Skip to main content

60





အပိုင်း (၆၀)

မနေ့ညက သူ တကယ်ကို ကောင်းကောင်း အိပ်ပျော်ခဲ့သည်။

နိုးလာစဉ်တွင် စိတ်တိုနေခဲ့သော်လည်း မျက်နှာသစ်နေသည့် အချိန်တွင်မူ ချန်ကျန့်၏ စိတ်အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မနေ့ညကအကြောင်းကို ပြန်တွေးမိသည်နှင့် စိတ်ကြည်လင်လာသဖြင့် သွားတိုက်ဆေးအမြှုပ်များကိုပင် မျိုချမိတော့မတတ် ဖြစ်သွားရသည်။ သူ မျက်နှာသစ်ပြီးနောက် အိပ်ဆောင်ထဲမှ ထွက်ကာ ရုံးခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ တံခါးမှာ ပိတ်နေလေသည်။ ပုံမှန်ဆိုလျှင် ရှန်ယွီ နိုးနေလျှင် တံခါးမှာ ဟနေတတ်သည် မဟုတ်ပါလား။

သူ ဓာတ်လှေကားထဲသို့ တိုက်ရိုက် ဝင်ခဲ့သည်။ ဘော့စ်က သူ့ဆီ တာဝန်လွှဲပေးထားပြီဆိုလျှင် သူပဲ ဖြေရှင်းရတော့မည် မဟုတ်ပါလား။ ဓာတ်လှေကားထဲမှ ထွက်လာသည့်အခါ ဧည့်ကြိုကောင်တာဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆန်းပင်းက ကဖေးဆိုင်ဘက်သို့ မေးငေ့ါပြသည်။ ဒါ့လီမှာ ကဖေးဆိုင်ထဲတွင် သူတို့ကို ကျောပေးလျက် ထိုင်နေလေသည်။

“လီကော”

ချန်ကျန့် လျှောက်သွားကာ နှုတ်ဆက်ပြီး သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“မင်းတို့ ဒီကိစ္စကို ဘယ်လိုများ ကိုင်တွယ်လိုက်တာလဲ”

ဒါ့လီက မျက်မှောင်ကြုတ်ကာ မေးသည်။

“လီကော.... နောက်ဆိုရင် ဒါမျိုးတွေကို ကျွန်တော့်ဆီ အရင်လာခဲ့ပါ”

ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း ဆိုသည်။

“ဘော့စ်ဆီကို တန်းမသွားပါနဲ့ဦး”

ငါတို့ ဘော့စ်က အခုမှ အိပ်ရေးဝတာလေ။ မင်းသာ သူ့ကို သွားနှောင့်ယှက်ရင် မင်းတို့ လျန်ယဲ့ ဝင်းထဲမှာ သူ ကြက်တွေ လာမွေးနေဦးမယ် သတိထားဦး။

“ဘာလဲ၊ သူက တာယွင်ရဲ့ ဘော့စ် မဟုတ်လို့လား”

ဒါ့လီက ပြန်ပက်သည်။

“ကောင်းပါပြီလေ၊ ဒါဆိုလည်း ကျွန်တော် ဘော့စ်ဟယ်နဲ့ပဲ တိုက်ရိုက် သွားပြောလိုက်ပါ့မယ်။ ငါတို့နှစ်ယောက် ဒီမှာ ရန်ဖြစ်နေလို့ ဘာထူးမှာလဲ”

ချန်ကျန့်၏ စကားကြောင့် ဒါ့လီမှာ အကြာကြီး တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ပြသည်။

“မင်းကတော့ တကယ်ကို လူကြီးဖြစ်လာပြီပဲ။ အခု ငါ့ကို အာဏာပြနေတာပေါ့ ဟုတ်လား”

ဟုတ်တယ်လေ။

“ငါတို့ ကိုင်တွယ်နိုင်တဲ့ ကိစ္စတွေကိုတော့ အဆင့်ကျော်ပြီး မလုပ်တာ အကောင်းဆုံးပါပဲ”

ချန်ကျန့်က ဆိုသည်။

“ဒီနေ့ အသားကင်ဆိုင်တွေနဲ့ ညှိနှိုင်းလို့ ပြီးတဲ့အကြောင်း ကျွန်တော် လာပြောမလို့ပါပဲ။ မနေ့က လီကောက ကူညီပါဦးဆိုလို့ ကျွန်တော်လည်း လူတွေခေါ်ပြီး တန်းသွားခဲ့တာလေ”

“အင်း”

ဒါ့လီ၏ ဒေါသက အနည်းငယ် လျော့သွားဟန် ရှိသည်။

“ဒါပေမဲ့ လီကောရဲ့ ဆိုလိုရင်းက.... ဒီနေ့ မင်း အဲ့ဒီကို အရင် သွားခဲ့တယ် မဟုတ်လား”

ချန်ကျန့်က မေးလိုက်သည်။

“ငါတို့ကို အဲ့ဒီလောက်တောင် မယုံတာလား။ ကြိုတောင် အသိမပေးဘူးနော်”

ဤစကားကို ကြားရသည့်အခါ ဒါ့လီ၏ ဒေါသမီးများမှာ လုံးဝ ငြိမ်းသတ်ခြင်း ခံလိုက်ရတော့သည်။ သူ အလျင်အမြန် လက်ယမ်းပြကာ ပြုံးလိုက်သည်။

“မဟုတ်ပါဘူးဗျာ၊ မနက်က ဒီအတိုင်း ဖြတ်သွားရင်းနဲ့ လမ်းကြုံ မေးကြည့်တာပါ”

“ကျွန်တော်တို့ အဲ့ဒီမှာ အရာရာကို ပြေလည်အောင် လုပ်ပေးခဲ့ပြီးပါပြီ။ တော်တော်လေးတော့ အားစိုက်လိုက်ရတာပေါ့။ လီကောလည်း သိသားပဲ၊ သူတို့က စကားပြောရတာ လွယ်တဲ့လူတွေမှ မဟုတ်တာ”

