အပိုင်း (၆၇)
မီးပုံပွဲမှာ မီးရှူးမီးပန်း အနည်းငယ် ပြင်ဆင်ထားသည်။ တကယ်တော့ မီးရှူးမီးပန်းဟု ခေါ်ရန်အထိ ခမ်းနားမှုမရှိဘဲ မီးပန်းလေးများဟု ခေါ်လျှင် ပိုမှန်ပါလိမ့်မည်။ အကယ်၍ တာယွင်ကသာ ဒါကို တာဝန်ယူပြင်ဆင်ခဲ့လျှင် သေချာပေါက် ပို၍ ခမ်းနားထည်ဝါနေမှာပါ။
သို့သော် ယခုမီးပန်းလေးများကလည်း မဆိုးပါဘူး။ မြစ်ကမ်းတစ်လျှောက်တွင် ထားရှိထားပြီး၊ တေးဂီတအဖွဲ့၏ ဂီတသံများနှင့်အတူ ရောင်စုံအလင်းတန်းများ မြစ်ကမ်းပါးယံမှာ ပေါက်ကွဲထွက်လာသည့်အခါ၊ ပွဲခင်းထဲရှိ ခရီးသည်များမှာ အားရပါးရ ရယ်မောကာ လက်ခုပ်တီး အားပေးကြလေသည်။
ချန်ကျန့်သည် အသားကင်ဆိုင်တဲဆီသို့ ပြန်လာခဲ့သည်။ စေ့စပ်ညှိနှိုင်းပေးရန် လာခဲ့ကြသော ဘော့စ်များမှာ ပြန်သွားကြပြီ ဖြစ်သည်။ ရှန်ယွီသည် အနားယူသည့် ကုလားထိုင်ပေါ်တွင် နောက်သို့ မှီထိုင်နေပြီး၊ သူ၏ဆံပင်များကို ခေါင်းပေါ်တွင် စုစည်းကာ ကျစ်ဆံမြီးသေးသေးလေး တစ်ခု ကျစ်ထားလေသည်။ သူ၏ဘေးတွင်တော့ ရှောင်သိုအာက လက်ခုပ်တီးကာ ခုန်ပေါက်နေလေသည်။
“သိုအာ ရောက်နေတာလား”
ချန်ကျန့် သိုအာ့ အနားသို့ လျှောက်သွားလိုက်သည်။
“မီးပန်းတွေ! အစ်ကိုချန်ကျန့်... မီးပန်းတွေကို ကြည့်ဦး!”
ရှောင်သိုအာက ဟိုဘက်က မီးပန်းများကို လက်ညှိုးထိုးပြသည်။
“အင်း... မြင်ပါတယ်”
ချန်ကျန့် ခဏမျှ လှည့်ကြည့်ပြီးနောက်၊ ပေါ့ပေါ့ပါးပါး လှဲနေသော ရှန်ယွီဘက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။
“ဘော့စ်အစ်ကို့ ရဲ့ ကျစ်ဆံမြီးကို သိုအာ ကျစ်ပေးတာလား”
“ဟုတ်တယ်! ကျစ်ဆံမြီးလေးနဲ့ဆိုရင် သူက သမီးရဲ့ ညီမလေးနဲ့ တူတယ်”
“တကယ်လား”
ချန်ကျန့် အံ့သြတကြီးနှင့် အတည်ပြုရန် ပြန်လှည့်ကြည့်လိုက်သည်။ ရှန်ယွီက လက်နှစ်ဖက်ကို မေးထောက်လျက် သူ့ကို ပြုံးပြနေလေသည်။
“အမလေး” ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး ။
“ဒီညီမလေးက တော်တော်လှတာပဲ”
အန်ကယ်လုသည် အသစ်စက်စက် ကင်ထားသော အသားကင်တစ်ပန်းကန်ကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာပြီး သူတို့ဘေးက စားပွဲပေါ်တွင် တင်ပေးလိုက်သည်။ ရှန်ယွီ၏ မိုးမျှော်ကျစ်ဆံမြီးကို မြင်သည့်အခါ သူ ကြောင်သွားရှာသည်။ သူ မေးချင်သော်လည်း အားနာနေမိသည်။ ဘာပဲဖြစ်ဖြစ် ရှန်ယွီ၏ နောက်ခံက အလွန်လျှို့ဝှက်ဆန်းကြယ်လှသဖြင့် ဤကျစ်ဆံမြီးမှာ ထူးခြားသည့် အဓိပ္ပာယ်များ ရှိနေမလားဟု သူ စိုးရိမ်နေခြင်း ဖြစ်သည်။
“ရှောင်သိုအာ ကျစ်ပေးထားတာပါ” ချန်ကျန့်က ပြောပြလိုက်သည်။
အန်ကယ်လုက အာမေဍိတ်သံပြုပြီးမှ ပြုံးလျက် လက်ယမ်းပြသည်။
“ဟား! ငါက ဘာများလဲလို့....”
