အပိုင်း (၈၇)
ချန်ကျန့်၏အဖေသည် မိုတယ်အသေးစားလေး၏ အဝင်ဝတွင် ဇဝေဇဝါမျက်နှာထားဖြင့် ရပ်နေဆဲဖြစ်သည်။ ရှန်ယွီသည် ချန်ကျန့်က သူ၏အဖေနှင့် ဘာတွေဆွေးနွေးခဲ့သည်ကို အတိအကျမသိသော်လည်း အခြေအနေအရ ကြည့်ရသည်မှာ ကြီးကြီးမားမားကိစ္စတော့ မဟုတ်နိုင်ပေ။ ဘာလို့ ဒီကိုပြောင်းလာရတာလဲ၊ ဘာလို့မပြောတာလဲ စသည့်အကြောင်းအရာများသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဤအကြောင်းအရာများက ချန်ကျန့်ကို ယခုကဲ့သို့ စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာထားဖြင့် အပြင်သို့ ပြေးထွက်လာစေရန် မည်သို့တွန်းအားပေးနိုင်သနည်း။
“ကျွန်တော် ပြောတော့မယ်” ဆိုသည့် ထိုနှစ်ခွန်းမှာ ရှန်ယွီကို အသိပေးခြင်းထက် မိမိကိုယ်ကိုယ် သတ္တိသွင်းကာ စိတ်ပိုင်းဖြတ်လိုက်သည့် ပုံစံမျိုးပင် ဖြစ်နေသည်။
သူ၏ခြေထောက်မှ ကျောက်ပတ်တီးဖြုတ်ပြီးနောက်ပိုင်း ရှန်ယွီအနေဖြင့် ယခုကဲ့သို့ အရှိန်နှင့် လှုပ်ရှားရသည်မှာ ပထမဆုံးအကြိမ်ပင်။ ကံကောင်းထောက်မစွာဖြင့် အပြေးချန်ပီယံဟောင်းမှာ ယခုအချိန်တွင် ပြေးမနေဘဲ အားမာန်အပြည့်ဖြင့် လျှောက်လှမ်းနေခြင်းသာ ဖြစ်သည်။
“ချန်ကျန့်!”
ရှန်ယွီသည် ခြေလှမ်းကျဲကြီးများဖြင့် အမီလိုက်ကာ ချန်ကျန့်၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ချန်ကျန့်မှာ ရုတ်တရက် ရပ်တန့်သွားရပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုဘက်တွင် အဖေသည်လည်း အံ့သြတကြီးဖြင့် လှမ်းကြည့်နေပြီး သူတို့ဆီသို့ လာချင်နေပုံရသည်။
“ဘာလုပ်တာလဲ” ချန်ကျန့်က ရှန်ယွီ၏လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားရင်း မေးလိုက်သည်။
“စိတ်မလောပါနဲ့၊ ငါပြောတာကို အရင်နားထောင်ဦး”
ရှန်ယွီက လက်မောင်းကို မလွှတ်ဘဲ ဆုပ်ကိုင်ထားရင်း တစ်ဖက်မှလည်း အဖေဖြစ်သူကို ပြုံးပြကာ အဆင်ပြေကြောင်းနှင့် ထိုနေရာ၌ပင် ခေတ္တစောင့်ပေးရန် လက်ကာပြလိုက်သည်။
ချန်အဖေမှာ တုံ့ဆိုင်းသွားပြီး ခြေလှမ်းရပ်လိုက်တော့သည်။
“နောက်မှပြောလေ။ အခု ငါ့ပါး နဲ့ စကားပြောလို့ မပြီးသေးဘူး။ အခုမှ မပြောရင်....”
ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ လူအများကြားထဲတွင်ဖြစ်၍ သူ သိပ်ပြီးတော့လည်း မရုန်းရဲပါဘူး။
“အခုမပြောရင် နောက်ကျရင် ပြောလို့မရတော့ဘူးလို့ မင်းထင်နေတာလား”
ချန်ကျန့် သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒါဆိုလည်း အခု မပြောနဲ့ဦး။ စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို မင်း ခံနိုင်ရည် ရှိချင်မှ ရှိမှာနော်”
“သတ္တိရှိတာနဲ့ စိတ်လိုက်မာန်ပါ လုပ်တာ၊ ရလဒ်ကတော့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ကျွန်တော်....”
