Skip to main content

9







အခန်း (၉) ကောင်းပါပြီ ရှဲ့ယို့ရာ၊ မင်းပျော်ရင် ပြီးတာပါပဲ!


"သူ့ကြည့်ရတာ စိတ်ဓာတ်တက်ကြွနေတာပဲ။"

ဟော့ရှင်းက သူ့ကို သေချာစိုက်ကြည့်ပြီး သိပ်အများကြီးမပြောတော့ဘဲ

"မင်းဘာသာမင်း အကြောလျှော့ထားလိုက်တော့။ ဒီနေ့ကစပြီး ငါတို့ ပိုပြီးတင်းကျပ်တော့မယ်" ဟု ဆိုလာ၏။

ယွီနျန့်က အသက်ကို ဝဝရှူလိုက်ရင်း မျက်ဝန်းတွေ တောက်ပလျက်

"ကျွန်တော် အသင့်ပါပဲခင်ဗျာ!"

နောက်ရက်အနည်းငယ်ကလည်း အရင်အတိုင်းပါပဲ။ သူဟာ ရေခွက်လေးကိုကိုင်ပြီး လေ့ကျင့်ရေးအခန်းနှစ်ခုကြား ကူးချည်သန်းချည်နဲ့ တဖြည်းဖြည်းချင်း တိုးတက်အောင်ကြိုးစားနေခဲ့ရသည်။

သဘာဝတရား၏ အသံ ဒုတိယရာသီရဲ့ ပထမဆုံးအပိုင်းကို ထုတ်လွှင့်သည့်အချိန်အထိပေါ့။

ညနေပိုင်းမှာတော့ ယွီနျန့်ဟာ လေ့ကျင့်ရေးအခန်းကို မသွားတော့ဘဲ မုန့်ယွမ်ရဲ့ရုံးခန်းထဲမှာ ပါဆယ်ထမင်းဘူးနဲ့ ထိုင်နေ၏။ အစီအစဉ်အဖွဲ့ဟာ ပရိုမိုးရှင်းအတွက် ငွေတွေအပုံလိုက်သုံးထားပြီး ပထမရာသီရဲ့ အရှိန်အဟုန်ကလည်း ကျန်နေဆဲဖြစ်တာကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက "သဘာဝတရား၏ အသံ" ဟာ Hot Search ပေါ် ရောက်နေခဲ့လျက်။ ဒါပေမဲ့ အစီအစဉ်မပြသခင် မိနစ် ၂၀ အလိုကျမှ အစီအစဉ်အဖွဲ့ရဲ့ တရားဝင်ဘလော့ဂ်က ပါဝင်ယှဉ်ပြိုင်မည့် အဆိုတော်အားလုံးကို တစ်ယောက်ချင်းစီ တရားဝင်ကြေညာပေးခဲ့သည်။

မကြာခင်မှာပဲ #fanghuaitianlai# ဆိုတဲ့ ခေါင်းစဉ်ဟာ ရှာဖွေမှုအများဆုံး စာရင်းထဲကို ရောက်သွားပါတော့သည်။

မုန့်ယွမ်က နှာခေါင်းတစ်ချက်ရှုံ့ပြီး သရော်စာတွေ ကျွေးတော့၏။

"သူ့ရဲ့ နာမည်ကြီးမှုကို တစ်ယောက်ယောက်က လုသွားမှာ ကြောက်နေတာလား။ ငါ့ရဲ့ အနုပညာရှင်သာ စတုတ္ထရခဲ့ရင် အခုလိုမျိုး Hot Search တွေဝယ်ဖို့ ဒီလောက်အလောတကြီး လုပ်မှာမဟုတ်ဘူး။ ဒါပေါ့... ငါ့လူက စတုတ္ထရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ!"