“ရှောင်သိုအာ... ဘယ်သူနဲ့ လာတာလဲ။ ထမင်းစားပြီးပြီလား” ချန်ကျန့်က မေးလိုက်သည်။
“တတိယအဒေါ်နဲ့ လာတာ”
အဒေါ်မှာ ဆန်းပင်း၏ ဝမ်းကွဲမရီး ဖြစ်သည်။ သူမသည် ရှောင်သိုအာ၏ မိခင်နှင့် ရင်းနှီးသူဖြစ်ပြီး၊ ပုံမှန်အားဖြင့် မြို့ဟောင်းမှာ နေထိုင်ကာ ရွာကို ပြန်လာသည့်အခါ ရှောင်သိုအာကို အပြင်ခေါ်ထွက်ကစားလေ့ ရှိသူဖြစ်သည်။
“သိုအာ...” မရီးဖြစ်သူက အန်ကယ်လု၏ ဆိုင်ထဲမှ ခေါင်းပြူကြည့်သည် ။
“မကစားခင် အထဲဝင်ပြီး တစ်ခုခု အရင်စားလိုက်ဦးလေ”
ချန်ကျန့်က ရှောင်သိုအာကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားပေးလိုက်သည်။ မရီးဖြစ်သူက မိုးမျှော်ကျစ်ဆံမြီးနှင့် အသားကင်စားနေသော ရှန်ယွီကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။
“အဲ့ဒါ ဘော့စ်လား”
“ဟုတ်ကဲ့” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“ဆိုင်ဖွင့်ပွဲတုန်းက ထမင်းလာစားတော့ သေသေချာချာ မမြင်လိုက်ရဘူး။ ကြည့်ရတာ တော်တော် တည်ကြည်မယ့်ပုံလို့ ထင်နေတာ။ စိတ်ရင်းကတော့ တော်တော်ကောင်းသားပဲ၊ ရှောင်သိုအာကို ကြိုက်သလို လုပ်ခွင့်ပေးထားတာဆိုတော့လေ”
စိတ်နေစိတ်ထားမှာ... ပြောရလျှင်တော့ တကယ်ကို ကောင်းလှပါပေသည်။
“ရှောင်သိုအာက ချစ်ဖို့ကောင်းလို့ပါ” ချန်ကျန့် ပြုံးလိုက်သည်။
“မင်းတို့လည်း သွားစားကြဦးလေ။ သိုအာကို ငါ ကြည့်ထားပေးမယ်။ သူ မင်းတို့ကို လာနှောင့်ယှက်နေရင် ထမင်းတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူး”
ချန်ကျန့်သည် ရှန်ယွီ၏ ဘေးတွင် ပြန်ထိုင်လိုက်ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။
“ဒီကြက်တောင်ပံက တကယ်စားလို့ကောင်းတယ်”
ရှန်ယွီက ပန်းကန်ကို ညွှန်ပြသည်။
“အင်း” ချန်ကျန့် ခေါင်းညိတ်ပြရင်း သူ့ကို နောက်တစ်ခါ ထပ်ကြည့်မိပြန်သည်။
“ဘာလဲ။” ရှန်ယွီကလည်း ပြန်ကြည့်နေသည်။
“အဓိကကတော့...” ချန်ကျန့် သူ၏ မိုးမျှော်ကျစ်ဆံမြီးကို ကြည့်ကာ၊ အကြည့်များက ရှန်ယွီ၏ မျက်နှာပေါ်သို့ ပြန်ရောက်လာသည်။
“မင်းရဲ့ မျက်နှာတစ်ခုလုံးကို အခုမှပဲ အတိုင်းသား မြင်ဖူးသလို ခံစားရလို့ပါ”
“ငါကတော့ မျက်နှာဆိုတာ မျက်ခုံးအောက်ပိုင်းလို့ပဲ သတ်မှတ်ထားတာ”
“ဒါဆို မျက်ခုံးအထက်ပိုင်းကကော။”
ချန်ကျန့်က မေးသည်။
“နဖူးလေ ။ သိပ္ပံနည်းကျ အခေါ်အဝေါ်အရဆိုရင်တော့ နဖူးပေါ့။ မင်း ဒါတောင် မသိဘူးလား”
“ဟား … မင်းနဲ့တော့ စကားပြောလို့ မရဘူးဗျာ”
“ကြည့်လို့ကောင်းလား”
“ဗျာ”
ချန်ကျန့် ခဏမျှ ကြောင်သွားပြီး ဘာကို ဆိုလိုမှန်း မသိဖြစ်သွားရသည်။
“ငါ့နဖူးလေ” ရှန်ယွီက ဆိုသည်။
“...ကြည့်လို့ ကောင်းပါတယ်” ချန်ကျန့် အနည်းငယ် ဆွံ့အသွားရသည်။
“ဒါပေမဲ့ လူတွေက အဲ့ဒီလိုမျိုး အစိတ်အပိုင်းလိုက် ခွဲပြီးတော့ မမေးကြဘူးလေ”
ရှန်ယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ထပ်မပြောပါဘူး။
တကယ်တော့လည်း အလွန်ကြည့်ကောင်းလှသည်။ ရှန်ယွီမှာ ဤမြို့ငယ်လေးတွင် ရုပ်အချောဆုံး ဘော့စ်ဆိုသည့် ဘွဲ့နှင့် ထိုက်တန်လှသည်။ သူ၏နဖူးမှာလည်း အလွန်လှပသည်။ အထူးသဖြင့် သူ၏မျက်နှာနှင့် ပေါင်းစပ်လိုက်သည့်အခါနှင့် သူ ခေါင်းလှည့်ကြည့်လိုက်သည့် အချိန်များတွင်ပေါ့။
ဤအခိုက်အတန့်တွင် မြစ်ကမ်းနားက မီးပန်းများမှာ ရွှေဝါရောင် တောက်ပနေလေသည်။ ရှန်ယွီ၏ မျက်နှာတစ်ဝက်မှာ ထိုရွှေဝါရောင် အလင်းတန်းများအောက်တွင် ရှိနေပြီး ရှင်းလင်းလှသော သူ၏ဘေးတိုက်မျက်နှာအသွင်အပြင်ကို ပေါ်လွင်စေသလို၊ သူ၏မျက်လုံးထဲတွင်လည်း အလင်းစက်များ လှုပ်ခါနေလေသည်။
ချန်ကျန့်၏ လက်ချောင်းထိပ်လေးများက ရှန်ယွီ၏ နဖူးကို ထိတွေ့မိသည့်အခါ သူ၏နှလုံးခုန်သံမှာ မြန်လာခဲ့သည်။
လူတွေ မြင်သွားမလား။ မန်နေဂျာ... လက်ကို ပြန်ရုပ်စမ်းပါ။ လူရှေ့သူရှေ့မှာ ဘော့စ်ရဲ့ နဖူးကို တို့ထိနေတာက ဘာသဘောလဲ။
