အပိုင်း (၈၉)
“၁၀ နှစ်ကျော်တောင် ရှိသွားပြီပဲ”
“တကယ့်ကို ခံစားလို့ကောင်းလိုက်တာ!” ဆန်းပင်းက လက်ခုပ်တီးရင်း ဆိုသည်။
“မင်းရဲ့ အဒေါ်နဲ့ ဦးလေးကတော့ တကယ်ကို... အဲ့ဒီလို အလုပ်ခံရဖို့ ထိုက်တန်ပါတယ်။ အခုမှပဲ စိတ်ထဲက အလုံးကြီး ကျသွားတော့တယ်”
“အခု မင်းဦးလေးအိမ်ကို သွားမှာလား” ရှန်ယွီက မေးသည်။
“ဟုတ်ကဲ့”
အစက ကားမောင်းထွက်လာတုန်းက နည်းနည်း စိတ်လှုပ်ရှားနေခဲ့သော်လည်း၊ ခုနက အဖြစ်အပျက်ပြီးနောက်တွင် သူ၏ ကားမောင်းမှုမှာ ရုတ်တရက် ချောမွေ့သွားသလို ခံစားလိုက်ရသည်။ ၁၀ နှစ်ဝါရင့် ယာဉ်မောင်းတစ်ဦးကဲ့သို့ပင် စိတ်လက်ပေါ့ပါးနေလေပြီ။
သို့သော် လမ်းတစ်ဝက်တွင် ချန်ကျန့်၏ ဖုန်းမြည်လာခဲ့သည်။ သူ၏အဖေဆီမှ ဖြစ်သည်။ လောင်ဝူက ချန်ကျန့်ကိုယ်စား ဖုန်းကိုင်ပေးလိုက်သည်။
“ဦးလေးချန်... ကျွန်တော် လောင်ဝူ ပါ။ ချန်ကျန့်က ကားမောင်းနေလို့ပါ.... ဗျာ။ ဟုတ်လား။ ဪ….ဪ…ဪ”
“မင်းကလည်း ဘာတွေ ဪ နေတာလဲ” ဆန်းပင်းက ရှန်ယွီကို လှမ်းကြည့်သည်။
“ဪ... ဟုတ်ကဲ့၊ သိပါပြီ ဦးလေး။ ကျွန်တော် ပြောလိုက်ပါ့မယ်။ ဒါဆို ကျွန်တော်တို့ အခုပဲ ဦးလေးကို လာကြိုလိုက်တော့မယ်နော်။ ပစ္စည်းတွေ အကုန်ပြင်ထားလိုက်တော့....”
“ထွက်ဖို့ ပြင်ထားလိုက်ပါလို့!”
ဆန်းပင်းက လောင်ဝူ့ကို ကောင်းကောင်းသိနေသဖြင့် သူ မတော်တဆ စကားလွဲပြောမိမှာစိုး၍ ချက်ချင်း ဝင်ဖြတ်ပြောလိုက်သည်။
လောင်ဝူ ဖုန်းချလိုက်သည်။
“ချန်ကျန့်... မင်းဦးလေးက မင်းအဖေဆီ ဖုန်းဆက်တယ်တဲ့။ သူ အခု မြို့ထဲမှာ မရှိဘူး၊ ခရီးထွက်သွားလို့တဲ့၊ မင်းတို့ကို လာမနေနဲ့တော့လို့ ပြောခိုင်းလိုက်တယ်”
“တောက်!” ဆန်းပင်း အားရပါးရ ရယ်မောတော့သည် ။
“ညာတာမှ တကယ့်ကို အပေါစား ညာနည်းပဲ”
“ဒါဆိုလည်း မသွားတော့ဘူးပေါ့။ သူလည်း အခုဆို မင်းရဲ့ အခြေအနေကို သေသေချာချာ ရိပ်မိသွားလောက်ပါပြီ”
“သူ မင်းကို မတွေ့ချင်တော့ဘူး၊ လုံးဝကို မတွေ့ချင်တော့တာ”
ဆန်းပင်းကတော့ သူကိုယ်တိုင်အနိုင်ရသလိုမျိုး တခစ်ခစ်နှင့် ရယ်နေတော့သည်။
“ဒါဆိုလည်း အဖေ့ကိုပဲ သွားကြိုကြတာပေါ့”
“လမ်းညွှန်ပေးဖို့ လိုမလား ဘော့စ်ချန်” ရှန်ယွီက မေးသည်။
“မလိုပါဘူး၊ ဒီလမ်းကို ကျွန်တော် သိပါတယ်.... ရှန်ယွီလေး” ချန်ကျန့်က ပြန်နောက်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရောက်ခဲ့သည့် မိုတယ်အသေးလေးပင် ဖြစ်သည်။ ချန်ကျန့် ထိုနေရာသို့ ပြန်ရောက်သည့်အခါ၊ ရက်ပိုင်းအတွင်းမှာပင် ထိုမိုတယ်နှင့် ဘေးက ထီဆိုင်လေးကို မြင်ရသည့် သူ၏ ခံစားချက်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏အဖေမှာ ပစ္စည်းများကို အိတ်ထဲ ထည့်ပြီးသားဖြစ်ကာ၊ မိုတယ်အဝင်ဝက အစုတ်အပြတ် ဆိုဖာပေါ်တွင် ထိုင်လျက် အအေးဒဏ်ကြားမှာ စောင့်နေလေသည်။
“ဘာလို့ အထဲမှာ မစောင့်တာလဲ မသိဘူး....” ချန်ကျန့် တိုးတိုးလေး ညည်းတွားမိသည်။
အခု သူ ရင်ဆိုင်နေရသည်မှာ ဘေးတစ်ဖက်တစ်ချက်တွင် ကားများ ရပ်ထားသည့်ကြားသို့ ကားကို ဘေးစောင်း အနေအထားနှင့် ရပ်ရမည့် ခက်ခဲသော အလုပ်ပင် ဖြစ်သည်။
“စောင်းပြီးပဲ နောက်ဆုတ်လိုက်။ အတိအကျကြီး ရပ်နေဖို့ မလိုပါဘူး”
“ဗျာ”
ချန်ကျန့် ရှန်ယွီကို နားမလည်သလို လှမ်းကြည့်သည်။
“မင်းတို့ နှစ်ယောက် ဆင်းပြီး ပစ္စည်းတွေကို နောက်ဖုံးထဲ သွားထည့်လိုက်ကြ”
ရှန်ယွီက အနောက်ခန်းက ဆန်းပင်းနှင့် လောင်ဝူ့ကို လှည့်ပြောသည်။
“အချိန်ကုန် သက်သာအောင်လို့လေ”
“ဟုတ်ကဲ့!” ဆန်းပင်းက ချက်ချင်း တံခါးဖွင့်ကာ ဆင်းလိုက်သည်။
“ဆန်းပင်း...ဒါ ငါတို့ တည်းခိုခန်းကို ဝန်ထမ်း မိသားစု ပထမဆုံးအကြိမ် လာလည်တာနော်။ သေသေချာချာ နေကြစမ်း၊ ချန်ကျန့် မျက်နှာပွင့်အောင် လုပ်ပေးကြ”
“သိပါပြီ ဘော့စ်!”
