Skip to main content

85








အပိုင်း (၈၅)

ရှန်ယွီ၏ မျက်ရည်များကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယွဲ့လန် ပြောခဲ့သောစကားမှာ နောက်ပြောင်ခြင်း မဟုတ်နိုင်ကြောင်း ချန်ကျန့် သံသယဝင်လာမိသည်။

ရှန်ယွီ ပျော်သွားလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှန်ယွီ၏ အရင် Moments များကို ပြန်ကြည့်လျှင် သူ ထိုအိမ်မြှောင်လေးအပေါ် အလေးထားခဲ့ကြောင်း သိသာလှသည် ။ ရှန်ယွီသည် 'တာ့ကော' (အစ်ကိုကြီး) ဟု အမည်ပေးထားသော ထိုအိမ်မြှောင်လေး၏ အေးဆေးသော စရိုက်၊ ကြောက်တတ်ပုံနှင့် အစားရွေးပုံများအကြောင်းကို အများအပြား တင်ထားခဲ့ဖူးသည်။

သို့သော် ရှန်ယွီ ဤမျှအထိ ငိုလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။ မျက်လုံးလေး ရဲရုံတင် မဟုတ်ဘဲ မေးစေ့မှတစ်ဆင့် ချန်ကျန့်၏ လက်ပေါ်သို့ မျက်ရည်များ တပေါက်ပေါက် ကျလာသည်အထိ ငိုနေခြင်း ဖြစ်သည်။

“ရှန်ယွီ...”

ချန်ကျန့် ဘာလုပ်ရမှန်းမသိဘဲ ကြောင်ရပ်နေမိသည်။ သူ၏ လက်ချောင်းထိပ်လေးများဖြင့် ရှန်ယွီ၏ မျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးလိုက်သော်လည်း လက်ကို ပြန်မရုပ်ရသေးမီမှာပင် နောက်ထပ် မျက်ရည်တစ်လှိုင်းက လိမ့်ဆင်းလာပြန်သည်။

သူသည် ဂီတအဖွဲ့ကို ဦးဆောင်နေသော အဖွဲ့ခေါင်းဆောင်တစ်ဦးကဲ့သို့ လက်ကို အပေါ်အောက် အကြိမ်ကြိမ် လှုပ်ရှားနေပြီးမှ နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

“ငါ တစ်ရှူး သွားယူပေးမယ်”

သူသည် ရှန်ယွီ့အတွက် တစ်ရှူးယူရန် ဆိုဖာဘေးက စားပွဲဆီသို့ အလှည့်တွင် ရှန်ယွီက သူ၏ လက်မောင်းကို ဆွဲကာ ပြန်လှည့်စေပြီးနောက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တော့သည်။ ရှန်ယွီသည် ခေါင်းငုံ့ကာ ချန်ကျန့်၏ ပုခုံးကြားသို့ မျက်နှာဝှက်ထားလေသည်။

ချန်ကျန့်လည်း သူ့ကို အမြန်ပြန်ဖက်လိုက်ပြီး ကျောကို အသာအယာ ပုတ်ပေးနေမိသည်။ ၎င်းမှာ သူတတ်ထားသော တစ်ခုတည်းသော နှစ်သိမ့်မှု နည်းလမ်းပင် ဖြစ်သည်။ သူငယ်ငယ်က စိတ်မကောင်းဖြစ်လျှင် သို့မဟုတ် နေမကောင်းဖြစ်လျှင် အမေက သူ့ကို ဤနည်းအတိုင်း နှစ်သိမ့်ပေးခဲ့သည် မဟုတ်ပါလော။ အခုလည်း ရှောင်သိုအာ ငိုလျှင်ဖြစ်စေ၊ မှိုလေး အိပ်မပျော်လျှင်ဖြစ်စေ ဤနည်းကိုသာ သူ အမြဲ သုံးလေ့ရှိသည်။

သူ တခြားနည်းလမ်း မသိပါဘူး။ ရှန်ယွီ ဤမျှအထိ ငိုလိမ့်မည်ဟု သိထားခဲ့လျှင်တော့ သူ နောက်ထပ် နည်းလမ်းအချို့ကို ကြိုတင် လေ့လာထားမိမှာ သေချာပါသည်။

ရှန်ယွီသည် အသံမထွက်ဘဲ တိတ်ဆိတ်စွာ ငိုနေခြင်း ဖြစ်သည်။ ချန်ကျန့် သူ၏ကျောကို ပွတ်သပ်ပေးနေစဉ် ရှန်ယွီ၏ ခန္ဓာကိုယ်လေးမှာ ရံဖန်ရံခါ တုန်ယင်နေသည်ကို ခံစားနေရသည်။ မိနစ်အနည်းငယ် ကြာမှ ရှန်ယွီ ခေါင်းမော့လာပြီး ရှုံ့သံလေး တစ်ချက် ထွက်ပေါ်လာသည်။

“မျက်နှာ သွားဆေးလိုက်ဦးမယ်”

“အင်း”

ချန်ကျန့် ခေါင်းညိတ်ပြရင်း လှမ်းကြည့်လိုက်သည်။ ရှန်ယွီ၏ မျက်လုံးနှင့် နှာခေါင်းမှာ နီမြန်းနေပြီး မျက်နှာတစ်ခုလုံးလည်း မျက်ရည်များ ပေကျံနေလေသည်။ ချန်ကျန့် သူ၏ ပုခုံးကို စမ်းကြည့်လိုက်ရာ တော်တော်လေး စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။

“အင်္ကျီလဲပြီး လျှော်လိုက်ဦး” ရှန်ယွီ ဘေစင်ဘက်သို့ လျှောက်သွားရင်း ပြောသည်။

“မလိုပါဘူး၊ ဒီအနွေးထည်က ခဏခဏ လျှော်လို့ မရဘူးလေ၊ နွေးမှာ မဟုတ်တော့ဘူး”

