အပိုင်း (၉၀)
ရှန်ယွီ အိမ်မြှောင်မှန်အိမ်ရှေ့တွင် ထိုင်ရင်း ချန်ကျန့်အတွက် ပဝါကို ထိုးပေးနေသည်။ မှန်သားပြင်မှတစ်ဆင့် ကြည့်လျှင် အာ့ကော သည် သစ်ခေါက်ပြားတစ်ခုနောက်တွင် ပုန်းနေပြီး၊ ခေါင်းတစ်ဝက်ပြူထွက်ကာ ရေခွက်အစွန်းမှနေ၍ သူ့ကို အကဲခတ်နေသည်။ ခေတ္တအကြာတွင် ထိုခေါင်းလေးမှာ ရေခွက်ပေါ်သို့ ငိုက်ကျသွားတော့သည်။ ရှန်ယွီ အနားတိုးကပ်ကာ သေသေချာချာ ကြည့်လိုက်သည့်အခါ အိပ်ပျော်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
အကောင်ပေါက်၏ အိပ်စက်မှု အရည်အသွေးကတော့ တကယ့်ကို ကောင်းမွန်လှ၏။
ရှန်ယွီ ကိုယ်လက်ဆန့်လိုက်ပြီး ဂျာကင်အင်္ကျီကို ဝတ်ကာ ရုံးခန်းထဲမှ ထွက်ခဲ့သည်။ ဒီနှစ်ရက်အတွင်း တည်းခိုခန်းတွင် ဝန်ထမ်းနည်းနေသော်လည်း ဧည့်သည်များကတော့ အပြည့်ပင်။ မန်နေဂျာကလည်း အပြင်ရောက်နေသဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် ဘော့စ်ဖြစ်သူက ရုံးခန်းထဲမှာပဲ အောင်းနေ၍ မဖြစ်ပါဘူး။ သူ အောက်ဆင်းပြီး တစ်ခုခု "ကူညီ" ပေးရမည် မဟုတ်ပါလော။
ဓာတ်လှေကားသည် တတိယထပ်တွင် ရပ်တန့်သွားသည်။ တံခါးပွင့်သွားသည့်အခါ ဧည့်သည်နှစ်ဦး ဝင်လာခဲ့သည်။ ပုံမှန်ဆိုလျှင် ဝန်ထမ်းများက ဧည့်သည်ကို အရင်ဆုံး နှုတ်ဆက်ရမည် ဖြစ်သည်။ သို့သော် ရှန်ယွီက ဘာမှမပြောပါဘူး။ သူသည် လူမြင်ကွင်းသို့ ထွက်ခဲလှသဖြင့် တစ်ရက်နှစ်ရက်သာ တည်းခိုသော ဧည့်သည်များအတွက်မူ သူသည်လည်း အခြားသော ခရီးသည်တစ်ဦးကဲ့သို့သာ ထင်ရပေလိမ့်မည်။ ရုတ်တရက်ကြီး နှုတ်ဆက်လိုက်လျှင် နေရခက်စရာ ဖြစ်သွားနိုင်သည်လေ။ သို့သော် ဧည့်သည်များကတော့ သူ့ကို တစိမ့်စိမ့် ကြည့်နေကြသည်။ ရှန်ယွီလည်း အကြည့်မလွှဲဘဲ မျက်လုံးချင်း ဆုံကြည့်နေလိုက်သည်။
ပထမထပ်သို့ ရောက်သည့်အခါ အမျိုးသမီးဧည့်သည်က နောက်ဆုံးတွင် မေးလာ၏။
"ရှင်က ဒီက ဘော့စ် မဟုတ်လား"
ဘယ်လိုလုပ် သိသွားတာလဲ။ ဪ... ဓာတ်ပုံရှိတာပဲဟာ။
"ဟုတ်ကဲ့…မင်္ဂလာနံနက်ခင်းပါဗျာ"
"ဒီမြို့ထဲက ဈေးက ဒီနေ့ရော ဖွင့်သေးလားဟင်။ ကျွန်မတို့ သွားကြည့်ချင်လို့"
ကျွန်တော်လည်း မသိဘူးလေ။ တစ်ခါမှ မရောက်ဖူးဘူး။ မန်နေဂျာကိုပဲ မေးရမှာပဲ။ ဒါမှမဟုတ် ကျွန်တော်ကလွဲလို့ ဒီက ဘယ်သူ့ကိုမဆို မေးလို့ရပါတယ်....
ရှန်ယွီ ချက်ချင်း အဖြေမပေးပါဘူး။ ဓာတ်လှေကားတံခါး ပွင့်သွားသည့် အခါမှသာ ဧည့်ကြိုကောင်တာဘက်သို့ လှမ်းခေါ်လိုက်သည် ။
"ဖန်ဖန်"
"ရှင်!"
