အပိုင်း (၅၈)
ရှန်ယွီသည် ချက်ချင်း စကားမပြောနိုင်သေးပါ။
ချန်ကျန့် ပြောလိုက်သည့် စကား၏ အဓိပ္ပာယ်ကို နားလည်ရန် စက္ကန့်အနည်းငယ်မျှ အချိန်ယူလိုက်ရသည်။ ၎င်းမှာ သူတစ်ခါမှ မတွေးဖူးသလို၊ ထည့်သွင်းစဉ်းစားခြင်းပင် မပြုခဲ့ဖူးသည့် ရှုထောင့်တစ်ခု ဖြစ်လေသည်။ သူသည် ချန်ကျန့်ကို စိုက်ကြည့်နေမိသည်။ ထို့နောက်မှ သူ၏ အကြည့်များက အနောက်ဘက်ရှိ မီးတွင်းဆီသို့ တဖြည်းဖြည်း ကျရောက်သွားခဲ့သည်။
မီးတွင်းထဲက မီးများမှာ အစောပိုင်းကထက် ပို၍ တောက်လောင်နေပြီး၊ လှုပ်ခါနေသော မီးလျှံများက ရွှေဝါရောင် နွေးထွေးမှုကို ဆောင်ကြဉ်းပေးနေသည်။ အကြာကြီး စိုက်ကြည့်နေမိသည့်အခါ ထိုအပူရှိန်ကြောင့် ရှန်ယွီ မျက်လုံးများပင် နွေးလာသလိုလို။ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး အကြည့်ကို လွှဲကာ ချန်ကျန့်၏ မျက်နှာကို ပြန်ကြည့်လိုက်သည်။
“ဘယ်အချိန်ပဲဖြစ်ဖြစ်၊ မင်းရှိနေရင် ကျွန်တော် စိတ်အေးရတယ်။ ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် အရေးကြီးတဲ့ ကိစ္စလို့ မထင်တော့ဘူး။ ဒါပေမဲ့ မင်းက ဘယ်အချိန်မဆို ပျောက်ကွယ်သွားနိုင်တယ်လို့ ကျွန်တော် ခံစားနေရတုန်းပဲ”
ချန်ကျန့်က ရှန်ယွီကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်းပြောနေလျက်…
ရှန်ယွီ နှုတ်ဆိတ်နေမိ၏။
“တခြားလူတွေ ပျောက်ကွယ်သွားမှာကို မင်းက ဂရုမစိုက်ဘူး၊ ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင်ကလည်း ဘယ်အချိန်မဆို ပျောက်ကွယ်သွားနိုင်လို့ပဲ မဟုတ်လား”
“ငါကတော့....” ရှန်ယွီ နဖူးကို လက်ဖြင့်ထောက်ကာ နားထင်ကို အမှတ်မထင် ပွတ်နေမိသည် ။
“မင်းအတွက် နည်းနည်းတော့ လွတ်လပ်ခွင့်ပေးချင်လို့ပါ၊ စဉ်းစားဖို့ အချိန်ပေးချင်လို့ပေါ့။ မင်းက အစကတည်းက အများကြီး တွေးတတ်တဲ့လူဆိုတော့လေ....”
“ကျွန်တော် ပြောပြီးပြီပဲ၊ ကျွန်တော် အားလုံးကို မှတ်မိနေတယ်လို့… မမှတ်မိသလိုမျိုး ဟန်ဆောင်နေဖို့ မလိုပါဘူး”
ဤစကားကြောင့် ရှန်ယွီ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်မိသည်။ ဟုတ်ပါသည်၊ ချန်ကျန့် ပြောမှသာ သူ တစ်ခုကို သတိပြုမိသွားသည်။ သူသည် ချန်ကျန့်၌ ရှိနေသော အလွန်အရေးကြီးသည့် စရိုက်တစ်ခုကို လျစ်လျူရှုခဲ့မိခြင်း ဖြစ်သည်။
ချန်ကျန့် ပြောသလိုပင် သူ့မှာ တစ်စုံတစ်ယောက်ကို သဘောကျဖို့ အခွင့်အရေးရော၊ အချိန်ရော မရှိခဲ့ဖူးကြောင်း၊ သူ၏ ကိုယ်ပိုင်ဘဝမရှိဘဲ အမေမှလွဲ၍ မည်သူနှင့်မျှ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ကြောင်းကိုသာ ရှန်ယွီ အမြဲ တွေးနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ချန်ကျန့်အပေါ် ဖိအားမပေးမိစေရန်၊ နောက်ပြန်ဆုတ်ဖို့ လမ်းစမရှိအောင် မလုပ်မိစေရန် သူ အမြဲ ငဲ့ညှာနေခဲ့သည်။
သို့သော် သူ တစ်ချက် လွဲသွားခဲ့သည် ။ ထိုနည်းတူပင်၊ ချန်ကျန့်သည် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် ဒုက္ခအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်လာခဲ့သူ ဖြစ်သည်။ အချစ်ထက် ပို၍ ခက်ခဲပြီး နောက်ပြန်ဆုတ်ဖို့ လမ်းမရှိသော ဘဝကို သူ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။ သူ၏ ခံစားချက်တွေအတွက် တစ်စုံတစ်ယောက်က တမင်တကာ လွတ်လပ်ခွင့်နှင့် နေရာလပ်တွေ ချန်ပေးထားဖို့ သူ မလိုအပ်ပါဘူး။ သူ ရင်ဆိုင်နိုင်စွမ်း ရှိပါသည်။ သူ လိုချင်နေသည်မှာ ရိုးရှင်းလှသော သေချာရေရာမှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။
“မင်းပါ မမှတ်မိသလိုမျိုး ဟန်ဆောင်နေမှာကို ကျွန်တော် ပိုကြောက်တယ်”
ချန်ကျန့်လက်ကိုသာ ငုံ့ကြည့်နေရင်းမှ ဆက်ပြော၏။
“တစ်ခါတစ်လေ မင်းက တအား ဝေးကွာနေသလို ခံစားရတယ်.... ကျွန်တော် အများကြီး တွေးမိတာတော့ အမှန်ပါပဲ။ မင်းမှာ တစ်ခုခု ပြဿနာ ရှိနေတာလား၊ ထုတ်မပြောချင်တဲ့ အတိတ်တွေ ရှိနေတာလား၊ ကျွန်တော် ဘောင်ကျော်မိသွားတာလား၊ ကျော်သင့်လား၊ ကျော်လို့ရလား ဆိုတာမျိုးတွေပေါ့.... ဒါပေမဲ့ ယွဲ့လန်တို့နဲ့ ရှိနေတဲ့ အချိန်ကျတော့ အဲ့ဒီလို မဟုတ်ပြန်ဘူး။ သူတို့က အဲ့ဒီဘောင်ရဲ့ ဟိုဘက်အခြမ်းကို ရောက်နေကြလို့လား....”