ရှန်ယွီက ချန်ကျန့်ကို စိုက်ကြည့်ရင်း…
“ငါ အခု လွှတ်ပေးမယ်။ မင်း ငါ့စကားကို အဆုံးအထိ နားထောင်ပါမယ်လို့ ကတိပေး။ ငါလွှတ်လိုက်တာနဲ့ မင်း ဟိုဘက်ကို ပြေးသွားမယ်ဆိုရင်တော့၊ ငါ မင်းကို စက္ကန့်ဝက်အတွင်းမှာတင် သတိလစ်သွားအောင် လုပ်ပစ်မယ်၊ မင်း လုံးဝ ရှောင်နိုင်မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်”
ချန်ကျန့် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးမှ
“ကောင်းပါပြီ”
ရှန်ယွီ လက်ကို လွှတ်ပေးလိုက်ပြီး ကားဆီသို့ ပြန်လှည့်လာခဲ့သည် ။
“ဒီကို လာခဲ့”
ချန်ကျန့် သူ၏အဖေကို လှမ်းကြည့်လိုက်ရာ စိုးရိမ်နေသော မျက်နှာထားကို တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် ဒါက ဘော့စ်ဆိုတာကိုပဲ သိထားပြီး ဘာတွေဖြစ်နေမှန်း သူ မသိပါဘူး။ အခု ဘော့စ်က ကိုယ်ထိလက်ရောက် လုပ်နေတာဆိုတော့ သားဖြစ်သူ အလုပ်ပြုတ်သွားမလား စိုးရိမ်နေရှာမည်။
အဆင်ပြေပါတယ် လို့
ချန်ကျန့်က သူ့အဖေကို နှုတ်ခမ်းလှုပ်ရုံလေးဖြင့် ပြောပြခဲ့ပြီးမှ ရှန်ယွီနောက်သို့ လိုက်လာခဲ့သည်။
ကားက သူ၏အဖေ၏ အမြင်ကို ကွယ်ထားလိုက်သည့် အခိုက်အတန့်တွင်၊ အရာရာကို ဖွင့်ပြောပစ်မည်ဆိုသည့် သူ၏ သတ္တိများမှာ ထက်ဝက်ကျော်ခန့် ပြယ်လွင့်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ရုတ်တရက် စိတ်ဓာတ်ကျကာ အားငယ်သွားသလို ခံစားရသော်လည်း၊ ထိုရှုပ်ထွေးလှသော ခံစားချက်များအောက်တွင် နောက်ဆုတ်လိုက်ရသည့်အတွက် စိတ်သက်သာရာရမှု တစ်ခုလည်း ကိန်းအောင်းနေလေသည်။ ၎င်းကို သိလိုက်ရသည့် အခါတွင်မူ သူ ပို၍ စိတ်ဓာတ်ကျသွားရသည်။
သူသည် ရှန်ယွီ့ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
“အချို့ကိစ္စတွေကို စိတ်လိုက်မာန်ပါ လုပ်လို့ရပေမဲ့၊ အချို့ကိစ္စတွေကတော့ သေသေချာချာ စဉ်းစားရတယ်၊ အခြေခံ အုတ်မြစ် ချရတယ်၊ ပြီးတော့ ကာကွယ်ပေးဖို့အတွက် ရှောင်လွှဲရတာမျိုးလည်း ရှိတတ်တယ်လေ”
“ကျွန်တော် နားမလည်ဘူး” ချန်ကျန့်၏ အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။
“မင်း သူ့ကို ဘယ်လို ပြောမှာလဲ။ မင်း ဘော့စ်နဲ့ ချစ်သူတွေ ဖြစ်နေတာလို့ ပြောမှာလား ။ ပြီးရင်ကော… နှစ်သစ်ကူးပွဲက ပြီးသွားပြီလား။ အိုကေ... မင်းကော ငါကော ပွဲမလုပ်ဘူး ထားလိုက်ဦး၊ မင်းအဖေကိုပါ ပွဲမလုပ်ရအောင် တားဦးမှာလား။ အခု သူ့အခြေအနေက ဘယ်လိုလဲ။ အလုပ်ပြုတ်နေတယ် မဟုတ်လား။ ငှားနေတဲ့ အခန်းကလည်း မရှိတော့ဘဲ ဒီလိုနေရာမှာ လာနေနေရတာလေ။ ဒီလို အချိန်မျိုးမှာမှ မင်းက သူ့ကို နှစ်သစ်ကူးမှာ စိတ်ဆင်းရဲအောင် လုပ်တော့မှာလား”
“အဖေက ကျွန်တော့်ဘဝက အရမ်း ပင်ပန်းနေတယ်၊ ဘဝက မကောင်းဘူး၊ သူက ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ပဲ အမြဲ တွေးနေတာလေ။ ကျွန်တော် အလုပ်ပြုတ်မှာကို ကြောက်တယ်၊ ဘော့စ်ကို စိတ်ဆိုးအောင် လုပ်မိမှာကိုလည်း ကြောက်နေတာလေ”
ချန်ကျန့် ဤအကြောင်းအရာများကို ပြောသည့်အခါ အသံမှာ ထိန်းမရဘဲ တုန်ယင်နေသဖြင့် အသံကို နှိမ့်ထားရသည်။
“ကျွန်တော် အဆင်ပြေနေတယ်ဆိုတာ၊ ဘော့စ်က ကျွန်တော့်ကို ဒုက္ခမပေးဘူးဆိုတာ၊ အဖေလည်း စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ ရတယ်ဆိုတာ၊ တစ်ခုခုဆိုရင်လည်း ကျွန်တော့်ကို ပြောပြလို့ ရတယ်ဆိုတာကိုပဲ သိစေချင်တာပါ။ အဖေ ဒီလောက်ကြီး ဆင်းဆင်းရဲရဲ နေစရာ မလိုပါဘူး.... လစာတောင် မရသေးဘဲနဲ့ အကြွေးဆပ်တဲ့ ကတ်ထဲကို ဒီလမှာ ယွမ် လေးထောင်တောင် ထည့်ထားသေးတယ်လေ....”
