Skip to main content

66








အပိုင်း (၆၆)

သည်မေးခွန်းမှာ ရှန်ယွီအတွက် ဖြေရခက်သော မေးခွန်းတစ်ခုဖြစ်၏။

အဖြေမရှိ၍တော့ မဟုတ်ပါ။ သို့သော် အဖြေမှာ ပြင်ပလူတစ်ယောက်၏ အမြင်တွင်တော့.... မဟုတ်သေးပါ၊ ချန်ကျန့်ကို ပြင်ပလူဟု သတ်မှတ်၍ မရတော့ပါ။ သူက ပြင်ပလူ မဟုတ်တော့ပါ....။ ချန်ကျန့်၏ စရိုက်မှာ ဘောင်ကျော်မည်ကို အမြဲသတိထားတတ်သူ ဖြစ်သည်။ ယခုအခါ စဉ်းစားနေရုံမျှနှင့်ပင် အလွန်သတိထားနေမိသည်။ ချန်ကျန့်မှာ အတွင်းလူ ဖြစ်နေပြီ၊ ဘာဘောင်မှ မကျော်ခဲ့ပါဘူး။ ရှန်ယွီ ဤသို့တွေးမိသည့်အခါ မိမိကိုယ်ကို အရူးတစ်ယောက်လို ခံစားရပြီး မရယ်ဘဲ မနေနိုင်တော့ချေ။

“ဟင်။” ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရှန်ယွီ ပြုံးလိုက်သည်။

အဓိကမှာ အဖြေသည် လူအတော်များများအတွက် နားလည်ရ ခက်ခဲနိုင်သောကြောင့် ဖြစ်သည်။ ထိုအခြေအနေအထိ မရောက်သေးပါဘူး။ ထိုမျှ မပြင်းထန်ပါဘူးဟု သူတို့ ထင်ကြလိမ့်မည်။ ရှန်ယွီက မိဘများကို တွေ့ရန် မျက်နှာမပြရဲရုံသာ။ မျက်နှာပြစရာလုပ်ရပ်မရှိခဲ့သည်မှာလည်း နှစ်အတော်ကြာခဲ့ပြီ၊ ယခု ထောင်ကျခဲ့သည့် နှစ်အနည်းငယ်ကြောင့်တင် မဟုတ်ပါဘူး။ ထောင်မကျခင်ကတည်းက ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သူ မဟုတ်ချေ။ ပညာမသင်၊ ရည်မှန်းချက်မရှိ၊ သေမည့်ရက်ကိုသာ ထိုင်စောင့်နေပြီး မည်သို့မျှ ပြန်မတက်နိုင်သည့် ရွှံ့ညွန်ထဲက ဘဝမျိုးပေါ့။ ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်များ၊ သိကျွမ်းသူများ၏ အကြည့်များမှာ ထိုသို့သော ဝေဝါးခဲ့သည့် နေ့ရက်များ၏ သက်သေပင် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူ၏မိဘများက သူ့အပေါ်တွင် အမှန်တကယ်ပင် မျှော်လင့်ချက် မရှိတော့၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုနှစ်များအတွင်း သူ့ကို လစ်ဟင်းခဲ့မိသည့်အတွက် နောင်တရနေ၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီးနောက် လက်လျှော့လိုက်၍လည်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော သူ့အား ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်ပြင်းထန်လှသော ထိုလူနှစ်ဦးမှာ အတိုင်းအဆမရှိ သည်းခံလာကြတော့သည်။ ထိုသို့ ဖြစ်လေလေ၊ သူသည် မိဘများကို ရင်ဆိုင်ရန် ပို၍ ကြောက်ရွံ့လေလေ ဖြစ်လာခဲ့သည်။

ဒါပေမဲ့ မင်းမိဘတွေက မင်းကို ချစ်တာပဲ။ မင်း ဘယ်လိုပဲဖြစ်နေပါစေ သူတို့က သည်းခံပေးနေတာပဲလေ။ မင်းသာ ပြန်သွားတွေ့ရင် သူတို့ တအား ပျော်ကြမှာပေါ့။

တကယ်ရော ဟုတ်ရဲ့လား။ နှစ်ရှည်လများ စိတ်ပျက်ခဲ့ရမှုနှင့် စိုးရိမ်ခဲ့ရမှုများကို အလွယ်တကူ ဖျက်ပစ်နိုင်ပါ့မလား။ ၎င်းမှာ မျှော်လင့်ချက် ကင်းမဲ့နေသော သည်းခံမှုတစ်ခုထက် ဘာမှ ပိုမည်မဟုတ်ပါဘူး။

“ဘယ်လို ပြောရမလဲ ငါ မသိဘူး” ရှန်ယွီ ပြတင်းပေါက် အပြင်ဘက်က နေရောင်ခြည်ကို ငေးကြည့်ရင်း၊ လောကကြီးကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများကို ခံစားရန် မျက်လုံးမှိတ်ထားလိုက်သည်။

“ငါ့အပေါ် လုံးဝ စိတ်ပျက်သွားလို့ ဘာမျှော်လင့်ချက်မှ မထားတော့တဲ့ မိသားစုဝင် နှစ်ယောက်ကို ငါ မရင်ဆိုင်ရဲလို့ပါပဲ။ ထောင်မကျခင် နှစ်နှစ်လောက်ကတည်းက သူတို့ကို ငါ မတွေ့ခဲ့ဘူးလေ၊ အခုဆိုရင်တော့ ပိုတောင်....”

