။ တည်းခိုခန်းက ဝန်ထမ်းတွေလည်း ဤနည်းနှင့်ပင် သူ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။

အန်ကယ်ကျန်းက စကားလည်း တော်တော်ပြောနိုင်သူ ဖြစ်သည်။ သူသည် ငါးကိုင်နေရင်း တောက်လျှောက်ပြောနေသဖြင့် ချန်ကျန့်မှာ ဘေးကနေ “ဟုတ်ကဲ့” ဟုသာ လိုက်ပြောနေရပြီး စကားပြောရန် အခွင့်အရေးပင် မရခဲ့ချေ။ ငါးကိုင်၍ ပြီးသွားမှပဲ… လိုက်ပို့ရင်း ချန်ကျန့် စကားစခွင့် ရတော့သည်။

“သူတို့တွေ ထမင်းစားနေကြတုန်းလား”

“ငါလာတော့ သူတို့ စားပြီးကြပြီ”

အန်ကယ်ကျန်းက ဆိုသည်။

“ဘော့စ်ရှန်က သူ့သူငယ်ချင်းတွေကို ရွာထဲ လိုက်ပြချင်လို့တဲ့.... အခုဆို ပတ်လို့ ပြီးလောက်ပါပြီ။ ငါတို့ရွာက အဲ့ဒီလောက်ကြီးတာမှ မဟုတ်တာ”

ချန်ကျန့် ပြုံးလိုက်မိသည်။ ရှန်ယွီသည် တကယ်ပင် ဟိုဟိုဒီဒီ လျှောက်သွားရသည်ကို သဘောကျသူ ဖြစ်သည်။ အရင်ကတော့ အဖော်မရှိသလို၊ ခြေထောက်ကလည်း အဆင်မပြေခဲ့ဘူးလေ။ အခုတော့ ကိရိယာလည်း ဖြုတ်ပြီးပြီ၊ သူငယ်ချင်းတွေလည်း ရောက်နေပြီဆိုတော့ လမ်းလျှောက်ဖို့ အကောင်းဆုံး အချိန်ပေါ့။

အန်ကယ်ကျန်းကို လိုက်ပို့ပြီး ပြန်အလှည့်တွင် လမ်းခွက နားနေဆောင်မှ တစ်စုံတစ်ယောက် လျှောက်လာပြီး သူ့ကို လှမ်းအော်ခေါ်သည်။

“မန်နေဂျာချန်!”

ချန်ကျန့် ရပ်ကြည့်လိုက်သည့်အခါ “လျန်ယဲ့” တည်းခိုခန်း၏ မန်နေဂျာ ဒါ့လီ ဖြစ်နေသည်။ သူလည်း တည်းခိုခန်းကို တာဝန်ယူထားရသူ ဖြစ်သည်။ ဟယ်လျန် မရှိသည့်အချိန်တိုင်း ဤလူကသာ အရာရာကို စီမံရသည်။ ဟုတ်ပါသည်၊ ဤတည်းခိုခန်း ပိုင်ရှင်များသည် ဆိုင်မှာ အမြဲမရှိတတ်ကြပါဘူး။ တစ်လလျှင် လဝက်ခန့်သာ ရှိတတ်ပြီး၊ ခရီးသွားရာသီဆိုလျှင် ပိုကြာကြာနေကာ၊ လူပါးသည့် ရာသီဆိုလျှင်တော့ ပျောက်နေတတ်ကြသည်။

အရင်က ချန်းယွီသည်လည်း ဆိုင်မှာ နေ့တိုင်း ရှိနေခဲ့သူ မဟုတ်ပါဘူး။ ရှန်ယွီ၏ ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ်ပေးထားသည့် ကာလ ကုန်ဆုံးသွားသည့်အခါ....။

“မန်နေဂျာချန်”

ဒါ့လီက အနားသို့ လျှောက်လာရင်း ဆိုသည်။

“ကျွန်တော် ခင်ဗျားကို လာရှာမလို့ပဲ”

“ဘာကိစ္စရှိလို့လဲဗျ။ ကျွန်တော်တို့လူတွေ ခင်ဗျားတို့ဆီက ဧည့်သည်တွေ သွားလုလို့လား”

“ဟေး.... ခင်ဗျားကလည်း”

ဒါ့လီက မျက်မှောင်ကြုတ်လျက် ဆိုသည်။ ချန်ကျန့် ပြုံးလိုက်သည်။

“ဒီလိုပါ”

ဒါ့လီက တာယွင်ဝင်းထဲသို့ လျှောက်ဝင်လာပြီး ပန်းခြံထဲက ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ စီးကရက်တစ်ထုပ် ထုတ်ကာ ကမ်းပေးသည်။

“တစ်ခုလောက် ဆွေးနွေးချင်လို့ပါ”

“ကျွန်တော် ဆေးလိပ်မသောက်ဘူးဗျ”

“အော်....”

