အပိုင်း (၇၂)
“ငါ မပြန်တော့ဘူး”
“ငါ မသွားတော့ဘူး”
ရှန်ယွီက ဤစကားမျိုး ပြောဆိုတိုင်း ချန်ကျန့် စိတ်အေးသွားရစမြဲ ဖြစ်သည်။ ဒါပေမဲ့ ခေတ္တမျှ ဝမ်းသာသွားပြီးနောက်တွင်မူ မိမိကိုယ်ကိုယ် အတော်ပင် တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားလိုက်ရပြန်သည်။ ရှန်ယွီက သူ၏သဘောထားကို ပြောခြင်းဖြစ်ပြီး လက်တွေ့တွင် ဖြစ်ချင်မှဖြစ်မည်ကို သိရှိသော်လည်း၊ ဤစကားကိုသာ သူ ကြားချင်နေမိခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ခံစားချက်က အနည်းငယ် ကွဲပြားနေလေသည်။
ချန်ကျန့် တိတ်ဆိတ်နေမိသည်။ ရှန်ယွီက ဆိုဖာကြားထဲ ပစ်ချထားသော ဖုန်းကို သူ ကြည့်လိုက်သည်။ သူ ကိုယ်အစ်ကိုင်းပြီး ဖုန်းကို ကောက်ယူကာ စားပွဲပေါ် တင်ပေးရင်း တစ်ခုခု ပြောချင်စိတ် ပေါ်လာသည်။
ငါ တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ။
ဒါပေမဲ့ သူ ထုတ်ပြောဖို့ သတ္တိမရှိခဲ့ပေ။ ယခုအချိန်တွင် သူ ပြောလိုက်လျှင် “ငါ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး” ဟုသာ ပြောမိမည်မှာ သေချာသည်။ တကယ်တမ်းကျတော့ သူ ဆိုလိုသည်မှာ ထိုအတိုင်းပင် ဖြစ်သည်။ ရှန်ယွီက “ငါ မပြန်တော့ဘူး” ဟု ပြောလိုက်သည့် အခိုက်အတန့်တွင် ရရှိလိုက်သော ပျော်ရွှင်မှုက အစစ်အမှန် ဖြစ်သည်။ သူသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ရှန်ယွီကို ဘယ်တော့မှ ထွက်မသွားစေချင်ပါ။ ရှန်ယွီ သူ့ဘေးနားမှာ ရှိနေမှ ခံစားရသည့် လုံခြုံမှုနှင့် တည်ငြိမ်မှုများကို သူ ဆုပ်ကိုင်ထားချင်မိခြင်း ဖြစ်သည်။
ရှန်ယွီကတော့ သူ တုံ့ဆိုင်းနေသည်ဟု ပြောသည်။ အမှန်တော့ သူ တုံ့ဆိုင်းနေခြင်း မဟုတ်ပါ။ သူက.... ဒီလိုဖြစ်နေသည့် မိမိကိုယ်ကိုယ် နည်းနည်း ကြောက်နေမိခြင်း ဖြစ်သည်။ အငမ်းမရဖြစ်နေသော လောဘကြီးသူတစ်ယောက်လိုပင်။
“အဲ့ဒါက မတူဘူးလေ” ဟု ချန်ကျန့်က တိုးတိုးလေး ပြောလိုက်သည်။
“ဒါဆို မင်းက...” ရှန်ယွီက ဆိုဖာကို မှီချလိုက်ပြီး ခဏ စဉ်းစားကာ သူ့ကို လှည့်ကြည့်သည်။
“မင်း ငါနဲ့အတူ လိုက်ခဲ့ချင်လား”
“မလိုက်ဘူး” ချန်ကျန့် ချက်ချင်း ငြင်းလိုက်သည်။
“ဟာ။ ဒီတစ်ခါလည်း တော်တော် ပြတ်သားတာပဲ”
“မသင့်တော်ဘူးလေ။မင်း အိမ်မပြန်တာ နှစ်တွေ အကြာကြီး ရှိနေပြီလေ။ ရုတ်တရက်ကြီးကျမှ....”
“ဟား…အမှန်တော့ ငါ ဘာလုပ်လုပ် သူတို့ အံ့သြကြမှာ မဟုတ်ပါဘူး”
“မင်းက တကယ်တမ်းတော့ ထူးဆန်းနေတာမဟုတ်ဘူးလေ။ သူတို့အမြင်မှာ သူတို့အိမ်က သားတစ်ယောက်ပဲလေ”
“နှစ်သစ်ကူး မတိုင်ခင် ငါ ပြန်ဖြစ်ခဲ့ရင်၊ နှစ်သစ်ကူးကျရင်တော့ ဒီကို ပြန်လာမှာပါ ။ မင်း အဖေဆီ သွားတဲ့အခါ ငါ့ကို ခေါ်သွားမလား”
ချန်ကျန့် ကြောင်သွားပြီး ဘာမှ မပြောနိုင်ဘဲ ကြည့်နေမိသည်။
“မင်းရဲ့ ဘော့စ်က နှစ်သစ်ကူးမှာ သွားစရာ နေရာမရှိဘူးလေ”
“ဘယ်လို ဘော့စ်မို့လို့ နှစ်သစ်ကူးမှာ သွားစရာ မရှိရတာလဲ ။ မင်း တော်တော် သနားဖို့ ကောင်းတဲ့ အခြေအနေပဲ”
“မင်းရဲ့ ဘော့စ်လေ ။ ဘောနပ်စ် ရရင် နားသွားပြလိုက်ဦး”
ချန်ကျန့် ရယ်မောလိုက်မိသည်။ ခဏနေမှ သူ ခေါင်းညိတ်ပြီး “အိုကေ” ဟု ပြောလိုက်သည်။
“ဘာ အိုကေ လဲ”
