Skip to main content

71





အပိုင်း (၇၁)

“ငါ ပိုမိုမြင့်မားစွာ ပျံသန်းချင်တယ်... ပိုမိုမြင့်မားစွာ ပျံသန်း... လေပြင်းတွေလို ကခုန်... အနှောင်အဖွဲ့တွေကနေ ရုန်းထွက်... အတောင်ပံတွေက မုန်တိုင်းတွေကို ဆင့်ခေါ်နေ... ရင်ထဲမှာ ဟိန်းဟောက်သံတွေ ထွက်ပေါ်လာ... ငါ လိုချင်တဲ့ ဘဝက ပိုပြီး တောက်ပတယ်... ငါ လိုချင်တဲ့ ကောင်းကင်က ပိုပြီး ပြာလဲ့နေတယ်....”

ကျောင်းနေ အရွယ်တုန်းကဆိုလျှင် ရေဒီယိုမှ ရုတ်တရက် ထွက်ပေါ်လာတတ်သည့် ဤသီချင်းအပေါ် ချန်ကျန့်အတွက် မည်သည့် ခံစားချက်မျှ မရှိခဲ့ချေ။ အများဆုံး လိုက်ညည်းဆိုရုံလောက်သာ ရှိခဲ့သည်။ သံပြိုင်ဆိုရသည့် အပိုင်းမှလွဲ၍ ကျန်သည့် စာသားများကို ယနေ့မှသာ သူ သေသေချာချာ နားလည်တော့သည်။

ချန်အာဟူတို့လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။ အားလုံးက ဆိုတတ်ကြသော်လည်း မည်သူမျှ စာသားအဓိပ္ပာယ်ကို သေချာ မသိခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ အခြေအနေများသည် ကျောင်းတုန်းကနှင့် မတူတော့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ဤလူစုသည် ကောင်းမွန်သည့် အလုပ်ဟူ၍ တစ်ရက်မျှ မလုပ်ဖူးသော်လည်း လူ့လောကကြီးထဲ၌ ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ သူတို့၏ စိတ်နေစိတ်ထားများမှာလည်း ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ယခု ပြန်လည်ပြီး ဤသီချင်းကို သီဆိုကြသောအခါ တစ်ယောက်ချင်းစီ၌ ခံစားချက်များ ကိုယ်စီ ရှိနေကြတော့သည်။

ဆန်းပင်းက ခေါင်းမော့ပြီး အသံကုန် အော်ဟစ်သီဆိုလိုက်သောအခါ သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီနေလေသည်။ ချန်အာဟူမှာမူ မိုက်ခရိုဖုန်းကို ချပြီးမျက်နှာလွှဲသွားခဲ့သည်။သူ တိတ်တဆိတ် မျက်ရည်သုတ်နေသည်မှာ မြင်ရုံနှင့် သိသာလှသည်။ လောင်ဝူမှာ မငိုသော်လည်း ငိုပြီးကာစ လူတစ်ယောက်ကဲ့သို့ နှာသံများ ပေါက်နေပြီး အချိန်မရွေး ငိုချတော့မည့် ပုံစံပေါက်နေသည်။ အကြမ်းတမ်းဆုံး ဖြစ်သည့် လောင်စစ် တစ်ယောက်တည်းသာ မငိုဘဲ၊ အသံမတုန်ဘဲ ဆိုနေသော်လည်း၊ သူသည်လည်း မိုက်ခရိုဖုန်းကို ဝါးစားတော့မည့်အတိုင်း အာရုံစိုက်ထားလေသည်။

ချန်ကျန့်က သေချာ မှတ်သားထားလိုက်သည်။ ထိုမိုက်ခရိုဖုန်း၏ အစွပ်မှာ အပြာရောင် ဖြစ်သည်။ သူ လုံးဝ မမှားစေရ။ ယနေ့ည သီချင်း နှစ်ပုဒ်လောက်သာ ဆိုဖြစ်မည် ဆိုသော်လည်း လောင်စစ် "ဝါးစား" ထားသည့် မိုက်ကိုတော့ သူ မသုံးချင်ပေ။

သီချင်းဆုံးသွားသောအခါ ရှန်ယွီက မိုက်ခရိုဖုန်းကို စားပွဲပေါ် ပြန်တင်ပြီး အာလူးကြော်ထုပ်ကို ယူစားလိုက်သည်။ ဆွန်နာနာမှာမူ တော်တော်လေး နူးညံ့သည့် အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ရွေးချယ်လိုက်သည်။ မိုက်ခရိုဖုန်းတိုင်ကို ကိုင်ကာ တိုးတိုးလေး ညည်းဆိုရင်း ဂီတသံနှင့်အညီ ကိုယ်ကို ယိမ်းနွဲ့နေလေသည်။ စောစောက ရိုင်းစိုင်းသည့် ပုံစံများနှင့် ယှဉ်လိုက်လျှင် ယခုအချိန်၌ သူမက ဆိုင်က ပင်တိုင်အဆိုတော် တစ်ယောက်နှင့် တူလှသည်။

ချန်ကျန့် ထိုသီချင်းကို တစ်ခါမျှ မကြားဖူးသော်လည်း ဆွန်နာနာက ရှန်ယွီကဲ့သို့ပင် သီချင်းဆို ကောင်းကြောင်းကိုမူ သူ သိလိုက်သည်။

“မင်း ဘာဆိုချင်လဲ။ ငါ ရွေးပေးမယ်လေ”

ချန်ကျန့်က ဆိုဖာပေါ် မှီချလိုက်ပြီး ရှန်ယွီ့အနား တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