“မင်းကတော့ တကယ်ကို ဝတ်တတ်စားတတ်တာပဲနော်”

ရှန်ယွီက လှည့်ကြည့်ကာ ခနဲ့လိုက်သည်။

“ကော်ဇောပေါ်မှာ နှစ်ခါတောင် အိပ်ခဲ့ဖူးတဲ့ လူပဲဟာ” ချန်ကျန့်က ပြန်ပက်လိုက်သည်။

ရှန်ယွီ ပြုံးလိုက်မိသည်။ ရှန်ယွီ မျက်နှာဆေးပြီး ပြန်ထွက်လာသည့် အချိန်တွင်မူ ချန်ကျန့်သည် ပုခုံးပေါ်က စိုနေသော နေရာကို တစ်ရှူးအစိုဖြင့် သုတ်ပြီးသား ဖြစ်နေလေပြီ။ မျက်ရည်တွေဆိုတော့ မသုတ်ထားလျှင် အမှတ်အသား ကျန်ခဲ့မည် မဟုတ်ပါလော။ ဆန်းပင်းသာ မြင်သွားလျှင်တော့ သေချာပေါက် မေးလိမ့်မည် ။

“ချန်ကျန့်... မင်းကိုလည်း မှိုလေးက လည်ပင်း လာကိုက်သွားတာလား” ဟုပေါ့။

ရှန်ယွီ ရေခဲသေတ္တာကို ဖွင့်ကာ ကိုလာတစ်ဘူး ထုတ်သောက်ပြီးနောက်၊ အိမ်မြှောင်အိမ် ရှေ့သို့ လျှောက်သွားလိုက်သည်။

“သူ့အတွက် အစာ ဝယ်ထားလား” ရှန်ယွီက မေးသည်။

“ပိုးကောင်တွေ ဝယ်ထားတယ်လေ” ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။

“ထန်ရွီ ကို မေးကြည့်တာ၊ သူက အမြဲ ငါးမျှားနေကျဆိုတော့ သိတယ်လေ။ မြို့ထဲက ငါးမျှားပစ္စည်းဆိုင်မှာ ဝယ်လို့ရတယ်တဲ့”

“အင်း... အကုန်လုံး စီစဉ်ထားတာပဲပေါ့” ရှန်ယွီ ပြုံးလိုက်သည်။

“အစာ ဘယ်မှာ ဝယ်လို့ရလဲဆိုတာလောက်ပဲ မေးဖြစ်တာပါ။ ဆိုင်ပိုင်ရှင်ရဲ့ သူငယ်ချင်းက ကျွန်တော့်ကို ဘယ်လို မွေးရမလဲဆိုတာ သင်ပေးချင်နေသေးတာ၊ ကျွန်တော် ကောင်းကောင်း မမွေးနိုင်မှာ စိုးလို့တဲ့လေ။ ဒါပေမဲ့ မင်းက အရင်အကောင်ကို ဥကပေါက်ကတည်းက မွေးလာတာလို့လည်း ကြားရော၊ သူ ဘာမှ ထပ်မသင်တော့ဘူး” ချန်ကျန့်က တရစပ် ပြောပြနေသည်။

“ကျေးဇူးပါ”

ရှန်ယွီ ချန်ကျန့်၏ ပုခုံးပေါ်သို့ လက်တင်လိုက်ပြီးနောက်၊ လက်ချောင်းထိပ်လေးများဖြင့် မေးကို အသာအယာ ဆွဲပင့်လိုက်သည်။

“နာမည် ပေးကြမလား”

ချန်ကျန့် ခေါင်းငုံ့ကာ ရှန်ယွီ၏ လက်ချောင်းလေးကို ခပ်ဖွဖွလေး ကိုက်လိုက်သည်။

“ ‘အာ့ကော’ (ဒုတိယအစ်ကို) လို့ပဲ ခေါ်ကြစို့။ အထီးလား” ရှန်ယွီက မေးသည်။

“အင်း”

“ဒီနှစ်ရက်အတွင်း အစာကျွေးလား”

“ပထမ နှစ်ရက်တော့ မကျွေးဘူး။ မနေ့ကနဲ့ ဒီမနက်တော့ ကျွေးလိုက်တယ်။ ကျွေးသမျှ အကုန်စားနေတာပဲ၊ အစားကြူးပြီး ဗိုက်နာမှာစိုးလို့ အများကြီးတော့ မကျွေးရဲဘူး”

“အိမ်မြှောင်တောင်မှ မင်းနဲ့ အစားအသောက် ဝါသနာတူတာကိုမှ ရွေးဝယ်လာတာကိုး”

ရှန်ယွီ ပြုံးလျက် ဘေးက သေတ္တာထဲမှ ပိုးကောင်တစ်ကောင်ကို ညှပ်ဖြင့်ယူကာ 'အာ့ကော' ရှေ့သို့ ချပေးလိုက်သည်။ 'အာ့ကော' သည် သူ၏ ထုံးစံအတိုင်းပင် တလုပ်တည်းနှင့် ဝါးစားပစ်လိုက်တော့သည်။

“သူ စားနေတဲ့ ပုံစံက ပြုံးနေသလိုပဲနော်”

“စားရရင် လူတိုင်း ပျော်တာပဲလေ” ရှန်ယွီက ချန်ကျန့်ကို လှမ်းကြည့်သည်။

“ဘာလဲ…ကျွန်တော်ကော စားရင် ပြုံးနေလို့လား”

ရှန်ယွီ ရယ်မောပြီး ဘာမှ ပြန်မပြောပါဘူး။

“နှံကောင်တွေကော ဝယ်ပေးရမလား။ မင်း အရင်က တာ့ကော ကို နှံကောင်တွေ ကျွေးတာ တွေ့ဖူးလို့လေ။ ဆိုင်ပိုင်ရှင်ကတော့ ဒီအကောင်က ငယ်ငယ်ကတည်းက ပိုးကောင်ပဲ စားလာတာဆိုတော့ ကျင့်သားရနေပြီလို့ ပြောတာပဲ”