သို့သော် သူ လက်ကို ပြန်မရုပ်ပါဘူး။ သူသည် အလင်းနှင့် အရိပ်ကြားက မျဉ်းကြောင်းအတိုင်း၊ ရှန်ယွီ၏ နဖူးမှသည် နှာတံတစ်လျှောက် အသာအယာ ဆွဲချလိုက်မိသည်။ ထို့နောက်တွင်မှ သူသည် အလျင်အမြန်ပင် ပန်းကန်ထဲမှ ကြက်တောင်ပံ တစ်ခုကို လှမ်းယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီး ဂျွတ်ဂျွတ်နှင့် ဝါးစားနေတော့သည်။
“အရိုးကိုတော့ ပြန်ထွေးထုတ်ဖို့ မမေ့နဲ့ဦး၊ လန့်ပြီးတော့ မျိုမချလိုက်နဲ့ဦးနော်”
“ကျွန်တော် မလန့်ပါဘူး”
ချန်ကျန့် ဆက်တိုက် ဝါးနေဆဲပင်။
“ဘယ်သူမှ မမြင်ပါဘူး။ အားလုံးက မီးပန်းကြည့်နေကြတာလေ”
“ကျွန်တော်ကတော့... မြင်ရင်လည်း မြင်ပါစေပေါ့ ။ ကျွန်တော် ရုတ်တရက် မင်းကို ထိတွေ့ချင်သွားလို့ပါ။ ကျွန်တော် နည်းနည်းတော့ ရူးနေပြီ ထင်တယ်”
“လုံးလုံးလျားလျား မရူးတဲ့လူ ဆိုတာကော ရှိလို့လား”
ချန်ကျန့် ကြက်တောင်ပံကို ကုန်အောင်စားပြီး ကိုလာ တစ်ကျိုက် သောက်လိုက်သည်။ ရှန်ယွီ သူ့ကို လှမ်းကြည့်သည် ။
“အရိုးတွေကော ဘယ်မှာလဲ”
“ဝါးစားလိုက်ပြီလေ ။ ပြီးတော့ မျိုချလိုက်တာပေါ့”
“တော်တော် တော်တာပဲ”
“ကျွန်တော်က အမြဲတမ်း အဲ့ဒီလိုပဲ ဝါးစားနေကျပါ။ ငယ်ငယ်တုန်းက အစားမက်တော့ ဝါးလို့ရတဲ့ အရိုးတွေကို ထွေးထုတ်ရမှာ နှမြောလို့လေ ။ ဒါကြောင့် အကုန် ဝါးစားပစ်လိုက်တာ”
“မင်း ဗိုက်မဝလို့လား”
ရှန်ယွီ၏ မေးခွန်းက တိုက်ရိုက်ပင် ဖြစ်သည်။
“ဗိုက်ကတော့ ဝပါတယ်၊ အသားက သိပ်မပါလို့ ဖြစ်မှာပါ။ အသားကိုပဲ တပ်မက်နေလို့ပေါ့”
ချန်ကျန့်က ဆိုလိုက်သည်။
“မင်း ဒုတိယအဆင့် စာမေးပွဲ ဖြေတဲ့အခါကျရင် မြို့ပေါ်မှာ အသားကင် သွားစားကြရအောင် ။ မစားဖြစ်တာလည်း ကြာပြီလေ....”
“ဘယ်တော့ ဖြေရမှာလဲဟင်” ဆန်းပင်း၏ အသံမှာ အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒါက ဝန်ထမ်းတွေ အပျော်ခရီး (Team-building activity) လား”
ချန်ကျန့်မှာ လန့်သွားရသည်။ တော်သေးသည်မှာ ပါးစပ်ထဲက အရိုးတွေကို အကုန် မျိုချပြီးသား ဖြစ်နေ၍ပါ။ မဟုတ်လျှင်တော့ ဆန်းပင်းအော်သံကြောင့် သီးသွားမှာ သေချာသည်။
“မင်းက မီးပန်းလွှတ်ရမယ့် တာဝန် မဟုတ်ဘူးလား” ရှန်ယွီ ခေါင်းလှည့်ကာ မေးလိုက်သည်။
“ပြီးပါပြီဗျာ”
ဆန်းပင်းက အသားကင်တစ်ပန်းကန်ကို ကိုင်ကာ သူတို့ စားပွဲဘေးမှာ ဝင်ထိုင်လိုက်သည်။
“ဒါနဲ့ ဒါက လျှို့ဝှက်ချက်လားဟင်”
“ဘာကလဲ။” ချန်ကျန့်က မေးသည်။
“အသားကင် သွားစားမယ် ဆိုတာလေ။ အားလုံးကို Surprise လုပ်မလို့လား”
ငါကတော့ ဘော့စ်ရဲ့ မျက်နှာကို တို့ထိနေတာကို လျှို့ဝှက်ချက်လို့ ထင်နေတာ။
“ဒါက လျှို့ဝှက်ထားစရာ ဘာရှိလို့လဲ။ နှစ်ကုန်ပိုင်းလည်း ရောက်နေပြီဆိုတော့ တစ်ခုခုတော့ လုပ်ရမှာပေါ့”
“ဘော့စ်က တကယ် ရက်ရောတာပဲ!”
ဆန်းပင်းက သူ၏ အသားကင်ပန်းကန်ကို ကိုင်ကာ ပျော်ရွှင်စွာဖြင့် ပြန်ပြေးထွက်သွားတော့သည်။
“အဲ့ဒီပန်းကန်က ငါတို့အတွက် ထင်နေတာ”
ရှန်ယွီ ဆန်းပင်း၏ ကျောပြင်ကို ကြည့်ရင်း ဆိုသည်။
“စားချင်ရင် ကျွန်တော် သွားယူပေးမယ်လေ။ အန်ကယ်လုက ကျွန်တော်တို့လူတွေ အကုန်လုံးကို ကျွေးတာလေ”
“ခဏနေမှပေါ့။ မင်း အသားကင်စားရမယ်ဆိုလို့ အဲ့ဒီလောက်တောင် ပျော်နေတာလား။ ပြုံးနေတာကို ကြည့်ဦး”
“စားဖို့ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် လူတိုင်းက မြို့နယ်အဆင့်လောက်ပဲ သွားဖြစ်ကြတာလေ။ မြို့ပေါ်ကိုတော့ သွားရခဲတယ်လေ။ ကျောင်းတက်တုန်းကတော့ ကိစ္စမရှိပေမဲ့၊ အခုကျတော့ မြို့ပေါ်သွားဖို့အတွက် အဝတ်အစားအသစ်တွေတောင် လဲဝတ်ရဦးမှာ”
“ကောင်းပြီလေ၊ ငါတို့ရဲ့ ဒိတ်ကို တခြားတစ်ခု ပြောင်းလိုက်ကြရအောင်။ သူတို့ကို အရင်ဆုံး အသားကင် သွားကျွေးလိုက်မယ်။ ပြီးရင်တော့ KTV သွားကြတာပေါ့”
ချန်ကျန့်သည် “သီချင်းတစ်ပုဒ်ကို ရှစ်မျိုးဆိုနည်း” အကြောင်းကို သတိရသွားသဖြင့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။