“ငါ....”
ရှန်ယွီ လက်ညှိုးဖြင့်ပင် ချန်ကျန့်၏ နှုတ်ခမ်းကို လှမ်းဖိလိုက်သည် ။
“ငါရှင်းပြပါရစေ။ ခဏလောက် စောင့်ပါဦး”
သူ၏ စိတ်ထဲတွင် ချန်ကျန့်က ဘယ်လို၊ ဘယ်ပုံ ဆိုသည်များကိုသာ တွေးနေခဲ့သော်လည်း၊ ချန်ကျန့်ကတော့ ရုတ်တရက် တန်ပြန်တိုက်စစ် ဆင်လိုက်သည်မှာ လှံဖျားက သူ၏ လည်ပင်းကို တည့်တည့်လာချိန်သလိုပင်။
ရှန်ယွီက လက်ညှိုးကို နှုတ်ခမ်းပေါ် တင်ထားဆဲနှင့် ဆိုသည်။
“ဘယ်ဘောင်မှ မရှိပါဘူး။ ချန်ကျန့်... ဘာဘောင်မှ မရှိဘူး၊ ကျော်တာ မကျော်တာတွေလည်း မရှိပါဘူး”
“အင်း”
ရှန်ယွီ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ ချန်ကျန့် အသက်တစ်ချက် ရှူလိုက်သည့် အခိုက်အတန့်တွင် ရှန်ယွီ၏ လက်ညှိုးက နောက်တစ်ကြိမ် ထပ်မံ ဖိကပ်လာပြန်သည်။ ချန်ကျန့် သက်ပြင်းအသာ ချလိုက်မိသည်။
“အခု ငါ သိပြီ။ မင်းပြောတာတွေကို ငါ အကုန် နားလည်သွားပြီ”
ရှန်ယွီက ဆိုသည်။
“အင်း”
ရှန်ယွီ စက္ကန့်အနည်းငယ် ထပ်စောင့်ပြီးမှ လက်ကို ပြန်ဖယ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည် ။
“ငါ့ကို အပ်လိုက်ဦးလေ မန်နေဂျာ”
“ဟုတ်ကဲ့။ ဟို အရံအကောင့်ကိုပဲ ဆက်သုံးမှာလား”
“သုံးမှာပေါ့။ မင်းရဲ့ပုံကို ငါ့ရဲ့ Main account ပရိုဖိုင်မှာ ထားလိုက်ရင်တော့ မင်း ငါ့ကို အဆိပ်ကျွေးမှာ သေချာတယ်”
ချန်ကျန့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“အဲ့ဒီပုံကို မင်း တစ်ပုံတည်း ရိုက်ထားတာ မဟုတ်ဘူး မလား”
“မကြည့်ဖို့ပဲ အကြံပေးချင်တယ်၊ အဲ့ဒါတွေက ငါ့အတွက် သိမ်းထားဖို့လေ”
ရှန်ယွီက ဆိုကာ သူ၏ဖုန်းကို ချန်ကျန့်ဆီ ကမ်းပေးလိုက်သည်။
“Shan Ren Du Yu လား” ချန်ကျန့် စကင်ဖတ်ရင်း မေးလိုက်သည် ။
“ငှက်မွေးပုံနဲ့ ပရိုဖိုင်ကလေ....”
“နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်၊ အကျယ်ကြီး ထုတ်မပြောနဲ့ဦး ‘ချန်ယွီလော့ယန့်’ ရေ”
ရှန်ယွီက ဆိုသည်။ ချန်ကျန့် ပြုံးလျက် request ပို့လိုက်၏။ ထိုတောင်းဆိုမှုကို လက်ခံလိုက်သည့် အခိုက်အတန့်တွင် ရှန်ယွီ၏ ရင်ထဲ၌ ဖော်ပြမတတ်သော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ သူသည် သူ၏ အတိတ်ကို ချန်ကျန့်အား ပြသရန် တကယ်ပင် ဝန်လေးနေခဲ့သူ ဖြစ်သည်။ သူ၏ Moments တွေကတော့ ကိစ္စမရှိသော်လည်း၊ သူ၏ အတိတ်က အချို့သော အပိုင်းအစများမှာ ယွဲ့လန်ကဲ့သို့ နှစ်ရှည်လများ သူငယ်ချင်းဖြစ်သူတောင်မှ ကြားရုံသာ ကြားဖူးပြီး မှတ်ချက်မပေးရဲသည့် အရာများ မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ ဘောင်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်၊ သို့သော် ထိုဘောင်၏ ဤဘက်အခြမ်းတွင် သူတစ်ယောက်တည်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ချန်ကျန့်သည် ထိုဘောင်ပေါ်သို့ တည့်တည့်ကြီး နင်းဝင်လာခဲ့လေပြီ။
ရှန်ယွီ၏ Moments များကို ကြည့်လိုက်သည့်အခါ မည်သည့် အချိန်ကန့်သတ်ချက်မှ ရှိမနေပါဘူး။ သို့သော် နောက်ဆုံးတင်ထားသော ပို့စ်မှာ လွန်ခဲ့သော လေးနှစ်က ဖြစ်နေသည်ကို တွေ့ရသည်။ ဤရက်စွဲကြောင့် ချန်ကျန့်မှာ ခဏမျှ ငိုင်သွားရသည်၊ သူသည် လွန်ခဲ့သော လေးနှစ်က ရှန်ယွီ၏ ကမ္ဘာထဲသို့ ရုတ်တရက် ရောက်ရှိသွားသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ဒီမှာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်။
အချိန်ကို ကြည့်ခြင်းအားဖြင့် ဤစကားမှာ ရှန်ယွီက ဖန်းရွှီကို တိုင်လိုက်သည့် အချိန်က ဖြစ်ဟန်တူသည်။ ဘယ်သူ့ကို ရည်ရွယ်ပြောခြင်းမှန်းတော့ သူ မသိပါဘူး။
ဒီမှာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်။
၎င်းမှာ အချိန်ကာလတစ်ခု၌ အပြီးသတ် အစက်ချလိုက်သလိုမျိုးပင်။ ဤပို့စ်တင်ပြီးနောက်တွင် ရှန်ယွီမှာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ချန်ကျန့် ရှန်ယွီကို တစ်ချက်လှမ်းကြည့်ပြီးမှ နောက်ထပ် ပို့စ်တစ်ခုကို ဝန်လေးစွာနှင့်ကြည့်လိုက်သည်။ နောက်သို့ ပြန်ကြည့်လေလေ ရှန်ယွီ၏ ပို့စ်တင်သည့်အကြိမ်မှာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ဖြစ်နေသည်ကို တွေ့ရသည်။ များသောအားဖြင့် စာတစ်ကြောင်းတည်းနှင့် ပေါ့ပေါ့ပါးပါး ရိုက်ထားသည့် ပုံအချို့သာ ပါဝင်လေသည်။
အပေါ်ယံကြည့်လျှင် ရှန်ယွီသည် ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းများစွာ ရှိသည့်ပုံစံ ပေါက်နေသည်။ ပို့စ်တိုင်းတွင်လည်း Like နှင့် Comment များစွာ ရှိနေမှာ သေချာပါသည်။
ထမင်းစားနေတာ။
တောင်ပေါ် လမ်းလျှောက်တာ။
အားကစားခန်းမမှာ အလေးတွေကို နေရာတကျ ပြန်မထားတဲ့လူတွေကို သေဒဏ်ပေးသင့်တယ်။
ငါ့ကို ဒီညဘက် လမ်းလျှောက်တဲ့ လမ်းကြောင်းကို ညွှန်းတဲ့လူကတော့ တကယ်ပါပဲ၊ ဒါက ညဈေးက စားသောက်ဆိုင်တွေရဲ့ မြေပုံကြီး ဖြစ်နေတာကိုး။
KTV မှာ အသံမမှန်တဲ့ အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို နားထောင်ရင်း၊ သီချင်းတစ်ပုဒ်ကို ဆိုနည်း ရှစ်မျိုးရှိမှန်း သိလိုက်ရတယ်။
ချန်ကျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပါဘူး။ ထိုပို့စ်နှင့်အတူ ပါလာသော ပုံထဲတွင် ယွဲ့လန်တစ်ယောက် မျက်လုံးမှိတ်ကာ အသည်းအသန် သီချင်းဆိုနေသည်ကို တွေ့ရပြီး ဘေးနားတွင်တော့ “ချန်ပီယံ” ဆိုသည့် စတစ်ကာလေး ကပ်ထားသေးသည်။
