Skip to main content

69








အပိုင်း (၆၉)

ဤသည်ကား ပေးဆပ်ရမည့် တန်ဖိုးတစ်ခုပင် ဖြစ်သည်။

"တတ်နိုင်သလောက် ကူညီမည်၊ အခြားသူလည်း ရှာမရသဖြင့် အလုပ်ခန့်ထားလိုက်မည်။ အလုပ်မလုပ်နိုင်မှ အလုပ်ထုတ်ပစ်မည်" ဟူသော တာယွင်တည်းခိုခန်း၏ လမ်းညွှန်ချက်ကြောင့် အခြားနေရာတွင် အလုပ်ရရန် မလွယ်ကူသော ဝန်ထမ်းများသည် သည်နေရာ၌ အခြေချနေထိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။ တာယွင်တည်းခိုခန်းဘက်မှ ကြည့်လျှင်လည်း တည်းခိုခန်းကို မိမိအိမ်သဖွယ် သဘောထားပြီး အလုပ်ကြိုးစားသော ဝန်ထမ်းတစ်စုကို ရရှိခဲ့သည်။ သို့သော် အလဲအလှယ်အနေဖြင့် ဝန်ထမ်းများနှင့်အတူ ပါလာတတ်သော အမျိုးမျိုးသော ပြဿနာများကို လက်ခံပေးရပြီး လိုက်လံရှင်းလင်းပေးရခြင်းပင်။

သီးသန့်ခန်းထဲမှ ဆန်းပင်းက ဦးစွာ ပြေးထွက်သွားသော်လည်း အပြင်ရောက်သောအခါ ခြေလှမ်းကို ပြန်လျှော့လိုက်ပြီး သူတို့၏ ဘော့စ်ဖြစ်သူ ချန်အာဟူကို အရှေ့မှ ဦးဆောင်ခိုင်းလိုက်သည်။ သူ့နောက်မှ လောင်စစ်နှင့် လောင်ဝူတို့က ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။ ဝက်ခြံဂိုဏ်း၏ သံယောဇဉ်ကား ကျောက်သားပမာ ခိုင်မြဲလျက်။ ရန်ပွဲဖြစ်တော့မည်ဟု ထင်ရသော အခြေအနေမျိုးဆိုလျှင် သူတို့၏ လူတန်းပုံစံက အလိုအလျောက် စနစ်တကျ ဖြစ်သွားတတ်သည်။ ချန်ကျန့်က ရှန်ယွီကို တစ်ချက်ကြည့်ပြီး ဟူဖန်နှင့်အတူ သူတို့နောက်မှ လိုက်ပါသွားခဲ့သည်။

အတွင်းဘက်ရှိ သီးသန့်ခန်းဆီသို့ စင်္ကြံလမ်းအတိုင်း လျှောက်သွားနေစဉ် အကြောင်းစုံမသိသော စားပွဲထိုး အမျိုးသမီးငယ် လျူထင်ထင် က အပြေးကလေး ရောက်ရှိလာသည်။

"အဆင်မပြေမှု တစ်စုံတစ်ရာ ရှိပါသလားရှင်၊ ဘာများ ကူညီပေးရမလဲရှင်။"

ထိုမိန်းကလေးက ကြောက်ရွံ့တုန်လှုပ်စွာ မေးမြန်းသည်။

"ရပါတယ်၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ သွားတွေးမလို့ပါ" ချန်ကျန့်က လေသံကို လျှော့ပြီး

"သွားကြည့်ရုံသက်သက်ပါပဲ" ဟု ထပ်ဖြေလိုက်သည်။

"ကျွန်မ အရင် မေးမြန်းပေးရမလားရှင်"

မိန်းကလေးက ယဉ်ကျေးစွာနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ လိုက်လံမေးမြန်းနေဆဲ ဖြစ်သည်။

ချန်ကျန့် သူမ၏ ရင်ဘတ်မှ အမည်ကတ်ပြားလေးကို မကြည့်ဘဲ မနေနိုင်။ အဆင့်မြင့်စားသောက်ဆိုင်၏ ဝန်ဆောင်မှု အဆင့်အတန်းကို ကြည့်ပါဦး။ ထို့နောက် နာနာ့ကို ကယ်တင်ရန် အသည်းအသန် ပြေးလွှားနေကြသော မိမိတို့ တာယွင်ဝန်ထမ်းများကိုလည်း ကြည့်ပါဦး။

"မလိုဘူး"

ဟူဖန်က ဝန်ထမ်းလေးကို တားဆီးလိုက်သည်။ ဖန်ဖန့် လေသံမှာ နူးညံ့ခြင်းမရှိဘဲ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောပြွမ်းနေသည်။

"လိုက်မလာပါနှင့်၊ ဘာမှမဖြစ်ပါဘူး"

လျူထင်ထင်၏ ခြေလှမ်းများ တန့်သွားသည်။ ဆက်လိုက်မလာတော့သော်လည်း ပိုမို ကြောက်ရွံ့သွားပုံရသည်။ ဟူဖန်က အင်္ကျီလက်ကို မတင်လိုက်ပြီ မဟုတ်ပါလော။ ရှေ့မှ လူများကလည်း လူကောင်းပုံစံ မဟုတ်သည့်အပြင် ယခု မိန်းကလေးကပါ လက်မောင်းတစ်ခုလုံး တက်တူးများနှင့် ဖြစ်နေသဖြင့် မည်သို့မျှ "ဘာမှမဖြစ်ပါဘူး" ဆိုသည်မှာ မဖြစ်နိုင်ပေ။