“ဘာဖြစ်ဖြစ် ရပါတယ်။ ပိုးကောင်စားရင်လည်း ဒါပဲ ကျွေးပေါ့၊ ဝယ်ရတာ ပိုလွယ်တာပဲဟာ ။ မင်း သူ့ကို အာဟာရ ပိုဖြစ်စေချင်ရင်တော့ နွေဦးရောက်မှ နှံကောင်တွေ သွားဖမ်းပေးပေါ့”

“အာ့ကော အတွက်ဆိုရင်တော့ ကျွန်တော် ဝယ်ပေးပါ့မယ်”

ရှန်ယွီ ပြုံးလျက် ချန်ကျန့်၏ ပါးကို ဆွဲလိုက်သည်။

“ဒီအိမ်မြှောင်နဲ့ အိမ်လေးအတွက် ဘယ်လောက် ကုန်သွားလဲ”

“သိပ်မကုန်ပါဘူး၊ ကျွန်တော် တတ်နိုင်ပါတယ်။ နှစ်မကုန်ခင် ဆပ်ရမယ့် အကြွေးတွေအတွက် ဖယ်ထားပြီးသား ပိုက်ဆံထဲကပဲ သုံးလိုက်တာပါ”

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ဆိုဖာပေါ်တွင် လှဲချလိုက်ပြီး လက်မောင်းပေါ် ခေါင်းတင်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ စကားစလိုက်သည်။

“ငါ တာ့ကော ကို အလယ်တန်း ကျောင်းသား ဘဝကတည်းက မွေးလာတာလေ။ အဲ့ဒီတုန်းက ငါ အိမ်ငှားနေတာ၊ အိမ်ရှင်က အိမ်မြှောင် ဝါသနာအိုးလေ။ ငါ့ဘေးခန်း တစ်ခန်းလုံးမှာ အိမ်မြှောင်တွေချည်းပဲ”

ချန်ကျန့် လျှောက်သွားကာ ရှန်ယွီ၏ ခြေထောက်ကို မှီလျက် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

“သူကပဲ ငါ့ကို တာ့ကော ကို လက်ဆောင်ပေးခဲ့တာလေ”

“မင်းက အလယ်တန်းတုန်းကတည်းက တစ်ယောက်တည်း အိမ်ငှားနေတာလား”

ချန်ကျန့် အံ့သြသွားသည်။

“အင်း၊ အိမ်က ကျောင်းနဲ့ ဝေးလို့လေ၊ အဲ့ဒါနဲ့ ကျောင်းဘေးမှာပဲ အိမ်ငှားနေလိုက်တာ”

ချန်ကျန့် ဘာမှ ထပ်မပြောတော့ပါဘူး။ ရှန်ယွီ၏ ဆယ်ကျော်သက် ဘဝမှာ သူ မြင်ယောင်ကြည့်လို့ မရနိုင်လောက်အောင် ဖြစ်ရသည်။ ရှန်ယွီ၏ Moments များကို ကြည့်လျှင် သူငယ်ချင်းများစွာ ရှိပုံရသော်လည်း၊ သူသည် အလွန်ပင် တစ်ကိုယ်တည်း ဆန်ခဲ့မှန်း ခံစားရသည်လေ။ အထီးကျန်ခြင်း ဆိုသည်မှာ နှလုံးသားထဲက လာသောအရာ မဟုတ်ပါလော။

“တွားသွားသတ္တဝါတွေမှာ ခွေးတွေ ကြောင်တွေလို ခံစားချက် မရှိဘူးလို့ လူတွေက ပြောကြတယ်”

ရှန်ယွီ မျက်လုံးမှိတ်လိုက်သည် ။

“ဒါပေမဲ့ အဲ့ဒီတုန်းက ငါ အိမ်ပြန်လာတိုင်း တာ့ကောက ထွက်လာပြီး ငါ့ကို စောင့်ကြည့်နေကျလေ။ တစ်ခါတစ်လေ တစ်ညလုံး ကြည့်နေတာ။ ငါ သူ့ကို စကားတွေ ပြောပြရင် သူ နားလည်နေသလိုပဲ ခံစားရတယ်”

“မင်း သူ့ကို စကားပြောပေးတယ်၊ အစာကျွေးတယ်လေ။ အနည်းဆုံးတော့ မင်းက သူ့အပေါ် အကောင်းဆုံးလူ ဆိုတာ သူ သိမှာပေါ့”

“အင်း... ညဘက် ငါ အိပ်မပျော်တဲ့ အချိန်တိုင်း သူက နိုးနေတာလေ။ ညပေါင်းများစွာ သူ ငါ့ကို အဖော်ပြုပေးခဲ့တာ။ အစားရွေးတာကလွဲရင် သူက ဘာအပြစ်မှ မရှိဘူး”

ချန်ကျန့် ပြုံးလိုက်မိသည်။

“ငါ ထောင်ကျတော့မယ်ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်မှာ ပထမဆုံး စဉ်းစားမိတာက တာ့ကော အတွက်ပဲ။ အဲ့ဒီနှစ်က ယွဲ့လန် ကလည်း ပြည်ပမှာ ရောက်နေတာဆိုတော့ လျူဝူ့ ဆီပဲ ပေးထားခဲ့ရတာ။ လျူဝူက တစ်ခါမှ မမွေးဖူးပေမဲ့ သူ အတတ်နိုင်ဆုံး ကြိုးစားသင်ယူပြီး မွေးပေးမှာကို ငါ သိနေလို့လေ....”

