အပိုင်း (၉၂)
ဟူဖန်၏ မေးခွန်းကြောင့် ချန်ကျန့် အံ့အားသင့်သွားရသော်လည်း၊ ဤဖုန်းနှစ်ကောမှာ ကျိုးလဲ့ချန်၏ ပို့စ်ကို ဖတ်ရှုသူများထံမှ လာခြင်းဖြစ်နိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ နှစ်ခုစလုံးမှာ ဂုဏ်ပြုဆုတောင်းသည့် သဘောမျိုး ဖြစ်နေ၍ပင်။
“ဘာဖြစ်လို့လဲ”
“ဒီဖုန်းက တာ့ယွင်ရဲ့ စေတနာကို ကျေးဇူးတင်တဲ့အကြောင်း လာပြောတာလေ။ အဲ့ဒါကြောင့် ငါက သူများလားလို့....”
ဟူဖန်က သူ့အတွေးကို ရှင်းပြသည်။ ချန်ကျန့် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည့်အခါ သူ၏လက်များမှာ အနည်းငယ် တုန်ယင်နေလေသည်။ အရင်က ဆန်းပင်း ပြောခဲ့ဖူးသော စကားများမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“တစ်နေ့နေ့ ငါတို့စီးပွားရေး ရုတ်တရက်ကြီး အကြီးအကျယ် ကောင်းလာပြီဆိုရင်၊ အဲ့ဒါ ကျိုးလဲ့ချန် သေသွားပြီလို့ မှတ်လိုက်တော့”
၎င်းမှာ ပြောရန် ကောင်းလှသော စကားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အမှန်တရားပါပဲ။ ထိုစဉ်ကတော့ ချန်ကျန့်အနေဖြင့် ထူးထူးခြားခြား မခံစားခဲ့ရပါဘူး။ သူသိသော ကျိုးလဲ့ချန်မှာ သာမန်ခရီးသည် တစ်ဦးနှင့် သိပ်မထူးခြားလှ၍ ဖြစ်သည်။
သို့သော် ယခုမူ ချန်ကျန့် ရုတ်တရက် ထိတ်လန့်လာရ၏။
“လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ဆီ ငါ စာပို့ခဲ့သေးတယ်လေ”
ချန်ကျန့် သူ၏ဖုန်းကို ထုတ်ကာ ကျိုးလဲ့ချန်နှင့် ပြောဆိုထားသော Chat history ကို ဖွင့်ကြည့်လိုက်သည်။
“ငါတို့တွေ ဆိုင်မှာ နှစ်သစ်ကူးပွဲ လုပ်ကြမယ့်အကြောင်း ပြောပြသေးတာ.... သူကလည်း သူ့ရောဂါအကြောင်း ဘာမှမပြောပါဘူး.... ငါ နောက်ထပ် စာတစ်စောင် ထပ်ပို့ကြည့်လိုက်ဦးမယ်”
Chat window တွင် ချန်ကျန့် လိုင်စင်ရလျှင် အဖေ့ကို သွားကြိုမည့်အကြောင်း ပြောထားသော လွန်ခဲ့သည့် ရက်ပိုင်းက စာမှာ ပေါ်နေဆဲပင်။ ကျိုးလဲ့ချန်ကပင် သူ၏ လူသစ်ဒရိုင်ဘာ ဘဝ ပထမဆုံးခြေလှမ်းအတွက် ဂုဏ်ပြုကြောင်းနှင့်၊ နှစ်တစ်ရာသက်တမ်းရှိမည့် ဆိုင်၏ ပထမဆုံးနှစ်အတွက်ပါ ဆုတောင်းပေးခဲ့သေးသည် မဟုတ်ပါလော။
ချန်ကျန့် စာတစ်စောင် ပို့လိုက်သည်။
[ချန်ယွီလော့ယန့်] : ချန်ကော... ကျွန်တော် လိုင်စင်ရပြီဗျ။ ဝါရင့်ဒရိုင်ဘာကြီး ဖြစ်ဖို့ ၁% လောက်တော့ နီးစပ်သွားပြီ။
ထို့နောက် သူ၏အဖေဆီ ပို့ခဲ့သော လိုင်စင်ဓာတ်ပုံကိုပါ ထပ်ပို့လိုက်သည်။ ပြီးနောက် သူသည် ဖုန်းကို ကိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။
“သူ တင်ထားတဲ့ ပို့စ်ကို ကြည့်လိုက်ဦး” ရှန်ယွီက သူ၏အနောက်မှနေ၍ ပြောလိုက်သည်။
“ဟုတ်ကဲ့”
ချန်ကျန့် ချက်ချင်းပင် ကျိုးလဲ့ချန်၏ ခရီးသွားပို့စ်ကို ဖွင့်ကာ နှိပ်ကြည့်လိုက်သည်။
“တကယ့်ကို စည်စည်ကားကားပါပဲ။ အိပ်မပျော်သေးတဲ့လူတွေ အကုန် ရောက်နေကြသလိုပဲ။ တည်းခိုခန်းကနေ အခမဲ့ လက်မှတ်တစ်စောင် ရခဲ့တယ်လေ၊ ငါ့ရဲ့ ရည်မှန်းချက်ကတော့ ဗိုက်ကားအောင် စားဖို့ပဲ....”
“တီးဝိုင်းကတော့ သိပ်မကောင်းပါဘူး၊ လမ်းပေါ်မှာ ဆိုရင်တော့ လူစုနိုင်မှာ မဟုတ်တဲ့ အမျိုးအစားပေါ့။ ဒီမှာတော့ ငါနဲ့ ကလေးအချို့ပဲ ကြည့်နေကြတာ။ သူတို့ သီချင်းဆိုမယ့် အချိန်ကို စောင့်နေတယ်....”
