Skip to main content

74








အပိုင်း (၇၄)

[ချန်ယွီလော့ယန့်] : ဟိုဆန်အိတ်ကို ဝယ်ပြီး ပြန်ပို့ဖို့တော့ မစဉ်းစားနဲ့ဦးနော်။

[Fa Dan Ke Chen] : တကယ်တော့ ငါမေးကြည့်ပြီးပြီ၊ ဒီဆန်က တအားမွှေးတာပဲ။

[ချန်ယွီလော့ယန့်] : ရွာထဲမှာလည်း ဆန်ဝယ်လို့ရပါတယ်!!! ငါတို့ မီးဖိုချောင်ထဲက ဆန်နံ့ကိုတောင် မင်းတစ်ခါမှ မနမ်းဖူးဘဲနဲ့ ငါတို့ဆန်က မမွှေးဘူးလို့ ဘယ်လိုလုပ်သိတာလဲ!!!

[Fa Dan Ke Chen] : သိပါပြီ၊ မဝယ်ခဲ့ပါဘူး။ တစ်ယောက်ယောက်က ကြိုမှာထားတာတဲ့၊ အိမ်အရောက်ပို့ရမှာ။

ရှန်ယွီ ပြုံးလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် ဖုန်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“မင်းဖုန်း... မင်းဖုန်း” ဟု ဆန်အိတ်ပိုင်ရှင်က သူ၏ခြေရင်းကို ညွှန်ပြရင်း ပြောသည်။

“အား... ကျေးဇူးပါ” ရှန်ယွီ ခက်ခက်ခဲခဲနှင့် ဖုန်းကို ကောက်ယူလိုက်ရသည်။

“ဘောင်းဘီအိတ်ထဲ မထည့်နဲ့၊ အင်္ကျီအတွင်းအိတ်ထဲ ထည့်ထား။ မဟုတ်ရင် သူက နောက်တစ်ခါ အပြင်ထွက် လည်ပတ်ချင်နေဦးမယ်”

“ဟုတ်ကဲ့”

ဆန်အိတ်ပိုင်ရှင်က အကြံပေးချက်အတိုင်း ရှန်ယွီ ဖုန်းကို သူ၏ ဂျာကင်အတွင်းအိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ဆန်အိတ်ပိုင်ရှင်မှာ စကားပြောအလွန်ဝါသနာပါသော အဒေါ်ကြီးတစ်ဦးပင်။ ဖုန်းကောက်ပေးရာမှတစ်ဆင့် သူမသည် စကားဝိုင်းကို ချက်ချင်း စတင်တော့သည်။ ရှန်ယွီက မြို့ငယ်လေးတွင် အလုပ်လုပ်သည်ဟု သိလိုက်ရသည့်အခါ သူမ၏ တစ်ကိုယ်တော် ဟောပြောပွဲမှာ စတင်လေတော့သည်။ မြို့ကလေး၏ အတိတ်နှင့် ပစ္စုပ္ပန် အကြောင်းအရာများကို ရှန်ယွီ၏ ဦးနှောက်ထဲသို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ပုံစံမျိုးဖြင့် အတင်းရိုက်သွင်းနေတော့သည်။

သူသာ သူမ၏ ဆန်အိတ်ပေါ်တွင် ထိုင်မနေခဲ့လျှင်၊ ဤမျှလောက် ပျင်းစရာကောင်းပြီး တည့်တိုးဆန်လှသော စကားများကို နားမထောင်ဘဲ နားကြပ်တပ်ထားလိုက်မိမှာ သေချာသည်။

ကံကောင်းထောက်မစွာဖြင့် ဘေးနားတွင် နောက်ထပ် အဒေါ်ကြီးတစ်ဦး ရှိနေသေးသည်။ ရှန်ယွီ လက်လျှော့တော့မည့် အချိန်တွင်ပင် “ချွေးမ” ဆိုသည့် စကားလုံးကြောင့် နောက်ထပ် အဒေါ်ကြီးက စကားဝိုင်းထဲသို့ ဝင်လာခဲ့သည်။ ရှန်ယွီ ချက်ချင်းပင် မျက်လုံးမှိတ်ကာ နောက်က တိုင်ကို မှီပြီး အိပ်ချင်ဟန် ဆောင်လိုက်တော့သည်။

“အို... ငါ့ချွေးမလည်း အတူတူပါပဲအေ။ အခုခေတ် မိန်းကလေးတွေက ဘာအလုပ်မှ မလုပ်တတ်ကြဘူး၊ တစ်နေကုန် ကုတင်ပေါ်မှာ လှဲပြီး ဖုန်းပဲ ထိုင်ကြည့်နေကြတာ....”

“ဒါဆို အန်တီ့သားကော”

“သူတို့နှစ်ယောက် အတူတူ လှဲနေကြတာပေါ့!”

အဒေါ်ကြီးက ဒေါသတကြီး ဆဲဆိုတော့သည်။ ဒုတိယ အဒေါ်ကြီး ပါဝင်လာသည့်အခါမှ စကားဝိုင်းမှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ရှန်ယွီ မအောင့်နိုင်ဘဲ ပြုံးလိုက်မိသည်။

“ဒါဆိုရင်တော့ ဟိုမိန်းကလေးကိုပဲ ပျင်းတယ်လို့ အပြစ်တင်လို့ မရဘူးပေါ့ ။ အန်တီ့သားကလည်း ပျင်းတာပဲဟာ။ နှစ်ယောက်လုံး ပျင်းနေကြတာပေါ့”

“အခုခေတ် လူငယ်တွေ အကုန်လုံးက ပျင်းကြတာပဲ!”