“နှစ်သစ်ကူးကျရင် ခေါ်သွားမယ်လို့”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ လက်လှမ်းပြီး သူ့မျက်နှာကို အသာအယာ ကိုင်လိုက်သည်။ လက်ချောင်းထိပ်လေးများက မျက်လုံးထောင့်ကနေ နားရွက်ဆီ၊ ထိုမှတစ်ဆင့် လည်ပင်းဘေးကနေ အနောက်ဘက်ဆီ ဖြည်းဖြည်းချင်း ပွတ်ဆွဲသွားသည်။ နွေးထွေးသော လက်ဖဝါးက လည်ပင်းနောက်ကို ဖိကပ်လိုက်သည့် အချိန်တွင် ရှန်ယွီက သူ့ကို နမ်းလိုက်ပြီး၊ ရင်ဘတ်ကို တွန်းကာ ဆိုဖာပေါ် ဖိချလိုက်သည်။
ချန်ကျန့် မျက်လုံးမှိတ်ပြီး ရှန်ယွီကို ပြန်ဖက်ထားလိုက်သည်။ သူ၏လက်များက ရှန်ယွီ့ကျောကို ထိမိသည့်အခါ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။
***
စီမံခန့်ခွဲရေးရုံးက လာစစ်မည့် အချိန်အတိအကျကို မပြောပေမဲ့၊ အရာရှိတွေ လာမည့်နေ့မှာတော့ ဖုန်းဆက် အကြောင်းကြားသည်။ ထူးဆန်းသည်မှာ ဒါ့လီ ကလည်း ချန်ကျန့်ဆီ ဖုန်းဆက်ပြီး တာယွင် ကို အကြောင်းကြားစာ ရမရ လှမ်းမေးသည်။ အစတုန်းက သူ အကြောင်းမကြားခဲ့ပေမဲ့ အခုတော့ လျှို့ဝှက်မထားတော့ပါ။ ချန်ကျန့်လည်း သူ့ကို အကြောင်းမကြားခဲ့ဘူးလေ၊ ဒီတစ်ခါတော့ ဒါ့လီတို့ဘက်က စတင်ပြီး မိတ်ဖွဲ့လာခြင်း ဖြစ်သည်။
မီးပုံပွဲညတုန်းက ရှန်ယွီက တခြား ဘော့စ်တွေနဲ့ စကားပြောခဲ့ပြီးသည့်နောက်၊ အားလုံးက အနည်းဆုံးတော့ အပြင်ပန်းမှာ တစ်ဖွဲ့တည်းလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပုံရသည်။ ဘာပဲဖြစ်ဖြစ် ဉာဏ်နီဉာဏ်နက် သုံးသည်ဖြစ်စေ၊ အရှက်မရှိသည်ဖြစ်စေ သူတို့က ရှန်ယွီ့ကို နိုင်ချင်မှ နိုင်မည်။
“ငါတို့ တံခါးဝမှာ သွားကြိုရမလား”
ဆန်းပင်းက မေးသည်။ အကြောင်းကြားစာ ရကတည်းက သူသည် လမ်းဆုံနှင့် တည်းခိုခန်းကြား လေးငါးခေါက်လောက် ပြေးနေပြီ ဖြစ်သည်။ ချန်အာဟူက လောင်စစ်ကို ဘူတာရုံမှာ သွားစောင့်ခိုင်းထားပေမဲ့ တော်တော် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
“သိပ်ပြီး ပြာမနေပါနဲ့”
ဆွန်နာနာက ဧည့်ကြိုကောင်တာဘေးရှိ ကုလားထိုင်မှာ ထိုင်ပြီး ဘောပင်လှည့်ရင်း ပြောသည်။
“သိပ်ပြီး မျက်နှာလိုမျက်နှာရ မလုပ်နဲ့၊ လူတွေ အထင်သေးလိမ့်မယ်”
“ဘာ မဲ့ (Mèi) လဲ” ဆန်းပင်း ကြောင်သွားသည်။
“မျက်နှာလိုမျက်နှာရ (Chǎnmèi) လေ!”
ဟူဖန်က သူမ၏ ဆံပင်တွေကို စုချည်ရင်း ဝင်ပြောသည်။
“တာယွင် က ဝန်ထမ်းတွေရဲ့ ပုံစံကို ဂရုမစိုက်ဘူး ဆိုပေမဲ့၊ အရာရှိတွေ လာမယ်ဆိုတော့ နည်းနည်းတော့ ထိန်းသိမ်းရမှာပေါ့”
“အော်... အဲ့ဒီလို အသံထွက်တာလား” ဆန်းပင်း သဘောပေါက်သွားသည် ။
“ငါက အမြဲတမ်း တခြားလို ထင်နေတာ”
“ကဲ... သိပ်ပြီး မဲ့ မနေနဲ့တော့။ ငါ ရုံးခန်းကို သွားလိုက်ဦးမယ်။ သတင်းရတာနဲ့ ငါ့ကို ပြော။ ဒီမှာ လာစုမနေကြနဲ့၊ ကိုယ့်နေရာကိုယ် ပြန်ကြ။ တကယ်လို့ အရာရှိတွေ ရုတ်တရက် ဝင်လာပြီး မင်းတို့ အလုပ်လုပ်ပုံကို မြင်သွားရင် သုညမှတ် ပေးသွားလိမ့်မယ်”
“အလုပ်လုပ်ကြဟေ့” လောင်ဝူက အော်ပြီး ဝင်းထဲ ထွက်သွားသည်။
“အရာရှိတွေ ခိုးဝင်လာမှာကို ကာကွယ်ကြ”
“လမ်းမပေါ် သွားအော်လိုက်ပါလား!” ဟု ချန်ကျန့်က လှမ်းအော်သည်။
ရှန်ယွီသည် အရာရှိတွေ မလာခင် လက်မှတ်ဝယ်ပြီး ထွက်ပြေးဖို့ မရွေးချယ်ခဲ့ပါ။ ဝန်ထမ်းတွေနဲ့အတူ အရာရှိတွေကို ကြိုဆိုဖို့သာ ဆုံးဖြတ်ခဲ့သည်။ ဒါမှမဟုတ် နှစ်သစ်ကူး နီးနေပြီမို့ လက်မှတ်ရဖို့ ခက်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ချန်ကျန့် ရုံးခန်းထဲ ဝင်သွားသည့်အခါ ရှန်ယွီက ဂျာကင်အင်္ကျီ လဲဝတ်ထားပြီး ကွန်ပျူတာကြည့်ကာ အလုပ်ကြိုးစားနေပုံ ပေါက်နေသည်။ ဒါပေမဲ့ သူ ဝတ်ထားသော ဂျာကင်ကို မြင်လိုက်ရသည့်အခါ ချန်ကျန့် အနည်းငယ် လန့်သွားရသည် ။