မီးပုံပွဲ၏ ပထမဆုံးနေ့မှာ အလွန်ပင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ ပွဲကို ၁၀ နာရီမှာ တရားဝင် အဆုံးသတ်သော်လည်း၊ အသားကင်ကွင်းက ခရီးသည်များမှာမူ သန်းခေါင်ယံအထိ မပြန်ကြသေးပါဘူး။ လူအတော်များများမှာ အသားကင်ဆိုင်များထဲတွင် ညလယ်စာများကို ဆက်လက် စားသောက်နေကြလေသည်။
ယွဲ့လန်တို့ ဇနီးမောင်နှံလည်း ပါဝင်လေသည်။ ယောင်ယီကတော့ ၁၆ နာရီ အစာမစားတဲ့ စည်းကမ်းကို မလိုက်နာတော့ပါဘူး။ ရှန်ယွီနှင့် ချန်ကျန့်တို့ ပြန်ထွက်လာသည့် အချိန်တွင်တော့ သူတို့ရှေ့က ပန်းကန်များမှာ တောင်ပုံရာပုံ ဖြစ်နေလေပြီ။
တာယွင် ဝန်ထမ်းများသည် အခြေအနေများကို စောင့်ကြည့်ပေးနေရသော်လည်း အားလုံးကတော့ ပျော်နေကြလေသည်။ ဟူဖန်သည် ဆွန်နာနာကို ဖက်ကာ ရှေ့ဆုံးမှ လျှောက်လာခဲ့သည်။ ဆွန်နာနာက လမ်းတစ်လျှောက်လုံး သီချင်းဆိုလာသည်၊ သူမ၏ အသံမှာ တကယ်ကို ကောင်းလှသည်။ ဟူဖန်ကလည်း သူမနောက်ကနေ ညည်းဆိုလျက်ပေါ့။
ချန်အာဟူနှင့် တခြားလူများမှာလည်း အရက်ကလေး နည်းနည်းစီ သောက်ထားကြသဖြင့် စိတ်တက်ကြွနေကြပြီး၊ ကိုယ့်အကြောင်းကိုယ် ပြောရင်းနှင့် တက်ကြွနေကြလေသည်။ ချန်ကျန့် အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှ မရှိပါဘူး။
သူသည် ရှန်ယွီ၏ လက်ကို လှမ်းကိုင်ရန် ပြင်စဉ်မှာပင် ရှန်ယွီက သူ၏ လက်မောင်းကို မြှောက်ကာ ကိုယ်ကို ဆန့်လိုက်ပြီး၊ သူ၏ လက်မောင်းကို ချန်ကျန့်၏ ပုခုံးပေါ်သို့ တင်လိုက်လေသည်။ ချန်ကျန့် တုံ့ပြန်ဖို့ အချိန်မရခင်မှာပင် ရှန်ယွီက သူ၏ လက်မောင်းကို ပြန်ရုပ်လိုက်ပြီး၊ ခေါင်းလှည့်ကာ ချန်ကျန့်၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် တစ်ချက် နမ်းလိုက်တော့သည်။
ချန်ကျန့်မှာ တန့်သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်သွားရသည်။ ရှန်ယွီက သူ့ကို လွှတ်ပေးပြီးနောက် ခြေလှမ်းအနည်းငယ် ရောက်မှ ချန်ကျန့်က တိုးတိုးလေး ဆဲလိုက်သည် ။
“မင်းတော့ တကယ် ရူးနေပြီ”
ရှန်ယွီကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလေသည်။ ရှေ့ကလူတွေ အကုန်လုံး ဝင်းထဲသို့ ဝင်သွားကြလေပြီ။ ချန်ကျန့် ရှန်ယွီ့အနားသို့ အမြန် တိုးကပ်လိုက်သည်။ အချိန်က တိုတောင်းလှသဖြင့် နှုတ်ခမ်းကို ရှာမနေတော့ဘဲ သူ၏ မျက်နှာနှင့် ရှန်ယွီ့မျက်နှာကို တိုက်လိုက်ပြီး တစ်ချက် နမ်းလိုက်မိသည်။
သူသည် ရှန်ယွီ၏ မေးစေ့ကို နမ်းလိုက်မိခြင်း ဖြစ်သည်။
“အမလေး!” ဆွန်နာနာက ရုတ်တရက် အော်ဟစ်လိုက်သည် ။
“ဘယ်သူလဲ!”
“ဘာဖြစ်လို့လဲ!” အာဟူက ချက်ချင်းပင် လှမ်းအော်မေးသည်။
“ကျွန်မပါ” အမျိုးသမီးတစ်ဦး၏ အသံ ဝင်းထဲမှ ထွက်ပေါ်လာသည် ။
“အလုပ်လာလုပ်တာပါ”
“ဗျာ” ချန်ကျန့် မှင်သက်သွားပြီး ဝင်းထဲသို့ လျှောက်ဝင်ခဲ့သည်။
အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးမှာ တံမြက်စည်း တစ်ချောင်းကို ကိုင်ကာ ကားပါကင်ဘေးတွင် ရပ်နေလေသည်။ သူမ၏ရှေ့တွင်တော့ အခုတင် လှည်းကျင်းထားသော သစ်ရွက်ပုံကြီး ရှိနေသည်။
“ရှောင်ကျောက်က ဒီမှာ လူခေါ်နေတယ်ဆိုလို့ လာတာပါ”
“ဟုတ်ကဲ့” ချန်ကျန့်က ပြန်ဖြေရင်း ထိုအမျိုးသမီးကို တစ်ချက်အကဲခတ်လိုက်ပြီးမှ..
“သူက မိတ်ဆက်ပေးလိုက်တာလား။ ဘာလို့ အခုမှ ရောက်လာတာလဲဟင်”
“သူက ဒီနေ့မွန်းလွဲပိုင်း မြို့ကို ပြန်တော့မှ ပြောပြတာလေ”
ဒီည ပွဲရှိသဖြင့် ထမင်းချက်စရာ မလိုသောကြောင့် ကျောက်ကျဲသည် မွန်းလွဲပိုင်းတွင် သူမ၏သမီးဆီသို့ ခဏပြန်သွားခဲ့သည်လေ။ ထိုစဉ်က ပြောပြခဲ့ခြင်း ဖြစ်မှာပေါ့၊ ဒါပေမဲ့ ညဉ့်သန်းခေါင်ကြီးမှ ရောက်လာတာကိုတော့ ချန်ကျန့် အနည်းငယ် အံ့သြသွားရသည်။
“ဒီမှာ နေစရာ ရှိတယ် မဟုတ်လား”
“အိပ်ဆောင် ရှိပါတယ်”
ချန်ကျန့် ရှန်ယွီကို လှည့်ရှာသော်လည်း မတွေ့ပါဘူး။
ရှာမနေနဲ့တော့! ဒီလောက်ကြာနေပြီ၊ ပြဿနာမြင်တာနဲ့ ဘော့စ်က အရင် ထွက်ပြေးတတ်မှန်း မင်း မသိသေးဘူးလား!