ဒုတိယ အဒေါ်ကြီးက ဆက်လက် ပေါက်ကွဲနေတော့သည်။

အဲ့ဒါတော့ မဟုတ်လောက်ပါဘူး။ ငါတို့ မန်နေဂျာက မပျင်းပါဘူး။ သူ တာယွင်မှာ အလုပ်စဝင်ကတည်းက အနားယူချိန်တွေ အကုန်ပေါင်းလိုက်ရင်တောင် ပိတ်ရက် နှစ်ပတ်စာ မပြည့်ပါဘူး....

ကားပေါ်က ဆင်းလိုက်သည့်အခါ ရှန်ယွီသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ဖိသိပ်ခံထားရသလို ခံစားလိုက်ရသည်။ သူသည် လမ်းဘေးတွင် ခေတ္တမျှ ရပ်နေပြီးမှ ကိုယ်လက်များကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရသည်။

သူ၏ ဖုန်းမှာ တုန်ခါလာခဲ့သည်။ ချန်ကျန့်က အချိန်ကိုက် စာပို့လိုက်သည်ဟု သူ ထင်လိုက်သော်လည်း၊ စာဝင်လာသည်မှာ သူ၏ "အလုပ်အကောင့်" ထဲသို့ ဖြစ်နေသည်။

[လျူဝူ] : ကားပေါ်မှာလား။

[ရှန်ယွီ] : မဟုတ်ဘူး။

[လျူဝူ] : ကျွန်တော် ဂိတ်မှာ ရောက်နေပြီ။

ရှန်ယွီ ဤစာကို မြင်သည့်အခါ မှင်သက်သွားရပြီး သူ ရထားလွဲသွားသလားဟု အချက်အလက်များကို ပြန်စစ်ကြည့်လိုက်မိသည်။

[လျူဝူ] : ကားပိတ်တဲ့ အချိန်နဲ့ တိုးမှာစိုးလို့ စောစော လာထားတာ။

ရှန်ယွီ သူ့ဆီ အသံဖိုင် တိုက်ရိုက် ပြန်ပို့လိုက်သည်။

“နှစ်နာရီခွဲတောင် စောနေတာပဲလား ။ ဘာလို့ လက်မှတ်တစ်စောင် ဝယ်ပြီး ငါ့ဆီ လာမကြိုလိုက်တာလဲ”

[လျူဝူ] : နောက် ၂၀ မိနစ်နေရင် ထွက်မယ့် ရထား ရှိတယ်၊ ဒါပေမဲ့ မမီတော့ဘူး။

[ရှန်ယွီ] : သွားစမ်းပါ။

ရှန်ယွီသည် လျူဝူ၏ စိတ်လှုပ်ရှားမှုများ ကူးစက်ခံလိုက်ရပုံရသည်။ အမြဲတမ်း နောက်ဆုံးမှ ရထားပေါ် တက်လေ့ရှိသော ရှန်ယွီသည် ယနေ့တွင်တော့ Business class လမ်းကြောင်းမှ ပထမဆုံးအကြိမ် တက်ခဲ့သည်။ သူ ရထားပေါ် ရောက်ပြီဖြစ်ကြောင်း ချန်ကျန့်ဆီ စာပို့လိုက်ပြီး၊ ရထားဝန်ထမ်းအား - “ကျွန်တော် ဘာမှ မလိုပါဘူး၊ ရောက်ခါနီးမှ နှိုးပေးပါ” ဟု မှာကြားလိုက်သည်။

အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ အကယ်၍ ထိုနေ့က ဒါရိုက်တာလု မလာခဲ့ရင်တောင်မှ သူ၏ ခေါင်းကိုက်ဝေဒနာမှာ အချိန်တန်လျှင် ပေါ်လာမှာ သေချာပါသည်။ အခုတော့ ရထားပေါ်က ဒီနှစ်နာရီကို အိပ်ရေးဝအောင် အသုံးချရမည် မဟုတ်ပါလား။

ချန်ကျန့်ဆီမှ စာပြန်ဝင်လာသည်။ ၎င်းမှာ မှိုလေး သူ၏ အိမ်လေးထဲတွင် တခွေခွေ အိပ်ပျော်နေသည့် ပုံဖြစ်လေသည်။

“ခွေးလေး အိပ်မွေ့ချဂါထာ”

ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ ထိုင်ခုံကို အနေအထား ပြင်လိုက်ပြီး၊ နားကြပ်တပ်ကာ ဖုန်းထဲမှ သဘာဝအသံ အချို့ကို ဖွင့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ရထားဆိုက်ရောက်သည့်အခါ ဝန်ထမ်း လာနှိုးစရာ မလိုပါဘူး၊ လျူဝူဆီမှ ဖုန်း တန်းဝင်လာခြင်း ဖြစ်သည်။

“ရောက်ပြီလား အစ်ကို”

“မင်း ထွက်ပေါက်မှာ စောင့်နေတာ နှစ်နာရီ ရှိပြီလေ။ ဟိုမှာ ပြသထားတဲ့ မျက်နှာပြင် အကြီးကြီး ရှိတာပဲ၊ ငါ ရောက်မရောက် မမြင်ဘူးလား”

သူ နှစ်နာရီပင် မပြည့်အောင် အိပ်ခဲ့ရသော်လည်း၊ ဆယ်မိနစ်လောက် အိပ်လိုက်ရရုံနှင့်ပင် သူ၏ မနက်ခင်း စိတ်တိုတတ်သော ဒေါသကို ထုတ်ဖော်နိုင်သေးသည်လေ။

“အိပ်နေတာ မဟုတ်လား”

