အပိုင်း (၆၂)
ရှန်ယွီ၏ ရုံးခန်းတံခါးမှာ ပွင့်နေသည်။ အပြင်ဘက်မှ ကြည့်လျှင် ယွဲ့လန်က စားပွဲပေါ်တွင် လက်တစ်ဖက်ထောက်ကာ ထိုင်နေပြီး၊ ယောင်ယီက ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ရှန်ယွီကတော့ သူမ၏ အနောက်မှာ ရပ်နေပြီး သုံးယောက်သား ကွန်ပျူတာမျက်နှာပြင်ကို အတူတူ ကြည့်နေကြသည်။
ချန်ကျန့် တံခါးခေါက်လိုက်သည်။
“ဝင်ခဲ့လေ” ဟု ယွဲ့လန်က ဆိုသည်။
“တာယွင်ကို ရှောင်ရီကျဲ လက်ထဲ လွှဲပေးလိုက်ပြီလား”
ချန်ကျန့် အထဲဝင်ရင်း နောက်လိုက်သည်။
“မဖြစ်နိုင်တာ။ ဒီဆိုင်က လူတွေကိုပဲ ကြည့်ဦး” ယောင်ယီက မျက်နှာပြင်ကို လက်ညှိုးထိုးပြသည်။
“ဓာတ်ပုံရိုက်ဖို့ ကြည့်ကောင်းတဲ့လူ တစ်ယောက်မှ ရှာမရဘူး။ ငါတော့ ဒီလိုဆိုင်မျိုးကို မစီမံနိုင်ပါဘူး”
ရှန်ယွီက ချန်ကျန့်ဘက်ကို မေးငေ့ါလှုပ်ပြရင်း…
“မရီး စီမံစရာ မလိုပါဘူး။ မန်နေဂျာ ရှိတာပဲဟာ”
ချန်ကျန့် စားပွဲနား လျှောက်သွားကြည့်လိုက်တော့ မျက်နှာပြင်ပေါ်တွင် ထိုနေ့က အသားကင်ပွဲ ဓာတ်ပုံများ ပေါ်နေသည်။ လူတစ်စုမှာ မီးပုံးဘေးတွင် ကခုန်နေကြလေသည်။ သူ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ခါးကြားက စက်ကို ထုတ်လိုက်သည်။
“ဆန်းပင်း... လျန်ယဲ့ က ပုံးကို ပြန်ပေးပြီးပြီလား။ အဲ့ဒီနေ့က သုံးပြီးတော့ နောက်ဖေးတံခါးနားမှာ ဒီအတိုင်း ပစ်ထားခဲ့တာလေ”
“ပေးပြီးပြီဗျ။ ကျွန်တော် ကိုယ်တိုင် သွားထားပေးတာ။ တောက်! သူတို့ တံခါးဝတင် ရှိတာကို သုံးမီတာလောက်တောင် ထွက်မယူချင်ကြဘူး”
ဆန်းပင်း၏ မကျေမနပ်ပြောဆို ချန်ကျန့်ကထပ်မေးသည်။
“ငှားထားတာကို ပြန်ပေးရတာ မကျေနပ်ဘူးလား”
ယွဲ့လန်နှင့် ယောင်ယီတို့မှာ သဘောကျပြီး နားထောင်နေကြသည်။ ယောင်ယီက မေးထောက်ရင်း…
“တကယ့်ကို ထူးခြားတဲ့ ဝန်ထမ်းတွေပါလား”
“ခုနတင် နောက်ထပ် ထူးခြားတဲ့ တစ်ယောက် ထပ်ရောက်လာသေးတယ်။ ဘယ်လိုလုပ်ရမလဲ မသိလို့ ဘော့စ်ကို လာမေးတာပါ”
“ဟင်။ အင်တာဗျူး လာတဲ့လူ ရောက်ပြီလား”
“သူက စောရောက်နေတာဘော့စ် ။ စားပွဲထိုး ရာထူးအတွက် လာတာတဲ့။ အခု အခန်းယူပြီး တည်းနေပြီ”
“မင်းတို့ကတော့ တော်တော် စနစ်ကျတာပဲ။ အင်တာဗျူးမှာ လက်တွေ့စမ်းသပ်မှုပါ ပါတာလား”
ယွဲ့လန်က ဝင်မေးသည်။
“သူက ဝန်ထမ်းအဖြစ် အခန်းအပ်ပေးနေတာ မဟုတ်ပါဘူး။ သာမန်ဧည့်သည်လိုပဲ အခန်းဘွတ်ကင်လုပ်ပြီး တည်းနေတာပါ”
“ဝါး...သူ့ရဲ့ နောက်ခံက ဘာလဲ”
ယောင်ယီပင် စိတ်ဝင်တစားဝင်မေးရတော့၏။
“မမလေး တစ်ယောက်လားပဲ။”
ချန်ကျန့် ဘယ်လို ဖော်ပြရမှန်းတောင်မသိ။
“သူ့မှာ အတွေ့အကြုံ ရှိလား။ ရှိရင်တော့ ခန့်ထားလိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်လလောက်ပဲ သုံးရမှာပဲကို”
“အတွေ့အကြုံ မရှိဘူးဗျ။ အလုပ်လုပ်နိုင်မယ့် ပုံစံလည်း မပေါက်ဘူး”
“ဒါဆိုလည်း ငြင်းလိုက်ပြီး နောက်တစ်ယောက်ကို အင်တာဗျူးပေါ့” ယွဲ့လန်က အကြံပေးသည်။
“နောက်ထပ် လူမရှိတော့ဘူးလေ။ အင်တာဗျူး လာတာ သူတစ်ယောက်တည်းပဲ ရှိတာ”
“တွေ့လား။ မင်း ဒါကို လွှဲယူနိုင်မလား။ ဒုတိယမြောက် လျှောက်မယ့်လူတောင် ရှာမရတာကို”
ယွဲ့လန်က ယောင်ယီ၏ လက်မောင်းကို တို့သည်။
“အေးပါ၊ ရှင်တို့က မမလေးကို အလုပ်ခန့်လိုက်ကြတာကိုး” ယောင်ယီက ပြန်ရွဲ့သည်။
“မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထားကြစမ်းပါ”
ရှန်ယွီဝင်ဟန့်လိုက်သည်။
တာယွင်ရဲ့ ဘော့စ်ဆိုတော့လည်း အမူအရာက တကယ်ကို ဆိုးတာပဲ။ သူများတွေက မင်းအတွက် ကြော်ငြာပုံတွေ ကူရွေးပေးနေတာကို။
ချန်ကျန့် ရှန်ယွီကို ကြည့်ကာ
“ကျွန်တော် သူ့ကို ပြောခဲ့တယ်၊ အင်တာဗျူးမယ့်လူတွေ ရှိသေးလို့ အကုန်ပြီးမှ အကြောင်းပြန်မယ်လို့ပေါ့”
