အပိုင်း (၆၈)
မနက်ပိုင်းတွင် ချန်ကျန့်သည် လောင်ဝူကို မြင်တိုင်း ရယ်ချင်နေမိသည်။ ကံကောင်းထောက်မစွာဖြင့် လောင်ဝူက ယနေ့ ဝင်းထဲတွင် သန့်ရှင်းရေး တာဝန်ကျသဖြင့် အပြင်ဘက်ရှိ စားပွဲနှင့် ကုလားထိုင်များကိုသာ တောက်လျှောက် လိုက်ပွတ်နေလေသည်။
ယနေ့လည်း ဧည့်သည်တွေ အများကြီး ရှိနေဆဲပင်။ မီးပုံပွဲအတွက်သာ လာကြသော ခရီးသည်အချို့ အခန်းအပ်ပြီး ပြန်ကြသော်လည်း၊ အသစ်ရောက်လာသူများကလည်း တရစပ် ရှိနေသည်။ ဒေါ်ဟွမ် ရောက်လာ၍သာ တော်တော့သည်၊ မဟုတ်လျှင် အခန်းသန့်ရှင်းရေး လုပ်ပေးမည့်သူ ရှိမှာမဟုတ်ပါဘူး။
“ခဏနေရင် အာဟူကို ကားမောင်းပြီး အိပ်ရာခင်းတွေ သွားယူခိုင်းလိုက်ဦး၊ ပြီးတော့ ဒီနှစ်ရက်က ဟာတွေကိုလည်း တစ်ခါတည်း လျှော်ဖို့ ပို့လိုက်ပေါ့” ချန်ကျန့်က ဧည့်ကြိုကောင်တာရှိ ဆွန်နာနာကို မှာကြားလိုက်သည်။ “အခု အခန်းအခြေအနေ ဘယ်လိုလဲ”
“အဆင်ပြေပါတယ်။ ပထမထပ်နဲ့ ဒုတိယထပ်ကတော့ ပြည့်သလောက် ရှိနေပြီ။ တတိယထပ်နဲ့ စတုတ္ထထပ်မှာတော့ အခန်းအချို့ ကျန်သေးတယ်။ ဘွတ်ကင်တွေလည်း အကုန် မပြည့်သေးပါဘူး”
ဆွန်နာနာက လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဘောပင်ကို ကိုင်ထားသည်။ သူမက ကွန်ပျူတာမျက်နှာပြင်ကို ညွှန်ပြပြီးနောက်၊ နားနောက်က ဆံပင်တစ်စုကို ဘောပင်ဖြင့် နှစ်ပတ်လောက် လှည့်ကစားပြီးမှ ပြန်သပ်လိုက်လေသည်။
“၃၀၆ အကြောင်း မေးတဲ့လူ ရှိလား”
ချန်ကျန့်က မေးလိုက်သည်။ စီးပွားရေး ကောင်းနေသည့် အချိန်တွင် ထို “သရဲခြောက်သည့် အခန်း” အတွက် သူ အစိုးရိမ်ဆုံး ဖြစ်သည်လေ။
“မရှိပါဘူး” ၃၀၆ ၏ အခြေအနေကို သိထားပြီးသားဖြစ်သော ဆွန်နာနာက အေးအေးဆေးဆေးပင် ပြန်ဖြေသည် ။ “စိတ်မပူပါနဲ့”
ရှန်ယွီ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နေ့လယ်ပိုင်းတွင် အားလုံး တော်တော်လေး အလုပ်ရှုပ်နေကြသည်လေ။ နေ့လယ်စာမှာ ပါဆယ်ဖြစ်သော်လည်း ချန်ကျန့်မှာ သူ့အတွက် အပေါ်ကို ယူသွားပေးဖို့ အချိန်မရခဲ့ပါဘူး။ ရှန်ယွီက စီးပွားရေးကိစ္စတွေကို လျစ်လျူရှုနိုင်သော်လည်း၊ ထမင်းစားဖို့တော့ ကိုယ်တိုင် ဆင်းလာရမည် မဟုတ်ပါလား။
ချန်ကျန့် နေ့လယ်စာ ထုပ်ကို ဖြည်နေစဉ် ဆန်းပင်း အနားသို့ ရောက်လာသည် ။
“မန်နေဂျာ”
“ဟင်”
“ခဏနေရင် အာဟူကော အိပ်ရာခင်းတွေ သွားပို့ရင်၊ မှိုလေးကိုပါ တစ်ခါတည်း ကာကွယ်ဆေး သွားထိုးပေးဖို့ ပြောလိုက်ပါလား”
ဆန်းပင်းက အသံတိုးတိုးဖြင့် ဆိုသည်။
“သူ လုပ်နိုင်ပါ့မလား။ အမှန်တော့ မြို့ဟောင်းအထိ သွားနေစရာ မလိုပါဘူး၊ ရွာသစ်က တိရစ္ဆာန် ဆေးခန်းမှာတင် ထိုးလို့ ရတာပဲကို.... ဒါနဲ့ ဘာလို့ ရုတ်တရက်ကြီး ဒါကို စဉ်းစားမိတာလဲ”
“မှိုလေးက ရှန်ယွီကို ကိုက်လိုက်တာ မင်းမသိဘူးလား”
ဘာပြောလိုက်တာလဲ!
ချန်ကျန့် ဆန်းပင်းကို အံ့သြတကြီး လှမ်းကြည့်လိုက်မိသည်။
“သူ့ရဲ့ လည်ပင်းကို ကိုက်လိုက်တာလေ။ တော်သေးတာပေါ့ အရေပြား မပြဲသွားလို့”
ဆန်းပင်းက ထပ်ဖြည့်ပြောလိုက်သည်။
ချန်ကျားလီရေ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ!
“မှိုလေးက မတ်တတ်ရပ်ရင်တောင် ရှန်ယွီရဲ့ ခြေသလုံးလောက်ပဲ ရှိတာလေ။ ဘယ်လိုလုပ်ပြီး လည်ပင်းကို လှမ်းကိုက်နိုင်မှာလဲ ။ နေပါအုံး ဒါကို ရှန်ယွီက မင်းကို ပြောပြတာလား”
“ဟုတ်တယ်လေ။ မှိုလေးကို ပွေ့ပြီး စနေတုန်း အကိုက်ခံရတာ ဖြစ်မှာပေါ့”
တကယ့်ကို ကျိုးကြောင်းဆီလျော်လှပါပေသည်။ ချန်ကျန့် ရှန်ယွီကို လက်ခုပ်တီးပြီး ချီးကျူးလိုက်ချင်မိတော့သည်။
“မင်းကတော့လေ....”