“အိပ်တာ မဟုတ်ဘူး၊ ပြေးနေတာ ။ နောက် ၁၀ မိနစ်နေရင် ဆင်းလာမယ်၊ စောင့်နေ”

“မြောက်ဘက် ထွက်ပေါက်နော်၊ မှားမသွားနဲ့ဦး”

“အင်း”

ရှန်ယွီ သက်ပြင်းချရင်း ဖုန်းချလိုက်သည်။ ထို့နောက် ချန်ကျန့်ဆီ စာပို့လိုက်သည်။

[ရှန်ယွီ] : ရောက်တော့မယ်၊ လျူဝူ ထွက်ပေါက်မှာ စောင့်နေပြီ။

[ချန်လေး] : အိပ်လိုက်သေးလား။

[ရှန်ယွီ] : အိပ်တယ်လေ။ အခုတော့ အားအင်တွေ ပြည့်နေလို့ လျူဝူကို ရှစ်ခါလောက် ဆဲလို့ ရတယ်။

[ချန်လေး] : ဆင်းရင် အိမ်ကို တန်းသွားမှာလား။

[ရှန်ယွီ] : မသိသေးဘူး၊ လျူဝူနဲ့ တွေ့မှ အခြေအနေ ကြည့်ရမှာပဲ။ သူ ငါ့မိဘတွေကို ပြောထားလား မသိဘူးလေ။

[ချန်လေး] : အင်း။

စာပို့ပြီးမှ ရှန်ယွီ အရင်က မှာထားတာကို သတိရသွားပုံရသဖြင့် ချန်ကျန့် နောက်ထပ် တစ်ကြောင်း ထပ်ပို့လာသည်။

[ချန်လေး] : မကြောက်နဲ့နော်။

စာလုံးတစ်လုံး ပိုလာခဲ့ပြီ။

[ရှန်ယွီ] : အိမ်ရောက်ရင် ညနေပိုင်းအထိ မင်းဆီ စာမပို့နိုင်ရင် မပို့နိုင်ဘူးနော်။

[ချန်လေး] : အင်း၊ ဟုတ်ကဲ့။

ဤမျှလောက် အတင်းညှစ်ထုတ်ထားရသော စာလုံးအရေအတွက်ကို ကြည့်လျှင် သူသည် “ဟုတ်ကဲ့”၊ “အင်း”၊ “အော်” ဆိုတာတွေကို တစ်ခါတည်း ပေါင်းပို့လိုက်တာကမှ ပိုကောင်းဦးမည်။

ရထားပေါ်က ဆင်းလိုက်သည့်အခါ ရှန်ယွီ၏ စိတ်ထဲတွင် အကြာကြီး ခွဲခွာခဲ့ရသူတို့၏ လွမ်းဆွတ်မှုမျိုး မရှိပါဘူး။ စိုးရိမ်ပူပန်မှုများသာ တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည်။ လျူဝူကို မြင်လိုက်ရသည့် အခါမှသာ သူ အနည်းငယ် စိတ်အေးသွားရသည်။

လျူဝူက ပျံသန်းတော့မည့် ငှက်တစ်ကောင်လို လက်မောင်းများကို ဖြန့်ပြီး သူ့ဆီသို့ အပြေးလာသည့်အခါ၊ ရှန်ယွီသည်လည်း လက်မောင်းများကို ဖြန့်ကာ လျူဝူကို ဖက်ထားလိုက်သည်။ သူသည် လျူဝူ၏ ကျောကို ပုတ်ပေးရင်း

“ငါတို့ ခွဲနေကြတာ မကြာသေးပါဘူး၊ အရမ်းကြီး စိတ်မလှုပ်ရှားစမ်းနဲ့”

“လမ်းခရီး ပင်ပန်းလား”

လျူဝူက ရှန်ယွီ၏ ပုခုံးပေါ်က အိတ်ကို လှမ်းယူပေးသည်။

“လမ်းတစ်လျှောက်လုံး အိပ်လာတာပဲကို၊ ဘယ်လိုလုပ် ပင်ပန်းမှာလဲ”

“ကျွန်တော် ပြန်လာတုန်းကတော့ အိပ်လွန်းလို့ ကျောတွေတောင် နာတယ်။ သုံးရက် ရှိပြီ၊ အခုထိ မသက်သာသေးဘူး”

“အဲ့ဒါ မင်းက မနက်ကနေ ညအထိ အိပ်နေလို့ပေါ့”

“မဟုတ်ပါဘူးဗျာ!ကျွန်တော် ပြန်ရောက်ကတည်းက ပါတီတွေ တောက်လျှောက် သွားနေတာ! နေ့တိုင်း ပါတီပဲ!”

ရှန်ယွီ ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောပါဘူး။ ဘူတာထွက်ပေါက်မှ ကားပါကင်အထိ ငါးမိနစ် ခြောက်မိနစ်ခန့် လမ်းလျှောက်စဉ်အတွင်း လျူဝူမှာ စိတ်လှုပ်ရှားစွာဖြင့် တောက်လျှောက် ပြောနေတော့သည်။ကျောင်းအကြောင်း၊ အိမ်ပြန်ရောက်မှ ဆုံဖြစ်တဲ့ သူငယ်ချင်းတွေအကြောင်းပေါ့....။

သို့သော် သူသည် မိသားစုအကြောင်း တစ်လုံးမှ မဟပါဘူး။ ရှန်ယွီ၏ ယခုခရီးစဉ် အစီအစဉ်ကိုလည်း မမေးမြန်းပါဘူး။ လျူဝူသည် ရှန်ယွီ အိမ်ပြန်ဖို့ စဉ်းစားနေမှန်း သိထားသော်လည်း၊ သူ၏ စရိုက်အရဆိုလျှင် ၎င်းကို တရစပ် မေးနေရမည် မဟုတ်ပါလော။ သို့သော် လျူဝူကတော့ တစ်ခွန်းမှ မမေးပါဘူး။ ၎င်းမှာ သိသာလွန်းလှသော ရှောင်လွှဲမှုတစ်ခုပင် ဖြစ်သည်။