ချန်ကျန့်က ဆက်ပြောသည်။

“စသွားတုန်းကဆိုရင် အိမ်ထဲတောင် အဝင်မခံကြဘူးလေ”

ဒါ့လီ ဘာမှ ပြန်မပြောပါဘူး။ သူသွားတုန်းကလည်း ဒီလိုပဲ ဆက်ဆံခံခဲ့ရပုံ ပေါ်သည်။

“အခု ညှိနှိုင်းချက်အရတော့ ခရီးသည်တွေကို သူတို့ဆိုင်တွေဘက်ကို လွှဲပေးဖို့ပေါ့။ အေးလာပြီဆိုတော့ ခရီးသည်တွေက မီးပုံဘေးမှာ ကစားပြီးရင် အထဲမှာ ခဏ နားချင်ကြမှာပဲလေ။ ဆိုင်ထဲက ဧည့်သည်တစ်ယောက်ချင်းစီကို အသားကင်တစ်ပွဲနဲ့ ဘီယာ နှစ်ပုလင်း အခမဲ့ ကျွေးမယ်ပေါ့။ အသေးစိတ် ပမာဏကိုတော့ အားလုံး အတူတူ ထပ်ညှိကြတာပေါ့....”

“ဘယ်သူက စိုက်မှာလဲ”

ဒါ့လီက မေးသည်။

ဤမေးခွန်းကြောင့် ချန်ကျန့်မှာ တော်တော်လေး စိတ်ပျက်သွားရသည်။ လျန်ယဲ့ ပိုင်ရှင် ဟယ်လျန် ကော ဒီလောက်အထိ ကပ်စေးနှဲတာလား၊ ဒါမှမဟုတ် ဒါ့လီ တစ်ယောက်တည်းပဲ စေးနှဲနေတာလား သူ မသိပါဘူး။ ချွေတာလိုက်တဲ့ ပိုက်ဆံတွေက သူ့အိတ်ထဲ ရောက်မှာမို့လို့လားတော့ မသိချေ။

“ပါဝင်တဲ့ ဆိုင်တိုင်းက စိုက်ရမှာပေါ့”

ချန်ကျန့်က ပြန်ဖြေသည်။

မစိုက်ချင်ရင်လည်း မပါနဲ့ပေါ့။ အခုလောလောဆယ် သူတို့က တာယွင် နဲ့ပဲ ဆက်သွယ်နေတာပဲဟာ။

“ကုန်ကျစရိတ်က ဘယ်လောက်လောက် ရှိမလဲ”

ဒါ့လီက မှတ်စုစာအုပ် ထုတ်ကာ မေးသည်။

“အသားကင်ဆိုင် ၁၁ ဆိုင် ရှိတယ်လေ။ အခမဲ့ကျွေးမယ့် ဝေစုကိုတော့ ဗိုက်ဝရုံမဟုတ်ဘဲ မြည်းစမ်းကြည့်ရုံလောက်ပဲ ထိန်းထားရမှာပေါ့။ အတိအကျကိုတော့ အားလုံး ဝိုင်းပြီး တွက်ချက်ရမယ်”

ချန်ကျန့် ချန် မျိုးနွယ်စုဝင် အသားကင်ဆိုင်တွေကိုလည်း ထည့်တွက်ထားပြီးသား ဖြစ်သည်။ သူတို့ လာရှာတာကို စောင့်မနေတော့ဘဲ သူကိုယ်တိုင်ပဲ သွားပြောရန် ဆုံးဖြတ်ထားလေသည်။

“ဒီစရိတ်က နည်းတာမဟုတ်ဘူးနော်”

ဒါ့လီက ချန်ကျန့်ကို လှမ်းကြည့်သည်။

“အားလုံးက သဘောတူပါ့မလား မသိဘူး”

မတူရင်လည်း မလုပ်နဲ့တော့ပေါ့။ တာယွင် တစ်ဆိုင်တည်းပဲ လုပ်မယ်။

ချန်ကျန့် ဘာပြန်ပြောရမလဲ စဉ်းစားနေစဉ်မှာပင်....

“သဘောမတူတဲ့လူက ပါဝင်စရာ မလိုပါဘူး”

ရှန်ယွီ၏ အသံမှာ ကော်ဖီစက် နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ချန်ကျန့် ပြောချင်သော်လည်း မပြောရဲသည့် စကားကို သူက ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

“တာယွင် တစ်ဆိုင်တည်းလည်း ဒီပွဲကို ကျင်းပနိုင်ပါတယ်”

ချန်ကျန့်မှာ အံ့သြသွားရသည်။ ရှန်ယွီ ဘယ်အချိန်က ရောက်နေမှန်း သူ သတိပင် မထားမိပါဘူး။ ထိုလူမှာ ကော်ဖီစက်နားတွင် ရပ်လျက် ကော်ဖီဖျော်ဖို့ ပြင်နေလေပြီ။

“ဘော့စ်ရှန်”

ဒါ့လီ ကိုယ်ကို မတ်လိုက်ပြီး နှုတ်ဆက်လိုက်သလို၊ ရှေ့က ခေါင်းစဉ်ဆီသို့ ချက်ချင်း ပြန်သွားသည်။

“မင်း ဆိုလိုတာက ဘာလဲ”

“ဒီအစီအစဉ်ကို သဘောမတူရင် ပွဲက ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒီမီးပုံပွဲကို လုပ်ချင်တယ်ဆိုရင်တော့ ဒီအစီအစဉ်ကို သဘောတူရမယ်။ အဲ့ဒါ ငါ ဆိုလိုတာပဲ”

ရှန်ယွီက ဆိုသည်။

“ဘတ်ဂျက် မကျော်မယ့် တခြား နည်းလမ်း မရှိတော့ဘူးလား”

ဒါ့လီက မေးသည်။

“ဒါကို ဘတ်ဂျက် ကျော်တယ်လို့ မခေါ်ဘူး၊ ဘတ်ဂျက် တိုးတယ်လို့ ခေါ်တာ”

