Skip to main content

59



အပိုင်း (၅၉)

ရှန်ယွီ အနားသို့ လျင်မြန်စွာ တိုးကပ်လာပြီး သူ၏အမြင်အာရုံများ ဝေဝါးသွားသည့် အခိုက်အတန့်မှစ၍ မူးဝေနောက်ကျိမှုက ချက်ချင်း ရောက်ရှိလာသည်။ နှုတ်ခမ်းချင်း ထိတွေ့မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ထိုခံစားချက်က တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။

သူ၏နားထဲတွင် အနိမ့်အမြင့် ရောထွေးနေသော အသံတစီစီ မြည်ဟီးနေသည်မှာ ယခု သူခံစားနေရသော အားကိုးရာမဲ့မှုနှင့် စိတ်လှုပ်ရှားမှုတို့အတွက် ခမ်းနားလှသော နောက်ခံတေးဂီတတစ်ခုပမာ။ ပူလောင်လှသော အသက်ရှူသံများ ထိတွေ့ရာ အရပ်တိုင်းမှာ မီးလောင်နေသကဲ့သို့ ခံစားရပြီး၊ နှုတ်ခမ်းမှသည် နားရွက်များ၊ လည်ပင်းတလျောက်…အသက်ရှူရန် ခက်ခဲလာသည်အထိ ပူလောင်နေလေသည်။ ၎င်းမှာ အသေးစိတ်ကို ပြန်မမှတ်မိနိုင်သော အိပ်မက်တစ်ခုနှင့် ဆင်တူလှပြီး၊ တဝက်နိုး တဝက်ပျော် အခြေအနေမျိုးတွင် ကြွင်းကျန်ရစ်သော သက်သောင့်သက်သာရှိမှုမျိုးပင် ဖြစ်သည်။

သို့သော် လုံးလုံးလျားလျားတော့ ထိုသို့မဟုတ်ပါ၊ ထိန်းချုပ်မရသော ကြည်နူးမှုနှင့် ပျော်ရွှင်မှုများက ပို၍ ပါဝင်နေသည်။ သူ၏အမြင်အာရုံများမှာ မကြည်မလင်နှင့် ဝေဝါးနေပြီး၊ အရောင်စုံ အစက်အပြောက်များ တဖျတ်ဖျတ် ခုန်နေကာ တစ်ခါတစ်ရံ အဖြူရောင်အလင်းတန်းများ လက်ခနဲ ပေါ်လာတတ်သည်။ ထိုရှုပ်ထွေးမှုများကြားတွင် သူသည် အသေအချာ စူးစမ်းရှာဖွေရင်း၊ ထိတွေ့ရင်း၊ ပို၍ နီးကပ်ရင်း၊ ရောယှက်ရင်း....။

ပတ်ဝန်းကျင်မှ ပူလောင်လှသော လေထုများ တဖြည်းဖြည်း ပြယ်လွင့်သွားသည့် အခါမှသာ ချန်ကျန့်သည် သူ၏ ပုံမှန်ခန္ဓာကိုယ် အပူချိန်နှင့်အတူ အသက်ရှူသံကို ပြန်လည် တွေ့ရှိခဲ့တော့သည်။ အမြင်အာရုံလည်း ပြန်လည် ရှင်းလင်းလာသည်။ သို့သော် သူ၏ အသက်ရှူသံကတော့ မမှန်သေးပါဘူး။ အမြင်အာရုံမှာလည်း အနည်းငယ် လျော့နည်းသွားသလိုပင်။

ထိုအနမ်းက သူ့ကို အမြင်အာရုံစွေစောင်းမှု (Astigmatism) ဖြစ်စေခဲ့သလိုမျိုး ခံစားရသည်။ သူ ရှန်ယွီကို အတော်ကြာအောင် စိုက်ကြည့်နေမိမှသာ ရှန်ယွီ၏ မျက်နှာတစ်ဝိုက်က ပုံရိပ်နှစ်ထပ်တွေ ပျောက်ကွယ်သွားတော့သည်။ ရှန်ယွီ၏ နှုတ်ခမ်းပေါ်က အပြုံးမှာလည်း ပို၍ ထင်ရှားလာခဲ့သည်။

“ဘာလဲ”

ရှန်ယွီက ဒူးပေါ်တွင် တံတောင်ကို အားပြုကာ သူ့ကို ကြည့်ရင်း မေးလိုက်သည်။ သူ၏ လက်ဆစ်လေးဖြင့် ချန်ကျန့်၏ နှုတ်ခမ်းထောင့်ကို အသာအယာ တို့လိုက်မိသည်။ ထိုနှုတ်ခမ်းနှင့် ပတ်သက်သော အပြုအမူက ချန်ကျန့်ကို ချက်ချင်းပင် ထပ်မံ ချောက်ချားသွားစေသည်။ သူသည် ခေါင်းကိုလှည့်ကာ စားပွဲပေါ်က တစ်ခုခုကို လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။ သူ ဘာကို ကိုင်ချင်နေမှန်းတောင် သူကိုယ်တိုင် မသိပါဘူး။

သို့သော် ဆိုဖာပေါ်တွင် တစ်ဝက်သာ ထိုင်နေသော သူ၏ တင်ပါးမှာ ထိုသို့ အလျင်အစလို လှုပ်ရှားမှုကြောင့် လျှောကျသွားတော့သည်။ သူသည် ဆိုဖာပေါ်မှ လျှောကျကာ စားပွဲရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားရသည်။

“ငါ့ဘက်ကို မျက်နှာမူထားရင် ပိုကောင်းမယ် ထင်တယ်”

ရှန်ယွီက ဆိုသည် ။

“ဟိုဘက်ကို လှည့်ပြီး ဒူးထောက်နေတော့ ဘယ်သူ့ကို ဦးချနေမှန်း မသေချာလို့ပါ”

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ဆိုဖာပေါ်သို့ အမြန် ပြန်တက်ထိုင်လိုက်သည်။ ရှန်ယွီကို ကြည့်ရန် ရှက်နေသဖြင့် သူ ဆိုဖာကို မှီရင်း ခဏမျှ ငိုင်နေမိပြီးမှ ရယ်မောလိုက်မိသည်။

“ရေသောက်ဦးမလား”

ရှန်ယွီက လက်လှမ်းကာ ချန်ကျန့်၏ မေးစေ့အောက်ကို လက်ချောင်းလေးဖြင့် အသာအယာ ချိတ်လိုက်သည်။

“အင်း”

ချန်ကျန့် ခေါင်းညိတ်ပြသည်။

“သွားယူလေ”

ရှန်ယွီက ဆိုသည်။

“ဟာ!”

