Skip to main content

70








အပိုင်း (၇၀)

“ပြန်ရောက်ရင် အသေးစိတ် ပြောပြမယ်လေ” ရှန်ယွီက ခေါင်းလှည့်ကာ ပြုံးလျက် ဆိုသည်။

“အခုပြောပြလေ” ချန်ကျန့်က ရှန်ယွီ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

“အခု မပြောချင်ရင် ဘာလို့ စပြောလိုက်သေးလဲ”

“ရုတ်တရက် ခေါင်းထဲဝင်လာလို့လေ”

“အဲ့ဒီလောက်ကြီး ရုတ်တရက်ကြီး ဖြစ်သွားတာလား”

“ငါက စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်တတ်တဲ့ လူစားမျိုးလေ”

“ဒါဆို ခဏနေ သီချင်းဆိုတဲ့အခါကျရင် ပြောပြမလား”

“ငါက သီချင်းဆိုနေရမှာဆိုတော့ ပါးစပ်အားမှာ မဟုတ်ဘူးလေ”

“သတ္တိရှိရင် တစ်ညလုံး မနားဘဲ ဆိုကြည့်လေ”

ရှန်ယွီ ရယ်မောလိုက်ပြီး သီးသန့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ဆွန်နာနာကတော့ တော်တော်လေး တည်ငြိမ်နေပုံရသည်၊ ပုံမှန်အတိုင်းပါပဲ။ သူမ၏ လှုပ်ရှားမှုတိုင်းတွင် ချဲ့ကားလွန်းသော ကျက်သရေရှိမှုလေးတွေ ပါဝင်နေဆဲပင်။

“ဘော့စ်ရှန်၊ မန်နေဂျာချန်” သူမက ခွက်ကို မြှောက်ကာ နှုတ်ဆက်လိုက်သည်။

“စောနကအတွက် ကျေးဇူးတင်ပါတယ်”

“ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ” ပြောရင်း ရှန်ယွီ ဝင်ထိုင်လိုက်သည်။

“အရက်လား”

ချန်ကျန့်က သူမ၏ခွက်ကို ကြည့်ကာ မေးလိုက်သည်။

“ရေပါ” ဟူဖန်က ဖြေသည် ။

“ရေနွေး”

“သံပရာရည်ရောထားတဲ့ သတ္တုရည်ပါ” ဆွန်နာနာက ပြန်ပြင်ပေးသည်။

“ရေနွေးပါဆိုနေ၊ သူတို့ လာချပေးတုန်းကတောင် ပူနေသေးတယ်” ဟူဖန်က ပြန်ပြောသည်။

“နင်ကတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ” ဆွန်နာနာက လက်ဖြင့် ယပ်ခတ်သလို လုပ်ပြသည်။

“နင်လည်း အတူတူပါပဲ”

ဟူဖန်က သူမကို လိုက်တုကာ ယပ်ခတ်ပြသည်။ ထို့နောက် နှစ်ယောက်သား အားရပါးရ ရယ်မောကြတော့သည်။

ခုနက ဒီအဖွဲ့ ဘယ်လိုများ နှစ်သိမ့်ပေးလိုက်ကြသလဲတော့ မသိပါဘူး။ ဟူဖန်ကလွဲရင် အာဟူတို့အဖွဲ့က အားကိုးရမည့်ပုံ မပေါ်သော်လည်း၊ အခုတော့ အလုပ်ဖြစ်သွားပုံရသည်။ ဆွန်နာနာ၏ စိတ်အခြေအနေက မဆိုးပါဘူး၊ မျက်လုံးတွေ နီနေတာကို ကြည့်ရင်တော့ ငိုထားပုံရသည်။ သို့မဟုတ် သူမက သရုပ်ဆောင်ကောင်းလို့လည်း ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ချန်ကျန့်ကတော့ အရင်တုန်းက ဆွန်နာနာသာလျှင် လူရိုက်မယ့်သူ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ဖူးသည် မဟုတ်ပါလား။

စားပွဲထိုးက ဟင်းတွေ မြန်မြန် လာချပေးသည်။ ရှန်ယွီက အသားတွေချည်း မှာထားခြင်း ဖြစ်သည်။ ပုံမှန်ဆိုရင် ဆိုင်မှာစားသလိုမျိုး အသီးအရွက်တွေ ကျန်ခဲ့မှာ သေချာပါသည်။

“လက်က အဆင်ပြေရဲ့လား” ချန်ကျန့်က ရှန်ယွီ့ကို တိုးတိုးလေး မေးလိုက်သည်။

ရှန်ယွီ၏ လက်က ပတ်တီးဖြည်ထားပြီးဖြစ်သလို ဒဏ်ရာကလည်း ကြီးကြီးမားမား မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒဏ်ရာက နက်တာကြောင့် လက်က သိပ်ပြီး သွက်လက်ပုံ မရပါဘူး။ လူလည်ပင်း ညှစ်တုန်းကတော့ အားတွေ ပါနေပြီး၊ အခု အသားညှပ်တော့မှ အားမရှိတော့ဘူးတဲ့လား။

