အပိုင်း (၈၃)
တစ်နာရီဆိုသည်မှာ အမှန်တကယ်တော့ တော်တော်ရှည်လျားသော အချိန်ဖြစ်သည်။ ရှန်ယွီ တစ်ယောက် ပုံမှန်အားဖြင့် တာယွင်စတုတ္ထထပ်ရှိ သူ၏ရုံးခန်းထဲတွင် ပုန်းအောင်းနေလျက်… အောက်ထပ်မှ ဝန်ထမ်းများ အလုပ်ရှုပ်နေသည်ကို ငေးကြည့်နေချိန်တွင် သူတို့သည် တစ်နာရီအတွင်း အလုပ်များစွာကို ပြီးမြောက်အောင် လုပ်နိုင်ကြသည်။
ဝင်းထဲနှင့် တံခါးပြင်ပက လမ်းကလေးကို တံမြက်စည်းလှည်းခြင်း၊ စားပွဲနှင့် ကုလားထိုင်များကို သုတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ဇရပ်တွင် ဆေးလိပ် နှစ်ကြိမ် သုံးကြိမ်ခန့် ခိုးသောက်ခြင်းနှင့် မှိုလေးကို အသစ်ဝယ်ပေးထားသော အသံမြည်သည့် ဘောလုံးလေးအား အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ကိုက်ခိုင်းထားခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြသည်။
သို့သော် အခြေအနေ တစ်မျိုးတွင်မူ ရက်အနည်းငယ်ကြာ မတွေ့ရသော ချစ်သူနှစ်ဦးအတွက် တစ်နာရီဆိုသည်မှာ ပန်းခြံငယ်လေးတစ်ခုအတွင်း လမ်းလျှောက်၍ပင် မဆုံးနိုင်သော အချိန်တိုလေးသာ ဖြစ်တော့သည်။ ထို့အပြင် လမ်းလျှောက်ရင်း စကားပြောကောင်းနေကြသဖြင့် လမ်းကို သေသေချာချာ မကြည့်မိဘဲ တစ်နေရာတည်းကိုတင် လေးပတ်ခန့် ပတ်မိသွားခြင်း နှင့်လည်း ဆက်စပ်နေပေလိမ့်မည်။
“ဟိုကလေးက ကျွန်တော်တို့နောက်ကို တောက်လျှောက် လိုက်နေတာလား”
ချန်ကျန့်က အမှိုက်ပုံးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပူဖောင်းမှုတ်နေသော ကလေးတစ်ယောက်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
“သူက ဘာလို့ အမှိုက်ပုံးတိုင်းရဲ့ ဘေးမှာ ရှိနေရတာလဲ”
ရှန်ယွီ ဘာမှပြန်မပြောပါဘူး။
ချန်ကျန့် စက္ကန့်အနည်းငယ်မျှ စဉ်းစားကြည့်ပြီးမှ …
“ငါတို့ ဒီနေရာမှာပဲ ပတ်ချာလည် လျှောက်နေကြတာ မဟုတ်လား”
“မဟုတ်လောက်ပါဘူး။ သူက အမှိုက်ပုံးကို မပြီး ငါတို့နောက်ကို လိုက်ပြေးနေတာ ဖြစ်မှာပေါ့။ မင်း လှည့်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ အမှိုက်ပုံးကို ချပြီး ပူဖောင်းမှုတ်ပြနေတာလေ။ ဒါ ဘယ်လို ကမ္ဘာကြီးလဲ။ NPCတစ်ယောက်တောင် ထပ်မငှားနိုင်ကြဘူးလား”
ချန်ကျန့်သည် ကလေးကို ကြည့်ကာ အကြာကြီး ရယ်မောနေမိသည်။ ထိုကလေးမှာ ကြောက်လန့်သွားပုံရပြီး သူ၏ ပူဖောင်းမှုတ်စက်ကို ပွေ့ပိုက်ကာ ထွက်ပြေးသွားတော့သည်။
“ဘူတာသွားဖို့ အချိန်ရောက်ပြီလား” ချန်ကျန့် ရယ်လို့ပြီးမှ သူ၏မျက်နှာကို ပွတ်ရင်း မေးလိုက်သည်။
“အင်း”
“ဒါဆို နာနာ့ကို ကားမောင်းလာခဲ့ဖို့ ပြောလိုက်မယ်လေ၊ မင်းကို လိုက်ပို့ပေးအောင်....”