“တခြားလူမရှိရင်တော့ သူပဲပေါ့။ နေ့လယ် ကားမောင်းသင်ပြီး ပြန်လာရင် သူ့ကို အကြောင်းကြားလိုက်။ အခု ဧည့်သည်တွေ များလာပြီလေ။ နောက်နှစ်ရက် မီးပုံပွဲကျရင် ပိုပြီး အလုပ်များတော့မှာ”
“သူ့မှာ အတွေ့အကြုံ လုံးဝ မရှိတာကို စိုးရိမ်လို့ပါ”
“နှစ်ရက်လောက် အရင် စမ်းခိုင်းကြည့်ပေါ့။ ဟူဖန်ကို သင်ပေးခိုင်းလိုက်”
ရှန်ယွီက ဆုံးဖြတ်ပေးသည်။
“တကယ်လို့ သူ မှားလို့ ဧည့်သည်က တိုင်ရင်ကော”
“သူမှားရင် ဧည့်သည်ကို ပြောလိုက်ပေါ့ ။ လူတွေ တအားများနေလို့ ဘော့စ်ရဲ့ အမျိုးအစ်မ တစ်ဝမ်းကွဲက လာကူပေးနေတာပါလို့။ ပြီးရင် အသားကင် လက်မှတ် နှစ်စောင်ပေးလိုက်။ ပြီးရင် အဲ့ဒီဖိုးကို သူ့လစာထဲက နှုတ်လိုက်ပေါ့။ ဒါမှ မရသေးရင်တော့ ထွက်ခိုင်းလိုက်ရုံပဲ”
ချန်ကျန့် ခဏ စဉ်းစားနေမိသည်။
“လူအင်အား လိုရင် ငါ့မှာ နောက်ထပ် နှစ်ယောက် ရှိသေးတယ်လေ။ ဒီမှာ မမလေး တစ်ယောက်ရယ်” ရှန်ယွီက ယောင်ယီကို ညွှန်ပြသည်၊ ထို့နောက် ယွဲ့လန်ဘက် လှည့်ကာ
“ပြီးတော့ နိုင်ငံခြားစာ နှစ်မျိုးတတ်တဲ့ လူကုံထံ တစ်ယောက်ပေါ့”
“ဘာတွေ လာပြောနေတာလဲ!”
ယွဲ့လန် သူ့ကို လှမ်းကြည့်သည်။ ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။
“ဒါဆို အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်နော်”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြသည်။ သူ ခဏစဉ်းစားပြီး သက်ပြင်းချလိုက်သည် ။
“ကျွန်တော်တို့ဆီ ဘာလို့ ထူးဆန်းတဲ့လူတွေချည်းပဲ လာလျှောက်နေကြတာလဲ။ အမွှေးတိုင် သွားထွန်းရမလား မသိဘူး”
“ဘာလို့လဲဆိုတော့ တခြားနေရာမှာဆိုရင် ဒီလိုလူတွေကို အလုပ်မခန့်လို့ပေါ့။ မင်းတို့ဆီမှာပဲ ခန့်မှာကိုး” ယောင်ယီက ဝင်ပြောသည်။
တကယ်ကို ကျိုးကြောင်းဆီလျော်တဲ့ စကားပါလား။
ချန်ကျန့် ရုတ်တရက် သဘောပေါက်သွားသည်။ အမွှေးတိုင် သွားထွန်းနေစရာ မလိုတော့ပါဘူး။
***
သူ ပထမထပ်ကို ပြန်ဆင်းလာတော့ ဆွန်နာနာ ဧည့်ကြိုကောင်တာမှာ မရှိတော့ပါဘူး။ ချန်ကျန့် ဆင်းလာတာကို မြင်တော့ ဟူဖန်က လှမ်းခေါ်သည်။ သူမ အနားမရောက်ခင်မှာတင် လက်ဟန်ခြေဟန်တွေနဲ့
“ဘုရားရေ... သူ ယူလာတဲ့ သေတ္တာကြီးက ကျွန်မဟာလောက်ကို ကြီးတာ”
“ကောလာဟလတွေက အဲ့ဒီလို စတာပေါ့။ တော်တော်တော့ ကြီးပါတယ်၊ သူ့ခါးလောက် ရှိတာ”
ဆန်းပင်းကပါဝင်ပြောသည်။
“သူ အိမ်ပြောင်းလာသလား အောက်မေ့ရတယ်။ ကျွန်မ တစ်သက်လုံး စုထားတဲ့ ပိုက်ဆံတွေတောင် သူ့သေတ္တာထဲက အိတ်ကပ်လေးထဲ ထည့်ရင် ပြည့်မှာ မဟုတ်ဘူး”
“အိမ်ကနေ ဆင်းလာတာလည်း ဖြစ်နိုင်တာပဲ။ သူဌေးသမီးလေး ပုံစံမျိုးလေ”
ဒါက အာဟူ၏မှတ်ချက်။
“ဖြစ်နိုင်တယ်။ အရှိန်အဝါကတော့ ရှိသားပဲ။ ခုနက သူ့သေတ္တာကို အခန်းထဲအထိ လိုက်ပို့ပေးဖို့ ငါ့ကို ခိုင်းသွားသေးတယ်။ သူက ဘာမို့လို့လဲ”
ဆန်းပင်းက မကျေမနပ်ဝင်ပြောသေး၏။
“သူ့ကို အလုပ်မခန့်ရသေးတော့ အခုလောလောဆယ် သူက ဧည့်သည်လေ”
ဟူဖန်က မျက်စောင်းထိုးလိုက်သည်။
“အဲ့ဒီလို တွေးကြည့်ရင်လည်း ဟုတ်သားပဲ”
ဆန်းပင်း စဉ်းစားခန်း ဝင်သွားရှာသည်။
“ဒါနဲ့ ပြောဖို့ မေ့နေတာ၊ ဒီည အားလုံး အစည်းအဝေး ရှိတယ်နော်”
အာဟူက ရုတ်တရက် တည်ကြည်သွားသည်။
“ဘာအစည်းအဝေးလဲ” ဟူဖန် ကြောင်သွားသည်။
“မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းလေ။ ဆန်းပင်း... လောင်စစ် နဲ့ လောင်ဝူ ကိုလည်း လာခိုင်းလိုက်ဦး။ ဘယ်သူမှ ပျက်လို့ မရဘူး”
“လောင်ဝူ ကိုပဲ ခေါ်လိုက်တော့မယ်။ လောင်စစ် က နေ့လယ် ဂျူတီလေ”
ဆန်းပင်းက ပြန်ဖြေသည်။
“တကယ့်ကို အလေးအနက်ပါလား” ဟူဖန်က ဆိုသည်။
“မီးဘေးကိစ္စက အရေးကြီးတယ်လေ!”