ရှန်ယွီ ကော်ဖီစေ့များကို စတင် ကြိတ်နေပြီး ထိုဘက်ကို လှည့်မကြည့်တော့ပါဘူး။

စက်သံများကြောင့် ဒါ့လီမှာ ရှန်ယွီနှင့် စကားဆက်ပြော၍ မရတော့သဖြင့် ချန်ကျန့်ဘက်သို့သာ ပြန်လှည့်လာရတော့သည်။

“အများကြီး တိုးသွားမှာ မဟုတ်ပါဘူး”

ချန်ကျန့်က ဆိုသည်။ ရှန်ယွီ၏ ပြတ်သားလှသော စကားများကြောင့် သူ အခုတော့ အနည်းငယ် လေသံလျှော့ပြီး ပြောလို့ ရသွားပြီ ဖြစ်သည်။

“ဒီပွဲသာ အောင်မြင်သွားရင် ဒါက ရိုးရာတစ်ခု ဖြစ်လာမှာလေ၊ အဲ့ဒါဆို အားလုံးအတွက် အကျိုးရှိတာပေါ့”

“ဘော့စ်ရှန် က မသိဘူးလို့ ပြောခဲ့တယ် မဟုတ်လား”

ဒါ့လီမှာ မနေနိုင်တော့ဘဲ မေးလိုက်သည်။

“မင်းပြောတာတွေကို သူ ဒီလောက်အထိ နားထောင်နေတာဆိုတော့ အခုတော့ သိသွားပြီပေါ့”

ချန်ကျန့်က ပြန်ဖြေလိုက်သည်။

ဒါ့လီ ဘာမှ ပြန်မပြောဘဲ သူ၏ နှုတ်ခမ်းကိုသာ ကိုက်နေမိသည်။ သူ စိတ်ပျက်နေမှာတော့ သေချာပါသည်။ အစကတော့ တာယွင် က သူတို့နဲ့အတူ ပါဝင်ခွင့်ရဖို့ တောင်းပန်နေရမည်ဟု သူ ထင်ခဲ့သော်လည်း၊ အခုတော့ တာယွင် ကသာ သူတို့ကို ဦးဆောင်နေသည် မဟုတ်ပါလား။

“ဟို အသားကင်ဆိုင်တွေက တခြား ဘာတောင်းဆိုချက်တွေ ရှိသေးလဲ”

ဒါ့လီက ခေတ္တမျှ ကြာမှ မေးသည်။

“ဘာလို့ သူတို့က တာယွင် နဲ့ပဲ ဆက်သွယ်ချင်နေရတာလဲ”

ဘာလို့လဲဆိုတော့ ဘော့စ်ရှန် က သူ့ရဲ့ ‘နည်းလမ်းလေးတွေ’ ကို သုံးလိုက်လို့ပေါ့။ ပြီးတော့ မင်းဆီက လုထားတဲ့ စီးကရက် တစ်ထုပ်ကြောင့်လည်း ပါမှာပေါ့။

“တာယွင် က သွားပြီး ညှိနှိုင်းခဲ့တာဆိုတော့ သူတို့က တာယွင် ကိုပဲ အသိအမှတ်ပြုတာပေါ့”

ချန်ကျန့်က ဆိုသည်။

“ငါတို့ ရွာသားတွေက အဲ့ဒီလိုပဲလေ။ ဘယ်သူနဲ့ စကားပြောဖြစ်လဲ၊ အဲ့ဒီလူကိုပဲ သိတာ”

“ကောင်းပါပြီလေ”

ဒါ့လီ သက်ပြင်းချလိုက်သည်။ ကော်ဖီစက်သံ ရပ်သွားသည့်အခါ သူ ရှန်ယွီကို ထပ်ကြည့်သည်။

“ဘော့စ်ရှန်... တစ်ခုလောက် ထပ်မေးပါရစေ၊ အခမဲ့ အသားကင် ဝေစုကို ဘယ်လို ထိန်းချုပ်မလဲ”

“အသားကင် လက်မှတ်တွေ ထုတ်ပေးလိုက်ရင် ရပြီလေ၊ ဟုတ်တယ်မလား။ ဒီတည်းခိုခန်း လေးခုမှာ တည်းတဲ့ ဧည့်သည်တွေကိုပဲ လက်မှတ်ပေးမယ်၊ အဲ့ဒါဆိုရင် စာရင်းရှင်းရတာလည်း လွယ်တာပေါ့”

ရှန်ယွီက ကော်ဖီခွက်ကို ကိုင်ကာ ဘေးတံခါးဘက်သို့ လျှောက်သွားရင်း အေးအေးဆေးဆေး ဆိုလိုက်သည် ။

“ဒါက ဒီအစီအစဉ်မှာ အလွယ်ဆုံး အပိုင်းပဲ ဖြစ်မှာပါ”

“ကျွန်တော် ပြန်ပြီး တိုင်ပင်လိုက်ပါဦးမယ်”

ဒါ့လီ သူ၏ မှတ်စုစာအုပ်ကို ပိတ်ကာ ထရပ်လိုက်သည်။

“နောက်တစ်ခါ အားလုံး တိုင်ပင်ကြရင် ငါတို့ကိုပါ ထည့်ပြောပါဦး”

ရှန်ယွီက အပြင်ထွက်ရင်း ဆိုလိုက်သည်။

ဒါ့လီမှာ ပါးစပ်လေး ဟလျက်သားနှင့် စကားတစ်ခွန်းမှပင် ပြန်မပြောနိုင်ခဲ့ပါဘူး။ ဒါ့လီကို လိုက်ပို့ပြီးနောက် ဟူဖန်နှင့် ဆန်းပင်းကို စောင့်နေစဉ် ချန်ကျန့် ပန်းခြံထဲသို့ ထွက်လာခဲ့သည်။ ရှန်ယွီမှာ သတင်းစာပုံးရှေ့တွင် ရပ်ကာ ကြည့်နေလေသည်။

