အပိုင်း (၇၆)
[ချန်ယွီလော့ယန့်] : ခုနက သတိပေးဖို့ မေ့သွားလို့။ မင်းရဲ့ မားက နေပြန်ကောင်းခါစပဲ ရှိသေးတာဆိုတော့၊ တစ်ခုခု မေးချင်ရင်လည်း အရမ်းကြီး အတင်းအကျပ် မလုပ်နဲ့ဦးနော်။
ချန်ကျန့်သည် မီးဖိုချောင်သို့ လျှောက်သွားရင်း စာကို အမြန်ရိုက်ပို့လိုက်သည်။ ရှန်ယွီ၏ ပြန်စာကို မြင်ရတော့မှ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တော့သည်။
[Fa Dan Ke Chen] : ဆရာ့အဆုံးအမအတိုင်း လိုက်နာပါ့မယ်ခင်ဗျာ။
“ဟေး... မင်းက မန်နေဂျာလား”
မိန်းကလေးနှစ်ယောက် ပန်းခြံဘက်က တံခါးကနေ ဝင်လာပြီး ချန်ကျန့်ကို လှမ်းခေါ်သည်။
“ဟုတ်ကဲ့ပါ”
ချန်ကျန့် တုံ့ပြန်ရင်း ခြေလှမ်းရပ်လိုက်သည်။
“ကျွန်မ ပြောချင်တာကတော့လေ” မိန်းကလေးတစ်ယောက်က အပြင်ဘက်ကို လက်ညှိုးထိုးပြသည် ။
“ဝင်းထဲမှာ လူတွေရှိနေတာကို ခင်ဗျားတို့ ဝန်ထမ်းတွေကို လူရှေ့သူရှေ့ ဆေးလိပ်မသောက်ခိုင်းလို့ မရဘူးလား။ ကျွန်မတို့ ဟိုမှာ ဓာတ်ပုံရိုက်နေတာကို သူက ပါးစပ်မှာ ဆေးလိပ်တန်းလန်းနဲ့ လာရပ်နေတယ်လေ”
“တောင်းပန်ပါတယ်ခင်ဗျာ။ ဒါ ကျွန်တော်တို့ဘက်က ဝန်ဆောင်မှုပိုင်း အားနည်းသွားတာပါ။ ကျွန်တော် အခုချက်ချင်း သွားဖြေရှင်းလိုက်ပါ့မယ်”
ချန်ကျန့် အပြင်ဘက်ကို လှမ်းကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့။ သို့သော် ဝက်ခြံဂိုဏ်းထဲက တစ်ယောက်ယောက် ဖြစ်ဖို့ များသည်။ ဟူဖန်လည်း ဆေးလိပ်သောက်သော်လည်း ပုံမှန်အားဖြင့် လူကွယ်ရာမှာပဲ သောက်တတ်သည်။
မိန်းကလေးမှာ တော်တော်လေး ကျိုးကြောင်းဆီလျော်သူ ဖြစ်ပုံရသည် ။ ပြေရာပြေကြောင်း
ပြောရှာသည်။
“သူ့ကို ပြဿနာဖြစ်စေချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ရတာ နည်းနည်းတော့ နေရခက်လို့ပါ။ နောက်ဆို ဒါလေးကို သတိထားပေးဖို့ မျှော်လင့်ပါတယ်”
“အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျွန်တော်တို့ သေချာပေါက် ပြုပြင်ပါ့မယ်”
“ဒါဆို ဒါပါပဲ”
ထိုမိန်းကလေးက ဖုန်းကို နှစ်ချက် သုံးချက် နှိပ်ပြီး သူမ၏သူငယ်ချင်းထံ ကမ်းပေးလိုက်သည် ။
“ကျွန်မ ရှင်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလား”
“ဗျာ” ချန်ကျန့် ကြောင်သွားပြီး မေးခွန်းကို ချက်ချင်း သဘောမပေါက် ဖြစ်သွားရသည်။
“ဓာတ်ပုံလေ၊ ကျွန်မတို့ နှစ်ယောက်တည်း…ကျွန်မက အချောအလှလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး စုဆောင်းတတ်တဲ့ ဝါသနာ ရှိလို့ပါ။ အဆင်ပြေရင် ရှင်နဲ့ ဓာတ်ပုံရိုက်ချင်ပါတယ်။ ကျွန်မ Social media မှာ တင်မှာ ဖြစ်ပေမဲ့ အကြောင်းအရာကိုတော့ သေသေချာချာ ရှင်းပြပြီးမှ တင်မှာပါ။ လျှောက်တော့ မရေးပါဘူး။ အဆင်ပြေရဲ့လား”
ထိုမိန်းကလေးမှာ တည့်တိုးဆန်ပြီး ယဉ်ကျေးလှသည်။ ချန်ကျန့်မှာ ဒါမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ဘာပြန်ပြောရမှန်း မသိဘဲ ခေတ္တမျှ တန့်နေပြီးမှ “ရပါတယ်” ဟု ခွင့်ပြုလိုက်ရတော့၏။
“ကျေးဇူးပါ”
ထိုမိန်းကလေးသည် ချန်ကျန့်ဘေးတွင် ချက်ချင်း လာရပ်ပြီး၊ လက်ချောင်းလေးများဖြင့် သူမ၏ မေးစေ့အောက်တွင် V ပုံစံ လုပ်ပြလေသည်။ ချန်ကျန့်မှာ လူများနှင့် ဓာတ်ပုံတွဲရိုက်လေ့ မရှိသဖြင့် မည်ကဲ့သို့ အမူအရာ လုပ်ရမည်မှန်း မသိပါဘူး။ သို့သော် အခုချိန်မှာ သူ စိတ်အခြေအနေ ကောင်းနေသဖြင့် ကင်မရာကို ကြည့်ကာ ပြုံးပြလိုက်သည်။