တစ်ခုခုတော့ မှားနေပါပြီ။

သို့သော် ရှန်ယွီလည်း မမေးပါဘူး။ အချို့သော ပတ်သက်မှုများသည် သံချေးတက်နေသော ခလုတ်များကဲ့သို့ပင်၊ လှည့်ရန် အလွန်ခက်ခဲလှသည် မဟုတ်ပါလား။ သူလည်း လှည့်ရန် မရဲပါဘူး။ ထို့ကြောင့် သူသည်လည်း လျူဝူနှင့်အတူ သိသာလွန်းလှသော နည်းလမ်းဖြင့် အချိန်ဆွဲနေမိသည်။ ကားထဲရောက်ပြီး စက်နှိုးပြီးသည့် အခါမှသာ လျူဝူက ထပ်ပြီး အချိန်ဆွဲလို့ မရတော့မှန်း သိသဖြင့် နောက်ဆုံးတွင် စကားစလိုက်တော့သည်။

“ကျွန်တော့်အိမ်ကို အရင် သွားရအောင် အစ်ကို”

“ဘာလို့လဲ” ရှန်ယွီက မေးသည်။

“အခုချိန်မှာ အစ်ကို့အိမ်မှာ လူမရှိလို့ပါ”

“ငါ အသက်ဘယ်လောက်ရှိပြီလဲ”

“၂၆ လေ၊ နှစ်သစ်ကူးပြီးရင်တော့ ၂၇ ပေါ့၊ ဒါပေမဲ့ အစ်ကို့ မွေးနေ့ မရောက်သေးဘူးဆိုတော့....”

“အသက် ၂၆ နှစ်ရှိတဲ့ လူတစ်ယောက်က အိမ်မှာ တစ်ယောက်တည်း မနေနိုင်ဘူးလား”

“အိုကေ... အစ်ကိုကလည်း ပတ်ချာလည် ရိုက်နေတာပဲ....” လျူဝူ သက်ပြင်းချလိုက်သည်။

ရှန်ယွီ ကားမှန်အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီးမှ သူ့ဘက်ကို ပြန်လှည့်ကြည့်သည် ။

“ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါ”

တက္ကသိုလ် တစ်နှစ်တက်ပြီးနောက် လျူဝူမှာ တော်တော်လေး ရင့်ကျက်လာပုံရသည်။ ဤအခိုက်အတန့်တွင် ရှန်ယွီ၏ စကားကို ကြားရသည့်အခါ သူ တိတ်ဆိတ်သွားသည်။ ရှေ့သို့သာ စိုက်ကြည့်ရင်း လက်က စတီယာရင်ပေါ်တွင် တောက်တောက်နှင့် ခေါက်နေလေသည်။ ခဏအကြာတွင် သူ သက်ပြင်းချကာ ကားစက်ကို ပြန်သတ်လိုက်သည်။ ထို့နောက် ဘေးသို့ လှည့်ကာ ရှန်ယွီကို ကြည့်လိုက်သည် ။

“အစ်ကို”

“ဒီလိုမျိုး နက်ရှိုင်းတဲ့ အမူအရာမျိုးကို ဘယ်မိန်းကလေးရှေ့မှာမှ မလုပ်ပြရသေးဘူး မဟုတ်လား”

ရှန်ယွီ သူ့ကို စိုက်ကြည့်သည်။

“ဗျာ?” လျူဝူ ကြောင်သွားသည်။

“နည်းနည်းလောက် ထပ်ပြီး လေ့ကျင့်ပါဦး၊ အခုတော့ သရုပ်ဆောင်တာ နည်းနည်း လွန်နေသလိုပဲ”

“ကျွန်တော် သရုပ်ဆောင်နေတာ မဟုတ်ပါဘူး!” လျူဝူ အော်ဟစ်လိုက်သည်။

“ကျွန်တော် တကယ်ကို တုံ့ဆိုင်းနေလို့ပါ။ အမေက အစ်ကို့ကို မပြောနဲ့လို့ မှာထားတာလေ”

“အင်း” ရှန်ယွီ ခေါင်းညိတ်ပြသည် ။

“အဲ့ဒါမှ ဟုတ်တာပေါ့။ မြန်မြန်ပြောစမ်းပါ။ ငါ့လက်နဲ့ မတွေ့စေနဲ့ဦး။ အားလုံးက ချစ်ခင်တဲ့ မိသားစုဝင်တွေ ဖြစ်နေကြတာ ပိုကောင်းတယ်မလား”

“အဒေါ်က ဆေးရုံမှာ ရောက်နေတယ်” လျူဝူ အံကြိတ်ကာ ပြောလိုက်သည် ။

“အစ်ကိုသာ နောက်ထပ် ရက်ပိုင်းလောက် နောက်ကျပြီးမှ ပြန်လာရင်၊ သူ ဆေးရုံကတောင် ဆင်းသွားလောက်ပြီ”

ရှန်ယွီသည် သူ၏ နှလုံးခုန်သံမှာ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး၊ ထို့နောက်တွင်မူ ရင်တုန်မှုများ တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာတော့သည်။

“ဆေးစစ်တာပါ၊ စိတ်မပူပါနဲ့။ သူက လတိုင်း ဆေးစစ်ဖို့နဲ့ ကုသမှု ခံယူဖို့ ဆေးရုံသွားရတာလေ” လျူဝူက စကားကို အမြန် ဆက်ပြောလိုက်သည် ။

“အခုတော့ သူ အဆင်ပြေနေပါပြီ....”