ယွီနျန့်ကတော့ တူကိုချလိုက်ပြီး WeChat ကနေ စာပို့နေသည်။

ရှမင်းရှီးက မျက်လုံးလှန်ပြနေတဲ့ အီမိုဂျီလေး အရင်ပို့လာပြီး




[ငါသာ ဖန်းဟွဆိုရင် အခုအချိန်မှာ ငြိမ်ငြိမ်လေးပဲ နေလိုက်မယ်။ နောက်ဆုံးကနေ ဒုတိယရတာက

ဒီလောက်တောင် ဂုဏ်ယူစရာကောင်းနေလို့လား]

ခဏအကြာမှာတော့ ဒုတိယစာ ထပ်ရောက်လာပြန်သည်။

[ငါ့အဖေနဲ့ အမေက ငါ့ရဲ့ ပထမဆုံး စင်တင်ဖျော်ဖြေမှုကိုကြည့်ဖို့ တီဗွီဖွင့်လိုက်ကြပြီ။ ငါတော့ သေချင်တာပဲ။ ဒါကြီးက လူအများရှေ့မှာ အသတ်ခံရတာနဲ့ အတူတူပဲဟ!"]

ယွီနျန့်ကတော့ အဲဒီမြင်ကွင်းကို စိတ်ကူးထဲမှာ မြင်ယောင်မိသွားပြီး "ဟားဟားဟား" ဆိုပြီး စာကြောင်းအရှည်ကြီး ပြန်ပို့လိုက်မိ၏။

ရှမင်းရှီးက အာမေဍိတ်အမှတ်သုံးခုကို ဆက်တိုက်နှိပ်လိုက်ပြီး

[ဟူး... ငါက လူကြိုက်များတဲ့ မင်းသားဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူးထင်တယ်။ သီချင်းဆိုတာနဲ့ ကတာက ငါနဲ့ တကယ်ကို မလိုက်ဖက်တာ]

ယွီနျန့်က သေသေချာချာ စဉ်းစားပြီးမှ

[မင်းက ရုပ်ရည်အရမ်းရှိတာပဲ၊ သရုပ်ဆောင်ပိုင်းကို စမ်းကြည့်ပါလား]

ပြန်ပို့လိုက်သည်။

ရှမင်းရှီးက စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်စာပို့လာ၏။

[တကယ်လား။ ငါလည်း အဲဒီလိုပဲ ထင်တာ! အိုး... တီဗွီကြည့်တော့။ တီဗွီကြည့်တော့။ စနေပြီ!]

..........

အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် ရှဲ့ယို့ အိမ်ထဲကို ဝင်လာတဲ့အချိန်မှာ အိမ်ထဲက နွေးထွေးသည့် မီးရောင်လေးတွေက လင်းထိန်နေ၏။

"မား... ကျွန်တော် ပြန်ရောက်ပြီ"

ရွမ်ယွင်မေ ကတော့ အသားရောင် ခြုံထည်လေးကို လွှမ်းထားပြီး ဆိုဖာပေါ်မှာ တီဗွီကြည့်နေသည်။ သူမက ရှဲ့ယို့ကို နူးညံ့သည့်အပြုံးနဲ့ ကြည့်ပြီး

"ဒီလောက်တောင် နောက်ကျနေပြီ။ ညစာရော စားခဲ့ပြီးပြီလား" ဟု မေးလာ၏။

"စားခဲ့ပြီ"

ရွမ်ယွင်မေသည် သူမ၏သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသဖြင့် မီးဖိုချောင်ဝန်ထမ်းများကို စွပ်ပြုတ်တစ်ခွက် ပြင်ဆင်ခိုင်းလိုက်ပြီး

"နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့။ ရှောက်ရန်တို့နဲ့အတူ အပြင်ကို ခဏခဏ လျှောက်လည်ဦးမှပေါ့..." ဟု ပြောရင်း ရုတ်တရက် စကားရပ်သွားသည်။ အကြောင်းမှာ ရှဲ့ယို့သည် သူ၏နက်ကတိုင်ကို လျှော့လိုက်သော်လည်း ထုံးစံအတိုင်း အလုပ်လုပ်ရန် အပေါ်ထပ်ရှိ စာကြည့်ခန်းဆီသို့ မသွားဘဲ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သောကြောင့်ပင်။