ဆန်းပင်း လက်ခုပ်တစ်ချက် တီးလိုက်သည်။ သူ ကားပေါ်က ဆင်းသည်နှင့် အဖေဖြစ်သူဆီသို့ အပြေးသွားရင်း လှမ်းအော်တော့သည်။
“ဦးလေးချန်! မန်နေဂျာချန် နဲ့ ကျွန်တော်တို့ ဦးလေးကို လာကြိုတာဗျ!”
ခုနက ဖုန်းထဲမှာတော့ ချန်ကျန့် လို့ ခေါ်ခဲ့သော်လည်း၊ အခု လူချင်းတွေ့သည့် အခါမှာတော့ မန်နေဂျာချန် ဖြစ်သွားလေပြီ။
“မန်နေဂျာ”
လောင်ဝူကလည်း အသံကို မြှင့်ပြီး အော်လိုက်သည်၊ ၎င်းမှာ အလေးအနက် ထားသည်လား သို့မဟုတ် လျှောက်အော်ခြင်းလားတော့ မသိပါဘူး။ အော်ပြီးမှ သူကိုယ်တိုင်လည်း ထူးဆန်းနေမှန်း သိသဖြင့် ထပ်အော်ပြန်သည် ။
“ကျွန်တော်တို့ လာကြိုတာဗျာ”
သူတို့၏ သရုပ်ဆောင်မှုများကို ကြည့်လျှင် ခုနက အဒေါ်ဖြစ်သူနှင့် အကြာကြီး စကားမပြောဖြစ်ခဲ့သည်မှာ တော်ပါသေးသည်။ လောင်ဝူသာ အပြင်ထွက်ပြမိလျှင်တော့ ဇာတ်လမ်း ပျက်သွားမှာ သေချာပါသည်။
ချန်ကျန့်ကတော့ ၎င်းကို အာရုံမစိုက်အားပါဘူး။ အနောက်မှာ နောက်ထပ် ကားတစ်စီး ရှိနေသဖြင့် သူ ကားကို အမြန်ပင် အနေအထား ပြင်ကာ ကားပါကင် နေရာထဲသို့ ထိုးထည့်လိုက်ရသည်။ သူ ကားရပ်လိုက်သည်နှင့် ဆန်းပင်းနှင့် လောင်ဝူတို့မှာ အဖေဖြစ်သူ၏ အိတ်များကို သယ်ကာ အပြေးရောက်လာကြလေပြီ။
“မင်း ဆင်းစရာ မလိုပါဘူး” ရှန်ယွီက ဆိုကာ တံခါးဖွင့်၍ အပြင်သို့ ထွက်လိုက်သည်။
ချန်ကျန့် ခေါင်းလှည့်ကာ သူ၏အဖေကို ကြည့်လိုက်သည်။ အဖေဖြစ်သူ၏ ပုံစံမှာလည်း လွန်ခဲ့သော ရက်ပိုင်းကနှင့် မတူပါဘူး။ ဖြစ်နိုင်သည်မှာ လစာ ရလိုက်သောကြောင့် ဖြစ်လိမ့်မည်၊ သို့မဟုတ် သားဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်များ ရှေ့တွင် မျက်နှာရစေရန် ပြင်ဆင်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။ သူသည် သန့်ရှင်းသော အဝတ်အစားများကို လဲဝတ်ထားသလို၊ ဆံပင်လည်း အသစ် ညှပ်ထားသဖြင့် ကြည့်ရသည်မှာ လန်းဆန်းနေလေသည်။ သို့သော် အနက်ရောင် ဆံပင်များအောက်တွင် ဖြူစပြုနေသော ဆံပင်တိုလေးများကိုတော့ မြင်နေရဆဲပင်။
သူသည် အသက် ၄၀ ကျော်သာ ရှိသေးသော်လည်း၊ ဆံပင်များမှာ အတော်ပင် ဖြူနေခဲ့လေပြီ။
“ဦးလေးချန်... ဘေးထိုင်ခုံမှာ ထိုင်လေ” ဟု ရှန်ယွီက ဖိတ်ခေါ်လိုက်သည်။
“မ... မဟုတ်တာ၊ ရပါတယ်” အဖေဖြစ်သူက လက်ယမ်းပြသည်။
“ကျွန်တော် အနောက်မှာပဲ ထိုင်ပါ့မယ်။ ဘော့စ်ပဲ အရှေ့မှာ ထိုင်ပါ”
“ရပါတယ် ဦးလေးရဲ့…အရှေ့က ပိုကျယ်ပါတယ်....” ဆန်းပင်းက ဝင်ပြောပေးသည်။
“ကျယ်တယ်ဆိုရင်လည်း ဘော့စ်ပဲ ထိုင်သင့်တာပေါ့”
“ဘော့စ်တွေက အမြဲတမ်း အနောက်မှာပဲ ထိုင်ကြတာလေ”
လောင်ဝူက ရုတ်တရက် ဉာဏ်နီဉာဏ်နက် သုံးကာ ဆိုလိုက်သည်။
“ဘော့စ်ရှန်…ဘော့စ်ရှန်....”