“မင်း ဒါကို ဝတ်ထားတာလား”
“အင်း” ရှန်ယွီ ခေါင်းညိတ်ပြီး ကွန်ပျူတာ ပိတ်လိုက်သည်။
“ခဏနေရင် ကွန်ပျူတာကို အစည်းအဝေးခန်းထဲ ယူသွားပေး။ တကယ်လို့ အရာရှိတွေက အသေးစိတ် သိချင်တယ်ဆိုရင် ငါ အဲ့ဒီမှာ Presentation သွားလုပ်ပြမယ်။ ဒီတစ်ခါ မလိုသေးရင်လည်း နောက်တစ်ခါ အခွင့်အရေးရမှ တင်ပြလိုက်မယ်”
“ဘာတင်ပြမှာလဲ” ဟု ချန်ကျန့်က မေးသည်။
“တည်းခိုခန်း ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်ကနေ မြို့နယ် ခရီးသွားလုပ်ငန်းအတွက် အကြံပြုချက်တွေပေ့ါ။”
ရှန်ယွီက ကွန်ပျူတာကို ကိုင်ပြီး လျှောက်လာသည် ။
“နည်းနည်းပါးပါး ရေးထားတာပါ”
ချန်ကျန့် ငါးစက္ကန့်လောက် ကြောင်သွားပြီးမှ ပြန်မေးလိုက်သည်။
“တကယ် မင်း ရေးထားတာလား”
“ဒါဆို ငါ တစ်နေကုန် ရုံးခန်းထဲထိုင်ပြီး ဘာလုပ်နေတယ် ထင်လို့လဲ”
ရှန်ယွီက ကွန်ပျူတာကို သူ့လက်ထဲ ထည့်ပေးပြီး တံခါးဘက် ထွက်သွားသည်။
“ဒါပေါ့၊ အင်္ဂလိပ် ဗားရှင်း လည်း ရှိတယ်၊ မင်းရဲ့ အစ်ကိုလန် ကူရေးပေးထားတာ”
ချန်ကျန့် ရှန်ယွီ၏ ကျောပြင်ကို ကြည့်ပြီး ရင်ထဲမှာ ခံစားချက်ပေါင်းစုံ ပြည့်နှက်လာကာ လည်ချောင်းထဲမှာ တစ်ဆို့နေသလို ခံစားလိုက်ရသည်။ နှာခေါင်းတွေတောင် ရှုံ့လာသည်။ ရှန်ယွီ အပြင်ရောက်တော့မှ သူ အသံထွက်လာသည်။
“မင်း ငါ့ရဲ့ ဂျာကင်အဟောင်းကြီးကို ဝတ်ထားတာပဲ!”
ချန်ကျန့်၏ ဂျာကင်အဟောင်းတင် မဟုတ်ပါ။ ရိုးရိုးရှင်းရှင်း အားကစားဘောင်းဘီကိုပါ ဝတ်ထားခြင်းဖြစ်သည်။
“ဒီဂျာကင်က ဘာဖြစ်လို့လဲ” ရှန်ယွီက လှည့်ပြီး လက်မောင်းတွေ ဖြန့်ပြသည်။
“စီမံကိန်းတွေကို စစ်ဆေးဖို့ တောင်ပေါ်တက်ဖို့ အသင့်ပြင်ထားတဲ့ ဘော့စ်ကောင်း တစ်ယောက်နဲ့ မတူဘူးလား”
“မင်းမှာ အသစ်တွေ မရှိဘူးလား” ချန်ကျန့် အနားသွားပြီး အင်္ကျီကို ဆွဲကာ တိုးတိုးလေး ပြောသည်။
“ဒီအပေါက်က ဖာတောင် မဖာရသေးဘူး”
“အလုပ်လုပ်တဲ့ ဘော့စ်တစ်ယောက်က အသေးစိတ်တွေကို ဂရုမစိုက်ပါဘူး” ရှန်ယွီက ဆိုသည်။
“တာယွင်ရဲ့ ဘော့စ်က နှိမ့်ချပြီး လက်တွေ့ကျတယ်လေ၊ ဟုန်ယဲ့မြို့ ရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာ...”
“fu8k!” ချန်ကျန့် မနေနိုင်ဘဲ လေးစားစွာ ဆဲလိုက်မိသည်။
“သွားမယ်၊ အောက်ဆင်းပြီး စောင့်ကြမယ်”
ရှန်ယွီက သူ့မေးစေ့ကို လက်နဲ့ ပုတ်ပြီး ဓာတ်လှေကားဘက် သွားသည်။
“အလုပ်အာရုံစိုက်တဲ့ ဘော့စ်ဆိုရင် အရာရှိတွေ ရောက်တဲ့အထိ ရုံးခန်းထဲမှာ အလုပ်ရှုပ်နေသင့်တာ မဟုတ်ဘူးလား”
ချန်ကျန့် နောက်က လိုက်သွားသည်။
“အဲ့ဒါကျတော့ သရုပ်ဆောင်တာ သိပ်လွန်သွားသလို ဖြစ်နေမှာပေါ့”
ရှန်ယွီက ဆိုသည် “အရှိန်လေးတော့ ထိန်းရမယ်လေ”
စီမံခန့်ခွဲရေးရုံး၏ ကားက ဘူတာရုံကနေ မြို့ထဲ ဝင်လာသည့်အခါ လောင်စစ်က စက်နဲ့ လှမ်းပြောသည်။
“ရောက်လာပြီ၊ ကားတစ်စီးတည်းပဲ” လောင်စစ်၏ အသံက သူလျှိုတစ်ယောက်လို တည်ငြိမ်နေသည် ။
“လူ ဘယ်နှစ်ယောက်လဲတော့ မမြင်ရဘူး။ ငါ နောက်က လိုက်ရမလား”
“အမလေး... ဒီစက်က ဒီလောက်အဝေးကြီးကနေ ပြောလို့ရတာလား”
ဆန်းပင်းက ဘေးကနေ အံ့သြနေသည်။
“ဘာလိုက်လုပ်မှာလဲ” ချန်ကျန့်က ပြန်ပြောသည် ။ “ပြန်လာခဲ့တော့”
“စောင့်ကြည့်စရာ မလိုဘူးလား”
“...မင်း သွားပြီး လုပ်ကြံလိုက်ပါလား!” ချန်ကျန့် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
“စနိုက်ပါ ပေးလေ...”