ချန်ကျန့် နောက်ထပ် ပို့စ်အနည်းငယ်ကို ထပ်မံ လှန်ကြည့်လိုက်သည်။ ထိုတိုတိုတုတ်တုတ် စကားလုံးများကြားတွင် လွန်ခဲ့သော လေးနှစ်က၊ ကီလိုမီတာ ၅၂၇ အကွာမှာ ရှိနေခဲ့သော ရှန်ယွီကို သူ ခပ်ဝေဝါးဝါး မြင်နေရသည် ။ ရင်းနှီးသလိုရှိသော်လည်း ထူးဆန်းနေသော ရှန်ယွီပေါ့။ သူ ဆက်ပြီး ကြည့်ချင်သေးသော်လည်း ရှန်ယွီမှာ သူ၏ ဘေးနားမှာတင် ထိုင်နေသဖြင့် သူများ၏ ဒိုင်ယာရီကို မျက်နှာချင်းဆိုင် ဖတ်နေရသလိုမျိုး အားနာစိတ် ဝင်လာခဲ့သည်။ ထို့ကြောင့် သူ ဖုန်းပိတ်ကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
“ပြန်ရောက်မှပဲ ဖြည်းဖြည်းချင်း ကြည့်တော့မယ်” ဟု ချန်ကျန့်က ဆိုလိုက်သည်။
“အဲ့ဒီမှာ ရှိတာတွေက ဒီအတိုင်းပါပဲ၊ စားတာ၊ သောက်တာ၊ ကစားတာတွေပဲလေ။ ဘာမှ အရေးကြီးတဲ့ ကိစ္စတွေ မပါပါဘူး”
ဟုတ်ပါသည်။ အချိန်ကာလအရဆိုလျှင် ရှန်ယွီ့မှာ ထိုစဉ်က ကုမ္ပဏီရှိနေသော်လည်း သူ၏ Moments ထဲတွင်တော့ လုံးဝ သတိပြုမိစရာ မရှိပါဘူး။ သို့သော် ချန်ကျန့်ကိုယ်တိုင်၏ Moments မှာလည်း သူ၏ တကယ့်ဘဝကို ဖော်ပြမထားချေ။
“အဲ့ဒီလိုတော့ ပြောလို့ မရပါဘူး။ တကယ်တမ်းတော့.... မင်းက တကယ်ကို တော်တဲ့လူ တစ်ယောက်ပါ”
ရှန်ယွီ ရယ်မောလိုက်မိသည်။ ချန်ကျန့် သူ့ဘက်ကို လှည့်ကြည့်သည် ။
“ဘာဖြစ်လို့လဲ”
ရှန်ယွီ စကားမပြောပါဘူး။ သူ ခေါင်းကို ကုလားထိုင်မှီခုံပေါ် တင်ကာ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ ချန်ကျန့်က သူ စကားပြောမှာကို စောင့်မနေတော့မည့် အချိန်ကျမှ သူက
“ငါတို့ မိသားစုထဲက ကလေးတွေက အကုန်လုံး တကယ် တော်ကြတာလေ၊ ငါကလွဲလို့ပေါ့” ဟု နောက်ဆုံးတွင် ပြောလိုက်လေတော့သည်။
ချန်ကျန့် မှင်သက်လျက် သူ့ကို ကြည့်နေမိသည်။
“မူလတန်း ဒုတိယတန်းအထိ ငါက အိမ်မှာ မနေရတာ များတယ်” ရှန်ယွီ မျက်လုံးမှိတ်လျက်ပင် ဆက်ပြောသည်။
“အဖေ့ကျောင်းက အဝေးကြီးမှာလေ၊ သူက ပိတ်ရက်မှပဲ အိမ်ပြန်လာတာ။ အမေ့ကုမ္ပဏီကလည်း အဲ့ဒီအချိန်မှာ စလုပ်ခါစဆိုတော့ သူ တအား အလုပ်ရှုပ်နေတာလေ။ ငါက အဒေါ်ကြီးအိမ်မှာ နေလိုက်၊ အဒေါ်လေးအိမ်မှာ နေလိုက်နဲ့ပေါ့....”
“အင်း”
“သူတို့တွေက ငါ့အပေါ်မှာ တအား ကောင်းကြပါတယ်။ ဒါပေမဲ့.... ငါက အိမ်ကို တအား လွမ်းတာလေ။ အိမ်မှာ ဘယ်သူမှ မရှိရင်တောင်မှ အိမ်ပြန်ချင်တယ်ဆိုပြီး ဂျီကျနေတတ်တာ။ တော်တော်လေးတော့ စိတ်ရှုပ်စရာ ကောင်းမှာပေါ့”
“ကလေးတစ်ယောက်က အိမ်လွမ်းတာ မဆန်းပါဘူးဗျာ”
“ငါ့ရဲ့ ဝမ်းကွဲ အစ်မနှစ်ယောက်ကတော့ တအား လိမ္မာပြီး စာလည်း တော်ကြတယ်လေ။ ငါ သူတို့နဲ့အတူ နေရင် သူတို့ရဲ့ အရှိန်အဝါကြောင့် လိမ္မာလာမလားလို့ အဖေက မျှော်လင့်ခဲ့တာပေါ့”
ရှန်ယွီ ပြုံးလိုက်သည်။
“ဒါပေမဲ့ ငါကတော့ အဲ့ဒီလို မဟုတ်ခဲ့ဘူးလေ။ ငြိမ်ငြိမ်မနေနိုင်ဘူး၊ စကားလည်း များတယ်၊ အာရုံစူးစိုက်မှုကလည်း မကောင်းဘူးလေ....”
ချန်ကျန့် တိတ်ဆိတ်စွာ နားထောင်နေမိသည်။
“အဒေါ်ကြီးကလည်း ငါ့ကို တင်းတင်းကျပ်ကျပ် ဆုံးမပေမဲ့ ဘာမှ မထူးပါဘူး။ ငါက သူတို့ မျှော်လင့်သလိုမျိုး ဘယ်တော့မှ ဖြစ်မလာခဲ့ဘူးလေ။ ပြီးတော့ ငါက ခဏခဏလည်း ဖျားတတ်သေးတယ်။ အဒေါ်တွေက ငါ့ကို တစ်ရက်ခြား တစ်ခါ ဆေးရုံ လိုက်ပို့နေရတာလေ.... ဒီလောက်အထိ တော်တဲ့ မိဘတွေရှိပါလျက်နဲ့ ငါကတော့ သူတို့ဆီက ကောင်းတဲ့အချက် တစ်ခုမှ အမွေမရခဲ့သလိုပဲ”
ချန်ကျန့် ရှန်ယွီ့ကို အံ့သြစွာ ကြည့်နေမိသည်။ ရှန်ယွီက ယခုကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု သူ လုံးဝ မြင်ယောင်မကြည့်နိုင်ခဲ့ပါဘူး။ ကိုယ်တိုင် နားနှင့် ကြားနေရတာတောင် ယုံရခက်လှသည်။
“အဲ့ဒီတုန်းက ငါ တွေးမိတာကတော့.... ငါ တအား ဆိုးနေလို့များ သူတို့က ငါ့ကို ဘေးမှာ မထားချင်ကြတာလား လို့ပေါ့....”
“ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်မှာလဲ။ သူတို့တွေက အလုပ်ရှုပ်နေလို့ပဲ မဟုတ်လား” ချန်ကျန့်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“အခုတော့ ငါ အဲ့ဒါကို သိတာပေါ့”
ရှန်ယွီ ချန်ကျန့်ကို ပြုံးပြလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ ငါ အဲ့ဒီလိုပဲ ထင်ခဲ့တာလေ။ ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေ အကုန်လုံးက တအား တော်ကြတာလေ။ လျူဝူကို ကြည့်ရုံနဲ့တင် မင်း သိနိုင်ပါတယ်”
လျူဝူကတော့ တကယ် တော်တဲ့သူပါပဲ။ ဒါပေမဲ့ အဲ့ဒီလိုမျိုးတော့ နှိုင်းယှဉ်လို့ မရပါဘူး။
“တစ်ယောက်ယောက်က မင်းကို တစ်ခုခု ပြောလို့လား”
“ဟင့်အင်း။ အမေကတော့ အမြဲ ပြောပါတယ်။ သူတို့က ငါ့ရဲ့ ဘဝအပေါ် ဘာမျှော်လင့်ချက်မှ ကြိုတင် သတ်မှတ်မထားပါဘူးတဲ့၊ ငါက ထူးချွန်တဲ့လူ ဖြစ်စရာ မလိုပါဘူးတဲ့....”
“အဲ့ဒါက.... ကောင်းတဲ့ အချက် မဟုတ်ဘူးလား”
ချန်ကျန့်က ခပ်တိုးတိုး ဆိုလိုက်သည်။
“လူတစ်ယောက်အပေါ် လုံးဝ စိတ်ပျက်သွားတဲ့ အခါမျိုးမှာမှ အဲ့ဒီလို စကားမျိုး ထွက်လာတတ်တာလေ”
ချန်ကျန့် မှင်သက်သွားရသည်။
“မျှော်လင့်ချက် မရှိတော့ရင် စိတ်ပျက်စရာလည်း မရှိတော့ဘူးပေါ့” ရှန်ယွီ၏ လေသံမှာ ပို၍ တိုးသွားသည် ။
“ဒါပေမဲ့ ငါကတော့ သူတို့ကို ဆက်ပြီး စိတ်ပျက်အောင်ပဲ လုပ်နေခဲ့မိတယ်”
ခေတ္တမျှတော့ ချန်ကျန့် ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေခဲ့သည်။ ဤသည်မှာ ရှန်ယွီ၏ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ပုံမှန် မြင်တွေ့နေကျ ပေါ့ပေါ့ပါးပါးနှင့် အေးဆေးလှသော ရှန်ယွီမှာ လုံးဝ ပျောက်ကွယ်နေလေပြီ။
ရှန်ယွီကတော့ အသေးစိတ်တွေကို ထပ်မပြောပါဘူး။ ချန်ကျန့် အတိုင်းအတာတစ်ခုအထိ ခံစားမိသော်လည်း၊ ရှန်ယွီက ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ဤမျှလောက်အထိ အကဲဖြတ်နေရသလဲဆိုတာကိုတော့ သူ သေသေချာချာ မသိ။ သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရှန်ယွီ၏ လက်ကို လှမ်းကိုင်လိုက်မိသည်။
ရှန်ယွီကလည်း သူ၏လက်ကို ချက်ချင်းပင် တင်းတင်းကျပ်ကျပ် ပြန်လည် ဆုပ်ကိုင်လိုက်တော့သည်။ ရှန်ယွီမှာ မီးတွင်းနှင့် ဝေးရာဘက်တွင် ထိုင်နေခြင်းဖြစ်သဖြင့် သူ၏လက်မှာ အနည်းငယ် အေးစိမ့်နေလေသည်။ ချန်ကျန့် ငုံ့ကြည့်လိုက်သည့်အခါ သူသည် ရှန်ယွီ၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့်၊ သူ၏ လက်နှစ်ဖက်လုံးကို သုံးကာ ရှန်ယွီ၏ လက်ကို ပွတ်ပေးကာ အနွေးဓာတ် ပေးလိုက်မိသည်။ ရှန်ယွီကလည်း ဘာမှ ထပ်မပြောသလို၊ ချန်ကျန့်ကိုယ်တိုင်လည်း တိတ်ဆိတ်နေခဲ့သည်။
သို့သော် ဤတိတ်ဆိတ်မှုမှာ အနောက်က မီးတွင်း၏ အနွေးဓာတ်ကြောင့်လားတော့မသိ၊ သူ ထင်ထားသလိုမျိုး အနေရခက်မနေပါဘူး။ အလွန်ပင် ငြိမ်သက်အေးချမ်းလှသည်။
“အားနာပါတယ်ဗျာ” ယွဲ့လန်၏ အသံမှာ ရုတ်တရက် အနောက်မှ ထွက်ပေါ်လာသည်။
“မင်းတို့ မီးမွှေးဖို့ သစ်သားတွေ တူးဆွနေတာကို နှောင့်ယှက်မိသလို ဖြစ်သွားလို့ပါ”