“အတော်အသင့်ပါပဲ” ရှန်ယွီက ဆိုသည်။

“ကူညီပေးရမလား....” ချန်ကျန့် စကားမဆုံးသေးခင်မှာပင် ရှန်ယွီက တူကို ချလိုက်ပြီးပြီ ဖြစ်သည်။

“ကောင်းပြီလေ” သူ ကုလားထိုင်ကို မှီချလိုက်သည်။

“အမဲသားလွှာ နှစ်ဖတ် အရင်ပေး”

ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။

“ကျေးဇူးပါ မန်နေဂျာ”

“ဒီ သုံးစက္ကန့်လောက်လေးပဲ ဟန်ဆောင်နိုင်တာလား”

ချန်ကျန့်က အသံတိုးတိုးဖြင့် မကျေမနပ် ပြောလိုက်သည်။

“သုံးစက္ကန့်တောင် ဟန်ဆောင်လိုက်ရသေးတယ်လေ”

“ရပြီ! မန်နေဂျာရေ!” ဟူဖန် လှမ်းအော်သည်။

ဘာရတာလဲ?ငါတို့ ဘာမှ မလုပ်ရသေးပါဘူး!တိုးတိုးလေးပဲ စကားပြောနေတာပါ.... အော်.... အသားကင် ရပြီလို့ ပြောတာကိုး။

ချန်ကျန့် အသားနှစ်ဖတ်ကို ယူပြီး ရှန်ယွီ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ပြီးတော့ ကိုယ့်အတွက် နှစ်ဖတ် ယူလိုက်သည်။ ဒီလူစုက လျူဝူတို့နဲ့ ရွယ်တူလောက် ဖြစ်ပေမဲ့ အလုပ်လုပ်နေကြပြီဆိုတော့ အသားကျက်တဲ့အထိတော့ စောင့်နိုင်ကြသားပဲ။

“ဒါ ဆိတ်သားလေ” ရှန်ယွီက ဆိုသည်။

“ဆိတ်သား....” ချန်ကျန့် မီးဖိုပေါ်ကို လှမ်းကြည့်လိုက်သည်။ အကုန် ကုန်နေပြီ။ ဟူဖန်နဲ့ ဆန်းပင်းက အသားအသစ်တွေ တင်နေကြပြီ။ သူ ရှန်ယွီကို ပြန်ကြည့်သည်။

“ဆိတ်သားတဲ့။ စားမှာလား မစားဘူးလား”

အမှန်အတိုင်း ပြောရရင် ကြည့်ရုံနဲ့တော့ အမဲသားနဲ့ ဆိတ်သားကို သူ ဘယ်လိုမှ ခွဲလို့ မရပါဘူး။ ဝက်သားသုံးထပ်သား လောက်ပဲ သူ သိတာ။ ရှန်ယွီက မေးခွန်းထုတ်နေပေမဲ့ ခေါင်းငုံ့ပြီး စားနေတာပါပဲ။

“မင်း ဆိတ်သား မစားဘူး ထင်နေတာ”

“အမဲသား အရင်စားချင်လို့ပါ”

“ဘယ်ဟာက အမဲသားလဲ” ချန်ကျန့်က ဟူဖန်တို့ကို မေးလိုက်သည်။

“ဒီဘက်အခြမ်းကဟာတွေလေ” ဟူဖန်က ညှပ်နဲ့ စက်ဝိုင်းတစ်ဝက် ဝိုင်းပြသည်။

“အိုကေ” ချန်ကျန့် ခေါင်းညိတ်လိုက်သည်။

ခဏနေတော့ အသားတွေ ကျက်သွားသည်။ ဟူဖန်က ချန်ကျန့်ကို ကြည့်ပြီး

“ကျက်ပြီ! သူ့ကို ပေးလိုက်လေ”

ချန်ကျန့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ဘာလို့ သူ့ကို ပေးရမှာလဲ! ဘယ်သူ့ကို ပေးရမှာလဲ!

“ဘယ်သူ့ကိုလဲ” သူ ယောင်ပြီး မေးလိုက်မိသည်။

“ဘော့စ်ရှန် ကိုလေ” ဆွန်နာနာက သူ့ကို ကြည့်ပြီး ဝင်ပြောသည် ။

“သူ ခုနက အမဲသား စားချင်တယ်လို့ ပြောနေတယ် မဟုတ်လား”

“မင်း ကြားလိုက်တာလား” ချန်ကျန့် စိတ်ကိုတင်းပြီး ထရပ်ကာ အမဲသား နှစ်ဖတ်ကို ရှန်ယွီ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“မင်းတို့က တိုးတိုးလေး ပြောနေတာမှ မဟုတ်တာ” ဆန်းပင်းက ဆိုသည်။

မဟုတ်ဘူးလား။ ငါကတော့ တိုးတိုးလေး ထင်နေတာ။ မတိုးဘူးလား။

ဆန်းပင်းက ပြောပြီးတာနဲ့ ထရပ်ပြီး ကြက်တောင်ပံ တစ်ခုကို ယူကာ အာဟူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ပြီးတော့ ဆွန်နာနာကို ကြည့်ပြီး

