အပိုင်း (၉၅)
ချန်ကျန့်သည် တစ်ကမ္ဘာလုံးက သိတော့မည်ဟု ခံစားနေရသော်လည်း ဦးနှောက်အတွန့်နည်းသည့် လူများကို သူ ခွဲခြားဆက်ဆံခြင်း မရှိပါ။ သို့သော် လောင်ဝူသာ သိသွားလျှင်တော့ ဖော်ပြမပြတတ်သော ခံစားချက်မျိုး ဖြစ်ပေါ်လာမည်မှာ အမှန်ပင်။
အဓိပ္ပာယ်မှာ 'သူတောင် သိနေပြီ!' ဆိုသည့် ခံစားချက်မျိုးပင် ဖြစ်သည်။
ယခုမူ လောင်ဝူ့ကို စိတ်ကူးယဉ်ရန် နေရာ လုံးဝ မပေးနိုင်ပါ။ တစ်ခုခုကို ချက်ချင်း အကြောင်းပြချက် ပေးရမည် ဖြစ်သည်။ သို့သော် သူ၏ ဦးနှောက်မှာ ထိတ်လန့်စရာ အဖြစ်အပျက်ကြီးနှင့် ကြုံတွေ့ပြီးကာစ ဖြစ်သဖြင့် ဘယ်နေရာမှာ ဆင်းနေခဲ့သည်ဟု ပြောရမည်ကို ခေတ္တမျှ စဉ်းစားမရ ဖြစ်နေရသည်။
"ရုံးခန်းထဲမှာ အလုပ်ကိစ္စတွေ ပြတ်သွားတော့ ငါတို့ ဧည့်ကြိုကောင်တာကို သွားခဲ့ကြတာလေ။မင်းသာ မနက်ဖြန် မနက်အထိ ဒီမှာ ဆက်ထိုင်နေရင် မှိုလေးကိုတောင် တွေ့ဖို့ ကံကောင်းဦးမယ်"
ဪ... ဟုတ်သားပဲ! ဟုတ်တယ်!
ချန်ကျန့် ရှန်ယွီ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အချို့သော လူများမှာ လိမ်ညာရန်အတွက် မွေးရာပါ ပါရမီပါသူများ ဖြစ်ကြပုံပဲ။
"မန်နေဂျာချန် ကင်းလှည့်နေတာကို ကျွန်တော် မတွေ့မိလို့ပါ" လောင်ဝူက သူ၏မျက်နှာကို ပွတ်ရင်း သက်ပြင်းချကာ ဆိုသည်။
"ရုံးခန်းထဲမှာ အိပ်ပျော်နေပြီ ထင်နေတာ"
ချန်ကျန့်မှာ လောင်ဝူ့ကို စက္ကန့်အနည်းငယ်မျှ မကြည့်ဘဲ မနေနိုင်တော့ပါချေ။ ၎င်းမှာ တကယ်ပဲ လောင်ဝူ ဟုတ်မဟုတ် သူ သေချာအောင် လုပ်နေခြင်း ဖြစ်သည်။
"ငါ မင်းအတွက် ဧည့်ကြိုကောင်တာမှာ သွားထိုင်ပေးမယ်"
ရှန်ယွီက ဆိုကာ၊ ချန်ကျန့်၏ နာနာသို့ တိုး၍
"သူ့ကို ခဏလောက် စကားပြောပေးလိုက်ဦး။ နှစ်သစ်ကူးကြီးမှာ ဘာမှ မဖြစ်ပါစေနဲ့" ဟု တိုးတိုးလေး မှာကြားလိုက်သည်။
"အင်း"
ရှန်ယွီသည် လှည့်ထွက်ကာ အထဲသို့ အမြန် ပြေးဝင်သွားလေသည်။ ကြည့်ရသည်မှာ သူ ချန်ကျန့်၏ ဧည့်ကြိုတာဝန်ကို လွှဲယူရန်ထက်၊ အအေးဒဏ်ကို မခံနိုင်သဖြင့် အထဲဝင်ပြေးခြင်းက ပိုဖြစ်နိုင်သည်။
ချန်ကျန့် အဝတ်အစားများကို တင်းတင်းစေ့ကာ၊ ဂျာကင်ဦးထုပ်ကို ဆောင်းလိုက်ပြီးနောက်၊ လောင်ဝူ ထိုင်နေသည့် ခုံတန်းရှေ့က စားပွဲကို မှီရပ်ကာ သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်ဗျာ"
"ဇွတ်မငြင်းစမ်းပါနဲ့။ အသည်းကွဲရုံတင် ဒီလောက်အထိ မဖြစ်သင့်ပါဘူး။ မင်း အရင်ကလည်း မိန်းကလေးတွေ အများကြီး လိုက်ဖူးတာပဲ၊ အဲ့ဒီတုန်းက ဒီလိုမျိုး မဟုတ်ပါဘူးနော်"
"မင်း ဘာသိမှာလဲ။ အရင်ကဟာတွေက အပျော်သဘောပါဗျ။ ဒီတစ်ခါကျတော့ ကျွန်တော် အတည်ဖြစ်သွားလို့!"
