Skip to main content

77








အပိုင်း(၇၇)


“ဟုတ်တယ်”

မားက သူ့စကားကိုထောက်ခံလျက် ဝိုင်ခွက်ကို မြှောက်၍ အသာအယာ လှုပ်ယမ်းရင်း ဝိုင်ရည်များ၏ တလက်လက်တောက်ပမှုကို ငေးကြည့်နေသည်။ ထို့နောက် သူမက သက်ပြင်းအသာချလိုက်သည်။

“အဲ့ဒါကို သတိမထားမိခဲ့တာ ငါ့အမှားပါပဲ”

ရှန်ယွီသည် မား၏ သက်ပြင်းချသည်ကို ခဲယဉ်းစွာ ကြားဖူးခြင်း ဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် သူမသည် အမြဲတမ်း သန်မာပြီး လွတ်လပ်စွာ ရပ်တည်နိုင်သူတစ်ဦးသာ ဖြစ်ခဲ့သည်။

“တကယ်တော့... အမေလည်း အိုမင်းလာပြီဆိုတာ ကျွန်တော်လည်း သတိမထားမိခဲ့ပါဘူး”

ရှန်ယွီ ထိုသို့ပြောလိုက်စဉ် ချန်ကျန့်၏အသံမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသလို ခံစားလိုက်ရသည်။

‘ဘော့စ်... ဘာတွေ လျှောက်ပြောနေတာလဲဗျာ!’

“ငါလည်း အတူတူပါပဲ။ ဒီရောဂါသာ မဖြစ်ခဲ့ရင် ငါလည်း ကိုယ့်ကိုယ်ကိုယ် အိုမင်းလာပြီဆိုတာ သိမှာမဟုတ်ဘူး”

“အမေ ကြည့်ရတာ အခုထိ တော်တော် ငယ်ပါသေးတယ်”

“သားသမီးအတွက် စိတ်မပူရတဲ့သူတွေက ပိုပြီး နုပျိုကြတယ်တဲ့လေ။ ငါကတော့ အဲ့ဒီလို လူစားမျိုး ထင်ပါရဲ့”

မားက ဝိုင်တစ်ငုံသောက်ရင်း ခပ်အေးအေးပဲ ပြောသည်။ ရှန်ယွီ တိတ်ဆိတ်သွားရ၏။ ဘေးက ဝိုင်ခွက်ကိုသာ ငေးကြည့်နေမိပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။ သူ၏မိဘများက သူ့အပေါ် ဂရုမစိုက်ကြဘူးဆိုသည့် သူ၏ယူဆချက်မှာ အထင်လွဲမှားမှုတစ်ခု ဖြစ်နိုင်သည်ဟု သူ အမြဲတွေးခဲ့ဖူးသော်လည်း၊ သူ၏မိခင်ကိုယ်တိုင်ကလည်း ထိုသို့ပင် တွေးနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပါဘူး။

“အမေ... တစ်ခါတလေများ နောင်တရမိတာမျိုး ရှိလား”

ရှန်ယွီ တိုးတိုးလေး မေးလိုက်သည်။

“ဘာအတွက် နောင်တရရမှာလဲ။ မင်းကို မွေးခဲ့မိလို့လား”

“ဟုတ်ကဲ့”

ရှန်ယွီ စိုက်ကြည့်ရင်း ပြန်ဖြေသည်။

“ဟား ဟား ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းကို ရဖို့အတွက် ငါတို့ နှစ်နှစ်တောင် သေသေချာချာ ပြင်ဆင်ခဲ့ရတာလေ။ မင်းကြောင့်ပဲ ငါက မိသားစုရဲ့ စီးပွားရေး အခြေအနေကို ပိုကောင်းအောင် လုပ်ချင်ခဲ့တာ”

ဒါဆို ဘာလို့ ကျွန်တော့်ကို အဒေါ်ကြီးအိမ်၊ ပြီးတော့ အဒေါ်လေးအိမ်တွေကို ပို့ခဲ့ရတာလဲ....

ထိုမေးခွန်းက တိုက်ရိုက်ဆန်လွန်းလှသည်။ သူ ဝိုင်နှစ်ငုံသာ သောက်ရသေးသည်။ နှစ်ရှည်လများ ခွဲခွာခဲ့ရသော ကွက်လပ်ကြီးမှာ အခုမှ စတင် ပြယ်လွင့်ကာ စကားဝိုင်းလေးမှာ အခုမှ အနည်းငယ် ပေါ့ပါးလာခြင်း ဖြစ်သည်လေ။ ဤမေးခွန်းကို မေးရန် သင့်မသင့် ရှန်ယွီ မသေချာပါဘူး။

ဤမေးခွန်း၏ အဖြေကို သူ သိထားပြီးသား ဖြစ်သော်လည်း…ဒေါ်ကြီးကလည်း ပြောပြဖူးသလို၊ ဒေါ်လေးကလည်း ပြောပြဖူးသည်။ သို့သော် သူသည် ယခုကဲ့သို့ လူကြီးတစ်ယောက် ဖြစ်လာသည့် အချိန်တွင်၊ သူ၏ လက်ရှိ စိတ်အခြေအနေနှင့် ခံစားချက်များဖြင့် မိခင်ဖြစ်သူ၏ နှုတ်မှ နောက်တစ်ကြိမ် ပြန်ကြားချင်နေမိခြင်း ဖြစ်သည်။

သို့သော် သူ ရင်ဆိုင်နေရသည်မှာ မိခင်ဖြစ်သူ ဖြစ်သည်။ သူငယ်ချင်း မဟုတ်သလို၊ သူစိမ်းလည်း မဟုတ်၊ စီးပွားပြိုင်ဘက်လည်း မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ရှိနေခဲ့သော စိမ်းသက်လှသည့် အကွာအဝေးကြောင့် ဤမေးခွန်းကို ဘယ်လို စပြောရမလဲဆိုတာ သူ ရှာမတွေ့ ဖြစ်နေရသည်။

“ဘာဖြစ်လို့လဲ...”