“မနက်က သူ့ကြောင့် နိုးသွားတာလား”

ချန်ကျန့် လျှောက်သွားကာ သူ၏ဘေးတွင် ရပ်လိုက်သည်။

“ရပါတယ်၊ အဲ့ဒီအချိန်က ငါ နိုးနေပါပြီ”

ရှန်ယွီ ပြုံးလျက် သူ၏ ကော်ဖီခွက်ကို ကမ်းပေးလိုက်သည်။

“သောက်ဦးမလား”

ဘာကြောင့်လဲတော့ မသိပါဘူး၊ ရှန်ယွီ ဖျော်တဲ့ ကော်ဖီက သူ ဖျော်တာထက် အများကြီး ပိုပြီး မွှေးနေသလိုပင်။ ချန်ကျန့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဘယ်သူမှ မရှိပါဘူး။

“ဟုတ်ကဲ့”

သူ ရှန်ယွီ၏ လက်ထဲမှ ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။ အခုတော့ သူ သေချာသွားပါပြီ၊ တာယွင် တစ်ခုလုံးမှာ မန်နေဂျာ ဖျော်တဲ့ ကော်ဖီက အညံ့ဆုံး ဖြစ်မှာပါ။ သူကိုယ်တိုင်တောင် သောက်လို့ မရပါဘူး။

“ကျွန်တော် ဆန်းပင်းနဲ့အတူ ဟူဖန်နောက် လိုက်သွားပေးရဦးမယ်”

ချန်ကျန့် နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်သည်။

“သူမရဲ့ မူလတန်း အတန်းဖော် လီလီ က သူမ ဒီမှာ အလုပ်လုပ်နေတာကို အိမ်ကို သွားပြောလိုက်ပုံရတယ်၊ အဲ့ဒါ သွားရှင်းမလို့တဲ့”

“မင်းက နာမည်ကိုတောင် သိနေတာလား”

ရှန်ယွီက သူ့ကို တစ်ချက်ကြည့်သည်။

“မန်နေဂျာကတော့ တကယ်ကို အသေးစိတ် ကျတာပဲ”

“အင်း၊ ပုံမှန် စကားပြောရင်းနဲ့ သိတာပေါ့”

ချန်ကျန့်ကလည်း သူ့ကို ပြန်ကြည့်သည်။

“ကျောက်ကျဲ ရဲ့ ယောကျ်ား နာမည်ကိုတောင် ကျွန်တော် သိတယ်လေ”

“ဘယ်သူတဲ့လဲ”

“...လော့မင်ဟွေး တဲ့”

“ဟို အလှဆင်ပစ္စည်းဆိုင်က ဒုတိယလမ်းမှာ မဟုတ်လား”

ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ဟုတ်တယ်”

ချန်ကျန့် ကော်ဖီကို ထပ်သောက်လိုက်သည်။

“အဲ့ဒီကိစ္စ ပြီးရင်တော့ အသားကင်ဆိုင်တွေဘက်ကို သွားလိုက်ဦးမယ်။ ဒါ့လီကို အခမဲ့ကျွေးမယ့်အကြောင်း ပြောတုန်းက အားလုံးကို ထည့်ပြောထားတာဆိုတော့၊ ချန် မျိုးနွယ်တွေဆီကိုလည်း အရင် သွားပြောထားမှပေါ့။ မဟုတ်ရင် သူတို့က ကျွန်တော့်ဆီ လာရှာနေကြဦးမှာ”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။

“အဲ့ဒီလို ကိုင်တွယ်တာ အဆင်ပြေရဲ့လား”

“မင်း ကိုင်တွယ်ပြီးမှ ငါ့ကို လာမေးတာလား”

ရှန်ယွီက ဆိုသည်။

“...ဘော့စ်ကမှ ဒါတွေကို မသိတာပဲဟာ”

“အော်.... ဟုတ်သားပဲ”

ရှန်ယွီ ရယ်မောလိုက်သည် ။ “မှန်တယ်”

“သူတို့ကို အရင်ဆုံး ထည့်တွက်ပေးပြီးမှ ကိုယ်တိုင် သွားပြောပြတာက ပိုပြီး စေတနာပါရာ ကျမယ်လို့ ကျွန်တော် ထင်လို့ပါ”

ချန်ကျန့် ကော်ဖီကို ထပ်သောက်လိုက်ပြန်သည်။

“မင်း တော်တော် ကောင်းကောင်း ကိုင်တွယ်နိုင်တာပဲ ။ ခဏနေရင် မင်းတို့ ရန်ဖြစ်ကြရင်တော့....”

“ရန်မဖြစ်ပါဘူးဗျာ”

ချန်ကျန့် အလျင်အမြန် ပြန်ပြင်ပေးလိုက်သည်။

“အခြေအနေ သွားမေးရုံတင်ပါ။ ရန်ဖြစ်ရင်လည်း ကျွန်တော်တို့က ကြားက တားပေးမှာပေါ့”

“အော်” ရှန်ယွီ ခေါင်းညိတ်သည်။

“ဘော့စ်ဘက်က ကူညီဖို့ လိုမလား”

“မလိုပါဘူး”

ချန်ကျန့် သူ့ကို ကြည့်ကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည် ။

“မလိုပါဘူး”

ရှန်ယွီ မဲ့လိုက်မိသည်။

“ဘော့စ်က ကူညီမလို့လား”

ချန်ကျန့်က အသံတိုးတိုးဖြင့် ဆိုသည် ။

“ဘော့စ်ကတော့ ကြက်မွေးဖို့အတွက် မြေကွက်တောင် လုချင်နေတာ မဟုတ်လား”

ရှန်ယွီ ဘေးနားက ဓာတ်တိုင်ကို မှီကာ ရယ်မောနေပြီး ဘာမှ ပြန်မပြောပါဘူး။ နေရောင်ခြည်က သူ၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် သူ မျက်လုံးများကို အနည်းငယ် မှေးထားလေသည်။

ချန်ကျန့် ကြည့်ရင်းမှ ရှန်ယွီ၏ လည်ပင်းဘေးမှ သွေးခုန်သံကို ရုတ်တရက် ခံစားလိုက်ရသည်။

“သွားကြစို့ မန်နေဂျာ!”