“ပြန်လာခဲ့!”
အရာရှိတွေရဲ့ ခရီးစဉ် ပထမဆုံး မှတ်တိုင်က တာယွင် ဖြစ်သည်။ ချန်ကျန့် ကားကို ဝင်းထဲ ဝင်ခိုင်းသည့်အခါ ဒါ့လီတို့ အုပ်စုက အတွင်းက ဇရပ်မှာ ဆေးလိပ်သောက်ပြီး စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့လည်း အလေးအနက် ထားကြပုံရသည်။
ကားပေါ်က လူသုံးယောက် ဆင်းလာသည်။ စီမံခန့်ခွဲရေးရုံးက ဦးလေးဒင်နဲ့ ကားဆရာကို ချန်ကျန့် သိသည်။ နောက်ဆုံးဆင်းလာသော အမျိုးသားကတော့ အရာရှိ ဖြစ်မှာပါ။ အသက် ၃၀ ကျော် ၄၀ နီးပါးလောက် ရှိပြီး၊ ချန်ကျန့် ထင်ထားသည့် “အရာရှိ” ပုံစံနဲ့ သိပ်မတူပါ။ အရာရှိနဲ့တောင် သိပ်မတူပါ။ ဦးလေးဒင် ပြောဖူးတာတော့ မြို့ကနေ အသစ်ရောက်လာသည့် ဒါရိုက်တာလု ဟူ၍ ဖြစ်သည်။
ချန်ကျန့် အနောက်ကို လှည့်ကြည့်လိုက်သည်။ ရှန်ယွီက အစကတည်းက တံခါးဝမှာ စောင့်မနေပါ။ ဟိုလူတွေ ကားပေါ်က ဆင်းလာမှ အထဲကနေ သွက်သွက်လက်လက် ထွက်လာခြင်း ဖြစ်သည်။ ပုံမှန် ပျင်းတွဲတွဲ ပုံစံနဲ့ မတူဘဲ၊ ဒီခြေလှမ်းအနည်းငယ်မှာတော့ ရှန်ယွီက... တကယ့်ကို တက်ကြွနေလေသည်။
“ကြိုဆိုပါတယ် ခင်ဗျာ” ချန်ကျန့်က နှုတ်ဆက်သည် ။
“လမ်းခရီး ပင်ပန်းလာပြီနော်”
“အဆင်ပြေပါတယ်၊ တကယ်ကို အဆင်ပြေပါတယ်” ။
ဦးလေးဒင်က ပြုံးပြလျက် ဒါရိုက်တာလုနှင့် မိတ်ဆက်ပေးလေသည်။
“ဒါက ကျွန်တော် အရင်က ပြောဖူးတဲ့ တာယွင်ရဲ့ မန်နေဂျာ ချန်ကျန့် လေ”
“မင်္ဂလာပါ ဒါရိုက်တာလု။ လမ်းခရီး ပင်ပန်းလာပြီနော်” ဟု ချန်ကျန့်က နှုတ်ဆက်လိုက်ပြီး ရှန်ယွီဘက်သို့ လှမ်းကြည့်ကာ
“ဒါကတော့ ကျွန်တော်တို့ရဲ့ ဘော့စ် ရှန်ယွီ ပါ” ဟု မိတ်ဆက်ပေးလိုက်သည်။
“မင်္ဂလာပါ ဒါရိုက်တာလု”
ရှန်ယွီသည်လည်း ရှေ့သို့ တိုးလာပြီး ဒါရိုက်တာလုနှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
“ဘော့စ်ရှန်က တော်တော် ငယ်သေးတာပဲနော်”
ဒါရိုက်တာလုက ရှန်ယွီကို ကြည့်ရှုလျက် အံ့သြဟန်ဖြင့် ဆိုသည်။
“ဒါက မြို့ထဲမှာ အသက်အငယ်ဆုံး တည်းခိုခန်းပဲလေ။ဒါပေမဲ့ မြို့တစ်ခုလုံးကလည်း ငယ်ရွယ်နုပျိုနေတာပါပဲ....”
ဦးလေးဒင်က ဝင်ရောက်ပြောဆိုသည်။
“လမ်းလျှောက်ရင်း စကားပြောကြရအောင်။ အပြင်မှာ အရင် တစ်ပတ်လောက် ပတ်ကြည့်ကြမယ်လေ”
ဒါရိုက်တာလုက ပန်းခြံဘက်ကို ညွှန်ပြလေသည်။
“ဒီဘက် ကြွပါခင်ဗျာ” ရှန်ယွီက ပန်းခြံထဲသို့ သွားရာ လမ်းကလေးအတိုင်း ဦးဆောင်ခေါ်ယူသွားလေသည်။
“ပုံမှန်ဆိုရင် ဧည့်သည်တွေလည်း ဒီနားမှာ အပန်းဖြေရတာ ကြိုက်ကြတယ်”
ချန်ကျန့်သည် ရှန်ယွီ၏ ဘေးတွင် လိုက်ပါရင်း၊ ရှန်ယွီက ဒါရိုက်တာလုအား ပန်းခြံအကြောင်း ရှင်းပြနေသည်ကို နားထောင်နေမိသည်။
ထမင်းစားသွားဖို့ ပြောရမလား၊ ဘာကျွေးရင် ကောင်းမလဲ ဟု စိတ်ထဲတွင်လည်း တွေးတောနေမိလေသည်။
“မီးပုံပွဲ မတိုင်မီက ခင်ဗျားတို့ ဒီမှာ အစမ်းပွဲလေး လုပ်ခဲ့သေးတယ်ဆို”
ဒါရိုက်တာလုက မေးမြန်းသည်။
“ဟုတ်ကဲ့၊ အစမ်းသဘောပေါ့။ ရာသီဥတုက အေးနေတော့ ဧည့်သည်တွေရဲ့ လိုအပ်ချက်က ဘာလဲဆိုတာ မသေချာဘူးလေ။ ဒါမှ မီးပုံပွဲ လုပ်တဲ့အခါ လိုအပ်တာတွေ ထပ်ဖြည့်လို့ ရမှာပေါ့.... ဒါရိုက်တာလုလည်း ဒါကို သိနေတာလား”
“အင်း၊ အရင်တုန်းက ဧည့်သည်တွေ တင်ထားတဲ့ ပုံတွေကို တွေ့ဖူးတယ်”
ဒါရိုက်တာလုက ခေါင်းညိတ်ပြသည်။ သူသည် နံရံဘေးရှိ ခွေးအိမ်ကို မြင်တွေ့သောအခါ နောက်ထပ် မေးခွန်းတစ်ခု မေးမြန်းလိုက်သည်။