နောက်ဆုံးတွင် ရှန်ယွီသည် မြွေမသေ တုတ်မကျိုး အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကိုသာ အသုံးပြုလိုက်တော့သည်။

“ငါ အလုပ်တွေ တအား များနေလို့ပါ”

ချန်ကျန့်တစ်ယောက် ရှန်ယွီ၏ အကြည့်အောက်တွင် အတိုင်းသား အမြင်ခံရသည့်အခါ ခံစားရသည့် ခံစားချက်မျိုးကို ရှန်ယွီ အခုမှပင် နားလည်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်၌ မိခင်ဖြစ်သူ၏ အမှတ်အသားများစွာ ရှိနေမှန်းကိုလည်း သူ သတိပြုမိလိုက်သည်။

“မင်းကို မွေးပြီးတော့ ငါ ကောင်းကောင်း အနားမရခဲ့ဘူး”

မိခင်ဖြစ်သူက ဝိုင်တစ်ငုံ သောက်ရင်း မျက်လုံးမှိတ်ကာ အတိတ်ကို ပြန်ပြောင်းသတိရနေပုံဖြင့် ခေတ္တမျှ တန့်သွားသည် ။

“ငါ့ကျန်းမာရေးက အမြဲတမ်း ပြဿနာရှိနေသလို၊ ကုမ္ပဏီကလည်း အရေးကြီးတဲ့ အခြေအနေမှာ ရှိနေခဲ့တာလေ။ အရာရာကို ငါ မစီမံနိုင်ခဲ့ဘူး”

၎င်းမှာ သူ မှတ်မိနေသော အကြောင်းအရာများနှင့် ဆင်တူသော်လည်း၊ ထိုစဉ်က သူ၏မိခင် ကျန်းမာရေး မကောင်းခဲ့သည်ကိုတော့ သူ မသိခဲ့ပါဘူး။

“အဲ့ဒီတုန်းက မင်းအဖေကလည်း တစ်ပတ်မှ တစ်ခါပဲ အိမ်ပြန်လာနိုင်တာလေ။ ငါ အလုပ်ကိစ္စနဲ့ ခရီးသွားနေရင် မင်းကို မူကြိုကနေ သွားကြိုမယ့်လူ မရှိဘူး။ အဲ့ဒါကြောင့် အမြဲတမ်း မင်း ဒေါ်ကြီးကိုပဲ အကူအညီ တောင်းခဲ့ရတာ”

“မူကြိုတုန်းက အကြောင်းတွေကို ကျွန်တော် မမှတ်မိတော့ဘူး”

“မင်းက အရမ်း ငယ်သေးတာကိုး။ မင်း နှစ်နှစ်တောင် မပြည့်သေးခင်မှာ မူကြို သွားတက်ရတာလေ။ သူတို့ကတောင် လက်မခံချင်ကြဘူး။ မင်းက မင်းရဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြတတ်လို့သာ လက်ခံလိုက်ကြတာ။ နောက်ပိုင်းကျတော့ မင်းဒေါ်ကြီး အိမ်မှာပဲ မင်းကို သွားနေခိုင်းလိုက်ရတာပေါ့”

“ဟုတ်ကဲ့”

“မင်းက အမြဲတမ်း ဂျီကျပြီး အိမ်ပြန်ချင်နေတာလေ။ ငါ မင်းကို ပြန်ခေါ်လာပေးပေမဲ့၊ နောက်နှစ်ရက်နေရင် အလုပ်ကိစ္စ ပေါ်လာပြန်ရော၊ အဲ့ဒါနဲ့ပဲ မင်းကို ပြန်ပို့ရပြန်တာပေါ့။ အဲ့ဒီကျရင် မင်းက ထပ်ပြီး ဂျီကျပြန်ရော။ ဒေါ်ကြီး အိမ်က ဖန်ခွက်တွေဆိုရင် တစ်စုံမှ မကျန်ဘူး၊ မင်း အကုန် ရိုက်ခွဲပစ်တာလေ....”

ရှန်ယွီ သူ၏မိခင်ကို ကြည့်နေမိသည်။ ဤအကြောင်းအရာများကို သူ ဝိုးတဝါး မှတ်မိသော်လည်း သေသေချာချာတော့ မမှတ်မိပါဘူး။ အိမ်ပြန်ချင်ခဲ့သည့် ခံစားချက်ကိုသာ သူ မှတ်မိလေသည်။ မိခင်ဖြစ်သူ၏ နှုတ်မှ ဤစကားများကို ကြားရခြင်းမှာ သူ့အတွက် အနည်းငယ် စိမ်းသက်နေသလို ခံစားရသည်။ ၎င်းမှာ သူတို့ ဤသို့ စကားမပြောဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်တာကြောင့်လား သို့မဟုတ် မတွေ့ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်တာကြောင့်လား ဝေခွဲမရ။

“တစ်နေ့ကျတော့ မင်း ဂျီမကျတော့ဘဲ ငြိမ်သွားတယ် ။ အဲ့ဒီတုန်းက ငါက မင်းရဲ့ အခု အသက်လောက်ပဲ ရှိဦးမှာ။ အဲ့ဒီ ငြိမ်သွားတာက ဘာကို ဆိုလိုသလဲဆိုတာ ငါ မသိခဲ့ဘူး။ ငါ စိတ်အေးသွားရပြီလို့ပဲ ထင်ခဲ့တာ”