ချန်ကျန့် ဖုန်းထုတ်လိုက်သည်။
“မလိုပါဘူး၊ တက္ကစီပဲ ခေါ်လိုက်တော့မယ်။ မင်းလည်း သူ့ကို စောင့်ပြီးမှ ပစ္စည်းတွေ အတူတူ ဝယ်လိုက်လေ”
“ကျွန်တော် ဘူတာအထိ လိုက်ပို့ပေးဖို့ မလိုဘူးလား”
“နောက်နှစ်ရက်ဆို ပြန်လာမှာပဲဟာ ။ ဘူတာမှာ နှုတ်ဆက်ရတာ တအား စိတ်ညစ်ဖို့ ကောင်းတယ်လေ။ နောက်နှစ်ရက်နေရင်လည်း ငါ့မိဘတွေကို နှုတ်ဆက်ပြီး ပြန်လာရဦးမှာ။ ဒီရက်ပိုင်း နှုတ်ဆက်ရတာတွေနဲ့တင် အချိန်ကုန်နေပြီ”
ချန်ကျန့် ရယ်မောလိုက်သည် ။
“ဒါဆိုလည်း ပြီးရောလေ”
ရှန်ယွီ တက္ကစီ ခေါ်လိုက်ပြီးနောက်၊ သူတို့နှစ်ဦး လမ်းဘေးက ပန်းခုံအစွန်းတွင် ထိုင်ကာ စောင့်ဆိုင်းနေကြသည်။
“နောက်ကျရင် အဝတ်အစား အသစ် နှစ်စုံလောက် ဝယ်လိုက်ဦးနော်။ နာနာ့ကိုပဲ ရွေးခိုင်းလိုက်၊ သူက အမြင်ရှိတယ်”
“ကျွန်တော် ဝတ်တာစားတာက တောကျလို့ မင်းမိဘတွေရှေ့မှာ မျက်နှာပျက်မှာ စိုးလို့ မဟုတ်လား”
ရှန်ယွီ သက်ပြင်းတစ်ချက်ချကာ ချန်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည် ။
“လျှောက်မတွေးစမ်းပါနဲ့။ ကားက နောက် ၆ မိနစ်ဆို ရောက်တော့မှာ၊ မင်းကို ချော့ဖို့ အချိန်မလောက်မှာ စိုးလို့”
“သိပါတယ်” ချန်ကျန့် ပြုံးလျက် သူ၏အဝတ်အစားများကို ငုံ့ကြည့်လိုက်သည် ။
“ဒါ မင်းရဲ့အင်္ကျီလေ။ အခု ကျွန်တော်ဝတ်ထားတာကော ရိုးနေလို့လား”
“အဲ့ဒါ မြို့ဟောင်းမှာ ဝယ်ထားတာလေ၊ အဲ့ဒီကဟာတွေက အဲ့ဒီလိုချည်းပဲ ။ အဝတ်အစား ဝယ်ခိုင်းတာက ငါ့မိဘတွေကြောင့် မဟုတ်ပါဘူး၊ နှစ်သစ်ကူးတော့မှာမို့လို့ပါ။ နောက်ဆိုရင် ဈေးဝယ်ထွက်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ။ နာနာလည်း ရောက်နေတုန်း သူ့ကို ရွေးခိုင်းလိုက်ပါ၊ သူက ဝတ်တတ်စားတတ်တယ်”
“နှစ်သစ်ကူးမှာ အင်္ကျီအသစ် ဝယ်ဝတ်တာလား။ အဲ့ဒါက ကလေးတွေ လုပ်တဲ့အလုပ် မဟုတ်လား။ ရှောင်သိုအာ တို့လို ကလေးတွေလေ”
“ငါလည်း အခုထိ လုပ်တုန်းပဲ”
“အင်းလေ... မင်းတို့ နှစ်ယောက်က အသက်တူတူပဲကို” ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။
“ငါက သူ့ထက် တစ်နှစ်ကြီးပါတယ်နော်”
ချန်ကျန့်သည် လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ကားလာမည့် လမ်းဘက်သို့ လှည့်ကြည့်နေမိသည်။ ရှန်ယွီ၏ လက်ချောင်းလေးများကတော့ ခပ်ဖွဖွလေး ခေါက်နေသည်၊ အချိန်ကို တွက်ချက်နေခြင်း ဖြစ်လိမ့်မည်။ ခွဲခွာရမည့် အချိန်က နီးကပ်လာလေပြီ၊ ထူးဆန်းစွာပင် သူတို့မှာ ပြောစရာ စကားများ ကုန်ခမ်းသွားခဲ့သည်။ စကားအနည်းငယ် ပိုပြောချင်သည့် စိတ်ထက်၊ ကားရောက်လာမှာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေရသည့် စိတ်ကသာ လွှမ်းမိုးနေတော့သည်။
တစ်ခါတစ်ရံတွင် ခွဲခွာခြင်းကို စောင့်ဆိုင်းရသည်မှာ သေမင်းကို စောင့်ဆိုင်းနေရသလိုပင်၊ ဓားက မြန်မြန်ကျလာပါစေဟုသာ ဆုတောင်းနေမိတတ်သည်။
“ဟို ငွေရောင်ကားလားဟင်” ချန်ကျန့်က မေးသည်။
“အင်း၊ ဟုတ်မယ် ထင်တယ်”
ရှန်ယွီ ဖုန်းကို ကြည့်လိုက်သည်။ ကားမှာ မီတာ တစ်ရာခန့်သာ လိုတော့သည်။ သူသည်လည်း ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး ချန်ကျန့်၏ ပါးကို တစ်ချက် နမ်းလိုက်သည်။
ချန်ကျန့် မလှုပ်ရှားပါဘူး၊ ကားလာမည့် ဘက်ကိုသာ စိုက်ကြည့်နေဆဲပင်။ သူ ရှန်ယွီ့ဘက်ကို လှည့်တောင် မကြည့်ပါဘူး။ စက္ကန့်အနည်းငယ် ကြာမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ…
“မင်း ရူးနေလား၊ လမ်းပေါ်မှာကြီးကို....”