“မီးပုံပွဲကတော့ အေးတဲ့အချိန်မှာ တကယ့်ကို သင့်တော်တာပဲ။ နွေးထွေးတဲ့ ခံစားချက်ကို ပေးတယ်။ မီးပုံဘေးမှာ ရပ်နေရတော့ ငါ့မျက်လုံးတွေရော ကိုယ်ခန္ဓာပါ နွေးနေတာပဲ။ နွေရာသီမှာဆိုရင်တော့ ပူလိမ့်မယ် ထင်တယ်၊ ဒါပေမဲ့ ငါကတော့ နောက်ထပ် နွေရာသီတစ်ခုကို စောင့်ကြည့်ဖို့ အခွင့်အရေး ရမှာ မဟုတ်တော့ဘူး ထင်ပါတယ်....”
မီးပုံပွဲ ပြီးနောက်တွင် ကျိုးလဲ့ချန်သည် တည်းခိုခန်းတွင် နှစ်ရက်ခန့် ထပ်မံအနားယူပြီးမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်မှာ ပြည့်စုံပြီး နူးညံ့သော အဆုံးသတ်တစ်ခု ဖြစ်ကြောင်းသာ သူ ရေးသားခဲ့သည်။
နောက်ထပ် ပို့စ်တစ်ခုမှာမူ ပြီးခဲ့သည့်လက တင်ထားခြင်းဖြစ်ကာ၊ ၎င်းမှာ နောက်ဆုံး Update လည်း ဖြစ်လေသည်။ ပါဝင်သည့် အကြောင်းအရာမှာ ပိုမိုရိုးရှင်းလှပြီး၊ သေတမ်းစာ တစ်ခုနှင့်ပင် တူနေလေသည်။
“အခြေအနေကတော့ သိပ်မကောင်းပါဘူး။ နှစ်သစ်ကူးအထိတော့ တောင့်ခံနိုင်အောင် ကြိုးစားပါ့မယ်၊ ဒါပေမဲ့ ရုတ်တရက်ကြီး ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်၊ ငါ့ရဲ့ သတင်းကို စောင့်နေကြတဲ့ သူတွေကို နှုတ်ဆက်ဖို့ အချိန်ရမှာ မဟုတ်တော့မှာကိုလေ။ ဒါကြောင့် အခုကတည်းက နှုတ်ဆက်ထားပါရစေ။ ငါ မြင်တွေ့ခဲ့ရတဲ့ ရှုခင်းတွေနဲ့ ငါ ရရှိခဲ့တဲ့ စေတနာတွေကြားမှာ ငါတို့ ပြန်ဆုံကြတာပေါ့။”
ဟူဖန်နှင့် ဆွန်နာနာတို့လည်း ရောက်ရှိလာကြသည်။ သူတို့တစ်စုမှာ ကျိုးလဲ့ချန်၏ ပို့စ်ကို အစအဆုံး ပြန်ဖတ်ကြပြီး၊ Reply ပေးထားသည်များကိုပါ လိုက်ဖတ်ကြည့်ကြသည်။ ကျိုးလဲ့ချန်သည် သူ၏ပို့စ်တွင် တာ့ယွင်၏ နာမည်ကို တိုက်ရိုက် မဖော်ပြခဲ့သော်လည်း၊ မီးပုံပွဲအကြောင်း ရေးသားခဲ့သဖြင့် လူအများက ရှာဖွေကြည့်ရာမှ ဟုန်ယဲ့မြို့နယ်မှ တည်းခိုခန်းများကို သိရှိသွားခဲ့ကြခြင်း ဖြစ်သည်။
“ဒါကြောင့်လည်း ငါတို့ဆီကို ဖုန်းဆက်လာကြတာကိုး” ဟူဖန် သက်ပြင်းချလိုက်သည်။
“အခု သူ့အခြေအနေက ဘယ်လိုလဲမသိဘူး။ သူ အခုထိ.... အသက်ရှင်နေသေးလားဟင်”
ချန်ကျန့် သူ၏ဖုန်းကို ငုံ့ကြည့်လိုက်သည်။ ကျိုးလဲ့ချန်ထံမှ ပြန်စာ မလာသေးပါဘူး။ သို့သော် အရင်ကလည်း သူသည် စာပြန်နှေးတတ်သူ ဖြစ်သည်။ တစ်ခါတစ်ရံ နောက်တစ်နေ့ကျမှ အိပ်ပျော်သွားလို့ပါဟု ဆိုကာ ပြန်လာတတ်သည်လေ။
ယခုလည်း သူသည် အိပ်ပျော်နေရုံသာ ဖြစ်ပါစေဟု ချန်ကျန့် ဆုတောင်းနေမိသည်။
ဖုန်းမှာ နောက်ထပ် အကြိမ်အနည်းငယ် မြည်လာခဲ့ပြန်သည်။ ဆက်သွယ်လာသူများမှာ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး၊ အသံအရဆိုလျှင် လူငယ်ချည်းပါပဲ။ ပြောဆိုသည့် အကြောင်းအရာများမှာလည်း အလွန် ရင်းနှီးဖော်ရွေလှပြီး ဆုတောင်းပေးကြခြင်းသာ များပါသည်။ နှစ်ဦးခန့်ကတော့ အခန်းအမျိုးအစားများနှင့် လည်ပတ်စရာများကိုပါ မေးမြန်းသွားခဲ့သေးသည်။
ကျိုးလဲ့ချန် ထိုနှုတ်ဆက်ပို့စ် တင်ခဲ့သည်မှာ ကြာလှပါပြီ။ လူအများအနေဖြင့် ဟုန်ယဲ့မြို့နယ်နှင့် တာ့ယွင်အကြောင်းကို သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သော်လည်း၊ ယနေ့ကျမှ လူတွေ တရစပ် ဖုန်းဆက်လာကြခြင်းမှာ....
