အပိုင်း (၉၆)
ရှန်ယွီသည် ဖက်ထုပ်လုပ်နည်းကို အမှန်တကယ်ပင် မသိပါချေ။ သူ၏မိဘများသည် ဖက်ထုပ် မလုပ်တတ်ကြပါ။ သူ ငယ်စဉ်က အိမ်တွင် နှစ်သစ်ကူးခဲ့သည့် အမှတ်ရမှုများထဲတွင် ဖက်ထုပ်များသည် ဆိုင်မှဝယ်လာသည့် အေးခဲထားသည်များသာ။
သူတို့ ကိုယ်တိုင်လုပ်ခဲ့ဖူးသည့် တစ်ကြိမ်မှာမူ အဖေဖြစ်သူ လှိမ့်ပေးထားသော ပန်းပွင့်ပုံစံ မုန့်သားပြားများနှင့် အမေဖြစ်သူ၏ ခေါက်ချနည်းစနစ်တို့ ပေါင်းစပ်လိုက်သည့်အခါ မုန့်သားအများစုမှာ အိုးထဲတွင် ပျော်ဝင်သွားခဲ့လေသည်။ ထိုနေ့က သူတို့သည် စမုံစပါးနှင့် အသားနုများ ပါဝင်သော ဖက်ထုပ်ဟင်းချို အပျစ်ကြီးကိုသာ သောက်ခဲ့ရသည်။
ထိုတစ်ကြိမ်မှာ အမှတ်တရဖြစ်ရခြင်းမှာ သူ၏မိဘများသည် သူ စမုံစပါးဖက်ထုပ်ကို နှစ်သက်သည်ကို မှတ်မိနေသေးသည်။ ပထမထပ် စားသောက်ခန်းတွင် ဖက်ထုပ်လုပ်ရန် နေရာပြင်ဆင်ထားပြီးသားဖြစ်ကာ၊ သေသေချာချာ နယ်ထားသော ဂျုံသားနှင့် ဂျုံအနှစ် သုံးမျိုး ရှိနေသည်။ ဆိုင်မှလူများသည် စားပွဲတွင် ဝိုင်းဖွဲ့နေကြသလို၊ ပျော်ပျော်ပါးပါး ဝင်ပါနေကြသည့် ခရီးသည် သူစိမ်းအချို့ကိုလည်း တွေ့ရသည်။ လက်မြန်သူများမှာမူ စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။
ချန်ကျန့်၏အဖေအပြင် ထိုခရီးသည်အချို့မှာလည်း ဆိုင်မှလူငယ်ဝန်ထမ်းများထက် လက်ရာပိုမို ကျွမ်းကျင်ပုံရသည်။
"စမုံစပါး အနှစ်လည်း ပါတာလား" ရှန်ယွီ အောက်ထပ်ဆင်းလာစဉ် စမုံစပါးနံ့ကို ရလိုက်သဖြင့် လျှောက်သွားကြည့်ရာ၊ အနှစ်များထဲတွင် တစ်မျိုးမှာ စမုံစပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ချန်ကျန့်က သူ၏ဘေးမှနေ၍ ပြန်ဖြေသည်။
"အင်း။ ချဉ်ဖတ်နဲ့ ကြက်သွန်မြိတ် အနှစ်တွေလည်း ရှိတယ်နော်"
"ဘာလို့ စမုံစပါး ပါနေတာလဲဟင်" ရှန်ယွီ အသံတိုးတိုးဖြင့် ထပ်မေးသည်။
"ကျွန်တော့်အဖေက အနှစ်လုပ်ပေးတာမို့လို့ပေါ့"
"သူက ဒါကို ကြိုက်လို့လား"
"ကျွန်တော် ကြိုက်လို့လေ။ ဒါကတော့ အချိန်ပိုင်း စားဖိုမှူးရဲ့သားဖြစ်ရတဲ့ အကျိုးကျေးဇူးပေါ့"
ရှန်ယွီ ပြုံးလိုက်ပြီး ကုလားထိုင်တစ်လုံး ဆွဲကာ ထိုင်လိုက်သည်။
"မင်း မကြိုက်ဘူးလား။ ဒါဆိုလည်း ချဉ်ဖတ်နဲ့ ကြက်သွန်မြိတ်ပဲ စားပေါ့"
“ငါ အကြိုက်ဆုံးက စမုံစပါး ဖက်ထုပ်လေ”
"တိုက်ဆိုင်လိုက်တာ"
လည်ပင်းပေါ်သို့ ကျရောက်လာသော အသက်ရှူသံနှင့် အနည်းငယ် ဝင်နေသော ထိုအသံတိုးတိုးကြောင့် ရှန်ယွီသည် မသိစိတ်ဖြင့် လက်မြှောက်ကာ ချန်ကျန့်၏မျက်နှာကို လှမ်းကိုင်ရန် ပြင်လိုက်မိသည်။ ချန်ကျန့်က သတိဝင်ပြီး ရှန်ယွီ၏လက်ဖမိုးကို ခပ်ဆက်ဆက်လေးပုတ်လိုက်သည်။
"အား..." ရှန်ယွီ ခေါင်းစောင်းသွားလေသည်။
ချန်ကျန့်သည် ရှန်ယွီဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး တစ်ချက် လှမ်းခိုးကြည့်လိုက်သည်။
"ရှင်တို့နှစ်ယောက် လက်ဆေးပြီးပြီလား" ဆွန်နာနာက မေးသည်။
"ဆေးလိုက်ဦးမယ်" ဟု ချန်ကျန့်က ဆိုကာ ထရပ်ပြီး မီးဖိုချောင်ဘက်သို့ လျှောက်သွားလေသည်။
"ရှင်ရော"
ဆွန်နာနာသည် ဘယ်ဘက်လက်တွင် မုန့်သားပြားကို ကိုင်ကာ၊ ညာဘက်လက်တွင်မူ အနှစ်ခပ်သည့် ဇွန်းရှည်လေးကို ကျက်သရေရှိစွာ ကိုင်ထားရင်း ရှန်ယွီ့ကို ကြည့်ကာ မေးလိုက်သည်။
"မန်နေဂျာချန်က ကျွန်တော့်ကို ဂျုံသားနဲ့ပဲ ဆော့ခိုင်းထားလို့ပါ"
ရှန်ယွီ ရအောင် အထွန့်ပြန်တက်ပြီးမှ ထရပ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားခဲ့သည် ။
ဟူဖန်က ဝင်ပြောသည်။.