ချန်ကျန့် ရယ်မောရင်း သူ့ကို လှည့်ကြည့်သည်။

“မင်းကတော့လေ....”

“ငါက လူနာလေ”

ရှန်ယွီက သူ၏ ဒဏ်ရာရထားသော လက်ကို မြှောက်ပြသည်။

“ကျွန်တော်.... ခဏလောက် အရင် နားပါရစေဦး”

ချန်ကျန့် မလှုပ်မယှက်ဘဲ ထိုနေရာမှာတင် ရှိနေမိသည်။

“အင်း”

ရှန်ယွီ ပြုံးလျက် ဆိုဖာပေါ်သို့ မှီချလိုက်သည်။ ချန်ကျန့် သူ့ကို ခိုးကြည့်လိုက်သည်။ ရှန်ယွီက ခြေထောက်တစ်ဖက်ကို ဒူးပေါ် ချိတ်ထားသဖြင့် ဘာမှ ထူးထူးခြားခြား မမြင်ရပါဘူး။ သူသည်လည်း သူ၏ခြေထောက်ကို မကာ ဒူးပေါ် ချိတ်လိုက်မိသည်။

“အကုန်လုံးက အတူတူပါပဲ”

ရှန်ယွီက ဆိုသည်။

“တကယ်လို့ မတူဘူးဆိုရင်တော့ ငါတို့ထဲက တစ်ယောက်ယောက်က ပုံမှန်မဟုတ်တာ သေချာတယ်”

“မင်းကတော့လေ....”

ချန်ကျန့် သူ၏ နားရွက်တွေ ချက်ချင်း ပူလောင်လာသလို ခံစားရသည်။

“ရေသွားယူလိုက်ဦးမယ်”

“ရေခဲသေတ္တာထဲမှာ ကိုလာရှိလား ကြည့်လိုက်ဦး”

ရှန်ယွီက မှာသည်။

“ငါ ကိုလာ သောက်ချင်လို့”

“ဟုတ်ကဲ့”

ချန်ကျန့်ပြောသော်လည်း မလှုပ်ရှားနိုင်သေး။ ခဏကြာမှသာ သူ ထရပ်ပြီး ရေခဲသေတ္တာဆီသို့ လျှောက်သွားခဲ့သည်။ ကိုလာ ရှိနေပါသည်။ သူ ထုတ်ယူကာ အဖုံးဖွင့်ပြီး ခွက်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက် မိမိအတွက် ရေတစ်ခွက် ခပ်လိုက်သည်။ သူသည် ရေတစ်ခွက်လုံးကို အကုန်မော့သောက်လိုက်ပြီးနောက်၊ နောက်တစ်ခွက် ထပ်ခပ်ကာ ဆိုဖာဆီသို့ ပြန်လာခဲ့သည်။

ရှန်ယွီမှာ ဆိုဖာပေါ်တွင် လှဲလျောင်းနေလေပြီ။ ခုနက အနမ်းကြောင့် သူ ပင်ပန်းသွား၍လား မသိပါဘူး၊ ကြည့်ရတာ နွမ်းလျနေပုံ ပေါက်နေသည်။

“အခန်းထဲသွားပြီး အိပ်ချင်လား”

ချန်ကျန့်က ကိုလာခွက်ကို စားပွဲပေါ် တင်ပေးရင်း မေးလိုက်သည်။

“အိပ်ပျော်မှာ မဟုတ်တာ သေချာတယ်”

ရှန်ယွီ ကိုလာကို ယူကာ တစ်ငုံသောက်လိုက်ပြီး ချန်ကျန့်ကို လက်ယမ်းပြသည်။

“ဒီနားလာပြီး စကားခဏ ပြောရအောင်”

“ဘယ်ကို လာရမှာလဲ”

ချန်ကျန့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဆိုဖာပေါ်တွင် နေရာ သိပ်မရှိပါဘူး။ ရှန်ယွီ၏ ခြေထောက်ဘေးကလွဲရင် သူ ထိုင်စရာ နေရာ မရှိချေ။

“ငါ့ခေါင်းနားကို လာခဲ့လေ၊ နီးနီးကပ်ကပ်ပေါ့”

ရှန်ယွီက ဆိုသည် ။

“မဟုတ်ရင် ငါ့ခေါင်းကို ဖြုတ်ပြီး ဟိုဘက်မှာ သွားထားလိုက်ရမလား”

ချန်ကျန့်မှာ ဆွံ့အသွားရသည်။ သူ နောက်ဆုံးတွင် ထရပ်လိုက်ပြီး ရှန်ယွီ၏ ခေါင်းရင်းနားရှိ ဆိုဖာရှေ့က ကော်ဇောပေါ်တွင် ဝင်ထိုင်ကာ ဆိုဖာကို မှီထားလိုက်သည်။ ရှန်ယွီ၏ လက်က ရောက်ရှိလာပြီး သူ၏ ပုခုံးပေါ်တွင် တင်ထားလေသည်၊ လက်ချောင်းထိပ်လေးများက သူ၏ လည်ပင်းဘေးကို အသာအယာ ဖိထားရင်း၊ စည်းချက်ကျကျလေး တောက်နေလေသည်။

“ငါ့ရဲ့ သွေးခုန်နှုန်းကို ရေတွက်နေတာလား”

ချန်ကျန့်က မေးလိုက်သည်။

“အင်း” ရှန်ယွီ ပြုံးသည် ။ “ဒါက အိပ်ပျော်ဖို့ ကူညီပေးတယ်လေ”

“ကျွန်တော်မှ မဟုတ်တာ၊ ဘယ်သူ့ဟာကို ရေနေတာလဲ”