ချန်အာဟူသည် အတွင်းဆုံးအခန်းတံခါးဝသို့ ရောက်ရှိသောအခါ တံခါးခေါက်မနေတော့ဘဲ တံခါးလက်ကိုင်ကို လှည့်၍ ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။ ဆန်းပင်းတို့လူစုလည်း အာဟူ၏ ဘေးမှနေ၍ အခန်းထဲသို့ တိုးဝင်သွားကြသည်။ တံခါးပွင့်သွားသည့် အခိုက်အတန့်၌ အတွင်းမှ စကားပြောသံများ ကြားနေရသော်လည်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

အာဟူတို့ လူစုလည်း ငြိမ်သက်သွားကြသည်။

"ချက်ချင်း ရန်မဖြစ်ကြပါနှင့်ဦး၊ သူ့ကို အရင်ခေါ်ထုတ်ပါဦး..." ဟု ဟူဖန်က တိုးတိုးလေး သတိပေးလိုက်သည်။ ချန်ကျန့်လည်း ရှေ့သို့ နှစ်လှမ်းခန့် အမြန်တိုးကြည့်လိုက်သည်။ အာဟူ၏ အနောက်မှနေ၍ အခန်းထဲရှိ အခြေအနေကို မြင်လိုက်ရသောအခါ သူလည်း မှင်သက်သွားရသည်။

သူ့စိတ်ကူးထဲတွင် နာနာ့၏ ခင်ပွန်းဟောင်းနှင့် သူ့သူငယ်ချင်းများက နာနာ့ကို အတင်းချုပ်နှောင်ထားခြင်းမျိုး၊ သို့မဟုတ် ရိုက်နှက်နေခြင်းမျိုး တွေ့ရမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွေ့လိုက်ရသည်မှာ တံခါးနှင့် မျက်နှာချင်းဆိုင် အဓိကနေရာတွင် ဆံပင်ဖြူနှင့် အဘွားအိုတစ်ဦး ထိုင်နေပြီး အခန်းထဲ၌ လူကြီးလူငယ်၊ ကျားမ ပေါင်းစုံ ဆယ်ယောက်ကျော်ခန့် ရှိနေခြင်း ဖြစ်သည်။

အားလုံးက အံ့သြတကြီး ကြည့်ရှုနေကြသည်။ ဆွန်နာနာမှာမူ တံခါးနားတွင် ထိုင်နေပြီး အဒေါ်ကြီးတစ်ဦးက သူမ၏လက်ကို ကိုင်ကာ မျက်ရည်သုတ်ပေးနေရင်း သူတို့ကို ကြည့်နေသည်။ နာနာက သူတို့ကို မြင်မြင်ချင်း ထရပ်လိုက်သော်လည်း သူမဘေးမှ အမျိုးသားက ချက်ချင်းလိုက်ထပြီး သူမရှေ့မှ ကာဆီးလိုက်သည်။ ကြည့်ရသည်မှာ သူက နာနာ့၏ ခင်ပွန်းဟောင်း ဖြစ်ပုံရသည်။

အမှန်တကယ်ဆိုလျှင် သူတို့ အခန်းထဲသို့ ပြေးဝင်ပြီး နာနာ့ကို ဆွဲထုတ်ရမည် ဖြစ်သည်။ အကယ်၍ ခင်ပွန်းဖြစ်သူက တားဆီးပါက ရန်ပွဲ ဖြစ်လာမည်မှာ သေချာပါသည်။ သို့သော် ယခု အခန်းထဲရှိ လူများအားလုံးက အေးဆေးတည်ငြိမ်နေကြသည်။ နာနာ့ခင်ပွန်းကလည်း အေးဆေးနေပြီး သူ့မျက်နှာပေါ်၌ အံ့သြမှုနှင့် အနည်းငယ် အနေရခက်ခြင်းမှလွဲ၍ ရန်လိုသည့် အရိပ်အယောင် လုံးဝ မရှိပေ။ နာနာကလည်း အကူအညီတောင်းခြင်းမျိုး၊ ရုန်းကန်ခြင်းမျိုး မလုပ်ဘဲ ငြိမ်သက်နေသည်။

ဤအခြေအနေက ကိုင်တွယ်ရ အတော်ခက်ခဲလှသည်။ ချန်ကျန့်က ရှန်ယွီကို မသိစိတ်ဖြင့် လှမ်းရှာမိသည်။ ရှန်ယွီမှာမူ အေးအေးဆေးဆေး လျှောက်လာပြီး အခန်းထဲကို တစ်ချက်ကြည့်လိုက်ကာ မျက်ခုံးပင့်ရင်း "မိသားစု ထမင်းစားပွဲလား" ဟု မေးလိုက်သည်။

"နာနာ၊ သူတို့က မင်းသူငယ်ချင်းတွေလား" ဟု ခင်ပွန်းဖြစ်သူက လှည့်မေးသည်။

"သူတို့က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ"

နာနာ ပြန်ဖြေရင်း ခင်ပွန်းဖြစ်သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ ခင်ပွန်းဖြစ်သူက ဘေးသို့ ဖယ်ပေးလိုက်သည်။

ရှန်ယွီက နာနာ့ကို ကြည့်ပြီး "ထွက်လာမှာလား" ဟု မေးမြန်းသည်။

"အင်း" ဟု နာနာက ပြန်ဖြေပြီး ထွက်လာရန် ပြင်သည်။ သို့သော် နာနာ့လက်ကို ကိုင်ထားသည့် အဒေါ်ကြီးကလည်း ထရပ်လိုက်ပြီး "မေမေနဲ့ ခဏလောက် ထပ်စကားပြောပါဦး" ဟု ဆိုသည်။ နာနာက သူမကို ကြည့်ပြီး ပြန်စဉ်းစားနေပုံရသည်။