"အရင်ကဟာတွေက အပျော်သဘောလာ။ ဒါမှမဟုတ် မင်းပဲ မလိုက်နိုင်ခဲ့တာလား"
ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။
"စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ရင်လည်း မပြောနဲ့တော့ဗျာ"
လောင်ဝူက ပြောရင်း အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ် ထုတ်လိုက်သည်။ သူ့ကို တစ်ချက်ကြည့်ပြီးနောက် ထရပ်ကာ အနောက်တံခါးဘက်သို့ လျှောက်သွားလေသည်။
"ကျွန်တော် အသည်းကွဲလို့ မသေဘဲ မင်းကြောင့် စိတ်တိုပြီး သေတော့မှာပဲ"
ချန်ကျန့် ဘာမှပြန်မပြောဘဲ ပြုံးလျက်၊ သူနှင့်အတူ အနောက်တံခါးဘက်သို့ လျှောက်လာခဲ့ပြီး လမ်းကြုံ ကင်းလှည့်ပေးလိုက်သည်။
လောင်ဝူသည် လမ်းဆုံရှိ ဇရပ်အထိ သေသေသပ်သပ် လျှောက်သွားပြီးမှ ဆေးလိပ်ကို မီးညှိလိုက်သည်။ သူ ဆေးလိပ်ကို တစ်ငုံရှိုက်ကာ မီးခိုးများကို အားရပါးရ မှုတ်ထုတ်လိုက်သော်လည်း သူ၏ ဟန်ဆောင်မှုကို ကြာရှည် မထိန်းနိုင်ပါချေ။ နောက်တစ်ခါ မှုတ်ထုတ်လိုက်သည့် မီးခိုးများမှာ လေတိုက်သဖြင့် သူ၏မျက်နှာပေါ်သို့ ပြန်လည် ဝေ့တက်လာခဲ့ရာ မျက်ရည်များ လိမ့်ဆင်းလာတော့သည်။ လက်ဖြင့် မျက်နှာကို အင်္ကျီလက်စနှင့် သုတ်လိုက်လေသည်။
"ကျွန်တော် သူ့ကို တကယ် ချစ်တာဗျ။ သူ လိုချင်တာမှန်သမျှ အကုန် ဝယ်ပေးခဲ့တာ...."
ချန်ကျန့် မျက်ခုံးပင့်လိုက်မိသည် ။
"မင်း သူ့အတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်သွားလဲ"
"လွန်ခဲ့တဲ့ လက ရတဲ့ လစာတွေ အကုန်လုံးပါပဲ ။ ပိုက်ဆံကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ သူ ပျော်ရင် ပြီးတာပဲလေ...."
"မင်း ပိုက်ဆံချေးထားတာ ရှိလား။ တစ်ယောက်ယောက်ဆီကဖြစ်ဖြစ်၊ တခြားနေရာကဖြစ်ဖြစ် ချေးထားတာ ရှိလား"
"မရှိပါဘူး၊ ကျွန်တော့် လစာတွေပဲ ။ မင်းမျက်လုံးထဲမှာ ပိုက်ဆံ တစ်ခုတည်းပဲ ရှိတာလား"
"သေချာလား။ လစာအပြင် တခြား ပိုက်ဆံတွေ မကုန်ဘူးနော်" ချန်ကျန့် သေချာအောင်ထပ်မေးသည်။
"ဘော့စ်ရှန် ပေးတဲ့ ဘောနပ်စ်လည်း ပါတာပေါ့။ ကျန်တာတော့ မရှိပါဘူး"
ချန်ကျန့်မှာ စကားဆွံ့အသွားရပြီး မျက်မှောင်ကြုတ်လိုက်မိသည် ။
"သေချာတယ်နော်"
"သေချာတယ်ဗျာ၊ သေချာတယ်!" လောင်ဝူက သူ့ကို စူးစိုက်ကြည့်သည် ။
"ချန်ကျန့်... မင်းလည်း အကြွေးတွေ ဆပ်နေရလို့ ရူးသွားတာလား၊ မင်းဦးနှောက်ထဲမှာ ပိုက်ဆံပဲ ရှိတော့တာလား။ ဒါက အချစ်ဗျ၊ ကျွန်တော့်ရဲ့ အချစ်!"