“ဒါဆိုရင် သူ့ကို မြင်အောင် ပြလိုက်လေ”
ရှန်ယွီက ချန်ကျန့်ကို စိုက်ကြည့်ရင်း …
“မင်းရဲ့ လုပ်ငန်းခွင်က ဘယ်လိုလဲ၊ မင်းရဲ့ ဘော့စ်က ဘယ်လိုလူလဲ၊ လုပ်ဖော်ကိုင်ဖက်တွေကော၊ မင်း ဘယ်လို အလုပ်လုပ်ပြီး ဘယ်လို နေထိုင်သလဲဆိုတာကို သူ့ကို မြင်အောင် ပြလိုက်ပေါ့”
ချန်ကျန့် နှာတစ်ချက် ရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောပါဘူး။
“ငါ အခု အကုန်လုံးကို ရှင်းပြလို့ မရသေးဘူး”
ရှန်ယွီ ကားတံခါးဖွင့်ကာ အနောက်ထိုင်ခုံမှ နှစ်သစ်ကူး ပစ္စည်းများကို ထုတ်ယူလိုက်သည်။
“ငါ အခု သူ့ကို သွားပြီး စကားပြောလိုက်ဦးမယ်”
“ဗျာ” ချန်ကျန့် သတိဝင်လာပြီး ပစ္စည်းများကို လှမ်းယူရန် ပြင်လိုက်သည်။
“ကျွန်တော် သွားလိုက်ပါ့မယ်”
“မင်း ဒီမှာပဲ နေ။ နောက် နှစ်မိနစ်နေမှ လာခဲ့။ အခုချိန်မှာ ငါ မင်းကို သိပ်မယုံဘူး။ မင်းပုံစံက မှိုဆိပ် တက်နေတဲ့ လူနဲ့ တူနေတယ်”
ရှန်ယွီ ဘာလုပ်မလို့လဲဆိုတာ ချန်ကျန့် မသိသော်လည်း၊ သူ၏ ရုတ်တရက် အော်ဟစ်ပေါက်ကွဲမှုအတွက် အဖေဖြစ်သူကို ရှင်းပြချက် တစ်ခုခုတော့ လိုအပ်သည် မဟုတ်ပါလော။ ဤကဲ့သို့သော အချိန်မျိုးတွင် ရှန်ယွီမှာ သူ ရာနှုန်းပြည့် ယုံကြည်ရသော လူတစ်ဦး ဖြစ်လေသည်။
“နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ဦးလေး”
ရှန်ယွီသည် နှစ်သစ်ကူး ပစ္စည်းများကို ကိုင်ဆောင်ကာ ချန်အဖေထံသို့ လျှောက်သွားရင်း နှုတ်ဆက်လိုက်သည် ။
“ကျွန်တော်က ချန်ကျန့်ရဲ့ ဘော့စ် ရှန်ယွီ ပါ”
“အော်... ဟုတ်ကဲ့ပါ ဘော့စ်ခင်ဗျာ”
ချန်အဖေသည် စိုးရိမ်တကြီးဖြင့် လက်များကို ပွတ်သပ်နေမိသည်။
“ချန်ကျန့်က.... သူက....”
“သူနဲ့ ကျွန်တော် အလုပ်ကိစ္စလေးတစ်ခု အယူအဆ မတူလို့ နည်းနည်း ငြင်းခုံမိသွားတာပါ”
ရှန်ယွီသည် ဘေးနားရှိ ဆိုင်လေးများကို ဝေ့ကြည့်လိုက်သည် ။
ပူဖောင်းလက်ဖက်ရည်ဆိုင်၊ အသားကင်ဆိုင်.... ထို့နောက် ထီဆိုင်လေးတစ်ခုကို လက်ညှိုးထိုးပြကာ
“ဦးလေး... ဟိုမှာ ခဏ ထိုင်ပြီး စကားပြောရအောင်လား”
“ဟုတ်... ဟုတ်ကဲ့ပါ” ချန်အဖေက အလျင်အမြန် ခေါင်းညိတ်သော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်
“ချန်ကျန့်က....”
“ချန်ကျန့်က မန်နေဂျာ တစ်ယောက်အနေနဲ့ တကယ်ကို တော်ပါတယ်”
ရှန်ယွီသည် ထီဆိုင်ထဲသို့ ဝင်ကာ တံခါးဘေးက ခုံတန်းလေးပေါ်တွင် ထိုင်ရင်း ဆိုလိုက်သည် ။
“ထိုင်ပါ ဦးလေး”
အဖေ ဝင်ထိုင်လိုက်သည်။
“ဒါပေမဲ့ သူက အခုလေးတင် အလုပ်ထွက်ချင်တယ်လို့ ပြောလာလို့လေ။ ကျွန်တော်ကတော့ ဒါကို လုံးဝ သဘောမတူနိုင်ပါဘူး....”
“သူက အဆင်ပြေနေတာပဲကို၊ ဘာလို့ ထွက်ချင်ရတာလဲ”
ချန်အဖေ ချက်ချင်းပင် စိုးရိမ်သွားတော့သည်။
“သူက ဦးလေးကို စိတ်ပူနေလို့ပါ။ သူက မြို့ပေါ်ကို ပြောင်းလာပြီး ဦးလေးအနားမှာနေမှ ပြုစုရတာ ပိုအဆင်ပြေမယ်လို့ တွေးနေပုံရတယ်”
“ကျွန်တော့်မှာ ဘာပြုစုစရာ လိုလို့လဲဗျာ! ကျွန်တော့်အတွက် သူ ပြုစုဖို့ မလိုပါဘူး ဘော့စ်ရယ်၊ ကျွန်တော်က....”
“ဦးလေး... ကိစ္စက ဒီလိုပါ။ ကျွန်တော်လည်း ဒီမန်နေဂျာကို အထွက်မခံနိုင်ဘူးလေ။ အခုချိန်မှာ အတွေ့အကြုံရှိတဲ့လူကို ရှာဖို့က မလွယ်ဘူး မဟုတ်လား၊ ပြီးတော့ မြို့ငယ်လေးမှာ လူခေါ်ရတာက ပိုခက်တယ်လေ....”
“သူ ဘာလို့ ဒီလို လုပ်ရတာလဲ”
ချန်အဖေ လက်ကို ဆုပ်နယ်ရင်း ညည်းတွားသည်။
“ဒီလောက် ကောင်းတဲ့ အလုပ်ကို ထားခဲ့ပြီးတော့လေ”
“အဲ့ဒါကြောင့် ဦးလေးဘက်က ကူညီပေးဖို့ လိုအပ်ပါတယ်” ရှန်ယွီက သူ့ကို စိုက်ကြည့်သည်။
“ပြောပါ ဘော့စ်၊ ကျွန်တော် ဘာလုပ်ပေးရမလဲ”
“ဦးလေးမှာ တစ်ခုခု ဖြစ်နေရင် ချန်ကျန့်ကို ဖုံးကွယ်မထားပါနဲ့။ သူ့ကို စိတ်မပူစေချင်လို့ ဆိုပြီး ဖုံးကွယ်ထားလေလေ၊ သူက ပိုပြီး စိတ်ပူလေလေပါပဲ.... အရင်က ဒဏ်ရာရတုန်းကလည်း မပြောဘူး၊ အခု ကိစ္စကိုလည်း ဦးလေးက မပြောဘူးလေ။ အဲ့ဒီလိုဆိုရင် သူက စိတ်အေးလက်အေး အလုပ်မလုပ်နိုင်တော့ဘူးပေါ့”
“ဟူး....” အဖေ သက်ပြင်းချလိုက်မိသည်။
“သူ့ရဲ့ လစာက အခု တော်တော်လေး ကောင်းနေတာပါ။ လစာအပြင် တည်းခိုခန်းမှာက ပွဲတော်ရက်ဆိုရင် ဘောနပ်စ်တွေ၊ တခြား ခံစားခွင့်တွေလည်း အများကြီး ရှိတယ်လေ”
ရှန်ယွီ ဆက်ပြောသည်။
“တကယ်လို့ သူသာ အလုပ်ထွက်သွားရင် သူ့အတွက်လည်း အများကြီး နစ်နာသလို၊ ကျွန်တော့် လုပ်ငန်းအတွက်လည်း ဆုံးရှုံးမှုကြီး တစ်ခုပါပဲ....”