“မင်း ဒီထက်ပိုပြီး အချိန်ဆွဲလေ၊ ရင်ဆိုင်ဖို့ ပိုခက်လေပဲ။ မင်းကိုယ်တိုင်က တကယ်ကြီး ဂရုမစိုက်တာဆိုရင်တော့ တစ်မျိုးပေါ့၊ မဟုတ်ရင်တော့ ဒါက တစ်သက်လုံး မင်းရဲ့ ရင်ထဲမှာ စူးနေမယ့် ဆူးတစ်ချောင်း ဖြစ်နေမှာပဲ”

ရှန်ယွီ မျက်လုံးဖွင့်ကာ ချန်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ချန်ကျန့်မှာ “မင်းပြန်သွားရင် သူတို့ ပျော်မှာပါ” ဟူသော ရှုထောင့်မှ သူ့ကို လာရောက် ဖျောင်းဖျခြင်း မပြုသည့် ပထမဆုံးသော လူပင် ဖြစ်သည်။

“ငါ အမြဲတမ်း ခံစားရတာကလေ... မင်းက ဘယ်လောက်ပဲ ပျင်းသလိုမျိုး ဟန်ဆောင်နေပါစေ၊ လူတွေကိုတော့ စိတ်အေးလက်အေး ဖြစ်စေတယ်။ဘာလို့လဲဆိုတော့ မင်းက ဘာနဲ့ပဲ ကြုံကြုံ ဘယ်တော့မှ ထွက်မပြေးလို့ပဲ။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ မင်း ရှိနေရင် အဲ့ဒီကိစ္စက ပြေလည်သွားတာပဲ မဟုတ်လား”

“ဒါက ငါတို့ ကြုံနေကျ သာမန် ကိစ္စမျိုးမှ မဟုတ်တာ”

“ကြာလေ ရင်ဆိုင်ဖို့ ခက်လေပဲ။ သူတို့ သေသွားတဲ့ အခါကျရင်တော့ မင်းမှာ အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး”

ရှန်ယွီ မျက်ခုံးပင့်လိုက်သော်လည်း ဘာမှ မပြောပါဘူး။

“ကျွန်တော် ဆိုလိုတာက အဲ့ဒီလို မဟုတ်ပါဘူး!” ချန်ကျန့် ချက်ချင်း သတိဝင်လာပြီး ပျာယာခတ်ကာ ရှင်းပြသည်။

“အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး....”

“ငါ သိပါတယ်”

“ကျွန်တော်... ကျွန်တော့် ရင်ထဲရှိတာကို ပြောလိုက်မိတာပါ၊ အဓိကက သေတာ ရှင်တာကို ပြောချင်တာ မဟုတ်ဘူးဆိုတာ မင်း သိတယ် မဟုတ်လား” ချန်ကျန့် သူ့ကို စိုက်ကြည့်ရင်း မေးသည်။

“သိပါတယ်။ မင်းပြောတာလည်း မှန်နေတာပဲလေ”

“ကျွန်တော် နည်းနည်း ဘောင်ကျော်သွားတယ် ထင်တယ်”

ချန်ကျန့် အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ဆိုလိုက်သည်။

“မင်း အဲ့ဒီလိုမျိုး နည်းနည်းလောက် ပိုပြီး ဘောင်ကျော်တာကိုပဲ ငါက သဘောကျတာ”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ရှန်ယွီ သူ့ကို လှမ်းဖက်လိုက်သည်။ ချန်ကျန့် နှစ်စက္ကန့်ခန့် တန့်သွားပြီးမှ သူ၏ လက်မောင်းများကို ရှန်ယွီ၏ ခါးသို့ ပတ်ကာ ပြန်လည် ဖက်တွယ်လိုက်တော့သည်။ သူသည် ရှန်ယွီ၏ ကျောကုန်းကို အသာအယာ ပုတ်ပေးနေမိသည်။

ဟူဖန်သည် မျက်နှာသုတ်ရင်း အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။ သူမသည် ဤဘက်သို့ လှမ်းကြည့်လိုက်သည့် အခိုက်အတန့်တွင် ခြေလှမ်းများ ရပ်တန့်သွားရသည်။ သူမ၏ Afro ဆံပင်ကြီးမှာ အရင်ကထက် ပို၍ ပွတက်သွားသလို ရှန်ယွီ ခံစားလိုက်ရသည်။ ရှန်ယွီသည် ချန်ကျန့်ကို မလွှတ်ဘဲ ထိုအတိုင်းပင် ဖက်ထားဆဲ ဖြစ်သည်။ ရှန်ယွီ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်ကာ ဟူဖန်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ဟူဖန် အစည်းအဝေးခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ၊ အာဟူတို့ လူစု နောက်မှ လိုက်လာကြသည်ကို တွေ့ရသည်။ ရှန်ယွီ ချန်ကျန့်ကို လွှတ်ပေးလိုက်သည်။ ဟူဖန် အမြန်ဆုံး ခြေလှမ်းဖြင့် ရှေ့ခန်းဘက်သို့ လျှောက်သွားတော့သည်။ ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ စင်္ကြံလမ်းတွင် ဆန်းပင်းနှင့် အာဟူတို့ အားရပါးရ စကားပြောရင်း ဖြတ်သွားသည်ကို တွေ့လိုက်ရလေသည်။

“ဟာ! သီသီလေးပဲ”

ချန်ကျန့် တကယ်လန့်ဖြန့်သွားရသည်။

“အင်း” ရှန်ယွီ ပြုံးလိုက်သည်။

“ဟို မင်း မနေ့ညက ပို့တဲ့ ပုံလေ....ဘယ်နေရာကို ရိုက်ချရမှာလဲ။ တစ်နေ့နေ့တော့ တကယ် အသုံးဝင်မှာပဲ”

ရှန်ယွီ လက်မြှောက်ကာ သူ၏ လည်ပင်းကို စမ်းရန် ပြင်ပြီးမှ၊ ပြန်ချလိုက်ပြီး မိမိ၏ လည်ပင်းကိုပင် ပြန်ညွှန်ပြသည် ။

“ဒီနေရာလေ”

“မင်းရဲ့ တက်တူးကလေ....”