“ခွေးမွေးထားသလား”
“လမ်းဘေးခွေးလေးပါ၊ ကောက်မွေးထားတာ။ ကျွန်တော်တို့က အိမ်မွေးတိရစ္ဆာန်တွေကို လက်ခံပေးတော့ တချို့ဧည့်သည်တွေက ခွေးလေးကို သဘောကျကြတယ်လေ၊ အဲ့ဒါနဲ့ပဲ ဆက်မွေးထားလိုက်တာ”
ရှန်ယွီက ရှင်းပြလေသည်။ ဒါရိုက်တာလုသည် ခွေးအိမ်ရှေ့တွင် ရပ်တန့်လိုက်သည်။
“ဒါရိုက်တာလုက ခွေးချစ်တတ်တယ်လေ၊ အိမ်မှာလည်း အကောင် တော်တော်များများ မွေးထားတာ ”
ဦးလေးဒင်က ပြုံးလျက်ဝင်ပြောပြသည်။
“အင်း” ဒါရိုက်တာလုက ပြုံးလိုက်သည်။
“မှိုလေး!” ရှန်ယွီ လေချွန်လိုက်သည်။
ထိုအချိန်တွင်မှ တာယွင် တည်းခိုခန်း၏ အသက်အသာဆုံး ဝန်ထမ်းဖြစ်သူ မှိုလေးသည် ခွေးအိမ်ထဲမှ ခေါင်းတစ်ဝက် ပြူထွက်လာခဲ့သည်။ ကြည့်ရသည်မှာ အိပ်ရာမှ မနိုးသေးပုံရသည်။
ဒါရိုက်တာလု ကိုယ်အစ်ကိုင်းလိုက်သည်။ ချန်ကျန့် အံ့သြသွားရသည်။ ဒါရိုက်တာလုသည် သူ၏ အိတ်ကပ်ထဲမှ ခွေးစားစရာ အချောင်းသေးသေးလေး တစ်ချောင်းကို ထုတ်ယူပြီး မှိုလေး၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည် မဟုတ်ပါလော။
မှိုလေးသည် ပျော်ရွှင်စွာဖြင့် ထိုမုန့်ချောင်းကို ကိုက်ချီပြီး အိမ်ထဲသို့ ပြန်ဝင်သွားလေတော့သည်။
တကယ်ကို ခွေးချစ်တတ်တာပဲ၊ ဒါမျိုးတွေတောင် ဆောင်ထားတယ်ဆိုတော့။
ပန်းခြံထဲတွင် လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့တစ်စု အနောက်တံခါးမှတစ်ဆင့် အိမ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ချန်အာဟူသည် တက်ဘလက်တစ်လုံးကို ကိုင်ဆောင်ကာ စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာနေသည်။ သူတို့ကို မြင်တွေ့သည့်အခါ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
“မင်္ဂလာပါ”
သည့်အတွက် ဆွန်နာနာက ကြိုတင် စီစဉ်ပေးထားခြင်း ဖြစ်သည်။ လမ်းသရဲ တစ်ယောက်လို လမ်းမလျှောက်မိစေရန် ချန်အာဟူကို နှစ်ကြိမ်တိုင်တိုင် လေ့ကျင့်ပေးထားခဲ့သည်။ ယခုတော့ ကြည့်ရသည်မှာ မဆိုးလှပေ၊ တော်တော်လေး သဘာဝကျနေပြီ ဖြစ်သည်။
“သူက ကျွန်တော်တို့ရဲ့ မီးဘေးလုံခြုံရေး တာဝန်ခံ ဝန်ထမ်းပါ” ဟု ရှန်ယွီက မိတ်ဆက်ပေးသည်။
“နေ့တိုင်း လိုက်စစ်ဆေးပေးတာလေ”
“လုံခြုံရေး အသိပညာ ရှိတာ ကောင်းတယ်” ဦးလေးဒင်က ခေါင်းညိတ်ပြလေသည်။
ဒါရိုက်တာလုသည် စင်္ကြံလမ်းဘေးရှိ ဓာတ်ပုံနံရံရှေ့တွင် ရပ်တန့်လိုက်သည်။ ဦးလေးဒင်လည်း ချက်ချင်း လိုက်ပါသွားပြီး ဓာတ်ပုံများကို ကြည့်ရှုကာ ရှင်းပြပေးနေသည်။ ရှန်ယွီကလည်း ဘေးမှနေ၍ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ရောက်ပြောဆိုပေးသည်။
ချန်ကျန့်သည် ရှန်ယွီ့ကို ကြည့်နေမိသည်။ ပုံမှန်အားဖြင့် ထမင်းမစားလျှင်ပင် ရှာ၍မတွေ့နိုင်သော လူ၊ ပြဿနာတက်လျှင် အရင်ဆုံး ရှောင်ပြေးတတ်သော လူတစ်ယောက်က၊ တကယ်တမ်းကျတော့ ဆိုင်၌ ဖြစ်ပျက်နေသမျှကို အကုန် သိရှိနေပါလား။
“စာသားတွေက ဘယ်သူ ရေးတာလဲ”
ဒါရိုက်တာလု၏ အာရုံစိုက်မှုက အနည်းငယ် လွဲချော်နေပုံရသည်။ သူက ဓာတ်ပုံနံရံပေါ်ရှိ ခေါင်းစဉ် အမျိုးမျိုးကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။
“ကျွန်တော် ရေးတာပါ” ရှန်ယွီက ဆိုသည်။
ဒါရိုက်တာလုသည် ရှန်ယွီ့ကို လှည့်ကြည့်သည်။
“လက်ရေး တော်တော်လှတာပဲ”