ဤအခန်းထဲတွင် မီးရောင်က မှိန်နေသလို လူတိုင်းကလည်း နီးနီးကပ်ကပ် ထိုင်နေကြခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် သူ၏လက်မောင်းက ရှန်ယွီ့လက်မောင်းကို ထိမိသောအခါ သူခိုးလူမိသလိုမျိုး မဟုတ်ဘဲ သက်သောင့်သက်သာ ရှိနေလေသည်။

“ငါက နားထောင်ရတာ ပိုကြိုက်တယ်” ရှန်ယွီက ခေါင်းလှည့်ပြီး တိုးတိုးလေး ပြန်ပြောသည်။

“သူတို့တွေ အပြင်ထွက်ပြီး ပျော်ဖို့ဆိုတာ ရှားတယ်လေ။ သူတို့ စိတ်ကြိုက် ဆိုကြပါစေ။ ငါတို့ အရင်းရှင်တွေကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ခရီးထွက်ရင်း ညဘက် ပျော်ပါးလို့ ရနေတာပဲ”

“အင်း”

ရှန်ယွီ စကားပြောလိုက်သောအခါ သူ၏ အသက်ရှူသံက ချန်ကျန့်၏ နားနားမှ ဖြတ်သန်းသွားပြီး လျှို့ဝှက်နူးညံ့သည့် ခံစားမှုလေးကို ပေးစွမ်းသည်။ ချန်ကျန့် သက်သောင့်သက်သာဖြင့် မျက်လုံးမှိတ်ထားလိုက်မိသည်။

“မင်း ဆိုလေ” ရှန်ယွီက ပြောသည်။

“ငါ စာရင်းကို ကြည့်ပြီးပြီ၊ ငါ မဆိုတတ်တာတွေများတယ် ။ ငါ သူတို့ ဆိုတာပဲ နားထောင်လိုက်မယ်”

“မင်း အရင်က အပျော်အပါး လုံးဝ မရှိခဲ့ဘူးလား” ရှန်ယွီက မေးသည်။

“ဒီလို အပျော်အပါးမျိုးလား...” ချန်ကျန့် စဉ်းစားလိုက်သည်။

“မရှိသလောက်ပါပဲ။ စိတ်ကူးတောင် မယဉ်ဖူးပါဘူး”

“ဒါဆို တခြား အပျော်အပါးတွေကော ရှိလား” ရှန်ယွီက ထပ်မေးပြန်သည်။

ချန်ကျန့် သူ့ကို ကြည့်ပြီး အတော်ကြာမှ တိုးတိုးလေး ပြန်မေးလိုက်သည်။

“မင်းက ဘာလို့ ဒီလို ထူးဆန်းတာတွေ လာမေးနေတာလဲ”

“မင်းကတော့လေ...” ရှန်ယွီက ချန်ကျန့်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီး ပြုံးလိုက်သည်။

“မင်းကို ငါ အမြဲတမ်း ရိုးသားတဲ့လူလို့ ထင်ခဲ့တာ”

“မဟုတ်ပါဘူး” ချန်ကျန့် အသံနှိမ့်လိုက်သည်။

“ငါက ဘယ်နေရာမှာ မရိုးသားလို့လဲ။ မင်းကသာ ထူးထူးဆန်းဆန်းတွေ လာမေးနေတာ”

“မင်းက ‘ဒီလို အပျော်အပါးမျိုး’ လို့ ပြောလိုက်တော့၊ ငါက ‘တခြား အပျော်အပါးမျိုး’ ရှိလားလို့ မေးလိုက်တာလေ၊ မဟုတ်ဘူးလား”

ချန်ကျန့် ခေတ္တ တန့်သွားပြီးမှ ဆိုဖာပေါ် ခေါင်းမှီရင်း ရယ်မောလိုက်သည်။

“တောက်!”

“ဘယ်သူက မရိုးသားတာလဲ မန်နေဂျာ” ရှန်ယွီက မေးသည်။

“ငါ တစ်ခါတလေ ဂိမ်းကစားတယ်” ချန်ကျန့်က ပြုံးလျက် ဖြေသည်။

“ငါလည်း ကစားတာပဲ” ရှန်ယွီက ပြောသည်။

ဆွန်နာနာ အင်္ဂလိပ်သီချင်း ဆိုပြီးသောအခါ ဟူဖန် အလှည့် ရောက်ရှိလာသည်။ စတိုင်လ်ကလည်း သူမနှင့်လိုက်ဖက်စွာ ချက်ချင်း ပြောင်းလဲသွားသည်။ ဟူဖန်က Phoenix Legend အဖွဲ့၏ သီချင်းတစ်ပုဒ်ကို ဆိုလေသည်။

“မျက်လုံးမှိတ်ပြီး ကြိုက်တာရွေး၊ စာရင်းထဲမှာ ရှိသမျှ ငါ မဆိုတတ်တာ မရှိဘူး”

ဟူဖန်က သူမ၏ ပေါက်ကွဲနေသော ဆံပင်ပုံစံနှင့် မိုက်ခရိုဖုန်းကို ကိုင်ကာ ဂီတသံနှင့်အညီ ခြေထောက်ကို စည်းချက်လိုက်နင်းနေသည်။ ဟူဖန်၏ သီချင်းဆိုသံက သူမ စကားပြောသံနှင့် တူလှသည် ။ စူးရှပြီး တည့်တိုးဆန်သည်။ ပြီးတော့ အသံလည်း မှန်ကန်သည်။

သူမ ပြီးနောက် ဆန်းပင်း အလှည့် ရောက်လာသည်။ ဆန်းပင်းက ကန်တုံသီချင်းများကို အော်ဆိုလေတော့သည်။ ချန်အာဟူတို့ အဖွဲ့က ကန်တုံသီချင်းများကို တော်တော် ကြိုက်နှစ်သက်ကြသည်။ သူတို့၏ အသံထွက်က ထူးခြားနေသော်လည်း အများအားဖြင့်တော့ အသံမှန်ကြသည်။

ချန်ကျန့် ရုတ်တရက် သတိထားမိလိုက်သည်မှာ တကယ်တမ်း အသံမမှန်သည့်သူ သိပ်မရှိခြင်းပင်။ သူ မနေနိုင်ဘဲ ရှန်ယွီ့ကို မေးလိုက်မိသည်။

“မင်းရဲ့ Social media မှာ တင်ထားတဲ့ သီချင်းတစ်ပုဒ်ကို ရှစ်မျိုး ဆိုနည်း ဆိုတာလေ....”

