အပိုင်း (၈၆)
သေတ္တာကို ဖွင့်လိုက်သည့်အခါ ဦးထုပ်ကို ချက်ချင်းမမြင်ရသေးပါ။ ၎င်းကို ပန်းရောင် တစ်ရှူးစက္ကူ အလွှာတစ်ခုဖြင့် ပတ်ထားပြီး အပေါ်တွင် ကတ်ပြားလေးတစ်ခု တင်ထားလေသည်။
ထိုသို့ သေသေသပ်သပ် ထုပ်ပိုးထားမှုကြောင့် ချန်ကျန့်မှာ တာ့ကော၏ မှန်အိမ်မှာ ဖဲပြားအကြီးကြီး တစ်ခု မချည်မိခဲ့ခြင်းကို နောင်တရမိသွားသည်။
သူသည် ကတ်ပြားကို အရင်ဆုံး ကောက်ယူလိုက်သည်။ ၎င်းပေါ်တွင် "ကျန့်" ဆိုသည့် စာလုံးတစ်လုံးတည်းကို စုတ်တံဖြင့် ရေးသားထားလေသည်။ ရှန်ယွီ၏ လက်ရေးဖြစ်မှန်း သိသာလှပြီး၊ ငွေရောင်အစက်အပြောက်လေးများ ပါဝင်သော အပြာရောင်မှင်ဖြင့် အလွန်လှပစွာ ရေးထားခြင်း ဖြစ်သည်။
“ကျန့်”
ချန်ကျန့်က ကတ်ပေါ်ကစာလုံးကို အသံထွက်ဖတ်လိုက်သည်။
“ချန်ကျန့် လို့ ဖတ်လေ”
“ဗျာ”
“မျိုးရိုးနာမည်ပါ ထည့်ဖတ်ပါဦး။ မင်း အခုလိုဖတ်တာက တစ်ယောက်ယောက်ကို ဆဲနေသလိုပဲ”
ရှန်ယွီက နောက်ပြောင်လိုက်သည်။ ချန်ကျန့် ပြုံးလျက် ကတ်ပြားကို သူ၏ အင်္ကျီအတွင်းအိတ်ထဲသို့ ထည့်လိုက်သည်။
“ဒါကို သိမ်းထားမလို့လား။ အဲ့ဒီကတ်က ဒီအတိုင်း ရိုးနေမှာစိုးလို့ ထည့်ပေးလိုက်တာပါ”
“ကျွန်တော်က အင်္ကျီအသစ်က တံဆိပ်တွေကိုတောင် ခဏ သိမ်းထားတတ်တာလေ။ ဒီလိုကတ်မျိုးကိုတော့ သေချာပေါက် သိမ်းရမှာပေါ့။ မင်းရဲ့ လက်ရေးပါတာပဲဟာ”
“အင်း...”
ရှန်ယွီ ကားတံခါးကို မှီရပ်ရင်း ချန်ကျန့်ကို ငေးကြည့်နေသည်။ ချန်ကျန့် ခေါင်းငုံ့ကာ တစ်ရှူးစက္ကူကို ဖြည်လိုက်သည့်အခါ အထဲတွင် မီးခိုးရင့်ရောင် သိုးမွေးဦးထုပ်လေး တစ်လုံးကို တွေ့လိုက်ရသည်။
“ဒီအရောင်ကို ကြိုက်လား။ မင်းရဲ့ ဆွယ်တာတွေက အမြဲတမ်း မီးခိုးရောင်တွေချည်းပဲဆိုတာ ငါ သတိထားမိလို့”
“ကြိုက်တာပေါ့။ ကျွန်တော်က မီးခိုးရောင်နဲ့ အပြာရောင်ကို ကြိုက်တာ”
ချန်ကျန့်က ဦးထုပ်ကို ဗူးထဲမှ ထုတ်လိုက်သည်။ ၎င်းမှာ ရိုးရိုးရှင်းရှင်း Beanie ဦးထုပ်လေး ဖြစ်ပြီး၊ အနားသတ်လေးတွင် အနီရောင် ဖဲပြားလေးတစ်ခု ပါရှိလေသည်။ ထိုဖဲပြားမှာ လက်ထိပ်ခန့်သာ ရှိပြီး အလွန်ပင် သေးငယ်လှသည်။ သိုးမွေးချည်မှာ တကယ့်ကို နူးညံ့လှပြီး၊ ကိုင်လိုက်လျှင် နွေးထွေးသည့် ခံစားချက်ကို ရစေသည်။ သူ ဦးခေါင်းပေါ် စွပ်ကြည့်ရင်း မေးလိုက်သည် ။
“ဒါက ဘာချည်မျိုးလဲဟင်။ ဆိုင်မှာ ရောင်းတဲ့ဟာတွေနဲ့ မတူဘူး၊ တအား သက်သောင့်သက်သာ ရှိတာပဲ”
“ကက်ရှ်မီးယား ပေါ့၊ ဒါ မဟုတ်ရင် ဘာရှိဦးမှာလဲ”
ရှန်ယွီက ချန်ကျန့်၏ နဖူးပေါ်က ဆံပင်လေးများကို သပ်ပေးရင်း…
“တောက်... မင်း ဦးထုပ်ဆောင်းထားတာ တကယ် ကြည့်ကောင်းတာပဲ”
“ဟုတ်လို့လား”
ချန်ကျန့် ဦးထုပ်ကို စမ်းကြည့်ကာ၊ ဖဲပြားလေးကို မျက်ခုံးအဆုံးနား ရောက်အောင် အနေအထား ပြင်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ရှန်ယွီ၏ လက်ရာ ဤမျှလောက်အထိ ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပါဘူး။ ကြိုမသိခဲ့လျှင် ဆိုင်က ဝယ်လာတာဟု ထင်ရလောက်သည်။ အရွယ်အစားမှာလည်း ကွက်တိပင်၊ မနှစ်က ဆောင်းတွင်း သူဝယ်ခဲ့သော ဦးထုပ်မှာ ဆောင်းပြီး တစ်နာရီလောက်ဆို ခေါင်းကိုက်သလို၊ သူ၏ ကောက်နေသော ဆံပင်များကိုပင် ဖြောင့်သွားအောင် ဖိထားသည် မဟုတ်ပါလော။
ရှန်ယွီ ဖုန်းထုတ်ကာ ချန်ကျန့်၏ မျက်နှာကို ပုံအချို့ ရိုက်လိုက်သည်။
“ငါ့ Profile ပုံ ပြောင်းတော့မယ်”
“နောက်တစ်ခါလား”