"ဒါဆိုလည်း ဆေးရမှာပေါ့ မဟုတ်ဘူးလားရုတ်တရက်ကြီး လုပ်ချင်စိတ် ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒါက လုပ်ရ မခက်ပါဘူး...."
"နင်လုပ်တဲ့ ပုံစံနဲ့ဆိုရင်တော့ အိုးထဲရောက်တာနဲ့ အကုန် ပေါက်ထွက်ကုန်မှာပဲ"
ဆန်းပင်းက ဟူဖန်၏ လက်ထဲက ဖက်ထုပ်ကို ကြည့်ကာ၊ မိမိဘာသာ လုပ်နေရင်း ဝေဖန်လေသည် ။
"တင်းတင်းလေး ဖိစမ်းပါဦး...."
"နင်က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ အိမ်မပြန်ဘူးလား။ ဒီနေ့က အားလပ်ရက်လေ၊ ဘာလို့ မပြန်ကြသေးတာလဲ"
"နေ့လယ်စာ ဖက်ထုပ်တွေ စားပြီးမှ ပြန်မှာလေ။ ငါနဲ့ အဖေက ဒီနေ့ညနေ ဦးလေးအိမ်မှာ သွားစားရမှာ။ အစောကြီး သွားရင် လူတွေက ဝိုင်းပြီး ဘဝသင်ခန်းစာတွေ လာပေးနေကြဦးမှာ စိုးလို့လေ"
ချန်အာဟူက သူ့အစီအစဥ်ကို ရှင်းပြသည်။
"ကျွန်တော်လည်း အတူတူပဲ။ ညကျရင် မီးရှူးမီးပန်း လွှတ်ဖို့ ပြန်လာဦးမှာလေ"
ဆန်းပင်းကလည်း ထို့အတူပင်။
"လောင်ဝူကော"
ဆွန်နာနာက ဂျုံသားစလေးများကို လိုက်ဖဲ့နေသော လောင်ဝူ့ကို လှမ်းမေးသည်။
"ငါ့အတွက် စိတ်မပူပါနဲ့။ ငါကတော့ အရေးမပါတဲ့...."
"အိုကေလေ" ဆွန်နာနာက စကားဖြတ်ပြောလိုက်သည်။
"လက်ဆေးဆပ်ပြာလေး ညှစ်ပေးပါဦး"
ရှန်ယွီက လက်ဝါးဖြန့်ကာ တောင်းလိုက်သည်။ ချန်ကျန့် ဆပ်ပြာညှစ်ပေးလိုက်သည့်အခါ ရှန်ယွီ၏ လက်မှာ လက်ဖမိုးဘက် လှည့်နေသည်ကို သတိထားမိလိုက်သည်။
"မြင်သားပဲ"
ချန်ကျန့်က ဆိုကာ ခုနက သူပုတ်လိုက်သဖြင့် နီနေသော နေရာလေးပေါ်သို့ ဆပ်ပြာအနည်းငယ် ညှစ်ပေးလိုက်သည် ။
"မင်းက တမင် ဆော့နေတာ မဟုတ်လား"
"မင်း တအား နာအောင် ရိုက်တာကိုး"
ရှန်ယွီက လက်များကို ပွတ်ရင်း ညည်းသည်။
"လန့်သွားလို့ပါဗျာ။ ကျွန်တော်သာ နည်းနည်း နှေးသွားရင် မင်းလက်က ကျွန်တော့်မျက်နှာပေါ် ရောက်နေမှာပေါ့။ အားကို မထိန်းနိုင်ဖြစ်သွားတာ"
ရှန်ယွီ ပြုံးလိုက်ပြီး စားသောက်ခန်းဘက်သို့ လှမ်းကြည့်သော်လည်း နံရံထောင့်က ကွယ်နေသဖြင့် မမြင်ရပါချေ။ ရှန်ယွီ လက်လှမ်းကာ ချန်ကျန့်၏ မျက်နှာကို တို့ထိလိုက်သည်။
"မင်းက တကယ်ကို ငါတို့တည်းခိုခန်းနဲ့ မရင်းနှီးသေးတာပဲ"
ချန်ကျန့်က သူ့ကို ကြည့်ကာ ဆိုလိုက်သည်။
"ဟင်" ရှန်ယွီ ချန်ကျန့်၏မေးကို ထပ်မံ ဆွဲလိုက်ပြန်သည်။
"စားသောက်ခန်းကနေ ဒီနေရာကို မမြင်ရဘူးဆိုတာ မင်းမသိဘူးလား" ချန်ကျန့်က မေးသည်။
"သိတော့ ဘာဖြစ်လဲ။ ငါက မန်နေဂျာမှ မဟုတ်တာ"
"လက်ကို ပြန်ဆေးဦး"
ချန်ကျန့်က ဆိုကာ စားသောက်ခန်းဘက်သို့ လျှောက်ထွက်လာခဲ့သည်။
"ဂျုံ နဲ့ပဲ ဆော့မှာကိုဗျာ" ရှန်ယွီ ရေပိုက်ကို ဖွင့်လိုက်သည်။
"သန့်ရှင်းရေး စံနှုန်းတွေကလည်း တအား မြင့်လွန်းနေပြီ...."
သူ၏လက်ပေါ်သို့ ရေကျလာသည့် အခိုက်အတန့်မှာပင် အိတ်ကပ်ထဲမှ ဖုန်းမြည်လာခဲ့သည်။ မတတ်သာဘဲ ရေပိတ်ကာ ဖုန်းထုတ်ကြည့်လိုက်ရာ အမေ ဖြစ်နေလေသည်။ ၎င်းမှာ အနည်းငယ် အံ့သြစရာပင်။ တာ့ယွင်သို့ ပြန်ရောက်ကတည်းက သူ့ မိသားစုနှင့် အဆက်အသွယ် မလုပ်ဖြစ်သေးပါဘူး။ သံယောဇဉ်တွေ ပိုနီးကပ်လာပြီ ဆိုသော်လည်း အကျင့်ဟောင်းများကတော့ ပြင်ရခက်ဆဲပင်။ မနက်ဖြန်မှ ဖုန်းဆက်ရန် သူ စဉ်းစားထားသော်လည်း အမေဖြစ်သူက အရင် ဆက်လာခြင်း ဖြစ်သည်။
"မား"
"အနှစ်တွေ အဲ့ဒီလောက် အများကြီး ထည့်ရင် သေချာပေါက် ပေါက်ထွက်ကုန်မှာပေါ့! ကြည့်ဦး... မုန့်သားက ကြည်တောက်နေပြီလေ!"