“ဘယ်သူမှ မရှိပါဘူး”
“ဘယ်သူမှ မရှိလို့ တော်သေးတာပေါ့....ဒါဆို နောက်တစ်ခါ ထပ်လုပ်ဦး”
ရှန်ယွီ ကြောင်သွားသည် ။ “ဘာလဲ”
“ကားရောက်လာပြီ... ထားလိုက်ပါတော့”
ချန်ကျန့်သည် အရှိန်နှင့်ပင် ရှန်ယွီ့ဘက်သို့ တိုးကပ်ကာ သူ၏ နားထင်ကို တစ်ချက် နမ်းလိုက်တော့သည်။ အသံမှာ တော်တော်လေး ကျယ်လောင်လှသည်။ ကိုက်လိုက်သလားဟု ထင်ရလောက်အောင်ပင်။
ကားဆရာက သူတို့ရှေ့တွင် ကားရပ်လိုက်သည်။ ရှန်ယွီသည် ချန်ကျန့်၏ ပုခုံးကို လှမ်းဖက်လိုက်ရင်း…
“အိမ်ရောက်ရင် စာပို့လိုက်မယ်နော်”
“အဒေါ်ကြီးတို့နဲ့ ထမင်းသွားစားမှာမလား” ချန်ကျန့်က မေးသည်။
“အင်း…ဒီတစ်နပ် စားပြီးရင်တော့ နှစ်သစ်ကူး မတိုင်ခင် လုပ်စရာ သိပ်မရှိတော့ပါဘူး။ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် ကြာသပတေးနေ့လောက်ဆို ပြန်လာခဲ့မယ်”
“နှစ်ယောက်လုံး တက်မှာလား” ကားဆရာက ကားထဲမှ လှမ်းအော်မေးသည်။
“မြန်မြန်တက်ကြပါဗျာ၊ ဒီမှာ ကားရပ်လို့ မရဘူး”
ရှန်ယွီ ချန်ကျန့်၏ ကျောကို နှစ်ချက် သုံးချက် ပုတ်ပေးလိုက်ပြီးမှ ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။
“ကျွန်တော် တစ်ယောက်တည်းပါ”
ရှန်ယွီ ပြောပြီးသည်နှင့် ကားမှာ ချက်ချင်း ထွက်ခွာသွားသဖြင့် သူတို့ ထပ်မံ နှုတ်ဆက်ရန်ပင် အချိန်မရလိုက်ပါဘူး။ ရှန်ယွီသည် နောက်လှည့်ကာ လက်ယမ်းပြသော်လည်း၊ ကားမှာ နောက်တစ်စက္ကန့်မှာပင် လမ်းချိုးသို့ ကွေ့ဝင်ကာ ပျောက်ကွယ်သွားခဲ့လေပြီ။
ခွဲခွာခြင်းကို စောင့်ဆိုင်းရသည်မှာ ဓားမြန်မြန်ကျလာရန် ဆုတောင်းနေရသလို ဖြစ်သော်လည်း၊ ဓားကျလာပြီးသည့် အခါတွင်မူ နောင်တများက ချက်ချင်း ဝင်ရောက်လာစမြဲပင်။
***
ခရီးစဉ်မှာ ချောမွေ့သော်လည်း ရှန်ယွီသည် မိမိအတွက် အချိန်ပို မချန်ထားမိပါဘူး။ ချန်ကျန့်ကို ၃ နာရီခွဲဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင် သူ၏ ရထားမှာ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာခြင်း ဖြစ်သည်။ သူ ဘူတာသို့ ရောက်သည့်အခါ လူတန်းကြီးမှာ မရှိတော့။
သူ အသွားအပြန် နှစ်ခေါက်စလုံး Business class မရခဲ့ပါဘူး။ အပြန်ခရီးတွင်မူ First class လမ်းဘေးခုံကို ရခဲ့သည်။ လူများ ဖြတ်သွားသည့်အခါ သူ၏ခြေထောက်ကို ရံဖန်ရံခါ တိုက်မိသည်မှလွဲလျှင် ကျန်သည်မှာ အဆင်ပြေပါသည်။ သူ ထိုခုံတွင် ကောင်းကောင်း အိပ်မပျော်နိုင်သဖြင့် မျက်လုံးမှိတ်ကာ အိပ်ချင်ဟန် ဆောင်နေမိသည်။
သူ၏ ဘေးရှိ မိန်းကလေးနှစ်ယောက်မှာ သူတို့၏ သူငယ်ချင်းများ၏ အချစ်ရေး အရှုပ်တော်ပုံများအကြောင်းကို တစ်ဖက်တစ်ချက်စီမှ အားရပါးရ အတင်းပြောနေကြသည်ကို နားထောင်နေမိသည်။ ရုပ်ရှင်တစ်ကားလိုပင် တကယ့်ကို မယုံနိုင်စရာ ဇာတ်လမ်းများပါပေ။
ရထား ဘူတာတစ်ခုတွင် ရပ်နားသည့် အခါ ရှန်ယွီ၏ ဖုန်းမြည်လာခဲ့သည်။ သူ ဖုန်းကိုင်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုမိန်းကလေး၏ နိဂုံးချုပ် စကားကို မတော်တဆ ကြားလိုက်ရသည်။
“ငါ သူတို့ နှစ်ယောက်လုံးကို Block ထားလိုက်ပြီ။ နောက်တစ်ခါ သူတို့အကြောင်း ငါ ထပ်ပြောရင် ငါ့ကိုယ်ငါ ဝက်လို့ပဲ သတ်မှတ်လိုက်တော့မယ်!”