ရှဲ့ယို့သည် ဧည့်ခန်းစားပွဲပေါ်သို့ ဝေ့ကြည့်လိုက်ပြီး သစ်သီးပန်းကန်ထဲမှ အသီးတစ်လုံးကို ကောက်ယူလိုက်ကာ

"သစ်သီးတွေ စိတ်ပေးမယ်လေ" ဟု ဆိုလိုက်၏။

ရွမ်ယွင်မေသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း "ကောင်းပြီလေ" ဟုသာ ပြုံးလျက်

ပြန်ဖြေလိုက်ရသည်။

ထိုအချိန်တွင် တီဗွီထဲမှ အစီအစဉ်တင်ဆက်သူ၏ အသံ ထွက်ပေါ်လာသည် "'သဘာဝတရား၏ အသံ'

ဒုတိယရာသီ၊ ပထမဆုံးအပိုင်းမှ ကြိုဆိုပါတယ်..."

ရှဲ့ယို့သည် သစ်သီးကို အလွန်အမင်း နှေးကွေးစွာ စိတ်နေသည်။ လှပသည့် လက်မှုပညာပစ္စည်းတစ်ခုကို ဖန်တီးနေသည့်အလား အာရုံစိုက်မှုနှင့် စိတ်ရှည်မှု အပြည့်ရှိနေသည်ဟုပင် ဆိုနိုင်သည်။ သို့သော် မည်မျှပင် နှေးကွေးနေပါစေ။ ယွီနျန့် စင်ပေါ်သို့ တက်လာသည့်အချိန်တွင်တော့ သူ့ရှေ့၌ အခွံနွှာပြီးသား ပန်းသီးအနည်းငယ် ရှိနေနှင့်ပြီ။ ရှဲ့ယိုက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ သစ်သီးလှီးဓားကို ချလိုက်ပြီး တီဗွီကိုသာ စတင်ကြည့်ရှုနေတော့၏။

ရွမ်ယွင်မေသည် သားဖြစ်သူ အလုပ်တွင် တစ်ခုခုနှင့် ကြုံတွေ့လာခဲ့သည်ဟု ထင်မှတ်ထားသဖြင့် ဝင်မမေးတော့ပါ။ သို့သော် ကြည့်ရသည်မှာ... သူမ ခန့်မှန်းထားသည်နှင့် မတူညီသည့်ပုံပင်။

ရှဲ့ယို့၏ အကြည့်များအတိုင်း တီဗွီဖန်သားပြင်ဆီသို့ လိုက်ကြည့်လိုက်သည့်အခါ မျက်လုံးကို အနက်ရောင်ဇာသားစနှင့် စည်းနှောင်ထားသည့် လူငယ်လေးတစ်ယောက် စင်မြင့်အလယ်တွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ရွမ်ယွင်မေက အခြေအနေကြည့်သည့်အနေဖြင့်

"ဒီ ယွီနျန့် ဆိုတဲ့ ကောင်လေးက မျက်လုံးစည်းထားတာတောင် တကယ်ကို ကြည့်ကောင်းတာပဲနော်" ဟု စကားဦးသန်းကြည့်တော့…

ရှဲ့ယို့က ဖန်သားပြင်ဆီမှ အကြည့်မခွာဘဲ "သူက သီချင်းဆိုတာ ပိုကောင်းတယ်" ဟု ပြန်ဖြေလာသည်။

ရွမ်ယွင်မေမှာ အံ့အားသင့်သွားရတော့၏။

အိမ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မိသားစု၏ ဝန်ထုပ်ဝန်ပိုးအားလုံးသည် ရှဲ့ယို့အပေါ်သို့ ညတွင်းချင်း ကျရောက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ သားဖြစ်သူမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိတ်ဆိတ်လာပြီး မျက်နှာဖုံးတစ်ခု စွပ်ထားသကဲ့သို့ ဖြစ်လာကာ ထိုမြေခွေးအိုကြီးများနှင့် ရင်ဆိုင်ရန် တဖြည်းဖြည်း သင်ယူလာခဲ့ရသည်ကို သူမ စောင့်ကြည့်ခဲ့ရသည်။ သားဖြစ်သူ ပြုံးနေသည်ကို မမြင်ရသည်မှာ မည်မျှကြာခဲ့ပြီမှန်းတောင် မမှတ်မိတော့ပါ။

