Skip to main content

65








အပိုင်း (၆၅)

“သူတို့ကို အကုန်လုံး ငါ ပြန်မောင်းထုတ်ပစ်မယ်!”

ဟူဖန်၏အသံမှာ ဖုန်းထဲမှ ပေါက်ကွဲထွက်လာ၏။

“ငါ သူတို့ကို ပြန်ချမယ်! သူတို့က တကယ်ကြီး လာရဲကြတယ်ပေါ့!”

“ဖုန်းကို ဆန်းပင်းဆီ ပေးလိုက်ပါ ဖန်ဖန်”

ချန်ကျန့်သည် ကဖေးဆိုင်အဝင်ဝတွင် ရပ်လျက် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ရင်း ဆန်းပင်းကို ဖုန်းလွှဲခိုင်းလိုက်သည်။ လောင်ဝူက ဟူဖန်၏ မိသားစုကို အနောက်ဘက်ဝင်းဆီသို့ ဦးဆောင်ခေါ်သွားနေလေပြီ။

“ဖုန်းကို ဆန်းပင်းဆီ ပေးလိုက်ပါ”

ချန်အာဟူ၏ လက်အောက်ငယ်သားများသည် ဤကဲ့သို့သော အလုပ်မျိုးနှင့် တကယ်ကို သင့်တော်လှသည်။ သူတို့၏ ကြမ်းတမ်းလှသော အမူအရာမှာ ပင်ကိုယ်ဗီဇအတိုင်းပင် ဖြစ်သဖြင့် သဘာဝကျကျ သရုပ်ဆောင်ရုံသာ ရှိသည်။

“ငါ သူတို့ကို ပြန်ချမယ်!”

ဟူဖန်၏ အသံမှာ ငိုသံပါပြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေလေသည်။ ဆန်းပင်းက ဖုန်းကို လှမ်းလုလိုက်ပုံရသည်။

“ဟယ်လို၊ ဆန်းပင်းပါ”

“ခဏနေရင် သူက ထွက်ပြေးဖို့ ကြိုးစားနေပြီး မင်းက သူ့ကို အတင်းပြန်ဆွဲခေါ်လာတဲ့ ပုံစံမျိုး သရုပ်ဆောင်လိုက်...”

ချန်ကျန့်က မှာကြားလိုက်သည်။ ဟူဖန်၏ အဖေဖြစ်သူမှာလည်း အထဲသို့ လှမ်းကြည့်နေသည်။ သူ၏ အကြည့်များ ချန်ကျန့်၏ မျက်နှာပေါ် ဖြတ်သန်းသွားသည့် အခိုက်အတန့်တွင် ချန်ကျန့်က သူ၏ မျက်နှာထားကို ချက်ချင်း တင်းမာလိုက်ပြီး မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။ နှစ်စက္ကန့်ပင် မပြည့်မီမှာပင် ဟူဖန်၏ အဖေမှာ တောင်တောင်အီအီဖြင့် အကြည့်လွှဲလိုက်သည်။ နောက် ခေါင်းကို လှည့်ကာ ဟူဖန်၏ အမေကို တိုးတိုးလေး တစ်ခုခု ပြောလိုက်သေးသည်။

လောင်ဝူမှာလည်း မှာထားသည့်အတိုင်း စကားတစ်ခွန်းမှ ထပ်မပြောပါ၊ သူ၏ အေးစက်လှသော မျက်နှာနှင့် အကြည့်များကတင် လုံလောက်နေလေပြီ။ တကယ်သရုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဟူဖန်၏ မိသားစုအပေါ် ထားရှိသော သူ၏ မကျေနပ်ချက်များနဲ့တင် အထင်အရှား ပေါ်လွင်နေခြင်း ဖြစ်သည်။

“သူက ထွက်ပြေးဖို့ ကြိုးစားပြီး ငါက ပြန်ဆွဲခေါ်လာတာထက်... အခု ငါက သူ့ကို ဆွဲခေါ်လာနေတာကို သူက ရုန်းနေတော့ ငါက ရေလှိုင်းစီးနေရသလိုပဲဗျ...”

ဆန်းပင်းက ခက်ခက်ခဲခဲ ပြောနေရသည်။

“ဟေး... ဖန်ဖန်၊ နည်းနည်း ဖြည်းဖြည်းလုပ်ပါဦး၊ ငါ အစီအစဉ်ကို အရင် နားထောင်ပါရစေဦး!”

“အခု အစီအစဉ်ကတော့ သူက ရှန်ယွီဆီမှာ ယွမ် ငါးသောင်း အကြွေးတင်နေလို့ ဆိုင်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်လုပ်နေရတဲ့ ပုံစံပေါ့”

ချန်ကျန့်က ဆိုသည်။

“မင်း သူ့ကို ပြန်ခေါ်လာတဲ့လမ်းမှာ အဲ့ဒီအစီအစဉ်ကို ပြောပြလိုက်။ သူတို့ကို ရိုက်ထုတ်လို့ မရဘူး၊ နောင်ကျရင် ပြဿနာ ထပ်မရှာရဲအောင် ခြောက်လှန့်ပြီး မောင်းထုတ်ရမှာ”

“ကောင်းပြီ ။ ငါ ပြောလိုက် မယ်၊ ပြောလိုက်ပါ့မယ်”

“သူသာ လွဲသွားရင် ပြဿနာ ပိုကြီးသွားလိမ့်မယ်။ စိတ်ကို ထိန်းခိုင်းထားလိုက်ဦး”

“ကြားလား၊ စိတ်ကို ထိန်းထားတဲ့။ သူတို့ကို ထုထောင်းဖို့ အခွင့်အရေးတွေက အများကြီး ရှိပါသေးတယ်။ နောက်မှ လုပ်လည်း ရတာပဲ။ အရင်ဆုံး သူတို့နဲ့ အဆက်အသွယ် ဖြတ်တောက်ထားမှ ဖြစ်မယ်၊ သိလား”

