အပိုင်း (၅၇)
ရှန်ယွီ၏ လည်ပင်းသည် အလွန်နွေးထွေးနေပြီး ပူလောင်လုနီးနီး။ အထူးသဖြင့် လေတိုက်သဖြင့် အေးစက်နေသော ချန်ကျန့်၏ နှာသီးဖျားနှင့် ထိတွေ့မိသည့် အခါတွင်ပေါ့။
ရှန်ယွီ၏ လည်ပင်းဘေးမှ သွေးခုန်နှုန်း စည်းချက်ကျကျ တုန်ခါနေသည်ကို သူ ခံစားရသည်။ ထိုစည်းချက်နှင့်အတူ ပင်လယ်ရနံ့ သင်းသင်းလေးက ပျံ့လွင့်လာလေသည်။
ထိတ်လန့်မှု။
ရုတ်တရက် ပြင်းထန်သော ထိတ်လန့်မှုတစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့သည်။ နွေးထွေးမှုကို တောင့်တသော စိတ်ဆန္ဒလည်း ပါဝင်နေသည်။ မသိနားမလည်သေးသော အရာတစ်ခုကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ခြင်းနှင့် အားကိုးရာမဲ့ခြင်းတို့လည်း ရှိနေသည်။ သူသည် မလှုပ်မယှက် ရပ်နေမိသည်။ သူ မလှုပ်ရှားချင်သလို၊ လှုပ်ရှားဖို့လည်း မရဲပါဘူး။
ရှန်ယွီက ခေါင်းကို အနည်းငယ်စောင်းကာ သူ၏ နားရွက်နောက်ဘက်ကို အသာအယာ နမ်းလိုက်သည့် အချိန်အထိပေါ့။ ထိုအခါမှသာ သူသည် အိပ်မက်မှ လန့်နိုးလာသူပမာ တုန်ခါသွားပြီးနောက် ခေါင်းကိုလှည့်ကာ ရှန်ယွီ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ပြန်လည် နမ်းရှိုက်လိုက်တော့သည်။
လေတိုက်သံများ ရုတ်တရက် ရပ်တန့်သွားသလိုပင်။ ကားရှေ့မီးရောင်များ မှိန်ဖျော့သွားသည်။
ခြေဖဝါးအောက်က မြေပြင်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူသည် သတိလစ်သွားသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ အာရုံခံစားမှု အားလုံးသည် ထိုအခိုက်အတန့်မှာတင် ခန္ဓာကိုယ်ထဲမှ လွင့်စင်သွားခဲ့သည်။ ကျန်ရစ်ခဲ့သည်မှာ အေးမြသော အရိပ်အယောင်လေး ပါဝင်နေသည့် နူးညံ့စိုစွတ်သော ထိတွေ့မှုတစ်ခုသာ ဖြစ်တော့သည်။
ခေတ္တမျှ ရပ်တန့်သွားသော ကမ္ဘာကြီးသည် ရှေ့လမ်းကွေ့မှ ပေါ်လာသော ကားတစ်စီး၏ စူးရှလှသော အလင်းရောင်ကြောင့် ပြိုကွဲသွားခဲ့သည်။ အလင်းရောင်မှာ လမ်းဘေးက တောအုပ်ကို လာရိုက်ပြီး အရာအားလုံးကို လင်းထိန်သွားစေသည်။
ထို့နောက် ဟွန်းသံ တစ်ချက် ထွက်ပေါ်လာသည်။ ချန်ကျန့်သည် ရှန်ယွီကို ရုတ်တရက် လွှတ်ပေးလိုက်ပြီး ကိုယ်ကိုလှည့်ကာ ကားကို မှီထားလိုက်သည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါ ကုန်တင်ကားတစ်စီး လမ်းကွေ့မှ ထွက်လာခဲ့သည်။
၎င်း၏ ရှေ့မီးကြီးများမှာ လမ်းမ၊ သူတို့၏ကားနှင့် ကားကိုမှီရပ်နေသော သူတို့နှစ်ဦးကို လင်းထိန်အောင် ထိုးပြသွားလေသည်။ ခဏတာတော့ ချန်ကျန့်မှာ ဒီအတိုင်း ရပ်နေရမလား၊ ဒါမှမဟုတ် ကားထဲကို အမြန် ဝင်ရမလား ဝေခွဲမရ ဖြစ်နေခဲ့သည်။
သို့သော် ရှန်ယွီမှာမူ မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ ရပ်နေသဖြင့် သူလည်း လိုက်ပြီး ငြိမ်နေလိုက်သည်။ သူ၏ အနောက်တွင် ကားရှိနေပြီး အရှေ့တွင် တောအုပ် ရှိနေသည်။ ရှန်ယွီ မလှုပ်ရှားရခြင်းမှာ သူတို့နှစ်ဦးကို လမ်းဘေးခဏရပ်ပြီး အတူတူ ဆီးသွားနေကြသည့် ခရီးသည်များဟု အထင်ခံရစေရန် ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။ ယဉ်ကျေးမှုနှင့် မညီသော်လည်း အခြေအနေအရဆိုလျှင်တော့ ကျိုးကြောင်းဆီလျော်သော ဆင်ခြေတစ်ခုပေါ့။
