Skip to main content

91








အပိုင်း (၉၁)


အမှန်တော့ ရှန်ယွီတစ်ဦးတည်းသာ နှစ်သစ်ကူးကို မျှော်လင့်နေခြင်းမဟုတ်ဘဲ ချန်ကျန့်သည်လည်း ရင်ခုန်နေမိပါသည်။

နှစ်ပေါင်းများစွာအတွင်း သူ ပထမဆုံးအကြိမ်အဖြစ် အဖေနှင့်အတူ စည်စည်ကားကား ဖြတ်သန်းရမည့် နှစ်သစ်ကူး ဖြစ်လေသည်။ အမေ့ဂူရှေ့မှာတောင် သူ မနေနိုင်ဘဲ

"ဒီနှစ် နှစ်သစ်ကူးကတော့ လူတွေအများကြီးနဲ့ တကယ့်ကို စည်စည်ကားကား ဖြစ်မှာနော်" ဟုတောင် ပြောခဲ့မိသေးသည်။

ရှန်ယွီသည် နှစ်သစ်ကူးဓလေ့များကို သိပ်မကျွမ်းကျင်သော်လည်း ပွဲတော်အပေါ် စိတ်အားထက်သန်မှုမှာမူ အတော်လေး မြင့်မားလှသည်။ ပုံမှန်အားဖြင့်တော့ အားလပ်ရက်က နှစ်သစ်ကူးအကြိုနေ့မှ စတင်ရမည်ဖြစ်ပြီး တခြားတည်းခိုခန်းများလည်း ထိုနည်းအတိုင်းပင်။ သို့သော် တာ့ယွင်တွင်မူ ဝန်ထမ်းများသည် နှစ်ဆန်း ၂၆ ရက် သို့မဟုတ် ၂၇ ရက်နေ့ကတည်းက စိတ်ကြိုက်ခွင့်ယူနိုင်ကြလေသည်။

"သူတို့တွေ တအားအားကျနေကြတာ။ သူတို့အလုပ်ချိန်ဇယားတွေက ငါတို့လောက် လူမဆန်ဘူးလေ..."

လောင်ဝူက ကော်ဖီဆိုင်တွင် ထိုင်ရင်း ပြောလေသည်။ သူသည် ပထမထပ်ကော်ဇောကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေးလုပ်ပြီးကာစဖြစ်ပြီး ယခုမူ ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီနေလေသည်။ ဖုန်စုပ်စက်မှာလည်း သူ၏ဘေးတွင်ပင် ရှိနေသေးသည်။ ပုံမှန်ဆိုလျှင်တော့ ချန်ကျန့်က သူ့ကို အပေါ်ထပ်တွင် အလုပ်အမြန် အပြီးသတ်ရန် ခိုင်းမည်ဖြစ်သော်လည်း ယနေ့တွင်တော့ မဟုတ်ပါချေ။ နှစ်သစ်ကူးကာလ ဖြစ်နေသည်ကိုး။

"ဘယ်နှယ့် လူမဆန်တာတုန်း ။ အဲ့ဒါကို လူသားဆန်တယ်လို့ ခေါ်တာ"

ဆွန်နာနာက ပြင်ပေးလိုက်သည်။

သူမ၏ရှေ့ရှိ စားပွဲပေါ်တွင် မုန့်ပန်းကန်လေး တစ်ချပ်ရှိပြီး သူမသည် ဘီစကစ်မုန့်လေးများကို အထုပ်ထဲမှ တစ်ခုချင်းထုတ်ကာ ပန်းကန်ထဲတွင် သေသေသပ်သပ် စီနေလေသည်။ ငါးခုခန့်စီပြီးသွားလျှင် တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း ကောက်စားလေ့ရှိသည်။ ရှန်ယွီ၏ တားမြစ် ဘီစကစ် များပင်။

"အဓိကက ငါတို့ထဲက အများစုက နှစ်သစ်ကူးမှာ အိမ်မပြန်ကြလို့ပါ။ ပြန်တဲ့လူတွေကလည်း အနီးအနားမှာပဲ နေတာလေ။ အရင်ကတော့ သူတို့ ဒီလောက် မပင်ပန်းပါဘူး။ နှစ်သစ်ကူးဆို ဆိုင်ပိတ်ပြီး အိမ်ပြန်ကြတာလေ။ ဒီနှစ်တော့ အားလုံး စီးပွားရေးကောင်းနေကြတာကိုး"

"ဟို ဘော့စ်ဟယ်တို့၊ ဘော့စ်ယန်တို့နဲ့ တခြားဘော့စ်တွေအားလုံး ရှန်ယွီ့ကို လာပြီး ဦးချသင့်တာ"

ဆွန်နာနာ ပြောလေပြီ။ လောင်ဝူက အသံကို နှိမ့်ကာ ဝင်ပြောသည်။

"ဘော့စ်ရှန် မလာခင်တုန်းက…အာဟူက ဒီနေရာကြီး လုံးဝ ပျက်စီးသွားပြီဆိုရင် ငါတို့ရဲ့ အခြေစိုက်စခန်းလုပ်ဖို့တောင် စီစဉ်ထားတာ"

"အရင်က ဒီနေရာနာမည်က ကျန့်ရှီး ဆိုတုန်းကလည်း အလွတ်ကြီး မဟုတ်ဘူးလား"

"ဒီနေရာက အရင်က သရဲအိမ်လေ၊ အဲ့ဒါအပြင်..."