ချန်ကျန့်၏ အကြည့်များက ရှန်ယွီ၏ လည်ပင်းက အမည်းရောင် မျဉ်းလေးများဆီသို့ ရောက်သွားသည်။

“ထူးခြားတဲ့ အဓိပ္ပာယ် ရှိလို့လား”

“အထာကျဖို့လေ”

“အာ…”

ရှန်ယွီ့ အဖြေကလည်း သိသာလွန်းလှသည် မဟုတ်ပါလား။

“ဒါပေမဲ့ ဘာလို့ လိပ်ပြာဖဲပြား ပုံစံလဲ၊ ပင့်ကူတို့ ဘာတို့ မဟုတ်ဘဲနဲ့လေ။ ပုံမှန်ဆိုရင် ကြောက်စရာကောင်းတဲ့ ပုံတွေ ထိုးကြတာ မဟုတ်လား”

“ငါက လူတွေကို ကြောက်အောင်လုပ်ဖို့ ဒါမျိုးတွေကို အားကိုးဖို့ လိုလို့လား”

“အဲ့ဒါလည်း ဟုတ်သားပဲ”

“ပြီးတော့ လိပ်ပြာဖဲပြားလေးက ချစ်ဖို့ကောင်းတယ်လေ”

ရှန်ယွီ့ အပြောကြောင့် ချန်ကျန့် ရယ်မောလိုက်မိသည်။

“ကဲ... သွားတော့လေ၊ အလုပ်လုပ်တော့”

ရှန်ယွီ ကိုယ်ကို ဆန့်လိုက်ပြီး လှေကားဘက်သို့ လျှောက်သွားသည်။

“ငါ ခဏလောက် အနားယူလိုက်ဦးမယ်။ ညကျရင် ယွဲ့လန်တို့က ငါ့ကို မီးပုံပွဲဆီ အတင်း ခေါ်သွားကြမှာ သေချာတယ်”

“ခုနက မင်းပြောတဲ့ နှစ်သစ်ကူး ကိစ္စလေ... ဆိုင်ဖွင့်ဖွင့် မဖွင့်ဖွင့် တကယ်ပဲ အဆင်ပြေလို့လား” ချန်ကျန့်က သူ၏နောက်မှ လိုက်ရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“နှစ်သစ်ကူးမှာ ခရီးသည်တွေ အများကြီး လာမှာလေ....”

“ဟိုနှစ်ယောက်သာ ဒီမှာ နှစ်သစ်ကူးမယ်ဆိုရင် သူတို့ ဆိုင်မဖွင့်ဘဲ နေပါ့မလား”

ချန်ကျန့် ခဏမျှ မှင်သက်သွားရသည် ။

“အာ!”

“သူတို့ ဘယ်လိုပဲ ပြောပြော ဆိုင်ကတော့ ဖွင့်မှာပါပဲ။ ဒါပေမဲ့ ငါကတော့ စကားကို ကောင်းအောင် ပြောထားရတာပေါ့။ ငါတို့ အရင်းရှင်တွေက သရုပ်ဆောင် တအား တော်ကြတာလေ”

“တကယ်လို့ သူတို့က တကယ် မဖွင့်ဘဲ နားချင်တယ် ဆိုရင်ကော”

“ဒါဆိုလည်း နားကြတာပေါ့။ နှစ်သစ်ကူး မတိုင်ခင်မှာတင် ငါတို့ အများကြီး ရှာထားပြီးပြီပဲဟာ”

“မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကော ပြန်ရပြီလား”

“မရသေးပါဘူး။ ဘာတွေ လောနေတာလဲ။ ဒေဝါလီခံရရင်လည်း ငါ မင်းတို့ အားလုံးကို ခေါ်ပြီး လမ်းပေါ်မှာ လူလိုက်လုမှာပေါ့”

“မလုပ်ပါနဲ့ဗျာ!ဒါက တရားမဝင်ဘူးလေ”

ရှန်ယွီ ရယ်မောလိုက်သည် ။

“ဒါဆို ဘယ်လိုလုပ်ကြမလဲ”

“အားလုံး အတူတူ ထွက်ပြီး တောင်းစားတာကမှ ပိုကောင်းဦးမယ်”

“ကောင်းကောင်းမွန်မွန်လေးပဲ ပြောကြစမ်းပါ!”

ဧည့်ကြိုကောင်တာက ဟူဖန်က သူတို့ စကားတွေကို ကြားသွားသဖြင့် လှမ်းအော်သည်။

“တစ်ယောက်က ဘော့စ်၊ နောက်တစ်ယောက်က မန်နေဂျာ ဖြစ်ပြီးတော့.... ပြီးတော့ တောင်းစားရင်ကော ဘော့စ် လိုသေးလို့လား။ ရလာတာတွေကို သူ့ဆီ သွားအပ်ရမှာလား”

“အဲ့ဒါလည်း လိုတာပဲလေ။ ပရော်ဖက်ရှင်နယ် တောင်းစားမယ်ဆိုရင် လုံခြုံရေး ပေးနိုင်တဲ့ အဖွဲ့တစ်ခုတော့ လိုတာပေါ့ ။သူတို့မှာလည်း နယ်မြေတွေ ဘာတွေ ရှိဦးမှာလေ....”