ချန်ကျန့် သက်ပြင်းချရင်း၊ ထမင်းဘူးကို ထုတ်ကာ စားသောက်ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။
“ကောင်းပါပြီလေ၊ အားတဲ့အခါမှ မှိုလေးကို ဆေးသွားထိုးပေးလိုက်မယ်”
ရှန်ယွီသည် စားသောက်ဆိုင် ထောင့်တစ်နေရာတွင် ထိုင်ကာ ဧည့်သည်တွေ ထမင်းစားနေတာကို ကြည့်နေလေသည်။
“ဒီနေ့ မွန်းလွဲပိုင်း မင်းသွားလိုက်လေ”
ချန်ကျန့်က ထမင်းဘူးကို သူ့ရှေ့ ချပေးရင်း ဆိုလိုက်သည်။
“ဘယ်ကိုလဲ။ မင်းကို ကားမောင်းသင်ဖို့ လိုက်ပို့ရမှာ မဟုတ်လား” ရှန်ယွီက မေးသည်။
“မှိုလေးကို ဆေးသွားထိုးပေးဖို့လေ။ မင်းကို မှိုလေး ကိုက်လိုက်တယ် ဆို”
ချန်ကျန့်က ရှန်ယွီ၏ လည်ပင်းဘေးက “ခွေးကိုက်ရာ” ကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
သူ ဆန်းပင်းကိုတော့ တကယ် အထင်ကြီးမိပါသည်။ ကိုယ်လုံးကသာ သိပ်မကြီးတာ၊ မျက်စိကတော့ တော်တော် စူးရှတာပဲ။ ရှန်ယွီက ဒီနေ့ တမင် အင်္ကျီကော်လာနဲ့ ဖုံးထားပါလျက်နှင့်၊ ဟနေတဲ့ နေရာလေးကို မြင်အောင် ကြည့်နိုင်သည် မဟုတ်ပါလား။ ရှန်ယွီ ဘာမှပြန်မပြောဘဲ ပြုံးနေလေသည်။
“မှိုလေးက ငယ်ငယ်လေး ရှိသေးတာကို၊ အခုကတည်းက အပြစ်တင်ခံနေရပြီပေါ့”
ချန်ကျန့်က ညည်းတွားလိုက်သည်။
“ဆန်းပင်းကတော့ တကယ်ပါပဲ....နားမလည်ရင် မေးလိုက်ရင် ရတာကို။ ဒီပြဿနာက တစ်ညတောင် မခံဘူးလေ”
“နောက်မှ ဆေးတစ်ခုခု ရှာပြီး လိမ်းပေးမယ်လေ။ ဒါနဲ့... ဒီဒဏ်ရာက ဘာလို့ မနေ့ညကထက် ပိုသိသာနေရတာလဲ”
“မင်းသာ အရေပြားကို ကိုက်ဖောက်လိုက်ရင်တော့ ဒီလောက်အထိ ညိုမည်းနေမှာ မဟုတ်ဘူးလေ”
“...နောက်ခါကျရင်တော့ သတိထားပါ့မယ်” ချန်ကျန့်က ဆိုလိုက်လေသည်။
ဆိုင်က အလုပ်များနေသော်လည်း၊ ဆရာစီစဉ်ထားသည့် ကားမောင်းသင်တန်း တစ်ချိန်မှ ချန်ကျန့် မပျက်ကွက်ခဲ့ပါဘူး။ အဓိကကတော့ သူ၏ “အစ်ကို” က ပေးမပျက်သောကြောင့် ဖြစ်သည်။ နေ့ခင်းမှာ အလုပ်များနေလျှင် ညဘက်သို့ ပြောင်းပြီး သင်ပေးလေသည်။ အားလုံးက မီးပုံပွဲမှာ ပျော်နေကြချိန်တွင်၊ မန်နေဂျာဖြစ်သူမှာတော့ ဘော့စ်၏ အစ်ကိုဖြစ်သူ၏ စောင့်ကြပ်မှုဖြင့် ကားမောင်းကွင်းမှာ ကားမောင်းသင်နေရရှာသည်။
ဒီရက်ပိုင်းအတွင်း ချန်ကျန့်မှာ ရှန်ယွီကိုတောင် အိပ်မက်မမက်တော့ပါဘူး။ ဆရာလီကိုတော့ နှစ်ခါတောင် အိပ်မက်မက်ခဲ့ဖူးသည်။ တော်သေးသည်မှာ မီးပုံပွဲက ရက်အနည်းငယ်သာ ဖြစ်ပြီး၊ ပွဲပြီးသွားလျှင်တော့ အခုလောက် အလုပ်မများတော့မှာ သေချာပါသည်။
အစကတော့ ချန်ကျန့်အနေဖြင့် ဒီရက်ပိုင်း ဧည့်သည်များသော်လည်း ကြီးကြီးမားမား ပြဿနာမရှိဟု ထင်ခဲ့သည်။ ဧည့်သည်တွေဆီက တိုင်တောမှု အချို့ရှိသော်လည်း အသေးအမွှားတွေမို့လို့ ချက်ချင်း ဖြေရှင်းနိုင်ခဲ့သည်လေ။ သို့သော် မထင်မှတ်ဘဲ မီးပုံပွဲ၏ နောက်ဆုံးနေ့တွင်မှ သူ အစိုးရိမ်ဆုံးဖြစ်သော ၃၀၆ အကြောင်းကို ဧည့်သည်တစ်ယောက်က လာမေးတော့သည်။
ထိုအခန်းမှာ တည်းချင်လို့ မဟုတ်ပါဘူး။ ဒီနှစ်ရက်အတွင်း ဆိုင်က အခန်းမပြည့်သလို၊ ၃၀၆ ၏ မျက်နှာချင်းဆိုင်နှင့် ဘေးခန်းတွေမှာလည်း လူမရှိပါဘူး။ သို့သော် တတိယထပ်က ဧည့်သည်တစ်ယောက်က ၃၀၆ မှာ သရဲခြောက်တယ်လို့ သတင်းကြားခဲ့သဖြင့် ဧည့်ကြိုကောင်တာမှာ လာပြီး ရှင်းပြခိုင်းနေခြင်း ဖြစ်သည်။
“တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ ငါတို့တည်းနေတဲ့ အခန်းက လူသေဖူးတဲ့ အခန်းလား ဘယ်သူသိမှာလဲ”
အမျိုးသမီးတစ်ဦးက ထိတ်လန့်နေသော မျက်နှာဖြင့် ဆိုသည်။
“ကျွန်မတို့ကတော့ အဲ့ဒီအခန်းမှာ ဧည့်သည်ကို သေချာပေါက် တည်းခိုင်းမှာ မဟုတ်ပါဘူး”
ဟူဖန်က ရှင်းပြသည်။
“အခန်းကိုလည်း သေသေချာချာ သန့်ရှင်းရေး လုပ်ထားပြီးသားပါ....”