ချန်ကျန့် လန့်သွားပြီး ရှန်ယွီ၏ လက်ကို လွှတ်ရန် ပြင်သော်လည်း ရှန်ယွီကတော့ မြဲမြဲဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
“မင်းတို့နှစ်ယောက် ပုံတွေ ရိုက်လို့ ပြီးကြပြီလား”
ရှန်ယွီက ယွဲ့လန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။ ယွဲ့လန်က သူ၏နောက်တွင် ကင်မရာကို ငုံ့ကြည့်နေသော ယောင်ယီကို တစ်ချက်ကြည့်ရင်း ဆိုသည်။
“အင်း။ မင်းတို့ နှစ်ယောက်ရော အောက်ဆင်းတော့မလား၊ ဒါမှမဟုတ် ဒီမှာပဲ ဆက်နေမှာလား”
“ဆင်းတော့မယ်။ မန်နေဂျာချန် မနက်ဖြန် အလုပ် အချိန်မီ မဆင်းနိုင်ရင် တာယွင် ကတော့ ဒေဝါလီခံရတော့မှာလေ”
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
“သွားကြစို့”
ရှန်ယွီ ချန်ကျန့်၏ လက်ချောင်းလေးများကို ညှစ်လိုက်ပြီးမှ လွှတ်ပေးကာ ထရပ်လိုက်သည်။
ညဘက် တောင်ပေါ်လေက တောင်ခြေထက် အများကြီး ပိုပြင်း၏။ ဝရန်တာမှာ မီးပုံရှိစဉ်တုန်းကတော့ သိပ်မသိသာသော်လည်း၊ အခု အပြင်ဘက်သို့ ထွက်လာသည့်အခါတွင်မူ လေတိုက်နှုန်းကြောင့် ချန်ကျန့်ပင် ယိုင်သွားရသည်။ သူ၏ ဂျာကင်အင်္ကျီက ခေါင်းစွပ်ကို သူ ဆွဲစွပ်လိုက်ရလေသည်။ ရှန်ယွီကို ကားပေါ် အမြန်တက်ဖို့ ပြောရန် လှည့်ကြည့်လိုက်သည့်အခါ ရှန်ယွီမှာ ချန်ကျန့်ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။
“ဘာဖြစ်လို့လဲ”
“မနက်ဖြန်ကျရင် အင်္ကျီချင်း လဲဝတ်ရအောင်” ရှန်ယွီက ချန်ကျန့်၏ ကော်လာကို ဆွဲပြင်ပေးရင်း ဆိုသည်။
“မင်းကလည်းကွာ၊ ဆောင်းတွင်းဝတ် ဂျာကင်ကို ခေါင်းစွပ်မပါတာမျိုး ဝယ်ရတယ်လို့....”
“အရင်က ပါပါတယ်ဗျာ၊ နောက်ပိုင်း ပြဲသွားလို့ ဖြုတ်ပစ်လိုက်တာ” ချန်ကျန့်က ရှင်းပြသည်။
“ဒီဂျာကင်ကို မင်း ဘယ်နှစ်နှစ်လောက် ဝတ်နေတာလဲ”
ရှန်ယွီ ကားတံခါးဖွင့်ကာ ဝင်ထိုင်ရင်း မေးလိုက်သည်။
“သိပ်တော့ မကြာသေးပါဘူး” ချန်ကျန့်လည်း ကားထဲဝင်ကာ ထိုင်ခုံခါးပတ် ပတ်ရင်း စဉ်းစားလိုက်သည်။
“အထက်တန်း ဒုတိယနှစ်တုန်းက ဝယ်တာ ထင်တယ်ဗျ။ အဲ့ဒီတုန်းက ကျောင်းဝတ်စုံ ဂျာကင်ပဲ အမြဲဝတ်နေတာဆိုတော့ ဒါက သိပ်မဝတ်ဖြစ်ခဲ့ဘူးလေ”
ရှန်ယွီ ကားစနှိုးကာ အပူပေးစက်ကို ဖွင့်လိုက်သည်၊ ထို့နောက် ဟွန်းတစ်ချက်တီးကာ ထွက်ခွာလာခဲ့သည်။ ယွဲ့လန်ကလည်း ဟွန်းပြန်တီးကာ သူတို့နောက်မှ လိုက်လာခဲ့သည်။
“မီးမရှိဘူးနော်၊ ဖြည်းဖြည်းမောင်းပါဦး”
ချန်ကျန့်က သတိပေးလိုက်ပြီးမှ၊ ရှန်ယွီ၏ Moments ထဲက ပို့စ်တွေကို သတိရသွားသည် ။ ဤလူက အပျော်တမ်း တောင်ပေါ်မှာ ကားမောင်းနေကျလူ မဟုတ်ပါလား။
“အင်း”
တာယွင်သို့ ပြန်ရောက်သည့်အခါ အားလုံး နားနေကြပြီ ဖြစ်သည်။ ဆန်းပင်း တစ်ယောက်တည်းသာ ဧည့်ကြိုကောင်တာနှင့် ဘားကြားမှာ မှိုလေးနှင့်အတူ လိုက်တမ်းပြေးတမ်း ကစားနေလေသည်။
“အားလုံး အိပ်ကုန်ကြပြီလား။ ဒီနေ့ ဘာထူးခြားလဲ” ချန်ကျန့်က မေးလိုက်သည်။
“ဘာမှ မထူးခြားပါဘူး၊ မွန်းလွဲပိုင်းက လူတွေ တော်တော်လေး လာတည်းကြတယ်။ ၂၀၅ အခန်းက မီးပျက်နေလို့ ငါ မီးသီး လဲပေးခဲ့လိုက်တယ်။ မင်းလည်း သွားအိပ်တော့လေ၊ မနက်ဖြန်ကျရင်တော့ အလုပ်များဦးမှာပေါ့”
