Skip to main content

73








အပိုင်း (၇၃)

စတုတ္ထထပ်တွင် ဓာတ်လှေကားတံခါး ပွင့်သွားသည့်တိုင် ရှန်ယွီသည် ချန်ကျန့်ကို ဖက်ထားဆဲဖြစ်ပြီး လွှတ်ပေးမည့်ပုံမပေါ်ပေ။

“ရောက်ပြီလေ” ချန်ကျန့်က တံခါးကို လက်ဖြင့်ထိန်းထားရင်း အပြင်ဘက်မှ အသံများကို နားစွင့်ကာ ပြောလိုက်သည်။ ဒီနှစ်ရက်အတွင်း စတုတ္ထထပ်တွင် အခန်းနှစ်ခန်းသာ လူရှိပြီး အိပ်ဆောင်တွင်လည်း လူမရှိသဖြင့် စင်္ကြံလမ်းမှာ တိတ်ဆိတ်နေသည်။

ရှန်ယွီသည် နောက်ထပ် နှစ်စက္ကန့်ခန့် တန့်နေပြီးမှ မချင့်မရဲ လွှတ်ပေးလိုက်ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ သူသည် ခေါင်းကို ပွတ်ရင်း ရုံးခန်းတံခါးဝသို့ လျှောက်သွားသည်။

“တအား ခံရခက်နေရင် ခဏနေကျ ချန်အနှိပ်သည်ဆီ လိုက်ပို့ပေးမယ်၊ သူ့ကို နှိပ်ခိုင်းတာပေါ့”

ချန်ကျန့်က အနားသို့သွားကာ အိတ်ကပ်ထဲမှ သော့ထုတ်ပြီး ရုံးခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

“ဒါဆိုရင်တော့ လမ်းမှာတင် ငါ သေသွားလိမ့်မယ်” ရှန်ယွီက ရုံးခန်းထဲသို့ ဝင်ရင်း သော့ကို တံခါးမှာတင် ချန်ထားခဲ့သည်။

“ဒီတံခါးကို မျက်နှာဖတ်တဲ့စနစ်နဲ့ လဲလို့မရဘူးလား”

“ရတာပေါ့” ချန်ကျန့်က သော့ကို ဆွဲထုတ်လိုက်ပြီး “မနက်ဖြန်ကျရင် လဲဖို့ လူရှာလိုက်မယ်”

အစကတော့ ရှန်ယွီ ခေါင်းကိုက်သည်ဟု ပြောခြင်းမှာ အရာရှိကို ဧည့်ခံရ၍ ပင်ပန်းသွား၍ ထိုသို့မဟုတ်လည်း ခေါင်းနည်းနည်းနောက်သည်ဟုသာ သူ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်ယွီ အားကစားဘောင်းဘီလဲပြီး မျက်နှာသစ်ပြီးသည့်အခါတွင်မူ မျက်လုံးများ နီမြန်းနေပြီး မျက်နှာမှာ ဖြူလျော်နေသည်ကို ချန်ကျန့် သတိပြုမိသွားသည်။ ကြည့်ရသည်မှာ သူ၏ ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ပြန်ထလာခြင်း ဖြစ်ပုံရသည်။

“ကုတင်ပေါ်မှာ သွားလှဲနေလိုက်လေ၊ ငါ နှိပ်ပေးမယ်”

“လှဲလို့မရဘူး၊ သွေးတွေ ခေါင်းထဲတက်လာရင် ပိုကိုက်လိမ့်မယ်” ရှန်ယွီက အကိုက်အခဲပျောက်ဆေးအချို့ ရှာဖွေသောက်လိုက်ပြီး “ဒါ့လီ ဆီကို ဖုန်းဆက်လိုက်ဦး” ဟု မှာသည်။

“သူက ခေါင်းကိုက်တာ ကုတတ်လို့လား” ချန်ကျန့်က ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။

“မင်း ငါ့ကို စိတ်တိုအောင်လုပ်လို့ သေသွားတာကို သူ သက်သေလာလုပ်ခိုင်းမလို့လေ။ မဟုတ်ရင် အောက်ထပ်က လူတစ်စုက မင်းဘက်ကနေ လိမ်ပြီး သက်သေထွက်ပေးနေကြမှာ စိုးလို့”

ချန်ကျန့် စက္ကန့်အနည်းငယ်မျှ မှင်သက်သွားပြီးမှ ရယ်မောလိုက်မိသည်။

“ဟာ! ကျွန်တော်က မင်းခေါင်းကိုက်တာကိုပဲ စိတ်ပူနေတာပါ”

“ရပါတယ်၊ မသေပါဘူး။ ဆေးရှိန်တက်လာရင် သက်သာသွားမှာပါ”

ရှန်ယွီက နားထင်ကို ဖွဖွလေး ပွတ်လိုက်ရင်း

“ဒါရိုက်တာလု ဒီကိုလာတဲ့ အခြေအနေကို ဒါ့လီကို ပြောပြလိုက်ဦး။ သူက ဒီအဝေးကြီးအထိ လာပြီးတော့မှ သူတို့ဆီကို မသွားဘူးဆိုတော့ ငါတို့တစ်ခုခု လုပ်ထားတယ်လို့ သူတို့ ထင်နေကြမှာ”

“အင်း”

“ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာ သိတယ်မဟုတ်လား”

“ဒါရိုက်တာလုက ဆိုင်ထဲ တစ်ပတ်ပတ်ကြည့်ပြီး ဧည့်သည်အခြေအနေပဲ မေးသွားတယ်လို့ ပြောလိုက်မယ် ။ မင်း စာတမ်းရေးပြီး တိုင်ထားတာတွေကိုတော့ ချန်ထားခဲ့မှာပေါ့”

ရှန်ယွီ ပြုံးလိုက်ပြီး “ငါ ဘယ်တုန်းက တိုင်ခဲ့လို့လဲ” ဟု မေးသည်။

“ဘာပဲဖြစ်ဖြစ် ငါတို့က အားအစိုက်ဆုံးဆိုတာ ဒါရိုက်တာလု မြင်သွားတာပဲလေ၊ သူတို့က ကြော်ငြာထဲမှာ ငါတို့ကိုတောင် ထည့်မထားတာကိုး”