"ဘာပြောလိုက်တယ်"
ချန်ကျန့် လောင်ဝူကို စိုက်ကြည့်လိုက်သည်။
လောင်ဝူ ချက်ချင်း ပါးစပ်ပိတ်သွားသည်။ စက္ကန့်အနည်းငယ်မျှ မျက်လုံးချင်း ဆုံကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။
"ကျွန်တော် ပါးစပ်ထဲ ရှိရာ လျှောက်ပြောမိတာ မင်း သိသားပဲကို"
"မင်းတို့ လူချင်း ဆုံဖူးကြလား"
"နှစ်ခါ ဆုံဖူးတယ်။ သူက မြို့ဟောင်းမှာ နေတာလေ။ အာဟူကော နဲ့ အဝတ်အထည်တွေ သွားပို့တုန်းက ဆုံခဲ့တာ"
"ဒါဆို အခုတော့ မင်း ပိုက်ဆံမသုံးရင် သူက မင်းကို အဖက်မလုပ်တော့ဘူး အဲ့ဒီလိုလား"
"အဲ့ဒီလိုပါပဲ ။ ဒါက သဘာဝပါပဲဗျာ။ ဘယ်မိန်းကလေးကော ချစ်သူကို ရက်ရက်ရောရော မရှိစေချင်ဘဲ နေမလဲ"
"ပုံမှန် ချစ်သူရည်စား ဆက်ဆံရေးက မင်းရဲ့ အခြေအနေနဲ့ မတူဘူးလေ။ မင်းရဲ့ ချစ်သူပုံစံက ပိုက်ဆံထည့်မှ အလုပ်လုပ်တဲ့ စက်တစ်ခုလိုပဲ"
"တောက်! ချန်ကျန့်... မင်းကတော့ တကယ်ကို စကားပြောရိုင်းတာပဲ!" လောင်ဝူက ဆိုလိုက်သည်။
"မင်း သတိမဝင်လာမှာ စိုးလို့ပါ" ချန်ကျန့် ခဏ စဉ်းစားလိုက်သည် ။
"မင်းရဲ့ နောက်လ လစာကို ငါ ဖြတ်ထားမယ်။ မင်းက ဆိုင်မှာပဲ စား၊ ဆိုင်မှာပဲ အိပ်တာဆိုတော့ ပိုက်ဆံ သုံးစရာ မလိုပါဘူး။ ဆေးလိပ်သောက်ချင်ရင် ငါ ဝယ်ပေးမယ်"
"ဘာကို ဆိုလိုတာလဲ" လောင်ဝူ မှင်သက်သွားရသည်။
"မင်း သူ့ဆီကနေ လုံးဝ ပြတ်ပြတ်သားသား မခွဲနိုင်မှာ စိုးလို့လေ" ချန်ကျန့် လှည့်ထွက်ခဲ့တော့သည်။
"တောက်!" လောင်ဝူ လှမ်းအော်သည်။
"မင်း လုပ်ရဲ လုပ်ကြည့်စမ်း!"
ချန်ကျန့် သူ့ကို ဂရုမစိုက်ပါဘူး။ ဝင်းထဲသို့ ဝင်ပြီးနောက် အထဲသို့ ပြေးဝင်ခဲ့တော့သည်။ လေက တော်တော်လေး တိုက်နေသလို၊ သူ အပြင်ထွက်တုန်းကလည်း အင်္ကျီက ပေါ့ပေ့ါပါးပါး ဝတ်ခဲ့မိတာလေ။ အခုတော့ တစ်ကိုယ်လုံး ခဲသွားတော့မလိုပင်။ ပုံမှန်ဆိုလျှင် သူ အအေးဒဏ်ကို ဤမျှလောက်အထိ မသိသာသော်လည်း၊ ယနေ့တွင်မူ.... ဖော်ပြမပြတတ်သော ခံစားချက်မျိုး ရှိနေလေသည်။ ဖြစ်နိုင်သည်မှာ ခုနက အဖြစ်အပျက်ကြောင့် သူ နည်းနည်း နေလို့မကောင်း ဖြစ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။
ရှန်ယွီသည် ဧည့်ကြိုကောင်တာနောက်တွင် လိမ္မာယဉ်ကျေးစွာ ထိုင်နေလေသည်။ စားပွဲပေါ်က ဘီစကစ် ခြင်းတောင်းလေးမှာလည်း သူ၏ဘေးသို့ ရောက်နေလေပြီ။
"ဗိုက်ဆာလို့လား" ချန်ကျန့်က မေးလိုက်သည်။
"အင်း။ အေးတယ် မဟုတ်လား။ မင်းနှာခေါင်းလေးတောင် နီနေပြီ"
"လေတိုက်လို့ပါ"
ချန်ကျန့် သူ၏ဘေးတွင် ကုလားထိုင်တစ်လုံး ဆွဲယူလိုက်သည်။ သူ ခေတ္တ တုံ့ဆိုင်းနေပြီးမှ ကုလားထိုင်ပေါ်တွင် အခုလေး တစ်ခု တင်ကာ ဝင်ထိုင်လိုက်သည်။
"လေက တအား တိုက်တာ"
"နေလို့ မကောင်းဘူးလားဟင်" ရှန်ယွီက အသံတိုးတိုးဖြင့် မေးသည်။
"မင်းလည်း အချိန်တန်ရင် သိမှာပါ။ သိချင်စိတ်တွေ တအား မပြင်းပြပါနဲ့ဦး"
ရှန်ယွီ ခေတ္တမျှ ကြောင်အသွားပြီးမှ ရယ်မောလိုက်တော့သည် ။
"မန်နေဂျာကတော့ တော်တော်လေးကို ရန်လိုနေတာပဲနော်"
"ဒီကို လာဦး"
ရှန်ယွီ ကိုယ်ကိုကိုင်းကာ ချန်ကျန့်နားသို့ တိုးကပ်လာသည် ။
"ဟင်။"
ချန်ကျန့် ရှန်ယွီ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်သည် ။
"ကဲ... အခုတော့ စိတ်သက်သာရာ ရသွားပြီ"
ရှန်ယွီ ချန်ကျန့်၏ မေးစေ့ကို ဆွဲလိုက်သည် ။
"နေလို့မကောင်းရင် ရုံးခန်းထဲမှာ သွားလှဲနေပါလား"
"ရပါတယ်။ ကိစ္စကြီးကြီးမားမားတွေမှာ မင်းကို ယုံကြည်ပေမဲ့၊ အလုပ်ထဲက ကိစ္စသေးသေးလေးတွေမှာတော့ မင်းကို စိတ်မချဘူးလေ"
"ဖုန်းကိုင်တာလေးပဲဟာကို၊ ဘယ်လောက်များ ညံ့နေလို့လဲ"
"ခုနက ဖုန်းကိုင်လိုက်တာ ဘယ်သူလဲဟင်"
ရှစ်နာရီပင် မထိုးသေးမီမှာပင် ယနေ့အတွက် ပထမဆုံး အခန်းအပ်မည့် ဧည့်သည်များမှာ ဧည့်ကြိုကောင်တာရှေ့တွင် ရပ်နေလေပြီ။ ၎င်းမှာ လူကြီးနှစ်ယောက်၊ ကလေးတစ်ယောက်နှင့် မိဘများအပါအဝင် မိသားစု ခြောက်ယောက် ဖြစ်လေသည်။ အမျိုးသမီးဖြစ်သူက ဧည့်ကြိုကောင်တာတွင် စပ်စုသော မျက်နှာထားဖြင့် မေးမြန်းနေခြင်း ဖြစ်သည်။
"ဟင်" ချန်ကျန့် အခန်းအပ်ပေးနေရင်း လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ အစ်မ"
"အသံက မင်းအသံနဲ့ မတူလို့ပါ" ထိုအမျိုးသမီးက ချန်ကျန့်ဘေးက ရှန်ယွီ့ကို ကြည့်ကာ
"သူလားဟင်"
ရှန်ယွီ ဘာမှမပြောဘဲ ခေါင်းခါပြလိုက်သည်။
တောက်! မင်း ဖြစ်နေတာ သေချာတာပေါ့! တစ်ယောက်ယောက်က အသံမှတ်မိသွားမှာကို သိတာနဲ့၊ စကားတောင် မပြောရဲတော့ဘူးပေါ့ ဟုတ်လား!