ကုန်တင်ကား ဖြတ်သွားပြီးနောက်တွင်လည်း ချန်ကျန့်မှာ ထိုနေရာတွင် ဆက်ရပ်နေမိဆဲပင်၊ သူ၏ ဦးနှောက်ထဲတွင်တော့ ရှုပ်ထွေးလှသော ပုံရိပ်များနှင့် အတွေးများကြောင့် မူးဝေနေလေသည်။
“ကားပေါ်တက်တော့”
ရှန်ယွီက သူ၏မျက်နှာကို လက်ဖြင့် အသာအယာ တို့ရင်း ပြောလိုက်သည်။
“အင်း”
ချန်ကျန့် သတိပြန်ဝင်လာပြီး ပြန်ထူးလိုက်သည်။
နောက်ဖေးတံခါးမှ ရှေ့ထိုင်ခုံတံခါးအထိမှာ တစ်လှမ်းတည်းသာ ရှိသော်လည်း ချန်ကျန့်အတွက်တော့ တော်တော်လေး အချိန်ယူလိုက်ရသည်။ ရှန်ယွီ ကားရှေ့ကနေပတ်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်ပြီးသည့်တိုင်အောင် သူကတော့ တံခါးကို အခုမှ ဆွဲဖွင့်နိုင်သေးသည်။
ရှန်ယွီ သူ့ကို လှည့်ကြည့်သည်။
ချန်ကျန့်မှာ ပြင်းထန်လှသော ရှက်ရွံ့မှုများက ဖုံးလွှမ်းနေလေသည်။ သူ ရှန်ယွီကို မျက်လုံးထောင့်မှတောင် လှမ်းမကြည့်ရဲပါဘူး၊ သို့သော် ရှန်ယွီ၏ အကြည့်များက သူ့အပေါ်မှာ ရှိနေဆဲမှန်း သူ ခံစားနေရသည်။
ခဏအကြာတွင် ရှန်ယွီက ပြုံးလျက် ပြောလိုက်သည်။
“ထိုင်ခုံခါးပတ်”
“အော်”
ချန်ကျန့် ပြန်ဖြေရင်း ခါးပတ်ကို အလျင်အစလို ဆွဲယူလိုက်ရာ အရှိန်ပြင်းသွားသဖြင့် ခါးပတ်မှာ ညပ်သွားတော့သည်။ သူသည် လက်ကို လျှော့လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဆွဲကာ သေသေချာချာ ပတ်လိုက်ရလေသည်။
ရှန်ယွီ ဘာမှ ထပ်မပြောပါဘူး။ သူသည် သီချင်းဖွင့်ရန် လက်လှမ်းသော်လည်း ဘာမှ ရှာမတွေ့သဖြင့် ရေဒီယိုလိုင်း တစ်လိုင်းကိုသာ ဖမ်းလိုက်ပြီး မြို့ဘက်သို့ ဆက်လက် မောင်းနှင်ခဲ့သည်။ ချန်ကျန့် ထိုင်ခုံကို မှီကာ ရှေ့ကိုသာ စိုက်ကြည့်နေမိသည်။
အရင်ကဆိုလျှင် သူ ဘာတွေ တွေးနေမှန်း သူကိုယ်တိုင် မသိသော်လည်း၊ အခုတော့ သူ ဘာတွေးနေသလဲဆိုတာ အလွန်ပင် ရှင်းလင်းနေလေသည်။
သူ၏ ခေါင်းထဲတွင် ခုနက နမ်းခဲ့သည့် အကြောင်းတွေချည်း ပြည့်နေခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ စိတ်လှုပ်ရှားမှုကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လား မသိပါဘူး၊ အိတ်ကပ်ထဲ ထိုးထည့်ထားသော လက်များမှာ တုန်ယင်နေလေသည်။
တစ်လမ်းလုံး သူ တခြား ဘာကိုမျှ မတွေးဖြစ်ခဲ့ပါဘူး။ ကားရပ်သွားပြီး ရှန်ယွီက သူ၏မျက်နှာကို လှမ်းပုတ်မှသာ သူ သတိပြန်ဝင်လာတော့သည်။ သတိပြန်ဝင်လာတာလား။
သူ ခေတ္တမျှ မှင်သက်သွားပြီးမှ ရှန်ယွီကို လှည့်ကြည့်သည်။ ထို့နောက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကားမှာ တောင်တက်လမ်းဘေးက ကွင်းပြင်လေးတစ်ခုမှာ ရပ်ထားခြင်း ဖြစ်သည်။ ဘေးနားတွင်တော့ မီးရောင်များ လင်းထိန်နေသော အဆောက်အအုံ တစ်ခုရှိပြီး ဆိုင်းဘုတ်မှာတော့ တောင်လယ် စားသောက်ဆိုင် ဟု ရေးထားလေသည်။
ဘယ်အချိန်က ရောက်သွားတာလဲ။ ချန်ကျန့် အံ့သြတကြီးနှင့် ဖုန်းထုတ်စစ်လိုက်ရာ ရှစ်နာရီ နီးပါး ရှိနေလေပြီ။
“အာ!”