“ငါ့ဟာ ငါ ရေတာလေ”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် ရှန်ယွီ၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ သွေးခုန်နှုန်းကို လက်ချောင်းဖြင့် စမ်းကြည့်မိသည်။ အရေပြားအောက်မှ သွေးခုန်သံ အသာအယာလေးကို သူ ခံစားရသော်လည်း သူ မရေတွက်နိုင်ပါဘူး။ အစိတ်မပြည့်ခင်မှာတင် သူ လမ်းပျောက်သွားခဲ့သည်။

“တကယ်ရော အလုပ်ဖြစ်ရဲ့လား”

ချန်ကျန့်က မေးသည်။

“တစ်ခါတစ်လေတော့ ဖြစ်ပါတယ်။ အများအားဖြင့်တော့ မဖြစ်ပါဘူး၊ ဒါပေမဲ့ စိတ်ကိုတော့ အနည်းငယ် ငြိမ်သွားစေတာပေါ့”

“ဒါကို ဘယ်မှာ သင်ခဲ့တာလဲ”

ချန်ကျန့် ခေါင်းလှည့်ကြည့်မိသည်။

“ငယ်ငယ်က အိပ်လို့မရတဲ့ အချိန်တွေဆို ဒါမျိုး လုပ်နေကျလေ”

ရှန်ယွီက ပြောပြသည် ။

“အဒေါ်ကြီးက ငါ့ကို တရုတ်တိုင်းရင်းဆေး ဆရာဝန်ဆီ ခေါ်သွားဖူးတယ်၊ ဆရာဝန်က ငါ့ရဲ့ သွေးခုန်နှုန်းကို စမ်းပေးတော့ ငါ တအား စိတ်အေးသွားတာလေ”

“အဲ့ဒီနောက်ပိုင်း ကိုယ့်သွေးခုန်နှုန်းကိုယ် ပြန်စမ်းနေတာပေါ့ ဟုတ်လား”

“အင်း”

ရှန်ယွီ ခေါင်းညိတ်ပြသည်။ ချန်ကျန့် ဘာမှ ထပ်မပြောပါဘူး။ သူသည် ခေါင်းငုံ့ကာ ရှန်ယွီ၏ လက်ကောက်ဝတ်ပေါ်သို့ သူ၏ နှုတ်ခမ်းကို ဖိကပ်လိုက်သည်။ ထိုနေရာတွင်လည်း သွေးခုန်သံကို သူ ခံစားရသည်၊ လက်ချောင်းနှင့် စမ်းတာထက်ပင် ပို၍ ရှင်းလင်းနေလေသည်။

၎င်းမှာ တကယ့်ကို ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိုခံစားချက်ကြောင့် သူ တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသော မရေမတွက်နိုင်သည့် ညများကို ရုတ်တရက် သတိရသွားစေသည်။ ရှန်ယွီကတော့ တကယ်ကို တော်ပါပေသည်။ အနည်းဆုံးတော့ သူကိုယ်တိုင်မှာ ဤကဲ့သို့သော နည်းလမ်းဖြင့် မိမိကိုယ်ကို နှစ်သိမ့်ဖို့ တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး။

“မင်းပြောတော့ မင်းရဲ့ ညီအစ်ကို မောင်နှမတွေ အကုန်လုံးက တော်ကြတယ်ဆို၊ လျူဝူ လိုမျိုးပေါ့”

ချန်ကျန့်က ရှန်ယွီ၏ လက်ကို သူ၏ ဒူးပေါ်တွင် တင်ထားရင်း၊ လက်ကောက်ဝတ်က လက်ပတ်ကို ဘေးသို့ ဖယ်လိုက်သည်။ သူ ထိုလက်ပေါ်သို့ ခေါင်းတင်ကာ ရှန်ယွီကို မော့ကြည့်လိုက်သည်။

“အင်း” ရှန်ယွီက သူ့ကို ပြန်ကြည့်နေသည်။

“လျူဝူကတော့....” ချန်ကျန့် ခေတ္တ တုံ့ဆိုင်းသွားသည်။

“သူက သာမန်ပါပဲ။ ထိပ်တန်း တက္ကသိုလ်တစ်ခု တက်နေရုံနဲ့တော့ အဲ့ဒီလောက်ကြီး မဟုတ်ပါဘူး၊ ပြီးတော့ တစ်ခါတစ်လေ သူ့ဦးနှောက်က အစာကြေဆေးတွေ အများကြီး ဝါးစားထားသလိုမျိုး ဖြစ်နေတာ”

ရှန်ယွီ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ အားရပါးရ ရယ်တော့သည် ။

“မင်းက ငါ့ကို နှစ်သိမ့်ပေးနေတာလား”

“အင်း”

“လျူဝူကို နှိမ့်ချပြီး မင်းကို မြှောက်ပြောတာမျိုးတော့ မလုပ်သင့်ပေမဲ့.... သူကလည်း ဒီမှာ ရှိနေတာမှ မဟုတ်တာ”

“သူက အမှန်ဆိုရင် အမှတ်တွေ အများကြီး ပိုရနိုင်တာလေ။ သူ့မိသားစုက သူ့ကို နောက်တစ်နှစ် ထပ်ဖြေခိုင်းပေမဲ့ သူက မဖြေချင်တော့တာ”

“အထက်တန်း ကျောင်းသား နှစ်ယောက်လေ၊ ကွယ်ရာမှာ ပြောတဲ့ စကားတွေကတော့ တော်တော်လေး အတင့်ရဲကြတာပဲ”

“မင်းလည်း လူရှေ့မှာ ပြောတာတွေက သိပ်မလျော့ပါဘူး”

ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီမှာ ရယ်လွန်းသဖြင့် လက်တွေပင် တုန်ယင်သွားရသည်။

“မင်း ဒီနေ့ အရက်မသောက်ထားပါဘူးနော်”

“အရက်သောက်တာထက်တောင် ပိုပြီး မူးနေသေးတယ်”

ချန်ကျန့် ပြုံးလိုက်မိသည်။

“မင်း အိပ်ချင်ပြီလား”

“ရပါသေးတယ်”

“ပုံတွေ ကြည့်ချင်လား”

ရှန်ယွီက ထပ်မေးသည် ။

“ယွဲ့လန် ငါ့ဆီ ပုံတွေ ပို့ထားတယ်လေ”

“ဖုန်း ဘယ်မှာလဲ”