“အဲ့ဒီတုန်းကကော အမေ နောင်တ မရခဲ့ဘူးလား”

“မရပါဘူး”

မားက နဖူးကို လက်နှင့်ထောက်လျက် သူ့ကို ကြည့်လျက်

“မင်းက တကယ်ကို တော်သလို၊ ကြည့်လည်း ကောင်းတယ်လေ။ မင်းလို သားမျိုး ရှိတာကို ငါ ဘယ်လိုလုပ်ပြီး နောင်တရမှာလဲ”

“တကယ်လို့ ကျွန်တော်က ရုပ်ဆိုးနေရင်ကော။ ရုပ်လည်းဆိုး၊ ဉာဏ်လည်း ထိုင်းနေရင်ကော”

ရှန်ယွီ ထပ်မေးမိပြန်သည်။

“ငါလည်း မသိဘူး၊ ငါက အဲ့ဒီလို ကလေးမျိုး မမွေးနိုင်ဘူးလေ ။ မင်းက ငါ့ဆီက ဘယ်လို အဖြေမျိုးကို လိုချင်နေတာလဲ”

ယခုအခါတွင်မူ မိခင်ဖြစ်သူမှာ တည့်တိုးပင် ပြန်မေးလိုက်လေပြီ။

“ကျွန်တော် တကယ်ပဲ တော်တယ်လို့ အမေ ထင်လား”

ရှန်ယွီ သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ကျွန်တော့်အပေါ် တစ်ခါမှ အကောင်းမမြင်ခဲ့တာမျိုး မရှိဘူးလား။ ကျွန်တော် အတန်းလစ်တယ်၊ ရန်ဖြစ်တယ်၊ ပြဿနာရှာတယ်၊ ကျောင်းထွက်တယ်၊ ရဲစခန်း ရောက်တယ်၊ နောက်ဆုံး ထောင်တောင် ကျခဲ့တာပဲလေ....”

မိခင်ဖြစ်သူက စကားဖြတ်ပြောလိုက်သည်။

“ထောင်ကျတာက ကိစ္စတစ်ခုပဲလေ ။ ဒါကို တခြားဟာတွေနဲ့ သွားမရောနဲ့”

ရှန်ယွီ ခေတ္တမျှ တိတ်ဆိတ်သွားရသည်။ ထိုမေးခွန်းကို မေးပြီးနောက်တွင် သူ၏ သတ္တိများမှာ ပျောက်ကွယ်စပြုလာခဲ့ပြီ။ စိတ်တွေလည်း ရှုပ်ထွေးလာရသည်။ ထပ်ပြီး စကားပြောလျှင် သူ၏ အသိတရားမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး၊ သူ ဆိုလိုသည်ကို မှန်ကန်အောင် ပြောနိုင်မှာ မဟုတ်သလို၊ မှန်ကန်သော တုံ့ပြန်မှုကိုလည်း ရရှိမှာ မဟုတ်ပါဘူး။

မိခင်အရင်းနှင့် “ရင်ဖွင့်စကား” ပြောဆိုရာတွင် ရှင်းလင်းပြတ်သားလှသော အတွေးအခေါ်တွေ မလိုဘူးဆိုတာကို သူ သိထားသော်လည်း၊ ခံစားချက်အတိုင်း လိုက်ပါစီးမျောကာ အမှန်တကယ် စိတ်အေးလက်အေး နေနိုင်ရန်မှာမူ သူ့အတွက် ခက်ခဲလှပေသည်။

“ကျွန်တော့်လို လူတစ်ယောက်ကြောင့် …အမေတို့ တကယ်ပဲ စိတ်မပျက်ခဲ့ကြဘူးလား”

ပြောပြီးနောက် ဝိုင်ကို တစ်ငုံ သောက်လိုက်သည်။ ဝိုင်၏ ချိုချဉ်အရသာမှာ သူ၏ လည်ချောင်းထဲသို့ စီးဝင်သွားခဲ့လေပြီ။

“မင်း ဒါကို တစ်သက်လုံး မေးမှာ မဟုတ်ဘူးလို့ ငါ ထင်ထားတာ”

မိခင်ဖြစ်သူက ခွက်ကို ချလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ထားလိုက်သည်။

“ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်ခဲ့တာပါ”

“တကယ်တော့ မင်းက ငါတို့အပေါ် စိတ်ပျက်နေခဲ့တာ မဟုတ်လား ။ လူအများစုက မိဘတွေက သားသမီးအပေါ် စိတ်ပျက်တာကိုပဲ မြင်တတ်ကြတယ်၊ သားသမီးက အရင်ဆုံး စိတ်ပျက်ခဲ့ရတယ်ဆိုတာကိုတော့ မသိကြဘူး”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး၊ သို့သော် မျက်ခုံးများ ပင့်ကာ မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

“မင်း အိမ်ပြန်ချင်လို့ ဂျီကျနေတာကို ရုတ်တရက် ရပ်လိုက်တဲ့ အခိုက်အတန့်ကတည်းက…မင်း ငါတို့အပေါ် စိတ်ပျက်သွားခဲ့တာပဲ”

ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မသိခဲ့ပါဘူး။ သူ ဒါကို တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။ စိတ်ပျက်တယ် ဟုတ်လား။ သူက မိဘများအပေါ်မှာလား။

“မင်းကို အလိုအပ်ဆုံး အချိန်မှာ တခြားလူတွေလက်ထဲကို ထည့်ပေးဖို့ ရွေးချယ်ခဲ့တဲ့ ဒီလူနှစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်ခဲနေခဲ့တာလေ”

ရှန်ယွီ ကိုင်ထားသော ဝိုင်ခွက်မှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။သည်လိုမေးခွန်းမျိုးကို သူတစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ မိခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်မူ ၎င်းမှာ အမှန်တရား ဖြစ်နေပုံရသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် သူ၏ မိဘများကို မယုံကြည်ခဲ့ပါဘူး။

“ငါတို့က အရည်အချင်းရှိတဲ့ မိဘတွေ မဟုတ်ခဲ့ကြပါဘူး”

မားက စကားလုံးများကို ခက်ခက်ခဲခဲ ရွေးချယ်ပြောဆိုနေပုံရသည်။

“အထူးသဖြင့် သံယောဇဉ် တည်ဆောက်တဲ့ နေရာမှာပေါ့.... ဒီလို မိဘနဲ့ သားသမီး ဆက်ဆံရေးမျိုးကို ငါတို့ ကိုင်တွယ်ပုံ တအား ညံ့ဖျင်းခဲ့တယ်....”