အမျိုးသမီးကို ကြည့်ရတာ ပုံမှန်ပါပဲ။ တရားခံပြေးတော့ မဟုတ်လောက်ပါဘူး။ ဘော့စ်ကို ဆုံးဖြတ်ခိုင်းနေစရာ မလိုပါဘူး။ သန့်ရှင်းရေး ဝန်ထမ်းတစ်ယောက်အတွက် လိုအပ်ချက်က သိပ်မများပါဘူး၊ အလုပ်သွက်လက်ပြီး စနစ်တကျ လုပ်နိုင်ရင် ရပါပြီ။
ချန်ကျန့်သည် ထိုအမျိုးသမီးနှင့် စကားပြောကြည့်လိုက်ရာ သူမ၏ နာမည်မှာ ဒေါ်ဟွမ် ဖြစ်ကြောင်း သိရသည်။ သူမသည် ကျောက်ကျဲ၏ အိမ်နီးချင်း ဖြစ်လေသည်။ သူမ၏ သားသမီးများမှာ အနားမှာ မရှိကြပါဘူး။ သူမသည် အရင်က ကလေးထိန်း၊ လူအိုထိန်း လုပ်ခဲ့ဖူးသူ ဖြစ်သည်။ သူမ ပြုစုခဲ့သော သက်ကြီးရွယ်အို ဆုံးပါးသွားပြီးနောက်ပိုင်းတွင် ကုန်စိမ်းဒိုင်မှာ အလုပ်လုပ်နေခဲ့သူ ဖြစ်သည်။
ချန်ကျန့်သည် သူမအား သန့်ရှင်းရေး အလုပ်အကြောင်း ရှင်းပြပြီးနောက် နေခွင့်ပေးလိုက်သည်။ အခုချိန်မှာ လူအင်အား လိုအပ်နေသည် မဟုတ်ပါလား။ မနက်ဖြန် ဧည့်သည်တွေ အခန်းအပ်သည့်အခါ သိမ်းဆည်းစရာတွေ တောင်ပုံရာပုံ ရှိနေမှာလေ။
ဆိုင်၏ အလုပ်များကို အကုန် ပြီးစီးအောင် လုပ်ဆောင်ပြီး၊ ဒေါ်ဟွမ် ကိုလည်း အိပ်ဆောင်တွင် နေရာချပေးကာ၊ သူကိုယ်တိုင်လည်း မျက်နှာသစ်ပြီးသည့်နောက်တွင်မှ.... အသားကင်သွားစားမည့် သတင်းကြောင့် စိတ်လှုပ်ရှားနေသော အာဟူ၏ စကားများကို နားထောင်ပြီးသည့်အခါမှသာ ချန်ကျန့်သည် အိပ်ဆောင်ထဲမှ ထွက်ခွာရန် အခွင့်အရေး ရတော့သည်။
“ကင်းသွားလှည့်လိုက်ဦးမယ်”
ချန်ကျန့် ဓာတ်လှေကားရှေ့တွင် စက္ကန့်အနည်းငယ်မျှ ရပ်နေမိသည်။ အိပ်ဆောင်ထဲမှ ဆူညံသံများ မကြားရတော့သည့် အခါမှသာ သူသည် ရုံးခန်းဘက်သို့ အပြေးသွားခဲ့သည်။ တံခါးမှာ ဟနေလေသည်။ သူ နှစ်ချက်ခေါက်လိုက်ပြီး ရှန်ယွီ၏ အဖြေကိုပင် မစောင့်ဘဲ အထဲသို့ ဝင်ခဲ့သည်။ အိပ်ဆောင်ထဲက လူတစ်ယောက်ယောက် အရှိန်လွန်ပြီး ထွက်လာကာ သူ့ကို မြင်သွားမှာ စိုးသောကြောင့် ဖြစ်သည်။
ရှန်ယွီသည် အိပ်ခန်းထဲမှ တန်းတန်းမတ်မတ်လာခဲ့သည်။ ရှန်ယွီက အားကစားဝတ်စုံ ချောင်ချောင်ချိချိကို လဲဝတ်ထားပြီးသား ဖြစ်နေသည်။ တစ်ညလုံး ကျစ်ထားခဲ့သော မိုးမျှော်ကျစ်ဆံမြီးကိုလည်း ဖြည်လိုက်ပြီဖြစ်ရာ ဆံပင်အချို့မှာ ခေါင်းပေါ်တွင် ထောင်နေလေသည်။
“မင်း တန်းပြီး အိပ်သွားပြီ ထင်နေတာ”
ရှန်ယွီက စားပွဲနားသို့ လျှောက်သွားကာ ဖုန်းထဲက အချိန်ကို ကြည့်ရင်း ဆိုသည်။
“အိပ်လို့ မရပါဘူးဗျာ။ ကျွန်တော် လာမတွေ့ရင်တောင် အာဟူတို့က ကျွန်တော့်ကို တန်းပြီး အိပ်ခိုင်းမှာ မဟုတ်ပါဘူး....”