“ဒါပေမဲ့ ကြောက်စရာကောင်းတုန်းပဲ” ထိုအမျိုးသမီးက စကားဖြတ်ပြောလိုက်သည်။
“အစ်မရယ်...” ဆွန်နာနာက ဆံပင်ကို သပ်ရင်း ဝင်ပြောလေ၏။
“ဒီလို မတော်တဆမှုမျိုးကတော့ ရှောင်လွှဲလို့ မရဘူးလေ။ လူမသေဖူးတဲ့ မြေနေရာရယ်လို့ ဘယ်မှာ ရှိမှာလဲ။ အဲ့ဒီအခန်းကိုလည်း ကျွန်မတို့ မငှားပါဘူး၊ ပြီးတော့ ဆရာတော်တွေကို ပင့်ပြီး အမျှဝေတာတွေလည်း လုပ်ထားပြီးသားပါ။ ဆိုင်ပြန်ဖွင့်ကတည်းက ဧည့်သည်တွေ အများကြီး လာတည်းသွားကြတာပဲ၊ အားလုံးလည်း အဆင်ပြေနေကြတာပဲကို”
ချန်ကျန့် ချက်ချင်း ထွက်မသွားဘဲ၊ ရှန်ယွီဆီ ဖုန်းအရင် ခေါ်လိုက်သည်။
“ပြဿနာရှာတဲ့လူကို အခန်းခ ၂၀ ရာခိုင်နှုန်း လျှော့ပေးလိုက်၊ ပြီးတော့ မနက်စာ အလကား ကျွေးမယ်လို့ ပြောလိုက်။ ပြီးရင် ၃၀၆ ကို လိုက်ပြလိုက်ပေါ့”
“ဘာပြရမှာလဲ” ချန်ကျန့် ကြောင်သွားသည်။
“မန်နေဂျာက ၃၀၆ မှာ နေနေတာလို့ ပြောလိုက်လေ” ရှန်ယွီက ဆိုလိုက်သည်။
“...ဟုတ်ကဲ့”
ချန်ကျန့် နှုတ်ခမ်းကို ကိုက်ရင်း ဖုန်းချလိုက်ပြီး ဧည့်ကြိုကောင်တာသို့ လျှောက်သွားခဲ့သည်။
“ငါတို့ အခန်းပြောင်းချင်တယ်” ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ရပါတယ်ရှင်” ဟူဖန် ကွန်ပျူတာကို ချက်ချင်းကြည့်သည်။
“အစ်မတို့အတွက် တခြား အခန်းလွတ်ရှိလား ကြည့်ပေးပါ့မယ်”
“အခန်းပြောင်းလို့ မရတော့ဘူး”
ထိုအမျိုးသမီး၏ အစ်မဖြစ်သူက လက်ယမ်းပြသည်။
“ဒါဆို ငါတို့ အခန်းအပ်ပြီး တခြား တည်းခိုခန်းမှာ သွားမေးတော့မယ်”
ဒါကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ သူတို့သာ တခြားဆိုင်ကိုသွားပြီး ဒီမှာ သရဲခြောက်လို့ ပြောင်းလာတာလို့ ပြောလိုက်ရင် တာယွင် ရဲ့ နာမည် ပျက်သွားမှာ သေချာသည် မဟုတ်ပါလား။
“အစ်မ... အခန်းပြောင်းချင်ရင်လည်း ရသလို၊ အခုနေရာမှာပဲ ဆက်နေမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့က အခန်းခ ၃၀ ရာခိုင်နှုန်း လျှော့ပေးမယ့်အပြင်၊ တည်းနေတဲ့ အတောအတွင်းမှာလည်း ဒီမှာ အခမဲ့သုံးဆောင်လို့ ရအောင် စီစဉ်ပေးပါ့မယ်။ ဒါက ကျွန်တော်တို့ဘက်က တောင်းပန်တဲ့အနေနဲ့ပါ”
မန်နေဂျာက ဘော့စ်သတ်မှတ်ထားတဲ့ Discount ကို ကိုယ်တိုင် တိုးပေးလိုက်ခြင်း ဖြစ်သည်။
ထိုအမျိုးသမီးမှာ ဘာမှမပြောဘဲ တုံ့ဆိုင်းနေပုံရသည်။ ဘာပဲဖြစ်ဖြစ် ဒီနားက တည်းခိုခန်းတွေက ဈေးနှုန်းချင်း တူတူပါပဲ။ ချန်ကျန့်ပေးတဲ့ လျော်ကြေးက တခြားဆိုင်ကို ပြောင်းတာထက် အများကြီး ပိုပြီး တွက်ခြေကိုက်သည် မဟုတ်ပါလား။
“ပြီးတော့ အဲ့ဒီအခန်းကလည်း အခုလောလောဆယ် အလွတ်ကြီး မဟုတ်ပါဘူး ။ အဲ့ဒီမှာ ကျွန်တော် ကိုယ်တိုင် နေနေတာပါ”
“မင်းလား” ထိုအမျိုးသမီးမှာ မှင်သက်သွားရသည်။
“ဟုတ်ကဲ့၊ ကျွန်တော်က မန်နေဂျာပါ။ ၃၀၆ မှာ ကျွန်တော် နေတာပါ။ အစ်မတို့ စိတ်မရှိဘူးဆိုရင် လိုက်ကြည့်လို့ ရပါတယ်”
ဟူဖန်၊ ဆွန်နာနာနှင့် တခြားလူများမှာ တစ်ပြိုင်နက်တည်း သူ့ကို လှည့်ကြည့်ကြတော့သည်။ ထိုအခန်းမှာ အမြဲတမ်း အလွတ်ကြီးမှန်း သူတို့ အသိဆုံး မဟုတ်ပါလား။ လိုက်ကြည့်ရင် လူမိသွားမှာပေါ့။
ချန်ကျန့် သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။
ကိစ္စအသေးအမွှားတွေကို ဂရုမစိုက်ပေမဲ့၊ အရေးကြီးတဲ့ အခါကျရင်တော့ အားကိုးလို့ရတဲ့ မင်းတို့ဘော့စ်ကို ယုံလိုက်ကြစမ်းပါ။
“သွားကြည့်ကြမလား” ထိုအမျိုးသမီးက သူမ၏အစ်မကို မေးသည်။
“ဒါဆိုလည်း ကြည့်လိုက်တာပေါ့၊ စိတ်အေးသွားအောင်လို့လေ”
ချန်ကျန့် ထိုနှစ်ဦးကို ဓာတ်လှေကားဆီသို့ ဦးဆောင်ခေါ်လာခဲ့သည်။
“မင်းက ဘာလို့ အဲ့ဒီအခန်းမှာ နေတာလဲ” အစ်မဖြစ်သူက သိချင်စိတ်ဖြင့် မေးသည်။
ငါက အရူးမို့လို့လေ။ ဘော့စ်က ခိုင်းလို့လေ။ ငါ့ရဲ့ လျှို့ဝှက်ချက်က သရဲဖမ်းတဲ့ ဆရာကြီးမို့လို့လေ။
ငါက စိတ်မမှန်တဲ့ လူမို့လို့လေ။