ဓာတ်ပုံရိုက်ပြီးနောက် ချန်ကျန့် ထမင်းသွားမစားသေးပါဘူး။ ပန်းခြံဘက်က တံခါးမှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာခဲ့ပြီး၊ တစ်ပတ်ပတ်ကြည့်ကာ ပန်းခြံအနောက်ဘက် တံခါးဆီသို့ သွားကြည့်လိုက်သည်။ ထိုအခါမှသာ လောင်ဝူတစ်ယောက် ဇရပ်ထဲတွင် ဆေးလိပ်တစ်ဖြင့် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ပန်းခြံထဲမှာ သောက်ပြီးတာ မဟုတ်ဘူးလား။ အခု ထပ်သောက်နေပြန်ပြီလား” ချန်ကျန့် လျှောက်သွားရင်း ဆိုလိုက်သည်။
“စိတ်ညစ်လို့ပါကွာ” လောင်ဝူက ဆိုသည်။
“ဘာဖြစ်လို့လဲ” ချန်ကျန့် ဘေးက ခုံတန်းပေါ်တွင် ဝင်ထိုင်ရင်း မေးလိုက်သည်။
“ပိုက်ဆံကိစ္စပါ၊ မမေးပါနဲ့တော့” လောင်ဝူက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“ဘယ်လို ပိုက်ဆံကိစ္စလဲ” ချန်ကျန့် မရပ်ဘဲ ဆက်မေးသည်။ သူသည် ပိုက်ဆံနှင့် ပတ်သက်လာလျှင် အလွန် ထိလွယ်ရှလွယ် ရှိသူ ဖြစ်သည် ။ ပိုက်ဆံချေးတာ၊ အကြွေးတင်တာ၊ လိမ်လည်ခံရတာ ဒါမှမဟုတ် လောင်းကစားတာမျိုးပေါ့။ တခြားလူဆိုလျှင် ထပ်မမေးတော့သော်လည်း၊ ဝက်ခြံဂိုဏ်းက လူတွေက တာယွင်မှာတော့ အလုပ်ကြိုးစားနေကြသော်လည်း၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကတော့ ပုံမှန်ဘဝနဲ့ နေထိုင်ခဲ့ကြသူတွေ မဟုတ်။ အလုပ်ဝင်လာတာနဲ့ ချက်ချင်းပဲ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ လူငယ်တွေ ဖြစ်သွားဖို့ဆိုတာထင်သလောက် လွယ်ကူမနေ။
“စိတ်မပူပါနဲ့၊ ငါ လောင်းကစား မလုပ်ပါဘူး” လောင်ဝူက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ချန်ကျန့် ဘာမေးချင်သလဲဆိုတာ သူ သဘောပေါက်ပုံရသည်။ ထို့နောက် ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ရင်း
“ငါ့ဘာသာ ငါ စိတ်လေနေရုံတင်ပါ”
“အိုကေ” ချန်ကျန့် ထရပ်လိုက်သည်။ သူ၏ဗိုက်ထဲမှလည်း ဆာလောင်မှုကြောင့် အသံများ ထွက်ပေါ်နေပြီ ဖြစ်သည်။
“ဆေးလိပ်သောက်ရင် အပြင်ထွက်သောက်လေ၊ ပန်းခြံထဲမှာ မသောက်နဲ့။ ဧည့်သည်တွေ မြင်ရင် မကောင်းဘူး၊ အထူးသဖြင့် ဆေးလိပ်မကြိုက်တဲ့ ဧည့်သည်တွေပေါ့”
“တောက် ။ ခုနက မိန်းကလေးနှစ်ယောက် ငါ့ကို လာတိုင်တာလား”
ချန်ကျန့် ဘာမှမပြောပါဘူး။
“ငါက လမ်းဖြတ်သွားရင်း သူတို့လှလို့ ခဏ ရပ်ကြည့်မိတာပါ၊ အကြာကြီးလည်း မဟုတ်ပါဘူး.... ဘာလို့ ငါကို တိုက်ရိုက် မပြောကြတာလဲ။ ပြောရင် ငါ သေချာပေါက် တောင်းပန်မှာပေါ့”
“သူတို့ မင်းကို မျက်စောင်း ထိုးပြမှာပဲ၊ မင်းကမှ အရိပ်အကဲ မသိတာ”
“...ဖြစ်နိုင်ပါတယ် ။ ငါက မိန်းကလေးကံ မပါဘူးလေ”
“အဲ့ဒီ နှစ်ခုက ဘာဆိုင်လို့လဲ”
လောင်ဝူမှာ မိန်းကလေးကံ မရှိတာ မဟုတ်ဘဲ၊ ဦးနှောက် မရှိတာလို့ ချန်ကျန့် ခံစားလိုက်ရသည်။ ဦးနှောက်မရှိရင် ဘာမှ ဖြစ်မလာနိုင်ပါဘူး။
“ငါ ထမင်းသွားစားတော့မယ်။ မင်း... အခက်အခဲရှိရင် ပြောပြလို့ ရပါတယ်။ ဒါမှမဟုတ် စကားပြောချင်ရင်လည်း ရတယ်နော်”
“အင်း”
လောင်ဝူ ခေါင်းညိတ်ပြသည်။ ထိုအခါ ချန်ကျန့် လှည့်ထွက်လာခဲ့သည်။
“ချန်ကျန့်” လောင်ဝူက အနောက်မှ လှမ်းခေါ်သည် ။
“ငါ အရင်က သတိမထားမိခဲ့ဘူး။ မင်းက မျက်နှာသေနဲ့ စကားမပြောတဲ့လူ၊ ဒေါသထွက်ရင်လည်း တအား ကြောက်ဖို့ကောင်းတဲ့လူလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက တကယ်တော့ လူကောင်းတစ်ယောက်ပဲ”
“ပန်းခြံထဲမှာ ဆေးလိပ် မသောက်နဲ့တော့! နောက်တစ်ခါ ထပ်တွေ့ရင်တော့ လစာ ဖြတ်ပစ်မယ်!”