ဟူဖန်၏ အော်ဟစ်သံ စားသောက်ခန်းမှ ထွက်ပေါ်လာသည်။ တာ့ယွင်တွင် အသံအကျယ်ဆုံး ပြိုင်ပွဲလုပ်လျှင် ဟူဖန်ကတော့ ပထမ ရမှာ သေချာသည်။
"ဖက်ထုပ် လုပ်နေကြတာလား" မိခင်ဖြစ်သူက မေးသည်။
"ဟုတ်ကဲ့" ရှန်ယွီ ပြုံးလိုက်မိသည်။
"မင်းတို့ရဲ့ ဖက်ထုပ်တွေကတော့ တော်တော်လေး ဆူညံနေပုံရတယ်နော်"
"လုပ်တတ်တဲ့လူ သိပ်မရှိဘူးလေ။ ချန်ကျန့်အဖေနဲ့ ဧည့်သည်တွေကိုပဲ အားကိုးနေရတာ"
"နှစ်ဆန်း နှစ်ရက်နေ့ကျရင် တို့တွေ လာခဲ့မယ်။ အဲ့ဒီကျရင် သူ့အဖေ ရှိနေဦးမှာလား"
"ရှိမှာပေါ့။ သူသာ မရှိရင် ကျွန်တော်တို့ နှစ်သစ်ကူးမှာ စားစရာ ရှိမှာ မဟုတ်ဘူး"
"သူ့အဖေက မင်းတို့နှစ်ယောက်အကြောင်း သိလား"
"ကျွန်တော် ဘာမှ မပြောခိုင်းထားပါဘူး။ အချိန်မတန်သေးလို့လေ"
"အင်း... နားလည်ပြီ။”
“မား တို့တွေကော ဘယ်တော့ ဆုံကြမှာလဲ"
"အခုပဲ ထွက်တော့မလို့လေ။ နေ့လယ်စာကို မင်းအဒေါ်တို့နဲ့ စားမယ်၊ ပြီးမှ ညနေပိုင်း ဦးလေးတို့ဆီ သွားမှာ။ ဒီနေ့တော့ အချိန်ဇယားက တအား ကျပ်တာပဲ။ အလုပ်တုန်းကတောင် ဒီလောက် မပင်ပန်းဘူး၊ ပိုက်ဆံလည်း မရဘဲ ကုန်ရဦးမှာလေ"
"မား လည်း ပြန်တောင်းရမှာပေါ့။ သူတို့ကို ကျွန်တော့်အတွက် နှစ်သစ်ကူးမုန့်ဖိုး ပေးခိုင်းလိုက်လေ" ရှန်ယွီက နောက်ပြောင်လိုက်သည်။
"မင်းကို မုန့်ဖိုး မပေးဖြစ်တာ နှစ်တွေ အကြာကြီး ရှိပြီပဲနော်"
မိခင်ဖြစ်သူ၏ လေသံမှာ ရုတ်တရက် ဝမ်းနည်းသံလေး စွက်သွားသည်။
"အခု ပေးလေ"
"ဒါဆိုရင်တော့ တို့ကို နှစ်သစ်ကူး ဆုတောင်းပေးရမှာပေါ့"
"ပျော်ရွှင်စရာ နှစ်သစ်ကူးလေး ဖြစ်ပါစေ။ ပါးနဲ့ မား ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ"
မိခင်ဖြစ်သူဘက်မှ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ စက္ကန့်အနည်းငယ် ကြာမှ အဖေဖြစ်သူ၏ အသံ ထွက်ပေါ်လာသည် ။
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ သာလေး။ စီးပွားရေးတွေလည်း အောင်မြင်ပါစေ"
"ကျေးဇူးပါ ပါး! မားကော ဘယ်ရောက်သွားတာလဲ"
"သူ ငိုနေတယ်လေ" အဖေဖြစ်သူက ဖြေသည်။
"နှစ်သစ်ကူးမှာ မငိုရဘူးလေ"
"ငိုပါစေဦး၊ ဒီနေ့က နှစ်ဟောင်းရဲ့ နောက်ဆုံးရက်ပဲဟာ။ မနက်ဖြန်ကျရင်တော့ သူ ငိုမှာ မဟုတ်တော့ပါဘူး"
"အင်း"
"မင်းလည်း သွားပြီး ဖက်ထုပ် လုပ်တော့လေ။ နှစ်ရက်နေ့ မလာခင် တို့တွေ ဖုန်းထပ်ဆက်လိုက်ဦးမယ်"
အဖေ့ကို နှုတ်ဆက် ဖုန်းချပြီးနောက် သူ လက်ပြန်ဆေးကာ စားသောက်ခန်းသို့ ပြန်လာခဲ့သည်။ ချန်ကျန့်သည် အာဟူ၏ နေရာကို လွှဲယူကာ မုန့်သားပြားများ လှိမ့်ပေးနေလေသည်။ တော်တော်လေး ကျွမ်းကျင်လှသည်။ ဘေးက ဧည့်သည်တစ်ယောက်က ပြုံးလျက် "မန်နေဂျာကတော့ အတော်ဆုံးပဲ" ဟု ချီးကျူးနေလေသည်။ ရှန်ယွီ အနားသို့ သွားကာ ဖုန်းဖြင့် ဓာတ်ပုံအချို့ ရိုက်လိုက်ပြီးနောက်၊ အားလုံး ဧည့်သည်များနှင့်အတူ ပျော်ပျော်ပါးပါး ဖက်ထုပ် လုပ်နေကြသည့် နွေးထွေးသော မြင်ကွင်းကိုလည်း မှတ်တမ်းတင်ထားလိုက်သည်။
၎င်းမှာ နောက်ပိုင်းတွင် ပြရန်အတွက် မဟုတ်ပါဘူး။ တကယ်ကို ဖော်ပြမပြတတ်သော နွေးထွေးမှုမျိုးကို ပေးစွမ်းနေသောကြောင့် ဖြစ်လေသည်။
"ဒီဘက်ကို ကြည့်ပါဦး" ရှန်ယွီက ခေါ်လိုက်သည်။