“ဘာတွေ လျှောက်ပြောနေကြတာလဲ!”

ဟူဖန်က ဝင်ပြောသော ဆန်းပင်းကို အော်ဟစ်လိုက်သည်။

“ဒါဆိုရင်တော့ ငါ နင်တို့ အားလုံးကို ခေါ်သွားမှာပေါ့”

“ဒါဆို ငါတို့တွေ နည်းနည်းတော့ လေ့ကျင့်ထားရမှာပေါ့....”

လောင်ဝူက ဆန်းပင်းကို ကြည့်ကာ ဆိုသည်။

“ငါ့ကို ဘာလို့ ကြည့်တာလဲ။ မင်းလည်း ငါ့ထက် သိပ်မသာပါဘူး” ဆန်းပင်းက ပြန်ပြောသည်။

“ပါးစပ်တွေ ပိတ်ထားကြစမ်းပါတော့”

ဟူဖန် လက်ယမ်းပြကာ ဟန့်လိုက်ရတော့သည်။ ဖြစ်နိုင်သည်မှာ သူမသည် အားကိုးရာမဲ့လှသော မိဘများကို မောင်းထုတ်လိုက်နိုင်၍ ဖြစ်နိုင်သည်၊ သို့မဟုတ် ယခုအခါ တာယွင် မှာ သူမ၏ အိမ်ဖြစ်သွားပြီဟု ခံယူထား၍လည်း ဖြစ်နိုင်ပါသည်။ ယနေ့ ဟူဖန်မှာ အလုပ်လုပ်ရာတွင် တော်တော်လေး တက်ကြွနေလေသည်။

ဒီနေ့ အလုပ်တွေ တအား များလှသည်မှာ အမှန်ပင်။ အားလပ်ရက် အရှည်တုန်းကတောင် ဤမျှလောက်အထိ ခရီးသည် မများခဲ့ပါဘူး။ နေ့လယ်ပိုင်းတွင် နေရာတကာမှာ လူတွေချည်းပဲဟု ချန်ကျန့် ခံစားလိုက်ရသည်။ ကဖေးဆိုင်တွင်လည်း လူတွေ ပြည့်နေလေသည်။ ဟူဖန် တစ်ယောက်တည်းနှင့် မနိုင်တော့သဖြင့် ဆွန်နာနာမှာ ခါးစည်းဝတ်ကာ ကဖေးဆိုင်ဘက်သို့ ကူညီရန် သွားလိုက်ရသည်။

“သူ လုပ်တတ်ရဲ့လား” ချန်ကျန့်က မေးလိုက်သည်။

“သူက ကျွန်မထက် တစ်မျိုး ပိုလုပ်တတ်တယ်၊ ကပူချီနို လေ။ ဒါပေမဲ့ သူက ကျွန်မထက် စကားပြော ပိုကောင်းတယ်”

“ဟင်။”

ချန်ကျန့် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။

“မင်္ဂလာပါရှင်၊ ဘယ်လို ကော်ဖီစေ့မျိုးကို ကြိုက်တတ်ပါသလဲရှင်။”

ဟူဖန်က ဆွန်နာနာ၏ အမူအရာကို လိုက်လုပ်ပြသည်။

“ပြီးရင် သူက ကော်ဖီစေ့တွေကို နမ်းခိုင်းတာလေ။ ဘယ်လိုမျိုးပဲ ရွေးရွေး သူက ‘အင်း... ကျွန်မလည်း ဒါကို ကြိုက်တယ်၊ ဒါက ကပူချီနို ဖျော်ဖို့ တအား သင့်တော်တာလေ၊ သိလား။ စမ်းကြည့်မလား’ ဆိုပြီး ပြောတာလေ။ ဒီမနက် သူ ရှိနေသရွေ့တော့ ကပူချီနိုတွေချည်းပဲ ရောင်းရတာပဲ”

ချန်ကျန့် ရယ်မောလိုက်မိသည် ။

“ဒါဆို လတ်တေး ကိုပဲ ညွှန်းတာက ပိုမလွယ်ဘူးလား။ နို့အမြှုပ်တောင် တင်စရာ မလိုဘူးလေ”

“မသိဘူးလေ။ သူကတော့ အဲ့ဒါကို သဘောကျနေပုံရတယ်။ ကော်ဖီတစ်ခွက်ကို အထာကျကျ ဖျော်ပြရတာကိုလေ။ ရိုးရိုးရှင်းရှင်းကြီး ဆိုရင်တော့ သူ အထာပြလို့ မရတော့ဘူး မဟုတ်လား”

ချန်ကျန့် ဟူဖန်ကို ကြည့်ကာ ဘာမှမပြောဘဲ ပြုံးနေမိသည်။

“ကျွန်မ နာနာ ကို တော်တော် သဘောကျတယ်၊ သူ ဒီမှာ အကြာကြီး နေသွားရင် ကောင်းမယ်”

“အင်း”