“အဲ့ဒါမှ ဟုတ်တာပေါ့။ နင် သူတို့နဲ့ အဆက်အသွယ် မဖြတ်ရင် နင်က တကယ် ဝက်ပဲ”
တစ်ယောက်ကလည်း သူငယ်ချင်းကို ထောက်ခံလိုက်သည်။
“ဒါပေါ့!”
ထိုမိန်းကလေးက အံကြိတ်ကာ ဆိုလိုက်သည်။
“မင်္ဂလာပါ ဒါရိုက်တာလု” ရှန်ယွီ ကြားလိုက်ရသော စကားကြောင့် ကျေနပ်စွာဖြင့် ပြုံးလျက် ဖုန်းကိုင်လိုက်သည် ။
“ဟုတ်ကဲ့ပါခင်ဗျာ”
“နေ့လယ်စာ စားပြီးတော့ ခင်ဗျားတို့ကို ရှာသေးတယ်၊ မြန်မြန် စားပြီး ပြန်သွားကြတာကိုး”
လုယွင်က ဆိုသည်။
“ကျွန်တော့် ရထားက သုံးနာရီကျော်မှာမို့လို့ လောသွားတာပါ။ ဒါရိုက်တာလု... တစ်ခုခု လိုအပ်လို့လားဟင်”
“ခင်ဗျား မြို့ထဲမှာ မရှိတော့ဘူးလား”
“အိမ်ကို ခဏ ပြန်လာတာပါ၊ နောက်နှစ်ရက်ဆို ပြန်လာမှာပါ။ ပြောစရာရှိရင် ပြောပါခင်ဗျာ၊ မန်နေဂျာချန် မြို့ထဲမှာ ရှိနေပါတယ်”
“အိုကေ၊ ကိစ္စက ဒီလိုပါ။ ခရီးသွား အေဂျင်စီတွေက ခရီးစဉ်အသစ်တွေ ဖော်ဆောင်ဖို့အတွက် နောက်နှစ်ရက်အတွင်းမှာ အဲ့ဒီဘက်ကို လာကြည့်ကြဖို့ ရှိတယ်။ ဟုန်ယဲ့မြို့ ပတ်ဝန်းကျင်အတွက် တာယွင်ကပဲ ဧည့်ခံပေးလို့ ရမလား။ ဒေသအကြောင်း ကျွမ်းကျင်တဲ့လူတစ်ယောက်ကို လမ်းပြခိုင်းစေချင်လို့လေ.... သူတို့ကို မန်နေဂျာချန်ဆီ တိုက်ရိုက် ဖုန်းဆက်ခိုင်းလိုက်မယ်လေ”
“ရပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ဒါမျိုးတွေက နှစ်သစ်ကူးပြီးမှ ဖြစ်မယ် ထင်နေတာ....”
“နှစ်သစ်ကူး မတိုင်ခင် အချိန်ရတုန်း လုပ်ထားတာ ပိုကောင်းပါတယ်။ ဒီဆောင်းရာသီကို အမိအရ ဆုပ်ကိုင်ထားရမှာလေ။ လမ်းကြောင်းတွေ ဆွဲပြီးတာနဲ့ အစမ်း လည်ပတ်ကြည့်လို့ ရပြီပေါ့။ အဆင်မပြေတာရှိရင် ချက်ချင်း ပြုပြင်လို့ ရတာပေါ့။ နောက်နှစ် ဆောင်းရာသီမှာတော့ စနစ်ကျတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာအောင် အခုကတည်းက ကြိုးစားရမှာပဲ”
“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလု”
နှစ်သစ်ကူး မတိုင်ခင် လုပ်စရာ သိပ်မရှိဘူးဟု သူ ထင်ခဲ့သော်လည်း၊ အားလပ်ရက် နီးနေတာကိုတောင် အလုပ် မနားတမ်း လုပ်နေသည့် အလုပ်ကြူးသော ဒါရိုက်တာနှင့် တိုးခဲ့လေပြီ။ တည်းခိုခန်းမှာ တစ်ခါမှ မနားတမ်း အလုပ်လုပ်နေသော ချန်ကျန့်၊ အိမ်မှာ အလုပ်ကြူးနေသော စီအီးအိုလျူ၊ အခုတော့ ဒီမှာ နောက်ထပ် တစ်ယောက်ပေါ့....။
ခရီးသွား အေဂျင်စီက လူတွေကို ဧည့်ခံဖို့ ချန်ကျန့်အတွက် ပြဿနာ မရှိသော်လည်း၊ ထိုလူများမှာ လမ်းကြောင်းများ လိုက်စစ်ဆေးရန် ရက်အတော်ကြာ နေထိုင်ကြမည် ဖြစ်သည်။ ချန်ကျန့်အနေဖြင့် တခြား “ဒေသခံ” များကို လွှတ်ရန် စိတ်မချမှာ သေချာသလို၊ သူ ကိုယ်တိုင် သွားလျှင်လည်း တည်းခိုခန်းအတွက် စိတ်ပူနေဦးမှာ သေချာသည်။
မန်နေဂျာချန် တစ်ယောက် အလွန်အမင်း စိုးရိမ်မနေစေရန်အတွက်၊ ရှန်ယွီသည် မူလက ကြာသပတေးနေ့မှ ပြန်ရန် စီစဉ်ထားသော်လည်း ဗုဒ္ဓဟူးနေ့သို့ ရက်ပြောင်းလိုက်တော့သည်။
***
“တန်းပြီး ပြန်မောင်းသွားမှာလား”
“အင်း” ရှန်ယွီ သူ၏ ဗီရိုရှေ့တွင် ရပ်ကာ အဝတ်အစားဟောင်း အချို့ကို ယူရန် ပြင်ဆင်နေသည်။
“မား စိတ်မပြောင်းသေးဘူး မဟုတ်လား”
“ဘာကို စိတ်ပြောင်းရမှာလဲ။ ကားအဟောင်း တစ်စီးတည်းကိုပဲဟာ။ မင်းက အသစ်ဝယ်ပေးဖို့ တောင်းတာ ဆိုရင်တော့....”