အာဟူလေသံမှာ အမှန်အကန်လေးနက်လျက်…
“ဟုတ်တယ်”
ဆန်းပင်းထောက်ခံပြီးမှ စိတ်ထဲ
တစ်ခါ ဘော့စ် ဖြစ်ဖူးတော့လည်း အမြဲတမ်း ထောက်ခံပေးနေတာပဲ။
ဒီရက်ပိုင်း လူသစ် မငှားနိုင်သေးသဖြင့် အလုပ်များလာသည့်အခါ ကျောက်ကျဲက ဝန်ထမ်းစာ မချက်နိုင်တော့ပါဘူး။ လောင်စစ် အလုပ်လာတော့ အားလုံးအတွက် ပါဆယ် ဝယ်လာခဲ့သည်။ သူတို့တစ်စု စားသောက်ဆိုင် ထောင့်တစ်နေရာတွင် အမြန် စားသောက်လိုက်ကြသည်။
ချန်ကျန့် ကားမောင်းသင်တန်း သွားရတော့မည်ဖြစ်ရာ၊ ထမင်းစားနေတုန်း မွန်းလွဲပိုင်း လုပ်စရာရှိသည်များကို မှာကြားလိုက်သည်။
“အာဟူနဲ့ ဆန်းပင်း... ဒါ့လီ ဆီမှာ အသားကင် လက်မှတ် အရေအတွက်ကို သွားအတည်ပြုလိုက်ဦး”
ချန်ကျန့် စားပွဲပေါ်သို့ လိပ်စာကတ် တစ်ခု တင်ပေးလိုက်သည် ။
“ပြီးရင် ဒီလူ့ဆီ ဖုန်းဆက်လိုက်။ သူက ရွီကော ရဲ့ သူငယ်ချင်းလေ၊ ငါတို့အတွက် လက်မှတ်တွေကို အမြန် ရိုက်ပေးလိမ့်မယ်။ ဆိုင်လေးဆိုင်လုံး ခွဲရလွယ်အောင် အရောင် မတူတာတွေ သုံးဖို့ မမေ့နဲ့ဦး။ စာရင်းကိုတော့ နောက်မှ သီးသန့် ရှင်းမယ်ပေါ့”
“ကောင်းပြီ” အာဟူ ခေါင်းညိတ်ပြီး လိပ်စာကတ်ကို ယူလိုက်သည်။
“မွန်းလွဲပိုင်းကျရင် ပစ္စည်းတွေ လာပို့လိမ့်မယ်၊ အအေးတွေနဲ့ တခြား လိုအပ်တာတွေပေါ့။ စာရင်းက ဧည့်ကြိုကောင်တာမှာ ရှိတယ်။ ဖန်ဖန်... လောင်စစ် နဲ့အတူ အရေအတွက် စစ်လိုက်နော်”
“ဟုတ် လုပ်ထားလိုက်ပါ့မယ် မန်နေဂျာ”
“အသားကင်ကွင်းကိုလည်း ပြင်ဆင်ရဦးမယ် ။ ကျွန်တော် ပြန်မလာခင် သူတို့ စလုပ်ကြရင် အာဟူ... အားတဲ့လူ ခေါ်သွားပြီး အမှားအယွင်း မရှိအောင် သွားကြည့်ပေးဦး။ တစ်ခုခုဆိုရင် ဘော့စ်ရှန် ဆီ ဖုန်းဆက်လိုက်။ ဘာပဲဖြစ်ဖြစ် ဟို ဘော့စ်တွေက တာယွင် ကိုပဲ အခုတော့ သိကြတာလေ”
“အခုတော့ အခွင့်အရေးက ငါတို့ လက်ထဲမှာပေါ့” ဆန်းပင်းက ဂုဏ်ယူစွာ ဆိုသည်။
စားသောက်ပြီးနောက် အားလုံး ကိုယ့်အလုပ်ကိုယ် သွားကြလေပြီ။ ချန်ကျန့် ရှန်ယွီ ဆင်းလာမှာကို စောင့်နေရင်း ဆိုင်ထဲက ဝန်ထမ်းတွေကို လှမ်းကြည့်လိုက်မိသည်။ ကြည့်ရတာ အားမကိုးရသလို ရှိသော်လည်း လက်တွေ့မှာတော့ အလုပ်မှာ အမှားအယွင်းကြီးကြီးမားမား မရှိကြပါဘူး။ ယောင်ယီ ပြောသလိုပါပဲ၊ သူတို့တွေ တခြားနေရာမှာ သွားလျှောက်ရင် ခန့်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ရုပ်ရည်ကတင် လူလိမ်ရုပ်ခံများနှင့်ကိုမှ ပညာအရည်အချင်းကလည်း သိပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပါဘူး။
ဒါပေမဲ့ တာယွင်ကလည်း ဒီလိုလူတွေကို တမင် ရွေးခန့်တာမှ မဟုတ်တာ! တခြားလူမှ လာမလျှောက်တာပဲဟာ! တကယ်ပဲ ဘုရားကျောင်းသွားပြီး ဆုတောင်းသင့်ပြီ ထင်ရဲ့
“ဘာတွေ တွေးနေတာလဲ”
ရှန်ယွီက အနောက်မှ ရောက်လာပြီး ချန်ကျန့် ခေါင်းကို တစ်ချက် ပုတ်ကာ အပြင်ဘက်သို့ ဦးဆောင်ထွက်သွားသည်။
“ဘာမှ မဟုတ်ပါဘူး၊ လျှောက်တွေးနေတာပါ” ချန်ကျန့် ဆိုကာ သူ့နောက်မှ လိုက်လာခဲ့သည်။
ယွဲ့လန်နှင့် ယောင်ယီတို့မှာ တောင်ပေါ်သို့ လမ်းလျှောက်တက်ကြမည်ဖြစ်ပြီး၊ ဒီည တောင်ပေါ်က တဲမှာ အိပ်ကြမည် ဖြစ်သဖြင့် သူတို့ကားကိုပဲ စီးသွားကြလေပြီ။
“ဒီည အာဟူက အားလုံးကို မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်း ပေးမှာနော်” ချန်ကျန့် ကားထဲဝင်ကာ ထိုင်ခုံခါးပတ် ပတ်ရင်း ဆိုသည် ။
“ဘော့စ်လည်း အကြောင်းပြချက် မရှိဘဲ ပျက်လို့ မရဘူး။ တက်ဖို့ မမေ့နဲ့ဦး”
“ငါ့မှာ အကြောင်းပြချက် ရှိရင်ကော” ရှန်ယွီက မေးသည်။
“မင်းမှာ အကြောင်းပြချက် မရှိမှန်း အားလုံး သိကြပါတယ်ဗျာ။ မင်းသူငယ်ချင်းတွေကလည်း မနက်ဖြန်မှ ပြန်လာမှာဆိုတော့”
ရှန်ယွီ ပြုံးလိုက်သည် ။
“ကောင်းပါပြီလေ၊ ဆရာကြီး အာဟူ ရဲ့ သင်တန်းကို ငါ နားထောင်ပေးပါ့မယ်....”