"ဒါက ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင်တွေလား"

ချန်ကျန့်က ဦးစွာ တွေးလိုက်မိသည်။ သို့သော် တစ်စုံတစ်ခုတော့ လွဲမှားနေသကဲ့သို့ပင်။

"ဒါ ဘာတွေဖြစ်နေတာလဲ"

ဟိုဘက်မှ ဆံပင်ဖြူဖြူနှင့် အဘွားအိုက ကြောက်ရွံ့သွားပုံရပြီး ဘေးမှလူများကို တစာစာ မေးမြန်းနေသည်။ ဘေးမှ လူများကလည်း သူမ၏ ကျောကို ပုတ်ပေးပြီး တိုးတိုးလေး နှစ်သိမ့်နေကြသည်။ ရှန်ယွီလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားပုံရသည်။ သူက နာနာ့ခင်ပွန်းကို မေးငေါ့ပြပြီး

"မင်း... အပြင်ခဏ ထွက်ခဲ့၊ စကားပြောရအောင်" ဟု ခေါ်လိုက်သည်။

ခင်ပွန်းဖြစ်သူက ခေါင်းညိတ်ပြပြီး နာနာ့ကျောကို အသာပုတ်ကာ

"မေမေနဲ့ စကားဆက်ပြောနေနော်၊ ကိုယ် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခဏ စကားပြောလိုက်ဦးမယ်"

"ဟန်ဆောင်မနေနဲ့" အာဟူက ကြားမှ ဝင်ပြောလိုက်သည်။

ခင်ပွန်းဖြစ်သူက ဘာမှပြန်မပြောဘဲ အာဟူကို တစ်ချက်ကြည့်ကာ အပြင်သို့ ထွက်လာသည်။ အာဟူတို့ လူစုမှာမူ တံခါးဝတွင် အစောင့်နတ်မင်းကြီးများသဖွယ် ပိတ်ရပ်နေဆဲ ဖြစ်သည်။

"မင်းတို့ လူတွေကို ဒီလိုမျိုး မလုပ်ခိုင်းလို့ မရဘူးလား ။ ငါ့အဘွားက အသက်ကြီးပြီ၊ သူ ကြောက်သွားလိမ့်မယ်"

ခင်ပွန်းဖြစ်သူက ရှန်ယွီကို ကြည့်ပြီး ပြောသည်။

"အာဟူ" ဟု ချန်ကျန့်က လှမ်းခေါ်လိုက်သည်။ အာဟူက မကျေမနပ်ဖြင့် ဖယ်ပေးလိုက်သည်။ ဆန်းပင်းက တံခါးကို အနည်းငယ် ဟထားရုံသာ ချန်ပြီး ပိတ်ပေးလိုက်သည်။

"ဒီမှာ တစ်ခုခု အထင်လွဲနေတာထင်တယ်"

ခင်ပွန်းဖြစ်သူက သူ့ကို ဝိုင်းထားသော လူများကို ကြည့်၍ ပြောသည်။ သူ့အကြည့်က ရှန်ယွီ့မျက်နှာဆီ ရောက်ရှိသွားပြီး "မင်းက ဘော့စ် မဟုတ်လား" ဟု မေးသည်။

"အင်း"

"ဒီအတောအတွင်း နာနာ့ကို ဂရုစိုက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ သူ ဆေးရုံက ဆင်းလာပြီးကတည်းက ကျွန်တော် သူ့အတွက် တအား စိုးရိမ်နေတာ၊ ရှာလို့လည်း မတွေ့ဘူး။ သူ့မိသားစုလည်း ရူးမတတ် ဖြစ်နေကြတာ..."

"ဆေးရုံ?" ရှန်ယွီက စကားဖြတ်မေးသည်။

"စိတ်ကျန်းမာရေး ဆေးရုံပါ"

ခင်ပွန်းဖြစ်သူက ပြောလိုက်သည်။ ၄င်း အဖြေက အားလုံးကို မှင်သက်သွားစေခဲ့သည်။ ရှန်ယွီပင်လျှင် သူ့မျက်နှာထားကို မထိန်းနိုင်ဘဲ မျက်ခုံးပင့်သွားရသည်။ ဟူဖန်က လက်ညှိုးထိုးပြီး ဝင်ပြောသည်။

"လျှောက်မပြောနဲ့ ။ ဆွန်နာနာက ပုံမှန်အတိုင်းပဲ၊ သူ စိတ်မနှံ့တာ မဟုတ်ဘူး"

"သူ့ရောဂါက သိပ်မပြင်းထန်ပါဘူး၊ အခုမှ ကုသမှု ပြီးခါစမို့လို့..." ခင်ပွန်းဖြစ်သူက သက်ပြင်းချပြီး ဖုန်းထုတ်ကာ ဓာတ်ပုံတစ်ပုံကို ရှန်ယွီ့ကို ပြသသည်။

"ကျွန်တော့်ဆီမှာ ဆေးမှတ်တမ်း ရှိတယ်..."