ဒါ့လီက ကိုယ်တိုင်သောက်ရန် စီးကရက်တစ်လိပ် ထုတ်လိုက်သည်။

“အနောက်ဘက်ဝင်းမှာ သွားသောက်လို့ ရပါတယ်”

ချန်ကျန့်က ပန်းခြံအတွင်းပိုင်းသို့ လျှောက်သွားရင်း ဆိုသည်။

“ဟိုဘက်မှာ ဆေးလိပ်သောက်ဖို့ နေရာ သီးသန့်ရှိတယ်လေ”

“ဟင်း.... ခင်ဗျားတို့မှာကလည်း စည်းကမ်းတွေ တော်တော်များတာပဲ”

ဒါ့လီက ညည်းတွားရင်း လိုက်လာကာ ပြာခွက်ရှိသည့် စားပွဲမှာ ထိုင်လိုက်သည်။

“အခု နှင်းကျမယ့် ရာသီ ရောက်တော့မယ် မဟုတ်လား။ မနှစ်ကတော့ နှင်းကျတဲ့အချိန် ခရီးသည် မဆိုးပါဘူး၊ ဒီနှစ်ကတော့ နှင်းက စောစောကျတယ်လေ”

ဒါ့လီက ဆိုသည်။

“အဲ့ဒါကြောင့် ကျွန်တော်တို့ ‘ကွမ်ရှန်း’ ရော ‘ဆွီယွမ်’ ရော တိုင်ပင်ပြီး ဧည့်သည်တွေ ပိုလာအောင် ပွဲလေးတစ်ခုခု လုပ်ကြမလားလို့လေ”

“ခင်ဗျားတို့ သုံးယောက် တိုင်ပင်ပြီးမှ ကျွန်တော့်ဆီ လာတာပေါ့ ဟုတ်လား”

ချန်ကျန့်က သူ့ကို စိုက်ကြည့်လိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ဒါ့လီမှာ ရုတ်တရက် အနေရခက်သွားဟန်ဖြင့် ပြုံးလျက် ဆိုသည်။

“အဓိကကတော့ ကျွန်တော်တို့ သုံးယောက်က ပုံမှန်လည်း ဆက်သွယ်မှု ရှိနေကြတော့ အရင် စဉ်းစားမိသွားတာပါ။ အဲ့ဒါကြောင့် ခင်ဗျားတို့ကိုပါ လာမေးတာပေါ့၊ အားလုံး အတူတူ အသေးစိတ် ဆွေးနွေးလို့ ရအောင်လို့ပါ”

“သြော်…”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ ဤစကားကို ကြားရသည်မှာ ချန်ကျန့်အတွက်တော့ သိပ်ပြီး စိတ်ချမ်းသာစရာ မဟုတ်ပါဘူး။ ဤတည်းခိုခန်း သုံးခုမှာ တာယွင်နှင့် မည်သည့် ဆက်ဆံရေးမှ မရှိသလောက် ဖြစ်နေပြီးမှ၊ အခုကျမှ သူတို့ သုံးယောက်က ပုံမှန် ဆက်သွယ်နေကြသည်ဟု ပြောလာခြင်း ဖြစ်သည်။

ခင်ဗျားတို့ သုံးယောက် ဘယ်လို ဆက်သွယ်ကြတာလဲ။ Private group chat ရှိလို့လား။

ကျွန်တော့်ကိုရော အဲ့ဒီ Group ထဲ ထည့်ပေးလို့ ရမလား။

ဟုတ်ပါသည်၊ သူ ဒါတွေကိုတော့ မမေးဖြစ်ခဲ့ပါဘူး။ အကယ်၍ ရှန်ယွီသာဆိုလျှင်တော့ မေးကောင်း မေးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ရှန်က စီးပွားရေးနဲ့ ပတ်သက်ရင် “အေးဆေးပဲ” ဆိုသည့် စရိုက်ရှိသူ မဟုတ်ပါလား။

“ကျွန်တော်တို့က မီးပုံပွဲလိုမျိုး လုပ်မလားလို့ စဉ်းစားထားတာ။ တာယွင် ဘက်ကရော ဘယ်လို စိတ်ကူးရှိလဲ”

“ပွဲလုပ်တာကတော့ စိတ်ကူးကောင်းပါတယ်”

ချန်ကျန့်က ဆိုသည်။

“ဒါပေမဲ့ ခင်ဗျားတို့မှာ စိတ်ကူးရှိပြီးသားဖြစ်သလို၊ ခင်ဗျားတို့က ကျွန်တော်တို့ထက်လည်း ဝါရင့်ကြတာပဲလေ။ တာယွင် ဘက်က ဘာတွေ ကူညီပေးရမလဲဆိုတာကိုပဲ စာရင်းလုပ်ပေးလိုက်ပါ။ ကျွန်တော်တို့ ကြည့်လိုက်ပါ့မယ်”

မည်သို့ပင်ဖြစ်စေ၊ အများဆန္ဒကို လိုက်နာရမည်ဆိုလျှင်တော့ တာယွင်မှာ အနည်းစု ဖြစ်နေမှာပေါ့။ ထို့ကြောင့်လည်း စာနာမှုတွေ ပြနေမည့်အစား ဘာလုပ်ပေးရမလဲဆိုတာကိုပဲ တိုက်ရိုက် သိချင်ခြင်း ဖြစ်သည်။

“အဲ့ဒီလိုလား။ မင်းကော ဆုံးဖြတ်နိုင်လို့လား”

ဒါ့လီက သံသယဖြင့် မေးသည်။ ချန်ကျန့် ထိုစကားကြောင့် စိတ်မဆိုးပါဘူး။ ဒါ့လီက အသက် ၃၀ ကျော်ဖြစ်ပြီး ရှန်ယွီထက်ပင် ကြီးသည်။ တခြားတည်းခိုခန်း နှစ်ခုက မန်နေဂျာတွေကလည်း အသက်တူတူပါပဲ။ သူတို့အမြင်မှာတော့ အသက် ၂၀ သာရှိသေးတဲ့ ချန်ကျန့်မှာ ကလေးတစ်ယောက်လို ဖြစ်နေမှာပေါ့။