ရှန်ယွီ ချက်ချင်းပင် သူမကို လှည့်ကြည့်လိုက်သည်။
“ဝယ်မပေးပါဘူး”
“ဟား ဟား”
“ပိုက်ဆံကော လောက်ရဲ့လား” သူ့အမေက မေးသည်။
“လောလောဆယ်တော့ အဆင်ပြေပါတယ် ။ မလောက်ရင် မားက ချေးပေးမလို့လား”
“ချေးပေးမှာပေါ့၊ အတိုးနှုန်းကိုတော့ လျှော့ပေးမယ်လေ”
ရှန်ယွီ မှင်သက်သွားရသည် ။
“တကယ့်ကို အရင်းရှင် စိတ်ဓာတ်ပဲ”
“မင်းတို့ ဒေသက တကယ်ကြီး ခရီးသွားနယ်မြေ ဖြစ်လာမယ်ဆိုရင်၊ တည်းခိုခန်းအပြင် တခြား စီမံကိန်းတွေကိုလည်း လေ့လာထားပေါ့ ။ စီမံကိန်း အသစ်တွေ အများကြီး ရှိလာမှာလေ”
“မားက ရင်းနှီးမြှုပ်နှံမလို့လား”
“နှစ်သစ်ကူးကျမှ လာကြည့်ပြီး ဆုံးဖြတ်မယ်လေ။ ဒါပေမဲ့ အခုချိန်မှာ ငါ့မှာ အားအင်တွေ သိပ်မရှိတော့ဘူး။ အရာရာကို လိုက်လုပ်နေရတာက တအား ပင်ပန်းတယ်လေ။ ငါလုပ်ဖြစ်ရင်တော့ မင်းနဲ့ပဲ ပါတနာ လုပ်မယ်။ ကုမ္ပဏီတစ်ခု ထပ်ထောင်ကြတာပေါ့....”
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။
“ဘာလဲ” သူ့အမေက အနားသို့ လျှောက်လာပြီး သူ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
“မင်းက သဘောမတူဘူးလား”
“မဟုတ်ပါဘူး။ ကျွန်တော် မားကို တစ်ခါမှ မမေးရဲခဲ့တဲ့ ကိစ္စတစ်ခု ရှိလို့ပါ.... ဖန်ရွီ လေ၊ သူက....”
“သူ အိမ်ကို လာခဲ့တဲ့ အချိန်အကြောင်း ပြောတာလား”
“ဟုတ်ကဲ့”
ရှန်ယွီ၏ အသံမှာ အလွန် တိုးသွားသည်။
“သူ့အမေပါ လိုက်လာတာလေ။ သူတို့က တောင်းပန်ချင်လို့တဲ့”
ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါတို့ သူတို့ကို အထဲ ပေးမဝင်ဘူး။ တံခါးဝမှာပဲ စကားနည်းနည်း ပြောဖြစ်တာ။ မင်းအဖေနဲ့ ငါကတော့ တောင်းပန်တာက အဓိပ္ပာယ် မရှိဘူးလို့ပဲ ယူဆထားတာ။ သူ တစ်ယောက်တည်း လာတာဖြစ်ဖြစ်၊ သူ့အမေနဲ့ လာတာဖြစ်ဖြစ်၊ သူ့ရဲ့ ဘိုးဘေးဘီဘင်တွေကိုပါ ထမ်းလာရင်တောင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးလေ”
ရှန်ယွီ ရုတ်တရက် ရယ်ချင်စိတ် ပေါက်သွားသည်။
“အဲ့ဒါနဲ့ပဲ သူတို့ကို ပြန်ခိုင်းလိုက်တာပေါ့”
“အဲ့ဒီ ကိစ္စမှာ....”