"ဟိုဘက်က ဈေးက အခုထိ ဖွင့်သေးလား။ ဧည့်သည်တွေက သွားကြည့်ချင်လို့တဲ့"
"ဖွင့်တယ်နော်"
ဟူဖန် ချက်ချင်း လျှောက်လာပြီး ဧည့်သည်များကို ရှင်းပြပေးတော့သည်။
"မနက်ဖြန်လည်း ဖွင့်ပါဦးမယ်၊ ဒါပေမဲ့ ပုံမှန်ထက်စာရင်တော့ ဆိုင်တွေ နည်းသွားမှာပေါ့။ ဒေသထွက် ပစ္စည်းတွေ ဘာညာတော့ ဝယ်လို့ ရပါသေးတယ်"
"ကျေးဇူးတင်ပါတယ်" ဟု ဧည့်သည်က ဆိုပြီး ရှန်ယွီ့ကို နောက်တစ်ခါ လှမ်းကြည့်ကာ…
"ကျေးဇူးပါပဲရှင်"
"ရပါတယ်ဗျာ" ရှန်ယွီ ပြုံးပြလိုက်သည်။
ဧည့်သည်များ ထွက်သွားပြီးနောက် ဟူဖန်က မှတ်ချက်ချသည် ။
"ဝိုး... အဲ့ဒီဧည့်သည်တွေက တော်တော် ယဉ်ကျေးတာပဲနော်"
ကဖေးဆိုင်လေးမှာတော့ ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။ တည်းခိုခန်းက ဧည့်သည်အများစုမှာ လူငယ်များဖြစ်သဖြင့် ကော်ဖီမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်နေလေသည်။
"အစေ့အသစ်တွေလား" ရှန်ယွီ လျှောက်သွားကာ မေးလိုက်သည်။
"ဟုတ်တယ်၊ ရမ် အရသာလေ။ ဘော့စ် စမ်းကြည့်မလား"
ဆွန်နာနာက ဘားကောင်တာကို မှီရပ်ရင်း၊ လက်တစ်ဖက်က ကော်ဖီသောက်ကာ ကျန်လက်တစ်ဖက်က ဆန်းဒဝစ် တစ်ခုကို ကိုင်ထားလေသည်။
"ရတာပေါ့"
ရှန်ယွီ သူမလက်ထဲက ဆန်းဒဝစ်ကို လှမ်းကြည့်လိုက်သည်။ သူတို့၏ မနက်စာမှာ များသောအားဖြင့် ပဲနို့၊ နွားနို့၊ ဆန်ပြုတ်နှင့် ပေါက်စီ၊ ခေါက်ဆွဲ သို့မဟုတ် မုန့်ပြားကြော်များသာ ဖြစ်သည်။ ကျောက်ကျဲ အားသည့်အခါမျိုးတွင် ဟင်းလျာများကို ပြောင်းလဲပေးတတ်သော်လည်း ဆန်းဒဝစ်ကိုတော့ သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"စားမလား" ဆွန်နာနာက သူမ၏ ဆန်းဒဝစ်ကို ကမ်းပေးသည်။
"ကျွန်မ တစ်လုပ်မှ မစားရသေးဘူး၊ ဘော့စ်ပဲ ယူလိုက်တော့"
"မ... မဟုတ်တာ၊ ရပါတယ်။ ငါ့ဘာသာ ငါ စားလိုက်မယ်"
"ဒါဆိုရင်တော့ ပထမလမ်း အဆုံးအထိ သွားဝယ်ရမှာနော်"
ဆွန်နာနာက တစ်လုပ် ကိုက်စားလိုက်ပြီးနောက် တစ်ဝက်ကျန်သော ဆန်းဒဝစ်ကို ဝှေ့ယမ်းပြသည် ။
"ငါ မနက်ပိုင်း လမ်းလျှောက်ထွက်ရင်း ဝယ်လာတာလေ"
"ဒါဆိုရင်တော့ ပေါက်စီပဲ စားတော့မယ်"
ရှန်ယွီက ဆိုလိုက်သည်။
"စိတ်မပျက်ပါနဲ့ဘော့စ်ရယ်"
ဆွန်နာနာက သူမလက်ထဲက ဆန်းဒဝစ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည် ။
"ဒါကလည်း သိပ်ပြီး စားလို့မကောင်းပါဘူး"
ရှန်ယွီ ရယ်မောလိုက်မိသည်။
"ရှင့်အတွက် ကော်ဖီ အရင် ဖျော်ပေးမယ်လေ"
ဆွန်နာနာ ဆန်းဒဝစ်ကို ပြန်ချလိုက်သည်။
"မနက်စာ အရင် ကုန်အောင်စားပါ၊ ငါက ဧည့်သည်မှ မဟုတ်တာ၊ မလောပါဘူး"
ရှန်ယွီက ဆိုကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားခဲ့သည်။ မနက်စာ စားပြီးနောက်တွင်မူ ကဖေးဆိုင်သို့ ပြန်လာကာ ထောင့်တစ်နေရာ၌ ကော်ဖီသောက်ရင်း ဝင်ထိုင်လိုက်သည်။ ဤနေရာ၌ ထိုင်နေခြင်းမှာ ရုံးခန်းထဲမှာထက် တည်းခိုခန်း၏ တစ်နေ့တာ စတင်စည်ကားလာပုံကို ပိုပြီး တိုက်ရိုက် ခံစားရစေသည်လေ။ ဆန်းပင်းနှင့် လောင်ဝူတို့မှာ ဝင်းထဲတွင် တံမြက်စည်းလှည်းခြင်း၊ စားပွဲနှင့် ကုလားထိုင်များကို သုတ်ခြင်းများ ပြုလုပ်နေကြသလို၊ နောက်ပိုင်းတွင် ကပ်ရန်အတွက် အနီရောင် စာတန်းများနှင့် စက္ကူညှပ်ပန်းများကိုလည်း ထုတ်လာကြပြီ။ ဧည့်ကြိုကောင်တာတွင်လည်း နှစ်သစ်ကူးရန် ဘွတ်ကင်ထားသော ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာနေသည်။ ဟူဖန်နှင့် ဆွန်နာနာတို့မှာ ဧည့်သည်များကို အခန်းအပ်ခြင်း၊ လည်ပတ်ရန် လမ်းကြောင်းများ ညွှန်ပြပေးခြင်းများကို ဟန်ချက်ညီညီ လုပ်ဆောင်နေကြသည်။ ဒေါ်ဟွမ်သည်လည်း သန့်ရှင်းရေး တွန်းလှည်းဖြင့် ဓာတ်လှေကားထဲသို့ ဝင်သွားလေပြီ။