“ဘော့စ်ရှန်နဲ့ ကျွန်တော် တိုင်ပင်လိုက်ပါ့မယ်”

ချန်ကျန့်က ဆိုသည်။

“ဒါပေမဲ့ သူက ပြဿနာတက်မှာကို တအား ကြောက်တဲ့လူဗျ။ ခင်ဗျားတို့လည်း အထိုက်အလျောက်တော့ သိမှာပါ။ အတိုချုပ်ပြောရရင်တော့ အရာရာကို ရိုးရိုးရှင်းရှင်းပဲ ဖြစ်စေချင်တာပါ”

လီကောရေ.... ဘော့စ်ရှန်ရဲ့ စရိုက်က ခန့်မှန်းရ တအားခက်တာဗျ။ သူသာ စိတ်ပျက်သွားရင် ပါမှာ မဟုတ်ဘူး။ အဲ့ဒီကျရင် ခင်ဗျားတို့မှာ လူတစ်ယောက် လျော့သွားလိမ့်မယ်။ ပြီးမှ သူက လာပြီး အလကား နှိုက်စားနေရင်လည်း မတတ်နိုင်ဘူးနော်။

“ကောင်းပြီလေ”

ဒါ့လီ ခေါင်းညိတ်သည်။

“နောက်မှ ကျွန်တော် ခင်ဗျားကို အပ်ပြီး စာပို့လိုက်မယ်နော်”

“ဟုတ်ကဲ့”

“Group ထဲက ‘တာယွင် ချန်’ ဆိုတာ ခင်ဗျားလား”

ဒါ့လီက ဖုန်းထုတ်ကြည့်ရင်း မေးသည်။

“ဟုတ်ပါတယ်”

“ချန်ယု....”

ဒါ့လီက ချန်ကျန့်၏ ပရိုဖိုင်ကို ဖွင့်ကြည့်ပြီး သူ့ကို လှမ်းကြည့်သည်။

“ကျွန်တော်ပါပဲ”

ချန်ကျန့် ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို Group မှာ တည်းခိုခန်း မန်နေဂျာတွေ အားလုံး ရှိနေကြခြင်း ဖြစ်သည်။ ပုံမှန်ဆိုရင် ဘယ်သူမှ စကားမပြောကြဘဲ အသိပေးချက်တွေအတွက်ပဲ သုံးတာပါ။ ချန်ကျန့်ကတော့ “ချန်ယွီလော့ယန့်” ဆိုတဲ့ နာမည်နဲ့ Group ထဲမှာ ရှိနေရတာကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ဒါ့လီသာ ထိုနာမည်ကို ပါးစပ်က ထုတ်ပြောရဲရင်တော့ ငြိမ်နေမှာ မဟုတ်ပါဘူး။

“ဟုတ်ပြီ၊ နောက်မှ ဆက်သွယ်လိုက်မယ်”

ဒါ့လီ ထရပ်လိုက်သည်။

“ဘော့စ်ရှန်နဲ့ တိုင်ပင်ကြည့်လိုက်ဦးနော်”

***


“ရပါတယ်။ အဆင်ပြေပုံရပါတယ်။ ကုန်ကျစရိတ်ကလည်း အများကြီး မဟုတ်ပါဘူး၊ ဘော့စ်ချန်းကလည်း အခုတင် ပိုက်ဆံပေးထားတာပဲကို”

ရှန်ယွီက ဆိုဖာပေါ်မှာ လှဲလျောင်းရင်း၊ ချန်ကျန့်၏ ဖုန်းထဲမှ ဒါ့လီ ပို့ထားသော မီးပုံပွဲ အစီအစဉ်ကြမ်းကို ဖတ်နေသည်။ တာယွင်ဘက်က ပူးပေါင်းရမည့် အချက်များကို အရောင်ခြယ်ထားလေသည်။

“သူတို့က အကုန် စီစဉ်ပြီးသားကြီးပဲ”

ချန်ကျန့်က အနည်းငယ် စိတ်တိုလျက် ဆိုသည်။

“ကုန်ကျစရိတ်ကတော့ အတူတူပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမှာတွေက ပိုများနေတယ်”

“မင်း ကြိုသိနေသားပဲ မဟုတ်လား”

ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ရပါတယ်။ ငါတို့က ပိုလုပ်ပေးရတော့ ပွဲမှာ ငါတို့က ပိုပြီး ပေါ်လွင်တာပေါ့”

“ဗျာ”

ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။

“မင်းရဲ့ ရှောင်ရီကျဲ ကို အကူအညီတောင်းပြီး သတင်းထောက်တွေ ဘာတွေ ခေါ်ခိုင်းလိုက်လေ”

ရှန်ယွီက ဆိုသည်။

“အခြေအနေ ကြည့်ပြီးတော့ တာယွင်ကနေ ရွာထဲက တခြားဆိုင်တွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားလမ်းကြောင်းတွေပါ ဖန်တီးလို့ ရတာပဲ”

“ယောင်ရီက ခရီးသွားလုပ်ငန်းမှာ လုပ်တာလား”

ချန်ကျန့်က မေးလိုက်သည်။

“သူက ခရီးသွားလုပ်ငန်း ဌာနကလေ”