“နာနာ... မင်း လက်လှမ်းမီရဲ့လား။ ဘာစားချင်လဲ”

“ရပါတယ်၊ ကိုယ့်ဘာသာပဲ စားကြပါ” ဆွန်နာနာက ပြုံးလိုက်သည်။

သူ့ရဲ့ အမူအရာကို ကြည့်ပါဦး။

ချန်ကျန့် ကိုယ့်အတွက် အသားနှစ်ဖတ်ယူပြီး ပြန်ထိုင်လိုက်သည်။ ခုနက “လူလုပွဲ” ကြောင့် လေထုက နွေးထွေးသွားပုံရသည်။ အားလုံးက စိတ်လှုပ်ရှားနေကြပြီး စားရင်းသောက်ရင်း စကားတွေ ပြောနေကြသည်။ ဆွန်နာနာကိုလည်း အားမနာတမ်း ယောကျ်ားဟောင်းအကြောင်း ဆဲဆိုနေကြသလို၊ သူမ၏ မိသားစုအကြောင်းကိုလည်း နားမလည်နိုင်ကြောင်း ပြောဆိုနေကြသည်။

“မင်းတို့နှစ်ယောက်ကို မင်းအမေက နေရာချပေးခဲ့တာ မဟုတ်လား။ အဲ့ဒီလူရဲ့ မျက်နှာကို ကြည့်တာနဲ့ လူဆိုးမှန်း အရူးတောင် သိနိုင်တယ်” လောင်ဝူက အားမနာတမ်းဝေဖန်နေသည်။

“သူက အရူးမှ မဟုတ်တာ”

ရှန်ယွီက ဝင်ပြောသည်။ ချန်ကျန့်နှင့် ဆွန်နာနာတို့ ရယ်မောလိုက်ကြသည်။

“ဘာလဲ” လောင်ဝူက ရှန်ယွီကို ကြည့်သည်။

“သူက မင်းကို အရူးလို့ ပြောနေတာလေ” ဆန်းပင်းက ဆိုသည်။

“မပြောပါဘူး” ရှန်ယွီ ပြုံးလိုက်သည်။

“ဟေး... သူ ဆိုလိုတာက ဒီမှာ ရှိနေတဲ့လူ အကုန်လုံးက အရူးတွေလို့ ပြောတာ” ဟူဖန်က ဆိုသည်။

“ဘော့စ်ရှန် က အဲ့ဒီလို လူမျိုးလေ... သူများတွေက စကားနိုင်မလုနိုင်ရင် အကြမ်းဖက်ကြတယ်။ သူကကျတော့ စကားနိုင်လုနိုင်သလို ရန်လည်း ဖြစ်နိုင်တယ်”

“ရန်ဖြစ်တာနဲ့ ပတ်သက်ရင်... မင်း သင်ဖူးလား” အာဟူက မေးလိုက်သည်။

“လေ့ကျင့်ပါများရင် တတ်ကျွမ်းလာတာပေါ့” ရှန်ယွီက ဆိုသည်။

“တောက်!ငါ နားမလည်တော့မလို့”

“ဒါပေမဲ့ ချန်တာဟူ ကလည်း အမြဲ ရန်ဖြစ်နေတာပဲလေ...”

လောင်စစ်က ရှန်ယွီ့အဖြေရဲ့ ယုတ္တိကို စဉ်းစားခန်း ဝင်နေသည်။

“သူ့မှာ ဦးနှောက်မှ မရှိတာ! မင်းလိုပဲလေ!”

အာဟူက အော်ဟစ်လိုက်သည်။ ချန်ကျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပါဘူး။ ရယ်မောပြီးနောက် ခေါင်းစဉ်က ချန်တာဟူ၏ ထောင်တွင်းဘဝဆီသို့ ရောက်သွားသည်။

နေ့တိုင်း ထီးတွေ လုပ်နေရမှာလား။ ဒါမှမဟုတ် မီးခြစ်တွေလား။ ထောင်တွင်း ဘော့စ် ဖြစ်လာနိုင်မလား။

ချန်ကျန့် နားထောင်ရင်း ရယ်မောနေမိသည်။ ရေတစ်ငုံ သောက်လိုက်စဉ်မှာပင် နွေးထွေးသော အရာတစ်ခုက သူ၏ ခြေထောက်ကို လာဖိကပ်သည်ကို ခံစားလိုက်ရသည်။ သူ မယုံကြည်နိုင်သော်လည်း ရှန်ယွီ၏ လက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူ ရှန်ယွီကို ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

ရှန်ယွီကတော့ ရှေ့ကိုသာ စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေလေသည်။

ဘော့စ်... ဒါ ဘယ်လို အချိန်အခါမျိုးလဲဆိုတာ သိရဲ့လား။ ဒီလူတွေက တာယွင် ရဲ့ ဝန်ထမ်း အကုန်နီးပါးပဲလေ!