ချန်ကျန့်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု အမှန်တကယ်ပင် ဖြစ်ပေါ်နေလေသည်။ ကျိုးလဲ့ချန်တွင် သူ၏ပို့စ်ကို အစကတည်းက စောင့်ကြည့်နေခဲ့ကြသော သူငယ်ချင်းဟောင်းများ ရှိလေသည်။ သူတို့တစ်စုံတစ်ရာ သိထားကြခြင်း ဖြစ်နိုင်သည်လေ။
ချန်ကျန့်သည် ပန်းခြံထဲရှိ ခုံတန်းလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူ၏ရှေ့တွင်တော့ ရှန်ယွီ ဝယ်ထားသော မီးရှူးမီးပန်းပုံကြီး ရှိနေလေသည်။ မနက်ဖြန်ည မီးရှူးမီးပန်းများ လွှတ်သည့်အခါ ဓာတ်ပုံရိုက်ပြီး ကျိုးလဲ့ချန်ဆီ ပို့ပေးရန် သူ စိတ်ကူးထားခဲ့သေးသည်။ ယခုမူ ကျိုးလဲ့ချန်တစ်ယောက် ရှိတော့မည်မဟုတ်ကြောင်း ရုတ်တရက် သိလိုက်ရသည့်အတွက် ပြောမပြတတ်သော ဝမ်းနည်းမှုများကို သူ ခံစားနေရသည်။
သူ ကျိုးလဲ့ချန်နှင့် အတူရှိချိန်မှာ သိပ်မများခဲ့သလို၊ စကားလည်း အများကြီး မပြောဖြစ်ခဲ့ပါဘူး။ ကျိုးလဲ့ချန် အိမ်ပြန်သွားပြီးနောက်တွင်လည်း ရံဖန်ရံခါသာ စာပို့ဖြစ်ကြပြီး၊ သူ၏ရောဂါအကြောင်းကိုလည်း ချန်ကျန့် မမေးရဲခဲ့ပါဘူး။ ယနေ့ ဤဖုန်းများသာ မလာခဲ့လျှင် ကျိုးလဲ့ချန်မှာ သူ ရံဖန်ရံခါ ဆက်သွယ်ဖြစ်သည့် သာမန် သူငယ်ချင်းတစ်ဦးသာ ဖြစ်နေဦးမှာပါ။
သို့သော် ယခုမူ သူ အလွန် ဝမ်းနည်းနေမိသည်။ သေခြင်းတရား၊ အထူးသဖြင့် ရောဂါကြောင့် သေဆုံးရခြင်းမှာ.... ကျိုးလဲ့ချန်မှာ ငယ်သေးသည် မဟုတ်ပါလား၊ သူ၏အမေ ဆုံးပါးသွားစဉ်က အသက်အရွယ်လောက်သာ ရှိဦးမည် ထင်သည်။ တည်ငြိမ်အေးဆေးသည့် ဟန်ပန်ချင်းကလည်း တူညီလှသည်လေ။
ချန်ကျန့် ခုံတန်းပေါ်တွင် မှီထိုင်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ မျက်လုံးမှိတ်လျက် သက်ပြင်းအသာချရန် ပြင်လိုက်စဉ်မှာပင် သူ၏နှာခေါင်းမှာ အဆွဲခံလိုက်ရသည်။ သူ လန့်သွားပြီး နှာခေါင်းကို လာဆွဲသော လက်ကို ရိုက်ချလိုက်မိသည်။
ထို့နောက် သူ ခေါင်းလှည့်ကြည့်လိုက်ရာ၊ ရှန်ယွီသည် သူ၏အနောက်တွင် မတ်တတ်ရပ်လျက်၊ ခုံတန်းနောက်မှီကို လက်တစ်ဖက်ဖြင့် ထောက်ကာ၊ အခုလေးတင် အရိုက်ခံလိုက်ရသော လက်ကို လှုပ်ယမ်းနေလေသည်။
“လန့်သွားတာပဲဗျာ”
“သက်ပြင်းတွေ ခဏခဏ ချမနေနဲ့တော့”
ရှန်ယွီသည် ခုံတန်းကို ပတ်လျှောက်လာပြီး ချန်ကျန့်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ကျိုးလဲ့ချန် တကယ်ပဲ မရှိတော့ဘူး ထင်တယ်နော် ။ ကျွန်တော် ပို့တဲ့စာကိုလည်း မပြန်သလို၊ Moments မှာလည်း ဘာမှ မတင်တော့ဘူး....”