လောင်ဝူက ချန်ကျန့်ကို တစ်ချက်ကြည့်လိုက်သည်။

"ချန်ကျန့်လည်း ဒီမှာ နေဖူးတယ်"

"ရံဖန်ရံခါပါ၊ အကြာကြီး မဟုတ်ပါဘူး"

ချန်ကျန့် ပြန်ဖြေလိုက်သည်။

"ချန်ကျန့် ဒီမှာနေတာ ဘာဖြစ်လို့လဲ၊ သူက အဆောက်အအုံတစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ထားတာမှ မဟုတ်တာ"

ဆွန်နာနာက ဆိုသည်။ နာနာက သည်နေရာ သမိုင်းကြောင်းကို မသိသဖြင့် အနည်းငယ် အံ့သြသွားသော်လည်း ထပ်မမေးတော့ပါချေ။ သို့သော် နောက်မှ ဟူဖန်နှင့် အတင်းပြောတော့မည်ကို ချန်ကျန့် ခန့်မှန်းမိလေသည်။

"နင်မသိပါဘူး၊ ချန်ကျန့်က သရဲထက်တောင် ပိုပြီး ကိုင်တွယ်ရခက်တာ"

"ငါ ဒီမှာ ရှိနေတယ်လေ" ချန်ကျန့်က သတိပေးလိုက်သည်။

"ငါကတော့ ချန်ကျန့်ကို တော်တော်လေး သဘောကျပါတယ်။ သူက ကြည့်ကောင်းသလို တည်ငြိမ်တယ်လေ"

ဆွန်နာနာက ပြုံးရင်း ပြောလေသည်။

"မိန်းကလေးတွေကတော့ နားမလည်ပါဘူး။ သူက လမ်းမှန်ပေါ်မှာ လျှောက်လို့သာပေါ့။ သူသာ လူမိုက်လောကထဲ ရောက်နေရင် ချန်တာဟူ တစ်ယောက် ထွက်ပြေးနေရတာ ကြာလှပြီ"

"ဟေး။ ငါ ဒီမှာ ရှိနေတယ်နော်"

"ငါက မင်းကို ချီးကျူးနေတာလေ"

"နောက်ဆို ငါ့ကို အဲ့ဒီလောက်ကြီး မချီးကျူးပါနဲ့တော့"

ချန်ကျန့်က ဖုန်စုပ်စက်ကို လက်ညှိုးထိုးပြပြီး "အလုပ်ပြန်လုပ်တော့" ဟု ခိုင်းလိုက်ရတော့၏။

လောင်ဝူက မကျေမနပ်ဖြင့် တောက်တစ်ချက်ခေါက်ကာ ထရပ်ပြီး ဖုန်စုပ်စက်ကို ဓာတ်လှေကားဘက်သို့ ဆွဲသွားလေသည်။

"ဆန်းပင်း ဘယ်ရောက်နေတာလဲ။ အလုပ်ပင်ပန်းမယ့် အချိန်ဆို သူက အမြဲ ပျောက်သွားတာပဲ"

"သူ အပြင်ကိစ္စ သွားလုပ်နေတာ။ မင်း သူ့နေရာ လဲချင်ရင်တော့ နောက်ဆို အပြင်ကိစ္စတွေ အကုန် မင်းသွားရလိမ့်မယ်"

"နွေဦးရောက်မှပဲ စဉ်းစားကြတာပေါ့။ အခုတော့ တအားအေးတယ်" ဟု ဆိုကာ လောင်ဝူ၏ ခြေလှမ်းများက ချက်ချင်း မြန်သွားတော့သည်။

"အိပ်မက်ပဲ မက်နေလိုက်"

မကြာခင်မှာပင် ဆန်းပင်းက အိတ်နှစ်အိတ်နှင့် ပြန်ရောက်လာပြီး စားပွဲပေါ် တင်လိုက်လေသည်။

"အခု လုပ်ကြမလား"

"အင်း"

အိတ်တစ်အိတ်ထဲတွင် အန်ပေါင်းအိတ် များပါရှိပြီး နောက်တစ်အိတ်မှာမူ လဲလှယ်လာသော ပိုက်ဆံအကြွေလေးများ ဖြစ်လေသည်။

နှစ်သစ်ကူးတွင် လာတည်းခိုသည့် ဧည့်သည်တစ်ယောက်ချင်းစီကို ကံကောင်းခြင်းအထိမ်းအမှတ်အဖြစ် ၁၀ ယွမ်တန် အန်ပေါင်းတစ်အိတ်စီ ပေးအပ်မည် ။ ဝန်ထမ်းများအတွက်လည်း နှစ်သစ်ကူးမုန့်ဖိုးအဖြစ် ၂၀၀ ယွမ်စီထည့်ထားသော စာအိတ်အကြီးများ ရှိနေသည်။

ချန်ကျန့်နှင့် ဆွန်နာနာတို့သည် ပိုက်ဆံများကို ရေတွက်ပြီး အန်ပေါင်းများထဲ စတင်ထည့်ကြလေသည်။ ပိုက်ဆံထည့်နေစဉ်အတွင်း ဆွန်နာနာသည် သူမ၏ ဘီစကစ်လေးများကို ခက်ရင်းလေးဖြင့် တစ်ခုချင်း ကောက်စားရန် မမေ့ပါချေ။

"နာနာ" ချန်ကျန့်က သူမကို ကြည့်လိုက်သည်။

ဆွန်နာနာက ဘီစကစ်တစ်ဖဲ့ကို ခက်ရင်းဖြင့်ထိုးပြီး သူ၏ပါးစပ်နား တေ့ပေးလေသည်။

"ဟား မုန့်တောင်းစားတာ မဟုတ်ဘူး..."