“ဘာလို့... မင်း မိဘတွေကို မွေးခိုင်းဖို့ မစဉ်းစားခဲ့တာလဲဟင်”

ချန်ကျန့် မေးလိုက်စဉ်မှာပင် အရင်ကလိုပင် ဆိုဖာရှေ့က ကော်ဇောပေါ်တွင် ဝင်ထိုင်လိုက်ပြီး ဆိုဖာကို မှီထားလိုက်သည်။

“ပြဿနာတွေ အကြီးကြီး ဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုလုပ်ပြီး အားနာပါးရ မွေးခိုင်းရမှာလဲ”

ရှန်ယွီ၏ လက်က ချန်ကျန့်၏ ရင်ဘတ်ပေါ်သို့ ရောက်လာပြီး သူ့ကို ဖက်ထားလိုက်ပြန်သည်။

“ပြီးတော့.... အဲ့ဒီလို အချိန်မျိုးမှာ ငါက သူတို့ကို ပြောစရာ စကား တစ်လုံးမှ မရှိဘဲနဲ့၊ ဒီလို အကောင်လေး တစ်ကောင်ကိုပဲ အလေးထားနေတယ်လို့ သူတို့ ထင်သွားမှာကို ငါ မလိုလားဘူးလေ”

“အိမ်မြှောင်လေးအပေါ် ထားတဲ့ သံယောဇဉ်က သူတို့အပေါ် ထားတာထက် ပိုနက်ရှိုင်းနေတယ်လို့ သူတို့ ထင်မှာကို ကြောက်လို့လား”

ချန်ကျန့် ခေါင်းကို အနောက်သို့ လှန်ကာ ရှန်ယွီ၏ ခါးပေါ်တွင် တင်လိုက်သည်။

“အင်း” ရှန်ယွီ သက်ပြင်းအသာ ချလိုက်မိသည်။

“သူ သေတုန်းက အသက် ၁၁ နှစ်လေ။ ပုံမှန်ဆိုရင်တော့ နောက်ထပ် နှစ်အနည်းငယ် ပိုနေနိုင်ပါသေးတယ်။ လျူဝူ ဆိုရင်လည်း အိမ်မြှောင်မွေးတဲ့ နေရာမှာ ဆရာတစ်ဆူ ဖြစ်နေပြီလေ၊ ဒါပေမဲ့လည်း သူ ဖျားပြီး သေသွားခဲ့တာပဲ.... ငါ ထင်တာတော့ သူ ခံစားချက် ရှိမယ် ထင်တယ်။ ငါ သူ့ကို မလိုချင်တော့ဘူးလို့ သူ ထင်သွားတာ ဖြစ်မှာပေါ့.... လျူဝူ ပြောတာတော့ သူ နေ့တိုင်း ညဘက်ဆို ထွက်လာပြီး ငေးနေတတ်တယ်တဲ့၊ ငါ့ကို စောင့်နေတာလည်း ဖြစ်နိုင်တာပဲ....”

ချန်ကျန့် ရှန်ယွီ၏ လက်ကို ယူကာ လက်ကောက်ဝတ်ကို နမ်းလိုက်မိသည်။

“လျူဝူက တာ့ကော သေပြီလို့ ပြောတုန်းက ငါ တကယ်ကို တအား ဝမ်းနည်းခဲ့တာပါ” ရှန်ယွီက အသံတုန်တုန်လေးဖြင့် ဆိုသည် ။

“သူ့ကို တအား အားနာမိတယ်”

ရှန်ယွီ ဘာကြောင့် ဤအိမ်မြှောင်လေးကို မြင်သည့်အခါ ဤမျှလောက်အထိ စိတ်လှုပ်ရှားသွားရသလဲဆိုတာ ချန်ကျန့် အခုမှပဲ နားလည်သွားတော့သည်။

“တစ်ရှူး” ရှန်ယွီက ဆိုသည်။

“ဗျာ”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးမှ ရှန်ယွီ ဆိုလိုသည်ကို သဘောပေါက်ကာ စားပွဲပေါ်က တစ်ရှူးကို လှမ်းပေးလိုက်သည်။ ရှန်ယွီ ထိုတစ်ရှူးဖြင့် သူ၏ မျက်လုံးများကို ဖိထားလိုက်သည်။

“ငါ မင်းကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်”

“ဟုတ်ကဲ့”

ချန်ကျန့် နားကို ရှန်ယွီ၏ ပါးနားသို့ အမြန် တိုးကပ်လိုက်သည်။

“အဲ့ဒီနှစ်တွေတုန်းက.... အပြင်ပန်းအရ ဆိုရင်တော့ တာ့ကော အပေါ် ထားတဲ့ ငါ့ရဲ့ သံယောဇဉ်က မိဘတွေအပေါ် ထားတာထက် ပိုပြီး နက်ရှိုင်းခဲ့တာ အမှန်ပဲ။ ငါက သူတို့ မပါတဲ့ ဘဝမှာ နေသားကျနေခဲ့တာကိုး”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။

“ဒါကိုတော့ ငါ့အမေတို့ကို မသိစေနဲ့ဦးနော်”

“ကျွန်တော် ဘယ်လိုလုပ်ပြီး ပြောရဲမှာလဲ…”

ချန်ကျန့်က တိုးတိုးလေး ဆိုလိုက်သည်။ ခဏအကြာတွင် သူ ရှန်ယွီ၏ ခါးပေါ်သို့ ခေါင်းပြန်တင်လိုက်ပြန်သည်။

“အမှန်တော့ တာ့ကော အပေါ်ထားတဲ့ သံယောဇဉ်က ပိုနက်ရှိုင်းတာ မဟုတ်လောက်ပါဘူး။ မင်းက မင်းရဲ့ ခံစားချက်တွေ အများကြီးကို တာ့ကော အပေါ်မှာ ပုံချထားခဲ့တာ ဖြစ်မှာပါ။ အဲ့ဒီ ခံစားချက်တွေထဲမှာ မိဘတွေအပေါ် ထားတဲ့ ခံစားချက်တွေလည်း ပါဝင်နေတာပေါ့”