ရှန်ယွီ ရယ်မောလိုက်သည်။

“အားလုံးက အသံမမှန်ကြတာလား၊ ဒါမှမဟုတ် လန်ကော တစ်ယောက်တည်းကပဲ မှားနေတာလား” ချန်ကျန့်က မေးသည်။

“အတော်များများက အသံမမှန်ကြပါဘူး” ရှန်ယွီက ရယ်ရင်း ပြောသည်။

“တချို့က ပုံမှန်ဆိုရင် မမှားပေမဲ့ ယွဲ့လန် စဆိုလိုက်တာနဲ့ သူတို့တွေပါ လိုက်မှားကုန်ကြတာလေ။ သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းက အမြဲတမ်း အားကောင်းတယ်”

အခန်းထဲတွင် လေထုက တက်ကြွနေသည်။ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေကြပြီး၊ လူတိုင်းက ကိုယ့်စတိုင်လ်နှင့်ကိုယ် ဖြစ်ကြကာ၊ တခြားလူများကြောင့် လမ်းလွဲမသွားကြပေ။ ဆွန်နာနာက အင်္ဂလိပ်သီချင်းများ၊ ဟူဖန်က Phoenix Legend သီချင်းများ၊ ဝက်ခြံဂိုဏ်းကတော့ သူတို့၏ ကန်တုံသီချင်းများဖြင့် ပျော်ရွှင်နေကြသည်။ ကြားထဲတွင် ဆန်းပင်းက ကန်တုံ အော်ပရာ တစ်ပိုင်းတစ်စကိုပင် ရွေးဆိုလိုက်သေးသည်။ သူ ဆိုသည်မှာ တော်တော်လေး ဆိုးရွားနေသဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းချင်သည့် စိတ်ဖြင့် ဆွန်နာနာက ဖြတ်ချလိုက်ရလေသည်။

ချန်ကျန့်မှာမူ ပျော်ပျော်ရွှင်ရွှင်နှင့် နားထောင်နေမိသည်။ ကျောင်းတုန်းက သူငယ်ချင်း မွေးနေ့ပွဲ အနည်းငယ်မှလွဲ၍ ဤပွဲသည် နှစ်ပေါင်းများစွာအတွင်း သူ အပျော်ဆုံး ပွဲတစ်ခုပဲ။ သူ အိမ်သာသွားရန် အခန်းထဲမှ ထွက်လာသောအခါ လေထဲတွင် လွင့်နေသလို ခံစားလိုက်ရသည်။ နားထဲတွင် အသံများ မြည်နေပြီး အသံများက သိပ်မပီပြင်တော့ပေ။

အခန်းထဲတွင် အိမ်သာရှိသော်လည်း ဆွန်နာနာက မိန်းကလေးများသာ သုံးရမည်ဟု ကြေညာထားသဖြင့် ယောကျ်ားလေးများ အကုန်လုံး အပြင်က အိမ်သာကိုသာ သွားကြရသည်။ ချန်ကျန့် ဆိုင်းဘုတ်ကို ကြည့်ပြီး စင်္ကြံလမ်း အဆုံးသို့ လျှောက်သွားလိုက်သည်။ ဘေးတစ်ဖက်တစ်ချက်တွင် သီးသန့်ခန်းများ ရှိသည်။ ပြတင်းပေါက် သေးသေးလေးများမှတစ်ဆင့် အထဲကို မမြင်ရသော်လည်း သီချင်းဆိုသံ အမျိုးစုံကိုတော့ ခပ်သဲ့သဲ့ ကြားနေရသည်။ လမ်းတစ်လျှောက် နားထောင်ကြည့်ရသလောက် သူတို့အခန်းက အဆင့်အမြင့်ဆုံးပင်။

စင်္ကြံလမ်း အဆုံးသို့ ရောက်ခါနီးတွင် ချန်ကျန့် သူ၏နောက်မှ ခြေသံကို ကြားလိုက်ရသည်။ သူ လှည့်မကြည့်ခဲ့ပေ၊ စားပွဲထိုး သို့မဟုတ် တခြားအခန်းက ဧည့်သည်ဟုသာ ထင်လိုက်သည်။ သို့သော် အနောက်မှ လေချွန်သံတိုလေး တစ်ချက် ထွက်ပေါ်လာခဲ့သည်။

ချန်ကျန့် ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်း ရှန်ယွီက သူ့နောက်မှ လိုက်လာခြင်း ဖြစ်သည်။

“ဘာလုပ်မလို့လဲ” ချန်ကျန့် သူတို့အခန်းဘက်ကို လှမ်းကြည့်လိုက်သည်။

ရှန်ယွီသည် လွန်ခဲ့တဲ့ ငါးမိနစ်ကမှ အိမ်သာသွားထားသည် မဟုတ်ပါလော၊ အခု ထပ်ပြီး လိုက်လာပြန်ပြီ။ မရိုးသားသည့် ဘက်ကို မတွေးဘဲ မနေနိုင်ပေ။