အားလုံးက လှည့်ကြည့်လိုက်ကြရာ၊ သူတို့၏ လက်ထဲတွင် ဖက်ထုပ်များနှင့် ဂျုံလှိမ့်တံများကို ကိုင်ကာ ပြုံးရွှင်နေကြလေသည်။ ရှန်ယွီ ချန်ကျန့်ဘက်သို့ ပြန်လျှောက်လာသည် ။
"ငါ စမ်းကြည့်မယ်လေ"
"လက်ဆေးဦး" ချန်ကျန့်က ဆိုသည်။
"ဒါဆိုလည်း ဂျုံသားစလေး တစ်ခုပဲ ပေးတော့"
ရှန်ယွီ တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ လက်လျှော့လိုက်တော့သည်။
ချန်ကျန့် သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ဂျုံသားစလေး တစ်ခု ကမ်းပေးလိုက်သည်။ ရှန်ယွီသည် သွားကြားထိုးတံ တစ်ခုကို ယူကာ စားပွဲထောင့် တစ်နေရာတွင် ထိုင်လိုက်သည်။ သူသည် လက်ထဲက ဂျုံသားကို နယ်ဖတ်ကာ အပိုင်းနှစ်ပိုင်း ခွဲလိုက်ပြီး၊ တစ်ခုကို ဘဲဥပုံစံ လုပ်ကာ ကျန်တစ်ခုကိုတော့ ပြားပြား အဝိုင်းလေး ဖြစ်အောင် ဖိလိုက်သည်။
သူ ဂျုံသားနှင့် ဆော့နေသည်မှာ အလွန်ပင် အာရုံစူးစိုက်နေပုံရသည်။ ချန်ကျန့် အကြိမ်အနည်းငယ် လှမ်းကြည့်သော်လည်း ရှန်ယွီ ဘာလုပ်နေသလဲဆိုတာ သူ စဉ်းစားမရပါဘူး။ ယုန်ရုပ်ဆိုလျှင်လည်း တစ်တုံးတည်း၊ ခွေးရုပ်ဆိုလျှင်လည်း အတူတူပါပဲ။ 'အာ့ကော' (အိမ်မြှောင်) ကို လုပ်မည်ဆိုလျှင်တောင် နှစ်တုံး မလိုပါဘူး။ သို့သော် ထိုဂျုံသားစမှာ ရှန်ယွီ ဆော့ရန်အတွက် မလုံလောက်ပုံရသည်။ မကြာမီမှာပင် သူ၏ လက်ရာကို အပြီးသတ်ကာ စားပွဲအစွန်းတွင် သေသေသပ်သပ် တင်ထားလိုက်ပြီးနောက် လက်ဆေးရန် ထရပ်ခဲ့တော့သည်။
"ငါ စမ်းကြည့်မယ်လေ" ဟု ထပ်ပြောရင်း ချန်ကျန့်ဘေးတွင် ပြန်လာရပ်သည်။
"ဇွတ်ပဲနော်" ဆွန်နာနာ ရယ်မောလိုက်သည်။
"သူ့ကို ပေးလုပ်လိုက်ပါ မန်နေဂျာရယ်. ဘာပဲဖြစ်ဖြစ် တို့တွေက မုန့်သားပြားတွေ အမီမလုပ်နိုင်တာပဲဟာ"
"မသုံးဖြစ်တဲ့ ဟာတွေကိုတော့ ခေါက်ဆွဲဟင်းချိုလိုမျိုး လုပ်သောက်ကြတာပေါ့" အဖေဖြစ်သူက ဝင်ပြောသည်။
ချန်ကျန့်သည် ဂျုံသား နှစ်တုံးကို ရှန်ယွီရှေ့သို့ ချပေးလိုက်ပြီး ဂျုံလှိမ့်တံကို ကမ်းပေးလိုက်သည်။ ရှန်ယွီသည် လက်တစ်ဖက်တွင် လှိမ့်တံကို ကိုင်ကာ ကျန်လက်တစ်ဖက်က ဂျုံသားကို ကိုင်ထားသည်။ သူသည် ဘယ်လိုစရမလဲ မဝေခွဲတတ်ဘဲ ဟိုဟိုဒီဒီ ချိန်ရွယ်နေမိသည်။ နောက်ဆုံးတွင် သူ၏ လက်ကောက်ဝတ်ကို မသိစိတ်ဖြင့် ဝှေ့ယမ်းလိုက်ရာ၊ လှိမ့်တံမှာ ရှေ့သို့ အရှိန်ဖြင့် လွင့်သွားပြီး လည်ပတ်ကာ သူ၏လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အားလုံးက ချက်ချင်းပင် ဟေးခနဲ အော်ဟစ် အားပေးကြသလို၊ ဧည့်သည်များကပင် လက်ခုပ်တီးလိုက်ကြတော့သည်။
ထိုအားပေးသံများကြားတွင် ရှန်ယွီသည် လှိမ့်တံကို ဖိကာ ရှေ့သို့ တွန်းလိုက်သည်။ ဂျုံသားစမှာ အရှည်လိုက် ဖြစ်သွားခဲ့သည်။
"ကောင်းတယ်!"
ဆန်းပင်းက အော်သည်။ အားလုံးက ထပ်မံ ရယ်မောကြပြန်သည်။
"မင်း လူရိုက်နေတာလား၊ လက်က တအား ပြင်းတာပဲ"
ချန်ကျန့်က တိုးတိုးလေး ဆိုလိုက်သည်။
"ဘယ်လို လုပ်ရတာလဲဟင်၊ ဒါကို ဘယ်လို လှည့်ရတာလဲ" ရှန်ယွီက မေးသည်။
ချန်ကျန့်သည် ဂျုံသားကို ကိုင်ထားသော ရှန်ယွီ၏ လက်ကို လှမ်းကိုင်လိုက်ပြီး၊ သူ၏ လက်ချောင်းလေးများကို ရှန်ယွီ၏ လက်အောက်သို့ လျှောသွင်းလိုက်သည် ။
"နည်းနည်းလေး မလိုက်၊ လက်ညှိုးနဲ့ လက်မနဲ့ ကိုင်ထား.... နာရီလက်တံ ပြောင်းပြန်အတိုင်း လှည့်ပေး.... လှိမ့်တံကို ရှေ့ကိုပဲ တွန်း...."