“သူတို့ ပြဿနာမရှာသရွေ့တော့ ငါတို့က ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားပဲလေ”

“အဲ့ဒါကိုသာ ထည့်မတွက်ရင် ကျွန်တော် အခုချက်ချင်း ဆန်းပင်းကို ဟိုဘက်လွှတ်ပြီး အရှေ့မှာ ဆဲခိုင်းလိုက်ချင်တာ” ချန်ကျန့်က သူ၏ပေါင်ကို ပုတ်ကာ အော်ဟစ်လိုက်သည်။

“ပရိယာယ်ကြွယ်တဲ့ ဆရာကြီးနဲ့၊ သစ္စာရှိသူနဲ့ သစ္စာဖောက်ကို ခွဲခြားမြင်တတ်တဲ့ ဒါရိုက်တာကြီးပေါ့ဗျာ!”

ရှန်ယွီသည် စားပွဲကို မှီရင်း အားရပါးရ ရယ်မောလိုက်သော်လည်း၊ နှစ်ချက်ခန့် ရယ်ပြီးသည်နှင့် ခေါင်းကို ပြန်ဖိလိုက်ရသည်။

“အား... ရယ်လိုက်ရင် ခေါင်းပိုကိုက်တယ်”

“ဖုန်းဆက်ပြီးရင် နှိပ်ပေးမယ်နော်” ချန်ကျန့်က ဒါ့လီ၏ နံပါတ်ကို ခေါ်လိုက်သည်။

တစ်ဖက်မှ ဒါ့လီသည် ဖုန်းကို လက်ထဲတွင် ကိုင်ထားပုံရသည်၊ မြည်သည်နှင့် ချက်ချင်းပင် ကိုင်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ချန်ကျန့်။ ဒါရိုက်တာလုက ဘာလို့ ဒီအတိုင်း ပြန်သွားတာလဲ”

ဒါ့လီ၏ အသံတွင် ဇဝေဇဝါဖြစ်မှုနှင့် ဒေါသတို့ ပြည့်နှက်နေသည်။

“ကျွန်တော်လည်း မသိဘူးဗျ” ချန်ကျန့်က ရိုးသားစွာ ပြန်ဖြေသည်။

“ကျွန်တော်တို့ဆိုင်ကို ပတ်ကြည့်တယ်၊ ကွင်းထဲကို ကြည့်တယ်၊ ဧည့်သည်အခြေအနေ မေးသွားတာပဲ ရှိတာ။ ထမင်းစားသွားပါဦးဆိုတာတောင် သူက မနေတော့ဘူးဆိုပြီး ပြန်သွားတာပဲ....”

“မီးပုံပွဲအကြောင်း ဘာမှမပြောဘူးလား”

“မေးခွန်းအချို့တော့ မေးသွားတယ်” ချန်ကျန့်က အသံကို နှိမ့်လိုက်ပြီး

“သူက ဒါတွေကို Social media ပေါ်မှာ မြင်ဖူးတယ်လို့ ပြောတယ်....”

ဒါရိုက်တာလုက ထုတ်ဖော်မပြောသော်လည်း၊ တာယွင်၏ အသားကင်ပွဲ ပုံရိပ်များကို မြင်လျှင် အခြားတည်းခိုခန်းများ၏ ကြိုတင်ကြော်ငြာများကိုလည်း သေချာပေါက် မြင်တွေ့ခဲ့မည် ဖြစ်သည်။

“ငါတို့တင်ထားတဲ့ ကြော်ငြာတွေကို သူ မြင်တာကတော့ သဘာဝကျပါတယ်။ ပြီးတော့ ပွဲတုန်းက လူတွေ အများကြီး ပုံတင်ကြတာဆိုတော့ ဒါတွေကိုလည်း သူ မြင်မှာပေါ့....”

ဒါ့လီသည်လည်း လက်ခံသည့်ပုံစံဖြင့် ပြန်ပြောသည်။

“ဒါရိုက်တာလုက ဒါမျိုးတွေကိုပါ လိုက်ကြည့်တာလား”

“သူက ငယ်သေးတယ်လေ၊ အသက် ၃၀ ကျော်လောက်ပဲ ရှိဦးမှာ ။ ညဘက် အိပ်ခါနီး ဖုန်းကစားတတ်တဲ့ အရွယ်ပဲ ရှိသေးတာလေ”

“.တခြား ဘာမှမရှိတော့ဘူးလား”

“မရှိပါဘူး၊ အားလုံးပဲ ကြိုးစားကြပါလို့ ပြောသွားတယ်”

ဒါ့လီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဇဝေဇဝါ ဖြစ်နေဆဲပင်။

“ဒါပဲလား”

“ကော်ဖီ တစ်ခွက်တော့ သောက်သွားတယ်ဗျ”

“တောက်!”

ဒါရိုက်တာလုက ကျန်သည့်တည်းခိုခန်းများကို မစစ်ဆေးဘဲ ပြန်သွားရသည့် အကြောင်းရင်းကို ဒါ့လီ ရှာမတွေ့နိုင်သဖြင့် တော်တော်လေး စိတ်ပျက်နေပုံရသည်။ သူ ဒေါသထွက်နေသော်လည်း ပေါက်ကွဲစရာ နေရာမရှိသဖြင့်

“ရပါတယ်လေ၊ နောက်မှပဲ အကြောင်းရင်းကို ရှာကြည့်ကြတာပေါ့” ဟုသာ ပြောနိုင်တော့သည်။

“ဟုတ်ကဲ့”

ချန်ကျန့် ဖုန်းချလိုက်ပြီးနောက် အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။ ရှန်ယွီမှာ မျက်လုံးမှိတ်လျက် ကုတင်ခေါင်းရင်းကို မှီထားလေသည်။