“လေရှူမလို့” ရှန်ယွီက နှုတ်ခမ်းထောင့်ကို ကွေးပြီး ပြုံးလိုက်သည်။

သူ ဘေးမှဖြတ်သွားရင်း ချန်ကျန့်၏ ပုခုံးကို အသာအယာ တိုက်သွားပြီး၊ ဘေးရှိ အရေးပေါ်ထွက် ပေါက် တံခါးကို တွန်းဖွင့်ကာ ထွက်သွားလေသည်။

ချန်ကျန့် အိမ်သာမှ ပြန်ထွက်လာသောအခါ စင်္ကြံလမ်းတွင် လူမရှိတော့ပေ။ သူ ခေတ္တ တုံ့ဆိုင်းနေပြီးမှ ဟိုဘက်ကို သွားပြီး အရေးပေါ်တံခါးကို တွန်းဖွင့်ကာ ကြည့်လိုက်သည်။ အပြင်ဘက်တွင် လှေကားအကွေ့တစ်ခု ရှိသည်။ ဤအထပ်မှ မီးလုံး ပျက်နေပုံရပြီး အပေါ်ထပ်က မီးရောင်သာ ရှိလေသည်။

“ရှန်ယွီ” တိုးတိုးလေး ခေါ်ကြည့်သည်။

ဘယ်သူမှ ပြန်မထူးပေ။

ရှန်ယွီက အခန်းထဲ ပြန်ဝင်သွားသည်မှာ မဖြစ်နိုင်။ “လေရှူ” ရုံသက်သက်ဆိုလျှင်တောင် ဒီလောက် မြန်မြန် မပြီးနိုင်ပေ။ ချန်ကျန့် အပြင်ထွက်လာပြီး အောက်ထပ်ကို သွားရှာရမလား၊ အပေါ်ထပ်ကို သွားရှာရမလား စဉ်းစားနေမိသည်။ တံခါး ပိတ်သွားသည့် အခိုက်အတန့်မှာပင် သူ့အနောက် တည့်တည့်၊ တော်တော်လေး နီးကပ်သည့် နေရာမှနေ၍ အသက်ရှူသံကို ကြားလိုက်ရသည်။

သူ့စိတ်က ချက်ချင်း သိလိုက်သည်။ ဤသည်မှာ ဟိုအရူး ရှန်ယွီပင် ဖြစ်ရမည်။ သို့သော် သူ့ခန္ဓာကိုယ်ကတော့ အလိုအလျောက် လန့်ပြီး ရှေ့သို့ တစ်လှမ်း ခုန်ထွက်သွားမိသည်။ ချက်ချင်းပင် သူ ရပ်တန့်သွားသည်။ ရှန်ယွီက အနောက်မှနေ၍ သူ့ကို လှမ်းဖက်လိုက်ပြီး၊ သူ့၏ ရှေ့တိုးသွားသည့် အရှိန်ကို တားဆီးကာ လည်ပင်းဘေးကို နမ်းလိုက်သည်။ ရှန်ယွီ၏ ထူးခြားသည့် ကိုယ်သင်းနံ့က သူ့ကို လွှမ်းခြုံသွားသည်။

ချန်ကျန့်၏ အသက်ရှူသံက နှစ်စက္ကန့်လောက် ရပ်တန့်သွားခဲ့သည်။ ရှန်ယွီ၏ နွေးထွေးနေဆဲဖြစ်သော လက်က သူ့အင်္ကျီအောက်ကို လျှောဝင်လာပြီး၊ ခါးကို ကိုင်ရာမှတစ်ဆင့် ရင်ဘတ်ဆီသို့ တက်လာသည်။ ချန်ကျန့် သတိပြန်ဝင်လာပြီး သူ့လက်ကို ဖမ်းဆွဲကာ ချက်ချင်း ကိုယ်ကို လှည့်ပြီး ရှန်ယွီ့အပေါ် တိုးဝင်လိုက်သည်။

ရှန်ယွီက နောက်က နံရံနှင့် ဆောင့်မိပြီး “အာ့” ဟု တိုးတိုးလေး ရယ်ရင်း ရေရွတ်လိုက်သည်။ သူ ချက်ချင်းပင် ရှေ့တိုးလာပြီး ချန်ကျန့်ကို ပြန်ဖက်ကာ နှုတ်ခမ်းကို နမ်းလိုက်လေသည်။ လှေကားခွင်တွင် တော်တော်လေး အေးစက်လှသည်။ ပြတင်းပေါက် တစ်ချပ်က ဟနေပြီး လေအေးများက တရစပ် ဝင်နေသည်။ နှစ်ယောက်စလုံးက ဂျာကင် ဝတ်မထားကြဘဲ၊ အနမ်းတစ်ပွင့်စာ အချိန်အတွင်းမှာပင် အအေးဒဏ်က အရိုးထဲထိ စိမ့်ဝင်သွားခဲ့သည်။

သူတို့အနေဖြင့် အနွေးဓာတ်ရရန်အတွက် တင်းတင်းကျပ်ကျပ် ဖက်ထားရသည်။ ချန်ကျန့်၏ လက်များက ရှန်ယွီ့အင်္ကျီအောက်ထဲ ရောက်နေပြီး ခါးကို တင်းတင်းဖက်ကာ မလွှတ်ချင်သလို ဖြစ်နေသည်။ သူက မျက်နှာကို ရှန်ယွီ့ပခုံးမှာ အပ်ပြီး ပွတ်သပ်နေမိသည်။