ရှန်ယွီက သူ့အကြည့်ကို ဂရုမစိုက်ဘဲ ခြေထောက်ကို ထပ်ညှစ်လိုက်ပြီး အပေါ်သို့ ပွတ်တင်လိုက်သည်။ ချန်ကျန့် လက်လှမ်းပြီး ဖိထားရန် ပြင်စဉ်မှာပင် တံခါး ရုတ်တရက် ပွင့်လာခဲ့သည်။ သူတို့နှစ်ယောက်က ဟင်းချပေးတဲ့ နေရာနားမှာ ထိုင်နေတာဆိုတော့ တခြားလူတွေ မမြင်ရပေမဲ့ ဝင်လာတဲ့ စားပွဲထိုးကတော့ အတိုင်းသား မြင်နေရသည်။

ချန်ကျန့် လန့်သွားပြီး စားပွဲထိုး ဝင်လာတာနဲ့ ထရပ်လိုက်မိသည်။ မျက်နှာကို ကိုင်တာလောက်ကတော့ ကိစ္စမရှိပေမဲ့၊ ခြေထောက်ကို ကိုင်ပြီး ပွတ်တင်နေတာကို မြင်သွားရင်တော့....။ အာဟူက စကားကောင်းနေသော်လည်း တုံ့ပြန်မှု မြန်ဆန်လှသည်။ တံခါးကို လှည့်မကြည့်ဘဲ တူကို ချပြီး ထရပ်လိုက်သည်။

“ဘာလဲ!” ဆန်းပင်းကလည်း လိုက်အော်ပြီး လောင်စစ်၊ လောင်ဝူတို့နဲ့အတူ ထရပ်လိုက်သည်။

“တောင်း... တောင်းပန်ပါတယ်” တံခါးဝက စားပွဲထိုးမလေးက အသားပန်းကန်ကို ကိုင်ပြီး အခန်းထဲက လူတွေကို ကြောက်လန့်တကြား ကြည့်နေရှာသည်။

“ကျွန်မ တံခါးခေါက်ပါတယ်....”

“ရပါတယ်၊ မင်းကြောင့် မဟုတ်ပါဘူး” ရှန်ယွီက သူမလက်ထဲက ပန်းကန်ကို လှမ်းယူပြီး စားပွဲပေါ် တင်လိုက်သည် ။

“ငါတို့ ဂိမ်းကစားနေကြတာပါ”

“သြော် ”

စားပွဲထိုးမလေးက တစ်စက္ကန့်လောက် ကြောင်သွားပြီးမှ ကျေးဇူးတင်စကား ပြောကာ ထွက်သွားတော့သည်။

အာဟူ ချန်ကျန့်ကို စိုက်ကြည့်သည်။

“မင်း ရုတ်တရက် ဘာထလုပ်တာလဲ။ ဟို ရှောင်ကျန်း လာလုပြီလို့ ငါ ထင်လိုက်တာ!”

“အမလေး... လန့်လိုက်တာဟယ်” ဟူဖန် ရင်ဘတ်ကို ဖိပြီး ဓားလို ကိုင်ထားတဲ့ တူကို ပြန်ချလိုက်သည်။

“ကျွန်မလည်း အဲ့ဒီလိုပဲ ထင်တာ။ ရန်ဖြစ်ဖို့ ပြင်ထားပြီးသား”

ဒီအချိန်မှာ ချန်ကျန့်တစ်ယောက် ရှန်ယွီကို ကုလားထိုင်ပေါ်က ဆွဲထူလိုက်ချင်စိတ် ပေါက်သွားသည်။

သူပါ! သူပါ! အားလုံး သူ့ကြောင့်ပါ!

“ကျွန်တော်... ကျွန်တော်လည်း... အဲ့ဒီလိုပဲ ထင်လို့ပါ” ချန်ကျန့် ပြန်ထိုင်လိုက်သည်။

“သူ ပြန်မလာရဲတော့ပါဘူး” ဆွန်နာနာက မုန်လာဥချဉ်ကို ခက်ရင်းနဲ့ ထိုးရင်း ဆိုသည် ။

“သူ ငါ့ကို ဖျောင်းဖျချင်သေးရင်တောင် ငါ့အမေနဲ့ အဘွားကို လွှတ်လိုက်မှာ သေချာတယ်”

“မင်းအမေနဲ့ အဘွား ငိုပြီး ဖျောင်းဖျတာကို မင်း မမြင်ချင်ရင်တော့ ။ ငါတို့ ခဏနေရင် စောစော ပြန်ကြတာပေါ့”

ရှန်ယွီက ဝင်ပြောသည်။

“ဟုတ်တယ်၊ သီချင်းသွားဆိုရဦးမှာလေ” ဟူဖန် ခေါင်းညိတ်ထောက်ခံသည်။

“ကောင်းသားပဲ” ဆွန်နာနာ ပြုံးရင်း မုန်လာဥကို စားလိုက်သည်။

အားလုံးက တခြား ခေါင်းစဉ်တွေဆီ ရောက်သွားကြတဲ့ အခါကျမှ ချန်ကျန့် ရှန်ယွီကို လှည့်ပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“ဝက်သားသုံးထပ်သား နှစ်ဖတ်လောက်” ရှန်ယွီက ဆိုသည်။