အားလုံးထဲတွင် အားနေသည့် တစ်ဦးတည်းသောလူမှာ ကဖေးဆိုင်တွင် ထိုင်နေသည့် ဘော့စ်ကြီး ရှန်ယွီသာ။ ရှန်ယွီ ဖုန်းထုတ်ကာ ကုလားထိုင်ပေါ် မှီချလိုက်ပြီး မြို့နယ် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် သတင်းအသစ်အဆန်းများ ရှိမလား လိုက်ကြည့်နေမိသည်။
သူ ဖုန်းစကြည့်ကာစမှာပင် အရှေ့တံခါးဘက်မှ ကလေးတစ်ယောက် ငိုသံကို ကြားလိုက်ရသည်။ ရှန်ယွီ ခေါင်းကိုက်သလို ခံစားလိုက်ရပြီး ဖုန်းကို အိတ်ကပ်ထဲ ထိုးထည့်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
"ဘာဖြစ်တာလဲဟင်" ဟူဖန်က ကောင်တာမှ လှမ်းမေးသည်။
"ကျွန်တော်လည်း မသိဘူးဗျ!" ဆန်းပင်း၏ အသံ ထွက်ပေါ်လာသည် ။
"ဒီကလေးမလေးက တံခါးဝမှာ ရပ်နေတာလေ။ ကျွန်တော် မေးလိုက်တာနဲ့ ချက်ချင်း ငိုတော့တာပဲ၊ ဘာမှလည်း ပြန်မပြောဘူး"
"လမ်းပျောက်တာလား မသိဘူး" ဟူဖန် ချက်ချင်း လျှောက်သွားလိုက်သည်။
ဧည့်သည်၏ ကလေးတော့ မဟုတ်ပါဘူး။ ရှန်ယွီ ခြေလှမ်းရပ်ကာ တံခါးဝဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆန်းပင်းမှာ ကလေးမလေး၏ လက်ကို ကိုင်ထားပြီး ထိုကလေးမှာ အသည်းအသန် ငိုနေရှာသည်။
"ညီမလေး... နာမည် ဘယ်လို ခေါ်လဲဟင်"
ဟူဖန် အနားသို့ သွားကာ ကလေးကို ကဖေးဆိုင်ဘက်သို့ ခေါ်လာခဲ့သည်။ ရှန်ယွီသည် ဧည့်သည်ကလေး မဟုတ်မှန်း သိသော်လည်း မသိစိတ်ဖြင့် အနောက်သို့ ခပ်သွက်သွက် ဆုတ်ကာ စားသောက်ခန်းဘက်သို့ ထွက်ပြေးရန် ပြင်နေမိသည်။
"ရှောင်ကျွမ်း..." ကလေးမလေးက ရှိုက်ကြီးတငင်နှင့် ဖြေရှာသည်။
"ဘယ်သူနဲ့ လာတာလဲ"
ဟူဖန်က စနစ်တကျ မေးမြန်းနေသည်။ ကြည့်ရသည်မှာ ကလေးများနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိပုံရလေသည်။
"အဘွားနဲ့..."
"ဟုတ်ပြီလေ"
ဟူဖန် အိတ်ကပ်ထဲမှ ကွတ်ကီး လေး တစ်ခု ထုတ်ပေးလိုက်သည်။
"ရော့... ကွတ်ကီးလေး စားလိုက်ဦးနော်။ အဘွားက ဘယ်မှာလဲဟင်"
"ဈေးထဲမှာ..."
ရှောင်ကျွမ်းသည် ငိုနေခြင်းကို ရပ်ကာ ကွတ်ကီးကို လှမ်းယူလိုက်ပြီး သွားဖြင့် ကိုက်ဖောက်ကာ ပါးစပ်ထဲ အတင်း ထိုးထည့်တော့သည် ။
"ကျေးဇူးတင်ပါတယ် အန်တီ"
"ဒါဆို ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ အဘွား သိလားဟင်"
ဟူဖန်က စိတ်ရှည်လက်ရှည် မေးသည်။ ရှောင်ကျွမ်းက ခေါင်းခါပြသည်။
"လူတစ်ယောက်ကို လာရှာတာ"
"ဘယ်သူ့ကို ရှာတာလဲဟင်"
ရှောင်ကျွမ်း ခေတ္တမျှ တန့်သွားပြီးမှ နောက်တစ်ခါ ထပ်ငိုပြန်သည် ။
"မေ့သွားပြီ...."
ဒီကလေးက နည်းနည်းလေး မပြည့်တာလား မသိဘူး။
ရှန်ယွီ အစက ပုန်းချင်သော်လည်း အခုတော့ စိတ်ဝင်စားသွားသဖြင့် ဘေးက တိုင်ကို မှီရပ်ကာ ဟူဖန်နှင့် ကလေးကို စောင့်ကြည့်နေမိသည်။ ရှောင်ကျွမ်း ငိုနေရင်းမှ ရှန်ယွီရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် တန့်သွားပြီး လက်ညှိုးထိုးပြတော့သည်။
"သူ...."