“မင်းက လူကောင်း မဟုတ်တော့ဘူးဆိုတာ ငါ အခုမှ သိတော့တယ်!” လောင်ဝူက လှမ်းအော်သည်။
“မြန်မြန် သောက်ပြီးရင် အလုပ်ပြန်လုပ်တော့!” ချန်ကျန့်က ပြန်အော်လိုက်သည်။
ဘော့စ်က ဆိုင်မှာ မရှိသည့်အခါ မန်နေဂျာမှာ ဘော့စ်အတွက် ထမင်းသယ်ပေးစရာ မလိုသဖြင့် မီးဖိုချောင်ထဲတွင် အေးအေးဆေးဆေး စားနိုင်လေသည်။
“စားသောက်ခန်းထဲမှာ သွားထိုင်စားပါလား” ဆွန်နာနာ မီးဖိုချောင်ထဲသို့ သစ်သီးလာရှာရင်း ပြောသည်။
“နှစ်လုပ် သုံးလုပ် စားလိုက်ရင် ကုန်ပြီပဲဟာ။ စားသောက်ခန်းထဲတောင် မရောက်သေးဘူး ကုန်သွားမှာ”
“မြန်မြန်စားတာ အစာအိမ်အတွက် မကောင်းဘူးလေ” ဆွန်နာနာက ပန်းသီးတစ်လုံးကို ယူကာ ဘေစင်မှာ သွားဆေးရင်း ဆိုသည်။
“ဘယ်သူမှလည်း လာလုမှာ မဟုတ်ပါဘူး”
ချန်ကျန့် ဘာမှမပြောဘဲ ပြုံးလျက် သူမ ပန်းသီးဆေးနေတာကို ကြည့်နေမိသည်။ သူ တကယ်ကို ကြည့်မနေနိုင်တော့ပါဘူး။ သူမသည် ပန်းသီးကို လက်ချောင်း သုံးချောင်းစီဖြင့်သာ ကိုင်ထားပြီး အသည်းအသန် ပွတ်နေသည် မဟုတ်ပါလော။
“ကျွန်တော် လုပ်ပေးမယ်”
ချန်ကျန့် ထမင်းဘူးကို ချလိုက်ပြီး၊ သူမလက်ထဲမှ ပန်းသီးကို ယူကာ သွက်သွက်လက်လက် ဆေးပေးလိုက်သည် ။
“မင်းလက်တွေက ရေထိရင် အရည်ပျော်သွားမှာမို့လို့လား”
“ငါ အခုလေးတင် လက်လိမ်းခရင်မ် လိမ်းထားလို့လေ။ နင်ကတော့ တကယ်ကို စိတ်ပူတတ်တဲ့ လူစားမျိုးပဲ။ ဒါကြောင့်လည်း ရှန်ယွီက ဘာမှ မလုပ်တာပေါ့”
ချန်ကျန့် ဘာမှမပြောပါဘူး။ ဆွန်နာနာထံ ဆေးပြီးသား ပန်းသီးကို ကမ်းပေးလိုက်စဉ်မှာပင် သူ့ရင်ထဲမှာ အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။
“သွားပြီနော်” ဆွန်နာနာက သူမ၏ ဆံပင်များကို သပ်တင်ရင်း ဆိုသည် ။
“ဖြည်းဖြည်းစားဦး”
“ဟုတ်ကဲ့”
ဆွန်နာနာ၏ စကားထဲတွင် အဓိပ္ပာယ်တစ်ခုခု ဖုံးကွယ်နေသလို ခံစားရသော်လည်း သက်သေတော့ မရှိပါဘူး။ သို့သော် ရှန်ယွီ အကြောင်းကို ပြောလိုက်သည်နှင့် သူသည် မအောင့်နိုင်ဘဲ ဖုန်းကို ထုတ်ကြည့်မိပြန်သည်။
သေချာတာပေါ့၊ ဒီလောက် အချိန်တိုအတွင်း ရှန်ယွီဆီက စာဝင်လာမှာ မဟုတ်ပါဘူး။ သူ အခုမှ ထမင်းစစားကာစ ရှိဦးမည်လေ။ ပါဆယ်မှာစားတာ ဆိုသော်လည်း မိဘများနှင့် အတူစားနေရသည့်အတွက် တိတ်ဆိတ်စွာ စားနေကြလျှင်တောင် သူ ဖုန်းမသုံးလောက်ဘူး။
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