ချန်ကျန့် ရယ်မောလိုက်သည်။

"ဘာဖြစ်လို့လဲ"

ဆွန်နာနာက မေးရင်း ဘီစကစ်ကို သူမပါးစပ်ထဲသို့သာ ထည့်လိုက်သည်။

"မင်း နှစ်သစ်ကူးမှာ အိမ်မပြန်တာ၊ မင်းမိသားစုက ဘာမှမပြောဘူးလား"

ချန်ကျန့်က အသံတိုးတိုးဖြင့် မေးလေသည်။

"သေချာတာပေါ့၊ သူတို့ကတော့ မကျေနပ်ဘူးလေ ။ ဒါပေမဲ့ ငါ့မှာ စိတ်ဝေဒနာရှိတယ်ဆိုတော့ သူတို့ ငါ့ကို အတင်းအကျပ် မလုပ်ရဲကြဘူး"

ချန်ကျန့် ပြုံးလိုက်မိသည်။

"ငါ စိတ်ပူတာ တစ်ခုပဲ ရှိတယ်။ သူ ငါ့ဆီ လာရှာမှာကိုပဲ ။ ဒါပေမဲ့ ငါ ဖန်ဖန်နဲ့ တိုင်ပင်ထားပြီးသား။ သူ တကယ် လာရင် ဖန်ဖန်က ငါနဲ့အတူ ဒီနားက တည်းခိုခန်းတစ်ခုခုမှာ သွားအိပ်ပေးလိမ့်မယ်။ သူ ပြဿနာရှာချင်ရင် တခြားလူအိမ်မှာပဲ သွားရှာပါစေလေ"

"...သူ တကယ်လာရင် မောင်းထုတ်လိုက်ရုံပဲလေ ။ ဒီလောက်အထိ ဒုက္ခခံမနေပါနဲ့"

"အဲ့လိုလုပ်လို့ မရဘူးလေ၊ နှစ်သစ်ကူးကြီးကို"

သူတို့ စကားပြောနေစဉ်မှာပင် ဧည့်ကြိုကောင်တာမှ ဟူဖန်က အရှေ့တံခါးဘက်သို့ လှမ်းပြီး အသံကျယ်ကျယ်ဖြင့် "မင်္ဂလာပါရှင်၊ ဘာကူညီပေးရမလဲ" ဟု မေးမြန်းလိုက်သည်။ ဤမေးခွန်းသည် တံခါးဝရှိ လူကို မေးခြင်းဖြစ်သော်လည်း ကော်ဖီဆိုင်ထဲရှိ လူများကိုလည်း အကူအညီတောင်းလိုက်သည့် သဘောပင် ဖြစ်သည်။

"ဘယ်သူလဲ" ဟု ဆိုကာ ဆွန်နာနာ လန့်သွားလေသည်။

ချန်ကျန့် အလျင်အမြန် လျှောက်သွားပြီး အဝင်ဝကို လှမ်းကြည့်လိုက်ကာ ဆွန်နာနာကို လက်ယမ်းပြပြီး "အာဟူရဲ့ အဖေပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ဪ" ဆွန်နာနာသည် ကုလားထိုင်ပေါ် ပြန်မှီချလိုက်သည်။

"ငါ့ပါးစပ်ပဲ စည်းနေသလားလို့…လန့်သွားတာ"

ချန်အာဟူ၏ အဖေသည် ဆွန်နာနာ၏ ယောကျ်ားဟောင်း မဟုတ်သော်လည်း သူ တာ့ယွင်သို့ ရောက်လာခြင်းသည်လည်း ကိုင်တွယ်ရ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပါချေ။ ချန်ကျန့် လျှောက်သွားသည့်အခါ ထိုလူသည် အရက်များ အလွန်အကျွံသောက်ထားသဖြင့် အရက်နံ့များ နံစော်နေသည်ကို တွေ့လိုက်ရသည်။

"ဦးလေး" ချန်ကျန့်က အထဲဝင်ရန် ကြိုးစားနေသော အာဟူ့အဖေကို တားဆီးလိုက်သည်။

"အာဟူ့ကို လာရှာတာလား။ အာဟူက မြို့ထဲကို အပြင်ကိစ္စ သွားနေတယ်"

"ငါ သူ့ကို လာရှာတာ မဟုတ်ဘူး" ဟု ဆိုကာ အာဟူ့အဖေက နောက်တစ်လှမ်း ယိုင်သွားလေသည်။ ကိုယ်ကို ပြန်ထိန်းပြီးနောက် ချန်ကျန့်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီးမှ

"ချန်ကျန့်လား။ ဘယ်သူလဲလို့ ငါ စဉ်းစားနေတာ" ဟု ဆိုသည်။

"ဟုတ်ကဲ့၊ ကျွန်တော် ချန်ကျန့်ပါ"

"မင်းအဖေ ပြန်ရောက်နေတယ်လို့ ကြားတယ်"

အာဟူ့အဖေက မေးရင်း ဆိုင်ထဲသို့ ဝေ့ကြည့်လေသည်။

"ဟုတ်ကဲ့"