“သူ ဘာဖြစ်တာလဲ။ မင်း စကားပြောရင် လိုရင်းကိုပဲ ပြောလို့ မရဘူးလား”

“အဲ့ဒါကြောင့်ပဲ အမေက သူ့ကိုပဲ ပြောခွင့်ပေးပါလို့ မှာထားတာပေါ့။ ကျွန်တော် စကားပြောမတတ်ဘဲ လွဲကုန်မှာ စိုးလို့တဲ့....” လျူဝူ မျက်မှောင်ကြုတ်ကာ ဆိုသည်။

“စကားပြောတတ်တာက ရောဂါကို ပျောက်စေလို့လား”

“အစကတော့ အဒေါ်ကြီးရဲ့ အဆုတ်မှာ အဖုအကျိတ်လေး တစ်ခု တွေ့တာလေ”

လျူဝူ ခက်ခက်ခဲခဲနှင့် ပြောပြသည်၊ စကားတစ်လုံးပြောတိုင်း ရှန်ယွီကို ခိုးကြည့်နေရှာသည်။

“သူတို့က မကောင်းဘူးလို့ သံသယရှိတာနဲ့.... ခွဲစိတ်လိုက်ရတယ်....”

“အဆုတ်ကင်ဆာလား” ရှန်ယွီ တိုက်ရိုက်ပင် မေးလိုက်သည်။

“အင်း” လျူဝူ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြသည်။ ထို့နောက် အသံကို အမြန်မြှင့်ကာ ဆက်တိုက်ရှင်းပြ၏။

“ဒါပေမဲ့ အစောကြီး သိလိုက်ရတာလေ၊ ဘယ်မှလည်း မပြန့်သေးဘူး။ ခွဲစိတ်တာလည်း အောင်မြင်ပါတယ်လေ။ အခုက ခွဲစိတ်ပြီးနောက်ပိုင်း ကုသမှု ခံယူနေရုံတင်ပါ....”

“မင်း ဒါကို ဘယ်တုန်းက သိတာလဲ”

“ကျွန်တော် အိမ်ပြန်ရောက်မှ သိတာပါ။ အစ်ကိုသာ သူ့ရဲ့ ကုသမှုခံယူနေတဲ့ အချိန်မှာ ပြန်လာဖို့ မရွေးချယ်ခဲ့ရင် သူတို့ ကျွန်တော့်ကိုလည်း ပြောပြမှာ မဟုတ်ပါဘူး၊ ကျွန်တော် ပါးစပ်သရမ်းပြီး အစ်ကို့ကို သွားပြောမှာ စိုးလို့ ဖြစ်မှာပေါ့....”

လျူဝူမှာ အသက်မရှူဘဲ တရစပ် ပြောနေတော့သည်။

ရှန်ယွီ ဘာမှ ထပ်မပြောပါဘူး၊ အသက်ရှူရန် အနည်းငယ် ခက်ခဲလာသလိုသာ ခံစားရတော့သည်။ သူ ခေါင်းလှည့်ကာ ကားမှန်ကို နှိမ့်ချလိုက်သည်။ အေးစိမ့်လှသော လေပြင်းများ ကားထဲသို့ တိုးဝင်လာသော်လည်း ၎င်းမှာ သိပ်ပြီး အထောက်အကူ မပြုပါဘူး။ နေခင်းပိုင်းဖြစ်သဖြင့် အပြင်ဘက်တွင် နေရောင်ခြည်က လင်းထိန်နေသော်လည်း၊ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဓာတ်ပုံဟောင်းတစ်ပုံလို မှေးမှိန်သွားသလို သူ ခံစားလိုက်ရသည်။

“အစ်ကို” လျူဝူ သူ့ကို လှမ်းခေါ်သည်၊ အသံမှာ အနည်းငယ် ဝေးကွာနေသလိုပင်။

“ရှန်ယွီ အဆင်ပြေရဲ့လား”

ရှန်ယွီ လက်ကို အသာအယာ ဝှေ့ယမ်းပြသော်လည်း သူ၏ လက်များမှာ ပြင်းထန်စွာ တုန်ယင်နေမှန်း သတိပြုမိလိုက်သည်။ သူ မျက်လုံးမှိတ်ကာ အသက်ရှူသံကို ဖြည်းဖြည်းချင်း ပြန်ထိန်းလိုက်ရသည်။ ခဏအကြာတွင်မှ ပတ်ဝန်းကျင်မှာ ပြန်လည် လင်းထိန်လာခဲ့သလို၊ အသံများလည်း သူ၏ နားထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ လျူဝူ၏ စိုးရိမ်တကြီးနှင့် ငိုချတော့မည့် လေသံကို သူ ကြားလိုက်ရသည်။

“ကျွန်တော် ပြောတာ တအား ရုတ်တရက်ကြီး ဖြစ်သွားလို့လား.... သူ့ကို မပြောပြရင်လည်း သူ ကျွန်တော့်ကို သေချာပေါက် ထိုးမှာပဲလေ....”