ရှန်ယွီက ဆိုသည်။

“ဒါပေမဲ့ အလုပ်တွေ တအား ရှုပ်ကုန်မှာစိုးလို့ ငါ မလုပ်ချင်တာ”

“ဟုတ်ကဲ့”

ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။

“ဒီမှာကလည်း တိုးတက်မှု သိပ်မရှိသေးတော့ အဲ့ဒီလောက်ထိ အပင်ပန်းခံနေဖို့ မလိုပါဘူး”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ ကိုင်ထားတဲ့ ဖုန်းဆီမှ သူ၏ အကြည့်များက ချန်ကျန့်၏ မျက်နှာဆီသို့ ရောက်ရှိလာသည်။ ချန်ကျန့်သည်လည်း သူ တစ်ခုခု ပြောမှာကို တိတ်ဆိတ်စွာ စောင့်နေမိသည်။ သို့သော် ရှန်ယွီက ဘာမှမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

“တစ်ခုခု မှားပြောမိလို့လား”

ချန်ကျန့် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်ရသည်။

“ထိုင်ဦး”

ရှန်ယွီက ဆိုသည်။ ချန်ကျန့်သည် ဆိုဖာဘေးတွင် မတ်တတ်ရပ်နေခဲ့ခြင်း ။ အကြောင်းမှာ ရှန်ယွီက ဆိုဖာတစ်ခုလုံးကို နေရာယူပြီး လှဲနေသောကြောင့် ဖြစ်သည်။ အခု ထိုင်ခိုင်းသည့်အခါ သူ ဘယ်မှာ ထိုင်ရမလဲ မသိဘဲ ဖြစ်နေသည်။ ရှန်ယွီက သူ၏ ခြေထောက်များကို ဆိုဖာအတွင်းဘက်သို့ အနည်းငယ် တိုးပေးလိုက်ပြီး လူတစ်ယောက် ထိုင်ဖို့ နေရာ ဖယ်ပေးလိုက်သည်။

ချန်ကျန့် ဝင်ထိုင်လိုက်ပြီး၊ စားပွဲပေါ်က ရှန်ယွီ အနှိပ်ခန်းက ယူလာတဲ့ တရုတ်ဆေးထုပ်တွေကို ကြည့်နေမိသည်။ ဤလူက ယွဲ့လန်တို့ စုံတွဲကို အနှိပ်ခန်းအထိ ခေါ်သွားခဲ့တာကိုး....။

“ဟေး....”

ရှန်ယွီက ခြေထောက်ကို လှုပ်ယမ်းလိုက်ရာ ချန်ကျန့်၏ ကျောကုန်းကို သွားထိသည်။ ချန်ကျန့် သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။

“ငါ မသွားတော့ဘူး”

ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

ချန်ကျန့် မှင်သက်သွားရသည်။

ငါ မသွားတော့ဘူး။

ထိုရိုးရှင်းလှသော စကားလုံး သုံးလုံးက သူ၏ ရင်ထဲကို အမျိုးအမည်မသိသော ခံစားချက်များစွာနှင့် ပြည့်နှက်သွားစေသည်။ သူ အတော်ကြာအောင် သတိမဝင်နိုင်ဘဲ ဖြစ်နေခဲ့သည်။

“ကြားလား”

ရှန်ယွီက မေးသည်။

“အင်း”

“တစ်ခုခု ပြောစရာ မရှိဘူးလား”

ရှန်ယွီက ထပ်မေးပြန်သည်။

ရှိပါသည်၊ အများကြီး ရှိပါသည်....။ ချန်ကျန့် သူ့ကို ကြည့်နေဆဲပင် ဖြစ်သည်။ သို့သော် ဘယ်ကနေ စပြောရမှန်း သူ မသိပါဘူး။ ရှန်ယွီကတော့ တော်တော်လေး စိတ်ရှည်ပုံရသည်။ သူ့ကို မလောသလို၊ တခြားလည်း ဘာမှ ထပ်မပြောဘဲ ဖုန်းကိုသာ ပြန်ကြည့်နေလေသည်။

ခေတ္တမျှ ငိုင်သွားပြီးနောက်တွင်မှ ရှန်ယွီက သူ၏ ဖုန်းကို တစ်ချိန်လုံး ကြည့်နေခဲ့သည်ကို ချန်ကျန့် သတိရသွားသည်။

“ဖတ်လို့ မပြီးသေးဘူးလား”

ချန်ကျန့် သူ၏ ဖုန်းထဲတွင် မမြင်စေချင်သည့် အရာများ ရှိမရှိ အမြန် စဉ်းစားလိုက်မိသည်။

“ကျွန်တော် အဲ့ဒီဖိုင်ကို မင်းဆီ တိုက်ရိုက် ပို့ပေးလိုက်မယ်လေ”

“မင်းကို လန့်အောင် လုပ်လိုက်တာ”

ရှန်ယွီက ပြုံးလျက် ဖုန်းကို သူ၏ ခြေထောက်ဘေးမှာ ချလိုက်သည်။ ဖုန်းမျက်နှာပြင်မှာ မှောင်နေလေသည်။ ရှန်ယွီသည် ဖုန်းကို ပိတ်လျက်သားနှင့် ကိုင်ထားခဲ့ခြင်း ဖြစ်သည်။

ချန်ကျန့်လည်း ပြုံးလိုက်မိပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည်၊ ထို့နောက်မှ တရုတ်ဆေးထုပ်တွေကို တစ်ချက် ထပ်ကြည့်လိုက်မိသည်။