“အင်း၊ ချောမောတဲ့ လူငယ်လေး တစ်ယောက်ပေါ့”
“ပြပါဦး” ချန်ကျန့် ကိုယ်ကို ကိုင်းကာ ကြည့်လိုက်သည်။
ရှန်ယွီ ဖုန်းမျက်နှာပြင်ကို လှည့်ပြလိုက်သည် ။
“မင်း တစ်ခု ရွေးလိုက်”
ချန်ကျန့် ပုံတွေကို ကြည့်လိုက်ရာ တကယ်ပင် ကြည့်ကောင်းနေလေသည်။ အရင်ကတော့ လေကာဖို့လောက်သာ ဦးထုပ်ဆောင်းခဲ့ပြီး၊ သူ ဘယ်လိုပုံ ပေါက်နေမလဲဆိုတာ ဂရုမစိုက်ခဲ့ပါဘူး၊ ရှန်ယွီ လုပ်ပေးသလို ဆံပင်တွေကို ပြင်ဆင်ဖို့ဆိုတာလည်း ဝေးရောပေါ့။
ရှန်ယွီ ထိုးပေးထားသော ဦးထုပ်မှာ တကယ်ပင် လှပသည်။ ဘေးက ဖဲပြားလေးမှာ သေးငယ်သော်လည်း မီးခိုးရောင် နောက်ခံတွင် အနီစက်လေး တစ်စက်ကဲ့သို့ လင်းလက်နေစေသည်လေ။
“မင်းက ဖဲပြားတွေကို တကယ် ကြိုက်တာပဲနော်” ချန်ကျန့်က ပုံတစ်ပုံကို လက်ညှိုးထိုးပြသည် ။
“ဒီပုံပဲ သုံးရအောင်”
“အင်း... ငယ်ငယ်တုန်းကတော့ ဖဲပြားမြင်ရင် လက်ဆောင်လို့ပဲ အမြဲ တွေးမိတာလေ”
ရှန်ယွီက သူ၏ Profile ပုံကို ချန်ကျန့် ရွေးပေးသည့် ပုံအတိုင်း ပြောင်းလိုက်ရင်း
“ဖဲပြားလေး မြင်ရရင် တစ်ခုခု ကောင်းတာ ဖြစ်တော့မယ်လို့ ငါ ခံစားရလို့ပါ”
“မနက်ဖြန်ကျရင် အာ့ကော ရဲ့ မှန်အိမ်မှာလည်း ဖဲပြားချည်ပေးလိုက်မယ်”
“မင်း ပိုးကောင်မှာ ဖဲပြားချည်ပြီး အာ့ကော ကို ကျွေးသင့်တာ”
ချန်ကျန့် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ပြီး၊ အာ့ကော သာဆိုလျှင် သူ့ကို သေချာပေါက် ဆဲမိမှာပဲဟု တွေးလိုက်မိသည်။
“ကဲ... လက်ထောက်လေးရေ။ တစ်ပတ်လောက် မောင်းကြည့်ရအောင်”
ချန်ကျန့် မောင်းသူနေရာမှာ ဝင်ထိုင်ကာ၊ ထိုင်ခုံခါးပတ် ပတ်ပြီးနောက် ငြိမ်သက်စွာ ထိုင်နေမိသည်။
“ဟင်”
ရှန်ယွီ လှမ်းကြည့်သည်။
“ဘယ်လို စနှိုးရမှာလဲဟင်”
“ဟိုမှာ ခလုတ် ရှိတယ်လေ” ရှန်ယွီက ညွှန်ပြသည်။
ချန်ကျန့် လက်ညှိုးညွှန်ရာကို ကြည့်လိုက်ရာ Dashboard ဘေးတွင် ခလုတ်တစ်ခုကို တွေ့ရသည်။ ၎င်းကို နှိပ်လိုက်သည့်အခါ မျက်နှာပြင် နှစ်ခုစလုံးမှာ မီးများ လင်းထိန်လာခဲ့သည် ။ Icons တွေ၊ ကိန်းဂဏန်းတွေ အများကြီးပါပဲ။
ချန်ကျန့် မအောင့်နိုင်ဘဲ အော်မိသည် ။
“ဟာ ကျွန်တော် ဒီကားကို တကယ်ကြီး မမောင်းတတ်မှာ စိုးတယ်”
“ဟိုဟာ ဒီဟာတွေ အများကြီး လျှောက်မစဉ်းစားနဲ့…မောင်းရုံပဲ မောင်းစမ်းပါ”
ကားမောင်းသင်တန်းက ကားနှင့် နှိုင်းယှဉ်လျှင် ဤကားမှာ အခြေခံလုပ်ဆောင်ချက်များကို နားလည်ပြီးသည့်နောက် မောင်းရသည်မှာ အများကြီး ပိုလွယ်ကူလှသည်။ သူ၏ လက်နှင့် ခြေထောက်များမှာ လွတ်လပ်နေသလို ခံစားရသည်လေ။
လမ်းပေါ်တွင် နှစ်ခေါက် သုံးခေါက်ခန့် မောင်းပြီးသည့် အခါတွင်မူ၊ ချန်ကျန့်သည် မိမိကိုယ်ကို ဆယ်နှစ်ဝါရင့် ယာဉ်မောင်းတစ်ဦးကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်လာခဲ့ပြီ။ ကား၏ အနံနှင့် အလျားကို အကဲခတ် မှားယွင်းသဖြင့် လမ်းဘေး ပလက်ဖောင်းနှင့် နှစ်ခါလောက် ခြစ်မိမလို ဖြစ်ခဲ့သည်မှလွဲလျှင် ကျန်သည်မှာ အဆင်ပြေပါသည်။
“ဘယ်လိုလဲ။ ကျွန်တော့်ကားကို ပထမဆုံး စီးရတာ၊ မဆိုးဘူး မဟုတ်လား”
“အင်း ။ မင်းမောင်းတဲ့ ငါ့ကားရဲ့ ဘေးခုံမှာ ပထမဆုံး ထိုင်ဖူးတာပဲ။ ငါ မင်းအတွက် စတီယာရင်ကို လေးငါးခါလောက် ပြန်တည့်ပေးလိုက်ရတာလည်း မဆိုးပါဘူး၊ ဟုတ်တယ်မလား”
ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။
“ဟေး! အဲ့ဒါက ကျွန်တော် ဒီကားရဲ့ အချိုးအစားကို မသိသေးလို့ပါ!”