သူမ၏ လက်ချောင်းများက ဝိုင်ခွက်ဘေးကို ပွတ်သပ်နေပြီး၊ ခွက်ဘေးမှ စီးကျလာသော ရေစက်ကလေးကို ငေးကြည့်နေမိသည်။

“မင်း အိမ်ကို ပထမဆုံး ပြန်ရောက်တုန်းက စကားတွေ တအားပြောတာလေ၊ အထူးသဖြင့် ထမင်းစားချိန်ပေါ့။ အစပိုင်းမှာတော့.... နည်းနည်းတော့ နားငြီးစရာ ကောင်းခဲ့တာပေါ့။ တစ်နေကုန် အလုပ်လုပ်ပြီး ပြန်လာရတော့ မင်းပြောတာတွေကို အာရုံစိုက်ဖို့ ခက်ခဲခဲ့တာလေ။ ဒါပေမဲ့ မင်းအဖေက ထမင်းစားရင် စကားမပြောရဘူးလို့ စည်းကမ်းထုတ်လိုက်တာကတော့ မင်း ဆဲတတ်နေပြီဆိုတာကို သူ ရုတ်တရက် သိသွားလို့ပဲ....”

“ဗျာ”

ရှန်ယွီ အံ့သြသွားရသည်။ “ထမင်းစားရင် စကားမပြောရ” ဆိုသည့် စည်းကမ်း၏ မူလအကြောင်းရင်းကို သူ သေသေချာချာ မမှတ်မိတော့ပါဘူး။

“သူက မင်းအတွက် စည်းကမ်းတွေ သတ်မှတ်ဖို့ ကြိုးစားခဲ့တာလေ” မိခင်ဖြစ်သူက ပြုံးလျက် ဆိုသည်။

“ထမင်းစားရင် စကားမပြောရ၊ နေ့တိုင်း ပြေးရမယ်၊ တစ်ပတ်ကို စာအုပ်တစ်အုပ် ဖတ်ရမယ်၊ လက်ရေးကျင့်ရမယ်၊ ပြီးတော့ မင်းကို သိုင်းပါ သင်ခိုင်းခဲ့တာလေ။ တစ်ပိုင်းကတော့ မင်း ငယ်ငယ်က ကိုယ်ခန္ဓာ အားနည်းလို့၊ ကျန်တဲ့တစ်ပိုင်းကတော့ မင်းကို စည်းကမ်းရှိစေချင်လို့ပေါ့၊ ဒါပေမဲ့.... အဲ့ဒါက တအား တင်းကျပ်လွန်းသွားခဲ့တာ”

“ဒါပေမဲ့ ကျွန်တော် တစ်ခုမှ မလုပ်ဖြစ်ခဲ့ဘူးလေ။ အလွယ်ဆုံးဖြစ်တဲ့ ထမင်းစားရင် စကားမပြောရ ဆိုတာကလွဲရင်ပေါ့”

“ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ မင်းက စကားကို လုံးဝ မပြောချင်တော့လို့ မဟုတ်လား”

မားက သူ့လက်က လှမ်းလာသည်၊ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရှန်ယွီ၏ လက်ဖမိုးကို အသာအယာ ပုတ်ပေးလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ လက်ရေးက တအားလှသလို၊ ရန်ဖြစ်ရင်လည်း တအားတော်တာပဲ။ ဒါကို ကြည့်ရင် မင်းက ပေါ့ပေါ့ပါးပါး သင်ယူရင်တောင် တတ်မြောက်တယ်ဆိုတာ သိသာပါတယ်။ မင်းက အရာရာကို မြန်မြန် သင်ယူနိုင်တဲ့လူပဲ”

ရှန်ယွီ မိခင်ဖြစ်သူ၏ လက်ကို လှမ်းကြည့်လိုက်သည်။ သူသည် ယခုကဲ့သို့သော ထိတွေ့မှုမျိုးနှင့် အခုထိ စိမ်းသက်နေဆဲပင်။ သူ မှတ်မိသမျှ အစောဆုံး အချိန်ကတည်းက သူသည် သူ၏ မိဘများနှင့် ထိတွေ့ရမှာကို အနည်းငယ် ငြိုငြင်ခဲ့သူ ဖြစ်သည်။ တစ်ခါတစ်ရံ မိခင်ဖြစ်သူက သူ့ကို ဖက်သည့်အခါ သူသည် အလွန် နေရခက်သလို ခံစားခဲ့ရသည် မဟုတ်ပါလော။

“အမေတို့ အရင်က.... ကျွန်တော့်ကို ဒါမျိုးတွေ တစ်ခါမှ မပြောခဲ့ကြဘူးနော်”

“ဘာတွေကိုလဲ”

“ကျွန်တော့် လက်ရေးလှတာ၊ ရန်ဖြစ်တာ တော်တာ.... အဲ့ဒါတော့ ထားလိုက်ပါတော့၊ အရာရာကို မြန်မြန် သင်ယူနိုင်တာ စတဲ့ အကြောင်းအရာတွေပေါ့ ။ အမေတို့ တစ်ခါမှ မပြောခဲ့ဘူး”