“ကိုယ့်ဘာသာ ယူ!” ချန်ကျန့်က အံကြိတ်ပြီး ပြောလိုက်သည်။

ရှန်ယွီ မလှုပ်သလို စကားလည်း မပြောပါဘူး။ ဒါပေမဲ့ သူ့လက်ချောင်းလေးတွေက ချန်ကျန့်ရဲ့ ခြေထောက်ကို နှစ်ချက်လောက် လာပုတ်နေတာကိုတော့ ခံစားနေရသည်။ ချန်ကျန့် သူ့လက်ကို အမြန် ဖမ်းဆွဲလိုက်ပြီး၊ တူနဲ့ အသားနှစ်ဖတ် ယူကာ ရှန်ယွီ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“ကျေးဇူးပါ မန်နေဂျာ” ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ရပါတယ်” ချန်ကျန့်က ဆိုသည် ။

“ဒါက ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ”

ရှန်ယွီ အသားကို ကိုင်ထားရင်း ပါးစပ်ထဲ မထည့်နိုင်ခင် အကြာကြီး ရယ်မောနေရလေသည်။ ဆွန်နာနာ၏ မိသားစုနှင့် မတွေ့ချင်သောကြောင့် သူတို့ အကြာကြီး မစားကြတော့ပါဘူး။ ရှန်ယွီ မှာထားသော ဟင်းများ ကုန်သည်နှင့် ဆိုင်ပြောင်းရန် ထရပ်လိုက်ကြသည်။

“ငါတို့ တော်တော် စားနိုင်ကြတာပဲ” ဟူဖန်က ပန်းကန်ခွံတွေကို ကြည့်ပြီး ပြောသည်။

“လူများတာကိုး” ရှန်ယွီက ဆိုသည်။

“ဒီတစ်ခါ ဘယ်လောက်ကျလဲ” အာဟူက မေးသည်။

“မင်း ရှင်းမလို့လား” ရှန်ယွီက မေးသည် ။

“မင်းရှင်းမယ်ဆိုရင် နှစ်သစ်ကူးကျရင် လစာနဲ့ ဘောနပ်စ် ယူစရာ မလိုတော့ဘူးပေါ့”

“ကျွန်တော်က မေးကြည့်ရုံပါ!” အာဟူက အော်လိုက်သည်။

“သုံးထောင်ကျော် လေးထောင်နီးပါးလောက် ကျတယ်။ ငါတို့က အကောင်းစားတွေချည်း မှာထားတာလေ....” နာနာက ဝင်ဖြေပေးသည်။

“တောက်! ငါ ဒီလောက် ဈေးကြီးတာ တစ်ခါမှ မစားဖူးဘူး” ဆန်းပင်းက ဆိုသည်။

“ငါလည်း မစားဖူးဘူး၊ ဘော့စ်ရှန်နဲ့ နာနာကလွဲရင် ငါတို့ဘယ်သူမှ မစားဖူးကြဘူး မဟုတ်လား”

လောင်ဝူက လှည့်မေးသည်။

“ရပါတယ်၊ နောက်ကျရင် အကြောင်းပြချက်တွေ ရှာပြီး ထပ်လာစားကြတာပေါ့” ရှန်ယွီက ဆိုသည်။

“မန်နေဂျာ ဒုတိယအဆင့် အောင်တာက ဂုဏ်ပြုစရာ ကိစ္စလား” လောင်စစ်က မေးလိုက်သည်။

“...ဒီညစာက ငါ ဒုတိယအဆင့် အောင်တာကို ဂုဏ်ပြုတာ မဟုတ်ပါဘူးကွာ!”

ချန်ကျန့် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

“ဒါဆို ဘာအတွက် စားကြတာလဲ” လောင်ဝူက မေးသည်။

မင်းတို့အတွက် နှုတ်ဆက်ပွဲလေ!

“...ငါ ဒုတိယအဆင့် အောင်တာကို ဂုဏ်ပြုတာပါ” ချန်ကျန့် ပြန်ဖြေလိုက်ရသည်။

“ဟုတ်တယ်လေ!” လောင်ဝူက ဆိုသည်။

“သွားကြမယ်၊ သွားကြမယ်....”

ဟူဖန်က ရယ်မောရင်း လူအုပ်ကို တွန်းထုတ်လိုက်သည်။ KTV က အသားကင်ဆိုင်နဲ့ သိပ်မဝေးသဖြင့် သူတို့ လမ်းလျှောက်သွားကြလေသည်။ ချန်ကျန့်မှာ ဗိုက်နည်းနည်း တင်းနေသလို ခံစားရသဖြင့် အနောက်ဆုံးမှနေ၍ ဗိုက်ပွတ်ရင်း လိုက်လာခဲ့သည်။

“ဗိုက်ဝသွားလား” ရှန်ယွီက မေးသည်။

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြီးမှ လှည့်ကြည့်သည် ။

“မင်း ခုနက ရူးနေတာလား!”