ချန်ကျန့် မလှုပ်ရှားပါဘူး၊ ရှန်ယွီ၏ လက်ပေါ်သို့ ခေါင်းတင်ထားဆဲပင်။ သူသည် ဘေးဘီကို ဝေ့ကြည့်လိုက်ရာ စားပွဲပေါ်က ရှန်ယွီ၏ ဖုန်းကို တွေ့သဖြင့် လှမ်းယူလိုက်သည်။ သူ ရှန်ယွီ၏ ရှေ့တွင် ဖုန်းကို ကိုင်ထားပေးကာ သော့ဖွင့်ခိုင်းလိုက်သည်။

“အယ်လ်ဘမ်ထဲမှာ အကုန် သိမ်းထားတယ်”

ရှန်ယွီက ဆိုကာ မျက်နှာပြင်ကို လက်ဖြင့် တို့လိုက်သည်။

“ကြည့်ပါရစေဦး”

ချန်ကျန့် ဖုန်းကို သူ၏ဘက်သို့ လှည့်လိုက်သည်။ အယ်လ်ဘမ် မဖွင့်ခင် သူ ရှန်ယွီကို တစ်ချက် ပြန်ကြည့်လိုက်သည် -

“ကြည့်လို့ ရတယ်နော်”

“ဟို ကော်ဇောပေါ်က ပုံကို မြင်ရမှာ မျှော်လင့်နေတာလား”

ရှန်ယွီက ပြုံးစိစိနှင့် မေးသည်။ ချန်ကျန့် မဲ့လိုက်မိသည်။

“ကြည့်လေ၊ ဒါပေမဲ့ ဘာမှတော့ မဖျက်နဲ့ဦးနော်”

ချန်ကျန့် အယ်လ်ဘမ်ကို ဖွင့်လိုက်သည်။ ပထမဆုံး ပုံတွေမှာ ယွဲ့လန် ပို့ထားသော ပုံများ ဖြစ်လေသည်။ အရောင်အသွေးနှင့် အလင်းအမှောင်မှာ အဆင့်အတန်း မြင့်မှန်း သိသာလှသည်။ ချန်ကျန့် ထိုပုံတွေကို ကျော်ပြီး အောက်သို့ အရင် လှန်ကြည့်လိုက်သည်။

သူ၏ မျက်နှာ ပုံစံအမျိုးမျိုးနှင့် ပုံအမြောက်အမြား မျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။

“ဘာတွေလဲဗျာ....”

သူ တကယ်ကို အံ့သြတကြီးနှင့် အောက်သို့ ဆက်တိုက် လှန်ကြည့်နေမိသည်။

“ဘယ်နှစ်ပုံတောင် ရိုက်ထားတာလဲ! မင်းတော့ တကယ်ကို ရောဂါသည်ပဲ....”

“နည်းနည်းတော့ ရှိတာပေါ့။ မဟုတ်ရင် ငါ ဘာလို့ ဆေးသောက်နေရမှာလဲ”

ချန်ကျန့် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ နောက်ထပ် အောက်ကို ဆက်လှည့်ကြည့်သည့်အခါ သူ၏ တခြားပုံတွေကို တွေ့ရသည်။ ကားဂိတ်မှာ ပုံ၊ ဆံပင်ကောက်နေတဲ့ ပုံ....။ သူ ရှန်ယွီကို ထပ်ကြည့်မိပြန်သည်။

“ဘာလဲ”

ရှန်ယွီက မျက်ခုံးပင့်ပြသည်။

“ဘာမှ မဟုတ်ပါဘူး”

ချန်ကျန့် ပြုံးလိုက်သည်။ နောက်ထပ် အောက်ဘက်တွင်တော့ အသေအချာ ရိုက်ထားသည့် ပုံတွေ သိပ်မရှိပါဘူး။ တာယွင် ကို ပြန်ပြင်နေစဉ်က ပုံတွေနှင့် တောင်တန်း၊ မြစ်ရေပြင်တို့၏ ရှုခင်းပုံအချို့သာ ရှိလေသည်။ ကြည့်ရတာ ဘော့စ်တစ်ယောက်အနေဖြင့် ဆိုင်ပြန်ဖွင့်ချိန်မှာ အရာရာကို လစ်ဟင်းခဲ့တာတော့ မဟုတ်ပါဘူး၊ သူ ဓာတ်ပုံအချို့ ရိုက်ထားခဲ့သည် မဟုတ်ပါလား။

“ဖုန်းအသစ်ထဲကို ပုံအဟောင်းတွေတော့ မထည့်ထားဘူး။ ကြည့်ချင်ရင်တော့ Cloud ထဲမှာ ရှိတယ်လေ”

“အခု ပုံအသစ်တွေကိုပဲ အရင် ကြည့်ရအောင်”

ချန်ကျန့် ယနေ့ သိမ်းထားသော ပုံများရှိရာသို့ ပြန်လှန်လိုက်သည်။ ယောင်ယီမှာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ တစ်ယောက်ပဲ။ ပထမဆုံးပုံကို ဖွင့်လိုက်သည့်အခါ ချန်ကျန့်မှာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုကို ကြည့်နေရသလို ခံစားလိုက်ရသည်။

သူနှင့် ရှန်ယွီ တစ်ပြိုင်နက်တည်း လှည့်ကြည့်နေသည့် ပုံဖြစ်လေသည်။ အနောက်ဘက်က လရောင်အောက်က ရှုခင်းမှာ အနည်းငယ် အေးစိမ့်နေသလို ရှိသော်လည်း၊ အရှေ့က သူနှင့် ရှန်ယွီတို့ နှစ်ဦးမှာမူ နွေးထွေးသော အရောင်အသွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြည့်ရတာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

“ဒီပုံလေးက တကယ် လှတယ်”

ချန်ကျန့်က ဆိုလိုက်သည်။

“နောက်ကပုံက မင်းရဲ့ တစ်ကိုယ်တော်ပုံလေ၊ အဲ့ဒါက ပိုတောင် လှသေးတယ်”

ရှန်ယွီက ဆိုသည်။ ချန်ကျန့် သူ့ကို လှမ်းကြည့်လိုက်သည်။

“ဘယ်ပုံကို ကြည့်နေမှန်း မင်း ဘယ်လိုသိတာလဲ”