“တော်ပါတယ်။ လျူဝူ လိုင်စင်ရခါစတုန်းကတော့ သတ္တိကလွဲရင် ဘာမှမရှိဘူး”
“သူက ဘယ်လို သတ္တိရှိတာလဲ”
“မျက်နှာချင်းဆိုင် လမ်းကြောထဲကိုပဲ ဇွတ်မောင်းနေတာလေ၊ ငါတောင် ဆွဲလို့ မနိုင်ဘူး”
“ကျွန်တော်လည်း တကယ့် လမ်းမပေါ်တော့ မမောင်းဖူးသေးဘူးလေ ။ ဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ပါဘူး”
ရှန်ယွီ လက်လှမ်းကာ ချန်ကျန့်၏ ပါးကို တို့လိုက်သည်။
“ငါ သူနဲ့ လေ့ကျင့်တုန်းက သူက မင်းလိုမျိုး အေးဆေး မရှိဘူးလေ”
“ကျွန်တော် ကားမောင်းနေတာလေ၊ လာမနှောင့်ယှက်နဲ့!”
“ဟိုး... လန့်သွားတာပဲ” ရှန်ယွီ သူ၏ လက်ကို အမြန် ပြန်ရုပ်လိုက်သည်။
“မင်း အော်လိုက်တာ ကြားရင်၊ မသိတဲ့လူက ငါ မင်းရဲ့ အောက်ပိုင်းကို လှမ်းကိုင်နေတယ် ထင်ကုန်ကြဦးမယ်”
ချန်ကျန့် ဆွံ့အသွားရပြီး၊ စက္ကန့်အနည်းငယ် ကြာမှ ရယ်မောလိုက်တော့သည်။
“မင်းပြောတာနဲ့ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး”
“ဒါပေမဲ့ မင်းကတော့ တစ်ခွန်းမကျန် ပြန်ပက်နေတာပဲလေ”
သူတို့ ထိုလမ်းပေါ်တွင် နာရီဝက်ကျော်ခန့် မောင်းပြီးသည့် အခါတွင်မှ ရှန်ယွီက ပြန်မောင်းလာခဲ့တော့သည်။ နေ့လယ်စာ အချိန် မနီးလျှင်တော့ ချန်ကျန့်တစ်ယောက် ပြန်ချင်ဦးမှာ မဟုတ်ပါဘူး။ ကားကောင်းမောင်းရသည့် ခံစားချက်ကတော့ တကယ်ကို မတူပါဘူး။
“ဒါရိုက်တာဟယ် တို့က မနက်ဖြန် တာယွင် ကို ပြန်လာမှာလားဟင်”
ချန်ကျန့် ကားထဲက ခလုတ်မျိုးစုံကို လေ့လာရင်း မေးလိုက်သည်။
“အင်း။ အစကတော့ သူတို့ မြို့ပေါ်ကို တန်းပြန်မလို့ပဲ၊ ဒါပေမဲ့ ငါက ထပ်နေဖို့ ပြောလိုက်တာ”
“ဘာလို့လဲ။ ငါတို့ ဒေသက လမ်းကြောင်းတွေကို ကြည့်လို့ ပြီးပြီ မဟုတ်လား”
“တခြား နေရာတွေမှာ ဘာတွေရှိလဲဆိုတာကို သိဖို့ လိုသေးတယ်လေ ။ ဟုန်ယဲ့မြို့ က အစမှတ် ဆိုပေမဲ့၊ အဲ့ဒီနောက်ပိုင်းမှာ နောက်ထပ် ခရီးစဉ်တွေ ရှိသေးတာလေ”
“မင်း... တခြား တစ်ခုခုမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံမလို့လား” ချန်ကျန့်က မေးသည်။
“အခုလောလောဆယ်တော့ ပိုက်ဆံ မရှိသေးပါဘူး။ လေ့လာကြည့်ရုံတင်ပါ။ ခရီးစဉ် တစ်ခု ဆွဲပြီဆိုရင် အဓိက မှတ်တိုင်တွေ ရှိရမှာလေ။ အဲ့ဒီမှာ တခြား မြို့နယ်တွေ ရှိလား၊ ရှိရင်တော့ မူဝါဒတွေ ရှိမှာပဲလေ....”