“ကျွန်တော်က...” ချန်ကျန့် ဦးနှောက်ကို အမြန် ပြေးလိုက်သည်။
“ကျွန်တော့်မှာ ‘ယန်’ အား (Yang energy) တွေ အများကြီး ရှိလို့ပါ”
“ဟုတ်လား။ မင်းက ဘယ်လိုမျိုး ‘ယန်’ အားတွေ များနေတာလဲ”
ချန်ကျန့် ချွေးပင် ပြန်ချင်လာသည်။ သူသည် ဓာတ်လှေကား ခလုတ်ကို နှိပ်ဟန်ဆောင်ရင်း ဦးနှောက်ကို ဆက်လက် အလုပ်ပေးနေရသည်။ တော်သေးသည်မှာ ရှောင်သိုအာ၏ အဖိုးက တစ်ခါတစ်ရံ ဒါမျိုးတွေကို ပြောပြဖူးသောကြောင့် ဖြစ်သည်။
“ကျွန်တော့်ရဲ့ ဇာတာက တအားကြမ်းတာလေ။ ကျွန်တော်က နွေရာသီမှာ မွေးတာဆိုတော့”
“အော်...” ထိုအမျိုးသမီး နားလည်သွားသလားတော့ မသိပါဘူး၊ ဒါပေမဲ့ သူမ၏ လေသံကတော့ တော်တော်လေး ပျော့ပြောင်းသွားခဲ့ပြီ …
“ဒါဆို မင်းက ဖျားတာနာတာ သိပ်မရှိဘူးပေါ့ ဟုတ်လား”
“အအေးမိတာတောင်မှ ခဲယဉ်းပါတယ်ဗျာ” ချန်ကျန့်က ပြုံးလျက် ဆိုလိုက်သည်။
ဓာတ်လှေကား တံခါးမှာ တတိယထပ်တွင် ပွင့်သွားသည်။ သူတို့ ထွက်လာသည့် အချိန်မှာပင် ရှန်ယွီမှာ လှေကားမှတစ်ဆင့် စတုတ္ထထပ်သို့ တက်သွားသည်ကို မြင်လိုက်ရသည်။ ချန်ကျန့် ထိုလူများကို ၃၀၆ တံခါးရှေ့သို့ ခေါ်လာပြီး တံခါးဖွင့်လိုက်သည့်အခါ အထဲကို လှမ်းကြည့်လိုက်မိသည်။
အခန်းထဲရှိ အဝတ်တန်းမှာ အဝတ်အစား အချို့ ချိတ်ထားသည်၊ ကုတင်ပေါ်မှာလည်း ဂျာကင်တစ်ထည်နှင့် ဘောင်းဘီတစ်ထည်ကို ပစ်ထားလေသည်။ စားပွဲပေါ်မှာတောင် စာအုပ် နှစ်အုပ် ရှိနေသေးသည်။ အားလုံးမှာ ရှန်ယွီ၏ ပစ္စည်းတွေချည်းပါပဲ။
“ကျွန်တော် ဒီမှာနေတာ လပေါင်းများစွာ ရှိပါပြီ ။ ဘာမှ မဖြစ်ခဲ့ပါဘူး”
ထိုအမျိုးသမီး နှစ်ဦးမှာ အထဲကို မဝင်ရဲကြပါဘူး၊ တံခါးဝကနေသာ လှမ်းကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“တကယ်လို့ ကျွန်တော်တို့ရဲ့ ဖြေရှင်းနည်းကို လက်ခံနိုင်တယ်ဆိုရင်တော့ ဧည့်ကြိုကောင်တာကို ကျွန်တော် အကြောင်းကြားပေးပါ့မယ်။ ဒါပေမဲ့ အစ်မတို့အနေနဲ့ ဒီ Discount အကြောင်းကို တခြားဧည့်သည်တွေကိုတော့ လျှောက်မပြောဖို့ တောင်းပန်ပါရစေနော်....”
“ဒါဆိုလည်း... ကောင်းပါပြီလေ” အမျိုးသမီးက အခန်းထဲကို နောက်တစ်ခေါက် ထပ်ကြည့်ပြီးမှ ချန်ကျန့်ကို အကဲခတ်လိုက်သည် ။
“ကြည့်ရတာတော့ မင်းက တကယ်ကို ကျန်းမာသန်စွမ်းမယ့် ပုံပါပဲ”
“ဟုတ်ကဲ့”
ထိုအမျိုးသမီးနှစ်ဦးကို ဖြေရှင်းပေးပြီးနောက် ချန်ကျန့် သိုလှောင်ရုံထဲသို့ ဝင်ခဲ့သည်။
“ဘာရှာနေတာလဲ ‘ယန်’ အား ပြင်းထန်လှတဲ့ လူသားကြီး” ဆန်းပင်းက နောက်ကနေ လိုက်ဝင်လာသည်။
“ငါတို့ဆီမှာ အသုံးမပြုရသေးတဲ့ ဆိုင်းဘုတ်တွေ ကျန်သေးလား ။ ဟို တံခါးတွေမှာ ချိတ်တဲ့ဟာမျိုးလေ”
“ဒီဘက်က သေတ္တာထဲမှာ ရှိမယ် ထင်တယ်” ဆန်းပင်းက ထောင့်တစ်နေရာက သေတ္တာဆီ လျှောက်သွားသည် ။
“ဒါကို ဘာလုပ်မလို့လဲ”
“ဘာဖြစ်ဖြစ် ရပါတယ်၊ ၃၀၆ က ဆိုင်းဘုတ်ကို လဲချင်လို့”
“ဒါဆို ဒါလေးကော ဘယ်လိုလဲ” ဆန်းပင်း ဆိုင်းဘုတ်တစ်ခုကို ထုတ်ပြသည် ။
“အင်ဂျင်နီယာ ဌာန” (Engineering Department)
“ချန်းယွီ ကတော့ ဒီဆိုင်းဘုတ်တွေကို ဟိုတယ်တစ်ခုခုကနေ မလာခဲ့တာ ဖြစ်မှာပေါ့ ။ တည်းခိုခန်းမှာ အင်ဂျင်နီယာ ဌာန.... မဆိုးပါဘူး၊ ဒါပဲ သုံးလိုက်မယ်”
ချန်ကျန့် ဆိုင်းဘုတ်ကို ယူလိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာလည်း တော်တော်လေး လူမှုရေး သိကြပါသည်၊ သူတို့ အခန်းအပ်ပြီး ပြန်သွားသည်အထိ တခြားဧည့်သည်တွေကို လျှော့စျေးကိစ္စအကြောင်း တစ်ခွန်းမှ မဟခဲ့ပါဘူး။ တစ်ခုပဲရှိတာကတော့ တစ်နေ့ သုံးနပ်စလုံး သူတို့ ဘယ်သွားသွား၊ ထမင်းစားချိန်ဆိုရင်တော့ ဆိုင်ကိုပဲ ပြန်လာစားကြခြင်း ဖြစ်သည်။
“နောင်ကျရင်လည်း ဒါမျိုးတွေ ရှိလာဦးမှာပဲ”
ချန်ကျန့် ကုလားထိုင်တစ်လုံးကို ဆွဲပြီး ရှန်ယွီ၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