“သိပါပြီ၊ သိပါပြီဗျာ” ချန်အဖေ အသည်းအသန် ခေါင်းညိတ်ပြသည်။
“ကျွန်တော်... တစ်ခုခုဆိုရင် သူ့ကို ပြောပါ့မယ်။ ဒီတစ်ခါလည်း နှစ်သစ်ကူးကျရင် တည်းခိုခန်းမှာ သွားကူရမှာဆိုတော့၊ အဲ့ဒီကျမှ ပြောမယ်လို့ စဉ်းစားထားလို့ပါ....”
ချန်ကျန့်သည် ကားကို မှီရပ်ရင်း ခဏ စောင့်နေပြီးမှ ထီဆိုင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။ ဆိုင်ထဲတွင် လူတော်တော် စည်နေလေသည်။ အချို့က တီဗွီကို စိုက်ကြည့်နေကြသလို၊ အချို့ကလည်း ဂဏန်းများအကြောင်း စုရုံးဆွေးနွေးနေကြသည်။
သူ၏အဖေနှင့် ရှန်ယွီတို့မှာ တံခါးဘေးက ခုံလေးပေါ်တွင် ထိုင်ကာ စကားပြောနေကြသည်။ ပုံမှန် စကားစမြည် ပြောနေကြသည်နှင့်တော့ မတူပါဘူး။ သူ၏အဖေနှင့် ရှန်ယွီတို့၏ အမူအရာ ကွာခြားချက်က တအားကြီးမားလွန်းလှသဖြင့်၊ အလုပ်သမားဈေးကွက်တွင် အလုပ်အင်တာဗျူး ဖြေနေသည်နှင့်ပင် တူနေလေသည်။
ချန်ကျန့် ဝင်လာသည်ကို မြင်တော့ သူ၏အဖေက လက်ယမ်းပြသည် ။
“ချန်ကျန့်... မင်း နောက်တစ်ခါ အလုပ်ထွက်ဖို့ဆိုတာမျိုး ထပ်မစဉ်းစားနဲ့တော့နော်....”
ဘာကို ထွက်ရမှာလဲ။ဘယ်သူက ထွက်မှာလဲ။ ဘော့စ်က အလုပ်ထွက်မလို့လား။
သူသည် အဖေဖြစ်သူ၏ စကားဦးကြောင့် ကြောင်အသွားရပြီး ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။
“ဦးလေး” ရှန်ယွီသည် နှစ်သစ်ကူး ပစ္စည်းများကို ချန်အဖေ၏ လက်အနားသို့ တိုးပေးလိုက်သည်။
“ဒါတွေက တည်းခိုခန်းက ပေးတာပါ။ ချန်ကျန့်ကတော့ ဦးလေးတို့ နှစ်ယောက်စလုံး နှစ်သစ်ကူးမှာ တည်းခိုခန်းမှာ ရှိနေကြမှာဆိုတော့ ဒါတွေအကုန် ကုန်မှာ မဟုတ်ဘူးလို့ တွေးနေတာပေါ့....”
“အော်... ဟုတ်ကဲ့ပါ၊ ရပါတယ်”
အဖေဖြစ်သူက အနည်းငယ် အားနာသော မျက်နှာဖြင့် အိတ်ကို ပုတ်ရင်း
“ကျေးဇူးတင်ပါတယ် ဘော့စ်ရယ်၊ အများကြီး ပေးလိုက်တာပဲ” ဟု ထပ်ပြောရှာသည်။
ထို့နောက် သူက ချန်ကျန့်ကို လှည့်ကြည့်သည်။
“ဒါတွေကို ဦးလေးကျုံး ကို ပေးလိုက်ရင် ကောင်းမလား။ သူက ငါ့ကို အမြဲ ကူညီပေးနေကျလေ”
“အင်း။ အဖေ သဘောပါပဲ”
“ဒါဆိုရင်တော့ မင်းတို့ သားအဖ စကားပြောကြဦးလေ ။ ငါ ကားထဲ ပြန်သွားနှင့်မယ်”
“သွားပါ ဘော့စ်၊ ကျေးဇူးတင်ပါတယ်”
ရှန်ယွီ ထွက်သွားပြီးနောက်မှသာ ချန်အဖေမှာ ပိုပြီး စိတ်အေးသွားပုံရသည်။ သူ ပစ္စည်းအိတ်ကို မကာ အထဲသို့ ငုံ့ကြည့်သည် ။
“အများကြီးပါလား။ ဦးလေးကျုံး ကို အကုန်ပေးလိုက်ရမှာတောင် နှမြောစရာပဲ....”
ချန်ကျန့် ပြုံးလိုက်မိသည် ။
“တည်းခိုခန်းမှာ အများကြီး ကျန်ပါသေးတယ်၊ ကပ်စေးမနည်းပါနဲ့”
“အကုန်ပေးလိုက်ပါ့မယ်ကွာ။ ငါ ကပ်စေးမနည်းပါဘူး”
“ကျွန်တော်တို့ ဘော့စ်က အဖေ့ကို ဘာတွေ ပြောသွားလို့လဲ”
“မင်း တကယ်ပဲ အဆင်ပြေနေပုံရပါတယ်။ ငါကတော့ မင်း ငါ့ကို စိတ်သက်သာအောင် လိမ်ပြောနေတာလို့ပဲ အမြဲ ကြောက်နေခဲ့တာ။ မင်းက ငယ်ငယ်ကတည်းက သတင်းကောင်းပဲ ပြောပြီး သတင်းဆိုးဆိုရင် ဖုံးထားတတ်တာလေ....”