“မင်းရဲ့ စရိုက်အရဆိုရင်” ရှန်ယွီက ပြုံးစိစိနှင့် ဆိုသည်။

“ပုံမှန်အားဖြင့်တော့ မင်းက အစဉ်လိုက်ပဲ တစ်ပုံချင်း ဖွင့်ကြည့်မှာ သေချာတယ်လေ”

“သြော်”

“မင်း ခိုးပြီး အရက်သောက်ထားတာလား”

“မသောက်ပါဘူးဆိုဗျာ” ချန်ကျန့် နောက်တစ်ပုံကို လှန်လိုက်သည်။

“ကျွန်တော်က စိတ်ပျော်နေရင် ဒီလိုပါပဲ”

“ဒါဆို ငါနဲ့ သိခဲ့တဲ့ တစ်ချိန်လုံး မင်းက စိတ်မပျော်ခဲ့ဘူးပေါ့ ဟုတ်လား”

“ဘော့စ်ရယ်... မင်းကတော့ အနေရခက်အောင် လုပ်နေပြန်ပြီ”

ချန်ကျန့်က ခပ်ညည်းညည်းပြောသည်။ ရှန်ယွီ ဘာမှ ထပ်မပြောဘဲ ဆိုဖာပေါ်တွင် လှဲလျောင်းလျက် တိတ်ဆိတ်စွာ ရယ်နေတော့သည်။

တစ်ကိုယ်တော် ပုံမှာလည်း တကယ်ကို ကောင်းလှသည်။ ချန်ကျန့် မိမိကိုယ်ကို ရုပ်အသင့်အတင့် ရှိမှန်း သိသော်လည်း ဓာတ်ပုံထဲတွင် ဤမျှလောက်အထိ ကြည့်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပါဘူး။ ကျောင်းသားကတ်ပုံ ရိုက်တုန်းကဆိုလျှင် သူ၏ ဆံပင်ပုံစံကို ကြည့်မှသာ မိမိကိုယ်ကို ချက်ချင်း မှတ်မိတာလေ။ အခု ရှန်ယွီ၏ လက်ပေါ်သို့ ခေါင်းတင်ကာ စောင်းကြည့်နေရ၍လားမသိ၊ ယောင်ယီ၏ မှန်ဘီလူးထဲက သူသည် တော်တော်လေးကို.... အထာကျနေလေသည်။ သူ၏ အင်္ကျီအဟောင်းကြီးမှာပင်လျှင် ဓာတ်ပုံထဲတွင်တော့ ထူးခြားသည့် အငွေ့အသက်မျိုး ရှိနေသလို၊ အင်္ကျီအသစ်သာ ဆိုလျှင် ဤကဲ့သို့သော ခံစားချက်မျိုး ရမှာ မဟုတ်ပါဘူး။

“ယောင်ယီက ဓာတ်ပုံပညာ သင်ထားတာလား”

“မဟုတ်ပါဘူး၊ အလုပ်အတွက် သူဘာသာသူ လေ့လာထားတာလေ”

“သူ့ရဲ့ အပျော်အပါး မက်တဲ့ ပုံစံနောက်မှာ ကွယ်နေတာကတော့ တကယ့်ကို အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်ပဲ”

“ယွဲ့လန် ကော”

“သူက တအား ထက်မြက်သလို၊ သစ္စာလည်း ရှိတယ်။ အလုပ်နဲ့ ပတ်သက်ရင်တော့....”

ရှန်ယွီ ခေတ္တ စဉ်းစားလိုက်သည်။

“လိုအပ်ရင်တော့ သူ သင်ယူတာပေါ့၊ ဒါပေမဲ့ အလုပ်အတွက်နဲ့တော့ အပိုတွေ အပင်ပန်းခံပြီး လေ့လာမယ့် လူစားမျိုးတော့ မဟုတ်ဘူး”

ချန်ကျန့် ထိုစကားကို နားလည်ရန် နှစ်စက္ကန့်ခန့် အချိန်ယူလိုက်ရပြီးမှ ရယ်မောလိုက်သည်။

“ဒါပေမဲ့ သူကြည့်ရတာ လူကုံထံ တစ်ယောက်လိုပဲ၊ လူမိုက် အငွေ့အသက်လေး နည်းနည်းတော့ ပါတာပေါ့လေ”

“သူက ထက်မြက်တဲ့လူပဲဟာ”

“မင်းနဲ့ တူတာပေါ့။ ငါ့အမြင်မှာတော့ မင်းက တအား ထက်မြက်တယ်”

“ချောလည်း ချောတယ်လေ”

ရှန်ယွီက ဝင်ဖြည့်သည်။

“...အင်း”

ချန်ကျန့် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ငါ ချောမှန်း မင်း ဘယ်တုန်းက သိတာလဲ”

ရှန်ယွီက စိတ်ဝင်တစားနှင့် ထပ်မေးပြန်သည်။

“ငါ ထက်မြက်မှန်း မင်း ဘယ်တုန်းက သိတာလဲလို့ အရင်မေးပါလား”

“ဒါဆို မင်း ထက်မြက်မှန်း ငါ ဘယ်တုန်းက သိတာလဲ”

“မင်း ငါ့ကို ဒီမှာ အလုပ်လုပ်ဖို့ လိမ်ခေါ်တုန်းကလေ”

“ဒါဆို ငါ ချောမှန်းကော မင်း ဘယ်တုန်းက သိတာလဲ” ရှန်ယွီက ဇွတ်မေးနေပြန်သည်။

ချန်ကျန့် မတတ်သာသလို ရယ်မောလိုက်မိသည်။

“မင်းကတော့ ရှောင်သိုအာ ထက်တောင် သိပ်မကြီးပါဘူးဗျာ.... စတွေ့ကတည်းက သိတာပေါ့။ မင်းက Mask လည်း တပ်မထားတော့ မြင်ရတာ လွယ်တာပေါ့”

ရှန်ယွီ စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

“ဘာဖြစ်လို့လဲ”

“မင်းမှာ ခံစားချက်တွေ ရှိနေမှန်း သိလိုက်ရတဲ့ အချိန်မှာ” ရှန်ယွီက တိုးတိုးလေး မေးသည် ။

“မင်း မကြောက်ဘူးလား”

ချန်ကျန့် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင်မှ သူ ပြန်ဖြေသည်။

“သိပ်တော့ မကြောက်ပါဘူး။ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေအတွက် ရှောင်လွှဲလို့ရရင် ရှောင်မယ်၊ ရှောင်လို့ မရရင်တော့လည်း ရင်ဆိုင်ရရုံပဲ ရှိတာပေါ့”

“အကြွေးဆပ်သလိုမျိုးပေါ့”

“ဘယ်လို နှိုင်းယှဉ်ချက်ကြီးလဲဗျာ....”