သူ ကြောင်တောင်တောင်နှင့် ရေရွတ်လိုက်မိသည်။
“ကျွန်တော် အိပ်ပျော်သွားတာလား”
“မင်း သတိလစ်သွားတာလို့တောင် ငါ ထင်နေတာ”
“ဘယ်လိုလုပ်ပြီး ဒီအထိ မောင်းလာတာလဲ”
ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“လက်ကိုင်ဘီးကို ကိုင်ပြီး မောင်းလာတာပေါ့”
ရှန်ယွီက ဆိုသည်။
“ဒီလမ်းက တောင်တက်လမ်းလို့ မင်းပြောခဲ့တာ မဟုတ်လား။ ဟို တည်းခိုခန်းတွေကို ကျော်လိုက်ရင် ရောက်တာပဲလေ”
“အင်း”
ချန်ကျန့် သူ၏မျက်နှာကို ပွတ်လိုက်မိသည်။
“စာမေးပွဲဖြေတာရော၊ ကားမောင်းလေ့ကျင့်တာရောဆိုတော့ နည်းနည်း ပင်ပန်းသွားလို့ ဖြစ်မှာပါ။ ဘာလို့ ကျွန်တော့်ကို မနှိုးတာလဲ”
“ရပါတယ်”
ရှန်ယွီက ဆိုကာ လက်ကိုင်ဘီးကို လက်ချောင်းလေးများဖြင့် အသာအယာ တောက်နေသည်။ သူက ခပ်တိုးတိုး ဆက်ပြောသည်။
“တကယ်လို့ ဒီထမင်းကို မစားချင်ဘူးဆိုရင်လည်း အခုပဲ ပြန်ဆင်းသွားလို့ ရပါတယ်”
“မစားချင်တာ မဟုတ်ပါဘူး”
ချန်ကျန့်က ဆိုသည်။
“အဓိကကတော့.... ခုနက ကိစ္စကနေ စိတ်က ပြန်မတည်ငြိမ်သေးလို့ပါ”
ရှန်ယွီ ပြုံးလိုက်သည်။
“ဒါဆိုလည်း စိတ်တည်ငြိမ်သွားမှပဲ အထဲဝင်ကြတာပေါ့”
အဝင်ဝတွင် ရပ်နေသော စားပွဲထိုးက သူတို့ကား ရောက်လာတာကို မြင်သဖြင့် ကြိုဆိုရန် ထွက်လာခဲ့သည်။ ရှန်ယွီ မှန်ချလိုက်ပြီး…
“ခဏနေမှ ဝင်ခဲ့ပါ့မယ်” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ”
စားပွဲထိုးက ယဉ်ကျေးစွာ ဦးညွှတ်ပြီး ပြန်ဝင်သွားသည်။
“သူတို့ဆီက ဝန်ထမ်းတွေက တကယ်ကို ယဉ်ကျေးတာပဲနော်”
ချန်ကျန့် မနေနိုင်ဘဲ မှတ်ချက်ပေးလိုက်မိသည်။
“ဆိုင်ရဲ့ အဆင့်အတန်းချင်း မတူလို့ပါ”
ရှန်ယွီက ဆိုသည်။
“ငါတို့လည်း မလုပ်နိုင်တာမှ မဟုတ်တာ”
ချန်ကျန့်သည် ဝက်ခြံဂိုဏ်းသားများ အဝင်ဝတွင် ရပ်ကာ ဧည့်သည်များကို ယဉ်ကျေးစွာ ကြိုဆိုနေသည့် ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်မိသည်။ ဟူဖန်သာ ရပ်နေရင်တောင်မှ သူမ၏ အမူအရာက ယဉ်ကျေးသည့် ပုံစံမျိုး ပေါက်မှာ မဟုတ်ပါဘူး။ သူ မရယ်ဘဲ မနေနိုင်တော့ပါဘူး။ ရှန်ယွီသည်လည်း တစ်ချိန်တည်းမှာပင် လိုက်ရယ်တော့သည်။
“ငါတို့ တွေးတာ တူနေတာလား”
“ဖြစ်နိုင်ပါတယ်”
ချန်ကျန့် ပြုံးလျက် သူ့ကို လှည့်ကြည့်သည်။
“တာယွင် ရဲ့ ကြိုဆိုရေး အဖွဲ့လေ”
ရှန်ယွီ ရယ်မောနေစဉ်မှာပင် သူ၏ ဖုန်းမြည်လာသည်။ သူ ထိုင်ခုံကြားထဲမှ ဖုန်းကို နှိုက်ထုတ်လိုက်ပြီး
“မလောပါနဲ့ဦး၊ ရောက်ပါပြီဆို”
“ဒီမှာ လူနှစ်ယောက် ဗိုက်ဆာလွန်းလို့ သေတော့မယ်!”
ယွဲ့လန်က လှမ်းအော်သည်။
“မြန်မြန်လာစားကြစမ်းပါ၊ ကားထဲမှာပဲ ထိုင်ရယ်မနေကြနဲ့တော့!”
ချန်ကျန့် ယွဲ့လန်၏ အသံကို ကြားလိုက်ရသဖြင့် မှင်သက်သွားရသည်။ သူ စားသောက်ဆိုင်၏ မှန်ပြတင်းပေါက်ကြီးဆီသို့ လှမ်းကြည့်လိုက်သည့်အခါ၊ ဒုတိယထပ် ပြတင်းပေါက်မှာ ယွဲ့လန်က ဖုန်းတစ်ဖက်ကိုကိုင်ကာ သူတို့ကို လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။
“ဗျာ?”
ချန်ကျန့် ဒုတိယထပ်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူ ကျွန်တော်တို့ကို မြင်နေရတာလား”
“ငါ ကြားလည်း ကြားရတယ်ဟေ့!”
ယွဲ့လန်က လှမ်းအော်သည်။
“အပေါ်ကို မြန်မြန် တက်လာခဲ့ကြစမ်း!”