ထိုအချက်က သူမကို အတန်ကြာအောင် စိုးရိမ်ပူပန်စေခဲ့သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

သားဦးနှင့် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် တစ်ဦးတည်းသောသားကိုပါ ထပ်မံဆုံးရှုံးရမှာကို သူမ တကယ်ပင် ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည် ။ စိတ်တိုတတ်သည်ဟု နာမည်ကြီးကာ အေးစက်လွန်းလှသည့် ရှဲ့ယိုက ယခုကဲ့သို့ အာရုံစိုက်နေသည်ကို မြင်လိုက်ရသောအခါ ရွမ်ယွင်မေသည် ထပ်မံ၍ စကားမဆိုတော့ပါ ။

ရှဲ့ယို့သည် ရွမ်ယွင်မေ၏ အကြည့်ကို သတိမမူမိဘဲ တစ်ကိုယ်လုံးကို အလိုက်သင့်ဖြေလျှော့ကာ ယွီနျန့်၏ သီချင်းဆိုသံကို အာရုံစိုက်နားထောင်နေရင်း တစ်ကွက်မျှ မလွတ်စေရန် စိုက်ကြည့်နေမိ၏ ။

ယွီနျန့် သီချင်းဆိုပြီးသွားသောအခါ ရှဲ့ယို့က မတ်တတ်ရပ်၍ အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်လိုက်သည်။ ရွမ်ယွင်မေက

"ပြိုင်ပွဲရလဒ်တွေကို ဆက်မကြည့်တော့ဘူးလား" ဟု လှမ်းမေးသော်လည်း ရှဲ့ယို့ကတော့

ယုံကြည်ချက်အပြည့်ဖြင့်

"မလိုတော့ဘူး၊ သူက နံပါတ်တစ် ဖြစ်မှာပါ" ဟုသာ ပြန်ဖြေခဲ့သည် ။

စာကြည့်ခန်းထဲသို့ ပြန်ရောက်သောအခါ ရှဲ့ယို့သည် တံခါးပိတ်လိုက်ပြီး သူ အကြိမ်ကြိမ် နားထောင်ခဲ့ဖူးသည့်

သီချင်းကို ရှာဖွေလိုက်သည်။ သူသည် Play ခလုတ်ကို နှိပ်လိုက်သောအခါ မိုက်ကရိုဖုန်း၏ အသံ ရှတတ လေးများ ထွက်ပေါ်လာပြီးနောက် ကြည်လင်ကာ အနည်းငယ် လူငယ်ဆန်သည့် အသံလေးတစ်ခု ထွက်ပေါ်လာသည် ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ရဲ့ အဘွားလည်း ဆုံးပါးသွားခဲ့ပါတယ်။ အဘွားကို ကျွန်တော် အရမ်းလွမ်းတာပဲ... အဘွားအတွက် သီချင်းတစ်ပုဒ် ရေးခဲ့ပြီး အဘွားကို ဆိုပြချင်လို့ပါ" ။

ထိုအသံမှာ ရှဲ့ယို့ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရစဉ်က သူ့ကို လဲကျမသွားအောင် ကူညီပေးခဲ့သည့် ယွီနျန့်၏ အသံပင် ။ ရှဲ့ယို့သည် စားပွဲပေါ်ရှိ နှင်းဆီပွင့်ဖတ်လေးများကို ကြည့်ရင်း

"နောက်ဆုံးတော့ မင်းနဲ့ ဆုံခဲ့ပြီပေါ့" ဟု တိုးတိုးလေး ရေရွတ်လိုက်မိ၏ ။

..........

ရှင်းယောင် အဆောက်အအုံ ။

ရုံးခန်းထဲတွင် မုန့်ယွမ်က အသက်ကို ဝဝရှူလိုက်ရင်း ယွီနျန့်ကို ကြည့်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက်

"မင်း ပေါက်သွားပြီဟေ့" ဟု ဝမ်းသာအားရထအော်သည် ။

"ကျွန်မတို့ Hot Search တွေတောင် ဝယ်စရာမလိုဘဲ #yuniantianlai# ဆိုတဲ့ ခေါင်းစဉ်က နံပါတ် ၄ အထိ တစ်ဟုန်ထိုး တက်သွားတာပဲ!"