"ဘာများ အဆင်မပြေတာ ရှိလို့လဲဟင်" ချန်ကျန့်က မေးလိုက်သည်။
"သူက ကျွန်မ မေးတာတွေကို ဘာမှ မသိဘူးလေ၊ ဒါပေမဲ့ ယဉ်ကျေးတော့ ယဉ်ကျေးပါတယ်"
"ကျွန်တော်တို့ရဲ့ အချိန်ပိုင်း ဝန်ထမ်း ဖြစ်မှာပါ၊ တောင်းပန်ပါတယ် အစ်မ"
ချန်ကျန့် အမြန်ပင် တောင်းပန်လိုက်သည် ။
"သိချင်တာရှိရင် ကျွန်တော့်ကို မေးလို့ ရပါတယ်"
"ကျွန်မတို့ဘာသာ ဟင်းချက်စားလို့ ရမလား၊ မနက်စာက ဘယ်အချိန်လဲဆိုတာ မေးတာပါ။ ပြီးတော့ လက်မှတ်တွေ ဘာညာ ဖြတ်ပေးလို့ ရမလား ဆိုတာပေါ့...."
"ဟင်းချက်လို့ ရပါတယ်၊ ဒါပေမဲ့ နှစ်သစ်ကူးဆိုတော့ ဟင်းသီးဟင်းရွက်တွေက သိပ်မစုံလောက်ဘူးပေါ့၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့အတူ ထမင်းစားလို့လည်း ရပါတယ်။ ဧည့်သည်တွေ အများကြီးလည်း အဲ့ဒီလို စားကြပါတယ်။ မနက်စာကတော့ ၇ နာရီခွဲကနေ ၁၀ နာရီခွဲအထိပါ၊ လက်မှတ်ကိစ္စကတော့ ရှေ့တစ်ရက်ကတည်းက ဧည့်ကြိုကောင်တာမှာ ပြောထားလိုက်ရင် ရပါပြီ။ မြို့ထဲက အစီအစဉ်တွေကတော့ ဒီနေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့ကလွဲရင် နေ့တိုင်း ဖွင့်ပါတယ်ခင်ဗျာ"
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် မောင်လေး" ထိုအမျိုးသမီးက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် ရှန်ယွီ့ကို ထပ်မံ လှမ်းကြည့်ပြန်သည် ။
"ခုနက ဖုန်းကိုင်တာ တကယ်ပဲ သူ မဟုတ်ဘူးလား"
"သူက ကျွန်တော်တို့ ဘော့စ်ပါ"
ရှန်ယွီ ထရပ်ကာ ထိုအမျိုးသမီးကို ပြုံးပြလိုက်သည်။
“ဪ... ဘော့စ်ကိုး။ ဒါဆိုရင်တော့ သူ မဟုတ်လောက်ပါဘူး"
တကယ်တော့ သူပဲဟာကို!