ဆန်းပင်းက ဟူဖန်ကို လှမ်းပြောနေသံကို ကြားနေရသည်။ ချန်ကျန့် ဖုန်းချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ရှန်ယွီမှာ ဧည့်ကြိုကောင်တာသို့ ပြန်ရောက်နေပြီး ဆွန်နာနာမှာ ခေါင်းငုံ့ကာ တစ်ခုခု ရေးနေသည်ကို တွေ့ရသည်။

“မင်း အရင်သွားနှင့်လေ”

ရှန်ယွီက အစည်းအဝေးခန်းဘက်ကို ညွှန်ပြရင်း ဆိုသည်။

“ဟုတ်ကဲ့”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ သူ အစည်းအဝေးခန်းဘက် လျှောက်သွားသည့်အခါ ချန်အာဟူနှင့် လောင်စစ်တို့က တံခါးတစ်ဖက်တစ်ချက်တွင် ရပ်နေကြပြီ ဖြစ်သည်။ ၎င်းမှာ ရှန်ယွီ စီစဉ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ ဝက်ခြံဂိုဏ်း တစ်ခုလုံး ပါဝင်ဆင်နွှဲရသည့် ဤပြဇာတ်မှာ တကယ့်ကို အစီအစဉ် ကျလှသည်။

ချန်ကျန့် အရှေ့တံခါးမှ ဝင်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လောင်ဝူက ဟူဖန်၏ မိသားစုကို အနောက်တံခါးမှ ဦးဆောင်ခေါ်လာသည်။ ထို့နောက် တံခါးနှစ်ဖက်စလုံး “ဒိုင်း” ခနဲ အသံနှင့်အတူ ပိတ်သွားတော့သည်။ လောင်စစ်က အပြင်မှာ ကျန်ခဲ့ပြီး အထဲတွင်တော့ အာဟူနှင့် လောင်ဝူတို့က တံခါးဝတွင် ကင်းစောင့်နေကြလေပြီ။

ဟူဖန်၏ မိခင်မှာ ကြောင်အသွားပြီး ထိုနေရာမှာတင် ပတ်ချာလည်ကြည့်ကာ…

“ဒါက ဘာလဲ...”

“အစည်းအဝေးခန်းလေ”

ချန်ကျန့် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပြီး ဝင်ထိုင်လိုက်ပြီး ခပ်မာမာပဲ ပြောလိုက်သည်။

“ကျွန်တော်တို့က ဟူဖန်တီ ကို လာရှာတာပါ”

ဟူဖန်၏ ဖခင်က တည်ငြိမ်စွာ ဆိုသည်။

“ဘာလို့ ငါတို့ကို ဒီကို ခေါ်လာတာလဲ”

“အန်ကယ်တို့၊ အန်တီတို့ ထိုင်ကြပါဦး”

ချန်ကျန့်က ကုလားထိုင်ပေါ် မှီထိုင်ရင်း ဆိုလိုက်သည်။ သူသည် ရှန်ယွီနှင့် ဇာတ်ညွှန်း တိုက်မထားသဖြင့် ဘယ်စကားလုံးက အဓိကလဲဆိုတာ မသိဘူး၊ ဒါကြောင့်လည်း အခြေအနေ ကြည့်ပြီး ပြောနေရခြင်း ဖြစ်သည်။

“ဒီရက်ပိုင်း ဆိုင်မှာ လူတော်တော် များနေလို့ပါ။ ဒီမှာက ပိုပြီး တိတ်ဆိတ်ပါတယ်”

“ဟူဖန်တီ ဒီမှာ ရှိလား၊ မရှိဘူးလား”

မိခင်ဖြစ်သူက မေးလိုက်သည်။ ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ “ဟူဖန်တီ” ဆိုသည့် နာမည်ကို ကြားလိုက်ရသည့်အခါ သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဟူဖန်၏ နာမည်ရင်းကို မည်သူမျှ မသိကြသလို၊ ယခုကဲ့သို့ အော်ခေါ်နေသံကို ကြားရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စေသည်။

“ဒါက တည်းခိုခန်း ဟုတ်ရဲ့လား”

ဖခင်ဖြစ်သူက သားဖြစ်သူကို မေးလိုက်သည်။

“တစ်ခုခုတော့ မှားနေသလိုပဲ”

“ဟုတ်ပါတယ်၊ တာယွင် တည်းခိုခန်း ဆိုတာ ဒါပဲလေ”

ဟူဖန်၏ မောင်ဖြစ်သူက ဖုန်းထုတ်စစ်ရင်း ပြောသည်။

“ဒီမှာ တာယွင် ဆိုတာ တစ်ခုတည်း ရှိတာ”

ကောင်လေးမှာ မြို့ထဲက အလယ်တန်းကျောင်း တစ်ကျောင်း၏ ကျောင်းဝတ်စုံကို ဝတ်ထားဆဲပင် ဖြစ်သည်။ သူသည် အနည်းဆုံးတော့ အလယ်တန်းကျောင်းသား တစ်ယောက် ဖြစ်မှာပေါ့။ မိဘတွေက ဤကဲ့သို့သော ကိစ္စမျိုး လုပ်နေတာကို မတားတဲ့အပြင် သူကိုယ်တိုင်ပါ လိုက်လာခဲ့သည် မဟုတ်ပါလား။

“ဟူဖန်တီ ဘယ်မှာလဲ”

ဖခင်ဖြစ်သူက ချန်ကျန့်ကို စိုက်ကြည့်သည် ။

“ငါ့သမီးကို ငါ တွေ့ချင်တယ်”

ခင်ဗျားသမီးကတော့ ခင်ဗျားကို ထုချင်နေတာဗျ။

ချန်ကျန့် တစ်ခုခု ပြောရန် ပြင်စဉ်မှာပင် သူ၏ နောက်က တံခါးကို လောင်စစ်က အပြင်မှ ဖွင့်ပေးလိုက်သဖြင့် ရှန်ယွီ လျှောက်ဝင်လာခဲ့သည်။