ရှန်ယွီ ကော်ဖီသောက်ရန် ပြင်နေစဉ်၊ တရားခံကို ဖမ်းမိသည့် ပုံစံမျိုးဖြင့် လက်ညှိုးထိုးခံလိုက်ရသဖြင့် ကြောင်အသွားရသည်။ ဟူဖန်လည်း အံ့သြသွားကာ
"သူက ဘာဖြစ်လို့လဲဟင်"
"သူ...." ရှောင်ကျွမ်းက ရှန်ယွီ့ကိုသာ ဆက်လက် လက်ညှိုးထိုးပြနေဆဲပင်။
"ငါက ဘာဖြစ်လို့လဲ" ရှန်ယွီ မျက်ခုံးပင့်ကာ မေးလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ရှန်ယွီ၏ ကလေးများအပေါ် အကဲဖြတ်မှုမှာလည်း အလွန် အပေါ်ယံ ဆန်လှပါသည် ။ ရုပ်ရည်အပေါ်မှာပဲ မူတည်သည်လေ။ ရှောင်သိုအာ ကဲ့သို့သော ချစ်စရာကောင်းပြီး ဉာဏ်ကောင်းသည့် ကလေးမျိုးဆိုလျှင် သူ စိတ်ရှည်ပေးနိုင်သော်လည်း၊ အခု သူ့ရှေ့က ကလေးမှာ မျက်ရည်များ ပေကျံနေပြီး ဆံပင်ကလည်း ဖွာလန်ကြဲလျက် ညစ်ပတ်ပေရေနေကာ စကားတောင် သေသေချာချာ မပြောနိုင်ရှာပါဘူး။ ရှန်ယွီ ထိုသို့ မေးလိုက်စဉ်က သူ၏ မျက်နှာပေးမှာလည်း သိပ်ပြီး နူးညံ့မနေသလို၊ ပြုံးတောင် မပြခဲ့ပါဘူး။
ကြည့်ရတာ သူ တော်တော်လေး ကြောက်စရာ ကောင်းနေပုံရသည်။ ရှောင်ကျွမ်းမှာ ကြောက်လန့်သွားသဖြင့် နောက်သို့ တစ်လှမ်းဆုတ်ကာ ထပ်မံ အော်ငိုပြန်တော့သည်။
***
“နှစ်သစ်ကူးတော့မှာလေ၊ မငိုရဘူး”
ချန်ကျန့်သည် သစ်ပင်တစ်ပင်ကို မှီရပ်ကာ၊ ဂူရှေ့တွင် ဆောင့်ကြောင့်ထိုင်နေဆဲဖြစ်သော သူ၏အဖေကို ငေးကြည့်ရင်း ဆိုလိုက်သည်။
“ငါ မငိုပါဘူး။ အခု ဘဝက ကောင်းနေပါပြီ”
ချန်ကျန့် လျှောက်သွားကာ အဖေဖြစ်သူနှင့်အတူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး၊ ဂူပေါ်က စာလုံးများကို လက်ချောင်းလေးဖြင့် အသာအယာ တို့ထိနေမိသည်။
“ဒီဂူကလည်း ဟောင်းနေပြီပဲ။စာလုံးတွေလည်း ဖတ်လို့ မရတော့ဘူး။ နှစ်သစ်ကူးပြီးရင် အသစ် တစ်ခု လဲကြတာပေါ့”
“ဟုတ်ကဲ့”
“ပြန်ကြရအောင်”
အဖေဖြစ်သူက ထရပ်ကာ၊ ဂူကို အသာအယာ တို့ထိရင်း ပြုံးလျက်…
“လင်ရေ... ငါတို့ သွားတော့မယ်နော်။ ချန်ကျန့်က အလုပ်လုပ်ရဦးမှာလေ။ သူက မန်နေဂျာဆိုတော့ အလုပ်တွေ အများကြီးပဲ၊ တကယ့်ကို အလုပ်များတဲ့ လူကြီး ဖြစ်နေပြီ....”
“အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး....”
ချန်ကျန့် စကားပြောနေစဉ်မှာပင် သူ၏ ဖုန်းမြည်လာခဲ့သည်။
“တွေ့လား၊ ဖုန်းတွေက တောက်လျှောက် လိုက်ခေါ်နေပြီ”
အဖေဖြစ်သူ၏ လေသံမှာ ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။
ချန်ကျန့် ဖုန်းကို ကြည့်လိုက်ရာ လောင်ဝူ ဖြစ်နေသည်။
ဒီလူတွေက သရုပ်ဆောင်တာ နည်းနည်း လွန်နေပြီလား မသိဘူး။
“ဟယ်လို”
“ချန်ကျန့်... ဆိုင်ကို ကလေးတစ်ယောက် ရောက်လာပြီး ဘော့စ်ရှန် ကို လာရှာနေတယ်ဗျ။ သူတို့တွေ မေးနေကြတာ၊ ကလေးကတော့ ငိုပဲ ငိုနေတယ်....”
“ဘာတွေလဲဗျာ”
ချန်ကျန့် မှင်သက်သွားရသည်။ ရှောင်သိုအာ ကလွဲလို့ ဘယ်ကလေးက ရှန်ယွီ့ကို လာရှာမှာလဲ။ ပြီးတော့ ရှောင်သိုအာ ကလည်း အခု မြို့ပေါ်မှာလေ၊ သူကလည်း ငိုခဲပါ၏။
“ကလေးက အသက်ဘယ်လောက်လဲ”
“ငါးနှစ် ခြောက်နှစ်လား၊ ခုနစ်နှစ် ရှစ်နှစ်လားတော့ မသိဘူးဗျ”
လောင်ဝူက ဆိုပြီးမှ အသံကို နှိမ့်ကာ …
“ရှန်ယွီ ရဲ့ တရားမဝင် ကလေးများလား မသိဘူးနော်”
ချန်ကျန့် သက်ပြင်းချလိုက်မိသည်။
ဒီလို ဦးနှောက်ဆိုတာမျိုးတွေကတော့ နောက်မှ ရှာယူလို့ မရနိုင်တဲ့ အရာပါပဲလား....
တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ ချန်ကျန့်သည် ကလေးကိုလည်း မတွေ့ရသလို၊ ရှန်ယွီ့ကိုလည်း မတွေ့ရပါဘူး။
“ဘယ်မှာလဲဟင်” သူက မေးလိုက်သည်။
“ဟိုကလေးမလေးလား” ဟူဖန် ဧည့်ကြိုကောင်တာမှ ပြေးထွက်လာသည်။
“ဘယ်သူဖြစ်မလဲ ခန့်မှန်းကြည့်ပါဦး”
“လောင်ဝူ ကတော့ ရှန်ယွီ ရဲ့ တရားမဝင် ကလေးလို့ ပြောနေတာပဲ”
ဟူဖန်မှာ အားရပါးရ ရယ်မောတော့သည် ။
“သူ့ခေါင်းထဲမှာ ပန်းကန်ဆေးရည်တွေပဲ ရှိနေတာ နေမှာပါ!”
ဆန်းပင်းက ဘေးမှ လှမ်းဆဲလိုက်သည်။
“မှိုလေး ရဲ့ ပိုင်ရှင်ဟောင်းလေ!မထင်ထားဘူး မဟုတ်လား! ဘော့စ်ရှန် က ခွေးဝယ်တုန်းက လာလည်လို့ ရတယ်လို့ ပြောခဲ့တာလေ၊ အဲ့ဒါကို ကလေးမလေးက တကယ်ကြီး ရောက်လာတာဗျ!”
“ဟာ… သူက အဲ့ဒီလိုကြီး သဘောတူခဲ့တာလား” ချန်ကျန့် အလွန် အံ့သြသွားရသည်။
“ကလေးကော တကယ်ကြီး လာတာလား။ ဒါဆို မှိုလေးကော ဘယ်မှာလဲ”
“မှိုလေးက အိပ်နေတာလေ။ သူ မှိုလေးနဲ့ ခဏ ကစားပြီးတော့ ဘော့စ်ရှန် က သူ့ကို ဈေးထဲ ခေါ်သွားပြီ။ အဘွားက ဈေးထဲမှာ ကျန်ခဲ့တာဆိုတော့ သွားပို့ပေးတာလေ”
ဆန်းပင်းက ဖြစ်စဥ်စဆုံးကို ဝင် ရှင်းပြသည်။
“ငါ သွားကြည့်လိုက်ဦးမယ်”
ချန်ကျန့် နည်းနည်း စိုးရိမ်သွားသည်။ ရှန်ယွီ တစ်ယောက်တည်း ကလေးတစ်ယောက်ကို ထိန်းပြီး သွားတယ်ဆိုတာ၊ ဘယ်လိုကြည့်ကြည့် စိတ်မချစရာကြီးလေ။
“သွားလေ၊ မဟုတ်ရင် နှစ်ယောက်လုံး လမ်းပျောက်နေကြဦးမယ်”
ဆွန်နာနာက ကဖေးဆိုင်မှာ ထိုင်ရင်း ကျက်သရေရှိစွာ မိတ်ကပ်ပြင်နေရင်းမှ ဝင်ပြောလိုက်သည်။
“ပါး... ဒါဆို ပါးက....”
ချန်ကျန့် အဖေဖြစ်သူကို လှမ်းကြည့်သည်။
“ငါ နေ့လယ်စာ ဘာချက်ရမလဲ သွားကြည့်လိုက်ဦးမယ်”
အဖေဖြစ်သူမှာ သူ၏ အချိန်ပိုင်းအလုပ်ကို တကယ် အလေးထားသူ ဖြစ်သည်။
“ဦးလေး... ကျွန်တော် ကူညီမယ်လေ” ဆန်းပင်း ချက်ချင်းပင် အနောက်မှ လိုက်သွားခဲ့သည်။
ချန်ကျန့် လှည့်ထွက်လာပြီး၊ သေသေချာချာတောင် မရပ်ရသေးသော ဆိုင်ကယ်ပေါ် ပြန်တက်ကာ ထွက်လာခဲ့တော့သည်။ ယနေ့ ဈေးထဲတွင် လူတော်တော် စည်နေဆဲပင်။ ပုံမှန်ဆိုလျှင်တော့ ဟင်းသီးဟင်းရွက်တွေ၊ အခြောက်အခြမ်းတွေ၊ ဒေသထွက် မုန့်တွေပဲ ရောင်းတာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ မုန့်တွေအပြင် နှစ်သစ်ကူး ပစ္စည်းတွေချည်းပါပဲ။ မြို့ပေါ်မှာလို မဟုတ်ဘဲ၊ မနက်ဖြန်ကျရင်တော့ ဘယ်သူမှ အပြင်ထွက်မှာ မဟုတ်သဖြင့်၊ ဒီနေ့က နောက်ဆုံး ဈေးရောင်းရမည့် အချိန်ပင် ။
ချန်ကျန့် ရှန်ယွီ့ဆီ ဖုန်းဆက်သော်လည်း အကြာကြီး မြည်ပြီးမှ ပြတ်သွားသည်။ ဈေးထဲမှာ လူစည်နေသဖြင့် သူ မကြားတာလည်း ဖြစ်နိုင်သည်လေ။ ထို့ကြောင့် သူ ဈေးထဲတွင် လှည့်ပတ်ရှာရင်း နောက်တစ်ခါ ထပ်ခေါ်လိုက်သည်။ ဒီတစ်ခါတော့ ဖုန်းကိုင်လိုက်သည်။ သို့သော် ထွက်ပေါ်လာသည်မှာ ဆွန်နာနာ၏ အသံ ဖြစ်နေလေသည်
“ဖုန်းဆက်မနေနဲ့တော့။ သူ ဖုန်းမယူသွားဘူး။ ကဖေးဆိုင်က ဆိုဖာပေါ်မှာ တင်ထားခဲ့တာလေ၊ ဖုန်းမြည်သံ ကြားလို့ ငါ အကြာကြီး လိုက်ရှာလိုက်ရတယ်”
ကျန်တဲ့ သိုးမွေးချည်တွေနဲ့ သူ့လည်ပင်းမှာ ဆွဲထားဖို့ ဖုန်းအိတ်လေး တစ်အိတ် ထိုးပေးရမယ် ထင်တယ်....