“အင်း”
ယွဲ့လန်နှင့် ယောင်ယီတို့မှာ အပေါ်ထပ်သို့ အရင် တက်သွားကြလေပြီ။ ရှန်ယွီကတော့ အမြဲတမ်းအတိုင်း ဓာတ်လှေကား တံခါးကို မှီရပ်ရင်း စောင့်နေလေသည်။ ချန်ကျန့် လျှောက်သွားကာ သူနှင့်အတူ ရပ်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည် ။
“လက်ကို ဆေးထည့်ဖို့ လိုဦးမလား”
“မလိုတော့ပါဘူး။ မနက်ဖြန်ကျရင် လက်အသစ် တစ်ဖက်ပဲ ယူလိုက်တော့မယ်”
ချန်ကျန့် ရယ်မောလိုက်မိပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။
“မင်း ငယ်ငယ်တုန်းကလည်း အဲ့ဒီလိုပဲ စကားပြောတာလား”
“ဟင့်အင်း၊ အဲ့ဒီတုန်းကတော့ စကားများတာပဲ ရှိတာပါ။ ပါးစပ်ကလည်း တဖြည်းဖြည်းနဲ့ လူကြီးဖြစ်လာရတာပေါ့”
ချန်ကျန့် ရယ်မောရင်း ဓာတ်လှေကားထဲ ဝင်ခဲ့သည်။ နံရံကိုမှီရင်း ရှန်ယွီကို လှမ်းကြည့်လိုက်မိသည်။ ရှန်ယွီ၏ မျက်နှာတွင် စောစောက ငယ်ဘဝအကြောင်း ပြောပြတုန်းက ရှိခဲ့တဲ့ စိတ်မကြည်လင်မှုတွေ မရှိတော့ဘူး။ ချန်ကျန့် အမြဲ မြင်တွေ့နေကျဖြစ်သော ပေါ့ပေါ့ပါးပါးနှင့် အေးဆေးလှသော ရှန်ယွီ အခြေအနေသို့ ပြန်ရောက်သွားခဲ့လေပြီ။
“နောက်နှစ်ရက်လောက်ဆိုရင် ဝန်ထမ်း နောက်ထပ် နှစ်ယောက်လောက် ထပ်ငှားရဦးမယ်၊ စားပွဲထိုး တစ်ယောက်နဲ့ သန့်ရှင်းရေး တစ်ယောက်ပေါ့”
“ဟင်?” ချန်ကျန့် အံ့သြသွားရသည်။
“ဧည့်သည်တွေ များလာမယ်လို့ ဆန်းပင်း ပြောနေတာပဲ မဟုတ်လား။ အားလပ်ရက်တုန်းကလိုမျိုး ဧည့်သည်တွေ ပြည့်နှက်နေတာမျိုးဆိုရင်တော့ ငါတို့တွေ တအား ပင်ပန်းကုန်လိမ့်မယ်။ အဲ့ဒီလောက်အထိတော့ ငါတို့ မလုပ်နိုင်ဘူးလေ”
“ဟုတ်ကဲ့၊ မနက်ဖြန်ကျရင် ကျွန်တော် ရှာလိုက်ပါ့မယ်”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
ဓာတ်လှေကားထဲမှ ထွက်လာသည့်အခါ ချန်ကျန့် အိပ်ဆောင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ မီးတွေ မှောင်နေသဖြင့် အားလုံး အိပ်ပျော်နေကြပြီ ဖြစ်မှာပါ။ စတုတ္ထထပ်ရှိ ဧည့်ခန်းတွေမှာတော့ ယွဲ့လန်နှင့် ယောင်ယီတို့ နှစ်ဦးသာ ရှိကြသည်လေ။ သူတို့ အခန်းထဲကနေ ရယ်မောသံတွေကို သူ ကြားနေရသည်။ ဘာတွေ ရယ်နေကြသလဲတော့ သူ မသိပါဘူး။ တစ်နေ့လုံး အပြင်မှာ လည်ပတ်နေကြသော်လည်း ယခုအချိန်အထိ အားအင်တွေ ပြည့်ဝနေကြဆဲ ဖြစ်သည်မှာ အံ့သြစရာပင်။
ချန်ကျန့်ကတော့ ဘာမှ မလုပ်ရဘဲနှင့်ပင် အိပ်ချင်နေလေပြီ။
“မင်း အိပ်ချင်ပြီလား”
ချန်ကျန့် ရှန်ယွီကို မေးလိုက်ရင်း၊ ဗီဒိုထဲမှ ရှေးဦးသူနာပြု သေတ္တာကို ယူကာ စားပွဲပေါ် တင်လိုက်သည်။
“အိပ်ချင်တာပေါ့။ ဒါပေမဲ့ တကယ် အိပ်ပျော်မပျော် ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်မှာပေါ့”
ချန်ကျန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပတ်တီးကို ဖြည်ကာ ဒဏ်ရာကို ကြည့်လိုက်သည်။ အပေါ်ယံ ဒဏ်ရာမို့လို့လားတော့မသိ၊ ခြေထောက်ဒဏ်ရာထက်စာလျှင် အများကြီး ပိုပြီး မြန်မြန် ကျက်နေသည်ကို တွေ့ရသည်။ ဆေးထည့်ပေးနေစဉ်မှာပင် စားပွဲအောက်က ဆေးဗူးကို မြင်လိုက်ရပြန်သည်။ သူ တုံ့ဆိုင်းနေသော်လည်း ထပ်မမေးဖြစ်ခဲ့ပါဘူး။ ရှန်ယွီ စောစောက အတိတ်အကြောင်း ပြောတုန်းက စိတ်မကြည်မလင် ဖြစ်ခဲ့သည် မဟုတ်ပါလား။ နောက်မှပဲ မေးတော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
