အပိုင်း (၈၈)
ဒါရိုက်တာဟယ်သည် အပြန်ခရီးတွင်တော့ အကြာကြီးမနေခဲ့ပါ။ သူသည် ရှန်ယွီနှင့်သာ အဓိကထား စကားပြောခဲ့ပြီး သူနှင့်အတူပါလာသော ဝန်ထမ်းများမှာလည်း အားလုံးနှင့် ရင်းနှီးသွားခဲ့ကြပြီ ဖြစ်သည်။ နေ့လယ်စာကိုတော့ ဒါရိုက်တာဟယ်တို့အဖွဲ့သည် တာယွင်အဖွဲ့သားများနှင့်အတူ ပန်းခြံထဲတွင် အသားကင်စားခဲ့ကြသည်။
ထိုသို့စားသောက်နေစဉ်အတွင်း ဒါ့လီသည် တစ်ခုခုလာမြည်းသယောင်ဖြင့် နှစ်ခေါက်ခန့် ရောက်လာခဲ့သည်။ သို့သော် သူသည် အတွင်းသတင်းအချို့ကို လာစုံစမ်းနေခြင်းဖြစ်ကြောင်း အားလုံးက သိကြသည်။ ရှန်ယွီ ပြောပြချက်အရ ဤကိစ္စများကို အခြားလုပ်ငန်းရှင်များကိုလည်း အချိန်တန်လျှင် အကြောင်းကြားမည်ဖြစ်သော်လည်း၊ ထိုသတင်းအချက်အလက်များသည် တာယွင်ထံမှ တရားဝင်လာရမည်ဖြစ်ပြီး သူတို့ဘာသာ လာစုံစမ်း၍ရခြင်းမျိုး မဟုတ်ရပါဘူး။ သဘောသဘာဝချင်း မတူညီ၍ ဖြစ်သည်။
ထို့ကြောင့် ဒါ့လီ ရောက်လာသည့် နှစ်ကြိမ်စလုံးတွင် ချန်အာဟူက အလွန်တက်ကြွစွာဖြင့် အဖော်လုပ်ပေးခဲ့သည်။ ဒုတိယအကြိမ် ဒါ့လီ ပြန်သွားသည့်အခါ ဆန်းပင်းက အသားကင်တစ်ပန်းကန်ကို ကိုင်ကာ နောက်ကနေ လိုက်ပေးခဲ့သေးသည်။
“ဒီတစ်ခါတော့ သူ့ကို ဗိုက်ဝအောင် ကျွေးလိုက်မှပဲ၊ နောက်တစ်ခါ အကြောင်းပြချက်ရှာပြီး လာနေရမှာ စိတ်ပျက်စရာကြီး”
“သူ ခဏနေရင် ဘော့စ်ရှန် ပဝါထိုးနေတာကို လာကြည့်ဦးမှာလေ။ဒါက တကယ့် မြင်ကွင်းအထူးအဆန်းပဲကိုး။ သူ လာကြည့်ချင်တာလည်း မဆန်းပါဘူး”
လောင်စစ်က ပြောသည်။
“မင်းလည်းလေ…မင်းအတွက်ပဲ တစ်ထည် တောင်းရင် ရတာကို။ ဘယ်လိုမျက်နှာနဲ့ လေးထည်တောင် တောင်းရတာလဲ”
ချန်အာဟူကလည်း ဆန်းပင်းကို လှမ်းဆူသည်။
“သူက သဘောတူမယ်လို့ မထင်ထားလို့ပါဗျာ”
“ဘော့စ် အလုပ်ပင်ပန်းပြီး ဖျားသွားမှာတော့ မဟုတ်ပါဘူးနော်”
လောင်ဝူ ရုတ်တရက် စိုးရိမ်လာသည်။
“နှစ်သစ်ကူးကာလမှာ နမိတ်မရှိတာတွေ လျှောက်မပြောစမ်းနဲ့!”
ချန်အာဟူက သူ့ကို မျက်စောင်းထိုးလိုက်သည်။ ရှန်ယွီ ပင်ပန်းပြီး ဖျားမှာထက်၊ ဒါရိုက်တာဟယ်က
"ကျွန်တော်လည်း တစ်ထည် လိုချင်တယ်" လို့ ရုတ်တရက် ပြောလာမှာကို ချန်ကျန့်က ပိုစိုးရိမ်နေမိသည်။ ကံကောင်းထောက်မစွာဖြင့် ရှန်ယွီသည် ထမင်းစားချိန်မှလွဲ၍ တောက်လျှောက် ပဝါထိုးနေသော်လည်း ဒါရိုက်တာဟယ်နှင့် စကားပြောရာတွင် အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။ ၎င်းမှာ ထိုသိုးမွေးထိုးအပ်နှင့် ချည်လုံးများသည် ရှန်ယွီ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် လူများက အလိုအလျောက်ပင် လျစ်လျူရှုထားမိသလို ဖြစ်နေခြင်းပင်။
ရှန်ယွီ၏ ဖုန်းမြည်လာသော်လည်း အနားမှာမရှိ။ ချန်ကျန့်က ဘေးက ခုံတန်းပေါ်မှ ဖုန်းကို ကောက်ယူကာ ကမ်းပေးလိုက်သည်။ ဖုန်းကိုင်ပြီးနောက် ရှန်ယွီက ချန်ကျန့်ကို လက်ယမ်းခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲဟင်” ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။
“မနေ့က ဖုန်းဆက်ထားတဲ့ ကိစ္စ အကြောင်းပြန်လာပြီ။ ရုံးချုပ်က တော်တော်လေး အလုပ်လုပ်နှုန်း မြန်တာပဲ” ရှန်ယွီက အသံတိုးတိုးဖြင့် ဆိုသည် ။
“System ထဲက အမှားအယွင်းကို သူတို့ ပြင်လိုက်ပြီတဲ့။ မနက်ဖြန် မတိုင်ခင် လစာတွေကို ပုံမှန်အတိုင်း ထုတ်ပေးလိမ့်မယ်။ မင်းအဖေကို အကြောင်းကြားလိုက်ဦး၊ ပြီးတော့ အခြေအနေကို စောင့်ကြည့်ခိုင်းလိုက်”