“ကြောက်စရာ ဘာရှိလဲ။ အခုလည်း ဖြေရှင်းနိုင်ခဲ့တာပဲ မဟုတ်လား။ နောင်ကျရင်လည်း ထပ်ပြီး ဖြေရှင်းရမှာပေါ့” ရှန်ယွီက ချန်ကျန့်လက်ထဲက ကုလားထိုင်ကို ကြည့်ပြီး မေးသည် ။
“ဒါက ဘာလဲ”
“လှည့်လို့ရတဲ့ ကုလားထိုင်လေ” ချန်ကျန့်က ကုလားထိုင်ကို စားပွဲနားအထိ ဆွဲလာခဲ့သည် ။
“သိပ္ပံနည်းကျ အခေါ်အဝေါ်အရဆိုရင်တော့ Ergonomic chair ပေါ့”
“ဘာလုပ်ဖို့လဲ”
“မင်းရဲ့ ကျိုးသွားတဲ့ ကုလားထိုင်နေရာမှာ လဲပေးဖို့ပေါ့”
“ဒါက ဘယ်လောက်လဲ”
“...ယွမ် လေးရာ” ချန်ကျန့်က ဆိုလိုက်သည်။
“မင်းက ငါ့ရဲ့ ယွမ် ရှစ်ထောင်တန် ကုလားထိုင် နေရာမှာ ဒီ လေးရာတန်နဲ့ လာလဲတာလား” ရှန်ယွီက ကုလားထိုင် လက်တန်းကို လှမ်းကိုင်လိုက်သည်။
“အပေးအယူ မတည့်ဘူးနော်”
“ဟိုဟာကို ကျွန်တော် ပြင်ဖို့ သယ်သွားပေးပါ့မယ်”
ချန်ကျန့် ရှန်ယွီ၏ လက်ကို ဖယ်လိုက်ပြီး သူ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည် ။
“လိမ္မာပါတယ်ဗျာ…နော်”
“မရပါဘူး။ ဘာလို့ ပြင်နေမှာလဲ။ ရှစ်ထောင်တန် တစ်လုံးနဲ့ပဲ လဲပေးလို့ မရဘူးလား”
“ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလေ” ချန်ကျန့်က ဆိုလိုက်သည်။
ရှန်ယွီ မတတ်သာသလိုနှင့် ထရပ်လိုက်ပြီး လေးရာတန် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ စမ်းကြည့်လိုက်သည်။
“ဘယ်လိုလဲ” ချန်ကျန့်က မေးသည် ။
“ဟိုဟာက ပိုပြီး သက်သောင့်သက်သာ ရှိမယ် ထင်တယ်”
“ဒါက သိပ်မကြီးဘူးပဲ” ရှန်ယွီက ကုလားထိုင်ပေါ် မှီထိုင်ရင်း ဆိုသည်။
“မင်းကရော လူကောင် ဘယ်လောက်တောင် ကြီးနေလို့လဲ”
“ဒါဆို အရင်ဟာက ဘာလို့ ကျိုးသွားလဲလို့ မင်းထင်လဲ” ရှန်ယွီက သူ၏ လက်မောင်းများကို ဖြန့်ပေးလိုက်သည် ။
“မင်းလည်း တက်ကြည့်ပါလား”
ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။
“မင်းလက်က ပတ်တီးဖြုတ်လိုက်တော့မှ တော်တော်လေး မာန်တက်လာတာပေါ့ ဟုတ်လား”
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြသည်။ ချန်ကျန့် လျှောက်သွားလိုက်ပြီး ခြေထောက်တစ်ဖက်ကို မကာ ရှန်ယွီ၏ ခြေထောက်နှစ်ဖက်ကြားတွင် ဒူးထောက်လျက်၊ လက်နှစ်ဖက်ကိုတော့ ကုလားထိုင်နောက်ကျောမှာ အားပြုထားလိုက်သည်။
သူသည် ရှန်ယွီကို နမ်းရန် ကိုယ်အစ်ကိုင်းလိုက်သည့် အခိုက်အတန့်တွင်၊ ကုလားထိုင်မှာ သူ၏အရှိန်ကြောင့် အနောက်သို့ လျှောထွက်သွားတော့သည်။ သူသည် မြေပြင်ပေါ်က ခြေထောက်ကို အလျင်အမြန် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရသည်၊ မဟုတ်လျှင် သူ ပြဲထွက်သွားမှာ သေချာသည် မဟုတ်ပါလား။ သို့သော် သူ၏ခြေထောက် ရှေ့တိုးပြီး ကိုယ်ကို ထပ်ကိုင်းလိုက်တိုင်း ကုလားထိုင်မှာ အနောက်သို့ ထပ်ပြီး လျှောထွက်သွားပြန်သည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးသည့်အခါ၊ သူသည် ရှောင်သိုအာ၏ စကူတာကို စီးနေရသလိုမျိုး ခံစားလိုက်ရသည်။ နံရံသာ မရှိရင်တော့ မြစ်ထဲအထိ သူ ရောက်သွားနိုင်သည်လေ။
ရှန်ယွီမှာတော့ အားရပါးရ ရယ်မောနေတော့သည် ။
“ဘီးမှာ ဘရိတ်ပါတာပဲဟာ၊ နင်းထားလိုက်လေ။ မင်းကော လောင်ဝူတို့လိုပဲ ဉာဏ်နည်းတာမျိုး ဟန်ဆောင်နေတာလား”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး၊ ရှန်ယွီ၏ နှုတ်ခမ်းကိုသာ ပြင်းပြင်းထန်ထန် လှမ်းနမ်းလိုက်တော့သည်။
ပါးစပ်ပိတ်ထားစမ်းပါ။
***
သူသည် ယွမ် ရှစ်ထောင်တန် ကုလားထိုင်ကို သယ်ပြီး ပထမထပ်သို့ ပြန်ဆင်းလာသည့်အခါ၊ ဆိုင်က လူတစ်စုမှာ ကဖေးဆိုင်ထဲတွင် စုဝေးကာ ဒီည ဝန်ထမ်းတွေ အပျော်ခရီး အတွက် တိုင်ပင်နေကြလေသည်။
“ဆိုင်မှာ ဘယ်သူမှ မကျန်ခဲ့ဘူးလား ။ဘယ်သူက စောင့်နေမှာလဲ”
ဟူဖန်က ချန်ကျန့်ကို လှမ်းမေးသည်။
“ဘယ်သူမှ မရှိဘူး” ချန်ကျန့်က ဆိုကာ ကုလားထိုင်ကို သိုလှောင်ရုံထဲသို့ ထည့်လိုက်သည် ။