ချန်ကျန့် မတတ်သာဘဲ ဈေးထဲတွင် ဆက်လက် ရှာဖွေနေရတော့သည်။ သို့သော် ရှန်ယွီ့ကို ရှာရန်အတွက် နည်းလမ်းတစ်ခုတော့ ရှိလေသည်။ ကလေးကို သွားပို့ပြီးနောက် သူ ဈေးထဲမှာ လျှောက်သွားနေမည်ဆိုလျှင်၊ ဒေသထွက် ပစ္စည်းတွေ သို့မဟုတ် ဟင်းသီးဟင်းရွက် ဆိုင်တွေကိုတော့ သူ ကြည့်မှာ မဟုတ်ပါဘူး။ တစ်ခုခု ထူးဆန်းတာ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာမျိုးကိုပဲ သူ သွားမှာပေါ့....။
ဟုတ်သားပဲ၊ ဟိုးရှေ့က မီးရှူးမီးပန်းတွေ ရောင်းတဲ့ ရွက်ဖျင်တဲကြီးပဲ ဖြစ်ရမယ်။
ချန်ကျန့် လျှောက်သွားကြည့်လိုက်ရာ၊ အထဲတွင် လူတွေ စုရုံးနေကြသည်ကို တွေ့ရသည်။ သူ ချက်ချင်းပင် တိုးဝှေ့ဝင်သွားလိုက်သည်။ အစ်မကြီး တစ်ဦးက သူ့ကို မြင်တော့…
“ဪ... ပစ္စည်းလာသယ်ပေးတာလား” ဟု မေးသည်။
“ဟုတ်ကဲ့”
ချန်ကျန့် ပြန်ဖြေရင်း လူအုပ်ကြားထဲ တိုးဝင်သွားရာ၊ ရှန်ယွီ တစ်ယောက် ခုံပုလေး တစ်လုံးပေါ်မှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဘေးတွင်တော့ ဆံပင် စောင်းချည်ထားသော ကလေးမလေး တစ်ယောက် ထိုင်နေလေသည်။ သူတို့၏ ရှေ့တွင်တော့ မီးရှူးမီးပန်းပုံကြီး တစ်ပုံ ရှိနေသည်လေ။
“ဘာလို့ ဒီရောက်လာတာလဲ” ရှန်ယွီ သူ့ကို မြင်တော့ ပြုံးပြသည်။
“ပိုက်ဆံလာပေးတာလေ။ ဒီပစ္စည်းပုံကြီးအတွက် ကလေးကို အပေါင်ထားခဲ့မလို့လား”
“အာ”
ရှန်ယွီ သူ၏ အိတ်ကပ်များကို စမ်းကြည့်သော်လည်း ဖုန်းကို ရှာမတွေ့ပါဘူး။
“မင်းဖုန်းက နာနာ ဆီမှာလေ” ချန်ကျန့် လျှောက်သွားကာ ကလေးမလေးကို ငုံ့ကြည့်လိုက်သည် ။
“ကလေးကိုလည်း အခုထိ မပို့ရသေးဘူးလား”
“အဘွားကို ရှာတွေ့ပါပြီ။ သူ့အတွက် မီးရှူးမီးပန်းတွေ ဝယ်ပေးနေတာလေ။ သူ့အဘွားကလည်း ငါ့အတွက် အခြောက်အခြမ်းတွေ ပေးမယ်လို့ ပြောတယ်”
"ဒီလောက်အများကြီး ဝယ်နေတာလား”
ချန်ကျန့် မြေပြင်ပေါ်က ပစ္စည်းပုံကြီးကို ကြည့်ကာ မေးလိုက်သည်။
“ဒါတွေက ရှောင်ကျွမ်း အတွက်လေ။ ဒီဘက်က အပုံကတော့ ငါတို့အတွက်”
“ရှိသေးတယ်ဟေ့!”
ဘေးမှ ကြည့်နေသော ဦးလေးကြီး တစ်ဦးက ရယ်မောရင်း ဝင်ပြောသည်။
“ပိုင်ရှင်က နောက်ထပ် သွားယူခိုင်းထားသေးတယ်၊ သူ လိုချင်တဲ့ဟာက ကုန်နေလို့တဲ့”
“ဒါလေးလည်း ဆော့လို့ ကောင်းတယ်နော် ဘော့စ်” တခြားတစ်ယောက်က လှမ်းအော်သည်။
“ဒါက ပန်းပွင့်အကြီးကြီးတွေ ထွက်တာ၊ အကြာကြီးလည်း ခံတယ်လေ။ မနှစ်က မြစ်ဘေးမှာ တစ်ယောက် လွှတ်တာ တအားလှတာဗျ....”