“တကယ်ပဲ System က မှားနေတာလား” ချန်ကျန့်က မေးသည်။
“သူတို့ ပြောချင်ရာ ပြောပါစေလေ။ အမေရိကန်တွေ လာတိုက်လို့ မင်းအဖေတို့ ရုံးက ကွန်ပျူတာ ပျက်သွားတာပါလို့ ပြောရင်တောင် ရတာပဲ ။ အဓိကက လစာ ရသွားဖို့ပဲ မဟုတ်လား”
“ဟုတ်ကဲ့” ချန်ကျန့် ပြုံးလျက် ခေါင်းညိတ်ပြသည်။
“အဖေ့ကို ပြောတဲ့အခါကျရင်…ငါ သင်ပေးဖို့ လိုမလား”
“ဟုတ်ကဲ့၊ သင်ပေးပါဦး”
“မင်းပဲ ငါ့ဆီက သင်ရင် ဝက်အူလှည့်နဲ့ အထိုးခံရလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်လား”
ရှန်ယွီ စနောက်လိုက်သည်။
“အဲ့ဒါက မင်းရဲ့ ပရိယာယ် တွေကို သင်မိရင် ရန်ဖြစ်မှ ကိစ္စပြေလည်မယ့် အခြေအနေကို ပြောတာပါဗျာ။ အဲ့ဒီ တစ်ခုတည်းကိုပဲ ပြောတာပါ၊ ကျန်တာတွေ မပါပါဘူး”
“မင်းအဖေကို မင်းပဲ ဒါကို ဖြေရှင်းပေးလိုက်တာလို့ ပြောလိုက်” ၏
ချန်ကျန့် သူ့ကို ကြည့်နေမိသည်။
“ဘယ်လို ပြောရမလဲ သိတယ်မဟုတ်လား။ ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ အဆင်ပြေသွားတာပဲလေ။ ဒီအမှတ်ကို မင်းပဲ ယူလိုက်ပါ”
“မနေ့ကကျတော့...”
ချန်ကျန့် ရှန်ယွီ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အသံတိုးတိုးဖြင့် ဆိုသည်။
“မင်းက ဘယ်လိုလူလဲဆိုတာ အဖေ့ကို မြင်စေချင်တယ် ဆို။ အခု ဒါကို မင်းပဲ လုပ်ပေးတာလေ၊ မင်းရဲ့ အမှတ် မဟုတ်ဘူးလား”
“မင်းကလည်း အ လိုက်တာ မန်နေဂျာရယ်။ ငါ့ရဲ့ အရည်အချင်းကို မင်းအဖေရှေ့မှာ သက်သေပြနေဖို့ လိုလို့လား။ ဒီမှာ တည်းခိုခန်း အကြီးကြီး တစ်ခုလုံး ရှိနေတာပဲဟာ ။ ငါ သူ့ကို မြင်စေချင်တာက ငါက လူကောင်း တစ်ယောက်ပါ ဆိုတာပဲ၊ ကျန်တာတွေ မလိုပါဘူး”
ချန်ကျန့်မှာ ရယ်မောလိုက်မိတော့သည်။
“ဒါဆို ကျွန်တော်က မင်းရဲ့ အမှတ်ကို ခိုးယူရမှာပေါ့ ဟုတ်လား”
“ခိုးလိုက်စမ်းပါ”
ရှန်ယွီက ဘာအရေးလဲ ဆိုသည့် ပုံစံနှင့် မေးငေါ့ပြ၏။
သူ၏အဖေသည် ဖုန်းကို မကြုံစဖူး အမြန်နှုန်းဖြင့် ကိုင်လိုက်သည်။ ဖုန်းမြည်သံပင် မဆုံးသေးမီမှာပင် အဖေဖြစ်သူ၏ အသံ ထွက်ပေါ်လာသည် ။
“ချန်ကျန့်!”
အသံမှာ အလွန် ပျော်ရွှင်နေပုံရသည်။ ၎င်းက ချန်ကျန့်ကို အံ့သြသွားစေသည်။ အဖေဖြစ်သူ၏ အသံကို ဤမျှလောက်အထိ ပျော်ပျော်ရွှင်ရွှင် မကြားရသည်မှာ ကြာလှပြီ မဟုတ်ပါလော။
“ပါး... ပါးရဲ့....”
ချန်ကျန့် စကားမဆုံးသေးမီမှာပင် အဖေဖြစ်သူက ဖြတ်ပြောလိုက်သည်။
“ငါ မင်းဆီကို အခုပဲ ဖုန်းဆက်မလို့ပဲ!” အဖေဖြစ်သူက စိတ်လှုပ်ရှားစွာ ဆိုသည် ။
“ငါတို့ လစာတွေလေ၊ အခုပဲ စပြီး လုပ်ပေးနေကြပြီ။ ဘော့စ်က Group ထဲမှာ အကြောင်းကြားလာတယ်၊ မနက်ဖြန်ကျရင် ပိုက်ဆံ လာယူကြတော့တဲ့! တစ်ခါမှ ဒီလောက်အထိ ချောချောမွေ့မွေ့ မဖြစ်ဖူးဘူး!”
“ကျွန်တော်လည်း အဲ့ဒါကိုပဲ မေးမလို့ပါ။ တော်တော်လေး မြန်တာပဲနော်”
“မင်း သိနေတာလား” အဖေဖြစ်သူ အံ့သြသွားသည်။
ချန်ကျန့် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရှန်ယွီ ပြောခိုင်းသည့်အတိုင်း အမှတ်ယူလိုက်တော့သည် ။
“ဟုတ်ကဲ့၊ ကျွန်တော် မနေ့က ရုံးချုပ်ကို ဖုန်းဆက်လိုက်တယ်လေ”
“တိုင်လိုက်တာလား။ ငါတို့ဘက်က တိုင်တဲ့လူတွေ ရှိပေမဲ့ ဘာမှ မထူးခဲ့ပါဘူး”
အဖေဖြစ်သူက အံ့သြတကြီး မေးသည်။
“မဟုတ်ပါဘူး၊ ကျွန်တော်က ရုံးချုပ်ဆီကို....ရှေ့နေ အနေနဲ့ ဖုန်းဆက်လိုက်တာပါ။ နှစ်သစ်ကူး မတိုင်ခင် လစာမပေးတဲ့ ကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာပေါ့....”