ရှန်ယွီ အကြာကြီး တိတ်ဆိတ်နေပြီးမှ ခေါင်းလှည့်ကာ ချန်ကျန့်ကို ကြည့်လိုက်သည်။

“ချန်ကျန့်... မင်းကတော့ တကယ်ကို တောင်ပေါ်မှာ အနှစ် ၂၀ လောက် တရားကျင့်လာတဲ့ လူနဲ့ တူတာပဲနော်”

“အနှစ် ၂၀ တော့ မဟုတ်ပါဘူး။ အမေ ဆုံးပြီးတဲ့ နောက်ပိုင်းမှပဲ တည်ငြိမ်အောင် ကြိုးစားခဲ့ရတာပါ”

ချန်ကျန့်၏ အေးချမ်းသော စကားကြောင့် ရှန်ယွီ ပြုံးလိုက်မိသည်။

“မင်းငယ်ငယ်က အိမ်မွေးတိရစ္ဆာန် မွေးဖူးလား”

“ဘဲ တစ်ကောင် မွေးဖူးတယ်၊ အဲ့ဒါ အိမ်မွေးတိရစ္ဆာန်ထဲ ပါမလား”

“ဝက် မွေးဖူးလားလို့ပါ မေးလိုက်ပါလား” ရှန်ယွီက ပြန်ရွဲ့သည်။

“ရောင်းဖို့၊ စားဖို့ မွေးတာ မဟုတ်ပါဘူးဗျာ ။ အမေက ကျွန်တော့်ကို မြို့ဟောင်းကို ခေါ်သွားတုန်းက၊ ဈေးထဲမှာ လူတွေက အားနည်းလွန်းလို့ ပစ်ထားခဲ့တဲ့ ဘဲပေါက်လေး တစ်ကောင်ကို ကျွန်တော် ကောက်လာခဲ့တာလေ”

“မင်းပဲ မွေးလိုက်တာလား”

“အင်း၊ သူက ငန်း တစ်ကောင်လိုပဲ ကျွန်တော့်နောက် တကောက်ကောက် လိုက်တာလေ။ မမီတော့ရင်လည်း တစာစာနဲ့ အော်တော့တာပဲ”

ချန်ကျန့်က ရယ်မောရင်း ပြောပြသည်။ ရှန်ယွီလည်း လိုက်ရယ်မိသည်။

“ကြည့်ရတာ မှိုလေးနဲ့ တူမှာပဲနော်”

“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်ပြသည်။

“သူ့မှာ နာမည် ရှိလား”

“ချန်ယာယာ လေ” ချန်ကျန့်က တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။

“ဘာလို့....” ရှန်ယွီ ခေါင်းမော့ကာ ရယ်မောလိုက်တော့သည် ။

“မျိုးရိုးနာမည်တောင် ပါသေးတာလား”

ချန်ကျန့်က မဲ့လိုက်သည် ။

“မင်းရဲ့ အိမ်မြှောင်ကျတော့ ရှန်တာ့ကော လို့ မခေါ်ဘူးလား”

ရှန်ယွီ ပိုပြီး အားရပါးရ ရယ်မောတော့သည်။

“ငါက အိပ်ချင်နေတာကို၊ မင်းကတော့ ငါ့ကို လုံးဝ နိုးသွားအောင် လုပ်လိုက်တာပဲ”

“ဒါဆို တခြားအကြောင်း ပြောပြမယ်လေ” ချန်ကျန့် ခေတ္တ စဉ်းစားလိုက်သည်။

“ကျွန်တော့်မှာ ကြောင်တစ်ကောင်လည်း ရှိဖူးတယ်၊ ဒါပေမဲ့ ကျွန်တော် မွေးတာလို့တော့ ပြောလို့ မရဘူး။ ရွာထဲက တခြားအိမ်က ကြောင်ပေါက်လေး တစ်ကောင်က ဘယ်သူမှ အစာမကျွေးတော့ ကျွန်တော်တို့ အိမ်မှာပဲ လာလာ စားနေကျလေ”

“သူ့နာမည်ကော ချန်မောင်မောင် လား” ရှန်ယွီက ပြုံးလျက် မေးသည်။

“မင်းက အိပ်မှာလား၊ မအိပ်ဘူးလား”

ချန်ကျန့်က မျက်စောင်းထိုးလိုက်သည်။

“အိပ်မယ်၊ အိပ်မယ်။ မင်းပဲ ဆက်ပြောပြ”

ရှန်ယွီ မျက်လုံးမှိတ်ထားလိုက်သည်။

“သူ့နာမည်က ချန်ရှောင်မောင်တဲ့”

ရှန်ယွီမှာတော့ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။

“ချန်ရှောင်မောင် နဲ့ ချန်ယာယာ ကတော့ ရန်ဘက်တွေလေ”

ချန်ကျန့်က ရှန်ယွီ့ကို ဂရုမစိုက်ဘဲ အသံတိုးတိုးဖြင့် ဆက်ပြောပြနေသည်။

“ကြောင်က လာတိုင်း ဘဲကို လိုက်စတာ။ ဘဲကလည်း ငန်းသွေး ပါပုံရတယ်၊ လုံးဝ မကြောက်ဘူးလေ။ သူကလည်း ပြန်ပြန် ချတာပဲ....”