ချန်ကျန့် မဲ့လိုက်သော်လည်း နောက်မှ ခေါင်းညိတ်ပြသည် ။

“ဒါပေမဲ့ အဲ့ဒီလိုပါပဲ ထင်ပါတယ်”

ရှန်ယွီ ပြုံးလျက် မျက်လုံးမှိတ်ထားလိုက်သည်။

“အိပ်တော့မလို့လား”

“ဟင့်အင်း။ တစ်ခုခု ပြောပါဦး၊ မင်းရဲ့ ငယ်ဘဝ အကြောင်းပေါ့”

“ကျွန်တော့် ငယ်ဘဝကတော့.... ပြောစရာ သိပ်မရှိပါဘူး” ချန်ကျန့် ခဏ စဉ်းစားလိုက်သည်။

“တခြားကလေးတွေထက်စာရင် ပိုပြီး ပျင်းစရာ ကောင်းတယ်လို့ပဲ ဆိုရမှာပေါ့”

“မင်းအမေကို ပြုစုနေရလို့လား”

“အင်း။ ကျွန်တော် မှတ်မိသလောက်တော့ အမေ့ကျန်းမာရေးက ဘယ်တော့မှ မကောင်းခဲ့ဘူးလေ။ ဒါပေမဲ့ တစ်ခါတစ်လေတော့လည်း အမေက ကျွန်တော့်ကို အပြင်ခေါ်သွားတတ်ပါတယ်၊ မှိုတွေ အတူတူသွားခူးတယ်၊ နွေရာသီဆိုရင် ရေသွားကူးကြတယ်ပေါ့”

“မင်း ရေကူးတော်လား” ရှန်ယွီက မျက်လုံးမှိတ်လျက်ပင် တိုးတိုးလေး မေးလိုက်သည်။

“အတော်အသင့်ပါပဲ။ မြစ်အောက်ခြေအထိ ငုပ်ပြီး ကျောက်ခဲတွေ ကောက်လို့ ရတယ်လေ”

“နောက်နှစ် နွေရာသီကျရင် ငါ့အတွက် သွားကောက်ပေးဦး”

“ဟုတ်ကဲ့”

“မင်း ကြက်တွေကော မွေးဖူးလား”

“...မွေးဖူးပါတယ်။ ဝက်တွေပါ မွေးဖူးတာ”

“ဝက်တော့ ထားလိုက်ပါတော့…အနံ့က တအား ပြင်းလွန်းလို့ပါ”

“ဘာလဲ၊ ဘော့စ်ရှန် က ကြက်မွေးချင်လို့လား” ချန်ကျန့် သူ့ကို လှမ်းကြည့်သည်။

ရှန်ယွီ၏ မျက်လုံးများမှာ မှိတ်ထားဆဲ ဖြစ်သည်၊ သူ၏ အသံမှာ တိုးလွန်းသဖြင့် အိပ်မက်ထဲက စကားပြောနေသလိုမျိုးပင်။

“အရှေ့ဘက် နံရံအပြင်မှာ မြေကွက်လပ်လေး တစ်ခု ရှိတယ် မဟုတ်လား။ ကျောက်ကျဲက အရင်က ပြောဖူးတယ်လေ၊ အဲ့ဒီမှာ ကြက်မွေးလို့ ရတယ်တဲ့၊ ငါတို့ စားဖို့ပေါ့”

“အဲ့ဒီမှာ ဆွီယွမ် က လူတွေ ဟင်းသီးဟင်းရွက်တွေ စိုက်နေကြတာလေ”

“လုလိုက်ပေါ့” ရှန်ယွီက ဆိုသည် ။

“လုလို့ မရရင်လည်း ကြက်တွေကို အဲ့ဒီထဲမှာပဲ လွှတ်ထားလိုက်။ အစာဖိုးတောင် သက်သာသေးတယ်”

“မင်းကတော့ တကယ်ကို ပြဿနာရှာတဲ့ လူပဲ ဘော့စ်ရာ”

ရှန်ယွီသည် ချန်ကျန့်နှင့် တောက်လျှောက် စကားပြောနေခဲ့သည်။ ချန်ကျန့်ကတော့ သူ၏ ငယ်ဘဝတွင် စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ မရှိခဲ့ဘူးဟု အမြဲ ထင်နေခဲ့သော်လည်း၊ ရှန်ယွီက တစ်ခုချင်းစီ လိုက်မေးပြီး သူကလည်း တစ်ခုချင်းစီ ပြန်စဉ်းစားမိသည့်အခါတွင်မူ သူ၏ ငယ်ဘဝမှာလည်း ပျော်စရာ အချိန်အချို့ ရှိခဲ့မှန်း သူ သတိပြုမိလာတော့သည်။

သစ်ပင်တက်တာ၊ ရေကူးတာ၊ မှိုခူးတာ၊ သစ်ရွက်တွေ စုဆောင်းပြီး ပုံဆွဲတာ၊ ရွာထဲက လွတ်နေတဲ့ ဝက်တစ်ကောင်ကို ရွာတစ်ဖက်ကနေ တစ်ဖက်အထိ စီးဖို့အတွက် လိုက်ဖမ်းတာ။ ဒါပေမဲ့ မအောင်မြင်ဘဲ အကိုက်တောင် ခံရမလို ဖြစ်ခဲ့တာတွေ.။