“မင်း သူတို့ကို အနှိပ်ခန်းမှာ နှိပ်ခိုင်းခဲ့တာလား”

“အင်း၊ လမ်းလျှောက်ရင်းနဲ့ အဲ့ဒီကို ရောက်သွားတာလေ၊ ဒါပေမဲ့ သူတို့က မနှိပ်ရဲကြဘူး”

ရှန်ယွီက ဆိုသည်။

“သူတို့က နာမှာကို ကြောက်နေကြတာ”

“ဒါက ပုံမှန် ဆေးရုံမဟုတ်တော့ သူတို့ စိုးရိမ်တာလည်း ပါမှာပေါ့”

ချန်ကျန့်က ဆိုသည်။

“လူအများစုက ဒါမျိုးကို မယုံကြဘူးလေ”

“ငါတောင် စမ်းကြည့်ပြီးပြီပဲ၊ သူတို့က ဘာကို စိုးရိမ်နေတာလဲ”

ရှန်ယွီက ဆိုသည်။

“အခုတော့ သူတို့ ဒီကို ရောက်နေကြပြီ။ မနက်ဖြန် တောင်ပေါ်တက်ပြီး နှင်းကြည့်ချင်တယ်တဲ့”

“သူတို့က....”

ချန်ကျန့် နောက်ဆုံးတွင် ပထမဆုံး မေးခွန်းကို မေးနိုင်ခဲ့လေပြီ။

“ဘာလို့ ရုတ်တရက်ကြီး ဒီကို လာကစားဖို့ စဉ်းစားမိတာလဲ”

“သူတို့မှာ သုံးလို့မကုန်တဲ့ ခွင့်ရက်တွေ ရှိနေလို့လေ”

ရှန်ယွီက ဆိုသည်။

“အဲ့ဒါကြောင့် သူတို့က.... မန်နေဂျာကို လာကြည့်ကြတာပေါ့”

“လာကြည့်တာ....”

ချန်ကျန့် ခဏမျှ တန့်သွားသည်။

“ဘာကိုလဲ”

“မန်နေဂျာကို လာကြည့်တာလေ။ သိသာလွန်းလှတာကို”

ရှန်ယွီက ဆိုသည်။

“မင်း သတိမထားမိဘူးလား”

“မထားမိပါဘူး”

ချန်ကျန့်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“မထားမိရင် ဘာလို့ မေးနေတာလဲ”

ရှန်ယွီက ဆိုသည်။

“သူတို့တွေ လာကစားတာပဲလို့ မင်း ထင်နေရင် မေးမှာ မဟုတ်ဘူး မဟုတ်လား”

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ရှန်ယွီကို တစ်ချက် ကြည့်လိုက်သည်။

“သူတို့က မကောင်းတဲ့ စိတ်နဲ့ လာတာ မဟုတ်ပါဘူး၊ တခြား ရည်ရွယ်ချက်လည်း မရှိပါဘူး။ သူတို့က.... ငါ သဘောကျတဲ့လူက ဘယ်လိုလူလဲဆိုတာကို လာကြည့်ချင်ရုံတင်ပါ”

ဤစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ချန်ကျန့်၏ နားထဲတွင် အသံတွေ ပဲ့တင်ထပ်သွားသလို ခံစားလိုက်ရသည်။ အချို့သော အရာများမှာ မိမိ၏ ခေါင်းထဲမှာသာ ရှိနေစဉ်တွင်တော့ ဝေဝါးနေတတ်သည်၊ တစ်ခုခုက ကာကွယ်ပေးထားသလိုမျိုးပေါ့။ ကိုယ် နားလည်သည်၊ ကိုယ် သိသည်၊ ဒါပေမဲ့ အကွာအဝေးတစ်ခု ရှိနေဆဲ ဖြစ်သည်။

သို့သော် ၎င်းမှာ ပါးစပ်မှ ထွက်လာသော အသံတစ်ခု ဖြစ်သွားသည့်အခါ၊ မျက်နှာချင်းဆိုင် ပြောလိုက်သည့် စကားလုံး ဖြစ်သွားသည့်အခါတွင်မူ.... ၎င်းမှာ ခေါင်းပေါ်က ပလတ်စတစ်အိတ်ကို ဓားနှင့် ဖောက်လိုက်သလိုမျိုးပင်။ ဝေဝါးနေသော အလင်းနှင့် အရိပ်များမှာ ရှင်းလင်းသွားပြီး၊ လေထုပင်လျှင် ထူးထူးခြားခြား ကြည်လင်သွားသလို ခံစားရစေသည်။ ချန်ကျန့်၏ အသက်ရှူသံများမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်ကုန်တော့သည်၊ မှိုလေးဆီမှ အသက်ရှူသံကို လုယူထားသလိုမျိုးပေါ့။ ပြေးနေသော်လည်း အရှိန်မပါသလို၊ အမှီလည်း မလိုက်နိုင်သလိုမျိုး။

ချန်ကျန့်၊ မင်း ဘာလို့ ‘အာ’ နေတာလဲ။

“အာ....”

ချန်ကျန့်၏ ပြန်ပြောသံမှာ အိပ်မက်တစ်ခုလိုပင် လက်တွေ့မကျလှပါဘူး။ သူ၏ လည်ချောင်းမှာလည်း အနည်းငယ် တင်းကျပ်နေလေသည်။

“မင်း နေရခက်တယ် ဆိုရင်တော့ သူတို့ မနက်ဖြန် ပြန်သွားလို့ ရပါတယ်”

ရှန်ယွီက ဆိုသည်။

“ဒါမှမဟုတ် တခြားနေရာမှာ သွားနေခိုင်းလို့လည်း ရတာပဲ....”