“ဘော့စ်ရှန် က မှာထားတယ်၊ ဒီည ဧည့်သည်တွေကို အသိပေးလိုက်ဖို့လေ။ လိုအပ်တာရှိရင် ကိုယ့်ဘာသာ လုပ်ကြဖို့နဲ့၊ ပြဿနာရှိရင် မန်နေဂျာဆီ ဖုန်းဆက်ဖို့ပေါ့”
“အဲ့ဒီလို လုပ်လို့ ရလို့လား” ဆန်းပင်းမှာ အံ့သြသွားရသည်။
“ညဘက်ကျရင် အသစ်ရောက်လာမယ့် ဧည့်သည် မရှိသလောက်ပါပဲ။ အခု ရှိနေတဲ့လူတွေကလည်း နှစ်ရက် သုံးရက် ရှိနေပြီဆိုတော့ နေရာအနှံ့ ကျွမ်းနေကြပါပြီ” ချန်ကျန့်က ဆိုသည်။
“တော်တော်လေးကို ရက်ရောတာပဲ” ဆွန်နာနာက ကော်ဖီသောက်ရင်း ဆိုလိုက်သည်။
“ဒါနဲ့ ကျောက်ကျဲ နဲ့ ဒေါ်ဟွမ် တို့ကတော့ ခွင့်ယူထားတယ်နော်။ သူတို့နှစ်ယောက်လုံး အိမ်ပြန်ချင်ကြလို့တဲ့”
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“တကယ်လို့ မန်နေဂျာ ဒီနေ့ စာမေးပွဲ မအောင်ရင် ဒီည ပွဲက ပျက်သွားမှာလား” လောင်ဝူက ရုတ်တရက် မေးလိုက်သည်။
“အဲ့ဒီ နှစ်ခုက ဘာဆိုင်လို့လဲ” ချန်ကျန့် သူ့ကို ကြည့်လိုက်သည်။
“မင်း ဒုတိယအဆင့် အောင်တာကို ဘော့စ်က ဂုဏ်ပြုပေးတာ မဟုတ်ဘူးလား....” လောင်ဝူက ဆိုသည်။
မန်နေဂျာ စာမေးပွဲအောင်တာကို ဝန်ထမ်းအားလုံး ပေါင်းပြီး ဂုဏ်ပြုရမှာလားဗျာ။
ချန်ကျန့် ခဏမျှ ဆွံ့အသွားရသည်။ ဆွန်နာနာမှာ မရယ်ဘဲ မနေနိုင်တော့သဖြင့် သူမ၏ ကော်ဖီခွက်ကို အမြန် ပြန်ချလိုက်ရသည်။
“အောင်တာ မအောင်တာက ဒီည မင်းတို့ ပျော်ဖို့ကို မထိခိုက်ပါဘူးဗျာ” ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
“ရှင်ကတော့ သေချာပေါက် အောင်မှာပါ” ဆွန်နာနာက ဆိုသည်။
“မသေချာပါဘူး၊ အာဟူတောင်မှ တစ်ဘာသာကို နှစ်ခါစီ ဖြေခဲ့ရတာလေ”
လောင်ဝူက ဝင်ပြောသည်။
“မင်းကတော့ ပါးစပ်ပဲ ရှိတာပဲ။ မင်းရဲ့ ဦးနှောက်က တကယ်ကို အစာကြေဆေးတွေနဲ့ ရောကုန်ပြီလား မသိဘူး”
အာဟူက ဆဲဆိုလိုက်လေသည်။ ပွဲအတွက် ချန်ကျန့်သည် ထန်ရွီ၏ ကားကိုပါ ငှားထားသည်လေ။ ကျောက်ကျဲနှင့် ဒေါ်ဟွမ် တို့ မပါသော်လည်း စုစုပေါင်း လူ ရှစ်ယောက် ရှိနေသဖြင့် ကားနှစ်စီး ခွဲသွားရမည် မဟုတ်ပါလား။ ချိန်းထားသည့် အချိန်မှာ ငါးနာရီ ဖြစ်ပြီး ချန်ကျန့် စာမေးပွဲ ဖြေပြီးချိန်နှင့် အကွက်တိပင် ဖြစ်သည်။ သို့သော် သူ စာမေးပွဲ သွားဖြေသည့် အခါတွင်တော့ သူနှင့် ရှန်ယွီတို့သည် မြို့ပေါ်သို့ ဈေးဝယ်ထွက်မည့် ဟူဖန်နှင့် ဆွန်နာနာတို့ကိုပါ တစ်ခါတည်း တင်သွားရလေသည်။
ရှန်ယွီက ဆန်းပင်းတို့ကို မှာကြားစရာရှိတာတွေ မှာပြီးနောက်
“မှိုလေးကို အစာကျွေးဖို့နဲ့ ကြိုးချည်ထားဖို့ မမေ့နဲ့ဦးနော်။ ညဘက် လူမရှိလို့ သူ ဟိုဟိုဒီဒီ လျှောက်ပြေးနေမှာ စိုးလို့” ဟု ထပ်မံ မှာကြားလိုက်သည်။
“စိတ်ချပါဗျာ” ဆန်းပင်းက လက်ယမ်းပြသည်။
ချန်ကျန့်အနေဖြင့် တခြားလူတွေနှင့်အတူ ရှန်ယွီ၏ ကားပေါ်မှာ လိုက်ပါရတာ ဒါ ပထမဆုံးပင် ဖြစ်သည်။ လမ်းတွင် သူ စကား သိပ်မပြောပါဘူး။ ဟူဖန်နှင့် ဆွန်နာနာတို့ကတော့ နောက်ထိုင်ခုံမှာ တတွတ်တွတ်နှင့် စကားပြောနေကြလေသည်။ သူတို့နှစ်ယောက်ကို စတိုးဆိုင်ကြီးတစ်ခုရှေ့တွင် ချပေးပြီးသည့် အခါမှသာ ချန်ကျန့် ကိုယ်ကို ဆန့်လိုက်ပြီး ရှန်ယွီ၏ မျက်နှာကို လှမ်းကိုင်လိုက်မိသည်။
“မင်း တော်တော်လေး အောင့်ထားရပုံပဲ”
ရှန်ယွီ ခေါင်းလှည့်ကာ ချန်ကျန့်လက်ဖဝါးကို နမ်းလိုက်သည်။
“သိပ်တော့ မဟုတ်ပါဘူး။ ကျွန်တော့် ခေါင်းထဲမှာ အခု ကားနောက်ဆုတ်တာတွေပဲ ပြည့်နေလို့ပါ”
“စိတ်မလှုပ်ရှားနဲ့။ မင်းကတော့ သေချာပေါက် တစ်ခါတည်းနဲ့ အောင်မှာပါ။ အာဟူလိုမျိုး နှစ်ခါစီ ကျဖို့ဆိုတာကလည်း မလွယ်ဘူးလေ” ရှန်ယွီက ဆိုသည်။
အဲ့ဒါကတော့ အမှန်ပါပဲ။ ချန်ကျန့် စာမေးပွဲ ဖြေမည့် ကားပေါ်တက်သည့်အခါ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။ Clutch နင်းထားတဲ့ သူ၏ ခြေထောက်ပင် တုန်နေသလို ခံစားရသော်လည်း၊ ကားစထွက်သွားသည့် အခါတွင်မူ ဘာမှ မခံစားရတော့ပါဘူး။ ဆရာက “တော်တဲ့အုပ်စု” ထဲမှာ ထည့်ထားတဲ့ သူတို့အဖွဲ့မှာ အားလုံး တစ်ခါတည်းနှင့် အမှတ်အပြည့်ဖြင့် အောင်မြင်ခဲ့ကြလေသည်။