“အရင်တုန်းက ခဏလောက် လေ့ကျင့်ဖူးလို့ပါ၊ အသင့်အတင့်ပါပဲ”
ယနေ့ ရှန်ယွီ၏ ပုံစံမှာ ပုံမှန်နှင့် မတူပေ။ ငယ်ရွယ်ပြီး အလားအလာရှိသော ဘော့စ်တစ်ယောက် ပုံစံမျိုး ပေါက်နေသည်။ “ဒါရိုက်တာလုက မြှောက်ပင့်လွန်းပါပြီ” ဟူသော စကားမျိုး ပြောမည်ဟု ချန်ကျန့် ထင်မှတ်ထားသော်လည်း၊ ရှန်ယွီကမူ ထိုသို့မပြောဘဲ လက်ခံလိုက်သည်။ လုံးဝ နှိမ့်ချခြင်း မရှိပေ။
ဒါရိုက်တာလု အပေါ်ထပ်သို့ တက်ကြည့်ပြန်သည်။ ဆွန်နာနာက အခန်းတာဝန်ခံ အနေဖြင့် ဒုတိယထပ်တွင် စောင့်ကြိုနေပြီး ဆက်လက် ရှင်းပြပေးလေသည်။
ယနေ့တွင် သူမ ဝတ်ဆင်ထားသည်မှာ သိပ်ပြီး တောက်ပြောင်မနေပေ။ ဒေါက်ဖိနပ် မပါလျှင် လမ်းမလျှောက်တတ်သဖြင့် ဒေါက်ဖိနပ် အနိမ့်လေးတော့ စီးထားသော်လည်း၊ အဝတ်အစားကိုမူ ကိုယ်ကြပ် ကုတ်အင်္ကျီ နှင့် ဘောင်းဘီရှည်ကို လဲဝတ်ထားလေသည်။ သူမ၏ အမူအရာ တစ်ခုလုံးက ကျက်သရေရှိပြီး သက်သောင့်သက်သာ ရှိနေသည်။
သူမ၏ ခင်ပွန်းဟောင်း လုံးဝ မြင်ယောင်ကြည့်၍ မရနိုင်သော ပုံစံမျိုးပင် ဖြစ်သည်။
ထိုစဉ် ဟူဖန်သည် လှေကားမှ သွက်လက်စွာ ဆင်းသက်လာပြီး၊ လက်ထဲတွင် လင်ဗန်းတစ်ချပ်ကို ကိုင်ဆောင်လျက် အားလုံးကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ”
ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကတော့ အမှန်တကယ်ပင် ပြည့်စုံလွန်းလှပေသည်။
လှည့်လည်ကြည့်ရှုခြင်းက အဓိက မဟုတ်ပေ။ ဒါရိုက်တာလုက ရှန်ယွီ့အား တည်းခိုခန်းနှင့် မြို့နယ် ခရီးသွားလုပ်ငန်းအပေါ် အမြင်သဘောထားများကို ရံဖန်ရံခါ မေးမြန်းနေသည်။ ရှန်ယွီ၏ အဖြေများက သူ့ကို တော်တော်လေး ကျေနပ်စေခဲ့ပုံရသည်။ ပထမထပ်သို့ ပြန်ရောက်သောအခါ ဦးလေးဒင်က အချိန်ကို သတိပေးလိုက်သည်။ နောက်ထပ် သွားရောက်ရမည့် တည်းခိုခန်း အနည်းငယ် ကျန်ရှိနေသေးသည် မဟုတ်ပါလော။
“မလောပါနဲ့၊ အချိန်မလောက်ရင် နောက်နေ့မှ သွားကြမယ်” ဒါရိုက်တာလုက ဆိုသည်။
“ဒါဆို ဒါရိုက်တာလု... ကဖေးဆိုင်မှာ ထိုင်ကြမလား” ရှန်ယွီက ဖိတ်ခေါ်လိုက်သည်။
“ဧည့်သည်များကို မနှောင့်ယှက်ပါနဲ့၊ ထားလိုက်ပါ” ဒါရိုက်တာလုက ငြင်းဆန်လိုက်သည်။
“ဒါဆို အစည်းအဝေးခန်းထဲမှာ ထိုင်ကြတာပေါ့” ချန်ကျန့်က အကြံပြုလိုက်သည်။
သူတို့ကို အစည်းအဝေးခန်းထဲ ပို့ဆောင်ပြီးနောက် ချန်ကျန့် ပြန်ထွက်လာပြီး ကဖေးဆိုင်ဘက်သို့ သွားလိုက်သည်။
“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” ဟူဖန်က နောက်မှ လိုက်မေးသည်။
“အဆင်ပြေပါတယ် ။ ကော်ဖီလေး ဘာလေး ဖျော်ပေးလိုက်ပါဦး”
“အိုကေ” ဟူဖန် ကော်ဖီစက်ကို ချက်ချင်း ဖွင့်လိုက်ပြီး အစည်းအဝေးခန်းဘက်ကို လှမ်းကြည့်သည်။
“ဟို ဒါရိုက်တာလုက တော်တော် ငယ်တာပဲနော်”
“ဟုတ်တယ်၊ ငါက အဘိုးကြီး တစ်ယောက်လို့ ထင်ထားတာ”
“မြို့နယ် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်တွေက ငယ်ရွယ်ပြီး သွေးသစ်လောင်းနိုင်တဲ့သူ၊ သတ္တိရှိတဲ့သူတွေ ဖြစ်မှ ရမှာလေ” ဟု ဆွန်နာနာက ဘားကောင်တာကို မှီရပ်ရင်း ဝင်ပြောသည်။
“တကယ်လို့ အဘိုးကြီး တစ်ယောက်သာ လာမယ်ဆိုရင် ငါ သရုပ်ဆောင်ချင်စိတ်တောင် ရှိမှာ မဟုတ်ဘူး”
“ခုနက မင်း သရုပ်ဆောင်တာ တော်တော်ကောင်းတယ်”
ချန်ကျန့်စိတ်ရင်းနှင့် ချီးကျူးလိုက်သည်။