“ကျွန်တော် ပြောတာ အဆင်ပြေရဲ့လား”

“ပြေပါတယ်”

“မင်္ဂလာပါ၊ ကျွန်တော်ကတော့ ဒီဆိုင်ရဲ့ တစ်ဦးတည်းသော ကျွမ်းကျင်အနှိပ်သည် ချန်ကျန့် ဖြစ်ပါတယ်။ ဘယ်လိုမျိုး အနှိပ်ခံချင်ပါသလဲခင်ဗျာ” ချန်ကျန့်က ကုတင်ဘေးသို့ လျှောက်သွားရင်း ဆိုလိုက်သည်။

ရှန်ယွီ ပြုံးလိုက်ပြီး ချန်ကျန့်၏ အင်္ကျီကို လှမ်းမကာ ခါးကို လှမ်းစမ်းလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထထိုင်လိုက်သည်။ “မင်း နောက်ကို မှီထားလိုက်၊ ငါ မင်းကို မှီမယ်”

“ကျွန်တော် အဝတ်အစား မလဲရသေးဘူးလေ”

“ငါကတော့ နာလွန်းလို့ သေတော့မယ်၊ မင်းကို ဂရုမစိုက်နိုင်တော့ဘူး။ မဟုတ်ရင်လည်း အကုန်ချွတ်ပြီး တက်ခဲ့လေ”

“မနက်ဖြန်ကျရင်တော့ အိပ်ရာခင်းတွေ လဲရမှာပဲ”

ချန်ကျန့်က ကုတင်ပေါ်သို့ တက်လိုက်သည်။ သူသည် ရှန်ယွီ၏ အနောက်မှနေ၍ ကုတင်ခေါင်းရင်းကို မှီထိုင်လိုက်ပြီး၊ ရှန်ယွီက ချန်ကျန့်၏ ရင်ခွင်ထဲသို့ မှီချကာ မျက်လုံးမှိတ်ထားလိုက်သည်။ ဤအနေအထားမှာ အမှန်အတိုင်း ပြောရလျှင် အနည်းငယ်တော့....။

“မနေ့က အိပ်ရေးမဝလို့လား” ချန်ကျန့် စိတ်ကို ပြန်စုစည်းလိုက်ပြီး ရှန်ယွီ၏ ခေါင်းကို လက်ချောင်းလေးများဖြင့် အသာအယာ နှိပ်ပေးနေမိသည်။

“နည်းနည်းလောက် ပိုဖိပေးပါဦး”

“အင်း”

ချန်ကျန့် အားနည်းနည်း ထည့်လိုက်ပြီး ရှန်ယွီ၏ မျက်ခုံးရိုးတစ်လျှောက်မှသည် နားထင်များ၊ ထိုမှတစ်ဆင့် ခေါင်းထိပ်အထိ လိုက်နှိပ်ပေးနေသည်။

“ဒီလောက်ဆို ရမလား”

“ရတယ်” ရှန်ယွီ သက်ပြင်းအသာ ချလိုက်သည်။

“အိပ်ရေးမဝလို့ မဟုတ်ပါဘူး။ အိပ်ရေးမဝတိုင်းသာ ခေါင်းကိုက်ရရင် တစ်လမှာ ဆယ့်ငါးရက်လောက် ငါ ခေါင်းကိုက်နေမှာပေါ့”

“ဆေးကော အစွမ်းပြရဲ့လား”

“ဒါရိုက်တာလုသာ နာရီဝက်လောက် နောက်ကျမှ ပြန်သွားရင်တော့ ဆေးက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ အချိန်မီသေးတယ်”

“ဒါရိုက်တာလုက ကြည့်ရတာ အဆင်ပြေသားပဲ၊ တော်တော်လည်း ယဉ်ကျေးတယ်”

“အင်း၊ ပြန်ရောက်ရင် ယောင်ယီ့ကို သူ့အကြောင်း မေးကြည့်ရမယ်”

“အခုချိန်မှာတော့ အလုပ်အကြောင်းတွေ မစဉ်းစားတာ ပိုကောင်းမယ် ထင်တယ်”

“ငါက ကိစ္စတွေကို မစီမံရင်လည်း အပြောခံရတယ်၊ စီမံပြန်တော့လည်း အပြောခံရပြန်ရော။ ငါ့ထက်ပိုပြီး ဘယ်သူက ခေါင်းကိုက်ဦးမှာလဲ”

ရှန်ယွီက ညည်းတွားသည်။

ချန်ကျန့် ပြုံးလိုက်ပြီး ရှန်ယွီ၏ ခေါင်းထိပ်ကို ငုံ့နမ်းလိုက်သည်။

“မင်းက တကယ်ကို တော်တာပဲ။ ဒီနေ့သာ မင်း မရှိရင် ငါတို့တွေ ဘယ်လိုဖြစ်သွားမလဲ မသိဘူး။ သူက ဒီကို တစ်ချက်ကြည့်ပြီးတာနဲ့ ဟိုဘက်ဆိုင်တွေကိုပဲ သွားချင်နေမှာ သေချာတယ်”

“တကယ်တော့ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒါရိုက်တာလုကို ငါတို့ ဝိုင်းရိုက်လိုက်ရင်တောင်၊ တစ်ယောက်ယောက် ထောင်ထဲ နှစ်ရက် သုံးရက် သွားနေလိုက်ရုံပဲ။ စီးပွားရေး ဆက်လုပ်ချင်ရင်လည်း လုပ်လို့ ရနေတာပဲဟာ”

“ဟားဟား...မင်းတို့ကတော့ တကယ် ရူးနေကြတာပဲ” ချန်ကျန့် ရယ်မောလိုက်မိသည်။

“ငါက မင်းကို ရပါတယ်လို့ ပြောပြတာပါ၊ ဒါတွေကို အဲ့ဒီလောက်အထိ ခက်ခဲတယ်လို့ မတွေးပါနဲ့” ရှန်ယွီ ပြုံးလိုက်သည်။