“ငါ့ကို ပေးစမ်း” ရှန်ယွီ လက်လှမ်းကာ အချက်ပြလိုက်သည်။

“ငါ စကားပြောမယ်”

“အစ်ကို အဆင်ပြေသွားပြီလား” လျူဝူ ဖုန်းကို ကမ်းပေးသည်။

“ငါက အစကတည်းက အဆင်ပြေပါတယ်။ အဒေါ်ကြီး... ကျွန်တော် ရှန်ယွီ ပါ”

“ရှောင်ယွီ” အဒေါ်ဖြစ်သူ၏ အသံ ထွက်ပေါ်လာသည်။

“အဒေါ်တို့ အိမ်ကို အရင်လာခဲ့လေ။ ထမင်းစားပြီးရင် အဒေါ် ဆေးရုံကို လိုက်ပို့ပေးမယ်”

သူ၏ အဒေါ်ဖြစ်သူ၏ အသံမှာ နွေးထွေးနေဆဲပင် ဖြစ်သည်။ ငယ်ငယ်တုန်းက လျူဝူတစ်ယောက် ရှန်ယွီ့နောက် တကောက်ကောက် လိုက်နေတာကို အဒေါ်ဖြစ်သူက အမြဲတမ်း ငြိုငြင်ခဲ့သော်လည်း၊ နှစ်အတော်ကြာ မတွေ့ရပြီးနောက်တွင် ယခုကဲ့သို့ စိုးရိမ်တကြီးနှင့် ပြောဆိုသံကို ကြားရသည့်အခါ ရှန်ယွီ့ရင်ထဲမှာ ခံစားချက်များစွာ ဖြစ်ပေါ်လာရသည်။

“ကျွန်တော် တန်းပြီး သွားလိုက်ပါ့မယ်။ လမ်းလည်း မကွေ့တော့ဘူးပေါ့ ။ ဒုက္ခမများပါစေနဲ့တော့”

“ဒါဆိုလည်း... ကောင်းပါပြီလေ၊ လျူဝူ့ကိုပဲ မောင်းပို့ခိုင်းလိုက်ပေါ့ ။ အဒေါ်နဲ့ ဦးလေးလည်း အခုပဲ ထွက်လာခဲ့မယ်”

“ဟုတ်ကဲ့”

ဖုန်းချပြီးနောက် သူ လျူဝူကို တစ်ချက် ကြည့်လိုက်သည်။ ခုနက အခြေအနေကြောင့် လျူဝူမှာ တော်တော်လေး လန့်သွားပုံရသည်။ ရှန်ယီွ့ မျက်နှာမှာ အခုထိ တည်ကြည်နေဆဲပင်။ အမှန်တော့ လျူဝူက အဓိက အချက်တွေကို အမြန် ပြောပြခဲ့ပြီးသား ဖြစ်သည် ။ ‘ကင်ဆာဆိုပေမဲ့ အစောကြီး သိလိုက်ရတာ၊ ကြီးကြီးမားမား ပြဿနာ မရှိဘူး၊ အခုတော့ သူ အဆင်ပြေနေပြီ’ ။ ဆိုတာကို ရှန်ယွီ သေသေချာချာ သိထားပြီးသားပါ။ ၎င်းက သူ့ကို စိုးရိမ်စေမှာ မှန်သော်လည်း ယခုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုမျိုး ဖြစ်စေရန်တော့ မလုံလောက်ပါဘူး။

သူ့ကို ရုတ်တရက် ထိတ်လန့်သွားစေသည်မှာ နောက်ထပ် ခံစားချက်တစ်ခု ဖြစ်သည်။ ဤကိစ္စကို သူ့အား မည်သူမျှ မပြောပြခဲ့ကြခြင်းပင်။ သူသာ ပြန်မလာခဲ့လျှင် သို့မဟုတ် တခြားအချိန်မှာ ပြန်လာခဲ့လျှင် သူ တစ်သက်လုံး သိမှာ မဟုတ်ပါဘူး။ အားလုံးက သူ မသိသင့်ဘူးဟု ထင်ခဲ့ကြသည်။ သို့မဟုတ် အားလုံးက သူ မသိလည်း ဖြစ်ပါတယ်ဟု တွေးခဲ့ကြသည်။ သူ၏ အမေဖြစ်သူ ဖျားနာနေခြင်း၊ ခွဲစိတ်ရခြင်း၊ ကုသမှုခံယူနေရခြင်း အားလုံးမှာ သူ မပါဝင်ဘဲနှင့်လည်း ဖြစ်မြောက်နေသည် မဟုတ်ပါလော....။

မည်သူမျှ သူ့ကို မလိုအပ်ပါဘူး။ သူ၏ အရင်းနှီးဆုံးသော ဆွေမျိုးများပင်လျှင် ယခုကဲ့သို့သော အဖြစ်အပျက်ကြီးနှင့် ကြုံတွေ့ရသည့် အခါတွင် သူ့ကို မလိုအပ်ခဲ့ကြပါဘူး။ ရှန်ယွီ ထိုင်ခုံကို အနောက်သို့ အနည်းငယ် လှည့်လိုက်ပြီး၊ မှီခုံပေါ်သို့ မှီချကာ မျက်လုံးမှိတ်ထားလိုက်သည်။

“အစ်ကို... မှန်ကို ပြန်ပိတ်လိုက်ရမလား” လျူဝူက ကားပါကင်မှ ထွက်လာရင်း မေးသည်။

“အေးမြမှုက အသက်ရှည်စေတယ်လေ”

လျူဝူ ဘာမှ ပြန်မပြောတော့ဘဲ တိတ်ဆိတ်စွာပင် ကားကို ရှေ့သို့ မောင်းနှင်နေတော့သည်။ ခဏကြာအောင် ကားမောင်းပြီးနောက် အေးစိမ့်လှသော လေများကြောင့် ရှန်ယွီ၏ မျက်နှာမှာ တောင့်တင်းလာခဲ့သည်။ သူ မျက်လုံးဖွင့်ကာ လျူဝူကို ကြည့်လိုက်သည်။