ချန်ကျန့်လည်း အနားသို့ အမြန်တိုးကြည့်လိုက်သည်။ ဆွန်နာနာ၏ ဆေးရုံဆင်းလက်မှတ် ဖြစ်သည်။ 'ယာယီ စိတ်ကမောက်ကမ ရောဂါ' ဟု ရေးသားထားသည်။ သို့သော် အသေးစိတ်ကို သေချာမကြည့်ရသေးမီမှာပင် ခင်ပွန်းဖြစ်သူက ဖုန်းကို ပြန်သိမ်းလိုက်သည်။

"သတိရှိသည်၊ စကားပြောလျှင် အဆင်ပြေသည်၊ စိတ်အခြေအနေ တည်ငြိမ်သည်..." ဆိုသည်လောက်သာ သူ မြင်လိုက်ရသည်။ ဤဆေးမှတ်တမ်းအရဆိုလျှင် ခင်ပွန်းဖြစ်သူ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ နာနာသည် စိတ်ကျန်းမာရေးအတွက် ကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ဆေးရုံမှ ဆင်းလာပြီဖြစ်ပြီး အခြေအနေက တည်ငြိမ်နေပြီ ဖြစ်သည်။

"ဒါဆိုရင်ကော…သူ့ကို ဂရုစိုက်ပေးမယ့်လူ လိုတယ်လေ။ အခု သူက..."

ရှန်ယွီက ထပ်မံ၍ စကားဖြတ်ပြောလိုက်သည်။

"မိမိကိုယ်ကို အန္တရာယ်ပြုနိုင်ခြေ သုည၊ သူတစ်ပါးကို အန္တရာယ်ပြုနိုင်ခြေလည်း သုည၊ နေ့စဉ်ဘဝ နေထိုင်နိုင်စွမ်းကတော့ ရာနှုန်းပြည့်ပဲ ၊ မည်သူ့အပေါ်မှ မှီခိုစရာမလို သလို သူ့ကို ဂရုစိုက်ပေးရမဲ့ လူ လည်းမလိုအပ်နေဘူးမလား"

ခင်ပွန်းဖြစ်သူ၏ မျက်လုံးထဲတွင် အံ့သြသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ ချန်ကျန့်လည်း အံ့သြသွားသော်လည်း အခြား ခံစားချက်တစ်ခုက ပိုမို ပြင်းထန်နေသည်။

"ဒါဆို သူ့မျက်နှာက ဒဏ်ရာတွေက ဘယ်က ရတာလဲ"

ရှန်ယွီ့နောက်မှနေ၍ ချန်ကျန့်က ထပ်မေးလိုက်သည်။

ခင်ပွန်းဖြစ်သူက မျက်မှောင်ကြုတ်ပြီး "သူ ရောဂါထတဲ့ အချိန်ဆို လူတွေကို လိုက်ရိုက်တတ်လို့ပါ"

"ဒါဆို မင်းက ပြန်ရိုက်လိုက်တာပေါ့"

ရှန်ယွီက ဖြစ်စဥ်ကို အတိုချုပ် ပြောလိုက်သည်။

"ကျွန်တော်က... မတော်တဆ ထိခိုက်သွားတာပါ။ သူက ကျွန်တော့်ကို ရိုက်လို့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တာ"

“ဒါဆို ခင်ဗျားရဲ့ ဒဏ်ရာကော ဘယ်မှာလဲ" ဆန်းပင်းက အနားသို့ တိုးလာပြီး စိုက်ကြည့်သည်။

"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်းနဲ့ သူ့ကို ဒီလောက်အထိ ဖြစ်အောင် လုပ်လိုက်တာဆိုတော့ သူက မင်းကို တော်တော် ပြင်းပြင်းထန်ထန် ရိုက်ခဲ့မှာပေါ့။ မင်းရဲ့ ဒဏ်ရာတွေ ဘယ်မှာလဲ ပြပါအုံး"

လောင်စစ်နှင့် လောင်ဝူတို့ကလည်း အပေးအယူ ညီစွာဖြင့် သူ့ကို ဝိုင်းကြည့်ကြသည်။

"မင်းတို့ ဘာလုပ်ချင်နေတာလဲ" ခင်ပွန်းဖြစ်သူက စိတ်တိုသွားပြီး အနားရှိ လောင်စစ်ကို တွန်းထုတ်လိုက်သည်။

"မင်းတို့ နာနာ့ကို ဂရုစိုက်ပေးခဲ့လို့ ငါက ကောင်းကောင်း ဆက်ဆံနေတာ။ မင်းတို့ ဒီလိုမျိုး ငါ့မိသားစုကို လာနှောင့်ယှက်နေရင် ငါ ရဲခေါ်လိုက်မယ်"

"အထဲက အဘွားက ဘယ်သူ့အဘွားလဲ" ရှန်ယွီက မေးသည်။

"နာနာ့ အဘွားပါ"

"အမေကော ဘယ်သူ့အမေလဲ" ချန်ကျန့်က ထပ်မေးသည်။

"နာနာ့ အမေပါပဲ။ အထဲက လူတွေ အကုန်လုံးက သူ့မိသားစုဝင်တွေချည်းပါပဲ"

ဒါကိုကပင်အံ့သြစရာ ကောင်းနေပြန်သည်။

"မင်း ခုနကပဲ မင်းမိသားစုလို့ ပြောခဲ့တာ မဟုတ်လား" ဟူဖန်က သူ့ကို စိုက်ကြည့်သည်။

"သူ့မိသားစုက ငါ့မိသားစုပါပဲ။ နာနာ့ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု သူ အိမ်ပြန်တော့မယ်။ နောက်နှစ်ရက်နေရင် သူ့ပစ္စည်းတွေ လာယူလိုက်မယ်"

ချန်ကျန့်ကတော့ ဤပတ်သက်မှုများကို နားမလည်နိုင်တော့ပေ။ နာနာက ရောဂါဖြစ်ခဲ့ဖူးသော်လည်း ယခုတော့ ကောင်းမွန်နေပြီ ဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာလည်း ခင်ပွန်းဖြစ်သူက သူ့ကို ရိုက်ခဲ့သည်မှာ သေချာသည်၊ သို့သော် နာနာ့မိသားစုက ထိုအမျိုးသားနှင့် အတူတူ ထမင်းစားနိုင်နေကြဆဲ...။