“ဘော့စ်ရှန်”

ချန်ကျန့် ထရပ်ကာ နေရာဖယ်ပေးလိုက်သည်။

“ဘော့စ်ရှန်”

ဝက်ခြံဂိုဏ်းသားများ အားလုံးကလည်း တစ်ပြိုင်နက်တည်း နှုတ်ဆက်ကြလေသည်။

“ဟူဖန်... တီ ရဲ့ မိဘတွေ မဟုတ်လား”

ရှန်ယွီက ချန်ကျန့်၏ နေရာတွင် ဝင်ထိုင်လိုက်ပြီး ခြေထောက်တစ်ဖက်ကို ချိတ်ကာ အခန်းထဲက လူများကို ဝေ့ကြည့်လိုက်သည်။

“မင်းတို့ လာတာ အတော်ပဲပေါ့။ ငါကတောင် လိုက်ရှာရတော့မလားလို့ စဉ်းစားနေတာ”

ဟူဖန်၏ မိဘနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် အမြန် ကြည့်လိုက်မိကြသည်။ မိခင်ဖြစ်သူက

“ဘာကို ဆိုလိုတာလဲ”

“သူ ဘယ်မှာလဲ။ ပြန်ခေါ်လာပြီလား”

ရှန်ယွီက သူတို့ကို ပြန်မဖြေဘဲ ချန်ကျန့်ကို လှည့်မေးလိုက်သည်။

“လမ်းမှာပါ၊ ခဏနေရင် ရောက်ပါလိမ့်မယ်”

ချန်ကျန့်က ဆိုသည်။

“သူ့ကို ဘာလုပ်ထားလို့လဲ!”

မိခင်ဖြစ်သူက အော်ဟစ်လိုက်သည် ။

“သူ ဘယ်သွားတာလဲ။ ရှင်တို့ သူ့ကို ဘာလုပ်လိုက်ကြတာလဲ!”

“ငါက သူ့ကို ဘာလုပ်ရမှာလဲ”

ရှန်ယွီက သူမကို ကြည့်ကာ မဲ့ပြသည်။ ရှန်ယွီ့ အင်္ကျီအတွင်းအိတ်ထဲမှ ခေါက်ထားသော စက္ကူတစ်ရွက်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ထုတ်ကာ ချန်ကျန့်ဆီ လှမ်းပေးလိုက်သည်။

“မင်းတို့ ဒါကို အရင် ကြည့်လိုက်ကြဦး”

ချန်ကျန့် လျှောက်သွားရင်း ထိုစာရွက်ကို တစ်ချက် ကြည့်လိုက်မိသည်။ ၎င်းမှာ အကြွေးမှတ်တမ်း (IOU) မိတ္တူ တစ်စောင် ဖြစ်လေသည်။

‘ကျွန်မ ဟူဖန်တီသည် ရှန်ယွီထံမှ ငွေ ယွမ် ၅၀,၀၀၀ ချေးယူခဲ့ပါသည်...’

လက်ရေးမှာ ရှန်ယွီ၏ လက်ရေးမဟုတ်ပါ၊ ခုနတင် ဆွန်နာနာ ရေးပေးလိုက်ခြင်း ဖြစ်မှာ သေချာပါသည်။ ပြန်ဆပ်ရမည့် ရက်စွဲမှာ ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ဖြစ်ပြီး၊ အတိုးနှင့် အရင်းပေါင်း ယွမ် ၅၄,၀၀၀ ဖြစ်လေသည်။ အောက်တွင် ဟူဖန်နှင့် ရှန်ယွီတို့၏ မှတ်ပုံတင်နံပါတ်များ ပါရှိသည်။ ချေးပေးသူ နေရာတွင် ရှန်ယွီ၏ လက်မှတ်နှင့် တံဆိပ် ပါရှိသလို၊ ချေးယူသူ နေရာတွင်တော့ “ဟူဖန်တီ” ဟု လက်မှတ် ထိုးထားလေသည်။ ထိုလက်မှတ်မှာ ဟူဖန် ထိုးထားခြင်း မဟုတ်သော်လည်း၊ လက်ရေးမှာတော့ ဟူဖန်၏ လက်ရေးလိုပင် ရုပ်ဆိုးလှသည်။ ကြည့်ရတာ ကျောက်ကျဲ ရေးထားတာ ဖြစ်မှာပေါ့.... ဘယ်သူ့လက်ဗွေမှန်းမသိတဲ့ လက်ဗွေတစ်ခုလည်း ပါသေးသည်။

တကယ့်ကို ပြည့်စုံလွန်းလှသည်။ အနည်းငယ် စိုးရိမ်စရာရှိသည်မှာ ချေးသည့်ရက်စွဲ ဖြစ်ပြီး ၎င်းမှာ ဇွန်လ ဖြစ်နေသည်။ ဇွန်လတုန်းကဆိုလျှင် ဟူဖန် ဘယ်မှာရှိနေမှန်း သူတို့တောင် မသိကြသေးပါဘူး။ သို့သော်လည်း ၎င်းမှာ ကြီးမားသော ပြဿနာတော့ မဟုတ်ပါဘူး။ ဟူဖန် အိမ်ကထွက်လာတာ နှစ်တွေ ကြာလှပြီ မဟုတ်ပါလား။ သူမ အိမ်မှာ ရှိနေရင်တောင်မှ သူမ၏ ငွေရေးကြေးရေး အခြေအနေကို သူမ၏ မိသားစုက ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

ချန်ကျန့် သူတို့အနားသို့ သွားကာ အကြွေးမှတ်တမ်းကို ကမ်းပေးရန် ပြင်စဉ်မှာပင် ဖခင်ဖြစ်သူက လှမ်းလုလိုက်သည်။ သူသည် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် အော်ဟစ်တော့သည်။

“ဘာလဲ! အကြွေးမှတ်တမ်းကြီးလား!”