“မင်း အမေ့အကြောင်းကို စဉ်းစားနေတာလား”
ရှန်ယွီက တည့်တိုးပင် မေးလိုက်သည်။ ချန်ကျန့် တစ်ချက်ကြည့်လိုက်ပြီး ၊ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်သည် ။
“ဟုတ်တယ်”
“နေမကောင်းဖြစ်ရတာ တကယ်ကို နာကျင်စရာ ကောင်းတဲ့ ကိစ္စပါ။ ဘယ်သူမှ ဝင်ပြီး ခံစားပေးလို့ မရဘူးလေ။ စိုးရိမ်ပူပန်ပေးတာ၊ နှစ်သိမ့်ပေးတာတွေက အဲ့ဒီ ဝေဒနာကို နည်းနည်းလေးတောင် မလျော့ကျစေနိုင်ပါဘူး”
ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ရှန်ယွီ ဆိုလိုသည်ကို သူ နားလည်သည်။
“တစ်ခါတစ်လေ သေခြင်းတရားက လွတ်မြောက်ခြင်း တစ်ခုလည်း ဖြစ်နိုင်တာပဲလေ။ နောင်တတွေ၊ မကျေနပ်မှုတွေ အများကြီး ရှိမှာပေါ့၊ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ အသက်ကြီးလို့ သဘာဝအတိုင်း သေဆုံးရတဲ့ လူတွေမှာတောင် နောင်တတွေ ရှိတတ်တာပဲလေ.... ပြီးတော့ အများအားဖြင့်တော့ ကြီးမားလှတဲ့ နောင်တတွေနဲ့ မကျေနပ်မှုတွေက ကျန်ရစ်ခဲ့တဲ့သူတွေဆီမှာပဲ ရှိနေတတ်တာပါ”
“အင်း”
ချန်ကျန့် ကိုယ်ကို အနည်းငယ် လျှော့ချလိုက်သည်။ သူ ပန်းခြံထဲကို ဝေ့ကြည့်လိုက်ရာ ဘယ်သူမှ မရှိပါဘူး။ သူ ခေါင်းစောင်းလိုက်ပြီး ရှန်ယွီ၏ ပုခုံးပေါ်တွင် မှီထားလိုက်သည်။
နေဝင်တော့မည် ဖြစ်သော်လည်း၊ လေမတိုက်သည့်အခါတွင်တော့ နေပူရှိန်လေးမှာ နွေးထွေးနေဆဲပင်။ ဤနေရာ၌ ထိုင်နေရသည်မှာ ချန်ကျန့်ကို ရုတ်တရက် ငိုက်မြည်းလာစေသည်။
ဒါ့လီ တစ်ယောက် အနောက်တံခါးမှတစ်ဆင့် ဝင်းထဲသို့ ဝင်လာသည့် အခါတွင်လည်း၊ ချန်ကျန့်မှာ ရှန်ယွီ့ကို မှီထားဆဲပင် ဖြစ်သည်။ သူ တအား ငိုက်နေသဖြင့် လုံးဝ မလှုပ်ချင်တော့ပါဘူး။ ဒါ့လီ ကို မြင်လိုက်ရသည့် အခါတွင်လည်း သူ မလှုပ်ရှားပါဘူး။
လှုပ်မနေတော့ပါဘူး။ ဒါ့လီ က ဘာမှမဟုတ်ပါဘူး။ လူဆိုတာ တစ်နေ့ သေကြရမှာပဲဟာ၊ ဘေးလူ ဘာထင်ထင် ဂရုစိုက်နေဖို့ လိုလို့လား....
“ဘာကိစ္စ ရှိလို့လဲဟင်” ရှန်ယွီက မေးလိုက်သည်။
“ဪ...” ဒါ့လီ သည် ဝင်လာစဉ်ကတည်းက ကြောင်အသွားခြင်း ဖြစ်သည်။
“ဘော့စ်ရှန်... မန်နေဂျာချန်....”
ထိုအခါမှသာ ချန်ကျန့် ကိုယ်ကို မတ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။ သူ ခုနက အိပ်ပျော်သွားသလား မသေချာပါဘူး၊ သွားရည်တွေများ ထွက်နေမလား စိုးရိမ်မိသည်လေ။
“ဒီလိုပါ” ဒါ့လီ လျှောက်လာသည် ။
“ကျွန်တော်တို့ ဘော့စ်ဟယ် ခုနက လာသေးတယ်၊ ဒါပေမဲ့ မင်းတို့ မြို့ပေါ်သွားနေကြလို့ မဆုံလိုက်ရဘူးလေ။ အဲ့ဒါ နှစ်သစ်ကူးမှာ ဆိုင်မှာပဲ ရှိကြမလားလို့ လာမေးတာပါ”
“ရှိမှာပါ” ချန်ကျန့်က ဆိုသည်။
“ဟုတ်ကဲ့၊ အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဘော့စ်ယန် က ငါတို့ ဆိုင်တွေ အကုန်လုံး နှစ်သစ်ကူးအတွင်းမှာ ဆုံကြရအောင်လို့ အကြံပြုထားလို့လေ။ ဘယ်နေ့လောက် အားကြမလဲဟင်” ဒါ့လီက မေးသည်။
ချန်ကျန့် ရှန်ယွီ့ကို လှမ်းကြည့်လိုက်သည်။ သူတို့တွင် အချိန်တော့ ရှိပါသည်၊ သို့သော် ရှန်ယွီ အနေဖြင့် ဆုံချင်စိတ် ရှိမရှိကတော့ နောက်ကိစ္စ တစ်ခုပေါ့။ သူ ဆုံချင်မှာ သေချာပါသည်။ ရှန်ယွီသည် ယခုအခါတွင် တခြားသော လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုနေသည်။ ဘာပဲဖြစ်ဖြစ် မြို့ကလည်း တိုးတက်လာတော့မည်ဖြစ်ရာ၊ ပူးပေါင်းဆောင်ရွက်ခြင်းကသာ ပျော်ပျော်ပါးပါး ပိုက်ဆံရှာနိုင်မည့် အကောင်းဆုံး နည်းလမ်းပင်။
“နှစ်သစ်ကူး သုံးရက်နေ့ ဒါမှမဟုတ် လေးရက်နေ့လောက်ဆို အဆင်ပြေပါတယ်”
“ဒါဆို သုံးရက်နေ့လို့ပဲ အကြမ်းဖျင်း သတ်မှတ်ထားလိုက်မယ်နော်” ဒါ့လီက ခေါင်းညိတ်ပြသည်။
“အသေးစိတ်ကိုတော့ မန်နေဂျာချန် နဲ့ပဲ ထပ်ပြောကြတာပေါ့”
“ဟုတ်ကဲ့”
ဒါ့လီ အကြာကြီး မနေပါဘူး။ သူ အနောက်တံခါးမှတစ်ဆင့် ပြန်ထွက်သွားခဲ့သည်။ ချန်ကျန့် ထိုတံခါးကို ငေးကြည့်နေပြီးမှ ဆိုလိုက်သည်။
“ဒီတံခါးကို ပုံမှန်ဆိုရင် ပိတ်ထားသင့်တာ မဟုတ်ဘူးလား”
ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ရယ်မောနေတော့သည်။
ညစာ စားချိန် နီးလာပြီဖြစ်သဖြင့် ချန်ကျန့်နှင့် ရှန်ယွီတို့ အထဲသို့ ပြန်ဝင်ခဲ့ကြသည်။ ဆန်းပင်းတို့ လူစုမှာ ထမင်းဝိုင်း ပြင်နေကြလေပြီ။ ယနေ့တွင် ဧည့်သည် နှစ်ဦးလည်း သူတို့နှင့်အတူ ထမင်းစားမည်ဖြစ်သဖြင့်၊ ပန်းကန်ခွက်ယောက်များကို ကူသယ်ပေးနေကြသည်ကို တွေ့ရသည်။
ချန်ကျန့် မီးဖိုချောင်သို့ သွားလိုက်သည်။ သူ၏အဖေမှာ နောက်ဆုံး ဟင်းလျာဖြစ်သော အသားခြောက်ကြော်ကို ခပ်ထုတ်နေဆဲပင်။
“အခုလေးတင် ခူးလာတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိသေးတယ်နော်။ နောက်ကျရင် အသီးဟင်းရွက်စားချင်တဲ့လူ....”