လမ်းဆုံရောက်သည့်အခါ ကားမှာ ဒုတိယလမ်းဘက်သို့ ရုတ်တရက် ကွေ့သွားသည်။
“ဘယ်သွားမလို့လဲ” ချန်ကျန့် လှည့်ကြည့်မိသည်။
“စိတ်မပူပါနဲ့၊ ငါ ပြဿနာ မရှာပါဘူး။ မင်း ကားမောင်းသင်ဖို့ကိုလည်း အမှီ လိုက်ပို့ပေးမှာပါ”
သူ ပြဿနာ မရှာဘူးလို့ ဆိုသော်လည်း၊ လုံးဝ မရှာတာတော့ မဟုတ်ပါဘူး။ ရှန်ယွီသည် အလှဆင်ပစ္စည်းဆိုင် ရှေ့တွင် ကားရပ်လိုက်သည်။ လီလီ အလုပ်ပြုတ်သွားပြီဖြစ်ရာ ဆိုင်ရှင်ကတော် တစ်ယောက်တည်းသာ ရှိလေသည်။ သူမသည် ရှန်ယွီ ကားပေါ်က ဆင်းလာတာကို မြင်သည့်အခါ တံခါးဝသို့ ထွက်လာပြီး အလွန် သတိထားကာ ကြည့်နေလေသည်။
ရှန်ယွီကတော့ ဘေးက စူပါမားကတ်ထဲသို့ ဝင်သွားခဲ့သည်။ ချန်ကျန့် ထိုင်ခုံကို မှီရင်း ကားမှန်ကတစ်ဆင့် ဆိုင်ရှင်ကတော်ကို လှမ်းကြည့်နေမိသည်။ ဆိုင်ရှင်ကတော်ကတော့ သူ့ကို မျက်လုံးချင်း မဆုံရဲပါဘူး၊ လိုက်ကာကို ပြန်ချပြီး ဆိုင်ထဲ ပြန်ဝင်သွားတော့သည်။ ခေတ္တအကြာတွင် ရှန်ယွီ ဒိန်ချဉ်ဗူး နှစ်ဗူးနှင့် ထွက်လာပြီး၊ ကားထဲဝင်ကာ ချန်ကျန့်ဆီ တစ်ဗူး လှမ်းပေးလိုက်သည်။
“ဆိုင်ရှင်ကတော်ကို လာခြောက်တာလား”
ချန်ကျန့် ဒိန်ချဉ်သောက်ရင်း မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ဒိန်ချဉ် လာဝယ်တာပါ။ ဒီဆိုင်မှာပဲ ဒီ မက်မွန်သီး ဒိန်ချဉ် ရတာလေ” ရှန်ယွီ ကားစနှိုးလိုက်သည်။
ချန်ကျန့် ပြုံးလိုက်မိသည်။ ရှန်ယွီ အမှန်အတိုင်း ပြောနေတာလားဆိုတာ သူ တကယ် မသိပါဘူး။ ရှန်ယွီသည်လည်း ပုံမှန်ဆို ဒိန်ချဉ် သောက်လေ့ရှိသူ မဟုတ်ပါဘူး။ သို့သော် ဤစူပါမားကတ်မှာ မြို့ထဲတွင် အကြီးဆုံးနှင့် ပစ္စည်းအစုံဆုံး ဖြစ်သည်မှာတော့ အမှန်ပင်။
“ဆန်းပင်းတို့ ပြောတာတော့ မင်းသာ ကိုင်တွယ်ရင် ခေါင်းတလား ပို့မှာဆို”
ချန်ကျန့် ရှန်ယွီကို ကြည့်ကာ မေးလိုက်သည်။
“အင်း။ သူကတော့ ငါ့ကို လက်ခံရဲမှာ မဟုတ်ပါဘူး။ အခွင့်အရေးကို အသုံးချပြီး ပိုက်ဆံ ပိုလိုချင်လို့ လာတာလေ။ သူက အဲ့ဒီလောက်အထိ မဆိုးပါဘူး”
“တကယ်လို့ လက်ခံရဲတဲ့လူနဲ့ တွေ့ရင်ကော”
“ဒါဆိုရင်တော့ မြို့ဟောင်းမှာ တစ်လုံး သွားမှာလိုက်မှာပေါ့။ ပိုက်ဆံ အများကြီး မကုန်ပါဘူး။ အပေါ်ဖုံးကို မှန်နဲ့တောင် လုပ်ခိုင်းလိုက်ဦးမယ်”
“...မင်း တစ်ခုခုကို စိတ်ပျက်ခဲ့ဖူးတာမျိုး ရှိလား”
ချန်ကျန့် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ငယ်ရွယ်တုန်းမှာ မိုက်မဲပြီး အမှားတွေ ကြုံဖူးတာမျိုးကတော့ လူတိုင်း ရှိမှာပေါ့”
“မင်းက အခုထိ မိုက်မဲနေတုန်းပဲလို့ ကျွန်တော် ထင်တယ်”
“ဘာလဲ၊ ငါက မငယ်တော့ဘူးလား”
ရှန်ယွီက တစ်ချက်ကြည့်ကာ လှည့်မေးသည်။
“ငယ်တာပေါ့၊ အသက် ခြောက်နှစ်ပဲ ရှိသေးတာကို”
ရှန်ယွီ ရယ်မောလိုက်သည်။ ခဏကြာအောင် ကားမောင်းပြီးနောက် သူ ချန်ကျန့်ကို လှည့်ကြည့်ကာ
“အားတဲ့အခါကျရင် ငါ့ဇာတိကို လိုက်ပို့ပေးမယ်၊ ငါ ငယ်ငယ်တုန်းက နေရာတွေကို သွားကြည့်တာပေါ့”
“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
ဒီနေ့ ကားမောင်းလေ့ကျင့်သူ နည်းပါးလှသည်။ ချန်ကျန့်အပါအဝင် သုံးယောက်တည်း ရှိပြီး၊ အားလုံးကလည်း တော်ကြသဖြင့် ဆရာ့စိတ်က လန်းဆန်းနေလေသည်။