"အာဟူ၊ နာနာ့ကို သွားခေါ်ထုတ်ခဲ့"

ရှန်ယွီက အမိန့်ပေးလိုက်သည်။ အာဟူက ချက်ချင်းပင် တံခါးကို တွန်းဖွင့်ရန် ပြင်သည်။

"ဘာလုပ်တာလဲ!" ခင်ပွန်းဖြစ်သူက အာဟူကို တားဆီးပြီး ရှန်ယွီ့ကို လက်ညှိုးထိုးသည်။

"သူက လူနာလေ၊ အုပ်ထိန်းသူနဲ့ ရှိနေရမယ်။ မင်းတို့က လူကို ပေါ်တင် လုယူမလို့လား"

"အုပ်ထိန်းသူ။ မင်းက သူသည် လူမှုရေးရာ ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ ပြောချင်တာလား"

ရှန်ယွီက လက်ပိုက်ပြီး နံရံကို မှီရပ်ကာ သူ့ကို စိုက်ကြည့်သည်။

"လတ်တလော စိတ်ကမောက်ကမ ရောဂါဆိုတာက ဒီလောက် အချိန်တိုအတွင်းမှာ အုပ်ထိန်းသူ သတ်မှတ်ဖို့အထိ အဆင့်မရောက်သေးပါဘူး။ အုပ်ထိန်းသူက ဘယ်ကနေ ရောက်လာတာလဲ"

အာဟူကတော့ ဒါတွေကို နားမလည်ပေ။ ရှန်ယွီက ထိုလူ၏ စကားကို ပြန်ချေပလိုက်မှန်းသာ သိသည်။ ထို့ကြောင့် ခင်ပွန်းဖြစ်သူ၏ လက်ကို ဖယ်ထုတ်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ပြဿနာရှာဖို့ လာသည်ပင်။ ရှန်ယွီသာ ဒီမှာ မရှိလျှင်၊ မြို့ပေါ်ရောက်နေတဲ့ နယ်သားတစ်ယောက်အနေဖြင့် မထိန်းချုပ်နိုင်ခဲ့လျှင် သူ အခန်းထဲသို့ စရောက်ကတည်းက စားပွဲကို မှောက်လှန်ပစ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

"နာနာ!" ရှန်ယွီက တံခါးအပြင်ကနေ လှမ်းအော်လိုက်သည်။

"မင်း လိုက်ဦးမှာလား၊ ထမင်းသွားစားရအောင်"

"လိုက်မယ်!"

နာနာက ချက်ချင်း ပြန်ထူးပြီး ထွက်လာသည်။ ဘေးမှ လူများ တားဆီးသည်ကိုလည်း ရှောင်ထွက်လာခဲ့သည်။ ဟူဖန်က အပြေးကလေး သွားပြီး သူမကို ဖက်ကာ ခေါ်ထုတ်လာသည်။

"မင်း သွားလို့မရဘူး!"

ခင်ပွန်းဖြစ်သူ၏ အသံက တုန်ယင်သွားပြီး မျက်နှာလည်း ပျက်သွားသည်။ သူက နာနာ့လက်ကို လှမ်းဖမ်းဆွဲသည်။

"မင်း တကယ်ပဲ သူတို့နောက် လိုက်သွားတော့မလို့လား"

"သူ့ကို အော်မနေပါနဲ့၊ စိတ်မညစ်ပါစေနဲ့"

မျက်ရည်သုတ်ပေးနေတဲ့ အဒေါ်ကြီးက နောက်က လိုက်လာပြီး ခင်ပွန်းဖြစ်သူ၏ လက်ကို ပုတ်ကာ လွှတ်ပေးဖို့ အချက်ပြသည်။

"ကျွန်တော် စိုးရိမ်လို့ပါ မား"

ခင်ပွန်းဖြစ်သူက မျက်နှာထားကို ချက်ချင်း ပြောင်းလိုက်ပြီး စိုးရိမ်ဟန် ပြသည်။

"သူ့ကို အရင်သွားစားပါစေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဟာ"

အဒေါ်ကြီးကဝင်ပြောသည်။ ဟူဖန်က ခင်ပွန်းဖြစ်သူ၏ လက်ကို ဖယ်ထုတ်ပြီး နာနာ့ကို ခေါ်ထုတ်သွားသည်။

"နာနာက ပြောတယ်၊ ရှင်တို့က လူကောင်းတွေပါတဲ့" အဒေါ်ကြီးက ချန်ကျန့်ကို ကြည့်ပြီး ပြောသည်။

"ရှင်တို့က သူ့အပေါ် တအားကောင်းတယ်လို့ ပြောတယ်"

"သူက ကျွန်တော်တို့ တည်းခိုခန်းရဲ့ တော်တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက လည်း တအားကောင်းပါတယ်"

"အဲ့ဒါဆိုရင်တော့ တော်ပါသေးတယ်" အဒေါ်ကြီးက မျက်ရည်များဖြင့် ပြုံးပြီး ခေါင်းညိတ်သည်။

"သူက တော်တော် ခေါင်းမာတာရှင်။ ရှင်တို့လည်း သူ့ကို ကူပြီး ပြောပေးပါဦး၊ ရှောင်ကျန်းကို စိတ်မဆိုးဖို့လေ။ ရှောင်ကျန်းက သူ့အတွက် ရူးမတတ် ဖြစ်နေရတာပါ"

ရှောင်ကျန်းဆိုသည်မှာ နာနာ့ခင်ပွန်း ဖြစ်ပေလိမ့်မည်။ နာနာ့မိသားစု၏ အမြင်တွင်တော့ ဤအမျိုးသားက သမက်ကောင်းတစ်ယောက် ဖြစ်နေတုန်းပင်။