“ခဏနေရင် တစ်ယောက်ယောက် လာတော့မယ်” ရှန်ယွီက ပြောသည်။

“အခုမှ သိတာလား” ချန်ကျန့်က ပြန်ပြောသည်။

ရှန်ယွီ တခစ်ခစ် ရယ်လိုက်သော်လည်း ဘာမှ ထပ်မပြောပေ။ ချန်ကျန့်က နှာခေါင်းထိပ်ကို သူ့လည်ပင်းမှာ ထပ်မံ ဖိကပ်ကာ အသက်နှစ်ချက်လောက် ရှူပြီးမှ လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ ပြတင်းပေါက် အဟကြားကနေ လေတစ်ချက် ဝင်လာသောအခါ သူ တုန်တက်သွားရသည်။

“အထဲ မြန်မြန် ပြန်ဝင်ရအောင်” ရှန်ယွီက သူ့မေးစေ့ကို ညှစ်ပြီး ပါးကို အသာပုတ်ကာ ပြောသည်။

“အင်း”

သီးသန့်ခန်းထဲတွင်တော့ သီချင်းဆိုပွဲက မြိုင်ဆိုင်နေဆဲ။ ချန်ကျန့်နှင့် ရှန်ယွီတို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ဝင်လာသည်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ စောစောက ဆန်းပင်း အိမ်သာ နှစ်ခါ သွားသည်ကို သူ သတိမထားမိသလိုပင်၊ သူတို့ ထွက်သွားသည်ကိုလည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးဟု ချန်ကျန့် ခံစားလိုက်ရသည်။ လျှို့ဝှက်မစ်ရှင်တစ်ခု အောင်မြင်သွားသလိုမျိုး ကျေနပ်မှုတစ်ခုက သူ့ကို လွှမ်းမိုးသွားလေသည်။

သီချင်းတစ်ပုဒ် ပြီးသောအခါ ဟူဖန်က မိုက်ခရိုဖုန်းကို ကိုင်ပြီး မေးလိုက်သည်။

“တော်ကြပြီလား”

ချန်ကျန့် ဖုန်းထုတ်ကြည့်လိုက်ရာ “သန်းခေါင်ကျော်တော့မယ်” ဟု ပြောလိုက်သည်။

“တကယ် မိုက်တယ်ဟယ်!” ဟူဖန်က မိုက်ခရိုဖုန်းကို မြှောက်ပြီး အော်လိုက်ကာ ဆိုဖာပေါ် ပစ်လှဲလိုက်သည်။

“ပြန်ကြစို့” ဆွန်နာနာက ပြောသည် ။

“မနက်ဖြန် ငါတို့ ပိတ်ရက် မဟုတ်ဘူးလေ၊ အလုပ်လုပ်ရဦးမယ်”

“မန်နေဂျာကတော့ မနက်ဖြန် ပိတ်ရက် မဟုတ်ဘူး။ မင်းတို့ မထနိုင်ရင် တစ်နာရီလောက် နောက်ကျပြီးမှ လာခဲ့ကြ” ရှန်ယွီက ဆိုသည်။

လူအုပ်ကြီးဆီမှ အားပေးသံများ ထွက်ပေါ်လာသည်။ ချန်ကျန့် သူ့ကို လှည့်ကြည့်လိုက်သည်။ ရှန်ယွီက မေးထောက်ထားရင်း၊ နှုတ်ခမ်းကို ထိထားသော လက်ချောင်းထိပ်လေးများကို အနည်းငယ် မြှောက်ပြီး သူ့ဆီကို မသိမသာ အနမ်းတစ်ပွင့် လှမ်းပေးလိုက်သည်။ ချန်ကျန့် သက်ပြင်းချပြီး ဘာမှ မပြောတော့ပေ။

တာယွင် ဂီတပွဲတော် ပြီးဆုံးသွားသောအခါ၊ အားမရသေးသော လူအုပ်ကြီးက သီချင်းတွေ ဆိုရင်း၊ စကားတွေ ပြောရင်းနှင့် ကားပါကင်ဆီ လျှောက်လာကြသည်။ လမ်းတွင် အသားကင်ဆိုင် တစ်ဆိုင် တွေ့သဖြင့် ရှန်ယွီက ဝင်ပြီး ပါဆယ် ဝယ်လိုက်သည်။

“မင်းတို့ ပြန်ရောက်ရင် ခဏလောက် စကားပြောကြဦးမယ် မဟုတ်လား” သူက အသားကင်များကို ဆန်းပင်းလက်ထဲ ထည့်ပေးရင်း ပြောသည် ။

“ဗိုက်ဟောင်းလောင်းနဲ့ စကားပြောလို့ ကောင်းပါ့မလား”

“ဘော့စ်ရှန်” ဆန်းပင်းက ပျော်ရွှင်စွာနဲ့ ပြောသည် ။

“ခင်ဗျားက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပါပဲဗျာ”

“သစ္စာဖောက်ကောင်” လောင်ဝူက ဝင်ပြောသည်။

“ဘော့စ်ရှန်က အစ်ကိုကြီး၊ အစ်ကိုအာဟူက ဒုတိယအစ်ကိုလေ” ဆန်းပင်းက ပြန်ရှင်းပြသည်။

“နှစ်ဖက်ခွတဲ့ကောင်” လောင်ဝူက ပြောပြန်သည်။

“ထားလိုက်ပါကွာ” ချန်အာဟူက ရက်ရက်ရောရော လက်ယမ်းပြသည်။

“သားသမီးတွေ အရွယ်ရောက်လာရင်...”