“အဲ့ဒီ ကိစ္စမှာ မင်းမှာ ဘာအပြစ်မှ မရှိဘူး။ မင်းဘက်က အမှားတစ်ခု ရှိတယ်ဆိုရင်လည်း သူငယ်ချင်း တစ်ယောက်အပေါ် အယုံလွယ်ခဲ့မိတာပဲ ရှိတာလေ။ အဲ့ဒါက အားနည်းချက် မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ ကောင်းကွက် တစ်ခုပဲ”
“မားကတော့ ကျွန်တော့်ဘက်ကနေ တအား ကာကွယ်ပေးတာပဲနော်”
“ကာကွယ်ပေးရတာ ခံစားလို့ ကောင်းပါတယ်။ နောင်ကျရင်လည်း ငါတို့ကို ကာကွယ်ပေးဖို့ အခွင့်အရေးတွေ ပိုပေးဦးနော်”
“ဟုတ်ကဲ့”
ရှန်ယွီ ခေတ္တ တန့်သွားပြီးမှ မိခင်ဖြစ်သူကို လှမ်းဖက်လိုက်သည်။
***
ဗုဒ္ဓဟူးနေ့ မနက်စောစောတွင် ရှန်ယွီသည် မြို့ငယ်လေးသို့ ပြန်ရန် ပြင်ဆင်လေသည်။ သူ၏ အဝတ်အစားအိတ်များအပြင်၊ အဖေဖြစ်သူက နှစ်သစ်ကူး အသုံးအဆောင် ပစ္စည်းများကို သေတ္တာတစ်လုံး အပြည့် ထည့်ပေးလိုက်သေးသည်။
“မင်း ပစ္စည်းတွေ ဝယ်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ငါ အကုန် ကြိုပြင်ပေးထားတာ”
ငါတို့က တည်းခိုခန်း ဖွင့်ထားတာလေ၊ ပစ္စည်းဝယ်မယ့်လူ မရှိဘဲ နေပါ့မလား....
...တကယ်လို့ ကျောက်ကျဲကသာ တအား အလုပ်များနေရင်တော့ ဖြစ်နိုင်တာပဲ။
“တအား လေးတာပဲ”
ရှန်ယွီ ထိုသေတ္တာကို မကြည့်သော်လည်း မတက်ပါဘူး။ အဖေဖြစ်သူက ဘယ်လိုများ ကားထဲအထိ ထည့်ပေးလိုက်သလဲဆိုတာ သူ စဉ်းစားမရ ဖြစ်နေရသည်။ ငါးမျှားတာကတော့ အလကား မဟုတ်ပါဘူး၊ ငါးမရပေမဲ့ လွှဲပစ်လိုက်ရတဲ့ အရှိန်တွေကြောင့် လက်မောင်းအားတွေတော့ တက်လာပုံရသည်။ ဒါဆိုရင်လည်း ပိုက်ကွန်ပဲ သုံးခဲ့သင့်တာလေ....။
“ပြန်ရောက်ရင်တော့ နှစ်သစ်ကူးအထိ တောက်လျှောက် အလုပ်ရှုပ်တော့မှာပေါ့ ဟုတ်လား”
သူ့အမေက မေးသည်။
“ဒီရက်ပိုင်းပဲ ဖြစ်မှာပါ။ ဟိုလူတွေ ပြန်သွားရင်တော့ အေးသွားမှာပါ ”
သူ့အမေက သူ့ကို အသာအယာ ဖက်လိုက်သည်။
“အရင်ကတော့ ငါ မင်းကို အိမ်ပြန်လာစေချင်ခဲ့တာ။ ဒါပေမဲ့ အခု အခြေအနေကို ကြည့်ရတာတော့.... ဟိုမှာက ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ ပိုရှိပုံရတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားနော်”
“ဟုတ်ကဲ့” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
“စီအီးအိုလျူ အနေနဲ့လည်း လာရောက် လေ့လာပြီး ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုပါတယ်ခင်ဗျာ”
***
“လမ်းပေါ်မှာလား”
မြင်နေရသော ချန်ကျန့်၏ မျက်နှာမှာ အိပ်ရေးမဝသေးသော ပုံစံမျိုး ဖြစ်နေဆဲပင်။
“Highway ပေါ် စတက်တော့မလို့လေ။ ရှစ်နာရီတောင် ကျော်နေပြီ၊ အခုထိ မနိုးသေးဘူးလား”
ရှန်ယွီ နားကြပ်တပ်ကာ၊ ကားမောင်းရင်း ဖုန်းတင်တဲ့နေရာကို အနေအထား ပြင်လိုက်ပြီး သူ၏ မျက်နှာကို ကင်မရာ ချိန်ထားလိုက်သည်။
“မနေ့ညက အိပ်တာ နည်းနည်း နောက်ကျသွားလို့ပါ” ချန်ကျန့် သမ်းဝေရင်း ဆိုသည်။
“ဒုတိယထပ်က ဧည့်သည် နှစ်ယောက်လေ.... ညဉ့်နက်မှ ရောက်လာပြီး၊ တစ်နာရီလောက် နေပြီးတော့မှ အခန်းက မသန့်ဘူး၊ ညစ်ပတ်တယ်ဆိုပြီး ရုတ်တရက်ကြီး အခန်းအပ်မယ်လို့ ပြဿနာ လာရှာနေတာလေ”
“ပြီးတော့ ဘာဖြစ်လဲ”
“ဖန်ဖန် သွားစစ်ကြည့်တော့၊ အိပ်ရာခင်းတွေနဲ့ လက်သုတ်ပဝါတွေမှာ သွေးတွေ ပေနေတာလေ ။ ဘေစင်မှာလည်း ရှိသေးတယ်။ ကျိန်ပြောရဲတယ်၊ အဲ့ဒီထဲက တစ်ယောက်က နှာခေါင်းသွေး လျှံတာ သေချာတယ်! အိပ်ရာပေါ်မှာ အရင် ပေသွားတယ်၊ ပြီးမှ လက်သုတ်ပဝါနဲ့ သုတ်တယ်၊ ပြီးတော့မှ ဘေစင်မှာ သွားဆေးတာလေ....”