“ဟင်” ရှန်ယွီ ချက်ချင်းပင် မှန်နားသို့ ပြန်ကပ်လာသည်။ ချန်ကျန့်က တိုးတိုးလေးပြောလာသည်။
“မင်းပဲ အရှေ့မှာ ထိုင်ပါလား။ ကျွန်တော်က မောင်းနေတာလေ။ အနောက်ကနေ လမ်းကြည့်ပေးမယ့်အစား ဘေးကနေ ကြည့်ပေးတာ ပိုကောင်းမယ် မဟုတ်လား”
“ဪ... ဟုတ်သားပဲ၊ မင်းက လမ်းမမြင်တဲ့ လူသစ်ကြီးဆိုတာ ငါ မေ့သွားတယ်”
ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတွင်တော့ သူ၏အဖေနှင့် “ဘော့စ်” နှစ်ယောက်ဖြစ်သော ဆန်းပင်းနှင့် လောင်ဝူတို့မှာ အနောက်ခန်းတွင် အတူတူ ထိုင်လိုက်ကြရသည်။ ရှန်ယွီကတော့ အရှေ့ကနေ၍ သူ၏ လူသစ်ကလေး လမ်းကို မြင်အောင် ကူညီပေးနေလေသည်။
“ဒီကားက ဘော့စ်ရဲ့ ကားလားဟင်”
အဖေဖြစ်သူမှာ အစပိုင်းတွင် အနည်းငယ် စိုးရိမ်နေသော်လည်း၊ ငယ်ငယ်ကတည်းက မြင်ဖူးခဲ့သော ဆန်းပင်းနှင့် လောင်ဝူတို့ကြောင့် အနည်းငယ် စိတ်အေးသွားပုံရသည်။
“တည်းခိုခန်းက ကားပါ၊ ဘယ်သူမဆို မောင်းလို့ ရပါတယ်” ရှန်ယွီက ရှင်းပြသည်။
“အဓိကကတော့ ဘော့စ်နဲ့ မန်နေဂျာပဲ မောင်းကြတာပါ။ ဆိုင်မှာ နောက်ထပ် ကားတစ်စီးလည်း ရှိသေးတယ် ဦးလေးရဲ့”
ဆန်းပင်းက ဝင်ကြွားလိုက်သည်။
“အော်... ကားအုပ်စုကြီး ရှိတာပေါ့” အဖေဖြစ်သူက ခေါင်းညိတ်ပြသည်။
“ကားအုပ်စုကြီးရယ်လို့တော့ မဟုတ်ပါဘူး....” ချန်ကျန့် ရယ်မောလိုက်သည်။
“ကားအုပ်စုပါပဲဗျာ။ တစ်စီးထက် ကျော်ရင် အုပ်စုပဲပေါ့။ လူနှစ်ယောက်ဆိုရင် အဖွဲ့ (Team) လို့ ခေါ်လို့ရတာပဲ မဟုတ်လား ဘော့စ်ရှန်” ဆန်းပင်းက ဆိုသည်။
“ဟုတ်တာပေါ့” ရှန်ယွီပင် ဆန်းပင်းကို မအောင့်နိုင်ဘဲ လှမ်းကြည့်လိုက်ရသည်။
“ဟင်းချက်စရာတွေ အကုန် ဝယ်ပြီးပြီလားဟင်”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အဖေဖြစ်သူက သူ၏ နှစ်သစ်ကူး အချိန်ပိုင်း အလုပ်အတွက် စတင် စိုးရိမ်လာတော့သည်။
“အကုန် အဆင်သင့်ဖြစ်လောက်ပါပြီ။ ရောက်ရင် တစ်ချက် ကြည့်လိုက်ပေါ့။ လိုတာရှိရင် ထပ်ဝယ်ကြတာပေါ့”
“အေးပါ၊ အေးပါ။ ငါ့လက်ရာကတော့ သာမန်ပါပဲ၊ မင်းတို့ပဲ သည်းခံပြီး စားကြရမှာပေါ့”
“ဒီလူတွေကတော့ စားစရာ ရှိရင်ကို ပျော်နေကြတာပါ။ လူစည်စည်ကားကားနဲ့ဆိုရင် ဘာစားစား ကောင်းနေတာပဲလေ” ရှန်ယွီက ဆိုလိုက်သည်။
“အတိအကျပါပဲဗျာ!” ဆန်းပင်းက ထောက်ခံသည်။
“မင်းရဲ့ အဖိုးကော နေကောင်းရဲ့လား” အဖေဖြစ်သူက ဆန်းပင်းကို လှမ်းမေးသည်။
“မူလအတိုင်းပါပဲ၊ တုန်တုန်ချိချိနဲ့ပေါ့၊ ဒါပေမဲ့ ပိုတော့ မဆိုးသွားပါဘူး ။ သူကတော့ အခုလောလောဆယ် မသေသေးဘူးလို့ ပြောတာပဲ”
ဆန်းပင်းစကားကြောင့် အဖေဖြစ်သူ ရယ်မောလိုက်သည်။
“အဘိုးကြီးက အခုထိ အဲ့ဒီအတိုင်း ပြောတုန်းပဲလား”
လမ်းတစ်လျှောက်တွင် အဖေဖြစ်သူက မြို့ထဲ၊ ရွာထဲက အကြောင်းအရာ အများအပြားကို မေးမြန်းနေခဲ့သည်။ ဤနှစ်များအတွင်း သူ ပြန်လာဖြစ်သော်လည်း ခဏတဖြုတ်သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရွာမှာ သူနေစရာ နေရာ မရှိတော့သလို၊ ချန်ကျန့်ဆီမှာလည်း ရှောင်သိုအာတို့ အိမ်မှာဆိုတော့ အမြဲ ကပ်နေလို့ မရဘူး မဟုတ်ပါလော။ ယခုတစ်ကြိမ် တာယွင်မှာ နှစ်သစ်ကူးခွင့် ရခြင်းမှာ သူ၏ အိမ်လွမ်းစိတ်ကို အနည်းငယ် ပြေပျော့စေခဲ့သည်။
ဆန်းပင်းနှင့် လောင်ဝူတို့မှာတော့ တကယ့်ကို မြို့ပတ် ရွာပတ် လျှောက်သွားနေကြသည့် လူငယ်များပီပီ ဘယ်သူ မင်္ဂလာဆောင်တယ်၊ ဘယ်သူ ကွာရှင်းတယ်၊ ဘယ်သူတွေ ရန်ဖြစ်တယ်၊ ဘယ်သူတွေ ပြောင်းသွားတယ် ဆိုတာတွေကို အကုန် သိနေကြလေသည်။ ချန်ကျန့်ကတော့ ၎င်းတို့ကို မမီပါဘူး။ သူကတော့ အချိန်ပိုင်း အလုပ်တွေ လုပ်နေရတာနဲ့တင် အချိန်ကုန်နေခဲ့သည်လေ။
အဖေဖြစ်သူ၏ ရှေ့တွင် မျက်နှာရလိုသောကြောင့်လားမသိ၊ ချန်ကျန့်၏ မြို့သို့ အပြန်ခရီးမှာ အံ့သြစရာ ကောင်းလောက်အောင် ချောမွေ့ခဲ့သည်။ ရှန်ယွီက နှစ်ကြိမ် သုံးကြိမ်ခန့်သာ သတိပေးလိုက်ရသည်။ တစ်ခုတည်းသော အခက်အခဲမှာ တာယွင် ဝင်းထဲသို့ ကားမောင်းဝင်ခြင်းပင် ဖြစ်သည်။ သူ ကားကို သေသေသပ်သပ် ရပ်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ရလေသည်။
ကားပေါ်က ဆင်းလိုက်သည်နှင့် ဟူဖန် အထဲမှ ပြေးထွက်လာသည် ။
“မင်္ဂလာပါ ဦးလေးချန်!”