“ရပြီ။ ငါက အသက်ရှည်မယ်လို့ ပြောတာလေ၊ လိပ်တစ်ကောင် ဖြစ်သွားမယ်လို့ ပြောတာ မဟုတ်ဘူး”

“အစ်ကိုမှ မပြောတာ၊ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ” လျူဝူ ပြုံးလျက် မှန်ကို ပြန်ပိတ်လိုက်သည်။ သူ ပြန်စဉ်းစားပြီးမှ မေးသည် ။

“လိပ်တွေက ဘယ်လောက်အထိ အသက်ရှည်လို့လဲ”

“ငါလည်း မသိဘူး။ ရှေးလူကြီးတွေ ပြောတာတော့ လိပ်က အသက်တစ်ထောင်၊ မင်းကတော့ အသက်တစ်သောင်း တဲ့”

ရှန်ယွီ မျက်လုံးမှိတ်လျက်ပင် ပြန်ဖြေလိုက်သည်။ လျူဝူ ခေတ္တမျှ စဉ်းစားနေပြီးမှ ထိုစကားကို နားလည်သွားသဖြင့် အားရပါးရ ရယ်မောတော့သည်။ ဆေးရုံသို့ သွားရာ လမ်းတစ်လျှောက်မှာ သူ အရင်က အိမ်ငှားနေခဲ့သော နေရာများ ဖြစ်လေသည်။ ဤပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရုံနှင့်ပင် အတိတ်က အမှတ်တရများစွာမှာ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။ ထိုအမှတ်တရများ၏ တိုက်ခိုက်မှုကြောင့် သူ၏ စိတ်မကောင်းဖြစ်မှုများမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ သူ၏ စိတ်အခြေအနေမှာလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။

အတွင်းလူနာဌာန၏ ခန်းမထဲသို့ လျှောက်ဝင်ခြင်း၊ ဓာတ်လှေကား စီးခြင်း၊ စင်္ကြံလမ်းအတိုင်း လျှောက်သွားခြင်းနှင့် သူနာပြုကောင်တာကို ဖြတ်ကျော်ခြင်းများအတွင်း လျူဝူမှာ တောက်လျှောက် စကားပြောနေခဲ့သည်။ ဤကောင်လေးမှာ မွေးရာပါ စကားများသူဖြစ်သလို၊ အခုလည်း ရှန်ယွီ၏ စိတ်ကို ပြေလျော့စေရန်အတွက် သူ၏ စကားလုံးများမှာ ကျည်ဆန်ပင် ဖောက်မထွက်နိုင်လောက်အောင် စိပ်လွန်းလှသည်။

“ကြီးကြီးက ဟိုးအဆုံးက သီးသန့်ခန်းမှာ ရှိတာလေ ။ သူက အခု....”

ရှန်ယွီ လျူဝူ၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည် ။

“မင်း ဒီမှာပဲ စောင့်နေ”

“ဘာဖြစ်လို့လဲ”

လျူဝူ ခြေလှမ်းရပ်ကာ မှင်သက်သွားရသည်။ ရှန်ယွီ ဘာမှ ပြန်မပြောဘဲ တစ်ယောက်တည်း ရှေ့သို့ လျှောက်သွားခဲ့သည်။ လူနာခန်း တံခါးမှာ ပိတ်နေလေသည်။ ရှန်ယွီ တံခါးဘေးတွင် ချိတ်ထားသော ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ၊ သူ၏ အမေဖြစ်သူ၏ နာမည်နှင့် တာဝန်ခံ ဆရာဝန်၏ နာမည်ကို တွေ့ရသည်။ ဆရာဝန်၏ နာမည်ကို မှတ်သားပြီးနောက် သူ နောက်သို့ ပြန်လှည့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ” လျူဝူ နောက်ကနေ လိုက်မေးသည်။

“ဆရာဝန်ရုံးခန်းကို အရင် သွားရအောင်” ရှန်ယွီက ဆိုသည်။

“မင်းက လူနာရဲ့သားလား” ဒေါက်တာဟယ် က သူ့ကို အံ့သြတကြီးနှင့် ကြည့်သည်။

“ဟုတ်ကဲ့။ မားရဲ့ ရောဂါအခြေအနေနဲ့ ကုသမှု အပိုင်းတွေကို သိချင်လို့ပါ”

“ဒါ ဆေးရုံကို ပထမဆုံးအကြိမ် လာတာ မဟုတ်လား” ဒေါက်တာဟယ် က ရှန်ယွီ၏ အမေဖြစ်သူ၏ ဆေးစစ်ချက် မှတ်တမ်းများကို ကြည့်ရင်း မေးသည်။

“ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး။ အမြဲတမ်း မင်းအဖေနဲ့ သူ့ရဲ့ လက်ထောက်ပဲ လာတာလေ”

“ဟုတ်ကဲ့... ကျွန်တော်လည်း အရင်က မသိခဲ့လို့ပါ”

ဖြစ်နိုင်သည်မှာ ဒေါက်တာဟယ် အနေဖြင့် တာဝန်မကျေသော သားများကို အတွေ့အကြုံများစွာ ရှိဖူးပုံရသည်၊ သူ၏ လေသံမှာ အနည်းငယ် အေးစက်နေလေသည်။ သူသည် ထိုအဖြေကို ယုံပုံမရဘဲ ပေါ့ပေါ့ပါးပါးပင် ထပ်ဖြည့်ပြောလိုက်သည် ။

“မင်း အလုပ်တွေ တအား များနေလို့ ဖြစ်မှာပေါ့”