ရှန်ယွီ၏ အသံမှာ တစ်ဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားခဲ့လေပြီ၊ ဖြည်းဖြည်းချင်း ထွက်ပေါ်နေသော အသက်ရှူသံလေးသာ ကျန်ရစ်တော့သည်။ ချန်ကျန့်မှာ ရှန်ယွီ၏ လက်ပေါ်သို့ ခေါင်းတင်ထားသဖြင့် သူ၏ ပါးပြင်မှာ ထုံကျင်လာသလို၊ လည်ပင်းမှာလည်း တောင့်တင်းလာခဲ့သည်။ သူ လည်ပင်းကို ဖြည်းဖြည်းချင်း ဆန့်လိုက်သည့်အခါ “ဂျွတ်” ခနဲ အသံပင် ထွက်ပေါ်လာလေသည်။

သူ ရှန်ယွီ၏ ဘယ်ဘက်လက်ကို ကြည့်လိုက်သည်။ တအား ဖိထားသဖြင့် သွေးမရှိသလို ဖြူလျော်နေလေသည်။ သူ ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သွေးများ တဖြည်းဖြည်း ပြန်တက်လာသည်ကို တွေ့ရသည်။ သူသည် ရှန်ယွီ၏ လက်ကို အလွန် သတိထားကာ မလိုက်ပြီး ဆိုဖာပေါ်တွင် အသာအယာ တင်ပေးလိုက်သည်။ အိပ်ရခက်သူတစ်ဦး နောက်ဆုံးတော့ အိပ်ပျော်သွားသည့် အချိန်မျိုးတွင် အလွန် သတိထားရမည် မဟုတ်ပါလား။

သူ၏ အမေသည်လည်း ငယ်စဉ်က အိပ်မပျော်တတ်သူ ဖြစ်သည်။ သူမ အိပ်ပျော်နေတုန်း သူ့ကြောင့် နိုးသွားလျှင် နူးညံ့လှသော အမေပင်လျှင် စိတ်တိုတတ်သည်လေ။ သူ ရှန်ယွီကို မနှိုးချင်ပါဘူး။ ဒီနေ့ ရှန်ယွီမှာ တော်တော်လေး နူးညံ့နေသော်လည်း၊ တကယ်လို့သာ နိုးသွားခဲ့လျှင်တော့ သူ၏ ထက်မြက်လှသော ပါးစပ်ဒဏ်ကို ခံရမှာ သေချာသည်။

ချန်ကျန့် စောင်သွားယူရန် အိပ်ခန်းထဲသို့ သွားစဉ် မှန်တစ်ချပ်ရှေ့မှ ဖြတ်သွားသည့်အခါ သူ လှမ်းကြည့်လိုက်မိသည်။ ရှန်ယွီ၏ လက်နှင့် ဖိထားသဖြင့် သူ၏ ပါးပြင်ပေါ်တွင် နီရဲနေသော လက်ရာအချို့ကို ရှင်းလင်းစွာ မြင်နေရလေသည်။ သူ ခေတ္တမျှ ရပ်ကြည့်နေမိသည်။ ရှန်ယွီ၏ မျက်နှာပေါ်မှာလည်း အရင်က ဤကဲ့သို့သော လက်ရာတွေ ရှိခဲ့ဖူးသည်ကို သူ သတိရသွားသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဖုန်းထုတ်ကာ Selfie တစ်ပုံ ရိုက်ယူလိုက်တော့သည်။

ရှန်ယွီ့အပေါ်သို့ စောင်လေး အသာအယာ လွှမ်းပေးပြီးနောက် သူ ဆိုဖာဘေးတွင် ထပ်မံ ရပ်နေမိပြန်သည်၊ ရှန်ယွီကို ငုံ့ကြည့်ရင်းပေါ့။ အကြာကြီး ရှိနေမိပြီးမှ သူ မီးပိတ်ကာ ခြေဖျားထောက်လျက် ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။ ယွဲ့လန်နှင့် ယောင်ယီတို့ အခန်းရှေ့မှ ဖြတ်သည့်အခါ သူတို့ အခန်းမီး လင်းနေဆဲဖြစ်သလို စကားပြောသံတွေကိုလည်း ကြားနေရသည်။ တိတိကျကျ ပြောရလျှင် ယောင်ယီက ယွဲ့လန်ကို ဆူပူနေခြင်း ဖြစ်သည်။

“တောက်! စိတ်ညစ်ဖို့ ကောင်းလိုက်တာ! ရှင့်ရဲ့ အိပ်ရာလိပ်ကို ယူပြီး အပြင်မှာ သွားအိပ်ချေ! ရှင့်မျက်နှာကို တစ်စက္ကန့်တောင် ထပ်မကြည့်ချင်တော့ဘူး!”

“အဲ့ဒီလိုတော့ မလုပ်သင့်ပါဘူးကွာ။ ငါတို့ ခွင့်ရက်တွေ ကျန်သေးတယ်လေ။ မင်းရဲ့ အိတ်တွေကို ဘယ်သူက သယ်ပေးမှာလဲ” ယွဲ့လန်၏ အသံမှာ တံခါးဝသို့ ရောက်နေပြီဖြစ်ဟန်တူသည် ။

“မင်း မြန်မြန် အိပ်လိုက်တော့၊ ငါ အပြင်မှာ နာရီဝက်လောက် သွားအိပ်ပြီးမှ ပြန်လာခဲ့မယ်”

ချန်ကျန့် အိပ်ဆောင်ဘက်သို့ အမြန် ပြေးထွက်လာခဲ့ရသည်၊ ယွဲ့လန်တစ်ယောက် အိပ်ရာလိပ်ကြီးနှင့် အပြင်ထွက်လာတာကို ဆုံမိမှာ စိုးသောကြောင့် ဖြစ်သည်။ ရှန်ယွီက သူတို့အခန်းကို ရုံးခန်းဘေးမှာ တမင် စီစဉ်ပေးခဲ့တာက ယွဲ့လန်၏ အရှက်ကွဲစရာတွေကို သိချင်လို့များလားဟု သူ သံသယ ဝင်မိသည်။

သူ အိပ်ဆောင်ထဲသို့ ပြန်ရောက်ပြီး တံခါးပိတ်လိုက်ရုံ ရှိသေး၊ အနောက်မှ အသံတစ်ခု ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