“ငါ ဖန်ဖန်နဲ့ အကြာကြီး လေ့ကျင့်ထားရတာလေ၊ ငါတို့ရဲ့ ထူးခြားချက်တွေကို ဘယ်လို မိတ်ဆက်ရမလဲ ဆိုတာပေါ့” ဆွန်နာနာက သကြားလုံးတစ်လုံးကို ဖြည်းဖြည်းချင်း ခွာရင်း ဆိုသည်။
“အစကတော့ သူ့ကို ပြောခိုင်းမလို့ပဲ၊ သူက မပြောရဲဘူးတဲ့”
“မပြောရဲပါဘူး၊ စိတ်လှုပ်ရှားပြီး ငါ့ရဲ့ မူရင်းစရိုက် ပေါ်လာမှာ စိုးလို့ပါ”
ချန်ကျန့် ရယ်မောလိုက်မိသည်။
“မင်းရဲ့ မူရင်းစရိုက်ကလည်း ချစ်ဖို့ ကောင်းပါတယ်”
ကော်ဖီခွက် အနည်းငယ်နှင့်အတူ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်သွားသောအခါ၊ ဒါရိုက်တာလုသည် ကွန်ပျူတာထဲက ရှန်ယွီ ပြင်ဆင်ထားသည့် “မြို့နယ် ခရီးသွားလုပ်ငန်းအတွက် တည်းခိုခန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်မှ အကြံပြုချက်များ” တင်ပြချက်ကို ကြည့်ရှုနေလေသည်။ သူသည် အလွန် အလေးအနက်ထားပြီး ကြည့်ရှုနေပုံရသလို၊ စိတ်ဝင်စားမှုလည်း ရှိနေပုံရသည်။
ချန်ကျန့် ကော်ဖီခွက်များကို စားပွဲပေါ်တင်ပြီး သူ့အနောက်တွင် ရပ်ကာ ကွန်ပျူတာမျက်နှာပြင်ကို လိုက်ကြည့်နေမိသည်။ သို့သော် သေချာစွာ မမြင်ရပေ။ ဒီဇိုင်းကတော့ လှပသည်ဟု ခံစားမိသည်။
“မီးပုံပွဲအတွက် ရွာသားတွေနဲ့ ညှိနှိုင်းတုန်းက အခက်အခဲတွေ အများကြီး ကြုံခဲ့ရမှာပဲနော်”
ဒါရိုက်တာလုက မေးမြန်းလိုက်သည်။
“ရွာသားတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေ ရှိကြတယ်လေ။ အစပိုင်းမှာတော့ ပွတ်တိုက်မှုတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မန်နေဂျာက ဒေသခံလေ။ ဒီမီးပုံပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာက သူ့ကျေးဇူး အများကြီး ပါပါတယ်....”
ဘော့စ်ရေ... လျှော့ပါဦးဗျာ!
“ဟုတ်လား” ဒါရိုက်တာလု ခေါင်းလှည့်ကြည့်လာသည်။
“မန်နေဂျာချန်က ကြည့်ရတာ ဒေသခံနဲ့ မတူဘူးနော်”
“ဟုတ်ကဲ့၊ ကျွန်တော်တို့ တည်းခိုခန်းက ဝန်ထမ်းအများစုက ဒေသခံတွေပါပဲ” ချန်ကျန့် ပြုံးလျက် ဆိုသည်။
“ဒါက ဒေသခံ ဝန်ထမ်းတွေကို ငှားရမ်းခြင်းရဲ့ အားသာချက်ပေါ့။ အလုပ်အကိုင် ပြဿနာကို ဖြေရှင်းပေးနိုင်သလို၊ စီးပွားရေးအတွက်လည်း အကျိုးရှိတာပေါ့”
ဦးလေးဒင်က ထပ်ဖြည့်ပြောသည်။
“သူတို့က ဒေသရဲ့ ရိုးရာဓလေ့တွေကို ပိုနားလည်သလို၊ ခရီးသွား နေရာတွေကိုလည်း ပိုပြီး ကျွမ်းကျင်ကြတယ်လေ”
“ဒီပွဲကို စတင် ကြော်ငြာကတည်းက ကျွန်တော် စောင့်ကြည့်နေခဲ့တာပါ။ ဒီလိုကြည့်ရတာ....” ဒါရိုက်တာလုက ကုလားထိုင်ပေါ် မှီချလိုက်သည်။
“တာယွင်က တော်တော်လေး နှိမ့်ချနေတာပဲ”
“အလုပ်ဖြစ်ရင် ပြီးတာပါပဲ။ မြို့နယ် ဖွံ့ဖြိုးတိုးတက်လာရင် စီးပွားရေးလုပ်ငန်းတွေ အားလုံးလည်း တိုးတက်ဖို့ အခွင့်အလမ်း ရလာမှာပေါ့”
“နောင်ကျရင် အခက်အခဲတွေ ရှိရင် တင်ပြလို့ ရပါတယ်ဘော့စ်ရှန်။ ဒီလို အလုပ်မျိုးတွေကို စီးပွားရေးလုပ်ငန်းတွေချည်းပဲ လုပ်ဆောင်ရမယ်လို့ မဆိုလိုပါဘူး၊ဒီဖိုင်ကို ကျွန်တော့်ဆီ ပို့ပေးပါလား”
ဒါရိုက်တာလုက ဖုန်းထုတ်လိုက်သည်။
“ဟုတ်ကဲ့ ။ ကျွန်တော် Scan ဖတ်လိုက်ပါ့မယ်”
ချန်ကျန့် ကြည့်နေရင်း ရှန်ယွီ ဖုန်းသော့ဖွင့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် WeChat ကို ဖွင့်လိုက်သည်။ ထို့နောက် “ချန်ယွီလော့ယန့်” တစ်ယောက်တည်းသာ ရှိနေသော စကားပြောစာရင်း ကို တွေ့လိုက်ရသည်။
ဘော့စ်! မင်း အိပ်မက်မက်နေတာလား!