“မရှိရင်ကော”
“မရှိရင်လည်း ဖြစ်အောင် လုပ်ရမှာပေါ့”
“ဘယ်လိုနည်းနဲ့လဲဟင်”
ထိုမေးခွန်းကြောင့် ရှန်ယွီ ရယ်မောလိုက်သည် ။
“ငါလည်း အခုထိတော့ မစဉ်းစားရသေးဘူးလေ”
ချန်ကျန့် ဘာမှမပြောဘဲ ပြုံးနေမိသည်။ တစ်ခါတစ်လေ လူတွေက ထူးဆန်းလှသည်။ ဘော့စ်က အလုပ်ကို ဂရုမစိုက်ပြန်တော့လည်း စိတ်မအေးရသလို၊ ဘော့စ်က အလုပ်ထဲ အသည်းအသန် ပါဝင်ပြီး စီမံကိန်း အကြီးကြီးတွေ ချလာပြန်တော့လည်း စိတ်မအေးရပြန်ပါဘူး။
တာယွင် သို့ ပြန်ရောက်သည်နှင့် ချန်ကျန့်ကို ဟူဖန်က လှမ်းဖမ်းလိုက်သည်။
“ဒီက အချောအလှလေးက ဘယ်က ရောက်လာတာလဲ! ငါ ကြည့်ဦးမှ!”
ဟူဖန် လက်လှမ်းကာ ချန်ကျန့်၏ ဦးထုပ်ကို စမ်းကြည့်သည်။
“ဒီဦးထုပ်က ဘယ်က ရောက်လာတာလဲ။ ခုန သွားတုန်းက မပါပါဘူး။ ကားမောင်းသင်မလို့ ဆို… ဈေးဝယ်သွားတာလား”
ချန်ကျန့် ဘယ်လို ရှင်းပြရမလဲ စဉ်းစားနေစဉ်မှာပင် ရှန်ယွီ အနောက်မှ လျှောက်ဝင်လာသည် ?
“အဲ့ဒီ ဦးထုပ်ကို ငါ ကိုယ်တိုင် ထိုးပေးထားတာ”
“ဘာ” ဧည့်ကြိုကောင်တာမှာ ရှိနေသော ဆွန်နာနာ ချက်ချင်း ပြေးထွက်လာသည်။
“မဖြစ်နိုင်တာ! ငါတော့ မယုံဘူးနော်”
“ဟာ!”
ဆန်းပင်းလည်း ရောက်လာပြီး ရှန်ယွီ့ကို တစ်လှည့်၊ ဦးထုပ်ကို တစ်လှည့် ကြည့်နေမိသည်။
“တစ်ယောက်ယောက်ကို မှာပြီး လုပ်ခိုင်းတာ မဟုတ်လား။ လမ်းအဆုံးက ဟို အင်္ကျီဆိုင်မှာလား”
“အဲ့ဒီဆိုင်က စက်နဲ့ ထိုးတာလေ၊ လက်လုပ် မဟုတ်ဘူး” ဟူဖန်က ဝင်ပြောသည်။
“စကားလမ်းကြောင်းတွေ မလွှဲကြနဲ့ဦး”
ဆွန်နာနာက သူတို့ကို စိတ်မရှည်သလို ကြည့်လိုက်သည်။
“ဘာလမ်းကြောင်းလဲ”
ဆန်းပင်းက ချန်ကျန့်၏ လက်မောင်းကို ဆွဲထားရင်း မေးသည်။
“မင်း တကယ်ကြီး ထိုးတာလား” ဆွန်နာနာက ရှန်ယွီ့ကို လှည့်မေးသည်။
“အင်း” ရှန်ယွီ ပြုံးလိုက်သည်။
“ငါလည်း တစ်လုံး လိုချင်တယ်” ဆွန်နာနာက ချက်ချင်း တောင်းဆိုတော့သည်။
“ဗျာ” ရှန်ယွီ ကြောင်သွားသည်။
“ကျွန်မလည်း လိုချင်တယ်! ကျွန်မလည်း တစ်လုံး!”
ဟူဖန်ကလည်း သွက်လက်စွာ ဝင်တောင်းသည်။
“ဒါဆို ကျွန်တော်လည်း တစ်လုံးပေါ့” ဆန်းပင်းကလည်း မလျှော့ပါဘူး။
“အာဟူ လည်း လိုချင်မှာပဲ။ ကျွန်တော်တို့ နှစ်ယောက် ရပြီဆိုရင်တော့.... လောင်စစ် နဲ့ လောင်ဝူ လည်း သေချာပေါက် လိုချင်ကြမှာပဲလေ....”
“ငါတို့လည်း လိုချင်တယ်ဟေ့”
ကျောက်ကျဲ၏ ရယ်မောသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။ ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။
ကဲ... ကြွားဦးလေ။ ထပ်ပြီး ကြွားဦး။ မင်းပဲ ဦးထုပ် ထိုးတတ်တယ် ဆိုတော့လည်း၊ တစ်ဆိုင်လုံးအတွက် ဖြည်းဖြည်းချင်း ထိုးပေးလိုက်ပေါ့။
ခရီးသွား လမ်းကြောင်းရဲ့ အဓိက မှတ်တိုင်တွေအကြောင်း ပြောနေတာ.... အခု အဓိက မှတ်တိုင်ကတော့ မင်း ဦးထုပ် ရှစ်လုံး ထိုးပေးရတော့မှာပဲ။
"အမှန်တော့ ဝယ်လာတာပါ” ရှန်ယွီက စကားပြန်ပြင်လိုက်သည်။
မဟုတ်ဘူးလေ! ဝယ်လာတာ မဟုတ်ပါဘူး၊ မင်း ကိုယ်တိုင် ထိုးထားတာလေ။
“ဘော့စ်က မျက်နှာလိုက်နေတာပဲ”
“အင်းလေ... မျက်နှာလိုက်တာကတော့ သဘာဝကျပါတယ်” ဆန်းပင်းက ဝင်ပြောသည်။
ဘာတွေလဲဗျာ!