“ပျင်းနေလို့ပါ” ရှန်ယွီက ဆိုသည် ။

“ဗိုက်ဝရင် ရမ္မက်ဆန္ဒတွေ ပေါ်လာတတ်တယ်လေ”

“ငါ....”

ချန်ကျန့် ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ ရှန်ယွီက ပြုံးလျက် သူ့ပခုံးကို ဖက်ကာ လည်ပင်းနောက်ကို အသာအယာ ညှစ်ပေးလိုက်သည်။ ညဘက် လမ်းမပေါ်တွင် လူသိပ်မရှိပါဘူး။ ဓာတ်တိုင်မီးရောင်အောက်တွင် သစ်ပင်အရိပ်များ လှုပ်ခါနေပြီး၊ ကားများက တစ်စီးပြီးတစ်စီး ဖြတ်သွားကြသည်။ မြို့ငယ်လေးမှာ နေရတာနှင့် လုံးဝ မတူကွဲပြားသော ခံစားချက်မျိုးပင်။ ချန်ကျန့် ခဏလောက် လျှောက်ပြီးနောက် အသားကင်ဆိုင်ဘက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။

“နာနာ့အမေ အခန်းထဲအထိ လိုက်ရှာမယ် ထင်လား”

“ရှာမရှာတော့ မသိဘူး” ရှန်ယွီက ဆိုသည် - “သူ ပြန်မလိုက်ချင်ဘူး ဆိုတာ သိရင် ရပြီလေ”

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြီး သူ့ကို ထပ်ကြည့်လိုက်သည်။

“ဘာလဲ”

“မင်း မခန့်မှန်းမိဘူးလား” ချန်ကျန့် ပြုံးလိုက်သည်။

“ငါ့ရဲ့ စွမ်းအားတွေက အနားယူနေတယ်လေ (Cooldown)” ရှန်ယွီက ဆိုသည်။

“မင်း ရုတ်တရက် အိမ်ပြန်ချင်သွားတာလေ....”

ချန်ကျန့် ရှေ့က လူအုပ်ကို တစ်ချက်ကြည့်ပြီး၊ ရှန်ယွီ့အနား တိုးကပ်ကာ ခါးကို ခဏလေး ဖက်လိုက်ပြီး ပြန်လွှတ်လိုက်သည် ။

“နာနာ့မိသားစုကို တွေ့လိုက်ရလို့လား....”

ရှန်ယွီ ပြုံးလိုက်သည်။

“အင်း”

“ငါ ထင်သားပဲ”

“လုံးလုံးလျားလျားတော့ မဟုတ်ပါဘူး။ မင်းကလည်း ငါ့ကို အိမ်ပြန်ကြည့်ဖို့ ပြောနေတာကိုး” ရှန်ယွီ သက်ပြင်းအသာ ချလိုက်သည် ။

“အစကတော့ နှစ်သစ်ကူးကျမှ ပြန်မလို့ စဉ်းစားထားတာ”

“အင်း၊ အခုကျတော့ မိသားစု တစ်စုလုံးကို မြင်လိုက်ရတော့....”

“ကြောက်စရာ ကောင်းတယ်လေ” ရှန်ယွီက ဆိုသည်။

“ဟင်?” ချန်ကျန့် ကြောင်သွားသည်။

“နှစ်သစ်ကူးကျရင် ဆွေမျိုးတွေ အကုန် စုံကြမှာလေ ။ တွေးကြည့်ရင်တင် ခေါင်းကိုက်တယ်”

ဒီအဖြေကတော့ ချန်ကျန့် ထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

“နှစ်သစ်ကူး မတိုင်ခင်ပဲ ပြန်လိုက်တာ ကောင်းပါတယ် ။ လူတွေ အများကြီးနဲ့ တိုးစရာ မလိုတော့ဘူးပေါ့”

ထိုအခါမှသာ ချန်ကျန့် သဘောပေါက်လိုက်သည်။ ရှန်ယွီ မိဘတွေကို မတွေ့ရဲတာက သူ မတော်ဘူးလို့ ခံစားနေရလို့လေ။ နှစ်သစ်ကူးလိုမျိုး မိသားစုတွေ စုံတဲ့အချိန် ပြန်သွားရင်တော့.... ဖိအားတွေက တော်တော်လေး များနေမှာ သေချာပါသည်။

“ငါ မင်းကို တခါမှ မမေးဖူးဘူး” ရှန်ယွီ ကိုယ်ကို ဆန့်လိုက်သည် ။

“မင်းရဲ့ ဆွေမျိုးတွေကော။ မင်း ပြောတာ တစ်ခါမှ မကြားဖူးဘူး”

“မရှိဘူးလို့ပဲ ပြောရမှာပေါ့” ချန်ကျန့်က တိုးတိုးလေး ဆိုသည်။

“အမေ့ဘက်က ဆွေမျိုးတွေက အဝေးကြီးမှာလေ၊ တစ်ခါမှ မဆုံဖူးဘူး။ အမေဆုံးပြီးတဲ့ နောက်ပိုင်း အဆက်အသွယ် ပိုနည်းသွားတာပေါ့။ အဖေ့ဘက်ကတော့ ဦးလေးတစ်ယောက်နဲ့ အဒေါ်တစ်ယောက် ရှိတယ်၊ ဒါပေမဲ့....”