ဆန်းပင်းက ဘေးတံခါးမှ ရုတ်တရက် ထွက်လာသည်။

“ဖန်ဖန် ဆင်းလာပြီ”

“အေး....”

ချန်ကျန့် ပြန်ထူးလိုက်သည်။ လည်ပင်းက သွေးခုန်သံမှာလည်း လန့်ပြီး ရပ်သွားသလိုပင်။

“မင်္ဂလာပါ ဘော့စ်ရှန်!”

ဟူဖန်သည် ခြေလှမ်းကျကျနှင့် ထွက်လာခဲ့သည်၊ သူမ၏ အသံမှာလည်း တက်ကြွလှသည်။

“မင်္ဂလာပါ မန်နေဂျာချန်!”

သူမ၏ ဆံပင်မှာ ပုံမှန် ဖဲပြားနှင့် Afro ပုံစံ မဟုတ်တော့ဘဲ၊ ခေါင်းပေါ်တွင် စုချည်ထားသဖြင့် ပေါက်ကွဲနေသော ဘောလုံးအသေးလေး တစ်လုံးကို တင်ထားသလိုမျိုး ဖြစ်နေသည်။ ၎င်းပြင် ထိုဆံပင်ကြားတွင် စတီးတူ တစ်ချောင်းကိုလည်း ထိုးစိုက်ထားသေးသည်။ ကြည့်ရတာ ရန်ဖြစ်ဖို့ သွားမည့် ပုံစံမျိုးပင်။ ထိုတူမှာ အရန်လက်နက် ဖြစ်ရမည်။

“မင်္ဂလာပါ”

ချန်ကျန့် ပြန်ထူးလိုက်ပြီး၊ ရှန်ယွီကို ကြည့်ကာ ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။

“ကျွန်တော် တို့ သွားပြီနော်”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။

ချန်ကျန့်သည် ဟူဖန်တို့ နောက်မှ နှစ်လှမ်း သုံးလှမ်းခန့် လျှောက်သွားစဉ်မှာပင် ရှန်ယွီက ရုတ်တရက် လှမ်းပြောလိုက်ပြန်သည်။

“ငါ့ကော်ဖီ ပြန်ပေးခဲ့ဦး”

...တောက်!

ချန်ကျန့်သည် တောင်လယ် စားသောက်ဆိုင်က မီးတွင်းထဲကို ရုတ်တရက် အပစ်ခံလိုက်ရသလိုမျိုး တစ်ကိုယ်လုံး ပူထူသွားတော့သည်။ သူ ထိုနေရာမှာတင် တန့်သွားပြီး ရှန်ယွီကို ပြန်လှည့်ကြည့်လိုက်မိသည်။

“ကော်ဖီ ပြန်ပေးလိုက်လေ”

ဟူဖန်က ဝင်ပြောသည်။

“ကော်ဖီခွက်ကြီးပါ သယ်သွားမလို့လား”

မဟုတ်ပါဘူး....

ချန်ကျန့် ဟူဖန်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

မန်နေဂျာက ဘော့စ်ရဲ့ ကော်ဖီကို သောက်နေတာ ထူးဆန်းမနေဘူးလား

“မြန်မြန်လာပါဗျာ၊ ဘာတွေ ကြာနေတာလဲ”

ဆန်းပင်းက ရှေ့ကနေ လှမ်းအော်သည်။

“ကော်ဖီသောက်ချင်ရင် ပြန်ရောက်မှ ဖန်ဖန် ကို အခွက် နှစ်ဆယ်လောက် ဖျော်ခိုင်းလိုက်မယ်၊ အန်ထွက်တဲ့အထိ သောက်ပေါ့”

ချန်ကျန့် ရှန်ယွီကို ထပ်မံ လှည့်ကြည့်လိုက်သည်။ ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေလေသည်။ ချန်ကျန့် ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်သည်။ သူ သောက်လိုက်တော့ လက်ကျန်က အနည်းငယ်သာ ရှိတော့သည်။ သူ ခေါင်းကို လှန်ကာ လက်ကျန် ကော်ဖီအားလုံးကို အကုန်မော့သောက်လိုက်ပြီးနောက်၊ ခွက်ကို ဘေးနားက စားပွဲပေါ် တင်ပေးလိုက်သည်။

“ဘော့စ်... ခွက်ကို သိမ်းပေးလိုက်ပါဦး”

“...အိုကေ”

ရှန်ယွီဖျော်တိုက်သောကော်ဖီကို သောက်လိုက်ရ၍လားမသိ၊ ချန်ကျန့် ဆိုင်ကယ်ပေါ် တက်လိုက်သည့်အခါ ကိုယ်ခန္ဓာမှာ ပေါ့ပါးနေသလို ခံစားရသည်။ ဆန်းပင်းက ဟူဖန်ကို တင်လိုက်ပြီး ဆိုင်ကယ်နှစ်စီးမှာ ဝင်းတံခါးအပြင်သို့ တစ်စီးပြီးတစ်စီး ထွက်လာခဲ့ကြသည်။

ဒုတိယလမ်းမှာ တော်တော်လေး နီးပါသည်၊ ပုံမှန်ဆိုလျှင် လမ်းလျှောက်သွားနေကျ ဖြစ်သော်လည်း၊ ဒီနေ့တော့ ပြဿနာ သွားရှာမှာဖြစ်သဖြင့် ဆိုင်ကယ်သံ ဗုန်းဗုန်းနှင့် သွားရမည် မဟုတ်ပါလား။ အရှိန်အဝါတော့ ရှိရမည်လေ။