"တောင်းပန်ပါတယ် အမ" ချန်ကျန့်က ထပ်မံ ဆိုလိုက်သည်။
"ရပါတယ်၊ အခု မေးလို့ ပြေလည်သွားပြီပဲဟာ။ ကျွန်မက စပ်စုချင်လို့ပါ"
ထိုအမျိုးသမီးက အခန်းကတ်ကို ယူကာ သူမ၏ မိသားစုကို လှမ်းခေါ်သည် ။
"သွားကြစို့၊ တို့အခန်းက ဒုတိယထပ်မှာလေ"
"ပစ္စည်းတွေ အများကြီးပဲ၊ ဓာတ်လှေကား စီးသွားလိုက်ပါ အစ်မ"
ဓာတ်လှေကားထဲမှ ထွက်လာသော ဟူဖန်က ဝင်ပြောလိုက်သည်။
"ကျွန်မ လိုက်ပို့ပေးမယ်လေ"
ဓာတ်လှေကား တံခါး ပိတ်သွားသည်နှင့် ချန်ကျန့် ရှန်ယွီ့ကို လှည့်ကြည့်လိုက်သည်။
"ငါ ရုံးခန်းကို ပြန်တော့မယ်။ မနက်စာ စားရင်တော့ အောက်ဆင်းလာခဲ့မယ်လေ"
"မင်း ဘာတွေ ပြန်ဖြေလိုက်တာလဲ။ မေးခွန်း အနည်းငယ်လေးကိုတောင် မင်း မဖြေတတ်ဘူးလား"
"ဝန်ထမ်း ထမင်းစားတဲ့ အချိန်လောက်ပဲ ငါ သိတာလေ။ ဧည့်သည်တွေဘာသာ ချက်စားတာကို ဘယ်လို စီစဉ်ထားလဲဆိုတာ ငါ ဘယ်သိမှာလဲ.... ငါ ရုံးခန်း ပြန်ပြီနော်"
"ဖုန်းကိုင်တာလေးပဲဟာကို၊ ဘယ်လောက်များ ညံ့နေလို့လဲ"
ချန်ကျန့်က ရှန်ယွီ၏ လေသံကို အတုခိုးကာ ပြန်ရွဲ့လိုက်သည်။
"မန်နေဂျာက ငါ့ကို သေသေချာချာ မသင်ပေးထားလို့ပါ"
ရှန်ယွီက ရယ်မောရင်း၊ ထိုစကားကို အနောက်မှာ ချန်ထားခဲ့ကာ လှေကားပေါ်သို့ အမြန် ပြေးတက်သွားတော့သည်။
ယနေ့သည် နှစ်သစ်ကူး အကြိုနေ့ ဖြစ်လေသည်။ မနက်စောစောကတည်းက နေရာအနှံ့မှာ မီးရှူးမီးပန်းသံများ ကြားနေရလေပြီ။ လျန်ရွီ သည် သူတို့၏ အနောက်တံခါးဝမှာပင် မီးရှူးမီးပန်း တစ်ခွေကို မီးရှို့လိုက်လေသည်။ ဆန်းပင်းတို့ လူစုမှာလည်း မျက်လုံးများ ညိုမည်းလျက် အောက်ထပ်သို့ ဆင်းလာကြတော့သည်။
ဆန်းပင်းက ဆင်းလာတာနှင့် မီးပန်းကို တတော့သည် ။
"ငါတို့ မီးရှူးမီးပန်းတွေ ဘယ်မှာလဲ!ငါ သွားလွှတ်ချင်ပြီ!"
"သွားကြစို့!"
လောင်ဝူက လက်ယမ်းပြသည်။
"မှိုလေးကို အထဲ အရင် ခေါ်ထားလိုက်ဦး၊ သူ လန့်နေပါဦးမယ်"
ချန်အာဟူက သတိပေးလိုက်သည်။
"သူက မကြောက်ပါဘူး။ ဒီမနက်တောင် အပြင်ထွက်ပြီး သူတို့ကို လိုက်ကိုက်မလို့ လုပ်နေတာလေ။ တကယ့် သားရဲကြီးပဲ"
"ရှန်ယွီ ယူလာတဲ့ ခွေးဆိုတော့လည်း ထင်တဲ့အတိုင်းပါပဲ" ချန်အာဟူက ဆိုလိုက်သည်။
"ဟေး..." ဆွန်နာနာ သမ်းဝေရင်း မေးလိုက်သည် ။
"ဘယ်သူ ကော်ဖီ သောက်ချင်သေးလဲဟင်"
"ကျွန်တော်!" လူတစ်စုလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"ဘယ်သူ မနက်စာ စားချင်လဲဟေ့"
သူ၏အဖေသည်လည်း အောက်ထပ်သို့ ဆင်းလာကာ မေးလိုက်သည်။
"ကျွန်တော်တို့ စားမယ်!" အားလုံး ထပ်မံ အော်ဟစ်ကြပြန်သည်။
"နင် သွားနားတော့လေ၊ ငါ တာဝန်ယူလိုက်မယ်"
ဟူဖန်က ဆိုကာ ဧည့်ကြိုကောင်တာသို့ လျှောက်သွားပြီး ဖုန်းမှတ်တမ်းကို လှန်ကြည့်လိုက်သည်။
"ဒါ ဘယ်သူ ရေးထားတာလဲ"
"ဟင်" ချန်ကျန့် လှမ်းကြည့်လိုက်သည်။
ဧည့်သည် ပြောတာ မကြားလိုက်ဘူး။ ‘ကျွန်တော် မသိဘူး’ လို့ပဲ ပြန်ဖြေလိုက်တယ်။
"ဒါ ဘော့စ်ရှန် ရဲ့ လက်ရေးလား" ဟူဖန် ချန်ကျန့်ကို လှမ်းကြည့်သည် ။
"ခြောက်နာရီတုန်းကလား။ သူ ဒီမှာ တာဝန်ဆင်းနေတာလား"
"ဟုတ်တယ်၊ သူ အိပ်မပျော်လို့ ဆိုပြီး လာထိုင်နေတာလေ" ချန်ကျန့်က ဆိုလိုက်သည်။
"ပြီးတော့ နင်ကလည်း သူ့ကို ဖုန်းကိုင်ခိုင်းရသလား ။ ဟား ဟား ဒါ ဘယ်လို အဖြေမျိုးလဲဟယ်!"