ချန်ကျန့် တံခါးကို ပိတ်လိုက်ပြီး၊ ရှေ့သို့ နှစ်လှမ်းခန့် လျှောက်ကာ ရှန်ယွီ့ဆီသို့ ပြေးသွားတော့သည်။ ရှန်ယွီကို တန်းပြီးလှမ်းဖက်လိုက်လေသည်။
“မင်းတော့ တကယ် ရူးနေပြီ” ရှန်ယွီ၏ ဖုန်းမှာ ကုလားထိုင်ပေါ်သို့ ပြုတ်ကျသွားသည်။
“မင်းက အရင် စရူးတာလေ”
ချန်ကျန့် သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး၊ ရှန်ယွီ၏ လည်ပင်းကြားသို့ မျက်နှာဝှက်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူ စိတ်ကို မထိန်းနိုင်တော့ဘဲ တစ်ချက် ကိုက်လိုက်မိတော့သည်။
ရှန်ယွီကတော့ “အား” ခနဲ အသံထွက်လာသည်။
ချန်ကျန့် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း၊ ဘာကြောင့်လဲတော့ မသိပါဘူး၊ သူ မလွှတ်ပေးခဲ့ပါဘူး။ သူသည် ရှေ့သို့ပင် ပို၍ တိုးဝင်လိုက်မိသည်။ ရှန်ယွီသည် စားပွဲပေါ်သို့ ဖိချခြင်း ခံလိုက်ရပြီး၊ ဘေးနားရှိ ပြက္ခဒိန်မှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ တော်သေးသည်မှာ ဤဘော့စ်က အလုပ်ကြိုးစားသူ မဟုတ်သဖြင့် စားပွဲပေါ်တွင် ပြက္ခဒိန်မှလွဲ၍ ဘာမှမရှိ။
ဖြစ်နိုင်သည်မှာ ယခုတစ်ကြိမ် ကိုက်လိုက်မိသည်မှာ အနည်းငယ် ပြင်းသွား၍လား မသိပါဘူး၊ ချန်ကျန့်သည် ရှန်ယွီ၏ လည်ပင်းက သွေးခုန်သံကို သူ၏နှုတ်ခမ်းဖြင့် ခံစားနေရသည်၊ သူ၏ အသက်ရှူသံနှင့် စည်းချက် တစ်သားတည်း ဖြစ်နေသလိုမျိုးပေါ့။ ရှန်ယွီ၏ လက်က သူ၏နောက်ကျောကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင်မူ သွေးခုန်သံ၊ နှလုံးခုန်သံနှင့် အသက်ရှူသံ အားလုံးမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်ကုန်တော့သည်၊ တစ်ခုချင်းစီက ကိုယ့်ဘာသာ အသည်းအသန် ခုန်ပေါက်နေကြလေပြီ....။
ထိုရှုပ်ထွေးမှုများကြားတွင် ချန်ကျန့်သည် ယနေ့ မြင်ခဲ့ရသော မြစ်ကမ်းနားက မီးပန်းများကိုပင် ပြန်လည် မြင်ယောင်နေမိတော့သည်။
....
ဤရုံးခန်းမှာတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး အပြစ်နွံထဲ နစ်ဝင်နေလေပြီ။ ဆိုဖာကလည်း မဟုတ်သေး၊ ကုလားထိုင်ကလည်း ကျိုးသွားပြီ၊ အခုတော့ စားပွဲပါ မြေခသွားခဲ့လေပြီ။
ချန်ကျန့် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ရှန်ယွီမှာ ဆိုဖာပေါ်တွင် လှဲလျောင်းလျက် ဖုန်းကြည့်နေလေသည်။ သူ၏ လည်ပင်းဘေးက ကိုက်ရာမှာတော့ အနီရောင်အကွက်ကြီးအဖြစ် ထင်ရှားစွာ ကျန်ရစ်နေလေသည်။
“အာ!” ချန်ကျန့် ခဏမျှ မှင်သက်သွားပြီးမှ အနားသို့ အမြန် လျှောက်သွားကာ ကြည့်လိုက်သည် ။
“ဒီလောက်တောင် သိသာတာလား”
“အပိုတွေ ပြောမနေနဲ့။ ငါ့သွေးတွေကိုတောင် မင်း စုပ်ယူလိုက်ပြီလားလို့ ငါ သံသယ ဝင်နေတာ”
ချန်ကျန့် လက်လှမ်းကာ အသာအယာ တို့ကြည့်လိုက်သည် ။
“အရေပြားတော့ မပြဲပါဘူး”
“ဒါဆို မင်းက စိတ်ပျက်သွားတာပေါ့ ဟုတ်လား”
“ဘယ်လိုလုပ်ကြမလဲ၊ တစ်ယောက်ယောက် မြင်သွားလို့ မေးရင် ဘာပြန်ပြောမလဲ”
“မြင်မယ့်လူတော့ ရှိမှာပေါ့”
ရှန်ယွီ ဖုန်းကို ဘေးချလိုက်ပြီး ချန်ကျန့်ကို ကြည့်ကာ ခပ်အေးအေးပဲပြောသည်။
“ဒါပေမဲ့ ဘယ်သူကများ လာမေးမှာလဲ။ ဘော့စ်ရဲ့ လည်ပင်းမှာ ဘာလို့ ကိုက်ရာရှိနေတာလဲလို့ ဘယ်သူက မေးရဲမှာမို့လို့လဲ”
ချန်ကျန့် ဘာမှမပြောဘဲ ပြုံးနေမိသည်။
“ကော်လာနဲ့ ဖုံးထားလို့ ရပါတယ်”
ချန်ကျန့် နှုတ်ခမ်းကို ကိုက်ရင်း ဆိုဖာကို မှီကာ ကော်ဇောပေါ်တွင် ထိုင်ချလိုက်သည်။
“ကျွန်တော် ကိုယ်တိုင် ကိုက်လိုက်တာပဲဟာ”
ရှန်ယွီ ဘာမှပြန်မပြောဘဲ လက်လှမ်းကာ ချန်ကျန့်၏ မေးစေ့ကို ညှစ်လိုက်သည်။
“အိပ်တော့မလို့လား” ချန်ကျန့် ခေါင်းလှည့်ကာ ရှန်ယွီ့ကို ကြည့်လိုက်သည်။
“အင်း”
“ကုတင်ပေါ်မှာ... သွားအိပ်မလို့လား”