ထိုကြောင်နှင့် ဘဲမှာ နှစ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြသော်လည်း ဘယ်တော့မှ အဆင်မပြေခဲ့ကြပါဘူး။ တစ်ကောင်နှင့် တစ်ကောင် မြင်သည်နှင့် ချကြတော့သည်။ ဘဲလေး အိုပြီး သေသွားသည့် အချိန်အထိပေါ့။ ဘဲလေး သေသွားပြီးနောက်တွင်မူ ထိုကြောင်မှာလည်း သူတို့အိမ်သို့ ခဏခဏ မလာတော့ပါဘူး။ နောက်ပိုင်းတွင်တော့ သူတို့ အိမ်ကလည်း မရှိတော့သဖြင့် ကြောင်လေး ဘယ်ရောက်သွားလဲဆိုတာ သူ မသိတော့ပါဘူး။ ရွာတည်းမှာပဲ နေထိုင်ကြသော်လည်း ချန်ကျန့်တစ်ယောက် ‘ချန်ရှောင်မောင်’ ကို နောက်တစ်ခါ ထပ်မတွေ့ခဲ့ရတော့ပါဘူး။

ကြောင်နှင့် ဘဲ၏ ရာဇဝင်ကို ပြောပြပြီးသည့် အခါတွင်မူ၊ ရှန်ယွီ၏ ချန်ကျန့်ပုခုံးပေါ်က လက်မောင်းမှာ ပြေလျော့သွားခဲ့ပြီး၊ အသက်ရှူသံမှာလည်း မှန်မှန်လေး ဖြစ်လာခဲ့လေပြီ။ သူ အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။ ချန်ကျန့်သည် သူ၏လက်ကို အသာအယာ ဖယ်ကာ၊ အိပ်ခန်းထဲမှ စောင်တစ်ထည် ယူလာပြီး ရှန်ယွီ့ကို ခြုံပေးလိုက်သည်။

ရှန်ယွီ၏ အိပ်စက်တတ်သော အလေ့အကျင့်အရဆိုလျှင် ဤနေရာတွင် ဆိုဖာ မရှိသင့်ပါဘူး၊ ကုတင်တစ်လုံးနှင့် လဲထားသင့်သည်လေ။ သို့သော် ချန်ကျန့်သည် ဤဆိုဖာ၏ ဈေးနှုန်းကို သတိရသွားသည်။ ယွမ် ခြောက်သောင်းကျော် တန်သော အကောင်းစား သားရေဆိုဖာကြီး မဟုတ်ပါလော။ သာမန် ဆိုဖာကုတင် တစ်လုံးကိုတော့ ယွမ် ခြောက်ရာလောက်နှင့် ဝယ်လို့ ရသည်လေ။

ယွမ် ရှစ်ထောင်တန် ကုလားထိုင်မှာလည်း သိုလှောင်ရုံထဲမှာ ရှိနေဆဲ ဖြစ်သည်။ ဝက်ခြံဂိုဏ်းသားများ အလှည့်ကျ ပြင်ရန် ကြိုးစားခဲ့ကြသော်လည်း မရပါဘူး။ လောင်စစ်ကတော့ နှစ်သစ်ကူးကျရင် အိမ်ကို သယ်သွားပြီး သူ၏အဖေကို ပြင်ခိုင်းမလို့တောင် စီစဉ်နေလေသည်။

ချန်ကျန့်သည် ဆိုဖာဘေးတွင် ရပ်ကာ အတွေးများ နယ်ချဲ့နေမိပြီးနောက်၊ ရှန်ယွီ တကယ် အိပ်ပျော်သွားမှန်း သေချာသည့် အခါမှသာ တိတ်တဆိတ် အပြင်သို့ ထွက်လာခဲ့တော့သည်။ သူသည် မွန်းလွဲပိုင်းတွင် ကားမောင်းသင်တန်း ရှိသည်လေ။ ၎င်းမှာ တတိယအဆင့် စာမေးပွဲ မဖြေခင် နောက်ဆုံး သင်ခန်းစာ ဖြစ်သည် မဟုတ်ပါလော။

“ငါ လိုက်ပို့ပေးရမလား” ဆွန်နာနာက မေးသည်။

“ဆိုင်ကယ်ပဲ စီးသွားလိုက်မယ်လေ။ ဒါရိုက်တာဟယ် တို့ တစ်ခုခု လိုအပ်ရင် အားကိုးလို့ရတဲ့ လူတစ်ယောက်တော့ ဒီမှာ ရှိနေမှ ဖြစ်မှာပေါ့။ အခု ဧည့်သည်တွေလည်း များနေတာဆိုတော့ ဖန်ဖန် တစ်ယောက်တည်းတော့ မနိုင်လောက်ဘူး”

“ရှန်ယွီ ကော အားကိုးလို့ မရဘူးလား” ဆွန်နာနာ ပြုံးလျက် မေးသည်။

“သူ အိပ်နေတယ်လေ၊ ညနေလောက်မှ နိုးမှာပါ”

“သိပါပြီရှင်”

ဆွန်နာနာ ဆံပင်များကို ပြန်ပြင်ရင်း ပြုံးလျက် ဆိုလိုက်သည်။

“ဒီည အစည်းအဝေး ခဏ လုပ်မယ်နော်။ အားတဲ့လူ အကုန် တက်ကြပေါ့။ ကိုးနာရီလောက်ဆိုရင်တော့ အလုပ်တွေ ပါးလောက်ပြီ ထင်တယ်” ဟု ချန်ကျန့်က မှာကြားလိုက်သည်။

“ဟုတ်ကဲ့၊ အကုန်လုံးကို ပြောပြထားလိုက်မယ်”

ချန်ကျန့် ဆိုင်ကယ်စီးပြီး အပြင်သို့ ထွက်လာစဉ်၊ ပန်းခြံအနောက်တံခါးမှာ ရပ်ထားတဲ့ ကားအဟောင်းကြီးကို တစ်ချက် ဝင်ကြည့်လိုက်သေးသည်။ အနီးအနားက တည်းခိုခန်း ပိုင်ရှင်တွေ စီးသည့်ကားတွေက ရှန်ယွီ့ကားလောက် မကောင်းပါဘူး။ ယွမ် သိန်းဂဏန်းလောက်ပဲ ရှိကြတာလေ။ အကောင်းဆုံးဆိုလို့ ဘော့စ်ယန် ရဲ့ BMW ကားလေးပဲ ရှိတာ၊ ယွမ် ကိုးသိန်းလောက် ရှိမယ်လို့ ကြားဖူးသည်။ သို့သော် ၎င်းမှာ ပြိုင်ကားအသေးစားလေးဖြစ်ပြီး ရှန်ယွီ့ကားလောက် မကြီးပါဘူး။

