ငါးမန်းကြီး၊ နီရှေး၊ သေခြင်းနှင့် ရှင်သန်ခြင်း
ကျွန်တော်တို့ဟာ တည်ရှိနေကြတယ်။ ပြီးတော့ တည်ရှိမှု ချုပ်ငြိမ်းသွားကြရတယ်။ ဒါကို ကြောက်ရွံ့မိတာဟာ သဘာဝကျပါတယ်။ တကယ်တော့ အဲ့ဒီလို ကြောက်ရွံ့တာကမှ ပိုကောင်းဦးမယ်လို့တောင် ဆိုနိုင်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် Ernest Becker ရေးခဲ့သလိုပဲ ။
"အပြည့်အဝ ရှင်သန်နေထိုင်တယ်ဆိုတာ အရာရာအတွက် ကြောက်ရွံ့မှုကို သတိပြုမိလျက်နဲ့ ရှင်သန်ခြင်းပဲ ဖြစ်ပါတယ်" တဲ့။
ကြောက်ရွံ့ခြင်းဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုဆိုတာ အနာဂတ်အပေါ် ကြောက်ရွံ့မှုတစ်မျိုးပါပဲ။ လက်ရှိပစ္စုပ္ပန်ကနေ ကျွန်တော်တို့ကို ဆွဲထုတ်သွားတဲ့ စိတ်ကူးယဉ်ကြောက်ရွံ့မှုတစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှုအတွက် အဖြေဟာ ဒီနေရာ၊ ဒီအချိန်၊ ဒီအရှိတရားထဲမှာပဲ ရှိပါတယ်။
ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေခဲ့တဲ့ အချိန်တုန်းက ဘဝကို ကြောက်တဲ့စိတ်နဲ့ သေမှာကို ကြောက်တဲ့စိတ်ဟာ အတူတူပါပဲ။ အသက်ရှင်ရတဲ့ နာကျင်မှုကိုလည်း ကြောက်တယ်၊ သေသွားပြီး ဘာမှမရှိတော့မှာကိုလည်း ကြောက်တယ်။ ရှေ့နောက်မညီဘူးလို့ ထင်ရပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့တဲ့အချိန်မှာ သေမှာကို အကြောက်ဆုံး ဖြစ်နေခဲ့တာ။ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ဆန့်ကျင်ဘက်ဖြစ်သလို အတူတူလည်း ဖြစ်နေတာပါ။ ကြောက်ရွံ့ခြင်းဆိုတာ "မရေရာမှု" ကြောင့် ပိုပြီး ကြီးထွားလာတတ်ပါတယ်။ တစ်ခုခုကို ရွေးချယ်လိုက်ခြင်းက အဲ့ဒီမရေရာမှုရဲ့ နာကျင်မှုကို ထိန်းချုပ်လို့ရတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တာပါ။ ဒါဟာ တကယ်တော့ မိုက်မဲပါတယ်။ ကျွန်တော် မသေချင်လို့သာ သေချင်ခဲ့တာ ဖြစ်ပါတယ်။
သေခြင်းတရားကို ကြောက်ရွံ့တာဟာ တခြားအရာတွေကို ကြောက်တာနဲ့ အတူတူပါပဲ၊ အဲ့ဒါအကြောင်းကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း မပြောဘဲ ဖုံးကွယ်ထားရင် ပိုပြီး ကြောက်စရာကောင်းလာတတ်တယ်။ ကြောက်ရွံ့မှုတွေဟာ မျက်ကွယ်ပြုထားလေလေ ပိုပြီး သန်မာလာလေလေပါပဲ။ လူတွေဟာ Jaws ရုပ်ရှင်ကြောင့် ငါးမန်းဖြူကြီးတွေကို မတရားသဖြင့် ကြောက်နေကြတာပါ။ အဲ့ဒီရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ ငါးမန်းကြီးကို ရုပ်ရှင်စပြီး ၁ နာရီ ၂၁ မိနစ်ကြာတဲ့အထိ သေချာ မမြင်ရတာပါပဲ။ စက်ရုပ်ငါးမန်းက အလုပ်မလုပ်လို့ အဲ့ဒီလို ရိုက်ခဲ့ရတာ ဆိုပေမဲ့လည်း... အချက်ကတော့ ရှင်းပါတယ်။ ငါးမန်းကို မမြင်ရလေလေ ပိုပြီး ကြောက်စရာကောင်းလေလေပါပဲ။
သေခြင်းတရားဟာလည်း ဒီအတိုင်းပါပဲ။ လိင်ကိစ္စထက်တောင်မှ သေခြင်းတရားဟာ လူတွေအတွက် အထူးသဖြင့် ခေတ်သစ် အနောက်တိုင်းယဉ်ကျေးမှုမှာ အပြောရခက်ဆုံး၊ အနေရခက်ဆုံး အကြောင်းအရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ သေခြင်းတရားဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု အတော်များများရဲ့ အခြေခံအုတ်မြစ် ဖြစ်နေသလို... အဲ့ဒါဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ သေခြင်းတရားဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးနိုင်တယ်။ ကျွန်တော်တို့ ဒီလောကမှာ ရှိနေမယ့် အချိန်တွေနဲ့ အဲ့ဒီအချိန်တွေကို အတူကုန်ဆုံးရမယ့် သူတွေရဲ့ တန်ဖိုးကို မြှင့်တင်ပေးလိုက်တာပါ။ သီချင်းတစ်ပုဒ်ရဲ့ အဆုံးသတ်မှာရှိတဲ့ တိတ်ဆိတ်မှု ဟာ သီချင်းလောက်နီးပါး အရေးကြီးပါတယ်။
ဒါမှမဟုတ် နီရှေး (Nietzsche) ပြောခဲ့သလိုပေါ့
"တေးသွားတစ်ခုရဲ့ အဆုံးသတ်ဟာ သူ့ရဲ့ ပန်းတိုင်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း... အဲ့ဒီတေးသွားဟာ အဆုံးသတ်ကိုသာ မရောက်ခဲ့ရင် သူ့ရဲ့ ပန်းတိုင်ကိုလည်း ရောက်နိုင်မှာ မဟုတ်ပါဘူး" တဲ့။
TN // အတင်းပြောရရင် မီက personally အရ နီရှေးကို မကြိုက်ပါဘူး။ သူက ဘယ်သူ့ကိုမှ တန်ဖိုးမထားတတ်တဲ့ လူကြီးပဲ။ သူ့ဘေးမှာ အကြာကြီး မေတ္တာနဲ့ နေပေးခဲ့တဲ့ ပညာတတ်အမျိုးသမီးကိုလည်း တန်ဖိုးမထားခဲ့ဘူး ။ မိန်းမလိုက်စားပြီး နောက်ဆုံး ကူးစက်ရောဂါက သူ့ဘဝကို သတ်ပြီး နောက်ဆုံး အထီးကျန်စွာနဲ့ ထွက်သွားရတာပဲ။ ဘယ်လောက်တော်တော် EQ မကောင်းရင်း အလကားပဲ။
Comments
Post a Comment