“မင်း သရုပ်ဆောင် မတတ်ရင်လည်း ရိုးရိုးသားသားပဲ နေလိုက်ပေါ့။ အများဆုံးတော့ မင်းကို ဉာဏ်နည်းတဲ့ လူအအလေးလို့ပဲ ထင်ကြမှာပါ။ သူတို့က မင်းကို အကျိုးအမြတ်တွေ မပေးရင်တောင်၊ သိပ်ပြီးတော့လည်း ခက်ခဲအောင် လုပ်မှာ မဟုတ်ပါဘူး”

“အင်း”

ရှန်ယွီကို ဤရှုထောင့်မှ ကြည့်ရသည်မှာ ဒါ ပထမဆုံးပင် ဖြစ်သည်။ သူ၏ မျက်တောင်ရှည်ရှည်များနှင့် နှာတံလေးကိုသာ မြင်ရသော်လည်း၊ သူသည် အလွန်ပင် လှပသူဖြစ်ကြောင်း ချန်ကျန့် သိနေသည်။ ပြီးတော့ ခေါင်းကိုက်နေသဖြင့် မျက်လုံးမှိတ်ကာ မျက်မှောင်အနည်းငယ် ကြုတ်ထားသော ရှန်ယွီ၏ ပုံစံမှာ ပို၍ပင်....။

ချန်ကျန့် သူ၏ အတွေးများကို ပြန်ထိန်းလိုက်ပြီး ရှန်ယွီ၏ ခေါင်းကို ဆက်လက် နှိပ်ပေးနေသော်လည်း၊ သူ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေလေသည်။

“ဟေး” ရှန်ယွီက ရယ်မောရင်း ရုတ်တရက် မေးလိုက်သည်။

“မင်း ဘာတွေ တွေးနေတာလဲ”

“ဗျာ” ချန်ကျန့် သူ၏လက်များကို ရပ်လိုက်သည်။

“မင်း တစ်ခုခုနဲ့ ငါ့ကို လာထိုးနေသလိုပဲ”

“အာ!”

ချန်ကျန့် မှင်သက်သွားရသည်။ သူ နောက်သို့ ဆုတ်ချင်သော်လည်း နောက်တွင် ခေါင်းအုံးရှိနေသဖြင့် ဆုတ်စရာ နေရာမရှိပါဘူး။ သူ သက်ပြင်းချလိုက်ရင်း “ခဏနေရင် အဆင်ပြေသွားမှာပါ” ဟု ပြောလိုက်ရသည်။

ရှန်ယွီ ပြုံးသော်လည်း ဘာမှ ထပ်မပြောပါဘူး။

“ခေါင်းကိုက်တာ သက်သာရဲ့လား” ချန်ကျန့် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ညစာ စားတဲ့အထိတော့ နှိပ်ပေးဦး။ အဲ့ဒီအချိန်ဆိုရင်တော့ ဆေးရှိန် တက်လာလောက်ပါပြီ”

“ကျွန်တော်တော့ ဗိုက်မဆာသေးဘူး”

“ဒါပေမဲ့ ငါ ဆာနေပြီလေ”

ချန်ကျန့် ရယ်မောလိုက်မိသည်။

ရှန်ယွီ လက်မြှောက်ကာ ချန်ကျန့်၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး၊ ထိုမှတစ်ဆင့် လည်ပင်းနောက်ဘက်သို့ လက်လှမ်းကာ ချိတ်လိုက်လေသည်။

“ခေါင်းကိုက်နေတာ မဟုတ်ဘူးလား”

ချန်ကျန့် အာရုံလွှဲရန် ကြိုးစားနေသမျှ အားလုံးမှာ ချက်ချင်းပင် အချည်းနှီး ဖြစ်သွားရတော့သည်။ သူ ခေါင်းငုံ့လိုက်သည့်အခါ မိမိ၏ အသက်ရှူသံများ မြန်လာသည်ကို ရှင်းလင်းစွာ ကြားနေရလေသည်။

မင်းကတော့ အပြစ်သားပဲ ချန်ကျန့်ရေ။ အဲ့ဒီလူက ခေါင်းကိုက်နေတာလေ။

“ဆေးရှိန်မတက်ခင် လက်တွေ့နည်းနဲ့ အရင် ကုသကြည့်ရအောင်”

ရှန်ယွီက အသံတိုးတိုးဖြင့် ဆိုလိုက်ပြီး၊ လည်ပင်းကို ချိတ်ထားသော လက်ဖြင့် ချန်ကျန့်ကို ဆွဲငင်လိုက်လေသည်။ ချန်ကျန့် နောက်ထပ် ဘာမှ ထပ်မပြောတော့ပါဘူး။ သူ ရှန်ယွီ၏ မေးစေ့ကို ဆုပ်ကိုင်ကာ နမ်းရှိုက်လိုက်တော့သည်။ ကျန်လက်တစ်ဖက်က ရှန်ယွီ၏ လည်ပင်းမှတစ်ဆင့် အင်္ကျီကော်လာအတွင်းသို့ လျှောဝင်သွားခဲ့သည်။ သူ ထိတွေ့မိသည်မှာ ရှန်ယွီ၏ နှုတ်ခမ်းများကဲ့သို့ပင် ပူလောင်လှသော အရေပြား ဖြစ်လေသည်၊ အသက်ရှူလိုက်တိုင်း သူ၏ လက်ဖဝါးအတွင်း၌ လှုပ်ခတ်နေလေသည်။

တစ်ခါမှ မကြုံဖူးသော ရှုထောင့်၊ စိမ်းသက်မှုများကြားမှ ရင်းနှီးလှသော စူးစမ်းမှုနှင့် ထိတွေ့မှု။ ချန်ကျန့်သည် ပြင်းထန်လှသော မူးဝေနောက်ကျိမှုကိုပင် ခံစားလိုက်ရလေတော့သည်....။