"စိတ်ချပါ အဒေါ်"

ချန်ကျန့် နှစ်သိမ့်ပေးလိုက်သည်။ ။ ဘာကို စိတ်ချရမလဲဆိုတာတော့ သူ မပြောခဲ့ပေ။

စိတ်ချပါ အဒေါ်၊ ကျွန်တော်တို့ နာနာ့ကို ဘာမှ ဖျောင်းဖျမှာ မဟုတ်ပါဘူး၊ သူ့ဆုံးဖြတ်ချက်ကိုပဲ သူ လုပ်ပါစေတော့။

ဟူဖန်က နာနာ့ကို ဖက်ပြီး သူတို့ အခန်းဘက်သို့ အမြန် ခေါ်သွားသည်။ သူတို့နောက်တွင်တော့ ဝက်ခြံဂိုဏ်း လုံခြုံရေး လေးယောက်က လိုက်ပါသွားကြသည်။ ချန်ကျန့်နှင့် ရှန်ယွီတို့ လှည့်ထွက်ရန် ပြင်လိုက်သည့်အချိန်၌ပင် ခင်ပွန်းဖြစ်သူက ရုတ်တရက် ပြေးတက်လာသည်။ သူသည် ဤလူအုပ်ထဲတွင် ရှန်ယွီက ခေါင်းဆောင်ဖြစ်ပြီး အနုပညာဆန်သည့် ပုံစံပေါက်နေသဖြင့် အနိမ့်ဆုံးဟု ထင်ပုံရသည်။ ထို့ကြောင့် သူက ရှန်ယွီ၏ နောက်စေ့ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

ဤလက်သီးက တော်တော် မြန်ဆန်လှသည်။ ချန်ကျန့်က သူ၏ ပုခုံးကို လှမ်းဆွဲပြီး ဘေးသို့ ဆွဲထုတ်လိုက်နိုင်သဖြင့်သာ ရှန်ယွီ့ကို တည့်တည့် မထိသွားခြင်း ဖြစ်သည်။ ရှန်ယွီက လှည့်ကြည့်လိုက်သည့် အချိန်တွင် လက်သီးက သူ့မျက်နှာနားကနေ သီသီလေး ဖြတ်သွားသည်။ နောက်တစ်စက္ကန့်တွင်မူ ရှန်ယွီက ထိုလူ၏ လည်ပင်းကို လှမ်းဖမ်းဆွဲပြီး ဘေးမှ နံရံကို ဝုန်းခနဲ ဆောင့်တွန်းလိုက်တော့သည်။

"ဘာလုပ်တာလဲ!"

အာဟူတို့ လူစုက အသံကြားသဖြင့် လှည့်ကြည့်ကြသည်။ ဟိုဘက်မှ စားပွဲထိုးမလေးလည်း အပြေးရောက်လာသည်။

သို့သော် ရှန်ယွီက ဘာမှ ထပ်မလုပ်တော့ဘဲ ထိုလူ၏ လည်ပင်းကိုသာ တင်းတင်းဆုပ်ကိုင်ထားသည်။ ထိုလူမှာ စကားပြောလို့မရတော့ဘဲ ရှန်ယွီ့လက်ကောက်ဝတ်ကိုသာ ပြန်ဖမ်းဆွဲထားရသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ ထိုလူ၏ မျက်နှာက နီရဲလာသည်။ ရှန်ယွီ၏ လက်မက မနေ့က သူပြခဲ့သည့် "ဒီနေရာကို ရိုက်ချ" ဆိုသည့် အာရုံကြောပေါ်တွင် တည့်တည့် ရောက်နေသည်ကို ချန်ကျန့် မြင်လိုက်ရသည်။ ယခုထိတော့ အားမသုံးသေးသော်လည်း ဘယ်အချိန်မဆို အန္တရာယ် ပေးနိုင်သည့် အနေအထား ဖြစ်သည်။

ချန်ကျန့်က ရှန်ယွီ့အနားသို့ တိုးသွားပြီး "ဘော့စ်၊ ဝန်ထမ်းတွေရဲ့ အပျော်ခရီးက ပိုအရေးကြီးတယ်လေ" ဟု တိုးတိုးလေး ကပ်ပြောလိုက်သည်။ ရှန်ယွီက ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်သည့်အခါ သူ့၏ နှုတ်ခမ်းထောင့်က ပြုံးသွားသည်ကို ချန်ကျန့် တစ်ယောက်တည်းသာ မြင်လိုက်ရသည်။ ထို့နောက်တွင်မူ လည်ပင်းကို ဆုပ်ထားသည့်လက်က အနည်းငယ် လျော့သွားသော်လည်း လွှတ်တော့ မလွှတ်ပေးသေးပေ။ ထိုလူ၏ မျက်နှာက နီရဲရာမှ ပန်းရောင်ဘက် ပြန်ပြောင်းသွားပြီး သွားကြားထဲမှနေ၍ "မင်း ရဲစခန်းရောက်ဖို့သာ ပြင်ထားလိုက်" ဟု ညည်းတွားလိုက်သည်။

"ငါ စောင့်နေမယ် ။ ဆွန်နာနာ၏ ဒဏ်ရာများကို စစ်ဆေးပြီးပြီ။ စိတ်ကျန်းမာရေး မကောင်းသည့်သူကို အိမ်တွင်းအကြမ်းဖက်မှု လုပ်ခြင်းက ပြစ်ဒဏ် ပိုကြီးတယ်။ သူ ဘာကြောင့် ဒီရောဂါ ဖြစ်ရသလဲဆိုတာကိုလည်း ရဲတွေကို တစ်ခါတည်း စစ်ခိုင်းလိုက်တာပေါ့"