အရင်ကတော့ သိပ်ပြီး မခံစားရသော်လည်း၊ ခုနက ရှန်ယွီက သူ့ကို လွမ်းလားလို့ ရုတ်တရက် မေးလိုက်သည့် အခါတွင်မူ ထိုခံစားချက်မှာ အလွန်ပင် ရှင်းလင်းသွားခဲ့သည်။ တစ်ရက်ပင် မပြည့်သေးသော်လည်း၊ လွမ်းဆွတ်မှု ခံစားချက်က အလွန်ပင် ပြင်းထန်လှသည်။ အချိန်တွေကို ဘယ်လို ကုန်ဆုံးရမလဲ မသိနိုင်လောက်အောင် နာကျင်ရသည့် ဝေဒနာမျိုးပင်။
ဒီမတိုင်ခင်ကတော့ အမေဖြစ်သူကိုသာ လွမ်းဆွတ်ဖူးခဲ့သည်။ အဖေဖြစ်သူကိုတောင် မတွေ့ရသည့်အခါ ယခုလောက်အထိ မလွမ်းဖူးပါဘူး။ သို့သော် အမေ့ကို လွမ်းတာနှင့်တော့ မတူပါဘူး။ အမေ ဆုံးပါးသွားပြီးစ အချိန်များတွင်တော့ သူသည် အမေ့ကို ဤဘဝမှာ နောက်တစ်ခါ ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်မှန်း သေသေချာချာ သိထားသည်လေ။ အမေ တည်ရှိခဲ့သည့် အရာအားလုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမှတ်တရတွေသာ ကျန်ခဲ့သည်၊ နောက်ပိုင်းတွင်မူ ထိုအမှတ်တရများပင် ဝေဝါးလာခဲ့သည်.... ၎င်းမှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းပြီး ကြောက်စရာ ကောင်းလှသည်။
ရှန်ယွီကို လွမ်းသည့် အခု လွမ်းဆွတ်မှုကတော့ မရေမတွက်နိုင်သော မေးခွန်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သူ ရောက်ပြီလား။ ဘယ်မှာလဲ။ ထမင်းစားပြီးပြီလား။ ဘာလုပ်နေလဲ။ အခုထိ ဆေးရုံမှာပဲလား။ အိမ်ပြန်ရောက်ပြီလား။ ယွဲ့လန်နဲ့ ဆက်သွယ်ပြီးပြီလား။ ဘယ်တော့ ပြန်လာမှာလဲ။ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်လား။ သူ စိတ်ပျော်ရဲ့လား။
သူကော....သူကော.... စသည်ဖြင့်
၎င်းမှာ စည်းချက်တစ်ခုလိုပင်။
“ဒီည ဒီမှာပဲ အိပ်မှာလား”
ရှန်ယွီက ပါဆယ်ဘူးများကို အိတ်ထဲသို့ ပြန်ထည့်ရင်း မေးလိုက်သည်။ ဒီလို အလုပ်တွေကို လုပ်နေရသည့်အခါ မိမိကိုယ်ကို ချန်ကျန့် ဖြစ်နေသလို ခံစားလိုက်ရသည်။
“ဟင့်အင်း။ ခဏနေရင် အိမ်ပြန်ကြမယ်လေ”
“မနက်ဖြန် ပြန်လာဦးမှာလား”
“အင်း ။ ဒီမှာဆို ငါ အိပ်လို့ မရဘူး။ ခွဲစိတ်တုန်းက ဆေးရုံတက်ရတော့ နေ့တိုင်း အိပ်ဆေး သောက်ခဲ့ရတာလေ....”
မား၏ စကားမှာ တစ်ဝက်နှင့် ရပ်သွားသည်။
“ဒါဆို မနက်ဖြန် ကျွန်တော် အမေနဲ့အတူ လိုက်လာခဲ့မယ်လေ”
သိမ်းဆည်းပြီးသည့်အခါ သူမ၏မောင် (ရှန်ယွီ၏ ဦးလေး) ဆီမှ ဖုန်းလာသည်။ သူက လာချင်သည်ဟု ဆိုသော်လည်း ငြင်းလိုက်သည်။
“အိမ်ပြန်တော့။ မင်း ဆေးရုံမှာ လာရပ်နေရင် ငါက မင်းကို စကားပြန်ပြောနေရဦးမှာ ။ မနက်ဖြန်လား မနက်ဖြန်....”