***

ဟူဖန်က စက်ထဲမှနေ၍ ညစာ ဝယ်လာပြီဖြစ်ကြောင်း အကြောင်းကြားသည့် အခါတွင်မှ ချန်ကျန့်သည် ရှန်ယွီကို လွှတ်ပေးလိုက်သည်။ သူသည် ကုတင်ခေါင်းရင်းကို မှီနေပြီး၊ ရှန်ယွီမှာမူ ချန်ကျန့်၏ ဝမ်းဗိုက်ပေါ်တွင် ခေါင်းတင်ကာ မျက်လုံးမှိတ်ထားလေသည်။

“ကျွန်တော် မူးနေပြီ”

“မင်းက ခေါင်းကို ဒီလောက်အထိ ငုံ့ထားပြီး လည်ပင်းကိုလည်း ဖိခံထားတာဆိုတော့ မူးတာ မဆန်းပါဘူး”

ရှန်ယွီက နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးလျက် ဆိုသည်။

“ဖျားနေတာလား” ချန်ကျန့် သတိပြန်ဝင်လာပြီး ရှန်ယွီ၏ နဖူးကို စမ်းကြည့်လိုက်သည်။

“ကြည့်ရတာ ကိုယ်ပူနေသလိုပဲ”

“ငါက ခေါင်းကိုက်ရင် ကိုယ်နည်းနည်း ပူတတ်တယ်” ရှန်ယွီက ချန်ကျန့်၏ လက်ပေါ်သို့ လက်ကို တင်လိုက်ရင်း

“ခဏနေရင် အဆင်ပြေသွားမှာပါ”

“အင်း”

ချန်ကျန့် လက်ချောင်းထိပ်လေးများက ရှန်ယွီ၏ နားထင်ကို အသာအယာ ဆက်လက် နှိပ်ပေးနေမိသည်။

“ညစာ သွားယူလိုက်တော့လေ။ အခုဆို ငါ မှိုသုံးလုံးလောက်တောင် စားနိုင်တယ်”

“ဟုတ်ကဲ့ပါဗျာ” ချန်ကျန့် ရယ်မောရင်း ထရပ်လိုက်သည်။

ဆန်းပင်းတို့ လူစုမှာ ညစာ ဝယ်ရသည်မှာ အလွန် မြန်လှသည်။ အထူးသဖြင့် ဘော့စ်က ကောင်းကောင်းစားချင်သည်ဟု ဆိုလိုက်သည့်အခါ သူတို့၏ အလုပ်နှုန်းမှာ ပို၍ပင် မြန်ဆန်လာခဲ့သည်။ ချန်ကျန့် အောက်ထပ် ဆင်းလာသည့်အခါ မီးဖိုချောင် စားပွဲပေါ်တွင် ထမင်းဘူးတွေ ပုံနေသည်ကို တွေ့ရသည်။

“ဟင်းတွေ အစုံလိုက်မှာတာလား” ချန်ကျန့် လျှောက်သွားကြည့်လိုက်သည်။

“ဘယ်လိုလဲ မန်နေဂျာ” ဆန်းပင်းက ဆိုသည်။

“ဒုတိယလမ်းက အဲ့ဒီဆိုင်လေ၊ သူတို့ရဲ့ နာမည်ကြီး ဟင်းလျာတွေချည်းပဲ မှာထားတာ”

“ကောင်းတာပေါ့။ ဘော့စ်ရှန် အတွက် နည်းနည်းလောက် ခပ်ပေးပါဦး”

“သူ အောက်ဆင်းမစားဘူးလား” ကျောက်ကျဲက မေးသည်။

“သူ ခေါင်းကိုက်နေလို့လေ”

“ဘာလို့ ခေါင်းကိုက်ရတာလဲ” အာဟူက အံ့သြသွားသည်။

“ခုနက ဒါရိုက်တာလုနဲ့ စကားပြောရတာ တအား ပင်ပန်းသွားလို့ ဖြစ်မှာပေါ့ ။ ဒါမျိုးတွေက တအား ပင်ပန်းတာလေ။ အထူးသဖြင့် ပုံမှန်ဆိုရင် အိမ်နီးနားချင်းတွေနဲ့တောင် စကားမပြောချင်တဲ့ ဘော့စ်ရှန်လို လူမျိုးအတွက်ဆို ပိုဆိုးမှာပေါ့”

ဟူဖန့်စကားကြောင့် ဆန်းပင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

“ဒါပေမဲ့ ကျွန်တော် ကြည့်ရသလောက်တော့ သူ စကားတွေ တရစပ် ပြောနေတာပဲလေ၊ ပြုံးရယ်နေတာပဲ မဟုတ်လား”

“အဲ့ဒါကြောင့် သူက တော်တာပေါ့” ဟူဖန်က ဆိုလိုက်သည်။

အာဟူကတော့ တောက်တစ်ချက် ခေါက်လိုက်သည်။

“ဒါတောင် မတော်သေးပါဘူး၊ ခေါင်းကိုက်သွားသေးတယ် မဟုတ်လား”

လောင်စစ်က သူ၏ဘော့စ်ဘက်မှ ကာကွယ်ပြောဆိုသည်။

“ဟုတ်တာပေါ့။ ရှင်သာဆိုရင်တော့ ဒါရိုက်တာနဲ့ ဆယ်မိနစ်လောက် စကားပြောပြီးတာနဲ့ စနိုက်ပါ ထုတ်ပြီး ပစ်သတ်လိုက်မှာပေါ့” ဆွန်နာနာက ဆိုကာ တူတစ်စုံကို ယူ၍ ဟင်းများကို ပန်းကန်ထဲသို့ သေသေချာချာ ပြန်ထည့်နေသည် ။

“ရှင်ကတော့ ခေါင်းကိုက်မှာ မဟုတ်တာ သေချာတယ်”

“ဟေး” ဆန်းပင်းက အသံတိုးတိုးဖြင့် ဆိုသည် ။

“အတည်ပြောတာနော်၊ မြို့နယ်က ကြိုးစားလာတာ နှစ်တွေ ကြာလှပြီ။ အခုမှ အထက်အရာရှိ တစ်ယောက် လာတာလေ။ မင်းတို့ ထင်တာကော ဒီက ခရီးသွားလုပ်ငန်း တကယ်ကြီး အောင်မြင်သွားနိုင်မလား”