“ဘယ်သူလဲ” သူ အသံနှိမ့်ပြီး မေးလိုက်သည်။

“ကျွန်မပါ” ဟူဖန်က ဧည့်ခန်းထဲက ကုလားထိုင်ပေါ်တွင် ထိုင်လျက် ငိုသံပါပါနှင့် ပြန်ဖြေသည်။

“ဘာဖြစ်လို့လဲ”

ချန်ကျန့် အနားသို့ တိုးသွားလိုက်သည်။ အခန်းထဲမှာ မှောင်နေသော်လည်း ပြတင်းပေါက်မှ ဝင်လာသော လရောင်ကြောင့် သူမ၏ မျက်နှာတွင် မျက်ရည်များ ပြည့်နေသည်ကို မြင်ရလေသည်။

“ဘာမှ မဟုတ်ပါဘူး” ဟူဖန် လက်ဖြင့် မျက်နှာကို အမြန် သုတ်လိုက်သည်။ ချန်ကျန့် တစ်ရှူးအချို့ ကမ်းပေးလိုက်သည့်အခါ သူမ ယူပြီး ထပ်မံ သုတ်နေရှာသည်။

“တစ်ခုခု ဖြစ်လို့လား။ ငါ ကူညီရမလား”

“မနက်ဖြန် မနက် ကျွန်မ ခွင့်ခဏ ယူချင်လို့ပါ” ဟူဖန် နှာခေါင်းရှုံ့ရင်း သူ့ကို မော့ကြည့်သည်။

“အိုကေလေ။ ဘယ်သွားမလို့လဲ”

“ရန်သွားဖြစ်မလို့!” ဟူဖန် အံကြိတ်ကာ ပြတ်ပြတ်သားသား ဆိုလိုက်သည်။

“ဘယ်သူနဲ့လဲ။ ပြောသာပြော” ချန်ကျန့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

“ရန်ဖြစ်တာကတော့ တာယွင် ရဲ့ အားသာချက်ပဲလေ”

ဟူဖန် သူ့ကို ကြည့်ရင်း ရယ်မောလိုက်မိသည်။

“မန်နေဂျာ တစ်ယောက်က ဒီလိုပဲ ပြုမူရတာလား”

“ဘော့စ်က အဲ့ဒီလိုမျိုးလေ၊ မန်နေဂျာကော ဘယ်လောက်အထိ စံနမူနာ ပြနိုင်မှာမလို့လဲ”

ဟူဖန်၏ ရန်သူမှာ သူမနှင့် မူလတန်း အတန်းဖော်ဖြစ်ပြီး၊ တာယွင် မှာ အလုပ်ခေါ်နေတဲ့ အကြောင်းကို သူမအား အရင်ဆုံး ပြောပြခဲ့တဲ့လူ ဖြစ်သည်။ ထိုသူက ဟူဖန် ဘယ်မှာရှိနေလဲဆိုတာကို သူမ၏ မောင်ဖြစ်သူဆီ ဖောက်သည်ချခဲ့သဖြင့်၊ သူမ၏ မိသားစုက လာရှာနိုင်ခြေ ရှိနေသောကြောင့် ဖြစ်သည်။

ချန်ကျန့်သည် နောက်နေ့တွင် ဆန်းပင်းနှင့်အတူ ထိုဆိုင်သို့ သွားကြည့်ရန် စီစဉ်လိုက်သည်။ အကယ်၍ ဟူဖန်သာ တကယ် ရန်ဖြစ်ရမယ်ဆိုရင်တော့၊ မိန်းကလေးတစ်ယောက်ကို ရိုက်နှက်ဖို့ မသင့်တော်သော်လည်း၊ ဟူဖန် အသားနာမှာကိုတော့ သူတို့တွေ ကြည့်မနေနိုင်ပါဘူး။

သို့သော် တစ်ညတာ အိပ်စက်ပြီးနောက် ထိုအစီအစဉ်ကို မလုပ်ဆောင်ရသေးမီမှာပင် ပြဿနာက သူတို့ဆီ အရင်ဆုံး ရောက်ရှိလာခဲ့သည်။ ဒါ့လီဆီမှ ဖုန်းဝင်လာခြင်း ဖြစ်သည်။

“ချန်ကျန့်... မင်းတို့ကတော့ လွန်လွန်းတယ်နော်” ဒါ့လီ၏ အသံမှာ ဒေါသကို မနည်း ထိန်းထားရပုံ ပေါက်နေသည်။

“ဘာတွေ လျှောက်ပြောနေတာလဲ” ချန်ကျန့်မှာ ရှန်ယွီ၏ မနက်ခင်း စိတ်တိုတတ်သော အကျင့်ကို ရှောင်လွှဲရန် ကြိုးစားနေသော်လည်း၊ ယခုကဲ့သို့ မေးခွန်းမျိုးနှင့် ကြုံရသည့်အခါ သူကိုယ်တိုင်လည်း စိတ်မရှည် ဖြစ်လာရသည်။

“မင်းတို့ ဟို အသားကင်ဆိုင်တွေနဲ့ ဘယ်လို ညှိထားတာလဲ” ဒါ့လီက ဆိုသည် ။

“အခု သူတို့က တာယွင် နဲ့ပဲ ဆက်သွယ်မယ်လို့ ပြောနေကြတယ်! မင်းတို့က ငါတို့ အလုပ်ကို လာလုနေတာလား”

“ကျွန်တော် မသိဘူး၊ ခဏနေရင် ဘော့စ်ကို မေးကြည့်လိုက်ဦးမယ်”

ချန်ကျန့် ကုတင်ပေါ်က ဆင်းကာ ဖိနပ်စီးရင်း သူ၏ မနက်ခင်း ဒေါသကို ပြန်ထိန်းလိုက်ရသည်။

“မင်းတို့ ဘော့စ်ကပဲ မင်းဆီကို လွှတ်လိုက်တာလေ!” ဒါ့လီက လှမ်းအော်သည် ။

“သူကတော့ မသိဘူးလို့ ပြောနေတာပဲ!”

ချန်ကျန့် ထိုနေရာမှာတင် မှင်သက်သွားရတော့သည်။

တောက်! ဒီဘော့စ်ကတော့လေ....။
______________________________________________________________

Comments

  1. ချစ်တာက ချစ်တာပဲ။အလုပ်က အလုပ်ပဲ အူခွီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...