“ဘယ်ကနေ သွားခူးလာတာလဲဟင်”
ချန်ကျန့် အံ့သြသွားရသည်။
“ဝင်းအနောက်ဘက်က ဟို ဟင်းသီးဟင်းရွက် စိုက်ခင်းထဲကလေ” အဖေဖြစ်သူက ဆိုပြီးမှ သူကိုယ်တိုင်လည်း တန့်သွားကာ အသံကို နှိမ့်လိုက်သည်။
“ဪ... အဲ့ဒါ မင်းတို့ စိုက်ထားတာ မဟုတ်ဘူးလား”
“မဟုတ်ဘူးလေ” ချန်ကျန့် ရုတ်တရက် ရယ်ချင်စိတ် ပေါက်သွားသည်။
“ဘေးက တည်းခိုခန်းက လူတွေ စိုက်ထားတာလေ”
“အို... ဒုက္ခပါပဲ ။ ငါ နှစ်ပင်လောက် ခူးလာမိတယ်”
“ရပါတယ် ပါး။ ရှန်ယွီ ကတောင် အဲ့ဒီထဲကို ကြက်တွေ လွှတ်မွေးမလို့ စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီမြေက ကျွန်တ်ောတို့မြေပဲဟာ”
“မင်းတို့က ကြက်မွေးမလို့လား ။ ခုနတင် ဧည့်ကြိုကောင်တာက မိန်းကလေး နှစ်ယောက် ဝင်လာပြီး ကူညီမလို့ လုပ်နေတာလေ၊ ဟိုဟိုဒီဒီ လျှောက်သွားနေပြီး ဘာမှလည်း မကူညီဖြစ်ပါဘူး။ ငါ့ဟင်းတွေကိုတောင် တူးကုန်တော့မလို့ပဲ”
ချန်ကျန့် အသားခြောက်ကြော် ပန်းကန်ကို မကာ ရယ်မောရင်း အပြင်သို့ ထွက်လာခဲ့သည်။ ငွေ့တစ်ထောင်းထောင်း ထနေသော မီးဖိုချောင်ထဲတွင် သူ၏အဖေနှင့် စကားပြောရခြင်းမှာ သူ၏ အမှတ်ရများထဲတွင် တစ်ခါမှ မရှိခဲ့ဖူးသော အတွေ့အကြုံသစ် တစ်ခုပင်။ ၎င်းမှာ လက်ရှိတွင် ဖြစ်ပေါ်နေသော လတ်ဆတ်သည့် အမှတ်တရတစ်ခု ဖြစ်လေသည်။
သူတို့နှင့်အတူ ထမင်းစားမည့် ဧည့်သည်များမှာ ဇနီးမောင်နှံ နှစ်ဦးဖြစ်ပြီး အလွန်ပင် ပျော်ပျော်ပါးပါး နေတတ်ကြသူများ ဖြစ်သည်။ ရက်အနည်းငယ် တည်းခိုပြီးနောက်တွင် သူတို့မှာ လူတိုင်း၏ အစ်မကြီးနှင့် ခဲအိုကြီးများ ကဲ့သို့ပင် ဖြစ်နေကြလေပြီ။ အခုလည်း သူတို့သည် မိမိတို့အိမ်က ဧည့်ခန်းမှာကဲ့သို့ပင် ရင်းနှီးစွာဖြင့် အားလုံးကို ထမင်းများများ စားကြရန် တိုက်တွန်းနေကြလေသည်။
“အားလုံးပဲ များများစားကြနော်။ တို့တွေကတော့ လည်ပတ်နေကြတာဆိုပေမဲ့၊ မင်းတို့ကတော့ ဒီဆိုင်ကြီးမှာ တစ်နေကုန် အလုပ်ရှုပ်နေကြရတာလေ”
“ဟင်းက အပေါ့အငန်ကော အဆင်ပြေရဲ့လားဟင်”
“ကွက်တိပါပဲ ဦးလေးရယ်” ခဲအိုကြီးက ခေါင်းညိတ် ထောက်ခံသည် ။
“ဦးလေးက ဟင်းချက်တတ်တဲ့ ပုံစံမျိုး မဟုတ်ပေမဲ့၊ လက်ရာကတော့ တကယ်ကို ကောင်းလှပါတယ်”
“ရွာဟင်းတွေပဲဟာကိုဗျာ၊ ပစ္စည်းတွေကလည်း ဒီဒေသထွက်တွေချည်းပဲလေ” အဖေဖြစ်သူက ပြုံးလျက် ဆိုသည် ။
“မီးဖိုချောင်ထဲမှာ နောက်ထပ်....”