ချန်ကျန့် နာနာရှိရာဘက်သို့ နောက်တစ်ခေါက် လှမ်းကြည့်လိုက်မိသည်။

မွန်းလွဲပိုင်းတွင် ဆိုင်ထဲက လူတွေ စတင် လျော့နည်းလာခဲ့သည်။ အားလုံးက အသားကင်ကွင်းဘက်သို့ ထွက်ခွာသွားကြပြီ။ ပွဲစဖို့ အချိန်လိုသေးသော်လည်း ခရီးသည် အတော်များများက ထိုနေရာမှာတင် ညစာကို စားရင်း စောင့်နေကြလေပြီ။

ချန်ကျန့် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ ယွဲ့လန်၏ အသံ ထွက်ပေါ်လာသည်။

“မန်နေဂျာလား၊ ဝင်ခဲ့လေ”

“လန်ကော ပြန်ရောက်ပြီလား” ချန်ကျန့် အထဲဝင်ရင်း မေးလိုက်သည်။

“တအား ပင်ပန်းသွားတာပဲဗျာ” ယွဲ့လန် ဆိုဖာပေါ်မှာ လှဲရင်း ဆိုသည်။

“ရှောင်ရီကျဲ ကော”

“သူက ရေမွှေးနံ့သာတွေနဲ့ ရေချိုးနေတယ်လေ။ အနည်းဆုံးတော့ တစ်နာရီလောက် ကြာမှာပေါ့။ ငါလည်း တစ်ရေးလောက် အိပ်လိုက်ဦးမယ်”

“ကျွန်တော် အခု အသားကင်ကွင်းဘက် သွားမလို့လေ။ အခြေအနေ သွားကြည့်မလို့ပါ။ ဒီည မီးရှူးမီးပန်းတွေ လွှတ်မှာဆိုတော့ မီးဘေးအန္တရာယ်ကို သေသေချာချာ ထပ်စစ်ရဦးမယ်”

“အာဟူ သွားနှင့်ပြီ မဟုတ်လား”

ရှန်ယွီက ကုလားထိုင်ပေါ် မှီထိုင်ရင်း မေးလိုက်သည်။

ချန်ကျန့် ခေါင်းကို အနည်းငယ် စောင်းကာ၊ ရှန်ယွီတစ်ယောက် ဟို ကုလားထိုင်မှီခုံကို ဘယ်လိုများ ပြန်မတ်အောင် လုပ်ထားသလဲဆိုတာ ချောင်းကြည့်လိုက်မိသည်။ သူသည် ကုလားထိုင်နောက်ကျောကို အနောက်က ဗီဒိုနှင့် မှီထားခြင်းသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရှန်ယွီက သူ၏ အကြံကို ရိပ်မိသဖြင့် မအောင့်နိုင်ဘဲ ပြုံးလိုက်လေသည်။

ချန်ကျန့်လည်း ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။

“ဘာပဲဖြစ်ဖြစ် အာဟူ ဆိုတော့လည်း.... ကျွန်တော် ကိုယ်တိုင် သွားကြည့်တာက ပိုစိတ်ချရမှာပေါ့”

“အင်း။ ခဏနေရင် ငါလည်း လန်ကောတို့နဲ့အတူ လိုက်လာခဲ့မယ်”

အသားကင်ကွင်းတွင် တော်တော်လေး စည်ကားနေလေပြီ။ မြို့ထဲက ဈေးသည် အတော်များများလည်း ရောက်နေကြသလို၊ လက်ဆောင်ပစ္စည်းနှင့် မုန့်ဆိုင်လေးတွေလည်း အစုံပါပဲ။ အားလုံးက သတ်မှတ်ထားသည့် နေရာတွေမှာပဲ စနစ်တကျ ရောင်းချနေကြသဖြင့် အဆင်ပြေလှသည်။ ချန်ကျန့် ပတ်ကြည့်လိုက်ရာ ပွဲအတွက် ပြင်ဆင်မှုတွေကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ သူ့ကို စိတ်မသက်မသာ ဖြစ်စေတဲ့ အချက်တစ်ခုကို တွေ့လိုက်ရသည်။

အသားကင်ဆိုင်မှာ အာဟူ၊ ဆန်းပင်းတို့နှင့် ဆုံသည့်အခါ သူတို့လည်း ၎င်းကို သိထားကြပြီး တော်တော်လေး မကျေမနပ် ဖြစ်နေကြလေသည်။ ဆန်းပင်းသာ ဆွဲမထားလျှင် အာဟူတစ်ယောက် ဒါ့လီတို့ကို သွားပြီး ပြဿနာရှာမိမှာ သေချာသည်။

“ဒါမျိုးတော့ မလုပ်သင့်ဘူးလေ။ တောက်! နောက်ကျရင် တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ရင် ဒါတွေက ပါသွားမှာပေါ့။ သူတို့အတွက် ကြော်ငြာပေးသလို ဖြစ်နေမှာပေါ့” အာဟူက သူ၏လက်ထဲက ယပ်တောင်လေး နှစ်ချောင်းကို ကိုင်ကာ ဆိုသည်။ ၎င်းတို့မှာ ကြော်ငြာ ယပ်တောင်လေးများ ဖြစ်ပြီး တစ်ခုမှာ လျန်ယဲ့ တံဆိပ်၊ နောက်တစ်ခုမှာ ကွမ်ရှန်း တံဆိပ် ပါရှိလေသည်။