“...မိဘစကား နားမထောင်တော့ဘူး” လောင်စစ်က ဝင်ဖြည့်သည်။

“သီချင်းဆိုတာ များသွားလို့ ဦးနှောက်ထဲ အောက်ဆီဂျင် ပြတ်သွားတာလား!” ချန်အာဟူက အော်ငေါက်လိုက်သည်။

တာယွင်၏ ဝန်ထမ်းအကုန်လုံး နေ့ခင်းတစ်ပိုင်းနှင့် ညတစ်ပိုင်း ပျောက်သွားသော်လည်း တည်းခိုခန်းကတော့ ပုံမှန်ပင် လည်ပတ်နေသည်။ ဧည့်သည်အချို့က စားသောက်ဆိုင်မှ ခေါက်ဆွဲပြုတ်များနှင့် အချိုရည်များကို ယူသောက်ကြပြီး QR code ဖြင့် ပိုက်ဆံရှင်းထားကြသည်။ သို့သော် ဟူဖန် စာရင်းစစ်သောအခါ ပိုက်ဆံမပေးဘဲ ယူသွားသည်များ တချို့ တွေ့ရသည်။

“Iced black tea နှစ်ပုလင်း ပျောက်နေတယ်” သူမက တိုးတိုးလေး ပြောသည်။

“ရပါတယ်။ ကိုယ့်ဘာသာ ယူခိုင်းကတည်းက ဒီလို ဆုံးရှုံးမှု ရှိမယ်ဆိုတာ ထည့်တွက်ပြီးသားပါ”

“ဘယ်သူလဲဆိုတာ ငါ ရိပ်မိသလိုပဲ” ဟူဖန်က နှုတ်ခမ်းဆူသည်။

“သက်သေမရှိဘဲ လျှောက်မစွပ်စွဲနဲ့လေ” ချန်ကျန့်က ပြုံးသည်။

“စိတ်ထဲကနေပဲ စွပ်စွဲတာပါ” ဟူဖန်က သူမ၏ ရင်ဘတ်ကို ပုတ်ပြီး ပြောသည်။

တည်းခိုခန်း ပြန်ရောက်တော့ ညဉ့်နက်နေပြီ ဖြစ်သော်လည်း၊ ရှန်ယွီ ပြောသလိုပင်၊ သူတို့တွေက ချက်ချင်း အိပ်ဖို့ အစီအစဉ် မရှိကြသေးပေ။ ညစာများကို အိပ်ဆောင်က စားပွဲပေါ် တင်ပြီး ဆက်လက် စကားပြောနေကြသည်။

ချန်ကျန့်က ရုံးခန်းကို သွားလိုက်သည်။ ရှန်ယွီနှင့် စကားအနည်းငယ်သာ ပြောရသေးသည်၊ အာဟူ၏ အသံက စက်ထဲမှ ထွက်ပေါ်လာသည်။

“ချန်ကျန့်... ဘယ်ရောက်သွားတာလဲ။ ငါတို့ မင်းကို စောင့်နေတာ”

“သွားလိုက်ပါ” ရှန်ယွီက သမ်းဝေရင်း ပြောသည် ။

“ဒီနေ့တော့ ငါ အိပ်ပျော်လောက်တယ်။ ပင်ပန်းနေပြီ”

“အိပ်မပျော်ရင် စာပို့လိုက်နော်” ချန်ကျန့်က ပြောသည်။

“အင်း” ရှန်ယွီ ပြုံးလိုက်သည်။

ချန်ကျန့်က သူ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး “ဝမ်အန်း” ဟု နှုတ်ဆက်လိုက်သည်။

“ဝမ်အန်း” ရှန်ယွီက ပြန်ပြောသည်။

တကယ် ပင်ပန်းမှ အိပ်ပျော်သည် ဆိုသည်မှာ ဟုတ်ပုံရသည်။ ချန်ကျန့်က ဖုန်းကို ခေါင်းအုံးဘေးမှာ ထားသော်လည်း ရှန်ယွီဆီက ဘာစာမျှ မဝင်လာပေ။ မနက်ကျတော့ သူ အချိန်မှန် ထသည်။ အခန်းထဲက လူတွေ အကုန် အိပ်နေကြတုန်းပင်။ သူ ရုံးခန်းကို အရင်သွားကြည့်သည်။ ရှန်ယွီက အိပ်ခန်းထဲမှာ အိပ်ပျော်နေဆဲ ဖြစ်သည်။

ချန်ကျန့် ခြေဖျားထောက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ ကျောက်ကျဲနှင့် ဒေါ်ဟွမ်တို့ ရောက်နေကြပြီဖြစ်ပြီး မီးဖိုချောင်ထဲတွင် မနက်စာအတွက် ပြင်ဆင်နေကြသည်။ ချန်ကျန့် နည်းနည်းပါးပါး စားပြီးနောက် ဧည့်သည်တစ်ယောက် အခန်းအပ်သဖြင့် ဧည့်ကြိုကောင်တာကို သွားလိုက်သည်။

“မီးပုံပွဲကို နောက်ကျရင် ထပ်လုပ်ဦးမှာလား”

အခန်းအပ်သည့် ဧည့်သည်က မိန်းကလေးနှစ်ယောက် ဖြစ်ပြီး ဖုန်းကစားရင်း မေးလိုက်သည်။

“လုပ်ဖြစ်မယ် ထင်ပါတယ်” ချန်ကျန့်က ဆိုသည်။

“ငါတို့က နောက်ကျမှ ရောက်လာတော့ လွဲသွားတယ်”

မိန်းကလေးတစ်ယောက်က နှမြောတသစွာ ပြောသည်။

“ကြည့်ရတာ တော်တော် ပျော်စရာကောင်းမယ့်ပုံပဲ”

“ဟုတ်လား” ချန်ကျန့် ပြုံးလိုက်သည်။ အရင်ရောက်တဲ့ ဧည့်သည်တွေ တင်ထားတဲ့ ပုံတွေကို တွေ့လို့ ဖြစ်ပေလိမ့်မည်။

“Urban News က ရိုက်ထားတဲ့ ဒီပုံတွေက တော်တော် ခံစားမှု ပေးနိုင်တယ်” နောက်မိန်းကလေးတစ်ယောက်က ပြောသည်။