“ပြန်ဆပ်ရမည့် ရက်ကျော်သွားပြီလေ”

ရှန်ယွီက အေးအေးဆေးဆေး ဆိုလိုက်သည်။

“အစကတော့ သူက မိန်းကလေး ဖြစ်နေလို့ ငါက ခက်ခက်ခဲခဲ မလုပ်ခဲ့တာပါ....”

“ဒီလောက်တောင် များတာလား!”

မိခင်ဖြစ်သူလည်း လိုက်အော်သည်။

“သူက ဘာလို့ ဒီလောက်အများကြီး ချေးရတာလဲ! အတိုးကတင် လေးထောင်တောင် ရှိနေတာကို!”

“ခင်ဗျားတို့ လိမ်နေတာ မဟုတ်လား!”

ဟူဖန်၏ မောင်ဖြစ်သူကလည်း ဟိန်းဟောက်လိုက်သည်။ သူသည် အရှိန်အဝါ ပြချင်သဖြင့် ဘေးနားရှိ ကုလားထိုင်ကို ဆွဲယူကာ မြေပေါ်သို့ ဝုန်းခနဲ ရိုက်ချလိုက်တော့သည်။

“သတိထားနော်!”

အာဟူက ထိုသုံးယောက်ကို လက်ညှိုးထိုးကာ သတိပေးလိုက်သည်။

“အလုပ်ကိစ္စ ပြောချင်ရင် ပြော၊ ရန်ဖြစ်ချင်ရင်တော့ မင်းတို့ရဲ့ အရိုးတွေ ဘယ်လောက် မာလဲဆိုတာ အရင် စဉ်းစားထားကြ!”

“ဒါတွေကို ငါတို့ မသိဘူး!”

မိခင်ဖြစ်သူက သားဖြစ်သူကို ကာကွယ်ရင်း၊ အကြွေးမှတ်တမ်းကို ပြန်ယူကြည့်ကာ ပျာယာခတ်နေရှာသည်။

“ငါတို့ မသိဘူး!”

ဖခင်ဖြစ်သူမှာမူ အကြွေးမှတ်တမ်းကို ဆွဲယူကာ လုံးချေပစ်လိုက်ပြီး၊ တစစီ ဆွဲဖြဲလျက် ကြမ်းပြင်ပေါ်သို့ ကြဲချလိုက်တော့သည်။ ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး၊ ပတ်တီးစည်းထားဆဲဖြစ်သော သူ၏ လက်ကိုသာ အသာအယာ ပုတ်ကာ လက်ခုပ်တီးပြလိုက်လေသည်။

“အန်ကယ်...”

ချန်ကျန့် မြေပေါ်က စက္ကူစတွေကို ကြည့်ရင်း ဆိုသည်။

“မိတ္တူတွေကို ဘယ်နှစ်စောင်ပဲ ဆွဲဖြဲဖြဲ အလကားပါပဲဗျာ”

“နင်တို့ သူ့ကို လိမ်ခိုင်းတာ မဟုတ်လား!”

ဖခင်ဖြစ်သူ ချန်ကျန့်အနားသို့ တိုးလာကာ ရင်ဘတ်ကို တွန်းရန် လက်လှမ်းလိုက်သည်။ ချန်ကျန့်က ဘေးသို့ ရှောင်လိုက်ပြီး ထိုသူ၏ နှာခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။

“ကျွန်တော့်ကိုသာ လက်ဖျားနဲ့ ထိကြည့်လိုက်စမ်းပါ။ ဒီည ခင်ဗျား ရဲစခန်းမှာပဲ အိပ်ရလိမ့်မယ်”

ဟူဖန်၏ ဖခင်မှာ သူ့ကို စိုက်ကြည့်ရင်း နှာခေါင်းမှ လေတွေ ဟင်းခနဲ ထွက်လာသော်လည်း ရှေ့သို့တော့ ထပ်မတိုးရဲပါဘူး။ ထိုစဉ် စင်္ကြံလမ်းဘက်မှ ဟူဖန်၏ အော်သံများကို ကြားလိုက်ရသည်။

“လွှတ်စမ်း! နင်တို့ ဘာလုပ်နေကြတာလဲ!”

ဟူ မိသားစုဝင် သုံးဦးစလုံးမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး တံခါးဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ အာဟူက မျက်နှာထား တင်းတင်းနှင့် တံခါးဖွင့်ပေးလိုက်ရာ၊ ဆန်းပင်းက ဟူဖန်၏ လက်မောင်းကို ဆွဲကာ အထဲသို့ ဝင်လာခဲ့သည်။

“လွှတ်စမ်း!”

ဟူဖန်က သူမ၏ လက်မောင်းကို ခါယမ်းနေသည်။ ဤရုန်းကန်မှုမှာ တံခါးမဝင်ခင်က ကြိုတင် တိုက်မထားပုံရသည်။ ဟူဖန်မှာ အင်အား တော်တော် ရှိလှသဖြင့် ဆန်းပင်း၏ လက်မှာ ပြုတ်ထွက်တော့မတတ် ဖြစ်သွားရသည်။ ဤမျှလောက်သော အင်အားနှင့်ဆိုလျှင် ဟူဖန်မှာ တစ်နာရီအတွင်း ရှစ်ခါလောက် ဆန်းပင်းဆီကနေ လွတ်အောင် ပြေးနိုင်မှာ သေချာသည်။ တော်သေးသည်မှာ ဆန်းပင်းက အရှိန်အဟုန်ကို အသုံးချကာ သူမကို ရှေ့သို့ တွန်းပို့ပြီး လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဟူဖန် ရှေ့သို့ ယိုင်ထွက်သွားပြီး၊ ကိုယ်ကို ပြန်ထိန်းကာ မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင်မူ အံ့သြတကြီးနှင့် အော်ဟစ်လိုက်မိသည်။

“အမေ”

ဟူဖန်တစ်ယောက် သူမ၏ မိသားစုကို မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်ရမည်။ ထို “အမေ” ဆိုသည့် စကားလုံး တစ်ခွန်းထဲတွင် ခံစားချက်များစွာ ပါဝင်နေမှန်း ချန်ကျန့် သိလိုက်ရသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် ဟူဖန်၏ မိခင်ကိုယ်တိုင်က ထိုသံယောဇဉ်လေးကို ဖျက်ဆီးပစ်လိုက်တော့သည်။

“နင် ဘာတွေ ဖြစ်နေတာလဲ! နင်ကတော့ တကယ်ကို ပြဿနာရှာတတ်တာပဲ!”