၎င်းမှာ ပိုနေသည့် ပစ္စည်းတွေ ဖြစ်မှာပါ။ ချန်ကျန့် အရင်က မြင်ဖူးသည်လေ။ သူတို့တွေက တာယွင် တစ်ဆိုင်တည်း နာမည်ကြီးသွားမှာကို မလိုလားသဖြင့် ဤအခွင့်အရေးကို အသုံးချကာ ကိုယ့်ဆိုင်ကိုယ် ကြော်ငြာနေကြခြင်း ဖြစ်သည်။ ဆောင်းတွင်းမှာ ယပ်တောင်ဝေတာက ထူးဆန်းသော်လည်း ခရီးသည်တွေကတော့ ဂရုမစိုက်ကြပါဘူး။ မီးပုံပွဲက အမှတ်တရ လက်ဆောင်လေးတွေအဖြစ် သဘောထားကာ လူတိုင်းနီးပါး ကိုင်ထားကြလေသည်။

“ဘယ်လိုလုပ်ကြမလဲ။ ငါတို့ဆီမှာရော ဒါမျိုး ရှိလား”

ဆန်းပင်း မေးသည်။

“မရှိဘူး၊ ရှိရင်လည်း အရင်တုန်းက ‘ကျန့်ရှီး’ တံဆိပ်တွေပဲ ရှိမှာ။ တာယွင် လို့ နာမည်ပြောင်းတာမှ ရက်ပိုင်းပဲ ရှိသေးတာလေ”

“သွားလုလိုက်ရမလား”

အာဟူ နံရံကို လက်နဲ့ ပုတ်လိုက်ကာ မာန်အပြည့်နဲ့ ပြောသော်လည်း ဆန်းပင်းက အကြောက်အကန်ဝင်တား၏။

“အာဟူကော... အာဟူကော....ငါတို့က အခု တာယွင် ရဲ့ ဝန်ထမ်းတွေလေ။ မင်းက တာယွင် ရဲ့ မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူးလေ။ အဲ့ဒီလိုမျိုး လုပ်လို့ မရဘူး”

မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူး ဆိုတဲ့ ရာထူးက ဘယ်ကနေ ရောက်လာတာလဲ။

ချန်ကျန့် အာဟူ၏ ပုခုံးကို ပုတ်ပေးလိုက်သည် ။

“ရပါတယ်၊ အဲ့ဒီလောက်ကြီး မဟုတ်ပါဘူး”

“ငါတော့ သည်းမခံနိုင်ဘူးကွာ။ သူတို့က အမြဲတမ်း ဒီလို အပေါစား နည်းလမ်းတွေ သုံးတာပဲ။ ငါတို့လို လမ်းသရဲတွေတောင် ဒါမျိုး မလုပ်ဘူး”

မင်းတို့က တကယ်တမ်း လမ်းသရဲမှ မဟုတ်တာ....

“သည်းခံစရာ မလိုပါဘူး” ရှန်ယွီ၏ အသံမှာ ဖုန်းထဲမှ အေးအေးဆေးဆေး ထွက်ပေါ်လာသည် ။

“သူတို့ လက်ထဲက ယပ်တောင်တွေကို လဲပစ်လိုက်ရုံပေါ့။ ကစားနေတဲ့ အချိန်မှာ ဒါမျိုးကြီးကို ဘယ်သူက အကြာကြီး ကိုင်ထားချင်မှာမို့လို့လဲ”

ချန်ကျန့် ချက်ချင်းပင် အကြံရသွားသည်။

“ယပ်တောင် တစ်ချောင်းကို ကိုလာ တစ်ပုလင်းနဲ့ လဲမယ်ဆိုရင်ကော။ ဖန်ပုလင်းနဲ့လေ။ ဈေးလည်း မကြီးသလို၊ လူတိုင်းက အရက်သောက်ချင်ကြတာမှ မဟုတ်တာ။ အချိုရည်နဲ့ဆိုရင်တော့ လဲမယ့်လူ များမှာပဲ”

“လူလွှတ်ပြီး သွားဝယ်ခိုင်းလိုက်။ ဘော့စ် မှာတယ်လို့ပဲ ပြောလိုက်ပေါ့ ။ မင်းမှာ ပိုက်ဆံ ပါလား”

“အများကြီး မကုန်ပါဘူး ။ ကျွန်တော် အရင် စိုက်လိုက်ပါ့မယ်”

“ဘောက်ချာ (Receipt) ယူဖို့ မမေ့နဲ့နော်။ ဘောက်ချာမပါရင်တော့ ပိုက်ဆံ ပြန်မထုတ်ပေးဘူး”

ရှန်ယွီက ပိုက်ဆံစိုက်ပေးမည့် ချန်ကျန့်ကို ထုံးစံအတိုင်း ခြိမ်းခြောက်လျက်…

ချန်ကျန့် ပြုံးလျက် ဖုန်းချလိုက်သည်။ ဤရုတ်တရက် ပေါ်လာသော ပြဿနာလေးမှာ ချက်ချင်းပင် ပြေလည်သွားခဲ့သည်။ အသားကင်ဆိုင် ပိုင်ရှင်တွေလည်း ဒီနေ့ စီးပွားရေး တအားကောင်းနေသဖြင့်၊ ယပ်တောင်ကို ကိုလာနှင့် လဲပေးရန် ကြေညာပေးဖို့ကို အားလုံးက ဝိုင်းဝန်း ကူညီပေးကြလေသည်။

ပွဲမစခင် ရှန်ယွီနှင့် ယွဲ့လန်တို့ ရောက်လာသည့် အချိန်တွင်တော့ ခရီးသည်တွေရဲ့ လက်ထဲမှာ ယပ်တောင်တွေ သိပ်မရှိတော့ပါဘူး။

