ရေစီးကြောင်း
ကျွန်တော်ဟာ စိတ်ဓာတ်ကျဝေဒနာကနေ အတော်အတန် ပြန်လည်သက်သာလာပြီ ဆိုပေမဲ့လည်း... အဲ့ဒီဝေဒနာရဲ့ တံခါး ဟာ လုံးဝပိတ်သွားတာမျိုး မဟုတ်ဘဲ အမြဲတမ်း ဟဟလေး ပွင့်နေတတ်ပါတယ်။ တစ်ခါတလေမှာ အဲ့ဒီလေအေးလေး ဖြတ်တိုက်သွားသလိုမျိုး ဝေဒနာရဲ့ အရိပ်အယောင်ကို ကျွန်တော် ခံစားရတယ်။ မမြင်ရပေမဲ့ ခံစားလို့ရနေဆဲပဲ။ ဒါကို အခုတော့ ကျွန်တော် လက်ခံနိုင်သွားပါပြီ။ ဒါပေမဲ့ လက်ခံနိုင်ဖို့ အချိန်အတော်ယူခဲ့ရတာရယ်။
အရင်တုန်းက ကျွန်တော် ယုံကြည်ခဲ့တဲ့ ဖျားနာခြင်း ဒါမှမဟုတ် ကျန်းမာခြင်း ဆိုတဲ့ စနစ်နှစ်မျိုးတည်း ရှိတယ်ဆိုတဲ့ အယူအဆဟာ အင်မတန် အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့... ကျွန်တော် နည်းနည်းလေး နေမကောင်းဖြစ်လာတာနဲ့ "ငါတော့ အရင်လို ဝေဒနာအပြင်းအထန် ပြန်ဖြစ်တော့မှာပဲ" ဆိုပြီး အကြီးအကျယ် စိုးရိမ်ပူပန်မိလို့ပါ။ အဲ့ဒီလို တွေးလိုက်တာနဲ့တင် ကျွန်တော်ဟာ တကယ်ပဲ ပြန်ပြီး ဖျားနာသွားတတ်ပါတယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့်ပဲ ကိုယ်တကယ် ဖြစ်လာရတာပေါ့။
တကယ်တမ်း ကျန်းမာရေး၊ အထူးသဖြင့် စိတ်ကျန်းမာရေးရဲ့ အရှိတရားဟာ ဝေဝါးပါတယ်။ တစ်ခုတည်းအဖြစ် သတ်မှတ်လို့မရပါဘူး။ ကျွန်တော်တို့မှာ ရောဂါအမျိုးမျိုးအတွက် တံဆိပ်တပ်စရာတွေ အများကြီး ရှိကောင်းရှိနိုင်ပေမဲ့... အရှိတရားဆိုတာ "ဒါဟာ ဘာဖြစ်တယ်။ ဘယ်တော့မှ မပြောင်းလဲဘူး" လို့ အညွှန်းကပ်ပြီး ပုလင်းထဲ ထည့်ထားလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးဆိုတာ တစ်ကြိမ်တည်းနဲ့ အပြီးသတ် ကုသပျောက်ကင်းသွားမယ့် အရာမျိုးလည်း မဟုတ်ပါဘူး။ အဲ့ဒါဟာ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လုံး အမြဲတမ်း ဂရုတစိုက် ပျိုးထောင်ပေးနေရမယ့် "ဥယျာဉ်" တစ်ခုနဲ့ ပိုတူပါတယ်။
ဒီအမှန်တရားကို လက်ခံလိုက်ရတာဟာ စိတ်မသက်မသာ ဖြစ်စရာရော၊ စိတ်သက်သာရာရစရာပါ နှစ်မျိုးလုံး ဖြစ်စေပါတယ်။ စိတ်မသက်မသာ ဖြစ်ရတာကတော့... ဆိုးရွားတဲ့ ခံစားချက်တွေနဲ့ မှတ်ဉာဏ်တွေဟာ တစ်ချိန်မှာ ပြန်လာနိုင်တယ်ဆိုတာကို လက်ခံလိုက်ရလို့ပါ။ စိတ်သက်သာရာ ရတာကတော့... တကယ်လို့ အဲ့ဒါတွေ ပြန်လာခဲ့ရင်တောင် ကျွန်တော်တို့က အသင့်ဖြစ်နေမှာမို့လို့ပဲ။ အဲ့ဒီခံစားချက်တွေဟာ ခေတ္တခဏသာဖြစ်ပြီး အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပြီးသား ဖြစ်နေမှာမို့လို့ပါ။
ကျွန်တော်တို့ဟာ ဘဝရဲ့ ရေစီးကြောင်းကို ဆန့်ကျင်ပြီး အားခဲရုန်းကန်ရင်း အမြဲတမ်း ခုခံမှုတွေနဲ့ ရင်ဆိုင်နေမလား။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အတွေးတွေကို စီးဆင်းခွင့်ပေးပြီး လွတ်လပ်တဲ့ မြစ်တစ်စင်းအဖြစ် ပြောင်းလဲပစ်မလား... ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
Comments
Post a Comment