“အဖေကော အတူတူ မဟုတ်ဘူးလား” ချန်ကျန့်က ပြန်ချေပလိုက်၏။
အဖေဖြစ်သူ သက်ပြင်းချလိုက်မိသည်၊ တစ်ခုခု ပြောချင်သော်လည်း ခေတ္တမျှ အောင့်ထားပြီးမှ -
“နောက်နှစ်ရက်နေရင် လစာတွေ ရအောင် တောင်းပြီးရင် ငါ ဖုန်းဆက်လိုက်မယ်နော်”
“ဟုတ်ကဲ့။ တကယ်လို့ မရရင်လည်း ကျွန်တော့်ကို ပြောနော်။ အတူတူ တိုင်ပင်ပြီး နည်းလမ်းရှာကြတာပေါ့”
“အေးပါ”
အဖေသည် နှစ်သစ်ကူး ပစ္စည်းများကို သယ်ကာ မိုတယ်ထဲသို့ ဝင်သွားခဲ့သည်။ ချန်ကျန့်သည် သူ၏အဖေ ဒုတိယထပ်သို့ တက်သွားသည်ကို စောင့်ကြည့်နေပြီးမှ ကားဆီသို့ ပြန်လျှောက်လာခဲ့သည်။ ရှန်ယွီမှာ မောင်းသူနေရာတွင် ထိုင်လျက် ဖုန်းပြောနေလေသည်။ သူ ချန်ကျန့်ကို လက်ယမ်းပြလိုက်သည်။
ချန်ကျန့် တံခါးဖွင့်ကာ ကားထဲ ဝင်ထိုင်လိုက်သည်။
“ဒါတွေက System ထဲမှာ အကုန် ခြေရာခံလို့ ရတာပဲဟာ။ စီမံခန့်ခွဲတဲ့ ကုမ္ပဏီ အနေနဲ့ ဌာနက ပြောတာကိုပဲ အတည်ယူလို့ မရဘူးလေ”
ရှန်ယွီက ဖုန်းပြောရင်း ချန်ကျန့်၏ ပုခုံးကို လှမ်းဆုပ်နယ်ပေးနေသည် ။
“ဟုတ်ကဲ့၊ ဒါကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ နှစ်သစ်ကူး နီးနေပြီဆိုတော့ လစာမရတဲ့ ကိစ္စက တော်တော်လေး ထိလွယ်ရှလွယ် ရှိတယ်လေ.... ဟုတ်ကဲ့၊ ရလဒ် ထွက်လာရင် ကျွန်တော့်ကို ပြန်ပြီး အကြောင်းကြားပေးပါ”
ချန်ကျန့် ၎င်းမှာ မည်သည့်ကိစ္စဖြစ်ကြောင်း သိလိုက်ရသည့် အခါတွင်မူ မှင်သက်သွားရပြီး ရှန်ယွီ့ကို လှမ်းကြည့်နေမိသည်။ ရှန်ယွီ ဖုန်းချလိုက်သည်နှင့် သူ ချက်ချင်း မေးလိုက်သည် ။
“ဘယ်သူ့ဆီ ဖုန်းဆက်တာလဲ”
“ဟို ပစ္စည်းပို့တဲ့ ဌာနရဲ့ ရုံးချုပ်ဆီကိုလေ”
“တိုင်မလို့လား”
“တိုင်တာ မဟုတ်ပါဘူး။ ဥပဒေရေးရာ အကြံပေး အနေနဲ့ လစာမပေးတဲ့ ကိစ္စကို လှမ်းပြီး စုံစမ်းကြည့်ရုံတင်ပါ”
"အဲ့ဒီလို လုပ်လို့ရလို့လား” ချန်ကျန့် အံ့သြသွားသည်။
“ဘယ်သူသိမှာလဲ ။ တကယ်လို့ မပြေလည်ရင်တော့ သတင်းထောက် အယောင်ဆောင်ပြီး အင်တာဗျူးဖို့ ချိန်းလိုက်ရမှာပေါ့”
“မင်းကတော့ တကယ်ကို....” ချန်ကျန့် ရယ်မောလိုက်မိတော့သည်။
ရှန်ယွီ ထိုင်ခုံခါးပတ် ပတ်လိုက်ပြီး၊ လမ်းညွှန်မြေပုံကို ဖွင့်ကာ ကားကို မောင်းထွက်လာခဲ့သည်။
“ပါး ကို ဘာတွေ ပြောလိုက်တာလဲဟင်” ချန်ကျန့်က မေးသည်။
“မင်းက ဦးလေးမှာ တစ်ခုခုဖြစ်ရင် တစ်ခွန်းမှ မပြောပြလို့ စိတ်ဆိုးပြီး အလုပ်ထွက်ချင်နေတာ၊ မြို့ပေါ်ပြောင်းလာပြီး သူ့ကို ပြုစုချင်နေတာလို့ ပြောလိုက်တာပေါ့”
ချန်ကျန့် သူ့ကို လှည့်ကြည့်လိုက်သည်။
“ပြီးတော့ ငါတို့ တည်းခိုခန်းက ဘယ်လောက်အထိ ကောင်းကြောင်း ကြွားခဲ့သေးတယ်။ ပိုက်ဆံလည်း များတယ်၊ အလုပ်လည်း နည်းတယ်၊ လုပ်ဖော်ကိုင်ဖက်တွေလည်း တော်တယ်ပေါ့”
“အလုပ်က မနည်းပါဘူးနော်” ချန်ကျန့် ရယ်မောလိုက်သည်။
“သူစိမ်းတွေကို ကြွားတဲ့အခါကျရင် အချက်အလက်တွေကို နည်းနည်းတော့ လျစ်လျူရှုရတာပေါ့”
ချန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းအသာ ချလိုက်သည်။
“ပါးက ကျွန်တော့်အလုပ်က အဆင်ပြေတယ်လို့ ထင်ပေမဲ့၊ ကျွန်တော် ပြောသလောက်ကြီး မကောင်းဘူးလို့ပဲ အမြဲ တွေးနေတာလေ။ ကျွန်တော့်ရဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ဆိုရင် ဒီလို အလုပ်မျိုး ဘယ်လိုလုပ် ရနိုင်မှာလဲလို့ သူ ထင်မှာပေါ့....”