သူ့အဖေမှာမူ ယခုအခါ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။ ဒီနှစ်ရက်တွင် နှစ်သစ်ကူးအကြိုညစာနှင့် အားလပ်ရက်အတွက် ဟင်းချက်စရာများကို ပြင်ဆင်နေရခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ထမင်းစားမည့်လူ နည်းပါးသော်လည်း နှစ်သစ်ကူးဖြစ်သဖြင့် ဟင်းကြီးဟင်းကောင်းများဖြစ်သောကြောင့် အများကြီး ကြိုတင်ပြင်ဆင်ရလေသည်။

"သားအဖ ပြန်ဆုံကြတာပေါ့" အာဟူ့အဖေက ခေါင်းညိတ်ပြသည်။

"တအား ပျော်စရာ ကောင်းတာပဲ၊ ငါနဲ့တော့ မတူဘူး"

"အာဟူလည်း နှစ်သစ်ကူးမှာ အိမ်ပြန်မှာပဲ မဟုတ်လား"

"ငါ့မှာ အရင်က"

အာဟူ့အဖေက လက်ညှိုးနှင့် လက်ခလယ်ကို ထောင်ပြီး ချန်ကျန့် မျက်နှာရှေ့ ထိုးပြလေသည်။

"သားနှစ်ယောက် ရှိတာ"

"အခုလည်း နှစ်ယောက် ရှိနေတာပဲလေ"

ချန်တာဟူသည် ထောင်ထဲတွင် ရှိနေခြင်းဖြစ်ပြီး သေဆုံးသွားခြင်း မဟုတ်ပါချေ။

"သားနှစ်ယောက်လုံးကို မင်းတို့တွေက ငါ့လက်ထဲကနေ ဆွဲထုတ်သွားကြတာ"

အာဟူ့အဖေက အရက်နာတက်သည့် လေသံဖြင့် ပြောလေသည်။

ချန်ကျန့်သည် ခေါင်းကို အနည်းငယ် လွှဲလိုက်သော်လည်း အသက်အောင့်ကာ

"အာဟူ အိမ်မပြန်ဘူးလား" ဟု မေးလိုက်သည်။

"သူ အိမ်ပြန်တာက မပြန်တာနဲ့ အတူတူပဲ!" အာဟူ့အဖေက အော်ဟစ်တော့သည်။

"အခုဆို ငါ ဘာလုပ်လုပ် သူက အမှားပဲ လိုက်ရှာနေတာ။ ပါးစပ်ဖွင့်လိုက်ရင် 'ဘော့စ်ရှန်' က ဒီလို၊ 'ဘော့စ်ရှန်' က ဟိုလိုနဲ့။ ဘယ်သူက သူ့အဖေအရင်းလဲဆိုတာတောင် သူ ခွဲခြားမသိတော့ဘူး!"

အဲ့ဒါကတော့ နည်းနည်း လွန်သွားပြီ ။ ဘော့စ်ရှန်က အဲ့လောက် မအိုသေးပါဘူး။

"မင်းတို့ ဘော့စ်ကို ခေါ်ထုတ်ခဲ့စမ်း"

အာဟူ့အဖေက ဆိုကာ လည်ပတ်နေရင်း ယိုင်တိုင်တိုင်နှင့် နားနေဆောင်ရှိ ဆိုဖာတစ်ခုပေါ် ပစ်ထိုင်လိုက်သည်။

"ရှန်ယွီ့ကို ထွက်လာခိုင်းလိုက်!"

"ဟုတ်ကဲ့ ဦးလေး။ ဒီမှာ ခဏထိုင်ပြီး နားနေပါဦး"

ချန်ကျန့် ဧည့်ကြိုကောင်တာဘက် လှည့်လျှောက်လာတော့ ဖန်ဖန်က

"ရဲခေါ်ရမလား" ဟု ချက်ချင်း မေးသည်။

"ချန်အာဟူ့ဆီ ဖုန်းဆက်ပြီး ဘာဖြစ်တာလဲဆိုတာ အရင်မေးကြည့်လိုက်ဦး"

ရဲခေါ်ရန်မှာ မဖြစ်နိုင်ပါချေ။ ဤသည်မှာ ချန်အာဟူ၏ အဖေ ဖြစ်လေသည်။ ချန်အာဟူ၏ အစ်ကိုဖြစ်သူကိုလည်း ပြီးခဲ့သည့်နှစ်က သူတို့ပင် ရဲခေါ်ပြီး ထောင်ထဲ ပို့ခဲ့သည် မဟုတ်ပါလား။ ယခု အဖေဖြစ်သူကိုပါ ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်လျှင် ချန်အာဟူ တစ်ယောက် စိတ်ဖိစီးပြီး သေဆုံးသွားနိုင်ပါသည်။

"အိုကေ။ ဘော့စ်ရှန်ကို အောက်ဆင်းလာဖို့ ပြောရမလား"

"နေဦး" ချန်ကျန့်က ဆိုကာ ဘားကောင်တာဘက် သွားပြီး ရေနွေးကြမ်းတစ်ခွက်နှင့် မုန့်အချို့ ယူလိုက်သည်။

"လောင်ဝူ့ကို အောက်ဆင်းလာခိုင်းလိုက်"

ရှန်ယွီကသာ ချန်အာဟူ၏ မိသားစုကိစ္စကို နောက်တစ်ကြိမ် ဝင်ရောက်ကိုင်တွယ်ရဦးမည်ဆိုလျှင် ချန်အာဟူသည် အမှန်တကယ်ပင် အားနာလွန်းသဖြင့် သေဆုံးသွားနိုင်ပါသည်။