ကြီးပြင်းလာသည့် တစ်လျှောက်လုံး သူ၏အဖေကို လိမ်ပြောခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့ ဗြောင်လိမ်ရသည်မှာ ဒါ ပထမဆုံးပင် ဖြစ်သည်။
“တကယ်လား” အဖေဖြစ်သူလည်း မှင်သက်သွားရသည် ။
“အဲ့ဒီလို လုပ်လို့ရလို့လား”
“ဟုတ်ကဲ့၊ နှစ်သစ်ကူးမှာ လစာ ဖြတ်ထားတာက တော်တော်လေး ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ကြောင်း ကျွန်တော် သတိပေးလိုက်တာလေ။ အဲ့ဒါနဲ့ပဲ သူတို့ဘက်က အကြောင်းပြန်လာတာပါ၊ ပြေလည်သွားပြီ ဆိုတာလေ....”
ချန်ကျန့်သည် ရှန်ယွီ၏ စကားလုံးများကို ပြန်ပြောပြရင်း အနည်းငယ် လိပ်ပြာမလုံသလို ခံစားနေရသည်။ အသေးစိတ်တွေ အများကြီး ပြောဖို့တော့ သူ မရဲပါဘူး၊ ရှန်ယွီကဲ့သို့ အေးဆေးတည်ငြိမ်သည့် ဟန်ပန်ကိုလည်း သူ အတုမယူနိုင်ပါဘူး။
“ဒါကြောင့် ကျွန်တော် ပါးဆီ ချက်ချင်း ဖုန်းဆက်လိုက်တာ”
“မင်း... မင်းကတော့ တကယ့်ကို တော်တဲ့သားပဲ!”
အဖေဖြစ်သူမှာ ဝမ်းသာအားရ ဖြစ်နေရှာသည်။
“ငါလည်း ဘာလို့ ဒီလောက် မြန်မြန် ပြေလည်သွားသလဲလို့ စဉ်းစားနေတာ! မင်းရဲ့ ဦးနှောက်က တကယ်ကို အလုပ်လုပ်တာပဲ! ဒီကိစ္စကို မင်း တော်တော်လေး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲ! ဟေး... ဦးလေးကျုံးရေ! ဦးလေးကျုံး....”
အဖေဖြစ်သူမှာ မိုတယ်မှာ ဦးလေးကျုံးနှင့် ရှိနေပုံရသည်။ သူ၏ အသံမှာလည်း ကျယ်လောင်လာခဲ့သည်။
“ငါ့သား လုပ်ပေးလိုက်တာလေ! ငါ့သားက ငါတို့ လစာကိစ္စကို ဖြေရှင်းပေးလိုက်တာ....”
“ပါးရေ... တိုးတိုး” ချန်ကျန့် မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့ပြီ ။
“လူတွေကို လျှောက်မကြွားပါနဲ့ဗျာ”
“စိတ်ချပါ၊ ဘယ်လို ဖြေရှင်းလိုက်လဲဆိုတာ ငါ မပြောပါဘူး။ ငါ့သား လုပ်ပေးတာလို့ပဲ ပြောမှာပေါ့.... ငါ့သားက မန်နေဂျာလေ၊ ဒီလို ကိစ္စလေးတွေကတော့ သူ့အတွက် အေးဆေးပါပဲ.... ဦးလေးကျုံးရေ!”
“ဘာ! မင်းသား လုပ်ပေးတာလား”
ဦးလေးကျုံး၏ လေသံမှာလည်း စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။
“ဒါဆိုရင်တော့ မနက်ဖြန် လစာသွားယူပြီးရင်၊ အကုန်လုံး အဆင်ပြေပြီဆိုရင် ဒီကို လာခဲ့တော့နော်။ ကျွန်တော် လာကြိုမလို့ပဲ၊ ဒါပေမဲ့ လိုင်စင်က ၂၇ ရက်နေ့မှ ရမှာမို့လို့....”