“ခင်ဗျာ” ချန်ကျန့် အံ့သြသွားသည်။

“ဒီပုံတွေလေ” မိန်းကလေးက ဖုန်းကို ကမ်းပေးသည်။

“ရုပ်ရှင်ကား တစ်ကားလိုပဲ။ ခင်ဗျားတို့က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ ငှားထားတာလား”

ချန်ကျန့် ကိုင်းကြည့်လိုက်သည်။ ပုံတွေကို သေချာ မကြည့်ရသေးသော်လည်း ဒေသတွင်း သတင်းစာ Urban News က တင်ထားတဲ့ သတင်းမှန်းတော့ ချက်ချင်း သိလိုက်ရသည်။

ဆောင်းရာသီ ခရီးသွားလုပ်ငန်း၏ အင်အားသစ် - ရတနာသိုက် မြို့ကလေးကို ရှာဖွေခြင်း။

ဟုန်ယဲ့မြို့ သည် ယခုဆောင်းရာသီတွင် "မီးဟုန်းဟုန်း တောက်လောင်" နေသည်။

“ရေးထားတာ တော်တော် ကောင်းတာပဲ!” ဟူဖန်က ဖုန်းအစ်ကိုင်ပြီး အော်လိုက်သည် ။

“အရင်ကဆို ဒီလို သတင်းမျိုးတွေ ငါ ကျော်ဖတ်နေကျ... အခုလို ဖတ်ကြည့်တော့လည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ”

“ငါတို့အကြောင်း ရေးထားလို့ နေမှာပေါ့” ချန်ကျန့် ပြုံးလိုက်သည်။

“ဟုတ်မယ်ထင်တယ်” ဟူဖန် ခဏ စဉ်းစားလိုက်သည်။

“ဒီရက်ပိုင်း ငါလည်း ခဏခဏ တွေ့တယ်” ဆန်းပင်းက ပြောသည် ။

“ပြီးတော့ ဒီကို လာလည်ဖို့ လမ်းညွှန်တွေလည်း တွေ့တယ်”

“လမ်းညွှန်ထဲမှာ တာယွင် ပါလား” ဟူဖန်က ချက်ချင်း မေးသည်။

“ပါတာပေါ့၊ တည်းခိုခန်း အတော်များများ ပါတယ်။ ဒါပေမဲ့ တာယွင် အကြောင်း ပြောတဲ့အခါ 'စရိုက်' ရှိတယ်လို့ ရေးထားတာ တွေ့တယ်။ ငါတို့လို တည်းခိုခန်းမှာ ဘာစရိုက် ရှိလို့လဲ”

ထောင်ထွက်တွေရဲ့ မရိုးသားတဲ့ တည်းခိုခန်း စရိုက်ပေါ့။

“ဒီနေ့ အားရင် ငါတို့ အရင်က ထုတ်ထားတဲ့ ဓာတ်ပုံတွေ အကုန် ကပ်လိုက်တော့”

ချန်ကျန့်က မှာလိုက်သည်။

“ဓာတ်ပုံနံရံ ဘာညာပေါ့။ ခေါင်းစဉ်ခွဲလိုက် - မီးပုံပွဲ၊ ဧည့်သည်တွေနဲ့ အသားကင်ပွဲ ဆိုပြီးတော့။ ပြီးရင် ရှန်ယွီ့ကို ခေါင်းစဉ်လေးတွေ ရေးခိုင်းလိုက်။ မီးဘေးလေ့ကျင့်ခန်း ပုံတွေလည်း ထည့်လိုက်၊ သုံးလို့ရတာ အကုန်သုံး”

“ငါ လုပ်လိုက်မယ်” ချန်အာဟူက ပြောသည်။

“ဖန်ဖန် နဲ့ နာနာ ကို အရင် ဒီဇိုင်းဆွဲခိုင်းလိုက်ဦး”

ချန်ကျန့်က ထပ်ဖြည့်ပြောလိုက်သည်။ ဝက်ခြံဂိုဏ်း၏ အလှအပ အမြင်ကို သူ တကယ် မယုံကြည်ပေ။

ဓာတ်ပုံနံရံကို မြန်မြန် လုပ်လိုက်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း သက်သေပြလိုက်သည်။ ဧည့်သည်တွေ ကြည့်ဖို့တင် မဟုတ်ဘဲ၊ နောက်နှစ်ရက်အကြာတွင် မြို့နယ် စီမံခန့်ခွဲရေးရုံးက ဖုန်းဆက်ပြီး အရာရှိတချို့ လာစစ်ဆေးမည်ဟု ပြောလာခဲ့သည်။

“အမလေး” ဆန်းပင်း ကြောင်သွားသည် ။

“ဘာလာစစ်မှာလဲ။ ဘယ်တော့ လာမှာလဲ”

“မသိဘူး၊ မသေချာဘူး” ချန်ကျန့်က အပေါ်ထပ်ကို တက်ရင်း ဟူဖန်ကို မှာသည် ။

“ဖန်ဖန်၊ တည်းခိုခန်း လိုင်စင်တွေ၊ ဝန်ထမ်းတွေရဲ့ စာရွက်စာတမ်းတွေ အကုန် ပြန်စစ်ထား။ သူတို့ ကြည့်ချင်ရင် ချက်ချင်း ထုတ်ပေးနိုင်အောင်လို့”

“အိုကေ” ဟူဖန်က ပြန်ဖြေသည်။

“ငါကကော” ဆန်းပင်းက လှမ်းအော်သည်။

“သန့်ရှင်းရေး လုပ်!” ချန်ကျန့်က ပြန်အော်လိုက်သည်။

စတုတ္ထထပ် ရောက်သောအခါ ရုံးခန်းတံခါးကို နှစ်ချက် သုံးချက် ခေါက်လိုက်သည်။

“ဝင်ခဲ့” ရှန်ယွီက ပြောသည်။

သူ တံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်။

“အလောတကြီးနဲ့” ရှန်ယွီက ဆိုဖာပေါ်မှာ ထိုင်နေပြီး ကြည့်လက်စ ဖုန်းကို ချလိုက်သည်။

“ဘာဖြစ်လို့လဲ”