ချန်ကျန့်က မေးလိုက်စဉ်မှာပင် သူကိုယ်တိုင် အနည်းငယ် ရှက်သွားရသည်။ ရှန်ယွီက သူ၏မေးစေ့ကို ကိုင်ကာ မျက်နှာချင်းဆိုင်အောင် လှည့်လိုက်သည်။
“ဘာလဲ”
ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒီဆိုဖာပေါ်မှာပဲ အိပ်မယ်လေ။ မင်း ငါ့ကို စကားခဏလောက် ထပ်ပြောပေးဦး”
“ဟုတ်ကဲ့” ချန်ကျန့်က ဆိုလိုက်သည်။ ရှန်ယွီ မျက်လုံးမှိတ်ထားလိုက်သည်၊ သူ၏ လက်ချောင်းများက ချန်ကျန့်၏ နားရွက်နောက်ဘက်တွင် အသာအယာ ထိတေွ့နေလိုက်သည်။
“ဒီနေ့ မင်း လန်ကော နဲ့ စကားပြောဖြစ်သေးလား”
“အင်း။ မင်းမှာ အရင်က အိမ်မြှောင် တစ်ကောင် ရှိဖူးတယ်ဆို... အဲ့ဒါ အခုထိ ရှိသေးလား”
“ငါ ထောင်ကျတော့ လျူဝူ့ဆီ ပေးထားခဲ့တာလေ။ ဒုတိယနှစ်မှာ သေသွားပြီ။ လျူဝူခမျာ ရက်တော်တော်ကြာအောင် ငိုနေတာ” ရှန်ယွီက တိုးတိုးလေး ပြောပြသည် ။
“ယွဲ့လန်ကတော့ တကယ်ကို စကားများတာပဲ။ ဘာလို့ ဒါတွေကိုတောင် ထုတ်ပြောနေရတာလဲ”
သူက မင်း အိမ်မြှောင်ကို ချစ်နေတာလို့ ထင်နေတာလေ။
“တခြား အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်”
“ဥပမာ... ငါ့ကို အိမ်ပြန်ဖို့ ဖျောင်းဖျခိုင်းတာမျိုးလား”
ရှန်ယွီက ဆိုသည်။ ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည်။
“အင်း”
“မင်း ငါ့ကို ဖျောင်းဖျမလို့လား”
“အခုလား။ ခဏနေမှပေါ့၊ အခုလောလောဆယ်တော့ ဘယ်လိုပြောရမလဲ ကျွန်တော် မသိသေးဘူး”
“တကယ်ကို ရိုးသားတာပဲ” ရှန်ယွီ ပြုံးလိုက်သည်။
“လူအပေါ်မှာလည်း မူတည်တာပေါ့။ မင်းနဲ့ကျမှပဲ ကျွန်တော်က ရိုးသားနိုင်တာလေ။ ဘယ်သူကများ မင်းကို ဉာဏ်ချင်း ယှဉ်နိုင်မှာလဲ။ ဒီ အရင်းရှင် အသားထဲက အသားစားမယ့်လူရာ”
“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည်။
“ဒီနေ့ ဟယ်လျန်တို့နဲ့ ဘာတွေ ပြောဖြစ်ကြလဲဟင်”
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့အကြောင်း သူတို့ မြှောက်ပင့်ပြောတာတွေကို နားထောင်နေရတာပါ။ ပြီးတော့ အားတဲ့အခါ လက်ဖက်ရည် လာသောက်ဖို့ ဖိတ်ကြတာပေါ့”
“မင်းက လက်ဖက်ရည် မသောက်ဘူးလို့ ပြောလိုက်တယ် မဟုတ်လား”
“ငါ့ရဲ့ တော်တဲ့ လက်ရုံးဆိုတာ တကယ်ပဲ မမှားဘူး”
ရှန်ယွီ ရယ်မောလိုက်သည်။ ချန်ကျန့် အနည်းငယ် ဆွံ့အသွားရသည်။
“တကယ်ကြီး ပြောလိုက်တာလား။ ဒါဆို မင်းတို့က ပြန်အဆင်ပြေသွားကြတာလား၊ မပြေဘူးလား”
“အရင်ကဆိုရင်တော့ ငါ သေချာပေါက် အဲ့ဒီလို ပြောမှာပေါ့ ။ ဒီနေ့တော့ ငါက လက်ဖက်ရည်ကောင်းကောင်းလေးတွေ ယူလာခဲ့ပါ့မယ်လို့ပဲ ပြန်ပြောလိုက်တယ်”
“တော်တော်လေးကို လိမ္မာနေတာပဲ”
ဒီည သူတို့နှစ်ယောက် စကားပြောဖြစ်တာက ပုံမှန်ထက် ပိုကြာသွားခဲ့သည်။ နောက်ဆုံးပိုင်း ရောက်သည့်အခါ ရှန်ယွီက စကားမပြောတော့ပါဘူး။ ချန်ကျန့်အနေဖြင့် ရှန်ယွီ အိပ်ပျော်မပျော်ဆိုတာကို သူ၏နားရွက်နောက်မှာထိတွေ့နေသည့် လက်ချောင်းလေးတွေကို ကြည့်မှသာ သိနိုင်တော့သည်။ လက်ချောင်းလေးတွေ လှုပ်ရှားနေသရွေ့တော့ သူက ခပ်တိုးတိုးလေး ဆက်ပြောနေမိသည်။ သူ ကျောင်းတက်တုန်းက ခြံစည်းရိုးကျော်ပြီး အလုပ်သွားလုပ်ခဲ့တဲ့ အကြောင်းတွေ၊ သူ့လစာထဲက ယွမ် နှစ်ရာကို ဖြတ်ထားတဲ့ အရင်းရှင် ဘော့စ်တစ်ယောက်နဲ့ ဆုံခဲ့တဲ့ အကြောင်းတွေကိုပေါ့။ နောက်ဆုံးမှာတော့ သူနှင့် သူ၏အတန်းဖော်က ထိုဘော့စ်၏ သားဖြစ်သူ ကျောင်းသွားတဲ့လမ်းမှာ နှစ်ကြိမ်လောက် ပိတ်ဆီးပြီး ယွမ် နှစ်ရာစီ ပြန်လုခဲ့ကြသည်လေ။
“အဲ့ဒီတုန်းက ကျွန်တော် တကယ်ကို စိတ်ပျက်နေခဲ့တာလေ....” ချန်ကျန့် အသံတိုးတိုးဖြင့် ပြောရင်း သူကိုယ်တိုင်လည်း ငိုက်လာခဲ့ပြီ ဖြစ်သည်၊ မျက်လုံးများလည်း မှိတ်လျက်…
“တွေးကြည့်ရင် ကျွန်တော့်မှာလည်း ဓားပြတိုက်ဖူးတဲ့ အတွေ့အကြုံ ရှိတာပဲပေါ့....”