သူတို့ ကားပါကင်သို့ ပြန်ရောက်သည့်အခါ ရှန်ယွီက အချိန်ကိုတောင် ကြည့်လိုက်သေးသည်။
“မြန်သားပဲ”
“ကျွန်တော် အခုတော့ တကယ်ကို အားအင်တွေ ပြည့်နေသလိုပဲ” ချန်ကျန့်က ယာဉ်မောင်းတံခါးကို ပုတ်ရင်း ဆိုလိုက်သည်။
“အရှိန်လေး ထိန်းပါဦး။ ဒါက မင်းအတွက် နေရာမဟုတ်သေးဘူးလေ”
“.အာ…ကျွန်တော့်မှာ ပညာတွေရှိပြီး ဘယ်မှာမှ သုံးလို့ မရသေးဘူး ဖြစ်နေတာလေ”
ရှန်ယွီ ပြုံးလျက် သူ့ကို ကြည့်သည် ။
“စာမေးပွဲအောင်တာနဲ့ပဲ မင်း ရူးသွားတာလား”
“မဟုတ်ပါဘူး။ အဓိကကတော့.... ကျွန်တော် တစ်နေ့မှာ ကားမောင်းလိုင်စင် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့လို့ပါ။ စိတ်ကူးတောင် မယဉ်ဖူးပါဘူး”
“လိုင်စင်ရရင် မင်းအဖေကို ကားနဲ့လိုက်ပို့ပေးပေါ့” ရှန်ယွီက ဆိုသည်။
“ဟုတ်ကဲ့”
ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ ရှန်ယွီသည် ချန်ကျန့်ကို သူ၏ဖခင်အား မမေ့ရန် ခဏခဏ သတိပေးတတ်သော်လည်း၊ သူကိုယ်တိုင်မှာမူ အိမ်ပြန်မည့်အကြောင်း တစ်ခါမှ မဟခဲ့ပါဘူး။ ချန်ကျန့် သူ့ကို ကြည့်ရင်း၊ ဤအခွင့်အရေးကို အသုံးချကာ တစ်ခုခု ပြောချင်သော်လည်း ဘယ်ကနေ စပြောရမှန်း သူ မစဉ်းစားတတ်သေးပါဘူး။ သူ ရှန်ယွီကိုသာ စိုက်ကြည့်နေမိပြီး၊ စိတ်ချင်း ဆက်သွယ်လို့ရတဲ့ ရှန်ယွီတစ်ယောက် သူ ဘာပြောချင်လဲဆိုတာ သူ့ဘာသာ သိသွားပါစေလို့ ဆုတောင်းနေမိသည်။
ရှန်ယွီ လမ်းဆုံမှာ မီးနီစောင့်နေရင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည် ။
“ငါ သိပါတယ်”
အာဟူဆီမှ ဖုန်းလာသည်။ သူတို့တစ်စု စားသောက်ဆိုင်ကို ရောက်နေကြပြီဖြစ်ပြီး ချိန်းထားတဲ့ အချိန်ထက် နာရီဝက်လောက်တောင် စောနေလေသည်။
“ရှန်ယွီ ဘွတ်ကင်လုပ်ထားတဲ့ဆိုင်က တော်တော် ကောင်းတယ်ဗျ” အာဟူက အသံတိုးတိုးဖြင့် ဖုန်းထဲကနေ ပြောသည် ။
“ဆန်းပင်းတို့ ကျောင်းနောက်လမ်းက အဆင့်မြင့် အသားကင်ဆိုင်လေ.... မင်း အရင်က ရောက်ဖူးလား”
“ကျွန်တော် ဘယ်လိုလုပ် ရောက်ဖူးမှာလဲ” ချန်ကျန့်က ဆိုလိုက်သည်။
“ငါလည်း မရောက်ဖူးဘူးလေ။ အခုတော့ အဝင်ဝမှာ စောင့်နေကြတာ”
“အထဲဝင်နှင့်ကြလေ” ချန်ကျန့်က ဆိုသည်။
“ရှန်ယွီ ရဲ့ နာမည် ပေးလိုက်ရင် ရပြီ မဟုတ်လား” အာဟူက ထပ်မေးသည်။
“ဟုတ်တယ်”
အာဟူတို့ လူစုမှာ မြို့ထဲတွင်တော့ တော်တော်လေး မာန်ပါကြသော်လည်း၊ မြို့ပေါ်ရောက်သည့် အခါတွင်တော့ ရိုးသားလှသော နယ်မြို့သားလေးများ ဖြစ်သွားကြတော့သည်။ သူ၏ လေသံမှာ ယုံကြည်မှု ကင်းမဲ့နေမှန်း ချန်ကျန့်တောင် ကြားနေရသည်လေ။ ဖုန်းချပြီးနောက် ချန်ကျန့် ရှန်ယွီကို လှမ်းကြည့်လိုက်သည်။
“ဘယ်လို အသားကင်ဆိုင်မျိုးကို ဘွတ်ကင်လုပ်ထားတာလဲ”
“ငါလည်း မသိဘူးလေ၊ ဖုန်းထဲမှာပဲ ရှာကြည့်လိုက်တာ။ ငါလည်း ဒီနားက ဆိုင်တွေကို သိပ်မသိပါဘူး”
“အာဟူကတော့ တော်တော် အဆင့်မြင့်တယ်လို့ ပြောနေတာပဲ”
“မဟုတ်ပါဘူးဗျာ၊ လမ်းဘေးဆိုင် မဟုတ်ရုံတင်ပါ”
“မင်းနဲ့ လန်ကောတို့ကော အရင်က....ဒီလိုဆိုင်မျိုးတွေမှာပဲ အမြဲ စားကြတာလား”
“မဟုတ်ပါဘူး” ရှန်ယွီ သူ့ကို တစ်ချက် လှမ်းကြည့်သည် ။
“တစ်ယောက်ကို တစ်သောင်းအောက် ကုန်မယ့်ဆိုင်မျိုးဆိုရင် ငါတို့က လှည့်တောင် မကြည့်ဘူးလေ”
ချန်ကျန့် ခဏမျှ မှင်သက်သွားပြီးမှ ရယ်မောလိုက်မိတော့သည်။
“အမှန်တော့ ငါတို့တွေ အကြိုက်ဆုံးက အသားတွေ ဝယ်ပြီး အိမ်မှာ ကိုယ်တိုင် ချက်စားရတာပါပဲ။ အဲ့ဒီတုန်းက ငါ အိမ်ငှားနေတာဆိုတော့ အမြဲတမ်း ငါ့ဆီမှာပဲ စုကြတာလေ ။ စားရတာလည်း ပိုပြီး လွတ်လပ်သလို၊ အရက်မူးလို့ ရန်ဖြစ်ရင်လည်း တခြားလူတွေကို မထိခိုက်တော့ဘူး မဟုတ်လား....”