“အေး... အေး... မင်္ဂလာပါ သမီး” အဖေဖြစ်သူက အလျင်အမြန် ခေါင်းညိတ်ပြသည်။
“ဒါ ကျွန်တော်တို့ ဧည့်ကြိုကောင်တာက ဟူဖန် လေ။ ဖန်ဖန် လို့ပဲ ခေါ်ပါ” ဟု ချန်ကျန့်က မိတ်ဆက်ပေးလိုက်သည်။
ဆန်းပင်းနှင့် လောင်ဝူတို့က အဖေဖြစ်သူ၏ အိတ်များကို အိပ်ဆောင်သို့ အရင် သယ်သွားကြသည်။ ချန်ကျန့်က သူ၏အဖေကို ဧည့်သည်ခန်းမှာ ထားချင်သော်လည်း၊ အဖေဖြစ်သူက သဘောမတူပါဘူး။ သူ အနေရခက်မှာ စိုးသဖြင့် ချန်ကျန့်လည်း ဇွတ်မတိုက်တွန်းတော့ပါဘူး။ အိပ်ဆောင်မှာလည်း အပိုကုတင် တစ်လုံး ရှိနေသည်လေ။
ချန်ကျန့်နှင့်အတူ အထဲသို့ လျှောက်ဝင်လာစဉ် အဖေဖြစ်သူက စိတ်လှုပ်ရှားစွာ ဆိုသည်။
“မင်းတို့ တည်းခိုခန်းက တကယ်ကို ကြီးတာပဲနော်”
“ဟုတ်ကဲ့၊ မဆိုးပါဘူး။ အကြီးဆုံးတော့ မဟုတ်ပါဘူး။ အထဲက လျန်ရွီ က တော့ ပိုကြီးတယ်လေ”
“ဦးလေးချန်” ဆွန်နာနာ ရေနွေးကြမ်းတစ်ခွက်ကို ကိုင်ကာ ရောက်လာသည် ။
“ရေနွေးလေး သောက်ပြီး ခဏ နားပါဦး”
“ကျေးဇူးပါ သမီးရယ်” အဖေဖြစ်သူမှာ အနည်းငယ် ပြာပြာသလဲနှင့် ခွက်ကို လှမ်းယူလိုက်သည်။
“နာနာ လို့ပဲ ခေါ်ပါ ဦးလေး”
ဆွန်နာနာက ပြုံးလျက် ဆိုပြီးမှ ချန်ကျန့်ဘက်သို့ လှည့်လိုက်သည်။
“မန်နေဂျာချန်... အခုတင် ပစ္စည်းအချို့ ရောက်လို့ သိုလှောင်ရုံထဲ ထည့်ထားတယ်နော်။ အားတဲ့အခါ စာရင်းလေး တစ်ချက် ကြည့်ပေးပါဦး”
“ဟုတ်ကဲ့”
“ဒါရိုက်တာဟယ် လည်း ဒီနေ့ နေ့လယ်က ရောက်လာသေးတယ်၊ ဘာကိစ္စလဲတော့ မသိဘူး။ သူ့ဆီ ဖုန်းပြန်ဆက်ဦးမလား”
“ဒါ့လီ ဆီကို အရင် ဖုန်းဆက်မေးကြည့်လိုက်မယ်၊ ပြီးမှပဲ လုပ်တာပေါ့”
ဆိုင်က လူအားလုံးနှင့် တွေ့ဆုံပြီးနောက်၊ သူ၏ အချိန်ပိုင်းအလုပ်ကို အမြဲ အာရုံစိုက်နေသော အဖေဖြစ်သူမှာ မီးဖိုချောင်သို့ အရင် သွားကြည့်လေသည်။ သူသည် နောက်ရက်များအတွက် ပြင်ဆင်ထားသော ဟင်းချက်စရာများကို ကြည့်ရှုစစ်ဆေးပြီးမှ၊ ချန်ကျန့်နှင့်အတူ ဆိုင်ထဲ တစ်ပတ် လှည့်ပတ်ကြည့်ရှုတော့သည်။
“မင်း အလုပ်မများဘူးလား။ မင်း အလုပ် သွားလုပ်လေ၊ ငါ့ဘာသာ ငါ လျှောက်ကြည့်လို့ ရပါတယ်”
“ခဏလေးပါ အဖေရဲ့” ချန်ကျန့် သူ၏ ခါးပတ်မှာ စက်ကို ချိတ်လိုက်ရင်း …
“ကျွန်တော် အဖေ့ကို အရင် လိုက်ပြပါ့မယ်၊ ဒါမှ နေရာနဲ့ ကျင့်သားရသွားမှာပေါ့”
“အခု ဆိုင်မှာ ဧည့်သည်တွေ အများကြီး ရှိလား။ ဝင်းထဲမှာ ကားတွေ ပြည့်နေတာပဲ”
“ဟုတ်ကဲ့၊ ဒါတောင် အစည်ဆုံး အချိန် မဟုတ်သေးဘူးနော်။ အရင်ကဆိုရင် လူတွေ တအားများလို့ ကျွန်တော်တို့ ကားတွေကိုတောင် အပြင်မှာ သွားရပ်ထားရတာလေ”
အဖေဖြစ်သူ ခေါင်းညိတ်ပြရင်း ပထမထပ် တစ်ခုလုံးကို ဝေ့ကြည့်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
“ဒီနေရာကတော့ မင်း အရင်က လုပ်ခဲ့တဲ့ အချိန်ပိုင်း အလုပ်တွေထက် အများကြီး ပိုကောင်းတာပဲ” အဖေဖြစ်သူက စိတ်လှုပ်ရှားစွာ ဆိုသည်။
“နေပူမိုးရွာလည်း မရှိဘူးလေ။ အရင်ကဆိုရင် မင်း အလုပ်လုပ်တာ လပိုင်းလောက်နဲ့တင် အသားတွေ တအား မည်းသွားတာ မဟုတ်လား”
“ဟုတ်ပ”
ချန်ကျန့် ပြုံးလိုက်မိသည်။ ထိုစကားမှာ သူ၏အဖေနှင့် ပိုပြီး ကိုက်ညီလှပေသည်။ အဖေဖြစ်သူမှာ အခုတော့ အသားတွေ တအား မည်းနေသလို၊ သန့်သန့်ရှင်းရှင်း ပြင်ထားသော်လည်း သူ၏ လက်နှင့် မျက်နှာပေါ်က ပပ်ကြားအက်ရာများကိုတော့ အထင်အရှား မြင်နေရဆဲပင် ဖြစ်သည်။
ထိုစဉ် စက်ထဲမှ ဟူဖန်၏ အသံ ထွက်ပေါ်လာသည်။
“မန်နေဂျာချန်... ဒီနေ့အတွက် ဘွတ်ကင်လုပ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်တော့မယ်၊ ဒါပေမဲ့ သူတို့က ခွေးအကြီးကြီး တစ်ကောင် ပါမယ်လို့ အခုမှ ပြောလာလို့လေ”
“ဘယ်လောက်ကြီးလဲ” ချန်ကျန့်က မေးသည်။
“လာဘရာဒို (Labrador) တဲ့”
“ခွေးအကြီးကြီးတွေ ဆိုရင်တော့ စင်္ကြံလမ်း အဆုံးက လှေကားနားက အခန်းကို စီစဉ်ပေးလိုက်ပါ။ ဒါမှ ခွေးကြောက်တဲ့ တခြားဧည့်သည်တွေကို ထိခိုက်မှု နည်းမှာလေ။ သူတို့ သဘောတူရင် အခန်းလဲပေးလိုက်ပေါ့။ တကယ်လို့ ခွေးအိပ်ရာ မပါလာရင် ငါတို့ဆီက တစ်ခု ပေးလိုက်ဦးလေ....”