အမေက ဖုန်းပြောရင်းမှ ရှန်ယွီကို လှည့်ကြည့်သည် ။
“မင်း မနက်ဖြန် ဦးလေးတို့နဲ့အတူ ထမင်းစားဖို့ အချိန်ရမလား”
“ဟုတ်ကဲ့၊ ရပါတယ်။ မနက်ဖြန် ကျွန်တော် ဘာအစီအစဉ်မှ မရှိဘူး”
“ကောင်းပြီလေ။ အရမ်းကြီးတော့ စောစော မလာနဲ့ဦး။ ရှန်ယွီက အဲ့ဒီလောက် စောစော အိပ်ရာမထနိုင်ဘူး။ ဒီညဆိုရင် သူ အိပ်ပျော်ပါ့မလားတောင် မသိဘူး”
ရှန်ယွီသည် အမေ့အိတ်ကို သယ်ကာ သူမနောက်မှ လိုက်လာခဲ့သည်။ သူ၏ရင်ထဲတွင် ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။ ဖြစ်နိုင်သည်မှာ သူ၏မိဘများကို မတွေ့ရသည်မှာ တကယ်ကို ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ဖြစ်လိမ့်မည်။ သူသည် မိဘများနှင့် ပိုပြီး နီးကပ်ချင်စိတ် ရုတ်တရက် ပေါ်လာခဲ့သည်။
အရင်ကတော့ ဤသို့ မဟုတ်ခဲ့ပါဘူး။ တခြားနေရာမှာ သွားနေရသည့် ပထမ နှစ်နှစ်လောက်ကလွဲရင်၊ ထောင်ကျသွားသည်အထိ သူသည် မိဘများကို ဤဘဝမှာ နောက်ထပ် မတွေ့ရတော့လျှင်တောင် သူတို့ ဘေးကင်းနေလျှင် ရပြီဟုသာ အမြဲ တွေးခဲ့သူ ဖြစ်သည်။
“လျူဝူက မနက်စောစော လာချင်နေတာလေ ။ ငါက နောက်မှ လာခဲ့လို့ ပြောလိုက်တယ်”
“သူ ဒီည ငါတို့အိမ်မှာ လာမအိပ်တာပဲ တော်ပါသေးတယ်။ အဲ့ဒီကောင်လေးက တက္ကသိုလ်တက်နေတာတောင် တစ်စက်မှ မရင့်ကျက်သေးဘူး”
အဖေကပါ ဝင်ပြောသည်။
“သူက အိမ်မှာ အလိုလိုက်ထားတာကိုး၊ အသက် ၂၀၀ ကျော်နေတဲ့ ကလေးကြီးလေ”
ထိုသို့ပြောပြီးနောက် အမေက ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ခဏအကြာတွင်မှ သက်ပြင်းတစ်ချက် ချလိုက်သည်။ အိမ်သုံးကားမှာ ရှန်ယွီ မှတ်မိနေသော ကားမဟုတ်တော့ပါဘူး။ သူသည် မိဘများနောက်မှ ကားဆီသို့ လိုက်သွားခဲ့သည်။ ကားမီး လင်းလာသည့်အခါမှသာ သူ မေးလိုက်သည် ။
“ကားလဲလိုက်တာလား”
“မနှစ်ကမှ လဲလိုက်တာလေ ။ အရင်ကားကတော့ ကုမ္ပဏီမှာ ရှိသေးတယ်”
ရှန်ယွီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ… “အဲ့ဒီကားကို ဘယ်သူမောင်းလဲ”
“ဘယ်သူမှ မမောင်းပါဘူး”
အမေက ကားမောင်းသူနေရာတွင် ဝင်ထိုင်ရင်း သူ့ကို ကြည့်ကာ မေးသည် ။
“မင်း လိုချင်လို့လား”
“ဟုတ်ကဲ့” ရှန်ယွီ နောက်ထိုင်ခုံတွင် ဝင်ထိုင်ရင်း ဖြေလိုက်သည်။
“အခု တည်းခိုခန်းမှာကော ဘယ်လိုကား သုံးနေလဲ” ဘေးထိုင်ခုံမှ အဖေဖြစ်သူက လှည့်မေးသည်။
“မာဇဒါ (Mazda) တစ်ပတ်ရစ်ကားပါ”
“ကြည့်ရတာ ‘သားက အမေခြေရာ နင်းတာ’ ပဲ” အဖေဖြစ်သူက ပြုံးလျက် ဆိုသည်။
“ဘယ်လိုမျိုးလဲ” ရှန်ယွီ နားမလည်ပါဘူး။
“မင်းအမေရဲ့ ပထမဆုံး ကုမ္ပဏီသုံးကားကလည်း မာဇဒါ တစ်ပတ်ရစ်ကားပဲလေ”
အဖေဖြစ်သူက ပြောပြသည်။
“တကယ်လား” ဒါ ရှန်ယွီ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည် ။
“ကျွန်တော် မမှတ်မိဘူး”
“အဲ့ဒီတုန်းက မင်း အိမ်မှာ မရှိဘူးလေ။ မင်း အဲ့ဒီကားကို စီးတောင် မစီးဖူးပါဘူး”
အဖေ့စကားများ ကြားပြီးနောက် မိသားစု သုံးဦးစလုံးမှာ ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။