အဖေဖြစ်သူ စကားတစ်ဝက်နှင့် ရပ်သွားပြီး ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။
“အခုလေးတင် ခူးထားတဲ့ ဆလက်ရွက်တွေလည်း ရှိသေးတယ်နော်” ချန်ကျန့်က ဝင်ပြောလိုက်သည်။
“ဘယ်ကနေ ခူးလာတာလဲ”
ဆန်းပင်းက ချက်ချင်း မေးတော့သည်။ ချန်ကျန့်ကတော့ ပြုံးရုံသာ ပြုံးပြပြီး အဖြေမပေးပါဘူး။
“ဝင်းအပြင်ဘက်က ဟို စိုက်ခင်းထဲက မဟုတ်လား” ဟု လောင်ဝူက ဆိုသည်။
“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်တော့ မြည်းကြည့်ရမှာပေါ့” ဆန်းပင်း ချက်ချင်းပင် ထရပ်ကာ မီးဖိုချောင်သို့ သွားပြီး ဟင်းရွက်များကို သယ်လာခဲ့တော့သည် ။
“ဒီဟင်းရွက်တွေက အသားနဲ့ ပတ်စားရင် တအားကောင်းတာဗျ။ သူတို့က သဘာဝမြေသြဇာတွေ သုံးပြီး စိုက်ထားတာလေ....”
လျန်ရွီ ဘက်မှ ထိုဟင်းရွက်များကို စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်မှာ နည်းလှသည်တော့ မဟုတ်ပါဘူး။ ဆောင်းတွင်းကြီးမှာတောင် မြေကို အလကား မထားဘဲ ဖန်လုံအိမ် (Greenhouse) ပါ ဆောက်ပြီး စိုက်ထားကြသည် မဟုတ်ပါလော။ ၎င်းမှာ မြေနေရာ ဦးထားချင်သောကြောင့် မဟုတ်လျှင်တော့ ဝါသနာပါလွန်း၍သာ ဖြစ်ပေလိမ့်မည်။ သို့သော် ဟင်းရွက်များမှာ တကယ်ကို ကောင်းမွန်ပြီး လတ်ဆတ်လှသည်လေ။ ခြင်းတောင်းအကြီးကြီးနှင့် ယူလာသော်လည်း လူတိုင်းက ဝိုင်းစားကြသဖြင့် ခဏချင်းပင် ကုန်သွားတော့သည်။
“ဒီလိုမှန်းသိရင် ဒီရက်ပိုင်းအတွက် ဟင်းရွက်တွေ ကြိုမဝယ်ထားပါဘူး” ထမင်းစားပြီးနောက် ရှန်ယွီသည် ဝင်းနံရံဘေးတွင် ရပ်ကာ တစ်ဖက်က ဟင်းရွက်စိုက်ခင်းကို ငေးကြည့်ရင်း ဆိုလိုက်သည်။
“ဒီထဲက ဟာတွေနဲ့တင် လောက်နေတာပဲဟာကို”
“နောက်နှစ်ရက်နေရင် သူတို့နဲ့ ဆုံဖို့ ရှိသေးတယ်လေ။ ပြဿနာ မရှာပါနဲ့ဦး”
ချန်ကျန့် အပြောကြောင့် ရှန်ယွီ တောက်တစ်ချက် ခေါက်လိုက်မိသည်။
“မကြာခင်မှာပဲ ကျောက်ဖန်ဖန် ကို ကြက်တွေ ဝယ်ခိုင်းပြီး အဲ့ဒီထဲကို လွှတ်မွေးခိုင်းလိုက်ဦးမယ်”
“အဲ့ဒါဆိုရင်တော့ မှိုလေး လိုက်ဖမ်းဖို့တောင် လောက်မှာ မဟုတ်ပါဘူး”
ချန်ကျန့် သူ၏ ခြေရင်းတွင် ငြိမ်သက်စွာ ထိုင်လျက် နံရံကို ငေးကြည့်နေသော မှိုလေးကို ငုံ့ကြည့်ရင်း ဆိုလိုက်သည်။ သူ ကိုယ်ကို ကိုင်းကာ မှိုလေး၏ ခေါင်းကို ပွတ်ပေးနေမိသည် ။
“သူကတော့ မြင်သမျှ အကုန် လိုက်ဖမ်းချင်နေတာလေ....”
ထိုအခိုက်အတန့်တွင် သူ၏ ဖုန်းမှာ တစ်ချက် တုန်ခါလာခဲ့သည်။ စာတစ်စောင် ဝင်လာခြင်း ဖြစ်လေသည်။ ချန်ကျန့် ကိုယ်ကို ကိုင်းထားလျက်နှင့်ပင် မလှုပ်ရှားပါဘူး။
“ကြည့်လိုက်လေ” ရှန်ယွီက ဆိုသည်။
ချန်ကျန့် ဖုန်းထုတ်ကာ Notification bar ကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ ကျိုးလဲ့ချန် ဆီမှ ဖြစ်သော်လည်း၊ စာသား၏ ပထမဆုံး စာကြောင်းကို မြင်ရုံနှင့်ပင် ကျိုးလဲ့ချန် မဟုတ်မှန်း သူ သိလိုက်ရသည်။ အလွန် ယဉ်ကျေးလှသော စကားလုံး နှစ်လုံးပါပဲ။
မင်္ဂလာပါ
ချန်ကျန့် စာကို ဖွင့်ဖတ်လိုက်သည်။
[ကျုံးလဲ့လဲ့] : မင်္ဂလာပါ၊ ကျွန်တော်က လဲ့ချန်ရဲ့ သူငယ်ချင်းပါ။ သူ မနေ့ည ၉ နာရီ ၁၀ မိနစ်မှာ ဒီလောကကြီးကနေ ထွက်ခွာသွားပါပြီ။ သူ၏ နောက်ဆုံးဆန္ဒအရ ဈာပန အခမ်းအနား ပြုလုပ်မှာ မဟုတ်ပါဘူး။ သူ၏ သူငယ်ချင်းများအတွက် သူ ချန်ထားခဲ့သော စကားများကို ကျွန်တော် တစ်ဦးချင်းစီဆီသို့ လိုက်လံ ပို့ဆောင်ပေးနေခြင်း ဖြစ်ပါသည်။
ဒုတိယမြောက် စာတစ်စောင် ထပ်ဝင်လာပြန်သည်။