သူမက မြေပေါ်က စက္ကူစတွေကို လက်ညှိုးထိုးပြကာ ခြေဆောင့်ရင်း မေးခွန်းထုတ်တော့သည်။

“နင် ရူးနေတာလား၊ ယွမ် ငါးသောင်းတောင် ချေးရတယ်လို့! နင် သေချင်နေတာလား! နင် သေချင်နေတာလား!”

“ပါး... မား... သမီး တကယ်ကို မတတ်သာလို့ပါ”

ဟူဖန် သူတို့အနားသို့ အမြန် လျှောက်သွားသည်။

“သမီးကို ကယ်ပါဦး....”

ထိုသုံးယောက်စလုံးက တစ်ပြိုင်နက်တည်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။ ချန်ကျန့် ဟူဖန်၏ လက်မောင်းကို လှမ်းဆွဲကာ နောက်သို့ နှစ်လှမ်းခန့် ပြန်ဆွဲထုတ်လိုက်ရလေသည်။

“နင် ဘာတွေ ဖြစ်နေတာလဲ”

ဖခင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ ဆိုသည်။

“အဲ့ဒီလောက် ပိုက်ဆံအများကြီးကို ဘာအတွက် ချေးတာလဲ။ အိမ်ကိုတော့ တစ်ပြားမှ ပို့တာ မဟုတ်ဘူး။ အဲ့ဒီပိုက်ဆံတွေ အကုန်လုံး ဘယ်ရောက်ကုန်တာလဲ”

“သမီး အရေးပေါ် လိုလို့ပါ။ သမီး မကြာခင် ပြန်ဆပ်နိုင်မှာပါ၊ ဒါပေမဲ့ အခုလောလောဆယ်တော့....”

သူမသည် ရှန်ယွီကို တစ်ချက်ကြည့်ပြီးနောက် အဖေဖြစ်သူကို လှမ်းကြည့်သည်။

“ပါး... သမီးကို ကူညီပါဦး၊ သမီး....”

“ဘယ်လို ကူညီရမှာလဲ! ဘယ်လို ကူညီရမှာလဲ!”

အဖေဖြစ်သူက ဟိန်းဟောက်လိုက်သည်။

“နင်က အိမ်ကို ပစ်ပြီး ထွက်ပြေးသွားတာလေ! နင့်မားမားက ဖျားနေတယ်! နင့်မောင်က ကျောင်းတက်နေတယ်! နင်ကတော့ ဘာကိုမှ ဂရုမစိုက်ဘူး၊ ငါတို့ နင့်ကို ရှာလို့တောင် မရဘူး! အခုကျမှ ပိုက်ဆံတွေ ချေးပြီး ငါတို့ကို လာဆပ်ခိုင်းနေတာလား! နင်....”

“ပါးစပ်ပိတ်စမ်း!”

ချန်ကျန့်လည်း မနေနိုင်ဘဲ လိုက်အော်လိုက်တော့သည်။

“ဒီမှာ လာပြီး ဟိန်းဟောက်နေရအောင် ခင်ဗျားက ဘာမို့လို့လဲ! နောက်တစ်ခွန်းသာ ထပ်ပြောကြည့်စမ်းပါဦး!”

ထိုအော်သံကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ရှန်ယွီပင်လျှင် ခေါင်းလှည့်ကာ လှမ်းကြည့်လာရလေသည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါ ဟူဖန်၏ အမေမှာ ခေါင်းငုံ့ကာ ငိုကြွေးတော့သည်။ မောင်ဖြစ်သူက အမေ့ပုခုံးကို ဖက်ကာ တိုးတိုးလေး နှစ်သိမ့်ပေးနေရှာသည်။

“မူလကတော့...”

ရှန်ယွီက စကားစလိုက်သည်။

“ငါက သူ့ကို ဒီမှာပဲ အလုပ်လုပ်ခိုင်းပြီး အကြွေးဆပ်ခိုင်းမလို့ပဲ။ အကြွေးကျေရင်တော့ သူ ကြိုက်တဲ့အချိန် ထွက်သွားလို့ ရတာပေါ့။ အခုတော့ သူ့မိသားစု ရောက်နေပြီဆိုတော့၊ မိဘတွေ အနေနဲ့....”

“ကျွန်တော်တို့မှာ သူ့အတွက် ဆပ်ပေးဖို့ ပိုက်ဆံမရှိဘူး!”

အဖေဖြစ်သူက ရှန်ယွီ၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

“ငါတို့ကို လာပြီး ငွေညှစ်ဖို့ မကြိုးစားနဲ့! သူ အဲ့ဒီပိုက်ဆံတွေကို ဘာအတွက် သုံးခဲ့လဲဆိုတာ ငါတို့ မသိဘူး။ အိမ်ကိုလည်း ပိုက်ဆံမပေးတာ တစ်နှစ်ကျော်နေပြီ။ ဒီပိုက်ဆံတွေက ဘာလဲဆိုတာ ငါတို့ လုံးဝ မသိဘူး”

“မင်းတို့ သိတာ မသိတာ ငါ ဂရုမစိုက်ဘူး”

ရှန်ယွီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“သမီးရယ်...”