"ချန်ကျန့်... ဘာတွေဖြစ်..." သူ့အဖေသည် ဆူညံသံကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာလေသည်။ မေးရန် ပြင်နေစဉ် ဆိုဖာပေါ်တွင် ထိုင်နေသော အာဟူ့အဖေကို မြင်သောအခါ ကြောင်သွားလေသည်။ "သာ့ကမ်ဘာ က ဘာလို့ ဒီရောက်နေတာလဲ"

'သာ့ကမ်ဘာ' ဆိုသည်မှာ အာဟူ့အဖေ၏ နာမည်ပြောင် ဖြစ်သည်။ ငယ်စဉ်က သူသည် တအားပိန်သဖြင့် အဲ့ဒီလို ခေါ်ကြခြင်းဖြစ်ပြီး ယခုမူ မပိန်တော့သော်လည်း ဆယ်စုနှစ်ချီပြီး ဤနာမည်သာ တွင်နေခြင်း ဖြစ်သည်။ ချန်ကျန့်တောင် သူ၏နာမည်အရင်းကို မသိပါချေ၊ 'ဦးလေးကမ်ဘာ' ဟုသာ ခေါ်နေကျ ဖြစ်သည်။

"သူ မူးနေတာပါ" ချန်ကျန့်က အသံတိုးတိုးဖြင့် ပြောလေသည်။

"အာဟူနဲ့ ရန်ဖြစ်လာတာ ထင်တယ်"

"ငါ သွားပြီး စကားပြောပေးရမလား" အဖေက စိုးရိမ်တကြီး မေးသည်။

"သူ ပြဿနာရှာပြီး ဧည့်သည်တွေကို လန့်အောင် လုပ်မှာ စိုးလို့ပါ"

"ရပါတယ် ပါး၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။ စိတ်မပူနဲ့တော့"

သူ့အဖေက ချန်ကျန့်ကို ကြည့်ကာ ခေတ္တ တုံ့ဆိုင်းနေပြီးမှ ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားလေသည်။

"အေး... မင်း ကိုင်တွယ်နိုင်မှာပါ။ မန်နေဂျာ ကိုင်တွယ်နိုင်တာပေါ့"

ချန်ကျန့် ဧည့်ကြိုကောင်တာသို့ ပြန်သွားလေသည်။ ဟူဖန်သည် ချန်အာဟူ့ဆီ ဖုန်းဆက်ပြီးပါပြီ။

"သူ့အဖေနဲ့ ရန်ဖြစ်တာတဲ့။ သူ့အဖေက သူ့အစ်ကိုဆီ သွားကြည့်ခိုင်းတာကို သူက မသွားဘူးလို့ ငြင်းလိုက်လို့လေ။ ကျန်တာတော့ အများကြီး မပြောဘူး၊ အခု ကားမောင်းပြီး ပြန်လာနေပြီတဲ့"

"အင်း"

ချန်တာဟူ ထောင်ကျပြီးနောက်တွင် ချန်အာဟူနှင့် သူ့အဖေ၏ ဆက်ဆံရေးမှာ အမြဲ တင်းမာနေခဲ့ခြင်း ဖြစ်သည်။ သူ့အဖေသည် လူမိုက်တစ်ပိုင်း သားတစ်ယောက်ကို မွေးထုတ်ခဲ့သည့် အဖေညံ့တစ်ယောက် ဖြစ်သော်လည်း၊ အာဟူ့ကိုမူ သူ့အစ်ကိုနှင့် ပြန်လည်အဆင်ပြေစေချင်နေခြင်း ဖြစ်သည်။ သို့မဟုတ် သူကိုယ်တိုင် ကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်ပါသည်။

"ဘယ်လိုလုပ်ကြမလဲ"

ဟူဖန်က ချန်ကျန့်ကိုင်ထားသော ရေနွေးကြမ်းနှင့် မုန့်ပန်းကန်ကို ကြည့်ပြီး မေးလေသည်။

"သူ့ကို တစ်ခုခု ကျွေးလိုက်၊ အိပ်ပျော်သွားမလား ကြည့်ရအောင်။ အိပ်မပျော်ရင်တော့ သူ တအားမူးသွားတဲ့အထိ စောင့်ပြီးမှ အပြင်ကို ထုတ်လိုက်ကြတာပေါ့"

"ဟေ့... သူ ဘယ်မှာလဲ!"

အာဟူ့အဖေက အော်ဟစ်လေသည်။

"ဦးလေး"

ချန်ကျန့်က ရေနွေးနှင့် မုန့်များကို သူ့ရှေ့ရှိ စားပွဲပေါ် တင်ပေးလိုက်သည်။

"ရေနွေးလေး သောက်လိုက်ပါဦး"

အာဟူ့အဖေသည် အရက်သောက်ထားသဖြင့် ရေငတ်နေပုံရသည်။ သူသည် မကျေမနပ်ဖြစ်နေသော်လည်း ခွက်ကို မကာ ရေနွေးတစ်ငုံ သောက်လိုက်လေသည်။

"မင်း အချိန်ဆွဲမနေနဲ့" ဟု ဆိုကာ သူက ခွက်ကို ပြန်ချလိုက်သည်။

"ငါ့မှာ အချိန်တွေ အများကြီးရှိတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးမှာ သားတစ်ယောက်က အိမ်မပြန်ဘူး၊ နောက်တစ်ယောက်က ပြန်မလာနိုင်ဘူး။ အိမ်မှာ ငါ တစ်ယောက်တည်းပဲ"