“ကားမောင်းသင်မလို့လား” ဒါ့လီ ဘေးက ဝင်းထဲမှ ထွက်လာရင်း မေးလိုက်သည်။

“ဟုတ်ကဲ့”

“ဒီကားက မင်းအတွက်လား”

“ဘယ်ကသာ၊ ဘော့စ် ရဲ့ ကားပါဗျာ” ချန်ကျန့် ပြုံးလျက် ဆိုလိုက်သည်။

“ဒါဆို မင်း လိုင်စင်ရရင် အဲ့ဒီကားကိုပဲ မောင်းမှာပေါ့ ဟုတ်လား” ဒါ့လီက ထပ်မေးပြန်သည်။

“အင်း”

“ဘော့စ်ရှန် ကတော့ တကယ်ကို....” ဒါ့လီ သက်ပြင်းချရင်း ပြောလိုက်လေသည်။

ချန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ ဆိုင်ကယ် စီးထွက်လာခဲ့သည်။ သူ ထပ်ပြီး ကြာကြာ နေမိလျှင် ဒါ့လီ တစ်ယောက် သူလည်း အလုပ်ပြောင်းချင်တယ်လို့ ပြောလာမှာကို စိုးရိမ်မိသည်လေ။ တာယွင်မှာတော့ ဉာဏ်နီဉာဏ်နက် များတဲ့လူတွေကို အလုပ်မခန့်ပါဘူး။ ဘာပဲဖြစ်ဖြစ် တာယွင်မှာတော့ ရိုးသားအေးဆေးတဲ့ လူတွေက ပိုများသည် မဟုတ်ပါလော။

***

ဒါရိုက်တာဟယ် တို့အဖွဲ့ ရှိနေသည့် ရက်ပိုင်းအတွင်း သူတို့၏ အချိန်ဇယားမှာ အလွန်ပင် ပြည့်နှက်နေလေသည်။ ခရီးသွားအေဂျင်စီကတော့ တကယ်ကို အရှိန်မြှင့် လုပ်ဆောင်နေပုံရသည်။ ဧည့်သည်တွေလည်း များနေသလို၊ နှစ်သစ်ကူး ပြင်ဆင်စရာတွေလည်း ရှိနေသဖြင့်၊ ချန်ကျန့်မှာ တစ်နေကုန် နေရာအနှံ့ လျှောက်ပြေးနေရသဖြင့် အလွန် ပင်ပန်းနေတော့သည်။

သူ တတိယအဆင့် စာမေးပွဲကို တစ်ခါတည်းနှင့် အောင်မြင်ခဲ့သည်။ တည်းခိုခန်းကို ပြန်ရောက်သည့် အခါမှသာ သူ တကယ် အောင်သွားပြီမှန်း သိလိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်နေတော့သည်။

“သွားကြစို့၊ သွားကြစို့”

သူ ရုံးခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း အသည်းအသန် ပြောနေတော့သည်။

“ကျောက်ကွင်းဟောင်း ဘက်က လမ်းကို ငါ့ကို ကားမောင်းသင်ပေးဦးလေ။ ခုနက ဆိုင်ကယ်နဲ့ ပြန်လာတုန်း ကြည့်ခဲ့တာ၊ အဲ့ဒီမှာ လူလည်း မရှိသလို ကားလည်း မရှိဘူး”

“မင်းပုံစံ ကြည့်ရတာ လိုင်စင်တောင် ရနေပြီလို့ လူတွေ ထင်ကုန်ကြဦးမယ်”

“နောက်တစ်ပတ်ဆို ရပြီလေ။ တစ်ပတ်ပဲ။ နှစ်ဆန်း ၂၇ ရက်နေ့ဆို ရပြီ။ ကျွန်တော် စုံစမ်းပြီးသား၊ အဲ့ဒီနေ့မှာ သူတို့ ရုံးဖွင့်တယ်လေ၊ အဲ့ဒါနဲ့ သွားယူလိုက်ရုံပဲ”

“လမ်းကြုံရင် မင်းအဖေကိုပါ တစ်ခါတည်း ဝင်ကြိုပေါ့ ။ မင်းပဲ မောင်းလေ”

“ဟား ဟား ပါး ကတော့ လန့်ပြီး သေသွားမှာ သေချာတယ်”

“ပြီးရင် မင်းအဖေကို ခေါ်ပြီး ဆွေမျိုးတွေ အိမ်ကို ကားနဲ့ လိုက်လည်ပြဦးလေ”

“မင်း ဒါကို အခုထိ မှတ်မိနေသေးတာလား” ချန်ကျန့် အံ့သြသွားရသည်။

“မှတ်မိတာပေါ့၊ ငါက အတည်ပြောတာလေ”

“အဖေကတော့ သေချာပေါက် လုပ်မှာ မဟုတ်ပါဘူး”

“ဒါဆို မင်းပဲ သွားလေ”

“တကယ်ကြီးလား”

သူ တကယ်ကို လုပ်ချင်နေမိသလို၊ ထူးဆန်းသော စိတ်လှုပ်ရှားမှု တစ်ခုကိုလည်း ခံစားနေရသည်။ သို့သော်လည်း ၎င်းမှာ တော်တော်လေးကို ရူးသွပ်ရာ ကျလိမ့်မည်ဟုလည်း သူ ထင်မိသည်လေ။

“တကယ်ပေါ့”