ရှန်ယွီ၏ လက်ချောင်းများမှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့လေပြီ။ အိပ်ပျော်သွားခဲ့ပြီ ထင်သည်။
ရှန်ယွီကို အိပ်ပျော်အောင် လုပ်ပေးရတာက တကယ်ကို ပင်ပန်းလှတဲ့ အလုပ်တစ်ခုပါပဲ။ ချန်ကျန့် မနက်နိုးလာသည့်အခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလေသည်။ ရှန်ယွီ အိပ်ပျော်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာ လုံးဝ မမှတ်မိပါဘူး။ နိုးလာသည့်အခါ ဆိုဖာရှေ့တွင် တခွေခွေလေး တစ်ညလုံး အိပ်ခဲ့မိမှန်း သိလိုက်ရသည်။ မနက်နိုးလာတော့ ချန်ကျန့်က ကော်ဇောပေါ်မှာ ရောက်နေတာကိုး။
တကယ်ပါပဲ...သည်ကော်ဇောနှင့် အတော်လေးကို ရေစက်ပါပုံရသည်။ ဒီနေ့တော့ ရုံးခန်းက ကော်ဇောကို လဲဖို့ သူ တောင်းဆိုရမည်။ နောက်ကျရင်လည်းသည်နေရာပေါ်မှာ ဘယ်နှစ်ခါလောက် ထပ်အိပ်ရဦးမလဲ မသိဘူး မဟုတ်လား။ ရှန်ယွီကတော့ အိပ်ပျော်နေဆဲပင် ဖြစ်သည်။ လက်တစ်ဖက်မှာလည်း ဆိုဖာဘေးတွင် တွဲလောင်းကျနေလေသည်။
ချန်ကျန့် သူ့ကို မနှိုးရဲပါဘူး၊ သူ၏ကိုယ်ပေါ်က စောင်လေးကိုသာ ဖြည်းဖြည်းချင်း ဆွဲယူပြီး တွဲလောင်းကျနေတဲ့ လက်ကိုပါ အုပ်ပေးလိုက်သည်။ ယွဲ့လန်တို့ ဇနီးမောင်နှံမှာ ပစ္စည်းများ သိမ်းဆည်းပြီး၊ မနက်စာ စားပြီးနောက် ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေပြီ။ ရှန်ယွီကိုတော့ နှုတ်မဆက်တော့ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြသည်။
“ခြောက်နာရီတုန်းက သူ ငါတို့ကို လာမနှောင့်ယှက်ဘူးဆိုရင် သူ အိပ်ပျော်နေတာ သေချာတယ်၊ အခုထိတော့ နိုးမှာ မဟုတ်သေးဘူး။ ငါတို့ သွားပြီနော်”
“ဟုတ်ကဲ့ပါ၊ လမ်းခရီး အဆင်ပြေပါစေဗျာ” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“မောင်လေး...အားတဲ့အခါ ငါတို့ဆီ လာလည်ဦးနော်။ ရှန်ယွီ မလာရင်တောင် မင်း လာလို့ ရပါတယ်၊ အစ်မကြီးက အကုန် ဧည့်ခံမှာပေါ့”
ယောင်ယီ ကားမှန်ကို မှီရပ်ရင်း ဖိတ်ခေါ် စကား ဆိုသည်။
“ဟုတ်ကဲ့ပါ” ချန်ကျန့် ပြုံးလိုက်သည်။
သူ တကယ်ကို သွားချင်နေမိသည်။ သူ၏တစ်သက်လုံးတွင် အဝေးဆုံး ရောက်ဖူးသည့် နေရာမှာ မြို့ပေါ်အထိသာ ဖြစ်သည် မဟုတ်ပါလား။ ယွဲ့လန်တို့ ကားလေး လမ်းထိပ်မှာ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ချန်ကျန့် ရုတ်တရက် စိတ်မကောင်း ဖြစ်သွားရသည်။ သူတို့မှာ သူနှင့် ရှန်ယွီ၏ အတိတ်ကမ္ဘာကြားက ဆက်သွယ်ချက်တစ်ခုလိုပင်။ ရက်အနည်းငယ်ကြာ ပေါင်းသင်းခဲ့ပြီးနောက်တွင် ထူးဆန်းလှသော ခံစားချက်တစ်ခုမှာ သူစိမ်းဆန်မှုများကို အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူတို့ ထွက်သွားသည့်အခါ ချန်ကျန့် ရုတ်တရက် သတိပြုမိလိုက်သည်မှာ သူသည် ရှန်ယွီ၏ ကမ္ဘာနှင့် ပိုပြီး နီးကပ်ချင်နေခဲ့မိတာပဲ....။ သို့သော် သူ အနည်းငယ်လည်း ကြောက်နေမိသည်။ တစ်နေ့နေ့ ရှန်ယွီတစ်ယောက် ထွက်ပြေးနေတာတွေကို ရပ်တန့်ပြီး သူ လာခဲ့ရာ ကမ္ဘာဆီသို့ ပြန်သွားခဲ့လျှင် သူ ဘာတွေ ရင်ဆိုင်ရမလဲဆိုတာ မသိသောကြောင့် ဖြစ်သည်။ ထိုစဉ် သူ၏ ဖုန်းက တုန်ခါလာခဲ့သည်။
[Fa Dan Ke Chen] - အပေါ်ကို မော့ကြည့်လိုက်ဦး။
ချန်ကျန့် ခဏမျှ မှင်သက်သွားပြီးမှ အပေါ်သို့ မော့ကြည့်လိုက်သည်။ စတုတ္ထထပ် ရုံးခန်းပြတင်းပေါက် ပွင့်နေလေသည်။ ရှန်ယွီက ခေါင်းပြူထွက်လာပြီး၊ Fly kiss ပေးပြီးနောက် ချန်ကျန့်ရှိရာဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။
“အရူးပဲ” ချန်ကျန့် ပြုံးလိုက်မိသည်။
သို့သော် သူသည်လည်း ထူးဆန်းစွာပင် လိုက်ပါလုပ်ဆောင်လိုက်မိသည်၊ လေထဲမှာ ဖမ်းယူလိုက်သလိုမျိုး လက်ကို ဆန့်ထုတ်လိုက်ပြီးနောက်၊ လက်ချောင်းထိပ်လေးများကို သူ၏နှုတ်ခမ်းမှာ ဖိကပ်ကာ အနမ်းပြန်ပေးလိုက်လေတော့သည်။
“ရော့...”
အခန်းထဲမှ ဆေးလိပ်သောက်ရန် ထွက်လာသော လောင်ဝူက သူ့ကို တစ်ချက်ကြည့်ပြီး ဆေးလိပ်ဗူး ကမ်းပေးသည်။
“မင်းက ဆေးလိပ် မသောက်ဘူး မဟုတ်လား”
ချန်ကျန့် သူ့ကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပါဘူး။
Comments
Post a Comment