ရှီးရို၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး စကားတွေကိုလည်း အလောတကြီး ပြောနေတော့သည်။

"အစီအစဉ်ပြီးတာ သိပ်မကြာသေးဘူး။ ကျွန်မရဲ့ Homepage မှာဆိုရင် မောင်လေး မျက်လုံးစည်းထားတဲ့ ဇာစကို ဆွဲဖြုတ်လိုက်တဲ့ GIF ပုံတွေနဲ့တင် ပြည့်နေပြီ!" ။

သူမသည် အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေပြီး "ဒါက တကယ်ကြီး မဟုတ်လားဟင်" ဟုလည်း မေးနေသေး၏။

မုန့်ယွမ်က ပြုံးလျက် "ဒါပေါ့၊ အိပ်မက်မဟုတ်ပါဘူး။ ယွီနျန့်ရဲ့ Weibo ကို ကြည့်လိုက်ပါဦး" ဟု ဆိုသည် ။

လက်သွက်လှသည့် Netizens များသည် အစီအစဉ်အဖွဲ့၏ Weibo မှတစ်ဆင့် ယွီနျန့်၏ Homepage ဆီသို့ ရောက်လာကြပြီး ခဏအတွင်းမှာပင် Fans အရေအတွက်မှာ သိန်းဂဏန်း အထိ ရောက်ရှိသွားခဲ့ပြီ။ "သဘာဝတရား၏ အသံ" အစီအစဉ်အဖွဲ့၏ တရားဝင်ဘလော့ဂ်အောက်တွင်လည်း မှတ်ချက်မျိုးစုံ ရောက်ရှိလာတော့သည် ။

[သုံးမိနစ်ပဲ အချိန်ပေးမယ်! ဒီ ယွီနျန့် ဆိုတဲ့လူရဲ့ အချက်အလက်အားလုံးကို ငါ သိချင်တယ်!]

[အား... သူမျက်လုံးကို စည်းထားတဲ့ အနက်ရောင်ဇာစလေးပဲ ဖြစ်ချင်တော့တယ်! အဲဒီမျက်ဝန်းတွေထဲမှာ နစ်မြုပ်သွားတော့မှာပဲ။ ဘုရားရေ... အဲဒီမျက်လုံးတွေထဲမှာ ကြယ်တွေ ပါနေသလားပဲ!]

[ဒါ ဘယ်လို နတ်ဘုရားအဆင့် ရုပ်ရည်မျိုးလဲ! Screenshot တွေ ရိုက်လို့ကို မပြီးနိုင်တော့ဘူး! ပုံအကြည်လေးတွေ တင်ပေးကြပါဦး!]

[နံပါတ်တစ် ရထိုက်တယ်! နောက်ဆိုရင် သူက ငါ့ယောကျ်ားပဲလို့ ကြေညာလိုက်ပြီ!]

[ဘုရားရေ... ဒါက တကယ့်ကို သန့်စင်လွန်းတဲ့ အသံပဲ! ဒီအသံက နတ်ဘုရားတွေရဲ့ နမ်းရှိုက်ခြင်းကို ခံထားရတာ သေချာတယ်!]

တစ်ချိန်တည်းမှာပဲ မုန့်ယွမ်ရဲ့ အဖွဲ့ဟာလည်း အလုပ်တွေ အရမ်းရှုပ်နေကြပြီး ကြိုတင်ပြင်ဆင်ထားသည့် သတင်းစာမူတွေကို အစီအစဉ်တကျ စတင်ဖြန့်ဝေနေပါပြီ။ Weibo ပေါ်က ရေပန်းစားမှုနဲ့အတူ သူတို့ဟာ ယွီနျန့်ကို တစ်ဟုန်ထိုး နာမည်ကြီးလာအောင် တွန်းတင်ပေးလိုက်ကြတော့၏။