ရှန်ယွီ ပြောပုံအရဆိုလျှင် ယွဲ့လန်တို့ ဇနီးမောင်နှံမှာ သူတို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ သို့သော် ချန်ကျန့် စားပွဲဆီသို့ ရောက်သွားသည့်အခါ သံပရာရည် နှစ်ခွက်မှလွဲ၍ ဘာမှမရှိသေးသော စားပွဲကို မြင်လိုက်ရသဖြင့် သူတို့ အရင်မစားခဲ့ကြမှန်း သိလိုက်ရသည်။
ရှန်ယွီလည်း အနည်းငယ် အံ့သြသွားသည်။
“တကယ်ကြီး ဗိုက်ဆာခံပြီး စောင့်နေတာလား”
“မင်းတစ်ယောက်တည်းသာ ဆိုရင်တော့ စောင့်မနေပါဘူးကွာ”
ယွဲ့လန်က စားပွဲထိုးထံမှ မီနူးကို ယူကာ ချန်ကျန့်ရှေ့ ချပေးလိုက်သည်။
“ချန်ကျန့်.... မင်း အရင် မှာလိုက်”
“ရှောင်ရီကျဲ ပဲ မှာပါစေ”
ချန်ကျန့်က မီနူးကို ယောင်ယီဘက်သို့ တွန်းပို့လိုက်သည်။
“ကျွန်တော်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်”
တကယ် ဗိုက်ဆာနေတာဆိုတော့ ဘာကျွေးကျွေး စားမှာပါ။ ပြီးတော့ ဒီလိုဆိုင်မျိုးမှာ သူ ဘယ်လိုမှာရမလဲဆိုတာ တကယ် မသိပါဘူး။ ပမာဏတွေကော၊ အရသာတွေကော သူ မခန့်မှန်းတတ်ပါဘူး။
“ဒါဆိုလည်း ရှန်ယွီ ပဲ မှာလိုက်တော့”
ယောင်ယီက ဆိုသည်။
“ငါ့ကိုတော့ မမှာခိုင်းနဲ့၊ ငါရွေးတဲ့ ဟင်းတွေကို မင်းတို့ စားနိုင်မှာ မဟုတ်ဘူး”
“သူက အမြဲတမ်း အရသာ ပေါ့ပေါ့ပျက်ပျက်တွေပဲ မှာတာလေ”
ယွဲ့လန်က ဝင်ပြောသည်။
ရှန်ယွီ မီနူးကို လှမ်းယူလိုက်ပြီး ယောင်ယီ၏ လက်မှတ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
“ဒါ ပြန်ပေးတာနော်”
“သုံးခဲ့ရဲ့လား”
ယောင်ယီက ပြုံးလျက် မေးသည်။
“ယူသွားမှတော့ သုံးတာပေါ့”
ရှန်ယွီ မီနူးကို ကြည့်ရင်း ဆိုသည်။
“သူတို့ ညှိနှိုင်းတာ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကြည့်ရဦးမှာပဲ။ နောက်ထပ် နှစ်ခါ သုံးခါလောက်တော့ ထပ်ပြောရဦးမှာပေါ့”
“သူတို့ သဘောတူလိုက်ပြီ မဟုတ်လား”
ချန်ကျန့်က အသံတိုးတိုးဖြင့် မေးသည်။
“သူတို့တွေ အိမ်ပြန်ပြီး တိုင်ပင်ကြရင်တော့ နောက်ထပ် တောင်းဆိုချက်တွေ ထပ်တိုးလာမှာပေါ့။ ပြီးတော့ ဘာအကျိုးအမြတ်မှ မရဘဲ သဘောတူလိုက်တဲ့ ချန် မျိုးနွယ်တွေကလည်း ရှိသေးတယ်လေ”
ရှန်ယွီက ရှင်းပြသည်။
“သူတို့တွေလည်း မနက်ဖြန်ကျရင် မင်းဆီ လာပြီး တောင်းဆိုချက်တွေ ထပ်တိုးကြမှာပဲ”
“ဟူး....”
ချန်ကျန့် ထိုင်ခုံပေါ်သို့ မှီချလိုက်မိသည်။
“ရပါတယ်”
ယွဲ့လန်က ဆိုသည်။
“ညှိလို့ မရရင်လည်း ဘော့စ်ကိုပဲ ရှာခိုင်းလိုက်ပေါ့။ ဘော့စ်ရှန် ကတော့ တခြားနေရာတွေမှာလည်း တော်သလို၊ ညှိနှိုင်းတဲ့ နေရာမှာတော့ ပိုပြီး တော်တယ်လေ”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ စားပွဲထိုးကို ခေါ်ကာ မှာကြားတော့သည်။ သူသည် ဆိုင်၏ နာမည်ကြီး ဟင်းလျာအချို့နှင့် ထမင်းကြော် အနည်းငယ်ကို မှာလိုက်ပြီး၊ ထမင်းကြော်ကို အရင် ချပေးရန် ပြောလိုက်သည်။
“လှေစီးရတာ ဘယ်လိုလဲ”
မှာပြီးနောက် ရှန်ယွီက မေးလိုက်သည်။
“မဆိုးပါဘူး၊ လူတွေ တော်တော်များတယ်”
“အအေးဒဏ်ကို မကြောက်တဲ့လူတွေ ဒီလောက်များတာ အံ့သြဖို့ကောင်းတယ်”
“ကစားနေတဲ့ အချိန်မှာတော့ အေးမှန်း မသိတော့ပါဘူး”
ယောင်ယီက ဝင်ပြောသည်။
“မင်းတို့ နှစ်ယောက်လည်း သွားစမ်းကြည့်သင့်တယ်နော်၊ တကယ် စိတ်ဝင်စားဖို့ ကောင်းတာ။ ဒီနေ့ ငါတို့နောက်က လှေပေါ်ကလူတွေဆိုရင် မြို့ဟောင်းက ဒေသခံတွေချည်းပဲလေ”
“တစ်ရက်လောက်တော့ သွားကြည့်ရမှာပေါ့”
ရှန်ယွီက ဆိုကာ ချန်ကျန့်ဘက်သို့ လှည့်ကြည့်သည်။
“ဟုတ်ကဲ့”
ချန်ကျန့် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“တကယ် ပြောတာပါ၊ ဒီနေရာက တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိတယ်နော်”
ယောင်ယီက ဆက်ပြောသည်။
“မင်း မှတ်မိလား၊ အရင် ၃၇၆ အတန်းက ဒါ့ဟေး ဆိုတဲ့ တစ်ယောက်လေ....”