“အမှန်တော့ ဒါမျိုးတွေကို ဘာမှ မလုပ်လည်း ရပါတယ်ဗျာ။ အဲ့ဒီလောက်ထိ ရက်စက်စရာ မလိုပါဘူး မဟုတ်လား”

ချန်ကျန့်နှင့် ရှန်ယွီတို့ အန်ကယ်လု၏ ဆိုင်ထဲတွင် ထိုင်ရင်း၊ ဟိုဘက်က စတင် တောက်လောင်နေပြီဖြစ်သော မီးပုံကြီးကို ကြည့်ကာ စကားပြောနေကြသည်။

“လုပ်ရမယ်လေ” ရှန်ယွီက ဆိုသည်။

“ဘာလို့လဲ”

“ဒါအတွက်ကြောင့်ပေါ့” ရှန်ယွီက ခေါင်းကို အနည်းငယ်စောင်းကာ ဘယ်ဘက်ကို မေးငေ့ါပြသည်။

ချန်ကျန့် လှည့်ကြည့်လိုက်သည့်အခါ ဟယ်လျန်နှင့်အတူ ဘော့စ်လျူ၊ ဘော့စ်ယန် တို့ ပါလာသည်ကို တွေ့ရလေသည်။

ဟယ်လျန်က ပြုံးလျက် ဆိုင်ထဲသို့ လျှောက်ဝင်လာသည် ။

“ဘော့စ်ရှန်…မင်းကို ရှာနေတာ ကြာလှပြီ။ ဒီမှာ ရှိနေတာကိုတောင် အကြောင်းမကြားဘူးနော်”

“မင်းတို့လည်း အတူတူပါပဲ” ရှန်ယွီက ပြန်ဖြေလိုက်သည်။

အဲ့ဒီ စကားလုံးကို အဲ့ဒီလို သုံးတာ မဟုတ်ဘူးထင်တယ် ဘော့စ်ရာ။

ချန်ကျန့် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သို့သော် ရှန်ယွီ ပြောမှတော့လည်း မဆန်းပါဘူး။ ဟယ်လျန်ပင်လျှင် အနေရခက်ပုံ မရပါဘူး၊ ကျင့်သားရနေပုံ ပေါ်သည်။

“ကျွန်တော် ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်”

ချန်ကျန့် ရှန်ယွီ့ကို တိုးတိုးလေး ပြောလိုက်သည်။ သူ တကယ်တော့ ထိုင်နားထောင်ချင်ပါသေးသည်၊ ဒါပေမဲ့ ဒီလူ လေးယောက်လုံးက ဘော့စ်တွေချည်းပဲ ဖြစ်သလို၊ ဒါ့လီတို့ကိုလည်း ခေါ်မလာကြပါဘူး။ ကြည့်ရတာ သူတို့တွေက စေ့စပ်ညှိနှိုင်းဖို့ လာကြတာဖြစ်သဖြင့် ချန်ကျန့်အနေဖြင့် အပြင်ပန်းမှာတော့ ဟန်ချက်ညီအောင် ဖယ်ပေးရမည် မဟုတ်ပါလား။

“အင်း”

ရှန်ယွီ မတားပါဘူး၊ ခေါင်းပဲ ညိတ်ပြလိုက်သည်။

“ဒါဆို ဘော့စ်တို့ စကားပြောကြပါဦး။ ကျွန်တော် တခြား ပြဿနာ ရှိမရှိ သွားကြည့်လိုက်ပါဦးမယ်” ချန်ကျန့် ထရပ်လိုက်သည်။

“တကယ်ကို တော်တဲ့ လက်ရုံးပဲဗျာ ။ငါ့မှာသာ ဒီလို မန်နေဂျာမျိုး ရှိရင် တော်တော်လေး စိတ်အေးရမှာပဲ”

ဟယ်လျန်၏ စကားကို ကြားရသည့်အခါ ချန်ကျန့်မှာ ဒါ့လီအတွက် စိတ်မကောင်း ဖြစ်သွားရသည်။

“ဒါဆိုလည်း ဒါ့လီ ကို အလုပ်ထုတ်လိုက်လေ။ ချန်ကျန့် ကို အချိန်ပိုင်း လာလုပ်ခိုင်းလိုက်ပေါ့”

“...ဘော့စ်ရှန် ကလည်း နောက်နေပြန်ပြီ”

ဟယ်လျန်မှာ အနေရခက်စွာ ပြုံးရုံသာ တတ်နိုင်တော့သည်။ ချန်ကျန့် ပွဲခင်းထဲတွင် ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိသည်။ ရွာထဲက လူတွေလည်း အများကြီး လာကြသလို၊ မြို့နယ် စီမံခန့်ခွဲရေးရုံးက လူအချို့လည်း ရောက်နေကြသည်။ သူ လမ်းလျှောက်ရင်း နှုတ်ဆက်နေမိသည်။

“ဘာလို့ ဘော့စ်ကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်လာတာလဲ”

ယွဲ့လန်၏ အသံမှာ အနောက်မှ ထွက်လာကာ ချန်ကျန့်ကို မေးလိုက်ခြင်းဖြစ်သည်။

“ဟို ဆိုင်ရှင်တွေက သူ့ကို လာနှုတ်ဆက်နေကြလို့လေ ။ ကျွန်တော်ကတော့ ပတ်ကြည့်မလို့ပါ”