“အောင်မြင်ရင် ကောင်းမှာပဲ” လောင်ဝူက ခေတ္တ စဉ်းစားလိုက်သည်။

“တကယ်လို့ အောင်မြင်သွားရင်တော့ ငါ့အဖေကို ပြောလိုက်မယ်၊ ငါ ပညာသင် အလုပ် မလုပ်ချင်တော့ဘူးလို့။ ဒီမှာက တော်တော်လေး ကောင်းတာကိုး”

“ဘယ်သူက မလိုချင်ဘဲ နေမလဲ။ ဒီဒါရိုက်တာလု က အလုပ်လုပ်မယ့်လူ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့”

ဒါရိုက်တာလု အလုပ်လုပ်မလုပ်ကိုတော့ မသိပါဘူး။ ဒါပေမဲ့ ချန်ကျန့် ဦးလေးဒင်ဆီမှ ကြားရသည်မှာ တာယွင်သို့ လာပြီးနောက် တစ်ပတ်အတွင်း ဒါရိုက်တာလုသည် မြို့ထဲသို့ နောက်ထပ် နှစ်ကြိမ် ထပ်မံ ရောက်ရှိလာခဲ့သည်တဲ့။ သူသည် ဦးလေးဒင်ကို အဖော်လိုက်ခိုင်းခြင်း မရှိဘဲ၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့်အတူ လာခဲ့ခြင်း ဖြစ်သည်။ တစ်ခါက တောင်ပေါ်တွင် တစ်ည အိပ်ခဲ့သလို၊ နောက်တစ်ကြိမ်တွင်မူ ဆိုင်ကယ်တစ်စီးဖြင့် ပတ်ဝန်းကျင် ရွာငယ်လေးများဆီသို့ လှည့်လည်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

သို့သော် ဦးလေးဒင် ပြောပြချက်အရဆိုလျှင် နှစ်သစ်ကူး မတိုင်ခင်မှာတော့ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ရှိလာဦးမှာ မဟုတ်သေးပါဘူး။ ဘာမှ မရှိတာကလည်း ကောင်းပါတယ်၊ ရှန်ယွီသည် သူ၏ လက်မှတ်ကို ဝယ်ပြီးသားဖြစ်ကာ ယနေ့မနက်တွင် ထွက်ခွာတော့မည် မဟုတ်ပါလော။ သူ မပြန်လာခင် တစ်ခုခု ဖြစ်လာလျှင်တော့ ချန်ကျန့်အနေဖြင့် ကိုင်တွယ်နိုင်ပါ့မလား စိုးရိမ်မိသည်။

“ဒါပဲလား မင်းရဲ့ ပစ္စည်းတွေက” ချန်ကျန့် ရှန်ယွီ၏ “အိတ်” ကို ကြည့်ကာ မေးလိုက်သည်။ အားကစားအိတ် တစ်လုံးတည်းဖြစ်ပြီး အထဲမှာလည်း ပြည့်မနေပါဘူး။ သူ အားကစားရုံသွားတာတောင် ဒီထက်ပိုပြီး ပစ္စည်းတွေ ပါနေဦးမည် ထင်ရသည်။

“အင်း၊ ငါ ရက်အကြာကြီး နေမှာ မဟုတ်ပါဘူး” ရှန်ယွီက ဆိုသည်။

“ပြီးတော့ ဟို အစုတ်အပြတ် ကားကြီးကိုလည်း စီးရဦးမှာဆိုတော့၊ ပစ္စည်းတွေ အများကြီး သယ်ရတာ အဆင်မပြေဘူးလေ”

“ကျောက်ကျဲ ပေးလိုက်တဲ့ အခြောက်အခြမ်းတွေကော ထည့်ပြီးပြီလား”

“ထည့်ပြီးပြီလေ။ မဟုတ်ရင် ဒီအိတ်ကြီးတောင် လိုမှာ မဟုတ်ဘူး”

“ဖုန်း၊ အားသွင်းကြိုး၊ မုန့်တွေကော ယူဦးမလား....”

ချန်ကျန့် ဘာတွေ ပြောနေမိမှန်း သူကိုယ်တိုင် မသိပါဘူး။ အတိုချုပ် ပြောရလျှင် သူ၏ စိတ်တွေ ရှုပ်ထွေးနေသော်လည်း၊ သူ၏ ပါးစပ်ကတော့ မရပ်ချင်ဘဲ ဖြစ်နေသည်။

“ချန်ကျန့်”

ရှန်ယွီ လျှောက်လာပြီး ချန်ကျန့်၏ ရှေ့တွင် အနီးကပ် ရပ်လိုက်သည်။ သူ၏ အသက်ရှူသံမှာ ချန်ကျန့်၏ မျက်နှာကို လာပြီး ထိတွေ့နေလေသည်။

“ဗျာ”

“ငါက ရက်ပိုင်းလောက်ပဲ သွားမှာလေ။ ဘာမှ မယူသွားလည်း ရပါတယ်” ရှန်ယွီက ဆိုသည်။

“အာ”

“ငါ့ဆီ စာပို့ဦးနော် ။ အလုပ်ကိစ္စတွေ သတင်းပို့စရာ မလိုဘူး၊ အပိုစကားတွေပဲ လာပြောပေး”

“အင်း”

“ငါ စာပို့တဲ့ အခါကျရင်လည်း ‘အိုကေ’၊ ‘အင်း’၊ ‘အော်’ ဆိုတာမျိုးတွေချည်းပဲ ပြန်မပို့နဲ့ဦး ။ ငါ့လက် ဒဏ်ရာရနေတုန်းကတောင် စာရိုက်တာ အဲ့ဒီလောက်ထိ မတိုပါဘူး”

ချန်ကျန့် ရယ်မောလိုက်မိသည် ။

“သိပါပြီဗျာ”