“မှတ်မိတာပေါ့”
ရှန်ယွီက ဆိုသည်။
“သူ အခု ခရီးသွားလုပ်ငန်း လုပ်နေတာလေ၊ လမ်းကြောင်းတွေ အမြဲ ဖော်ဆောင်နေတာ။ မင်း တစ်ခုခု စိတ်ကူးရှိရင် ငါ ချိတ်ဆက်ပေးမယ်လေ”
“ဘယ်က ဒါ့ဟေး လဲ”
ယွဲ့လန်က ချက်ချင်း ဝင်မေးသည်။
“ငါ ဘာလို့ မသိတာလဲ”
“အတန်းဖော်လေ”
ယောင်ယီက ဆိုသည်။
“ယောကျ်ားလေး အတန်းဖော်ပေါ့”
ရှန်ယွီက ထပ်ဖြည့်ပြောလိုက်သည်။
“သြော်.... တိုက်ဆိုင်လိုက်တာ”
ယွဲ့လန်က မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။ ယောင်ယီ ရယ်မောလိုက်သည်။
“မင်းလည်း သူနဲ့ ဆုံဖူးမှာပါ။ သူက ငါနဲ့ တစ်ကျောင်းတည်း တက်ခဲ့တာလေ၊ ဟို အရပ်ရှည်ရှည် တစ်ယောက်နဲ့ အမြဲ ဘောလုံး ကန်နေကျလေ....”
“မင်းက တမင် လုပ်နေတာလား”
ရှန်ယွီက ဆိုသည်။
“ဘယ် အရပ်ရှည်ရှည်လဲ။ ငါ့ထက် ရှည်လို့လား”
ယွဲ့လန်က မေးသည်။
“အဲ့ဒီလောက်တော့ မရှည်ပါဘူး”
ရှန်ယွီက ဆိုသည်။
“မင်းကော သူ့ကို သိလို့လား”
ယွဲ့လန်က သူ့ကို ကြည့်ကာ မေးသည်။
“မသိပါဘူး။ မင်းကို စိတ်ညစ်အောင် လုပ်နေတာလေ”
ရှန်ယွီက ဆိုလိုက်သည်။
ယွဲ့လန် ရယ်မောလိုက်တော့သည်။ ဆိုင်ထဲမှာ လူ သိပ်မများသဖြင့် ဟင်းတွေက မြန်မြန် ရောက်လာခဲ့သည်။ ရှန်ယွီ မှာထားသည့် ထမင်းကြော်ကလည်း ပါလာလေသည်။ ထိုအခါမှသာ ချန်ကျန့် သဘောပေါက်လိုက်သည် ။ ရှန်ယွီ ဘာလို့ ထမင်းကြော်ကို အရင်မှာတာလဲဆိုတာကိုပေါ့။ ထမင်းစားရင် စကားမပြောရဆိုတဲ့ စည်းကမ်းကို လိုက်နာနိုင်ဖို့အတွက် ထမင်းကြော်ဖြင့် အရင် ဗိုက်ဖြည့်လိုက်ခြင်း ဖြစ်သည်။ ထိုအခါမှသာ နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း စားရင်း၊ စကားပြောရင်းနှင့် အချိန်ယူနိုင်မှာပေါ့။ စားလိုက်၊ ပြောလိုက်ပေါ့လေ။
ချန်ကျန့်သည် ရှန်ယွီ ဘာလို့ ဒီစည်းကမ်းကို ဇွတ်လိုက်နာနေရသလဲဆိုတာ တကယ်တော့ နားမလည်ပါဘူး။ သူ ကျင့်သားရနေလို့လား၊ ဒါမှမဟုတ် စကားမပြောချင်တဲ့ အချိန်မှာ ဆင်ခြေတစ်ခုအဖြစ် သုံးတာလား။ ဒါပေမဲ့ ရှန်ယွီ့ စရိုက်နဲ့ဆိုရင်တော့ စကားပြောဖို့ရော၊ မပြောဖို့ရောအတွက် အကြောင်းရင်း လိုမည့်ပုံ မရပါဘူး။
ယွဲ့လန်တို့ ဇနီးမောင်နှံနှင့် ရှိနေစဉ်တွင် ရှန်ယွီမှာ ပုံမှန်ထက် ပို၍ စကားများနေသည်မှာ သိသာလှသည်။ သူ၏ အမူအရာမှာလည်း.... ပြောရခက်သော်လည်း ပုံမှန် ပျင်းရိပျင်းတွဲ ဖြစ်နေသည့် ပုံစံမျိုးတော့ မဟုတ်တော့ပါဘူး။ ယခုအခါတွင်တော့ ချန်ကျန့်ကသာ ထမင်းစားနေတုန်း စကားမပြောတဲ့လူ ဖြစ်နေလေပြီ။ ခရီးသွားလုပ်ငန်းအကြောင်း ပြောမှသာ သူက တစ်ခွန်း နှစ်ခွန်း ဝင်ပြောနိုင်ပြီး၊ ကျန်သည့်အချိန်များတွင်တော့ တိတ်ဆိတ်စွာသာ နေရလေသည်။
ယွဲ့လန်နှင့် ရှန်ယွီတို့မှာ နှစ်ရှည်လများ သူငယ်ချင်းတွေ ဖြစ်ကြသလို၊ ယောင်ယီနှင့် ရှန်ယွီတို့မှာလည်း အထက်တန်း အတန်းဖော်တွေ ဖြစ်ကြသည်။ သူတို့အားလုံးမှာ ရှန်ယွီ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ရှိနေခဲ့ကြသူများ မဟုတ်ပါလား။ ချန်ကျန့်သည် သူတို့ စကားပြောတာကို တိတ်တဆိတ် နားထောင်ရင်း၊ ထမင်းကိုသာ အလေးအနက် စားနေမိသည်။ တော်သေးတာပေါ့ သူ ဗိုက်ဆာနေလို့။