"အာဟူက လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက ကျွန်တော့်ကို ပြောထားတာပါ၊ နှစ်သစ်ကူးမှာ အိမ်ပြန်ချင်လို့ အလုပ်မထည့်ပါနဲ့ဦးဆိုပြီးတော့…မနေ့ကတည်းက သူ အိမ်ကို ပြန်သွားတာလေ၊ နှစ်သစ်ကူးမတိုင်ခင် အလုပ်တွေ များနေလို့ ဦးလေး အလုပ်ရှုပ်မှာ စိုးလို့တဲ့"

အာဟူ့အဖေ ဘာမျှ ပြန်မပြောပါချေ။ သို့သော် ခေတ္တအကြာတွင် စားပွဲကို ပြန်ထုလေသည်။

"သူက အဲ့လောက် အလိုက်သိနေရင် ဘာလို့ သူ့အစ်ကိုဆီ သွားကြည့်ပါဦးဆိုတာကို ငြင်းရတာလဲ!"

"တာဟူကလည်း သူ့ကို တွေ့ချင်မှ တွေ့ချင်မှာပါ ။ ဦးလေး... ဦးလေးက..."

အာဟူ့အဖေ၏ အကြည့်သည် ချန်ကျန့်ကို ကျော်ပြီး အနောက်သို့ ရောက်ရှိသွားလေသည်။ ချန်ကျန့် လှည့်ကြည့်လိုက်သောအခါ လောင်ဝူ အပြေးရောက်လာသည်ကို တွေ့ရသော်လည်း အာဟူ့အဖေသည် လောင်ဝူ့ကို ကြည့်နေခြင်း မဟုတ်ဘဲ လောင်ဝူ့အနောက်ရှိ ရှန်ယွီ့ကို ကြည့်နေခြင်း ဖြစ်သည်။

ထမင်းစားချိန် နီးနေပြီဖြစ်သဖြင့် ရှန်ယွီ အစားအစာ လာရှာခြင်း ဖြစ်ပေလိမ့်မည်။ ယခုအခါ အဖေသည် ဆိုင်တွင် ရှိနေသဖြင့် သူသည် အထင်ကြီးခံရစေရန် ထမင်းစားချိန်တိုင်း အောက်ဆင်းလာတတ်လေသည်။

ရှန်ယွီ လှမ်းကြည့်လိုက်သည်။ တစ်ခုခု ဖြစ်နေမှန်း သူ သိသော်လည်း အနားမလာပါချေ။ သူသည် ဘားကောင်တာသို့ တန်းသွားပြီး အခွံနွှာထားသော ကျွဲကောသီးတစ်ဖဲ့ကို ယူကာ ဖြည်းဖြည်းချင်း စားနေလေသည်။ ဟူဖန်သည် သူ့ကို တစ်ခုခု တိုးတိုးလေး ပြောနေသည်။

"ဦးလေး"

လောင်ဝူက ဘာကိုမျှ ဂရုမစိုက်ဘဲ အာဟူ့အဖေ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဘယ်လောက်တောင် သောက်ထားတာလဲ။ လာ... ကျွန်တော် အိမ်လိုက်ပို့ပေးမယ်"

အာဟူ့အဖေက သူ့ကို လှည့်ကြည့်သည်။

"ဒီနေရာက လူတွေကို ပြုပြင်ပေးနိုင်တယ်ဆို။ မင်းဦးနှောက်ကိုတော့ ဘာလို့ မပြုပြင်ပေးနိုင်ရတာလဲ"

"ကျွန်တော့်ကို လက်ခံထားပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ ။ ကျွန်တော့်လို လူမျိုးကို ပြုပြင်ဖို့ဆိုရင် တည်းခိုခန်းကို ပိုက်ဆံ ပြန်ပေးရဦးမှာ"

အာဟူ့အဖေသည် ပါးစပ်အဟောင်းသားနှင့် ဘာမျှ ပြန်မပြောနိုင် ဖြစ်သွားလေသည်။ နောက်ဆုံးတွင် သူသည် ခေါင်းလှည့်ပြီး ရှန်ယွီ့ကို လက်ညှိုးထိုးပြလေသည်။

"သူ့ကို ဒီကို လာခိုင်းလိုက်"

ဟိုဘက်တွင် ရှန်ယွီသည် ဘားကောင်တာကို မှီရပ်ရင်း သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ အာဟူ့အဖေ၏ လက်ညှိုးမှာလည်း မချသေးပါချေ။

ချန်ကျန့်က လက်လှမ်းပြီး သူ၏လက်မောင်းကို နှိမ့်ချလိုက်သည်။

"ဦးလေး... ချန်အာဟူ့အတွက် မျက်နှာလေးတော့ ချန်ပေးပါဦးဗျာ"

"မျက်နှာက ဘာလုပ်ရမှာလဲ!"