“အဲ့ဒါက နည်းနည်းတော့....” ချန်ကျန့် တုံ့ဆိုင်းနေမိသည်။

“ရူးသွပ်ရာ ကျမလားလို့လား။ မင်းက နှစ်ပေါင်း ၂၀ လုံးလုံး တည်တည်ငြိမ်ငြိမ် နေလာခဲ့တာပဲ။ တစ်ခါလောက် ရူးသွပ်ကြည့်တာ ဘာဖြစ်လို့လဲ”

“တည်တည်ငြိမ်ငြိမ် နေလာခဲ့တာ ဆိုပေမဲ့လည်း၊ ကျွန်တော့်မှာ အခုထိတော့ စိတ်အေးလက်အေး နေနိုင်တဲ့ စွမ်းအားတွေတော့ မရသေးပါဘူးဗျာ”

ချန်ကျန့် သက်ပြင်းချလိုက်သည်။

“ဘာလို့ အေးဆေး နေချင်နေရတာလဲ။ မင်းက သေပြီးသား လူမှ မဟုတ်တာ”

ရှန်ယွီ ကားသော့ကို လှမ်းယူကာ ရုံးခန်းထဲမှ ထွက်ခဲ့တော့သည်။

“နှစ်သစ်ကူးတော့မယ်လေ၊ ကောင်းတဲ့ စကားတွေပဲ ပြောစမ်းပါ!”

ချန်ကျန့် သူ့နောက်မှ လိုက်လာခဲ့သည်။

“အေးဆေး နေနေဖို့ မလိုပါဘူး။ ငါတို့က အသက်ရှင်နေတဲ့ လူတွေပဲဟာ”

ကျောက်ကွင်းသို့ သွားရာ လမ်းဟောင်းမှာ ပစ်ထားသည်မှာ ကြာပြီ ဖြစ်သဖြင့် လမ်းဘေးတွင် မြက်ခြောက်များဖြင့် ပြည့်နှက်နေသော်လည်း၊ လမ်းပြင်ကတော့ ပြန့်ပြူးနေဆဲပင် ဖြစ်သည်။ ရှန်ယွီ လမ်းဘေးတစ်နေရာတွင် ကားရပ်လိုက်ပြီး အပြင်သို့ ဆင်းလိုက်သည်။

“အမှန်တော့ ဟိုကားနဲ့ပဲ မောင်းသင်လည်း ရတာကို”

ချန်ကျန့်လည်း အပြင်သို့ ဆင်းလိုက်သည်။

“ဒီကားကတော့ တစ်ခုခု ဖြစ်သွားရင်....”

“ဒီရောက်မှ ဒါတွေ လာပြောနေရသလား”

ရှန်ယွီ ကားအနောက်ဘက်သို့ သွားကာ နောက်ဖုံးကို ဖွင့်လိုက်သည် ။

“ဒါဆိုလည်း အခုပဲ ပြန်ပြီး ကားသွားလဲကြမလား”

“ရပါတယ်၊ ထားလိုက်တော့”

“ဒီကို လာဦး”

ရှန်ယွီက ခေါ်လိုက်သည်။ ချန်ကျန့် ကားအနောက်ဘက်သို့ လျှောက်သွားလိုက်သည်။ ကားနောက်ဖုံးထဲတွင် အနီရောင် သေတ္တာလေး တစ်ခု ရှိနေလေသည်။

“ဒါ မင်းအတွက် လက်ဆောင်” ရှန်ယွီက ဆိုသည် ။

“နှစ်သစ်ကူး လက်ဆောင်ပေါ့”

၎င်းမှာ ဦးထုပ်တစ်လုံး ဖြစ်လိမ့်မည်ဟု ချန်ကျန့် သိထားပြီးသားပါ ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရုံးခန်းထဲ သွားတိုင်း အိပ်ခန်းထဲမှာ သိုးမွေးချည်လုံးတွေကို သူ မြင်နေရသည် မဟုတ်ပါလော။ ရှန်ယွီကလည်း ၎င်းတို့ကို ဖုံးကွယ်ထားခြင်း မရှိပါဘူး။ သို့သော် ထိုလက်ဆောင် သေတ္တာလေးမှာ သူ၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိလာသည့် အခါတွင်မူ၊ ချန်ကျန့်၏ လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာခဲ့တော့သည်။

“၁၀ နှစ်လောက် ရှိပြီထင်တယ်”

ချန်ကျန့် သေတ္တာကို ကိုင်ကာ အဖုံးဖွင့်ရန် ကြိုးစားရင်း ဆိုသည်၊ သူ၏ လက်များမှာ အလွန် တုန်ယင်နေသဖြင့် နှစ်ကြိမ်တိုင်တိုင် အဖုံးကို မဖွင့်နိုင်ခဲ့ပါဘူး။

“ရှောင်သိုအာ ပေးတဲ့ ကတ်ပြားလေးတွေကလွဲရင်၊ နှစ်သစ်ကူး လက်ဆောင် မရဖူးတာ ၁၀ နှစ်လောက် ရှိပြီလေ....”

ရှန်ယွီ ချန်ကျန့်၏ လက်များကို ဖမ်းဆွဲကာ အဖုံးကို ကူဖွင့်ပေးလိုက်သည်။

“ဒါဆိုလည်း ၁၀ နှစ်မှာ တစ်ခါပဲ ရတဲ့ ဒီ နှစ်သစ်ကူး ဦးထုပ်လေးကို ဆောင်းကြည့်ပါဦး”

_______________________________________________________________________


TN// ကဲ အားလုံး သုံးကြိမ်ဆိုပါ ။ ရည်းစားရှိတာကောင်းတယ်။ ရည်းစားရှိတာကောင်းတယ်။ ရည်းစားရှိတာကောင်းတယ်။

Comments

  1. အားကျရယ် အားကျရယ် အားကျရယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...