“ဒါတောင်မှ မင်းက သူ့ကို အဲ့ဒီအတိုင်းကြီး သွားပြောဖို့ စဉ်းစားနေသေးတယ်ပေါ့ ဟုတ်လား” ရှန်ယွီက ဆိုသည်။
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ တကယ်တော့ သူ စိတ်လိုက်မာန်ပါ လုပ်မိတော့မှာပါ။ အခုမှပဲ သူ၏ ဦးနှောက်မှာ ပြန်လည် ကြည်လင်လာခဲ့သည်။ ရှန်ယွီ ထိုသို့ မေးလိုက်သည့် အခါတွင်မှ သူသည် ထိတ်လန့်သွားရသည်။
“မင်း ဘာကြောင့် ဒီအလုပ်ကို မင်းရဲ့ အရည်အချင်းနဲ့ ရခဲ့တာလဲဆိုတာကို သူ့ကို မြင်အောင် ပြရမှာပေါ့ ။ ပြီးတော့.... မင်း ဘာကို သုံးပြီးတော့ ဘော့စ်ကို ဖမ်းစားခဲ့လဲ ဆိုတာကိုပါပေါ့”
ချန်ကျန့် ခဏ စောင့်နေသော်လည်း ရှန်ယွီက စကားမဆက်ပါဘူး။
“ဘာနဲ့လဲဟင်”
“မင်းရဲ့ အလှအပနဲ့ပေါ့”
“တောက်!မင်းကတော့ တကယ်ကို အရူးပဲ”
“ပြီးတော့ မင်းရဲ့ ကောက်နေတဲ့ ဆံပင်တွေလည်း ပါတာပေါ့”
ရှန်ယွီက ထပ်ဖြည့်ပြောသည်။ ချန်ကျန့် တောက်တစ်ချက် ခေါက်လိုက်မိသည်။
“အချို့သော ဆွဲဆောင်မှုတွေက ရှင်းပြလို့ မရဘူးလေ။ ရှင်းပြလို့ရတဲ့ အရာတွေက အမြဲတမ်း အပေါ်ယံ အချက်အလက်တွေချည်းပါပဲ။ လူတစ်ယောက်ကို ချစ်မိသွားတာက တစ်ခဏအတွင်း ဖြစ်နိုင်ပေမဲ့၊ အသည်းစွဲ ချစ်မိသွားဖို့ကတော့ တော်တော်လေး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုပဲလေ”
“အင်း”
ချန်ကျန့် မျက်လုံးမှိတ်လိုက်သည်။ ဟုတ်ပါသည်။ သူကိုယ်တိုင်လည်း ရှင်းမပြတတ်ပါဘူး။ ဘာကြောင့် အသည်းစွဲ ချစ်မိသွားရသလဲဆိုတာကိုပေါ့။ အလှအပအပြင်ပေါ့လေ။
အော်... ဟုတ်သားပဲ၊ ပိုက်ဆံလည်း ပါတာပေါ့။ သူ၏ အကြောင်းပြချက်တွေက ရှန်ယွီ့ထက်တောင် ပိုပြီး ခိုင်လုံနေပါသေးသည်။ ချန်ကျန့် ပြုံးလိုက်မိသည်။
“အခုထိ ပြောချင်သေးလား” ရှန်ယွီက မေးသည်။
“စိတ်လှုပ်ရှားနေတာတွေ အခုတော့ ပြေသွားပါပြီ” ချန်ကျန့် မျက်လုံးမှိတ်လျက်ပင် ဖြေလိုက်သည်။
“တစ်ဆင့်ချင်းစီ သွားကြတာပေါ့။ မင်း ကောင်းကောင်း နေထိုင်နိုင်တယ်ဆိုတာ၊ မင်းရဲ့ ရွေးချယ်မှုတွေအတွက် မင်း တာဝန်ယူနိုင်တယ်ဆိုတာကို သူ့ကို မြင်အောင် ပြလိုက်ပါ။ ပြီးတော့.... အနည်းဆုံးတော့ ငါက ဘယ်လိုလူလဲဆိုတာကိုလည်း သူ့ကို မြင်ခွင့်ပေးလိုက်ဦးပေါ့”
“မင်းက တကယ်ကို လူကောင်းတစ်ယောက်ပါ”
“အမှန်ပဲလေ”
“မင်းကော မင်းမိဘတွေကို ဘယ်လို ပြောပြခဲ့တာလဲ”
“ယောင်ယီ က ငါ့ရည်းစားလားလို့ အဖေ မေးတုန်းက၊ ငါ အမှန်အတိုင်း ပြောလိုက်တာပဲ”
ချန်ကျန့် မျက်လုံးဖွင့်ကာ သူ့ကို လှည့်ကြည့်လိုက်သည် ။
“ယောင်ယီ?”