“နောက်ဆိုရင် ဒီလိုပဲ လေ့ကျင့်မယ်။ တော်တဲ့လူတွေကို တစ်အုပ်စု၊ ညံ့တဲ့လူတွေကို တစ်အုပ်စုပေါ့။ ညံ့တဲ့လူတွေကို သင်ရင်း တစ်ခါ စိတ်တို၊ ပြီးရင် တော်တဲ့လူတွေကို သင်ရင်း ပြန်ပြီး စိတ်ပျော်ပေါ့”
ချန်ကျန့် အာဟူကို သတိရသွားသည်။ သူ အရင်က ဘယ်ဘာသာတွဲမှာ ကျခဲ့သလဲတော့ မသိပါဘူး။ ဆရာလီနဲ့သာ ဆိုလျှင်တော့ သူသည် “စိတ်တိုခံရမည့် အုပ်စု” ထဲမှာ ပါမှာ သေချာသည်။
“မင်းအစ်ကိုက မင်းကို အမြဲတမ်း လိုက်ပို့ပေးတာလား”
ကျောင်းသားတစ်ယောက်က ချန်ကျန့်ကို မေးသည်။
“ဗျာ။” ချန်ကျန့် ခဏ ကြောင်သွားပြီးမှ… “ဟုတ်ပါတယ်” ဟု ခေါင်းညိတ်ပြလိုက်သည်။
“ဘာလို့ ကားဂိတ်ကနေ မလာတာလဲ။ အဲ့ဒါလည်း အဆင်ပြေတာပဲကို” နောက်ကျောင်းသားတစ်ယောက်က ဝင်ပြောသည်။
“ကျွန်တော့်အစ်ကိုကလေ... သူက သိပ်ပြီး အလုပ်မရှိလို့ပါ”
ချန်ကျန့်က ခေတ္တစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
သူ၏ “အစ်ကို” အကြောင်း ပြောရင်း ကားပါကင်ဘက် လှမ်းကြည့်လိုက်သည့်အခါ၊ သူ၏အစ်ကိုနှင့် သူ၏ကားမှာ မူလနေရာတွင် မရှိတော့တာ တွေ့လိုက်ရသည်။
ဘယ်သွားတာလဲ။ ခေါင်းတလား သွားမှာတာလား။
ဒီနားမှာ ကြည့်စရာလည်း ဘာမှ မရှိပါဘူး။ ဒီနားတင်မက မြို့တစ်ခုလုံးမှာလည်း ကြည့်စရာ သိပ်မရှိတာပါ။
သူ သင်တန်းပြီးသည်အထိ စောင့်ကြည့်သော်လည်း ရှန်ယွီ ပြန်မရောက်လာသေးသဖြင့် ဖုန်းဆက်ရန် ပြင်လိုက်စဉ်မှာပင် Range Rover ကားကြီးမှာ ဟွန်းနှစ်ချက်တီးရင်း ကားပါကင် အဝင်ဝသို့ ရောက်လာခဲ့သည်။
“ဘယ်တွေ သွားနေတာလဲ” ချန်ကျန့် အပြေးလေးသွားကာ ကားပေါ် တက်လိုက်သည်။
“ဈေးဝယ်ထွက်တာလေ”
“ဘာတွေ ဝယ်လာတာလဲ” ချန်ကျန့် နောက်ထိုင်ခုံကို လှည့်ကြည့်လိုက်သည့်အခါ မှင်သက်သွားရသည်။ နောက်ထိုင်ခုံမှာ ဈေးဝယ်အိတ် ငါးအိတ်၊ ခြောက်အိတ်လောက် ပုံနေလေပြီ။
“မြို့ပေါ် သွားတုန်းကတောင် ဒီလောက် အများကြီး မဝယ်ခဲ့ပါဘူး”
“အဝတ်အစားတွေချည်းပဲ”
“ကျွန်တော်တို့ မြို့ထဲမှာလည်း ဝယ်လို့ ရတာပဲကို”
“အဲ့ဒီကဟာတွေက ရုပ်ဆိုးတယ်လေ”
“အကုန်လုံးက တစ်နေရာတည်းက လာတာပဲဟာ။ ရုပ်ဆိုးရင်လည်း အတူတူပါပဲ”
“စကားပြန်မပြောနဲ့စမ်းပါ” ရှန်ယွီက မဲ့လိုက်သည်။ ချန်ကျန့် ပြုံးပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ သို့သော် ရှန်ယွီတစ်ယောက် အဝတ်အစား ဝယ်ဖို့ သတိရသွားတာကိုတော့ သူ ဝမ်းသာမိသည်။ ချန်ကျန့်မှာ တစ်ဆောင်းတွင်းလုံးအတွက် ဂျာကင် နှစ်ထည်ပဲ ရှိတာလေ။ ရှန်ယွီ့ကို တစ်ထည်ပေးလိုက်ရင် သူတို့နှစ်ယောက်လုံး လဲဝတ်စရာ မရှိတော့မှာပေါ့။
“မင်းအတွက်လည်း ဝယ်လာပေးတယ်။ ရုပ်ဆိုးရင်လည်း အတူတူ ဆိုးကြတာပေါ့”
ရှန်ယွီက ထပ်ဖြည့်ပြောလိုက်သည်။
“ဗျာ။ ကျွန်တော့်မှာ ရှိပါတယ်”
“စကားပြန်မပြောနဲ့လို့ ပြောထားတယ်လေ”
“ဟုတ်ကဲ့ပါ”
ချန်ကျန့် ပြန်ဖြေရင်း အိတ်တွေကို သေသေချာချာ ကြည့်လိုက်မိသည်။ တံဆိပ်မပါတဲ့ အဝတ်အစားတွေချည်းပါပဲ။ တော်သေးတာပေါ့၊ မြို့ဟောင်းမှာတော့ တအား ဈေးကြီးတဲ့ ဆိုင်တွေမှ မရှိတာ။
“အားလုံးပေါင်းမှ နှစ်ထောင်ပဲ ကုန်တာပါ။ မင်းကတော့ ငါ့အတွက် စိုးရိမ်နေတာပဲ....”