“ရပါတယ်၊ ငါ စောင့်နေမယ်။ မင်း လာကြိုတာကိုပဲ ငါ စောင့်မယ်လေ။ ဦးလေးကျုံးကလည်း ၂၇ ရက်နေ့မှ ပြန်မှာဆိုတော့၊ ငါ သူ့ကိုပါ ကားဂိတ်အထိ လိုက်ပို့ပေးလို့ ရတာပေါ့”
“ဟုတ်ကဲ့ပါ၊ အဲ့ဒါဆိုရင်တော့ ပြီးရောလေ” ချန်ကျန့် ပြုံးလျက် ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် ချန်ကျန့်သည် ထောင့်တစ်နေရာက ခုံတန်းလေးပေါ်မှာ ထိုင်ရင်း နေပူစာလှုံကာ ငေးမောနေမိသည်။ ထူးဆန်းသော ခံစားချက်တစ်ခုပင်။ သူ အတော်ကြာအောင် ထိုခံစားချက်ကို မြည်းစမ်းနေမိသော်လည်း သတိပြန်ဝင်လာဖို့ ခက်ခဲနေဆဲပင်။ လစာတွေ အမြန်ရသွားသည့်အတွက် သူ ပျော်နေရသလို၊ မိမိ၏ သားဖြစ်သူက ကူညီပေးခဲ့သည်ဟု သိလိုက်ရသည့်အတွက် အဖေဖြစ်သူ၏ စိတ်ဓာတ်မှာလည်း အဆမတန် မြင့်တက်သွားခဲ့သည် မဟုတ်ပါလော။
ချန်ကျန့်မှာ လမ်းပေါ်ထွက်ပြီး - “ငါ့သား လုပ်ပေးလိုက်တာ!” လို့ လိုက်အော်ချင်စိတ် ပေါက်သွားသလို ခံစားလိုက်ရသည်။
...ဒါပေမဲ့ အဲ့ဒီလိုကြီးတော့ အော်လို့ မရပါဘူးလေ။
“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” ရှန်ယွီ၏ အသံ အပေါ်မှ ထွက်ပေါ်လာသည်။
ချန်ကျန့် မော့ကြည့်လိုက်ရာ၊ ရှန်ယွီသည် လက်တစ်ဖက်တွင် ထိုးအပ်၊ ကျန်လက်တစ်ဖက်တွင် ပဝါကို ကိုင်လျက် သူ၏ ရှေ့တွင် ရပ်နေလေသည်။ သူ၏ ပုခုံးပေါ်တွင် အားကစားအိတ် တစ်လုံးကို လွယ်ထားပြီး၊ ထိုအိတ်ထဲမှ ပန်းရောင်ဖျော့ဖျော့ သိုးမွေးချည်လုံးလေး ထွက်နေသည်မှာ တကယ့်ကို ထူးဆန်းလှပသော မြင်ကွင်းတစ်ခုပင်။ ချန်ကျန့်မှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
“ဒီရောဂါအတွက် ဘာဆေးသောက်ရမလဲဆိုတာ ငါ နောက်မှ ရှာကြည့်လိုက်ဦးမယ်” ရှန်ယွီက ဆိုလိုက်သည်။
ချန်ကျန့် ခုံတန်းပေါ်တွင် မှီထိုင်လျက် ရှန်ယွီ့ကို မော့ကြည့်ရင်း
“ပါး ကတော့ အခုဆို သူ့တို့ အဖွဲ့ ထဲမှာ အသည်းအသန် ကြွားနေလောက်ပြီ”
“သူတို့ကို ပိုက်ဆံလာယူဖို့ အကြောင်းကြားပြီလား”
“ဟုတ်ကဲ့၊ ကျွန်တော် ဖုန်းဆက်တဲ့ အချိန်မှာ သူက ကျွန်တော့်ဆီ ဖုန်းပြန်ဆက်မလို့ လုပ်နေတာလေ”
“အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့။ ပိုက်ဆံရရင် သူ စိတ်အေးသွားမှာပေါ့”
“ရှန်ယွီ”
ချန်ကျန့် ရှန်ယွီ့ကို စိုက်ကြည့်လိုက်သည်။
“ဟင်”
ရှန်ယွီ ပြန်ထူးရင်း၊ လက်နှစ်ဖက်ကတော့ မနားတမ်း ပဝါထိုးနေလေသည်။ တကယ့်ကို ကျွမ်းကျင် အလုပ်သမားကြီး တစ်ယောက်လိုပါပဲ။
ချန်ကျန့် ကျေးဇူးတင်စကား ပြောချင်သော်လည်း၊ ဤကဲ့သို့သော အချိန်မျိုးတွင် ကျေးဇူးတင်စကား ဆိုသည်မှာ အလွန် ဝေးကွာလွန်းသလို ခံစားရလေသည်။ ထို့ကြောင့် စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စကားပြန်ပြင်လိုက်သည် ။
“ကျွန်တော်လည်း ပဝါတစ်ထည် လိုချင်တယ်”
ကျွမ်းကျင် အလုပ်သမားကြီး၏ လက်များ ရပ်တန့်သွားသည်။
“အလကား ပြောတာပါ” ချန်ကျန့်က အမြန် ဖြည့်ပြောလိုက်သည်။
“အလကား ပြောတာလား”
ရှန်ယွီက မျက်နှာသေသေနှင့်ပင် လက်ကတော့ ပဝါကို ပြန်ထိုးနေပြန်သည်။
“ငါက အဲ့ဒီလောက်အထိ အေးအေးဆေးဆေး နေတတ်တဲ့ လူလို့ ထင်နေတာလား”
ချန်ကျန့် ပြုံးလိုက်မိသည်။
“ဒါတွေ ပြီးတဲ့အထိ စောင့်ဦးလေ။ ဟို မီးခိုးရောင် ချည်လုံးလေး နည်းနည်း ကျန်သေးတယ်....”
“တကယ်ကြီး ပြောတာလား။ ကျွန်တော်က အလကား ပြောလိုက်တာကို....” ချန်ကျန့် လန့်သွားရသည်။
“မင်း မလိုချင်လို့လား” ရှန်ယွီက သူ့ကို လှမ်းကြည့်သည်။
“လိုချင်တာပေါ့”
“ဒါဆို မီးပုံးလွှတ်ပွဲမတိုင်ခင် ရအောင် လုပ်ပေးမယ်လေ။ ဒါတွေ အကုန်ပြီးရင်တော့ ငါ နေ့တစ်ဝက်လောက် သေသွားနိုင်တယ်”
“နမိတ်မရှိတာတွေ လျှောက်မပြောပါနဲ့ဗျာ”
“ဒါတွေ ပြီးရင်တော့ ငါ နေ့တစ်ဝက်လောက် ကံကောင်းသွားမှာပါလို့ ပြောတာပါ”
ရှန်ယွီက စနောက်လိုက်သည်။ ချန်ကျန့်မှာ ရယ်မောလိုက်မိတော့သည်။
“မင်းအဖေက ဘယ်တော့ လာမှာလဲ။ ငါတို့ သွားကြိုဖို့ လိုမလား”
“အစကတော့ သူ ကားစီးပြီး လာမလို့ပဲ၊ ဒါပေမဲ့ ကျွန်တော် ၂၇ ရက်နေ့မှာ လိုင်စင်ရမယ်လို့လည်း ကြားရော၊ ကျွန်တော် လာကြိုမှာကိုပဲ စောင့်မယ်တဲ့လေ”
“ဒါဆို သွားကြိုကြတာပေါ့။ လမ်းကြုံရင် မင်းရဲ့ ဆွေမျိုးတွေအတွက် နှစ်သစ်ကူး ပစ္စည်းတွေပါ တစ်ခါတည်း ဝင်ပေးကြတာပေါ့....”