“အင်း၊ ကျောင်းတုန်းက ငါတို့က ဆက်ဆံရေး ကောင်းခဲ့ကြတာလေ။ လမ်းပေါ်မှာ ငါတို့ အတူတူ ရှိနေတာကို အဖေ နှစ်ခါလောက် မြင်ခဲ့ဖူးလို့ပါ”
“အဲ့ဒါကို တန်းပြီး ပြောလိုက်တာလား”
“အင်း၊ ငါ့မိသားစု အခြေအနေက တခြားလူတွေနဲ့ မတူဘူးလေ။ သူတို့က ဒီလိုကိစ္စတွေကို ပိုပြီး နားလည်ပေးနိုင်ကြတယ်။ ပြီးတော့.... အဲ့ဒီတုန်းက ငါ့ရဲ့ အခြေအနေကလည်း ဒီအတိုင်းပဲလေ။ ဒဏ်ရာရတာ၊ ဆေးရုံတက်တာ၊ ထောင်ကျတာ စတဲ့ ကိစ္စတွေနဲ့ ယှဉ်ရင်တော့၊ ဒါက သိပ်ပြီး ထိတ်လန့်စရာ မကောင်းတော့ဘူးလေ”
ချန်ကျန့် သက်ပြင်းအသာ ချလိုက်မိသည်။
“ဒါကို ဝန်ထုပ်ဝန်ပိုး တစ်ခုလို သဘောမထားပါနဲ့။ အခုချက်ချင်း လုပ်ရမယ့် အဆင့်မှ မဟုတ်တာ။ မင်းအတွက်ကတော့ ဖွင့်ပြောလိုက်တာက စိတ်ပေါ့ပါးသွားစေနိုင်ပေမဲ့၊ မင်းအဖေအတွက်ကတော့ နာကျင်စရာ ဖြစ်သွားနိုင်တယ်လေ”
“အင်း”
ချန်ကျန့် ရှန်ယွီ့ကို ကြည့်လိုက်သည်။ ခဏကြာအောင် ကားမောင်းပြီးနောက် ရှန်ယွီသည် ရုတ်တရက် တောက်တစ်ချက် ခေါက်လိုက်သည်။
“ဘာဖြစ်လို့လဲဟင်”
“သိုးမွေးချည် ဘယ်မှာ ဝယ်လို့ရလဲ သိလား”
ချန်ကျန့် ကြောင်သွားပြီးမှ အော် ရယ်လိုက်တော့သည် ။
“ဒီမှာပဲ ဝယ်မလို့လား”
“မြို့ထဲ ပြန်ရောက်ရင် ချည်ကောင်းကောင်း ရှာမတွေ့မှာ စိုးလို့လေ။ ဒါဆိုရင် သူတို့တွေ ငါ့ကို မျက်နှာလိုက်တယ်လို့ ထပ်ပြောကြဦးမှာပေါ့”
“ရှေ့က လမ်းဆုံမှာ U-turn လှည့်လိုက်လေ” ချန်ကျန့် ခဏ စဉ်းစားလိုက်သည် ။
“နောက်ကို နည်းနည်း ပြန်မောင်း၊ အဲ့ဒီ လမ်းဆုံမှာ ကွေ့လိုက်ရင် ရှေးဟောင်း ဈေးဝယ်စင်တာ တစ်ခု ရှိတယ်။ အဲ့ဒီ စတုတ္ထထပ်မှာ သိုးမွေးရောင်းတဲ့ ဆိုင်တွေချည်းပဲ ရှိတာ”
“အိုကေ”
“ပဝါ ရှစ်ထည် ထိုးဖို့ ဘယ်လောက် ကြာမလဲဟင်” ချန်ကျန့်က မေးသည်။
“အကြာကြီး မဟုတ်ပါဘူး။ အရိုးရှင်းဆုံး ပုံစံ၊ နည်းနည်း တိုတိုနဲ့၊ ချည်ပွပွလေး ထိုးရင်တော့....ငါလို ကျွမ်းကျင်တဲ့ အလုပ်သမား အတွက်ဆိုရင်တော့ မနက်ကနေ ညအထိ ထိုးရင်.... တစ်ပတ်လောက်ဆို ပြီးမှာပါ။ အချိန်မီပါတယ်”
ရှေးဟောင်း ဈေးဝယ်စင်တာ၏ စတုတ္ထထပ်တွင် သိုးမွေးဆိုင်များစွာ ရှိနေဆဲ ဖြစ်သည်။ ဤနေရာ၌ သိုးမွေးဝယ်နေကြသူ အများစုမှာ အဒေါ်ကြီးများနှင့် အစ်မကြီးများသာ ဖြစ်ကြသည်။ ရံဖန်ရံခါမှသာ မိန်းကလေး ငယ်ငယ်လေး အချို့ကို တွေ့ရတတ်သည်။ တစ်ချက်ကြည့်လိုက်လျှင် ဆိုင်ပိုင်ရှင်တွေမှလွဲ၍ သူတို့ နှစ်ယောက်သာ ယောကျ်ားလေးထဲက ရှိနေပုံရလေသည်။
“ဘယ်အရောင်လဲ မန်နေဂျာ” ရှန်ယွီက မေးသည်။
“အနီရောင်လား။ နှစ်သစ်ကူးဆိုတော့လေ”
“အင်္ကျီနဲ့ လိုက်ဖို့ ခက်တယ်လေ” ရှန်ယွီက မဲ့လိုက်သည်။
“အင်္ကျီနဲ့ လိုက်ဖို့က အရေးကြီးလို့လား ။ နှစ်သစ်ကူး အငွေ့အသက် ရှိဖို့က အဓိကပဲဟာ”
“ငါက လက်တွေ နာ၊ မျက်စိတွေ မှုန်အောင် ဒီပဝါတွေကို ထိုးပေးမှာလေ၊ နှစ်သစ်ကူး အငွေ့အသက် အတွက်ပဲလား ။ ဆောင်းတွင်း တစ်ခုလုံး အသုံးတည့်မှ တန်မှာပေါ့”
“အင်း... အဲ့ဒါလည်း ဟုတ်သားပဲ”
ရှန်ယွီ ပြောတာ မှန်တယ်လို့ ချန်ကျန့် ခံစားလိုက်ရသည်။
“ဒီ ပန်းရောင်ဖျော့ဖျော့ လေးကော ဘယ်လိုလဲ”
ရှန်ယွီ ဆိုင်တစ်ဆိုင်၏ အဝင်ဝတွင် ပြသထားသော ချည်လုံးကို ညွှန်ပြလိုက်သည်။
“လှသားပဲ”