သူ ဗိုက်ဆာနေ၍လား၊ ဆိုင်က ဟင်းတွေက ကောင်း၍လား၊ ဒါမှမဟုတ် ရှန်ယွီက မှာတတ်၍လားတော့ မသိပါဘူး၊ ချန်ကျန့်မှာ တော်တော်လေးကို အားရပါးရ စားမိသွားသည်။ တစ်ခုပဲ ဆိုးတာက သူ အစား တအား မြန်သွားခြင်း ဖြစ်သည်။ ရှန်ယွီတို့ စားလို့ မပြီးသေးခင်မှာပင် ချန်ကျန့်မှာ ဗိုက်ပြည့်ပြီး ရင်ပြည့်နေလေပြီ။ သူ ထိုင်ခုံကို မှီကာ ခေတ္တမျှ နားလိုက်ပြီးမှ ရှန်ယွီဘက်သို့ အနည်းငယ် တိုးကပ်လိုက်သည်။
ရှန်ယွီသည်လည်း ကိုယ်ကို လှည့်လာခဲ့သည် ။
“ဟင်?”
“ကျွန်တော် ဟိုဘက်က ဝရန်တာကို သွားကြည့်လိုက်ဦးမယ်”
ချန်ကျန့်က အသံနှိမ့်၍ ဆိုသည်။
“ဟိုမှာ မီးလင်းဖို အကြီးကြီး ရှိပုံရတယ်”
“သွားလေ”
ရှန်ယွီ ပြုံးလိုက်သည်။
“လေ့လာရေးပါ တစ်ခါတည်း လုပ်ခဲ့ပေါ့၊ ငါတို့လည်း တစ်ခုလောက် ဆောက်လို့ ရမလားလို့”
“အခုက အလုပ်ချိန် မဟုတ်တော့ဘူးလေ”
ချန်ကျန့်က ဆိုလိုက်သည်။
“အဲ့ဒီလိုလား”
ရှန်ယွီက သူ့ကို လှမ်းကြည့်သည်။ ချန်ကျန့် ပြုံးလျက် ထရပ်လိုက်ပြီး ယွဲ့လန်တို့ကို နှုတ်ဆက်ရန် ပြင်စဉ်မှာပင် ယောင်ယီက အရင်ဦးအောင် ပြုံးပြီး လက်ယမ်းပြလိုက်သည်။
“သွားလေ၊ ကြားပါတယ်”
စားသောက်ဆိုင်မှာ သုံးထပ်ရှိပြီး ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဝရန်တာ အကျယ်ကြီးများ ရှိကြသည်။ ၎င်းတို့မှာ တစ်ဝက်ပွင့် နေရာများဖြစ်ပြီး နံရံတွင် မီးလင်းဖို အကြီးကြီးများ ရှိလေသည်။ ဆိုင်မှာ ရွာဟောင်းဘက်ကို ကျောပေးထားပြီး တောင်တန်းနှင့် မြစ်ဘက်ကို မျက်နှာမူထားခြင်း ဖြစ်သည်။ မြင်ကွင်းမှာ ရွာဟောင်းကို မြင်ရတဲ့ ရှုခင်းကြည့်ဆောင်ထက် ပို၍ ကျယ်ပြန့်ပြီး သဘာဝဆန်လှသည်။ ရွာဟောင်း၏ မီးရောင်များ မရှိသဖြင့် အခု မြင်နေရသည်မှာ ငွေရောင် လရောင်နှင့် တောင်ထိပ်ပေါ်က ငွေရောင် နှင်းစကလေးများသာ ဖြစ်တော့သည်။
နည်းနည်းတော့ အေးစိမ့်ပြီး ခြောက်ကပ်နေသလိုပါပဲ။ ချန်ကျန့် ဝရန်တာ လက်ရန်းနားမှာ ခဏရပ်နေပြီးမှ၊ မီးတွင်းဘေးက ကုလားထိုင်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။ သူသည် အဝေးကို ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
“မင်း လိုက်သွားပြီး အဖော်လုပ်ပေးသင့်တယ် မဟုတ်လား”
ယွဲ့လန်သည် ထိုင်နေသည့် နေရာမှနေ၍ ချန်ကျန့်ကို မြင်နေရသည်လေ။
“သူ ငိုင်နေတာ တော်တော် ကြာပြီနော်”
“မသွားပါဘူး”
ရှန်ယွီက နောက်သို့ လှည့်မကြည့်ဘဲ ဆိုသည်။
“သူ့ရဲ့ အတွေးတွေကို ငါ သွားနှောင့်ယှက်သလို ဖြစ်နေမှာပေါ့”
“မင်းတို့ နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ခဲ့လို့လား”
ယောင်ယီက မိန်းကလေးဖြစ်သဖြင့် ပို၍ အကဲခတ်မိလေသည်။
“မောင်လေး ရဲ့ ပုံစံက တစ်မျိုး ဖြစ်နေသလိုပဲ”