ယွဲ့လန်က အသားကင်တစ်တုတ်ကို စားနေပြီး၊ သူ့ဘေးမှာတော့ ယောင်ယီက ကင်မရာအစ်ကိုင်ကာ ဟိုဟိုဒီဒီ ကြည့်နေလေသည်။

“ငါတော့ ရှုခင်းအလှတွေ သွားရှာဦးမယ်” ယောင်ယီက ဆိုသည်။

“အိုကေ” ယွဲ့လန် ခေါင်းညိတ်ပြသည်။

“လန်ကော... မင်းတို့ မနက်ဖြန် ပြန်ကြတော့မှာလား”

ချန်ကျန့် ယွဲ့လန်နှင့်အတူ ပွဲခင်းအစပ်မှာ ရပ်လျက် စည်ကားနေသော မြင်ကွင်းကို ကြည့်ရင်း မေးလိုက်သည်။

“အင်း။ ဒီတစ်ခါတော့ တော်တော်လေး လည်လို့ ဝသွားပါပြီ။ အဓိကကတော့ ရှန်ယွီ့ကို လာကြည့်တာလေ၊ ကြည့်လို့လည်း ဝပြီဆိုတော့။ ငါတို့ မပြန်ရင် သူ ငါတို့ကို မောင်းထုတ်တော့မှာ”

“မင်းတို့ မတွေ့ဖြစ်တာလည်း ကြာပြီလား” ချန်ကျန့်က မေးလိုက်သည်။

“သူ အထဲဝင်သွားကတည်းကပေါ့။ နောက်တစ်ခါ ဘယ်တော့ ပြန်ဆုံမလဲ မသိဘူး။ ငါပဲ ထပ်လာရမှာ ဖြစ်မှာပါ”

“သူက နှစ်သစ်ကူးရင် တကယ် အိမ်မပြန်ဘူးလား” ချန်ကျန့် ထပ်မံ မေးကြည့်မိသည်။

ယွဲ့လန် ပြုံးလိုက်သည် ။

“သူ အိမ်ပြန်မပြန်ဆိုတာ မင်းက ငါ့ထက် ပိုသိမှာ မဟုတ်ဘူးလား”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။

“သူ အိမ်မပြန်တာ ခြောက်နှစ် ခုနစ်နှစ်လောက် ရှိပြီလေ။ ထောင်မကျခင်ကတည်းက သူ မပြန်ချင်ခဲ့တာ။ အခု ထောင်ကလွတ်လာတော့လည်း ပိုပြီး မပြန်ချင်မှာ သေချာတာပေါ့”

ချန်ကျန့် သက်ပြင်းအသာ ချလိုက်မိသည်။

“သူက တကယ်ကြီး... မပြန်ချင်တာတော့ မဟုတ်လောက်ပါဘူး”

“ဟုတ်တယ်။ မင်းသာ သူ့ကို ဖျောင်းဖျကြည့်ရင်တော့ အောင်မြင်ရင် အောင်မြင်မှာပေါ့”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ အမှန်အတိုင်း ပြောရလျှင် သူလည်း သိပ်ပြီး ယုံကြည်ချက် မရှိပါဘူး။

“မင်းကတော့ သူ့အတွက် တစ်မျိုး ထူးခြားတယ်လေ။ အရင်တုန်းကဆိုရင်တော့....” ယွဲ့လန် တုံ့ဆိုင်းသွားပြီး ရှန်ယွီရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။

“ဟင်။” ချန်ကျန့် ပြန်ကြည့်လိုက်သည်။

“ငါတို့အားလုံးက သူ့ရဲ့... အခြေအနေကို သိကြတာပေါ့၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် သူ တစ်စုံတစ်ယောက်ကို သဘောကျတာ ငါတို့ တစ်ခါမှ မမြင်ဖူးဘူး ။ အရင်က သူ့မှာ အိမ်မြှောင် (Gecko) တစ်ကောင် ရှိဖူးတယ်လေ။ တစ်ခါတစ်လေ ငါ တွေးမိတာကတော့ သူသာ အဲ့ဒီအိမ်မြှောင်ကို ချစ်တယ်လို့ ပြောရင်တောင် ငါ ယုံမိမှာ သေချာတယ်”

ချန်ကျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပါဘူး။

“မင်း စမ်းကြည့်ပါဦး။ အမှန်တော့ ငါ ဒီကို မလာခင် သူ့အမေနဲ့ ဆုံခဲ့သေးတယ်လေ။ သူ့ကိုတော့ ငါ မပြောရဲပါဘူး။ အန်တီကြီးက တော်တော်လေး အိုသွားပြီဗျ။ အသက် ၅၀ ကျော်ပြီဆိုတော့၊ အရင်ကဆို တအား နုပျိုတာလေ။ အခု နှစ်နှစ်အတွင်းမှာတော့ ကြည့်ရတာ အသက်... အနည်းဆုံး ၄၈ နှစ်လောက် ဖြစ်နေပြီ”

ချန်ကျန့်မှာ မရယ်သင့်မှန်း သိသော်လည်း တကယ်ကို ရယ်ချင်နေမိသည်။ ခဏမျှ အောင့်ထားပြီးနောက် ရယ်သံများ ပြယ်လွင့်သွားသည့် အခါတွင်မူ၊ သူ ရုတ်တရက် စိတ်လှုပ်ရှားသွားရပြန်သည်။ ပြီးတော့ အကြောင်းမရှိဘဲ ဝေးလံလှသော စိတ်မကောင်းဖြစ်မှု တစ်ခုကိုလည်း ခံစားလိုက်ရလေတော့သည်။




Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...