သူတို့ နှစ်ဦးစလုံး၏ လက်များတွင် ဂျုံမှုန့်များ ပေကျံနေလေသည်။ သူ၏ လက်ချောင်းထိပ်လေးများ ရှန်ယွီ၏ လက်ဖမိုးကို ထိမိသည့်အခါ ထူးဆန်းသော ပွတ်တိုက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုဂျုံမှုန့်လေးများကြောင့် ထိတွေ့မှုမှာ ပို၍ပင် ထင်ရှားနေလေသည်။
ရှန်ယွီ အကြိမ်အနည်းငယ် လှိမ့်ပြီးသည့် အခါမှသာ ချန်ကျန့် သူ၏လက်ကို ဖယ်လိုက်သည်။
"ဟုတ်ရဲ့လား"
ရှန်ယွီ ချန်ကျန့်ကို လှည့်ကြည့်လိုက်ရာ၊ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေလေသည်။
“အဟမ်း မှန်တယ်နော်"
ချန်ကျန့် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
ရှန်ယွီသည် ဦးထုပ်ထိုးတတ်သူ ပီပီ၊ တကယ်ကို သည်လို အိမ်တွင်းမှုကိစ္စတွေက သူ့အတွက် အသားတကျဖြစ်နေပုံ။ မုန့်သားပြား လှိမ့်နည်းကို အလွန်ပင် မြန်မြန် သင်ယူနိုင်ခဲ့သည်။ အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်တွင်မူ သူသည် အဝိုင်းပုံစံလေးများကို အတော်လေး မြန်မြန် လှိမ့်နိုင်သွားခဲ့လေပြီ။
ချန်ကျန့်သည် ဘေးသို့ ဖယ်ကာ ဖက်ထုပ်ထုပ်ရန် ပြင်ဆင်လိုက်သည်။ စားပွဲကို ပတ်လျှောက်စဉ် သူသည် ရှန်ယွီ၏ ဂျုံသားလက်ရာလေးကို လှမ်းကြည့်လိုက်မိသည်။ ၎င်းမှာ အလွန်ပင် ရိုးရှင်းလှသော်လည်း၊ သူ တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
ရှန်ယွီသည် ချန်ကျန့်၏ ရုပ်ပုံလွှာလေးကို ဂျုံသားဖြင့် နယ်ထားခြင်း ဖြစ်လေသည်။ ဂျုံသား နှစ်တုံးအနက် တစ်ခုမှာ သူ၏ ခေါင်းဖြစ်ကာ၊ ပြားပြား အဝိုင်းလေးကိုတော့ အပေါ်မှ ဆံပင်အဖြစ် တင်ထားလေသည်။ သူသည် သွားကြားထိုးတံကို သုံးကာ ဆံပင်ကောက်ကောက်လေးများကိုပင် ဖော်ပြထားသေး၏။
၎င်းမှာ အလွန်ပင် ရိုးရှင်းလှသဖြင့် ချန်ကျန့် ဖြစ်နိုင်သလို၊ ဆန်းပင်း သို့မဟုတ် ဟူဖန်လည်း ဖြစ်နိုင်သော်လည်း၊ အဖြေမှန်ကို သိထားသော ချန်ကျန့်အတွက်မူ....
ဒါကို တခြားလူတွေ မြင်လို့ မဖြစ်ဘူး! အခုချက်ချင်း ဖျက်ဆီးပစ်ရမယ်။
သို့သော် မဖျက်ဆီးမီမှာပင်.... ချန်ကျန့် သူ၏ဖုန်းကို ထုတ်ကာ ထိုဂျုံသားရုပ်လေးကို နေရာအနှံ့ကနေ ဓာတ်ပုံရိုက်ထားလိုက်သည်။
"ဟေး" ဆန်းပင်းသည် ဖက်ထုပ်လာယူရင်း ထိုအရာကို မြင်သွားကာ လှမ်းအော်သည် ။
"မင်း ဖန်ဖန် ရဲ့ ပုံကို လုပ်ထားတာလား"
"ဟင်"
ရှန်ယွီ လှမ်းကြည့်လိုက်သည်၊ တစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးမှ ရယ်ချင်စိတ်ကို အောင့်ကာ "အင်း" လိုက်၏။
"ပြပါဦး၊ ငါနဲ့ တူလားလို့!" ဟူဖန် ချက်ချင်းပင် အပြေးရောက်လာပြီး ထိုဂျုံရုပ်လေးကို ငုံ့ကြည့်လေသည်။
"ကြည့်စမ်း...."
စကားမဆုံးသေးမီမှာပင် သူမ ခေါင်းမော့ကာ ချန်ကျန့်ကို လှမ်းကြည့်လိုက်သည်။
"သူနဲ့ တူလားဟင်" ချန်ကျန့်က မေးလိုက်သည်။
"တူတယ်၊ တူတယ်!"