“သူတို့ကို ဘာလို့ ပစ္စည်းသွားပေးပြီး စိတ်ရှုပ်အောင် လုပ်မှာလဲဗျာ!”
“ယဉ်ကျေးစွာနဲ့ လူတွေကို စိတ်ရှုပ်အောင် လုပ်တာက အထိရောက်ဆုံးပဲလေ။ မင်းက စိတ်ရှုပ်အောင် လုပ်မယ့်လူ ဖြစ်နေမှတော့၊ သေသေချာချာ လုပ်သင့်တာပေါ့”
ချန်ကျန့်တွင် မဖိတ်ဘဲ ရောက်လာတတ်သော ဆွေမျိုးနှစ်ဦးသာ ရှိလေသည် ။ သူ၏ ဦးလေးနှင့် အဒေါ် ဖြစ်သည်။ အမှန်တော့ ပုံမှန် အခြေအနေမျိုးဆိုလျှင် ရှန်ယွီ၏ ဤအစီအစဉ်ကို ချန်ကျန့် သဘောတူမှာ မဟုတ်ပါဘူး။ သို့သော် သူ၏အဖေနှင့် သူ၏ ညီအစ်ကို မောင်နှမများကြားက အခြေအနေမှာ မတူပါဘူး။ ချန်ကျန့်၏ အဘိုးအဘွားများမှာ အစောကြီး ဆုံးပါးသွားခဲ့ကြသဖြင့်၊ ချန်ကျန့်၏ အဖေမှာ သူ၏ ညီနှင့် ညီမလေးအတွက် ပညာသင်စရိတ်များကို တစ်ဦးတည်း ကျခံပေးခဲ့ရသူ ဖြစ်သည်။ အစောပိုင်း မိသားစု အခြေအနေ ကောင်းစဉ်ကတော့ သူတို့ ဆက်သွယ်မှု ရှိခဲ့ကြသော်လည်း၊ ချန်ကျန့်၏ မိခင် ဖျားနာလာသည့် အချိန်တွင်မူ သူတို့မှာ တဖြည်းဖြည်းနှင့် အဆက်အသွယ် ပြတ်သွားခဲ့ကြလေသည်။ သူ၏အဖေ ပြောပြချက်အရဆိုလျှင် အကြွေးတွေ ဆပ်ရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ မိသားစုချင်းပဲ သိတာမို့လို့၊ သူတို့ မကူညီချင်ကြတာဟာ သဘာဝကျပါတယ်တဲ့လေ။
သို့သော် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခဲ့ရသည်များကို ပြန်တွေးမိတိုင်း ချန်ကျန့်ရင်ထဲမှာတော့ မမျှတဘူးဟု ခံစားနေရဆဲပင်။ သူ နည်းနည်းလောက်တော့ ပေါက်ကွဲချင်နေမိသည်။
သို့သော် နှစ်ဆန်း ၂၇ ရက်နေ့တွင် သူနှင့် ရှန်ယွီ နှစ်ယောက်တည်း မြို့ပေါ်သို့ သွားရန်မှာ မဖြစ်နိုင်တော့ချေ။ ချန်အာဟူက အိမ်ပြန်ဖို့ ခွင့်ယူထားသဖြင့် မနက်ဖြန်မှ ပြန်လာမည်။ လောင်စစ်မှာလည်း ဘေးရွာကို ပြန်သွားလေပြီ။ ဆန်းပင်းနှင့် လောင်ဝူကတော့ ဆိုင်မှာ ရှိနေကြပြီး လိုက်ချင်သည်ဟု ဇွတ်ပြောနေကြသဖြင့် ခေါ်သွားရတော့သည်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဟူဖန်နှင့် နာနာ့ကို ခေါ်သွားဖူးသဖြင့်၊ ဒီတစ်ခါတော့ သူတို့ကို ခေါ်သွားရတော့မှာပေါ့။
“အတိအကျ လူလေးယောက်၊ ချန်ကျန့်အဖေပါဆို ငါးယောက်၊ ကွက်တိပဲ” ဆန်းပင်းက သူ၏လည်ပင်းက ပဝါကို ပြင်ရင်း ဆိုသည် ။
“ဒီပဝါကတော့ မြို့ပေါ်ကို တစ်ခေါက် ရောက်ဖူးရမယ်လေ”
“အေးပါ၊ အေးပါ... သွားကြစို့” ရှန်ယွီက ခေါင်းညိတ်ပြလိုက်သည်။
“တစ်ခုခု မှာဦးမလားဟေ့!”
ဆန်းပင်းက ဧည့်ကြိုကောင်တာဘက်သို့ လှမ်းအော်သည်။ ဆွန်နာနာက ကောင်တာမှာ ရပ်နေရင်းမှ သိုလှောင်ရုံဘက်သို့ လှည့်အော်လိုက်သည်။
“ဖန်ဖန်ရေ... တစ်ခုခု မှာဦးမလား”
“Bubble tea!” ဟူဖန်က လှမ်းအော်သည်။
“Bubble tea တဲ့” ဆွန်နာနာက ပြန်ပြောသည်။
“ရစေရမယ်ဗျာ!” ဆန်းပင်းက ပြန်အော်လိုက်သည်။
ကားမောင်းလိုင်စင် ယူရသည်မှာ ဘာပြဿနာမှ မရှိပါဘူး။ လိုင်စင်ရသည်နှင့် ချန်ကျန့် ပထမဆုံး လုပ်လိုက်သည်မှာ ၎င်းကို ပုံရိုက်ပြီး သူ၏အဖေဆီ ပို့လိုက်ခြင်း ဖြစ်သည်။ အဖေဖြစ်သူကတော့ လက်မထောင်ပြသည့် Emojis ခြောက်ခုနှင့် ပြန်စာ ပို့လာခဲ့သည်။
“မောင်းလေ” ရှန်ယွီက မောင်းသူနေရာ တံခါးကို ပုတ်ပြလိုက်သည်။
“တကယ်ကြီး မောင်းခိုင်းတာလား။ ဘော့စ်ရှန် မမောင်းဘူးလား”
ဆန်းပင်း ချက်ချင်းပင် သတိကြီးသွားသည်။
“အာဟူ လိုင်စင်ရတဲ့ ပထမဆုံးနေ့က ထန်ရွီ့ကားရဲ့ ရှေ့ဘီးကို မြောင်းထဲ မောင်းချခဲ့တာလေ”
“ချန်ကျန့်က အာဟူ မဟုတ်ပါဘူးကွာ” လောင်ဝူက ဝင်ပြောသည်။
“သူ ဆိုင်ကယ်စီးတာတောင် အာဟူထက် တော်သေးတာပဲ။ ပြီးခဲ့တဲ့ တစ်ခေါက် ငါတို့ လေးယောက်လုံး ကားနဲ့ လိုက်တာတောင် သူ့ကို မမီခဲ့ပါဘူး....”