မိုးက စောစောစီးစီး လင်းနေသဖြင့် ဆိုင်အများစုမှာ အခုမှ ဖွင့်ခါစ ရှိသေးသည်။ ချန်ကျန့် မုန့်ဆိုင်တွေရှေ့က ဖြတ်သည့်အခါ ရနံ့မျိုးစုံကြောင့် ဗိုက်တအား ဆာလာတော့သည်။ ခုနက ကော်ဖီထဲက နို့လေးက ဘာမှ မစွမ်းပါဘူး။ ပုံမှန်ဆိုလျှင် မနက်ပိုင်းမှာ သူ ဤမျှလောက်အထိ ဗိုက်မဆာတတ်ပါဘူး....။ သို့သော် ဆန်းပင်းနှင့် ဟူဖန်တို့မှာ မနက်စာစားဖို့ လုံးဝ စိတ်မကူးကြသဖြင့် သူလည်း အောင့်ထားလိုက်ရလေသည်။

အလှဆင်ပစ္စည်းဆိုင်မှာလည်း အခုမှ ဖွင့်ခါစ ရှိသေးသည်။ ဆိုင်ရှင် မရှိဘဲ လီလီ တစ်ယောက်တည်းသာ ရှိလေသည်။ သူမသည် ပစ္စည်းစင်တစ်ခုကို အပြင်သို့ ထုတ်နေခြင်း ဖြစ်သည်။ ဆိုင်ကယ်နှစ်စီး ဆိုင်ရှေ့တွင် ရပ်လိုက်သည့်အခါ သူမ လှမ်းကြည့်ပြီးနောက် ချက်ချင်းပင် အထဲသို့ ပြန်လှည့်ဝင်သွားတော့သည်။ ဟူဖန် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ဆိုင်ထဲသို့ ပြေးဝင်သွားသည်။ ချန်ကျန့်လည်း ဆိုင်ကယ်ကို အမြန်ရပ်ကာ သူမနောက်မှ လိုက်သွားခဲ့သည်။ ဟူဖန် ဆိုင်တံခါးဝသို့ ရောက်သည့် အချိန်မှာပင် ချန်ကျန့်က သူမ၏ ဆံပင်ကြားမှ တူကို လှမ်းဆွဲယူလိုက်သည်။

ဟူဖန်မှာ ကြောင်သွားပြီး သူ့ကို မျက်စောင်းထိုးကာ - “ဘာလုပ်တာလဲ!” ဟု အံကြိတ်ကာ မေးလိုက်သည်။

“ဆန်းပင်းနဲ့ ငါနဲ့ ပါတာပဲဟာ။ ဒါကြီး မလိုပါဘူး”

ချန်ကျန့်ကလည်း အသံနှိမ့်၍ ဆိုလိုက်သည်။ ဟူဖန် သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှ ထပ်မပြောဘဲ လိုက်ကာကို မကာ ဆိုင်ထဲ ဝင်သွားတော့သည်။ ချန်ကျန့် ထိုတူကို ဆန်းပင်းဆီ လှမ်းပေးလိုက်သည်။

“ဖန်ဖန် ကတော့ တော်တော်လေး ရက်စက်မယ့် ပုံပဲ”

ဆန်းပင်းက တူ ကို ယူရင်း ဆိုသည် ။

“ငါတောင် ဒါမျိုး မသုံးဖူးဘူး”

မင်းက ဘာလက်နက်မှ မသုံးတာလေ၊ မင်းက အရိုက်ခံနေကျ လူပဲဟာကို။

“မင်းတို့ မိသားစု အရှုပ်ထုပ်တွေကို ငါက ဘယ်လိုလုပ် သိမှာလဲ!”

လီလီ၏ အသံမှာ ဆိုင်ထဲမှ ထွက်ပေါ်လာသည်။ စိတ်မရှည်မှုနှင့်အတူ ကြောက်ရွံ့မှု အနည်းငယ်လည်း ပါဝင်နေလေသည်။ ချန်ကျန့်နှင့် ဆန်းပင်းတို့ လိုက်ကာကို မကာ ဆိုင်ထဲသို့ ဝင်ခဲ့ကြသည်။

“ငါ ဘာလို့ ဒီကို ပြေးလာခဲ့သလဲဆိုတာ နင် မသိဘူးလို့ ပြောရဲသေးလား။ ငါ နင့်ကို ပြောပြခဲ့တယ် မဟုတ်လား”

ဟူဖန်က လီလီကို လက်ညှိုးထိုးကာ ဆိုသည် ။

“အရင်က နင့်ဘေးမှာ ငါထိုင်နေတုန်းက ငါ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ဘယ်လောက်တောင် များနေလဲဆိုတာ နင် မမြင်ဘူးလား။ နင်ကိုယ်တိုင်တောင် ဆေးထည့်ပေးခဲ့တာပဲဟာ၊ ငါ့မိသားစု အခြေအနေကို မသိဘူးလို့ နင် ပြောရဲသေးလား”

“ငါ တမင် လုပ်တာ မဟုတ်ပါဘူး! မင်းရဲ့ မောင်နဲ့ လမ်းမှာ ဆုံမိလို့ပါ!”

လီလီက အသံကျယ်ကျယ်နှင့် ပြန်အော်သည်။

“ငါတို့က အဲ့ဒီလောက်ကြီး ရင်းနှီးလို့လား။ နင့်ရဲ့ လျှို့ဝှက်ချက်တွေကို ငါက ဘာလို့ ထိန်းပေးနေရမှာလဲ၊ နင့်အစား ဘာလို့ အပြောခံရမှာလဲ!”

ဟူဖန် ဘာမှ ထပ်မပြောတော့ပါဘူး။ သူမ ရှေ့သို့ ပြေးဝင်ကာ လီလီ၏ ကော်လာကို ဆွဲပြီး မျက်နှာကို ဝုန်းခနဲ ထိုးလိုက်တော့သည်။ လီလီကလည်း အလျှော့မပေးဘဲ လက်ပြန်ရိုက်သည်။

“ဟေး!”