ဟူဖန် ရယ်မောလိုက်ပြီးနောက် ထိုဂျုံရုပ်လေးကို ယူကာ ဆွန်နာနာဆီသို့ ပြေးပြလေသည် ။
"ကြည့်စမ်း... ငါနဲ့ တူလားလို့"
ဆွန်နာနာ ထိုဂျုံရုပ်ကို ကြည့်လိုက်ပြီးနောက် ချန်ကျန့်ကို အမြန်ပင် တစ်ချက် လှမ်းကြည့်လိုက်သည်။
"တူပါတယ်"
"ငါ့ကိုပေး" ချန်ကျန့် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဟူဖန်ဆီမှ လှမ်းယူလိုက်သည်။
"ငါ အသစ် တစ်ခု လုပ်ပေးမယ်"
ဟူဖန်က ဂျုံသားကို သူ့လက်ထဲ ထည့်ပေးရင်း ပြုံးလျက် မေးသည် ။
"ဘာလုပ်မလို့လဲဟင်"
"ယုန်ရုပ်လေ" ဟု ချန်ကျန့်က ဆိုလိုက်သည်။
ယုန်ရုပ်ပဲ ဖြစ်ရမည် မဟုတ်ပါလော။ ဖက်ထုပ်လုပ်သည့်အခါ ဘေးကနေ ဆော့သည့် ကလေးတိုင်းမှာ ဂျုံသားကို ယုန်ရုပ်လေးတွေပဲ လုပ်ကြသည်လေ။ သူငယ်ငယ်က ထိုသို့ မဆော့ခဲ့ဖူးသော်လည်း ၎င်းမှာ သူ၏ စိတ်ထဲတွင် စွဲထင်နေသော ပုံရိပ်တစ်ခု ဖြစ်လေသည်။
"ရေဆူပြီဟေ့!" အဖေဖြစ်သူက မီးဖိုချောင်ထဲမှ လှမ်းအော်သည် ။
"ဖက်ထုပ်တွေ ပြုတ်တော့မယ်"
အားလုံးက ချက်ချင်းပင် ဟေးခနဲ အော်ဟစ်ကာ ဖက်ထုပ်များကို မီးဖိုချောင်သို့ ပို့ဆောင်ကြတော့သည်။ ရှန်ယွီသည် နောက်ဆုံး မုန့်သားပြားကို လှိမ့်ပြီးနောက်၊ ဆွန်နာနာ သူ့အတွက် တမင် ချန်ပေးထားသော အနှစ်လေးဖြင့် ဖက်ထုပ် တစ်ခုကို ကိုယ်တိုင် လုပ်လိုက်သည်။ လူတစ်စုမှာ ဖက်ထုပ်များ ကျက်သည်အထိ မီးဖိုချောင်တွင် စောင့်နေကြစဉ်၊ ရှန်ယွီနှင့် ဧည့်သည်အချို့မှာ စားပွဲများကို ရှင်းလင်းကာ ကုလားထိုင်များကို အစီအစဉ်တကျ ပြန်ချထားလိုက်ကြသည်။
ထို့နောက် သူသည် ချန်ကျန့် ရှိရာသို့ လျှောက်လာခဲ့သည်။ ချန်ကျန့်မှာ သူ၏ ယုန်ရုပ်လေးကို လုပ်လို့ ပြီးသွားပြီ ဖြစ်သည်။
"ရော့" ချန်ကျန့်သည် ယုန်ရုပ်လေးကို ရှန်ယွီ့လက်ထဲ ထည့်ပေးလိုက်သည်။
"တော်လိုက်တာ မန်နေဂျာချန်ရယ်"
ရှန်ယွီ သူ၏ လက်ဝါးပေါ်က ယုန်ရုပ်လေးကို ကြည့်ကာ ဆိုသည် ။
"ဒီလောက်အထိ လှအောင် လုပ်တတ်တာလား"
"မင်းလောက်တော့ မမီပါဘူး" ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။
ရှန်ယွီမှာ ရယ်မောလိုက်တော့သည်။
"မင်းကတော့ တကယ့် လူထူးဆန်းပဲ"
"မင်းနဲ့ တူလားဟင်" ရှန်ယွီက မေးသည်။
"ဆန်းပင်း ကတော့ ဖန်ဖန် နဲ့ တူတယ်လို့ ပြောနေတာပဲလေ"
"ဆန်းပင်း ခေါင်းထဲမှာက ဟူဖန် တစ်ယောက်တည်း ရှိတာကိုး" ရှန်ယွီက ဆိုကာ ထိုယုန်ရုပ်လေးကို မီးဖိုချောင်ဘက်သို့ သယ်သွားသည် ။
"ဒါကို ပေါင်းစားလို့ ရမလား"
"ပေါင်းလိုက်ရင်တော့ ပုံစံ ပျက်သွားမှာပေါ့" ချန်ကျန့်က ဆိုသည် ။
"မင်း တကယ် လိုချင်ရင်တော့ နောက်ကျရင် ရှောင်သိုအာ ရဲ့ ရွှံ့စေး တွေနဲ့ တစ်ခု လုပ်ပေးမယ်လေ"
"အိုကေ" ရှန်ယွီ ခေါင်းညိတ်ပြလိုက်သည်။
မီးရှူးမီးပန်းသံများမှာ တစ်နေ့ကုန် မပြတ်ပါချေ။ တခြား တည်းခိုခန်းများမှာလည်း အခု ထမင်းစားနေကြပုံရသည်၊ မီးရှူးမီးပန်းသံများမှာ မိနစ်အတော်ကြာအောင် မနားတမ်း ထွက်ပေါ်နေသဖြင့် နားထဲမှာ အုန်းအုန်းဒိုင်းဒိုင်းနှင့် ဘာမှပင် မကြားနိုင်တော့ပါဘူး။ ဆန်းပင်းနှင့် လောင်ဝူတို့မှာ ချက်ချင်းပင် ဝင်းထဲသို့ သွားကာ မီးရှူးမီးပန်း တစ်ခွေကို အရှေ့တံခါးဝက လမ်းပေါ်သို့ သယ်သွားကြလေသည်။
အပြင်မထွက်သေးသော ဧည့်သည်များမှာလည်း အပေါ်ထပ် ပြတင်းပေါက်များမှနေ၍ ကြည့်ရှုနေကြသည်။ ဆန်းပင်း မီးရှို့လိုက်လေပြီ။ သူတို့၏ မီးရှူးမီးပန်းများမှာလည်း ဆိုင်ရှင်ဆီက ဝယ်ထားသော ဈေးကြီးပေးရသည့် အရာများဖြစ်သဖြင့် အလွန်ပင် ကျယ်လောင်လှသည်။ ချန်ကျန့်မှာ ကြိုတင် စိတ်ပြင်ဆင်ထားသော်လည်း၊ ဆန်းပင်းမှာမူ မပြင်ဆင်ထားပုံရပါဘူး။ သူ နောက်လှည့်လိုက်သည်နှင့် ‘ဒိုင်း’ ခနဲ မြည်သံကြောင့် လန့်သွားကာ အရှေ့သို့ နှစ်မီတာခန့်ပင် ခုန်ထွက်သွားတော့သည်။