နောက်တစ်နေ့မနက် ရောက်တဲ့အခါမှာတော့ "သဘာဝတရား၏ အသံ" ဒုတိယရာသီရဲ့ ရေပန်းစားမှုဟာ ဆက်လက်မြင့်တက်နေဆဲပါ။ ပထမဆုံးအနေနဲ့ ယွီနျန့်ရဲ့ GIF ပုံရိပ်တွေဟာ Homepage ပေါ်မှာ ပေါက်ကွဲသွားခဲ့ပြီး၊ အဲဒီနောက်မှာတော့ ရှမင်းရှီးရဲ့ ပွဲဦးထွက်ခြင်းဆိုင်ရာ ခေါင်းစဉ်က Hot Search စာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားတော့သည် ။ ရှမင်းရှီးရဲ့ မျိုးရိုးစဉ်ဆက် အမာခံပရိသတ်တွေကလည်း ဒီအရှိန်အဟုန်ကို ပိုမိုမြင့်တက်လာအောင် ကူညီပေးခဲ့ကြတာပါ။

အတန်ကြာတဲ့အထိ ဟဲချိုးပိုင် မျှော်လင့်ထားသလိုပဲ သူတို့နှစ်ယောက်ဟာ ရှိုးတစ်ခုလုံးရဲ့ လူကြိုက်များမှုကို ထိန်းထားနိုင်ခဲ့ကြသည်။ ဟဲချိုးပိုင်ဟာ ယွီနျန့်ဆီကို အထူးတလည် ဖုန်းဆက်ပြီး ချီးကျူးစကားတွေလည်း ပြောခဲ့ပါသေး၏။

ရှမင်းရှီးက နေ့လယ်စာနားချိန်မှာ ယွီနျန့်ဆီ ဖုန်းဆက်ပြီး ညည်းတွားသည်။

"ငါ့အဖေနဲ့ အမေက မနေ့က အကြီးအကျယ် ရန်ဖြစ်ကြတာကွ။ တကယ်ကို ပြင်းပြင်းထန်ထန်ပဲ။ အကြောင်းရင်းကတော့ ငါ့ကို နာမည်ကြီးလာအောင်လုပ်ပြီး Hot Search ရအောင်လုပ်ပေးတာ သူတို့ပရိသတ်တွေကြောင့်လို့ အသီးသီး ထင်နေကြလို့လေ။ ငါလည်း ဘယ်သူ့ဘက်ကမှ မရပ်တည်ရဲတာနဲ့ ဆိုဖာပေါ်မှာ ထိုင်ပြီး ဘာမှမသိသလို ဟန်ဆောင်ကာ မုန့်ပဲ ထိုင်စားနေလိုက်ရတယ်"

ယွီနျန့်ဟာ အသံပိုင်းဆိုင်ရာ သင်တန်းခန်းဆီကို လျှောက်သွားနေတာပါ။ ရှမင်းရှီးရဲ့ ညည်းတွားသံကို နားထောင်ပြီးနောက် သူက ပြုံးလျက်

"ငါလည်း အတူတူပါပဲ၊ အရင်က ငါ့အဘိုးနဲ့ အဘွားလည်း ရန်ဖြစ်တတ်ကြပြီး ငါလည်း အေးအေးဆေးဆေးပဲ နေခဲ့ရတာ။ နောက်တော့ ဘာဆက်ဖြစ်လဲ"

"နောက်တော့ သူတို့က ငါ့ကို ပစ်ထားခဲ့ပြီး အပြင်မှာ ချိန်းတွေ့ဖို့ ထွက်သွားကြတယ်လေ"

ယွီနျန့်မှာ မရယ်ဘဲ မနေနိုင်တော့ပါ

"အင်း... မင်းအတွက် ဆယ်စက္ကန့်လောက်တော့ ငါ စိတ်မကောင်းဖြစ်ပေးပါ့မယ်"