“အဲ့ဒါပါ ယူလာခဲ့ပါ” ရှန်ယွီက ဆိုင်ရှင်ကို လှမ်းပြောလိုက်သည်။
“ရစေရမယ်ဗျာ!” ဆိုင်ရှင်က ချက်ချင်းပင် အပြေးသွားကာ ထိုသူ ညွှန်ပြသော မီးရှူးမီးပန်းကြီးကို သယ်လာခဲ့တော့သည်။ ၎င်းမှာ အမြောက်ကြီး တစ်ခုနှင့်ပင် တူနေလေသည်။
“နောက်ပြီး ဒါလေးကော....” တခြားတစ်ယောက်က ထပ်ပြောပြန်သည်။
“ဟေး!” ချန်ကျန့် လှမ်းအော်လိုက်သည်။
“ခဗျားတို့က ကော်မရှင် ရလို့ လိုက်မြှောက်ပင့်နေကြတာလား!”
လူအုပ်ကြီး တစ်ခုလုံး အားရပါးရ ရယ်မောလိုက်ကြတော့သည်။
“မင်းတို့ ဘော့စ်က မြို့ပေါ်မှာနေခဲ့တော့ ဒါမျိုးတွေ ဆော့ဖို့ အခွင့်အရေး မရှိရှာဘူးလေ။ သူ့ကို ပျော်ပျော်ပါးပါး ဆော့ခိုင်းလိုက်ပါဦး”
ဤလူများမှာ ပုံမှန်ဆိုလျှင် မီးရှူးမီးပန်း အများကြီး မဝယ်ကြပါဘူး၊ အထူးသဖြင့် ဈေးကြီးတဲ့ဟာတွေကိုပေါ့။ တစ်ခုတည်းကိုတင် ယွမ် ရာချီပေးရတဲ့ဟာမျိုးဆိုတာ၊ များသောအားဖြင့်တော့ မြို့ပေါ်ကနေ နှစ်သစ်ကူးလာတဲ့လူတွေ၊ ဒါမှမဟုတ် မီးရှူးမီးပန်း လွှတ်ဖို့ သက်သက် လာတဲ့လူတွေပဲ ဝယ်ကြတာလေ။ လူတိုင်းကတော့ သူတို့ ဝယ်နေတာကို ကြည့်ပြီး ပျော်နေကြသလို၊ ဝင်ပြီးတော့လည်း မြှောက်ပင့်ပေးနေကြလေသည်။
ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်မိသည်။ ဤချမ်းသာပြီး နည်းပညာတွေနဲ့ ပြည့်နှက်နေတဲ့ ဘော့စ်ကြီးမှာ၊ ယနေ့ ဈေးထဲက လူတွေအတွက်တော့ ဖျော်ဖြေရေး တစ်ခု ဖြစ်နေပါလား။
“မင်း ကားသွားယူလိုက်ပါလား”
ရှန်ယွီ ချန်ကျန့် လက်ထဲက ဆိုင်ကယ်သော့ကို လှမ်းကြည့်သည်။
“ဒီလောက် အများကြီး ဆိုင်ကယ်ပေါ် တင်လို့ မဆံ့ဘူးလေ”
“ဆိုင်ရှင်ကိုပဲ အိမ်အရောက် ပို့ခိုင်းလိုက်မှာပေါ့” ချန်ကျန့် ဆိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။
“ရပါတယ်! သေချာပေါက် ပို့ပေးရမှာပေါ့!” ဆိုင်ရှင်က ချန်ကျန့်ကို အလေးပြုပြသည်။
“ဖောက်သည်ကြီး လိုသမျှ ဝန်ဆောင်မှု ပေးရမှာပေါ့ဗျာ”
“ရေတစ်ခွက်တောင် မတိုက်ဘဲနဲ့ ဖောက်သည်ကြီး လို့ လာခေါ်နေသေးတယ်”
ချန်ကျန့်က ဆိုလိုက်သည်။
“ကျွန်တော့်မှာ တကယ် မရှိလို့ပါဗျာ။ မနက်စောစောကတည်းက ထွက်လာတာ၊ ကျွန်တော်ကိုယ်တိုင်လည်း ရေတစ်စက်မှ မသောက်ရသေးပါဘူး။ ဘော့စ်ရှန် ဘာသောက်ချင်လဲပြော၊ ကျွန်တော် သွားဝယ်ပေးမယ်လေ!”