ရှန်ယွီ ချောင်းဟန့်လိုက်သော်လည်း ဘာမှ ပြန်မပြောပါဘူး။
“သူ မင်းကို ထပ်ရိုက်လိုက်လို့လား”
ယွဲ့လန်က စပ်စုသည်။
“မင်းကသာ အရိုက်ခံရဖို့ လိုနေတာပါ”
ရှန်ယွီက ပြန်ပက်လိုက်သည်။ ယောင်ယီ ရယ်မောရင်း ယွဲ့လန်ကို လှမ်းပုတ်လိုက်သည်။
“သူသာ ထပ်ပြီး အရိုက်ခံရမယ်ဆိုရင်တော့ အခုလို အမူအရာမျိုး ရှိမှာ မဟုတ်တော့ဘူးလေ”
“မင်းတို့ နှစ်ယောက်လုံး လူနာကို နည်းနည်းလောက်တော့ လေးစားကြပါဦး”
ရှန်ယွီက ဆိုသည်။
“ငါက လေးစားလို့ မင်းကို မရိုက်တာလေ”
ယွဲ့လန်က မဲ့ကာရွဲ့ကာဖြင့် ဆိုသည်။ ရှန်ယွီ ထိုင်ခုံပေါ် မှီထိုင်ရင်း ရယ်မောလိုက်မိသည်။ ခဏအကြာတွင် သူ သက်ပြင်းတစ်ချက် ထပ်ချပြန်သည်။
“သူက.... လုံခြုံမှု မရှိဘူးလို့ ခံစားနေရတာ ထင်တယ်”
ရှန်ယွီက ဆိုသည်။
“တကယ်လား။ ဖြစ်နိုင်ပါတယ်”
ယွဲ့လန်က မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်ရင်း ဆိုသည်။
“ဒါပေမဲ့ မင်းလည်း အတူတူပဲလို့ ငါ ဘာလို့ ခံစားနေရတာလဲ”
“သူက အစကတည်းက အဲ့ဒီအတိုင်းပဲလေ”
ယောင်ယီက မေးထောက်ရင်း သူမ၏ ပါးကို လက်ချောင်းဖြင့် တို့ကာ ဆိုသည်။
“ဒါပေမဲ့ ပြသပုံချင်းတော့ ကွဲပြားတာပေါ့။ ဖြူကောင်လေးတွေက များသောအားဖြင့် လုံခြုံမှု မရှိကြဘူးလေ”
“မင်းကမှ ဖြူကောင်၊ မင်းက လိပ်ကောင လေ”
ရှန်ယွီက ပြန်ရွဲ့သည်။
“ကြည့်စမ်း၊ ရှင့် သူငယ်ချင်း ကျွန်မကို ဝက် လို့ ခေါ်နေတယ်”
ယောင်ယီက ယွဲ့လန်ကို လှမ်းတိုင်သည်။
“လိပ်ကောင် ပါဆို”
ယွဲ့လန်က ပြန်ပြင်ပေးလိုက်သည်။ ရှန်ယွီ အားရပါးရ ရယ်မောမိတော့သည်။
“ခဏနေရင် ကိုယ် မင်းအတွက် ပြန်ရိုက်ပေးမယ်”
ယွဲ့လန်က ယောင်ယီကို ဖက်ရင်း ဆိုလိုက်သည်။
“ငါဖြင့် ဒါတွေကို ဆက်မကြည့်နိုင်တော့ဘူး”
ရှန်ယွီ သူ၏ခွက်ထဲက သံပရာရည်ကို အကုန်သောက်လိုက်သည်။
“ငါ သူ့ဆီ သွားကြည့်လိုက်ဦးမယ်။ မင်းတို့ကော ခဏနေရင် ဆင်းလာကြမှာလား”
“ငါတို့က တတိယထပ်ကို သွားပြီး ညရှုခင်းပုံတွေ ရိုက်ဦးမှာလေ”
ယောင်ယီက ဆိုသည်။
“ငါ ဒါအတွက်ကြောင့်မို့လို့ လှလှပပ ပြင်ထားတာကို မင်း သတိမထားမိဘူးလား”
“အခုမှ သတိထားမိတယ်”
ရှန်ယွီက ဆိုလိုက်သည်။
“အဲ့ဒီလိုမျိုးတော့ တိုက်ရိုက်ကြီး ထုတ်မပြောသင့်ဘူးလေ!”
ယောင်ယီက ရယ်မောလိုက်သည်။
“ခဏနေရင် ကို မင်းအတွက် ဒီကောင့်ကို ပြန်ရိုက်ပေးမယ်လို့ ပြောပြီးပြီပဲဟာ”
ယွဲ့လန်က ထပ်ပြောပြန်သည်။
“မင်းက ဓာတ်ပြားဟောင်းကြီးလား”
ရှန်ယွီ ရယ်မောရင်း ထရပ်လိုက်သည်၊ ဂျာကင်ကို ဝတ်ကာ ချန်ကျန့်ရှိရာသို့ လျှောက်သွားခဲ့သည်။
ချန်ကျန့်သည် ထိုင်လိုက်ကတည်းက ပုံစံမပျက်သေးပါဘူး။ သူသည် ကုလားထိုင်ပေါ်တွင် ခြေထောက်များကို ဆန့်ထုတ်လျက်၊ တံတောင်ကို လက်တန်းပေါ်တင်ကာ သူ၏ လက်ချောင်းများဖြင့် နားထင်ကို ဖိထားလေသည်။ ထိုပုံစံအတိုင်း ရှိနေသည်မှာ အနည်းဆုံး မိနစ်နှစ်ဆယ်လောက် ရှိနေပြီ ဖြစ်သည်။
“မီးက နွေးရဲ့လား”
ရှန်ယွီ အနားသို့ လျှောက်လာရင်း မေးလိုက်သည်။
“ဟင်?”