ဆန်းပင်း ရှေ့တိုးသွားသော်လည်း လက်က မြှောက်လိုက် ကျလိုက်နှင့်

“ရန်မဖြစ်ကြပါနဲ့ဗျာ....မသိဘူးလို့ပဲ ပြောလိုက်ရင် ပြီးနေတာကို!”

ဟူဖန် လီလီ၏ ကော်လာကို မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး လီလီ ဘယ်လိုပဲ ပြန်ချချ သူမကတော့ ဆက်တိုက် ထိုးနေတော့သည်။

“မင်း မသိဘူး! မင်း မသိဘူး! အဲ့ဒီလို ပြောလို့ မရဘူးလား!”

ကြည့်ရတာ သူမ ရန်ဖြစ်လာတာ အကြိမ်ပေါင်း မနည်းတော့ပုံရသည်။ လီလီမှာလည်း အားမနည်းပါဘူး။ ဟူဖန်၏ မျက်နှာကို လက်သည်းနှင့် လိုက်ခြစ်နေသော်လည်း၊ ဟူဖန်လောက်တော့ အတွေ့အကြုံ မရှိပါဘူး။ ခဏအကြာမှာပင် သူမမှာ ဟူဖန်၏ ဖိချမှုကြောင့် ကြမ်းပြင်ပေါ်သို့ ရောက်သွားတော့သည်။

“သူတို့သာ ငါ့ကို လာရှာရင်တော့၊ နင် ငါ့လက်ချက်နဲ့ သေဖို့သာ ပြင်ထားလိုက်!”

ဟူဖန် လီလီ၏ လည်ပင်းကို ညှစ်ကာ အော်ဟစ်နေတော့သည်။

ချန်ကျန့် ဆန်းပင်းကို အချက်ပြလိုက်သည်။ ဆန်းပင်း အနားသို့ သွားကာ ဟူဖန်၏ လက်မောင်းများကို ဆွဲပြီး နောက်သို့ ဆွဲထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်ကျန့်သည်လည်း ဟူဖန်ကို လှမ်းရိုက်ရန် ကြိုးစားနေသော လီလီ၏ လက်များကို ဖမ်းဆွဲလိုက်ရလေသည်။

“ငါ့ကို မဆွဲနဲ့!”

ဟူဖန် ရုန်းကန်ရင်း လီလီကို လှမ်းကန်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“နင်ကတော့ သခင်အားကိုးနဲ့ ဟောင်နေတဲ့ ခွေးလိုပဲ! သတ္တိရှိရင် နင့်အဖေနဲ့ အမေကို သွားချလေ!”

လီလီ၏ မျက်နှာမှာ ထိုးနှက်ချက်တွေကြောင့် နီမြန်းနေပြီး ဒေါသကြောင့် တုန်ယင်နေလေသည်။

“ငါ့ဆီမှာပဲ လာပြီး ပြဿနာရှာတတ်တာ။ နင်ကတော့ သူတို့ရဲ့ အရိုက်ကို ခံရဖို့ပဲ တန်တယ်....”

“ပါးစပ်ပိတ်စမ်း!”

ချန်ကျန့်က ဆိုလိုက်သည်။

“နင့်ပါးစပ်ကိုပဲ ပိတ်စမ်း! သွား.... နင့်ရဲ့ ခေါင်းတလားထဲမှာပဲ သွားအိပ်ချေ!”

လီလီက လှမ်းအော်လိုက်သည်။

ချန်ကျန့်မှာ ရုတ်တရက် ရင်ဘတ်ကို တည့်တည့် အရိုက်ခံလိုက်ရသလိုမျိုး တန့်သွားရသည်။ လီလီက ထိုအခွင့်အရေးကို အသုံးချကာ သူ့ကို ထပ်မံ ကန်လိုက်ပြန်သည်။

“မင်းတော့ တကယ် သေချင်နေပြီ ထင်တယ်!”

ဆန်းပင်းက လီလီကို လက်ညှိုးထိုးကာ အော်လိုက်သည်။

ချန်ကျန့်သည် သူ၏ ဘေးနားက ပလတ်စတစ် ကုလားထိုင်ကို ပြင်းထန်စွာ ကန်လိုက်မိသည်။ ထိုကုလားထိုင်မှာ လွင့်ထွက်သွားပြီး လီလီ၏ ဘေးက မှန်ဗီဒိုကို သွားတိုက်မိတော့သည်။ မှန်တံခါးမှာ ဝုန်းခနဲ အသံနှင့်အတူ တစစီ ကွဲကြေသွားတော့သည်။

ခေါင်းတလားထဲမှာ အိပ်ခဲ့တဲ့ ကိစ္စကို ရွာထဲက လူအတော်များများ သိကြသည်။ ဒါပေမဲ့ ဘယ်သူမှ ချန်ကျန့် ရှေ့မှာတော့ ထုတ်မပြောကြပါဘူး။ တစ်ခါတစ်ရံ တစ်ယောက်ယောက်က ပြောမိရင်တောင်မှ သနားတဲ့ စိတ်နဲ့ပဲ ပြောကြတာပါ။ ချန်ကျန့်က ထိုစကားကို ကြားရတာ မကြိုက်သော်လည်း များသောအားဖြင့်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ မရှိပါဘူး။

သို့သော် ယခုအခါတွင်မူ ဤကိစ္စကို တိုက်ခိုက်ရေး လက်နက်တစ်ခုအဖြစ် ရုတ်တရက် အသုံးချခံလိုက်ရသည့် အခါတွင်တော့ ချန်ကျန့်၏ စိတ်ခံစားချက်များမှာ ချက်ချင်းပင် ထိန်းချုပ်မရအောင် ဖြစ်သွားရတော့သည်။ လီလီမှာလည်း လန့်သွားပြီး မှန်ဗီဒိုကို မှီကာ တိတ်ဆိတ်သွားတော့သည်။

ချန်ကျန့် ခဏမျှ ငြိမ်သက်သွားပြီးမှ ဆန်းပင်းကို အချက်ပြလိုက်သည် - “သွားကြစို့”

“ဒါ မပြီးသေးဘူးနော်!”