[ကျုံးလဲ့လဲ့] : ချန်ကျန့်... ပထမဆုံးအနေနဲ့ မင်းနဲ့ တည်းခိုခန်းက သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ချင်ပါတယ်တဲ့။ ပြီးတော့ မင်းကို အခုမှ ပြောပြနိုင်မယ့် လျှို့ဝှက်ချက် တစ်ခုလည်း ရှိပါသေးတယ်။ ငါတို့တွေ ဖဲကစားခဲ့တဲ့နေ့က၊ တကယ်တော့ ငါက မင်းတို့ကို အကဲခတ်နေခဲ့တာပါ၊ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးပေမဲ့လည်းပေါ့။ မင်းတို့တွေက ငါ့ကို တားဆီးပေးခဲ့ကြပြီး၊ ငါ့ဘဝရဲ့ နောက်ဆုံး လအနည်းငယ်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းခွင့် ရစေခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ အစဉ်အမြဲ တက်ကြွ လန်းဆန်းပြီး အားအင်တွေ ပြည့်ဝနေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်တဲ့။
...ကျိုးလဲ့ချန် တကယ်ပဲ ဆုံးသွားပြီပဲ။
သူ နှစ်သစ်ကူးအထိ တောင့်မခံနိုင်ခဲ့ပါဘူး။
ချန်ကျန့် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး၊ ခေါင်းငုံ့ကာ မှိုလေးကို ဆွဲဖက်လိုက်ပြီး သူ၏ မျက်လုံးများကို မှိုလေး၏ ခေါင်းနှင့် ဖိထားလိုက်မိသည်။ ရှန်ယွီသည် ချန်ကျန့် လက်ထဲမှ ဖုန်းကို ယူကာ စာကို ဖတ်လိုက်ပြီးနောက်၊ သူသည်လည်း ချန်ကျန့်ဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ ပုခုံးကို လှမ်းဖက်ထားလိုက်သည်။
“ကျွန်တော် မငိုပါဘူး” ချန်ကျန့် အက်ကွဲသောအသံဖြင့် ဆိုလိုက်သည်။
“အင်း”
“ကျွန်တော်က ကြိုပြီး ကာကွယ်ထားတာပါ။ မငိုချင်လို့လေ …နှစ်သစ်ကူးကြီးမှာလေ....”
“အင်း”
“ဒါပေမဲ့ ရင်ထဲမှာတော့ နာကျင်ရတယ်ဗျာ”
“သွားကြစို့”
ရှန်ယွီက သူ့ကို ပုတ်ကာ ထရပ်လိုက်သည်။
“ဘယ်ကိုလဲဟင်”
“မီးရှူးမီးပန်း သွားလွှတ်ကြမလား!မနက်ဖြန်ညမှ လွှတ်ကြမယ် ထင်နေတာ! ဒီနေ့ညပဲ လွှတ်ကြမှာလား!”
ဟူဖန်က တက်ကြွစွာ အော်တော့သည်။
“နှစ်သစ်ကူး အကြိုညမှ စရမယ်လို့ ဘယ်သူမှ စည်းကမ်း မထုတ်ထားပါဘူး။ ငါတို့ ဝယ်လာတာ လွှတ်ဖို့ပဲ မဟုတ်လား”
“ဒါဆိုရင်တော့ စီစဉ်ရမှာပေါ့” ဆန်းပင်း ချက်ချင်းပင် ထရပ်လိုက်သည်။
“တစ်ညတည်းနဲ့ အကုန် ကုန်သွားအောင် မဆော့ကြနဲ့ဦးနော်”
“ကုန်ရင်လည်း ကုန်ပါစေလေ။ ဟို ဆိုင်ရှင်က ဒီနားက ရွာကပဲလေ။ လိုရင် အချိန်မရွေး လာပို့ပေးမယ်လို့ ပြောထားပြီးသား”
အားလုံးက ဟေးခနဲ အော်ဟစ်လိုက်ကြပြီး၊ လောင်ဝူကတော့ အနောက်ဘက်သို့ အပြေးသွားတော့သည်။
“ဆန်းပင်း”
ရှန်ယွီ လိုက်သွားရန် ပြင်နေသော ဆန်းပင်းကို လှမ်းခေါ်လိုက်သည်။
“ချန်အာဟူ့ဆီ ဖုန်းဆက်လိုက်၊ မြစ်ကမ်းဘေးကို လာခဲ့ဖို့ ပြောလိုက်ဦး။ ကိုးနာရီထိုးတဲ့အထိ ရောက်မလာရင်တော့ နောက်ဆို အလုပ်လာမဆင်းနဲ့တော့လို့ ပြောလိုက်”
ချန်အာဟူသည် ယနေ့ ပစ္စည်းများ သယ်လာပြီး သိုလှောင်ရုံထဲ ထည့်ပြီးကတည်းက ပျောက်သွားခြင်း ဖြစ်သည်။ သူ အပြင် ခဏ သွားဦးမည်ဟုသာ ဆန်းပင်းကို ပြောခဲ့ပြီး အခုထိ ပြန်မလာသေးပါဘူး။ သူသည် ဤလူတစ်စုကို၊ အထူးသဖြင့် ရှန်ယွီ့ကို ရင်ဆိုင်ရန် အလွန် အားနာနေလိမ့်မည် ဖြစ်ကြောင်း ချန်ကျန့် သိသည်လေ။
ရှန်ယွီသာ သူ့ကို အခုလိုမျိုး လှမ်းမခေါ်ခဲ့လျှင်၊ သူသည် နှစ်သစ်ကူးပြီးသည်အထိ အောင့်ထားပြီးမှ အလုပ်ထွက်သွားနိုင်သည် မဟုတ်ပါလော။
“စိတ်ချပါဗျာ!” ဆန်းပင်း လှမ်းအော်ပြီး ပြေးထွက်သွားရင်း ထပ်ပြောလိုက်သေးသည်။
“ကျေးဇူးတင်ပါတယ် ဘော့စ်ရှန်! ဘော့စ်ရှန် အသက်တစ်ရာ ကျန်းမာပါစေဗျာ!”