ချန်ကျန့် သတိပြန်ဝင်လာပြီး သူ့ကို မြင်သည့်အခါ ခြေထောက်များကို ပြန်ရုပ်ကာ မတ်မတ်ထိုင်လိုက်သည်။
“နွေးပါတယ်၊ သူတို့ အခုတင် ထင်းတွေ ထပ်ထည့်သွားလို့ မီးက တအားတောက်နေတာ”
၎င်းမှာ လူနှစ်ယောက်ထိုင် ကုလားထိုင် ဖြစ်သည်။ ရှန်ယွီ လျှောက်လာပြီး ချန်ကျန့်၏ ဖိနပ်ကို အသာအယာ တို့လိုက်သည့်အခါ၊ ချန်ကျန့်က ဘေးသို့ တိုးပေးလိုက်သည်။ ရှန်ယွီ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး ကိုယ်ကို အနည်းငယ် လျှောချကာ ခြေထောက်များကို ဆန့်ထုတ်လျက် မှီနေလိုက်သည်။
“သူတို့ စားလို့ ပြီးပြီလား”
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည်။
“ဟိုနှစ်ယောက်ကတော့ တတိယထပ်မှာ ပုံတွေ သွားရိုက်နေကြတယ်”
“ကျွန်တော်တို့ကော.... ပြန်ကြတော့မလား”
ချန်ကျန့်က မေးလိုက်သည်။
“ခဏလောက် ထပ်ထိုင်ရအောင်”
ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ ကုလားထိုင်ကို မှီနေလိုက်သည်။ ခဏအကြာတွင် သူသည်လည်း ကိုယ်ကို အနည်းငယ် လျှောချလိုက်ပြီး ရှန်ယွီနှင့်အတူ တဝက်လှဲလျောင်းသည့် အနေအထားနှင့် ရှိနေမိသည်။
“ဘာတွေ တွေးနေတာလဲ”
ရှန်ယွီက ခေါင်းလှည့်ကာ သူ့ကို ကြည့်ရင်း မေးသည်။
“ဒီမှာ အကြာကြီး ထိုင်နေတာဆိုတော့လေ”
“ဘာမှ မဟုတ်ပါဘူး”
“အဲ့ဒါကို ငါက ယုံမယ် ထင်လို့လား”
“မယုံဘူးလား”
ချန်ကျန့် ပြုံးလိုက်သည်။
“ရှောင်သိုအာ တောင်မှ ယုံမှာ မဟုတ်ပါဘူး”
ရှန်ယွီက ဆိုသည်။
“ငါက သူ့ထက် တစ်နှစ်တောင် ကြီးတာပဲ၊ ဘယ်လိုလုပ်ပြီး ယုံမှာလဲ”
ချန်ကျန့် ရယ်မောရင်း သူ၏ နှာခေါင်းကို ပွတ်လိုက်သည်။
“ခုနက လမ်းမှာ ဖြစ်ခဲ့တဲ့... ကိစ္စကြောင့်လား”
ရှန်ယွီက မေးလိုက်သည်။
ချန်ကျန့်၏ မြှောက်ထားသော လက်မှာ ခဏမျှ တန့်သွားပြီးမှ၊ ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။
“ကျွန်တော်လည်း.... မသိဘူး။ ဘယ်လို ရှင်းပြရမလဲ မသိဘူး”
“တကယ်လို့ အဲ့ဒီကိစ္စကြောင့် ဆိုရင်တော့....”
ရှန်ယွီ ခေတ္တမျှ တန့်သွားပြီးမှ သူ့ကို စိုက်ကြည့်ကာ အသံနှိမ့်၍ ဆိုသည်။
“မင်း အနေရခက်တယ် ဆိုရင်တော့၊ ဘာမှ မဖြစ်ခဲ့သလိုမျိုး ငါတို့ ဟန်ဆောင်နေလို့ ရပါတယ်”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး၊ လက်တွေကိုသာ ငုံ့ကြည့်နေမိသည်။ ရှန်ယွီသည်လည်း တိတ်ဆိတ်နေခဲ့သည်။ အနောက်က မီးတွင်းထဲက မီးများမှာ တစစီ ပေါက်ကွဲသံလေးများ ထွက်ပေါ်နေပြီး၊ မီးပွားလေးများမှာ တစ်ခါတစ်ရံ လွင့်ပျံလာကာ ညလေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။
“အဲ့ဒါကြောင့်ပဲ”
ချန်ကျန့်က ရုတ်တရက် စကားစလိုက်သည်။
“မင်း အခု ပြောလိုက်တဲ့ စကားလုံးကြောင့်ပဲ”
“ဟင်?”
ရှန်ယွီ ကြောင်အသွားရသည် ။
“ဘယ်စကားလုံးလဲ”
“‘ဘာမှ မဖြစ်ခဲ့သလိုမျိုး ငါတို့ ဟန်ဆောင်နေလို့ ရပါတယ်’ ဆိုတာလေ”
ချန်ကျန့်က ခေါင်းလှည့်ကာ ရှန်ယွီ့ကို စိုက်ကြည့်ရင်း ဆိုသည်။
“ကျွန်တော် မမှတ်မိရင်၊ မင်းလည်း မှတ်မိမှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့”
ရှန်ယွီ တိတ်ဆိတ်သွားသည်။
“ကျွန်တော် တကယ် ကြောက်နေတာ”
____________________________________________________________
မေ့ပစ်လိုက်မှာ ကြောက်ပါတယ်ပေါ့
ReplyDelete