ချန်ကျန့် ဆန်းပင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူက မန်နေဂျာလေ” ဆန်းပင်း သက်ပြင်းချရင်း အသံနှိမ့်ကာ ဆိုသည်။
“သူ့ရဲ့ အလုပ်က ငါတို့နဲ့ မတူဘူးလေ”
“မင်းက အတည်ပြောနေတာလား၊ သရုပ်ဆောင်နေတာလား”
ချန်ကျန့် မနေနိုင်ဘဲ မေးလိုက်မိသည်။
“ကျွန်တော့်မှာ အဲ့ဒီလို ပညာတွေ ရှိလို့လား!” ဆန်းပင်းက ပြန်မေးသည်။
ဆွန်နာနာကတော့ အားရပါးရ ရယ်မောနေတော့သည်။
“ဦးထုပ် ထိုးရတာက တကယ် ခက်တယ်လေ”
ရှန်ယွီ နောက်ဆုံးတွင် စကားပြန်စလိုက်သည်။
“မာဖလာ ဆိုရင်ကော ဘယ်လိုလဲ”
“တကယ်လား!” ဟူဖန်၏ အသံမှာ မြင့်တက်သွားတော့သည်။
“အင်း၊ နှစ်သစ်ကူး လက်ဆောင်ပေါ့” ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်!” ဟူဖန်က တတွတ်တွတ် ဆိုနေတော့သည်။
“အားလုံး ရမယ်ဆိုရင် ဒါကို တာယွင်ရဲ့ ယူနီဖောင်း (Uniform) လို့ သတ်မှတ်လို့ ရတာပေါ့၊ ဟုတ်တယ်မလား။ ပထမထပ်မှာ လူတွေ အဝင်အထွက် များတော့ အအေးမိတတ်တယ်လေ၊ ပဝါ ပတ်ထားရင် ပိုနွေးတာပေါ့”
“ကောင်းသားပဲ” ဆွန်နာနာသည် ဓာတ်လှေကားဆီသို့ အမြန် လျှောက်သွားသော ရှန်ယွီ့ကို လှမ်းကြည့်ကာ
“အရောင်တွေ ရွေးလို့ ရမလားဟင် ဘော့စ်”
"မရဘူး!”
ရှန်ယွီက လှမ်းအော်လိုက်သည်။ ချန်ကျန့် ရှန်ယွီနောက်မှ လိုက်ရန် ပြင်စဉ်မှာပင် သူ၏ ဖုန်းမြည်လာခဲ့သည်။ ရှန်ယွီ ထွက်သွားသည်နှင့် ဤလူတစ်စုမှာ သူ့ကို ဝိုင်းပြီး ဦးထုပ်အကြောင်း မေးကြတော့မှာကို စိုးရိမ်သဖြင့် သူ ဖုန်းကို အမြန် ကိုင်လိုက်သည်။
“ဟယ်လို ချန်ကျန့် လား” အဘွားအို တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ချန်ကျန့် မှတ်မိရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။ ၎င်းမှာ ရှောင်သိုအာ ၏ အဘွား ဖြစ်လေသည်။ သူမက သူ့ဆီ ဖုန်းခေါ်ခဲလှသဖြင့် အသံကို ချက်ချင်း မမှတ်မိခြင်း ဖြစ်သည်။
“ဟုတ်ကဲ့ အဘွား၊ ကျွန်တော်ပါ”
“အဘွား မင်းကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ”
“ရပါတယ် အဘွား၊ ဘာဖြစ်လို့လဲဟင်”
“ဒီနေ့ ရှောင်သိုအာ ကို မြို့ပေါ်အထိ လိုက်ပို့ပေးဖို့ အချိန်ရမလားဟင်။ ချန်ပင်း (ရှောင်သိုအာ့အဖေ) က ကားဂိတ်မှာ လာကြိုဖို့ သူငယ်ချင်း တစ်ယောက်ကို လွှတ်ထားလို့လေ....”
“မြို့ပေါ်ကိုလား။လည်ဖို့လားဟင်” ချန်ကျန့် အံ့သြသွားရသည် ။
“မြို့ပေါ်မှာပဲ နှစ်သစ်ကူးမလို့တဲ့”
“ဒါဆို အဘွားတို့ကော”
“အဘွားတို့ကတော့ မသွားတော့ပါဘူး။ သူတို့ မြို့ပေါ်မှာ ငှားနေတဲ့ အခန်းက အားလုံး ဆံ့ဖို့ သိပ်မကျယ်ဘူးလေ”
“သူတို့က နှစ်သစ်ကူးမှာ အိမ်မပြန်ကြဘူးလား” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ချန်ပင်း က နှစ်သစ်ကူးမှာ အလုပ်ရထားတယ်လေ၊ အဲ့ဒါကြောင့် မပြန်နိုင်ဘူးတဲ့။ ပိုက်ဆံ အများကြီး ရမယ်လို့ ပြောတာပဲ....”