ရှန်ယွီ QR code scanner ကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ချန်ကျန့် အလျင်အမြန် လက်လှမ်းပြီး မျက်နှာပြင်ပေါ်က ‘X’ ကို နှိပ်ကာ ပိတ်လိုက်သည်၊ ပြီးနောက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ဒီအကောင့် မဟုတ်ဘူးလေ”
“အာ…”
ထိုအခါမှသာ ရှန်ယွီ သတိဝင်လာပြီး ထိုအကောင့်မှ ထွက်ကာ မူရင်းအကောင့်ကို ဖွင့်လိုက်လေသည်။
“အလုပ် အကောင့်နဲ့ပဲ အပ်လိုက်ပါ” ဒါရိုက်တာလုက ပြုံးလျက် ဆိုသည်။
ဤသည်ကား ဖြေရခက်ပေပြီ။ သူ့အလုပ်အကောင့်ထဲတွင် အလုပ်ကိစ္စ ဘာမှမရှိပေ။ သီချင်းတစ်ပုဒ်ကို ရှစ်မျိုးဆိုနည်း ဆိုတာလောက်သာ ရှိသည် မဟုတ်ပါလော။
Code ကို Scan ဖတ်ပြီး ဒါရိုက်တာလုကို သူငယ်ချင်းအဖြစ် ထည့်သွင်းပြီးနောက် ရှန်ယွီက ဖိုင်ကို ပို့ပေးလိုက်သည်။
ဒါရိုက်တာလုက နောက်ထပ် မိနစ်အနည်းငယ်ခန့် စကားဆက်ပြောပြီး ကော်ဖီကုန်သည့် အခါမှသာ ထရပ်လိုက်သည်။
“တခြားနေရာတွေ သွားစရာ မလိုတော့ပါဘူး။ ကိုယ်စားပြုတဲ့ တစ်နေရာကို မြင်ရရင် လုံလောက်ပါပြီ”
ဒါရိုက်တာလုက ဦးလေးဒင်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့” ဦးလေးဒင် ခေါင်းညိတ်ပြီး ချက်ချင်း ထောက်ခံသည်။
“တာယွင်က တကယ်ကို ကိုယ်စားပြုနိုင်သလို၊ စိတ်ကူးစိတ်သန်းတွေလည်း အများကြီး ရှိပါတယ်”
“ဒါရိုက်တာလု... ထမင်းစားပြီးမှ ပြန်ပါလား ။ အချိန်လည်း နောက်ကျနေပြီလေ”
ချန်ကျန့်က အလိုက်တသိနှင့် ထမင်းစားဖိတ်လိုက်သည်။
“ရပါတယ်၊ ဒုက္ခမပေးပါရစေနဲ့ ။ ကျွန်တော် ပြန်ရောက်မှပဲ စားလိုက်ပါမယ်။ ခွေးတွေကို လမ်းလျှောက် လိုက်ပို့ပေးရဦးမယ်လေ၊ တစ်နေ့လုံး အောင့်ထားရရှာပြီ”
ဒီအကြောင်းပြချက်ကတော့ တကယ်ကို ခိုင်လုံလှပေသည်။ ချန်ကျန့် သက်ပြင်းချနိုင်သွားတော့သည်။
အားလုံးက အရာရှိကို ကားပေါ်ရောက်သည်အထိ လိုက်ပို့ကြပြီး၊ ကားထွက်သွားသည်အထိ စောင့်ကြည့်ကာမှ အထဲသို့ ပြန်ဝင်လာကြသည်။
“ဟူး!” ဟူဖန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
“တော်တော်လေး ချောမွေ့သွားတယ် မဟုတ်လား”
“အင်း” ရှန်ယွီ ပြုံးလိုက်သည်။
“တောက်! ခုနက လမ်းလျှောက်လာတုန်းက ငါ့ခြေလှမ်းတွေတောင် မှားကုန်တယ်...” အာဟူက ဆိုသည်။
“နာနာက ငါ့ကို သေသေချာချာ လမ်းလျှောက်ပါလို့ ပြောထားလို့လေ၊ တော်တော် နေရခက်တာပဲ”
“ညကျရင် ကောင်းကောင်းလေး တစ်ခုခု စားကြရအောင် ။ စိတ်တွေ ပြန်ငြိမ်သွားအောင်လို့လေ”
ရှန်ယွီ အပြောကို အားလုံးက ဝမ်းသာအားရထောက်ခံကြသည်။
“ဆန်းပင်းတို့ကို သွားဝယ်ခိုင်းလိုက် ။ မန်နေဂျာ... ငါ့နောက် ခဏလိုက်ခဲ့ပါဦး”
“ဟုတ်ကဲ့” ချန်ကျန့် သူ့နောက်မှ လိုက်ပြီး ဓာတ်လှေကားထဲ ဝင်ခဲ့လေသည်။
ဓာတ်လှေကား တံခါးပိတ်သွားသည်နှင့် ရှန်ယွီ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
“ဘာဖြစ်လို့လဲ” ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည်။
“ခေါင်းကိုက်လို့”
ရှန်ယွီ အနားတိုးလာပြီး ချန်ကျန့်ကို မှီကာ၊ ခါးကို ဖက်ပြီး ပုခုံးပေါ်တွင် မေးတင်လိုက်လေသည်။
ဧည့်သည်တစ်ယောက်ယောက် အချိန်မရွေး ဝင်လာနိုင်သော ဓာတ်လှေကားထဲတွင် ဖြစ်သော်လည်း၊ ချန်ကျန့် ရှန်ယွီကို အမြန် ပြန်ဖက်ထားလိုက်သည်။
“ဘာလို့ ခေါင်းကိုက်ရတာလဲ”
“စိတ်လှုပ်ရှားလို့လေ”
“မင်းက စိတ်လှုပ်ရှားတတ်တယ်” ချန်ကျန့် တကယ် အံ့သြသွားရသည်။
“ဘာအံ့သြစရာ ရှိလို့လဲ။ ငါက လူမှုရေး ကိစ္စတွေမှာ မွေးရာပါ ကျွမ်းကျင်တဲ့သူမှ မဟုတ်တာ”
ငါကတော့ မင်းကို အဲ့ဒီလိုပဲ ထင်ထားခဲ့တာ။
ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်လျှင် ရှန်ယွီ၏ ပုံစံက ပြဿနာတက်လျှင် ထွက်ပြေးတတ်သည် မဟုတ်ပါလော.... သူ ဒီလိုကိစ္စတွေကို တကယ် မကြိုက်တာလည်း ဖြစ်နိုင်ပါသည်။
“ခဏနေရင် အကိုက်အခဲပျောက်ဆေး သောက်လိုက်မလား”
ချန်ကျန့် လက်မြှောက်ကာ ရှန်ယွီ့ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။
“အင်း”
“ပြီးရင် တစ်ရေးလောက် အိပ်လိုက်လေ”
“အိပ်မပျော်ဘူး”
“ဒါဆို ငါ နှိပ်ပေးရမလား”
“အင်း”
____________________________________________________________
TN // ချွဲပလဲသဲကဲ
NEXT
Comments
Post a Comment