“နှစ်ထောင်ဖိုးကို ဘယ်နှစ်ထည်တောင် ရလို့လဲ” ချန်ကျန့် အိတ်တွေကို လက်နဲ့ နှိုက်ကြည့်ရင်း မေးလိုက်သည်။
“ဘော့စ် ဆိုတော့လည်း.... မင်းကတော့ ဒါကို ချွေတာတယ်လို့ ထင်နေတုန်းလား”
“ခုနစ်ထည်၊ ရှစ်ထည်လောက် ရှိမှာပေါ့။ ဂျာကင်တွေ၊ ဘောင်းဘီတွေ၊ ဆွယ်တာတွေ ပါတယ်။ မင်းအဖေအတွက် ပေးဖို့ အဆင်ပြေမယ့်ဟာ ရှိလား ကြည့်လိုက်ဦးလေ”
“မလိုပါဘူး၊ မလိုပါဘူး” ချန်ကျန့် အမြန် လက်ယမ်းပြသည်။
“နှစ်သစ်ကူးတိုင်း သူ့ကို ကျွန်တော် အဝတ်အစား ဝယ်ပေးနေကျပါ”
“ဒါပေမဲ့ မင်းက ကိုယ့်အတွက်ကိုယ်ကျတော့ မဝယ်ဘူးလေ”
“အဖေက အပြင်မှာ အလုပ်ကြမ်းတွေ လုပ်ရတာဆိုတော့ အဝတ်အစားက မြန်မြန် ဟောင်းတာလေ”
“မင်း ဒီမှာရတဲ့ ဝင်ငွေက မနည်းပါဘူး။ အကြွေးဆပ်ဖို့ ဖယ်ထားပြီးရင်လည်း ကိုယ့်အတွက်ကိုယ် နည်းနည်း သုံးပါဦး။ မင်းက မန်နေဂျာလေ။ အပြင်ထွက်ရင် ဘော့စ်က လူမဆန်ဘူးလို့ အထင်ခံရဦးမယ်”
ချန်ကျန့် ရယ်မောလိုက်မိသည်။
တာယွင် သို့ ပြန်ရောက်သည့်အခါ ဧည့်သည်တွေ ညစာစားချိန်နှင့် ကွက်တိပင် ဖြစ်သည်။ စားသောက်ဆိုင်တွင် လူစည်ကားနေပြီး ကျောက်ကျဲလည်း မီးဖိုချောင်မှာ အလုပ်ရှုပ်နေလေသည်။ ချန်ကျန့် အထဲဝင်လိုက်သည်နှင့် ဆွန်နာနာတစ်ယောက် လင်ဗန်းနှစ်ခုကို ကိုင်ကာ စားသောက်ဆိုင်ဘက်သို့ အမြန် လျှောက်သွားနေသည်ကို တွေ့ရသည်။ သူမသည် သူမ၏ အမွေးပွ အင်္ကျီနှင့် ဒေါက်ဖိနပ်ကို ဝတ်ထားဆဲပင် ဖြစ်သည်။ ချန်ကျန့်မှာ သူမ ခြေချော်လဲမှာကိုပင် စိုးရိမ်မိသွားသည်။
သူက ဧည့်သည်ပဲ ရှိသေးတာ မဟုတ်လား။ ဘာလို့ အလုပ်လုပ်နေတာလဲ။
သူ ဧည့်ကြိုကောင်တာဘက်ကို လှမ်းကြည့်လိုက်တော့ ဟူဖန်က သူ့ကို စောင့်ကြည့်နေလေသည်။ မျက်လုံးချင်း ဆုံသည်နှင့် ဟူဖန်က ထိုနေရာမှာတင် နှစ်ချက်လောက် ခုန်ပြလိုက်သည်။ ချန်ကျန့် ဧည့်ကြိုကောင်တာသို့ အမြန် လျှောက်သွားလိုက်သည် ။
“ဘာတွေ ဖြစ်နေတာလဲ”
“ဧည့်သည်တွေ များနေပြီး လူမလောက်လို့လေ။ အာဟူ နဲ့ ဆန်းပင်း က အသားကင်ကွင်းမှာ ပြင်ဆင်နေကြတာ။ နာနာ က ထွက်လာပြီး ကူလုပ်ပေးနေတာလေ၊ သူ နှစ်ခေါက်လောက် သွားပြီးမှ ကျွန်မ သတိထားမိတာ”
“ဒီလောက်တောင်... စိတ်အားထက်သန်တာလား”
“ခန့်လိုက်ပါ မန်နေဂျာ”
ရှန်ယွီက ဘယ်အချိန်က ရောက်နေမှန်းမသိဘဲ အနောက်မှ ဝင်ပြောသည်။ သူက ချန်ကျန့်၏ အနောက်မှာ ရပ်လျက် နားထောင်နေရင်း၊ ကောင်တာပေါ်က မုန့်ပန်းကန်ထဲမှ မုန့်တစ်ဖက်ကို ယူစားလိုက်သည်။
ဟူဖန် သူ့ကို တစ်ချက် ကြည့်လိုက်သည်။
“ဗိုက်ဆာလို့ တစ်ဖက်ပဲ စားတာပါ” ရှန်ယွီက ဆိုသည်။
“မစားနဲ့လို့ ကျွန်မ မပြောပါဘူး၊ ကျွန်မက အာဟူ မဟုတ်ဘူးလေ။ ကျွန်မ ဆိုလိုတာက သူ့ကို တကယ် ခန့်မှာလား လို့ပါ”
“ခန့်လိုက်ပါ၊ အဲ့ဒီလောက် အမြင့်ကြီးရှိတဲ့ ဒေါက်ဖိနပ်နဲ့ ပြေးနိုင်တာပဲဟာ”
“...အဲ့ဒါက ဘယ်လိုမျိုး အကဲဖြတ်တဲ့ စံနှုန်းကြီးလဲဗျာ”
ချန်ကျန့် အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘော့စ်ရှန်”