ရှန်ယွီသည် လျှောက်လာပြီး အာဟူ့အဖေ ရှေ့တွင် ရပ်လိုက်လေသည်။

"ချန်အာဟူရဲ့ အဖေ" ချန်ကျန့်က မိတ်ဆက်ပေးလိုက်သည်။

"မစ္စတာချန်" ဟု ရှန်ယွီက ဆိုကာ အာဟူ့အဖေကို ကြည့်လေသည်။ တခြားလူများကဲ့သို့ 'ဦးလေး' ဟု မခေါ်ပါချေ။

"ချန်အာဟူက အရင်တုန်းက အိမ်ကို ပိုက်ဆံတွေ ယူလာပေးဖူးလား"

အာဟူ့အဖေသည် သူ့ကို ကြည့်သော်လည်း ဘာမျှမပြောပါချေ။

"အခုတော့ သူ လတိုင်း အိမ်ကို ပိုက်ဆံ ပို့နေတယ် မဟုတ်လား ။ သူ အခုချိန်ထိ ရန်ဖြစ်နေတုန်းလား။ လူဆိုးတွေနဲ့ ပေါင်းနေတုန်းလား"

"မလုပ်တော့ပါဘူး"

လောင်ဝူက အာဟူ့အဖေကို တို့ပြီး ဝင်ပြောလေသည်။

"ဟုတ်တယ် မဟုတ်လား။ သူ လစာတွေ အိမ်ယူသွားတာ ငါ သိတယ်လေ"

"အင်း..."

အာဟူ့အဖေ အသံထွက်လာသည်။

"ဒါဆို မင်းက သူ့ဆီကနေ ဘာတွေ ထပ်လိုချင်သေးတာလဲ"

ရှန်ယွီက စိုက်ကြည့်ပြီး မေးလေသည်။ ဖြစ်နိုင်သည်မှာ သူသည် မူးနေသဖြင့် ရှန်ယွီ၏ စကားများကို လိုက်မမီခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှန်ယွီသည် အပြုံးမရှိ၊ အပိုစကားမရှိဘဲ သူ့ရှေ့တွင် မတ်တတ်ရပ်နေသဖြင့် သူသည် ခေတ္တမျှ ဆွံ့အသွားလေသည်။

"စိတ်ကြည်သွားတဲ့အခါ ပြန်စဉ်းစားကြည့်ပါ ။ တစ်နေ့နေ့ ချန်တာဟူ ထောင်က ထွက်လာတဲ့အခါ မင်းကို ကာကွယ်ပေးနိုင်မယ့် တစ်ဦးတည်းသောလူက ချန်အာဟူ ပဲ ရှိတယ်ဆိုတာကိုပေါ့"

ထိုသို့ပြောပြီး ရှန်ယွီ လှည့်ထွက်သွားလေသည်။ ခြေလှမ်းအနည်းငယ် ရောက်သောအခါ သူသည် ခေါင်းအနည်းငယ်စောင်းပြီး

"လောင်ဝူ... သူ့ကို အိမ်ပြန်ပို့ပေးလိုက်။ နှစ်သစ်ကူးကြီးမှာ ငါ့ကို ရဲမခေါ်ခိုင်းပါနဲ့" ဟု ပြောလိုက်သည်။

လောင်ဝူသည် အာဟူ့အဖေ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူ၏လက်မောင်းကို ဆွဲ၊ ပုခုံးပေါ်တင်ပြီး အင်္ကျီမှ မလိုက်လေသည်။

"သွားရအောင် ဦးလေး"

အရက်ရှိန် တက်လာသောကြောင့်လားမသိ၊ အာဟူ့အဖေ၏ ခြေလှမ်းများမှာ မခိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေလေသည်။ ချန်ကျန့်က ကူရန် လိုက်သွားသော်လည်း လောင်ဝူသည် ဦးနှောက်ကို ပြင်ရန် ပိုက်ဆံလိုမည်ဆိုသော်လည်း ခွန်အားမှာမူ အလွန်ကြီးမားလှသည်။ အာဟူ့အဖေကို အပြင်သို့ ဇွတ်ဆွဲထုတ်သွားလေတော့သည်။

"စိတ်မပူနဲ့တော့" လောင်ဝူက ချန်ကျန့်ကို လှည့်ပြောသည်။

"ငါ သူ့ကို အိမ်အရောက် ပို့ပေးလိုက်မယ်"

"အဆင်ပြေပါ့မလား"

ချန်ကျန့် စိုးရိမ်နေမိသည်။

"အေးဆေးပါ။ သူ အရက်မူးတိုင်း ငါပဲ အိမ်ပြန်ပို့ပေးနေကျလေ"

ဪ... အဲ့ဒါကြောင့် ခုနက တော်တော်လေး ကျွမ်းကျင်နေတာ။

ချန်ကျန့် အထဲသို့ ပြန်ဝင်လာလေသည်။ ရှန်ယွီသည် ကော်ဖီဆိုင်တွင် ထိုင်နေလေသည်။ ချန်ကျန့် လျှောက်သွားသောအခါ အန်ပေါင်းထည့်နေသည့် ဆွန်နာနာက မပြီးသေးသော အန်ပေါင်းအချို့ကို စားပွဲပေါ် တင်ပေးလိုက်သည်။

"ဒါ နင် လုပ်ဖို့ ချန်ထားတာ"

"အင်း"

ဆွန်နာနာ ထွက်သွားသောအခါ ချန်ကျန့်သည် စားပွဲတွင် ထိုင်ပြီး အန်ပေါင်းများထဲ ပိုက်ဆံ စတင်ထည့်လေသည်။

"မင်းကို ဒီကိစ္စထဲ ဝင်ပါခိုင်းဖို့ ကျွန်တော် မရည်ရွယ်ပါဘူး"