ဟူဖန်နှင့် စကားပြောပြီးနောက် ချန်ကျန့် ရှေ့ခန်းဘက်ကို မအောင့်နိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။ ဤလူတွေက ရှန်ယွီ ခိုင်းထားလို့ အခုလိုမျိုး လာမေးနေကြတာလားဟု သူ သံသယဝင်မိသည်။ ပုံမှန်ဆိုလျှင် ဟူဖန်မှာ ဒါမျိုးကို ကိုယ့်ဘာသာ ကိုင်တွယ်တတ်သူ ဖြစ်သည်လေ။ ဒါရိုက်တာဟယ် တကယ်ပဲ လာခဲ့ရဲ့လားဆိုတာကိုတောင် သူ သံသယ ဝင်မိတော့သည်။
အဖေ့ကို ဆိုင်ထဲ လိုက်ပြပြီးနောက် အိပ်ဆောင်သို့ ခေါ်လာခဲ့သည်။ ဆန်းပင်းမှာ ယနေ့ နေ့လယ်ပိုင်း နားရက်ဖြစ်သဖြင့် အိပ်ဆောင်ထဲတွင် ဖုန်းကစားနေလေသည်။
“ဒါ ကျွန်တော့် ကုတင်လေ။ ပါး ဒီမှာ ခဏ နားလိုက်ဦးနော်”
အဖေဖြစ်သူ ထိုင်ပြီးမှ ချက်ချင်း ပြန်ထရပ်သည်။
“ငါ မီးဖိုချောင် သွားပြီး ပြင်စရာရှိတာ သွားပြင်ရမလား....”
“ဒီနေ့ကတော့ ဝန်ထမ်း ထမင်းရယ်၊ ဧည့်သည် အခန်း သုံးခန်းစာပဲ ရှိတာပါ၊ အရမ်းကြီး ကြိုပြင်နေစရာ မလိုပါဘူး။ ပါး ခဏလောက် အရင် နားလိုက်ပါဦး”
“ဦးလေးချန်... နားလိုက်ပါဦးဗျာ ။ နောက်မှ ကျွန်တော် ကူညီပေးပါ့မယ်၊ ကျွန်တော် အားနေတာပဲဟာ”
“အေးပါ၊ အေးပါ” အဖေဖြစ်သူ ပြန်ထိုင်လိုက်ပြီး ချန်ကျန့်ကို လက်ယမ်းပြသည်။
“မင်း အလုပ်သွားလုပ်တော့လေ၊ အလုပ်တွေ နှောင့်နှေးကုန်ဦးမယ်”
“ဟုတ်ကဲ့”
ဆန်းပင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ဆန်းပင်းက သူ၏ ရင်ဘတ်ကို လက်ဖြင့် ပုတ်ပြလိုက်သည်။ စိတ်ချ သူ့တာဝန်ထား ဆိုသည့် သဘော။ ချန်ကျန့် အိပ်ဆောင်ထဲမှ ထွက်လာပြီး ရုံးခန်းဘက်ကို လှမ်းကြည့်လိုက်ရာ၊ တံခါးမှာ အနည်းငယ် ဟနေသည်ကို တွေ့ရသည်။ သူ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။
“ဝင်ခဲ့လေ” ရှန်ယွီ၏ အသံ အထဲမှ ထွက်ပေါ်လာသည်။
ချန်ကျန့် တံခါးတွန်းဖွင့်ကာ ဝင်လိုက်သည့်အခါ၊ ရှန်ယွီသည် 'အာ့ကော' ၏ မှန်အိမ်ရှေ့တွင် ရပ်ကာ ပိုးကောင်များ ကျွေးနေလေသည်။ စားပွဲပေါ်တွင်တော့ မန်နေဂျာအတွက် ထိုးပေးနေသော မီးခိုးရင့်ရောင် ပဝါမှာ တစ်ဝက်တစ်ပျက်နှင့် ရှိနေလေသည်။
“လိုက်ပြလို့ ပြီးပြီလား” ရှန်ယွီက မေးသည်။
“အင်း”
ချန်ကျန့် လျှောက်သွားကာ ရှန်ယွီ့ကို အနောက်မှ သိုင်းဖက်လိုက်ပြီး၊ သူ၏ ပုခုံးပေါ်တွင် မေးတင်ကာ သက်ပြင်းအသာ ချလိုက်မိသည်။
“ဘယ်လို ခံစားရလဲ”
“အဖေ တအား ပျော်နေတာပဲ။ မင်း သူတို့ကို အဖေ့ရှေ့မှာ သရုပ်ဆောင်ခိုင်းထားတာ မဟုတ်လား”
ရှန်ယွီ ပြုံးလိုက်မိသည် ။
“ငါက ခိုင်းစရာ လိုလို့လား။ ဟူဖန် နဲ့ နာနာ တို့လို အကဲခတ်တော်တဲ့ လူတွေ ရှိနေတာပဲဟာ။ ဒါပေမဲ့ ဒါက အထူးအခွင့်အရေးတော့ မဟုတ်ပါဘူးနော်။ နောက်ပိုင်း ဘယ်ဝန်ထမ်းရဲ့ မိသားစုပဲ လာလည်လည်၊ ဒီလိုပဲ ဆက်ဆံပေးရမှာပဲလေ”
“အင်း”
ချန်ကျန့် မျက်လုံးမှိတ်လျက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူ ခေတ္တ စဉ်းစားပြီးမှ မျက်လုံးပြန်ဖွင့်လိုက်သည် ။
“ဘော့စ်... ကျွန်တော် မနက်ဖြန် မနက် ခွင့်တစ်ရက်လောက် ယူချင်လို့ပါ”
“ရတာပေါ့၊ ဘာလုပ်ဖို့လဲ”
ရှန်ယွီ ပိုးကောင်ဘူးကို ချလိုက်ပြီး၊ နောက်လှည့်ကာ ချန်ကျန့်ကို ပြန်ဖက်ထားလိုက်သည်။
“မား ဆီ သွားမလို့လေ။ပါး လည်း အိမ်မပြန်ဖြစ်တာ နှစ်တွေ ကြာပြီဆိုတော့၊မား ဆီကိုလည်း မရောက်ဖြစ်ဘူးလေ”
“အိုကေ”
ရှန်ယွီ ချန်ကျန့်၏ ကျောကို အသာအယာ ပုတ်ပေးနေမိသည်။ ချန်ကျန့် ဘာမှ ထပ်မပြောတော့ပါဘူး။ သူ ခေါင်းငုံ့ကာ ရှန်ယွီ၏ ပုခုံးကြားသို့ မျက်နှာဝှက်ထားလိုက်သည်။ ခဏအကြာတွင် သူ ခေါင်းလှည့်ကာ၊ ရှန်ယွီ၏ လည်ပင်းဘေးကို သူ၏ နှုတ်ခမ်းများဖြင့် ဖိကပ်လိုက်ပြီး သူ၏ သွေးခုန်နှုန်းကို စမ်းနေမိသည်။