“မလိုပါဘူး၊ မဆာပါဘူး” ရှန်ယွီ ပြုံးပြလိုက်သည်။
မကြာမီမှာပင် ဆိုင်ရှင် လွှတ်ထားသော လူမှာ အမြောက်ပြောင်း အကြီးကြီး နှစ်ခုကို သယ်ပြီး ပြန်ရောက်လာသည်။ လူအုပ်ကြီးမှာလည်း ဟေးခနဲ အော်လိုက်ကြတော့သည်။ ချန်ကျန့် ရှန်ယွီ့ကို ကြည့်ကာ…
“မင်း ဘာတွေ လုပ်နေတာလဲ”
“နှစ်သစ်ကူး ပွဲလုပ်မလို့လေ” ရှန်ယွီ အနားတိုးကပ်ကာ တိုးတိုးလေး ဆိုသည် ။
“ငါ ဒါမျိုး မလုပ်ဖြစ်တာ နှစ်တွေ အကြာကြီး ရှိပြီပဲဟာ”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ၎င်းမှာ အမှန်တရားပါပဲ.... ရှန်ယွီ အရင်က နှစ်သစ်ကူးတွေကို ဘယ်လို ကုန်ဆုံးခဲ့သလဲ သူ မသိပေမဲ့၊ အနည်းဆုံးတော့ ထောင်ထဲမှာ ရှိနေခဲ့တဲ့ နှစ်တွေမှာတော့ သူ ဒါမျိုးတွေ လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။
ဘော့စ်ကြီးမှာ ကလေးသွားပို့ရာမှအပြန်၊ မီးရှူးမီးပန်းတွေ အပြည့် တင်ထားတဲ့ ကားတစ်စီးအပြင်၊ မှိုခြောက်တွေနဲ့ သစ်စေ့တွေ ပါတဲ့ အိတ်နှစ်အိတ်ကိုပါ သယ်ပြီး ပြန်ရောက်လာခဲ့သည်။ တည်းခိုခန်းက ဝန်ထမ်းတွေ အကုန် ဝင်းထဲ ပြေးထွက်လာကြတော့သည်။ ချန်ကျန့်လည်း ဆိုင်ကယ်ကို ရပ်လိုက်သည်နှင့် ဆန်းပင်းတို့ လူစုမှာ စိတ်လှုပ်ရှားစွာဖြင့် ကားပေါ်က ပစ္စည်းများကို ဝိုင်းချပေးနေကြလေပြီ။
ဆွန်နာနာက ရှန်ယွီ့ထံ ဖုန်းကို ကမ်းပေးသည် ။
“ဘော့စ် ပိုက်ဆံ မပေးရသေးဘူး မဟုတ်လား”
“အင်း”
ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်ရှင်မှာ ကားဘေးတွင် ရပ်ကာ စာအုပ်ဖြင့် ပစ္စည်းများကို လိုက်စစ်နေသည်၊ နောက်ဆုံးတွင်မှ ရှန်ယွီ့ထံ စာအုပ် ကမ်းပေးလိုက်သည် ။
“စာရင်းကိုက်ရဲ့လား ဘော့စ်”
“ကိုက်ပါတယ်”
ရှန်ယွီ တစ်ချက် ကြည့်လိုက်ပြီး ဖုန်းဖြင့် ပိုက်ဆံ လွှဲပေးလိုက်သည်။
“ဘယ်လောက် ကုန်သွားလဲဟင်”
ချန်ကျန့် မေးသော်လည်း
“မမေးပါနဲ့တော့”
ဟုပင် ဆိုလျက် ရှန်ယွီ ပြုံးရင်းနဲ့ပင် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ချန်ကျန့်သည် ပိုက်ဆံရပြီး မျက်နှာကြီး ဝင်းပနေသော ဆိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။
“ဖောက်သည်ကြီး အတွက်တော့ လျှို့ဝှက်ထားပေးရမှာပေါ့ဗျာ”
“အေးပါဗျာ” ချန်ကျန့် ရယ်မောလိုက်မိသည်။
မီးဘေးလုံခြုံရေး တာဝန်ခံ ချန်အာဟူကတော့ ဆန်းပင်းတို့ကို ညွှန်ကြားနေတော့သည်။
“မီးရှူးမီးပန်းတွေကို အထဲမှာ မထားနဲ့။ အနောက်ဘက်က နံရံဘေးမှာ သွားပုံထားလိုက်။ ဘေးနားက ပစ္စည်းတွေကိုလည်း ရှင်းလိုက်ဦး....”
ရှန်ယွီ ကိုယ်လက်ဆန့်လိုက်ပြီး အနောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း၊ ဝင်းထဲနှင့် ပြတင်းပေါက်များတွင် အလှဆင်ထားသော အနီရောင် ပစ္စည်းများကို ငေးကြည့်နေမိသည်။
“ကလေးမလေးရဲ့ အဘွားက ဘာမှ မပြောဘူးလားဟင်”
ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။
“မပြောပါဘူး၊ ကျေးဇူးတောင် တင်နေသေးတာ။ ဟို မှိုခြောက်တွေကို နောက်မှ မြည်းကြည့်ကြတာပေါ့၊ သူတို့ အိမ်မှာ ကိုယ်တိုင် စိုက်တာတဲ့”
“ရောင်းဖို့ ယူလာတာလား၊ အကုန် ပေးလိုက်တာလား”
“အဘွားကြီးကို အထင်မသေးနဲ့ဦးနော်။ သူ့ရဲ့ မှိုစိုက်ခင်းက သူတို့ရွာမှာ အကြီးဆုံးပဲလေ။ နောင်ကျရင် ငါတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လို့တောင် ရဦးမှာ”
“ဪ…” ချန်ကျန့် ရှန်ယွီ့ကို ငေးကြည့်နေမိသည်။
“မန်နေဂျာ!” ဟူဖန် အရှေ့တံခါးဝမှ လှမ်းအော်သည် ။
“ရှင်တို့ နှစ်ယောက် လာကူပေးကြပါဦး”
“ဟင်” ချန်ကျန့် လှည့်ကြည့်လိုက်သည်။
“ဒီမီးအိမ် အကြီးကြီးတွေကို လာချိတ်ပေးကြပါဦး!”
“အိုကေ”
ရှန်ယွီ ချက်ချင်းပင် ပြန်ထူးကာ လှည့်ထွက်သွားခဲ့သည်။ ချန်ကျန့်လည်း သူ့နောက်မှ လိုက်ခဲ့တော့သည်။ ဘော့စ်ကြီးမှာ ပုံမှန်ဆိုလျှင် ဤမျှလောက်အထိ အလုပ်မကြိုးစားတတ်ပါဘူး။ ပစ္စည်းတွေ သယ်နေကြစဉ်ကတည်းက သူ ရှောင်ထွက်သွားရမှာ ဖြစ်သော်လည်း၊ အခုတော့ ရှန်ယွီတစ်ယောက် နှစ်သစ်ကူး ပွဲလုပ်ဖို့ တကယ်ကို စိတ်အားထက်သန်နေမှန်း သိသာလှပါပေတော့သည်။
______________________________________________________________________
Comments
Post a Comment