ဆန်းပင်းက သူ့ကို မျက်စောင်းထိုးလိုက်သည် ။
“အတိတ်က အကြောင်းတွေကို ထပ်မပြောနဲ့တော့”
“ဒါ ငါ ပထမဆုံးအကြိမ် ပြောတာပဲလေ” လောင်ဝူက ငြင်းသည်။
“မင်းကတော့ ဘယ်လို လူစားမျိုးပဲလား! စကားတိုင်းကို အနိုင်ပြောရမှလား!”
ဆန်းပင်းက အော်လိုက်သည်။
“မပြောပါဘူး” လောင်ဝူ ကားထဲ ဝင်ထိုင်လိုက်သည်။
“တောက်! မင်းတော့လား!” ဆန်းပင်းလည်း လိုက်ဝင်သွားသည်။
“မပြောပါဘူးဆို” လောင်ဝူက ထပ်ပြောသည်။
"အေးပါ၊ မင်းနိုင်ပါတယ်” ဆန်းပင်း လက်လျှော့လိုက်ရတော့သည်။
“အင်း”
လောင်ဝူက ခေါင်းညိတ်ပြသည်။ ဆန်းပင်းကတော့ သူ့ကို လက်သီးဖြင့် အချက်အချို့ ထိုးနှက်နေတော့သည်။
“မင်းတို့ကတော့ တကယ်ပဲ”
ချန်ကျန့် ရယ်မောရင်း လိုင်စင်ကို အိတ်ထဲ ထည့်ကာ ပြန်ပုတ်လိုက်သည်။
“မင်းတို့ ကားပြိုင်ခဲ့ကြတာလား”
“သူတို့တွေက အရင်က အဓိပ္ပာယ်မရှိတာတွေ အများကြီး လုပ်ခဲ့ကြတာပါ”
ချန်ကျန့် တံခါးလက်ကိုင်ကို ကိုင်ထားရင်းမှ ရှန်ယွီ့ကို လှည့်ကြည့်လိုက်သည် ။
“ကျွန်တော် တကယ်ကြီး မောင်းရမှာလား။ လမ်းမပေါ် တစ်ခါမှ မမောင်းဖူးသေးဘူးနော်၊ ဒီကားကော....”
“ငါ မင်းဘေးမှာ ရှိနေတာပဲ၊ ဘာကြောက်နေတာလဲ” ရှန်ယွီ ဘေးထိုင်ခုံ တံခါးကို ဖွင့်လိုက်သည် ။
“တိုက်ရင်လည်း ကံကောင်းတာပဲ၊ မတိုက်ရင်လည်း ချောမွေ့တာပေါ့။ သွားကြစို့”
ချန်ကျန့် ပြုံးလျက် ကားထဲ ဝင်ထိုင်လိုက်သည်။ သူ လမ်းဟောင်းမှာ အကြိမ်အနည်းငယ် မောင်းဖူးသဖြင့် ကားနှင့်တော့ ရင်းနှီးနေပါပြီ။ စက်နှိုးပြီး ထွက်ခွာရသည်မှာ ချောမွေ့လှသည်။
သို့သော် လမ်းမပေါ် ရောက်သည့် အခါတွင်မူ လမ်းပေါ်မှာ အရာရာက များပြားလွန်းနေသလို သူ ခံစားလိုက်ရသည်။ ဒီမှာ ကားတစ်စီး၊ ဟိုမှာ လူတစ်ယောက်ပေါ့။ နှစ်သစ်ကူး နီးနေပြီဖြစ်သဖြင့် လမ်းပေါ်မှာ လူရော ကားပါ ပုံမှန်ထက် ပိုများနေသည် မဟုတ်ပါလော။ ယာဉ်ထိန်းရုံးရှိရာ လမ်းထဲမှ မောင်းထွက်လာသည့် အချိန်မှာပင် ချန်ကျန့်၏ လက်ဖဝါးများမှာ ချွေးပြန်နေလေပြီ။
“ငြိမ်သားပဲ” ဆန်းပင်းက အနောက်မှ လှမ်းပြောသည်။
“အင်း” ချန်ကျန့် ချက်ချင်းပင် စိတ်အေးသွားရသည်။
“ကွေ့မယ့်မီးပြဦးလေ” ရှန်ယွီက ဘေးမှ သတိပေးလိုက်သည်။
“ဟုတ်ကဲ့”
ချန်ကျန့် ကပျာကယာ မီးပြလိုက်သည်။ ခုနက အေးဆေးဖြစ်သွားသည့် ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြန်သည်။ သို့သော် ရှန်ယွီ ဘေးနားမှာ ရှိနေပေးခြင်းက တကယ်ကို အထောက်အကူ ပြုလှပါပေသည်။ ချန်ကျန့် လုပ်ဆောင်ရမည့် အရာတိုင်းကို ရှန်ယွီက အချိန်ကိုက် သတိပေးနေခဲ့သည်လေ ။ မီးပြတာ၊ လမ်းကြောပြောင်းတာ၊ ကျော်တက်တာ စသည်ဖြင့်ပေါ့။
သူ၏ အဒေါ်ဖြစ်သူ၏ ကုန်စုံဆိုင်လေးနားသို့ ရောက်ခါနီးမှ ဆန်းပင်းက မေးလိုက်သည်။
“ငါတို့ ဘယ်သွားနေတာလဲဟင်”
“မန်နေဂျာ ဆွေမျိုးတွေဆီ သွားလည်မလို့လေ”
ရှန်ယွီက ပြောရင်း စတီယာရင်ကို လှမ်းကိုင်လိုက်သည်။ ချန်ကျန့်က လမ်းဘေးက ကားပါကင် နေရာထဲသို့ ဝင်ရန် ပြင်စဉ်မှာပင်၊ ရှန်ယွီက ညာဘက်သို့ အနည်းငယ် ပြန်တည့်ပေးလိုက်သည် ။
“အေး... အဲ့ဒီအတိုင်းပဲ၊ လီဗာကို နည်းနည်း နင်းပြီး တက်လိုက်တော့”