“ဒေါက်တာချန်...” ရှန်ယွီ၏ လက်က ချန်ကျန့်၏ အင်္ကျီအောက်သို့ လျှောဝင်သွားသည်။
“သွေးခုန်နှုန်းက ဘယ်လိုလဲဟင်”
“တအား ပြင်းထန်နေတာပဲ”
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ့လက်က ချန်ကျန့်၏ ကျောဘက်မှနေ၍ ဆံပင်များကို ဆုပ်ကိုင်ကာ အနောက်သို့ ဆွဲလှန်လိုက်သည်။ ချန်ကျန့်မှာ ခေါင်းမော့လိုက်ရပြီး ရှန်ယွီ့ကို ကြည့်လိုက်သည်။
“ဆံပင်ညှပ်ရတော့မယ် ထင်တယ်နော်။ အခုဆို ဆံပင်က တအား ဆွဲလို့ကောင်းနေပြီ”
ရှန်ယွီ ရယ်မောလိုက်သည်။ သို့သော် သူ၏ ဆံပင်များကို မလွှတ်ပေးဘဲ အနောက်သို့ အနည်းငယ် ထပ်ဆွဲလိုက်ပြန်သည်။ ချန်ကျန့်မှာ ခေါင်းမော့ထားရလေပြီ။ သူ ဘာဖြစ်နေသလဲဆိုတာ မစဉ်းစားရသေးမီမှာပင်၊ ရှန်ယွီက သူ၏ လည်ပင်းကို တစ်ချက် ကိုက်လိုက်တော့သည်။
“ဟေး!”
ချန်ကျန့်မှာ နာကျင်မှု အနည်းငယ်သာ ခံစားရသော်လည်း၊ အသက်ရှူသံများမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်ကုန်လေပြီ။ ရှန်ယွီက သူ့ကို တွန်းလိုက်ရာ၊ ချန်ကျန့်မှာ နောက်သို့ နှစ်လှမ်းခန့် ယိုင်သွားပြီး စားပွဲနှင့် သွားတိုက်မိတော့သည်။ ထို့နောက်တွင်မူ ရှန်ယွီက သူ့အပေါ်သို့ ဖိချလိုက်တော့သည်။ ချန်ကျန့်၏ ခန္ဓာကိုယ်မှာ အနောက်သို့ ကွေးညွှတ်သွားပြီး စားပွဲပေါ်သို့ လှဲကျသွားခဲ့သည်။
“တောက်! ကျောတွေ နာကုန်ပြီ....”
“ကျိုးသွားပြီလား” ရှန်ယွီက သူ၏ နားနားတွင် ကပ်၍ တိုးတိုးလေး မေးသည်။
ရှန်ယွီ၏ ဘယ်ဘက်လက်က ချန်ကျန့်၏ ခါးမှတစ်ဆင့် ကျောပြင်ဆီသို့ ရောက်ရှိကာ သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး၊ ညာဘက်လက်ကတော့ ချန်ကျန့်၏ နဖူးကို ဖိထားလျက် စိုက်ကြည့်နေလေသည်။
“မကျိုးပါဘူး”
ချန်ကျန့်က ဆိုလိုက်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ အလွန် ထိလွယ်ရှလွယ် ဖြစ်နေလေပြီ။ သူ၏ နဖူးပေါ်တွင် ရှန်ယွီ၏ ညာဘက်လက်ဖဝါးမှ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်သော ဒဏ်ရာရွတ်လေးကိုပင် သူ အတိုင်းသား ခံစားနေရသည်။ ရှန်ယွီ၏ လက်ချောင်းထိပ်လေးများက သူ၏ ခါးအောက်ပိုင်းတွင် ဖြည်းဖြည်းချင်း လှုပ်ရှားနေလေသည်။
သူ ရှန်ယွီ့ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်မိသည်။ ရှန်ယွီကတော့ ခေါင်းငုံ့ကာ သူ့ကို နမ်းရှိုက်လိုက်တော့သည်။ အတော်ကြာမှ ရှန်ယွီ သူ့ကို လွှတ်ပေးလိုက်ပြီး စားပွဲကို အားပြုကာ မတ်တတ်ရပ်လိုက်သည်။
“ဟင်”
ချန်ကျန့် လက်လှမ်းကာ ရှန်ယွီ၏ နှုတ်ခမ်းများကို အသာအယာ တို့ထိလိုက်သည်။
“ထဖို့ ကူညီပေးရမလား ပေါင်ပေ့”
“ဗျာ” ချန်ကျန့် ကြောင်သွားသည်။
“မင်းပဲ ကျောကျိုးသွားပြီ ဆို”
“တောက်!” ချန်ကျန့် ရယ်မောလိုက်မိသည်။
“ကျောကျိုးနေတာကိုတောင် မင်းက နမ်းလို့ ပြီးမှ မေးရသလားဗျာ”
“ကျိုးရင်လည်း ကျိုးပါစေပေါ့၊ နမ်းတာကတော့ အရင် လုပ်ရမှာပဲလေ”
ရှန်ယွီက ဆိုကာ ချန်ကျန့်၏ လက်မောင်းကို ဆွဲထူပေးလိုက်သည်။ ချန်ကျန့်သည် အရှိန်နှင့်ပင် ရှန်ယွီ၏ မျက်နှာကို နောက်တစ်ခါ ထပ်နမ်းလိုက်ပြီးမှ၊ ဖုန်းထုတ်ကာ ကင်မရာဖြင့် သူ၏ လည်ပင်းကို ပြန်ကြည့်နေမိသည်။
“ငါ အားနဲ့ မကိုက်ပါဘူး” ရှန်ယွီက ဆိုသည်။
“နာတော့ နာသားပဲ” ချန်ကျန့် သူ၏ လည်ချောင်းတွင် အနည်းငယ် နီမြန်းနေသည်ကို တွေ့ရသော်လည်း သိပ်ပြီးတော့ မသိသာပါဘူး။
“မင်းကတော့ ဘာတွေ တွေးနေတာလဲ မသိဘူး....”