ရှန်ယွီ တောက်တစ်ချက် ခေါက်လိုက်သည်။
“ဒီတစ်ခါတော့ တကယ့်ကို အကျိုးအကြောင်း မရှိတဲ့ လူတွေနဲ့ တိုးတာပဲ ။ သူတို့က လာတိုင်မယ်၊ Review အဆိုးတွေ ပေးမယ်၊ ပိုက်ဆံ ပြန်တောင်းမယ်ဆိုပြီးတောင် ခြိမ်းခြောက်နေသေးတာ!”
“အိပ်မက်ပဲ မက်နေလိုက်ပါ”
ချန်ကျန့်က ဒေါသတကြီး ပြန်ပြောပြနေသည်။
“ကျွန်တော်လည်း သူတို့ကို ပြောလိုက်တာပေါ့၊ အခုချက်ချင်း ရဲခေါ်ပြီး ဒီလက်သုတ်ပဝါကို Paternity test စစ်မလားဆိုပြီး ။ ဘယ်သူက ဘယ်သူ့ကို မွေးလဲဆိုတာ သေသေချာချာ သိရအောင်လို့ပေါ့....”
“အေးလေ... ဘယ်သူက ဘယ်သူ့ကို မွေးလဲဆိုတာ သိရအောင်လို့ပေါ့”
ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ အားရပါးရ ရယ်မောတော့သည်။
“တကယ်ပါပဲ၊ DNA test လို့ ပြောရမှာကို မဟုတ်လား”
“အင်း”
“ကျွန်တော် တကယ်ကြီး Paternity test လို့ ပြောလိုက်မိတယ် ထင်တယ်။ ဒါပေမဲ့ သူတို့လည်း ပြန်မပြောနိုင်ကြပါဘူး။ နောက်ဆုံးတော့ အခန်းမအပ်တော့ဘဲ၊ အိပ်ရာခင်း အသစ်လဲပြီး ဆက်နေကြတာပေါ့။ ကျွန်တော်ကတော့ သူတို့ကို မောင်းထုတ်ချင်တာ၊ ဒါပေမဲ့ မောင်းထုတ်လို့ မရမှာကိုလည်း စိုးရိမ်လို့ပါ....”
“သန့်ရှင်းရေးခ တောင်းလိုက်လား”
“သူတို့ ပြဿနာရှာတာကလည်း ပိုက်ဆံ ပေးရမှာ ကြောက်လို့ ဖြစ်မှာပါ။ ဒေါ်ဟွမ် က လျှော်ရင် ပြောင်ပါတယ်လို့ ပြောလို့ ကျွန်တော်တို့လည်း မတောင်းလိုက်ပါဘူး။ ညဉ့်သန်းခေါင်ကြီး တခြားဧည့်သည်တွေကိုပါ နှိုးလိုက်ကြတာလေ။ ဆက်ပြီး ဆူညံနေရင် တခြားလူတွေကို ထိခိုက်မှာ စိုးလို့ပါ။ တော်သေးတာပေါ့၊ ခရီးသွား အေဂျင်စီက လူတွေက ဒီနေ့မှ ရောက်မှာဆိုတော့၊ မဟုတ်ရင် အထင်သေးစရာကြီး ဖြစ်နေမှာ”
“အင်း”
သူ ဤခံစားချက်ကို တကယ် သဘောကျမိသည်။ ချန်ကျန့်၏ တစာစာ ပြောဆိုသံများကို နားထောင်ရသည်မှာ၊ ညည်းတွားနေသည်ဖြစ်စေ၊ ဒေါသထွက်နေသည်ဖြစ်စေ နားထောင်လို့ တကယ် ကောင်းလှသည်။ ၎င်းမှာ တကယ့် လက်တွေ့ဆန်လှသော ခံစားချက်မျိုးပင် ဖြစ်လေသည်။ မြေပြင်ပေါ်မှာ ခြေချထားရသလိုမျိုးပေါ့။
နေရောင်ခြည်ဖြာကျနေသော မြစ်ကမ်းပါးယံတွင် ခြေဗလာဖြင့် လမ်းလျှောက်နေရသလို ခံစားချက်မျိုးပင်။
အဝေးပြေးလမ်းပေါ်တွင် လိုင်းမကောင်းသဖြင့် ရှန်ယွီ ဗီဒီယိုကောကို ပိတ်လိုက်ရသည်။ ကားမောင်းရသည်မှာ အမှန်တကယ်ပင် ပင်ပန်းလှသည်။ သူ ဤမျှလောက် အကြာကြီး ကားမမောင်းဖြစ်သည်မှာ ကြာပြီ။ ထန်ရွီ၏ ကားပြင်ဆိုင်နား ရောက်သည့် အခါမှသာ သူ၏ စွမ်းအင်များ ပြန်လည် နိုးကြားလာခဲ့သည်။ ရောက်တော့မည် မဟုတ်ပါလော။
လူတစ်ယောက်သည် ကားပြင်ဆိုင်ထဲမှ ရုတ်တရက် ပြေးထွက်လာပြီး သူ့ကို လက်ယမ်းပြလေသည်။ ရှန်ယွီ ဘရိတ်ကို နင်းလိုက်ရာ၊ ဆိုင်ကို ဆယ်မီတာခန့် ကျော်ပြီးမှ ကားရပ်သွားတော့သည်။
ချန်ကျန့် အနောက်မှနေ၍ အပြေးရောက်လာသည်။ ရှန်ယွီ ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်၊ သူ အနည်းငယ် အံ့သြသွားရသည် ။
“ဘာလို့ ဒီမှာ လာစောင့်နေတာလဲ”
“လာကြည့်တာလေ။ ကားအသစ်ကြီးကို လာကြည့်တာ”
“ကားအဟောင်းပါ” ရှန်ယွီက ပြန်ပြင်ပေးသည်။