“ဘာဖြစ်လို့လဲ။ အဲ့ဒါတွေက သာမန် ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပါပဲ”
မင်းကတော့လေ.... စကားမပြောခင်မှာ တစ်ဖက်လူရဲ့ ဦးနှောက်ကို ဖြတ်ပြီး အထဲကို အရင်ကြည့်နေတာလား။
ချန်ကျန့် သူ့ကို လှမ်းကြည့်လိုက်မိသည်။ ရှန်ယွီသည် ဤမျှလောက်အထိ ထက်မြက်လှသော အကဲခတ်နိုင်စွမ်းကို ဘယ်လိုများ လေ့ကျင့်ခဲ့သလဲဆိုတာ သူ တကယ် မသိပါဘူး။
“ကျိုးလဲ့ချန် သောက်တဲ့ဆေးက... စိတ်ကျရောဂါပျောက်ဆေးမှန်း မင်း ဘယ်လို သိတာလဲ”
မေးပြီးမှ ချန်ကျန့် ရှန်ယွီကို မကြည့်ရဲတော့ပါဘူး။ သူ အလျင်အမြန် ခေါင်းငုံ့ကာ ပိုးသတ်ပြီးသော ဒဏ်ရာကို ဂွမ်းစဖြင့်အုပ်ပြီး ပတ်တီးပြန်စည်းပေးနေလိုက်သည်။ နောက်နှစ်ရက်လောက်ဆိုလျှင်တော့ ပတ်တီးတောင် လိုမှာမဟုတ်တော့ဘဲ ဂွမ်းစလေး ကပ်ထားရုံနှင့်ပင် လုံလောက်တော့မှာပါ။
“ငါလည်း အဲ့ဒီဆေးကို အချိန်အတော်ကြာ သောက်ခဲ့ဖူးလို့လေ” ရှန်ယွီက အေးအေးဆေးဆေး ဆိုလိုက်သည်။
ချန်ကျန့် ပတ်တီးစည်းနေသည့် လက်များမှာ ရပ်တန့်သွားရသည်။ သူ ရှန်ယွီကို မော့ကြည့်လိုက်သည် ။
“ဘယ်လောက်တောင် ကြာကြာ သောက်ခဲ့ရလို့လဲ”
“နှစ်နှစ်လောက်ပေါ့” ရှန်ယွီက သူ့ကို စိုက်ကြည့်ရင်း ဆိုသည်။
“အာ...”
ချန်ကျန့် စည်းထားသော ပတ်တီးအနားစကို ဆွဲရင်း ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေခဲ့သည်။
ဤမေးခွန်းနှင့် ရှန်ယွီ၏ အဖြေမှာ သူ ကြိုတင် တွက်ဆထားသည့်ထဲမှာ မပါပါဘူး။ သူ တော်တော်လေး စိတ်မကောင်း ဖြစ်သွားရသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ ထပ်မံ စကားစလိုက်သည့်အခါ သူ၏ အသံမှာ အနည်းငယ် အက်ကွဲနေသည်။
“အချို့သော အရာတွေကို မင်း မပြောချင်ဘူး ဆိုရင်လည်း....”
ကျွန်တော် တကယ် သိချင်နေတုန်းပါပဲ။
“ငါ့ဘာသာဆိုရင်တော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက မေးမယ်ဆိုရင်တော့ ငါ ပြောပြမှာပေါ့”
“ဟုတ်ကဲ့”
ချန်ကျန့် ပတ်တီးအနားစကို ဆွဲနေမိဆဲပင်၊ နောက်ထပ် ဘာစကား ပြောရမလဲ သူ စဉ်းစားနေမိသည်။
“မင်းကတော့ အသေသတ်လိုက်တာပဲ။ ငါ့လက်ကိုပါ တစ်ခါတည်း ဖြတ်ပစ်လိုက်တော့မလို့လား”
ရှန်ယွီက သူ၏ပတ်တီးကို ဆွဲနေသော ချန်ကျန့်၏ လက်ချောင်းလေးများကို ညှစ်ရင်း ဆိုလိုက်သည်။
ချန်ကျန့် သတိပြန်ဝင်လာပြီး ပြုံးလိုက်မိသည်။
“ချန်ကျန့်”
“ဗျာ?”
ချန်ကျန့် သူ့ကို မော့ကြည့်သည်။
ရှန်ယွီ ဘာမှမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ချန်ကျန့်၏ ခေါင်းထဲ၌ အတွေးတစ်ခုမှ မဝင်လာနိုင်သေးမီ ရှန်ယွီက အနားသို့ တိုးကပ်လာခဲ့လေပြီ။ နွေးထွေးလှသော အသက်ရှူသံများနှင့်အတူ၊ ရှန်ယွီက သူ၏ နှုတ်ခမ်းကို အသာအယာ နမ်းရှိုက်လိုက်လေတော့သည်။
__________________________________________________________________________
Comments
Post a Comment