ရှမင်းရှီးက နှာခေါင်းတစ်ချက်ရှုံ့ပြီး စကားလမ်းကြောင်းကို ပြန်တည့်လိုက်သည်။

"ဒါနဲ့ မင်း ဒါရိုက်တာဟဲဆီက တစ်ခုခု ရလိုက်လား။ ငါတော့ အဲဒါကို ကြည့်ပြီး ခေါင်းတောင် ပြောင်တော့မယ်! ပထမအဆင့်မှာတော့ မင်းကြိုက်တဲ့သီချင်းကို ဆိုလို့ရပေမဲ့ ဒုတိယအဆင့်မှာတော့ မင်းရဲ့ သီချင်းဆိုစွမ်းရည်ကို ပြသနိုင်မယ့် သီချင်းမျိုးကို ရွေးရမှာတဲ့။ အမှန်အတိုင်းပြောရရင် ငါ့မှာ သီချင်းဆိုစွမ်းရည် တကယ်မရှိဘူးကွ။ ပြိုင်ပွဲကနေတောင် ထွက်ချင်စိတ် ပေါက်နေပြီ!"

ယွီနျန့်က ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားတာကြောင့် သူ့ကို ပြန်နှစ်သိမ့်ပေးလိုက်သည်။

"မင်းရဲ့ အသံက ကောင်းပါတယ်။ မြန်မြန်လေး ကြိုးစားလေ့ကျင့်လိုက်ရင် ဆက်ရှိနေဖို့က ပြဿနာမရှိပါဘူး။"

သူက ခေတ္တစဉ်းစားလိုက်ပြီး

"ငါသိတဲ့ သီချင်းတွေရှိတယ်။ အဲဒါတွေက နားထောင်လို့လည်းကောင်းသလို ဆိုရတာလည်း လွယ်ကူတယ်။ ခဏနေရင် ငါ မင်းဆီကို Playlist ပို့ပေးမယ်။ အဲဒါကို မင်းရဲ့ အသံနည်းပြဆီ ပြကြည့်လိုက်ပေါ့"

"တကယ်ကြီးလား။ ညီလေးရာ... မင်းကတော့ တကယ့်ကို သစ္စာရှိတဲ့ သူငယ်ချင်းပဲ!"

ရှမင်းရှီးက ယွီနျန့်ရဲ့ အတန်းချိန်စတော့မယ်ဆိုတာ သိတာကြောင့် စကားကို အလိုက်တသိ အဆုံးသတ်လိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို ငါ အဲဒါတွေကို ခဏနေရင် လေ့လာလိုက်မယ်၊ ရွေးပြီးရင် မင်းကို ပြန်ပြောမယ်နော်"

……….

ချွိရှောက်ရန်သည် မနေ့ညက သန်းခေါင်ယံအထိ ကဲထားပြီး မိုးလင်းခါနီးမှ အိပ်ရာဝင်ခဲ့ခြင်းဖြစ်၏။ ဖုန်းမြည်သံကြောင့် သူသည် မျက်လုံးတစ်ဝက်ဖွင့်ကာ ဖုန်းကိုကြည့်လိုက်ပြီး

"၁၂ နာရီခွဲ... ဒီကောင် ရှဲ့ယို့က ငါ့ဆီ ဘယ်လိုဖြစ်ပြီး စာပို့ရတာလဲ" ဟု ရေရွတ်လိုက်သည်။

သူသည် အကြည့်မှားသည်ဟု ထင်မှတ်သဖြင့် မျက်လုံးထောင့်များကို ပွတ်သပ်ကာ သေသေချာချာ ကြည့်လိုက်သည့်အခါ ရှဲ့ယို့က သူ့ထံသို့ လင့်ခ် တစ်ခု ပေးပို့ထားသည်ကို တွေ့လိုက်ရ၏။

ထိုလင့်ခ်ကို ဖွင့်ကြည့်လိုက်သောအခါ သူသည် ကြောင်အမ်းသွားရတော့သည်။

"သဘာဝတရား၏ အသံ" ဒုတိယရာသီ။ ဒါက ဘာအခြေအနေကြီးလဲ။ သို့သော် သူသည် အိပ်ငိုက်နေပြီး ရှိုးကို မကြည့်ချင်သဖြင့် ပြန်ထွက်ကာ ဆက်အိပ်ရန် ပြင်လိုက်သည်။ ဒါပေမဲ့ သူ မမျှော်လင့်ထားသည်မှာ ရှဲ့ယို့က သူ့ထံသို့ လှုပ်ရှားနေသည့် GIF ပုံတစ်ပုံ ထပ်မံပေးပို့လာခြင်းပင်။