အမေဖြစ်သူက ဟူဖန်ကို မော့ကြည့်ရင်း ငိုယိုကာ ဆိုသည်။

“နင်က တကယ်ကို.... နင် ကလေး မဟုတ်တော့ဘူးလေ။ ကိုယ်လုပ်တာ ကိုယ် တာဝန်ယူရမှာပေါ့။ အဲ့ဒီပိုက်ဆံတွေကို မြန်မြန် ပြန်ဆပ်လိုက်ပါ”

“သမီးက ဘယ်လိုလုပ် ဆပ်ရမှာလဲ! သမီး ဘယ်လိုလုပ် ဆပ်ရမှာလဲ! သမီး အိမ်ကို ပိုက်ဆံတွေ အများကြီး ပို့ခဲ့တာလေ။ အဲ့ဒါတွေ အကုန် ဘယ်ရောက်ကုန်တာလဲ! အဖေတို့ကို ယွမ် ငါးသောင်း ပေးပါလို့ မပြောပါဘူး။ အနည်းဆုံး သုံးသောင်းလောက်တော့ ရှိသင့်တာ မဟုတ်ဘူးလား၊ သမီးကို ကူညီဖို့အတွက်လေ”

“နင်ကတော့ တကယ်ကို အလိုက်မသိတတ်ဘူး၊ တကယ်ကို အလိုက်မသိတာပဲ”

အဖေဖြစ်သူက ခေါင်းခါရင်း ဆိုလိုက်သည်။ ထိုသုံးယောက်စလုံးမှာ လောင်ဝူ ကင်းစောင့်နေသော အနောက်တံခါးဘက်သို့ စတင် လျှောက်သွားကြတော့သည်။

“ထွက်သွားမလို့လား”

ရှန်ယွီ၏ လေသံမှာ အေးစက်သွားတော့သည်။

“ငါတို့က ချေးထားတာမှ မဟုတ်တာ။ ဘာလို့ ထွက်သွားလို့ မရရမှာလဲ”

အမေဖြစ်သူက တိုးတိုးလေး ဆိုသည်။

“ရှင်တို့က ကျွန်တော်တို့ကို တရားမဝင် ထိန်းသိမ်းထားမလို့လား”

မောင်ဖြစ်သူက ရှန်ယွီကို ကြည့်ကာ ဝင်ပြော၏။

“ကျွန်တော်တို့ အခုပဲ ရဲခေါ်လိုက်မယ်နော်!”

“ခေါ်လေ”

ရှန်ယွီက မောင်ဖြစ်သူကို စိုက်ကြည့်ရင်း ဆိုသည်။

“ဒီမှာ လာပြီး ပြဿနာရှာတယ်။ အကြွေးလည်း မဆပ်ဘူး။ မင်းတို့ မခေါ်ရင် ငါကိုယ်တိုင် ခေါ်ပေးမယ်”

“ပြဿနာ မရှာပါနဲ့တော့၊ မင်းအစ်မကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့”

အမေဖြစ်သူက သားဖြစ်သူကို ရိုက်ကာ တံခါးဘက်သို့ တွန်းပို့လိုက်သည်။

“သမီး... နည်းနည်းလေးတော့ အသိတရား ရှိပါဦး။ အဲ့ဒီပိုက်ဆံတွေကို မြန်မြန် ဆပ်လိုက်နော်...”

“အမေ!”

ဟူဖန် လှမ်းအော်လိုက်သည်။

လီဗာကို အဆုံးထိ ဆွဲလိုက်သလိုမျိုး ထိုသုံးယောက်စလုံးမှာ တစ်ပြိုင်နက်တည်း ခြေလှမ်းတွေ မြန်လာပြီး တံခါးပြင်ကို အတင်း တိုးထွက်သွားကြတော့သည်။ လောင်ဝူက ရှန်ယွီကို လှမ်းကြည့်သည်။ ရှန်ယွီကတော့ ငြိမ်သက်စွာ ထိုင်နေရင်း လက်ယမ်းပြရုံသာ ပြလိုက်သည်။ ထို့ကြောင့် လောင်ဝူကလည်း သူတို့ကို မတားတော့ပါဘူး။

“သူက အိမ်လိပ်စာ ထားခဲ့ပြီးသားနော်”

ရှန်ယွီက သူတို့ တံခါးအပြင် ရောက်ခါနီးတွင် ထပ်မံ လှမ်းပြောလိုက်သည်။

“တကယ်လို့ သူသာ အကြွေးမဆပ်နိုင်ရင်တော့၊ တရားရုံးက ဆင့်ခေါ်စာက အိမ်ကို ရောက်လာမှာပဲ။ ရောက်လာရင်တော့ သူ့ဆီကို လာပေးဖို့ မမေ့နဲ့ဦးနော်”

ဟူ မိသားစုဝင် တစ်ယောက်မှ ပြန်မပြောတော့ပါဘူး။ သူတို့သည် တိတ်ဆိတ်စွာပင် တံခါးအပြင်ဘက်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့၏။ သူတို့ ဝင်ခဲ့သည့် ပန်းခြံဘက်ကိုတောင် ပြန်မသွားတော့ဘဲ နောက်ဖေးတံခါးကနေ တိုက်ရိုက် ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ တည်းခိုခန်းမှာ နောက်ထပ် တစ်စက္ကန့်လောက် ထပ်နေခဲ့ရင် ဟူဖန်နှင့် ပတ်သက်မိသွားမှာကို သူတို့ တကယ် ကြောက်နေကြပုံရသည်။

အစည်းအဝေးခန်းထဲမှာတော့ အလွန်ပင် တိတ်ဆိတ်နေလေသည်။ ဘယ်သူမှ စကားမပြောကြပါဘူး။ ခဏအကြာတွင်မှ ဟူဖန်က

“အားလုံးကို ကျေးဇူးတင်ပါတယ်”

ရှန်ယွီ ထရပ်လိုက်သည်။

“မင်း ငါ့ကို ယွမ် ငါးသောင်း အကြွေးတင်နေပြီနော်။ ငါ့ဆီမှာ မူရင်းစာရွက် ရှိတယ်”

“အတိုးကော ရှိလား”

ဟူဖန် ပြုံးလိုက်သော်လည်း၊ အပြုံးမပီခင်မှာပင် သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

“မငိုပါနဲ့ ဖန်ဖန်ရယ်။ အခုဆို အဆင်ပြေသွားပါပြီ”

ချန်ကျန့်က သူမ၏ လက်မောင်းကို အမြန် ပုတ်ပေးလိုက်သည်။

“ဘော့စ်ရှန်... အား....”