“ရှင်ကတော့ လျူဝူရဲ့ အဖေအရင်း ဖြစ်မှာ သေချာတယ်”
ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပါဘူး။ သူ ကားမှန်အပြင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။
[Fa Dan Ke Chen] : ငါ အိမ်ကို ပြန်နေပြီ။ နောက်မှပဲ မင်းဆီ ဖုန်းဆက်နိုင်တော့မယ် ထင်တယ်။
ရှန်ယွီ ချန်ကျန့်ဆီ စာပို့လိုက်ပြီး၊ Chat window ထဲက ချန်ကျန့်၏ Profile ပုံကို ငေးကြည့်နေမိသည်။ ထိုကောင်လေးက သူ၏ပုံကို မှိုလေးပုံ ပြောင်းထားသည်လေ။ ထို့ကြောင့် ရှန်ယွီသည် မိမိ၏ Profile ပုံကိုသာ ပြန်ကြည့်နေရတော့သည်။
[ချန်ယွီလော့ယန့်] : ရပါတယ်၊ မိဘတွေနဲ့ အရင် အတူနေလိုက်ပါ။ ငါလည်း အိပ်ဆောင်မှာ လူတွေနဲ့ ဖဲကစားနေတာ။
[Fa Dan Ke Chen] : ပိုက်ဆံနဲ့လား။
[ချန်ယွီလော့ယန့်] : ၁ မောင်း (One mao) ပေါ့။
[Fa Dan Ke Chen] : ဒါဆို ဘာထူးမှာလဲ။ တစ်ညလုံး ကစားရင်တောင် ဈေးပေါတဲ့ ဆေးလိပ်တစ်ဗူးပဲ ဝယ်လို့ရမှာပေါ့။
[ချန်ယွီလော့ယန့်] : ယွမ် ၅၀၀ ထက်ကျော်ရင် လောင်းကစားလို့ သတ်မှတ်တယ်လေ ဘော့စ်ရဲ့။
ရှန်ယွီ တစ်ယောက်တည်း တခစ်ခစ်နှင့် အကြာကြီး ရယ်မောနေမိတော့သည်။
[Fa Dan Ke Chen] : ဈေးနှုန်းကွာဟချက်က တော်တော်ကြီးတာပဲနော်။ မန်နေဂျာကတော့ တကယ်ကို သတိကြီးတာပဲ။
အိမ်ကတော့ သိပ်မပြောင်းလဲပါဘူး။ ရှန်ယွီ ရင်းနှီးနေသော နေရာများအတိုင်းပါပဲ။ သူ၏အခန်းကိုလည်း မူလအတိုင်းပင် သေသေချာချာ သန့်ရှင်းထားလေသည်။ အိမ်အကူ အမျိုးသမီးက ပုံမှန် ရှင်းပေးလေ့ရှိသော်လည်း၊ သူ ပြန်လာမည်ဟု သိထားသည့်အတွက် အထူးတလည် သန့်ရှင်းပေးထားပုံရသည်။
ရှန်ယွီ ဗီရိုကို ဖွင့်ကြည့်လိုက်သည်။ နွေရာသီမှ ဆောင်းရာသီအထိ အဝတ်အစားများစွာ ချိတ်ထားဆဲ ဖြစ်သည်။ သူ အသာအယာ လှန်ကြည့်လိုက်သည်၊ အချို့အဝတ်အစားများကို သူ မမှတ်မိတော့ပါဘူး။
ဗီရိုကို ပြန်ပိတ်လိုက်ပြီး ဘေးက စာကြည့်ခန်းထဲသို့ ဝင်ခဲ့သည်။ အရာအားလုံးက အတူတူပါပဲ။ စားပွဲပေါ်က စိတ်ပညာနှင့် ပတ်သက်သော စာအုပ်ပုံကြီးမှာလည်း မပျက်မယွင်း ရှိနေသေးသည်။ သူ စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်ပြီး၊ စားပွဲကို မှီကာ သက်ပြင်းအသာ ချလိုက်မိသည်။
တစ်ချက်ကြည့်ရုံနှင့် စိမ်းသက်နေသော်လည်း၊ ရင်းနှီးလှသော အငွေ့အသက်များစွာ ပြည့်နှက်နေသည့် ဤနေရာ....။
အရင်တုန်းက သူ အိမ်ပြန်လာလျှင် သူ၏အခန်းထဲမှာသာ အောင်းနေလေ့ရှိပြီး၊ ဘယ်သူမှ လာမနှောင့်ယှက်ပါဘူး။ အခုလည်း အတူတူပါပဲ။ သူ အခန်းထဲ ဝင်သွားပြီးနောက် သူ၏အဖေရော အမေပါ သူ့ဆီ ရောက်မလာကြပါဘူး။
ဗီရိုထဲမှ ညအိပ်ဝတ်စုံတစ်စုံကို ယူကာ ရေချိုးပြီး လဲဝတ်လိုက်သည်။ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သော်လည်း၊ ပတ်ဝန်းကျင်မှာတော့ လင်းထိန်နေဆဲပင်။ ကောင်းကင်ယံမှာ မြို့ပြ၏ မီးရောင်များကြောင့် မီးခိုးရောင် သန်းနေလေသည်။ နဂါးငွေ့တန်း ဂလက်ဆီ (Milky Way) ကိုပင် မြင်နိုင်သော မြို့ငယ်လေး၏ အနက်ရောင် သို့မဟုတ် အပြာရောင် ကောင်းကင်နှင့် လုံးဝ ကွဲပြားနေလေသည်။