ရှန်ယွီ ချန်ကျန့်ကို ဖက်လိုက်ပြီး၊ နားရွက်လေးကို အသာအယာ ကိုက်လိုက်သည်။ ချန်ကျန့်သည်လည်း ရှန်ယွီ၏ လည်ပင်းကြားသို့ မျက်နှာဝှက်ထားလိုက်မိသည်။

“ငါ နည်းနည်းတော့ ကြောက်နေတယ်” ရှန်ယွီက ဆိုသည်။

ချန်ကျန့် ခေတ္တမျှ မှင်သက်သွားပြီးနောက်၊ ဖက်ထားသော လက်ကို ပို၍ တင်းကျပ်လိုက်သည်။

“မကြောက်ပါနဲ့။ သူတို့တွေ မင်းကို တအား လွမ်းနေကြမှာပါ၊ ဒါကိုပဲ သိထားလိုက်။ ကျန်တာတွေ စိတ်မပူနဲ့။ သူတို့ကို မတွေ့ရတာ နှစ်တွေ အကြာကြီး ရှိပြီပဲဟာ။ ဒါသာ ငါ့သားဆိုရင်တော့၊ သူက ဝက်တစ်ကောင် ဖြစ်နေရင်တောင် ငါကတော့....”

“ဟေး…နှစ်သိမ့်တာကတော့ ဟုတ်ပါပြီ၊ ဘာလို့ လူကို လာဆဲနေတာလဲ”

“ကျွန်တော်... ကျွန်တော် စိတ်တွေ ရှုပ်နေလို့ပါ၊ သေသေချာချာကြီး လိုက်နားမထောင်ပါနဲ့”

“ငါ သိပါတယ်”

ရှန်ယွီ၏ လက်က ချန်ကျန့်၏ အင်္ကျီအောက်သို့ လျှောဝင်သွားပြီး ကျောပြင်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပေးလိုက်သည်။ ချန်ကျန့်နှင့် နှိုင်းယှဉ်လျှင် တာယွင်က ဝန်ထမ်းတွေကတော့ ပိုပြီး တည်ငြိမ်နေကြသည်။ ဘာပဲဖြစ်ဖြစ် ဘော့စ် အိမ်ပြန်တာ ဒါ ပထမဆုံးမှ မဟုတ်တာလေ။

“ငါ လိုက်ပို့ပေးရမလား” အာဟူက ဇဝေဇဝါ ဖြစ်နေသည် - “ဟိုကားကြီးက စီးရတာ တအား နေရခက်တာလေ။ ငါ ကားဂိတ်အထိ လိုက်ပို့ပေးလို့ ရပါတယ်”

“မလိုပါဘူး” ရှန်ယွီက ချန်ကျန့်၏ ဆိုင်ကယ်နောက်တွင် ခွထိုင်ရင်း ဆိုသည် ။

“ဒီရက်ပိုင်း အလုပ်တွေ တအား များနေတာလေ။ ဧည့်သည်တွေ များရင် ပြဿနာလေးတွေကလည်း ရှိတတ်တာပဲ။ တည်းခိုခန်းမှာ တစ်ယောက်ယောက်တော့ အရာရာကို ထိန်းချုပ်ဖို့ ကျန်ခဲ့မှ ဖြစ်မယ်”

“အဲ့ဒါလည်း ဟုတ်သားပဲ” အာဟူ ရုတ်တရက် တည်ကြည်သွားသည်။ သူ ပြန်စဉ်းစားပြီးမှ ထပ်ပြောပြန်သည် ။

“ဒါဆို နာနာ့ကို လိုက်ပို့ခိုင်းရင်ကော။ သူလည်း လိုင်စင်ရှိတာပဲဟာ”

“ရှင်တော့ ရူးနေပြီ” ဆွန်နာနာ ကော်ဖီခွက်ကို ကိုင်ကာ အပြင်ထွက်လာရင်း ဆိုသည်။

“ရှင်တောင် မောင်းပို့လို့ မရတာကို၊ သူက ငါလို မိန်းကလေးတစ်ယောက်ကို မောင်းပို့ခိုင်းပါ့မလား။ လျှောက်ပြီး စိတ်ပူမနေစမ်းပါနဲ့”

ရှန်ယွီ ပြုံးသော်လည်း ဘာမှ ထပ်မပြောပါဘူး။

ချန်ကျန့် ဆိုင်ကယ်ကို အမြန်နှိုးကာ ထွက်ခွာလာခဲ့သည်။ လွန်ခဲ့တဲ့ တစ်ခေါက်က လမ်းဆုံမှာ ကားစောင့်တုန်းက ဘာတွေ ခံစားခဲ့ရလဲဆိုတာ သူ သိပ်မမှတ်မိပါဘူး။ ဒီတစ်ခေါက်လည်း သူ မှတ်မိမှာ မဟုတ်တာ သေချာပါသည်။ ဘာလို့လဲဆိုတော့ အခု သူ၏ ခေါင်းထဲတွင် စကားလုံး တစ်လုံးတည်းသာ ရှိနေသောကြောင့် ဖြစ်သည် ။ “ရှုပ်ထွေးမှု”။ ရှန်ယွီကို မပြန်စေချင်သလို၊ တစ်ဖက်မှာလည်း ရှန်ယွီတစ်ယောက် တကယ်ကြီး မပြန်တော့မှာကိုလည်း သူ စိုးရိမ်မိသည်လေ။

ရှန်ယွီ ကားမှတ်တိုင် ဆိုင်းဘုတ်ကို မှီရပ်ရင်း၊ ဖုန်းမြှောက်ကာ ချန်ကျန့်ပုံအချို့ ကိုရိုက်လိုက်သည်။ ထို့နောက် မေးစေ့လှုပ်ပြသည် ။

“ဒီကို လာဦး”

“အင်း”

ချန်ကျန့် လျှောက်သွားလိုက်သည်။ ရှန်ယွီ ချန်ကျန့်၏ ပုခုံးကို ဖက်လိုက်ပြီး ဖုန်းကို မြှောက်လိုက်သည် ။

