စကားလုံးများ (အပိုင်း - ၂)
ဟုတ်ပါတယ်။ စကားလုံးတွေဟာ အရေးကြီးပါတယ်။
စကားလုံးတွေက နာကျင်စေနိုင်သလို၊ ကုသပေးနိုင်ပြီး နှစ်သိမ့်မှုလည်း ပေးနိုင်ပါတယ်။
ကျွန်တော့်ဘဝမှာ စကားမပြောနိုင်ခဲ့တဲ့ အချိန်ကာလတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ စိတ်ကျဝေဒနာက အရမ်းကို လေးလံလွန်းလို့ လျှာတောင် မလှုပ်နိုင်ခဲ့တဲ့ အချိန်ပေါ့။ ကျွန်တော့်ရဲ့ ပွင့်ဟနေတဲ့ နှုတ်ခမ်းဝနဲ့ စိတ်ထဲက မုန်တိုင်းထန်နေတဲ့ နေရာကြားက အကွာအဝေးဟာ အရမ်းကို ဝေးကွာလွန်းနေသလို ခံစားခဲ့ရတဲ့ အချိန်ပါ။
တစ်ခါတလေမှာတော့ စကားလုံးတစ်လုံးတိုလေးတွေကိုတောင် အနိုင်နိုင် ပြောခဲ့ရတယ်။ ခေါင်းညိတ်ပြနိုင်တယ် ။ တိုးတိုးလေးပဲ ရေရွတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အသံဟာ ရေအောက်ထဲမှာ ရောက်နေသလိုမျိုး ဒါမှမဟုတ် ရုပ်ရှင်ထဲက အနှေးပြကွက်တွေအတိုင်း ဖြစ်နေခဲ့တယ်။ ကျွန်တော် လမ်းပျောက်နေခဲ့တာပါ။
စကားပြောချင်စိတ် ရှိလာတယ်ဆိုတာ ရှင်သန်ချင်စိတ် ရှိလာတာနဲ့ အတူတူပါပဲ။ အဲ့ဒီလို စိတ်ဓာတ်အကျဆုံး အချိန်တွေမှာတော့ ကျွန်တော်ဟာ အဲ့ဒီနှစ်ခုစလုံးကို မလိုချင်ခဲ့ဘူး။ ကျွန်တော် ဖြစ်ချင်ခဲ့တာက... အဲ့ဒီလို ရှင်သန်ချင်စိတ် ရှိချင်တဲ့ ဆန္ဒလေး ရှိလာဖို့ပါပဲ ။
မိတ်ဆွေ ...ဒါကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျောင်းတုန်းက Maya Angelou ရဲ့ I Know Why the Caged Bird Sings စာအုပ်ကို ဖတ်ခဲ့ရတာ သတိရမိတယ်။ သူဟာ ငယ်စဉ်ကလေးဘဝတုန်းက သူမရဲ့ မိခင်ဖြစ်သူရဲ့ ရည်းစားဖြစ်သူ Mr. Freeman ရဲ့ အဆိုးဝါးဆုံး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းကို ခံခဲ့ရပြီးတဲ့နောက် ငါးနှစ်တိုင်တိုင် စကားမပြောဘဲ နေခဲ့တဲ့အကြောင်း ဖတ်ခဲ့ရတယ်။ အဲ့ဒီလူကို သူမရဲ့ ဦးလေးတွေက သတ်ပစ်လိုက်တဲ့အခါမှာ အသက် ၈ နှစ်အရွယ် Maya လေးဟာ အဲ့ဒီလူသေဆုံးမှုအတွက် အပြစ်ရှိသလို ခံစားရပြီး နှစ်ပေါင်းများစွာ စကားမပြောတော့ဘဲ ဆွံ့အသူတစ်ယောက်လို ဖြစ်သွားခဲ့တာပါ။