“မဟုတ်တာ၊ မဟုတ်တာ....”

ချန်ကျန့် အလျင်အမြန် လက်ယမ်းပြကာ ငြင်းဆိုလိုက်သည်၊ သူ၏ ဦးနှောက်မှာ နောက်ဆုံးတော့ ပုံမှန် အရှိန်ကို ပြန်ရောက်လာခဲ့လေပြီ။

“အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ”

“မင်းက အထူးတလည်ကြီးတော့ မလုပ်ပါနဲ့။ ဘော့စ်ရဲ့ သူငယ်ချင်းတွေ ဆိုပေမဲ့လည်း သူတို့က သာမန် ခရီးသည်တွေ မဟုတ်ကြဘူးလေ၊ ဒီအတိုင်းပဲ သာမန်လို ဆက်ဆံလိုက်ပါ”

“အရင်က ချန်းယွီ ဆီကို သူ့သူငယ်ချင်းတွေ လာလည်သလိုမျိုးပေါ့”

“သူ့ဆီကို ဘယ်သူငယ်ချင်းမှ လာမလည်ဖူးပါဘူး”

ချန်ကျန့်က ဆိုလိုက်သည်။

“မင်းကတော့လေ....”

ရှန်ယွီ ရယ်မောလိုက်မိသည်။

“ငါ အခု မင်းကို ဘယ်လိုများ ပြန်ချော့ရမလဲ”

ချန်ကျန့် ခေတ္တစဉ်းစားပြီးနောက် သူကိုယ်တိုင်လည်း လိုက်ရယ်မိတော့သည်။ ဘာကြောင့်လဲတော့ မသိပါဘူး၊ သူ စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချလိုက်ရသလိုမျိုးပေါ့။ တစ်စုံတစ်ယောက်ကို အကြွေး ယွမ် နှစ်သောင်း ပြန်ဆပ်လိုက်ရသလို ခံစားချက်မျိုးပင်။

“ညစာကို ပန်းခြံထဲမှာ အသားကင် လုပ်စားကြရအောင်”

ရှန်ယွီက ဆိုသည်။

“ငါးဟင်းအိုး တစ်အိုးလည်း ချက်မယ်၊ အသားတွေလည်း ကင်မယ်ပေါ့။ အားလုံးကို ခေါ်လိုက်၊ အတူတူ ထမင်းစားရင်း စာအိတ်အနီတွေလည်း ဝေပေးရအောင်”

“ဟုတ်ကဲ့”

ချန်ကျန့် ခေါင်းညိတ်ပြသည်။

“ကျွန်တော် ကျောက်ကျဲကို သွားပြောလိုက်ပါ့မယ်”

“ဆန်းပင်းကိုဖြစ်ဖြစ် တစ်ယောက်ယောက်ကို အရက်သွားဝယ်ခိုင်းလိုက်ဦး။ အားလုံး အတူတူ သောက်ကြတာပေါ့”

ရှန်ယွီက ဆိုသည်။

“ဧည့်သည်တွေကိုလည်း အသိပေးလိုက်၊ ဒီည ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းတွေ ရှိမှာမဟုတ်ဘူးလို့ပေါ့။ တစ်ခုခု လိုအပ်ရင် မန်နေဂျာဆီ ဖုန်းဆက်လို့ ရကြောင်း ပြောလိုက်ပါ။ အသားကင်ပွဲမှာ ပါဝင်ချင်တဲ့ ဧည့်သည်တွေရှိရင်လည်း ကြိုဆိုပါတယ်လို့ ပြောလိုက်ဦး”

“ဧည့်သည်တွေကိုပါ ပေးဝင်မှာလား”

ချန်ကျန့်က မေးသည်။

“ပျော်စရာကောင်းအောင်လို့လေ”

ရှန်ယွီက ဆိုသည်။

“ပြီးတော့ ယောင်ရီကိုလည်း ပုံတွေ ရိုက်ခိုင်းလိုက်ဦး။ နောက်ပိုင်း အသုံးဝင်မှာမို့လို့”

“ဘာအတွက်လဲဟင်”

“တာယွင်ကနေ ဦးဆောင်ပြီး မြို့ထဲက တည်းခိုခန်း ပိုင်ရှင်တွေနဲ့အတူ ပွဲလေးတွေ လုပ်တယ်ဆိုတဲ့ အကြောင်းပေါ့၊ ခရီးသည်တွေအတွက် မီးပုံပွဲလိုမျိုးပေါ့”

ရှန်ယွီက ရှင်းပြသည်။

“ဘယ်သူသိမှာလဲ၊ တခြား တည်းခိုခန်းတွေကလည်း နောက်ကျရင် နည်းမျိုးစုံနဲ့ နာမည်ကြီးအောင် လုပ်ကြမှာပဲလေ။ ငါတို့က ကြိုတင် ပြင်ဆင်ထားရမှာပေါ့”

ချန်ကျန့် သူ့ကို အံ့သြတကြီး ကြည့်နေမိသည်။

“ငါ တော်တယ် မဟုတ်လား”

ရှန်ယွီက မေးလိုက်သည်။

“တော်ပါတယ်”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ငါ့ဆီက သင်ယူထားဦး”

“ဟုတ်ကဲ့”