ချန်ကျန့်က ဖုန်းမျက်နှာပြင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သောအခါ အချိန်ဇယား တစ်ခုကို တွေ့လိုက်ရသည်။ ချန်ကျန့် တန့်သွားရသည်။

“မင်း...လက်မှတ် ဖြတ်နေတာလား”

“မဖြတ်ရသေးပါဘူး ။ အချိန်တွေ ကြည့်နေတုန်းပဲ”

ချန်ကျန့် လျှောက်သွားပြီး ရှန်ယွီ့ဘေးမှာ ဝင်ထိုင်လိုက်သည် ။

“ဘယ်တော့ ပြန်မလို့ စဉ်းစားထားလဲ”

“Business class ရတဲ့နေ့ပေါ့”

ရှန်ယွီ ပြုံးပြီး ဖုန်းကို ပြန်ကောက်ကာ နှစ်ချက် သုံးချက် နှိပ်လိုက်သည်။

“အိမ်ကို ပြောပြီးပြီလား”

“မပြောရသေးဘူး”

“အမှန်တော့ မင်း... ကြိုပြောထားလို့ ရပါတယ်” ချန်ကျန့်က အကြံပေးသည်။

“ပြောလိုက်ရင် ညှိနှိုင်းစရာ နေရာမရှိတော့ဘူးလေ” ရှန်ယွီက မဲ့လိုက်သည်။

ချန်ကျန့် သူ့ကို ကြည့်သော်လည်း ဘာမှ မပြောပေ။

“စိတ်မပူပါနဲ့၊ ငါ ပြန်မှာပါ” ရှန်ယွီက ထပ်ပြောသည်။

“အဲ့ဒါကို ဆိုလိုတာ မဟုတ်ပါဘူး။ ငါ ပြောချင်တာက...” ချန်ကျန့် တုံ့ဆိုင်းနေပြီး ရှန်ယွီ့ အနားကို တိုးသွားသည်။

“တကယ်လို့ မင်းက... ငါ တိုက်တွန်းလို့ ပြန်တာမျိုး မဖြစ်စေချင်ဘူး။ မင်း စိတ်မပါသေးရင်... အတင်းကြီး ပြန်စရာ မလိုပါဘူး။ ငါက...”

“ငါ သိပါတယ်” ရှန်ယွီ ပြုံးပြီး ချန်ကျန့်မျက်နှာကို ဖွဖွပွတ်သပ်ရင်းမှ

“ငါ သိပါတယ်” ဟု ထပ်ပြောလိုက်၏။

“အင်း”

“ဘာကိစ္စနဲ့ ပြေးတက်လာတာလဲ” ရှန်ယွီက မေးသည်။

“သြော်” ချန်ကျန့် သူ့ကိစ္စကို သတိရသွားသည်။

“စီမံခန့်ခွဲရေးရုံးက ဖုန်းဆက်တယ်။ နောက်ရက်တွေကျရင် အရာရှိတွေ လာစစ်မယ်တဲ့”

“ဘာအရာရှိတွေလဲ၊ ဘယ်အချိန်လဲ”

ရှန်ယွီက ဖုန်းကို ပြန်ဖွင့်ရင်း မေးသည်။

“မသိဘူး၊ မသေချာဘူး” ချန်ကျန့်က ဆိုသည်။

“ရပါတယ်” ရှန်ယွီက လက်မှတ် ဘွတ်ကင် အချက်အလက်တွေကို ပွတ်ကြည့်ရင်း ပြောသည် ။

“မင်းပဲ ဧည့်ခံလိုက်ပေါ့”

“ငါ ဧည့်ခံရမယ်။ မင်းက ပုံမှန်ဆို လက်လွှတ်စပယ် နေတတ်တာ ထားပါတော့၊ ဒါက အရာရှိတွေ လာမှာလေ! အရာရှိတွေနော်! ဒါကိုလည်း မင်းက လက်လွှတ်လိုက်တော့မလို့လား”

“ငါ့မန်နေဂျာက ဆိုင်အခြေအနေကို ငါ့ထက် ပိုသိတယ်လေ ။ နောင်ကျရင် ဒီလိုကိစ္စမျိုးတွေ အများကြီး ကြုံရဦးမှာ။ အစပျိုးမှု တစ်ခုတော့ ရှိရမှာပေါ့”

ချန်ကျန့် ရှန်ယွီ၏ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း အကြာကြီး တိတ်ဆိတ်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။

“မင်း ပြန်သွားပြီးရင် ပြန်လာဦးမှာလား”

“ဟင်” ရှန်ယွီ ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်သည် ။

“မန်နေဂျာချန်... ဘာလို့ အဲ့ဒါကို မေးတာလဲ”

ချန်ကျန့် ဘာမှ မပြောပေ။

“ငါ မပြန်လာဘဲ နေနိုင်မယ်လို့ မင်း ထင်လို့လား” ရှန်ယွီထပ် မေးသည်။

“ငါ ထင်တာတော့ မင်း...” ချန်ကျန့် သူ့ကို တစ်ချက် ကြည့်လိုက်သည် ။

“နေနိုင်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”

“ဒါဆို ဘာတွေ တွေးနေသေးတာလဲ” ရှန်ယွီ ဖုန်းကို ဘေးသို့ပစ်လိုက်သည်။

“ဒါဆို ငါ မပြန်တော့ဘူး”

_____________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...