“ဘာတွေးရမှာလဲ။ မင်းက တအား ဆွဲဆောင်မှု ရှိနေတော့ တစ်ချက်လောက် ကိုက်ချင်စိတ် ပေါ်လာလို့ပေါ့”
ချန်ကျန့်မှာ ရယ်မောလိုက်မိတော့သည်။
“အလုပ်သွားလုပ်တော့လေ” ရှန်ယွီက ပိုးကောင်ဘူးကို ပြန်ယူလိုက်သည် ။
“သေသေချာချာ လုပ်နော်”
***
ချန်ကျန့်၏အဖေသည် တည်းခိုခန်းသို့ စရောက်ခါစတွင် အနည်းငယ် အားနာနေသော်လည်း၊ သူသည် အချိန်ပိုင်း အလုပ်သမား တစ်ဦး၏ စိတ်ဓာတ်မျိုးဖြင့် နှစ်ပေါင်းများစွာ အလုပ်မျိုးစုံ လုပ်ခဲ့သူဖြစ်ရာ ချက်ချင်းပင် ကျင့်သားရသွားခဲ့သည်။ ညစာ အချိန်တွင် သူသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေပြီ။ ဆန်းပင်းကလည်း သူ ကတိပေးခဲ့သည့်အတိုင်း ဘေးကနေ ကူညီပေးနေလေသည်။
ချန်ကျန့် ဘားကောင်တာကို မှီရပ်ရင်း၊ ထိုဘက်မှာ အလုပ်ရှုပ်နေသော အဖေဖြစ်သူကို ငေးကြည့်နေမိသည်။ နွေးထွေးသော်လည်း စိမ်းသက်လှသော ခံစားချက်မျိုး ရင်ထဲသို့ စီးဝင်လာခဲ့သည်။ သူငယ်ငယ်တုန်းက အဖေ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတာကို မြင်ဖူးခဲ့သော်လည်း၊ အမှန်အတိုင်း ပြောရလျှင် ၎င်းမှာ တကယ်ကို ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အိပ်မက်တစ်ခုလိုပင်။ မြို့ပေါ်မှာ အဖေနှင့်အတူ နှစ်သစ်ကူးခဲ့စဉ်ကလည်း သူတို့ ဟင်းမချက်ခဲ့ကြပါဘူး။ ငှားနေသည့် အခန်းမှာ မီးဖိုချောင် မရှိသဖြင့်၊ ဆိုင်က မှာထားသော ပါဆယ်များကိုသာ အတူ စားခဲ့ကြရသည် မဟုတ်ပါလော။
သူသည် ထိုမြင်ကွင်းကို ငေးကြည့်ရင်း စိတ်လွင့်နေမိသည်။ နောက်တစ်နေ့ မနက်တွင် အဖေနှင့်အတူ မိခင်ဖြစ်သူ၏ ဂူသို့ သွားရောက်စဉ်မှာလည်း ထိုထူးဆန်းပြီး နွေးထွေးသော ခံစားချက်မှာ ဆက်လက် တည်ရှိနေဆဲပင်။
“ကျွန်တော် ကားမမောင်းတော့ဘူးနော်။ လမ်းကလည်း မကောင်းသလို၊ ကျွန်တော်ကလည်း လူသစ်ဆိုတော့ တိုက်မိမှာ စိုးလို့ပါ” ချန်ကျန့် သူ၏ ဆိုင်ကယ်ကို တွန်းထုတ်လာရင်း ဆိုလိုက်သည်။
“မောင်းစရာ မလိုပါဘူး။ အဲ့ဒီလမ်းက ကားဝင်လို့တောင် မရဘူးလေ။ အခုဆို ပိုပြီးတောင် ပျက်နေလောက်ပြီ”
“မြို့က တိုးတက်လာရင်တော့ သူတို့ ပြင်ပေးမှာပါ”
ချန်ကျန့် ဆိုင်ကယ်ပေါ် တက်ထိုင်ကာ၊ သူ၏ ဦးထုပ်ကို ပြန်ပြင်ဆောင်းပြီး၊ ဖဲပြားလေးကို မျက်ခုံးအဆုံးနား ရောက်အောင် ထပ်မံ အနေအထား ပြင်လိုက်ပြန်သည်။
အဖေဖြစ်သူ အနောက်တွင် ဝင်ထိုင်ရင်း ဆိုသည်။
“မင်းတို့ ဝန်ထမ်းတွေလေ..အဲ့ဒီ ပဝါတွေက ယူနီဖောင်းလား။ ယောကျ်ားလေးတွေက အပြာ၊ မိန်းကလေးတွေက ပန်းရောင်ပေါ့ ဟုတ်လား”
“ဟုတ်ကဲ့၊ အဖေ သတိထားမိသားပဲ။ အဲ့ဒီ ပဝါတွေကို ရှန်ယွီ.... ဘော့စ်ရှန် ကိုယ်တိုင် ထိုးပေးထားတာလေ”
“ဟင်?” အဖေဖြစ်သူမှာ အလွန် အံ့သြသွားကာ ချန်ကျန့်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“ဘော့စ်ရှန် ကိုယ်တိုင် ထိုးတာ ဟုတ်လား”
“ဟုတ်ကဲ့၊ ဒီဦးထုပ်လည်း အတူတူပါပဲ။ နှစ်သစ်ကူး လက်ဆောင်လေ”
“ဘော့စ် တစ်ယောက် ဖြစ်ပြီးတော့၊ လူငယ်လေးက ဝန်ထမ်းတွေကို တကယ်ကို သိတတ်တာပဲနော်”
အဖေဖြစ်သူက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ခေါင်းပေါ်က ဦးထုပ်ကို စမ်းကြည့်နေမိသည်။
“သူက ဒီလောက်အထိ တတ်တာလား”
“သူ သိတာတွေ အများကြီးပါပဲ” ချန်ကျန့် ဆိုင်ကယ် စက်နှိုးလိုက်ရင်း၊ တည်းခိုခန်း နံရံပေါ်က စာလုံးများကို လက်ညှိုးထိုးပြလိုက်သည်။
“သူက စုတ်တံလက်ရေးလည်း ရေးတတ်တယ်လေ။ တာယွင် ဆိုတဲ့ ဒီစာလုံး နှစ်လုံးကို သူပဲ ရေးထားတာ”
“အလိုလေး.... တကယ်ပါပဲလား”
အဖေဖြစ်သူမှာ အံ့သြမဆုံး ဖြစ်နေတော့သည်။ ဆိုင်ကယ် ဝင်းထဲမှ ထွက်ကာ လမ်းဆုံသို့ ရောက်သည်အထိ သူသည် လည်ပင်းကို ဆန့်ကာ အနောက်ကို လှည့်ကြည့်နေမိသေးသည်။