“ကဲ.... သွားတော့လေ မန်နေဂျာ၊ အလုပ်တွေ စလုပ်တော့”

ရှန်ယွီက ဆိုသည်။

ချန်ကျန့် ထရပ်လိုက်ပြီး စားပွဲပေါ်က တရုတ်ဆေးထုပ်တွေကို အသာအယာ မလိုက်သည်။

“ဒီဆေးတွေကို ဒီည သောက်မှာလား”

“ငါ့ကို မမေးနဲ့လေ”

ရှန်ယွီက ဆိုသည် ။ “ငါကတော့ တစ်သက်လုံး မသောက်ချင်တဲ့ လူစားမျိုးပါ”

“ကောင်းပါပြီ”

ချန်ကျန့် ပြုံးလျက် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ လွန်ခဲ့သော နှစ်ရက်အတွင်းတွင် ယခုတစ်ကြိမ်မှာ သူ ပထမဆုံး စိတ်အေးလက်အေးနှင့် ရုံးခန်းထဲမှ ထွက်လာနိုင်ခြင်း ဖြစ်သည်။

ဘော့စ်၏ ရုတ်တရက် ပေါ်လာသော စိတ်ကူးကြောင့် ပန်းခြံထဲတွင် ညစာစားပွဲနှင့် အသားကင်ပွဲ လုပ်ရန် ပြင်ဆင်ကြရာတွင် အချိန်ကတော့ တိုတောင်းလှသည်၊ သို့သော် ဝန်ထမ်းများမှာ စိတ်အားထက်သန်နေကြလေသည်။ အပန်းဖြေစရာ သိပ်မရှိလှသော ဤမြို့ငယ်လေးအတွက်တော့ ဤသည်မှာ တကယ့်ကို ဆွဲဆောင်မှုရှိသော ပွဲတစ်ခု မဟုတ်ပါလား။ တစ်ပတ်လျှင် သုံးရက်သာ အလုပ်ဆင်းလေ့ရှိသော လောင်စစ်ပင်လျှင် သတင်းကြားရုံနှင့် ရောက်လာခဲ့သည်။ အားလုံး ဝိုင်းဝန်းကာ ကျောက်ဖန်းဖန်းကို မီးဖိုချောင်မှာ ကူညီပေးကြသည်၊ အရက်နှင့် ပါဝင်ပစ္စည်းများ သွားဝယ်ကြသည်၊ ပန်းခြံကို ရှင်းလင်းကာ အလှဆင်ကြသည်။ ပျော်ရွှင်စွာ ပါဝင်ကြသော ဧည့်သည်များနှင့်အတူ တစ်အိမ်လုံး ဆူညံကာ ပျော်ရွှင်စရာ ဖြစ်နေလေသည်။ အာဟူသည်ပင်လျှင် အရင်က ဝက်ခြံဟောင်းမှာ ပွဲလုပ်တုန်းက သုံးခဲ့တဲ့ သံပုံးကြီးကို မီးမွှေးဖို့အတွက် သယ်လာခဲ့သေးသည်။

လမ်းသွယ်ထဲက တည်းခိုခန်းများမှ လူအချို့လည်း လာကြည့်ကြသည်။ ဟူဖန်က အခွင့်အရေးကို အသုံးချကာ သူတို့အားလုံးကိုပါ ဝိုင်းဖိတ်လိုက်လေသည်။

အရာရာ အဆင်သင့်ဖြစ်ပြီး ထမင်းစားပွဲ စတင်သည့် အချိန်တွင်တော့ ပန်းခြံထဲတွင် တာယွင် ဝန်ထမ်းများတင်မကဘဲ စုစုပေါင်း လူ အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေလေပြီ။

“တကယ်ကို စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ယွဲ့လန်က ဝိုင်ခွက်ကို ကိုင်ရင်း ဆိုသည်။

“မင်းမိန်းမကော”

ရှန်ယွီက မေးလိုက်သည်။

“မင်း ခိုင်းထားတဲ့အတိုင်း ပုံတွေ ရိုက်နေတယ်လေ”

“ထမင်းစားပြီးမှ ရိုက်လည်း ရတာပဲကို”

“သူက ၁၆ နာရီ အစာမစားတဲ့ Fasting လုပ်နေတာလေ”

ယွဲ့လန်က ဆိုသည်။

“ဒီည သူ ထမင်းစားမှာ မဟုတ်ဘူး။ ငါ သူ့ကို ခေါ်လာခဲ့မယ်၊ မင်းတို့နဲ့ ဝန်ထမ်းတွေရဲ့ ပုံတွေကို ရိုက်ခိုင်းလိုက်ပေါ့”

ယွဲ့လန် ထွက်သွားပြီးနောက် ရှန်ယွီက ချန်ကျန့်ကို လှမ်းကြည့်သည်။

“မပြေးဘူးလား”

“ဗျာ”

ချန်ကျန့်က ဆန်းပင်း အခုတင် ယူလာတဲ့ အသားကင်တစ်တုတ်ကို ရှန်ယွီဆီ လှမ်းပေးလိုက်သည်။

“သူတို့တွေ ပုံလာရိုက်တော့မှာလေ”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ သို့သော် သူ မလှုပ်မယှက်ဘဲ ထိုနေရာမှာတင် ဆက်ရပ်နေခဲ့သည်။ ယောင်ရီ ကင်မရာနှင့် ရောက်လာသည့် အချိန်တွင်လည်း သူ ရှန်ယွီ၏ ဘေးတွင် ရှိနေဆဲပင်။