ဆွန်နာနာ ပန်းကန်အလွတ်တွေနှင့် ပြန်လာခဲ့သည်။ သူမသည် လမ်းလျှောက်တာတောင် မော်ဒယ်လ် လမ်းလျှောက်သလိုမျိုး လျှောက်နေဆဲပင်။ ရှန်ယွီ့ရှေ့က ဖြတ်သည့်အခါ သူမ ခေါင်းကို ကိုင်ကာ နှစ်စက္ကန့်လောက် ရပ်ပြပြီးမှ မီးဖိုချောင်ထဲ ဝင်သွားသည်၊ “Nice to meet you” ဆိုတဲ့ စကားတစ်ခွန်းကိုလည်း ချန်ထားခဲ့သေးသည်။
ရှန်ယွီပင်လျှင် ထိုစကားကြောင့် မှင်သက်သွားရသည် ။
“Nice to meet you too”
ဟူဖန်မှာတော့ အားရပါးရ ရယ်မောတော့သည်။ “သူက အမြဲတမ်း အဲ့ဒီလိုပဲလား” ရှန်ယွီက မေးသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ အလုပ်မှာတော့ အမှားအယွင်း မရှိပါဘူး။ ခုနတင် ဧည့်သည်အခန်းကို ပစ္စည်းသွားပို့ပေးသေးတာ၊ အလုပ်လုပ်တဲ့ စိတ်ဓာတ်ကတော့ ကောင်းပါတယ်၊ သရုပ်ဆောင်ရတာကိုပဲ ဝါသနာပါနေတာ”
ဟူဖန်က ရှင်းပြသည်။
“ဒါဆိုလည်း ထမင်းစားပြီးရင် မန်နေဂျာ... သူ့ကို လစာကိစ္စနဲ့ တခြား ကိုယ်ရေးကိုယ်တာတွေ မေးကြည့်လိုက်ဦး။ ငါတို့ဆိုင်က လူတွေကတော့ နောက်ခံက အစုံပဲဆိုတော့၊ သေသေချာချာလေး မေးလိုက်ဦးနော်”
ရှန်ယွီက ဓာတ်လှေကားဘက် လျှောက်သွားရင်း မှာကြားလိုက်သည်။ စတုတ္ထထပ်မှာလည်း ဧည့်သည်တွေ ရောက်နေလေပြီ။ ဘယ်က ရောက်လာမှန်းမသိတဲ့ ကလေးနှစ်ယောက်က ရှန်ယွီ့ ရုံးခန်းတံခါးလက်ကိုင်ကို အတင်း ဆွဲနေကြသည်။
“ဘယ်အတန်းကလဲ!”
ရှန်ယွီက အနောက်မှ အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
ကလေးတွေ လန့်သွားပြီး လက်တွေကို အနောက်မှာ ဝှက်ထားလိုက်ကြသည်။
“ကျွန်တော်... ကျွန်တော်တို့က....”
“အတန်းပိုင်ဆရာက ဘယ်သူလဲ။ သူများတံခါးကို အဲ့ဒီလို ဆွဲတာက မယဉ်ကျေးတဲ့ အလုပ်ဆိုတာ ဆရာက မသင်ပေးဘူးလား”
“မဟုတ်ပါဘူး....”
ကလေးတွေ၏ အသံမှာ တိုးသွားပြီး ရုတ်တရက် လှည့်ပြေးကာ တတိယထပ်ကို ဆင်းသွားကြတော့သည်။
“နောက်တစ်ခါ ထပ်တွေ့ရင် မင်းတို့ ကျောင်းအုပ်ကို သွားတိုင်မှာနော်!”
ရှန်ယွီက လှမ်းအော်လိုက်သေးသည်။
ရုံးခန်းထဲ ရောက်သည့်အခါ ရှန်ယွီ အထုပ်တွေကို ဆိုဖာပေါ် ပစ်တင်လိုက်သည်။
“အခုက ကျောင်းပိတ်ရက် မဟုတ်ပါဘူး၊ ဘာလို့ ကလေးတွေ ရောက်နေတာလဲ”
“စနေ ပိတ်ရက်လေ”
“စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ အခန်းဘွတ်ကင်လုပ်ရင် ကလေးပါတဲ့လူတွေကို ငြင်းလို့ မရဘူးလား” ရှန်ယွီက မေးသည်။
“အားလုံးက အဲ့ဒီလို မဟုတ်ပါဘူး။ ရှောင်သိုအာ တို့၊ ကျောက်ကျဲ ရဲ့ သမီးတို့ဆိုရင် ချစ်ဖို့ကောင်းတာပဲကို”
ချန်ကျန့်က ဆိုလိုက်သည်။
“ဟို နှာချေး ကောင်ကတော့ တကယ် စိတ်ရှုပ်စရာ ကောင်းတယ်”
ရှန်ယွီက ဆိုကာ အိတ်ထဲက အဝတ်အစားတွေကို ထုတ်လိုက်သည်။
“ကဲ.... မန်နေဂျာ၊ မင်းဝတ်မယ့်ဟာတွေ ရွေးပြီး အလုပ်သွားလုပ်တော့”
ချန်ကျန့် လျှောက်သွားကြည့်ပြီး အပြာရင့်ရောင် ဂျာကင်အတိုလေး တစ်ထည်ကို ရွေးလိုက်သည် ။ “ဒါလေးပဲ ယူမယ်”
“ဒါလေးလည်း မဆိုးပါဘူး” ရှန်ယွီက ဆွယ်တာတစ်ထည်ကို ထပ်ပေးလိုက်သည်။ ထို့နောက် ဂျာကင်အရှည် တစ်ထည်ကိုပါ ထပ်ရွေးပေးပြန်သည် ။
“ဒါပါ ယူလိုက်....”