“ကျွန်တော် ထောင်ကျနေလို့ပါ” ရှန်ယွီက ဆိုလိုက်သည်။

ဒေါက်တာဟယ် ၏ Mouse ကို ကိုင်ထားသော လက်မှာ ရပ်တန့်သွားသည်။ သူသည် ခေါင်းလှည့်ကာ ရှန်ယွီကို စိုက်ကြည့်လိုက်ပြီး၊ ဘာမှ ထပ်မပြောဘဲ ဆေးကုသမှု ဖိုင်များကို ဖွင့်ကာ မျက်နှာပြင်ကို ညွှန်ပြလိုက်သည်။

“သူ့ရဲ့ အခြေအနေကတော့ တော်တော်လေး ကောင်းပါတယ်။ အစောကြီး သိလိုက်ရသလို၊ အဆင့်ကလည်း နိမ့်ပါသေးတယ်၊ ပြီးတော့ အကျိတ်ကလည်း အစွန်းနားမှာ ရှိနေတာဆိုတော့ အဆုတ်ကို ထိခိုက်မှု နည်းတာပေါ့....”

“ဟုတ်ကဲ့” ရှန်ယွီ မျက်နှာပြင်ပေါ်က စာသားများကို စိုက်ကြည့်ရင်း စကားထောက်ပေးလိုက်၏။

“ခွဲစိတ်ပြီးနောက်ပိုင်း ကုသမှုကလည်း အလုပ်ဖြစ်ပါတယ်။ ဒီလ ဆေးစစ်ချက်မှာ ပြဿနာ မရှိရင်တော့၊ နောက်ပိုင်း ခြောက်လတစ်ခါပဲ လာပြရင် ရပါပြီ....”

ဆရာဝန်ရုံးခန်းထဲမှ ထွက်လာသည့် အခါတွင်တော့ ရှန်ယွီ တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ပြီ။ သူ လူနာခန်း တံခါးဝသို့ ပြန်ရောက်သည့်အခါ အထဲမှ စကားပြောသံများကို ကြားနေရသည်။

“ကျွန်တော့် မိဘတွေ ရောက်နေကြပြီ ထင်တယ်”

လျူဝူက ဆိုကာ တံခါးကို တွန်းဖွင့်လိုက်သည်။

“လျူဝူ ကတော့ အမြဲတမ်း ဒီလိုပါပဲ၊ အရေးကြီးတဲ့ အချိန်ကျရင် အမြဲ လွဲတာပဲ....”

သူ၏ အဒေါ်ဖြစ်သူမှာ ကုတင်ဘေးတွင် ရပ်လျက် စကားပြောနေရင်းမှ ခေါင်းလှည့်ကြည့်လိုက်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

“ကြီးကြီး” လျူဝူ အနားသို့ တိုးသွားပြီးမှ ရှန်ယွီဘက်သို့ ပြန်လှည့်ကြည့်သည်။

“အစ်ကို ရောက်နေပြီ”

ရှန်ယွီသည် လူနာခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်ခဲ့သည်။ အဝင်ဝက နံရံထောင့်ကြောင့် ကုတင်ခေါင်းရင်းကို မမြင်ရသေးပါဘူး၊ ထို့ကြောင့် သူ ပထမဆုံး မြင်လိုက်ရသည့်လူမှာ သူ၏ အဒေါ်ဖြစ်သူ ဖြစ်လေသည်။

“အဒေါ်” ရှန်ယွီက နှုတ်ဆက်လိုက်သည်။

“အေး... ရောက်လာပြီလား” အဒေါ်ဖြစ်သူ ခေါင်းညိတ်ပြရင်း ကုတင်ခေါင်းရင်းဘက်သို့ လှမ်းကြည့်သည် ။

“မင်းအမေက အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့”

ရှန်ယွီ နောက်ထပ် နှစ်လှမ်းခန့် ထပ်တိုးလိုက်သည့် အခါမှသာ သူ၏ အမေဖြစ်သူကို တွေ့လိုက်ရသည်။ သူမသည် ကုတင်ပေါ်တွင် ထိုင်နေပြီး ကြည့်ရတာ ကျန်းမာပုံ ရလေသည်။ သူမ၏ ဘေးတွင်တော့ သူ၏ အဖေဖြစ်သူနှင့် ဦးလေးဖြစ်သူတို့ ရပ်နေကြသည်။

နှစ်အတော်ကြာ မတွေ့ခဲ့ရသော ဆွေမျိုးသားချင်း သုံးဦးစလုံးမှာ သူ့ကို စိုက်ကြည့်နေကြလေသည်။ သူသည် တစ်ယောက်ချင်းစီ လိုက်လံ နှုတ်ဆက်နေခြင်းများကို ဖယ်ထားလိုက်ပြီး၊ ရိုးရှင်းစွာပင် နှုတ်ဆက်လိုက်သည်။

“ကျွန်တော် ပြန်လာပါပြီ”

“ငါတို့ ဒါကို မင်းကို မပြောခဲ့တာက မင်း အထင်လွဲမှာ စိုးလို့ပါ”

ပါးက အရင်ဆုံး စကားစကာ ရှင်းပြလေသည်။

“ဒီလို ကိစ္စမျိုးကို ဘယ်လိုမျိုး အထင်လွဲလို့ ရမှာလဲ” ရှန်ယွီ မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒါကို သုံးပြီး မင်းကို အတင်း ပြန်ခေါ်နေတယ်လို့၊ ပုံပြင်တွေ လုပ်ပြောနေတယ်လို့ မင်း ထင်မှာစိုးလို့ပါ” မားက စကားဖြတ်ကာ ဝင်ပြောသည်။

“ဘယ်လို ပဲဖြစ်ဖြစ်…ကျွန်တော့်ကို အတင်း ပြန်ခေါ်သင့်တာ မဟုတ်ဘူးလား”
___________________________________________________________________

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...