ဒါပေမဲ့ မိသားစုသူငယ်ချင်းလည်းဖြစ်၊ ဆရာမလည်းဖြစ်တဲ့ Bertha Flowers ကတစ်ဆင့် Maya ဟာ စာရေးဆရာကြီးတွေရဲ့ လက်ရာတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ သူမဟာ Edgar Allan Poe, Charles Dickens, Shakespeare တို့အပြင် ကဗျာဆရာမတွေဖြစ်တဲ့ Georgia Douglas Johnson နဲ့ Frances Harper တို့ရဲ့ စာတွေကို ဖတ်ရှုခဲ့တယ်။ တဖြည်းဖြည်းနဲ့ စာဖတ်ခြင်း၊ သင်ယူခြင်းတွေကတစ်ဆင့် Maya ဟာ သူမရဲ့ အသံကို ပြန်ရှာတွေ့ခဲ့ပြီး အဲ့ဒီအသံကို ဘယ်တော့မှ လက်မလွှတ်တော့ပါဘူး။ ၁၉၆၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းမှာတော့ တစ်ချိန်က ဆွံ့အခဲ့တဲ့ မိန်းကလေးဟာ လူမည်းအခွင့်အရေး လှုပ်ရှားမှု (Civil Rights Movement) ရဲ့ အဓိက အသံရှင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အသံဟာ သူမကိုယ်တိုင်အတွက်တင်မကဘဲ လူမျိုးရေး ခွဲခြားမှုကို ရင်ဆိုင်နေရတဲ့ သန်းပေါင်းများစွာသော လူသားတွေအတွက်ပါ ကိုယ်စားပြု ပြောဆိုပေးခဲ့တာ ဖြစ်ပါတယ်။
ဘာသာစကားဟာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ထုတ်ဖော်ပြောဆိုဖို့၊ လောကကြီးနဲ့ ပြန်လည်ချိတ်ဆက်ဖို့၊ ကိုယ့်ဘဝနဲ့ တခြားသူတွေရဲ့ ဘဝကို ပြောင်းလဲပစ်ဖို့အတွက် အစွမ်းသတ္တိကို ပေးပါတယ်။ "ကိုယ့်အတွင်းစိတ်ထဲမှာ ထိန်ချန်ထားရတဲ့ ပြောမထွက်တဲ့ ပုံပြင်တစ်ပုဒ်ကို သယ်ဆောင်ထားရတာထက် ပိုပြီး ဆိုးဝါးတဲ့ ဝေဒနာဆိုတာ မရှိတော့ဘူး" လို့ Maya Angelou က ရေးခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းဟာ နာကျင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ အဲ့ဒီနာကျင်မှုမှာ ထွက်ပေါက်ရှိပါတယ်။ ကျွန်တော်တို့ စကားမပြောနိုင်တဲ့အခါ စာရေးနိုင်ပါတယ်။ စာမရေးနိုင်တဲ့အခါ စာဖတ်နိုင်ပါတယ်။ စာမဖတ်နိုင်တဲ့အခါ တခြားသူတွေရဲ့ စကားကို နားထောင်နိုင်ပါတယ်။ စကားလုံးတွေဟာ မျိုးစေ့တွေပါပဲ။ ဘာသာစကားဟာ ဘဝဆီကို ပြန်သွားမယ့် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါဟာ တစ်ခါတလေမှာ ကျွန်တော်တို့မှာ ရှိနေတဲ့ အရေးကြီးဆုံးသော နှစ်သိမ့်မှုလည်း ဖြစ်ပါတယ်။
TN // ဒါကြောင့် ပန်းဆက်လမ်းက ဆောင်ပုဒ်လေးကို မီသဘောကျတာ။ စာဖတ်ပါ။ မျှော်လင့် ချက်ထားပါ ဆိုတာ... ဘာမှ မလုပ်နိုင်ရင်တောင် AUDIO DRAMA လေးတွေပဲ ဖြစ်ဖြစ် ၊ အဆုံးဆို ပါချုပ်ဆရာတော် ကြီးတရားတွေ နားထောင်တာမျိုး ၊ မဟုတ်ရင်လည်း အသံအေးအေးလေးနဲ့ ရွတ်နေတဲ့ သုတ္တံတွေ နားထောင်တာမျိုး အခုနောက်ပိုင်းဆို တိဗက်က တရားသံတွေ နားထောင်ရတာလည်း သဘောကျလာတယ်။
Comments
Post a Comment