ချန်ကျန့် အနားသို့ သွားကြည့်လိုက်သည်။ ထိုချည်လုံးမှာ မီးခိုးရောင် သန်းနေပြီးမှ ပန်းရောင်လေး အနည်းငယ် စွက်နေခြင်း ဖြစ်သည်။ ရှန်ယွီသည် ထိုချည်လုံးကို ယူကာ ချန်ကျန့်၏ မေးစေ့အောက်တွင် ထားပြီး အကဲခတ်နေလေသည်။
“ဘာလုပ်တာလဲဟင်”
“ယောကျ်ားလေးနဲ့ ဒီအရောင် လိုက်မလားလို့ ကြည့်တာလေ” ရှန်ယွီ ခဏ ကြည့်ပြီးမှ ချည်လုံးကို ပြန်ချလိုက်သည် ။
“ထားလိုက်ပါတော့၊ တခြားဟာပဲ ရွေးရအောင်”
“မလှလို့လား”
“မသိဘူးလေ။ မင်းရဲ့ မျက်နှာနဲ့ဆိုရင်တော့ ဘယ်အရောင်ပဲဖြစ်ဖြစ် ကြည့်ကောင်းနေမှာပါပဲ”
ဆိုင်ပိုင်ရှင် အစ်မကြီးမှာ ထိုစကားကို ကြားသည့်အခါ၊ ချက်ချင်းပင် ထိုချည်လုံးကို ယူကာ အထဲမှာ ထိုင်နေသော အမျိုးသားကို လှမ်းခေါ်တော့သည် ။
“ယောကျ်ား... ဒီကို လာဦး”
အမျိုးသား လျှောက်လာသည့်အခါ အစ်မကြီးက ချည်လုံးကို သူ၏ မေးစေ့အောက်တွင် ထားလိုက်သည် ။
“ဒီလို ကြည့်လိုက်ရင် သိသာတာပေါ့”
“ဟင်”
အမျိုးသားမှာ ကြောင်သွားရှာသည်။ ရှန်ယွီ မရယ်ဘဲ မနေနိုင်တော့ပါဘူး။
“ကြည့်ရတာတော့ သိပ်မဟန်ဘူး” အစ်မကြီးက မီးခိုးပြာရောင် ချည်လုံး တစ်လုံးကို ယူလိုက်သည်။
“ဒါလေးကော ဘယ်လိုလဲ”
“ဒါလေးကတော့ အဆင်ပြေပုံရတယ်” ချန်ကျန့် ရယ်မောရင်း ဝင်ပြောလိုက်သည်။
“ပဝါ ထိုးမလို့လား ။ ကောင်လေးက အသက်ဘယ်လောက်လဲ”
“သူ့အရွယ်လောက်ပါပဲ” ရှန်ယွီက ချန်ကျန့်ကို ညွှန်ပြသည်။
“ဒါပေမဲ့ သူ့လောက်တော့ မချောဘူး မဟုတ်လား” အစ်မကြီးက ချည်လုံးများကြားမှာ ရှာဖွေရင်း မေးလိုက်သည်။
“ဟုတ်ပါတယ်”
မည်သည့် အခြေအနေမျိုးမှာမဆို ဤမျှလောက်အထိ မျက်နှာပြောင်တိုက်နိုင်သော ရှန်ယွီ၏ စိတ်ဓာတ်ကို ချန်ကျန့် အလွန်ပင် လေးစားမိတော့သည်။ နောက်ဆုံးတွင်တော့ အစ်မကြီး၏ အကူအညီဖြင့် အရင် မီးခိုးပြာရောင်ထက် အပြာရောင် ပိုသန်းသော အရောင်တစ်ခုကို ရွေးချယ်လိုက်ကြတော့သည်။
တာယွင် သို့ ပြန်ရောက်သည့်အခါ ရှန်ယွီသည် တာယွင် ယူနီဖောင်း ထုတ်လုပ်ရေးကို စတင်တော့သည်။ ယခင်ကတော့ “မနက်ကနေ ညအထိ” ဆိုသည့် စကားလုံးကို ချန်ကျန့်အနေဖြင့် တင်စားပြောခြင်းဟုသာ ယူဆခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်ယွီကတော့ တကယ်ကို လက်တွေ့ လုပ်ပြနေခြင်း ဖြစ်လေသည်။
နောက်တစ်နေ့တွင် ဒါရိုက်တာဟယ် တို့ အုပ်စု ရှန်ယွီ၏ ဖိတ်ကြားချက်အရ တာယွင် သို့ ပြန်လည် ရောက်ရှိလာသည့် အခါတွင်လည်း၊ ရှန်ယွီသည် ကဖေးဆိုင်တွင် ထိုင်ကာ ပဝါတစ်ထည်ကို ထိုးနေဆဲပင် ဖြစ်သည်။
“ဘော့စ်ရှန်... ဒါက....” ဒါရိုက်တာဟယ် က အံ့သြတကြီး ကြည့်ကာ မေးလိုက်သည်။
“ဝန်ထမ်းတွေအတွက် နှစ်သစ်ကူး လက်ဆောင် ထိုးနေတာပါ”
ရှန်ယွီ ထရပ်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည် ။
“ထိုင်ပါ ဒါရိုက်တာဟယ်”
“နှစ်သစ်ကူး လက်ဆောင် ဟုတ်လား”
ဒါရိုက်တာဟယ် က ရယ်မောရင်း ပဝါကို လှမ်းစမ်းကြည့်သည်။
“ဘော့စ်ရှန် ရေ... ကျွန်တော် ပြောရဦးမယ်၊ ဒီခရီးစဉ်မှာ နေရာအများကြီး သွားခဲ့ပေမဲ့၊ ခင်ဗျားတို့ ဆိုင်ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲဗျာ”
____________________________________________________________________________
NEXT
Comments
Post a Comment