ဟူဖန် အော်ငိုရင်း ရှန်ယွီ့ဆီ လျှောက်သွားကာ ခေါင်းကို နောက်သို့ လှန်လျက်၊ သူမ၏ လက်မောင်းများကို ဖြန့်ကာ ရှန်ယွီကို သွားဖက်လိုက်တော့သည်။

“အား။ ဘော့စ်ရှန်။”

“ဟေး...”

ရှန်ယွီမှာ ရုတ်တရက် ပျာယာခတ်သွားပြီး သူ၏ မြှောက်ထားသော လက်တွေကို ဘယ်မှာ ထားရမှန်း မသိဘဲ ဖြစ်နေရှာသည်။

“ခဏနေရင် မူရင်းစာရွက်ကို ငါ ဆွဲဖြဲပစ်လိုက်ပါ့မယ်”

“သမီး အခုမှ အရာရာကို ရှင်းရှင်းလင်းလင်း မြင်တော့တယ် ။ အား….”

ဟူဖန်က အသံကုန် အော်ငိုနေသည်။

“သမီးက အခုကစပြီး မိဘမဲ့ ဖြစ်သွားပြီပေါ့....”

“အခုကစပြီး ငါက မင်းရဲ့...”

ရှန်ယွီမှာ မိန်းကလေးတွေကို ချော့မြူရသည့် အတွေ့အကြုံ လုံးဝ မရှိပါဘူး။ သူ ဘာလုပ်ရမှန်း မသိဘဲ စကားတွေပင် ထစ်ငေါ့ကုန်တော့သည်။

“ဟင်။”

ချန်ကျန့်က ဝင်ပြောလိုက်သည်။ ရှန်ယွီတစ်ယောက် “အခုကစပြီး ငါက မင်းရဲ့ အဖေပေါ့” ဟု ပြောလိုက်မှာကို သူ အချိန်မီ တားဆီးလိုက်ခြင်း ဖြစ်သည်။

“သူတို့တွေ ထွက်သွားကြပြီ”

ဆွန်နာနာသည် စင်္ကြံလမ်းအတိုင်း သူမ၏ ဒေါက်ဖိနပ်လေးနှင့် အပြေးလေး ရောက်လာခဲ့သည်။

“သူတို့က ကားနဲ့ လာတာလေ၊ လမ်းဘေးမှာ ရပ်ထားခဲ့တာ။ သူတို့ မိသားစုမှာ တစ်ခုခု အခက်အခဲ ရှိနေသလားလို့တောင် ကျွန်မ ထင်နေတာ.... အို... ကလေးလေးရယ်၊ ဘာလို့ အဲ့ဒီလောက် ငိုနေရတာလဲ...”

ဇာတ်လမ်း၏ ဒုတိယမြောက် အမျိုးသမီး ဇာတ်ဆောင် ပေါ်လာသည့် အခါတွင်တော့ အမျိုးသားတစ်စုလုံးမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြပြီး အားလုံးက ဆွန်နာနာကို လှမ်းကြည့်လိုက်ကြသည်။

“လာ... လာ... လာ...”

ဆွန်နာနာက သူမ၏ ဆံပင်ကို တစ်ချက် သပ်လိုက်ရင်း၊ ရှန်ယွီ့ထံမှ ဟူဖန်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။

“မမကြီး ရဲ့ ရင်ခွင်ထဲ လာခဲ့။ သူတို့ အကုန် ထွက်သွားကြပြီ။ မင်းက အခုကစပြီး လွတ်လပ်သွားပြီလေ။ မင်းက တကယ့်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သွားပြီ....”

“ကောင်းပြီလေ”

ရှန်ယွီ အစည်းအဝေးခန်းထဲကနေ ထွက်လာခဲ့သည်။

“ဇာတ်လမ်း ပြီးပါပြီ။ အားလုံး တော်ကြပါတယ်”

ချန်ကျန့် သူ့နောက်က လိုက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်း ခုနက ဘာပြောမလို့လဲ”

“ဘယ်အပိုင်းလဲ”

ရှန်ယွီ ပြုံးပြသည်။

“အခုကစပြီး မင်းက သူ့ရဲ့ ဘာဖြစ်မယ်လို့ ပြောမလို့လဲ”

“ငါက သူ့ရဲ့ အစ်ကိုဖြစ်မယ်လို့ ပြောမလို့လေ”

ရှန်ယွီက ဆိုသည်။

“တောက်!”