“ဟုတ်လား”

မိခင်ဖြစ်သူမှာ အတိတ်ကို ပြန်ပြောင်းစဉ်းစားနေပုံရသည်။ အတော်ကြာမှ သူမ သက်ပြင်းချလိုက်သည်

“ငါတို့က အဲ့ဒီလိုမျိုး ချီးကျူးလိုက်ရင် မင်းကို တစ်ခုခုအတွက် ပြန်ပေးဆပ်နေသလိုမျိုး၊ ဒါမှမဟုတ် မင်းကို တမင် မျက်နှာချို သွေးနေသလိုမျိုး ဖြစ်နေမှာကို စိုးရိမ်ခဲ့တာလေ။ အဲ့ဒါက မင်းကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေမှာပေါ့။ ငါတို့က ပုံမှန် မိသားစုတစ်ခုလို သဘာဝကျကျပဲ နေချင်ခဲ့တာ၊ ပျောက်ဆုံးသွားခဲ့တဲ့ သံယောဇဉ်တွေကို မရှိခဲ့သလိုမျိုး ဟန်ဆောင်ချင်ခဲ့တာ”

ရှန်ယွီ ခေါင်းလွှဲလိုက်ပြီး ဧည့်ခန်း ပြတင်းပေါက်ကို လှမ်းကြည့်နေမိသည်။ အပြင်ဘက်တွင် မီးရောင်များစွာမှာ ဝေဝါးနေပြီး၊ အနီးမှ အဝေးဆီသို့ မီးပွင့်လေးများမှာ ပို၍ သေးငယ်သွားလေသည်။ ထိုအရာများမှာ မိသားစု တစ်ခုချင်းစီ၏ အိမ်များပင် ဖြစ်သည်။ သူတို့သည် ကမ္ဘာကြီး၏ ထောင့်တစ်နေရာတွင် ကိုယ်ပိုင်ဘဝများ၊ ကိုယ်ပိုင်သောကများနှင့် ပျော်ရွှင်မှုများဖြင့် တိတ်ဆိတ်စွာ နေထိုင်နေကြလေသည်။ ရှန်ယွီသည် အရင်က ပြတင်းပေါက်မှာ ရပ်ရင်း တခြားလူတွေ၏ အိမ်ကော ဘယ်လိုရှိမလဲဟု အကြာကြီး စိတ်ကူးယဉ်ခဲ့ဖူးသည်။

“အင်း... ငါတို့ ပြောခဲ့သင့်တာပေါ့” မိခင်ဖြစ်သူက တိုးတိုးလေး ဆိုသည် ။

“မင်းက တအား တော်တာပဲ။ ငါ မင်းကို ကြည့်ပြီး မင်းက အရာရာကို သိနေတယ်လို့ အမြဲ ခံစားရတယ်၊ ပြီးတော့ မင်းမှာ ငါတို့လို မိဘတွေတောင် မလိုဘူးလို့တောင် ငါ ထင်ယောင်ထင်မှား ဖြစ်ခဲ့တာပေါ့။ မင်းကို ထိန်းချုပ်ဖို့ ကြိုးစားတာမှန်သမျှ မှားယွင်းနေသလို ခံစားရပြီး၊ မင်းကို ပိုပြီး ဝေးသွားအောင် တွန်းပို့နေသလိုပဲ....”

“ကျွန်တော် လိုအပ်ခဲ့တာပါ”

ရှန်ယွီက ရိုးရှင်းစွာပင် ဆိုလိုက်သည်။ ၎င်းထက် ပို၍ နက်ရှိုင်းလှသော ဖော်ပြချက်ကို သူ ရှာမတွေ့တော့ပါဘူး။

“အင်း” မိခင်ဖြစ်သူက ခေါင်းညိတ်ပြသည်။

“မင်း နေမကောင်းဖြစ်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာမှ ငါ ဒါကို သိလိုက်ရတာ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ မင်းက အိမ်ကို မပြန်တော့ဘူးလေ။ အရာရာကို လွဲချော်သွားသလိုပဲ ခံစားရတယ်”

“အဲ့ဒီတုန်းက အမေတို့ နှစ်ယောက်လုံး တအား အလုပ်ရှုပ်နေကြတယ်လို့ပဲ ကျွန်တော် ခံစားခဲ့ရတာပါ”

“ငါ နောင်တရတာတွေ ရှိလားလို့ မေးရင်တော့....” သူမ ခေတ္တ စဉ်းစားလိုက်သည် ။

“ကုမ္ပဏီကို စတင် ထောင်ခဲ့တာလည်း တစ်ခု အပါအဝင်ပေါ့”

“အဲ့ဒီလိုတော့ မတွေးပါနဲ့။ မားက တကယ်ကို အံ့သြစရာ ကောင်းတဲ့ အမျိုးသမီး တစ်ယောက်ပါ။ အရာရာကို မျှတအောင် စီမံဖို့ဆိုတာက မွေးရာပါ ခက်ခဲတဲ့ ကိစ္စပဲလေ။ အနည်းဆုံးတော့ ကျွန်တော် ရှုံးမယ့် စီးပွားရေးတစ်ခု လုပ်ချင်တဲ့ အချိန်မှာတောင်မားက ကျွန်တော့်ကို ရင်းနှီးငွေ ပေးနိုင်ခဲ့တယ် မဟုတ်လား။ အခု ကျွန်တော် ကားတစ်စီး လိုချင်တယ်ဆိုရင်လည်း မား ချက်ချင်း ပေးနိုင်တာပဲဟာ”