"ဧည့်သည်ကတော့ ဘာမှမသိပေမဲ့ ယဉ်ကျေးပါတယ်လို့တောင် ချီးကျူးသွားသေးတယ်"
"အမလေး... တကယ်ပါပဲ"
ဟူဖန်မှာ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။ ချန်ကျန့် မီးဖိုချောင်သို့ ဝင်ခဲ့သည်။ သူ၏အဖေမှာ ဂျုံနယ်နေလေပြီ။
"ဘာလုပ်မလို့လဲ ပါး" ချန်ကျန့်က မေးသည်။
"ရိုးရိုးရှင်းရှင်းပဲ၊ မုန့်ပြားလေးတွေ လုပ်စားကြတာပေါ့" အဖေဖြစ်သူက ဆိုသည်။
"ရေခဲသေတ္တာထဲမှာလည်း ပေါက်စီတွေ ရှိသေးတယ်လေ၊ အဲ့ဒါတွေပါ ပေါင်းလိုက်မယ်။ ပြီးတော့ ပဲနို့လေး ဖျော်လိုက်တာပေါ့"
"ဟုတ်ကဲ့။ ပါး ကောင်းကောင်း အိပ်ပျော်ရဲ့လား"
"အေး... ကောင်းကောင်း အိပ်ပျော်ပါတယ် ။ မနေ့က မင်းရဲ့ ကုတင်မှာ ငါ အိပ်လိုက်တာလေ"
"လျူရီတင် (လောင်စစ်) ရဲ့ ကုတင်က မအိပ်ကောင်းလို့လား" ချန်ကျန့်က မေးသည်။
"အဲ့ဒီကောင်လေးရဲ့ ခေါင်းအုံးက ခြင်ဆေးရည်နံ့တွေ နံနေတာလေ။ အနံ့က တအား ပြင်းလို့ ငါ အိပ်လို့ မရဘူး"
"ရေမွှေး ဖြစ်မှာပါ ။ လောင်စစ် က ကုတင်ပေါ်မှာ အဲ့ဒါတွေ ဖြန်းရတာ ဝါသနာပါတာလေ။ ဈေးပေါတဲ့ ရေမွှေးတွေဆိုတော့ အနံ့က တော်တော်လေး ပြင်းတာပေါ့"
"ချန်ဇီယန် (လောင်ဝူ) ကော ဘာဖြစ်တာလဲ။ မနေ့က ညသန်းခေါင်ကြီး ငိုနေပြီးတော့မှ အပြင်ကို ပြေးထွက်သွားတာလေ" အဖေဖြစ်သူက အပြင်ဘက်ကို လှမ်းကြည့်ရင်း ဆိုသည် ။
"ဒီမနက်လည်း သူ့ကို မတွေ့သေးဘူး"
"သူ ရည်းစားနဲ့ ပြတ်သွားလို့ပါ" ချန်ကျန့် အသံတိုးတိုးဖြင့် သတိထပ်ပေးလိုက်၏။
"ပါး သူ့ကို သွားမမေးနဲ့ဦးနော်"
"မမေးပါဘူး။ သူက လူငယ်ပဲဟာ၊ သူ့မာနနဲ့သူ ရှိမှာပေါ့။ မင်းတို့ ဆိုင်က ဒီလူတစ်စုကို ထိန်းရတာလည်း မလွယ်ဘူးနော်"
"ရပါတယ်၊ ဒါတွေ အကုန်လုံးက ရှန်ယွီ ဆုံးမထားတဲ့ လူတွေချည်းပဲလေ။ သူတို့ ကျွန်တော့်စကား နားမထောင်ရင်တောင်၊ ရှန်ယွီ့ စကားတော့ နားထောင်ကြပါတယ်"
"ဒီ ဘော့စ်ရှန် ကတော့.... သာမန် ဘော့စ်တွေနဲ့ မတူဘူးပဲနော် ။ ါလည်း ဒီနှစ်တွေအတွင်း အထက်တန်းစား ဘော့စ်တွေနဲ့ မဆုံဖူးလို့လည်း ဖြစ်နိုင်တာပေါ့...."
"အထက်တန်းစား ဘော့စ်တွေထဲမှာတောင် သူလို လူမျိုးက နည်းပါတယ်ဗျာ။ သူကတော့ တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပါ"
အဖေဖြစ်သူအား ပေါက်စီပေါင်းရန် ကူညီပေးလိုက်သည်။ ပဲနို့ဖျော်ရန် ပြင်ဆင်နေစဉ်မှာပင် အဖေဖြစ်သူက သူ၏အနားသို့ တိုးလာကာ
"ဘော့စ်ရှန် ရဲ့ မိဘတွေ.... နောက်နှစ်ရက်နေရင် လာကြမလို့ဆို။ ဟူဖန် ပြောတာ ကြားလိုက်လို့"
"ဟုတ်ကဲ့၊ နှစ်ဆန်း နှစ်ရက်နေ့လောက် ရောက်ကြမယ် ထင်တယ်"
"ထမင်းချက်တဲ့ လူတွေကော နှစ်ရက်နေ့မှာ ပြန်လာကြပြီလား" အဖေဖြစ်သူက မေးသည်။
"မလာသေးပါဘူး၊ ဘာလို့လဲ ပါး"
"အဆင်မပြေ ဖြစ်မှာ စိုးလို့ပါ။ မင်းတို့ ဝန်ထမ်းတွေ အကုန်လုံးက အိမ်မပြန်ကြသလို၊ သူတို့ မိသားစုဝင်တွေလည်း လာကြတာမှ မဟုတ်တာ။ မင်းက မန်နေဂျာ တစ်ယောက် အနေနဲ့ကျတော့...."