"ပျော်စရာကောင်းလား!" ချန်ကျန့် ရှန်ယွီ၏ နာနာတွင် အော်မေးလိုက်သည်။
"ကောင်းတယ်!" ရှန်ယွီလည်း ခေါင်းလှည့်ကာ ပြန်အော်လိုက်သည်။
သူတို့ ဖက်ထုပ်တွေ အများကြီး လုပ်ခဲ့ကြသည်လေ။ ဧည့်သည်များစွာလည်း အောက်ဆင်းလာကာ အတူတူ စားကြသည်။ လူတစ်စုမှာ မီးဖိုချောင်တွင် အတော်ကြာအောင် အလုပ်ရှုပ်ပြီးမှ ဧည့်သည်များအတွက် ဖက်ထုပ်များကို ချပေးနိုင်ခဲ့တော့သည်။
"အရသာ ဘယ်လိုလဲဟင်" ဟူဖန်က မေးသည်။
"အရမ်းကောင်းတယ်!" စားသောက်ခန်းအတွင်းမှ ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ချန်ကျန့် သူ၏အဖေကို လှမ်းကြည့်လိုက်ရာ၊ အဖေဖြစ်သူကလည်း သူ့ကို ပြုံးပြသည်။
"တကယ်ပဲ အရသာ ရှိရဲ့လားဟင်"
"ရှိတာပေါ့ ပါးရ ။ ပါးလုပ်တဲ့ ဖက်ထုပ်ကို ကျွန်တော် စားရခဲတယ်လေ"
"အရင်ကတော့ တကယ်ကို...." အဖေဖြစ်သူမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
"အခုတော့ ကောင်းသွားပါပြီ။ နောက်ဆိုရင် မင်းစားချင်တဲ့ အချိန်တိုင်း ငါ လုပ်ပေးမယ်"
ဖက်ထုပ်များ စားပြီးသည့် အခါတွင်မူ၊ ချန်အာဟူ တို့ လူစုမှာ နောက်ဆုံးတွင် တာဝန်ပြီးဆုံးသွားသဖြင့် အိမ်ပြန်ကြလေပြီ။ သူ၏အဖေမှာမူ မီးဖိုချောင်တွင် တကယ့် နှစ်သစ်ကူး အကြိုညစာ အတွက် စတင် အလုပ်ရှုပ်နေလေပြီ။ ဟူဖန်နှင့် ဆွန်နာနာတို့မှာ ဟင်းချက်တာကလွဲရင် ကျန်တာ အကုန် တတ်ကြသူများ ဖြစ်သည်။ သူတို့ ဘယ်လိုပင် ကူညီရန် ကြိုးစားသော်လည်း အလုပ်ကိုသာ နှောင့်နှေးစေ၏။ သို့သော် အမျိုးသမီး ဧည့်သည်အချို့မှာမူ တော်တော်လေး ကျွမ်းကျင်ကြသည်။ ၎င်းတို့ထဲတွင် ရှန်ယွီ တစ်ယောက် ဘာမှမသိဘူးလို့ အလိမ်ခံလိုက်ရသည့် ထိုအမျိုးသမီးလည်း ပါဝင်လေသည်။
"ခုနက ဖုန်းကိုင်တာ ရှင့်တို့ ဘော့စ် မဟုတ်လား။ ကျွန်မ သိပါတယ်"
"ဟုတ်လို့လားဟင်"
ချန်ကျန့် ရယ်ချင်စိတ်ကို အောင့်ထားရင်း မေးလိုက်သည်။
"အစကတော့ မသိပါဘူး။ ခုနတင် သူ့ကို ဟင်းရွက်သုပ်ဖို့ ဇလုံအကြီး ရှိလားလို့ မေးတာလေ၊ သူက မသိဘူးလို့ ပြန်ဖြေတာနဲ့တင် သူက ဘာမှမလုပ်တဲ့ ဘော့စ်ကြီးမှန်း သိသွားတာပေါ့"
"နည်းနည်းလေး မှားသွားတာပါ။ အဓိကကတော့ ကျွန်တော် မမှတ်မိတာပါ"
ရှန်ယွီ ဝင် ဖြောင့်ချက်ပေးသည်။
"ရုံးခန်း ပြန်သွားပြီး အနားယူလိုက်ပါဦး။ အခုလောလောဆယ် လုပ်စရာ သိပ်မရှိသလို၊ ဟင်းချက်တာလည်း မင်း ကူလို့ရမှာ မဟုတ်ဘူးလေ"
ချန်ကျန့် ပြောပေဖြင့် ရှန်ယွီက ကဖေးဆိုင်ဘက်သို့ လျှောက်သွားပြီး ထိုင်လိုက်သည်။
"မပြန်တော့ပါဘူး။ ငါလည်း ဝင်ဆော့မယ်လေ။ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဒီလောက်အထိ အလေးအနက်ထားပြီး နှစ်သစ်ကူးတာလေ။ လက်တေး တစ်ခွက်လောက် ဖျော်ပေးပါဦး"
"အရသာ မကောင်းဘူးနော်" ချန်ကျန့်က သတိပေးလိုက်သည်။
"အင်း။ ရတယ်"
ချန်ကျန့် လက်တေးတစ်ခွက် သွားဖျော်ပေးလိုက်သလို၊ ဘီစကစ်လေး အချို့ကိုလည်း စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
"မင်းကော မသောက်ဘူးလား" ရှန်ယွီက ပြန်မေးသည်။
"ဧည့်သည်တွေတောင် အလုပ်လုပ်နေတာလေ။ မန်နေဂျာက အားနေတာ ထားပါဦး၊ ကော်ဖီပါ ထိုင်သောက်နေရင်တော့...နည်းနည်းတော့ လွန်မသွားဘူးလား"
"မင်းက ငါ့ကို ပြောနေတာလား"
ချန်ကျန့် ဘာမှပြန်မပြောဘဲ ပြုံးလျက် ဖုန်းကို ထုတ်လိုက်သည်။ ဤမျှလောက်အထိ အလေးအနက်ထားပြီး နှစ်သစ်ကူးပွဲ မလုပ်ဖြစ်သည်မှာ ကြာလှပါပြီ။ မီးဖိုချောင်တွင် လူတွေ ဟင်းချက်နေကြသည့် မြင်ကွင်း၊ စားသောက်ခန်းတွင် ဧည့်သည်များ စကားပြောနေကြသံ၊ ဝင်းအပြင်ဘက်က မီးရှူးမီးပန်း အကြွင်းအကျန် အနီရောင်များကြားတွင် မှိုလေးက ဧည့်သည်ကလေးများနှင့်အတူ ပြေးလွှားဆော့ကစားနေသည်များကို ကြည့်နေရသည်မှာ၊ တကယ့်ကို ဆူညံသော်လည်း အေးချမ်းလှသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