သူ၏မိခင်မှာ ရယ်မောလိုက်တော့သည် ။

“တခြား လိုချင်တာ ရှိသေးလား”

“မရှိပါဘူး၊ ဘာမှ မရှိတော့ပါဘူး”

“ငါက တစ်ခုခုကို ပြန်ပေးဆပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ပြန်ပေးဆပ်တယ် ဆိုတာကလည်း.... အတိတ်ကို ပြန်ပေးဆပ်လို့ မရနိုင်ပါဘူး။ ဒီနေ့ ငါ မင်းကို စကားပြောချင်တာက မင်းလည်း စကားပြောချင်နေလိမ့်မယ်လို့ ငါ ခံစားရလို့ပါ။ ငါ ဒီအခွင့်အရေးကို စောင့်နေခဲ့တာ နှစ်တွေ အများကြီး ရှိပါပြီ”

ရှန်ယွီ ပြုံးလိုက်မိသည်။ စီအီးအိုလျူ ကတော့ တကယ်ကို အကဲခတ် တော်တုန်းပါပဲ။

“ငါတို့ရဲ့ အတိတ်က အမှားတွေအတွက် ဆင်ခြေပေးဖို့ ကြိုးစားနေတာလည်း မဟုတ်ပါဘူး”

မိခင်ဖြစ်သူက ထရပ်လိုက်ပြီး၊ အေးစက်နေသော ဖန်ခွက်အသစ် နှစ်လုံးကို ယူကာ နောက်ထပ် တစ်ခွက် ထပ်ဖျော်ပေးပြန်သည်။

“ငါ ပြောချင်တာကတော့၊ နောက်ကျသွားခဲ့ပေမဲ့လည်း၊ မိဘတွေရဲ့ ရင်ထဲမှာတော့ မင်းက တကယ်ကို တော်ပြီး ထူးချွန်တဲ့ ကလေးတစ်ယောက်ပါ ဆိုတာပါပဲ”

“အမေ တစ်ခွက်ပဲ သောက်မယ်ဆို”

“ခုနက တစ်ခွက်က အရက်မပါဘူးလေ။ ငါပြောတဲ့ ‘တစ်ခွက်’ ကတော့ အခု ဒီတစ်ခွက်ပေါ့”

“ကျွန်တော်တို့ နှစ်ယောက် ခွက်ချင်း မတူဘူးလား။ ကြည့်ရတာတော့ အတူတူပါပဲ”

“မင်းခွက်ထဲမှာက အရက်ပါတယ်၊ ငါ့ခွက်ထဲမှာက ဖျော်ရည်ပဲ ။ မင်း အရက်သောက်ပြီးမှ အမှန်အတိုင်း ပြောမှာ စိုးလို့လေ”

ရှန်ယွီ တောက်တစ်ချက် ခေါက်လိုက်မိသည်။

“အဖေနဲ့ကော စကားပြောဦးမလား”

“...မလိုပါဘူး။ ကျွန်တော်က.... သူ့နဲ့ကျတော့ ပိုပြီး စိမ်းသလိုပဲ။ သူ ကျွန်တော့်ကို စကားပြောဖို့အတွက် Lesson plan တွေတောင် ကြိုပြင်နေရဦးမှာ စိုးလို့ပါ”

“အဲ့ဒါ သူ့စရိုက်လေ”

“တစ်ခါတစ်လေ ငါ တွေးမိတယ်၊ ငါတို့ မိသားစု အတိတ်ကို ပြန်သွားပြီး ဘဝကို အသစ်ပြန်စနိုင်ရင်တောင် အချို့အရာတွေက ပြောင်းလဲမှာ မဟုတ်ဘူးလို့လေ။ မင်းအဖေနဲ့ ငါကတော့ မင်းရဲ့ လိုအပ်ချက်တွေက ငါတို့နဲ့ အတူတူပဲလို့ အမြဲတမ်း တစ်ထပ်တည်း ယူဆနေကြဦးမှာပဲ....”

“အခုလို ဖြစ်နေတာလည်း အဆင်ပြေပါတယ်”

“ရောဂါ စစ်ဆေးချက် အဖြေကို မြင်တုန်းကတော့ ငါ တော်တော် ကြောက်သွားတာ။ ပထမဆုံး တုံ့ပြန်မှုကတော့ မင်းကို ချက်ချင်း ပြောပြဖို့ပဲ”

မားက ကျွမ်းကျင်စွာဖြင့် ပုလင်းများကို တစ်လုံးပြီးတစ်လုံး ယူကာ ဖန်ခွက်ထဲသို့ လောင်းထည့်နေသည်။

“ဒါပေမဲ့ နောက်ဆုံးတော့ ငါ မပြောဖြစ်ခဲ့ပါဘူး။ ငါ့တစ်သက်လုံး မင်းအတွက် ဘာမှ မလုပ်ပေးခဲ့ဘဲနဲ့၊ အခု ငါ အိုလာလို့၊ နေမကောင်းဖြစ်လာတော့မှ မင်းဆီကနေ တစ်ခုခုကို တောင်းဆိုနေသလိုမျိုး ဖြစ်နေမှာကို ငါ စိုးရိမ်လို့ပါ....”