ချန်ကျန့် အလိုလို ဒေါသ ထွက်လာခဲ့သည်။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် ရှောင်သိုအာ့ မိသားစု ကိစ္စမှာ သူနှင့် မဆိုင်ပါဘူး။ သို့သော် သူတို့နှင့်အတူ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သည့်အတွက် ထိုအဘိုးနှင့် အဘွားမှာ သူ၏ အဘိုးအဘွားများ ကဲ့သို့ပင် ဖြစ်နေပြီ။
“ကျွန်တော်တော့ မယုံနိုင်ဘူး” ချန်ကျန့် ကားထဲတွင် ထိုင်ရင်း မျက်မှောင်ကြုတ်နေမိသည်။
“အဘိုးနဲ့ အဘွားက တစ်နှစ်လုံး စောင့်နေခဲ့ကြတာ၊ နှစ်သစ်ကူး ပစ္စည်းတွေလည်း အကုန် ပြင်ထားကြတာလေ။ အခုချိန်မှာ သူတို့ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်နေကြမလဲဆိုတာ ကျွန်တော် မြင်ယောင်ကြည့်လို့ ရတယ်”
ရှန်ယွီသည် ချန်ကျန့်နှင့်အတူ ရှောင်သိုအာ ကို သွားကြိုရန် ရွာဘက်သို့ မောင်းလာခဲ့ခြင်း ဖြစ်သည်။ လမ်းတွင် ချန်ကျန့်သည် ရှန်ယွီ ယူလာခဲ့သော နှစ်သစ်ကူး ပစ္စည်းအချို့ကိုလည်း ယူဆောင်လာခဲ့သည်၊ သူ၏ အဖေနှင့် အတူနေသော ဦးလေးကြီးအား ယခင်က စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သောအားဖြင့် ပေးရန် ဖြစ်လေသည်။
“ဒါဆိုလည်း အဘိုးနဲ့ အဘွားကို တည်းခိုခန်းမှာ လာနေဖို့ ခေါ်လိုက်ပါလား” ရှန်ယွီက အကြံပြုသည်။
“သူတို့က လာမှာ မဟုတ်ပါဘူး။ ပုံမှန်ရက်တွေမှာ လာလည်ရတာကို သူတို့ ပျော်ကြပေမဲ့၊ ဒါက နှစ်သစ်ကူးလေ။ ကိုယ့်အိမ်မှာ ကိုယ် မရှိဘဲ၊ သူများ အိမ်မှာ သွားပြီး ပွဲလုပ်ရမှာကို သူတို့ အားနာကြမှာပေါ့....”
ရှန်ယွီလည်း သက်ပြင်းချရင်း ဘာမှ ထပ်မပြောတော့ပါဘူး။
ရှောင်သိုအာ မှာ ပုံမှန်အားဖြင့် မြို့ပေါ်သွားရန် စိတ်မဝင်စားပါဘူး။ အခုလို နှစ်သစ်ကူးမှာ အဘိုးအဘွားတွေနဲ့ ခွဲရမည်ဆိုတော့ သူမ ပိုပြီးတော့တောင် မသွားချင် ဖြစ်နေရှာသည်။ သူမသည် နှုတ်ခမ်းဆူကာ ဘာစကားမှ မပြောပါဘူး။ ကားက မြို့ထဲမှ ထွက်လာသည့် အခါမှသာ သူမ ခေါင်းငုံ့ကာ တရှုံ့ရှုံ့နှင့် ငိုတော့သည်။
ချန်ကျန့်သည် သူမနှင့်အတူ နောက်ထိုင်ခုံတွင် ထိုင်နေခြင်း ဖြစ်သည်။ သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ အသာအယာ ပုတ်ပေးနေသော်လည်း၊ နှစ်သိမ့်စကားတော့ မပြောပါဘူး။ အခုချိန်မှာ ရှောင်သိုအာ့ကို နှစ်သိမ့်နိုင်မည့် စကားလုံး မရှိမှန်း သူ သိသည်လေ။
“သမီး မသွားချင်ဘူး” ရှောင်သိုအာ ရှိုက်ငိုရင်း ပြောရှာသည်။
“မေမေနဲ့ ဖေဖေကို မလွမ်းဘူးလား”
“ဟင့်အင်း…သမီး သူတို့ကို မသိဘူး”
ချန်ကျန့် သူမကို ငုံ့ကြည့်လိုက်သည် ။
“ဘယ်လိုဖြစ်လို့ မသိရမှာလဲ”
“မမှတ်မိဘူးလေ” ရှောင်သိုအာက ဆိုသည်။
“သမီး အဖိုးနဲ့ အဘွားဆီမှာပဲ နေချင်တယ်....”