“မင်းတို့ အကြွေးတင်ပြီးကတည်းက အဆက်အသွယ် ဖြတ်လိုက်ကြတာ မဟုတ်လား” ရှန်ယွီက ဆိုသည်။

“အင်း၊ အကြွေးတင်ပြီးမှ မဟုတ်ပါဘူး။ အမေ နေမကောင်းဖြစ်ကတည်းက အဆက်အသွယ် ဖြတ်လိုက်ကြတာ။ သူတို့က မြို့ပေါ်မှာ နေကြတာလေ၊ သာမန်ပါပဲ”

ရှန်ယွီ သူ့ကို လှမ်းကြည့်သည် ။

“သူတို့ဘက်ကနေ ဆင်ခြေပေးနေတုန်းပဲလား”

“ဘာလုပ်ရမှာလဲ။ အဲ့ဒီလို တွေးလိုက်ရင် ပိုသက်သာတာပေါ့။ ဒါပေမဲ့ အဖေကလည်း ပြောပါတယ်၊ ကိုယ့်မိသားစုက အပြင်လူတွေထက် ငါတို့ အကြွေးဆပ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ပိုသိကြတယ်တဲ့၊ ဒါကြောင့် သူတို့ ရှောင်ကြတာ မဆန်းပါဘူးတဲ့”

“ဒါပေမဲ့ မင်းက ဆပ်လို့ ပြီးတော့မယ်လေ။ အကြွေးကျေရင် ငါ ကားအသစ်တစ်စီး ဝယ်ပေးမယ်၊ မင်း အဲ့ဒါမောင်းပြီး သူတို့အိမ်တွေကို လိုက်လည်ပြလိုက်”

ချန်ကျန့် ရယ်မောလိုက်သည်။

“မင်း ရူးနေလား”

“နည်းနည်းလောက် ရူးတာက စိတ်ကျန်းမာရေးအတွက် ကောင်းတယ်”

ရှန်ယွီက ဆိုကာ ချန်ကျန့်၏ တင်ပါးကို ပုတ်လိုက်သည်။ ချန်ကျန့် ရုတ်တရက် ရှေ့သို့ နှစ်လှမ်းလောက် ခုန်ထွက်သွားမိသည်။

“ဟေး... ချန်ကျန့်....” ချန်အာဟူက လှည့်ကြည့်လိုက်ရာ သူနှင့် မျက်နှာချင်းဆိုင် တိုးမိသဖြင့် လန့်သွားသည် ။

“မင်း ဘာလာလုပ်တာလဲ”

“...ငါ မင်းတို့နောက်က လိုက်လာတာ ကြာပြီလေ” ချန်ကျန့်က ဆိုသည်။

“ဒီလောက် နီးနီးလေးလား!”

“မင်း ငါ့ကို ခေါ်လို့လား”

“...အေးနော်” ချန်အာဟူက ဆိုသည်။ သူ အရက်မသောက်ထားသော်လည်း အသားကင်တွေကြောင့် ဦးနှောက်က ထိုင်းမှိုင်းနေပုံရသည်။ သူ ခေါင်းညိတ်လိုက်သည်။

“ငါ မေးမလို့၊ ရှေ့က အဲ့ဒီဆိုင် ဟုတ်လားလို့”

“ဟုတ်တယ်”

ဒီလူစုကတော့ မြို့ငယ်လေးထဲမှာ ပိတ်မိနေတာ ကြာပြီလေ။ ဆိုင်ထဲ မရောက်ခင်ကတည်းက သီချင်းတွေ ညည်းနေကြပြီ။ အခန်းထဲ ရောက်သည်နှင့် သီချင်းတောင် မရွေးတော့ဘဲ၊ မိုက်ခရိုဖုန်းကို ဆွဲကာ စတင် အော်ဟစ်ကြတော့သည်။ အသံမှန် မမှန်ဆိုတာကို ချန်ကျန့် နားမလည်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူက သီချင်းဆိုတတ်တာ မပြောနဲ့၊ ကြားဖူးတဲ့ သီချင်းတောင် နည်းနည်းလေး ရှိတာလေ။

“နားထောင်ရတာ ဆိုးလိုက်တာ” ဆွန်နာနာက မိုက်ခရိုဖုန်း တစ်လုံးကို ယူလိုက်သည်။

“အဖွဲ့လိုက် သီချင်းတစ်ပုဒ်လောက် ဆိုပြီး အရင် သွေးပူလိုက်ကြရအောင်” ဟူဖန်က မုန့်တွေကို စားပွဲပေါ် တင်ရင်း ဆိုသည် ။

“ကျွန်မက အမြဲတမ်း အဲ့ဒီလို စတတ်တာလေ။ အသံလည်း ပွင့်သွားတာပေါ့”

“အိုကေ” ဆန်းပင်းက ချက်ချင်း ရပ်လိုက်သည်။

“အားလုံးသိတဲ့ သီချင်းတစ်ပုဒ် ရွေးရအောင်”