“အမေ... အဲ့ဒီလို လုပ်သင့်တာပေါ့”

ရှန်ယွီ စားပွဲပေါ်တွင် ခေါင်းတင်ကာ သူမကို လှည့်ကြည့်ရင်း ဆိုလိုက်သည်။

“ကျွန်တော်က ကိုယ့်ဘာသာကိုယ် တကယ်ကြီး ကြီးပြင်းလာခဲ့တာမှ မဟုတ်တာ”

“မင်း တကယ်ကို....”များကြီး ပြောင်းလဲသွားတာပဲ”

ရှန်ယွီ ချက်ချင်းပင် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ မျက်ရည်တစ်စက် ကျဆင်းလာသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးထောင့်ကို လက်မောင်းနှင့် ဖိထားလိုက်မိသည်။

ဒုတိယမြောက် တစ်ခွက်မှာတော့ သူ့ကို မြန်မြန် အိပ်ပျော်စေရန် ဖြစ်ပုံရသည်။ သူမက တော်တော်လေး ပြင်းအောင် ဖျော်ထားသဖြင့် ပထမဆုံး တစ်ငုံ သောက်လိုက်သည်နှင့် အရက်နံ့မှာ သစ်သီးနံ့ထက်ပင် ပိုပြီး ပြင်းနေလေသည်။

“အိပ်ဆေးပဲ တန်းထည့်လိုက်တာက ပိုမြန်ဦးမယ်”

“အဲ့ဒါကျတော့ မျက်နှာချင်းဆိုင်ကြီး ဆေးခတ်သလို ဖြစ်နေမှာပေါ့”

ရှန်ယွီ၏ ဖုန်းမှာ တစ်ချက် မြည်လာခဲ့သည်။ သူ ဖုန်းကို ယူကြည့်လိုက်ရာ ချန်ကျန့်ဆီမှ ဖြစ်လေသည်။ သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ မိခင်ဖြစ်သူ၏ ရှေ့မှာပင် ဖုန်းကို ဖွင့်ကြည့်လိုက်သည်။

[ချန်လေး] : ငါ အကြာကြီး စဉ်းစားနေတာ။ မင်း စကားပြောလို့ ဘယ်လို အခြေအနေ ရှိလဲတော့ မသိဘူးနော်။ မင်း စိတ်မကောင်း ဖြစ်နေမှာ စိုးလို့ပါ။ ငါ ပြောချင်တာကတော့၊ အချို့သော ကိစ္စတွေအတွက် အဖြေဆိုတာက ဖြေရှင်းနည်း မဟုတ်ပါဘူး။ အဖြေတစ်ခု သိလိုက်ရုံနဲ့တင် လုံလောက်ပါပြီ။ ဖြေရှင်းနည်းကို သေချာပေါက် ရှာနေဖို့ မလိုပါဘူး။

ချန်ကျန့်ဆီမှ ရခဲလှသော စာအရှည်ကြီးပင် ဖြစ်သည်။ ရှန်ယွီ ၎င်းကို အကြိမ်ကြိမ် ပြန်ဖတ်နေမိသည်။ နောက်ဆုံးတွင် သူ ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး မျက်လုံးမှိတ်ကာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တော့သည်။

“ဘာဖြစ်လို့လဲ”

ရှန်ယွီ လင်းနေဆဲ ဖြစ်သော ဖုန်းမျက်နှာပြင်ကို ရှေ့သို့ တွန်းပေးလိုက်သည်။ မား ချက်ချင်း မကြည့်ပါဘူး။ အရင်ဆုံး မေးသေး၏။

“ရှေ့ကနေ ဖတ်ရမှာလား၊ နောက်ကနေ ဖတ်ရမှာလား”

“နောက်ကနေ ဖတ်ရင်လည်း အရင်က ပို့ထားတဲ့ စာတွေကို မြင်ရတာပဲ မဟုတ်လား”

“ကောင်းကင်ကြီးက ရုပ်ဆိုးလိုက်တာ ။ ဟုတ်ပ၊ တကယ်ကို ရုပ်ဆိုးတာပဲ။ ငါ မင်းရဲ့ Moments တွေကို မြင်ကတည်းက ပြောချင်နေတာ၊ မင်းရိုက်ထားတဲ့ ပုံတွေက မျက်စိမှုန်နေတဲ့ လူတစ်ယောက် ရိုက်ထားသလိုပဲ။ အကွက်လေး ချိန်ပြီး ခလုတ်ကိုပဲ တန်းနှိပ်လိုက်တာမျိုးလေ....”

ရှန်ယွီ ဘာမှမပြောဘဲ ပြုံးနေမိသည်။ မိခင်ဖြစ်သူသည်လည်း ထပ်ပြီး ဘာမှ မပြောတော့ပါဘူး။ ချန်ကျန့်၏ စာကို ဖတ်ပြီးနောက် သူမ ဖုန်းကို ရှန်ယွီ့ရှေ့ ပြန်တွန်းပေးလိုက်သည် ။

“ဒီ ရန့်အာ လေးကတော့....”

“ဟေး!” ရှန်ယွီ ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည် ။

“ချန်ကျန့် ပါ။ သူ့နာမည်က ချန်ကျန့် ပါ”

“ဒီကလေးကတော့ တောင်ပေါ်မှာ အနှစ် ၂၀ လောက် တရားကျင့်ထားတာ ဖြစ်မှာပါ”

“သူက....” ရှန်ယွီ ခေတ္တ တိတ်ဆိတ်သွားသည် ။

“သူက ကျွန်တော့်ကို ဆွဲထူပေးခဲ့တာပါ”

“အရင်က ငါ ဖုန်းဆက်တုန်းက” မိခင်ဖြစ်သူက ခေတ္တ စဉ်းစားလိုက်သည် ။

“သူပဲ ဖုန်းကို ကိုင်ပြီး သူက ဘော့စ်ပါလို့ ပြောခဲ့တာ မဟုတ်လား”

ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပါဘူး ။

“ဟုတ်တယ်”

“သူက တော်တော်လေး သဘောကောင်းတာပဲ၊ ဒီ ချန်....” သူမက ချန်ကျန့်၏ နာမည်ကို မှတ်မိရန် ကြိုးစားနေပုံရသည်။