"ဘော့စ်ရဲ့ မိဘတွေ လာနိုင်ရင်၊ မန်နေဂျာရဲ့ အဖေကော ဘာလို့ ဒီမှာ ရှိနေလို့ မရရမှာလဲ။ ပြီးတော့ ပါး က ကျွန်တော်တို့ကို ကူညီပေးနေတာပဲဟာ"
"အဲ့ဒါကလည်း ပြဿနာ တစ်ခုပဲလေ။ ငါက နှစ်သစ်ကူး လာတာ ဆိုပေမဲ့ ပိုက်ဆံ ရနေတာ မဟုတ်လား"
"တကယ်လို့ ပါး ပိုက်ဆံမရဘူးဆိုရင်တော့၊ အခု မီးဖိုချောင်ထဲမှာ ကျွန်တော် ရပ်ခိုင်းမှာ မဟုတ်ပါဘူး။ ပါး အတွက် အခန်းတစ်ခန်း ပေးပြီး အနားယူခိုင်းမှာပေါ့"
အဖေဖြစ်သူ ချန်ကျန့်ကို စိုက်ကြည့်နေပြီးမှ ဘာမှ ပြန်မပြောပါဘူး။
"ရပါတယ် ပါး၊ အရမ်းကြီး လျှောက်မစဉ်းစားပါနဲ့"
"မင်းကတော့ တကယ်ကို....မင်းကတော့ တကယ်ကို...."
ချန်ကျန့် ဘာမှပြန်မပြောဘဲ အဖေဖြစ်သူ၏ စကားအဆုံးကို စောင့်နေမိသည်။ ထိုစဉ် အနောက်ဘက် ဝင်းထဲမှ မီးရှူးမီးပန်းသံများ တဒိုင်းဒိုင်းနှင့် ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။
"မင်း အခုတော့ တကယ့်ကို ခေါင်းဆောင်တစ်ယောက် ပုံစံ ပေါက်နေပြီပဲ!"
အဖေဖြစ်သူမှာ ထိုဆူညံသံများကို မကြောက်ပါဘူး။ သူက အော်ဟစ်ကာ ချန်ကျန့်ကို အပေါ်အောက် လိုက်ကြည့်ပြီးမှ လက်မောင်းကို ပုတ်လိုက်လေသည်။ အဖေဖြစ်သူ၏ အရှိန်ကြောင့် ချန်ကျန့်ပင် အနည်းငယ် ယိုင်သွားရသည် ။
"မင်းက တကယ့်ကို မန်နေဂျာ ပုံစံ ပေါက်နေပြီ! ငါတို့ ရုံးက ဘော့စ်ထက်တောင် ပိုပြီး ခေါင်းဆောင်ဆန်နေသေးတယ်"
"ပါးတို့ ရုံးက ဘော့စ်က ဘာမှ မဟုတ်ပါဘူးဗျာ"
ချန်ကျန့်လည်း အသံကို မြှင့်ပြီး ပြန်အော်လိုက်သည်၊ လစာမပေးတဲ့ ကိစ္စကို တွေးမိတိုင်း သူ ဒေါသထွက်နေရသည်လေ။
"ဟေး...ဆဲမနေပါနဲ့ဗျာ"
"သူကတော့ ဆဲတာနဲ့ တန်ပါတယ်"
အဖေဖြစ်သူ ပြုံးလျက် ဂျုံကို ဆက်နယ်နေသည်>
"ငါ့သားလေး တကယ် ပြောင်းလဲသွားပြီပဲ"
မနက်စာ စားပြီးနောက်တွင်မူ၊ မီးရှူးမီးပန်း ဆိုင်ရှင်၏ ကားလေး တည်းခိုခန်း အရှေ့တံခါးသို့ ဆိုက်ရောက်လာခဲ့သည်။ ၎င်းမှာ ထိုင်ခုံများ ဖြုတ်ထားသော ကားလေးဖြစ်ပြီး အထဲတွင်တော့ မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေလေသည်။
"မင်းကတော့ တကယ်ကို စီးပွားရေး လုပ်တတ်တာပဲနော်"
ချန်ကျန့် တံခါးဖွင့်ကြည့်ရင်း မှင်သက်စွာ ဆိုလိုက်သည်။
"ဘော့စ်ရှန် က ရက်ရောတာဆိုတော့ ကျွန်တော်လည်း ပူးပေါင်းဆောင်ရွက်ပေးရမှာပေါ့ဗျာ။ နှစ်သစ်ကူးလေ။ မင်းတို့ကို ပျော်စေချင်လို့ ပိုက်ဆံတွေ အကုန်ခံနေတာပဲ။ မင်းတို့ကတော့ တကယ့်ကို ဘော့စ်ကောင်း တစ်ယောက်နဲ့ ဆုံတာပဲဗျ!"