“မင်းအတွက်ကော” ချန်ကျန့် အားနာစွာနှင့် မေးလိုက်မိသည်။
“ကျန်တာတွေက ငါ့ဟာတွေပေါ့”
ကျန်တဲ့ အဝတ်အစားတွေထဲမှာလည်း ဂျာကင်အထူ နှစ်ထည် ပါနေတာ မြင်တော့မှ ချန်ကျန့် စိတ်အေးသွားရသည်။
“ကဲ... သွားတော့လေ၊ အလုပ်လုပ်တော့”
ရှန်ယွီက လက်ယမ်းပြသည်။
“ဟုတ်ကဲ့” ချန်ကျန့် အဝတ်အစားတွေကို ကိုင်ကာ ထွက်ရန် ပြင်လိုက်သည်။
“ပြန်လာခဲ့ဦး”
“ဘာဖြစ်လို့လဲ”
ရှန်ယွီက လက်မောင်းများကို ဖြန့်လိုက်၏။ ချန်ကျန့် မတတ်သာဘဲ ပြန်လျှောက်လာကာ၊ အဝတ်အစားတွေကို ဆိုဖာပေါ် ပြန်တင်ပြီးရှန်ယွီအား သွားဖက်လိုက်ရတော့သည်။ ရှန်ယွီက ခေါင်းငုံ့ကာ ချန်ကျန့်၏ လည်ပင်းကို အတင်း တိုးဝှေ့နမ်းလိုက်ပြီး
“ခဏနေရင် ငါ့ညစာ အပေါ်ကို ယူလာပေးဦးနော်”
“ဒါပြောဖို့အတွက်ပဲလား”
“မင်းကတော့ စကားပြောတတ်တော့တာ မဟုတ်ဘူး”
“မင်းပဲ အရင် စတာလေ”
ချန်ကျန့် ရယ်မောရင်း သူ့ကို ပြန်လည် တိုးဝှေ့ဖက်လိုက်မိသည်၊ အသက်ရှူလိုက်သည့်အခါ ရရှိလာသော ရနံ့သင်းသင်းကြောင့် သူ မျက်လုံးများကို မှိတ်ထားလိုက်မိသည်။
“အိပ်ဆောင်က ဘယ်အခန်းလဲဟင်”
ဆွန်နာနာ၏ အသံမှာ အပြင်ဘက် စင်္ကြံလမ်းမှ ထွက်ပေါ်လာသည်။
“အမလေး... ဒီသူဌေးမလေးကတော့”
ရှန်ယွီပင် လန့်သွားပြီး ခေါင်းကို မော့လိုက်ရသည်။
“ကျွန်တော် သွားပြောလိုက်ပါ့မယ်”
“မြန်မြန်သွားလေ။ အဝတ်အစားတွေကိုတော့ ဒီမှာပဲ ထားခဲ့လိုက်ဦး”
ချန်ကျန့် ရုံးခန်းထဲမှ ထွက်ကာ တံခါးပိတ်ပေးလိုက်သည်။ ဆွန်နာနာမှာ သူမ၏ သေတ္တာကြီးကို ဆွဲပြီး ဓာတ်လှေကားဝမှာ ရပ်နေလေသည်။ ချန်ကျန့်ကို မြင်တော့ သူမ ပြုံးပြလိုက်သည်။
“ပထမထပ်မှာ အခန်းတွေ ပြည့်နေလို့လေ၊ တခြားဧည့်သည်က အဲ့ဒီမှာပဲ နေချင်တယ်ဆိုတာနဲ့ ကျွန်မပဲ ဖယ်ပေးလိုက်တာ”
“ဟူဖန် က မင်းကို အိပ်ဆောင်ကို သွားခိုင်းတာလား”
ချန်ကျန့် အနားသို့ သွားကာ သေတ္တာကို ကူသယ်ပေးရင်း မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ဖန်ဖန်က ဒီလို ဆုံးဖြတ်ချက်မျိုး မချနိုင်ဘူး မဟုတ်လား။ ကျွန်မ ကြည့်ရသလောက်တော့ ညှိလို့ မရတော့တာနဲ့ ကျွန်မဘာသာပဲ ပြောလိုက်တာပါ။ ဆိုင်ရဲ့ စီးပွားရေးကို မထိခိုက်စေချင်လို့ပါ”
ဟူဖန်ကတော့ မဆုံးဖြတ်နိုင်ဘူး၊ ဒါပေမဲ့ မင်းကတော့ ဆုံးဖြတ်နိုင်တယ်ပေါ့။
ချန်ကျန့် စားပွဲဘေးက ကုလားထိုင်ကို ဆွဲထုတ်ပေးလိုက်သည်။
“ထိုင်ပါဦး၊ စကားခဏ ပြောရအောင်”
ဆွန်နာနာ ဝင်ထိုင်လိုက်ပြီး ကိုယ်ကို ခပ်နွဲ့နွဲ့လေး မှီထားလိုက်သည် ။
“ပြောလေ”
“မင်းကို... အလုပ်ခန့်လိုက်ပါပြီ” ချန်ကျန့်က သူမ၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
“အခုတော့ လစာကိစ္စနဲ့ အလုပ်အကြောင်းတွေ ပြောရမှာပေါ့”
“ဘာဖြစ်ဖြစ် ရပါတယ်၊ ကျွန်မကတော့ ဂရုမစိုက်ပါဘူး” ဆွန်နာနာက ပခုံးတွန့်ပြသည်။
“အောက်မှာ အလုပ်တွေ များနေတယ် မဟုတ်လား၊ ကျွန်မတို့ ရိုးရိုးရှင်းရှင်းပဲ လုပ်ကြရအောင်”
“ဒါဆိုလည်း မင်းရဲ့ အခြေအနေကို နည်းနည်းလောက် သိပါရစေ။ ဘာလို့... ဒီမှာ အလုပ်လုပ်ချင်ရတာလဲ”
“ထွက်ပြေးချင်လို့လေ”
“ဗျာ။”
ချန်ကျန့်၏ နှလုံးခုန်သံမှာ ရပ်မတတ် ဖြစ်သွားရသည်။
အစ်မရယ်... ကျွန်တော်တို့က ထောင်ထွက်တွေကိုပဲ လက်ခံတာပါ။ တရားခံပြေးတွေကိုတော့ လက်မခံပါဘူးဗျာ!
“အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးကနေ ထွက်ပြေးလာတာပါ” ဆွန်နာနာက သူမ၏ ဆံပင်ကို သပ်ရင်း ဝမ်းနည်းဟန်ဖြင့် ဆိုလိုက်လေသည်။
“အာ…” ချန်ကျန့်မှာ ဆွံ့အလျက် ပြန်ထူးလိုက်ရတော့သည်။
ဒါတွေက ဘာတွေလဲဗျာ....။
တာယွင်မှကြိုဆိုပါတယ် 🤣
ReplyDeleteလုပ်လျှောက်ချင်လာပြီ
ReplyDelete