ထိုလူက ရှန်ယွီ့ကို စိုက်ကြည့်ပြီး "မင်းနဲ့ နာနာနဲ့က ဘာဆိုင်လို့လဲ" ဟု မေးသည်။

"သူ့ဘော့စ်လေ"

"ငါက မင်းကို ယုံမယ် ထင်နေလား"

"ဘယ်သူက ဂရုစိုက်လို့လဲ။ မင်း ယုံတာ မယုံတာက အရေးကြီးလို့လား။ မင်းအခန်းကို မင်းပြန်သွားတော့။ နောက်တစ်ခါ ငါ့နောက်ကို လိုက်လာရဲရင်တော့ မင်းကို အိမ်သယ်သွားရအောင် လုပ်ပေးမယ်။ အဲ့ဒါကိုတော့ မင်း ယုံလိုက်တာ ပိုကောင်းလိမ့်မယ်"

ထိုလူ၏ အဖြေကို မစောင့်ဘဲ ရှန်ယွီက လွှတ်ပေးပြီး ထွက်လာခဲ့သည်။ အာဟူတို့ လူစုကတော့ ချက်ချင်း နောက်လှည့်မလာဘဲ ထိုလူကို လက်ညှိုးထိုးပြီး နောက်ဆုတ်ရင်း လိုက်လာကြသည်။ ခြေလှမ်းအနည်းငယ် ရောက်မှ ကိုယ်ကို လှည့်လာကြသည်။

"ချန်ကျန့်၊ ဟို စားပွဲထိုးမလေးကို သွားပြောလိုက်၊ ဘာမှမဖြစ်ဘူးလို့။ ရဲတွေ ဘာတွေ ခေါ်မနေနဲ့လို့ ပြောလိုက်ဦး။ အပျော်ခရီးက အရေးကြီးတယ်လေ"

"ဟုတ်ကဲ့"

ချန်ကျန့်က ပြန်ဖြေပြီး စားပွဲထိုးများထံ သွားလိုက်သည်။ စားပွဲထိုးများနှင့် သူတို့ မန်နေဂျာကို တောင်းပန်စကားပြောပြီး ပြန်လာသောအခါ ရှန်ယွီက အခန်းဝတွင် ရပ်နေသည်ကို တွေ့ရသည်။

"ဘာလို့ ဒီမှာ ရပ်နေတာလဲ"

"အထဲမှာ နာနာ့ကို နှစ်သိမ့်ပေးနေကြတာလေ။ ငါကတော့ သရုပ်ဆောင်တဲ့ နေရာမှာ ကြားညပ်နေမှာစိုးလို့" ရှန်ယွီက စားပွဲထိုးထံမှ Tablet ကို ယူလိုက်ပြီး "ငါ ဟင်းထွက်မှာမို့လို့" ဟု ဆိုသည်။

"အိုကေ"

ချန်ကျန့်လည်း အခန်းထဲ မဝင်တော့ဘဲ ရှန်ယွီနှင့်အတူ ခန်းမထောင့်ရှိ လွတ်နေသော စားပွဲလေးတွင် သွားထိုင်ပြီး သူ ဟင်းမှာသည်ကို ထိုင်ကြည့်နေလိုက်သည်။ သူ့ခေါင်းထဲတွင်တော့ ယခုထိ ရှုပ်ထွေးနေတုန်းပင်။ ဒီကိစ္စ၏ နောက်ခံက ဒီလိုမျိုး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"ဒါနဲ့..,ဟို ဆေးရုံဆင်းလက်မှတ်က တကယ်ပဲလား" ဟု မေးလိုက်သည်။

"ဒါကတော့ အတုလုပ်စရာ မလိုပါဘူး။ကြည့်တာနဲ့ သိနိုင်တယ်" ဟု ရှန်ယွီက ဆိုသည်။

"ကျွန်တော်တောင် သေချာ မမြင်လိုက်ရဘူး"

"ငါက ဆေးရုံဆင်းတဲ့ အခြေအနေကိုပဲ ကြည့်လိုက်တာလေ၊ အရှေ့ကဟာတွေ ကြည့်နေစရာ မလိုဘူး"

ရှန်ယွီက သူ့ကို မော့ကြည့်ပြီး "ငါက စိတ်ကျန်းမာရေး ဆေးရုံမှာ တစ်ခါမှ မတက်ဖူးဘူးလေ"

"ကျွန်တော်..." ချန်ကျန့် ခဏ ကြောင်သွားပြီးမှ ရယ်မောလိုက်သည်။

"ဒါဆို မင်းက ထူးခြားတဲ့ စွမ်းအားရှင်တွေ ရှိတဲ့ ဆေးရုံမှာ တက်ခဲ့ဖူးလို့လား"

ရှန်ယွီ ပြုံးလိုက်ပြီးမှ

"ရန်ဖြစ်လို့ ဒဏ်ရာရတာနဲ့တော့ ဆေးရုံ ခဏခဏ တက်ဖူးတယ်"

ချန်ကျန့် ဘာမှမပြောဘဲ ပြုံးနေမိသည်။

"ငါ အဲ့ဒါတွေကို မှတ်မိနေတာက အဲ့ဒီနှစ်ကြောင်းပဲ မြင်လိုက်ရလို့လေ။ ကျန်တာတော့ ငါလည်း မပြောတတ်တော့ဘူး"