အရင်ကတော့ သူ ဒါမျိုးတွေကို သတိမထားမိပါဘူး။ အခုတော့ သူ ပြတင်းပေါက်ကို မှီရပ်ရင်း အတွေးထဲ နစ်ဝင်နေမိသည်။ ချန်ကျန့်ဆီ ဓာတ်ပုံတစ်ပုံ ရိုက်ပို့ရန် ပြင်လိုက်သည်။ အခန်းနှစ်ခန်းစလုံးတွင် ရှစ်ခါလောက် ရှာဖွေပြီးမှ သူ၏ဖုန်းကို ဗီရိုထဲမှာ တွေ့လိုက်ရသည်။ ဘာလို့ ဖုန်းကို အဲ့ဒီထဲ ထည့်ထားမိလဲဆိုတာ သူ လုံးဝ မမှတ်မိပါဘူး။
သူ ဖုန်းမြှောက်ကာ ဓာတ်ပုံရိုက်ရန် ပြင်စဉ်မှာပင် တံခါးခေါက်သံ တစ်ချက် ကြားလိုက်ရသည်။ တစ်ချက်တည်းပါ။ ၎င်းမှာ အမေ ဖြစ်ရမည်။ အဖေဖြစ်သူကတော့ လက်ဆစ်ဖြင့် ခေါက်လေ့ရှိပြီး၊ အမေဖြစ်သူကတော့ လက်နှစ်ချောင်းဖြင့် တံခါးကို ခပ်ဖွဖွလေး ပုတ်လေ့ရှိသည်လေ။
“ဝင်ခဲ့ပါ” သူ ကျင့်သားရနေသည့်အတိုင်း ပြန်ထူးလိုက်သည်။
နောက်တစ်စက္ကန့်မှာပင် သူ တံခါးဆီသို့ အမြန် လျှောက်သွားလိုက်သည်။ ဒါက တာယွင် မဟုတ်ဘူးလေ....။
သူ၏အမေက တံခါးဖွင့်ကာ ခေါင်းပြူကြည့်သည် ။
“ဘော့စ်ရှန်... အနားယူနေတာလား”
“မဟုတ်ပါဘူး” ရှန်ယွီ ပြုံးပြလိုက်သည်။
“စကားပြောရအောင်လား”
ရှန်ယွီ ခေတ္တမျှ မှင်သက်သွားရသည်။ ဒါမျိုးက အရင်က အလွန် ရှားပါးခဲ့သည်လေ။ သူမမှာ အချိန်မရှိသလို၊ ရှန်ယွီနှင့် “စကားပြော” ရန် လိုအပ်သည်ဟုလည်း သူမ မယူဆခဲ့ပါဘူး။ ရှန်ယွီကိုယ်တိုင်လည်း စကားပြောဖို့ ဆန္ဒ မရှိခဲ့ပါဘူး။ ကွက်လပ် ဖြစ်နေခဲ့သော နှစ်များက သူတို့နှစ်ဦးစလုံးကို အနည်းငယ် ပြောင်းလဲစေခဲ့ပုံရသည်။
“ဟုတ်ကဲ့” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
“ဝိုင်လား၊ ကော်ဖီလား”
“ဝိုင်ပဲ သောက်တော့မယ်”
“လာလေ။ ငါ အသစ်ဖျော်ထားတဲ့ ကော့တေး မြည်းကြည့်ဦး”
“အမေ သောက်လို့ ရရဲ့လား” ရှန်ယွီ သူမနောက်မှ လိုက်ရင်း မေးလိုက်သည်။
“တစ်ခွက်တည်းပါ”
ရှန်ယွီ ဖုန်းထုတ်ကာ ခုနက ရိုက်ထားသော ဓာတ်ပုံကို ချန်ကျန့်ဆီ ပို့လိုက်ပြီး စာတစ်ကြောင်း ထပ်ထည့်လိုက်သည်။
[Fa Dan Ke Chen] : ငါ အမေနဲ့ ခဏ စကားပြောလိုက်ဦးမယ်၊ နည်းနည်း ကြာနိုင်တယ်။ မစောင့်နဲ့တော့နော်။
[ချန်ယွီလော့ယန့်] : ကောင်းကင်ကြီးက ရုပ်ဆိုးလိုက်တာ။
ရှန်ယွီ ပြုံးလိုက်မိသည်။ အဲ့ဒါကတော့ ငြင်းလို့ မရပါဘူး။ သူ ဘားကောင်တာတွင် ထိုင်လိုက်ပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။ သူ၏အမေက ကျွမ်းကျင်စွာဖြင့် အရက်ပုလင်း တစ်လုံးကို ထုတ်ယူကာ အေးစက်နေသော ဖန်ခွက်တစ်ခုကို ယူလိုက်သည် ။
“တည်းခိုခန်းမှာ အလုပ်တွေ အများကြီး ရှိလား”
“အဆင်ပြေပါတယ်။ ညဘက်ဆိုရင်တော့ လုပ်စရာ သိပ်မရှိပါဘူး။ ဧည့်သည်အများစုက မွန်းလွဲပိုင်းလောက်မှ ရောက်ကြတာလေ”
“မင်းဖုန်းက တောက်လျှောက် မြည်နေတာနဲ့ တည်းခိုခန်းကိစ္စလို့ ထင်နေတာ”