ချန်ကျန့်သည် ရွာဘက်သို့ သွားရာလမ်းကို ခဏခဏ ရောက်ဖြစ်သော်လည်း၊ “အိမ်ဟောင်း” ဘက်သို့ သွားရာလမ်းကိုတော့ ခဲယဉ်းစွာ ရောက်ဖြစ်ခြင်း ဖြစ်သည်။ သူ၏ အမေကို လွမ်းသည့် အခါတိုင်းတွင်လည်း သူသည် သူ၏ မိခင်ကဲ့သို့သော အဒေါ်ကြီး၏ အိမ်သို့သာ သွားကာ ခဏ ထိုင်နေလေ့ ရှိသည်လေ။ ထိုနေရာ၌ သေခြင်းတရား၏ ခံစားချက်မှာ နည်းပါးလှပြီး၊ နေရောင်ခြည်နှင့် အမေ့၏ ပြုံးနေသော မျက်နှာများကိုသာ ပိုပြီး မြင်ယောင်မိတတ်သည် မဟုတ်ပါလော။
ဆိုင်ကယ် ရွာထဲသို့ ဝင်လိုက်သည်နှင့် အဖေဖြစ်သူမှာ တိတ်ဆိတ်သွားတော့သည်။
“ဟေး... ချန်ကြီး ပြန်လာပြီပဲ!” လမ်းဘေးမှ တစ်ယောက်ယောက်က လှမ်းနှုတ်ဆက်သည်။
“ဟုတ်ကဲ့၊ ခဏ ပြန်လာကြည့်တာပါ” အဖေဖြစ်သူက ပြန်ထူးလိုက်သည်။
ချန်ကျန့် အိမ်ဟောင်းသို့ သွားရာ လမ်းကလေးထဲသို့ ကွေ့ဝင်ခဲ့သည်။ လမ်းဘေး တစ်ဖက်တစ်ချက်တွင် မိသားစု အသီးသီး၏ အိမ်ဟောင်းများ ရှိနေကြပြီး၊ အများစုမှာ လူမနေကြတော့ပါဘူး။ အားလုံးက အိမ်သစ်တွေ ဆောက်ပြီး ပြောင်းကုန်ကြသလို၊ အချို့လည်း ရွာသစ်ဘက်ကို ပြောင်းသွားကြသည်လေ။ လမ်းမှာ တိတ်ဆိတ်နေလေသည်။
ချန်ကျန့် အိမ်ဟောင်းရှေ့မှ ဖြတ်သွားသည့် အခါတွင်လည်း ခြေလှမ်းမရပ်သလို၊ အရှိန်လည်း မလျှော့ပါဘူး။ အိမ်ဟောင်းမှာတော့ ပျက်စီးယိုယွင်းနေလေပြီ။ သစ်သား တိုင်များမှာ လဲကျနေပြီး နံရံများသာ ကျန်ရစ်တော့သည်။ အဖေဖြစ်သူမှာ ဘာမှ မပြောပါဘူး။ ချန်ကျန့်သည် အဖေဖြစ်သူထံမှ သဲ့သဲ့လေး ထွက်ပေါ်လာသော သက်ပြင်းချသံကိုသာ ကြားလိုက်ရသည်။
ဆိုင်ကယ်သည် အိမ်ဟောင်းကို ကျော်ဖြတ်ကာ၊ တောင်ကုန်းငယ်လေး တစ်ခုကို ကျော်ပြီးနောက် တောအုပ်ထဲက လမ်းကလေး တစ်နေရာတွင် ရပ်တန့်သွားခဲ့သည်။ အဖေဖြစ်သူ ဆိုင်ကယ်ပေါ်မှ ဆင်းကာ၊ သူ သယ်လာသော အိတ်ထဲမှ ပန်းရောင် ပလတ်စတစ် ပန်းစည်းလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ဖြစ်နိုင်သည်မှာ မြို့ပေါ်မှာ ဝယ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းမှာ အနည်းငယ်တော့ ရိုးနေသလို ရှိသော်လည်း၊ သူ၏ အမေမှာ ပန်းများကို အလွန် မြတ်နိုးသူ ဖြစ်သည်လေ။
ချန်ကျန့်နှင့် သူ၏အဖေတို့သည် မြေလမ်းအတိုင်း ခေတ္တမျှ လမ်းလျှောက်သွားပြီးနောက်၊ အလွန် ဟောင်းနွမ်းနေသော ဂူဗိမာန် တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ အဖေဖြစ်သူသည် ဂူရှေ့သို့ သွားကာ၊ ဂူပေါ်က ဖုန်များနှင့် အညစ်အကြေးများကို လက်ဖြင့် သုတ်ပေးနေမိသည်။ ဂူရှေ့က သစ်ရွက်ခြောက်များကို ရှင်းလင်းပြီးနောက်၊ သူ ယူလာသော ပန်းစည်းကို ထိုနေရာတွင် တင်လိုက်လေသည်။
“လင်ရေ...” အဖေဖြစ်သူ၏ အသံမှာ အလွန် တိုးနေလေသည် ။
“ပန်းလေးတွေ ကြည့်ပါဦး”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ အဖေဖြစ်သူက ချန်ကျန့်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး၊ ဂူဘက်သို့ ပြန်လှည့်ကာ ဆိုလိုက်သည်။
“ငါတို့ သားက အခုတော့ တကယ်ကို တော်နေပြီနော်။ သူက မန်နေဂျာ ဖြစ်နေပြီလေ။ အလုပ်လုပ်ရင်လည်း သူလျှိုတွေလိုမျိုး စက်ကြီးကို ခါးမှာ ချိတ်ထားတာလေ....”
__________________________________________________________________________
TN // အဖေကြီးကို သနားလို့ ရေးနေရင်း မျက်ရည်ဝဲ… သနားပါတယ်။ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေလာရတာ။ ပေါင်ပေါင်းလေးသာ ဘော့စ် နဲ့ မတွေ့ဖြစ်ခဲ့ရင်… လို့ တွေးမိရင် သက်ပြင်းတွေ ချ။ ကလေးက ခုမှ အသက် 20လေ။ အသက်ပြည့်ခါစ ကလေးလေးပါပဲ။
Comments
Post a Comment