“လောင်ဝူ...” ချန်ကျန့်က ခေါ်လိုက်သည်။
“လောင်ဝူကတော့ အခု....” ဆန်းပင်း အနောက်ကို လှည့်ကြည့်သည်။
“ချန်ကျားလီ ပေါ်ကနေ ဆင်းလိုက်စမ်းပါ!” ချန်ကျန့်က လှမ်းအော်လိုက်သည်။
“...တောက်! မင်းတော့လား ချန်ကျန့်!”
ဆန်းပင်း ဆဲဆိုရင်း အနောက်ဘက်သို့ ပြေးထွက်သွားတော့သည်။
ဆွန်နာနာက ကားကို အနောက်တံခါးဝသို့ မောင်းလာခဲ့ပြီး၊ လူအချို့က မီးရှူးမီးပန်းများကို ကားနောက်ဖုံးထဲသို့ ဝိုင်းထည့်ကြလေသည်။ ဘော့စ်က ခွင့်ပြုထားသဖြင့် သူတို့လည်း အားမနာကြပါဘူး။ ပုံထားသော ပစ္စည်းများ၏ ထက်ဝက်ကျော်ကို ကားထဲ ထည့်လိုက်ကြသည်။ အမြောက်ပြောင်း အကြီးကြီး နှစ်ခုကိုတော့ ချန်ထားခဲ့ကြသည်၊ ၎င်းတို့က ရှားပါးလှသဖြင့် ဆိုင်မှာ ကုန်နေမှာကို စိုးရိမ်၍ ဖြစ်သည်။
ကားထဲ ဆံ့သမျှ လူတွေ အကုန် ဝင်ထိုင်လိုက်ကြသည်။ ဆန်းပင်းနှင့် လောင်ဝူကတော့ ဆိုင်ကယ်ဖြင့် မြစ်ကမ်းဘေးသို့ အရင် သွားကာ နေရာဦးထားကြလေသည်။ သူ၏အဖေမှာ သူ၏ဘဝတွင် ဤမျှလောက်အထိ ပျော်စရာကောင်းသော အဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါဘူး။ သူသည် ချန်ကျန့်နှင့်အတူ နောက်ထိုင်ခုံတွင် ညပ်ပြီး ထိုင်လိုက်ရသော်လည်း တောက်လျှောက် ရယ်မောနေတော့သည်။
“မင်းတို့ လူငယ်တွေကတော့ တစ်ခုပြီးတစ်ခု စိတ်ကူးတွေ ဆန်းကြတာပဲနော်”
“နှစ်သစ်ကူးလေ ။ ဦးလေးချန် လည်း နောက်ကျရင် အကြီးကြီးတွေ ရွေးပြီး လွှတ်ကြည့်ဦးနော်”
အဖေဖြစ်သူ ငြင်းလိမ့်မည်ဟု ချန်ကျန့် ထင်ထားသော်လည်း၊ မမျှော်လင့်ဘဲ အဖေဖြစ်သူက ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည် ။
“ကောင်းသားပဲ”
“ကျွန်မကတော့ အကြီးကြီးတွေ မလွှတ်ရဲပါဘူး။ ဟို လက်ကိုင် မီးပန်းလေးတွေပဲ ဆော့ချင်တာ” ဆွန်နာနာက ဆိုသည် ။
“ဖန်ဖန်... ငါ့ကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးနော်”
“ငါ့တာဝန်သာ ထားလိုက်စမ်းပါ။ နင့်ကို မော်ဒယ်လ် တစ်ယောက်လို ဖြစ်သွားအောင် ရိုက်ပေးမယ်”
ဟူဖန် ခပ်ကြွားကြွားလေး ပြန်ပြောသည်။
သူတို့ မြစ်ကမ်းဘေးသို့ မောင်းလာခဲ့ကြသည်။ ဆန်းပင်းနှင့် လောင်ဝူတို့က နေရာရွေးပြီးသားဖြစ်ကာ သူတို့ကို လက်ယမ်းပြနေကြလေပြီ။ ကားရပ်သည်နှင့် ကားနောက်ဖုံးကို ဖွင့်ကာ အားလုံးက မီးရှူးမီးပန်းများကို ဝိုင်းသယ်ကြတော့သည်။ ချန်ကျန့်သည်လည်း ဆင်းရန် ပြင်စဉ်မှာပင်၊ သူ၏ ဘေးတွင် ထိုင်ကာ ဖုန်းကြည့်နေသော ရှန်ယွီက သူ၏ မျက်နှာရှေ့တွင် လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“ဟင်”
ရှန်ယွီ သူ၏ ဖုန်းမျက်နှာပြင်ကို ချန်ကျန့်ဘက်သို့ လှည့်ပြလိုက်သည်။
“ဒါ ဘယ်တုန်းက ရိုက်ထားတာလဲ”
ချန်ကျန့် တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ ထိုဓာတ်ပုံမှာ သူနှင့်အတူ ပြုံးနေသော မိန်းကလေးတစ်ဦး တွဲရိုက်ထားသည့် ပုံပင် ဖြစ်သည်။
“ဒါက..ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော် ပြောပြတဲ့ တစ်ယောက်လေ။ ဆိုင်မှာ သူက....”
ဘယ်လိုဖြစ်ပြီး ရှန်ယွီက ဤဓာတ်ပုံကို တွေ့သွားရတာလဲ။ သူ နေ့တိုင်း တာ့ယွင်နှင့် ပတ်သက်သော ပို့စ်များကို ရှာဖွေကြည့်ရှုနေသော်လည်း တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဒီ Platform ရဲ့ Algorithm က ဘယ်လိုမျိုးလဲ မသိပါဘူး။
“ငါ နားမထောင်ချင်ဘူး”
ရှန်ယွီ ကားတံခါးဖွင့်ကာ အပြင်သို့ ဆင်းလိုက်တော့သည်။
__________________________________________________________________
Comments
Post a Comment