ကားလေး လမ်းပေါ်သို့ တက်သွားခဲ့သည်။
“ကားပြန်ရပ်တာကတော့ မင်းပဲ လုပ်ပေးမှ ဖြစ်မယ် ထင်တယ်....” ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။
“ဘာလို့ ကားပါကင်မှာ သွားရပ်နေမှာလဲ။ ဆိုင်အရှေ့တည့်တည့်မှာပဲ ရပ်လိုက်လေ။ နှစ်မိနစ်အတွင်း ပြန်ထွက်မှာပဲဟာကို”
“ဟုတ်ကဲ့” ချန်ကျန့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ၊ ကုန်စုံဆိုင်လေး၏ အဝင်ဝတွင် ကားကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
ဖန်သားပြင်မှတစ်ဆင့် သူ၏ အဒေါ်ဖြစ်သူ ပစ္စည်းတွေ စီနေသည်ကို သူ မြင်နေရသည်။ ချန်ကျန့် ကားပေါ်မှ ဆင်းကာ၊ နောက်ဖုံးကို ဖွင့်ပြီး လက်ဖက်ခြောက် သေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဒါရိုက်တာဟယ်တို့ အဖွဲ့ လေ့လာရေး ခရီးစဉ်အတွင်း ဘေးရွာမှ ယူလာခဲ့သော နမူနာ ပစ္စည်းတစ်ခု ဖြစ်သည်။ ထုပ်ပိုးမှုကတော့ လှပသော်လည်း အရသာကတော့ သူ မသိပါဘူး။
ဆိုင်ရှေ့မှာ ကားတစ်စီး လာရပ်သည်ကို မြင်လျှင် မြင်ချင်းပင် သူ၏ အဒေါ်ဖြစ်သူမှာ တံခါးဝသို့ လျှောက်လာပြီး၊ လိုက်ကာကို မကာ ခေါင်းပြူကြည့်တော့သည်။
“အန်တီ” ချန်ကျန့်က လှမ်းခေါ်လိုက်သည်။
အဒေါ်ဖြစ်သူမှာ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ မှင်သက်သွားရတော့သည်။ သူမသည် ကားကို တစ်ချက်ကြည့်လိုက်၊ ထို့နောက် ချန်ကျန့်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်နှင့် လုပ်နေပြီးမှ အံ့သြတကြီး မေးလိုက်သည် ။
“ချန်ကျန့် လား”
“ဟုတ်ကဲ့၊ အန်တီ ဆိုင်မှာ တစ်ယောက်တည်းလား”
ချန်ကျန့် အနားသို့ လျှောက်သွားရင်း မေးလိုက်သည်။
“အေး... အန်ကယ်ကတော့ အိမ်မှာလေ။ မင်းက....”
“ကျွန်တော် ဒီနားမှာ အလုပ်ကိစ္စလေး ရှိတာနဲ့ ဝင်တွေ့တာပါ။ နှစ်သစ်ကူးတော့မှာဆိုတော့လေ”
ချန်ကျန့် လက်ဖက်ခြောက် သေတ္တာကို ကမ်းပေးလိုက်သည်။
“အို... တကယ်ပါပဲ”
အဒေါ်ဖြစ်သူက လက်ဖက်ခြောက်ကို ယူကာ ခေတ္တ တုံ့ဆိုင်းနေပြီးမှ လိုက်ကာကို မပေးလိုက်သည်။
“အထဲဝင်ပြီး ခဏ ထိုင်ပါဦးလား”
“မလိုပါဘူး၊ ခဏနေရင် ဦးလေးဆီ သွားရဦးမှာမို့လို့ပါ။ ပြီးရင် အဖေ့ကို သွားကြိုပြီး နှစ်သစ်ကူးဖို့ ပြန်ကြမှာလေ”
“မင်း... အခု အဆင်ပြေနေတာပေါ့ ဟုတ်လား” အဒေါ်ဖြစ်သူက မေးသည်။
“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်”
“ဒီကားကော... မင်းရဲ့ ကားလား”
အဒေါ်ဖြစ်သူက အပြင်သို့ နောက်ထပ် နှစ်လှမ်းခန့် ထွက်ကာ ကားကို ငေးကြည့်ရင်း မေးလိုက်သည်။
မဟုတ်ပါဘူး။ ဒါပေမဲ့ ဟုတ်ပါတယ်လို့ ပြောလို့ ရတာပဲ။
“ဟုတ်ကဲ့” ချန်ကျန့် ပြန်ဖြေလိုက်သည်။
မင်းတော့ တကယ်ကို အရှက်မရှိတဲ့လူပဲ ချန်ကျန့်ရေ! ဒါပေမဲ့လည်း ခံစားလို့တော့ တကယ် ကောင်းသားပဲ။
“အဲ့ဒီလောက်တောင် လောနေရတာလား။ မင်းအဖေဆီ ဖုန်းဆက်ပြီး အကုန်လုံး အတူတူ ထမင်းစားကြပါလား။ ငါတို့ မတွေ့ဖြစ်ကြတာ.... နှစ်တွေ အများကြီး ရှိပြီ မဟုတ်လား”
ချန်ကျန့် စကားကို ဘယ်လို အဆုံးသတ်ရမလဲ စဉ်းစားနေစဉ်မှာပင်၊ ကားမှန်မှာ လျှောကျသွားခဲ့သည်။ ဆန်းပင်းတစ်ယောက် နေကာမျက်မှန် အမည်းကြီးကို တပ်လျက် သူ၏ မျက်နှာတစ်ခြမ်းကို ပြူထွက်လိုက်သည် ။