သူ ကျိုးလဲ့ချန်နှင့် Chat window ကို ဖွင့်လိုက်သည်။ အပေါ်တွင်တော့ မနေ့က သူ ပို့ထားသော မီးရှူးမီးပန်း ဗီဒီယိုများ ရှိနေလေသည်။ ပြီးတော့ ဒီနေ့မနက် နိုးလာတုန်းက ရိုက်ထားသော မြေပြင်ပေါ်က မီးရှူးမီးပန်း အကြွင်းအကျန် ဓာတ်ပုံလေးလည်း ရှိနေသေးသည်လေ။ ကျိုးလဲ့ချန် သူ၏ ပို့စ်တွင် ခရီးသွားမှတ်တမ်း ရေးသလိုမျိုးပဲ၊ ချန်ကျန့်လည်း ဘာကြောင့် ဒါမျိုးတွေ လုပ်နေမိသလဲဆိုတာ သူကိုယ်တိုင်လည်း ရှင်းမပြတတ်ပါဘူး။ ဖြစ်နိုင်သည်မှာ ဤနှစ်သည် တခြားသော နှစ်များနှင့် မတူသောကြောင့် ဖြစ်လိမ့်မည်။ သူ၏အဖေမှာလည်း သူ့ဘေးတွင် ရှိနေသလို၊ ရှန်ယွီသည်လည်း သူ၏ဘေးတွင် ရှိနေသည်။ ဖြစ်နိုင်သည်မှာ ကျိုးလဲ့ချန် မရှိတော့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဖြစ်နိုင်သည်မှာ ကျိုးလဲ့ချန် က သူ့အား သူ၏မိခင်ကို ပြန်လည် သတိရစေသောကြောင့်လည်း ဖြစ်နိုင်ပါသည်လေ။
အခုတော့ သူ၏အမေထံသို့ ဤမျှလောက်အထိ အသေးစိတ်ကျသော နှစ်သစ်ကူး အကြောင်းအရာများကို ပြောပြရန် နည်းလမ်း မရှိတော့ပါဘူး။
[ချန်ယွီလော့ယန့်] : ချန်ကော... ကျွန်တော်တို့ ဧည့်သည်တွေနဲ့အတူ ဖက်ထုပ်တွေ အများကြီး လုပ်ခဲ့ကြတယ်ဗျ။
[ချန်ယွီလော့ယန့်] : ချန်ကော... ဒါကတော့ ဘော့စ်ရှန် နယ်ထားတဲ့ ကျွန်တော့်ရုပ်လေးလေ.... ဆန်းပင်းကတော့ ဖန်ဖန် လို့ ထင်နေတာ။
[ချန်ယွီလော့ယန့်] : တာ့ယွင်က မီးရှူးမီးပန်းတွေကတော့ တကယ့်ကို ဘုရင်ပဲဗျ။ ကျွန်တော့် နားတွေတောင် အူကုန်ပြီ။
[ချန်ယွီလော့ယန့်] : ဒီနေ့တော့ ဧည့်သည်တွေနဲ့အတူ နှစ်သစ်ကူး ညစာ စားကြမှာပါ။ ချန်ကောသာ ရှိရင် သေချာပေါက် ပါဝင်မှာပဲနော်။
[ချန်ယွီလော့ယန့်] : ချန်ကော... ကျွန်တော်တို့ရဲ့ ဟင်းလျာ ၁၂ မျိုးကို ကြည့်လိုက်ပါဦး။
ဒါတွေ အကုန်လုံးက ကျွန်တော့်ပါးရဲ့ လက်ရာတွေပဲလေ။ အော်... သူ တစ်ယောက်တည်း လုပ်တာတော့ မဟုတ်ပါဘူး။
မားမား... ပါးချက်တဲ့ ဒီဟင်းတွေကို မေမေ စားဖူးလားဟင်။ တအား အရသာရှိတာပဲ။ ဘာလို့လဲတော့ မသိဘူး၊ မားလက်ရာနဲ့ တအား တူတာပဲနော်....
မားမား... အမှန်တော့ မားလက်ရာက ဘယ်လိုလဲဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ ကျွန်တော် တအား လွမ်းတာပဲ....
မားမား... ကျွန်တော်တို့ မီးရှူးမီးပန်းတွေ လွှတ်တော့မယ်နော်။ မနေ့ကလည်း လွှတ်ခဲ့သေးတယ်လေ။ မား မြင်ရဲ့လားဟင်။
ပါး တအား ပျော်နေတာဗျ။ ဒီလောက်အထိ စိတ်အေးလက်အေး ရှိနေတာ မတွေ့ရတာ ကြာလှပြီ။ ခုနတင် သီချင်းတောင် ဆိုနေသေးတယ်။ အသံကတော့ နည်းနည်း လွဲနေတာပေါ့။ ရှန်ယွီ ကတော့ အော်ပရာ လို့ ပြောပေမဲ့ ကျွန်တော်တော့ မသိပါဘူး။
ရှန်ယွီ က တာ့ယွင်ရဲ့ ဘော့စ်လေ။ မားမားကို သူ့အကြောင်း ကျွန်တော် ပြောပြဖူးတယ် မဟုတ်လား။
မားမား... မီးရှူးမီးပန်းတွေကို မြင်လားဟင်! ဒီလိုမျိုး ဆက်တိုက် လင်းထိန်သွားတာကို ကျွန်တော် အကြိုက်ဆုံးပဲ။ ငယ်ငယ်တုန်းကတော့ နဂါးငွေ့တန်း ဂလက်ဆီကြီးက ဒီလိုပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။
မားမား...တကယ်တော့ ရှန်ယွီ က ကျွန်တော့်ရဲ့ ချစ်သူပါ။ ပါး ကိုတော့ မပြောရသေးဘူး။ မားမားကိုပဲ အရင် ပြောပြတာနော်။
ဒီနှစ် နှစ်သစ်ကူးကတော့ တကယ်ကို ထူးခြားတယ် မား။ ကျွန်တော် တအား ပျော်နေပါတယ်ဗျာ။
_____________________________________________________________________________
TN /// ကလေးလေးရယ်…TT
မုန်လာဥလေးရယ်
ReplyDelete