“အဲ့ဒါက မားလှည့်ပတ်ပြီး မေးနေတာပဲ” ရှန်ယွီက ဆိုလိုက်သည်။
သူမက အရက်ကို ဖြည်းဖြည်းချင်း လောင်းထည့်ရင်း သူ့ကို တစ်ချက် လှမ်းကြည့်သည် ။
“ချစ်သူကောင်လေး လား”
သူ၏ မိသားစုဝင်များက ဤကိစ္စကို သိထားကြသည်မှာ ကြာပြီဖြစ်သော်လည်း၊ သူသည် တစ်ခါမှ တစ်စုံတစ်ဦးအပေါ် ခံစားချက် မရှိခဲ့ဖူးသဖြင့်၊ သူ၏အမေက ဤအကြောင်းကို သူ့အား မေးမြန်းခြင်းမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“ချစ်သူ” ဆိုသည့် စကားလုံး သူမ၏ ပါးစပ်မှ ထွက်လာသည့် အခါတွင်မူ ရှန်ယွီ၏ နှလုံးခုန်သံမှာ မြန်လာခဲ့သည်။ သူသည် အငိုက်မိသွားသလို ခံစားရပြီး၊ ရှက်ရွံ့မှု၊ အနေရခက်မှုနှင့်အတူ ရင်ခုန်မှုလေး တစ်ခုလည်း ရောပြွမ်းနေလေသည်။
“ဟုတ်ကဲ့”
“ဟိုမှာပဲ ဆုံတာလား”
သူမက အေးစက်နေသော ဖန်ခွက်ကို သူ့ရှေ့သို့ တွန်းပေးရင်း မေးသည်။
ရွှေဝါရောင်သန်းနေသော အရည်များမှာ အလင်းရောင်အောက်တွင် လှုပ်ခတ်နေလေသည်။ ရှန်ယွီ ထိုဖန်ခွက်ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည် ။
“ဟုတ်ကဲ့... သူက တည်းခိုခန်းရဲ့ မန်နေဂျာပါ”
“မြည်းကြည့်ဦး”
ရှန်ယွီ ဖန်ခွက်ကို မကာ တစ်ငုံ သောက်လိုက်သည်။ ချိုအီအီနှင့်အတူ ချဉ်တဲ့အရသာလေး တစ်ခုလည်း ပါဝင်နေလေသည်။
“ကောင်းသားပဲ” သူ နောက်တစ်ငုံ ထပ်သောက်ပြီး ဧည့်ခန်းဘက်ကို လှမ်းကြည့်သည် ။
“ပါးကော”
“သူ စာခဏဖတ်ပြီးရင် အိပ်တော့မှာလေ။ ငါက ဒီဘက်ကို မလာနဲ့လို့ ပြောထားလိုက်တယ်။ ငါ မင်းနဲ့ စကားကောင်းကောင်း မပြောဖြစ်တာ နှစ်တွေ အများကြီး ရှိပြီပဲဟာ။ အခုလို စကားပြောဖို့ အခွင့်အရေး ရတုန်း သူ လာရင် အနှောင့်အယှက် ဖြစ်မှာ စိုးလို့လေ”
ရှန်ယွီ ပြုံးလိုက်မိသည်။
“ဓာတ်ပုံရှိလား။ ငါ့ကို ပြလို့ ရမလား”
“ဟုတ်ကဲ့”
ရှန်ယွီ ဖုန်းကို ယူကာ၊ ယောင်ယီ ရိုက်ပေးထားသော ချန်ကျန့်၏ တစ်ကိုယ်တော်ပုံ တစ်ပုံကို ရွေးပြီး သူမအား ကမ်းပေးလိုက်သည်။ သူမသည် ဘေးက သေတ္တာထဲမှ မျက်မှန်ကို ယူတပ်လိုက်ပြီး၊ အနားသို့ တိုးကာ သေသေချာချာ ကြည့်ရှုလေသည်။
“အမေ မျက်စိ မှုန်နေပြီလား”
“အလင်းရောင် သိပ်မကောင်းရင် နည်းနည်းတော့ မှုန်တာပေါ့။ ငါလည်း အသက် ၅၀ ကျော်ပြီလေ။ အဲ ဒီကလေးက ကြည့်လို့ကောင်းသားပဲ”
“ဟုတ်ကဲ့”
“သူ အသက်ဘယ်လောက်ရှိပြီလဲ”
“၂၀ ပါ”
“သြော်...”
မား ခေါင်းတညိတ်ညိတ်လုပ်ရင်း ထိုင်ခုံပေါ် မှီချလိုက်ပြီး မျက်မှန်ကို ပြန်ချွတ်လိုက်သည်။
“ကြည့်ရတာတော့ တော်တော်လေး ရင့်ကျက်ပုံရတယ်။ သူ့မိသားစု အခြေအနေက သိပ်မကောင်းဘူး မဟုတ်လား”
ရှန်ယွီ မျက်ခုံးပင့်လိုက်မိသည် ။
“စီအီးအိုလျူ ကတော့ တကယ်ကို အကဲခတ် တော်တာပဲ”
“ငါက လူကြည့်တာတော့ တော်တုန်းပါ ။ မင်းလည်း ရုတ်တရက်ကြီး လူကြီး ဖြစ်သွားသလို ခံစားရတယ်”
“ကျွန်တော် လူကြီးဖြစ်နေတာ ကြာပါပြီ”
________________________________________________________________
ယွခမကြီးက မလွယ်ဘူး အကြားအမြင်ရနေသလိုပဲ
ReplyDelete