သူသည် ထိုပုံကို သေသေချာချာ ကြည့်လိုက်၏။ ကြည့်လေလေ ပုံထဲကလူမှာ ရင်းနှီးလေလေ ဖြစ်နေတော့သည်။ သူ့ကုမ္ပဏီက အသစ်စာချုပ်ချုပ်ထားသည့် အနုပညာရှင် ဖြစ်ပုံရသည်။ နာမည်က ဘယ်လိုခေါ်ပါလိမ့်။ ယွီနျန့် လား။

ထို့နောက်တွင်တော့ ထောင့်စုံမှရိုက်ထားသည့် GIF ပုံများ၊ Screenshot များ၊ Q version ပုံစံငယ်များနှင့် လက်ဆွဲပန်းချီကားများ တစ်ပုံပြီးတစ်ပုံ သူ့ဖုန်းထဲသို့ ရောက်ရှိလာတော့သည်။ အားလုံးမှာ လူတစ်ယောက်တည်း၏ ပုံများသာ ဖြစ်၏။

ချွိရှောက်ရန် : "......"

သူသည် အိပ်ရာပေါ်မှ ထိုင်လိုက်ပြီး အလောတကြီး စာရိုက်လိုက်သည်။

"ရှဲ့ယို့... ငါ မကြည့်ချင်တော့ဘူး၊ ကျေးဇူးပဲ!"

ပုံများ ပေးပို့နေသည့် အရှိန်မှာ စက္ကန့်အနည်းငယ်မျှ ရုတ်တရက် ရပ်တန့်သွား၏။

ရှဲ့ယို့သည် သူ့၏ ကန့်ကွက်မှုကို လက်ခံပြီး ရပ်တန့်သွားပြီဟု ချွိရှောက်ရန်က သက်ပြင်းချရုံရှိသေး... မမျှော်လင့်ဘဲ Audio file တစ်ခု ရောက်ရှိလာပြန်သည်။

ထို့နောက်တွင်တော့ တစ်ခု၊ နှစ်ခု၊ သုံးခု...... စခရင်တစ်ခုလုံး အော်ဒီယိုဖိုင်များဖြင့် ပြည့်နှက်သွားပါတော့သည်။

ချွိရှောက်ရန်က သူ့နဖူးကို နှိပ်နယ်ရင်း

"ရှဲ့ယို့... မင်းကတော့ တကယ်ကို အဆိပ်အတောက်ပဲ !" ဟု ဆဲဆိုလိုက်မိ၏။

သို့သော် သူတို့သည် ငယ်သူငယ်ချင်းများဖြစ်သည်ကို တွေးမိကာ ဆက်လက်မရုန်းကန်တော့ဘဲ ပြန်လှဲချလိုက်ရင်း

"ကောင်းပါပြီ၊ ကောင်းပါပြီ... မင်းပျော်ရင် ပြီးတာပါပဲ!" ဟုသာ ဆိုလိုက်ပါတော့သည်။

________________________________________________________________________



TN // အဲ့လိုမျိုး လင့်ခ်တွေ အသံဖိုင်တွေ အဆက်မပြတ်ပို့တဲ့ သူငယ်ချင်းတစ်ယောက်တော့ရှိကြတယ်မလား။ တစ်နေ့စာ တစ်နေ့ကို အိမ်စာတွေလို ကြည့်ရတာဆိုတာ…

Comments

  1. အဲလိုပို့တဲ့ သူငယ်ချင်းကတော့ ကိုယ်ကိုယ်တိုင်ပါပဲ သီချင်းနားထောင်ကောင်းရင်လည်း ပို့တယ်၊ စာအုပ်ဖတ်ကောင်းရင်လည်း ပို့တယ်။ ရယ်ရရင်လည်း ပို့မိပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...