ဆန်းပင်းက ဟူဖန်ကို ဆွဲထုတ်သွားစဉ် ဟူဖန်က လီလီကို လက်ညှိုးထိုးကာ လှမ်းအော်နေဆဲ ဖြစ်သည်။ လီလီကတော့ ဘာမှ ပြန်မပြောတော့ပါဘူး။ ချန်ကျန့်လည်း ဆိုင်ထဲမှ လှည့်ထွက်လာခဲ့တော့သည်။

“အားနာပါတယ် မန်နေဂျာ”

အပြင်ရောက်သည့်အခါ ဟူဖန်က အသံတုန်တုန်ယင်ယင်ဖြင့် ဆိုသည်။

“ကျွန်မ တောင်းပန်ပါတယ်”

“ဟင် ရပါတယ်၊ ဘာမှ မဖြစ်ပါဘူး”

ချန်ကျန့်က ဆိုလိုက်သည်။

“ဘာလို့ ဘာမှ မဖြစ်ရမှာလဲ”

ဟူဖန်၏ မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းလာတော့သည်။

“ဘာလို့ ဘာမှ မဖြစ်ရမှာလဲ....”

“တကယ်ပဲ ကိစ္စမရှိပါဘူး”

ချန်ကျန့် သူမ၏ လက်မောင်းကို ပုတ်ပေးလိုက်သည်။

“အဲ့ဒါက ကြာလှပြီပဲဟာ”

သူ ဆန်းပင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဆန်းပင်း... မင်း ဖန်ဖန် ကို အရင်ပြန်ပို့ပေးလိုက်ဦး။ ငါ အသားကင်ဆိုင်တွေဘက်ကို သွားလိုက်ဦးမယ်”

“အင်း”

ဆန်းပင်း မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်ပြီး ဆိုင်ကယ်ပေါ် တက်လိုက်သည်။

“သူ့ကို ပို့ပြီးရင် ငါလည်း လိုက်လာခဲ့မယ်နော်”

“ငါ့ဘာသာ သွားလို့ ရပါတယ်”

ချန်ကျန့် ပြုံးလျက် ဆိုလိုက်သည်။

ဆန်းပင်းနှင့် ဟူဖန်တို့ တည်းခိုခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ရှန်ယွီမှာ ကဖေးဆိုင်ထဲတွင် နေပူစာလှုံရင်း ထိုင်နေသည်ကို တွေ့ရသည်။ ဟူဖန် မျက်နှာသစ်ပြီး ဆံပင်ပြန်ပြင်တာကို သူ စောင့်ကြည့်နေသော်လည်း၊ ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ သူ မမေးပါဘူး။ ဆန်းပင်းက ဟူဖန်ကို ခဏ ချော့မော့ပြီးမှ ရှန်ယွီဆီ သတင်းလာပို့သည်။

“မန်နေဂျာကတော့ အသားကင်ဆိုင်တွေဘက်ကို သွားပါတယ်”

“အင်း…ရန်ပွဲကော ဘယ်လိုနေလဲ”

“ဖန်ဖန် ကို သူ လုံးဝ မယှဉ်နိုင်ပါဘူး”

ဆန်းပင်းက ဆိုသည် ။

“မန်နေဂျာနဲ့ ကျွန်တော်နဲ့က ကြားကနေ တားပေးခဲ့ရုံပါပဲ”

“အဲ့ဒါဆို အောင်ပွဲခံတဲ့ မျက်ရည်တွေပေါ့ ဟုတ်လား”

ရှန်ယွီက မေးလိုက်သည်။

ဆန်းပင်း ဟူဖန်ကို လှမ်းကြည့်လိုက်သည်။

“ဒေါသထွက်လို့ ငိုတာပါ”

ဘာလို့ နိုင်ပါလျက်နဲ့ ဒေါသထွက်ပြီး ငိုနေရတာလဲ ဆိုတဲ့ အဖြေကတော့ ဆယ်မိနစ်အကြာမှာ ပေါ်လာခဲ့သည်။ အလှဆင်ပစ္စည်းဆိုင် ပိုင်ရှင် အမျိုးသမီးမှာ ဆိုင်ထဲသို့ ဒေါသတကြီး ဝင်လာခဲ့လေသည်။

“မင်းတို့ ဘာလို့ ငါ့ဆိုင်က မှန်တွေကို ခွဲတာလဲ!”

“မင်းရဲ့ ဝန်ထမ်းကိုပဲ မေးကြည့်လိုက်လေ!”

ဆန်းပင်းက စိတ်မရှည်စွာ ပြန်ပြောသည်။

“မင်းတို့ ငါ့ဆိုင်ထဲအထိ ရန်လာဖြစ်ကြတာလေ.”

အမျိုးသမီးက ဆိုသည်။

“အဲ့ဒီ မှန်ဗီဒိုကို ငါ လုပ်ထားတာ နှစ်လတောင် မပြည့်သေးဘူး!”

“သူကပဲ ငါတို့ဆီကို ပြဿနာတွေ သယ်လာတာလေ!”

ဆန်းပင်းက အလျှော့မပေးဘဲ ပြန်အော်သည်။

“မှန်ဘာလို့ ကွဲသလဲဆိုတာ သူ့ကိုပဲ သွားမေး! ငါတို့နဲ့ မဆိုင်ဘူး”

“ခင်ဗျားဝန်ထမ်းက ချန်ကျန့် ခေါင်းတလားထဲမှာ အိပ်ခဲ့ရတဲ့ ကိစ္စကို ပြောလိုက်လို့လေ....”

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ဆိုသည်။

ရှန်ယွီ ခေါင်းလှည့်လာခဲ့သည်။

“မင်း ဘာပြောလိုက်တာလဲ”
_______________________________________________________________________











Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...