“အမူအရာလေး တစ်ခုလောက် လုပ်ပြဦး”

ချန်ကျန့် မျက်နှာပြင်ပေါ်က ရှန်ယွီကို ကြည့်ပြီး ပြုံးပြလိုက်သည်။

“မင်း ပြုံးလိုက်ရင် တကယ် ချစ်ဖို့ကောင်းတယ်”

ရှန်ယွီက ဆိုကာ ခလုတ်ကို နှိပ်လိုက်ပြီး ဓာတ်ပုံကို ငုံ့ကြည့်နေသည်။

“ပြန်ရောက်ရင် ယွဲ့လန် လာကြိုမှာလား”

“လျူဝူ လာကြိုမှ။ သူတို့ ကျောင်းပိတ်ထားတယ်လေ။ ငါ ပြန်လာတာကို သူ လာကြိုခွင့် မရရင်တော့၊ ကြိုးတစ်ချောင်းယူပြီး ငါ့လည်ပင်းမှာ လာဆွဲနေမှာ သေချာတယ်”

ချန်ကျန့် ရယ်မောလိုက်မိသည်။

“ကားပေါ်မှာ ငါ တစ်ရေးလောက် အိပ်ဖြစ်မယ် ထင်တယ်။ ငါက ကားပေါ်ဆို အိပ်ပျော်တတ်တယ်လေ။ ရောက်ရင် စာပို့လိုက်မယ်နော်”

“အင်း”

ကားလာမည့် လမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။ လမ်းအဆုံးမှာ ကားကြီး ရောက်လာတာကို မြင်လိုက်ရသည်။ သူ မနေနိုင်ဘဲ တိုးတိုးလေး ဆဲလိုက်မိသည် ။

“တောက်! ဒီနေ့ကျမှ ဘာလို့ ဒီလောက် အချိန်မှန်နေရတာလဲ”

ရှန်ယွီ သူ့ကို ပြုံးလျက် ကြည့်လိုက်ပြီး၊ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ၊ အနားသို့ တိုးလာပြီး ချန်ကျန့်၏ နှုတ်ခမ်းထောင့်ကို တစ်ချက် နမ်းလိုက်လေသည်။

နှစ်သစ်ကူး နီးနေပြီဖြစ်သဖြင့် ကားပေါ်တွင် ပုံမှန်ထက် ပို၍ လူစည်ကားနေလေသည်။ တံခါးပွင့်သွားသည့် အခိုက်အတန့်တွင် ရှန်ယွီတစ်ယောက် နောက်ကို ပြန်လှည့်ပြီး၊ ချန်ကျန့်ကိုပဲ ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းတော့မလားလို့တောင် တွေးလိုက်မိသည်။ သို့သော် သူ စိတ်ကို ထိန်းလိုက်ပြီး၊ အံကြိတ်ကာ ကားပေါ်သို့ တိုးဝှေ့တက်သွားခဲ့တော့သည်။

သူ ဤနှုတ်ဆက်ခြင်း လုပ်ငန်းစဉ်ကို မြန်မြန် အဆုံးသတ်ရမည်။ ချန်ကျန့်၏ မျက်နှာပေါ်တွင် မသက်မသာ ဖြစ်နေမှုများ အထင်အရှား ပေါ်လွင်နေသည် မဟုတ်ပါလော။ ထပ်ပြီး အချိန်ဆွဲနေလျှင်တော့ ထိုကလေး ရှေ့တင် ငိုချတော့မှာကို သူ စိုးရိမ်မိသည်။ ရှန်ယွီကိုယ်တိုင်လည်း နှုတ်ဆက်ရခြင်းကို လုံးဝ မနှစ်သက်ပါဘူး။ ဘယ်လိုပဲ နှုတ်ဆက်နှုတ်ဆက် ပုံစံကတော့ အတူတူပါပဲ။ ရန်သူကို သေတွင်းထဲ ပို့တာ မဟုတ်ရင်တော့၊ အမြဲတမ်း နှုတ်ဆက်ခံရတဲ့လူက ကျန်ရစ်ခဲ့ပြီး၊ တစ်ဖက်လူ ထွက်ခွာသွားတာကို ငေးကြည့်နေရစမြဲ မဟုတ်ပါလား....။

ချန်ကျန့်သည် မီးခိုးတန်းကြီးကို ချန်ထားခဲ့ပြီး လမ်းအဆုံးမှာ ပျောက်ကွယ်သွားတဲ့ ကားကြီးကို ငေးကြည့်နေမိပြီးမှ၊ ဆိုင်ကယ်ပေါ်သို့ ပြန်တက်လိုက်သည်။

ခရီးသွားလုပ်ငန်း တိုးတက်စေချင်ရင်တော့ ဒီလမ်းကို အရင်ပြင်ရမှာပဲ....

သူ ဆိုင်ကယ်စက်နှိုးလိုက်စဉ်မှာပင်၊ လီဗာမဆွဲရသေးမီမှာပင် သူ၏ ဖုန်းက တုန်ခါလာခဲ့သည်။ သူ ဖုန်းထုတ်ကြည့်လိုက်ရာ ရှန်ယွီဆီမှ စာတစ်စောင် ဝင်လာခြင်း ဖြစ်သည်။

[ချန်ယွီလော့ယန့်] - ထိုင်စရာ နေရာတောင် မရှိတော့ဘူး။ ငါ အခု ဆန်အိတ်တစ်အိတ်ပေါ်မှာ ထိုင်နေရတာ။

ချန်ကျန့်မှာ မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်မိတော့သည်။

တစ်ခုခုက ပိတ်ဆို့ထားသလို၊ လေထဲမှာ ဘာကိုမှ ဆုပ်ကိုင်ထားလို့ မရသလို ခံစားနေရတဲ့ ခံစားချက်ကြီးမှာ ထိုရယ်သံနှင့်အတူ ရုတ်တရက် ပြယ်လွင့်သွားခဲ့လေပြီ။

NEXT



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...