အဲ့ဒီလို အကြောင်းရင်းတွေတောင် ရှိတာကိုး။
ချန်ကျန့် ပြုံးလိုက်မိသည်။ ရှန်ယွီ သူ၏ အတိတ်က အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး ပြောပြနေတာကို ချန်ကျန့် တကယ် သဘောကျမိသည်။ သူတို့ စတိုးဆိုင်ရှေ့သို့ ပြန်သွားပြီး ဟူဖန်နှင့် ဆွန်နာနာတို့ကို ကြိုလိုက်ကြသည်။ တစ်နေကုန် လမ်းလျှောက်ထားသော်လည်း သူတို့နှစ်ယောက်မှာ နို့လက်ဖက်ရည် တစ်ခွက်စီသာ ဝယ်လာကြလေသည်။
“ဘာမှ မဝယ်ခဲ့ကြဘူးလား” ချန်ကျန့်က မေးလိုက်သည်။
“Window shopping ဆိုတာ ကြည့်ရုံပဲလေ” ဆွန်နာနာက သူမ၏ နို့လက်ဖက်ရည်ခွက်ကို လှုပ်ပြရင်း ဆိုသည်။
“သူတို့တွေ ရောက်ကုန်ကြပြီလား။ လမ်းလျှောက်တာ ဗိုက်တောင် ဆာလာပြီ” ဟူဖန်က သူမ၏ ဗိုက်ကို ပွတ်ရင်း ဆိုသည်။
“သူတို့ အခန်းထဲမှာ စောင့်နေကြတယ်” ချန်ကျန့်က ဆိုလိုက်သည်။
ဆိုင်ရှေ့တွင် ကားပေါ်မှ ဆင်းလိုက်သည့် အခါတွင်မူ ဆွန်နာနာက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည် ။
“ငါ အရင်က ဒီဆိုင်ကို အမြဲ လာနေကျလေ။ အစားအသောက်တွေက တော်တော် ကောင်းတယ်”
“မင်းရဲ့ အရန် ယောကျ်ားဟောင်း နဲ့လား” ဟူဖန်က မေးသည်။
“ဟုတ်တယ်” ဆွန်နာနာ ခေါင်းညိတ်ပြသည်။
“ဒါဆို ငါတို့တွေ...တခြားဆိုင် ပြောင်းကြမလား”
.ရှန်ယွီက ချက်ချင်း မေးလိုက်သည်။
“မလိုပါဘူး” ဆွန်နာနာက နှုတ်ခမ်းမဲ့လိုက်သည် ။
“သူနဲ့ ရှိခဲ့တဲ့ ပျင်းစရာကောင်းတဲ့ အမှတ်တရတွေက ငါ့အတွက်တော့ ရှောင်လွှဲနေစရာ မတန်ပါဘူး”
ဤဆိုင်မှာ တကယ်ကို အဆင့်မြင့်လှသော အသားကင်ဆိုင် ဖြစ်လေသည်။ တည်းခိုခန်း မဟုတ်သော်လည်း၊ ချန်ကျန့်သည် ဆိုင်ထဲဝင်ကတည်းက သူတို့၏ ဝန်ဆောင်မှုများကို အကဲခတ်နေမိသည်။ သူကိုယ်တိုင်ပင် မိမိ၏ အလုပ်ကို အလေးအနက်ထားလွန်းနေသည့်အပေါ် ဆွံ့အမိသွားရသည်။ အခန်းထဲရှိ လူလေးယောက်မှာတော့ အရံဟင်း တွေကို စားနေကြသည်မှာ တစ်ဝက်နီးပါးပင် ကုန်နေလေပြီ။
“ဒါတွေက အလကားရတာလေ ။ နောက်တစ်စုံ ထပ်ချခိုင်းလိုက်မယ်”
ဆန်းပင်းက ဝမ်းသာအားရပြောသည်။
“ငါ သွားလိုက်မယ်လေ။ လက်လည်း သွားဆေးရဦးမှာမို့လို့”
“ကျွန်မလည်း လိုက်မယ်၊ အိမ်သာသွားရင်းနဲ့ စိတ်ကို ပြန်စုစည်းရဦးမယ်”
ဟူဖန် လည်း နာနာ့ နောက်က လိုက်သွားလေသည်။ ချန်ကျန့် သူ၏ ဂျာကင်ကို ချွတ်လိုက်ပြီး၊ ရှန်ယွီ၏ အင်္ကျီကိုပါ ကူချွတ်ပေးကာ အဝတ်တန်းမှာ ချိတ်ပေးလိုက်သည်။
“ဘော့စ်ရှန်...” အာဟူက ဆန်းပင်းကို လက်ဖက်ရည် ငှဲ့ခိုင်းရင်း
“ဒီဆိုင်က တော်တော်လေး ဈေးကြီးမှာ မဟုတ်လား”
“မီးပုံပွဲတုန်းက အားလုံး ပင်ပန်းခဲ့ကြတာပဲလေ။ ဒါမျိုးတော့ ကျွေးသင့်ပါတယ်.... ဘာတွေ မှာပြီးပြီလဲ”
“ဘာမှ မမှာရသေးဘူးဗျ။ ဘော့စ်ပဲ မှာပေးပါ၊ ကျွန်တော်တို့က မမှာတတ်လို့”
ဆန်းပင်းက လက်ဖက်ရည် ငှဲ့ပေးရင်း ဆိုသည်။ ရှန်ယွီ ခေါင်းလှည့်ကာ အထဲဝင်လာတဲ့ စားပွဲထိုးကို စကားပြောရန် ပြင်စဉ်မှာပင်၊ အပြင်ဘက်မှ ဟူဖန်၏ အော်သံ ထွက်ပေါ်လာတော့သည်။
“ဘော့စ်ရှန်! ဘော့စ်ရှန်! ချန်ကျန့်! ချန်ကျန့်ရေ!”
ထို့နောက် ဟူဖန်မှာ စားပွဲထိုးကို တိုးဝှေ့ပြီး အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။
“ဘာဖြစ်လို့လဲ” ချန်ကျန့် ထရပ်လိုက်သည်။
“နာနာ ရဲ့ ယောကျ်ား!” ဟူဖန်က အပြင်ဘက်ကို လက်ညှိုးထိုးပြသည်။
“သူ ဟိုဘက် လမ်းဆုံးက အခန်းထဲမှာ ရောက်နေတယ်!”
“ပြီးတော့ကော။” ရှန်ယွီက မေးလိုက်သည်။
“သူတို့နှစ်ယောက် ဆုံသွားကြတယ်လေ။ နာနာ က ရန်မဖြစ်ချင်လို့ ဆိုပြီး သူနဲ့အတူ အဲ့ဒီအခန်းထဲကို လိုက်ဝင်သွားတယ်!” ဟု ဟူဖန်က အော်ဟစ်လိုက်သည်။
“ဟာ။ သူက တစ်ယောက်တည်း ရင်ဆိုင်မလို့လား”
.ဆန်းပင်းက ချက်ချင်းထရပ်ရင်း မေးလိုက်သည်။
Comments
Post a Comment