“ဘော့စ်ချန်... ဘော့စ်ရှန် က ဖုန်းဆက်ပြီး စစ်ဆေးနေတယ်ဗျ”
အဒေါ်ဖြစ်သူမှာ ဆန်းပင်းကို မှတ်မိလေသည်။ ဆယ်နှစ်ကျော် ကြာသွားခဲ့သော်လည်း၊ ဆန်းပင်းမှာ ငယ်ငယ်က ပုံစံအတိုင်းပင် ကိုယ်ကောင်ကြီးလာခြင်းသာ။ နေကာမျက်မှန် တပ်ထားခြင်းမှာတော့ မှတ်မိမှာ စိုးလို့ ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရွာမပြန်သော်လည်း ဝက်ခြံဂိုဏ်းသားများအကြောင်းကိုတော့ သိသူများထံမှ ကြားနေရဦးမည် မဟုတ်ပါလော။ မည်ကဲ့သို့သော "ဘော့စ်" (President) ပဲ ဖြစ်ဖြစ်၊ ဆန်းပင်း ပါဝင်နေသည်ဆိုလျှင်တော့ ၎င်းမှာ တရားဝင် လုပ်ငန်းတစ်ခု မဟုတ်သလို ခံစားရစေသည်လေ။
ထို့ကြောင့် ဆန်းပင်းမှာ သူ၏ စကားကို ပြောပြီးသည်နှင့် ကားထဲသို့ အမြန် ပြန်ဝင်သွားခဲ့သည်။
“အလုပ်တွေ တအား များနေတာပဲနော်” အဒေါ်ဖြစ်သူက ချန်ကျန့်ကို ကြည့်ကာပြော၏။
“မင်းလည်း.... အခုတော့ တကယ်ကြီး အောင်မြင်နေပြီပဲ”
“နှစ်သစ်ကူး နီးနေတော့ အလုပ်များတာပေါ့။ ကျွန်တော် သွားတော့မယ်နော်၊ အန်ကယ်ကိုလည်း နှုတ်ဆက်တယ်လို့နော်”
“အေးပါ၊ အေးပါ။ မင်းအဖေကော နေကောင်းရဲ့လား”
“နေကောင်းပါတယ်”
ချန်ကျန့် ပြုံးလျက် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။
အဒေါ်ဖြစ်သူမှာတော့ ကားကို ငေးကြည့်ရင်း တံခါးဝမှာ ရပ်ကျန်ခဲ့တော့သည်။ ချန်ကျန့် ကားကို U-turn လှည့်ရန် လိုအပ်သည်လေ။ သူမက ငေးကြည့်နေသဖြင့်၊ သူ၏ ကားမောင်းမှုမှာ အရင်ကထက် ပိုပြီးတော့တောင် ထော့နဲ့ထော့နဲ့ ဖြစ်နေတော့သည်။ ဒီလို အချိန်မျိုးမှာ တစ်ခုခု မှားယွင်းသွားလျှင်တော့၊ အဒေါ်ဖြစ်သူက ဤကားကို ခိုးလာတာလို့ ထင်သွားမှာ သေချာပါသည်။
“စတီယာရင်ကို ဘယ်ဘက် အကုန်လှည့်လိုက်။ လီဗာကို ဖြည်းဖြည်းချင်း နင်း။ အေး... အဲ့ဒါပဲ။ စတီယာရင် ပြန်တည့်။ နောက်ဆုတ်။ ညာဘက်ကို အကုန်လှည့်။ အိုကေ... လီဗာနင်း။ ရပ်။ ဘယ်ဘက်ကို နောက်တစ်ခါ အကုန်လှည့်။ ရှေ့တိုး....”
ကား၏ ရေဒါ မှာ မြည်လာခဲ့သည်။ ချန်ကျန့် ဘရိတ်ကို ချက်ချင်း နင်းလိုက်သည်။
“ဟိုကားရဲ့ အနောက်ကို တိုက်မိတော့မယ်”
“ဝေးပါသေးတယ်၊ ဆန်းပင်း တစ်ယောက် လှဲနေလို့တောင် ရသေးတယ် ။ ဆက်မောင်း၊ မတိုက်ဘူး”
ချန်ကျန့် ဆက်လက် မောင်းနှင်လိုက်ရာ၊ တကယ်ပင် မတိုက်ပါဘူး။ သူ နောက်ဆုံးတွင် U-turn ကို ချောမွေ့စွာ ပြုလုပ်နိုင်ခဲ့သည်။ တံခါးဝမှာ ရပ်နေဆဲဖြစ်သော သူ၏ အဒေါ်ဖြစ်သူကို တစ်ချက် လှမ်းကြည့်ပြီးမှ ကားကို ရှေ့သို့ မောင်းထွက်လာခဲ့တော့သည်။
“တော်လိုက်တာဗျာ!” ဆန်းပင်းက အနောက်မှ ထိုင်ခုံကို ပုတ်ရင်း ဆိုသည်။
“ကျွန်တော့် သရုပ်ဆောင်မှုကော ဘယ်လိုလဲ”
“ပြည့်စုံတယ်။ ဒါ ဘယ်သူ စီစဉ်ပေးတာလဲ”
“ဘော့စ်ရှန် ပေါ့ဗျာ၊ မင်း အဲ့ဒီကနေ မထွက်နိုင်မှာ စိုးလို့တဲ့။ ဟေး... မင်းအဒေါ်လည်း တော်တော် အိုသွားပြီပဲနော်။ ငယ်ငယ်က ငါ့အိမ်ကို လာပြီး ငါ့ကို ရိုက်တုန်းကတော့ မျက်နှာမှာ အရေးအကြောင်း တစ်ခုမှ မရှိသေးဘူး”
Comments
Post a Comment