"အင်း"

"မင်း နည်းနည်း... စိတ်မချမ်းသာ ဖြစ်သွားလား"

"ဘာလို့ အဲ့လို ထင်တာလဲ"

"ခုနက မင်းရဲ့ အမူအရာကလေ"

ချန်ကျန့်က အသံတိုးတိုးဖြင့် ပြောသည်။

"တော်တော်လေး ကြောက်ဖို့ ကောင်းလို့ပါ"

ရှန်ယွီ၏ နှုတ်ခမ်းများ ကွေးသွားလေသည်။

"ငါ မင်းကို လန့်အောင် လုပ်မိလို့လား"

"မဟုတ်ပါဘူး။ ဒါပေမဲ့ အာဟူ့အဖေတော့ လန့်သွားမှာ သေချာတယ်။ အဲ့ဒါကြောင့် မင်း စိတ်တိုနေလားလို့ စဉ်းစားမိတာ"

"မဟုတ်ပါဘူး"

ရှန်ယွီသည် ဧည့်ကြိုကောင်တာဘက်ကို တစ်ချက်ကြည့်ပြီး ပန်းကန်ထဲမှ နောက်ဆုံး ဘီစကစ်လေးကို ယူစားလိုက်သည်။

"ယဉ်ကျေးနေဖို့ မလိုလို့ပါ။ သူ့ကို ပြန်ခိုင်းလိုက်ရင် ပြီးတာပဲ"

"အင်း"

"သူ့အဖေနဲ့ အဆင်ပြေအောင် နေဖို့ဆိုတာက ချန်အာဟူရဲ့ ကိုယ်ပိုင်ကိစ္စပဲ။ တခြား ဘယ်သူမှ သူ့ကို ကူညီလို့ မရဘူး"

"ကျွန်တော်ကတော့... သူ့ကို ဖျောင်းဖျဖို့ စဉ်းစားနေတာ" ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော်က ဒါမျိုးတွေကို ကိုင်တွယ်ရတာ အခုထိ မကျွမ်းကျင်သေးဘူး.... ကျွန်တော့်အဖေကိုလည်း ကျွန်တော့်ရဲ့ မန်နေဂျာ အရည်အချင်းကို မြင်စေချင်တာလေ"

ရှန်ယွီ ရယ်မောလိုက်လေသည်။

"အဲ့ဒါက မင်းရဲ့ အရည်အချင်းထဲမှာ မပါပါဘူး။ ဝန်ထမ်းတွေရဲ့ မိသားစုကိစ္စကို ဖြေရှင်းပေးရမယ်ဆိုတဲ့ အလုပ်မျိုးမှ မရှိတာ"

"လဲကျနေတဲ့ လူတစ်ယောက်ကို ဆွဲထူပေးတယ်ဆိုတာ ဆွဲထူပေးရုံပဲလေ။ ဆွဲထူပြီးတာနဲ့ လက်ကိုကိုင်ပြီး လမ်းတောက်လျှောက် လိုက်လျှောက်ပေးရတာ မဟုတ်ဘူး"

ရှန်ယွီက ဆက်ပြောသည်။

"နောက်ဆုံးတော့ ဒီကိစ္စတွေကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမှာပဲ"

"အင်း"

ချန်ကျန့်သည် ခေါင်းညိတ်ပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အဖေဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ဧည့်ကြိုကောင်တာမှ ဖုန်းမြည်လာလေသည်။ ဟူဖန်က ကိုင်လိုက်သည်။

"ဟယ်လို၊ တာ့ယွင် ပါရှင်။ ဟုတ်ကဲ့... ဟင်။ ဪ... ကျေးဇူးတင်ပါတယ်ရှင်။ အားလုံးလည်း အဆင်ပြေပါစေ၊ ပျော်ရွှင်စရာ နှစ်သစ်ကူးလေး ဖြစ်ပါစေနော်..."

ချန်ကျန့် အနည်းငယ် ထူးဆန်းသလို ခံစားရသဖြင့် ဟူဖန်ကို လှမ်းကြည့်လေသည်။ ဟူဖန်သည် ဖုန်းချပြီး ခေါင်းလှည့်လာသည်။

"ထူးဆန်းလိုက်တာ။ တစ်ယောက်ယောက်က ဖုန်းဆက်ပြီး တာ့ယွင် စီးပွားရေးတွေ ကောင်းပါစေလို့ လာဆုတောင်းပေးတာ..."

သူ၏စကား မဆုံးသေးမီမှာပင် ဖုန်းသည် ပြန်လည်မြည်လာပြန်သည်။ သူ ပြန်ကိုင်လိုက်သည်။

"ဟယ်လို၊ တာ့ယွင် ပါ... ဟုတ်ကဲ့၊ ရှင်"

"ဘာတွေ ဖြစ်နေတာလဲ"

ချန်ကျန့်သည် ထရပ်လိုက်ပြီး အန်ပေါင်းများကို အိတ်ထဲ သေသေသပ်သပ် ထည့်ကာ ဧည့်ကြိုကောင်တာဘက်သို့ လျှောက်သွားလိုက်သည်။

"ချန်ကျန့်"

ဟူဖန်က ဖုန်းချပြီး သူ့ကို လှည့်ကြည့်လေသည်။

"ကျိုးလဲ့ချန် က ရှင့်ဆီ ဆက်သွယ်နေတုန်းပဲလား"

____________________________________________________________________

NEXT



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...