ချန်ကျန့် ရယ်မောလိုက်မိသည်။

“မင်းက ‘အခုကစပြီး ငါက မင်းရဲ့ အဖေ’ လို့ ပြောတော့မလို့ ထင်နေတာ”

“ငါက အသက် ၂၆ ပဲ ရှိသေးတာလေ”

“တစ်ယောက်ယောက်ရဲ့ အဖေ လုပ်ဖို့အတွက် ဒီလောက်အထိ မြင့်မားတဲ့ အသိတရားမျိုး ငါ့မှာ ဘယ်ကနေ ရမှာလဲ”

“တော်တော်လေးကို နှိမ့်ချတတ်တာပဲ”

ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။

“ဘော့စ်ရှန်”

ဆွန်နာနာ သူတို့နောက်ကနေ လိုက်လာခဲ့သည်။

“ဟင်”

ရှန်ယွီ ခြေလှမ်းရပ်ကာ လှည့်ကြည့်သည်။

“ဖန်ဖန် ကတော့ အဆင်ပြေသွားပါပြီ”

ဆွန်နာနာက နံရံကို လက်တစ်ဖက်နှင့် မှီရင်း၊ ကျန်လက်တစ်ဖက်နှင့် သူမ၏ မျက်နှာကို ယပ်ခတ်ရင်း ဆိုသည်။

“တစ်ခုလောက် ကြိုပြီး အတည်ပြုချင်လို့ပါ။ တာယွင် က နှစ်သစ်ကူးမှာ ဆိုင်ဖွင့်မှာလား”

“နှစ်သစ်ကူးဖို့က နောက်ထပ် နှစ်လတောင် လိုသေးတာပဲကို”

ရှန်ယွီက ဆိုသည်။

“ဖန်ဖန် ကတော့ သွားစရာ နေရာမရှိတာ သေချာပြီလေ။ ကျွန်မလည်း နှစ်သစ်ကူးမှာ သွားစရာ နေရာ ရှိမှာ မဟုတ်ဘူး ထင်တယ်”

“ဆိုင်ဖွင့်ဖွင့် မဖွင့်ဖွင့်၊ မင်းတို့ အားလုံး ဒီမှာပဲ နေလို့ ရပါတယ်”

ရှန်ယွီက ဆိုသည်။

“အလုပ်လုပ်ချင်ရင်တော့ လစာ သုံးဆ ပေးမယ်။ အလုပ်မလုပ်ချင်ရင်တော့လည်း တံခါးပိတ်ပြီး အိပ်ကြတာပေါ့”

“အိုကေ”

ဆွန်နာနာ လက်ဖျောက်တစ်ချက် တီးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

နှစ်သစ်ကူးဖို့က နောက်ထပ် နှစ်လတောင် လိုသေးသည်လေ။ ပြောသာပြောရသည်၊ နှစ်သစ်ကူးက ရောက်တော့မည်ဟု ဆိုလျှင်လည်း ရပါသည်။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ပြန်လည် ဆုံစည်းကြမည့် အချိန်၊ အိမ်တွေကို လှလှပပ ပြင်ဆင်ပြီး နွေဦးသစ်ကို ကြိုဆိုကြမည့် အချိန်ပေါ့။ အထူးသဖြင့် ဟူဖန်၏ မိသားစုကိစ္စပြီးနောက် ချန်ကျန့်၏ ရင်ထဲတွင် အိမ်နှင့် မိသားစုအပေါ် ထူးဆန်းပြီး ပြင်းပြလှသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ လွမ်းဆွတ်မှုလား သို့မဟုတ် တောင့်တမှုလား သူ မဝေခွဲတတ်တော့ပါဘူး။

သူ ရှန်ယွီကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

“ဘာပြောမလို့လဲ”

ရှန်ယွီကလည်း သူ့ကို လှမ်းကြည့်သည်။

“နှစ်သစ်ကူးရင် အိမ်ပြန်မှာလား”

ချန်ကျန့်က မေးလိုက်သည်။

“...မသိသေးဘူး။ မင်းကော”

ရှန်ယွီ အနားရှိ ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး အပြင်က ပန်းခြံကို လှမ်းကြည့်နေသည်။

“မင်းက ပုံမှန်ဆိုရင် နှစ်သစ်ကူးကို ဘယ်လို ဖြတ်သန်းလေ့ ရှိလဲ”

“တစ်ခါတစ်လေတော့လည်း အလုပ်သွားလုပ်တာပေါ့။ အဖေလည်း အတူတူပါပဲ။ နှစ်သစ်ကူးမှာဆိုရင် လူမလောက်တာ များတယ်လေ။ အဆင်ပြေမယ့် အလုပ် ရှာမတွေ့ရင်တော့ မြို့ပေါ်သွားမယ်၊ ဒါမှမဟုတ် မြို့ဟောင်းမှာပေါ့”

ချန်ကျန့်က ဆိုသည်။

“အဖေ ဘယ်မှာ ရှိလဲ၊ အဲ့ဒီမှာပဲ နှစ်ရက် သုံးရက်လောက် သွားနေဖြစ်တာ များပါတယ်”

“ရှောင်သိုအာ တို့ အိမ်မှာ ရှိနေမယ် ထင်တာ”

“သူတို့ကတော့ အမြဲတမ်း နေဖို့ ခေါ်ကြပါတယ်၊ ဒါပေမဲ့ ရှောင်သိုအာ ရဲ့ မိဘတွေ ပြန်လာတဲ့ အခါကျရင်တော့ အိမ်က နည်းနည်း ကျဉ်းသွားတာလေ။ ကျွန်တော်ပါ အဲ့ဒီမှာ သွားနေဖို့ကတော့ သိပ်ပြီး မသင့်တော်ပါဘူး”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ လက်မြှောက်ကာ ချန်ကျန့်၏ ပုခုံးကို အသာအယာ နှစ်ချက် သုံးချက် ညှစ်ပေးလိုက်သည်။

“မင်းကော ဘယ်လိုလဲ”

ချန်ကျန့်က ထပ်မေးပြန်သည်။

“အခြေအနေ ကြည့်ရမှာပေါ့”

ချန်ကျန့် ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်မိသည်။

“မင်း အိမ်မပြန်တာ နှစ်အတော်ကြာပြီ မဟုတ်လား။ ထွက်လာကတည်းက ဘာလို့ တစ်ခါမှ ပြန်မသွားတာလဲ”
____________________________________________________________

Comments

  1. အာဟူရဲ့ ဒုတိယအိမ်လေးက နွေးထွေးလိုက်တာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...