“ကျန့် လေ။ ‘ရှန်ကျန့်’ တောင်ကျစမ်းချောင်း ထဲက ကျန့် ပေါ့”

ရှန်ယွီက အမြန် သတိပေးလိုက်ရသည်။ သူမက ထို ‘ရန့်အာ’ ဆိုသည်ကို မှတ်မိနေပြီး၊ တစ်နေ့နေ့ ဆုံခဲ့လျှင် သူ့ကို ချန်ရန့် လို့ ခေါ်မိမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။ ၎င်းမှာ သူ့ကို “ကောက်ကောက်” လို့ ခေါ်တာထက်တောင် ပိုပြီး အသက်အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလော။

“သူ့စာကို ငါ ဖတ်လိုက်တယ်လို့ သူ့ကို မပြောနဲ့ဦးနော်။ သူ ရှက်နေဦးမယ်”

“ဟုတ်ကဲ့”

သူ သေချာပေါက် မပြောပါဘူး။ ချန်ကျန့်က တခြားလူတွေထက် ပိုပြီး ရှက်တတ်သူလေ။

“သွားအိပ်တော့လေ” မိခင်ဖြစ်သူက စာကြည့်ခန်းဘက်ကို လှမ်းကြည့်ရင်း ဆိုသည်။

“မင်းအဖေက ခိုးနားထောင်နေတာ ဖြစ်မှာပေါ့။ ငါတို့ စကားပြောလို့ မပြီးမချင်း သူ အိပ်မှာ မဟုတ်ဘူး”

“သူ ကြားမှာ မဟုတ်ပါဘူး။ သူက အရင်ကတည်းက နား သိပ်မကောင်းပါဘူး၊ အခုဆို အသက်ကြီးလာတော့ မျက်စိလည်း မှုန်၊ နားလည်း လေးနေပြီလေ....”

“ဒီအရက်က ၆၀ ဒီဂရီတောင် မရှိပါဘူး”

သူမက ခုနက ပုလင်းကို မကြည့်ရင်း ဆိုသည်။

ရှန်ယွီ ပြုံးလိုက်သည်။

“အိပ်တော့နော်”

မိခင်ဖြစ်သူသည် ဖန်ခွက်ထဲက ဝိုင်ကို ကုန်အောင် သောက်လိုက်ပြီး၊ ရှန်ယွီ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ လက်ကို မြှောက်လိုက်၊ ပြီးတော့ နောက်ထပ် တစ်ခါ ထပ်ပုတ်လိုက်နှင့် လုပ်ပြီးမှ အိပ်ခန်းဘက်သို့ လျှောက်သွားခဲ့တော့သည်။

သူမသည် ချစ်ခင်မှုကို ဖော်ပြရာတွင်လည်း အနည်းငယ် အနေရခက်ပုံရသည်။ ထိုပုတ်ပေးခြင်းမှာ လက်ထောက်ကို ပုတ်ပေးနေသလိုမျိုးပင် ခံစားရသည်လေ။ ရှန်ယွီသည် မိမိ၏ အခန်းထဲသို့ ပြန်ရောက်ပြီး တံခါးကို ပိတ်လိုက်သည်နှင့် ချန်ကျန့်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်တော့သည်။

ချန်ကျန့်က ချက်ချင်းပင် ဖုန်းကို ကိုင်လိုက်သည်။ လေတိုက်သံများမှာလည်း သူ၏ အသံနှင့်အတူ ထွက်ပေါ်လာလေသည်။

“အခုချက်ချင်း ဖုန်းပြန်ဆက်မယ်လို့ မရည်ရွယ်ပါဘူး။ ငါက....”

“ငါတို့ စကားပြောလို့ ပြီးသွားပြီလေ”

“တကယ်လား ။ တိုက်ဆိုင်လိုက်တာ”

“အင်း၊ တကယ့်ကို တိုက်ဆိုင်တာပေါ့ ။ အခု မင်းဘယ်မှာလဲ”

“ခွေးအိမ်ရှေ့မှာလေ” ချန်ကျန့်က အသံတိုးတိုးဖြင့် ဆိုသည်။

“လောင်ဝူ တစ်ယောက် ဒီနေ့ ရူးနေတာလေ။ အိပ်ခါနီးမှ မှိုလေးနဲ့ သွားကစားလို့၊ အခု မှိုလေးက စိတ်ကြွပြီး မအိပ်တော့ဘဲ တောက်လျှောက် ဟောင်နေတာ။ အဲ့ဒါကြောင့် လာပြီး ချော့သိပ်နေရတာလေ၊ မဟုတ်ရင် ဧည့်သည်တွေ လာတိုင်ကြလိမ့်မယ်”

“မန်နေဂျာကတော့ တကယ်ကို.... အလုပ်ရှုပ်နေတာပဲ”

“စကားပြောတာ ဘယ်လိုလဲဟင်” ချန်ကျန့်က မေးလိုက်သည်။

“ငါ ကားတစ်စီး ရခဲ့တယ်လေ။ ပြန်လာရင် အဲ့ဒီကားကိုပဲ မောင်းပြန်လာခဲ့မယ်”

“ဗျာ” ချန်ကျန့် မှင်သက်သွားရသည်။

“အဲ့ဒါက မိဘနဲ့ သားသမီး ရင်ဖွင့်တာလား၊ စီးပွားရေး ဆွေးနွေးပွဲလား။ ဘယ်လိုလုပ်ပြီး အမြတ်တွေ ထွက်လာရတာလဲ”
___________________________________________________________________

TN // ချမ်းသာတဲ့ ရည်းစားတွေနဲ့ စကားပြောရတာအဲ့လိုပဲ။ အားလုံးလွယ်လွယ်ရနေကြသလိုကြီး။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...