“အသစ်ရောက်လာတဲ့ ကားအဟောင်းကြီးကို လာကြည့်တာပေါ့”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ချန်ကျန့်နားသို့ သွားကာ သူ့ကို ဖက်ထားလိုက်သည် ။
“ဒီမှာ စောင့်နေတာ ကြာပြီလား”
“နာရီဝက်လောက် ရှိပြီ ။ မင်း လမ်းမှာ သိပ်ပြီး နားမှာမဟုတ်ဘူးလို့ တွက်ထားလို့လေ”
ရှန်ယွီ ပြုံးလျက် ကားခေါင်မိုးကို ပုတ်လိုက်သည် ။
“မောင်းကြည့်မလား”
ချန်ကျန့် ကားကို တစ်ပတ်ပတ်ကြည့်ရင်း ဆိုသည်။
“လိုင်စင် မရှိဘူးလေ ။ တကယ်ကို ခန့်ညားတဲ့ ကားပဲနော်”
“ရွာသစ် ကနေ ကျောက်ကွင်းကို သွားတဲ့ လမ်းဟောင်းတစ်ခု ရှိတယ် မဟုတ်လား ။ မနက်ဖြန် အဲ့ဒီမှာ တစ်ပတ်လောက် သွားပတ်ကြမလား”
“အင်း!”
ချန်ကျန့် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“တက်လေ” ရှန်ယွီက မေးငေါ့ ပြလိုက်သည်။
ကားလေး ခဏမျှ ရှေ့သို့ မောင်းနှင်သွားပြီးနောက်၊ လမ်းဘေးတစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။
“ဟင်” ချန်ကျန့် ရှန်ယွီကို လှည့်ကြည့်လိုက်သည်။
“ခဏလေး”
ရှန်ယွီ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး အနောက်က လမ်းကို လှည့်ကြည့်လိုက်သည်။
“အပေါ့သွားချင်လို့လား ။ အချိန်ကလည်း အဲ့ဒီလောက် မလောပါဘူးနော်”
ရှန်ယွီ ဘာမှ ပြန်မဖြေပါဘူး။ သူ ရှေ့ကို ပြန်ကြည့်သည်၊ ထို့နောက် ကိုယ်ကို ကြွလိုက်ပြီး ထိုင်ခုံနောက်ကျောကို အားပြုကာ၊ ခြေထောက်တစ်ဖက်ကို ဘေးက ထိုင်ခုံဘက်သို့ လှမ်းတင်လိုက်သည်။
ချန်ကျန့် သူ့ကို အံ့သြတကြီး ငေးကြည့်နေမိသည်။ သူ ဘာမှ မပြောရသေးမီမှာပင် ရှန်ယွီက လက်လှမ်းကာ သူ၏ မေးကို ပင့်ကိုင်ပြီး နမ်းရှိုက်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်က ကားတံခါးပေါ်ရှိ ခလုတ်တစ်ခုကို ရှာတွေ့ကာ နှိပ်လိုက်လေသည်။ သူသည် ဤကားနှင့် အလွန် ရင်းနှီးနေဆဲပင် နံပါတ် (၂) ခလုတ်မှာ သူ အရင်က အိပ်စက်ရန်အတွက် သုံးခဲ့သော ခလုတ် မဟုတ်ပါလော။
ထိုင်ခုံနောက်ကျောမှာ ဖြည်းဖြည်းချင်း လှဲကျသွားတော့သည်။
ထိုင်ခုံ ရွေ့လျားသွားသည့် အခိုက်အတန့်တွင် ချန်ကျန့်သည် မသိစိတ်ဖြင့် ရှန်ယွီကို တွန်းထုတ်လိုက်သော်လည်း၊ နောက်တစ်စက္ကန့်မှာပင် သူ၏ လက်များမှာ ရှန်ယွီ၏ ခါးမှတစ်ဆင့် ကျောပြင်ဆီသို့ ရောက်ရှိသွားပြီး၊ သူ့ကို တင်းတင်းကျပ်ကျပ် ပြန်လည် ဖက်တွယ်ထားလိုက်မိလေတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က လွမ်းဆွတ်မှုများ ပြည့်နှက်နေသော သူတို့၏ အသက်ရှူသံများမှာ ကားအတွင်းရှိ ကျဉ်းမြောင်းသော နေရာလေးတွင် ချက်ချင်းပင် လွှမ်းမိုးသွားခဲ့လေပြီ။ ထိုအသက်ရှူသံများမှာ ကားထဲက အပူပေးစက်မှ ထွက်ပေါ်လာသော နွေးထွေးသည့် လေထုနှင့် ရောနှောကာ၊ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို အသာအယာ ထိတွေ့နေတော့သည်....။
_____________________________________________________________________
အပိုင်းတိုင်းမှာ Easter eggလေးတွေနဲ့ ❤️❤️❤️
ReplyDeleteအလှလေးချန်ရဲ့ ချစ်တတ်မှုလေး
ReplyDelete