“‘ပိုမို မြင့်မားစွာ ပျံသန်းခြင်း’ ဆိုရင်ကော” လောင်စစ်က မေးသည်။

“ကျောင်းတုန်းက အမြဲ ဆိုနေကျလေ”

“အိုကေ” ဟူဖန် ခေါင်းညိတ်ပြီး ချန်ကျန့်နဲ့ ရှန်ယွီကို ကြည့်သည် ။

“မင်းတို့ နှစ်ယောက် ရလား”

“ငါတို့က အထက်တန်း အောင်ပြီးသားတွေပါနော်၊ ဘယ်သူ့ကို လာနှိမ်နေတာလဲ”

ချန်ကျန့်က ပြန်ပက်လိုက်သည်။ ဒီသီချင်းကို သူ သိပါသည်။ ကျောင်းတုန်းက အားကစားပွဲ တစ်ခါလုပ်ရင် ဆယ်ခါလောက် ဖွင့်တဲ့သီချင်းလေ။

“မင်းတို့အားလုံး အထက်တန်း အောင်ပြီးသားတွေလား”

ဆွန်နာနာက ဆိုဖာကို မှီရင်း၊ နဖူးကို လက်နှင့်ထောက်ကာ အံ့သြတကြီး မေးသည်။

“သူတို့ကို ကြည့်ရတာ အထက်တန်းထက် ပိုမြင့်တဲ့ ပညာအရည်အချင်း ရှိမယ့်ပုံ ပေါက်လို့လား” ဟူဖန်က အာဟူတို့ကို လက်ညှိုးထိုးပြသည်။

“ဘော့စ်ရှန်နဲ့ ချန်ကျန့်ကသာ အထက်တန်းပဲ အောင်တာ ပိုပြီး ထူးဆန်းနေတာ”

“ဘာစကားလဲ!“ ာနာ ကတော့ ကောလိပ် တက်ဖူးမှာပေါ့” အာဟူက စိတ်လှုပ်ရှားစွာ မေးသည်။

“ရှင် ပြောမှပဲ ငါ ပြောရမှာတောင် ရှက်လာပြီ” ဆွန်နာနာက နဖူးကို လက်နှင့် သပ်ချလိုက်သည်။

“လာပြီ၊ လာပြီ!” ဆန်းပင်းက အော်သည် ။

“ဆိုတော့မယ်နော်! တစ်ယောက် တစ်ကြောင်းစီ ဆိုကြမယ်!”

“ဘယ်သူ အရင်လဲ!” လူတစ်စု မိုက်ခရိုဖုန်းကို လုနေကြသည်။

“ရှန်ယွီ... ပထမဆုံးအကြောင်း!”

ဆန်းပင်းက ရှန်ယွီကို လက်ညှိုးထိုးသည်။ ဘော့စ် လို့တောင် မခေါ်တော့ပါဘူး။

ရုတ်တရက် အလှည့်ကျလာသော ရှန်ယွီက မိုက်ကို အမြန်ဆွဲယူပြီး ပထမစာကြောင်းကို ဆိုလိုက်သည်။

“ဘဝဆိုတာ မြစ်ကြီးတစ်စင်းလိုပါပဲ၊ တစ်ခါတစ်လေ ငြိမ်သက်တယ်၊ တစ်ခါတစ်လေ ရူးသွပ်တယ်....”

ချန်ကျန့် သူ့ကို မကြည့်ဘဲ မနေနိုင်တော့ပါဘူး။ အားလုံးက ရှုပ်ယှက်ခတ်နေသဖြင့် ရှန်ယွီ၏ အသံမှာ အနည်းငယ် လောနေသော်လည်း နားထောင်လို့တော့ ကောင်းလှသည်။

“ချန်ကျန့်! ချန်ကျန့်!” ဆန်းပင်းက ဆက်လက် ညွှန်ကြားနေသည်။

“သူ့ကိုပဲ ထိုင်ကြည့်မနေနဲ့! ဆက်ဆိုလေ!”

“လက်တွေ့ဘဝက ထိတ်တုံးတွေလိုပါပဲ၊ ငါ့ကို ချည်နှောင်ထားတယ်၊ ရုန်းထွက်လို့ မရနိုင်ဘူး....” ချန်ကျန့် အမြန် ဆိုလိုက်သည်။

အဖိုးရေ.... ဒီစာကြောင်းက ကံမကောင်းဘူးဗျ။ ကျွန်တော် ကံကောင်းတဲ့ စာကြောင်း လိုချင်တယ်။

သူ မိုက်ကို ကိုင်ပြီး စောင့်နေလိုက်သည်။ အားလုံး အလှည့်ကျ ဆိုပြီးသွားသည့်အခါ၊ သံပြိုင်ဆိုရမည့် အပိုင်းရောက်မှ သူ ဝင်ရောက် ပူးပေါင်းပြီး အသံကုန် အော်ဟစ်လိုက်တော့သည် -

“ငါ ပိုမို မြင့်မားစွာ ပျံသန်းချင်တယ်။ ပိုမို မြင့်မားစွာ…”





Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...