“ဘော့စ်နဲ့ မန်နေဂျာတို့ရဲ့ ပုံကို ရိုက်ပေးရမလား”

သူမက မေးသည်။

“ဟုတ်ကဲ့”

ချန်ကျန့်က ပြန်ဖြေလိုက်သည်။

ယောင်ရီ ကင်မရာကို မြှောက်လိုက်သော်လည်း ခလုတ်ကို ချက်ချင်း မနှိပ်သေးပါဘူး။ သူမ ကင်မရာကို ပြန်ချလိုက်ပြီး…

“သဘာဝကျကျလေး နေကြပါဦး။ မောင်လေးရယ်... မင်းပုံစံက အခု ရှန်ယွီကို ပြန်ပေးဆွဲထားတဲ့ ပုံစံကြီး ဖြစ်နေတယ်”

“ဓားစာခံကိုတော့ မသတ်လိုက်ပါနဲ့ဦး”

ယွဲ့လန်က ဘေးမှ ဝင်နောက်သည်။

“ရွေးနုတ်ဖိုးကိုတော့ ညှိနှိုင်းလို့ ရပါတယ်”

ချန်ကျန့် ရယ်မောလိုက်မိသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ ရှန်ယွီမှာ သူ၏ ရှေ့က ကုလားထိုင်မှာ ထိုင်နေပြီး၊ သူကတော့ အသားကင်တွေ အများကြီးကို ကိုင်ကာ ရှန်ယွီ့ကို လက်ညှိုးထိုးထားသလိုမျိုး ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။ သူ တကယ်ပင် စိတ်လှုပ်ရှားနေမိသည်လေ။ အနည်းငယ်တော့ ဟန်ဆောင်နေမိတာပေါ့။

“ချန်ကျန့်... တစ်လုပ်လောက် စားလိုက်ဦးလေ”

ယွဲ့လန်က ဆိုသည်။

ချန်ကျန့် အသားကို တစ်လုပ် ကိုက်လိုက်သည်။ အခြားတစ်ဖက်မှတော့ ကင်မရာ၏ ခလုတ်နှိပ်သံလေးများ တစီစီ ထွက်ပေါ်လာတော့သည်။

“မင်းတို့ နှစ်ယောက်စလုံးက ဓာတ်ပုံစားကြတာပဲ”

ယောင်ရီ ကင်မရာထဲက ပုံတွေကို ကြည့်ပြီးမှ ယွဲ့လန်ကို ပြလိုက်သည်။

“ဆံပင်ကောက်ကောက်လေးရဲ့ ပုံစံက တကယ့်ကို အထာကျတာပဲ။ ငါ သူ့ကို တော်တော် ရုပ်ချောအောင် ရိုက်ပေးထားတယ် မဟုတ်လား”

“ဟေး!”

ရှန်ယွီက လှမ်းအော်သည်။

“ဘာဖြစ်လို့လဲ”

ယွဲ့လန် သူ့ကို ကြည့်လိုက်သည်။

“မလုပ်နဲ့....”

ရှန်ယွီ စကားမဆုံးသေးခင်မှာပင် ချန်ကျန့်က သူ၏ ဒူးဖြင့် ရှန်ယွီ၏ ကုလားထိုင်နောက်ကျောကို အသာအယာ တိုက်လိုက်သည်။

“ဘာမှ မဟုတ်ပါဘူး”

ရှန်ယွီ လေသံ ပြောင်းလိုက်ရလေသည်။

“သူ့ကို ဆံပင်ကောက်ကောက်လို့ ခေါ်လို့ မရဘူးလား”

ယောင်ရီက ချက်ချင်းပင် ရိပ်မိသွားဟန်ဖြင့် မေးသည်။

“ရပါတယ်၊ ခေါ်လို့ ရပါတယ်”

ချန်ကျန့်က ဆိုလိုက်သည်။

“ကိစ္စမရှိပါဘူး”

သူတို့တွေ ထွက်သွားပြီးနောက် ရှန်ယွီ သူ့ကို လှည့်ကြည့်သည်။

“မင်းရဲ့ စည်းကမ်းတွေက အဲ့ဒီလောက်တောင် အသေးစိတ်တာလား”

“မတူဘူးလေ”

ချန်ကျန့် ရှန်ယွီ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ဘာတွေ မတူတာလဲ”

ရှန်ယွီက အသားကို ကိုက်ဝါးရင်း မေးလိုက်သည်။

ချန်ကျန့် သူ့ကို ကြည့်လိုက်မိသည်။

“ဟင်?”

ရှန်ယွီကလည်း ပြန်ကြည့်နေသည်။

“မင်းက ထမင်းစားရင် စကားမပြောရဘူး ဆိုတဲ့ စည်းကမ်း ရှိတယ် မဟုတ်လား”

ချန်ကျန့်က ပြန်မေးလိုက်သည်။

“တစ်ခါတစ်လေတော့လည်း ချွင်းချက် ရှိရမှာပေါ့”

ရှန်ယွီက ပြုံးလျက် ပြန်ပြောလေ၏။

TN // အီလီကလီလေးတွေဟေ့ ! ဝိုင်းလှော်ကြဟေ့ !

Comments

  1. မထိတထိနော် 20s ageက ပိုသာနေတာ။🥰

    ReplyDelete
  2. ကောက်ကောက်တို့ ဒူးတွေ တိုက်ကုန်ပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...