ကားအရှိန်မှာ ရုတ်တရက် လျော့ကျသွားသည်။ ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။ ရှန်ယွီ လမ်းဘေးတွင် ကားရပ်လိုက်ပြီး ရှောင်သိုအာ့ဘက်သို့ လှည့်ကြည့်သည်။
“မသွားချင်ရင်လည်း မသွားနဲ့လေ။ ကိုကို သူတို့ကို ဖုန်းဆက်ပြောပေးမယ်”
ရှောင်သိုအာ ကြောင်သွားပြီး ရှန်ယွီ့ကို မော့ကြည့်နေမိသည်။
ချန်ကျန့်လည်း ကြောင်သွားရသည်။ စက္ကန့်အနည်းငယ် ကြာမှ ရှန်ယွီ ဘာကြောင့် ထိုသို့ ပြောရသလဲဆိုတာ သူ သဘောပေါက်သွားခဲ့သည်။ ရှောင်သိုအာ မှာ အဘိုးအဘွားတွေနှင့်သာ ကြီးပြင်းလာခဲ့ရသဖြင့်၊ သူတို့နှင့် သံယောဇဉ်မှာ မိဘများနှင့်ထက် ပိုပြီး နက်ရှိုင်းလှသည် မဟုတ်ပါလော....။ ယခုအခါ တစ်နှစ်မှာ ရက်အနည်းငယ်သာ တွေ့ရသော မိဘများဆီသို့ အတင်း လွှတ်လိုက်ခြင်းမှာ၊ ငယ်စဉ်က ရှန်ယွီတစ်ယောက် အဒေါ်ကြီး အိမ်သို့ ပို့ခံရစဉ်က ခံစားချက်နှင့် ဆင်တူနေပေလိမ့်မည်။
သို့သော် ၎င်းမှာ လုံးဝ တူညီတာမျိုးတော့ မဟုတ်ပါဘူး။ ခေတ္တမျှ တန့်နေပြီးနောက် ရှောင်သိုအာ က တိုးတိုးလေး ဆိုသည် ။
“သမီး သွားလိုက်ပါ့မယ်”
“ဘာလို့လဲ” ရှန်ယွီက မေးသည်။
“မေမေတို့ စိတ်မကောင်း ဖြစ်မှာ စိုးလို့ပါ” ရှောင်သိုအာ က ဆိုသည်။
“အဘိုးနဲ့ အဘွားကိုလည်း စိတ်ဆိုးကြလိမ့်မယ်”
ရှန်ယွီ ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေမိသည်။ ခဏအကြာမှ ရှေ့သို့ ပြန်လှည့်ကာ ကားကို ဆက်မောင်းတော့သည်။
“ဖုန်း ပါလား”
ချန်ကျန့်က ရှောင်သိုအာ့ကို မေးသည်။
“ပါပါတယ်” ရှောင်သိုအာ ခေါင်းညိတ်ပြသည်။
“စိတ်မပျော်ရင် ဖုန်းဆက်နော်” ချန်ကျန့်က မှာသည်။
“ဟုတ်ကဲ့”
ရှောင်သိုအာ ချန်ကျန့်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး၊ ခဏအကြာတွင် ထပ်မံ ငိုပြန်တော့သည်။
ကားဂိတ်မှာ ရှောင်သိုအာ့ကိုမိဘများဆီ အပ်နှံလိုက်သည့် အခါတွင်မူ၊ ချန်ကျန့် တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ သူတို့က ရှောင်သိုအာ့ကို လျှပ်စစ်စကူတာပေါ် တင်မောင်းထွက်သွားသည်ကို ငေးကြည့်နေပြီးမှ ကားထဲသို့ ပြန်ဝင်ခဲ့တော့သည်။
“အဆင်ပြေရဲ့လား”
ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။
“အဆင်ပြေပါတယ်။ ရုတ်တရက်ကြီး စိတ်တိုသွားလို့ပါ”
“ရွာထဲက ကလေးတော်တော်များများက.... ဒီလိုပါပဲ”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ချန်ကျန့်၏ လည်ပင်းနောက်ဘက်ကို အသာအယာ နှိပ်ပေးလိုက်သည် ။
“မင်းအဖေဆီ ဖုန်းဆက်လိုက်ဦး။ အခု သွားရှာကြရအောင်”
“ဟုတ်ကဲ့”
ကျိုးကြောင်းအရဆိုလျှင် သူ၏အဖေမှာ မူလ ပစ္စည်းပို့ဌာန မှာပဲ ရှိနေရမည် ဖြစ်သော်လည်း၊ ချန်ကျန့် ဖုန်းဆက်သည့်အခါ သူ၏အဖေမှာ တုံ့တုံ့ဆိုင်းဆိုင်း လုပ်နေပြီးမှ လိပ်စာတစ်ခုကို ပေးခဲ့သည်။ ၎င်းမှာ မိုတယ်အသေးစားလေး တစ်ခု ဖြစ်နေလေသည်။
“အဖေ တစ်ခုခု ဖုံးကွယ်ထားပြန်ပြီ” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။
“အလုပ်ပြောင်းလိုက်လို့လား” ရှန်ယွီက မေးသည်။
“အလုပ်ပြောင်းရုံတင် မဟုတ်လောက်ဘူး”
“နောက်မှပဲ ဖြည်းဖြည်းချင်း မေးကြတာပေါ့ ။ ပြဿနာ ဘယ်လောက်ကြီးကြီး၊ အနည်းဆုံးတော့ သူ မင်းဖုန်းကို ကိုင်နိုင်သေးတာပဲ မဟုတ်လား”
ချန်ကျန့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ထိုစကားမှာ နည်းနည်းတော့.... ဒါပေမဲ့လည်း အမှန်တရားပါပဲ။
မိုတယ် အဝင်ဝတွင် သူ၏အဖေကို တွေ့လိုက်ရသည့် အခါမှသာ ချန်ကျန့် သက်ပြင်းချနိုင်တော့သည်။ ထိခိုက်ဒဏ်ရာ မရထားသလို၊ ဖျားလည်း မနေပါဘူး....။ သူ၏ မျက်နှာပေါ်က ပပ်ကြားအက်ရာများနှင့် အရင်ကထက် ပိုပြီး ပင်ပန်းနွမ်းနယ်နေသော ပုံစံမှလွဲလျှင်ပေါ့။
“နှစ်သစ်ကူးမှ လာခဲ့လို့ ငါပြောထားတယ် မဟုတ်လား ။ ဘာလို့ အခု လာရတာလဲ”
ချန်ကျန့် ကားထဲက ရှန်ယွီ့ကို တစ်ချက် လှမ်းကြည့်လိုက်သည် ။
“ရှောင်သိုအာ့ကို လိုက်ပို့ရင်းနဲ့ နှစ်သစ်ကူး ပစ္စည်းလေးတွေ လာပေးတာပါ။ အဖေ ဒဏ်ရာရတုန်းက ကူညီပေးတဲ့ ဦးလေးကြီးကော.... အတူတူ အလုပ်လုပ်နေတုန်းပဲလား”
“သူလည်း ဒီမှာပဲ နေတာလေ” အဖေဖြစ်သူ တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်သည် ။
“ဟိုဘက်မှာ အိမ်လခ မပေးနိုင်တော့လို့ပါ။ ဒီမှာကတော့ တစ်ရက်မှ ယွမ် ၃၀ ပဲ ပေးရတယ်လေ....”