"ကြားလား" ချန်ကျန့် ဘေးနားက ဆန်းပင်းကို လှမ်းကြည့်သည်။
"စကားပြောတာကို သူ့ဆီက သင်စမ်းပါဦး"
"လောင်ဝူ... မင်း သင်သင့်တယ်!" ဆန်းပင်းက ဆိုလိုက်သည်။
"ဖယ်စမ်းပါဗျာ!" လောင်ဝူ ကားထဲ ဝင်ထိုင်လိုက်သည်။
"နှစ်သစ်ကူးအတွင်း ဘယ်လောက်ပဲ လွှတ်ချင်လွှတ်ချင်၊ သူ ချက်ချင်း လာပို့ပေးမယ်လို့ ပြောသွားတယ်လေ" ချန်ကျန့်က ဆိုလိုက်သည်။
"ဝန်ဆောင်မှုကတော့ တကယ်ကို စေ့စပ်တာပဲ"
ရှန်ယွီ 'အာ့ကော' ၏ မှန်အိမ်ရှေ့တွင် ရပ်ကြည့်ရင်း ဆိုလိုက်သည်။
"ပိုက်ဆံကို စာရင်းတောင် မစစ်ဘဲ အဲ့ဒီလိုမျိုး ပေးလိုက်မှတော့၊ ကျွန်တော်သာ ဆိုရင်လည်း...." ချန်ကျန့် စကားတစ်ဝက်နှင့် ရပ်သွားသည်။
"တကယ်လား"
ရှန်ယွီ ခေါင်းစောင်းကာ၊ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုနှင့် မေးလိုက်သည်။
"ဒါပေါ့" ချန်ကျန့် သူ့ကို လှည့်ကြည့်လိုက်သည် ။
"ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကလည်း တော်တော်လေး စေ့စပ်ပါတယ်နော်။ မင်း မီးရှူးမီးပန်း လွှတ်တဲ့အခါကျရင် မင်းရဲ့ ဂတ်တလင်း သေနတ်ကြီးအတွက် ကျွန်တော်က အောက်ခံစင်တောင် လုပ်ပေးနိုင်သေးတယ်လေ"
“သွားစမ်းပါ" ရှန်ယွီက ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ ပိုးကောင်ညှပ်တဲ့ ညှပ်ကို ဘေးသို့ ပစ်တင်လိုက်ပြီး၊ ချန်ကျန့်ဆီသို့ အပြေးလာကာ သိုင်းဖက်ပြီး ဆိုဖာပေါ်သို့ ဖိချလိုက်တော့သည်။
"ချန်ကျန့်! မန်နေဂျာချန်!" ချန်ကျန့်၏ ခါးက စက်ထဲမှ ဟူဖန်၏ အသံ ထွက်ပေါ်လာသည် ။
"ဖက်ထုပ်လုပ်ဖို့ အချိန်ရောက်ပြီ! အားလုံး ပါဝင်ရမယ်နော်!"
ချန်ကျန့် သူ၏ ခါးက စက်ကို လှမ်းကိုင်ရန် ပြင်သော်လည်း၊ ရှန်ယွီက သူ့ကို ဖိထားပြီး သူ၏ နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်သည် ။
"မင်းကို ငါးမိနစ်လောက် အလုပ်ထုတ်လိုက်မယ်"
ချန်ကျန့် ပြုံးလျက် သူ့ကို ပြန်လည် နမ်းရှိုက်လိုက်တော့သည်။
၎င်းမှာ ငါးမိနစ်တော့ မဟုတ်ပါဘူး၊ နှစ်မိနစ် သုံးမိနစ်ခန့်သာ ဖြစ်ပေလိမ့်မည်။ သူ စက်ကို ယူပြီး ပြန်ထူးလိုက်သည့် အခါတွင်မူ သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် နာကျင်နေလေပြီ။
"လာပြီ လာပြီ" ချန်ကျန့်က ဆိုကာ ရေချိုးခန်းထဲ သွားပြီး မှန်ကြည့်လိုက်သည် ။
"ရှန်ယွီ!"
"ဟင်" ရှန်ယွီ လျှောက်လာသည်။
"မင်း ငါ့နှုတ်ခမ်းကို ကိုက်လိုက်တာ ပေါက်သွားပြီလေ"
ရှန်ယွီ အနားတိုးကပ်ကာ ကြည့်လိုက်သည်။
"မင်း အိပ်ရေးမဝလို့ နေမှာပါ မန်နေဂျာရယ်။ 'အပူကန်' နေတာ ဖြစ်မှာပေါ့"
ဟုတ်ပါပြီလေ၊ အကြောင်းပြချက်ကတော့ အသင့်ရှိနေတာပဲကို။
"သွားရအောင်၊ ဖက်ထုပ် လုပ်ဖို့ အချိန်ရောက်ပြီလေ"
"ငါ မလုပ်တတ်ဘူးလေ"
"အားလုံး ပါဝင်ရမယ်၊ မင်း မပါလို့ မရဘူး။ ငါ မင်းကို ဂျုံတုံးလေး တစ်တုံး ပေးမယ်၊ အဲ့ဒါကို ဘေးကနေ ယုန်ရုပ်လေး ဖြစ်အောင်ပဲ နယ်နေပေါ့"
လူတိုင်းမသိပဲနေမလားဟယ် စိစိညက်ညက်ကြေအောင် နမ်းနေတာ မရေတွက်နိုင်တော့ဘူး။လည်ပင်းခွေးကိုက်လိုက်၊အပူကန်လိုက်နှင့် ယုံမနေဘူး။🤣
ReplyDeleteအကြောင်းပြချက်က မျိုးစုံ တတ်လည်းတတ်နိုင်တယ်
ReplyDelete