ချန်ကျန့် စိတ်ထဲတွင်တော့ တကယ်ကို အေးချမ်းသွားရသည်။ ရှန်ယွီကို အရှိကိုအရှိတိုင်း မြင်နေရသည့် ဒီခံစားချက်ကို ချန်ကျန့် တကယ် သဘောကျမိသည်။ ဘောင်ကျော်ရသည်မှာ တကယ်ကို သက်သောင့်သက်သာ ရှိလှပါပေသည်။

"ရှန်ယွီ" ချန်ကျန့်က စားပွဲပေါ်တွင် မှောက်လျက်သားနှင့် ရှန်ယွီ့ကို ငေးကြည့်လိုက်သည်။

"ညစ်ပတ်တယ်လေ၊ ထဦး" ရှန်ယွီက မဲ့လိုက်သည်။

"ကော်ဇောပေါ်မှာ အိပ်တုန်းကကျတော့ ဘာလို့ အဲ့ဒီလို မပြောတာလဲ"

ချန်ကျန့်က မလှုပ်မယှက်ဘဲ နေသည်။

ရှန်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး "မင်းကတော့ အခုဆို ပြန်ပြောတတ်နေပြီပေါ့"

"ဟုတ်တယ်လေ" ချန်ကျန့်က ပြုံးပြသည်။

ရှန်ယွီက မီနူးကို ဆက်ကြည့်နေပြီး စက္ကန့်အနည်းငယ် ကြာမှ သူ့ကို ပြန်ကြည့်သည်။

"ဘာလဲ" ဟု ချန်ကျန့်က မေးသည်။

"ဘာမှမဟုတ်ပါဘူး"

ရှန်ယွီက လက်လှမ်းပြီး ချန်ကျန့် မျက်နှာကို ဆွဲလိုက်သည်။ ချန်ကျန့်က လန့်သွားသော်လည်း ငြိမ်နေလိုက်သည်။ ရှန်ယွီ လက်ကို ပြန်ရုပ်လိုက်သည့် အချိန်တွင် စားပွဲထိုးတစ်ယောက်က ဟင်းပန်းကန်နှင့် ဖြတ်သွားရင်း သူတို့ကို တစ်ချက် လှမ်းကြည့်သည်။ ရှန်ယွီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး မီနူးကို ပြန်ကြည့်နေသည်။

"ရှန်ယွီ"

"ဟင်"

"မင်းလည်း ချောင်းဟန့်တတ်တာပဲလား"

ချန်ကျန့်က နောက်လိုက်သည်။

ရှန်ယွီက ကုလားထိုင်ကို မှီလိုက်ပြီး "မင်း ခိုးပြီး သောက်ထားတာလား" ဟု မေးသည်။

"မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ လျှို့ဝှက်စရိုက်က ပေါ်လာတာ ဖြစ်မှာပါ" ဟု ဆိုသည်။

ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပေ။ အဲ့ဒီအချိန်မှာပဲ ဟူဖန်က စင်္ကြံလမ်းကနေ ကွေ့လာသည်။

"ရှင်တို့ နှစ်ယောက် ဒီမှာ ရှိနေတာလား။ ဘော့စ် ထွက်ပြေးသွားပြီ ထင်နေတာ"

"ငါ ထွက်ပြေးမယ်ဆိုရင်တောင် ထမင်းစားပြီး ပိုက်ဆံရှင်းပြီးမှ ပြေးမှာပါ။ နာနာ ဘယ်လိုနေလဲ"

"အဆင်ပြေပါတယ်၊ သူကတော့ ဘာမှ မဖြစ်သလိုပါပဲ" ဟူဖန်က စားပွဲပေါ်တွင် မှောက်လျက်နှင့် တိုးတိုးလေး ပြောသည်။

"ဒါပေမဲ့ သူ့မိသားစုက အဲ့ဒီယောကျ်ားကို တအား သဘောကျကြတယ်တဲ့။ အသေးစိတ်ကိုတော့ ဒီညမှ သူ့ကို ထပ်မေးကြည့်လိုက်မယ်"

"အေးပါ၊ လောလောဆယ်တော့ အများကြီး မပြောကြနဲ့ဦး၊ ဒီညတော့ ပျော်ပျော်ပဲ နေကြရအောင်..." ရှန်ယွီက သူမကို ကြည့်ပြီး "ညစ်ပတ်တယ်လေ" ဟု ပြောလိုက်သည်။

"မညစ်ပတ်ပါဘူး" ဟူဖန်က စားပွဲပြင်ကို လက်နှင့် ပွတ်ပြီး "ဘော့စ်လည်း ငါတို့ဆိုင်က စားပွဲမှာ မှောက်နေတာပဲ မဟုတ်လား။ ဘော့စ်မှာက ရွေးပြီးမှ သန့်ရှင်းချင်တာလား” ဟု ပြန်ရွဲ့သည်။

"အထဲဝင်တော့လေ။ ဟင်းတွေကို သွားစောင့်တော့"

"ဟုတ်ကဲ့" ဟူဖန်က ထရပ်ပြီး အခန်းထဲကို ခုန်ပေါက်ပြီး ပြန်ဝင်သွားသည်။

"သွားရအောင်"

ရှန်ယွီလည်း ထရပ်သည်။ ချန်ကျန့်လည်း ထရပ်ပြီး သူ့နောက်မှနေ၍ အခန်းထဲသို့ လိုက်လာခဲ့သည်။

"နှစ်သစ်ကူး မတိုင်မီ ငါ တစ်ခေါက်လောက် အိမ်ပြန်ဖြစ်မည် ထင်တယ်"

ရှန်ယွီက ရုတ်တရက် အိမ်ပြန်မဲ့အကြောင်း ထပြော၏။

"ဗျာ"

ချန်ကျန့်မှာ မှင်သက်သွားရလေတော့သည်။

__________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...