“အဖေ ပစ္စည်း မပို့တော့ဘူးလား”
“ဌာနက ဘော့စ်အသစ် ပြောင်းသွားတာလေ။ တစ်ခေါက်ပို့ခကို ထပ်လျှော့လိုက်သလို၊ နောက်ကျရင် ဒဏ်ကြေးကလည်း အရင်ကထက် ပိုများတယ်လေ။ ဒီလ လစာလည်း အခုထိ မပေးသေးဘူး။ လူ ၃၀ ကျော်လောက် လစာ စောင့်နေကြတာ။ ဘယ်သူမှ အလုပ်မလုပ်ကြတော့ဘူး။ လစာ ရတာနဲ့ အကုန် ထွက်ကြတော့မှာ....”
အဖေဖြစ်သူ ပြောပြနေသည့် လေသံမှာ ဒေါသထွက်နေပုံ မရပါဘူး၊ တည်ငြိမ်လှသည်။ ဤနှစ်များအတွင်း သူ ဒါမျိုးတွေ အကြိမ်ကြိမ် ကြုံဖူးခဲ့သဖြင့် ကျင့်သားရနေပုံရသည်။
“ဘာလို့ ကျွန်တော့်ကို မပြောတာလဲ။ လစာတောင် မရသေးတာကို ကျွန်တော့် ကတ်ထဲကို ဘာလို့ ပိုက်ဆံတွေ ထည့်နေသေးတာလဲ”
“နှစ်သစ်ကူးပြီးရင်တော့ ပစ္စည်းပို့တဲ့ အလုပ်မျိုး မလုပ်တော့ဘဲ၊ တခြားဟာ ပြောင်းလုပ်မလို့ စဉ်းစားထားတာ....”
“အဖေ” ချန်ကျန့် စကားဖြတ်ပြောလိုက်သည်။
“ငါ့အတွက် စိတ်မပူပါနဲ့” အဖေဖြစ်သူက သူ့ကို တစ်ချက် လှမ်းကြည့်သည်။
“မင်းအတွက်လည်း မလွယ်ဘူးဆိုတာ ငါ သိပါတယ်။ ဒီအလုပ်က လုပ်ရကိုင်ရ ခက်တယ်လေ။ မင်း အဆင်ပြေနေရင် ရပါပြီ....”
“ကျွန်တော် တကယ် အဆင်ပြေနေတာပါ။ အခု တည်းခိုခန်းက ကျွန်တော် မရှိရင် မဖြစ်တော့ဘူးလေ”
ချန်ကျန့် စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ သူ၏အဖေ စိတ်အေးသွားအောင်၊ သူ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့မှန်း ယုံကြည်သွားအောင် ဘယ်လို ပြောရမလဲ သူ မသိပါဘူး။
“ကျွန်တော် အခု ပိုက်ဆံတွေ အများကြီး ရနေပြီ။ ဒီနှစ်ထဲမှာ အကြွေးတွေ အကုန် ဆပ်နိုင်မှာပါ။ အဖေ တကယ်ကြီး စိတ်ပူစရာ မလိုတော့ပါဘူး”
“မင်း အဆင်ပြေနေမှန်း ငါ သိပါတယ်။ မင်းရဲ့ ဘော့စ်ကလည်း မင်းကို အလေးထားတာပဲ.... ကဲ သွားတော့၊ ဘော့စ်ကို အကြာကြီး စောင့်ခိုင်းထားတာ မကောင်းဘူး။ နှစ်သစ်ကူး ပစ္စည်းတွေလည်း မယူခဲ့ပါနဲ့တော့....”
“အဖေ” ချန်ကျန့် သူ့ကို စိုက်ကြည့်လိုက်သည်။ အဖေဖြစ်သူကလည်း ပြန်ကြည့်နေသည်။
"ခဏ စောင့်နော်” ချန်ကျန့်က ဆိုကာ ကားဆီသို့ အပြေး ပြန်လာခဲ့သည်။
ရှန်ယွီသည် ချန်ကျန့် တစ်ယောက် ဒေါသတွေ၊ စိုးရိမ်စိတ်တွေ ရောပြွမ်းနေသော မျက်နှာပေးဖြင့် အပြေးရောက်လာသည်ကို မြင်သောအခါ၊ ကားမှန်ကို အမြန် ချလိုက်ပြီး ကိုယ်ကို ပြူထွက်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“ကျွန်တော် ပြောတော့မယ်”
ချန်ကျန့် ကားမှန်ကို ကိုင်ကာ ရှန်ယွီ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
“ဘာကို ပြောမှာလဲ” ရှန်ယွီ ကြောင်သွားသည်။
“ကျွန်တော် ပြောတော့မယ်လို့!” ချန်ကျန့်က ထပ်ပြောသည်။
ရှန်ယွီ ဘာကို ဆိုလိုသလဲဆိုတာ သဘောပေါက်သွားသည့် အခိုက်အတန့်မှာပင်၊ ချန်ကျန့်သည် နောက်သို့ လှည့်ကာ သူ၏အဖေဆီသို့ ပြန်လျှောက်သွားလေပြီ။
“ချန်ကျန့်!” ရှန်ယွီ အသံနှိမ့်ကာ လှမ်းအော်လိုက်သည်။
ချန်ကျန့် နောက်ပြန်မလှည့်ပါဘူး။
“တောက်!”
ရှန်ယွီ ကားတံခါးဖွင့်ကာ အပြင်သို့ ခုန်ဆင်းလိုက်တော့သည်။
___________________________________________________________________
Comments
Post a Comment